book

Index 43

အပိုင်း (၄၃)

  • Author : Merida
  • Genres : Romance, Comedy, Drama

🎗🎗 နှောင်ကြိုး 🎗🎗


~~~~~~~~~~


"G-group''လုပ်ငန်းကြီးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သော ''ဂုဏ်'' private hospitalကြီးတွင် ထိုင်မရ ထမရဖြင့် စိုးရိမ်သောကရောက်နေကြရသည့် လူတစ်ချို့ရှိနေ၏။


"သား... သားလေး ဘာမှမဖြစ်လောက်ပါဘူးနော် အစ်ကို''

"သိပ်ပြီးစိတ်ပူမနေပါနဲ့ အစောရာ''


"မပူလို့ရမလား အစ်ကိုရဲ့၊ အခု OT(operation thereter)ထဲမှာ အသက်လုနေရတာ အစောတို့ရဲ့သားလေ၊ မတော်တဆများ သားသာတစ်ခုခုဖြစ်သွားရင်...

"နမိတ်မရှိ ဘာမရှိ မေမေကလဲ၊ ဂုဏ်လေးက ဘာမှဖြစ်မှာမဟုတ်ပါဘူး''


"ဟုတ်သားပဲ မေမေရယ်''


ခွဲစိတ်ခန်းရှေ့ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း ပြောနေကြသည့် အသံတွေကို ခက် ကြားနေပေမယ့် တစ်ခွန်းမှဝင်မပြောဖြစ်ပါ။ 


ခက်ကြောင့် ကိုကိုအခုလိုဖြစ်သွားရတာဆိုတော့ မေမေတို့ မမတို့အနားကို သွားဖို့ကလဲ မဝံ့မရဲ။ နောက်ပြီး ခွဲစိတ်ခန်းထဲဝင်သွားသည့် သွေးသံတစ်ရဲရဲဖြစ်နေသော ကိုကို့ရဲ့ပုံစံက ခက် မျက်လုံးထဲကမထွက်တာကြောင့် သူမ လမ်းလျှောက်ဖို့ပင် ခွန်အားမရှိပါ။


ဒါ့ကြောင့် ခွဲစိတ်ခန်းရှေ့က ထိုင်ခုံတွင်ထိုင်ကာ ကိုကို ဘေးရန်ကင်းစေဖို့ ဆုတောင်းနေရ၏။ 


"ကျွီ... ချလပ်...


နားထဲမှာကြားလိုက်ရသည့် တံခါးလှပ်သံကြောင့် ခက်ရဲ့အာရုံတို့က ထိုတံခါးဆီရောက်သွားကာ လှည့်ကြည့်လိုက်တော့ ခွဲစိတ်ခန်းထဲကနေ ထွက်လာသည့် ဆရာဝန်မကြီးတစ်ဦးက...


"အစော''

"မြင့်... သားလေး အခြေအနေ ဘယ်လိုရှိလဲဟင်၊ သား ဘာမှမဖြစ်ဘူးမဟုတ်လားဟင်''


သူမ ကိုယ်တိုင်ကလဲ ဆရာဝန်တစ်ယောက်ဖြစ်ပါလျက်နဲ့ ဒီလောက်သွေးပျက်နေသည့် သူငယ်ချင်းဖြစ်သူကိုကြည့်ကာ မြင့် သက်ပြင်းလေးသာချလိုက်ရင်း...


"အခု ေလာလောဆယ်အခြေအနေအရကတော့ ဂုဏ်လေးရဲ့ အသက်ကို ကယ်လိုက်နိုင်တယ်''

"ဒါ.. ဒါဆို သားက စိုးရိမ်စရာမလိုတော့ဘူးပေါ့''


မေမေမေးလိုက်သော နောက်ထပ်မေးခွန်းတစ်ခုရဲ့အဖြေကို မကြားလိုက်ရမှာစိုးသောကြောင့် ခက် ထိုအနားကိုလျှောက်သွားလိုက်စဥ်..


"အင်း.. အခု လတ်တလောအနေနဲ့ကတော့ စိုးရိမ်စရာမလိုတော့ဘူးပေါ့၊ ဒါပေမယ့် ခေါင်းကိုထိသွားတဲ့အရှိန်က အရမ်းများသလို သွေးထွက်များသွားတာလဲ နင်အသိပဲလေ၊ အဲ့ဒီ့အတွက် အခြေအနေကို အတိအကျသိနိုင်ဖို့ CT scan(ဦးခေါင်းဓာတ်မှန်ရိုက်ခြင်း)နဲ့ ကြည့်ကြည့်လိုက်တော့ စိတ်မကောင်းပါဘူး အစောရယ်''

"ဟင်...


"သတိပြန်ရလာဖို့ ခက်ခဲတယ်၊ တကယ်လို့ သတိပြန်မရခဲ့ဘူးဆိုရင် Comaဖြစ်သွားနိုင်တဲ့ ရာခိုင်နှုန်းတအားများနေတယ်''

"ဒါဆို ဂုဏ်လေးက...


"ဟုတ်တယ် အနွယ်၊ သားဂုဏ် တစ်သက်လုံးပြန်ပြီးသတိမရတာ ဖြစ်သွားနိုင်တယ်''

"အန်တီမြင့်ပြောတော့ ဂုဏ်လေးက အသက်အန္တရာယ်မရှိတော့ဘူးဆို''


အခြေအနေဟာ ဘာလဲဆိုတာကို သိ​သော်လည်း အမှန်တရားကို လက်မခံနိုင်စွာ ခေတ် မကျေနပ်သလိုမေးလိုက်တော့ အန်တီမြင့်က မျက်နှာမကောင်းစွာပင်...


"အသက်အန္တရာယ်မရှိတော့ပေမယ့် သားရဲ့ကျန်ရှိနေတဲ့ သက်တမ်းတစ်လျှောက်လုံး အိပ်ယာပေါ်မှာပဲ အသိမရှိသူတစ်ယောက်လို နေသွားရနိုင်တယ် သမီး''

"ဝုန်း...


"ကလေး...


ဆရာဝန်မကြီးရဲ့စကားအဆုံး ခက် ကိုယ်တိုင်ပင်မသိလိုက်ဘဲ ကြမ်းပြင်တွင် ဝုန်းခနဲလဲပြိုသွား၏။ ထို့နောက် ခက့်ဆီကို စိုးရိမ်တကြီးပြေးလာသည့် မမအနွယ်ဂုဏ်နဲ့ မမခေတ်သစ်။ နောက်ပြီး ဦးရာဇဂုဏ့်ရဲ့ရင်ခွင်ထဲမှ သူမကို ခပ်စိမ်းစိမ်းလေးစိုက်ကြည့်နေသည့် ကိုကို့မေမေ့ရဲ့ အကြည့်တွေ။ ဒါတွေဟာ ခက် နောက်ဆုံးမြင်လိုက်ရသည့် မြင်ကွင်းပါပဲ။


>>>>>>>>>><<<<<<<<<<


"ကိုကို... ခက့်ကို အရမ်းမုန်းနေလားဟင်၊ မမုန်းပါနဲ့နော် ခက်လေ ကိုကို့ကို ဒီလိုနာကျင်စေချင်တဲ့စိတ်နဲ့ လုပ်ခဲ့တာ မဟုတ်ပါဘူး''


အောက်ဆီဂျင်ပိုက်တွေ၊ ဆေးပိုက်တွေနဲ့ ရှုပ်ယှက်ခတ်နေအောင် သွယ်တန်းထားရသည့် ကိုကိုက ခက် ပြောသမျှကို လျစ်လျူရှုနိုင်လှ၏။ 


"ခက့်ကို ကိုကို့အနားမနေစေချင်ဘူးဆိုရင်လဲ ကိုကိုပြောသလို ခက် ကွာရှင်းပေးမှာပေါ့၊ အခုလိုမျိုးတော့ ခက်အနားက ထွက်မသွားပါနဲ့နော်''


အခန်းထဲဝင်ဖို့ တံခါးဖွင့်လိုက်စဥ် အခန်းထဲမှ တိုးသဲ့စွာထွက်လာသည့် အသံတိမ်တိမ်လေးကြောင့် ခေတ် သက်ပြင်းချမိပြန်သည်။


"ဒီကောင်မလေး အခန်းထဲ ခိုးဝင်ပြန်ပြီထင်တယ်၊ မေမေ သိရင်တော့ ပြဿနာတက်တော့မှာပဲ''


ဂုဏ်လေး သတိလစ်နေတာ ၁ပတ်ကျော်နေပြီဆိုပေမယ့် အခြေအနေက ဘယ်လိုမှ စိတ်ချလို့မရတာကြောင့် ICU(အထူးကြပ်မတ်ဆောင်)တွင် ထားရသည်။ နဂိုကတည်းက ICUဆိုတာ လူနာစောင့်တွေ အများကြီးဝင်လို့မရတာမို့ ဂုဏ်လေးကို အလှည့်ကျနဲ့စောင့်ကြည့်ပေးရ၏။ 


ထို အလှည့်ကျစာရင်းထဲတွင် နွေသစ်ခက်တော့မပါ။ သူမကြောင့် ဂုဏ်လေးဒီလိုဖြစ်ရတယ်ဆိုပြီး စိတ်ခုနေသည့်မေမေက သူမကို ဆူပူကြိမ်းမောင်းခြင်းမရှိပေမယ့် ဂုဏ့်အနားကိုအကပ်မခံပေ။ အကြောင်းပြချက်က သူမလေးရဲ့ စာမေးပွဲနီးနေလို့တဲ့။


အစပိုင်းကတော့ ဂုဏ်လေးကို မေမေပဲနေ့တိုင်းစောင့်ပေးပေမယ့် နောက်ပိုင်း ခေတ်တို့ညီအစ်မနှစ်ယောက်က အလှည့်ကျစောင့်ပေးရ၏။ အခုလဲ မမအနွယ့်ကို အိမ်ပြန်ပြီးနားခိုင်းဖို့ ခေတ် ဆေးရုံကိုအစောကြီးလာခဲ့တော့မှ အခန်းထဲခိုးဝင်နေသည့် နွေသစ်ခက်ကို တွေ့လိုက်ရသည့်အဖြစ်။ ကြည့်ရတာ မမအနွယ် ဝင်ခွင့်ပေးလိုက်တာပဲ ဖြစ်ရမည်။


"ကိုကို ဖြစ်စေချင်သလို ခက်က ကွာရှင်းပေးမယ်ဆိုရင် သတိပြန်ရလာမှာလားဟင်၊ ဒါဆို ခက် ကွာရှင်းပေးပါ့မယ်''

".......''


"ခက်ကိုလေ ကိုကို့ရဲ့မေမေက ကိုကို့အနားမလာစေချင်ဘူးနဲ့တူတယ်၊ နောက်ပြီး မမတို့ကလဲ ခက်ကို စကားမပြောကြဘူး၊ အင်းပေါ့ ခက်က ကိုကို့ကို အခုလိုဖြစ်အောင်လုပ်ထားတာဆိုတော့ ခက်ကို မုန်းသင့်ပါတယ်လေ''


ငိုသံစွက်နေသည့် အသံသဲ့သဲ့လေးက သနားစဖွယ်။ သတိလစ်နေသည့် ဂုဏ်လေးကို သူမခံစားနေရတာကို ပြောပြနေပုံက မသိရင် သာမန်လူကောင်းတစ်ယောက်နဲ့ပြောနေသည့်အတိုင်းပင်။


"အယ်... ခက် ကိုကို့ကို ပြောပြစရာတစ်ခုရှိတယ် သိလား၊ ကိုကို့သူငယ်ချင်း မမကြီးနှင်းစက်လေ မနေ့ကပဲ ကနေဒါကို ထွက်သွားပြီ၊ သခင်မကြီးရော အတူတူပါသွားတယ်၊ ကိုကို့အတွက် အမြဲတမ်းဆုတောင်းပေးနေပါ့မယ်လို့လဲ ပြောသွားတယ်၊ မမကြီးနှင်းစက့်ရဲ့ဆုတောင်းတွေပြည့်သွားအောင် ကိုကို အမြန်ဆုံးသတိရလာရမယ်နော်၊ မဟုတ်ရင် ခက် ကိုကို့ကို စိတ်ဆိုးမှာ''

"......''


"ပြောသာ ပြောရတာပါ အခုချိန် ခက်စိတ်ဆိုးလဲ ကိုကိုက ဂရုစိုက်တော့မှာ မဟုတ်ပါဘူး၊ ဘာလို့ဆို ကိုကိုက ခက့်ကိုစွန့်ပစ်ချင်နေတာလေ မဟုတ်ဘူးလား၊ ခက့်ကို ကွာရှင်းဖို့တောင် ပြောထားတာဆိုတော့ ခက်ကို ဘယ်အရေးလုပ်ပါတော့မလဲ''


ထိုအခါမှ ခေတ် အံ့ဩသွားရသည်။ ဂုဏ်လေးက အရင်စပြီး ကွာရှင်းခွင့်တောင်းခဲ့သည်တဲ့လေ။ ဒါ ဖြစ်နိုင်တဲ့အရာလား?။


"ဒေါက်... ဒေါက်...

"ဟင်... မမခေတ်...


ဘယ်သူမှမတွေ့အောင် ဝင်တွေ့လိုက်ဆိုပြီး ေရှာင်ပေးသွားသည့် မမအနွယ်ကြောင့် ခက် ကိုကို့အနားနေနေစဥ် အခန်းထဲဝင်လာသည့် မမခေတ်ကြောင့် ခက် လန့်ဖျတ်သွားကာ ကိုကို့ရဲ့လက်လေးတစ်ဖက်ကို ဆုပ်ကိုင်ထားလျက်ကနေ ထရပ်လိုက်ပြီး...


"ခက်... ခက် ကိုကို့ကိုတွေ့ချင်လို့ ခဏလေး ဝင်ကြည့်မိတာပါ၊ တကယ် ခဏလေးပါ''

"ငါက ဘာပြောနေလို့လဲ''


"ဟို.. ဟိုလေ.. ခက် ကိုကို့ဆီလာတာကို မေမေ့ကိုပြန်မတိုင်ပါနဲ့နော်''

"မေမေသိသွားတော့ ဘာဖြစ်မှာမို့လို့လဲ''


ခေတ် ပိုက်ဆံအိတ်လေးကို အခန်းထောင့်က မှန်စားပဲွဲကြီးပေါ်တင်လိုက်ရင်းက ပြောလိုက်တော့ သစ်ခက်လေးက အိပ်ယာပေါ်တွင်ငြိမ်သက်စွာ လှဲလျောင်းနေသည့် ဂုဏ့်ကိုတစ်ချက်ပြန်ကြည့်ပြီး...


"မေမေက ခက့်ကို ကိုကို့အနားမလာစေချင်ဘူးလေ''

"မေမေက အဲ့လိုပြောထားတာလား?''


ခေတ်မသိသလိုပဲမေးလိုက်တော့ သူမကို ငိုမဲ့မဲ့လေးကြည့်လာသည့် သစ်ခက်။ မျက်နှာလှလှလေးကနေ စိတ်မကောင်းသည့်ပုံစံလေးပြောင်းသွားပေမယ့် ဂုဏ့်ရဲ့လက်တစ်ဖက်ကို ကိုင်ထားသည့် သူမရဲ့လက်တွေကတော့ တည်ငြိမ်နေဆဲ။


"မပြောပေမယ့် ခက် သိပါတယ်၊ ခက့်ကြောင့် ကိုကို အခုလိုဖြစ်သွားရတာဆိုတော့ မေမေ ခက်ကို မုန်းနေမှာပေါ့ ခက် နားလည်ပါတယ်''

"မင်း တမင်လုပ်တာမှမဟုတ်ဘဲ''


"ဒါပေမယ့်....

"မဟုတ်တာတွေ တွေးပြီးစိတ်မကောင်းဖြစ်မနေနဲ့၊ နောက်တစ်ပတ်ထဲ စာမေးပွဲရှိတယ်ဆို၊ အဲ့ဒီ်အတွက်ပဲ အာရုံစိုက်ထား ကြားလား ကလေး''


"ဟုတ်''


နာခံလွယ်သူလေးတစ်ယောက်သဖွယ် စကားနားထောင်ကာ ေခါင်းလေးငုံ့ချသွားသည့် ယောင်းမလေးကိုကြည့်ကာ သနားစိတ်ဝင်မိတာ အခါခါ။


"ဘယ်အချိန်ကတည်းက ဒီကိုရောက်နေတာလဲ''

"ဟင်.. ခဏလေးပဲ ရှိသေးတာပါ၊ တကယ် ခဏလေးပါပဲ ဟိုလေ... မမခေတ်လဲရောက်ပြီဆိုတော့ ခက် ပြန်.. ပြန်တော့မယ်လေ''


ပြန်မယ်ပြောပြီး ဂုဏ့်ကိုစိုက်ကြည့်ကာ မျက်ရည်ကျလာပြန်တာမို့ ခေတ် ထိုအနားကိုသွားကာ သူမလေးကိုထွေးပွေ့ထားလိုက်သည်။


ငိုစရာရင်ခွင်ရသွားသည့် သူမလေးကတော့ အသည်းအသန်ကို ငိုကြွေးနေတော့သည်။


"ဒီလောက်တောင် ဝမ်းနည်းနေရလား ကလေးရယ် ဟမ်?''

"ခက်... ခက်ကြောင့် ကိုကိုက.. အဟင့် ဟင့်.. ခက်ဟာ ကိုကို့အတွက် ဘယ်တုန်းကမှ ကောင်းကျိုးမပေးတဲ့ မိန်းမ အဟင့် ဟီး..အီး...


"ဒီလို မဟုတ်ပါဘူးကွယ်''

"ခက်က တကယ့်ကို မကောင်းဆိုးဝါးပဲ''


"ကလေးရယ်''

"ခက်ကြောင့်... အဟင့် ခက် မကောင်းလို့... အဟင့် ဟီး...


ဆက်မပြောနိုင်လောက်အောင် အသည်းအသန်ငိုရှိုက်နေသည့် ကလေးငယ်ကို ခေတ် ဘယ်လိုချော့ရမှန်း မသိတော့ပါ။ ဂုဏ် ဒီကလေးလေးကို ဘယ်လောက်ချစ်ပြီး ဘယ်လောက်မြတ်နိုးသလဲဆိုတာ သူမ သိထားပေမယ့် ဒီကောင်မလေးက ဂုဏ့်ကို ဒီလောက်​တောင် ချစ်တယ်ဆိုတာကိုတော့ သူမ မသိခဲ့တာ အမှန်ပါ။


မရည်ရွယ်ဘဲ ဖြစ်သွားခဲ့ရသည့် မတော်တဆတစ်ခုဆိုတာကို ခေတ် သိနေ၍ ဒီကောင်မလေးကို စိတ်မဆိုးရက်ခဲ့ပါ။ စိတ်မဆိုးဘူးဆိုတာထက် ထိုနေ့က ဂုဏ်လေးရဲ့အခြေအနေ​ေကြာင့် အသက်မဲ့သူတစ်ယောက်လို ဖြစ်သွားရှာသည့် ဒီကောင်မလေးကို အသနားပိုရသည်။ ဂုဏ်လေးရဲ့ ဦးစားပေးအလိုလိုက်မှုကြောင့် ကလေးဆန်ပြီးဆိုးနွဲ့လွန်းသည့် သူမလေးက အခုတော့ဖြင့် သူမရင်ထဲကခံစားချက်တွေကို ဘယ်သူ့ကိုမှ ထုတ်မပြောရဲဘဲ တင်းခံနေပုံက ရင့်ကျက်နေသည့်နှယ်။


"ခက် ပြန်တော့မယ် မမ''

"ဟင်... ဘာလို့လဲ နေပါ ကလေးဆက်နေချင်ရင်နေပါ မမ ခွင့်ပြုပါတယ်''


"ဟင့်အင်း.. ခက်ပြန်တော့မယ်၊ ခက် ကိုကို့အနားလာတာကို မေမေမကြိုက်ဘူးလေ၊ တော်ကြာ...


စကားပြောရင်းမှ ဂုဏ့်ကိုပြန်ငဲ့ကြည့်ပြီး ငိုမဲ့မဲ့လေးဖြင့်...


"ခက် မေမေ့ကို ဒီ့ထက်ပိုပြီး စိတ်မရှုပ်စေချင်လို့ပါ၊ ခက့်အတွက်ကြောင့် မေမေထပ်ပြီး စိတ်မညစ်စေရပါဘူး ခက် တကယ်ကတိပေးပါတယ်''

"ဟင်း.... ကလေးရယ်''


"ခက်ကို ခွင့်ပြုပါနော်''


မနည်းဟန်ဆောင်ပြီး ပြုံးပြသွားသည့် အပြုံးယဲ့ယဲ့လေးကြောင့် ခေတ် စိတ်မကောင်းလွန်းလို့ ပြုံးတောင် မပြုံးလိုက်မိပါ။ မသွားခင်အထိ ဂုဏ့်ကို အကြာကြီးစိုက်ကြည့်နေပုံက ​ကြေကွဲဖွယ်အတိ။ နုဖတ်ဝင်းမွတ်နေသည့် မျက်နှာလှလှလေးက အခုတော့ဖြင့် ငိုရလွန်းလို့ မို့မောက်နေလေသည်။ 


ဒီအချိန် ဂုဏ်သာ သတိရလာပြီး သူ့ကလေးရဲ့ပုံစံကို မြင်လိုက်ရင်တော့လား။ ဟင်း.... ဒီကောင်မလေးကို ဂုဏ် ဘယ်လောက်အထိ ချစ်လဲဆိုတာကို သိပါလျက်နဲ့ ဘာလို့များ မေမေက ဒီကောင်မလေးအပေါ်ကို တင်းမာနေရပါသလဲ။ 


>>>>>>>>>><<<<<<<<<<


တစ်ခါမှ မရောက်ဖူးတဲ့အရပ်ဒေသမို့ ဘေးဘီကိုမျက်လုံးဝေ့ကြည့်ကာ ဆက်လျှောက်နေမိသည်။ တောင်တက်လမ်းသဖွယ် လမ်းလေးရဲ့ ဘေးနှစ်ဖက်တွင် သစ်တောကြီးများက အုံ့ဆိုင်းလျက်။ နောက်ပြီး တောကောင်လေးများရဲ့အသံတွေကလွဲလို့ တခြားမည်သည့်အသံမှ မကြားရအောင် တိတ်ဆိတ်နေ၏။ 


"ဒါ ဘယ်နေရာလဲ၊ ငါ.. ငါက ဘာလို့ ဒီကိုရောက်နေရတာလဲ''


တောနက်ကြီးရဲ့ တိတ်ဆိတ်မှုကြောင့် ဂုဏ် ခြောက်ခြားစွာ တွေးမိသည်။ စဥ်းစားလို့ရသမျှ စဥ်းစားကြည့်လိုက်တော့ မှတ်မိလာသည့်အရာက လှေကားထိပ်ကနေ သူ့ကို မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ စိုက်ကြည့်နေသည့် ပူတူးရဲ့စိုးရိမ်နေတဲ့မျက်နှာလေး။နောက်ပြီး သူ့ဆီကိုပြေးလာရင်းမှ ေခြချော်ကျသွားသည့် သူမ။


"ပူတူး...

"ကိုကိုရေ... 


ပူတူးကို စိုးရိမ်စိတ်လေးနဲ့ ပူတူးနာမည်ကို​ေရရွတ်မိစဥ် နားထဲကိုတိုးဝင်လာသည့် ပူတူးရဲ့ခေါ်သံလေးကြောင့် ဂုဏ် ရင်ထဲထိတ်ခနဲဖြစ်သွားကာ ဘေးဘီကို လှည့်ပတ်ကြည့်လိုက်သည်။


"ပူတူးလား... ပူတူး..

"ကိုကို..


"ပူတူး ဘယ်ကနေခေါ်နေတာလဲ၊ ကိုကိုက ဒီဘက်မှာ ပူတူးရဲ့၊ ပူတူး.. ပူတူး..


ဂုဏ် သူမလေးရဲ့နာမည်ကို တကြော်ကြော်ခေါ်ကာ လမ်းအတိုင်း တောင်ပေါ်ကို ပြေးတက်သွားလိုက်တော့ တောင်ထိပ်တွင်သူ့ကိုကျောပေးကာ ရပ်နေသည့် သူရဲ့ပူတူးလေး။ 


ပန်းဆီရောင် ရဲပေါက်နေသည့်ဂါဝန်ကားကားလေးနဲ့ သူမရဲ့ ဖြန့်ချထားသည့် ဆံနွယ်ရှည်ရှည်တွေက လေနဲ့အတူ ယိမ်းထိုးနေသည်။ သူမနဲ့မျက်နှာချင်းဆိုင်မှာရှိနေသည့် တောင်တန်းတွေ၊ တောင်ရဲ့အခြေမှာရှိသည့် ပင်လယ်ကြီးနဲ့ သူမရဲ့ပုံစံလေးက ပန်းချီကားလေးသဖွယ်ဖြစ်နေတာမို့ ဂုဏ် ငေးစိုက်ကြည့်မိသည်။ 


သူ ကြည့်နေစဥ်မှာပင် ပူတူးက တောင့်တောင့်လေးရပ်နေရာမှ ရှေ့ကို တိုးလျှောက်သွား၏။ သူမရပ်နေသည့်နေရာက တကယ့်ကိုအစွန်းပိုင်းလေးမှာမို့ ရှေ့ကိုဆက်လျှောက်ရင် ပင်လယ်ထဲပြုတ်ကျဖို့သာ ကျန်တော့တာကြောင့်...


"ပူတူး.. ဒါ ဘာလုပ်တာလဲ၊ ပြုတ်ကျတော့မှာပဲကွာ၊ လာ ဒီဘက်ကိုပြန်လာခဲ့''


ဂုဏ် သူမဆီကိုလျှောက်သွားရင်းမှ ပါးစပ်ကလဲ တားလိုက်သည်။ ထိုစဥ် တောင်ရဲ့အစွန်းဆုံးပိုင်းကိုရောက်နေသည့်ပူတူးက သူ့ဘက်ကို မျက်နှာမူလိုက်ပြီး...


"ခက်.. ခက်ကြောင့် ကိုကိုအခုလိုဖြစ်ရတာပါ အဟင့်၊ ခက် တောင်းပန်ပါတယ်၊ ခက်ကို ခွင့်လွှတ်ပါ အဟင့် ဟင့်.''


သူ့ဘက်ကိုလှည့်ပြီးပြောနေပေမယ့် သူ့ကိုမြင်ပုံတော့မရပါ။ မျက်ရည်အရွှဲသားနဲ့ ပြောနေသည့် သူမရဲ့ပုံစံကလဲ တကယ့်ကို သူတစ်ခုခုဖြစ်သွားလို့ ငိုနေသည့်အတိုင်း။


"ဘာလဲ ပူတူးရာ၊ ကိုယ်ဘာမှမဖြစ်ပါဘူး ဒီမှာ မင်းရှေ့မှာကိုယ်ရပ်နေတာပဲဟာ''

"အဟင့်..  ခက်က ကိုကို့အနားမှာရှိမနေသင့်တဲ့သူပါ''


"ဘာတွေပြောနေတာလဲ''

"ခက်လေ ကိုကို့အနားကနေထွက်သွားပေးပါ့မယ်၊ ကိုကို့ကို တစ်မျိုးပြီးတစ်မျိုး ဒုက္ခပေးခဲ့မိတဲ့အတွက်လဲ ခက်ကို ခွင့်မလွှတ်ပါနဲ့''


ဒီလိုပြောပြီး မျက်လုံးစုံမှိတ်ကာ ပင်လယ်ထဲကို ခုန်ချသွားသည့် ပူတူးကြောင့် သူ မျက်လုံးတွေပြူးပြာသွားကာ...


"ပူ...တူး...

"သား.. သား သတိရလာပြီလား၊ သား.. သားရေ..


ထိတ်လန့်ခြင်းများစွာနဲ့ နိုးထလာပြီးသည့်နောက် ပထမဆုံးမြင်လိုက်ရတာက မေမေ့ရဲ့ဝမ်းသာနေသည့် မျက်နှာ။


"သား... သား.. မေမေ့ကိုမြင်ရလား၊ မေမေလေ မေမေ မှတ်မိတယ်မလား၊ အနွယ် သမီး တာဝန်ကျ ဆရာဝန်ကို သွားခေါ်ချည်''

"ဟုတ် မေမေ၊ ဂုဏ်လေး ခဏနော် မမဆရာဝန်သွားခေါ်ပေးမယ်''


မျက်ရည်လေးစမ်းစမ်း စမ်းစမ်းနဲ့ သူ့ကိုစိတ်မချသလိုကြည့်ကာ အခန်းထဲကပြေးထွက်သွားသည့် မကြီးကို သူ မျက်လုံးဝေ့ပြီးကြည့်လိုက်သည်။


"မေမေ ခေတ် ဖေဖေ့ကို ဖုန်းဆက်လိုက်ဦးမယ်''

"အင်း အင်း.. 


ဂုဏ် ဘယ်သူ့ကိုမှ ဘာတစ်ခွန်းမှမပြောဘဲ အားလုံးကို စိတ်ဝင်တစားလိုက်ကြည့်နေလိုက်သည်။ အားလုံးက သူ့ကို စိုးရိမ်နေကြသည့်ပုံစံတွေဖြင့် သူ သတိရလာတာကို ဝမ်းမြောက်ဝမ်းသာဖြစ်နေကြသည့်ပုံတွေ။


သို့ပေမယ့်... ထိုလူတွေထဲမှာ သူမြင်ချင် တွေ့ချင်တဲ့ မျက်နှာလေးကဖြင့် ပါမလာခဲ့။ ဒါ့ကြောင့်...


"မေမေ..

"ဟင်... သား၊ ပြောလေ မေမေ့ကို သား ဘာပြောချင်လို့လဲ''


"ပူတူးရော?''


သူရဲ့မေးခွန်းကြောင့် မျက်နှာပျက်သွားသည့်မေမေက သူ့ကိုမျက်နှာလွှဲသွားသည်။ မဟုတ်မှ.. သူ သတိမလစ်ခင်က မြင်လိုက်သလို ပူတူးများလှေကားပေါ်ကနေပြုတ်ကျခဲ့သလား။


"မေမေ ပူတူး တစ်ခုခုဖြစ်လို့လား၊ ဟုတ်လား ပူတူး.. ပူတူးရော လှေကားကနေပြုတ်ကျသွားတာလား၊ မေမေ ကျွန်တော်မေးတာကို ဖြေပါဦး''

"သားအပြင် သမီးပါ လှေကားကနေပြုတ်ကျခဲ့ရင် မေမေ အခုလိုတောင်ရပ်နေနိုင်မှာမဟုတ်ဘူး၊ သမီးဘာမှမဖြစ်ဘူး''


"ဒါဆို.. ဒါဆို အခုပူတူးက ဘယ်မှာလဲ''

"နှင်းဆီမြိုင်မှာ''


"ဘာလို့..

"တော်ပြီ သား၊ သားက အခုမှ သတိရလာတာ စကားတွေအများကြီးမပြောနဲ့ဦး''


ဘာလို့ ဒီလိုပြောတာလဲ။ ပူတူးက ဘာလို့ သူ့အနားမှာရှိမနေဘဲ နှင်းဆီမြိုင်မှာရောက်နေရသလဲ။ နောက်ပြီး ပူတူးအကြောင်းမေးတာကို မေမေက ဘာလို့ ဒီလောက်တောင် မျက်နှာပျက်နေရတာလဲ။


ဂုဏ် မေးချင်ပေမယ့် မေးခွင့်မရသော မေးခွန်းများကြောင့် ရင်ထဲမှာတင်းကြပ်နေ​ေတာ့သည်။


>>>>>>>>>><<<<<<<<<<


"​ဂုဏ်လေးက မိသားစုဝင်အားလုံးကိုလဲ မှတ်မိတယ်ဆိုတော့ အခြေအနေက အားလုံးစိတ်ချရပါပြီ၊ ပိုပြီးသေချာသွားအောင်လို့ စစ်စရာရှိတာလေးတွေ ထပ်စစ်ရဦးမယ်နော် အစော''


"မြင့် ကောင်းမယ်ထင်သလိုသာ လုပ်ပါ၊ အစောကတော့ သားစိတ်နဲ့ ဘာဆိုဘာမှကို မတွေးတတ် မလုပ်တတ်တော့ဘူး''


တကယ်လဲ ဟုတ်သည်။ သူမက ဒီဆေးရုံကြီးရဲ့ပိုင်ရှင်ဆိုလဲဟုတ်၊ ပါရဂူကြီးဆိုလဲဟုတ်ပေမယ့် တကယ့် တကယ် လူနာက ကိုယ့်သားဖြစ်လာတော့ BPတောင်မချိန်တတ်တော့ပေ။ 


ဒါ့ကြောင့်လဲ သားကို သူငယ်ချင်းဖြစ်သူ မြင့်မြင့်သူထံတွင် ပုံအပ်ထားခဲ့ရသည်လေ။


"ဖြစ်တတ်ပါတယ် အစောရယ်၊ အခု သားကိုစိတ်ချရပြီဆိုတော့ အစောလဲ အိမ်ပြန်ပြီးနားလိုက်ဦး'' 

"အင်းပါ၊ တကယ်ကျေးဇူးတင်တယ်နော် မြင့်''


"မလိုပါဘူးဟာ၊ ဂုဏ်လေးက နင့်သားမဟုတ်ဘူးဆိုရင်လဲ မြင့်က ကုပေးရမှာပဲလေ၊ ဘာလို့လဲဆိုရင် မြင့်တို့ကဆရာဝန်တွေလေ''


"အန်တီ ကျွန်တော် ဘယ်နေ့ ဆေးရုံက ဆင်းလို့ရမလဲ''


"တစ်ပတ်လောက်တော့ ဆေးရုံမှာပဲ နေရဦးမယ်''

"ဟာ.. တစ်ပတ်ကြီးတောင်လား?''


စိတ်ပျက်သလိုပြောလိုက်သည့် သူ့ကို အန်တီမြင့်က ပြုံးတုံ့တုံ့ဖြင့်သာကြည့်ပြီး...


"များတယ်ထင်လို့လား၊ သားကို သားလဲပြန်ကြည့်ပါဦး၊ ခေါင်းမှာကလဲပတ်တီးနဲ့ ခြေထောက်မှာလဲပတ်တီးနဲ့''

"ဒါတွေကို အိမ်မှာပဲ မေမေနဲ့ပြန်ကုပါ့မယ်''


"မရပါဘူး၊ အခုချိန်မှာ သားက အန်တီ့ရဲ့လူနာ၊ ပြီးတော့ သားကို အန်တီက သေမင်းလက်ထဲကနေ ပြန်လုယူထားရတာနော်''

"ကျွန်တော် ဒီလောက် လွယ်လွယ်နဲ့မသေပါဘူး''


"သိပါတယ်၊ သားမှာ အသက်ရှင်ချင်တဲ့စိတ်လေးရှိသေးလို့သာ အခုလိုပြန်ပြီးသတိရလာတာ၊ သားရဲ့ခေါင်းက ဒဏ်ရာက တော်တော့်ကိုမလွယ်တဲ့အခြေအနေကြီး''


"ဟုတ်တယ် သား၊ ဘယ်လိုပဲဖြစ်ဖြစ် မြင့်ပြောသလို ဆေးရုံမှာတစ်ပတ်လောက်တော့ နေလိုက်ပါဦး၊ သားက သတိလစ်နေတာ နှစ်ပတ်ကြီးတောင်ကြာသွားတော့ အားပြန်ပြည့်ဖို့လဲ ကြိုးစားရဦးမှာ''


မေမေ့ရဲ့စကားကြောင့် ဂုဏ် မှင်သက်သွားမိသည်။ နှစ်ပတ်တဲ့ သူသတိလစ်နေတာ နှစ်ပတ်တောင်ရှိပြီလား။


"မြင့် တခြားလူနာတွေသွားကြည့်ရဦးမှာမို့လို့...


"အေးပါ အေးပါ''

"သားဂုဏ် အန်တီသွားမယ်''


"ဟုတ်ကဲ့ခင်ဗျ''


အန်တီမြင့်ထွက်သွားပြီးသည့်နောက် ဖေဖေရောက်လာသည်မို့ မေမေနဲ့မလေးလဲ အိမ်ပြန်သွားကြသည်။ နောက် ဖေဖေပါ ကုမ္ပဏီကိုပြန်သွားတာကြောင့် ဆေးရုံတွင် ဂုဏ်နဲ့မကြီးသာကျန်ခဲ့သည်။


သူ သတိရရချင်း အရင်ဆုံးတွေ့ချင်သူက ပူတူးဆိုပေမယ့် အခုချိန်အထိ မတွေ့ရသေး။ ပုံမှန်ဆိုရင် သူဆေးရုံတက်နေတဲ့အချိန် ပူတူးက သူ့အနားရှိနေသင့်တာမဟုတ်ဘူးလား။ အဲ့ဒါထားတော့ သူ့အနားမှာစောင့်မနေနိုင်ဘူးဆိုရင်တောင် ဒီအချိန်လောက်ဆိုရင် သူ့ဆီကိုလာတွေ့သင့်ပြီလို့တော့ ထင်ပါသည်။ 


"မကြီး''

"ဂုဏ်လေး ဘာလိုချင်လို့လဲ''


"ပူတူးက ကျွန်တော်သတိရပြီဆိုတဲ့အကြောင်း မသိဘူးလားဟင်''

"မကြီး ဖုန်းဆက်ပြီးပြောထားပါတယ်''


"ဒါဆို ဘာလို့ အခုချိန်ထိ ကျွန်တော့်ဆီမလာတာလဲ''

"အဲ့ဒါ... အဲ့ဒါက..


"မကြီးတို့ ကျွန်တော့်ကို ဘာတွေလျှို့ဝှက်ထားကြတာလဲ''

"ငါတို့က ဘာကိုလျှို့ဝှက်ရမှာလဲ''


"အဲ့ဒါတော့ မကြီးတို့ပဲ သိမှာပေါ့၊ ကလေးကို ကျွန်တော့အနားမလာနိုင်အောင် မကြီးတို့ ဘာတွေလုပ်ထားကြတာလဲ''

"ဟင်...


"ပုံမှန်အတိုင်းဆိုရင် ပူတူးက ဒီလိုအခြေအနေမျိုးမှာ ကျွန်တော့်နားက ခွာမှာမဟုတ်တာသေချာတယ်၊ ပူတူး တစ်ခုခုဖြစ်နေတာလား ဒါမှမဟုတ်ရင် ပူတူးကို ကျွန်တော့်အနားမလာနိုင်အောင် လုပ်ထားကြတာလား တစ်ခုခုပဲ''


တကယ့်ကို အတွေးအခေါ်ကောင်းလွန်းသည့် ဂုဏ့်ကို အနွယ်လေးစားမိတာအမှန်။ သတိရလာကတည်းက သူ့ကလေးကိုအနားမှာ မတွေ့ရတာကြောင့် သူမတို့အား တရားခံစစ် စစ်​နေ၏။ ဘာမှပြန်ပြီးမလိမ်ညာရဲလောက်အောင် အတိအကျကြီးမေးနေသည့်အပြင် သူမကိုစိုက်ကြည့်နေသည့် အကြည့်တွေကလဲ စူးစူးရှရှ။ ဂုဏ်လေးရဲ့ ထိုအကြည့်တွေကို ရင်ဆိုင်ပြီးမလိမ်တတ်တာကြောင့် အနွယ် မျက်နှာလေးကို ခပ်လွှဲလွှဲလုပ်ကာ....


"သစ်ခက်လေးက စာမေးပွဲရှိနေလို့''

"စာမေးပွဲ?''


"အင်း.. နောက်တစ်ပတ်လောက်ဆိုရင် ပြီးပါပြီ၊ သူ့မှာ စာမေးပွဲကတစ်ဖက် မင်းကိုပြုစုရတာကတစ်ဖက်ဆိုတော့ ပင်ပန်းနေလို့လေ အဲ့ဒါနဲ့ မေမေက သူ့ကိုနှင်းဆီမြိုင်မှာပဲ ပြန်နေခိုင်းပြီး စာမေးပွဲအတွက်အာရုံစိုက်ခိုင်းထားတာ''


မကြီးရဲ့စကားတွေက ယုံကြည်လို့ရပေမယ့် သူ့ကိုမျက်နှာလွှဲပြီးပြောနေတာကို သူ ဘဝင်မကျလှပါ။ ဒါ့ကြောင့်...


"ကျွန်တော် ပူတူးကို ဖုန်းဆက်ကြည့်ရမယ်၊ ကျွန်တော့်ဖုန်းယူပေး မကြီး''

"ဟင်.. မင်းဖုန်း.. မင်းဖုန်းက တော်ဝင်နန်းမှာကျန်ခဲ့တယ်လေ''


"ဒါဆို မကြီးဖုန်းပေး''

"ငါ့.. ငါ့ဖုန်းက battery downနေလို့ အားသွင်းရဦးမှာ''


"မကြီး မဟုတ်တော့ဘူးနော်''


သူမရဲ့အဓိ္ပ္ပါယ်မရှိတဲ့ဆင်ခြေတွေကို ယုံကြည်ပုံမရသည့် ဂုဏ့်ရဲ့အလိုမကျသောအသံကြီးကို အနွယ် လျစ်လျူရှုလိုက်ပြီး ဟိုပစ္စည်းဒီရွှေ့ ဒီပစ္စည်းဟိုရွှေ့ဖြင့် အလုပ်များချင်ယောင်ဆောင်နေလိုက်တော့သည်။


>>>>>>>>>><<<<<<<<<<


ဒီနေ့နဲ့ပါဆိုရင် ဂုဏ် သတိပြန်ရလာတာ သုံးရက်ပင်ရှိပြီ။ ခြေထောက်ကပတ်တီးကလဲ ဖြည်ပြီးသွားပြီမို့ အကူအညီမပါဘဲ လမ်းလျှောက်နိုင်သွားပြီဖြစ်၏။ သို့ပေမယ့် မေမေတို့ရဲ့အစိုးရိမ်လွန်မှုကြောင့် ဆေးရုံက ဆင်းလို့မရဘဲဖြစ်နေရသည်။


သေမင်းနဲ့စစ်ခင်းပြီးမှ ပြန်ရှင်လာရသည့်အပြင် နှစ်ပတ်ကြီးများတောင် သတိမေ့နေခဲ့သည့်အခြေအနေမို့ ဂုဏ် ကိုယ့်အကြောင်း ကိုယ်သိပေမယ့် သူသတိရပြီးကတည်းက ရုပ်မမြင် အသံမကြားရသည့် ပူတူးကြောင့် သူဆေးရုံမှ တစ်စက်ကလေးမှ မနေချင်တော့ပါ။ နောက်ပြီး မကြီးပြောပြတဲ့ ဆင်ခြေတွေကိုလဲ သူ နည်းနည်းမှ မသင်္ကါပါ။ ဒါ့ကြောင့် ခြေထောက်ကပတ်တီးဖြည်ပြီးတာနဲ့ သူ အိိမ်ပြန်ဖို့ဆုံးဖြတ်ကာ လက်ကဆေးပိုက်တွေကိုပါ ဖြုတ်ပစ်လိုက်တော့...


"သား... အဲ့ဒါ ဘာလုပ်တာလဲ''

"ကျွန်တော် အိမ်ပြန်မယ် မေမေ''


"အိမ်ပြန်မယ်? နေပါဦးသားရယ် သားက အိမ်ပြန်လို့ရတဲ့အခြေအနေမှ မဟုတ်တာကို''

"ကျွန်တော် သက်သာနေပါပြီ''


"မဟုတ်ဘူး မင်းမသက်သာသေးတာကို မေမေသိတယ်၊ မနက်ဖြန် သန်ဘက်ခါဆိုရင်ဘဲ ဆေးရုံကဆင်းတော့မှာပဲ သားရယ်၊ တစ်ခါတည်း စိတ်ချသွားရအောင် ခဏလောက် သည်းခံပြီး နေလိုက်ပါဦး''


"ဟုတ်သားပဲ ဂုဏ်လေးရယ်၊ အန်တီမြင့်က နောက်တစ်ရက် နှစ်ရက်လောက်နေရင် ဆင်းလို့ရပြီလို့ပြောထားတာပဲ''


မေမေ့အပြင် မကြီးကပါ ဝင်ပြီးတားနေပေမယ့် သူ လက်ခံဖို့မရှိ။ သူ့စိတ်ထဲမှာ မေမေတို့ဘာပြောပြော ယုံကြည်ခြင်းလဲမရှိပါ။ မယံုဆို ယုံချင်စရာမှ မကောင်းဘဲ။


"နောက်ထပ် တစ်နာရီတောင် မနေနိုင်ဘူး မကြီး၊ ပေးပါ ကျွန်တော့်လက်စွပ်''

"ဘာလက်စွပ်လဲ''


"လက်ထပ်လက်စွပ်''


သတိရရချင်း တောင်းလာမယ်လို့တွေးထားသည့် လက်စွပ်ကို အခု တောင်းလာတာမို့ အနွယ် မေမေ့ကိုပြန်ကြည့်လိုက်တော့ မေမေက ဘယ်လိုလုပ်မလဲဆိုသည့် အကြည့်မျိုးဖြင့် အနွယ့်ကိုကြည့်နေပြန်သည်။


"ကျွန်တော့်လက်စွပ်ပေးပါဆို၊ ဘာလဲ ပူတူး ယူသွားလို့လား''

"မဟုတ်ပါဘူး၊ မေမေ သိမ်းထားတာပါ''


"ဒါဆို ပေးပါ မေမေရာ၊ ပူတူး ကျွန်တော့်ကို လာမတွေ့တာ အကြောင်းတစ်ခုခုရှိမယ်ထင်တယ်၊ အဲ့ဒါ ကျွန်တော် ပူတူးဆီသွားမလို့ ကျွန်တော့်လက်စွပ်ပြန်ပေးပါ''


ဂုဏ် ထပ်ပြီးတောင်းလိုက်မှ မေမေက သက်ပြင်းရှည်ကြီးချကာ ပိုက်ဆံအိတ်ထဲမှ ဘူးတစ်ခုကို ထုတ်ယူလိုက်သည်။ ပြီးတာနဲ့ သူ့ရဲ့လက်ထဲကိုထည့်ပေးရင်း...


"သားတို့ရဲ့လက်စွပ်လေးတွေကို မေမေအစုံလိုက် သိမ်းထားတာ''

"အစုံလိုက်!''


သံယောင်လိုက်ပြောရင်း ဂုဏ် ဘူးလေးကိုဖွင့်ကြည့်လိုက်တော့ သူ့လက်စွပ်နဲ့အတူရှိနေသည့် ပူတူးရဲ့လက်စွပ်လေးကိုပါ သူ အထူးတဆန်းတွေ့ရ၏။ 


"ဘာလို့ ပူတူးလက်စွပ်ကိုပါ သိမ်းထား... ဟာ.. ပူတူး... ပူတူးတစ်ခုခုဖြစ်လို့လား ဟုတ်လား မေမေ၊ သူတစ်ခုခုဖြစ်နေလို့ ကျွန်တော့်ဆီမလာနိုင်တာလား''


"သမီး ဘာမှမဖြစ်ဘူးလို့ မေမေပြောထားတယ်လေကွယ်''

"ဒါဆို ဘာလို့ ကျွန်တော့်ဆီ ပူတူး ရောက်မလာရတာလဲ၊ ပြီးတော့ အခု.. အခု ဒီလက်စွပ်က ဘယ်လိုလုပ်ပြီး....


"သမီးပေးသွားတာ၊ ဒီလက်စွပ်အပြင် တခြား အရာတစ်ခုပါပေးခဲ့သေးတယ်၊ အနွယ် မေမေ့ကို အဲ့ဒီ့ဟာယူပေးဦး''

"ဟုတ် ေမမေ''


သူ နားမလည်တဲ့အကြောင်းအရာတစ်ခုကို အချိတ်အဆက်မိမိ ပြောနေ လုပ်နေကြသည့် မေမေနဲ့ မကြီးကို ဂုဏ် မျက်ခုံးတွန့်ကြည့်လိုက်၏။ 


မကြီးက အခန်းထောင့်က ဗီဒိုထဲမှ ဖိုင်လေးတစ်ခုကိုထုတ်လာပြီး သူ့လက်ထဲကို လာထည့်ပေးရင်း...


"မင်း နေမကောင်းသေးလို့ မမတို့က ဒါတွေကိုမပြောပြခဲ့တာ''


မကြီးရဲ့စကားထက် သူ့စိတ်အာရုံတွေက ထိုဖိုင်လေးဆီမှာပဲ ရောက်နေတာကြောင့် အမြန်ပဲဖွင့်ကြည့်လိုက်တော့...


"ဟင်.. ဒါ.. ဒါက...''

"ဟုတ်တယ် ကွာရှင်းစာချုပ်၊ အဲ့ဒီ့မှာ သမီးက လက်မှတ်ထိုးပေးခဲ့တာ''


ဟုတ်ပါသည်။ ကွာရှင်းပြတ်စဲခြင်းဆိုသည့် ခပ်ရိုင်းရိုင်းခေါင်းစဥ်တပ်ထားသော စာရွက်ရဲ့အောက်ဆုံးမှာ ပူးတူးကဲ့ လက်မှတ်ထင်းထင်းကြီးက သူ့ရင်ကို ဓားပါးပါးလေးနဲ့ ထိုးမွှနေသည့်အတိုင်းပင်။


"မေမေ သမီးကို မေမေ့ရဲ့သမီးအရင်းလေး တစ်ယောက်လိုပဲချစ်တာပါ၊ အရမ်းချစ်လို့လဲ သားအခုလိုဖြစ်ရတာ သမီးကြောင့်ဆိုတာသိလျက်နဲ့ မေမေ မဆူရက်ခဲ့ဘူး အပြစ်လဲ မတင်ရက်ဘူး''

"ေနပါဦး မေမေပြောနေတဲ့ကိစ္စက ဒီစာချုပ်နဲ့ ဘယ်လိုပတ်သတ်လို့လဲ''


"ပတ်သတ်လို့ပေါ့ သားရဲ့၊ သမီးကို မေမေ မဆူရက်ခဲ့ပေမယ့် မေမေ့ရဲ့မသိစိတ်ထဲမှာ သမီးကြောင့် သားအခုလိုဖြစ်ရတာဆိုပြီး အစိုင်အခဲဖြစ်နေခဲ့တယ်ထင်ပါရဲ့ကွယ်''

"ဟင်.. မေမေ.. မေမေ ပူတူးကို ဘာပြောလိုက်လို့လဲ၊ ဘာတွေများပြောလိုက်လို့ ပူတူးက ကွာရှင်းဖို့အထိလုပ်သွားတာလဲ''


ပြူးပြူးပြာပြာနဲ့ မေးလာသည့် ဂုဏ့်ပုံစံက အိန္ဒြေမဲ့စွာ။ ဒီအကြောင်းပြောလိုက်ရင် ဒီလိုပုံစံဖြစ်သွားမယ်ဆိုတာကိုသိပေမယ့် တကယ်တမ်းကျတော့ ဒေါ်ခင်စောသိုက် ဆက်ပြောဖို့လန့်နေမိ၏။


"ကျွန်တော် မေးနေတာ ေဖြပါဦး၊ မေမေ ပူတူးကို ဘာတွေပြောလိုက်လို့...

"ဟင့်အင်း... မေမေ ဘာမှမပြောပါဘူး၊ တကယ်ပါ၊ သားအတွက်စိုးရိမ်တဲ့စိတ်နဲ့ မေမေ သမီးကို တစ်ခုခုပြောမိသွားမှာစိုးလို့ကို အတတ်နိုင်ဆုံး ရှောင်နေခဲ့တာပါ၊ ဒါပေမယ့် သားရဲ့ပူတူးက အရမ်းအကင်းပါးလွန်းတယ်ကွယ်''


ပြောနေရင်းကနေ မျက်နှာအကြီးအကျယ်ပျက်ယွင်းသွားသည့် မေမေက ဆက်မပြောဘဲ ရပ်ပစ်လိုက်တာကြောင့် ဂုဏ် စိတ်မရှည်ဖြစ်သွားကာ မကြီးကို ဆတ်ခနဲလှည့်ကြည့်လိုက်တော့...


"မေမေ ရှောင်နေတာကို ကလေးက ဘယ်လိုထင်သွားလဲမသိပါဘူး ဂုဏ်လေးရယ်၊ မင်းအခုလိုဖြစ်ရတာ အားလုံးသူကြောင့်ပါဆိုပြီး မေမေ့ကိုကန်တော့ပြီးတောင်းပန်သွားတယ်၊ ပြီးတော့ အဲ့ဒီ့လက်စွပ်နဲ့ စာချုပ်ပါပေးသွားတယ်''


"မကြီးတို့က မတားဘူးဘူးဗျာ၊ ပူတူးက တကယ့်ကိုကလေးစိတ်လေး၊ အလိုလိုကမှ ဝမ်းနည်းလွယ်တဲ့ဓာတ်ခံလေးရှိနေတာကို မေမေတို့က ဒီလိုဆက်ဆံလို့ ဘယ်ဖြစ်မလဲ''


"ဟုတ်ပါတယ် သားရယ်၊ မေမေ အရမ်းမှားသွားတယ်၊ အဲ့ဒီ့အချိန်က မေမေလဲ သားစိတ်နဲ့ဆိုတော့ သားအနားကို သမီးလာတိုင်း မေမေ ခပ်တင်းတင်း ခပ်ကင်းကင်းနဲ့ပဲ ဆက်ဆံလိုက်မိတယ်''


"ဒုက္ခပါပဲ မေမေရာ ဘာလို့ ဒီလိုလုပ်ရတာလဲ၊ ကျွန်တော်အခုလိုဖြစ်တယ်ဆိုတာက ကျွန်တော့်အပြစ်နဲ့ ကျွန်တော်လေ၊ ပူတူးနဲ့ ဘာမှမဆိုင်ပါဘူး''


"သား လှေကားကနေပြုတ်ကျသွားတယ်ဆိုတဲ့သတင်းကြားကြားချင်း မေမေစိုးရိမ်ခဲ့ရတာကို သားမှ မသိဘဲ၊ အဲ့ဒီ့စိုးရိမ်မှုကြောင့် မေမေဘယ်လိုမှ ဖြေမရတဲ့အဆုံး အပြစ်တင်လို့ရမယ့်သူတစ်ယောက်ကို ရှာခဲ့မိတယ်ထင်တယ်''

"အဲ့ဒါ ပူတူးပေါ့ ဟုတ်လား မေမေ''


မေမေက မဖြေဘဲ မျက်နှာကိုတစ်ဖက်လွှဲပစ်၏။ မကြီးကတော့ မေမေ့ကိုနားလည်ပေးစေချင်သည့် သဘောသက်ရောက်သော အကြည့်မျိုးဖြင့် သူ့ကိုကြည့်သည်။


"မေမေမသိခဲ့မိတာက သမီးလဲ သားအတွက်စိုးရိမ်နေမယ်ဆိုတာကိုပေါ့၊ သမီးက သား သတိမေ့နေတဲ့တစ်လျှောက်လုံး မေမေခွင့်မပြုတာကို သိလျက်နဲ့ သားအနားမှာ ဝဲလည်လည်လေးလုပ်နေရှာတာ၊ မေမေ သူ့ကို ဒီလောက်ငြူစူပြီး အပြစ်တင်နေတာတောင်မှပဲ၊ နောက် တစ်ပတ်လောက်နေတော့ သားစိတ်နဲ့မေမေပါ အိပ်ရာထဲလဲတဲ့အခြေအနေရောက်သွားတယ်''

"ဟင်...


ထိုအခုမှ သူမကို စိုးရိမ်သည့်မျက်လုံးများဖြင့် ကြည့်လာသည့် သားကို သူမ ပြုံးတယ်ဆိုရုံလေးပြုံးပြလိုက်ပြီး...


"အဲ့ဒီ့နေ့မှာပဲ သမီးက သူ့ရဲ့လက်ထပ်လက်စွပ်နဲ့အတူ မေမေ့ကို ကွာရှင်းစာချုပ်လေးပေးပြီး ထွက်သွားတယ်၊ သူ့ကြောင့် သားအခုလိုဖြစ်ရတာကိုခွင့်လွှတ်ပါလို့လဲ ပြောသွားတယ်''

"မေမေရာ... အဲ့ဒါ ပူတူး စိတ်ထဲကပါလို့ လုပ်သွားတာမဟုတ်ဘူဗျ၊ မေမေတို့ကို သူမျက်နှာပူလွန်းလို့သာ...


"မေမေ သိပါတယ်၊ သားအခုလိုဖြစ်ရတဲ့အတွက် မေမေတို့က သူ့ကို မကြည်ဖြူသလို ဆက်ဆံမိလိုက်လို့ အခုလို အလိုက်တသိရှောင်သွားတာ''

"အခု ကျွန်တော် သတိရနေပြီဆိုတာကို ပူတူး သိရောသိရဲ့လား''


"အဲ့နေ့ကတည်းက မမ ကလေးကိုဖုန်းဆက်ထားပါတယ်၊ စာမေးပွဲရှိနေလို့...


"မဟုတ်ဘူး မကြီး၊ စာမေးပွဲရှိနေတယ်ဆိုရင်တောင် ပူတူးက ကျွန်တော့်ဆီကိုလာမှာပါ၊ ကျစ်.. ကျွန်တော် ပူတူးဆီချက်ချင်းလိုက်သွားမှဖြစ်မယ်''


ထိုသို့ပြောပြီး ဆတ်ခနဲထရပ်လိုက်သည့် ဂုဏ့်ကို ဘယ်သူမှ မတားရဲ။ စားပွဲပေါ်က ကားသော့ကိုကောက်ယူပြီး အခန်းထဲကထွက်သွားတော့လဲ ဒီအတိုင်းရပ်ကြည့်နေရပြန်၏။ သို့ပေမယ့် လှုပ်လှုပ်ရှားရှားလုပ်လိုက်တာမို့ ခေါင်းကပတ်တီးရဲ့ နဖူးစွန်းတွင်သွေးပြန်စို့လာတာကိုမြင်လိုက်ရ၍...


"အနွယ် သမီးမောင်လေးနဲ့ လိုက်သွားစမ်း''

"ဟုတ် မေမေ''


အနွယ် ချက်ချင်းနောက်ကလိုက်သွားပေမယ့် ဂုဏ်လေးရဲ့အရိပ်တောင် မမြင်လိုက်ရပေ။ ဘယ်လောက်တောင် စိတ်တွေလောပြီး ဘယ်လိုခြေလှမ်းတွေနဲ့များ သွားလိုက်သလဲမသိတော့ပါ။ 


>>>>>>>>>><<<<<<<<<<


အားပေးတဲ့ အသဲတွေအားလုံးကို ကျေးဇူးတင်ပါတယ်😘😘


အမှားပါသွားရင် ချစ်တဲ့စိတ်နဲ့ ဝေဖန်ပေးပါ☺☺


အပိုင်း (၄၄)မျှော်


စာရေးသူ-Merida(Tulip)


rate now: