book

Index 41

အပိုင်း (၄၁)

  • Author : Merida
  • Genres : Romance, Comedy, Drama

🎗🎗 နှောင်ကြိုး 🎗🎗


~~~~~~~~~~


"ကိုကို့ ခက် လက်နာတယ်''

".....''


"တကယ်နာလို့ပါ အဟင့် လွှတ်ပါနော်''


လက်ကောက်ဝတ်လေးကို အတင်းဖိဆွဲပြီး ခေါ်လာတာမို့ လက်က တကယ့်ကိုနာလာသည်။ 


ဒါ့ကြောင့် ခက် လက်ကိုရုန်းရင်းပြောနေသော်လည်း အရေးမစိုက်သည့်ကိုကိုက နည်းနည်းလေးမှ လျှော့မပေးဘဲ အခန်းထဲရောက်သည်အထိ ဖိဆွဲသွား၏။


"ဒိုင်း...


အခန်းထဲရောက်တာနဲ့ တံခါးကို ဒိုင်းခနဲနေအောင် ဆောင့်ပိတ်ပစ်လိုက်၏။ အဲ့ဒီ့နောက် ခက်ကို သူနဲ့ဝေးအောင်တွန်းထုတ်ပစ်ကာ တံခါးကိုလော့ချပစ်လိုက်ပြန်သည်။


"ကိုကို...

"မခေါ်နဲ့ မင်းအပြစ်ကို မင်းသိတယ်မလား''


ခက်ဘက်ကို တည့်တည့်ကြီးလှည့်ကာ မေးလာသည့် ကိုကို့ရဲ့မျက်နှာက ခက်တစ်ခါမှမမြင်ဖူးသည့် မျက်နှာထားမျိုးဖြင့်။ ခက်ကို ကိုကိုစိတ်ဆိုးဖူးသည် ဒေါသထွက်ဖူးသည်။ သို့ပေမယ့် အခုလောက်တော့ မတင်းမာဖူးပါ။ အခုက...


"မင်း ဘာသဘောနဲ့အခုလိုတွေ လုပ်နေတာလဲ''

"ခက်... ခက်က..ဘာ...ဘာလုပ်နေလို့လဲ''


"ဘာလုပ်နေလို့လဲ ဟုတ်လား၊ မင်းကိုငါ ဘာပြောထားလဲ၊ ဒီကောင်နဲ့မပတ်သတ်ရဘူးလို့ ငါမပြောထားဘူးလား ပြောစမ်း နွေသစ်ခက်''

"ခက်တို့က ရိုးရိုးသားသား...


"ဟေ့.. မင်းကိုငါမှာထားတဲ့အထဲမှာ ရိုးရိုးသားသားတွေ ဆန်းဆန်းပြားပြားတွေပါသလား၊ ဒီကောင်နဲ့မပတ်သတ်ရဘူးလို့ ငါပြောထားတာ မဟုတ်ဘူးလား''


ဒေါသအလျောက် ဟိန်းခနဲ ဟိန်းခနဲထွက်လာသည့် ကိုကို့ရဲ့အသံ​ကို ခက် လန့်ဖျတ်ကာ ဘာပြန်ဖြေရမှန်းပင်မသိပါ။ ဒါ့ကြောင့် ခက် ဂါဝန်စလေးကို လက်ဖြင့်ဆုပ်ထားလိုက်ပြီး မျက်လွှာလေးချကာ ငြိမ်နေလိုက်တော့...


"ငါ့ဒေါသကို ဒါ့ထက်ပိုထွက်လာအောင် မဆွစမ်းနဲ့၊ ဂျစ်ကန်ကန် ပေကပ်ကပ်လုပ်နေရုံနဲ့လဲ ငါက မင်းကို ခွင့်လွှတ်ပေးမှာမဟုတ်ဘူးနော်''

"ဒါဆို ခက်က ဘာလုပ်ပေးရမှာလဲ ကိုကိုရဲ့၊ ကိုကိုပြောသလို ခက် အတတ်နိုင်ဆုံး အစ်ကိုနဲ့မတွေ့အောင်...


"ငါ့ရှေ့မှာ အဲ့ဒီ့ကောင်ကို အစ်ကိုလို့မခေါ်နဲ့၊ မင်းတို့အချင်းချင်း ငါ့ကွယ်ရာမှာ ဖောက်ပြားချင်တဲ့စိတ်နဲ့ ဘယ်လို nicknameတွေသုံးသုံး ငါ့ရှေ့မှာတော့ ဒီလိုလာမခေါ်နဲ့နွေသစ်ခက်''

"ကိုကို့...


တရားလွန်လွန်းသည့် ကိုကို့ရဲ့စကားကြောင့် ခက် ဒေါသထောင်းခနဲထွက်သွားကာ အော်ခေါ်လိုက်တော့ ကိုကိုကလဲ ခက်ကိုဂရုမစိုက်ဘူးဆိုသည့်သဘောဖြင့် စူးစိုက်ကြည့်နေ၏။


"ဖောက်ပြားချင်တဲ့စိတ် ဟုတ်လားကိုကို၊ ဒါ ဘာစကားလဲ ခက်ကို ဖောက်ပြားတတ်တဲ့မိန်းမ သိက္ခာမရှိတဲ့မိန်းမလို့များ ရှင်ထင်နေသလား ဟမ်''

"မင်းဟာ ဘယ်လိုမိန်းမပါဆိုပြီး ငါက သတ်မှတ်တာမဟုတ်ဘူး၊ မင်းရဲ့လုပ်ရပ်က​ေနပဲ မင်းအဆင့်အတန်းကို ဖော်ပြသွားတာ''


"ခက်ရဲ့ လုပ်ရပ်၊ နေစမ်းပါဥိီး ခက်က ဘာတွေလုပ်နေလို့လဲ ကိုကို''

"မင်းဘာတွေလုပ်နေတယ်ဆိုတာကို ပြန်ပြောပြရလောက်အောင် မင်းရဲ့လုပ်ရပ်က တော်တော်မွန်မြတ်နေသလား၊ အေး မင်းကဒီလိုထင်​နေတယ်ဆိုရင် ငါပြောပြမယ်၊ ကိုယ့်လင်သားရဲ့နောက်ကွယ်မှာ သူစိမ်းယောက်ျားတစ်ယောက်နဲ့ ပလူးပလဲလုပ်နေတဲ့....


"ကိုကိုထင်ရာတွေ စွတ်ပြောမနေနဲ့ ကိုကို၊ ခက်တို့က တကယ်ရိုးရိုးသားသားပါ၊ ကိုကိုက ဘယ်လိုပုံစံအနေအထားနဲ့မြင်သွားလို့ ခက်ကိုအထင်လွဲသွားသလဲမသိပေမယ့်...

"တော်စမ်း....


ခက် စ​ကားမဆုံးခင် တစ်ချက်တည်းအော်ချလိုက်သည့် ကိုကို့ကြောင့် ခက် လန့်ပင်လန့်သွားရ၏။ ပြီးမှ ဒေါသတကြီးလေး ကိုကို့ကိုပြန်ကြည့်လိုက်တော့....


"ငါအထင်လွဲလို့ရလောက်တဲ့အနေအထားမျိုး မင်းတို့ဖန်တီးနေတာ''

"မဟုတ်ဘူး''


"မင်းမှာဖောက်ပြန်ချင်တဲ့စိတ်ရှိနေလို့သာ...

"ကိုကို့... 

ခက့်ကို ဒီလိုမပြောနဲ့၊ ကိုကိုသိထားဖို့တစ်ခုက ခက်ဟာ ကိုကိုထင်ထားသလို အောက်တန်းမကျဘူး၊ ပြီးတော့ ကိုကိုပဲ စွပ်စွပ်စွဲစွဲ ပြောတတ်တာမဟုတ်ဘူး၊ ခက်လဲ ေပြာတတ်တယ်''


"ဘာကွ၊ ငါကဘာအပြစ်ရှိလို့ မင်းက ဒီလိုပြောရဲရတာလဲ''


သူ ပြန်မေးလိုက်တာကို နှုတ်ခမ်းမဲ့ပြီး မျက်နှာတစ်ဖက်လွှဲပစ်လိုက်သည့်ပူတူးကြောင့် စိတ်ထဲမရိုးမရွဖြစ်သွားရ၏။ သူကပဲ ဖောက်ပြန်နေသည့်သဘောနဲ့ပြောနေ၍ ဂုဏ် မခံနိုင်ဖြစ်သွားကာ ပေါက်ကွဲပစ်ချင်နေသည့်စကားလုံးတို့ဖြင့် ပြောဖို့ပြင်လိုက်စဥ်...


"ကိုကိုနဲ့ မမကြီး ဒီရက်ပိုင်းတွေမှာ ခက် မသိအောင်တစ်မျိုး သိအောင်တစ်ဖုံတွေ့နေကြတာ ခက် မသိဘူးထင်နေလား ဟမ်၊ သိတယ်ကိုကိုရဲ့ ခက်သိတယ်၊ မပြောချင်လို့ မပြောရဲလို့သာ ခက် မမြင်ချင်ယောင် မကြားချင်ယောင်ဆောင်ထားတာ''


"ငါကတော့ မင်းလို မလုပ်နိုင်ဘူး၊ ငါ မကျေနပ်တာရှိရင် မေးမယ် ပြောမယ်၊ အေး မင်းလဲ မင်းမကြိုက်တာရှိရင် ငါ့ကိုပြောလို့ရတာပဲ''


"ခက် မကြိုက်ဘူးဆိုတာကိုသိလျက်နဲ့ ကိုကိုကြိုက်လို့လုပ်နေတဲ့ကိ္စ္စပဲလေ၊ ခက်က ဘယ်လိုများပြောရဲပါ့မလဲ''


နှုတ်ခမ်းလေးမိန့်ကာ မိန့်ကာဖြင့် ကပ်ကပ်လန်ပြန်ပြောနေပုံက မသိရင် ကိုယ်ကပဲအပြစ်ရှိသူကြီးလိုလို။ ကလေးဆန်ပေမယ့်  အထေ့အငေါ့တွေလဲပြောတတ်တာမို့ ဂုဏ် သူမကို ဘယ်လိုနားလည်ရမှန်းလဲမသိတော့ပါ။


"နှင်းစက်နဲ့တွေ့နေတယ်ဆိုတာ ဟုတ်တယ် ငါ မငြင်းဘူး၊ ဒါပေမယ့် ငါတို့က လုပ်ငန်းသဘောအရ ရိုးရိုးသားသားပဲ''

"ဪ... ရှင့်အလှည့်ကျ ချက်ချင်းရိုးသားပစ်လိုက်လို့ရတယ်ပေါ့''


"မင်းကို ငါ 'ရှင်'လို့ခေါ်ခိုင်းထားသလား''

"ခက်သဘောနဲ့ခက် ခေါ်ချင်သလို ခေါ်မယ်၊ မကျေနပ်ရင် ခက့်ကိုကွာပစ်လိုက်''


"ဘာ ကွာပစ်လိုက် ဟုတ်လား၊ လွယ်လှချည်လားကွ၊ မင်း ဒီစကားကို ဘယ်သူ့အားကိုးနဲ့ပြောနေတာလဲ၊ ဘာလဲ မင်းက ငါ့ကိုတော်လှန်ရဲလောက်တဲ့အထိ ဟိုကောင့်ကိုအားကိုးနေတာလား''


သူမရဲ့ စကားလွန်သွားတာကို သတိထားမိပေမယ့် ကိုကိုရဲ့နှုတ်ခမ်းဖျားကထွက်လာသည့် စကားတွေက ခက့်ကိုပိုပြီးပြီးမှားစေပြန်သည်။


"ဟုတ်တယ် အားကိုးတယ်၊ အနည်းဆုံးတော့ အစ်ကိုက ရှင့်လိုအတ္တကြီးတဲ့သူမဟုတ်ဘူး''

"ငါပြောတာ မမှားဘူး၊ မင်းဟာ ဖောက်ပြန်ချင်စိတ်ရှိတဲ့မိန်းမပဲ''


ကိုကို့ရဲ့ စွဲချက်ကြောင့် ခက် ဝမ်းနည်းတာရော ဒေါသဖြစ်တာရော ရောထွေးသွားပြီး နှုတ်ခမ်းကိုတစ်ချက်ဖိကိုက်ပစ်လိုက်၏။ ပြီးမှ ကိုကို့ကိုပြန်ကြည့်ကာ...


"ကိုကိုက ခက်ဖောက်ပြန်ချင်နေတာကို သိနေတာလား အဟွင်း၊ ဒါဆိုလဲ အတော်ပဲဖြစ်သွားတာပေါ့၊ ဟုတ်တယ် ခက် အစ်ကိုနဲ့ဖောက်ပြန်နေတယ် နောက်ပြီး ခက် အစ်ကိုနဲ့နေရရင် ပျော်တယ်၊ အခု ခက်ဖောက်ပြန်နေတာကို ကိုကိုသိသွားပြီဆိုတော့ ခက်ကို ကွာရှင်း...

"ဖြန်း...ဖြန်း...


"ဘုတ်... 

"အဟင့်.. ဟင့်.. 


"ပူတူး..


အဖြစ်အပျက်တွေက မြန်ဆန်လွန်း၏။ သူ သည်းမခံနိုင်တဲ့စကားတွေကို ဆက်တိုက်ပြောနေတာမို့ ဂုဏ် စိတ်မထိန်းလိုက်နိုင်ဘဲ ပူတူးရဲ့ပါးနှစ်ဖက်ကို ရိုက်ပစ်လိုက်မိသည်။


သူမှားပြီဆိုတာကိုသိလိုက်တဲ့အချိန် ပူတူးက ကြမ်းပြင်တွင်ပုံကျသွားပြီဖြစ်၏။ နောက်ပြီး သူ့ကို ကြောက်ရွံ့သည့်မျက်ဝန်းလေးများဖြင့်ကြည့်ရင်း မျက်ရည်တွေစီးကျလာသည်။


"ပူတူး.. ကိုယ် ကိုယ်..''

"အဟင့်.. မလာနဲ့၊ ခက် အနားကိုမလာခဲ့နဲ့ အဟင့်''


"အရမ်းနာသွားလား ပူတူး၊ ကျစ်... ကိုယ်တကယ်တောင်းပန်ပါတယ်ကွာ၊ အဲ့ဒီ့အတွက်ပူတူးကြိုက်တဲ့အပြစ်ပေး ကိုယ် ကျေကျေနပ်နပ်ကြီးလက်ခံမယ်''

"မလာပါနဲ့ အဟင့် ခက်.. ခက် ရှင့်ကိုကြောက်လို့ပါနော်၊ ခက်တောင်းပန်ပါတယ်''


ကြမ်းပြင်တွင် ပုံပုံလေးထိုင်ကျနေလျက်ကနေ သူ့ကို လက်အုပ်ချီပြီးပြောနေပုံက သူ့ကိုတကယ်ကြောက်နေသည့်ပုံ။ နောက်ပြီး သူရှေ့တိုးလိုက်တိုင်း နောက်ကို ရွေ့သွားသေးတာက ဂုဏ့်ကို အကြီးအကျယ်နောင်တရစေ၏။ ထို့ကြောင့် ခြေလှမ်းခပ်ကျဲကျဲနဲ့ပဲ သူမဆီကိုလျှောက်သွားပြီး ပုခုံးလေးနှစ်ဖက်ကနေမ,ထူလိုက်တော့...


"ခက်ကို ဘာမှမလုပ်ပါနဲ့နော်၊ ခက် တကယ်ကြောက်လို့ပါ''

"ပူတူးရာ...


ကလေးလေးတစ်ယောက်ကို အပူအပင်ကင်းကင်းနေတတ်သည့်သူမက အခုတော့ဖြင့် သူ့ရဲ့မဆင်မခြင်လုပ်ရပ်ကြောင့် အကြောက်တရားကအပြည့်။ အဲ့ဒိီ့အကြောက်တရားကလဲ သူဖြစ်နေလေတော့ နောင်တရခြင်းများစွာဖြင့် သူမကိုရင်ခွင်ထဲဆွဲသွင်းပစ်လိုက်ရင်း...


"ကိုယ် ဘာမှမလုပ်ပါဘူး၊ ကိုယ်က မင်းကိုတအားချစ်လွန်းလို့ အမှားဖြစ်သွားမိတာပါ၊ ကိုကို့ကို ခွင့်လွှတ်ပေးပါနော်''

"ဟင့်အင်း... ခက်ကို လွှတ်ပါ၊ ခက်.. ခက် ရှင့်ကိုကြောက်တယ်၊ ခက်ကို ကွာရှင်းပေးပါနော် ခက် မေမေ့ဆီပြန်မယ်''


"မပြန်ရပါဘူး၊ မင်း ကိုယ့်အနားကနေ ဘယ်မှမသွားရဘူး''

"ခက် မေမေ့ဆီပြန်မှာ''


"ဟင့်အင်း...အာ့.. ပူတူး..


သူမကို အတင်းဆွဲချုပ်ဖက်ထားသည့် ကိုကို့ရဲ့လက်တွေကိုပြုတ်သွားစေရန် ရည်ရွယ်ကာ သူ့ရင်ခွင်ထဲကနေ သူ့ရဲ့လက်မောင်းကြီးကိုဖိကိုက်ပစ်လိုက်၏။ လက်မောင်းဆီက နာကျင်မှုကြောင့် သူမကိုဖက်ထားသည့်အားတွေလျော့သွားစဥ် ခက် သူ့လက်တွေဆီမှ ရုန်းထွက်ကာ တံခါးရှိရာဘက်ကို ပြေးသွားလိုက်တော့...


"မသွားရဘူး ပူတူး၊ မင်း ဘယ်မှမသွားရဘူး''


လစ်တဲ့အခိုက်ကို ပြေးသွားသည့်ပူတူးကို သူ အမိအရဆွဲထားပြီး အမိန့်ပေးလိုက်တော့...


"ခက့်ကို သွားခွင့်ပြုပါ''

"မပြုနိုင်ဘူး၊ ခုနက ကိုယ် ဒေါသအလျောက်ဖြစ်သွားတဲ့ကိစ္စဆိုပေမယ့် မင်းခွင့်လွှတ်အောင် ကိုယ် ကြိုးစားမှာပါ၊ အဲ့ဒါကြောင့် ကိုယ့်အနားမှာပဲနေပြီး....


"မနေချင်ဘူး၊ ရှင်က အတ္တကြီးလွန်းတယ်''

"ဘာပဲဖြစ်ဖြစ် မင်း ကိုယ့်ဆီကနေ ဘယ်မှသွားလို့မရဘူး''


"သွားပါရစေ၊ ခက် ရှင့်အနားမှာ ဆက်နေရဲတဲ့သတ္တိမရှိလို့ပါ''

"ကိုယ်ကတိပေးတယ်၊ နောက်တစ်ကြိမ် မင်းကိုထိခိုက်အောင်မလုပ်တော့ပါဘူး''


"ဟင့်အင်း''


သူ့လက်ထဲကနေ အတင်းရုန်းထွက်ပြီး တံခါးနားပြေးသွားသည့်ပူတူးကြောင့် သူ ဝမ်းနည်းမှုနှင့်အပြိုင် အလိုမကျမှုပါ ပါသွားလေတော့..


"ရပ်လိုက် ပူတူး၊ မင်း ဘယ်လောက်ပြေးပြေး ကိုယ့် လက်ကလွတ်မှာမဟုတ်ဘူး''

"......''


"ရပ်လိုက်လို့ ကိုယ်ပြောနေတာနော်''

"ဂျလောက်...


အမိန့်ပေးနေပေမယ့် မနာခံသူ သူမကတော့ သူ့ကိုတစ်ချက်ပြန်ကြည့်ကာ တံခါးကိုဖွင့်လိုက်တာမို့ ဂုဏ် ထိုအနားကိုအပြေးအလွှားသွားပြီး...


"လာခဲ့''

"ဟင့်အင်း... ဟင့်အင်း.. ခက် ေမမေ့ဆီပြန်ပါရစေ အဟင့် ခက်ကိုလွှတ်ပါ''


"မင်းက စကားနားမထောင်တဲ့ကလေးပဲ''

"ဟုတ်တယ်၊ ခက်က မလိမ္မာပါဘူး အဲ့ဒါကြောင့် ခက်ကို စွန့်ပစ်လိုက်ပါနော်''


"မလိမ္မာရင်ဆုံးမရတာကွ၊ စွန့်ပစ်ရတာမဟုတ်ဘူး''

"ဟင့်အင်း.. အဲ့လိုမလုပ်ပါနဲ့''


တံခါ​းကနေ ဆွဲခေါ်လာပြီး ကုတင်နားရောက်တာနဲ့ ခက်ကို ကုတင်ပေါ်တွန်းလှဲချပစ်လိုက်ပြီး ခက်ရဲ့အပေါ်ကနေ အုပ်မိုးလာသည့်သူ။


"ကိုယ် မကြိုက်တာတွေပဲ တန်းစီလုပ်နေတဲ့မင်းကို မင်း မကြိုက်တာပြန်လုပ်ပြီး ဆုံးမပေးရမယ်ထင်တယ်''

"အဲ့.. အဲ့လိုလုပ်ရင် ခက်.. ခက် ရှင့်ကိုမုန်းပစ်မှာ''


"ကိုယ်ကတော့ ချစ်နေဦးမှာပါ အဟွင်း''


ချော့မရတာကိုသိနေတာမို့ ဂုဏ် သူမလေးကိုခြောက်လှန့်ဖို့တွေးကာ သူမ မကြိုက်တဲ့အရာဖြင့် ခြိမ်းခြောက်လိုက်တာနဲ့ မျက်လုံးစုံမှိတ်ပြီး လည်တိုင်လေးကျိုးမတတ် တစ်ဖက်ကိုအတင်းမျက်နှာလွှဲထားပုံလေး​​ကြောင့် အူယားသွားရ၏။ ဒါ့ကြောင့် သူမလေးကို စနောက်ရန်ရည်ရွယ်ကာ လည်တိုင်လေးကိုဖိကပ်နမ်းရှိုက်လိုက်ရင်းမှ လက်တစ်ဖက်ကိုတော့ သူမဝတ်ထားတဲ့အင်္ကျီကြယ်သီးတွေဆိီပို့လိုက်စဥ်...


"ခက် တကယ်မုန်းပစ်မှာနော်''

"မုန်း..


"ရှင့်ကို မချစ်ဘဲထားလိုက်မှာ''

"မချစ်နဲ့ပေါ့ကွ''


"ခက်.. ခက် ရှင့်ကိုမချစ်တော့ဘူး''

"အဲ့ဒါမင်းသဘော''


ခက် သူလုပ်ရပ်တွေ ရှေ့ဆက်တိုးမလာဖို့ အမျိုးမျိုးပြောပြီးတားမြစ်နေပေမယ့် သူ့ရဲ့အနမ်းတွေကတော့ ရပ်နားသွားခြင်းမရှိ။ မျက်နှာအနှံ့ကိုနမ်းရှိုက်နေရုံမျှမကဘဲ လည်တိုင်လေးကနေတစ်ဆင့် ရင်ညွန့်ရိုးနားအထိရောက်လာတာကြောင့်..


"ခက်.. ခက် မှာ တကယ်ချစ်ရတဲ့သူရှိတယ်''

"ဟင်..


ချက်ချင်းဆိုသလို ခက်ကို ပြန်ကြည့်လာသည့်ကိုကို့ကို ခက် မရဲတရဲလေးပြန်ကြည့်လိုက်ပြီး ခေါင်းငြိမ့်ပြလိုက်ရင်း...


"ခက် အစ်ကို့ကိုချစ်နေပြီထင်တယ်''

"ဘာ''


အံ့အားသင့်သွားပုံရသည့် ကိုကို့ဆီမှ ''ဘာ"ဆိုသောအသံက ကျယ်ကျယ်လောင်လောင်ကြီး မဟုတ်ပါ။ နှုတ်ခမ်းပွင့်ရုံလေးသာ ပြောလိုက်သည့်အသံ။


"မင်း ဘာပြောလိုက်တယ် ပူတူး''

"ခက် အစ်ကို့ကိုချစ်နေပြီလို့''


"မချစ်ရဘူး၊ မင်းကို ကိုယ်ချစ်တယ်လေ၊ မင်းလဲ ကိုယ့်ကိုပဲချစ်ရမှာပေါ့''

"ဟင့်အင်း မချစ်ဘူး၊ ခက် ရှင့်ကိုမချစ်ဘူး၊ အဲ့ဒါကြောင့် ခက့်ကို အတင်းအကြပ် ရှင်အပိုင်သိမ်းဖို့ကြိုးစားနေရင်လဲ ခက်ရဲ့ခန္ဓာကိုယ်ကိုပဲရလိမ့်မယ်၊ ခက်ရဲ့အချစ်ကတော့ အစ်ကို့ဆီ...


"တော်စမ်း''


သူမရဲ့ရက်စက်တဲ့စကားတွေကို သူ ဆက်ပြီးနားမထောင်ရဲတော့တာမို့ ဝင်ပြီးအမိန့်ပေးလိုက်ရသည်။ မင်းဟာ တကယ်ရက်စက်တဲ့ကလေးပဲ ပူတူး၊ ဘယ်လိုလုပ်ပြီးများ ကိုယ့်အပေါ်ကို သစ္စာဖောက်ရက်ရတာလဲ။ မင်းအချစ်က ဟိုကောင်ဆီမှာတဲ့လားကွာ။ မရဘူး မရဘူး။ မင်းကို ဘယ်သူ့မှမပေးနိုင်ဘူး။ မင်းဟာ ကိုယ့်အပိုင်ပဲလေကွာ။


သူ့ရဲ့တဇွတ်ထိုးအပြုအမူတွေရပ်တန့်သွားစေဖို့ သူမ လုပ်ကြံပြီးပြောလိုက်ပေမယ့် ခဏသာတွေဝေသွားသည့်သူက ခက်ကိုအနမ်းတွေဖြင့်ပြန်ပြီးအနိုင်ကျင့်လာပြန်တာမို့...


"ခက် ရှင့်ကိုမချစ်ဘူးလို့ ပြောပြီးပြီနော်''

"မင်းမချစ်လဲ ငါချစ်တယ်၊ မင်းမုန်းလဲ ငါချစ်တယ်၊ မင်းမှာတခြားချစ်ရမယ့်သူရှိနေလဲ ငါချစ်တယ်၊ စိတ်ချ မင်း င​ါ့ဆီကနေလွတ်မြောက်ခွင့်မရှိ​ဘူး''


"ဟင့်အင်း.. မနမ်းနဲ့''

"မင်းမှာတားပိုင်ခွင့်မရှိဘူး၊ ငါက မင်းကိုပိုင်တဲ့ တရားဝင်ခင်ပွန်း''


"....''

"မင်းက ကိုယ့်ကိုမချစ်ဘူးဆိုတော့ ကိုယ့်ဆီကပြေးတော့မှာမလား၊ မရဘူး မင်းအချစ်ကိုမရရင်တောင် မင်းပြောသလို ခန္ဓာကိုယ်ကိုတော့ ငါ ရအောင်ယူထားမှာ''


"ဟင့်အင်း... ဟင့်အင်း.. ဒီလိုမလုပ်ပါနဲ့၊ ခက်တောင်းပန်ပါတယ်၊ အဟင့် ဟင့် ကိုကို့...


သူမဆီက ဘယ်လိုစကားမျိုးကိုမှ ကိုကိုက အသိအမှတ်မပြုတော့ပါ။ သူ့စိတ် သူ့သဘောတစ်ခုတည်းနဲ့ သူသွားလိုရာခရီးကို ရောက်အောင်သွားနေတော့သည်။ 


"ဂျိမ်း.. ဒလိန်း... ဒလိန်း.. ဒိန်း..


မိုးခြိမ်းသံနှင့်အတူ သည်းထန်စွာ ရွာချလာသည့်မိုး။ ထိုမိုးနှင့်အပြိုင် ခက်ရဲ့မျက်ရည်တို့ကလဲ သွန်းဖြိုးလို့နေ၏။ ဒီအချိန်မှာတော့ ကိုကိုဟာ ခက်ရဲ့မျက်ရည်တို့ကို ဂရုမစိုက်သလို တန်ဖိုးလဲမထားတော့ပါ။


ခက်အတွက်ကတော့ အရာရာဟာ ကိုကို စီမံရာပါပဲ။


>>>>>>>>>><<<<<<<<<<


"သမီး ဘယ်လဲ''


အဝတ်အိတ်လေးဆွဲကာ အခန်းထဲကနေ ထွက်လာသည့် သူမကို အရေးတယူမေးလာသည့် ဒေါ်ထွေးအား ခပ်ယဲ့ယဲ့လေးပြုံးပြလိုက်ပြီး...


"မေမေနေမကောင်းလို့လေ၊ အဲ့ဒါ ခက် ဟိုအိမ်မှာခဏလောက်ပြန်နေမလို့''

"ဪ... ဟုတ်တာပေါ့၊ မေမေနေမကောင်းဘူးဆိုတော့ သမီးကပဲပြန်ပြီးပြုစုပေးရမှာပေါ့''


"ဟုတ်''

"ဒါနဲ့ အခုသွားတော့မှာလား၊ သားလိုက်ပို့မှာထင်တယ်''


ထိုစကားကြောင့် ခက် တံခါးပိတ်ထားသည့်အခန်းကို ပြန်လှည့်ကြည့်လိုက်၏။ သူနဲ့ဝေးရာကိုပြေးတာပဲ ဒေါ်ထွေးရယ်။ သူ့ကိုလိုက်ပို့ခိုင်းလို့ရပါ့မလား။ ပြီးတော့ သူကရော လိုက်ပို့မယ်ထင်လို့လား။


"ခက်ဟာခက်သွားမှာပါ''

"ဒါဆို ဒေါ်ထွေး ကိုမောင့်ကိုခေါ်ပေးမယ်လေ၊ သမီးခဏစောင့်''


"ရတယ် ဒေါ်ထွေး၊ ခက် taxiနဲ့ပဲသွားလိုက်မယ်''

"ရရဲ့လား''


"ဟုတ် ရပါတယ်''

"သမီးက ဘယ်လောက်ကြာအောင်နေမှာလဲ''


ဒီမေးခွန်းအတွက် ခက် မှာအဖြေမရှိပါ။ ခက်သဘော ခက်ဆန္ဒအတိုင်းသာဆိုရင် အပြီးပြန်မှာလို့ ေပြာဖြစ်မယ်ထင်ရဲ့။ သို့သော်လည်း....


"မေမေ့ကျန်းမာရေးအခြေအနေအရပေါ့''

"အေးပေါ့ အေးပေါ့''


"ဒါဆို ခက် သွားတော့မယ်၊ ကိုကိုနိုးရင်သာ ခက် ဟိုအိမ်မှာသွားနေမယ်ဆိုတာ ပြောပေးပါ''


အိပ်ပျော်နေသောသူ့ရဲ့နားထဲကို တိုးတိုးသဲ့သဲ့လေးဝင်လာသည့် အသံလေးကြောင့် ဂုဏ် လန့်ဖျတ်နိုးသွားရ၏။ 


"ဘာလဲ အိပ်မက်လား?''


ညကအဖြစ်အပျက်နှင့်အတူ သူ့အနားမှာရှိမနေတော့သည့် ပူတူးကြောင့် အိမ်မက်တော့မဖြစ်နိုင်တာ သေချာသည်။ ဒါဆို တကယ်လား။


ဟိုအိမ်မှာ သွားနေမယ်ဆိုတာ သေချာပေါက် ပူတူးရဲ့အသံစစ်စစ်။ မသဲကွဲပေမယ့် ဒီစကားကြောင့် ဂုဏ် အိပ်နေရာမှ ဆတ်ခနဲထထိုင်လိုက်စဥ်...


"သမီး ပြန်မှာကို သားကမသိဘူးလား?''

"သိပါတယ် ခက် ကိုကို့ကိုပြောပြီးသား''


"သားကလဲ ခွင့်ပြုတယ်ဆိုရင် ပြန်ပေါ့ကွယ်''

"ခွင့်ပြုမှာပါ၊ ခက် နောက်ကျနေမှာစိုးလို့ သွားတော့မယ်နော် ဒေါ်ထွေး''


လုံးဝကိုသေချာသွားသည့်နောက် ဂုဏ် ကုတင်ပေါ်ကနေလွှားခနဲဆင်းကာ အခန်းအပြင်ကိုပြေးထွက်လိုက်ပြီး...


"ကိုယ်ခွင့်မပြုဘူးနော် ပူတူး၊ မင်း ဘယ်ကိုမှမသွားရဘူး''


အခန်းထဲက ပြေးထွက်လာပြီး သမီးလက်ထဲကအဝတ်ထုပ်ကိုဆွဲယူလိုက်သည့် ဂုဏ်လေးကို ဒေါ်ထွေးအကဲခတ်သလိုကြည့်လိုက်ပြီးမှ...


"သမီးရဲ့မေမေနေမကောင်းလို့တဲ့''

"အဲ့ဒါကို ကျွန်တော်သိပါတယ်၊ အခု ပူတူးက အဲ့ဒါတစ်ခုတည်းကြောင့် ဟိုအိမ်ကိုသွားချင်နေတာမဟုတ်ဘူး၊ သူ ကျွန်တော်နဲ့ဝေးရာကိုပြေးဖို့ကြံနေတာဗျ''


"ဟေ..

"ပူတူး မင်းကို ကိုကို မနေ့ညကတည်းက တစ်ခါတည်းပြောထားပြီးသားနော်၊ ကိုယ်မသေမချင်း ကိုယ့်အနားကနေ ထွက်သွားခွင့်မရှိဘူး၊ 


"ကျွန်မက မေမေ့ဆီခဏပြန်တာပါ''

"မယုံဘူး''


"မယုံလဲမတတ်နိုင်ဘူး၊ မနေ့က မေမေမူးလဲသွားတယ်ဆိုတာ ရှင်သိတယ်မဟုတ်လား၊ အခုထိ မေမေ ကောင်းကောင်းမသက်သာသေးဘူး၊ သူ့အချိန်နဲ့သူ ဆေးထိုးဆေးသောက်လုပ်မှာမို့လို့  မေမေ့အနားမှာ တစ်ယောက်ယောက်ရှိနေမှဖြစ်မှာ၊ ဒါတွေကို ရှင်မသိဘူးမဟုတ်လား၊ ဘယ်သိပါ့မလဲ ရှင်က.. ကျစ်.. တော်ပါပြီ မပြောချင်တော့ပါဘူး''


စကားပြောဖို့ကိုပင် စိတ်မပါတော့သည့်ဟန်ရှိသည့် သမီးနဲ့ ညှိုးငယ်နေသည့်မျက်နှာလေးဖြင့် ဂုဏ်လေး။ ဒီအခြေအနေကိုကြည့်ရုံနဲ့ ရာသီဥတုမသာယာမှန်းသိတာကြောင့် ဒေါ်ထွေး ထိုအနားကနေ ရှောင်ထွက်ခဲ့လိုက်သည်။


"မနေ့က ကိုယ်တကယ်မသိလိုက်လို့ပါ''

"အခုပဲဖြစ်ဖြစ် သိတတ်ရင် ကျွန်မကိုမတားပါနဲ့၊ မေမေ့မှာ ကျွန်မကလွဲပြီး တခြားအားကိုးရမယ့်သူ မရှိပါဘူး၊ ရှင်တားလဲ ကျွန်မကတော့ သွားမှာပဲ''


"ခဏတဖြုတ်ဆိုရင် ကိုယ်မတားပါဘူးကွာ''

"မေမေနေမကောင်းပါဘူးဆိုတာကို ကျွန်မကခဏတဖြုတ်သွားစရာလား ကိုမျိုးရိုးဂုဏ်၊ ဒီနေရာမှာ ကျွန်မအမေမဟုတ်ဘဲ ရှင့်အမေသာဖြစ်နေရင် ရှင်ဒီလိုပြောမယ်မထင်ပါဘူး''


"ကိုယ့်မှာ ဒီလိုခဲွဲခြားတတ်တဲ့အတွေးမျိုးမရှိဘူး ပူတူး၊ ကိုယ်အခုပြောတာက မင်းကိုယ့်ကိုပစ်သွားဖို့်ကြံရွယ်နေတယ်ထင်လို့''


ပြေရာပြေကြောင်းပြောသော်လည်း တင်းမာနေဆဲဖြစ်နေသည့် မျက်နှာလှလှလေးကြောင့် ဂုဏ် သက်ပြင်းရှည်ကြီးချလိုက်ပြီး...


"ဒီလိုလုပ်ကွာ ကိုယ် အန်တီထားအတွက် နာ့စ်ငှားပေးမယ်''

"မလိုပါဘူး ခက်ဟာခက် မေမေ့ကိုပြုစုနိုင်တယ်''


"မင်းပင်ပန်းနေမှာစိုးလို့၊ ပြီးတော့ မင်းစာမေးပွဲလဲနီးနေပြီလေ''

"ရှင်ဘယ်လိုပြောပြော ခက်ကတော့သွားမှာပဲ၊ ကျွန်မအိတ်ပြန်ပေး''


သူ့လက်ထဲက အဝတ်အိတ်လေးကို လှမ်းယူရန်ပြင်လိုက်တော့ သူက အခန်းတံခါးကို ခြေထောက်နဲ့နောက်ပြန်ကန်ဖွင့်လိုက်ပြီး အဝတ်အိတ်ကိုအခန်းထဲပစ်ထည့်လိုက်၏။ ပြီးတာနဲ့ တံခါးကိုပြန်ဆွဲပိတ်ပစ်လိုက်ရင်း...


"မနေ့ကကိစ္စနဲ့ ကိုယ့်ကိုစိတ်ဆိုးသွားတယ်မလား''

"မဆိုးပါဘူး၊ ခက်လို ဖောက်ပြန်တတ်တဲ့မိန်းမကို ပါးရိုက်ပြီးဆုံးမသင့်တာပဲလေ၊ ရှင်မမှားပါဘူး''


"မင်းကိုရိုက်လိုက်တဲ့အတွက်တော့ ကိုယ် တကယ်တောင်းပန်ပါတယ်၊ အဲ့ဒီ်အတွက်ကိုယ့်ကိုစိတ်ဆိုးနေတာဆိုရင်လဲ မင်းစိတ်ပြေတဲ့အထိ ကိုယ်ချော့မယ်ကွာ၊ ဒါပေမယ့် တခြားကိစ္စကြောင့် စိတ်ဆိုးတယ်ဆိုရင်တော့...


ဆက်မပြောဘဲရပ်ပစ်လိုက်ပြီး ပူတူးရဲ့မျက်နှာကို အကဲခတ်ကြည့်လိုက်၏။ ပူတူးကလဲ သူ ဘာကိုဆိုလိုချင်မှန်း နားလည်သည်ထင်ပါရဲ့။ မျက်နှာတင်းတင်းလေးကိုမှ မျက်လွှာလေးချကာ ငြိမ်သက်နေလေသည်။  


"မင်းရဲ့တရားဝင်ခင်ပွန်းတစ်ယောက်အနေနဲ့ မင်းအပေါ်မှာကျူးလွန်မိခဲ့တာဟာ ပြစ်မှုတစ်ခုမှ မဟုတ်တာ ပူတူးရာ''


ဒီအကြောင်းတွေပြောနေမှာစိုးလို့ သူမနိုးခင်အစောကြီးထပြီး အိမ်ပြန်ဖို့လုပ်ထားသည့် သူမရဲ့အကြံက မအောင်မြင်ပါ။ သူပြောချင်တာကိုပဲ ပြောနေသည့်ကိုကို့ကြောင့် ခက် မျက်နှာပင်ပူလာ၏။


"လက်ထပ်ပဲွဲပြီးကတည်းက ကိုယ်တို့နှစ်ယောက်က တရားဝင်အကြင်လင်မယား၊ မင်းကိုချစ်ပြီး အလိုလိုက်ခဲ့လို့ လင်မယားအရာမမြောက်ခဲ့တာပဲရှိတယ် ဘာပဲဖြစ်ဖြစ်ကိုယ်က မင်းရဲ့ ကာမပိုင်ယောက်ျားပဲ၊ အဲ့ဒီ့အတွက်ကြောင့် ကိုယ်မင်းအပေါ် ကျူးလွန်ခဲ့တာကို မင်းစိတ်ဆိုးခွင့်မရှိဘူးလို့ ကိုယ်ထင်တယ်ကွာ၊ ပြီးတော့ မနေ့ကကိစ္စကို မင်း လက်မခံချင်လဲ လက်ခံရမှာပဲ''


"ရှင့်သဘောအတိုင်း ရှင် ကျွန်မကိုအနိုင်ယူပြီးသွားပြီမဟုတ်လား၊ ကျေးဇူးပြုပြီး ကျွန်မရှေ့မှာ ဒီအ​ကြောင်းတွေ မပြောပါနဲ့လား''


"မင်းစိတ်ကို ကိုယ်နားလည်ပါတယ်၊ မင်းသာ အခုလိုထွက်သွားဖို့လုပ်မနေခဲ့ဘူးဆိုရင် ကိုယ်လဲ ဒီအကြောင်းတွေပြောဖို့ အတွေးမရှိဘူး၊ အခု မင်းက...

"ခက်ပြောပြီးပြီပဲ၊ မေမေ့ဆီခဏပြန်တာပါဆို''


"ကိုယ်ပြန်ခွင့်ပြုတယ်၊ ဒါပေမယ့် ညအိပ်ညနေကြီးတော့ မလုပ်နဲ့ကွာ၊ ဒီလိုလုပ်...


နှုတ်ခမ်းကို လက်ဖြင့်ဖိပွတ်ရင်း စဥ်းစားနေသည့် ကိုကို့ကို ခက် မော့ကြည့်လိုက်ရင်းမှ...


"မေမေ သက်သာရင်ပြန်လာခဲ့ပါမယ်ဆို''

"မရဘူးလို့၊ ဒီလိုလုပ် အခု မင်းအန်တီ့ဆီသွားချင်တာမဟုတ်လား''


သူမေးလိုက်တော့ ဆတ်ခနဲ ခေါင်းငြိမ့်ပြသည့် ပူတူး။ နောက်ပြီး သူ့ဆီကထွက်လာမည့်အမိန့်ကို မျှော်လင့်တကြီးစောင့်မျှော်နေဟန်အပြည့်နဲ့မို့...


"ခဏစောင့် ကိုယ်လိုက်ပို့မယ်၊ ညနေလဲ ကိုယ်ပြန်လာကြိုမယ်၊ ကျောင်းကလဲသွားရဦးမယ်ဆိုတော့ အန်တီ့ကိုအနီးကပ်ပြုစုဖို့အတွက် ကိုယ် နာ့စ်တစ်ယောက်ငှားပေးထားမယ်လေ''

"နာ့စ်မရှိတဲ့အချိန် ညကြီးညတာဆိုရင်....


"အိုခေကွာ၊ dayရော nightရော နာ့စ်နှစ်ယောက်ခေါ်ပေးမယ်၊ မင်း ကျောင်းအားတဲ့အချိန်လဲ အန်တီ့အနားနေလို့ရတာပဲ၊ ဒီလောက်ပဲ ကိုယ်ခွင့်ပြုနိုင်မယ်၊ အဓိကက ကိုယ့်ကိုစိတ်ဆိုးပြီး ဟိုအိမ်မှာသွားနေဖို့ကြံစည်နေတဲ့ မင်းရဲ့အကြံ မအောင်မြင်ဖို့ပဲ''


သူ့စကားဆုံးတာနဲ့ သူ့ကိုခပ်စူးစူးလေးကြည့်ကာ ထွက်သွားလေတော့သည်။ ဒါက သူ့အမိန့်ကို မကျေနပ်ဘူးဆိုတဲ့သဘောပေါ့လေ။ 


မကျေနပ်လဲ မတတ်နိုင်ဘူး။ ကိုယ့်ကို စိတ်ဆိုးနေတယ်ဆိုတာကို သိပါလျက်နဲ့ ကိုယ်နဲ့အဝေးမှာနေခွင့်ပြုလိုက်ရင် သူ မိုက်မဲရာကျသွားမှာပေါ့။


ဘာပဲဖြစ်ဖြစ် ကိုယ့်အနားရှိတော့ ချော့တစ်ခါ ခြောက်တစ်လှည့်နဲ့ သူမလေးစိတ်ပြေစေဖို့ သူ ကြိုးစားလို့ရနိုင်သည်။ ဒါကလဲ သူ့အတွေးပါ။ တကယ်တမ်း သူမလေး စိတ်ပြေဖို့ကလဲ လွယ်တော့ မလွယ်လှပါဘူးလေ။ ကိုယ့်အပြစ်က နည်းတာမှမဟုတ်ဘဲ။


>>>>>>>>>><<<<<<<<<<


"ဂုဏ် နှင်းစက် ကနေဒါကို အပြီးသွားတော့မယ်''

"ဟင်..


အရင်းမရှိ အဖျားမရှိပြောချလာသည့် စကားကြောင့် လပ်တော့ပ်ကိုစိုက်ကြည့်နေသည့် သူ့အကြည့်တို့က နှင်းစက်ဆီရွေ့လျားသွားရ၏။


ဟုတ်ရဲ့လားလို့ ထပ်မေးစရာမလိုအောင် ခိုင်မာနေတာမို့ ဂုဏ် ခေါင်းငြိမ့်ကာ...


"အစစ အရာရာ အဆင်ပြေဖို့ပဲမျှော်လင့်ပါတယ်''

"မသွားပါနဲ့လို့တောင် မတားဘူးနော်''


"ကိုယ့်ဘဝနဲ့ကိုယ် ကိုယ့်လမ်း ကိုယ်လျှောက်နေကြတာပဲ၊ ဘာတားစရာရှိလဲ''

"ဘယ်အရာကိုမှ သံယောဇဥ်မထားတတ်တဲ့ နင့်အကျင့်က ဟိုးအရင်ကအတိုင်းပဲနော်''


"အဟွင်း.. နင်ထင်လို့ပါ၊ ငါ့မှာလဲ ဖြတ်ဖို့ခက်တဲ့သံယောဇဥ်လေးရှိနေတယ်''

"အဲ့ဒါ မိခက် ဟုတ်တယ်မလား''


"အွင်း...


အလုပ်လုပ်ရင်းကနေ ဖြေလိုက်သည့်''အွင်း''ဆိုတဲ့ စကားရဲ့နောက်က လေးနက်မှုတွေကို နှင်းစက် မြင်နေရသည်။ 


ဒီရက်ပိုင်းအတွင်း မိခက်ကလဲ အန်တီထားနေမကောင်းတာကြောင့် နှင်းဆီမြိုင်မှာပဲအနေများပြီး ဂုဏ်ကလဲ အကြောင်းမရှိ အကြောင်းရှာပြီးကို လိုက်လာတတ်သေး၏။ နောက်ပြီး ခပ်တင်းတင်းလေးဖြစ်နေသည့် မိခက်ရဲ့မျက်နှာလေးကို အရိပ်တကြည့်ကြည့်ဖြစ်နေပုံက မကြည့်ချင်မြင်လျက်သား။ သေချာတာတစ်ခုကတော့ မိခက်ကစိတ်ဆိုးနေပြီး ဂုဏ်က အချော့တော်ဖြစ်နေသည်။


"နင် မိခက်နဲ့ရန်ဖြစ်ထားတာလား''

"မဖြစ်ပါဘူး၊ ဘာလဲ ပူတူးက ငါနဲ့ရန်ဖြစ်ထားတယ်ပြောလို့လား''


"ဟင့်အင်း... နင်တို့ကိုကြည့်ရတာ တစ်မျိုးဖြစ်နေလို့''

"အဟွင်း... ကလေးက ငါ့ကိုစိတ်ကောက်နေလို့''


"နင်က ဘာသွားလုပ်လိုက်လို့လဲ''

"ဟင်... ငါမကြိုက်တာပြောလို့ ရိုက်လိုက်မိတာလေ၊ အဲ့ဒါနဲ့ စိတ်ဆိုးသွားတာ''


"ဘယ်သူကရိုက်တာလဲ''

"ငါက''


"ဘုရား ဘုရား၊ ငါနားကြားများလွဲသလားဟယ်၊ နင်က သူ့ကိုရိုက်တယ်ဆိုတော့လေ''


တအံ့တဩပြောလာပုံက တကယ့်ကို မယုံသည့်ပုံစံအပြည့်နှင့်။ 


"ကွာရှင်းပေးဖို့ပြောလို့ ငါစိတ်တိုပြီးရိုက်လိုက်တာ၊ ဒါ နင်ရှာခိုင်းတဲ့fileဟုတ်တယ်မလား တစ်ချက်စစ်ကြည့်ဦး''


လပ်တော့ပ်ကို နှင်းစက်ရှေ့ထိုးပေးလိုက်ပြီး သူကတော့ ဆိုဖာနောက်ကို ခေါင်းမှီချလိုက်၏။


နှင်းစက်နဲ့တစ်တွဲတွဲလုပ်နေတာကို ပူတူးမကြိုက်ဘူးဆိုတာကို သိပေမယ့် သူအလုပ်ဝင်ခဲ့သည့်ကုမ္ပဏီမှာ နှင်းစက်က အလုပ်ရသွားတာမို့ အားလုံးသင်ပြပေးနေရ၏။ ဒါကိုလဲ ပူတူးက ရိပ်မိသည်ထင်သည်။ တစ်နေကုန် နှင်းဆီမြိုင်နဲ့ ကျောင်းမှာပဲ အချိန်ကုန်နေတတ်ပြီး ပြန်လာပြီဆိုရင်လဲ သူ့ကိုစကားတစ်ခွန်းမှ မပြောဘဲ သူနဲ့ကင်းနိုင်သမျှ ကင်းအောင်ကို ခပ်ရှောင်ရှောင်လုပ်နေတော့သည်။ သို့ပေမယ့် သူ့မှာ မဆူရက် မငေါက်ရက် မထိရက် မကိုင်ရက်။ ကိုယ့်မှာလဲ သူမ မကြိုက်တာလုပ်မိထားတဲ့ အပြစ်တွေက နည်းတာမှ မဟုတ်ဘဲလေ။


"နှင်းစက်လိုချင်တဲ့ fileဟုတ်တယ်၊ emailကနေပို့ပေးမယ်မလား''

"......''


"ဂုဏ် နှင်းစက်ပြောနေတာ ကြားရဲ့လား''


သူ့လက်ကို ကိုင်လှုပ်လာသည့် နှင်းစက်ကြောင့် ဂုဏ် ဆိုဖာတွင်မတ်မတ်ပြင်ထိုင်လိုက်ပြီး...


"ဘာပြောလိုက်တာလဲ''

"ဒီfileကို emailကနေ ပို့ပေးလို့ပြောတာ''


"အင်း ပို့ပေးမယ်လေ၊ ဒါနဲ့ နင်က ဘယ်တော့သွားမှာလဲ''

"နောက်တစ်ပတ်ထဲသွားဖြစ်မယ်ထင်တယ်''


"ဪ...

"နှင်းစက်မသွားခင် နင့်ကို ပြောပြချင်တာ တစ်ခုရှိတယ်''


ဂုဏ် လပ်တော့ပ်ကို ပိတ်လိုက်ရင်းမှ နှင်းစက်ကိုပြန်လှည့်ကြည့်လိုက်တော့ သူမက မချိတချိလေးပြုံးကာ..


"အမှန်က နှင်းစက် အစကတည်းက ဝန်ခံချင်ခဲ့တာပါ၊ ဒါပေမယ့် နင့်ခွင့်လွှတ်ပေးပါ့မလားဆိုပြီး တွေးကြောက်နေလို့..

"ကွေပတ်ဝေ့ဝိုက် မနေနဲ့နှင်းစက်၊ ပြောစရာရှိတာကို မြန်မြန်ပြော ငါ့မှာအချိန်မရှိဘူး၊ ငါ ပူတူးကိုသွားခေါ်တော့မလို့''


"အေးပါ အခု နှင်းစက်ဝန်ခံချင်တာကလဲ မိခက်အပေါ်ကျူးလွန်မိခဲ့တာကိုပါ''

"ပူတူးကို မင်းဘာလုပ်ခဲ့တာလဲ နှင်းစက်''


ချက်ချင်းဆိုသလို တင်းမာသွားသည့် ဂုဏ့်ရဲ့လေသံကြောင့် နှင်းစက်ဆက်ပြောဖို့ပင် မရဲသလိုဖြစ်သွား၏။ သို့ပေမယ့် အရာရာကိုရှင်းလင်းပြီး စိတ်သန့်သန့်နဲ့သာ မြန်မာပြည်က ထွက်ချင်တာမို့...


"မိခက် လက်က ဒဏ်ရာက နှင်းစက်ကြောင့်ပါ''

"ဘာ...


"ဟုတ်တယ် နှင်းစက်ကြောင့်၊ မမခေတ် နေမကောင်းတာကို သွားတွေ့ရင်းနဲ့ အခုလိုဖြစ်သွားတာ''


နှင်းစက်ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောပြလိုက်တော့ ဂုဏ့်ရဲ့မျက်နှာက စူပုတ်တင်းမာသွား၏။ ဒါ့အပြင် သူမကိုကြည့်လာသည့် အကြည့်တို့ကလဲ စူးရှနေသေးသည်။


"အဲ့ဒီ့အတွက် နှင်းစက်တောင်းပန်ပါတယ်''

"ငါ့ကိုတောင်းပန်ရမှာမဟုတ်ဘူးကွ၊ မင်း တကယ်တောင်းပန်သင့်တာက ပူတူးကို''


"နှင်းစက်လဲ မိခက်ကိုတောင်းပန်ဖို့ ဆုံးဖြတ်ထားတာပါ၊ တောင်းလဲတောင်းပန်မှာပါ၊ ဒီအကြောင်းတွေကို နင်သိသွားရင် အရမ်းစိတ်ဆိုးမှာစိုးလို့ နှင်းစက် မပြောရဲခဲ့တာ၊ ဒါပေမယ့် နှင်းစက်အခုသွားမယ့်ခရီးက ခဏလေးမဟုတ်ဘူး ဟိုမှာအပြီးနေဖြစ်ဖို့များတယ်၊ အဲ့ဒါကြောင့် နှင်းစက် မှားခဲ့သမျှတွေကို တောင်းပန်သွားချင်တာ၊ တောင်းပန်တယ်ဆိုတာကလဲ နင်တို့ဆီက ခွင့်လွှတ်မှုကိုလိုချင်လို့မဟုတ်ဘူးနော်''


"ငါကရော ခွင့်လွှတ်မယ်ထင်သလား''

"နှင်းစက်သိပါတယ်၊ မိခက်က နှင်းစက် မတောင်းပန်ရင်တောင် နှင်းစက်ကိုခွင့်လွှတ်ပြီးသားပါ၊ အဓိကက နင့်ကိုတောင်းပန်သွားချင်တာ''


"မတောင်းပန်နဲ့ ငါ လုံးဝလက်မခံဘူး၊ မင်းသိထားဖို့တစ်ခုက ငါ့အတွက်ရန်သူဆိုတာ ပူတူးကိုနာကျင်အောင်လုပ်တဲ့သူပဲ နှင်းစက်၊ အခုမင်းကြောင့် ပူတူးက နာကျင်ခဲ့ရတာ၊ အဲ့ဒီ့အတွက် မင်းကိုငါ ခွင့်မလွှတ်ဘူး၊ နောက်ကို ငါနဲ့လာပြီးပတ်သတ်စရာလဲမလိုတော့ဘူး နှင်းစက်၊ ဒီအချိန်ကစပြီး မင်းဟာ ငါ တစ်ခါမှမသိဖူးတဲ့လူပဲ''


"ဂုဏ်...


ထင်ထားတာထက် ပိုပြီးတုံ့ပြန်မှုကြီးမားလွန်းတာကြောင့် နှင်းစက် မယုံနိုင်စွာ ဂုဏ့်ကိုခေါ်လိုက်တော့...


"မင်းနဲ့ပတ်သတ်တာ ငါနဲ့ပတ်သတ်တာတွေကို အချင်းချင်းလျစ်လျူရှု​​နေကြဖို့ပြောတာ၊ တစ်နည်းအားဖြင့် သူစိမ်းတွေပေါ့၊ မင်းလက်ခံမယ်လို့မျှော်လင့်ပါတယ်၊ လက်မခံဘဲ အတင်းလာပတ်သတ်ရင်တော့ မင်းဟာ ငါ့ရန်သူဖြစ်လာလိမ့်မယ် နှင်းစက်၊ ငါက ရန်သူဆိုရင် ဘယ်လိုဆက်ဆံတတ်သလဲဆိုတာ မင်းအသိဆုံးပါ'' 


သိတာပေါ့။ အနှစ်၂၀လောက် စိတ်ရှည်ရှည်နဲ့ အနွံတာခံပြီး နင့်အကြိုက်ကို လိုက်ခဲ့ရတဲ့သူပဲ နင့်အကြောင်းအားလုံးကို သိတာပေါ့။ အငြိုးအတေးကြီးလွန်းတဲ့နင့်အတွက် ရန်သူဆိုတာ တိရစ္ဆာန်တစ်ကောင်လောက်တောင် တန်ဖိုးမရှိတော့ဘူးဆိုတာလဲ ငါသိတယ်။ နင်နဲ့ပတ်သတ်တာအားလုံးကိုလဲ ငါသိတယ်။ မသိခဲ့တာတစ်ခုကတော့ ငါကိုယ်တိုင် နင့်ရဲ့ရန်သူဖြစ်လာမယ်ဆိုတာပဲ။


မျက်နှာချင်းဆိုင်မှာထိုင်ကာ သူ့အား တွေဝေမိန်းမောပြီးကြည့်နေသည့် နှင်းစက်ကို ခပ်စေ့စေ့ကြည့်၍...


"ပြန်တော့ နှင်းစက်၊ နင်လိုချင်တဲ့fileကို ငါ emailကနေပို့လိုက်မယ်၊ ဒါဟာ နင့်အတွက် ငါနောက်ဆုံးလုပ်ပေးတဲ့ အရာတစ်ခုပဲ၊ နောက်ကို ငါနဲ့လာမပတ်သတ်ပါနဲ့''


"ဂုဏ်ရယ်''

"ပြန်လိုက်တော့ မဟုတ်ရင် ငါဆွဲထုတ်ခိုင်းမှာ''


ေပြာပြီးသွားတာနဲ့ သူမကို တစ်ချက်ကလေးတောင် စောင်းငဲ့ကြည့်သွားခြင်းမရှိဘဲ ဧည့်ခန်းထဲကနေထွက်သွားသည့် ဂုဏ်ပါ။ 


ဒီအကြောင်းကိုပြောလိုက်ရင် ဒီလိုဖြစ်လာမယ်ဆိုတာကို ကြိုတွေးထားပေမယ့် တကယ်တမ်းလက်တွေ့မှာတော့ လက်သင့်မခံနိုင်ပါ။ 


သို့ပေမယ့် ဘာများတတ်နိုင်ဦးမှာလဲ?။ 

တရားခံဟာ အမိန့်ချသွားသည့် တရားသူကြီးကို မတရားဘူးလို့ ပြောပိုင်ခွင့်မှမရှိဘဲလေ။


>>>>>>>>>><<<<<<<<<<


အားပေးတဲ့ အသဲတွေအားလုံးကို ကျေးဇူးတင်ပါတယ်😘😘


အမှားပါသွားရင် ချစ်တဲ့စိတ်နဲ့ ဝေဖန်ပေးပါ☺☺


အပိုင်း (၄၂)မျှော်


စာရေးသူ-Merida(Tulip)


rate now: