book

Index 44

အပိုင်း (၄၄)

  • Author : Merida
  • Genres : Romance, Comedy, Drama

🎗🎗 နှောင်ကြိုး 🎗🎗


~~~~~~~~~~


ဒီနေ့က ခက်တို့ စာမေးပွဲနောက်ဆုံးရက်။ သူငယ်ချင်းတွေအားလုံးကတော့ စာမေးပွဲပြီးသွားတဲ့ အထိမ်းအမှတ်အနေနဲ့ ရုပ်ရှင်သွားကြည့်ကြပေမယ့် ခက်ကတော့ လုံးဝစိတ်မကြည်တာကြောင့် အိမ်ကိုသာ ပြန်လာခဲ့၏။ 


အိမ်ပြန်ရောက်တော့လဲ လုပ်စရာရယ်လို့ ရေရေရာရာမရှိတာကြောင့် အိမ်ရှေ့မှာတန်းစီစိုက်ထားသည့် ပန်းပင်တွေကို မြေဆွနေမိသည်။ စိတ်တွေကတော့ တစ်စုံတစ်ယောက်ဆီမှာပေါ့လေ။


"ဂုဏ်လေး သတိရလာပြီ''ဆိုပြီး ဝမ်းသာအားရလှမ်းပြီး အသိပေးခဲ့သည့် မမအနွယ်ဂုဏ်ရဲ့အသံက ခက်နားထဲမှာကျန်နေဆဲ။ ရင်ထဲမှာရှိတဲ့အတိုင်းသာဆိုရင် ခက်ထိုနေ့ကတည်းက ကိုကို့ဆီအပြေးလေးလိုက်သွားမိမှာသေချာသည်။ သို့သော်... ခက် ကိုကို့အနားကို မသွားရဲပါ။


ခက်ကို အရင်နဲ့မတူအောင် စိမ်းကားလွန်းနေသည့် ကိုကို့မေမေရဲ့သူစိမ်းဆန်ခြင်းတွေကို ခက် ရင်မဆိုင်ရဲ။ နောက်ပြီး ကိုကို့ကို အခုလိုသေမင်းနဲ့စစ်ခင်းရလောက်အောင် ခြေလွန်လက်လွန်လုပ်ခဲ့မိတဲ့ ကိုယ့်ကိုကိုယ်လဲ လိပ်ပြာမလုံ။ 


ခက်နဲ့ပတ်သတ်ခဲ့ကတည်းက ကိုကို့မှာကောင်းကျိုးဆိုတာ ဘယ်နေရာမှာမှမရှိခဲ့ပါ။ ခက့်အတွက်နဲ့ ကိုကိုက မိသားစုကိုစွန့်လွှတ်ခဲ့ပေမယ့် ခက်.. ခက်ကတော့ဖြင့် ကိုကို့ကိုသေမင်းနဲ့ စစ်ခင်းစေခဲ့သည်။ 


ဒါတွေကြောင့် ခက် ကိုကို့အနားကနေ အပြီးထွက်လာခဲ့ခြင်းပါ။


"သမီး''


တစ်ယောက်တည်း အတွေးလွန်နေစဥ် မေမေ့ရဲ့တိုးသဲ့သဲ့အသံလေးကြောင့် ခက် မော့ကြည့်လိုက်တော့ မေမေက သူမကိုကြည့်ကာသက်ပြင်းတစ်ချက်ချ၏။ ပြီးမှ...


"သားဆီကို သမီးတကယ်မသွားတော့ဘူးလား''

"ဟုတ် မေမေ''


"ဘာလို့လဲ၊ မေမေ သမီးကို ဒီအကြောင်းပဲထပ်ထပ်ပြောနေရတာ တကယ့်ကိုငြီးငွေ့လာပြီ၊ သားနေမကောင်းတဲ့အချိန်မှာ သမီးက အနားမှာ နေပြီးပြုစုပေးသင့်တယ်''

"ခက် မရှိလဲ ကိုကို့ကိုပြုစုပေးမယ့်သူတွေရှိပါတယ်''


"ဒါတော့ ဒါပေါ့၊ ဒါပေမယ့် သမီးမှာပိုပြီးတာဝန်ရှိတယ်၊ တကယ်ဆို သားအခုလိုဖြစ်ရတာ သမီးကြောင့်ဆိုတော့...

"ခက်က ဒီလိုဖြစ်ပါစေလို့ရည်ရွယ်ပြီးလုပ်ခဲ့တာ မဟုတ်ပါဘူး''


"မေမေ သိပါတယ်၊ သမီးက တမင်ရည်ရွယ်ပြီး လုပ်ခဲ့တာမဟုတ်ပေမယ့် သားကတော့ တကယ်ထိခိုက်သွားရတာပဲလေ၊ အဲ့ဒီ့အတွက်သမီးမှာတာဝန်ရှိတယ်လို့ မေမေထင်တယ်၊ နောက်ပြီး အခုသားက သတိရနေပြီဆိုတော့ သမီးကိုမျှော်နေမယ်ထင်တယ်''


ဒီလိုပြောလိုက်တော့ ချက်ချင်းမျက်နှာလေးညှိုးကျသွားပြန်သည့် သမီးဖြစ်သူကို သက်ထားဘယ်လိုနားလည်ရမှန်းပင်မသိတော့ပါ။ သားကို သံယောဇဉ်မရှိတာလဲ မဟုတ်ပါဘဲနဲ့ ဘာကြောင့်များ ဒီလောက်အထိ ခပ်အေးအေးနေနိုင်သလဲဆိုတာ စဥ်းစားလို့ပင်မရ။


"အခု သမီးလုပ်ပုံက သားဒုက္ခရောက်သွားတာနဲ့ ချက်ချင်းကြီး သားကိုခွာထုတ်ပစ်လိုက်သလိုပဲ၊ သမီးဒီလိုလုပ်တာကို ဟိုဘက်ကမိသားစုက ရိပ်မိသွားရင်...

"ရိပ်မိသွားလဲ ခက် ဂရုမစိုက်ဘူးမေမေ၊ ​ခက် ကိုကိုနဲ့ကွာရှင်းပြီးပြီ''


"ဘယ်လို..

"ဟုတ်တယ် ခက် ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးပြီး ကိုကို့ရဲ့အမေကိုပေးခဲ့ပြီးပြီ၊ အခုချိန်ဆို ကိုကိုလဲ လက်မှတ်ထိုးပြီးလောက်ပါပြီ''


ဒီစကားကို ဒီအချိန်မှပြောလာသည့် သမီးကို သက်ထား ဘာပြောရမှန်းပင်မသိတော့ပါ။ အပြစ်တင်ပြီးဆုံးမရအောင်ကလဲ သူတို့ကြားမှာ ဘာပြဿနာတွေဖြစ်လာခဲ့သလဲမသိလေတော့...


"ကာယကံရှင်ဖြစ်တဲ့ သမီးကဆုံးဖြတ်ခဲ့တာဆိုတော့လဲ မေမေက ဘာများပြောနိုင်ဦးမှာလဲ၊ သမီးက မေမေ့ထက်ပိုပြီး ပညာတတ်တော့ မေမေ့ထက်အများကြီးပိုတွေးနိုင်မှာပါ''


စကားလုံးတွေအများကြီး မပြောတော့ဘဲ ဒီလောက်သာပြောပြီး ခက့်အနားကနေထွက်သွားသည့် မေမေ့ကို ခက် ခပ်ငေးငေးလေးသာကြည့်နေမိသည်။ တကယ်က မေမေစိတ်မကောင်းဖြစ်သွားတာပါ။ ဒါပေမယ့် ခက်ကို ဆူပူခြင်းမလုပ်ဘဲ ခပ်ရှောင်ရှောင်လေးသာလုပ်သွားပြီး ခက်က သူမကို အရာမသွင်းဘူးလို့လဲထင်သွားပုံရ၏။


"ခက်က တကယ့်ကို လူ့လောကထဲရောက်မလာသင့်တဲ့သူပါ မေမေရယ်၊ ခက်ရဲ့ဖြစ်တည်မှုက လူတွေကို သောကတွေပဲပေးနေမိတယ်၊ ခက်... ခက် ဘာလုပ်ရမလဲ မေမေ အဟင့်''


>>>>>>>>>><<<<<<<<<<


ဂုဏ် ကားကိုအိမ်ကြီးရဲ့ရှေ့မှာ ရပ်ထားခဲ့လိုက်ပြီး လူကတော့ ခြံနောက်ကအိမ်လေးဆီကို အပြေးအလွှား။ ဒီအချိန်ဆိုရင် ပူတူး ဘယ်လိုအတွေးတွေအထိ တွေးနေမလဲဆိုသည့်စိတ်က သူ့ရင်ကိုပူစေ၏။


"အန်တီ''

"ဟင်... သား''


အိမ်ကြီးဆီကို လျှောက်လာနေသည့် ပူတူးမေမေကို ဂုဏ် ပြူးပြူးပျာပျာလေးကြည့်လိုက်ပြီး...


"ပူတူးရော?''

"သမီးလား သမီးက အိမ်ဘက်မှာ''


"ဟုတ်လား အန်တီ၊ ကျွန်တော် ပူတူးကိုလာတွေ့တာ၊ ဒါဆို ကျွန်တော်ပူတူးဆီသွားလိုက်ဦးမယ်''


ပြောပြီးတာနဲ့ အိမ်လေးဆီကို လှစ်ခနဲပြေးသွားသည့် ဂုဏ့်ကို သက်ထား အတန်ကြာအောင်စိုက်ကြည့်နေမိ၏။ သူမ မြင်တာသာမမှားရင် ဒီကောင်လေးရဲ့ နဖူးတစ်ဖက်အစွန်းကနေ သွေးတွေစီးကျနေသည်ထင်ရဲ့။ 


"ဟင်း... ကလေးတွေနဲ့တော့ ခက်လိုက်တာနော်''


အခုထိ ကောင်းကောင်းမသက်သာသေးသည့် ခြေထောက်ကို အားပြုပြီးခရီးနှင်လာသော ခြေလှမ်းတို့က တစ်နေရာမှာ အရှိန်ရပ်သွားရ၏။ 


တစ်ရိပ်ရိပ်မူးဝေနေသည့် ေခါင်းထဲကဝေဒနါဟာလဲ သက်သာစပြုလာရ၏။ အကြောင်းတရားကတော့ အိမ်လေးရဲ့ရှေ့တွင် သူ့ကိုကျောပေးကာ အပင်တွေနဲ့အလုပ်ရှုပ်နေရှာသည့် သူ့ရဲ့နှောင်ကြိုးလေးကြောင့်။


လွမ်းလိုက်ရတာကွာ။ ကိုယ် မင်းကို ဘယ်လောက်တောင် လွမ်းနေလဲဆိုတာ မင်းသိရဲ့လား။ မင်းကတော့ သိပ်ကိုနေနိုင်တာပဲနော်။


ရင်ထဲကပြောချင်နေသည့် စကားတွေ များလွန်းလို့ လက်ရှိမှာတော့ သူ့ရဲ့နှုတ်ခမ်းဖျားက ဆွံ့အနေပြန်သည်။ နောက်ဆုံး သူကြိုးစားပြီး ပြောလိုက်သော်လည်း...


"ပူတူး''


နောက်ပါးဆီကနေ လှိုက်လှိုက်လှဲလှဲကြီး ခေါ်လိုက်သည့်အသံကြောင့် ခက် ကိုယ်လေးတောင့်သွားစဥ်...


"မင်း သိပ်နေနိုင်တာပဲကွာ''

"ဟင်.. ကိုကို''


ထပ်ပြီးကြားရသည့်အသံကြောင့် ခက် မနေနိုင်စွာ လှည့်ကြည့်လိုက်တော့ ခေါင်းမှာပတ်တီးအဖွေးသားနဲ့ ကိုကို။ အရမ်းကိုချောမောပြေပြစ်လွန်းသည့် ကိုကို့ရဲ့မျက်နှာဟာ အတော်လေးကိုချောင်ကျနေပြီး ပါးသိုင်းမွှေးခပ်ရေးရေးလေးများက ရှိနေပြန်၏။


"ကိုယ် မင်းကို အရမ်းလွမ်းနေတာကို သိရဲ့လားကွ''


ဂုဏ် ပြောရင်းကနေ သူမလေးရှိရာကို လျှောက်သွားလိုက်တော့ သူ့ကိုမျက်လုံးဝိုင်းဝိုင်းလေးများဖြင့် စူးစိုက်ကြည့်နေသည့်ပူတူးက အိမ်ထဲကို အလျင်အမြန်ပဲပြေးဝင်သွားတော့၏။


"ပူတူး.. ဟေ့... နေဦး.. ပူတူး..


"ဒုန်း... ချလောက်..

"ဟာ.. ပူတူး.. ပူတူး ဒီလိုမလုပ်နဲ့လေကွာ''


သူမလေးရဲ့အခန်းထဲကို ဝင်သွားပြီး တစ်ခါတည်း လော့ပါချပစ်လိုက်တာမို့ ဂုဏ် အခန်းရှေ့ကနေ မချိတင်ကဲအော်ခေါ်နေရ၏။


"ပူတူး ဘယ်လိုလဲကွာ၊ မင်းနဲ့ကိုယ့်ရဲ့ကြားမှာ ပြောစရာစကားတွေအများကြီးရှိနေတယ်မဟုတ်ဘူးလား၊ ထွက်ခဲ့ပါ ကိုယ်တို့မျက်နှာချင်းဆိုင်ပြီး ရှင်းသင့်တာတွေ ရှင်းရမယ်လေ''


"ဟင့်အင်း.. ကိုကိုနဲ့.. ရှင်နဲ့ကျွန်မရဲ့ကြားထဲမှာ ပြောစရာဘာစကားမှမရှိဘူး၊ အခု ကျွန်မတို့က ဘာမှမဆိုင်တော့ဘူး''


ပြတ်သားလွန်းသည့် သူမရဲ့စကားကြောင့် ဂုဏ် လက်သီးကိုကျစ်နေအောင်ဆုပ်လိုက်ပြီး..


"ဘယ်သူ့သဘောနဲ့လဲ''

"ကျွန်မသဘောနဲ့''


"မင်းတစ်ယောက်တည်း သဘောနဲ့ ဒီကိစ္စပြီးသွားမယ်ထင်လား ပူတူး''

"ပြီးတယ် ရှင်သာ စာချုပ်မှာလက်မှတ်ထိုးပေးလိုက်ရင် ဒီကိစ္စတွေအားလုံးပြီးပြီ''


"အရင်ဆုံး မင်းသာ အပြင်ကိုထွက်ခဲ့စမ်းပါ''

"ကွာရှင်းစာချုပ်မှာ ရှင့်လက်မှတ်ပါလာရင် ခက် ရှင်နဲ့ထွက်တွေ့မယ်''


"ကျစ်... မဟုတ်တာကို ဂျီကျမနေစမ်းနဲ့ ပူတူး၊ ကိုယ် မင်းကို ဘယ်တော့မှ ကွာရှင်းပေးမှာမဟုတ်ဘူး''

"ဒါဆို ကျွန်မလဲ ရှင့်ကိုလုံးဝထွက်မတွေ့ဘူး''


"မင်းက ကိုယ်ထင်ထားတာထက်ပိုပြီး ရက်စက်တဲ့သူပဲ ပူတူး၊ ကိုယ့်ရဲ့အခြေအနေကိုသိလျက်ရဲ့ ကိုယ့်ကိုတစ်ချက်ကလေးမှလာမကြည့်ဘူး၊ အခုလဲ မနေနိုင်လွန်းတဲ့သူက လာတွေ့တာတောင်... ကျစ်..မင်းသိပ်ပြီး ရက်စက်လွန်းတယ်ကွာ''


တံခါးတစ်ချပ်ခြားပြီးမှ ကြားနေရသည့် ကိုကို့ရဲ့အသံက တုန်ယင်ကွဲရှနေ၏။ ကိုကို့နေရာကနေကြည့်ရင် ခက်ဟာ ရက်စက်နေမယ်ဆိုတာ ခက်သိပါတယ်။ ဒါပေမယ့် ဒါပေမယ့်... ခက်က ကိုကို့အတွက်အကျိုးပြုပေးနိုင်တဲ့သူမဟုတ်တဲ့အပြင် ကိုကို့ကိုအနှောင့်အယှက်ပေးတဲ့သူပဲဖြစ်နေလေတော့...


"ဒီလိုပဲတွေးပြီး ခက်ကိုမုန်းပစ်လိုက်ပါ၊ ခက်က ဘယ်နေရာမှာမှ ကိုကို့အတွက်အသုံးမဝင်ပါဘူး၊ ခက်ကြောင့် ခက်ကြောင့်နဲ့ ကိုကိုဆုံးရှုံးခဲ့ရတာတွေလဲ များလှပါပြီ၊ ခက်ကို ဒီအတိုင်းမေ့ပစ်လိုက်ပါတော့နော်''


"လွယ်လှချည်လား ပူတူးရာ၊ မင်းပြောသလိုသာ ကိုယ်လုပ်ဖို့လွယ်ကူရင်လေ အခုလိုပင်ပန်းဆင်းရဲခံပြီး မင်းဆီလာပါ့မလား၊ ကိုယ့်ကို မင်းမချစ်ဘူးဆိုတာ ကိုယ်ရိပ်မိပါတယ်၊ ဒါပေမယ့် ကိုယ့်ကိုသနားတဲ့စိတ်လေးနဲ့ပဲဖြစ်ဖြစ် ခဏလောက်လေး အပြင်ထွက်လာပေးလို့မရဘူးလားဟင်''


"ကွာရှင်းစာချုပ်ပါလာတဲ့နေ့မှ...

"အဲ့ဒီ့အစား ကိုယ်သေပေးရမလား''


"ခက်ကို ဒီ့ထက်ပိုပြီး ရှင်မိသားစုရဲ့အမုန်းခံရအောင်မလုပ်ပါနဲ့၊ ခက်တောင်းပန်ပါတယ်''

"ကိုယ့်မိသားစုကြောင့် မင်းအခုလို ရက်စက်ပြနေတာလား၊ ဒါဆိုရင် ကိုယ်..


"ရှင် ဘာမှမလုပ်ပါနဲ့၊ ခက်ကို ကွာရှင်းပေးဖို့ကလွဲရင် တခြားဘာမှမလုပ်ပါနဲ့၊ ရှင် သိပ်ပြီးနေမကောင်းသေးဘူးမဟုတ်လား၊ ဒါဆိုပြန်လိုက်ပါတော့''


"မင်းက ကိုယ်သိခဲ့ဖူးတဲ့ ကလေးလေးမဟုတ်တော့ဘူးပဲ အဟက်''


နာနာကျင်ကျင်ရယ်ရင်း ပြောလိုက်သည့် ကိုကို့စကားကို ခက် မျက်ရည်တွေဝေ့ရင်းက နားထောင်သည်။ ဟုတ်ပါတယ် ခက်က ကိုကိုသိခဲ့ဖူးတဲ့ ကလေးတစ်ယောက်မဟုတ်တော့ဘူး။ တစ်လျှောက်လုံး ကလေးတစ်ယောက်လိုပဲနေခဲ့ပေမယ့် ဒီတစ်ခါတော့ လူကြီးဆန်ပါရစေ။ ခက်ကိုလွတ်လပ်ခွင့်ပေးခြင်းဖြင့် ကိုကို့ကိုလွတ်မြောက်စေလိုသည့် ခက်ရဲ့စိတ်ဟာ ရင့်ကျက်နေတယ်ဆိုရင် ခက် တကယ်လူကြီးဆန်နေပြီလား။


>>>>>>>>>><<<<<<<<<<


"မထွေး သားရော?''


အိမ်ထဲဝင်ဝင်ချင်း နေရာအနှံ့ကိုဝေ့ဝဲကြည့်ရင်း မေးလိုက်တော့ မထွေးက မျက်နှာမကောင်းစွာဖြင့်...


"မနက်ကတည်းက ထွက်သွားတာပဲ မမစော''

"ဟင်း... ဒီကောင်လေးနဲ့တော့ ခက်ပါတယ် မထွေးရယ်၊ ခေါင်းကပတ်တီးကြီးမှ အားမနာ သွားလာနေတော့တာပဲ''


တကယ်လဲ ဟုတ်သည်။ ဆေးရုံက ဆင်းလာကတည်းက တော်ဝင်နန်းမှာပဲနေမယ်ဆိုပြီး ခေါင်းမာမာနဲ့ဆုံးဖြတ်သွားသည့်အပြင် မိုးလင်းကမိုးချုပ် ကားတစ်စီးနဲ့ ဘယ်ကိုထွက်ထွက်သွားမှန်းမသိပါ။


"မမစော မသိလို့နော် သားကလေ ခြေထောက်က ပတ်တီးလဲမရှိတော့ဘူး၊ ကြည့်ရတာ သူ့သဘောနဲ့သူဖြုတ်ပစ်တယ်ထင်တာပဲ''

"ဟုတ်မှာပေါ့၊ ဆေးရုံက ရက်ချိန်းတွေခေါ်တာလဲ ပြန်မသွားဘူးလေ၊ ဒါနဲ့ ခေါင်းကရော?''


"ခေါင်းမှာကလဲ ပတ်တီးမရှိတော့ဘူး မမစော၊ နောက်ပြီးလေ သားက ဒဏ်ရာတွေသိပ်မကောင်းသေးဘဲနဲ့ ညညဆို အရက်တွေသောက်နေတာ''

"ဟင်...


"ဟုတ်တယ် မမစော၊ ကျွန်မလဲ တားပေမယ့် သားက မရဘူး၊ အရက်သောက်မှ သူ အိပ်လို့ရမှာတဲ့''


ဒါဟာ လွမ်းဖျားလွမ်းနာပါ။ သား နှင်းဆီမြိုင်ကို ချောင်းပေါက်မတတ် သွားနေပေမယ့် ဒီအချိန်အထိ နွေသစ်ခက်လေး ဒီအိမ်ကိုပါမလာတာကိုကြည့်ရရင် အခြေအနေကမဟန်တာ သေချာသည်။ 


"ကျွန်မ အမှားပါ မထွေးရယ်၊ သားစိတ်နဲ့ နွေသစ်ခက်လေးကို အပြစ်မြင်ခဲ့မိလေတော့.... ဟင်း...

"မမစောက သမီးလေးကို ပြန်လာဖို့ခေါ်ရင်ရော?''


"မခေါ်ဘဲနေပါ့မလားရှင်၊ ခေါ်တာပေါ့ ကျွန်မကိုယ်တိုင်ကို လိုက်သွားပြီး ပြန်လာဖို့ခေါ်ပေမယ့် သစ်ခက်လေးက ပြန်မလိုက်တော့ဘူးချည်းပဲ ပြောနေတာ''

"ခက်တာပဲ မမစောရယ်''


"ဘယ်သူ့ကိုမှ စိတ်ဆိုးလို့မဟုတ်ပါဘူးတဲ့၊ သူ့ကြောင့်နဲ့ သားကို ထပ်ပြီးဒုက္ခမရောက်စေချင်လို့ပါတဲ့၊ ကျွန်မ စိတ်ထားသေးသိမ်ခဲ့လို့ အခုလိုတွေ မဖြစ်သင့်ဘဲ ဖြစ်လာရတာပါ၊ ကျွန်မသာ သစ်ခက်လေးနေရာကနေ ခဏလောက်ဝင်ပြီး ကိုယ်ချင်းစာတတ်ခဲ့ရင်...

"အဲ့ဒီ့အချိန်တုန်းက မမစောလဲ စိတ်နဲ့လူနဲ့ ကပ်ခဲ့တာမှ မဟုတ်ဘဲလေ''


မထွေးရဲ့ နှစ်သိမ့်စကားက သူ့မကို စိတ်ချမ်းမြေ့မှု မပေးနိုင်ပါ။ ဆေးရုံကနေ ဆင်းသွားကတည်းက သူမကို အခေါ်အပြောမလုပ်တော့သည့် သားဖြစ်သူရဲ့ ဥပေက္ခာပြုမှုက တင်းမာလွန်းတာကြောင့် ဒီအချိန်မှာ ဘယ်လိုစကားမျိုးကမှ သူမရဲ့စိတ်ကို ေအးချမ်းစေနိုင်မှာ မဟုတ်တာ သေချာသည်။


>>>>>>>>>><<<<<<<<<<


"သက်ထား''

"ရှင်... အကိုလေး၊ ကျွန်မကို ဘာခိုင်းချင်လို့လဲဟင်''


အချိန်တွေ ကြာမြင့်လာသည်တိုင် မပြောင်းလဲတဲ့ ထူးသံလေးပါ။ သူက ''သက်ထားရေ''လို့ ခေါ်လိုက်ရင် ဘယ်တော့မှ ''ရှင်''ဆိုပြီး ပြီးမသွားသည့် သူမက နောက်ဆက်တွဲအနေနဲ့ ဘာခိုင်းချင်လို့လဲ၊ ဘာလုပ်ပေးရမလဲဆိုသည့် ကျိုးနွံသည့်စကားလုံးတွေပါ ပါလာတတ်၏။


"မခိုင်းပါဘူးကွာ၊ ပြောစရာရှိလို့ ဒီနားခဏလာခဲ့ဦး''

"ဟုတ်ကဲ့ အစ်ကိုလေး'' ဆိုပြီး ဒန်းပေါ်တွင်ထိုင်ပြီး စာအုပ်ဖတ်နေသည့် အစ်ကိုလေးအနားကိုသွားလိုက်တော့...


"ထိုင်လေ''

"ဟင့်အင်း ရတယ် မထိုင်တော့ဘူး၊ အစ်ကိုလေးပြောစရာရှိတာသာပြောပါ''


"ပြောစရာက မင်းထိုင်မှပြောမှာ၊ လာ ထိုင်''


မင်းသစ် ပြောပြောဆိုဆိုဖြင့် သက်ထားရဲ့လက်အဖျားလေးကို လှမ်းဆွဲယူလိုက်ပြီး သူဘေးတွင် ထိုင်စေလိုက်၏။ သူဘာလုပ်လုပ် ပြူးပြူးပျာပျာနဲ့ အလန့်တကြားလေးဖြစ်နေတတ်သည့် သက်ထားကတော့ ထုံးစံမပျက် သူ့ကို တအံ့တဩလေးသာ ကြည့်နေလေသည်။


"ထား''

"......''


"ဟေ့.. ခေါ်နေတာကို ထူးဦးလေ၊ ဘာကြောင်ကြည့်နေတာလဲ''

"ရှင်... ဟို... 


"ဟိုဟိုဒီဒီတွေ ပြောမနေဘဲ ကိုယ်မေးတာကိုပဲ အရင်ဖြေကွာ၊ ဘယ်အချိန်ဆောင်တော်ကူးဖို့တွေးထားလဲ?''

"ရှင်... အစ်ကိုလေး ဘာမေးလိုက်တာလဲဟင်''


"ဆောင်တော်ကူးတာလေ၊ မင်းနေတဲ့အဆောင်တော်ကနေ ကိုယ်နေတဲ့အဆောင်တော်ကို ဘယ်အချိန်ကူးလာမလဲလို့''

"ကျွန်မက ဘာကိစ္စနဲ့...


"ကိုယ့်အနားနေပေးဖို့အတွက်နဲ့''


သူပြောလိုက်သော စကား​ကြောင့် ချက်ချင်းကြီး မျက်ခုံးတွေတွန့်ကျုံ့သွားသည်က သဘောမတွေ့သည့်သဘောနဲ့။ ဒါ့ကြောင့် မင်းသစ် သူမရဲ့လက်လေးနှစ်ဖက်ကို ထပ်ကိုင်လိုက်ပြီး...


"မင်းရဲ့ သခင်မနဲ့ ကိုယ် တရားဝင်ကွာရှင်းပြီးပြီဆိုတာ မင်းသိတယ်မဟုတ်လား၊ အခု ကိုယ်လွတ်လပ်သွားပြီ၊ ဒါပေမယ့် အဲ့ဒီ့လွပ်လပ်မှုကို ထိန်းကွပ်ပေးမယ့် ကြိုးလေးတစ်ချောင်းတော့ လိုနေတာအမှန်ပဲ''

"အစ်ကိုလေး ပြောနေတာတွေကို ကျွန်မတကယ် နားမလည်ဘူး''


"ဟုတ်လား နားမလည်ဘူးလား? ဒါဆို ကိုယ်ရှင်းရှင်းပဲ ပြောတော့မယ်၊ ကိုယ့်ကို ချည်နိုင် ချုပ်နိုင်တဲ့ ကြိုးလေးဖြစ်ပေးမလား၊ ကိုယ့်ကို ချစ်ပေးနိုင်မလား''

"ရှင်...


"မဖြေနိုင်ဘူးလား၊ ဒါဆို မေးခွန်းပြောင်းမေးမယ်၊ ကိုယ့်အနားကို လာနေပေးမလား''


တည့်တည့်ကြီးမေးလိုက်သည့် သူ့ရဲ့မေးခွန်းကို ခေါင်းလေးရမ်းပြီးသာ ဖြေနေသည့် သက်ထားကြောင့် သူ ဟက်ခနဲရယ်လိုက်ပြီး...


"ဒါဆို မင်းအနားကို ကိုယ်လာခဲ့မယ်''

"ဟင့်အင်း... မရ..


"အန်ကယ်''


ကောင်းခန်းရောက်မှ ကြော်ညာဝင်သလို အခြေအနေကိုနားမလည်ဘဲ အနားကိုလှမ်းလာနေသည့် မျိုးရိုးဂုဏ်ကြောင့် မင်းသစ် လက်ထဲက သက်ထားရဲ့လက်လေးကို လွှတ်ပေးလိုက်ပြီး...


"ဘာကိစ္စရှိလို့လဲ မောင်မျိုးရိုးဂုဏ်''

"ပူတူးဆီလာတာပါ၊ အန်ကယ်နဲ့ အန်တီ့ကိုတွေ့လို့ နှုတ်ဆက်လိုက်တာ''


"ဪ... 

"အန်တီ ပူတူးရှိတယ်မဟုတ်လား?''


"ရှိတယ် ဟိုဘက်အိမ်မှာ''

"ဒါဆို ကျွန်တော် သူ့ဆီခဏလောက်သွားလိုက်ဦးမယ်နော်၊ ခွင့်ပြုပါဦး''


ပြောပြီးတာနဲ့ သူမတို့ရှေ့ကနေ ချာခနဲထွက်သွားဖို့ပြင်နေတာမို့ သက်ထား ပျာပျာသလဲထရပ်လိုက်ပြီး...


"သမီး အိပ်ပျော်နေတယ် သား''

"ဟင်... ဒီအချိန်ကြီးကို အိပ်နေတယ်''


"ဟုတ်တယ်၊ မနက်ကတည်းက သမီး သိပ်ပြီးနေမကောင်းဘူး၊ ခေါင်းမူးတယ်လဲ ပြောတယ်၊ အဲ့ဒါ အခုလေးတင်ပင် အိပ်သွားတာဆိုတော့... ဟိုလေ သမီးကို အေးအေးဆေးဆေးအိပ်ခွင့်ပြုစေချင်တယ်''


"ကျွန်တော် ပူတူးကို ဘယ်တုန်းကမှ အနှောင့်အယှက်မလုပ်ခဲ့ဖူးပါဘူး''

"အန်တီပြောချင်တာက ဒီလိုသဘောမဟုတ်ပါဘူး၊ သားလဲ သိတဲ့အတိုင်းပဲလေ ဒီရက်ပိုင်းထဲ သမီးက သားကို သိပ်ပြီးမတွေ့ချင်ဘူးဆိုတော့လေ အင်း... ဘယ်လိုပြောရမလဲ သမီးနေမကောင်းတဲ့အချိန်ကိုတော့ သမီးစိတ်တိုင်းကျ အေးအေးဆေးဆေးလေးနေစေချင်တာပါ''


အားနာပေမယ့် တကယ်လဲ သမီးလေးကို အနားယူစေချင်တာမို့ သက်ထား တား​ြမစ်မိခြင်းပါ။ သို့ပေမယ့် သူမစကားအဆုံး ညိုမှိုင်းသွားသည့် ဂုဏ့်ရဲ့မျက်နှာကြောင့် သူမ စိတ်မကောင်းဖြစ်မိတာကလဲ အမှန်ပင်။


"ပူတူးက ကျွန်တော်နဲ့ ကွာရှင်းချင်နေတာ အန်တီ၊ ကျွန်တော့်အနေနဲ့က သူ့ကို ဘယ်လိုနည်းနဲ့မှ ကွာရှင်းပေးနိုင်မှာမဟုတ်လို့ သူ့စိတ်တွေ ကျွန်တော့်ဆီမှာပြန်လည်လာအောင် ကြိုးစားနေတာပါ''

"အန်တီ သိပါတယ်ကွယ်''


"ကျွန်တော် သတိရလာကတည်းက ပူတူးပေးခဲ့တဲ့ ကွာရှင်းစာချုပ်ကြောင့် ကျွန်တော့်မှာ အရူးမီးဝိုင်းပါပဲ၊ သူ့ဆုံးဖြတ်ချက်ကို ဘယ်လိုမှ လက်မခံနိုင်လို့ ကျွန်တော်ငြင်းဖို့ကြိုးစားပေမယ့် အန်တီသိတဲ့အတိုင်း ကျွန်တော် ပူတူးရဲ့မျက်နှာကို အခုထိမတွေ့ရဘူးလေ''


ဂုဏ်ပြောတာလဲ မှန်သည်။ ဒီကောင်လေး သတိရလာကတည်းက သမီးဆီကို အခေါက်ပေါင်းမရေမတွက်နိုင်လောက်အောင် လာနေပေမယ့် သမီးက ဘယ်တော့မှ ထွက်တွေ့ခြင်းမရှိပါ။


"ကျွန်တော် တောင်းဆိုပါတယ်ဗျာ၊ သူအိပ်ပျော်နေတဲ့ အချိန်ခဏလေးပဲဖြစ်ဖြစ် သူ့မျက်နှာလေးကို ကျွန်တော် ဝင်ကြည့်ပါရစေ၊ ခဏဆိုမှ တကယ်ခဏလေးပါ အန်တီရာ၊ ကျွန်တော် သူ့ကို လွမ်းလွန်းလို့ပါ''


ဆို့နင့်ကြေကွဲနေသည့် အသံအက်ရှရှလေးကြောင့် သက်ထား လျစ်လျူပြုဖို့ခက်ခဲလွန်း၏။ သို့ပေမယ့် ဒီကောင်လေး လာပြီးပြန်သွားတိုင်း ငိုလို့မဆုံးတော့သည့် သမီးကိုလဲ သနားတာမို့...


"သမီးကမှ မင်းကိုမတွေ့...

"ရတယ် သွားတွေ့လိုက် မောင်မျိုးရိုးဂုဏ်''


"အစ်ကိုလေး''

"ကိုယ်ချင်းစာလို့ပါကွာ၊ ချစ်တဲ့သူကို ငေး​ေနခွင့်တောင်မရတဲ့ဘဝကို ကိုယ်ချင်းစာလို့၊ သွားလေ မျိုးရိုးဂုဏ်''


"ကျေးဇူးတင်ပါတယ် အန်ကယ်''

"မလိုပါဘူးကွာ''


သူတို့ခံယူချက်တွေနဲ့သူတို့ အတိုင်အဖောက်ညီနေသည့် နှစ်ယောက်ကို သက်ထား ဘာမှဝင်ရောက်ပြောဆိုခြင်း မပြုမိတော့ပါ။ ဒါဟာ လက်လျော့လိုက်ခြင်းဆိုတာထက် ခွင့်ပြုလိုက်သည့် သဘောမျိုးဖြင့်။


ဂုဏ် သူတို့အနားကနေ ထွက်သွားမှ သက်ထား အစ်ကိုလေးကိုပြန်လှည့်ကြည့်လိုက်ပြီး...


"သမီးက သားပြန်သွားရင် ငိုပြီးကျန်ခဲ့တာကို ကျွန်မသနားလွန်းလို့ပါ''

"ဟိုက မခေါ်တာမှမဟုတ်ဘဲကွာ''


"ဒါပေမယ့် သမီးရဲ့ခံစားချက်ကို တွေးပေးရမှာပေါ့၊ အခုချိန်မှာ သမီးက သားနဲ့ကွာရှင်းဖို့ပဲ ဆန္ဒရှိနေတာလေ''

"အဲ့ဒီ့ဆန္ဒကို မျိုးရိုးဂုဏ်က လိုက်လျောပေးမယ်ထင်နေလား ထား၊ ကိုယ်တော့မထင်ဘူး မယုံရင်ကြည့်နေ သမီးကို ဒီကောင်ဘယ်လိုရအောင် ခေါ်သွားမလဲဆိုတာကို''


"သူ ဘယ်လိုခေါ်ခေါ် သမီးကမလိုက်ချင်ရင် မရပါဘူး''

"မင်း သမီးကို ဒီကောင် ဘယ်လိုရအောင်ယူထားသလဲဆိုတာ မင်း မေ့သွားတာလား၊ အဟွင်း.. ဘာမှမဆိုင်တဲ့အချိန်တုန်းကတောင် သမီးကို သူပိုင်အောင်သိမ်းနိုင်ခဲ့တာနော်၊ အခုက သူနဲ့ဆိုင်တဲ့ သူ့ဇနီး''


"သမီးက ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပြီးပြီပဲ''

"အိမ်ထောင်ရေးဆိုတာ တစ်ဦးတစ်ယောက်တည်းရဲ့ ဆန္ဒနဲ့အစပြုလို့မရသလို တစ်ဦးတစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်နဲ့လဲ အဆုံးသတ်လို့မရဘူး ထား၊ နှစ်ယောက်ပေါင်းမှဖြစ်လာတဲ့အိမ်ထောင်ရေးမို့လို့ တစ်ယောက်ကလမ်းခွဲချင်နေရင်တောင် ဆွဲထားတဲ့လက်တစ်စုံရှိနေသေးရင် အဲ့ဒီ့အိမ်ထောင်ရေး မပြိုကွဲသေးဘူး၊ ဥပမာ... မင်းနဲ့ကိုယ့်လိုပေါ့''


ကလေးတွေအကြောင်းပြောနေရင်းကနေ စကားလမ်းကြောင်းပြောင်းသွားတာမို့ သက်ထား ဆက်မပြောတော့ဖို့တွေးကာ...


"အစ်ကိုလေးပြောစရာမရှိတော့ရင် ကျွန်မ သွားတော့မယ်''


ခွင့်တောင်းသည့်သဘောဆိုပေမယ့် သူခွင့်မပြုရသေးခင် အနားကနေ မပြေးရုံတမယ်ထွက်သွားသည့် သက်ထားကိုကြည့်ကာ...


"ကိုယ်မေးထားတာကို သေချာစဥ်းစားပေးဦးနော် ထား''


သူ့ကို တစ်ချက်ကလေးမှ လှည့်မကြည့်တော့ဘဲ အိမ်ကြီးဆီကို တန်းတန်းမတ်မတ်လျှောက်သွားသည့် ထားကြောင့် သူမ အပြုံးခပ်ရေးရေးလေးထင်ကျန်ခဲ့ရ၏။ နှစ်တွေကြာသွားပေမယ့် သူ့ကိုတွေ့ရင် ရှောင်မြဲ ရှောင်ဆဲဖြစ်နေတတ်သည့် သမီးလေးရဲ့မေမေကို သိမ်းပိုက်နိုင်ဖို့ကတော့...


>>>>>>>>><<<<<<<<<<


ပူတူးရှိနေတဲ့ အိမ်လေးထဲကို ဝင်လိုက်တာနဲ့ သူ့ရဲ့ခြေလှမ်းတွေက ပူတူးရဲ့အခန်းလေးဆီ ဦးတည်လို့ ရွေ့လျားမိ၏။ သူသတိရလာကတည်းက တွေ့ခွင့်မရခဲ့သည့် ပူတူးက သူမရဲ့အခန်းတံခါးကို အမြဲတမ်းလော့ချကာ ရှောင်နေတတ်တာမို့ အခုလဲ လော့ချထားမလားဆိုသည့် စိတ်ဖြင့် ဂုဏ် တံခါးလေးကိုတွန်းဖွင့်လိုက်စဥ်...


"ဟင်...


ထူးဆန်းစွာပင် တံခါးက လော့ချမထားတာ​ကြောင့် ဘာရယ်မဟုတ် ဂုဏ် လှိုက်ခနဲ ဝမ်းသာသွားကာ အခန်းထဲဝင်လိုက်၏။ အခန်းထဲဝင်ဝင်ချင်း ကုတင်ထက်တွင် လဲလျောင်းအိပ်စက်နေသည့် ပူတူးအနားကို တိုးလျှောက်သွားလိုက်ပြီး ငုံ့မိုးကြည့်မိသည်။


နေမကောင်းဖြစ်နေမှန်း သိသာလောက်အောင် နီရဲနေသည့် ပါးမို့မို့လေးတွေက သူ့အတွက်ပိုပြီး ချစ်စရာကောင်းနေသေး၏။ အရင်လိုမဟုတ်ဘဲ အရောင်ဖျော့တော့နေသည့် နှုတ်ခမ်းလေးတစ်စုံကလဲ ရင်ခုန်ဖို့ကောင်းနေဆဲ။ မှိတ်ချထားသည့် မျက်တောင်လှလှလေးများဟာလဲ ကော့ညွှတ်နေပြီး ယပ်တောင်လေးသဖွယ်။ မမြင်တာ မတွေ့တာကြာနေပေမယ့် သူမလေးကဖြင့် အရင်အတိုင်း ချစ်ဖို့ကောင်းနေဆဲပါ။ သို့ပေမယ့် တစ်ခုခုကို မလိုမကျဟန်ရှိနေသည့်ပုံစံဖြင့် မျက်ခုံးတန်းနက်နက်လေးတွေကို တွန့်ချိုးထားတာမို့ ဂုဏ် သူမလေးရဲ့ဘေးတွင် တင်ပါးလွှဲလေးဝင်ထိုင်လိုက်ပြီး မျက်ခုံးတွေပြေကျသွားအောင် လက်ချောင်းများဖြင့် ဖြေလျော့ပေးလိုက်သောအခါ....


"ဟင်... ကိုကို..

"အွန်း... နေမကောင်းဘူးဆို ဆေးခန်းသွားမလား ကိုယ်လိုက်ပို့မယ်''


"ဟင့်အင်း မသွားဘူး၊ ကိုကို... ရှင်က ဘယ်လိုလုပ်ပြီး ခက်ရဲ့အခန်းထဲကို ရောက်နေတာလဲ''

"ဒီအခန်းက ကိုယ်လာလို့မရတဲ့နေရာလား?''


"မဟုတ်ပါဘူး ခက်ပြောတာက.. အာ့... ကျစ်..

"ဘာလို့ ဇွတ်အတင်းကြီး ထလာတာလဲကွ''


နေမကောင်းဘူးဆိုပြီး ဆတ်ခနဲ ထထိုင်လိုက်တာမို့ ဂုဏ် တားဖို့ပြင်နေစဥ် မျက်လုံးတွေမှိတ်ချသွားပြီး ခေါင်းကိုလက်ဖြင့်အတင်းဖိနှိပ်နေသည့် ပူတူးကို သူ ပုခုံးနှစ်ဖက်မှ ထိန်းကိုင်လိုက်ပြီး...


"ဘာလုပ်ချင်လို့ ထလာတာလဲ ကိုကို့ကိုပြော ပူတူး၊ ရေ​ေသာက်ချင်လို့လား ဟုတ်လား''

"မဟုတ်ပါဘူး''


"ဒါဆို ဘာလုပ်ချင်လို့လဲ၊ နေဦး ခေါင်းက အရမ်းမူးနေတာလား''

"ဟင့်အင်း...


"မမူးရင် မျက်လုံးတွေကို ဘာလို့မှိတ်ချထားတာလဲ၊ ဒီမှာ ကိုယ့်ကိုကြည့်''


ခက်ကို စိုးရိမ်နေမှန်း သိသာလွန်းသည့် ကိုကို့ရဲ့အသံကြောင့် ခက် မျက်လုံးတို့ကို ကြိုးစားပြီးဖွင့်ကြည့်လိုက်ပေမယ့် ဘယ်လိုမှအဆင်မပြေ။ ခေါင်းထဲမှာ တရိပ်ရိပ်မူးနေသည့်အပြင် အမြင်တွေပါ ဝေဝါးကာ ရှေ့မှာရှိနေသည့် ကိုကို့ကိုပင် နှစ်ယောက်လိုလို သုံးယောက်လိုလိုမြင်ရ၏။ ဒါ့ကြောင့် မျက်လုံးတွေကို ပြန်ပြီးမှိတ်ချလိုက်တော့...


"ပူတူး... ပူတူး... ဟေ့.. ကိုကိုခေါ်နေတာ ကြားလား''

"အင်း...


"ဘယ်လိုဖြစ်လို့လဲ၊ နေရတာ အဆင်မပြေရင် ကိုယ် ဆရာဝန်ခေါ်ပေးမယ်လေ၊ ပြော ဘယ်နေရာက နေလို့မကောင်းတာလဲ''

"ဟင့်အင်း... ခက် မသိဘူး၊ ခက် ခေါင်းမူးတာပဲသိတယ်''


"ဒါဆို ကိုကို ဆရာဝန်ခေါ်ပေးမယ်နော် ခဏ''

"မေမေ့ကိုပဲ ခေါ်ပေးပါ''


"အန်တီက ဘာလုပ်တတ်...

"ဟင့်အင်း မေမေ့ကိုပဲ ခေါ်ပေးပါ၊ ပြီးတော့ ကိုကိုလဲ ပြန်တော့''


"ဘယ်လို''

"ပြန်တော့လို့ ခက် နေမကောင်းလို့ အနားယူပါစေ၊ သွားပါ ခက်ကို အနှောင့်အယှက်မပေးဘဲ ပြန်လိုက်ပါတော့နော်''


"ပူတူး''


ပြောနေ ဆိုနေပုံက ကိုယ်ကပဲ သူ့ကို အနှောင့်အယှက်ပေးနေသည့် ပုံစံဖြင့်။ ကိုယ်ကတော့ မတွေ့တာကြာနေပြီဖြစ်သည့် သူမကို တစိမ့်စိမ့်ထိုင်ကြည့်ပြီး ကျေနပ်နေပေမယ့် သူမကဖြင့် သူ့ကိုမြင်လိုက်ရလို့ စိတ်ဆင်းရဲသွားသည့်အလား။ မျက်လုံးတောင် ဖွင့်မကြည့်နိုင်လောက်အောင် နေမကောင်းဖြစ်နေသည့် သူမက သူ့ကိုနှင်ထုတ်ဖို့တော့ အားရှိနေသေးသည်ထင်ရဲ့။


"မေမေ့ကို ခေါ်ပေးပါဆို''

"မင်း ဘာလုပ်ချင်လို့လဲ ပြော ကိုယ်လုပ်ပေးမယ်''


"မေမေ့ကိုပဲ ခေါ်ပေး''

"ကျစ်... ပူတူး.. မင်း တော်တော်ခေါင်းမာတဲ့ ကလေးပဲ''


"ခက် တကယ်နေလို့မကောင်းလို့ပါ၊ မေမေ့ကို ခေါ်ပေးခဲ့ပြီး ရှင်ပြန်လိုက်တော့နော်''

"နေစမ်းပါဦး မင်းက အန်တီ့ကိုခေါ်ပြီး ဘာလုပ်ခိုင်းမှာမို့လို့ ကိုယ့်ကို ဒီလောက်နှင်နေတာလဲ''


သူမေးသာမေးလိုက်ပေမယ့် ဘာတစ်ခွန်းမှပြန်မဖြေသည့်အပြင် မျက်နှာလေးပါရှုံ့မဲ့သွားတာကြောင့် ဂုဏ် သက်ပြင်းရှည်ကြီးချလိုက်ပြီး သူမကို အိပ်ယာတွင်ပြန်လှဲစေလိုက်၏။


"မင်းနေမကောင်းလို့ ကိုယ် နောက်ဆုတ်​ပေးလိုက်မယ်၊ ဒါပေမယ့် မင်းသိထားဖို့တစ်ခုက မင်းဘယ်လောက်နှင်နှင် ကိုယ် မင်းကို ဘယ်တော့မှလက်လွှတ်ပေးမှာ မဟုတ်ဘူးဆိုတာပဲ၊ ကိုယ့်ရဲ့အမှားတွေကြောင့် မင်းကိုယ့်ကို တွန်းထုတ်နေတယ်ဆိုတာကို သိပေမယ့် ကိုယ့်ရင်ထဲမှာ ဘယ်လိုခံစားနေရတယ်ဆိုတာကိုတော့ မင်းသိစေချင်တယ်ပူတူး'


ကိုကိုရဲ့မချိတင်ကဲ အသံကြီးကို ခက်ကြားပေမယ့် ဘာတစ်ခွန်းမှပြန်ပြောနိုင်သည့် ခွန်အားမရှိတာကြောင့် ငြိမ်နေလိုက်တော့ အခန်းထဲကထွက်သွားသည့် ကိုကို့ရဲ့ခြေသံကို ကြားလိုက်ရတော့၏။ ထို့နောက် ခဏနေတော့ မေမေရောက်လာပေမယ့် ကိုကိုကတော့ ပြန်ပါမလာခဲ့တော့ပါ။ သူမကို စိတ်ဆိုးပြီး ပြန်သွားတာလား၊ စိတ်နာပြီး ထွက်သွားတာလားတော့ မသိတော့ပေ။


>>>>>>>>>><<<<<<<<<<


"ဆရာမ ကျွန်မ သမီးရဲ့အခြေအနေလေး''

"အွန်း... အခုလောလောဆယ် အနေအထားအရကတော့ စိုးရိမ်စရာမရှိပါဘူး၊ ဒါပေမယ့်...


"ဒါပေမယ့် ဘာဖြစ်လဲဟင်''

"အဟွင်း... နောက်ပိုင်း အန်တီတို့ပင်ပန်းတော့မယ်ထင်တယ်''


"ရှင်... ဒါဆို သမီး​ေလးမှာ ရောဂါကြီးကြီးမားမားတစ်ခုခုရှိနေလို့လား ဟုတ်လား ဆရာမ''


ဒေါ်သက်ထားရဲ့ စိုးရိမ်တကြီးမေးလိုက်သည့်မေးခွန်းကို ဆရာဝန်မကြီးက ပြန်ဖြေခြင်းမရှိဘဲ ပြုံး၍သာနေ၏။ ထို့နောက် ဆေးသေတ္တာလေးကိုပြန်သိမ်းလိုက်ပြီး...


"အန်တီ့သမီးမှာ ရင်သွေးလေးရှိနေပြီ''

"ရှင်...


"ဟုတ်တယ် ခန့်မှန်းခြေအရတော့ ၅ပတ်လောက်ရှိပြီ၊ ဂုဏ်ယူပါတယ် အန်တီ၊ အန်တီတို့မြေးလေးချီရတော့မယ်''

"မြေးလေး.. တကယ် တကယ်လားဟင် ဆရာမ''


"တကယ်ပေါ့ရှင်''


မြေးဆိုသည့်စကားလေးနဲ့ နောက်မှာ သက်ထား လှိုက်ခနဲဝမ်းသာသွားပုံက ဘယ်တုန်းကမှ မရခဲ့ဖူးသည့် ပျော်ရွှင်မှုမျိုးဖြင့်။ သွေးသားအရင်းအချာဆိုလို့ ဒီသမီးလေးသာရှိခဲ့သည့် သူမရဲ့ဘဝမှာ အခုတော့... အခုတော့ မြေးလေးပါ ထပ်တိုးလာခဲ့ပြီ။ မျှော်လင့်မထားတဲ့အခြေအနေတစ်ခုကြောင့် သက်ထား ဝမ်းမြောက်ဝမ်းသာဖြစ်သွား၍ သမီးကိုပြန်လှည့်ကြည့်လိုက်တော့ အခုချိန်ထိ မျက်လွှာလေးချထားတာကြောင့်....


"သမီး... သမီးက ဘာလို့ အခုချိန်ထိ မသက်သာသေးတာလဲ ဆရာမ''

"ဒါက ကိုယ်ဝန်ရှိခါစအချိန်တွေမှာ ဖြစ်တတ်ပါတယ်၊ သက်သာသွားပါလိမ့်မယ် စိုးရိမ်ဖို့မလိုပါဘူး''


"ဪ... ကျွန်မက သမီးတစ်ခုခုဖြစ်သွားမှာစိုးတာပါ''


သူမရဲ့စကားကို နားလည်တယ်ဆိုသည့် သဘောဖြင့် ဆရာမက ခေါင်းတစ်ချက်ငြိမ့်ပြကာ အခန်းထဲက ထွက်သွားတာမို့ သက်ထား နောက်ကနေ လိုက်သွားလိုက်တော့...


"နွေသစ်ခက်ရဲ့အမျိုးသားရှိလား''

"မရှိဘူး ဆရာမ၊ သမီးက ဒီအိမ်ကို ခဏပြန်လာနေတာဆိုတော့ သားက ပါမလာဘူး''


"ဪ...

"ဆရာမမှာ ပြောစရာတစ်ခုခုရှိနေလားဟင်၊ ဒါဆို ကျွန်မကိုပဲ ပြောပါ ရပါတယ်''


"ဟင်း... တကယ်တော့လေ ဒီစကားက နွေသစ်ခက်ရဲ့အမျိုးသားကို ပြောချင်တာပါ၊ အခု သူမရှိဘူးဆိုတော့...

"ကျွန်မကိုပဲပြောပါ၊ သမီး တစ်ခုခုဖြစ်လို့လားဟင်''


"ဟုတ်တယ် အန်တီ၊ နွေသစ်ခက်မှာ နှလုံးရောဂါအစပျိုးနေတဲ့ လက္ခဏာတွေတွေ့နေရတယ်၊ အတိအကျသိဖို့က ဆေးရုံမှာစနစ်တကျစစ်ဆေးဖို့တော့ လိုတာပေါ့၊ သေချာတယ်ဆိုရင်တော့ အဲ့ဒီ့အတွက်လိုအပ်သလို ဆက်ပြီးကုသလို့ရပါတယ် တအားကြီး စိုးရိမ်ဖို့တော့မလိုပါဘူး၊ ဒါပေမယ့် ကျွန်မစိုးရိမ်တာက ကိုယ်ဝန်ရှိစအချိန်မှာ ကိုယ်ဝန်ကြောင့်တစ်မျိုး၊ ရောဂါကြောင့်တစ်မျိုးပင်ပန်းရရင် လူနာမခံနိုင်မှာစိုးတာ''


ကြားလိုက်ရသည့် စကားတွေက သူမရဲ့ရင်ကို နာကျင်သွားအောင် တစ်ခုခုနဲ့ထုရိုက်လိုက်သည့်အတိုင်း။ အမွေပေးစရာရှားလို့ ဒီနှလုံးရောဂါကိုမှ အမွေပေးမိတဲ့ ကိုယ့်ကိုကိုယ်လဲ စိတ်ဆိုးမိပါသည်။ သမီးအတွက်စိတ်မကောင်းလွန်းလို့ အခန်းထဲကိုပြန်ငဲ့ကြည့်လိုက်တော့ ဘာမှမသိရှာသေးသည့် သမိီးက နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်နေပျော်နေလေသည်။


"ဒါဆို ကျွန်မ ဘာလုပ်ရမလဲဟင်''

"အပွင့်လင်းဆုံးပြောရရင်တော့ ဘာမှလုပ်လို့မရပါဘူး၊ အန်တီတို့အနေနဲ့ဆိုရင် အန်တီ့သမီးရဲ့ရောဂါကို ဒါ့ထက်အခြေအနေမဆိုးသွားအောင် ဂရုစိုက်ပေးရမှာပေါ့''


"ဂရုစိုက်ပါ့မယ် ဂရုစိုက်ပါ့မယ် ဆရာမရယ်၊ ဆရာမလဲ သမီးလေးကို ပစ်မထားပါနဲ့နော်''

"ဟုတ်ကဲ့ပါ အန်တီ၊ ကျွန်မလဲ ဂရုစိုက်ပေးမှာပေါ့၊ အဓိကကတော့ လူနာကို စိတ်ချမ်းချမ်းသာသာပဲရှိစေချင်တယ်၊ နှလုံးရောဂါဆိုတာက သိပ်ကို နုနယ်တဲ့ကလေးလေးတစ်ယောက်လိုပဲ၊ မျက်တောင်မခတ်တမ်း ဂရုစိုက်ပေးနေမှ''


"ဟုတ်ကဲ့ ဆရာမ''

"ကဲပါ အစ်မလဲ အရမ်းကြီးစိုးရိမ်မနေပါနဲ့၊ ဒီလိုပဲ သူများတွေကျော်ဖြတ်နေကြတာပဲ ဥစ္စာ မဟုတ်ဘူးလား''


"ဟုတ်တော့ ဟုတ်ပါတယ်၊ ဒါပေမယ့် သမီးလေးက ဟိုးအရင်ကတည်းက သိပ်ပြီးချူချာခဲ့တော့...


ဘယ်လောက်ပဲ စိတ်မပူပါနဲ့လို့ပြောပြော ကိုယ့်သမီးအကြောင်း ကိုယ်သာအသိဆုံးမဟုတ်လား။ ခက်ခက်ခဲခဲနဲ့မွေးဖွားခဲ့ရသည့်သမီးက လူ့လောကထဲရောက်တယ်ဆိုကတည်းက နုလွန်း ပျော့လွန်းတာကြောင့် လေထိမခံ နေထိမခံပါ။ ဒါ့အပြင် သားနဲ့ကွာရှင်းဖို့လုပ်နေသည့်အချိန် သားရဲ့ကလေးကိုလွယ်ထားရတယ်ဆိုတော့ ဒါဟာ သမီးလေးကို စိတ်ညစ်သွားစေမလား။ နဂိုကတည်းက နှလုံးရောဂါဆိုတာ စိတ်နဲ့ပိုပြီးဆိုင်တဲ့အရာဆိုတော့ သမီးရဲ့အခုလက်ရှိအခြေအနေတွေက သမီးရဲ့ကျန်းမာရေးကို ပိုပြီးဆိုးသွားစေနိုင်သလား။ မေးခွန်းပေါင်းများစွာဖြင့် ရှုပ်ထွေးသွားရသည့် စိတ်အစဥ်ကို သက်ပြင်းရှည်ကြီးချကာ ရှင်းထုတ်ပစ်လိုက်သော်လည်း နည်းနည်းလေးမှ သက်သာသွားခြင်းမရှိခဲ့။


>>>>>>>>>><<<<<<<<<< 


"အစ်မကြီး ဖုန်းလာတယ်''


လူနာတွေပတ်ကြည့်ပြီး ရုံးခန်းထဲဝင်ဖို့ပြင်လိုက်စဥ် ရုံးခန်းထဲကနေ သူမရဲ့ဖုန်းလေးကိုကိုင်ပြီး ထွက်လာသည့်မိန်းကလေးကို သူပြုံးပြလိုက်ပြီး ဖုန်းကိုလှမ်းယူကြည့်လိုက်တော့...


"ခင်ခင်က ဘာကိစ္စရှိလို့လဲ မသိဘူး''


ဒီလိုလေးရေရွတ်ကို ဖုန်းကိုကိုင်လိုက်၏။


"ပြော ခင်ခင်၊ ဘာကိစ္စရှိလို့လဲ''

"မေးချင်တာလေးရှိလို့ပါ အစောရယ်၊ အစောရဲ့ချွေးမက နှင်းဆီမြိုင်က ဟုတ်တယ်မလား''


"အွန်း ဟုတ်တယ်လေ၊ အဲ့ဒါ ဘာလို့လဲ''

"ဘာလို့ဆို အရေးကြီးလို့ အစောရေ၊ အဲ့ဒီ့ကလေးမလေးနာမည်က နွေသစ်ခက်လား''


"ဟုတ်တယ်လေ၊ နေပါဦး ခင်ခင်ရဲ့ အခု သစ်ခက်လေးက ဘာဖြစ်လို့လဲဟင်''

"အဟွင်း... ဟွင်း... ဘာဖြစ်လို့လဲဆိုတော့ ရှင့်ချွေးမလေးမှာ ရှင့်သားရဲ့ကိုယ်ဝန်ရှိနေပြီလေ''


"ဟင်...

"အရမ်းအံ့ဩသွားလား အစော''


အံ့ဩတယ်ဆိုတာထက် ဆွံ့အသွားမိတာပါ။ လုံးဝကိုမျှော်လင့်မထားတဲ့ လက်ဆောင်မွန်လေးတစ်ခု ရလိုက်သလိုပဲမို့ ဝမ်းသာလွန်းအားကြီးကာ ဘာပြောရမှန်းပင်မသိတော့။


"အစက ခင်လဲ နွေသစ်ခက်ကို ရှင့်ချွေးမလေးမှန်းမသိဘူး၊ နောက် နှင်းဆီမြိုင်မှာ ရှင့်ချွေးမရှိနေတယ်ဆိုတာကို သတိရလို့ လှမ်းပြီးမေးကြည့်တာ''

"အင်း... သေချာရဲ့လား ခင်ခင်၊ သမီးမှာ သားရဲ့ကိုယ်ဝန်ရှိနေပြီဆိုတာကလေ...


"သေချာတာကတော့ သေချာတယ် အစော၊ ဒါပေမယ့် အစောရဲ့ချွေးမလေးဆီမှာ ကိုယ်ဝန်နဲ့အတူ နှလုံးရောဂါ အစပျိုးနေတဲ့ လက္ခဏာတွေတွေ့နေရတယ်၊ သူ့ရဲ့အမေ့ဆီမှာလဲ နှလုံးရောဂါရှိတယ်ဆိုတော့ ကြည့်ရတာကတော့ မျိုးရိုးလိုက်တာထင်တယ်''

"အရမ်းစိုးရိမ်ရလား ခင်ခင်''


"ကိုယ်ဝန်ရှိစအချိန်ဆိုတော့ သူ အရမ်းပင်ပန်းနေတာပေါ့၊ ကိုယ်ဝန်ကတစ်ဖက် ရောဂါက တစ်ဖက်ဆိုရင်တော့.. အွင်း... အများကြီးပင်ပန်းဦးမှာပဲ''


ဝမ်းသာစရာထက် စိတ်မကောင်းဖြစ်ရတဲ့ပမာဏက ပိုများနေသလားပါပဲ။ ဖြစ်စရာရှားလို့ ကိုယ်ဝန်ရှိနေသည့် သမီးလေးကိုမှ ဒီရောဂါက သွားဖြစ်နေရသလား။ 


"ဒါဆို ငါ ဘာလုပ်ရမလဲ ခင်ခင်''

"ဘာလုပ်ရမလဲဆိုတာကတော့ နင်လဲဆရာဝန်တစ်ယောက်ပဲ သိမှာပါ၊ အခု နင့်ကိုဒီအကြောင်ပြောတာက နင့်ချွေးမလေးကို နင်ကိုယ်တိုင်ကုပေးမယ်ဆိုရင် ပိုကောင်းမယ်ထင်လို့''


"အင်း... ကျေးဇူးပါ ခင်ခင်ရယ်''

"ဒါနဲ့ ဒီအကြောင်းကို နင့်ချွေးမက ​အခုချိန်ထိ မပြောပြသေးတာလား''


"ငါ အခုမှသိတာ''

"ဪ... ဟုတ်လား... ငါက နင်သိပြီးလောက်ပြီထင်နေတာ၊ မနေ့ကတည်းက ပြောပြီးလောက်ပြီလို့ တွေးပြီးတော့လေ''


"မနေ့ကတည်းက နင်ကသိတာလား''

"အေး''


"သားနဲ့သမီးက စိတ်ဆိုးနေကြတာလေ၊ အဲ့ဒါ သမီးက သူ့အိမ်ကိုပြန်သွားလို့''


သူငယ်ချင်းအရင်းကြီးဖြစ်နေသည့်အပြင် သမီးလေးရဲ့ကျန်းမာရေးကိုပါ တာဝန်ယူပေးနေသည့် ဆရာဝန်တစ်ယောက်ဖြစ်နေတာကြောင့် ဒေါ်ခင်စောသိုက် အမှန်အတိုင်းဖွင့်ပြောလိုက်၏။ 


"သားကလဲ ဆေးရုံကဆင်းလာတာ မကြာသေးဘူး ခင်ခင်ရဲ့၊ သူ့မိန်းမစိတ်နဲ့ အရက်တွေချည်းဖိသောက်နေတော့ ဘယ်လိုနားဝင်အောင် ဆုံးမရမလဲတွေးနေတာ၊ အခု သမီးလေးမှာ ကိုယ်ဝန်ရှိနေတယ်ဆိုတော့ အဟွင်း... အစောရဲ့သားတော့ အရက်သမားဘဝကကျွတ်တော့မယ်ထင်ပါရဲ့ရှင် အဟွင်း...


"ကျွတ်မှ ရမှာနော် အစော၊ ရှင်သိတဲ့အတိုင်း ရှင့်ချွေးမလေးက သာမန်ကိုယ်ဝန်ဆောင်တွေလို မဟုတ်ဘူးဆိုတော့ တော်တော်လေးဂရုတစိုက်နဲ့ ပြုစုရမှာ''

"အဲ့ဒါတော့ စိတ်ချ၊ မောင်မျိုးရိုးဂုဏ်တို့ သူ့မိန်းမကို ဘယ်လိုဂရုစိုက်သလဲဆိုတာ မကြာခင် မျက်စိနောက်အောင်ကို မြင်ရတွေ့ရတော့မှာ ဟား... ဟား...


သမိီးရဲ့ကျန်းမာရေးအခြေအနေကို စိတ်ပူမိပေမယ့် မျိုးရိုးဂုဏ်ရဲ့အကဲပိုပို ဂရုစိုက်မှုကို ယုံကြည်တာကြောင့် စိတ်ဆင်းရဲခြင်းမရှိပါ။ အခုချိန်စိတ်ထဲရှိတာက မြေးလေးချီရတော့မယ်ဆိုတဲ့ ပီတိဝမ်းမြောက်ခြင်း။ ဒါကိုသာ မျိုးရိုးဂုဏ်သိခဲ့ရင် သူ့မိန်းမကို အရေးမလုပ်ဘူးဆိုပြီး စိတ်ကောက်ဦးမလားပဲ။ ကောက်လဲ မတတ်နိုင်ဘူး။ သားအချစ် မြေးအနှစ်ပဲမဟုတ်လား။


>>>>>>>>>><<<<<<<<<<


အားပေးတဲ့ အသဲတွေအားလုံးကို ကျေးဇူးတင်ပါတယ်😘😘


အမှားပါသွားရင် ချစ်တဲ့စိတ်နဲ့ ဝေဖန်ပေးပါ😊😊


အပိုင်း (၄၅)မျှော်


စာရေးသူ- Merida(Tulip)


rate now: