🎗🎗 နှောင်ကြိုး 🎗🎗
~~~~~~~~~~
ဟိုနေ့က သူ ဒေါသအလျောက် သူမလေးကို ပြုမူမိလိုက်သည့်နောက် သူမလေးထံမှ လျစ်လျူရှုမှုကို တစ်ဝကြီးခံစားနေရ၏။
သူခေါ်မှထူး သူမေးမှသာဖြေသည့် အနေအထားနဲ့ ေနရတာကလဲ တစ်ပတ်တောင်ကျော်နေပါပြီ။
သူစိမ်းတွေလို စကားမပြော ဘာမပြောဘဲနဲ့ ခပ်စိမ်းစိမ်းနေနိုင်လွန်းအားကြီးတဲ့ သူမက အချိန်မရှိလိုက်နဲ့ အချိန်ရှိတာနဲ့ သူမမိခင်ဆီသာ ပြေးသွားတတ်တာမို့ သူ့မှာချော့ဖို့အခွင့်အရေးလဲ မရပါ။
အခုလဲကြည့်။ တစ်နေကုန်''နှင်းဆီမြိုင်''မှာပဲ သွားနေနေတာမို့ သူလိုက်ခေါ်ထားတော့လဲ သူအနားမှာမနေဘဲ ခြံထဲကအပင်တွေနဲ့သာ အလုပ်ရှုပ်နေပြန်သည်။
မခေါ် မပြောဘဲနေနိုင်လွန်းအားကြီးတဲ့သူမကို မနေနိုင်တဲ့သူကပဲ အလျော့ပေးလိုက်ဖို့တွေးကာ...
"ကိုယ့်ကို ဘယ်လောက်အထိ စကားမပြောဘဲ နေဖို့တွေးထားလဲ ပူတူး''
ချော့မယ်လို့တွေးပြီးပြောလိုက်သည့် စကားက ရန်စနေသကဲ့သို့။ သို့ပေမယ့် သူ့ကိုတစ်ချက်သာမော့ကြည့်ပြီး လုပ်လက်စတွေကိုဆက်လုပ်နေသည့် သူမလေးကတော့ သူ့စကားကို ဘယ်လိုတုံ့ပြန်မှုမှမပေးပါ။
"ပူတူး ကိုယ်မေးနေတာကို မကြားဘူးလား''
"ကြားပါတယ်''
"ကြားရင် တစ်ခုခုပြန်ပြောလေ၊ မင်း စိတ်ပြေအောင် ကိုယ် ဘယ်လောက်အထိ သည်းခံပြီးစောင့်နေရဦးမှာလဲ''
"ခက်က ကိုကို့ကို ဘာပြောနေလို့လဲ၊ ခက်ဟာခက် နေတတ်သလို နေနေတာပဲကို''
"ဘာကို နေတတ်သလိုနေတာလဲ၊ ဟိုနေ့ညက ကိစ္စနဲ့ပတ်သတ်ပြီး မင်း ကိုယ့်ကို စိတ်ဆိုးနေတာကို ကိုယ်သိတယ်''
သူ့ကို မခေါ်ချင်သလိုလို မပြောချင်သလိုလို လုပ်နေတာမို့ ဂုဏ် စိတ်မရှည်ဖြစ်လာကာ ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်တော့ ပူတူးက မြေဆွနေတဲ့ခက်ရင်းခွလေးကို ပန်းအိုးထဲစိုက်ကာ သူ့ကိုမော့ကြည့်၏။
"အဲ့ဒီ့နေ့က ကိုယ်အရမ်းစိတ်တိုနေလို့ မင်းမကြိုက်တာကို ကိုယ်လုပ်ခဲ့မိတယ်၊ ဟုတ်တယ် အဲ့ဒီ့အတွက်ကိုယ်မှားတယ်၊ ဒါပေမယ့် ဒီလောက်အကြာကြီး မခေါ်နိုင် မပြောနိုင်လောက်အောင်တော့မဟုတ်ဘူးထင်တယ်၊ ကိုယ်က သူများရဲ့ သမီးပျိုကို မတရားအဓမ္မကျင့်နေတာလဲ မဟုတ်ဘူး၊ ဘာပဲဖြစ်ဖြစ် မင်းက ကိုယ် တရားဝင်လက်ထပ်ထားတဲ့ ကိုယ့်ဇနီးလေ''
"အဲ့ဒီ့အတွက် ခက်ကို ကိုကိုက ကိုကိုပိုင်တဲ့ပစ္စည်းတစ်ခုလို သတ်မှတ်လိုက်တယ်ပေါ့၊ ခက်က ကိုကို့အတွက်ဘာလဲ၊ ကိုကိုဆန္ဒရှိတဲ့အခါ ခက် ဆန္ဒပါပါ မပါပါ ကိုကို့အလိုကျဖြည့်ဆည်းပေးရမယ့် မိန်းမလားကိုကို၊ ဒါဆို ခက်က ငွေပေးပြီးဆက်ဆံလို့ရတဲ့မိန်းမတွေ ဘာကွာသေးလဲ''
ဒီအကြောင်းတွေကို မပြောတော့ဘူးလို့ တွေးထားပေမယ့် ပြန်ပြန်ပြီးအစဖော်နေသည့်သူ့ကြောင့် ခက် အခဲမကျေသလိုပြောမိ၏။
"ပူတူး...
သူ့ကို ရန်လိုနေသည့် အကြည့်စူးစူးလေးတွေနဲ့ အပြစ်တင်လိုသော စကားတွေကြောင့် သူ ဆွံ့အသွားရသည်။ သူ့ကို စိတ်ဆိုးနေမှန်းသိပေမယ့် ဒီလောက်အထိ ပြင်းထန်မယ်လို့ ထင်မထားခဲ့ပါ။
"ကိုကိုနဲ့ ခက် နှစ်ဦးသဘောတူ လက်မှတ်ထိုးခဲ့တဲ့ လက်ထပ်စာချုပ်ကြောင့် ခက်တို့ တရားဝင်အကြင်လင်မယားဖြစ်သွားကြတယ်၊ ဟုတ်တယ် အဲ့ဒီ့အတွက် ခက်ကို ကိုကို ဆန္ဒရှိသလို ကျူးလွန်ခွင့်အပြည့်အဝရှိတယ်၊ ဒါလဲ ခက် နားလည်တယ်၊ ဒါပေမယ့် ကိုကို ခက်ကို ချစ်တယ်လို့ပြောခဲ့တယ်မလား၊ အဲ့ဒီ့အချစ်က ခက်ရဲ့ဆန္ဒကို နားလည်ပေးရမယ်လေ၊ အခု ကိုကို့မှာ ခက်အတွက်အချစ်ဆိုတာမရှိဘူး၊ ကိုကို့ရဲ့အတ္တတစ်ခုတည်းနဲ့ ကိုကိုလုပ်ချင်ရာ လုပ်သွားတာ၊ ကိုကို ခက်ကို မချစ်ဘူး''
"ကိုယ် မင်းကို ချစ်တယ် မချစ်ဘူးဆိုတာကို ငြင်းခုံနေရလောက်အောင် ကိုယ့်အချစ်တွေက ဒီလောက် အပေါစားမဆန်ဘူး ပူတူး၊ ဒါကို ကိုယ့်ထက် မင်းကပိုပြီးသိမှာပါ၊ မင်းပြောသလို ကိုယ့်အတ္တတွေကြောင့် မင်းအပေါ်မှာကျူးလွန်ခဲ့တယ်ဆိုရင်တောင် အဲ့ဒါ မင်းကိုချစ်တဲ့စိတ်ကြောင့် ဖြစ်လာတဲ့အတ္တပဲဖြစ်မယ်ဆိုတာ သေချာတယ်''
ခက်ကို ကြည့်ရင်းပြောနေသည့် ကိုကို့ရဲ့မျက်နှာမှာ ဝမ်းနည်းနေသည့် အရိပ်အယောင်လေးတွေကို မြင်နေရသည်။ အခုချိန်မှာ ခက်က စိတ်ဆိုးနေတဲ့သူပါ ကိုကို့ကို မုန်းနေတဲ့သူမှမဟုတ်တာ။ ဒါ့ကြောင့် ကိုကိုဝမ်းနည်းနေတဲ့ပုံစံကို မမြင်လိုပါ။
"ဘာပဲဖြစ်ဖြစ်ပါ ဖြစ်ခဲ့သမျှ အားလုံးအတွက် ကိုယ်တောင်းပန်တယ်၊ ကိုယ့်ကို ခွင့်လွှတ်ပေးပါ၊ မင်းက ကိုယ့်ကို မခေါ် မပြောဘဲနေနိုင်ပေမယ့် ကိုယ်ကတော့ မင်းမျက်နှာမှမမြင်ရရင် မင်းအသံမှမကြားရရင် သေချင်စိတ်ပေါက်နေတဲ့ကောင်ပါ၊ ဒါကို မင်းလဲ သိပါတယ်၊ အဲ့ဒါကြောင့် ကိုယ့်ကို ခွင့်လွှတ်ပေးပါကွာ''
"ခက် ကိုကို့ကို စိတ်မဆိုးပါဘူး''
မြေဆွတဲ့ခက်ရင်းလေးကို ပြန်ကိုင်ရင်း ခက်ပြောလိုက်တော့ ကိုကိုက သူမဘေးကို ခြေဖျားထောက်ထိုင်ကာ...
"စိတ်မဆိုးဘူးဆိုရင် ကိုယ်နဲ့အရင်လိုပဲ ပြန်နေရမှာပေါ့''
"မေမေ နေမကောင်းသေးဘူး ကိုကို''
"ကိုယ်သိတယ်၊ အဲ့ဒီ့အတွက် မင်း အန်တီ့ကိုအချိန်ပေးနေရတယ်ဆိုတာ ကိုယ်နားလည်တယ်၊ ဒါပေမယ့် အဲ့ဒါ 24hourမှမဟုတ်တာ၊ ကိုယ့်အနားမှာနေတဲ့ တစ်မိနစ် တစ်စက္ကန့်ပဲဖြစ်ဖြစ်ကွာ ကိုယ့်ကို အရင်အတိုင်းပဲဆက်ဆံပေးလို့မရဘူးလား''
"ခက် ဟန်ဆောင်ပြီးမနေချင်ဘူး၊ ကိုကို့ကို ခက်စိတ်မဆိုးဘူးလို့ ပြောပြီးပြီပဲ၊ ခက် စိတ်ထဲရှိတဲ့အတိုင်းပဲ နေလို့မရဘူးလား''
စိတ်မဆိုးဘူးပြောနေသည့် သူမရဲ့စကားတွေက စိတ်ဆိုးနေမှန်းသိသာသည်။ ဆက်ပြောနေရင်လဲ ဒီစကားနဲ့ပဲ မူးချာလည်နေတော့မှာမို့ ဂုဏ် ဒီစကားကို ဒီမှာပဲရပ်ဖို့တွေးကာ...
"ရပါတယ်၊ မင်း စိတ်ချမ်းသာဖို့ပဲ ကိုယ်ကမျှော်လင့်တာပါ၊ ဒီလို ကိုယ့်ကို မခေါ်မပြောဘဲနေရမှ မင်းစိတ်ချမ်းသာမယ်ဆိုရင် မင်းဆန္ဒရှိတဲ့အတိုင်းပဲလုပ်ပါ ကိုယ် နားလည်တယ်''
ခက့်ကို အရွဲ့တိုက်သလိုပြောကာ ထိုင်နေရာမှ ဖျတ်ခနဲထရပ်လိုက်သည့် ကိုကို့ကို ခက် မော့ကြည့်လိုက်သည်။ လက်တစ်ဖက်ကို ဘောင်းဘီအိတ်ထောင်ထဲထည့်ကာ ခက်ကို စီးမိုးကြည့်နေသည့် ကိုကို့က နှုတ်ခမ်းတစ်ဖက်တွန့်ရုံသာပြုံးထားသည့် မဲ့ပြုံးလေးဖြင့်..
"မနက်ဖြန်ညကျရင် ကိုယ် birthday partyတစ်ခုသွားစရာရှိတယ်၊ အဲ့ဒီ့ပွဲကို ကိုယ်နဲ့စီးပွားရေးအရ ပတ်သတ်ဆက်နွယ်နေတဲ့လူတွေလဲလာကြလိမ့်မယ်၊ တော်တော်များများကတော့ ကိုယ်တို့ပွဲတုန်းက မင်းကိုမြင်ဖူးပေမယ့် မမြင်ဖူးသေးတဲ့သူတစ်ချို့လဲပါတယ်၊ အဲ့ဒါကြောင့် မင်းကို သူတို့နဲ့မိတ်ဆက်ပေးချင်လို့ အဲ့ဒီ့ပွဲကို ကိုယ်နဲ့အတူ လိုက်ခဲ့စေချင်တယ်''
"ခက့်ကို သူတို့နဲ့ မိတ်ဆက်ပေးဖို့ လိုလို့လား''
"လိုတာပေါ့၊ ကိုယ့်မှာမင်းရှိပြီးသားဆိုတာ သိထားကြမှ မျက်နှာပူစရာတွေရှိမလာမှာ''
ကိုကို့စကားကို ခက် နားမလည်တာကြောင့် မျက်ခုံးတစ်စုံတွန့်လိုက်တာကို အကင်းပါးလွန်းသည့်ကိုကိုက မြင်ဖြစ်အောင်မြင်သွားပြီး ခပ်ထေ့ထေ့လေးပြုံးကာ...
"စီးပွားရေးလောကမှာက ပစ္စည်းအပြင် လူကိုပါသိမ်းနိုင်ဖို့ ကြံနေတဲ့သူတွေအများကြီးဗျ''
"ဟင်...
"အံ့ဩသွားလား၊ နောက်ထပ်အံ့ဩစရာတစ်ခုက မင်းတန်ဖိုးမထားတဲ့ မင်းယောက်ျားကို တန်ဖိုးထားချင်နေကြတဲ့သူတွေ အများကြီးရှိနေတာလေ''
"ဪ...
သူ့စကားကို 'ဪ'ဆိုတဲ့တစ်ခွန်းနဲ့သာ ဖြတ်ချပစ်လိုက်သည့် သူမရဲ့ပုံစံက အေးဆေးစွာပင်။ ဒါပေမယ့် အရောင်ဖျော့သွားသည့် သူမရဲ့မျက်ဝန်းလေးတွေကတော့ သူမရဲ့သိမ်ငယ်မှုကို ဖော်ပြနေသည်။ ဒါကို ဂုဏ်လဲ ေတွ့လိုက်သည်။ ဒါ့ကြောင့်..
"အဲ့ဒါ မင်း ကိုယ်နဲ့လိုက်ပြီး ကိုယ့်မှာပိုင်ရှင်ရှိတယ်ဆိုတဲ့အကြောင်းကို အသိပေးရမယ်''
"ဟင့်အင်း.. ခက် အဲ့လိုပွဲတွေ မသွားချင်ဘူး''
"မသွားချင်လို့မရဘူး၊ ကိုယ်က လိုအပ်လို့ခေါ်တာ၊ မင်းပြောတော့ ကိုယ့်ကိုစိတ်မဆိုးဘူးဆို၊ တကယ် စိတ်မဆိုးရင် ကိုယ်နဲ့အတူ ဒီပွဲကိုလိုက်ခဲ့ရမယ်၊ မနက်ဖြန် ညနေ၅နာရီနော် ပူတူး''
အမိန့်ပေးတာလား တောင်းဆိုတာလား ဝေခွဲမရသည့် ကိုကို့ရဲ့စကားတွေမှာ အကြပ်ကိုင်မှုတွေပါနေတာတော့ သေချာ၏။ ခက်ဆီက အဖြေကိုတောင် မစောင့်ဘဲ ပြောပြီးတာနဲ့ အိမ်ကြီးဆီပြန်လျှောက်သွားသည့် ကိုကို့ကို ခက် အမြင်လဲကပ်မိပါသည်။
"ဒီလောက်ပြောနေတာကို နားမလည်ဘူး ဟွန့်၊ အမြဲတမ်း သူဖြစ်ချင်တာပဲ ဦးစားပေးတဲ့ တစ်ကိုယ်ကောင်းသမား''
>>>>>>>>>><<<<<<<<<<
"မိခက်''
"မမကြီး''
မေမေ့အိမ်ကလေးဆီ သွားနေသည့် ခက်ရဲ့ရှေ့ကနေ ပေါ်လာသည့် မမကြီးကြောင့် ခက် ရပ်ပေးလိုက်သည်။
"အချိန်ရလား ငါ နင်နဲ့စကားပြောချင်လို့''
"ဟိုလေ.. ဒီအချိန်ဆို ဆရာမက ပြန်သွားပြီဆိုတော့ ခက် မေမေ့ကိုဆေးတိုက်ရဦးမှာ''
မေမေ နေမကောင်းဘူးဆိုတာကို သိသိချင်း ေဖဖေက မြန်မာပြည်ကို ချက်ချင်းပြန်လာခဲ့ပေမယ့် မေမေ့ကို ဆေးရုံတက်ပြီး စနစ်တကျဆေးကုသခံဖို့ကို ေမမေ့အပြင် ဖေဖေကပါ လက်မခံခဲ့ပါ။ ေဖဖေရဲ့ အကြောင်းပြချက်ကတော့ မေမေစိတ်ညစ်မှာစိုးလို့ပါတဲ့။
ဒါ့ကြောင့် မေမေ့ကိုပြုစုဖို့က ခက်ရဲ့တာဝန်ဖြစ်လာ၏။ သို့ပေမယ့် ခက်က စားမေးပွဲနီးနေလို့ ကျောင်းကိုသွားနေရတော့ ကျောင်းဆင်းမှသာမေမေ့ဆီလာဖြစ်သည်။ ဒီကြားထဲ အချိန်တွေ မေမေ့ကိုပြုစုပေးဖို့ဆိုပြီး ကိုကိုက သူနာပြုတစ်ယောက်ငှားပေးထားတာကြောင့် အဆင်ပြေတယ်လို့ပဲပြောရမည်။
အခုက ခက် ကျောင်းဆင်းချိန်ဆိုတော့ ဆရာမလဲ ပြန်လောက်ပြီမို့ ခက် မမကြီးကို ဒီလိုပြောလိုက်တော့...
"အန်တီထားအနားမှာ ဒယ်ဒီရှိပါတယ်၊ ငါလဲ သိပ်အကြာကြီး မပြောပါဘူး၊ ၁၀မိနစ်လောက်ဆိုရတယ်''
"ဟုတ် မမကြီး၊ ခက်ကို ဘာပြောချင်လို့လဲဟင်''
"ငါ ကနေဒါကိုပြန်တော့မလို့''
"ပြန်တော့မလို့''
ကနေဒါကို ပြန်တော့မလို့ဆိုတဲ့စကားက နည်းနည်းတော့ ထူးဆန်းနေသည်။ ပြန်တယ်ဆိုတာက အခြေတကျနေတဲ့နေရာကိုပဲ ရည်ညွှန်းတဲ့စကားမဟုတ်လား။ ခက် ထိုစကားကို တွေးတောနေရင်းမှ မမကြီး ဟိုမှာ အလုပ်လျှောက်ထားသည့်ကိစ္စကို သတိရကာ..
"ဪ... မမကြီး ဟိုမှာ အလုပ်ရသွားပြီလား''
"အွန်း.. ဟုတ်တယ် ငါ အလုပ်ရသွားပြီ၊ ဒါပေမယ့် ကနေဒါကို သွားတာက အလုပ်ကိစ္စကြောင့်ပဲ မဟုတ်ဘူး၊ ငါ ဟိုမှာပဲ အပြီးနေတော့မှာ''
"ရှင်...
"မာမီနဲ့ငါ ဟိုမှာပဲ အပြီးနေတော့မလို့''
"သခင်မကြီးရော?၊ ဒါဆို.. ဒါဆို ဖေဖေကျတော့ ဘယ်လိုလုပ်မလဲ မမကြီးရဲ့''
"နင်တို့ သားအမိရှိတာပဲ''
ဲဒီစကားကို အလွယ်တကူပဲပြောလိုက်သည့် မမကြီးရဲ့ပုံစံက ရွဲ့တဲ့ပုံတော့မရှိပါ။
"ဒီနေ့ ဒီအချိန်အထိ မာမီ့အတွက်ဆိုပြီး ဒယ်ဒီက တစ်ခါမှ တွေးမပေးခဲ့ဖူးသလို အချိန်လဲမပေးခဲ့ဘူး၊ မာမီ့မှာ ဘယ်လိုကိစ္စတွေပဲရှိနေ ရှိနေ ဒယ်ဒီက သူ့အလုပ်ကိုပဲ ဦးစားပေးပြီး သူ့အလုပ်ကိုပဲ အချိန်ပေးခဲ့တာ၊ ဒါပေမယ့် ဟိုနေ့က အန်တီထားနေမကောင်းဘူးဆိုတော့ အဟွင်း.. ချက်ချင်းကိုပြန်လာတယ်လေ''
"......''
"အဲ့ကတည်းက နင်တို့သားအမိကို ဒယ်ဒီဘယ်လောက်တန်ဖိုးထားလဲဆိုတာ ငါသိလိုက်တယ်၊ ပြီးတော့ မာမီကလဲ ဒယ်ဒီ့ကို တော်တော်လေး အံ့ဩသွားတယ်ထင်တယ်၊ အခုငါ ကနေဒါမှာ အလုပ်ရတော့ သူပါ တစ်ခါတည်းလိုက်ခဲ့တော့မယ်တဲ့၊ နင်တို့သားအမိနိုင်ပါတယ်''
"ခက်တို့မှာ နိုင်လိုစိတ်မရှိပါဘူး မမကြီးရယ်''
"ငါ့မှာတော့ ရှိတယ်၊ ငါ့ဘဝတစ်လျှောက်လုံး နင်တို့သားအမိကို နိုင်ချင်တဲ့စိတ်နဲ့နေလာခဲ့တာ''
ပွင့်လင်းတယ်ဆိုတာထက် ရက်စက်စွာပြောထွက်ရက်သည့် မမကြီးကို ခက် ထူးဆန်းသလိုလေးငေးကြည့်မိ၏။
"နင့်ကိုမုန်းတဲ့စိတ်တွေလဲ ငါ့ခန္ဓာကိုယ်ထဲမှာအပြည့်ပဲ၊ နင်သာလူ့လောကထဲရောက်မလာခဲ့ရင် ငါတို့မိသားစုလေးက ပျော်စရာလေးဖြစ်နေခဲ့မှာ''
ခက်ကို အလိုမရှိမှန်းသိပေမယ့် ဒီလောက်အထိ မလိုလားမှန်း မသိခဲ့တာပါ။ ခက့်ရဲ့မျက်နှာကို တည့်တည့်ကြီးကြည့်ပြီး အားမနာတမ်းပြောနေတာကြောင့် ဝမ်းနည်းစွာဝဲတက်လာသည့်မျက်ရည်တွေကို ခက် မျက်လွှာလေးချပြီး ဖုံးကွယ်ပစ်ဖို့ကြိုးစားလိုက်၏။
"ပထမအကြိမ် ငါ့ဆီကနေ ဒယ်ဒီ့ကိုလုယူခဲ့တယ်၊ နောက် ဒုတိယအကြိမ်က ဂုဏ့်ကို၊ ဒီလူနှစ်ယောက်ရဲ့အချစ်တွေကို စုပုံရခဲ့တဲ့နင့်ကို ငါတကယ်မနာလိုဘူး''
"မမကြီးကျေနပ်အောင် ခက် ဘာပြန်လုပ်ပေးရမလဲဟင်''
"နင်က ဘာလုပ်ပေးနိုင်လို့လဲ''
"မမကြီးဖြစ်စေချင်တာခိုင်းပါ''
"အဟွင်း.. ငါဖြစ်စေချင်တာလား? ဟုတ်ပြီလေ ငါဖြစ်စေချင်တာဆိုရင် နင်ဂုဏ့်ကိုကွာရှင်းပေးမလား?''
"ရှင်...
အတည်ပေါက်ကြီး တောင်းဆိုလိုက်သည့်အရာက ကိုကိုနဲ့ကွာရှင်းဖို့တဲ့လား။ ခက် လုံးဝထင်မှတ်မထားတဲ့အရာမို့ မျက်လုံးလေးပြူးကျယ်သွားပြီး မမကြီးကို ပါးစပ်အဟောင်းသားဖြင့် ကြည့်လိုက်တော့...
"မပေးနိုင်ဘူးမဟုတ်လား ဒီလိုဖြစ်မယ်ဆိုတာသိသားပဲ''
"မဟုတ်ပါဘူး မမကြီးသာ ဒီလိုတကယ်ဖြစ်စေချင်ရင် ခက်... ခက်လေ.. ကိုကိုနဲ့ကွာရှင်းပေး...
"တော်ပါပြီ တော်ပါပြီဒေါ်နွေသစ်ခက်ရယ်၊ ကျွန်မက ဒီအတိုင်းပဲပြောလိုက်တာပါ၊ စကားအဖြစ်နဲ့ကွာရှင်းပေးဖို့တောင် ဒီလောက်ခက်ခဲနေတာကို ကျွန်မက ဘယ်လိုစိတ်မျိုးနဲ့ နင်တို့နှစ်ယောက်ကို ခွဲရက်ပါ့မလဲ''
"မမကြီး....
နှင်းစက်ကို တကယ်လားဆိုသည့် မျက်ရည်လေးတွေဝဲတက်နေသော မျက်ဝန်းတစ်စုံဖြင့် ကြည့်လာတာကြောင့် သူမ အပြုံးယဲ့ယဲ့လေးတစ်ပွင့်ဖန်ဆင်းလိုက်ကာ...
"ငါလဲ အေးချမ်းချင်ေနပြီ သစ်ခက်ရယ်၊ ပြီးခဲ့တဲ့သက်တမ်းတစ်လျှောက်လုံး နင့်ကိုမနာလိုတဲ့စိတ်တွေ၊ နင့်ကိုမုန်းတီးတဲ့စိတ်တွေနဲ့နေလာခဲ့ရတာ ငါအရမ်းပင်ပန်းနေပြီ၊ တစ်ယောက်တည်းပြိုင်ပြီးပြေးနေရတာလဲ ကိုယ့်ကိုကိုယ်တောင် သနားလာတယ်၊ ဒီနေ့ကစပြီး ငါ အတင်းဖမ်းဆုပ်ထားတဲ့အပူတွေကို လွှတ်ချပစ်လိုက်ဖို့ တွေးထားတယ်''
"မမကြီးရယ်''
"နင့်ကိုလဲ တကယ်တောင်းပန်ပါတယ်၊ အကြီးမပီသခဲ့တဲ့ ငါ့ကို နားလည်ပေးပါဟာ''
"ဟင့်အင်း တောင်းပန်ဖို့မလိုပါဘူး၊ ခက် မမကြီးကို တစ်ခါလေးတောင်မှ အပြစ်မြင်ခဲ့တာမရှိပါဘူး''
"နင်အဲ့လောက်ဖြူစင်လွန်းနေလို့ကို ငါက ကိုယ့်ကိုကိုယ် သိမ်ငယ်မိတာ၊ ဒါပေမယ့် စိတ်ချပါ ဒီနေ့ ဒီအချိန်ကစပြီး ငါ အကြီးပီသစေရပါမယ်၊ ဘာပဲပြောပြော ငါတို့က ညီအစ်မတွေပဲမဟုတ်ဘူးလား၊ ရှိခဲ့သမျှအဖုအထစ်တွေအားလုံးကို သင်ပုန်းချေနိုင်တဲ့တစ်နေ့တော့ ငါတို့လဲ သာမန်ညီအစ်မတွေလိုပဲ နေသွားကြတာပေါ့''
ရင်ထဲမှာလဲ တကယ် ဘာအငြိုးအတေးမှမရှိတာမို့ ခက် လှိုက်လှိုက်လှဲလှဲပြုံးလိုက်ကာ...
"ခက်နဲ့မမကြီးကြားထဲက ဆက်ဆံရေးကို အမြဲတမ်းချောမွေ့စေချင်ခဲ့တာပါ၊ ဒါ့ကြောင့် ခက်ဘက်ကတော့ ဘာအဖုအထစ်မှမထားခဲ့ပါဘူး''
"ကျေးဇူးပါ ကျေးဇူးပါကလေးရယ်၊ မမကို နားလည်ခွင့်လွှတ်ပေးလို့ တကယ်ကျေးဇူးပါ''
ပိုင်ဆိုင်လိုစိတ်နဲ့ အတင်းဖမ်းဆုပ်ထားတဲ့အရာတွေဟာ ကိုယ့်ကိုပူလောင်စေတဲ့အရာတွေဖြစ်နေတတ်တယ်တဲ့။ ဟုတ်ပါတယ် နှင်းစက် အခု ထိုအရာတွေကိုလွှတ်ချနိုင်လိုက်တဲ့ခဏ ရင်ထဲမှာရှင်းသွားကာ စိတ်ထဲမှာလင်းသွား၏။ နောက်ပြီး အေးချမ်းမှုလေးတစ်ခုပါ အပိုလက်ဆောင်ရခဲ့သည်။
"မမကြီးက ဘယ်တော့သွားမှာလဲဟင်''
"သန်ဘက်ခါ''
"ဟင်.. အဲ့လောက်မြန်မြန်ကြီးလား''
"အင်း.. သွားဖို့်ပြင်နေတာကြာပါပြီ၊ အခုတော့ တကယ်သွားဖြစ်တော့မှာပေါ့''
"ခက်ကြောင့် မမကြီးအခုလိုထွက်သွားတာတော့ မဟုတ်ပါဘူးနော်''
"မဟုတ်ပါဘူး၊ မမရဲ့ဘဝအတွက်သွားတာပါ''
"မကြာမကြာပြန်လာခဲ့ပါနော်''
"ဖုန်းနဲ့တော့ အဆက်အသွယ်လုပ်ပါ့မယ်''
ပြန်လာဖို့အတွေးမရှိတာ သေချာနေတာမို့ ခက် သက်ပြင်းလေးရှိုက်လိုက်စဥ် ကိုကို့ကိုသတိရသွားကာ...
"မမကြီး အဲ့ဒီ့ကိုသွားမှာ ကိုကိုသိရဲ့လားဟင်၊ ကိုကို့ကိုတော့ နှုတ်ဆက်သွားပါဦးနော်''
"အင်း... နှုတ်ဆက်ဖို့တော့တွေးထားပါတယ်၊ ဒါပေမယ့် ဂုဏ်က မမကိုမတွေ့မခံဘူး''
"အတွေ့မခံဘူး?''
"သစ်ခက်လက်ကဒဏ်ရာက မမကြောင့်ဆိုတာသိသွားပြီးကတည်းက သူအရမ်းစိတ်ဆိုးသွားတာ''
"ဟင်..
"မမ ဘယ်လောက်ကြိုးစား ကြိုစား သူကလုံးဝကိုအတွေ့မခံတာ၊ အဲ့ဒါကြောင့် မမလဲ.. အဟွင်း..
ဆက်မပြောတော့ဘဲ ရယ်ကျဲကျဲလေးဖြင့်သာ စကားဖြတ်ပစ်လိုက်တာမို့ ခက်လဲ ဘာပြောရမှန်းပင်မသိတော့။ ကိုကိုက အရမ်းဆိုးတာပဲ။ မမကြီးက သူ့ကိုဘယ်လောက်သံယောဇဥ်ရှိတယ်ဆိုတာကို သိပါလျက်နဲ့ အရမ်းကို အနိုင်ယူလွန်းအားကြီးတယ်။
"ဒါနဲ့ ဒီညနေ ဂုဏ်ပါတီတစ်ခုသွားမယ်ထင်တယ်''
"ဟုတ်တယ် မမကြီး၊ သူ့မိတ်ဆွေတစ်ယောက်ရဲ့ မွေးနေ့တဲ့''
"ဪ... ဒါဆို သစ်ခက့်ကိုခေါ်မှာပေါ့''
"မနက်ကတော့ ညနေသူနဲ့လိုက်ခဲ့ဖို့ပြောထားတယ်''
"ဟင်.. ဟုတ်လား''
မမကြီးရဲ့အမေးကို ခက် ခေါင်းလေးငြိမ့်ပြီးသာဖြေလိုက်၏။ ထို့နောက် မမကြီးက တစ်ခုခုကို တွေးတွေးဆဆလေးစဥ်းစားနေရာမှ ခက်ကို ဖျတ်ခနဲကြည့်ကာ...
"မမတစ်ခုလောက်တောင်းဆိုလို့ရမလား''
"ဘာများလဲဟင်''
"တခြားတော့မဟုတ်ပါဘူး၊ ဒီနေ့ပါတီပွဲကိုလေ သစ်ခက့်အစား မမ သွားလိုက်လို့ရမလား''
"မမကသွားချင်လို့လား''
"အင်း.. ဒီနေ့ပွဲမှာဖြစ်ဖြစ် မမ ဂုဏ့်ကို သေချာတောင်းပန်ရင်း နှုတ်ဆက်သွားချင်လို့၊ ပွဲထဲမှာဆိုတော့ သူလဲအရမ်းပြင်းပြင်းထန်ထန်ကြီးငြင်းထုတ်မှာ မဟုတ်လောက်ဘူးလားလို့ပါ၊ နောက်ပြီး မမ သူ့ဆီက ခွင့်လွှတ်မှုမရလိုက်ဘဲ ထွက်သွားရမှာ စိတ်မအေးနိုင်လို့ပါ''
တကယ်လဲ စိတ်ထဲမှာ ဘယ်လိုမှမအေးတာပါ။ ဒီလိုပြောလိုက်လို့ နှင်းစက်ဟာ ဂုဏ့်ဆီကနေ တစ်စုံတစ်ရာမျှော်လင့်နေပါတယ်လို့ ပြောလာရင် ဟုတ်ပါတယ် နှင်းစက် မျှော်လင့်နေတဲ့အရာရှိတယ်။ အဲ့ဒါဟာ ဂုဏ့်ရဲ့အချစ်လား? မဟုတ်ပါဘူး။ ဒါဆို ဂရုစိုက်မှုလား? ဒါလဲမဟုတ်သေးဘူး။
ဂုဏ့်ဆိီက နှင်းစက်လိုချင်တဲ့အရာက အရင်လို ဖြူစင်စွာခင်မင်ခဲ့တဲ့ သံယောဇဥ်လေးပါပဲ။ ဖြစ်နိုင်မယ် ဆိုရင်ပေါ့လေ။
"မမကြီး အဆင်ပြေသလိုလုပ်ပါ၊ ခက်က မမကြီးဖြစ်စေချင်တဲ့အတိုင်း လုပ်ပေးပါ့မယ်''
"ဒါဆို သစ်ခက်က ဂုဏ့်ကိုဖုန်းဆက်ပြီး ပါတီပွဲနေရာမေးလိုက်နော်၊ ပြီးရင် သစ်ခက်ဘာသာ အဲ့ဒီ့ကိုလာခဲ့မယ် လာမခေါ်နဲ့လို့လဲ တစ်ခါတည်းပြောပေးပါလား၊ ဒါမှ မမက သစ်ခက်အစား ပွဲထဲဝင်လို့ရမှာ''
"ဟုတ် မမကြီး၊ ခက် ကိုကို့ကို မမကြီးပြောခိုင်းသလို ပြောလိုက်ပါ့မယ်''
"ကျေးဇူးပါ၊ မမမှာ ဘာမကောင်းတဲ့အတွေးမှ မရှိတော့လို့ မမကိုယုံပါကွယ်၊ မမ ဂုဏ့်ကို ဘာမဟုတ်မှလဲ မကြံစည်ပါဘူး''
"ခက် ယုံပါတယ်''
"ကျေးဇူးပါ''
ဒီနေ့အဖို့ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိလောက်အောင် ပြောနေမိတဲ့ ကျေးဇူးတင်စကားပါ။ သို့ပေမယ့် ထိုစကားက နှုတ်ခမ်းဖျားလေးပေါ်ကနေ ဆင်းလာခြင်းတော့ မဟုတ်ပါ။ တကယ့်ကို ရင်ထဲ အသည်းထဲက လှိုက်လှဲစွာ ခုန်ပေါက်ထွက်လာသည့်စကားမို့ ပြောရတာ လိပ်ပြာလဲလုံပါသည်။
>>>>>>>>>><<<<<<<<<<
အချိန်က ည(၁၀)နာရီ။
လူတွေအနားယူတဲ့အချိန်ဖြစ်သည့်အပြင် မိုးလေး တစ်ဖြောက် နှစ်ဖြောက်ကျနေတာကြောင့် ပတ်ဝန်းကျင်က တိတ်ဆိ်တ်လှ၏။
တိတ်ဆိ်တ်ဆို ဒေါ်ထွေးပင် ဘုရားဝတ်ပြုပြီး အိပ်ယာဝင်သွားချေပြီ။ အခုချိန်ထိ မအိပ်နိုင်သေးသည်က ခက်ရယ်ပါ။
လိုအပ်တာထက်ပိုပြီး အချိန်လွန်နေသည့်ကိုကိုက အခုထိကို ပါတီကပြန်မလာသေး။ ထို့ကြောင့် သူမမှာ တောင်လျှောက်လိုက် မြှောက်လျှောက်လိုက်ဖြင့် နာရီကလဲတကြည့်ကြည့်။ ကြာလာတာနဲ့အမျှ မနေနိုင်လွန်းလို့ မေမေ့ဆီဖုန်းဆက်ပြီး မမကြီးပြန်ရောက်ပြီလားမေးကြည့်တော့ ရောက်တာကြာလှပြီတဲ့လေ။ ဒါဆို ကိုကိုက ဘာလို့ပြန်မရောက်ရသေးတာလဲ?။ တစ်ခုခုများဖြစ်နေသလား?။
"ဝူး... ကျွီ...
"ကိုကို ပြန်လာပြီထင်တယ်''
ဝရံတာဘက်ကို ခက် အပြေးလေးသွားကြည့်လိုက်တော့ ဟုတ်ပါတယ် ကိုကိုပြန်ရောက်နေပြီ။
ကားပေါ်ကနေဆင်းလာသည့် ကိုကိုက ခေါင်းငိုက်စိုက်ကျကာ ဒယိမ်းဒယိုင်ဖြစ်နေတာမို့ မူးလာသည်ထင်ရဲ့။ ဒီလောက်မူးလာတာကို ကိုယ်တိုင်ကားမောင်းပြီး ပြန်လာရသလား။
ခက် စိုးရိမ်ဒေါသလေးဖြစ်သွားကာ ကိုကို့ဆီသွားဖို့ပြင်လိုက်သော်လည်း အခုချိန်ထိ အခေါ်အပြောမရှိသေးတာကိုအမှတ်ရသွားကာ ခြေလှမ်းတို့က တန့်သွားရ၏။
"ကိုကို့ကို သွားတွဲလို့ကောင်းပါ့မလား၊ ကိုကိုနဲ့ငါက ခေါ်ကြသေးတာမှမဟုတ်တာ''
ခက် ဒီလိုတွေးပြီး လှေကားထိပ်တွင် ရပ်နေစဥ် အပေါ်ထပ်ကို ဒယိမ်းဒယိုင်နဲ့တက်လာသည့် ကိုကို့ကို တွေ့ရ၏။ မူးတာမှ ခေါင်းမထောင်နိုင်အောင်ကို မူးနေတာမို့ ခက် သူ့ကိုစိုက်ကြည့်နေတာလဲ သတိထားမိပုံမရပါ။ လှေကားလက်ရန်းကို အားယူပြီးသာ အတင်းကြိုးစားတက်နေရသည့် ကိုကိုက လှေကားအလယ်လောက်တွင် ခြေလှမ်းမှားသွားကာ...
"ဒုန်း...
"ကိုကို့..
ခြေချော်သွားသည့် ကိုကို့ကိုမြင်ခိုက် ခက် ဘာကိုမှသတိမထားမိတော့ဘဲ ကိုကို့အနားကိုပြေးသွားလိုက်သည်။ ကံကောင်းသည်က ကိုကိုက လှေကားလက်ရန်းကို အတင်းလှမ်းဆွဲထားလိုက်လို့သာပေါ့။ မဟုတ်ရင် လှေကားကနေ အောက်ကို ဒလိမ့်ခေါက်ကွေးကျသွားတော့မှာ သေချာသည်။
"ကိုကို ခက် တွဲပေးမယ်နော်''
"ခက်... နွေ..သစ်..ခက်''
သူ့လက်ကို လာတွဲပေးနေသည့် သူမကို ဂုဏ် မူးဝေနေသည့်အကြည့်များဖြင့်စူးစိုက်ကြည့်လိုက်ပြီး...
"ဘာကိစ်စနဲ့ ငါ့အနားကိုလာတာလဲ''
"ဟင်... ကိုကို မူးနေတယ်မဟုတ်လား၊ လာပါ ခက်အခန်းထဲကို တွဲခေါ်ပေးပါ့မယ်''
"မလိုဘူး''
"ကိုကို့''
မလိုဘူးဆိုပြီး သူမလက်ကိုခါထုတ်ပစ်လိုက်စဥ် ဟန်ချက်မညီဘဲ နောက်ကိုယိမ်းသွားပြန်တာမို့ ခက် အမိအရပြန်ဆွဲထားလိုက်ကာ...
"ကိုကို အရမ်းမူးနေပြီ''
"မူးတယ် ဟုတ်တယ် ငါအရမ်းမူးနေတယ်၊ မင်းကို မေ့လို့ရမယ်ထင်လို့ တမင်မူးအောင်သောက်လာတာ၊ ဒါပေမယ့်.. ဒါပေမယ့် ဘယ်လိုလုပ်မလဲ ငါ မင်းကို မမေ့နိုင်ဘူး''
"......''
"ငါ့ကိုအလိုမရှိတော့တဲ့ မင်းကို ငါမေ့ပစ်နိုင်ဖို့လိုတယ်၊ မင်း.. မင်းက အရမ်းကိုရက်စက်လွန်းတယ်ကွာ၊ ပူတူး မင်းဘာကြောင့် ငါ့ကို ဒီလောက်နှိပ်စက်နေရတာလဲ၊ ပြောလေကွာ... မင်းကို ငါ အတင်းအကြပ်အပိုင်စီးလိုက်မိလို့ ကိုယ့်ကိုမကျေနပ်တာလား ဟုတ်လား၊ ဒါမှမဟုတ်ရင် မင်းမှာ ကိုယ့်ထက်ချစ်ရမယ့်သူရှိနေတာလား''
အရက်ရှိန်ကြောင့် ရစ်နေသည့်ကိုကို့ရဲ့အသံက လျှာလေးအာလေးသံကြီး။ နောက်ပြီး နီရဲနေသည့်မျက်လုံးတစ်စုံကလဲ သူ ဘယ်လောက်တောင် သောက်လာသလဲဆိုတာကို မေးနေစရာမလိုတော့ပါ။ ဒါ့ကြောင့်...
"ကိုကို အခု အရင်အိပ်လိုက်တော့နော်၊ ခက် တွဲပို့ပေးပါ့မယ်''
"မလိုပါဘူး... ကိုယ့်အနားမှာ မင်းမနေချင်ဘူး မဟုတ်လား သွားပါ သွား၊ မင်းစိတ်ချမ်းသာသလိုသာနေ၊ ကိုယ့်အတွက် ဘာမှလဲတွေးမပေးနဲ့ ဘာမှလဲလုပ်မပေးနဲ့''
"ကိုကိုကလဲ''
"သွားလို့ ပြောနေတာနော်၊ ကိုယ် တကယ်လိုအပ်လို့ ခေါ်နေတုန်းကတောင် မင်း တခြားတစ်ယောက်ကို အစားထိုးပေးလိုက်တာပဲလေ၊ အခု ကိုယ်လဲ မင်းကိုမလိုအပ်ဘူး ရတယ်သွား၊ မင်း နေချင်သလိုသာနေပါ''
ဒီနေ့ပွဲမှာ သူမလေးကို သူ့ရဲ့မိတ်ဆွေတွေနဲ့ မိတ်ဆက်ပေးဖို့ တွေးထားသည်။ ဒါကို သူမလဲ သိပါသည်။ သို့ပေမယ့်.. တကယ်တမ်းရောက်လာသူက သူမ မဟုတ်ခဲ့ပါ။ နှင်းစက်ကိုသာ အစားထိုးပြီးလွှတ်လိုက်၏။ ဒါက ဘာသဘောလဲ? သူမက သူရဲ့ဇနီးပါဆိုတာကို လူတွေမသိစေချင်တာလား? ဒါမှမဟုတ်ရင် နှင်းစက်နဲ့သူ့ကို နီးစပ်စေချင်တာလား? ဘယ်လိုပဲတွေးတွေး အဖြေကတော့ သူမဟာ သူနဲ့ဝေးချင်နေတာပါပဲ။
နှင်းစက်ပြောတာကတော့ သူမ ခရီးသွားတော့မှာမို့လို့ နှုတ်ဆက်ချင်တာကြောင့် ပူတူးဆိီကနေ အကူအညီတောင်းပြီး သူနဲ့လာတွေ့ရတာပါတဲ့လေ။ ဒါပေမယ့် ဒါဟာ ဆင်ခြေပါပဲ။ သူသိပါတယ် သူမလေး သူ့ကို ခွာထုတ်နေတယ်ဆိုတာကို...
"ပါတီကို ခက် မလာဘဲ မမကြီးကို လွှတ်လိုက်လို့ ကိုကို စိတ်ဆိုးနေတာလား?''
"စိတ်မဆိုးရဲပါဘူး ကိုယ်က အမှားတွေနဲ့လူပဲ၊ မင်း ခွင့်မလွှတ်နိုင်လောက်တဲ့ အမှားတွေကို ကျူးလွန်ခဲ့တဲ့သူဆိုတော့ ကိုယ်က ဘယ်လိုများ စိတ်ဆိုးရဲမှာလဲ''
"မမကြီးက ကိုကို့ကိုနှုတ်ဆက်ချင်တယ်ဆိုလို့...
"တခြားသူတွေအတွက် မင်းတွေးပေးသလိုမျိုး ကိုယ့်အတွက်ဆိုပြီး မင်း ဘယ်နှစ်ခါတွေးပေးဖူးသလဲ ဟမ်၊ ဖြေလေ ကိုယ့်အတွက် မင်း ဘယ်နှစ်ခါများ တွေးပေးဖူးသလဲ''
ခက် မဖြေနိုင်ပါ။ ခက်ဟာ အရိပ်အကဲမသိ တုံးအလွန်းတဲ့သူတစ်ယောက်မို့ ကိုကိုက အခုလိုတိုက်ရိုက်တည့်တည့်ကြီး မေးလိုက်တော့မှ ခက် ကိုကို့အတွက်တစ်ခါမှ မတွေးပေးဖူးဘူးဆိုတာကို သတိထားမိသည်။
ကိုကိုရဲ့ မိသားစုနဲ့ အဆင်ပြေချင်တယ်။ အဲ့ဒီ့အတွက် ခက် ကိုကိုမသိအောင် ခိုးပြီးကြိုးစားတယ်။ ဒါပေမယ့် ဒါဟာ ခက်အတွက်ပဲတွေးပြီး လုပ်ခဲ့တာလား။ ဟင့်အင်း မဟုတ်ပါဘူး။ ကိုကို့မိသားစုနဲ့အဆင်ပြေချင်တယ်ဆိုတာ ခက်နဲ့ကိုကို့မိသားစုရဲ့ကြားထဲမှာ ကိုကို အနေခက်မှာစိုးတာကြောင့်ပါ။ ဒါတွေကို ကိုကိုသိအောင်လဲ မပြောချင်တာကြောင့် ခက် ငြိမ်ပဲြငိမ်နေလိုက်တော့ ကိုကိုက ခက်ရဲ့လက်တွေကို ခါထုတ်ပစ်လိုက်ရင်း...
"ဟိုလူ့အတွက် ဒီလူ့အတွက်ဆိုပြီး အကြောင်းပြချက်အမျိုးမျိုးပေးရင်းနဲ့ ကိုယ့်အနားကနေ မင်း ရှောင်ထွက်နေတာ ကိုယ်သိတယ်''
"ဟင့်အင်း.. မဟုတ်ပါဘူး''
"ကိုယ့်ကို စိတ်ဆိုးလို့မပြီးတော့ဘူးလား ပူတူး၊မင်းကို သိမ်းပိုက်လိုက်မိတဲ့ ကိုယ့်ရဲ့အမှားအတွက် ကိုယ် ဘယ်လောက်အထိပေးဆပ်ရဦးမှာလဲ''
"......''
"ဒီနေ့ မင်းကို တကယ်လိုအပ်လို့ ကိုယ်နဲ့အတူပွဲတက်ပေးဖို့ ကိုယ်တောင်းဆိုတာပါကွာ၊ မင်းက ဒီလောက်တောင် ကိုယ်နဲ့တွဲသွားတွဲလာလုပ်ရမှာကို မုန်းနေတာလား''
"မဟုတ်ပါဘူး ကိုကိုရယ်၊ ခက်က ဒီလို သဘောနဲ့မလိုက်တာ မဟုတ်ပါဘူး၊ မမကြီးက...
"တော်ပါတော့ကွာ၊ မင်းမှာ ကိုယ့်ထက်ပိုပြီး အရေးပေးရတဲ့လူတွေ အများကြီးရှိတာကို ကိုယ်သိပါတယ်၊ ဘယ်လိုအကြောင်းပြချက်တွေပဲပေးပေး နောက်ဆုံးမှာတော့ ကိုယ်က မင်းအတွက် အရေးမပါတဲ့သူ၊ ကိုယ့်ရဲ့မိသားစုနဲ့ အဆင်ပြေစေဖို့ ကိုယ့်ကိုဂရုမစိုက်ဘဲ မင်းလုပ်ချင်ရာ လုပ်တယ်၊ နောက်ပြီး မင်းရဲ့မိသားစုနဲ့ မင်းအဆင်ပြေနိုင်အောင် ကိုယ့်ကို လိုသလိုသုံးတယ်၊ မင်းအတွက် ကိုယ်ကဘာလဲ ဘာလဲပူတူး၊ ကိုယ့်မှာခံစားချက်မရှိဘူးလို့များ မင်းထင်နေသလား ဟမ်''
မူးနေပေမယ့် တစ်လုံးချင်းပြောချနေသည့် ကိုကို့ရဲ့စကားတွေက ခက်ကို ဝမ်းနည်းစေ၏။ သေချာနားထောင်ကြည့်တော့ ကိုကို့ရဲ့စကားတွေက အားလုံးအမှန်တွေပင်။
"ကိုယ် ချစ်သလောက် မင်းကိုယ့်ကို မချစ်ဘူး ပူတူး၊ ကိုယ့်အတွက် မင်းကအရေးကြီးဆုံးဆိုပေမယ့် မင်းအတွက်ကတော့ ကိုယ်ကလွဲရင် အားလုံးက အရေးအကြီးဆုံးပဲမလား''
"ခက်.. ခက် မှားသွားပါတယ် အဟင့်.. ခက်လေ..
"ဟင့်အင်း မင်း မမှားပါဘူး၊ မင်းကို အတင်းပိုင်ဆိုင်ဖို့ ကြိုးစားခဲ့တဲ့ ကိုယ်ပဲမှားတာ''
"ကိုကို အဟင့်..
"ဒီကြားထဲကအချိန်တွေမှာ ကိုယ်က မင်းကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ရင် ကိုယ် တကယ်စိတ်ရင်းနဲ့ တောင်းပန်ပါတယ်၊ အခုကစပြီး မင်း ဆန္ဒရှိသလိုနေနိုင်တယ် လုပ်နိုင်တယ်၊ အရင်အတိုင်းပဲ ကိုယ့်အတွက်မတွေးဘဲ မင်းအတွက်ပဲမင်းတွေးပြီး မင်းလုပ်ချင်ရာ လုပ်ပါ၊ မင်း ဆန္ဒရှိတာမှန်သမျှကို ကိုယ်လက်ခံပေးမယ်၊ မင်းဘက်က ကွာရှင်းချင်တယ်ဆိုရင်တောင်ပေါ့''
"ကိုကို...
မယုံကြည်နိုင်လောက်အောင် ပြောထွက်လာသည့်စကားကြောင့် ခက် မှင်သက်သွားကာ ကိုကို့ကိုခေါ်လိုက်သော်လည်း ကိုကိုကတော့ သူမအနားကနေထွက်သွားချေပြီ။ လှေကားထစ်တွေကို တစ်ထစ်ချင်း နင်းတက်သွားသည့် ကိုကို့ရဲ့ခြေလှမ်းတို့က ခက်ကို နှုတ်မဆက်တမ်း။
"ကိုကိုက ခက်နဲ့ကွာရှင်းချင်လို့လားဟင်''
"ကိုယ့်ဆီမှာ မပျော်တဲ့မင်းကို ကိုယ်အတင်းဆွဲမထားချင်ဘူး''
"အရင်တုန်းကကျတော့ ခက်က ထားသွားရင်တောင် အတင်းလိုက်ဆွဲထားမှာပါဆို''
"စိတ်နဲ့ နှလုံးသားက ဆွဲထားလို့မရဘူး ပူတူး''
"ဒါဆို ကွာရှင်းချင်နေတဲ့ကိုကို့ရဲ့စိတ်ကိုရော ခက် ဆွဲထားလို့မရဘူးလား?''
ထိုမေးခွန်းရဲ့ အဖြေဟာ တိုးတိတ်ဆဲ။ ပြတ်သားလွန်းတဲ့ ကိုကိုကတော့ လှေကားအတိုင်းအပေါ်ကိုသာတက်သွားဖို့ပြင်နေတာကြောင့် ခက် ပြေးတက်သွားပြီး ကိုကို့ရဲ့ရှေ့ကနေပိတ်ရပ်ကာ...
"ခက် မေးတာကို အရင်ဖြေပါဦး၊ ကိုကို ခက်နဲ့တကယ်ကွာရှင်းချင်နေတာလားဟင်''
"ဟုတ်တယ်''
"ဟင်... ဘာလို့လဲ''
"အကြောင်းပြချက်လိုသေးလို့လား''
"လိုတယ်... လိုတယ် ဘာလို့ ခက်ကို ကွာရှင်းချင်တာလဲ၊ ဘာလို့လဲ ဘာလို့လဲလို့... အဟင့် ဟင့်
"ဖယ်ပါဆိုကွာ''
သူ့ရှေ့မှာရပ်ပြီး အသည်းအသန်ငိုကြွေးနေသည့် ကောင်မလေးကြောင့် သူ့စိတ်တွေမခိုင်ချင်တော့ပေ။ သူ့ဆီမှာ မပျော်တာသေချာတာမို့ လွတ်လပ်ခွင့်ပေးလိုက်ဖို့ တွေးထားသည့်အတွေးတို့က အငွေ့ပျံချင်လာရသည်။ ထိုအတွေးလေးလွင့်ပျောက်မသွားခင် ဂုဏ် သူမအနားကနေရှောင်ထွက်ဖို့ပြင်လိုက်ကာ...
"ဖယ်လို့ ပြောနေတာနော် ပူတူး''
"ခက်ကို ဘာလို့ကွာရှင်းချင်တာလဲ အဟင့် ခက်.. ခက်ကို မချစ်တော့လို့လားဟင်''
ခက့်ရဲ့မေးခွန်းကို ပြန်ဖြေခြင်းမရှိဘဲ ခက်ကိုသာ တစိုက်မတ်မတ်ငေးကြည့်နေသည့် ကိုကို့ကို ခက် ငိုမဲ့မဲ့လေးဖြင့်
"ခက်ကို မချစ်တော့ဘူးလား ကိုကို''
"အင်း...
"ဟင်.. ဘာအင်းလဲ ဘာကိုအင်းလဲ အဟင့်၊ ခက်ကို မချစ်ရင် ဘာလို့ ခက်ကို လက်ထပ်ခဲ့သေးလဲ ဟင့်.. အခု အခုမှ.. ခက်ကို မချစ်ဘူးဟုတ်လား ဟုတ်လား..
ငိုရှိုက်ရင်းမှ သူ့ကို အတင်းရိုက်ပုတ်နေသည့် ပူတူးကို သူတားမြစ်ခြင်းမပြုဘဲ နေပေးလိုက်၏။ အတော်ကြာအောင် ငိုပြီးသွားမှ သူ့ကိုခပ်စူးစူးလေးကြည့်ကာ အနားကနေထွက်သွားဖို့ ပြင်ေနတာကြောင့် ဂုဏ် သက်ပြင်းလေးချလိုက်ပြီး...
"အဲ့ဒါ ဘယ်လဲ''
"ခက် မေမေ့ဆီပြန်တော့မှာ ခက်ကိုမချစ်တော့တဲ့လူအနားမှာ ခက် မနေဘူး''
"ဟာ... ဟိတ် ပူတူး ဒီအချိန်ကြီးကိုကွာ''
ဂုဏ် စိုးရိမ်တကြီးဖြင့် သူမရဲ့လက်လေးကိုလှမ်းဆွဲရင်းပြောလိုက်ပေမယ့် သူ့လက်ကိုအတင်းခါရမ်းပစ်နေတာကြောင့်...
"မသွားရဘူးလို့ ကိုယ်ပြောနေတာနော်''
"သွားမှာ ခက် တကယ်သွားမှာ ဖယ်''ဆိုပြီး ခက် ကိုကို့ရဲ့လက်ကိုခါထုတ်ပစ်ကာ အောက်ကိုပြေးဆင်းဖို့ပြင်လိုက်သော်လည်း နောက်ကနေလျင်လျင်မြန်မြန်ပင်လှမ်းဖက်ထားပြန်တာကြောင့် ခက် ဖက်ထားသည့်ကိုကို့ကို အတင်းတွန်းထုတ်ပစ်လိုက်တော့...
"ဝုန်း... ဒလုံး... ဒုန်း..
"ကိုကို့...
ခက့်ရဲ့ မဆင်မခြင်လုပ်ရပ်ကြောင့် လှေကားပေါ်ကနေ ဒလိမ့်ခေါက်ကွေးလိမ့်ကျသွားသည့် ကိုကိုက လှေကားအရင်းတွင်ပက်လက်ကလေးရပ်တန့်သွားပြီး ခေါင်းမှ သွေးတွေဖြာထွက်နေ၏။
"ကိုကို...
စိုးရိမ်စိတ်အပြည့်ဖြင့် ခက် ကိုကိုရှိရာကိုပြေးသွားလိုက်စဥ် ခြေလှမ်းတွေမှားကာ ဟန်ချက်ပျက်သွားပြီး...
"အား...
"ပူ... တူး...
သူ့ဆီကို ပြေးလာရင်းကနေ လှေကားထစ်တစ်ခုကို ကျော်နင်းလိုက်သည့် ပူတူးရဲ့ပုံရိပ်က သူ့ရဲ့နောက်ဆုံးမြင်ကွင်းတစ်ခုပါပဲ။ ပူတူး ဘာဖြစ်သွားသလဲ သူ ဘာဖြစ်သွားသလဲဆိုတာကို မသိနိုင်လောက်အောင် သူဟာ လောကကြီးနဲ့အဆက်အသွယ်ပြတ်သွားတော့သည်။
*** နောက်ဆုံးအချိန်အထိ ကိုယ့်ကိုစိတ်ပူအောင် လုပ်တဲ့ကလေးဆိုးလေးပဲကွာ ***
>>>>>>>>>><<<<<<<<<<
အားပေးတဲ့ အသဲတွေအားလုံးကို ကျေးဇူးတင်ပါတယ်😘😘
အမှားပါသွားရင် ချစ်တဲ့စိတ်နဲ့ ဝေဖန်ပေးပါ☺☺
အပိုင်း (၄၃)မျှော်
စာရေးသူ-Merida(Tulip)