🎗🎗 နှောင်ကြိုး 🎗🎗
~~~~~~~~~~
"သမီးပန်းကန် ဒေါ်ထွေးကိုပေး၊ ဒေါ်ထွေးလုပ်ပေးမယ်''
"ဟီး.. ဟုတ်''
ညာဘက်လက်က ဒဏ်ရာနဲ့မို့ ဘယ်ဘက်လက်တစ်ဖက်တည်းနဲ့သာ လှုပ်ရှားနေရသည့် ခက်။ သူမ စားချင်တယ်ပြောထားလို့ ဒေါ်ထွေးလုပ်ပေးထားသည့် နန်းကြီးသုပ်ကို မသန်တဲ့ဘယ်လက်နဲ့ နှယ်နေရတာကြောင့် ခက်ခဲနေ၏။ ဒါကို ဂုဏ်က နေနိုင်စွာပင် စိုက်ကြည့်နေပေမယ့် မနေနိုင်သူ ဒေါ်ထွေးက အလိုက်တသိ လုပ်ပေးလာတာမို့ ခက် ပြုံးပြလိုက်၏။
"သား... ဘာလို့မစားတာလဲ၊ နန်းကြီးသုပ် မကြိုက်ဘူးလား''
"မဟုတ်ပါဘူး ကြိုက်ပါတယ်''
"ဒါဆိုလဲ စားလေ သားရယ်၊ မသိပါဘူး သားက ငူငူကြီးထိုင်နေတော့ မကြိုက်လို့များလားလို့''
"ကိုကိုက မနက်အိပ်ယာထကတည်းက ဒီလိုကြီးဖြစ်နေတာ ဒေါ်ထွေးရဲ့၊ နေမကောင်းဘူးလားမေးတော့လဲ မဟုတ်ဘူးတဲ့''
ဒေါ်ထွေးပြန်ပေးလာသည့် အသုပ်ပန်းကန်ကို ယူလိုက်ရင်း ခက် ပြောလိုက်တော့ ဒေါ်ထွေးက ကိုကို့ကို တစ်ချက်ပြန်ကြည့်ကာ...
"သား နေမကောင်းဘူးလား?''
"ကောင်းပါတယ်''
"တွေ့လား တွေ့လား၊ နေမကောင်းတာလဲမဟုတ်ဘဲနဲ့ စူပုတ်နေတာ၊ မသိရင် တစ်ယောက်ယောက်ကို မကျေနပ်တဲ့အတိုင်းပဲ''
ဟုတ်တယ်။ မင်းကို မကျေမနပ်ဖြစ်နေတာ ပူတူးရေ။ ဒီစကားကို ဂုဏ် စိတ်ထဲကနေသာ ပြောဖြစ်သည်။ မနေ့ညက ဂူးဂူးပြောတဲ့ သူမလေးကျောင်းပျက်တာ ၄ရက်ရှိပြီဆိုတဲ့စကားက သူ့ကို အခုလို မှိုင်နေစေတယ်ဆိုတာ သူမလေးကဖြင့်မသိ။ မေးလိုက်ပြန်ရင်လဲ မဟုတ်ဘူးဆိုပြီး ဘူးခံငြင်းနေဦးမှာ သေချာတာမို့...
"ဒီနေ့ ကျောင်းသွားမှာသေချာလား ပူတူး''
"ကိုကိုပဲ သွားဆို''
"ကိုယ်က ကျောင်းကိုသွားခိုင်းတာ''
"အွန်းေလ..ခက်ကလဲ ကျောင်းကိုသွားမှာလေ''
"ေသချာလို့လား?''
"ဟော... မသေချာရအောင် ခက်က တခြားဘယ်ကိုသွားစရာရှိလို့လဲ''
"ရှိနေမလား ကိုယ်မှမသိနိုင်တာ''
"ဟင်...
ကြည့်။ သူ ဒီစကားပြောလိုက်တာနဲ့ တစ်လျှောက်လုံးမုန့်စားရင်းပြောနေသည့် ပူတူးက သူ့ကို မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် မလုံမလဲကြည့်လာ၏။ ဒါကိုက မရိုးသားတာပဲ။
"ပူတူး မင်း ကိုယ်မသိအောင် တစ်ခုခုလုပ်ထားတယ် ဟုတ်တယ်မလား''
"မ.. မလုပ်ပါဘူး ခက်က ဘာလုပ်ရမှာလဲ၊ ဟင့်အင်း ဘာမှမလုပ်ထားပါဘူး''
ကိုကို့ကိုကြည့်ရတာ တစ်ခုခုကိုသိနေသည့်အတိုင်း။ မဟုတ်မှ.. ခက် ဟိုအိမ်သွားနေတာကို သိများသိသွားသလား။ ဒီလိုလဲ မဖြစ်နိုင်ပါဘူး။ ဒီအကြောင်းကို ခက်နဲ့မမရယ် မလေးရယ်ကလွဲရင် ဘယ်သူသိတာမှတ်လို့။
"ကိုကိုက ခက်ကို ဘာလို့ ဒီလိုမေးတာလဲဟင်''
"ကိုယ်က ဒီအတိုင်းပဲ မေးလိုက်တာပါ၊ ဘာလို့လဲ မမေးရဘူးလား''
"မေးလို့ရပါတယ်၊ ခက်က ကိုကို မသိအောင် ဘာမှလုပ်ထားတာမရှိဘူး''
"ဒါဆိုလဲ ပြီးတာပဲလေ၊ စားလို့ပြီးရင် ထ ကိုယ်ကျောင်းလိုက်ပို့မယ်''
"ဟုတ်''
ပုံမှန်အနေအထားမဟုတ်တဲ့ ကိုကို့ကြောင့် ခက် စားလို့မပြီးသေးခင် ထလိုက်သည်။ ဘာဖြစ်နေမှန်းခန့်မှန်းလို့မရအောင် တည်တင်းနေသည့် ကိုကိုကလဲ ခက်ကို မမှိတ်မသုန်စိုက်ကြည့်နေတာမို့ ခက် အပေါ်ထပ်ကို လက်ညှိုးလေးထိုးလိုက်ပြီး...
"ခက် လွယ်အိတ်သွားယူလိုက်ဦးမယ်နော် ကိုကို''
"အွန်း...
ဒါပါပဲ။ အွန်းဆိုပြီး တစ်လုံးတည်းသာပြောကာ ဆတ်ခနဲထရပ်ပြီး အိမ်ရှေ့ထွက်သွားသည့် ကိုကို။
>>ဘာအမှားလုပ်မိလို့ပါလိမ့်<<
ကိုယ်က အပြစ်ရှိသူမို့ မလုံမလဲကျန်ခဲ့ရသည်။
>>>>>>>>>><<<<<<<<<<
ဂုဏ် ပုံမှန်လုပ်နေကျအတိုင်း ပူတူးကို ကျောင်းလိုက်ပို့ပြီး ကားကို ကျောင်းရှေ့ကနေ မောင်းထွက်လာခဲ့လိုက်သည်။ သို့ပေမယ့် အရင်နေ့တွေကလို အိမ်ပြန်လာခြင်းတော့မဟုတ်။
သူမသိအောင် ပူတူး တစ်ခုခုလုပ်နေတယ်ဆိုတာ သေချာနေတာမို့ သူ ဒီအတိုင်း ကျော်မသွားနိုင်ပါ။ ဒါ့ကြောင့် ကားကို ပူတူးမမြင်နိုင်တဲ့ ကျောင်းနဲ့နည်းနည်းလှမ်းတဲ့နေရာမှာ ရပ်ကာ အခုထိ ကျောင်းထဲမဝင်သေးပဲ ရပ်နေသေးသည့်ပူတူးကို နောက်ကြည့်မှန်ကနေတစ်ဆင့် သူစောင့်ကြည့်နေလိုက်သည်။
အရင်နေ့တွေကလဲ သူ့ ကားလှည့်ပြန်သွားရင် သူမလေး ဒီလို ရပ်ေနတာပဲလား။
ဂုဏ် သူမကို မျက်တောင်မခတ်တမ်း စောင့်ကြည့်နေစဥ် ကားတစ်စီးက သူမရှေ့တွင် လာရပ်တာကိုမြင်လိုက်၏။ နောက် ပူတူးက ထိုကားပေါ် အလွယ်တကူပဲ တက်လိုက်သွားသည်။
"ဒါ မေမေ့ကားပဲ''
ဟုတ်ပါသည်။ မေမေ့ကားမှ မေမေ့ကားအစစ်။ ဒါဆို ပူတူးက ကျောင်းမသွားဘဲ မေမေ့ဆီသွားသွားနေတာလား။
အဲ့ဒီ့အိမ်မှာ မလေးရှိနေတာကြောင့် ပူတူး အဲ့ဒီ့အိမ်သွားတာကို သူ မနှစ်မြို့ပေမယ့် သူထင်ထားသလို တခြားတစ်ယောက်နဲ့လျှောက်သွားနေတာမျိုး မဟုတ်၍ စိတ်သက်သာရာရတာတော့အမှန်။
"နေပါဦး အိမ်မှ မေမေမှမရှိတာကို ဘာကိစ္စနဲ့ အဲ့ဒီ့အိမ်ကို သွားတာလဲ''
ဒီမေးခွန်းရဲ့အဖြေကို သိရဖို့က သူပါ အဲ့ဒီ့အိမ်ကို လိုက်သွားမှဖြစ်မှာမို့ ပူတူးတို့ကားနောက်ကနေ သူ လိုက်သွားလိုက်သည်။
>>>>>>>>>><<<<<<<<<<
"မစန်း.. မစန်းရေ.. ဒီကို ခဏလောက်လာခဲ့စမ်းပါဦး၊ မစန်း!!!
အိမ်ထဲဝင်ဝင်ချင်း အပေါ်ထပ်ကနေ လှိုဏ်ထွက်လာသည့် မလေးအသံက စူးရဲစွာ။ တစ်ခုခုခိုင်းချင်နေပုံရတာကြောင့် ခက် အပေါ်ထပ်ကိုပြေးသွားဖို့ ပြင်လိုက်စဥ် မီးဖိုခန်းထဲမှ ပြေးထွက်လာသည့် စန်းစန်းနှင့်ဆုံ၏။
"မမလေး လာတယ်''
"ဟုတ်တယ် အစ်မ၊ ခက် မနေ့က နေမကောင်းလို့ မလာလိုက်တာ''
"ဟုတ်လား၊ မမလေးက မနေ့က မမလေးကို မျှော်နေတာ''
ခက်နဲ့ မလေးကို အခေါ်အဝေါ်တူနေသည့် စန်းစန်းကြောင့် မမလေးချင်းရှုပ်ယှက်ခတ်နေတတ်သည်။
"မလေးက ခက်ကို မျှော်နေတယ် ဟုတ်လား အစ်မ''
"ဟုတ်တယ် မမလေးရဲ့၊ တစ်ချိန်လုံး ခြံပေါက်ဝကို လှမ်းလှမ်းကြည့်နေတာလေ၊ ဒီနေ့လဲ...
"မစန်းရေ... မစန်း..
"အယ်.. ခေါ်နေပြီ၊ ခဏနော် မမလေး''
"ခက် သွားလိုက်မယ်လေ အစ်မ''
"ဟို.. ရတယ် ရတယ်၊ စန်းစန်းကိုခေါ်နေတာဆိုတော့ တော်ကြာ မမလေးတက်သွားရင် စန်းစန်းကိုဆူနေပါ့မယ်၊ စန်းစန်းပဲသွားလိုက်မယ်''
ပြောပြော ပြေးပြေးနဲ့ စန်းစန်းက လှေကားကိုပြေးတက်သွားသည်။ လှေကားအလယ်လောက်ရောက်မှ ခက်ကို ပြန်လှည့်ကြည့်ကာ...
"မမလေး ဟိုလေ ကန်တော့နော်၊ စန်းစန်း မီးဖိုပေါ်မှာ ငါးကြော်လက်စကြီးမို့ ခဏလောက် ကြည့်ပေးပါလား၊ မမလေးက စားချင်တယ်ပြောထားလို့ တော်ကြာ တူးသွားမှာလဲစိုးလို့''
"ဪ.. ဟုတ် ရပါတယ်၊ ခက် ကြည့်ထားလိုက်မယ်''
"ကျေးဇူးပါ မမလေးရယ်၊ အိုးထဲက ငါးကြော်တွေကို ဆယ်ထားပေးရင်ရပြီ မမလေး၊ ကျန်တာက စန်းစန်းပြန်လာမှ ကြော်လိုက်မယ်''
ခက် ခေါင်းသာငြိမ့်ပြလိုက်သည်။ ထို့နောက် မီးဖိုခန်းဘက်ကို ဝင်သွားလိုက်ပြီး ကြော်လက်စဟင်းအိုးနားကို သွားရပ်လိုက်သည်။
အိုးထဲမှာရှိတဲ့ ငါးကြော်တွေက နီရဲကြွရွနေတာကြောင့် ဒယ်အိုးခလုတ်ကို ပိတ်လိုက်ပြီး ယောင်းမလေးဖြင့် ပန်းကန်တစ်ခုထဲ ဆယ်ယူလိုက်သည်။ အဲ့ဒီ့နောက် စားပွဲပေါ်မှာတင်ထားသည့် ပန်းကန်ထဲက မကြော်ရသေးသော ငါးတွေကိုကြည့်လိုက်ပြီး...
"ဒါတွေပါ ကြော်ထားပေးလိုက်မယ်၊ ခက်ခဲတာမှမဟုတ်တာပဲ''
ဒီလိုတွေးကာ ဒယ်အိုးခလုတ်ကိုပြန်ဖွင့်လိုက်၏။ခက် ငါးမကြော်ဖူးပေမယ့် မေမေကြော်တာကိုတော့ မြင်ဖူးပါသည်။ မြင်ဖူးနေကျအတိုင်း ဒယ်အိုးထဲက ဆီတွေ ဆူပွက်လာတာနဲ့ ပန်းကန်ထဲက ငါးတစ်တုံးကိုယူကာ အိုးထဲပစ်ထည့်လိုက်၏။
"ရှဲ...ဖြောင်း...
"အာ့.. မေမေ့..
ငါးမှာ ရေတွေပါနေတာရယ် ပစ်ထည့်လိုက်တဲ့အရှိန်ရယ်ကြောင့် ဆီတွေက ဖြောင်းခနဲနေအောင် စင်ထွက်လာပြီး ခက်ကို ထိကုန်၏။ ခက် ပန်းကန်လေးကို ကိုင်ကာ နောက်ဆုတ်ရပ်လိုက်ပြီး ခဏနေတော့ ဆိီစင်တာ ရပ်သွားသည်။
ဒါ့ကြောင့် နောက်ထပ်ငါးတစ်တုံးကို အိုးထဲပစ်ထည့်လိုက်တော့ နောက်တစ်ခါ ဆီစင်လာပြန်သည်။
"အာ့.. ပူလိုက်တာ.. ကျစ်..
ဆီစင်လိုက် ခက် နောက်ကိုလှည့်ပြေးလိုက်နဲ့ အလုပ်များနေရသည်။ ဒီနေ့မှ ခက်ကလဲ လက်ရှည်ဝတ်မလာမိတာကြောင့် လက်မှာ ဆီစင်ပြီး အနီကွက်လေးတွေပင်ထလာသည်။
နောက်ဆုံး စိတ်မရှည်တော့တာမို့ ခက် ပန်းကန်ထဲမှာရှိသည့် ငါးတွေအားလုံးကို အိုးထဲမှောက်ထည့်ပစ်လိုက်သည်။ ဆီပူလွန်းနေတာရယ် ပန်းကန်ထဲမှာရေတွေပါနေတယ်ရယ် ရောကာ ဆီတွေတဖြောင်းဖြောင်းစင်လာသည့်အပြင် ပလပ်ထိုးထားတဲ့ မီးခုံထဲမှ မီးထတောက်လာတာကြောင့် ခက် လန့်ဖျတ်သွားကာ ကြောင်ကြည့်နေမိသည်။
"ဖြောင်း..
"အား...
အသိလွတ်နေချိန် အိုးထဲမှ ဆီတွေဖြောင်းခနဲစင်ကာ ခက်ကို စင်လာတော့မှ ခက် အော်လိုက်မိ၏။
"ဟင်.. ပူတူး..
ပူတူးကို အောက်ထပ်မှာ မမြင်တာမို့ အပေါ်ထပ်ကို တက်ရှာဖို့ပြင်လိုက်သည့် သူ့ခြေလှမ်းတွေက မီးဖိုခန်းဘက်က ထွက်လာသည့်အသံကြောင့် ဦးတည်ရာပြောင်းကာ မီးဖိုခန်းထဲပြေးဝင်လိုက်သည်။
"ပူတူး.. ဟာ..
မီးဖိုခန်းထဲရောက်တာနဲ့ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဂုဏ် ထိတ်လန့်သွားရသည်။
မီးထတောက်နေသည့် မီးခုံနဲ့ ဆီတွေတဖြောင်းဖြောင်းစင်နေသည့် ဟင်းအိုး။ အားလုံးထဲကမှ သူ အစိုးရိမ်ရဆုံးက ထိုအရာတွေကို မျက်လုံးဝိုင်းလေးဖြင့် မှင်သက်ကြည့်နေသည့် သူ့ရဲ့ပူတူး။
"ပူတူး.. လာခဲ့..
"ကိုကို''
ဂုဏ် ပူတူးကို အပြင်ဆွဲထုတ်ပစ်ကာ သူကတော့ မိန်းတွေကိုချပစ်လိုက်ပြီး ဇလုံတစ်လုံးဖြင့် ဘေစင်မှရေခပ်ကာ မီးလောင်နေသည့် ပလပ်ခုံကို ပက်ပစ်လိုက်သည်။ နောက်ပြီး ဆီတွေစင်နေသည့် ဟင်းအိုးကို အဖုံးရှာပြီးအုပ်ထားခဲ့ပြီးမှ အပြင်ကိုပြန်ထွက်ကာ ပူတူးကိုပြန်ကြည့်ရ၏။
"ပူတူး.. ပူတူး.. ဘယ်နားထိခိုက်မိသေးလဲ''
ပူတူးရဲ့တစ်ကိုယ်လုံးကို သူဝေ့ကြည့်ပြီးမေးနေပေမယ့် အခုထိ အသိကပ်သေးပုံမရသည့် ပူတူးကြောင့် ပုခုံးနှစ်ဖက်မှ ကိုင်လှုပ်ပစ်လိုက်ပြီး..
"ပူတူးလို့... ဟေ့ ဒီမှာ ကိုယ်မေးနေတာ ဖြေစမ်း၊ ပူတူး...
"ဟင် ကိုကို''
"ဘယ်နားထိခိုက်မိသေးလဲ''
"မီး.. မီးတွေလောင်နေတယ် ကိုကို၊ လုပ်ပါဦး..
"ကိုယ် ငြှိမ်းခဲ့ပြီးပြီ၊ ဘာမှမဖြစ်တော့ဘူး''
"ဟင်.. ဟုတ်လား''
"အွန်း... တစ်နေရာရာ ထိခိုက်မိသေးလား ပူတူး''
ထိုအခါမှ ခက် ကိုယ့်ကိုကိုယ် ပြန်ကြည့်မိသည်။ လက်နှစ်ဖက်လုံးမှာ ဆီစင်ကာ အပူလောင်သွားသည့် အနီကွက်တွေ။ ဒါ့အပြင် မျက်နှာမှာပါ ပူစပ်စပ်ဖြစ်နေသေးတာကြောင့်...
"ကိုကို ခက် မျက်နှာမှာ အနီကွက်တွေထနေလားဟင်''
"ဘာဖြစ်လို့ထ... ဟာ.. ဟုတ်တယ် ပူတူး၊ အနီကွက်လေးတွေ၊ ဘာဖြစ်တာလဲ မဟုတ်မှ ခုနကဆီစင်တာလား?''
"အဟင့်.. ဟုတ်တယ်၊ ဒီမှာ ကြည့်ပါဦး ခက်ရဲ့လက်တွေမှာရော...
ဟုတ်ပါရဲ့၊ သူမရဲ့ လက်ဖြူဖြူနုနုလေးများတွင် အထင်းသားပေါ်နေသည့် အနီကွက်လေးတွေ။ ဒဏ်ရာတွေက သိပ်များတာမျိုး မဟုတ်ပေမယ့် ဂုဏ့်မှာ မထိရက် မကိုင်ရက်။ နောက်ပြီး ဆီပူစင်ထားတာမို့ ပူစပ်နေပုံရသည့် ပူတူးကလဲ ငိုမဲ့မဲ့လေး။
"ဘာဖြစ်ကြတာလဲ''
အသံကြောင့် ဂုဏ်လှည့်ကြည့်လိုက်တော့ စန်းစန်းနဲ့အတူ တွဲဆင်းလာသည့် မလေး။
"ခုနက သစ်ခက်လေးအသံကြားလိုက်လို့၊ ဘာဖြစ်တာလဲ''
"ဘာဖြစ်တာလဲ ဟုတ်လား၊ ဒီမှာ မလေးကို ကျွန်တော်သည်းခံနေတာ ကြာပြီ၊ ဘာကိစ္စနဲ့ ပူတူးကို ဒီလောက်ငြိုးပြီး အနိုင်ကျင့်နေတာလဲ''
"ဘယ်လို..
"ကိုကို့..
သူ့လက်ကိုလာဆွဲပြီး ဆက်မပြောဖို့ ခေါင်းလေးရမ်းပြနေသည့် ပူတူးကို သူလျစ်လျူရှုကာ ဘာမှနားမလည်သည့်ပုံစံဖြင့် သူ့ကိုစိုက်ကြည့်နေသည့် မလေးကို မျက်ခုံးပင့်ကြည့်လိုက်ပြီး...
"ငါ အကြီးပဲဆိုပြီး မလေး အနိုင်ကျင့်ချင်တိုင်း ကျင့်ရအောင်ကလဲ ပူတူးက မလေးထက်စာရင် အရမ်းငယ်လွန်းတယ်၊ ဘာလို့ ဒီကလေးကိုမှ ဒီလောက်ငြိုးနေတာလဲ''
"ဂုဏ်လေး မင်း ဘာပြောချင်တာလဲ၊ မလေးက သစ်ခက်လေးကို ဘာလုပ်နေလို့လဲ''
"ဘာလုပ်နေလဲဆိုတာ ကျွန်တော် ထပ်ပြောပြဖို့လိုမယ်မထင်ပါဘူး၊ ဒီအချိန်ကျောင်းမှာရှိနေရမယ့် ကလေးကို ကျွန်တော်မသိအောင် ဒီအိမ်ကိုခေါ်ထားကတည်းက မလေး ဘာလုပ်နေတယ်ဆိုတာ ကျွန်တော်သိတယ်''
"ကိုကို.. အဲ့လိုမဟုတ်ပါဘူး၊ ခက် ရှင်းပြမယ်နော်''
"မင်းအသာနေ ပူတူး၊ မင်းကိုလဲ ကိုယ်မကျေနပ်ဘူး''
မလေးကို ရန်လုပ်နေရင်းကနေ ခက်ကိုပြန်ပြီးကြည့်လာသည့် ကိုကို့အကြည့်တွေက မီးတောက်မတတ် စူးရဲနေ၏။ တကယ့်ကို ဒေါသထွက်နေတဲ့ပုံမို့ ခက် ဘာမှထပ်မပြောရဲတော့ဘဲ ရှိကာ ငြိမ်နေလိုက်သည်။
"မလေးကို ကျွန်တော်ပြောထားပြီးသား၊ ပူတူးကို လက်မခံနိုင်ရင် ပူတူးနဲ့ဝေးဝေးနေလို့၊ မလေး ပူတူးကိုမကြည်မှန်းသိလို့ ကျွန်တော် ပူတူးကို မလေးနဲ့ဝေးအောင် ထားထားတာပါ၊ ဒါကို ဘာလို့ တကူးတကခေါ်ပြီး နှိပ်စက်ရတာလဲ?''
"မဟုတ်ဘူး ဂုဏ်၊ မင်းထင်သလို မင်းမိန်းမကို ငါနှိပ်စက်နေတာမဟုတ်ဘူး''
"ဒါဆို ဒါတွေက ဘာလဲ''
ပတ်တီးစည်းထားသည့် နွေသစ်ခက်ရဲ့လက်ကို လက်ညှိုးထိုးပြီး မေးလာသည့် ဂုဏ့်ကြောင့် ခေတ် ဆွံ့အသွားရ၏။
"မချစ်လို့ မုန်းလို့ဆိုပြီး အနိုင်ကျင့်နှိပ်စက်နေရအောင် မလေးနဲ့ ပူတူးက သူစိမ်းတွေလား၊ အခုချိန်ထိ ပူတူးကို သူစိမ်းလို့တွေးထားသေးတယ်ဆိုရင် ကျွန်တော့်ကိုပါ သူစိမ်းလို့ တွေးလိုက်တော့ မလေး၊ ကျွန်တော်ချစ်လို့လက်ထပ်ထားတဲ့ မိန်းကလေးကို မချစ်နိုင်တဲ့ မလေးကို ကျွန်တော်လဲ နားလည်မပေးနိုင်တော့ဘူး၊ နောက်ပြီး ပူတူးကိုအနိုင်ကျင့်တာက ကျွန်တော့်ကို အနိုင်ကျင့်တာနဲ့ အတူတူပဲမို့လို့ မလေးကို ကျွန်တော်ခွင့်မလွှတ်ဘူး''
"မဟုတ်ဘူး ဂုဏ်''
"နောက်ကို ဘယ်လိုအကြောင်းပဲရှိရှိ ပူတူးနဲ့လာမပတ်သတ်ပါနဲ့၊ လာ ပူတူး..
ဘာတစ်ခုမှ ဖြေရှင်းခွင့်မရလိုက်ခင်မှာပဲ ဂုဏ်က သစ်ခက်လေးရဲ့လက်ကိုဆွဲကာ ထွက်သွားသည်။ သူ့မိန်းမလက်က ပတ်တီးကိုသာမြင်ပြီး အစ်မဖြစ်သူရဲ့လက်က ပတ်တီးကိုတော့ မြင်သွားပုံမရသည့် မောင်ဖြစ်သူကို စိတ်လဲမဆိုးနိုင်ပါ။
"မမလေး''
"ဟင်...
"အကိုလေး စိတ်ဆိုးသွားတာ စန်းစန်းကြောင့်ထင်တယ်''
"ညည်းနဲ့ ဘာဆိုင်လို့လဲ စန်းစန်းရဲ့''
"ခုနက မမလေးက စန်းစန်းကိုခေါ်တော့ စန်းစန်းက ငါးကြော်လက်စကြီးနဲ့၊ အဲ့ဒါ မမလေးကို အဲ့ငါးကြော်အိုးကြည့်ပေးဖို့ ထားခဲ့လိုက်မိတယ်''
"အဲ့ဒါနဲ့ ဂုဏ်က ဘာလို့စိတ်ဆိုးရတာလဲ''
"ဟိုလေ... ခုနက မမလေးရဲ့လက်တွေမှာ ဆီစင်ထားသလို အနီစက်လေးတွေ အများကြီးတွေ့လိုက်တယ်''
"ဟင်... ဟုတ်လား...
ခေတ် မမြင်လိုက်မိပါ။ ဟိုနေ့က ပန်းကန်ကွဲစူးသွားသည့် ဒဏ်ရာကိုသာ သူမသတိထားမိလိုက်သည်လေ။ ဒီဒဏ်ရာကြောင့်ပဲ ဂုဏ်လေး စိတ်ဆိုးသွားတယ်လို့ ထင်ခဲ့တာ။ အခုတော့ တစ်နာမပျောက်ခင် နောက်တစ်နာပေါ်သလိုဖြစ်သွားတော့... ဟင်း..
"ဘာလို့များ ညည်းက ကလေးကို ဒါတွေခိုင်းခဲ့တာလဲ မစန်းရယ်''
"စန်းစန်း မှားပါတယ် မမလေး''
"အေး ညည်းက ဒီလိုလေးပြောလိုက်ရုံနဲ့ပြီးတယ်၊ ငါ့မှာက ဘယ်လိုတောင်လုပ်ရပါ့မလဲမသိဘူး''
ညည်းညူမိတာက ဂုဏ်လေးအကြောင်းသိလို့ပါ။ အခုကိစ္စတွေမပါဘဲနဲ့တောင် ဂုဏ်လေးက သူမကို သူ့မိန်းမနားကပ်တာ ကြိုက်တာမဟုတ်ဘူး။ အခုလောက်ထိ ဖြစ်သွားပြီဆိုရင်တော့ ဟင်း... ခေတ်သစ်ဂုဏ်ရေ ညည်းတော့ ဆွေခန်းမျိုးခန်းပြတ်တော့မယ်ထင်ပါရဲ့။
>>>>>>>>>><<<<<<<<<<
"ဘယ်နေရာတွေကျန်သေးလဲ သမီး''
"ဟင့်အင်း.. မကျန်တော့ဘူး ဒေါ်ထွေး''
ဆီစင်လာသည့် နေရာတွေကို သေသေချာချာ ဆေးလိမ်းပေးနေသည့် ေဒါ်ထွေးကို ခက် ဖြေလိုက်ရင်း အခုထိ ခက်ကို ဒေါသတကြီးကြည့်နေသည့် ကိုကို့ကို ခိုးကြည့်လိုက်၏။
"ဒေါ်ထွေး လုပ်စရာရှိတာ သွားလုပ်ပါ''
"အင်း အင်း၊ သားတို့ ရန်မဖြစ်ကြနဲ့နော်''
ပုံမှန်မျက်နှာထားထက် နှစ်ဆလောက်တင်းမာနေတာမို့ သတိပေးလိုက်ပေမယ့် ဂုဏ်က ပြီးစလွယ် ခေါင်းတစ်ချက်သာငြိမ့်ပြ၏။ ဒါ့ထက်ပိုပြီး သတိပေးရအောင်ကလဲ ကိုယ့်အဆင့်က အလုပ်သမားအဆင့်ဆိုတော့ သက်ပြင်းလေးသာချကာ အခန်းထဲမှ ထွက်လာခဲ့သည်။
"မင်းကို ကိုယ် ဘာပြောထားလဲ ပူတူး''
ဒေါ်ထွေး အခန်းအပြင်ရောက်ရုံရှိသေး ဒေါသတကြီး ထွက်လာသည့် ဂုဏ်လေးရဲ့အသံက ဟိန်းခနဲ။
"ပြောစမ်း မင်းကို ကိုယ် ဘာပြောထားလဲ''
"ခက်... ခက် မှားပါတယ်''
"မှားတယ် မှားတယ်ဟုတ်လား''
"တကယ်က မလေးနေမကောင်းလို့ ခက် သွားပြီးပြုစုပေးတာပါ''
"ကိုယ့်ကို မင်းခွင့်တောင်းသလား''
ထပ်မေးလာသည့် ကိုကို့ကို ခက် ကုတင်ပေါ်ထိုင်နေလျက်ကနေမော့ကြည့်လိုက်သည်။ ရှေ့တည့်တည့်မှာ ခါးထောက်ရပ်နေပြီး ခက်ကို စားမတတ် ဝါးမတတ်ကြည့်နေတာမို့ ခက် အကြည့်တို့ကို အောက်က ပါကေးဆီပို့ပစ်လိုက်ပြီး...
"ခက် ကိုကို့ကို မပြောရဲလို့ပါ''
"မပြောရဲတာမဟုတ်ဘူး၊ မင်း ဂရုမစိုက်တာ၊ ပြောလဲ ကိုယ်ခွင့်ပြုမှာမဟုတ်ဘူးဆိုတာကို မင်းသိတယ်၊ သိရက်သားနဲ့ မင်း ဂရုမစိုက်တာ''
"အဲ့လိုမဟုတ်ပါဘူး၊ ကိုကို့ကို...
"ကိုယ့်ကိုကြည့်ပြော''
အမိန့်ဆန်လှသည့် ကိုကို့အသံကြောင့် ခက် လည်ချောင်းထဲက တံထွေးတို့ကိုမြိုချပစ်လိုက်ပြီးမှ မရဲတရဲလေးမော့ကြည့်ကာ...
"ကိုကို့ကို ခက် ပြောပြဖို့လုပ်ပါသေးတယ်၊ ကိုကိုက အပြောမခံလို့''
"အဲ့ဒါနဲ့ မင်းထင်ရာ မင်းလုပ်လိုက်တယ်ပေါ့''
"ခက် တောင်းပန်ပါတယ်''
"မင်းစိတ်ထဲမှာ ငါ့ကို ဒီလောက်တောင် အလေးမထားတာလား နွေသစ်ခက်''
"မဟုတ်ပါဘူး''
"ငါ ခွင့်မပြုလဲ လုပ်ချင်တာ လုပ်မယ်ဆိုတဲ့ သတ္တိ မင်းဘယ်ကရလဲ ဟင်''
ဒေါသတွေထွက်ကာ မျက်နှာတစ်ခုလုံးနီရဲနေသည့် ကိုကို့ကြောင့် ခက် ခြေတွေလက်တွေအေးစက်ကုန်သည်။ နောက်ပြီး ကိုကို့ကို စောဒကတက်ရဲလောက်သည့် အခြေအနေလဲမရှိတာမို့ ခေါင်းကိုသာ အကြိမ်ကြိမ်ခါနေမိသည်။
"ငါမသိအောင် လုပ်မယ်ဆိုတဲ့အတွေး တွေးရလောက်အောင် ငါ့ကို ငတုံးလို့ မင်းထင်နေတာလား''
".......''
"နွေသစ်ခက် ငါမေးနေတာဖြေလေ''
"မ... မဟုတ်ပါဘူး၊ ခက်က ဒီ.. ဒီအတိုင်းပဲ
"ငါ့ကိုကြည့်ပြော''
ခက်ကို တစ်ခါမှမခေါ်ဖူးသည့် နွေသစ်ခက်လို့ ခေါ်ဝေါ်နေသည့်အပြင် ကိုကိုဆိုတဲ့နာမ်စားနေရာမှာ ငါဆိုပြီးပြောင်းလဲနေသည့် ကိုကို့ကြောင့် ခက် ကြောက်လန့်တကြား မျက်လုံးတွေကိုမှိတ်ချပစ်လိုက်ပြီး ပင့်သက်ရှိုက်သည်။ ပြီးမှ ကိုကို့ရဲ့စူးစူးရဲရဲအကြည့်တွေကို အားတင်းပြိီး ရင်ဆိုင်ကြည့်ကာ...
"မလေး နေမကောင်းလို့ မမက လိုက်ပြီးပြုစုပေးပါလို့ ပြောလို့ပါ၊ ပြီးတော့ ကိုကို့ကို ဒီအကြောင်းမသိစေချင်ဘူးဆိုလို့''
"ဪ... ဪ.. ဪ.. ငါ့ကိုမသိစေချင်ဘူး၊ မသိစေချင်ရင် မသိအောင် လုပ်ကြပါ့လား၊ ဘာလို့ အခုလို ဒဏ်ရာဒဏ်ချက်တွေဖြစ်အောင်လုပ်လွှတ်လိုက်ကြလဲ''
"ဒါ...ဒါတွေက ခက်ကို ထိခိုက်စေချင်လို့ တမင်လုပ်တာမဟုတ်ပါဘူး၊ မတော်တဆ...
"လာပြန်ပြီလား ဒီမတော်တဆ၊ မင်းလိမ်ထားတာတွေကို မသိခင်ကသာ မင်းပြောတာ ငါယုံရင်ယုံမယ်ကွ''
"ခက် တကယ်ပြောတာပါ၊ တကယ် မတော်တဆ...
"တော်..စမ်း..
တစ်လုံးချင်း ဒေါသတကြီးအော်ပစ်လိုက်သည့် ေနာက်မှာ သူမရဲ့ကိုယ်လေး ဆတ်ခနဲတုန်သွားသည်။ နောက်ပြီး သူ့ကိုမရဲတရဲလေးကြည့်နေသည့် အကြည့်တွေမှာလဲ သူ့ကိုထိတ်လန့်နေသည့်ဟန်က အပြည့်။
"ငါသာ မရိပ်မိခဲ့ရင် ဒီကိစ္စကို မင်း ဘယ်အချိန်အထိ ဖုံးကွယ်ထားဖို့တွေးထားလဲ''
"ခက် တမင်ရည်ရွယ်ပြီးလုပ်တာမဟုတ်ပါဘူး''
အယူခံဝင်နေသည့် သူမရဲ့အသံလေးက တိမ်ဝင်နေပြီး အဖျားခတ်ကာ တုန်ယင်နေ၏။ ဒါကို သိနေပေမယ့် သူ့ရင်ထဲက မကျေနပ်မှုကလဲ ထုထည်ကြီးမားနေတာကြောင့်...
"ငါ့ကို မင်းဘယ်လိုကောင်လို့တွေးထားလဲ''
"......''
"ငါမေးနေတာဖြေလေ၊ ငါကို မင်းဘယ်လိုကောင်လို့ သတ်မှတ်ထားလို့ မင်းလုပ်ချင်ရာ လုပ်နေတာလဲ၊ ဘာလဲ ငါက မင်းဘဝအတွက် ဘယ်နေရာမှာမှ အရေးမပါတဲ့ကောင်မို့လို့ ငါ့ဆီကခွင့်ပြုချက်မယူဘဲ မင်း ဒီလိုလုပ်တာလား''
"မဟုတ်ပါဘူး..
"မဟုတ်ရင်!!!
ဘာလို့ လုပ်လဲ!!!
"ဒုန်း... ခလွမ်း...
"အမေ့...
ဒေါသတွေတအားထွက်ကာ မှန်တင်ခုံပေါ်မှာရှိသည့် အလှပြင်ပစ္စည်းတွေကို လက်ဖြင့်တိုက်ချပစ်လိုက်သည့် ကိုကို့ကို ခက် တကယ့်ကိုကြောက်ရွံ့သွား၏။
ခက်ရှေ့မှာဆို တစ်လျှောက်လုံးနူးညံ့ညင်သာခဲ့သည့် ကိုကိုက အခုတော့ ဆန့်ကျင်ဘက်ပါ။
ခက် ကိုကို့ကို ကြောက်လွန်းလို့ ဘာအသံမှမထွက်ရဲလောက်အောင် တိတ်ဆိတ်နေသည့်အချိန် ခက်ကို ပြန်ကြည့်လာသည့် ကိုကို့ရဲ့အကြည့်စူးစူးကြောင့် ထိုင်နေလျက်ကနေ ဒူးတွေတဆတ်ဆတ်တုန်လာ၏။ နောက်ပြီး ဘယ်အရပ်ဒေသကရောက်ရှိလာသလဲမသိရသော ဝမ်းနည်းမှုလေးကပါ အရှိန်ပြင်းလာတာမို့...
"အဟင့်.. အဟင့်.. ခက်.. ခက်တောင်းပန်ပါတယ်၊ နောက်.. နောက်ကို ကိုကိုမသိအောင် ဘာ.. ဘာမှမလုပ်တော့ပါဘူး အဟင့်..ဟင့်.. ခက်ကိုခွင့်လွှတ်ပါနော်.. အင့်.. ဟီး..ဟီး..
"ဟာ... တောက်.. တိတ်စမ်း..
"အဟင့်...
တိတ်ဆိုတော့လဲ ငိုနေတာကို ချက်ချင်းကြိုးစားပြီး ရပ်လိုက်သည့် သူမ။ အသံမထွက်တော့ပေမယ့် ဝမ်းနည်းနေသည့်အရိပ်အယောင်တွေရှိနေသေးသည့် မျက်ဝန်းတစ်စုံမှာ မျက်ရည်ဥလေးတွေက လှုပ်လီလှုပ်လဲ့ခိုကပ်နေဆဲပါ။ ဒါ့အပြင် ငိုချင်တာကို ထိန်းထားရလို့ တုန်ခါနေသည့်မေးဖျားလေးက သနားစဖွယ်။
"ဘာအတွက်နဲ့ မင်း ကိုယ့်ကို အရေးမစိုက်ဘဲ လုပ်ရဲရတာလဲ''
"မ.. မလေးနဲ့ အဆင်ပြေချင်လို့ပါ ဟင့်.. ခက်ကြောင့် ကိုကိုနဲ့မလေး အဆင်မပြေကြလို့..
ခက် ဆက်မပြောသေးဘဲ ကိုကို့ကို ခိုးကြည့်လိုက်တော့ ကိုကိုက ခက်ဆီက ဆက်ပြောလာမယ့် စကားကို စောင့်နေသည့်ဟန်ဖြင့်။
"တကယ်လို့... တကယ်လို့ ခက်သာ မလေးအမြင်ကြည်အောင် နေနိုင်မယ်ဆိုရင် ကိုကိုနဲ့ မလေးလဲ ပြန်.. အဆင်ပြေကြမယ်ထင်လို့..
"မလေးနဲ့ အဆင်ပြေချင်တယ်လို့ ကိုယ်မင်းကို ပြောဖူးသလား''
"ဟင့်အင်း...
"ဆွေမျိုးအရင်းအချာဖြစ်တဲ့ ကိုယ်ကတောင် မလေးရဲ့ ဥပေက္ခာပြုမှုကို လျစ်လျူရှုနိုင်တာ၊ မင်းက ဘာကိစ္စ လျစ်လျူမရှုနိုင်တာလဲ၊ ဘာလဲ မင်း သူတို့ဆီက တစ်ခုခုမျှော်လင့်နေတာလား''
တစ်ခုခုဆိုတာ ဘာကိုရည်ရွယ်တာလဲ။ ထိုတစ်ခုခုဆိုတာဟာ မမြင်ရတဲ့ချစ်ခြင်းမေတ္တာဆိုရင်တော့ ဟုတ်တယ် ခက် မျှော်လင့်တယ်။ ဒါပေမယ့် အဲ့လိုမဟုတ်ဘဲ လက်ဆုပ်လက်ကိုင်ပြလို့ရတဲ့ ပိုင်ဆိုင်မှုတစ်ခုခုဆိုရင်တော့... ဟင့်အင်း။
"မင်းလိုချင်တဲ့ အရာအားလုံးကို ကိုယ်ဖြည့်ဆည်းပေးနိုင်တယ် နွေသစ်ခက်၊ အဲ့ဒါကြောင့် ကိုယ်ကလွဲရင် မင်း ဘယ်သူ့ကိုမှ အားမကိုးရဘူး၊ နောက်ပြီး ဘယ်သူ့ဆီကမှ ဘာတစ်ခုမှ မျှော်လင့်စရာမလိုဘူး''
အဓိပ္ပါယ်တွေများလွန်းသည့် ကိုကို့စကားတွေကို ခက် သေချာနားမလည်ပေမယ့် ပြန်မေးဖို့အခွင့်အရေးလဲ မရှိ။ ခက်ကို ပြောပြီးသွားတာနဲ့ အခန်းထဲကနေ ထွက်သွားသည့် ကိုကို့ကြောင့် ခက်ဟာ အယူခံဝင်ခွင့်မရှိသည့် တရားခံတစ်ယောက်လို ကျန်ခဲ့ရသည်။
~~ဘဝနှစ်ခု ပေါင်းစပ်ကြတဲ့အခါ ကာယကံရှင်နှစ်ယောက်ပဲ ပေါင်းစပ်လို့ရသလား~~
~~ေဟာ့ဒီ့လောကကြီးထဲမှာ အချစ်မခံချင်တဲ့ လူဆိုတာ ရှိသလား~~
~~ကိုယ်ချစ်တဲ့သူရဲ့မိသားစုက ကိုယ့်ကိုမလိုလားတဲ့ဘဝမှာ နေပျော်တဲ့သူဆိုတာရော ရှိသလား~~
ခက်ဟာ မိန်းမသားတစ်ယောက်မို့ အချစ်ခံချင်တယ်။ ကိုကို့မိသားစုရဲ့ အရေးပေး အလိုလိုက်မှုကိုလဲလိုချင်တယ်။ ဒါပေမယ့် ခက်က ကိုကို့ဆီက အချစ်ကိုပဲရခဲ့တဲ့သူပါ။
ကံအကျိုးပေးနည်းခဲ့လို့ ကိုကို့မိသားစုဆီမှာ ခက်အချစ်မခံရရင်တောင် ကိုကို့မိသားစုနဲ့ အလိုက်အထိုက်တော့ နေချင်တယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ အတိုက်အခိုက်ပဲခံနေရလို့ ခက်လဲ ကြောက်မိပါတယ်။
ဒါပေမယ့် ဒီတိုက်ခိုက်ခံရမှုတွေက တစ်ချိန်ချိန်မှာ ခက်ကို ကိုကို့မိသားစုက လက်ခံလာအောင်လုပ်ပေးနိုင်တယ်ဆိုရင် ခက် ကျေနပ်တယ်။ အဲ့ဒါ ဘာလို့လဲသိလား။ ခက် ကိုကို့ကိုသိပ်ချစ်လို့ပါ။
📞🎼 နှောင်ဖွဲ့ထားတဲ့ ကြိုးကလေးတွေ ပြတ်တဲ့အချိန်ရောက် တားမြစ်ထားလဲ ဆံုးဖြတ်ပြီး မင်းအဝေးကြီးသွားလိုက်တော့...
📞🎼 အားလုံးအကောင်းဆုံး မင်းလေးအတွက် ငါကြိုးစားနေတုန်း မုန်းလိုက်..
📞🎼 တို့မိန်းမသားဘဝ ဒါကိုမင်းမှနားမလည်ဘဲ အားလုံးရဲ့အတိုက်အခိုက်တွေ တို့ကတော့ သိပ်ကြောက်ခဲ့ မင်းလောက် တို့ကမချစ်ခဲ့လိုမဟုတ်ဘူး သိရဲ့လား....
📞🎼 အချိန်တွေက ပြောပြသွားမှာပါ မင်းကိုသိပ်ချစ်ခဲ့တဲ့ နာကျင်အသည်းခွဲရတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဖြစ်ရပ်များကို နောက်မှ သိမယ် တို့ရဲ့အချစ်တွေ အဆုံးအဖြတ်မှားတွေ ဆက်တိုက်လုပ်ကာ မင်းမုန်းလိုက်တဲ့နေ့
📞🎼 နေရောင်မရှိတဲ့ နေ့မှာ မင်းအဝေး ကိုယ့်အသည်းတွေဆက်လို့မရတော့ အပိုင်းပိုင်းအစစ ကျိုးပြတ်သွားတဲ့နေ့တစ်နေ့ အဆိုးဆုံးအချိန်လား...
📞🎼 အရာရာကို ချိုးဖြတ်လိုက်တဲ့နေ့ နေရောင်မရှိတဲ့ နေ့တွေ မင်းအဝေး..
📞🎼 ကမ္ဘာမြေဟာ အမှောင်တွေသာ နေရာယူ အချစ်မရှိတော့တဲ့နေ့များ တစ်စက္ကန့်လောက်မှ တို့က မပျော်ဘူး အချစ်မရှိနေ့ရက်များ....
ထိုစဥ် ခက်ရဲ့ဖုန်းလေးဆီမှ ပျံ့လွင့်လာသည့် ph ringtoneလေးက ခက်ရဲ့ အခု အခြေအနေနဲ့ တိုက်ဆိုင်လွန်းနေ၏။ ဒါ့ကြောင့်လဲ ခက် ဖုန်းမကိုင်ဖြစ်ဘဲ ခေါင်းအုံးပေါ်မျက်နှာမှောက်ကာ ငိုချပစ်လိုက်သည်။
📞🎼 နှောင်ဖွဲ့ထားတဲ့ ကြိုးကလေးတွေ ပြတ်တဲ့အချိန်ရောက် တားမြစ်ထားလဲ ဆံုးဖြတ်ပြီး မင်းအဝေးကြီးသွားလိုက်တော့...
📞🎼 အားလုံးအကောင်းဆုံး မင်းလေးအတွက် ငါကြိုးစားနေတုန်း မုန်းလိုက်..
📞🎼 တို့မိန်းမသားဘဝ ဒါကိုမင်းမှနားမလည်ဘဲ အားလုံးရဲ့အတိုက်အခိုက်တွေ တို့ကတော့ သိပ်ကြောက်ခဲ့ မင်းလောက် တို့ကမချစ်ခဲ့လိုမဟုတ်ဘူး သိရဲ့လား....
ဖုန်းကလဲ မကိုင်မချင်းကို ဆက်တိုက်ခေါ်နေတာကြောင့် ခက် မျက်ရည်တွေကိုသုတ်ကာ ဖုန်းလေးကိုယူကြည့်လိုက်တော့ ကိုကြီးဆီက..
"ဟယ်လို''
"ဟယ်လို ညီမလေး''
"ဟုတ်..
"နှင်းဆီမြိုင်ကို ပြန်လာခဲ့ဦး၊ ဒီမှာ အန်တီထား မူးလဲလို့..
"ရှင်..
>>>>>>>>>><<<<<<<<<<
မနက်က ပူတူးကို သူ တအားဆူပစ်ခဲ့ပြီး တစ်နေကုန် သွားချင်ရာ သွားနေလိုက်သည်။ ဦးတည်ရာဆိုတာ မရှိပေမယ့် အကြောင်းပြချက်ကတော့ အသည်းအသန် ငိုနေမည့် ပူတူးရဲ့မျက်နှာကို မကြည့်ရက်တာကြောင့်ပါ။
"သား.. ဘယ်တွေ သွားနေတာလဲကွယ်၊ ဒေါ်ထွေးတစ်နေကုန် ဖုန်းခေါ်နေတာလဲ မကိုင်ဘူး''
ကားရပ်လိုက်တာနဲ့ အပြေးအလွှား ပြောလာသည့် ဒေါ်ထွေးကို ဂုဏ် တစ်ချက်ငဲ့ကြည့်လိုက်ပြီး အိမ်ထဲဝင်လိုက်ရင်းမှ...
"ပူတူးရော ငိုနေတုန်းလား?''
"သမီး မရှိဘူးကွဲ့''
"ဗျာ.. မရှိဘူး.. မရှိရအောင် ပူတူးက ဘယ်သွားလို့လဲ၊ မဟုတ်မှ မနက်က ကျွန်တော်ဆူလိုက်တာကို စိတ်ဆိုးပြီး အိမ်ကနေဆင်းသွားတာလား၊ ဟုတ်လား ဒေါ်ထွေး''
"မဟုတ်ပါဘူး သားရဲ့၊ မနက်က သားထွက်သွားဆို နှင်းဆီမြိုင်က သမီးလေးကိုဖုန်းဆက်ပြီးခေါ်လို့ သွားတယ်''
"ဘာကိစ္စနဲ့လဲ ဒေါ်ထွေး''
"သမီးရဲ့မေမေ မူးလဲလို့တဲ့''
"မူးလဲတယ်၊ ဟာ.. ဒါနဲ့များ ကျွန်တော့်ကို ဘာလို့အကြောင်းမကြားရတာလဲဗျာ၊ ကျစ်... ဒုက္ခပါပဲ ပူတူး အတော်လေးဝမ်းနည်းနေမှာ''
သူ့ကို ဖုန်းမဆက်ရကောင်းလားဆိုပြီး တပွစိစိပြောကာ ကားပေါ်တက်၍ ဒုန်းကြမ်းမောင်းထွက်သွားသည့် ဂုဏ်လေးကိုကြည့်ကာ သူမ ခေါင်းရမ်းမိသည်။ သမီးကို ဒီလောက်ချစ်ပြီး ဒီလောက်စိတ်ပူတတ်ရင် ဘာလို့များ မနက်က ဆူပူကြိမ်းမောင်းခဲ့သေးလဲကွယ်။ ဒီကလေးတွေနဲ့တော့ ခက်ပါတယ်။
>>>>>>>>>><<<<<<<<<<
မှောင်ရီပျိုးစအချိန် နှင်းဆီမြိုင်ရဲ့ ရေကန်ဘေးက လျှောက်လမ်းလေးတွင် ခက်နဲ့ အစ်ကိုနေအရိပ် လမ်းလျှောက်ရင်း စကားပြောဖြစ်ကြသည်။
"ကိုကြီးနဲ့ အစ်ကိုရှိလို့တော်သေးတာပေါ့၊ မဟုတ်ရင် မေမေ တစ်ခုခုဖြစ်သွားမလားပဲ''
"အစ်ကိုကတော့ အန်တီ့ကို ဆေးရုံတက်ပြီး သေချာကုစေချင်သေးတယ်၊ အခုက သက်သာတယ်ဆိုပေမယ့် စိတ်မချရဘူး''
"ခက်လဲ အဲ့လိုလုပ်ဖို့တွေးထားတယ် အစ်ကို၊ ဒါပေမယ့် မေမေက လက်မခံဘူးအစ်ကိုရဲ့၊ အင်း.. ဖေဖေပြန်လာမှပဲ ဆက်ပြီး နားချရတော့မယ်''
"အန်ကယ်က ပြန်လာတော့မှာလား''
"ကိုကြီးက မေမေ မူးလဲတာကို ဖေဖေ့ကို လှမ်းပြီးအကြောင်းကြားလိုက်လို့ အမြန်ဆုံးပြန်လာမယ်ပြောတယ်၊ ဖေဖေပြန်လာရင်တော့ ကောင်းတာပေါ့၊ မေမေက ခေါင်းမာတော့ မေမေ့ကိုနိုင်အောင်ပြောနိုင်တဲ့သူက ဖေဖေပဲရှိတာ''
"ဒါဆို သစ်ခက်ခေါင်းမာတာက အန်တီနဲ့တူလို့ဖြစ်မယ်''
"ခက်က ခေါင်းမာတယ်ပေါ့''
"အွန်း.. တခြားဝေးဝေးလံလံကို သွားကြည့်စရာမလိုဘူး၊ ဝသန့်ကိစ္စကိုပြန်တွေးကြည့်လေ၊ သစ်ခက် ဘယ်လောက်ခေါင်းမာပြီး ဘယ်လောက်တစ်ယူသန်ခဲ့သလဲဆိုတာ''
"အဲ့ဒါက ကိုကြိီးကိုစိတ်ပူလို့ပါနော်၊ နောက်ပြီး ကိုကြီးကိုလိမ်ဖို့ကြိုးစားနေတဲ့ အဲ့ဒီ့မိန်းမကိုလဲ မုန်းလို့၊ ဒါပေမယ့် ခက် စေတနာကို ကိုကြီးကနားမလည်ပါဘူး၊ ခက်ကို တအားဆူတာ အစ်ကိုကမသိလို့''
အရိပ် သူ့ကို ကလေးလေးလို ဝသန့်အကြောင်း ပြန်တိုင်ပြောနေသည့် သစ်ခက်ကိုကြည့်ကာ ပြုံးသည်။
"သစ်ခက်က အရမ်းကံကောင်းတဲ့ မိန်းကလေးပဲနော်''
"ကံကောင်းတယ် ခက်ကလား''
"အွန်းပေါ့.. ကိုယ်ချစ်တဲ့သူတွေဆီက အချစ်ကိုရတာလောက် ကံကောင်းတဲ့အရာ ဘယ်မှာရှိမလဲ''
"အဲ့လိုတွေးရင်တော့ ဟုတ်မှာပေါ့၊ ဒါပေမယ့် ခက်က ကံမကောင်းပါဘူး''
သူမရဲ့စကားကို နားမလည်တာကြောင့် အရိပ် လမ်းလျှောက်နေရာကနေရပ်ကာ သူမဘက်ကို လှည့်ကြည့်လိုက်သည်။ ခပ်ယဲ့ယဲ့လေးသာ ပြုံးထားသည့်သူမရဲ့အပြုံးဟာ အသက်မဝင်တဲ့အပြုံးမျိုး။
"တစ်ခါတစ်ခါကျတော့ ခက် စဥ်းစားမိတယ် သိလား၊ ခက်ရဲ့ဘဝက နာမည်နဲ့လိုက်ပြီး ချို့တဲ့နေသလားလို့လေ၊ အစ်ကိုပဲစဥ်းစားကြည့်လေ ခက်ရဲ့နာမည်ကို၊ နွေသစ်ခက်တဲ့ အရာရာ ကြွေလွင့်ပျောက်ဆုံးေနတဲ့ နွေရာသီရဲ့ သစ်ခက်ဆိုတော့ ရိုးတံကျဲကျဲ နဲ့ ဘယ်နေရာမှာသွားပြီး ပြည့်စုံလို့ ဘယ်နေရာမှာသွားပြီး ကံကောင်းပါ့မလဲ''
"သစ်ခက် တစ်ခုခုဖြစ်နေတာလား''
"ဟင့်အင်း.. မဖြစ်ပါဘူး၊ ခက် ဒီအတိုင်း ကိုယ့်ဘဝကိုတွေးမိလို့ပါ''
"သစ်ခက်က သစ်ခက်ရဲ့နာမည်ကို ဒီလိုတွေးတယ်ဆိုပေမယ့် အစ်ကိုကတော့ ဒီလိုမထင်ပါဘူး၊ အန်ကယ်က သစ်ခက်တို့မောင်နှမသုံးယောက်ရဲ့နာမည်တွေကို နွေ မိုး ဆောင်းဆိုတဲ့ ဥတုသုံးခုနဲ့အညီမှည့်ပေးထားပုံရတယ်၊ သစ်ခက်လေးကို မွေးတဲ့အချိန်က နွေရာသီဖြစ်နေလို့ နွေဆိုတာကိုယူထားတဲ့သဘောရှိတယ်၊ အဲ့ဒီ့ထဲကမှ သစ်ခက်ဆိုတာက သစ်ခက်ပြောသလို ကြွေလွင့်သွားတဲ့သစ်ရွက်ခြောက်တွေကို ဆိုလိုချင်တာတော့ မဟုတ်လောက်ဘူး၊ အစ်ကို့အထင်သာမှန်မယ်ဆိုရင် ကြွေသွားတဲ့အရွက်တွေအစား ပြန်ပြီးနေရာယူလာသည့် နုသစ်ပျိုမျစ်နေတဲ့ အဖူးအခက်လေးတွေကို ရည်ရွယ်တာဖြစ်မှာပါ၊ အခုမှ မွေးဖွားလာတဲ့ အားသစ်မာန်သစ်တွေနဲ့ အဖူးအခက်လေးလေ''
"အဲ့လို ဟုတ်ပါ့မလား''
"ဟုတ်တာပေါ့၊ တခြား ဘယ်လိုအဓိပ္ပါယ်ရှိနိုင်မှာလဲ''
အရိပ် အခိုင်အမာပြောလိုက်မှ သူမရဲ့မျက်နှာလေးက တစ်စတစ်စပိုပြီးပီပြင်လာသည့် အပြုံးနုနုလေးနဲ့ ချစ်စဖွယ်ဖြစ်လာ၏။ တကယ့်ကလေးလေးအတိုင်းပါပဲလား။
"ဒါနဲ့ အစ်ကို လန်ဒန်ကိုသွားတော့မလို့ဆို''
"အွန်း.. ဟုတ်တယ်၊ ဒယ်ဒီလဲအသက်ကြီးပြီဆိုတော့ ကိုယ်က အကူအညီဖြစ်ပေးရမယ်လေ''
"ဘယ်တော့သွားမှာလဲဟင်''
"နောက်တစ်ပတ်ထဲ''
"မြန်လိုက်တာ''
"အဟွန်း.. မမြန်ပါဘူး၊ ကိုယ်သွားဖို့ပြင်နေတာ ကြာပြီ၊ အတိအကျဆိုရင် သစ်ခက်လေးမင်္ဂလာပွဲ ပြီးကတည်းက''
ထိုစကားကြောင့် ခက် အစ်ကို့ကို အားနာသလိုလေးကြည့်လိုက်၏။ အစ်ကိုနဲ့စေ့စပ်ထားပြီးမှ ခက်က ကိုကိုနဲ့လက်ထပ်ဖြစ်သွားတယ်ဆိုတော့ စိတ်မလုံတာရော ပါတာပေါ့။
"ခက်တို့ အစ်ကို့ပေါ်ကို မတရားသလိုဖြစ်သွားတယ်''
"မတရားမှန်းတော့ သိတယ်ပေါ့''
ရယ်ရင်းမေးလိုက်သည့် အစ်ကို့ကြောင့် ခက် မဲ့ပြုံးလေးပြုံးကာ..
"အဲ့ဒီ့အတွက် ခက်က အစ်ကို့ကိုတောင်းပန်ပါတယ်''
"မလိုပါဘူးကွာ၊ ဒီကိစ္စမှာ သစ်ခက်ရဲ့အမှားမပါဘူးလို့ အစ်ကို ယုံကြည်ထားတာ၊ အဲ့ဒါကြောင့်လဲ သစ်ခက်ကို ဘယ်တုန်းကမှမကျေမနပ်မဖြစ်ခဲ့ဖူးဘူး''
"ဒါဆို ကိုကို့ကိုရော''
"ကိုမျိုးရိုးဂုဏ်ကိုလား''
သူမေးလိုက်တော့ သစ်ခက်က သူ့ကိုအသနားခံသော မျက်လုံးလေးဖြင့်ကြည့်ကာ ပုတ်သင်ညိုလေးသဖွယ် ခေါင်းတဆတ်ဆတ်ငြိမ့်ပြ၏။
"အမှန်တိုင်းပြောရရင် ကိုမျိုးရိုးဂုဏ်ကိုတော့ အစ်ကိုမကျေနပ်ဘူး၊ ကိုယ်ပိုင်တော့မယ့်အရာတစ်ခုကို လုယူခံလိုက်ရတာဆိုတော့ ကိုယ့်အနေနဲ့ သူ့ကို ဒေါသထွက်သင့်တယ်မဟုတ်လား''
"ဟုတ်ပါတယ်၊ ဒါပေမယ့် ကိုကိုကလဲ...
"နေဦး အစ်ကို အရင်ပြောမယ်၊ အခု သစ်ခက်ကအစ်ကို့ကိုတောင်းပန်သလို အစ်ကိုလဲ သစ်ခက်ကို တောင်းပန်စရာရှိလို့''
"ခက်ကို တောင်းပန်စရာရှိတယ်''
"ဟုတ်တယ်၊ အမှားကိုသိလို့ တောင်းပန်တာဆိုတော့ ခွင့်လွှတ်ပေးမယ်လို့လဲ ယုံပါတယ်၊ သစ်ခက်ကို ကိုယ့်ဆီကနေ အလုယူခံလိုက်ရလို့ ကိုမျိုးရိုးဂုဏ်ကို ကိုယ် တစ်စက်ကလေးမှ ကြည့်မရဘူး၊ နောက်ပြီး သစ်ခက်ကိုပိုင်ဆိုင်သွားရလို့ ပျော်နေတဲ့ သူ့ကို ကိုယ် မုဒိတာလဲမပွားနိုင်တော့ အဟွန်း... ဆက်ပြောရင် သစ်ခက် စိတ်ဆိုးမလားပဲ''
"ပြောပါ ခက် စိတ်မဆိုးပါဘူး''
"အွန်း.. ကိုယ်မပိုင်ရင် သူလဲမပိုင်ရဘူးဆိုတဲ့အတွေးနဲ့ သစ်ခက်နဲ့သူ့ကို မရရအောင်ခွဲမယ်လို့ တွေးခဲ့မိတယ်''
"ဟင်...
"အဲ့ဒါကို ကိုမျိုးရိုးဂုဏ်လဲ ရိပ်မိတယ်ထင်တယ်၊ အဲ့ဒါကြောင့် မင်းနဲ့ကိုယ့်ကို အတွေ့မခံတာလေ အဟွန်း...
ဝသန် သဘောကျသလိုရယ်လိုက်ပြီး ဘေးက သစ်ခက်ကိုပြန်လှည့်ကြည့်လိုက်တော့ သူမလေးက သူ့ကို ထူးဆန်းတဲ့လူတစ်ယောက်လို ကြည့်နေတာကြောင့်....
"ဟေ့.. မင်းစိတ်မဆိုးဘူးလို့ ပြောထားတယ်နော်''
"ဟင်... မဆိုးပါဘူး''
"မဆိုးဘူးဆိုပြီး အခုက ဘယ်လိုပုံစံလေးဖြစ်နေတာလဲ၊ စိတ်ချ ကိုယ်အဲ့ဒီ့အတွေးကို အတွေးအဖြစ်မှာပဲ ရပ်ပစ်လိုက်ပြီ၊ မင်းတို့ကို ကိုယ်မခွဲပါဘူး၊ အဲ့ဒါက မင်းစိတ်ဆင်းရဲမှာမလိုချင်တာနဲ့ ကိုမျိုးရိုးဂုဏ် မင်းကိုသိပ်ချစ်တယ်ဆိုတာကို သိလို့''
ထိုအခါမှ နှုတ်ခမ်းလေးတွေတွန့်ကွေးကာ ပြုံးစစဖြစ်သွားသည့် သူမ။ ဒီလောက်ချစ်စရာကောင်းတဲ့ ကောင်မလေးကို အပိုင်ရသွားသည့်အပြင် ဒီကောင်မလေးရဲ့အချစ်ကိုပါ အနိုင်ရသွားပြန်သည့် ကိုမျိုးရိုးဂုဏ်ကို သူ မနာလိုဖြစ်မိတာထက် ပိုပြီး အားကျမိတာအမှန်ပါ။
ထိုစဥ် အိမ်ကြီးဘက်ကနေ သူတို့ရှိရာကိုလာနေသည့် ကိုမျိုးရိုးဂုဏ်ကို သူရိပ်ခနဲတွေ့လိုက်၏။ ပွဲကပြီးသွားပြီဆိုပေမယ့် တစ်ခါလောက်လေးပဲဖြစ်ဖြစ် ဗီလိန်လုပ်ချင်သေးတဲ့ စိတ်ကြောင့်...
"သစ်ခက့်ရဲ့မျက်နှာမှာ တစ်ခုခုပေနေတယ်''
"ဟုတ်လား၊ ဒီနားမှာလား''
ပါးတစ်ဖက်ကို လက်ဝါးလေးဖြင့်ပွတ်ရင်း မေးနေသည့် သစ်ခက်ကို အရိပ်ခေါင်းရမ်းပြလိုက်ပြီး...
"အဲ့ဒီ့ဘက် မဟုတ်ဘူး၊ ဒီဘက်''
"ဟင်.. ဒိီဘက်လား''
"အဲ့ဒီ့နေရာမဟုတ်ဘူး၊ ဖယ် အစ်ကိုလုပ်ပေးမယ်''ဆိုပြီး လက်တစ်ဖက်က သူမရဲ့ပုခုံးပေါ်တင်လိုက်ပြီး ကျန်တဲ့လက်တစ်ဖက်ဖြင့် သူမရဲ့ပါးလေးကိုဖွဖွလေးကိုင်ကာ တစ်ခုခုကိုဖိပွတ်ပေးလိုက်သည့်ပုံစံလုပ်ကာ ပါးလေးကိုဖဲ့ပစ်လိုက်၏။
"ဟား.. ဟား.. ကောင်မလေး အညာမိသွားပြီကွ''
"ဟွန့်.. အစ်ကိုနော်''
သူဖဲ့ပစ်လိုက်လို့ နာသွားသည့်ပါးလေးတစ်ဖက်ကိုကိုင်ကာ မျက်စောင်းထိုးနေသည့် သစ်ခက်နဲ့အတူ နောက်ကနေ မြန်ဆန်လွန်းသော ခြေလှမ်းများနဲ့ သူတို့အနားကို ဒေါသတကြီးရောက်ချလာသည့် ကိုမျိုးရိုးဂုဏ်ကို သူမြင်လိုက်စဥ် သူ့ရဲ့ပါးတစ်ဖက်ဟာလဲ ပူခနဲဖြစ်သွား၏။
"ဒါ ငါ့မိန်းမကွ..
ခွပ်...
"ဟင်.. ကိုကို..
"မင်း သိပ်ပျော်နေတယ်ပေါ့ နွေသစ်ခက်''
"ကိုကို ဘာလုပ်လိုက်တာလဲ၊ ဘာလို့ အစ်ကို့ကိုထိုးလိုက်တာလဲ၊ အစ်ကို ရရဲ့လားဟင်''
သူမေးတာကိုမဖြေဘဲ သူ့ကိုမေးခွန်းတွေပြန်မေးကာ လဲကျသွားသည့် နေအရိပ်အနားသွားဖို့ပြင်နေသည့် ပူတူးကြောင့် သူ့ရဲ့ဒေါသက နှစ်ဆဖြစ်သွား၏။ ဒါ့ကြောင့် နေအရိပ်အနားမရောက်ခင် သူမရဲ့လက်ကိုဆတ်ခနဲပြန်ဆွဲကာ...
"ကိုယ့်ထက် တခြားကောင်ကို မင်းစိတ်ဝင်စားနေတယ်ပေါ့၊ လာခဲ့စမ်း..
"ကိုကို့.. ခက်ကိုလွှတ်.. ခက် ကိုကိုနဲ့ပြန်မလိုက်ဘူးနော်''
မေမေ နေမကောင်းတာကြောင့် ခက် ဒီအိမ်မှာ နေခဲ့ဖို့ပြောလိုက်သည့်စကားကို အထင်လွဲသွားပုံရသည့် ကိုကိုက ခက်ကို စူးစူးဝါးဝါးကြီးကြည့်လာ၏။
"အားကိုးရှိနေတယ်ပေါ့ ဟုတ်လား''
"ဟင့်အင်း.. ခက်ပြောချင်တာဒီလိုမဟုတ်ဘူး''
"မင်းမှာ အားကိုးရှိနေလို့ ကိုယ့်ကို ဆက်တိုက်ပုန်ကန်နေခဲ့တာလား၊ မရဘူး မရဘူးကွ၊ ကိုယ်မကြိုက်ဘူးဆိုတာအရာတွေကို မင်းမှာ ဘယ်လိုအားကိုးပဲရှိရှိ လုပ်ခွင့်မရှိဘူး၊ လာခဲ့ မင်းနောက်တစ်ခါ ကိုယ့်ကိုမပုန်ကန်ရဲအောင် ကိုယ်လုပ်ပြမယ်''
"ဟင့်အင်း... ဟင့်အင်း.. ခက် မလိုက်ချင်ဘူး''
"ကိုမျိုးရိုးဂုဏ်.. ခဏလောက် ကျွန်တော်ရှင်းပြပါရစေ၊ ခင်ဗျားထင်နေသလိုမဟုတ်ဘူးနော်''
ကိုမျိုးရိုးဂုဏ်ရဲ့ ဒေါသကို ဆွချင်ရုံသက်သက်နဲ့ ဒီပြဿနာကို အရိပ်ဖန်တီးမိခြင်းပါ။ ဒါပေမယ့် ကိုမျိုးရိုးဂုဏ်ရဲ့ဒေါသက သူထင်ထားထက် အဆပေါင်းများစွာ ပြင်းထန်နေတာကြောင့် အရိပ် နောင်တရမိကာ ရှင်းပြဖို့ကြိုးစားလိုက်သည်။ သို့ပေမယ့်...
"မသေချင်သေးရင် ဒီမှာပဲ ရပ်နေခဲ့လိုက် နေအရိပ်၊ အခုချိန် ငါ လူသတ်ဖို့လဲဝန်မလေးဘူး၊ သွားမယ်''
"ဟင့်အင်း...
ငိုမဲ့မဲ့လေးဖြစ်နေသည့် သစ်ခက်ကို သူရှေ့ကနေ တရွတ်တိုက်မတတ် အတင်းဆွဲခေါ်သွားသည့် ကိုမျိုးရိုးဂုဏ်ကို အရိပ် အံ့ဩသွားသည်။ နောက်ပြီး လူတစ်ယောက်ရဲ့ဒေါသကို ဒီလိုပုံစံမျိုးနဲ့ မစမ်းသပ်သင့်ဘူးဆိုတာလဲ သင်ခန်းစာရလိုက်သည်။
>>>>>>>>>><<<<<<<<<<
အားပေးတဲ့ အသဲတွေအားလုံးကို ကျေးဇူးတင်ပါတယ်😘😘
အမှားပါသွားရင် ချစ်တဲ့စိတ်နဲ့ ဝေဖန်ပေးပါ☺☺
အပိုင်း (၄၁)မျှော်
စာရေးသူ-Merida(Tulip)