book

Index 39

အပိုင်း (၃၉)

  • Author : Merida
  • Genres : Romance, Comedy, Drama

🎗🎗 နှောင်ကြိုး 🎗🎗


~~~~~~~~~~


"ဝူး.... ကျွိ...


ကားရပ်တာနဲ့ ခက် ကားပေါ်ကနေမြန်မြန်ဆင်းကာ အိမ်ထဲပြေးဝင်လိုက်သည်။


"ပူတူး... နေဦး..

"ဘာလဲ ကိုကိုရာ''


"မင်းလက်က ပတ်တီးတွေကိစ္စ အရင်ရှင်းပြီးမှ အပေါ်တက်ရမယ်''

"ခက် ပြောပြီးပြီလေ၊ ကျောင်းမှာ မတော်တဆထိခိုက်မိပြီး ဒဏ်ရာရလာတာပါဆိုမှ''


"ကိုယ်ယုံမယ်ထင်လို့လား၊ မင်းလက်ကိုလဲ မင်းပြန်ကြည့်ဦး၊ ဒါက မတော်တဆထိခိုက်မိတဲ့ ဒဏ်ရာလားဆိုတာ''


လက်ဖဝါးတစ်ခုလုံးဖုံးအောင် စည်းထားသည့် ပတ်တီးကို လက်ညှိုးထိုးကာ ပြောနေတာမို့ ခက် စိတ်ရှုပ်သလို သက်ပြင်းချလိုက်သည်။


ဒဏ်ရာက နည်းနည်းနက်သွားတယ်ဆိုပေမယ့် ဒီလောက် ပတ်တီးစည်းဖို့တော့ မလိုတာသေချာသည်။ အခုက စန်းစန်း အစိုးရိမ်လွန်ပြီး လက်မနဲ့ လက်ချောင်းထိပ်လေးတွေသာ ပေါ်အောင်စည်းထားတာကြောင့် မသိရင် အကြီးအကျယ်ဒဏ်ရာရထားသည့်အတိုင်း။ ဒါ့ကြောင့်လဲ ကိုကိုက စိုးရိမ်ဒေါသတွေဖြစ်နေတာပေါ့။


"ပြောစမ်း ပူတူး၊ မင်းဘာဖြစ်လာတာတုန်း?''

"ခက်က ဘာဖြစ်ရမှာလဲ၊ ဒီအတိုင်း မတော်တဆပါဆို..


"တော်စမ်း၊ မင်း ကိုယ့်ကို လိမ်နေတယ်ဆိုတာ ကိုယ်သိတယ်၊ ပြော ဘာဖြစ်လာတာလဲ''

"ဟာ.. ကိုကိုနဲ့တော့ ခက်လိုက်တာ၊ တကယ် မတော်တဆပါဆိုမှ၊ ကိုကိုမယုံလဲ မတတ်နိုင်ဘူး''


"ဒါဆို မင်းသူငယ်ချင်း ဂူးဂူးရတီရဲ့ဖုန်းနံပါတ်ပေး၊ ကိုယ် သူ့ကိုဖုန်းဆက်ပြီး မင်းပြောတာဟုတ်မဟုတ် အတည်ပြုကြည့်မယ်''


ကိုကို့စကားကြောင့် ခက် မျက်လုံးပြူးသွားသည်။ ဂူးဂူးဆီဖုန်းဆက်လိုက်မှ ခက် ကျောင်းမသွားတာတွေပါ သိကုန်တော့မှာပဲ။ 


"ကိုကိုက ခက်ထက် ဂူးဂူးကို ယုံတာလား''

"မင်းက ယုံချင်စရာကောင်းနေလို့လား၊ မနက်ကအထိ အကောင်းအတိုင်းရှိနေသည့် ဒီလက်တွေက အခုကြည့် ပတ်တီးအဖွေးသားနဲ့''


"သူ့ဟာသူ မတော်တဆဖြစ်ပြီး ဒဏ်ရာရတာ ခက်နဲ့ ဘာဆိုင်လို့လဲ၊ ဒီဒဏ်ရာရတာနဲ့ပဲ ကိုကိုက ခက်ကိုမယုံဘူးဆိုတာကတော့....

"ဒါဆို ကိုယ်မေးနေတာကို အမှန်တိုင်းဖြေလေ၊ ဒီဒဏ်ရာ ဘယ်လိုလုပ်ပြီးရလာလဲဆိုတာ''


"ခက် ေဖြတာကို ကိုကိုမှ မယုံတာ''

"ယုံချင်စရာကောင်းအောင်ပြောလေ''


စကားလေးနှစ်ခွန်းကို ပတ်လည်ရိုက်ပြီး ငြင်းခုံနေရတာမို့ ခက် စိတ်မရှည်ဖြစ်လာကာ...


"ကိုကို ထင်ချင်သလိုသာထင်၊ ခက်ပြောတာကို မယုံလို့ ဂူးဂူးကို ဖုန်းဆက်ပြီးမေးချင်လဲမေး၊ ဒါမှမကျေနပ်လို့ ဂူးဂူးကို လူချင်းသွားတွေ့ပြီး မေးချင်လဲရတယ်၊ ခက့်အပေါ်မှာ ကိုကို ယုံကြည်မှုမရှိဘူးဆိုတာ သိရလို့ ဝမ်းနည်းမိတာတော့ အမှန်ပဲ''


"ဟာ... ပူတူး.. ကိုယ်က ဒီလိုသဘောနဲ့ ပြောတာမဟုတ်ဘူးနော်''


ဂုဏ် ဖြေရှင်းချက်ပေးလိုက်သော်လည်း သူ့ကိုလှည့်တောင်မကြည့်ဘဲ အပေါ်ထပ်ပြေးတက်သွားသည့် အဆိုးလေးကြောင့် သက်ပြင်းရှည်ကြီးချလိုက်ရသည်။


"အတော်ဆိုးတဲ့ ခလေးပဲ''


>>>>>>>>>><<<<<<<<<<


"ဟင်း... ဟင်း...


ဂုဏ် အလုပ်လုပ်နေစဥ် ကြားလိုက်ရသည့် ညည်းသံတိုးတိုးလေးကြောင့် မျက်ခုံးတွေတွန့်ကွေးသွား၏။


"ဟင်း... ဟင်း... မေမေ.. အဟင့်..

"ပူတူး..


ညနေကကိစ္စနဲ့ သူ့ကိုစိတ်ကောက်ပြီး အစာမစား စကားမပြောဘဲ အိပ်နေသည့်ပူတူးဆီမှ အသံ။ အမြဲတမ်း သူကပဲ အလိုလိုက်အလျော့ပေးနေကျဆိုပေမယ့် ဒီတစ်ခါတော့ အလျော့မပေးဘဲ သူလဲ သူမလေးနဲ့အပြိုင်စိတ်ဆိုးပြနေတာမို့ ဆိုဖာပေါ်ထိုင်နေလျက်ကပဲ....


"ပူတူး.. ဘာဖြစ်လို့လဲ၊ နေမကောင်းဘူးလား''

"အဟင့်.. မေမေ..


"ဘယ်သူ့ကို တ,နေတာလဲ၊ စိတ်ချ မင်းအနားမှာ ကိုယ်ကလွဲပြီး ဘယ်သူမှမရှိဘူး၊ ကိုယ်ချော့မယ်ထင်ပြီး ဟန်ဆောင်ပြနေတာဆိုရင်တော့ ရပ်လိုက်တော့၊ ဒီတစ်ခါ ကိုယ်လုံးဝမချော့ဘူး''


အပြတ်ပြောပြီး ဂုဏ် အလုပ်ဆက်လုပ်နေလိုက်သည်။ ခဏကြာသည်အထိ ပူတူးဆီ​က ဘာအသံမှမကြားရတော့တာမို့ ခုနက သူ့ကိုဟန်ဆောင်နေမှန်း ဂုဏ်သိလိုက်၏။


အခု သူဆွဲပေးနေသည့် projectက ကုမ္ပဏီအတွက် သူနောက်ဆုံးဆွဲပေးတဲ့ project။ ဒီprojectပြီးသွားရင် ဂုဏ် ကိုယ်ပိုင်လုပ်ငန်းတစ်ခု လုပ်ဖို့တွေးထားသည်။ အကြောင်းပြချက်ကတော့ ပူတူးကို အချိန်ပေးချင်လို့ပါပဲ။ 


အခုက သူများကုမ္ပဏီရဲ့ ဝန်ထမ်းဆိုတော့ သူတို့သတ်မှတ်ထားတဲ့အချိန်အတွင်း အလုပ်တွေပြီးအောင်လုပ်ပေးနေရတာကြောင့် ပူတူးအနားပင် ကပ်ချိန်မရ။ ဒါ့ကြောင့်လဲ ပူတူးက သူမထက် အလုပ်ကိုပိုပြီး ဦးစားပေးနေတယ်လို့ တောက်လျှောက်ရစ်နေတာပေါ့။


"ပူတူး ဗိုက်မဆာဘူးလား?''


လုံးဝမချော့ဘူးဆိုပေမယ့် မနေနိုင်စွာ သူ မေးမိသေးသည်။ 


"ပူတူး တစ်ခုခုစားချင်လား၊ ကိုကို ဘာလုပ်ပေးရမလဲ''


မေးသာမေးနေပေမယ့် တုပ်တုပ်မလှုပ်တဲ့ ပူတူးကြောင့် သူကပဲ စိတ်လျော့လိုက်ကာ သူမလေးအိပ်နေသည့်ဘေးကို ဝင်ထိုင်လိုက်ပြီး...


"ကိုယ့်ကို စိတ်ကောက်နေတာဆိုရင်လဲ တစ်ခုခုစားပြီးမှ စိတ်ကောက်တော့ ကလေးရာ၊ လာ ထ ဘာစားချင်လဲ၊ ကိုကို ဘာလုပ်ပေးရမလဲ''


ဒါလဲ ဘာမှပြန်ပြောမလာတာကြောင့် ဂုဏ် သက်ပြင်းလေးချလိုက်ပြီး သူမရဲ့နဖူးပေါ်ကျနေသည့် ဆံနွယ်လေးတွေကို သပ်တင်ပေးလိုက်ကာ...


"အဲကွန်းဖွင့်ထားတာတောင် ချွေးတွေထွက်နေပါလား၊ ကိုယ့်ကလေး စိတ်ကောက်လွန်ပြီး အပူတွေများနေပြီထင်တယ်''


"ပူတူး၊ ကလေးလေး ကိုကို့အသည်းလေး ဟေ့..


သူဒီလောက်ခေါ်နေတာကို ဘာမှပြန်ပြောလာခြင်းမရှိသည့်ပူတူးကြောင့် သူ အနည်းငယ်စိုးရိမ်သွားကာ..


"ပူတူး... ပူတူး... ဟေ့.. ပူတူး.. ကိုယ်ခေါ်နေတာ ကြားလား.. ပူတူး... ဟာ...


ဘယ်လိုမှခေါ်မရတဲ့အဆုံး ဂုဏ် သူမရဲ့ကိုယ်လေးကို ပုခုံးနှစ်ဖက်မှ ဆွဲထူလိုက်တော့ ခေါင်းလေးက အသက်မဲ့နေသူတစ်ယောက်လို တစ်ဖက်ကို ဆတ်ခနဲလှည့်ကျသွားသည်။ နောက်ပြီး သူ့ထိတွေ့နေရသည့် သူမရဲ့ခန္ဓာကိုယ်ကလဲ မီးကျည်းခဲပမာ ပူရှိန်းနေတာကြောင့်...


"ပူတူး.. ကလေး ကလေး သတိထားဦးလေ... ပူတူး.. ဒေါ်ထွေးရေ ဒေါ်ထွေး ဒီကို လာပါဦး.. ပူတူး.. ဟာ..


စိုးရိမ်စိတ်တွေလွန်ကဲကာ သူ ဒေါ်ထွေးကို အော်ခေါ်လိုက်သည့်အသံက ငိုသံပင်ပါနေပြီ။


"ဒေါ်ထွေး...

"လာပြီ သား လာပြီ လာပြီ၊ သမိီးလေး ဘာဖြစ်လို့လဲ?''


"မသိဘူး၊ ပူတူး ဘာဖြစ်နေတာလဲ မသိဘူး၊ ကျွန်တော် ခေါ်နေတာကြာပြီး မထူးဘူး၊ လုပ်ပါဦး ဒေါ်ထွေးရာ.. ပူတူး ပူတူး ဘာဖြစ်သွားတာလဲ မသိဘူး''


ကလေးမလေးကို လွတ်ထွက်သွားမှာစိုးသည့်အလား ဖက်ထားပြီး ငိုနေသည့် ဂုဏ်လေးကြောင့် ဒေါ်ထွေး ထိုအနားကိုတိုးသွားလိုက်ပြီး သမီးရဲ့လက်လေးကို စမ်းကြည့်လိုက်တော့...


"ဟယ်... သမီး လက်တွေက တအားပူခြစ်နေတာပဲ၊ သမီးလေး ဖျားနေတာထင်တယ်၊ သား သမီးကိုချထားပြီး ဆရာဝန်ကို ဖုန်းဆက်ခေါ်လိုက်၊ ဒေါ်ထွေး သမီးကို ရေပတ်တိုက်ထားလိုက်မယ်''

"ဗျာ... 


"ဘာကြောင်ကြည့်နေတာလဲ သား၊ သွား.. ဆရာဝန်ကို မြန်မြန်ဖုန်းဆက်ခေါ်ချည်''

"ဪ... အင်း.. အင်းအင်း..


ထိုအခါမှ သမီးကိုချထားပေးပြီး ဆရာဝန်ဖုန်းဆက်နေသည့် ဂုဏ်လေး။ ဒီလောက် သွက်လက်ဖျတ်လတ်တဲ့ကောင်လေးက သူ့မိန်းမစိတ်နဲ့ အခုလို ကြောင်တိကြောင်တောင်ဖြစ်နေတယ်လိုပြောရင် ဘယ်သူကများ ယုံပါ့မလဲ။ 


>>>>>>>>>><<<<<<<<<<


"လူနာက ဒဏ်ရာကြောင့် အဖျားကြီးပြီး သတိလစ်သွားတာပါ''


"စိုးရိမ်ရလား ဒေါက်တာ''

"အခုတော့ စိတ်ချရပါပြီ၊ လူနာက သတိလစ်နေတာ နည်းနည်းတောင်ကြာနေပြီထင်တယ်၊ အသိနောက်ကျရင် မလွယ်ဘူး''


"ရှင်.. ဒါ.. ဒါဆို အခုတော့ စိတ်ချရပြီပေါ့နော်''

"ဒဏ်ရာကို ဆေးထည့်ပေးထားတယ်၊ ဆေးတစ်လုံးလဲထိုးထားတယ်ဆိုတော့ မကြာခင်အဖျားကျသွားမှာပါ၊ သေချာတော့ စောင့်ကြည့်ပေးပါ၊ အခုလိုမျိုး ထပ်ပြီးသတိလစ်သွားရင် စိုးရိမ်ရလို့''


"ဟုတ်ကဲ့ပါ ဂရုစိုက်ပါ့မယ် ဒေါက်တာ''

"ဒါဆို ခွင့်ပြုပါဦး''


"ကိုမောင် ဒေါက်တာ့ကိုလိုက်ပို့ပေးလိုက်ပါဦး''

"ဟုတ်ကဲ့ မထွေး''


ဒေါက်တာ့နဲ့အတူ ဦးမောင်ပါထွက်သွားပြီးမှ ေဒါ်ထွေး ဂုဏ်လေးကို သေချာပြန်ကြည့်လိုက်သည်။ သစ်ခက်လေးကိုကြည့်ကာ ငိုင်ငိုင်လေးရှိနေသည့် ဂုဏ်လေးကြောင့် သူမ သက်ပြင်းချမိပြန်သည်။ ဒီကောင်လေး တော်တော်လန့်သွားပုံရသည်။ ခုနကတည်းက သစ်ခက်လေးကို ဒီအတိုင်းငေးကြည့်နေတာလေ။ 


"သား''

"ကျွန်တော့်ကြောင့်... ကျွန်တော် ပူတူးကို ပစ်ထားမိလိုက်လို့''


"မဟုတ်ပါဘူး သားရယ်''

"ခုနကတည်းက ပူတူး နေမကောင်းလို့ ညည်းနေတဲ့အသံ ကျွန်တော်ကြားတယ်၊ အဲ့ဒါကို ကျွန်တော်ထမကြည့်လိုက်လို့ အခုလိုဖြစ်သွားတာ၊ ပူတူးမှာ ဒဏ်ရာရှိနေတာကိုသိရက်နဲ့ ကလေးနဲ့ပြိုင်ပြီး စိတ်ကောက်နေလိုက်လို့...


"ဒါပေမယ့် သားအသိစောလို့ အခုဘာမှမဖြစ်တော့ဘူးလေ၊ သားအပြစ်လို့မတွေးပါနဲ့''


နှစ်သိမ့်လိုက်ပေမယ့် မဟုတ်ဘူးဆိုသည့်သဘောဖြင့် ဂုဏ်လေးက ခေါင်းကိုလေးပင်စွာရမ်းလိုက်ပြီး...


"ဒီကလေးလေး တစ်ယောက်ကိုတောင် ကျွန်တော်သေချာ ဂရုမစိုက်နိုင်ဘူး၊ ကျွန်တော် တော်တော်အသုံးမကျတာပဲ''

"ဒီလို မဟုတ်ပါဘူးကွယ်''


"ခုန ဒေါက်တာပြောသလို ကျွန်တော်သာပူတူးကို ဆက်ပြီးပစ်ထားမိလိုက်ရင် ဒီအချိန် ဒီအချိန်...


"အခု ဘာမှမဖြစ်တော့ဘူးမဟုတ်လား၊ အလကားသပ်သပ် ကိုယ့်ကိုကိုယ်စိတ်ဆင်းရဲခံပြီး လျှောက်တွေးမနေပါနဲ့တော့ သားရယ်၊ တကယ်လို့ အခုကိစ္စကို သားနောင်တရတယ်ဆိုရင် နောက်နောင် အခုလိုမျိုး သမီးနဲ့ပြိုင်ပြီး စိတ်ဆိုးစိတ်ကောက်မလုပ်နဲ့တော့ပေါ့''


"အင်း... ဉာည့်နက်နေပြီဆိုတော့ ဒေါ်ထွေး သွားနားလိုက်တော့လေ''

"ဒေါ်ထွေးလဲ သမီးကို စောင့်ပေးမယ်လေ''


"ရတယ် ဒေါ်ထွေး၊ ကျွန်တော် စောင့်ကြည့်နေလိုက်ပါ့မယ်''

"ဒါဆိုလဲ တစ်ခုခုဆို ဒေါ်ထွေးကို လှမ်းခေါ်လိုက်နော် သား''


ဂုဏ် ခေါင်းငြိမ့်ပြလိုက်တော့မှ ဒေါ်ထွေးက ပူတူးကို တစ်ချက်ဝေ့ကြည့်ပြီး အခန်းထဲက ထွက်သွားသည်။ 


"အရမ်းပင်ပန်းနေလား ပူတူး၊ ကိုယ့်ကြောင့်ပါ ကိုယ်ဂရုမစိုက်မိလိုက်လို့ ပူတူးအခုလိုဖြစ်ရတာ''


နောင်တရသလိုပြောနေသည့် စကားတွေကို တုံ့ပြန်မှုမရှိဘဲ မျက်တောင်ရှည်ကြီးများကို ဖြန့်ချကာ အိပ်စက်အနားယူနေသည့် ပူတူး။


"ကျေးဇူးပြုပြီး သတိရပါတော့ ကလေးရာ၊ ကိုယ့်ကို ပူတူးစိတ်ကြိုက် ရိုက်နှက်ပြီး စိတ်ဆိုးပြစမ်းပါ၊ မင်းရဲ့အခုလိုပုံစံက ကိုယ့်ကို နာကျင်စေလို့ပါကွာ''


ပူတူးရဲ့လက်လေးတစ်ဖက်ကို နမ်းရှိုက်ရင်း သူ ငိုပြီး ပြောနေပေမယ့် ပူတူးကတော့ သူ့ကိုစိတ်ကောက်နေလို့ ထင်ပါရဲ့ တစ်ချက်ကလေးမှ လှုပ်ရှားလာခြင်းမရှိ။


>>>>>>>>>><<<<<<<<<<


"ကလင်... ကလင်... ကလင်..


နားထဲကို စူးရှစွာတိုးဝင်လာသည့် အသံကြောင့် ခက် မျက်လုံးတွေကို ကြိုးစားပြီးဖွင့်ကြည့်လိုက်သည်။ ခေါင်းထဲမှာ အရာဝတ္ထုတစ်ခုခု ထည့်ထားသည့်အတိုင်း လေးလံနေ၍ ခက် ထထိုင်ဖို့အတွက်တော့ အတော်လေးအားယူလိုက်ရ၏။ နောက်ဆုံး အားတင်းပြီး ထထိုင်လိုက်သည့်နောက် လက်လေးဆီမှ တဆစ်ဆစ်ကိုက်လာသည့် ဒဏ်ရာကိုပြန်ငုံ့ကြည့်လိုက်ပြီး...


"ကိုကိုက အခုထိ စိတ်ဆိုးနေတုန်းလားမသိဘူး?''


"ကိုယ့်ပူတူတူးလေးက နိုးနေပြီလားကွ''


အခန်းထဲဝင်လာသည့် ကိုကိုက အရင်အတိုင်း ပြုံးရွှင်နေတာမို့ ခက် ထူးဆန်းသလို ငေးကြည့်မိသည်။


"ဘယ်လိုနေသေးလဲ ပူတူး၊ သက်သာရဲ့လား၊ ညက မင်းသတိလစ်သွားတော့ ကိုယ့်မှာ အရူးမီးဝိုင်းပဲကွာ''

"သတိလစ်သွားတယ်! ခက်ကလား?''


"အွန်း.. နေမကောင်းတာကို ကိုယ့်ကိုမပြောဘူးကွာ၊ ကိုယ်က အဲ့ဒါကိုမသိဘဲ မင်းနဲ့ပြိုင်ပြီး စိတ်ကောက်နေမိတာ''


ကုတင်ပေါ်မှာ ငူငူလေးထိုင်နေသော ပူတူးအနားကို သူ သွားရပ်လိုက်ပြီး နဖူးလေးကို လက်ဖြင့်ကပ်ကာ အဖျားရှိမရှိစမ်းလိုက်သည်။ ပြီးမှ ပါးလေးနှစ်ဖက်ကိုပါ ထိုလက်ဖြင့် အပြန်အလှန်ကပ်စမ်းလိုက်ရင်း...


"အဖျားတော့ မရှိတော့ဘူး၊ နေရတာ သက်သာရဲ့လား ပူတူး''

"သက်သာပါတယ်''


"သက်သာလဲ ဒီနေ့တော့ ကျောင်းမသွားနဲ့တော့နော် ပူတူး၊ အိမ်မှာပဲ နားလိုက်ဦး၊ ညက မင်းတအားဖျားထားတော့ ကိုယ် မင်းကိုကျောင်းသွားခိုင်းဖို့က စိတ်မချလို့''

"ဟုတ်''


သက်သာတယ်ဆိုပေမယ့် ခေါင်းတစ်ခုလုံး လေးနေတာမို့ ခက် ကိုကိုပြောတာကို အလွယ်တကူကဲ ခေါင်းငြိမ့်မိသည်။ ဒါကိုပဲ ကျေနပ်သွားပုံရသည့် ကိုကိုက ပြုံးနေရင်းမှ ခက်ရဲ့ခေါင်းလေးကိုပွတ်သပ်ပေးလာသည်။


"ကိုကို ခက်ကို စိတ်မဆိုးတော့ဘူးလားဟင်''

"ကိုယ်က ဘယ်အချိန်တုန်းက ပူတူးကိုစိတ်ဆိုးဖူးလို့လဲ''


"မနေ့တုန်းကလေ''

"အွန်း... အဲ့ဒိီ့အတွက် ကိုယ်တောင်းပန်ပါတယ်၊ အမှန်ဆို ကိုယ့်အရွယ်က မင်းနဲ့ပြိုင်ပြီး စိတ်ဆိုးစိတ်ကောက်လုပ်နေရမယ့် အရွယ်မဟုတ်တာကို''


"ကိုကို မမှားပါဘူး၊ ခက်ကသာ...


ပြောနေရင်းမှ ငိုမဲ့မဲ့လေးဖြင့် ခေါင်းငုံ့သွားသည့် ပူတူးကြောင့် ဂုဏ် ပင့်သက်ရှိုက်လိုက်၏။ ဒီကလေးလေးကို သူ ဝမ်းနည်း​ေအာင်လုပ်မိခဲ့တာပဲ။


"ကိုယ့်ပူတူးလေးလဲ အမှားလုပ်ထားတာမှ မဟုတ်တာ၊ ကဲပါ ဒီကိစ္စတွေထားလိုက်တော့၊ ကိုယ် မင်းကိုပေးစရာရှိတယ်''

"ဘာလဲဟင်''


"ပြီးရင် သိရမှာပေါ့၊ အခု မျက်နှာအရင်သစ်လိုက်''

"ဟုတ်''


ဟုတ် ဆိုပြီး ရေချိုးခန်းထဲဝင်သွားသည့် ပူတူးကို စိတ်မချတာကြောင့် ဂုဏ် နောက်ကလိုက်သွားလိုက်သည်။ လက်က ဒဏ်ရာနဲ့ဆိုတော့ ရေစိုလို့မရတာကြောင့် သူကိုယ်တိုင် လိုက်ပြီး မျက်နှာသစ်ပေးလိုက်သည်။


"ကိုကို''

"ဟင်''


"ခက် မေမေ့ဆီသွားချင်လို့''


ခက်စကားအဆုံး ခက်ကို ခေါင်းဖြီးပေးနေသည့် ကိုကို့လက်တွေ လေထဲမှာရပ်တန့်သွားတာကို ခက် တွေ့လိုက်ရသည်။ 


"ဘာလို့လဲ ပူတူး၊ ကိုယ့်ကိုစိတ်ဆိုးလို့ အန်တီ့ဆီသွားချင်တာလား''

"ဟင့်အင်း မဟုတ်ပါဘူး၊ ဒီနေ့ ကျောင်းမသွားရဘူးဆိုတော့ မေမေ့ဆီခဏလောက်သွားချင်လို့ပါ၊ ကိုကိုက မသွားစေချင်ဘူးဆိုရင်လဲ ရပါတယ်၊ ခက်က ဒီအတိုင်းပဲပြောကြည့်တာ၊ မသွားရလဲရပါတယ်''


ထိုအခါမှ ဂုဏ် ပြုံးနိုင်တော့သည်။ သူထင်တာက သူ့ကိုစိတ်ဆိုးပြီး သူမမိခင်ဆီပြန်ချင်တယ်လို့ ပြောတာလားလို့။


"ကိုကိုက မသွားစေချင်တာ မဟုတ်ပါဘူး၊ ပူတူး သွားချင်ရင် လိုက်ပို့မှာပေါ့၊ breakfastစားပြီး လိုက်ပို့မယ်နော်''

"ဟုတ်''


"လိမ္မာတယ် အဟွန်း...


နေကောင်းခါစမို့ သိပ်မလန်းသေးတဲ့ မျက်နှာလေးကြောင့် သူ့မှာ အားမလိုအားမရဖြစ်ရသည့်အပြင် အရင်လို ခပ်ဆိုးဆိုးလေးမဟုတ်ဘဲ သူ့စကားကို နားထောင်ကာ တဟုတ်ဟုတ်ဖြစ်နေတာမို့ စိတ်မအေးဖြစ်နေရသည်။ 


"သားရေ''

"ဗျာ ဒေါ်ထွေး''


"မနက်စာပြင်ပြီးပြီ သား၊ အခန်းထဲပဲ ယူခဲ့ရမလား?''


သစ်ခက်လေးကို ဆံပင်စည်းပေးနေသည့် ဂုဏ်လေးကို ဒေါ်ထွေးမေးလိုက်တော့ ဂုဏ်လေးက သစ်ခက်လေးကို တစ်ချက်ပြန်ကြည့်ပြီး...


"ပူတူး ဒီကိုယူလာခိုင်းလိုက်ရမလား''

"ဟင့်အင်း ခက် အောက်ထပ်ဆင်းနိုင်ပါတယ်''


"အင်း အင်း၊ ဒါဆို ဒေါ်ထွေး ကျွန်တော်တို့ဆင်းခဲ့မယ်''

"ဟုတ်ပြီ ဟုတ်ပြီ''


ဒေါ်ထွေးထွက်သွားပြီးတဲ့နောက် ဂုဏ်တို့နှစ်ယောက် အောက်ထပ်ကို ဆင်းကာ မနက်စာစားလိုက်ကြသည်။ ထို့နောက် နှင်းဆီမြိုင်ကိုသွားဖို့ ကားရှိရာကို အတူတူလျှောက်လာရင်းမှ...


"အယ်.... စက်ဘီလေးက လှလိုက်တာ''


ကားနဲ့ဘေးချင်းယှဥ်ကာ ရပ်ထားသည့် အနီရောင်ရဲတောက်နေသော စက်ဘီးလေးကြောင့် ခက် ထိုအနားကို ပြေးသွားဖို့ပြင်လိုက်စဥ် ခက်ရဲ့လက်ကို လှမ်းဆွဲလိုက်သည့် ကိုကို။


"မပြေးနဲ့လေ ချော်လဲမယ်''

"ကိုကို့ အဲ့ဒီ့စက်ဘီးက ဘယ်သူစက်ဘီးလဲဟင်''


"ပူတူးစက်ဘီးလေ''

"ခက့်စက်ဘီး''


"ဟုတ်တယ် ပူတူးအတွက် ကိုယ်ဝယ်ထားတာ၊ ကြိုက်ရဲ့လား''

"ဟီး ဟီး ကြိုက်တယ် ကြိုက်တယ်''

"ကလင်... ကလင်.. ကလင်..


စက်ဘီးကိုလှည့်ပတ်ကြည့်ပြီး ဘဲလ်တီးကြည့်နေသည့် ပူတူးမျက်နှာက လိုချင်တာရသွားလို့ ပျော်မြူးနေသည့် ကလေးငယ်သဖွယ် ကြည်စင်ဝင်းပနေသည်။ 


"မနက်က ခက် ဒီဘဲလ်သံကြားလိုက်သေးတယ်''

"ဟုတ်တယ် ကိုယ် စမ်းပြီးတိီးကြည့်လိုက်တာ၊ အဲ့ဒါကြောင့် နိုးသွားတာလား''


"အွန်း... ကိုကို ဒါ ဘယ်အချိန်က သွားဝယ်ထားတာလဲဟင်''

"မနက်ကမှ၊ မင်းကိုယ့်ကို စိတ်ဆိုးနေမယ်ထင်လို့​ေလ လက်ဆောင်ပေးပြီး ချော့ဖို့ပြင်ထားတာ၊ တကယ်တမ်းကျတော့ ကိုယ့်ပူတူးက လိမ္မာတော့ လက်ဆောင်ပေးပြီးချော့စရာတောင်မလိုဘူး အဟွန်း..


"ခက်က ကိုကို့ကို စိတ်မဆိုးပါဘူး''


သူ့ကို ပြုံးပြရင်းပြောနေသည့် ပူတူးကြောင့် သူကျေနပ်သွားကာ ခေါင်းလေးကိုသာသာလေးပုတ်လိုက်ရင်း...


"ကိုယ်က မင်းကို စက်ဘီးဝယ်ပေးမယ် ပြောထားပြီး မေ့နေတာကွ၊ အခုမှ မင်းကို ဘာလက်​ဆောင် ဝယ်ပေးရမလဲတွေးရင်း ဒီစက်ဘီးကို အမှတ်ရသွားတာ၊ ပူတူးရော မေ့နေတာလား ကိုယ်စက်ဘီးဝယ်ပေးမယ် ပြောထားတာကိုလေ''


"မမေ့ပါဘူး၊ ကိုကို့ကို ပူဆာရမှာ အားနာလို့ မပြောဘဲထားတာ အဟွန်း...


ဒီစကားကို ပူတူးကတော့ ရယ်ရင်းမောရင်း ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်တာဆိုပေမယ့် ဂုဏ် မျက်နှာပျက်သွားမိသည်။


"အားနာလို့... အားနာလို့ ဟုတ်လား ပူတူး''

"အွန်း...


စက်ဘီးလေးကို ငုံ့ကြည့်နေရင်းမှ ဖြေလိုက်တာမို့ မျက်နှာပျက်နေသည့် ကိုကို့ကို ခက် သတိမထားမိ။


"ဘာကိုအားနာတာလဲ ပူတူးရာ၊ မင်းနဲ့ကိုယ်ကြားထဲမှာ ဘာအားနာစရာရှိလဲ''

"ဟင်... 


"အားနာတယ်ပြောရအောင် မင်းနဲ့ကိုယ်က သူစိမ်းတွေလားကွ''


ဒေါသထွက်တာတော့ မဟုတ်ပေမယ့် အားနာတယ်ဆိုတဲ့စကားကြောင့် သူ ပူတူးကို မချင့်မရဲဖြစ်ကာ အသံကတော့ နည်းနည်းကျယ်သွားသည်။ 


သူ့အသံကြောင့် စက်ဘီးကိုစိတ်ဝင်တစားကြည့်နေသည့် ပူတူးက သူ့ကို မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် ပြန်ကြည့်လာတာမြင်မှ သူမလေး နေမကောင်းဘူးဆိုတာကို ပြန်သတိရသွားကာ...


"ကိုယ်က ပူတူးကို အပြစ်ပြောတာမဟုတ်ဘူးနော်၊ တကယ်ဆို မင်းနဲ့ကိုယ်ကြားမှာ ဒီလိုအားနာနေဖို့မလိုဘူး''


"အားနာဖို့မလိုပေမယ့် ခက်ကတော့ အားနာတာပဲ၊ ကိုကိုက ခက်အတွက် အကုန်လိုက်ဖြည့်ဆည်းပေးနေတဲ့ကြားထဲက ခက်က ဟိုဟာလိုချင်တယ် ဒီဟာလိုချင်တယ်ဆိုပြီး ပူဆာရမှာ ခက်အတွက် တကယ်ဝန်လေးတယ်၊ နောက်ပြီး ခက်ကပဲ ကိုကို့ဆီက အမြဲယူနေရတော့...


"အဲ့ဒါ ဘာဖြစ်လဲ ပူတူး၊ အခု မင်းနဲ့ကိုယ်က လင်မယားမဟုတ်ဘူးလား''

"ဟုတ်တော့ ဟုတ်တာပေါ့''


"အင်း ဟုတ်တယ်ဆိုတာလဲ မင်းသိရက်သားနဲ့၊ အိမ်ထောင်ဦးစီးဖြစ်တဲ့ ကိုယ်က မင်းလိုအပ်တာဖြည့်ဆည်းရမယ့် တာဝန်ရှိတာပဲ၊ အဲ့ဒီ့အတွက်ဖြည့်ဆည်းပေးနေတာကို မင်းက အားနာစရာလို့ တွေးသလား''

"အခု ခက်ကို ကိုကိုက စိတ်ဆိုးသွားတာလား?''


ခက်ကို မကျေနပ်သလို ပြောနေတယ်ဆိုပေမယ့် ကိုကို့မျက်နှာက ဒေါသထွက်နေသည့်ပုံစံတော့ မဟုတ်ပါ။ ခန့်မှန်းရခက်လွန်းသည့် ကိုကို့ရဲ့ပုံစံကြောင့် ခက် ဒဲ့ပဲမေးလိုက်တော့ ကိုကိုက ခေါင်းကို ဖြေးညှင်းစွာခါရမ်းကာ.. 


"စိတ်မကောင်းဖြစ်တာ၊ မင်းက ကိုယ်နဲ့ပတ်သတ်ပြီး ဒီလိုတွေစည်းခြားထားတယ်ဆိုတာ သိရလို့ စိတ်မကောင်းဖြစ်တာ''

"ကိုကို မကြိုက်ရင် ခက် နောက်ကို ဒီလိုမပြောတော့ဘူးလေ နော်၊ ခက်ကို စိတ်မဆိုးပါနဲ့''


သူ့ခါးကိုဖက်ကာ တောင်းဆိုနေသည့်ပူတူးကို ဂုဏ် မျက်တောင်တွေမှေးစင်းလာသည်အထိ စိုက်ကြည့်လိုက်ပြီး...


"ကိုယ် မင်းကို စပြီးချစ်ခဲ့ကတည်းက ကိုယ့်အတွက် မင်းက ချစ်စရာကောင်းတဲ့ကလေးလေးပဲ၊ မင်းရဲ့ ကလေးဆန်တဲ့အတွေးလေးတွေ ကလေးဆန်တဲ့ အပြုအမူလေးတွေက အရမ်းဖြူစင်ပြီး အပြစ်ကင်းလို့ ကိုယ်မြတ်နိုးတယ်၊ တစ်ခါတစ်လေများ မင်းလူကြီးဆန်ဆန် နေပြ လုပ်ပြနေရင် ကိုယ့်မှာ ရင်ပူရပြန်ရော၊ အဲ့ဒါ ဘာလို့လဲသိလား?''


ဂုဏ် မေးလိုက်တာကို ဘာမှပြန်မပြောဘဲ မော့မော့လေးသာကြည့်နေသည့် ပူတူးကို သူ မြတ်နိုးမဝစွာ ကြည့်လိုက်ပြီး...


"ကလေးဆန်တဲ့မင်း ရင့်ကျက်သွားမှာကြောက်လို့''

"......''


"ရင့်ကျက်သွားတာနဲ့အမျှ သူများအတွက်တွေးပေးတာတွေ၊ အလိုက်သိတာတွေပါလာလိမ့်မယ်၊ တစ်ခါတစ်ရံ သူများအကျိုးအတွက် ကိုယ်က စွန့်လွှတ်​ပေးလိုက်တာတွေလဲ ရှိလာမယ်၊ ဒါတွေ ကိုယ်မကြိုက်ဘူး၊ ကိုယ်ကလေ မင်းကို ကလေးလေးတစ်ယောက်လို အလိုလိုက်ပြီး ဂရုတစိုက်နဲ့ ချစ်နေတာမို့လို့ ပူတူးကလဲ နဂိုအရင်းခံလေးအတိုင်း သွက်လက်ပြီးချစ်စရာကောင်းတဲ့ ကလေးတစ်ယောက်လိုပဲနေပါ၊ ဘယ်သူ့အတွက်ကြောင့်နဲ့မှ ရင့်ကျက်စရာမလိုဘူး၊ မင်းအတွက် အလိုလိုက် အလျော့ပေးမယ့် ကိုယ်ရှိနေလို့ မင်းက ကိုယ့်အတွက် ကလေးဆန်ပြီး ပွင့်လင်းပေးရင်ရ​ြပီ၊ နောက်ပြီး ကလေးဆိုတာ အားမနာတတ်ရဘူး၊ လိုချင်တာရှိရင် ပူဆာတတ်ရတယ်၊ ဒါမှ ကလေးပီသတာ''


"ခက်က ကလေးမှမဟုတ်တာ''

"ဒါဆို လူကြီးလား၊ ဒီလိုဆို ကိုယ်က ကလေးလိုပဲနေမယ် မင်းအလျော့ပေးပြီး အလိုလိုက်မလားပြော''


"အလိုမလိုက်နိုင်ပါဘူး၊ ပြီးတော့ ခက်ကိုလဲ ကိုကို အမြဲတမ်းအလိုလိုက်နေဖို့ မလိုဘူး၊ ခက်က ကိုကိုနဲ့ယှဥ်ရင် ငယ်တယ်ဆိုတာမှန်​​ေပမယ့် ခက်က အခု ကိုကို့ရဲ့အိမ်ရှင်မဖြစ်နေပြီ၊ အဲ့တော့

ခက်ဆိုးရင် ကိုကိုက ဆုံးမပေးရမှာလေ အမြဲတမ်း အလိုလိုက်နေရမှာမဟုတ်ဘူး''


ဒီလိုပြောလိုက်တော့ ကိုကိုက ဟက်ခနဲနေအောင်ရယ်သည်။ ဘာလဲ ခက့်စကားကို လှောင်တာလား။ 


ခက် ကိုကို့ကို မျက်စောင်းလေးချီပြီး ကြည့်လိုက်တော့ ကိုကိုက ခက့်ရဲ့နှာခေါင်းကို ဖွွွဖွလေးဖိညှစ်ကာ...


"ကိုကိုက ကိုကို့ရဲ့အိမ်ရှင်မကို မဆုံးမချင်ဘူးဗျ၊ အမြဲတမ်း အလိုပဲလိုက်ချင်တာ''

"ဒီလိုဆို ခက်က ဆိုးပဲဆိုးနေတော့မှာပေါ့လို့''


"ဆိုးဆိုး''

"ခက်က ဆိုးလွန်းလို့ ကိုကိုကပစ်သွားရင်ရော''


"ဘယ်တော့မှ ဖြစ်လာမှာမဟုတ်လို့ စိတ်ကူးယဥ်မနေနဲ့''


သူ့စကားဆုံးတာနဲ့ နှုတ်ခမ်းမိန့်ကာ ဇတ်လေးပုပြသည့် ပူတူးပုံစံက မယုံဘူးဆိုသည့် သဘော။


"အဲ့ဒါ ဘာဖြစ်တာလဲ''

"ဟင်... ဘာမှမဖြစ်ပါဘူး''


"ကိုယ်ပြောတာကို မယုံတာလား ပူတူး''

"ယုံပါတယ် အင်း.. ယုံတယ် ယုံတယ်''


သူဆူမှာကြောက်သည့်ပုံစံဖြင့် ဇွတ်တွေယုံပြနေသည့် ပူတူးကို စိတ်မဆိုးနိုင်ဘဲ သဘောကျကာ ရယ်လိုက်မိသည်။ သူရယ်တာကို မြင်သွားမှ သွားလှလှလေးတွေ ပေါ်အောင် လှိုက်လှိုက်လှဲလှဲရယ်လာသည့် ပူတူး။


"ချစ်စရာလေးကွာ၊ ဒါ ဘယ်သူ့ ကလေးလေးလဲ''

"ကိုကို့ကလေးလေးပါ''


"အဟက်... ကိုကို့ကလေးဆိုရင် ကိုကို့စကားနားထောင်ရမှာဗျ''

"ခက်က လိမ္မာပါတယ်နော်''


"လိမ္မာရုံနဲ့မရဘူး ကိုယ့်စကားနားထောင်ဦးမှ''

"နောက်တော့ နားထောင်မယ်လေ၊ အခု ခက် စက်ဘီးစီးချင်တယ် ကိုကို သင်ပေး''


"နောက်ရက်မှသင်ပေးမယ်၊ ဒီနေ့က ပူတူးလက်ကဒဏ်ရာကြီးနဲ့ အဆင်ပြေမှာမဟုတ်ဘူး''

"ဟွန့်...


"မဟွန့်နဲ့၊ ဒီလိုဒဏ်ရာရလာအောင် ဘယ်သူလုပ်လာတာလဲ၊ ဒီကိစ္စကို ကိုယ်က သိပ်ပြီး သင်္ကါတာ မဟုတ်ဘူးဗျ၊ မင်း နေမကောင်းလို့ ဆက်မမေးဘဲထားလိုက်တာ''


ဒီအကြောင်းပြန်စလိုက်တာနဲ့ မီးကို ရေနဲ့ပက်လိုက်သလို ငြိမ်ကျသွားသည့်ပူတူးကို ဂုဏ် အကဲခတ်သလို ကြည့်လိုက်သည်။ သူပြောနေတာကို မကြားတာလိုလို မကြားချင်ယောင်ဆောင်တာလိုလိုနဲ့ ခပ်အေးအေးလုပ်နေသည်လေ။


္"ပူတူး မင်း တကယ်ပဲ ဘာဖြစ်လာ...

"ကိုကို ခက်ကို မေမေ့ဆီလိုက်ပို့မှာဆို၊ အခု လိုက်ပို့လေ''


"ဟင်.. အင်း.. သွားမယ်လေ''


သူ့စကားကို တမင်ကြားဖြတ်ပြီး လမ်းကြောင်းလွှဲသွားတာကို ဂုဏ်သိပေမယ့် မသိချင်ယောင်ဘဲဆောင်လိုက်သည်။ မပြောပြချင်ရတဲ့ အကြောင်းရင်းရှိလို့ ဖြစ်မှာပါ။


>>>>>>>>>><<<<<<<<<<


"ညနေမှပြန်မှာနော်''

"မင်းသဘော''


ဂုဏ် ပြုံးပြရင်းပြောလိုက်တော့ သွားလေးတွေပေါ်အောင် ရယ်သွားသည့် သူ့ရဲ့ပူတူး။ 


'နှင်းဆီမြိုင်'ကို လာရရင် ကလေးလေးတစ်ယောက်လို ပျော်မြူးနေတတ်သည့် ပူတူးရဲ့ပုံစံက မသိရင် 'တော်ဝင်နန်း' မှာ အနိုင်ကျင့်ခံနေရသည့်အတိုင်း။


အခုလဲကြည့် ပေါ်တီကိုအောက်မှာ ကားရပ်လိုက်တယ်ဆိုတာနဲ့ ကားပေါ်ကနေ လှစ်ခနဲပြေးဆင်းသွားတာက သူ တားချိန်ပင်မရလိုက်။


"မပြေးနဲ့လေ ပူတူးရာ၊ ေချာ်လဲတော့မှာပဲ''


ကားတံခါးပိတ်ရင်း သူအော်ပြောလိုက်ပေမယ့် ပူတူးကတော့ သူ့ကို ဖုတ်လေတဲ့ငပိ ရှိတယ်လို့ကိုမထင်။ သူမမိခင်ရှိတဲ့ အိမ်လေးရှိရာကိုသာ တစ်ချိုးတည်းပြေးသွားတာမို့ ဂုဏ် မနိုင်ဘူးဆိုသည့်သဘောဖြင့် ခေါင်းလေးရမ်းလိုက်သည်။ တကယ့်ကို မနိုင်စိန်လေး။ 


"အယ်.. ဂုဏ် အလည်လာတာလား?''


အသံကြားကတည်းက နှင်းစက်မှန်း ဂုဏ်သိသည်။ သူနဲ့ နှင်းစက်ကို ပူတူးက ယုန်ထင်ကြောင်ထင် ထင်တတ်လွန်းလို့ သူသတိထားပြီးနေပေမယ့် ဒီအိမ်လာတိုင်းတော့ နှင်းစက်နဲ့ တွေ့နေရသည်။


"အွန်း... ပူတူးက လာချင်တယ်ဆိုလို့''

"ဟုတ်လား၊ ဒါနဲ့ မိခက် လက်က ဒဏ်ရာသက်သာရဲ့လား''


"ပူတူး ဒဏ်ရာရတာကို မင်းက ဘယ်လိုလုပ်သိတာလဲ''

"ဟင်...


ဘယ်လိုလုပ်သိတာလဲတဲ့။ ဒါဆို မိခက်က ဒီဒဏ်ရာကို နှင်းစက်ကြောင့်ရတာလို့ ပြောမထားဘူးထင်တယ်။ 


ထိုအခါမှ နှင်းစက် သက်ပြင်းချနိုင်သွားပြီး ဂုဏ့်ကို ပြန်ကြည့်ကာ...


"မနေ့က မိခက်ဆီ ဖုန်းဆက်ရင်း မိခက်ပြောပြလို့လေ အဟွန်း''

"ပူတူးဆီကို မင်းက ဘာကိ္စ္စနဲ့ ဖုန်းဆက်တာလဲ''


"အန်တီထား နေမကောင်းလို့လေ၊ အဲ့ဒါ မိခက်ကို ဖုန်းဆက်ပြီးပြောပြတာ''


ဟုတ်ရဲ့လားဆိုသည့် အကြည့်ဖြင့် ဂုဏ် နှင်းစက်ကို စိုက်ကြည့်လိုက်ပြီးမှ ဒီမနက် ပူတူးက သူမမိခင်ဆီသွားချင်လိုဆိုတဲ့စကားကို ပြန်တွေးမိသည်။ သူမ မိခင်နေမကောင်းတာကို သိလို့ သွားချင်တာလား။


"ဂုဏ် နင့်ကို နှင်းစက် အကူအညီတောင်းစရာရှိလို့''

"အလုပ်လျှောက်ဖို့ဆိုတာလား''


"အင်း.. 

"အဲ့ဒီ့ကိစ္စက ငါ မလေးကို သေချာပြောလိုက်သားပဲ''


"ဟုတ်ပါတယ်၊ အခုက အဲ့ဒါမဟုတ်ဘူး တခြားကိစ္စ၊ နင်တို့ကုမ္ပဏီရဲ့ တစ်ချို့အကြောင်းအရာတွေကို နားမလည်လို့ နှင်းစက်ကို ရှင်းပြရုံလေးပဲ၊ နှင်းစက်အလုပ်ရဖို့အတွက်က နှင်းစက်ဟာ နှင်းစက်ကြိုးစားမှာပါ၊ အခုက နှင်းစက်နားမလည်တဲ့အပိုင်းကို ရှင်းပြပေးဖို့ပါ၊ ကူညီပါဟာ''


ဒီလောက်တောင်းဆိုနေတာမို့ ငြင်းပစ်လိုက်ဖို့ကို ဂုဏ် ဝန်လေးနေမိသည်။ ပူတူးကြောင့်သာမဟုတ်ရင် သူနဲ့ကိုယ်က အရင်းနှီးဆုံးသူငယ်ချင်းတွေဆိုတော့...


"ကောင်းပြီလေ၊ ငါရှင်းပြပေးမယ်''

"ကျေးဇူးပါဟာ''


"ဘယ်ဥစ္စာကို နားမလည်တာလဲဆိုတာသာ ပြော၊ ပူတူးက ကြာနေရင် စိတ်ကောက်နေမှာစိုးလို့''


နာကျင်ပေမယ့် နှင်းစက် ပြုံးပြလိုက်သည်။ ဂုဏ့်ရဲ့ အရာရာမှာ မိခက်က စိုးမိုးထားတာပဲ။


"ဧည့်ခန်းထဲ ဝင်ပါဦးလား ဂုဏ်ရယ်''

"ရတယ် မဝင်တော့ဘူး၊ ဒီမှာပဲမေး''


"ဒါဆိုလဲ နှင်းစက် လပ်တော့ပ်သွားယူလိုက်ဦးမယ်၊ နှင်းစက်သိချင်တာက အဲ့ထဲမှာမို့လို့''

"အင်း..


တကယ့်ကို အိမ်ထဲမဝင်ဘဲ အိမ်ပေါက်ဝတွင်သာ ရပ်နေသည့် ဂုဏ့်ကို နှင်းစက် တစ်ချက်ဝေ့ကြည့်ကာ အခန်းထဲက လပ်တော့ပ်ကို သွားယူလိုက်သည်။ ဒီလောက်ထိ သူစိမ်းဆန်ဖို့လိုသလား ဂုဏ်ရယ်။


>>>>>>>>>><<<<<<<<<<


"ညီမလေး...


အိမ်လေးဆီမရောက်ခင် ရေကန်နားမှဖြတ်အလျှောက် မေမေ့ဆီကပြန်လာဟန်ရှိသည့် ကိုကြီးနှင်​့ ဆုံသည်။ ဟိုတစ်ခါ ခက်ကိုဆူထားကတည်းက ခက်နဲ့ကိုကြီး လုံးဝအခေါ်အပြောမရှိ။ ဒါကလဲ ခက်ဘက်က တစ်ဖက်သတ်စိတ်ကောက်ခြင်းပါ။ ကိုကြီးက ဖုန်းဆက်ပေမယ့် ခက်က တမင်မကိုင်ဘဲ ထားတာလေ။


"အန်တီထားဆီ လာတာလား?'

"ဟုတ်.. တယ်..


မျက်စောင်းလေးထိုးပြီး တစ်ခွန်းချင်းပြောနေပုံက သူ့ကိုစိတ်ကောက်နေတုန်းဆိုတာ သိသာလှသည်။


"ကိုကို့ကို စိတ်ကောက်နေတုန်းလား သစ်ခက်ရ''

"မကောက်ပါဘူး၊ စိတ်ကောက်တယ်ဆိုတာ အချစ်ခံရတဲ့သူတွေ လုပ်တဲ့အလုပ်၊ ခက်က အချစ်ခံရတဲ့သူမှ မဟုတ်ပဲ ဘယ်လိုလုပ်ပြီး စိတ်ကောက်လို့ရပါ့မလဲ''


"စကားနာထိုးလိုက်တာကွာ၊ ကိုကိုက သစ်ခက်ကို တောင်းပန်မလို့ပါ''

"တောင်းပန်ရအောင် ကိုကြီးက ဘာအမှားလုပ်ခဲ့လို့လဲ''


"အပြစ်မရှိတဲ့ ညီမလေးကိုဆူလိုက်မိလို့ပေါ့''

"အဲ့နေ့က ကိုကြီးပြောတော့ ခက်က အပြစ်ရှိတယ်ဆို၊ ခက်က အပြစ်မကင်းဘဲ သူများကိုလက်ညှိုးထိုးချင်နေတာဆို၊ နောက်ပြီး ခက်လို ညီမမျိုးရှိလို့ ကိုကြီးစိတ်ပျက်မိတယ်ဆို''


သူပြောခဲ့တဲ့ စကားတွေကို တစ်ခွန်းချင်းပြန်ပြောနေသည့် ပုံစံက အကြောခပ်တင်းတင်းပင်။ ဒါ့အပြင် အရင်ကလို စိတ်ဆိုးလို့ပြန်ချော့ရင် အလွယ်တကူစိတ်ပြေပေးမယ့်ပုံစံလဲ မရှိ။ 


"ညီမလေး အရမ်းပြောင်းလဲသွားတာပဲ''

"​ပြောင်းလဲမှာပေါ့၊ ကိုကြီးပြောသလိုပဲလေ ခက်က ချမ်းသာတဲ့လူနဲ့ အိမ်ထောင်ကျပြီး အချစ်ခံ အလိုလိုက်ခံနေရလို့ ဘဝမေ့သွားပြီလေ၊ ဒါပေမယ့် မေ့လို့မရတဲ့တစ်ပိုင်းတစ်စကျန်နေသေးလို့ ကိုကြီးတို့အိမ်က အိမ်ဖော်ဒေါ်သက်ထားဆီ လာတာပါ၊ သိတယ်မလား ခက်က ကိုကြီးတို့အိမ်က အိမ်ဖော်ရဲ့သမီးလေ''


တကယ့်ကို သစ်ခက်က သူ့ကိုစိ်တ်ဆိုးနေတာပဲ။ သူ စိတ်တိုလို့ပြောမိခဲ့တဲ့ ဆိုးဆိုးဝါးဝါးစကားတွေကို တေးမှတ်ထားမယ်လို့ တကယ်မထင်ခဲ့တာပါ။ အခုတော့.. အခုတော့..


"အဲ့တုန်းက ကိုကို စိတ်တိုတုန်းမို့ မပြောသင့်တဲ့စကားတွေ ပြောမိခဲ့တာပါ၊ တွေးမိတိုင်းလဲ နောင်တရပါတယ်၊ ကိုကိုတောင်းပန်ပါတယ်ကွာ'' 

"ခက်လို နိမ့်ကျတဲ့လူကို တောင်းပန်စရာမလိုပါဘူး''


"စကားနာတွေ တအားမထိုးပါနဲ့ သစ်ခက်ရာ၊ ကိုကိုက မှားမှန်းသိလို့ တောင်းပန်​ေနရင် ခွင့်လွှတ်ပေးလိုက်လို့မရဘူးလား''

"မ.. ရ.. ဘူး..


"ဘာလို့လဲ၊ ဘာလို့လဲ ပြောလေ ညီမလေး၊ ကိုကို့ကို ညီမလေး ချစ်တယ်မဟုတ်ဘူးလား၊ ချစ်ရင် ခွင့်လွှတ်ပေးရတယ်ကွ''


ဒီကောင်မလေး စိတ်မခိုင်မှန်းသိလို့ ဝသန် ပြုံးစစနဲ့ ချော့ပြောလေးပြောလိုက်သော်လည်း သူထင်သလိုတော့ ပျော့မလာခဲ့။


"ခက် ကိုကြီးကို မချစ်တော့ဘူး''

"ဘယ်လို..


"ကိုကြီးကို မချစ်တော့ဘူးလို့၊ ခက်ကို မချစ်တဲ့သူတွေကို ခက်ကလဲ မချစ်ဘူး''

"ကိုကိုက ညီမလေးကို ချစ်တယ်လေကွာ''


"မချစ်ပါဘူး၊ ကိုကြီး ခက်ကို မချစ်လို့ ခက်ကို မုန်းနေလို့ ဒီလိုစကားတွေပြောထွက်တာပေါ့''

"မဟုတ်ပါဘူးကွာ၊ အဲ့နေ့က ကိုကိုတကယ် စိတ်တိုသွားလို့ပါ''


"တော်ပါပြီ၊ ခက် ကိုကြီးနဲ့ စကားမပြောချင်ဘူး၊ ပြီးတော့ ခက်ကို ကိုကြီးနဲ့မခေါ်ရဘူးလို့ မှာထားတာ''


သစ်ခက်စကား​ကြောင့် ဝသန် မျက်မှောင်ကြုံ့လိုက်မိသည်။ သူနဲ့မခေါ်ရဘူးလို့ မှာထားတယ်တဲ့။ ဘယ်သူကလဲ ဘယ်သူက သူနဲ့ညီမလေးကို သွေးခွဲဖို့ကြံနေတာလဲ။ ဟုတ်တယ် သူတို့ကြားမှာ သွေးခွဲနေတဲ့လူတစ်ယောက်တော့ရှိမှာ သေချာတယ်။ ဒါ့ကြောင့် ချော့ရလွယ်တဲ့ သစ်ခက်က ဒီလောက် အကြောမာနေတာ။


"ဖယ် ခက် မေမေ့ဆီ သွားမလို့''

"နေပါဦး၊ ခုနက စကားကို ကိုကိုနားလည်အောင် ေသချာ​​ပြောပြစမ်းပါ၊ ဘယ်သူက သစ်ခက်ကို ကိုကိုနဲ့မခေါ်ရဘူးလို့ မှာထားတာလဲ''


"ကိုကိုကလေ''

"ကိုကိုဆိုတာ.. မဟုတ်မှ ကိုမျိုးရိုးဂုဏ်လား?''


"ဟုတ်တယ်''

"ဘာလို့လဲ၊ ဘာလို့ ကိုမျိုးရိုးဂုဏ်က ကိုကိုနဲ့မခေါ်ခိုင်းတာလဲ''


"ကိုကြီးက ခက်ကိုဆူတာကို၊ အဲ့ဒါကြောင့် မခေါ်ခိုင်းတာပေါ့၊ နောက်ပြီး ခက်ကို မချစ်တဲ့သူတွေကို ခက်ကလဲမချစ်ရဘူးတဲ့၊ အဲ့ဒီ့လူတွေကိုပေးမယ့်အချစ်တွေ ကိုကို့ကိုပဲ ပေးရမယ်လို့ မှာထားတာ၊ အဲ့ဒါကြောင့်မို့လို့ ခက် ကိုကြီးကို ချစ်လဲမချစ်တော့ဘူး ခေါ်လဲမခေါ်တော့ဘူး''


နှုတ်ခမ်းသေးသေးလေးတွေ ထော်လန်နေအောင် ရန်တွေ့ပြီး ထွက်သွားသည့် သစ်ခက်ကို ဝသန် ကြောင်ပြီးကြည့်နေမိသည်။ သစ်ခက်လေး ဒီလောက်အသည်းမမာဘူးလို့တော့ ထင်သားပဲ။ အခုတော့.. ကြည့်စမ်း... 


"ကိုမျိုးရိုးဂုဏ် ကိုမျိုးရိုးဂုဏ်.. ကလေးကို မဟုတ်တာတွေသင်ပေးပြီး လူလည်ကျသွားတာ၊ ဘာတဲ့ အဲ့ဒီ့လူတွေကိုပေးမယ့်အချစ်တွေ ကိုကို့ကိုပဲပေးရမယ်ဆိုပဲ၊ သူပိုပြီး အချစ်ခံချင်တာနဲ့ ငါ့ကို သပ်သပ် ထိုးချသွားတာ၊ တွေ့မယ် တွေ့မယ် ခင်ဗျားကတော့ ကျွန်တော်နဲ့တွေ့ဦးမယ်''


ဝသန် တစ်ယောက်တည်း မကျေမနပ်ရွေရွတ်လိုက်သည်။ ဒီလူ သူများညီမကိုယူထားပြီး ဆွေခန်းမျိုးခန်းဖြတ်ခိုင်းနေတယ်ပေါ့လေ။ 


>>>>>>>>>><<<<<<<<<<


📞 စေလိုရာ စေလိုက်တော့ သခင်...

သခင်လိုရာ အဆင်သင့်ဖြစ်မယ်..


📞 အရာရာကို ပိုင်စိုးတဲ့သခင်..


အိပ်ပျော်နေသော ပူတူးရဲ့ဖုန်းလေးဆီမှ အသံ။

"နှင်းဆီမြိုင်''က ပြန်လာပြီးကတည်းက ညနေစာ ဇွတ်ကျွေး ဆေးကို ဇွတ်တိုက်ပြီး စောစောစီးစီးအိပ်ခိုင်းထားရတာမို့လို့ ဖုန်းသံကြောင့် သူမလေး နိုးသွားမှာ စိုးရိမ်ကာ အသံကြားကြားချင်း သူ ဝရံတာမှပြေးလာလိုက်သည်။ 


ကုတင်ဘေးက စားပွဲပေါ်မှ အဆက်မပြတ်မြည်နေသည့် ဖုန်းကို ကောက်ယူလိုက်ရင်းမှ အိပ်ပျော်နေသည့် ပူတူးကို တစ်ချက်ပြန်ကြည့်လိုက်သည်။ တော်သေးတယ် နိုးမသွားလို့။


"ဟယ်လို''

"ဟင်... မိခက်ရဲ့ဖုန်း မဟုတ်ဘူးလားဟင်''


"ဟုတ်တယ်၊ အခု ပူတူးက အိပ်နေလို့''

"ဪ.. ကိုမျိုးရိုးဂုဏ်ထင်တယ်၊ ဂူးပါ''


"ဒီဘက်မှာ နံမည်ပေါ်နေလို့ သိပါတယ်''


စကားပြောတာကိုက ခပ်ပြတ်ပြတ်ပဲဖြစ်နေသည့် ကိုမျိုးရိုးဂုဏ်ကြောင့် ဂူး နှုတ်ခမ်းကိုမဲ့ပစ်လိုက်မိသည်။


"ပူတူးဆီ ဖုန်းဆက်တာ ဘာကိစ္စရှိလို့လဲ''

"မိခက် ကျောင်းမလာလို့ ဘာဖြစ်လို့လဲဆိုပြီး လှမ်းမေးကြည့်တာပါ''


"ဟုတ်တယ် ပူတူးဖျားနေလို့''

"တော်တော်နေမကောင်းဖြစ်နေတာလားဟင်''


"သက်သာသွားပါပြီ၊ မနက်ဖြန်တော့ ကျောင်းတက်ဖြစ်မှာပါ''

"ဒါဆို တော်သေးတာပေါ့၊ ဂူးက မိခက် ကျောင်းပျက်ရက်တွေများနေတော့ တစ်ခုခုများဖြစ်နေသလားလို့ ဖုန်းဆက်လိုက်တာပါ''


"ဘယ်လို.. ပူတူးက ကျောင်းပျက်ရက်များနေတယ်ဟုတ်လား၊ နေစမ်းပါဦး ပူတူးက ဒီနေ့မှကျောင်းပျက်တာလေ''


ဒီနေ့မှ ကျောင်းပျက်တာကို ဘယ်လိုလုပ်ပြီး ကျောင်းပျက်ရက်များနေရတာလဲ။


"မဟုတ်ဘူးလေ မိခက် ကျောင်းပျက်တာ ဒီနေ့နဲ့ဆို ၄ရက်ရှိပြီ''

"ဟင်...


ဟိုဘက်က စကားကြောင့် ဂုဏ် ပူထူသွားကာ အိပ်ပျော်နေသည့် ပူတူးကို ချာခနဲလှည့်ကြည့်လိုက်သည်။ သူမလေးကတော့ အပူအပင်ကင်းကင်းနဲ့ နှစ်ခြိုက်စွာပင် အိပ်ပျော်နေဆဲ။ 


>>>>>>>>>><<<<<<<<<<


အားပေးတဲ့ အသဲတွေအားလုံးကို ကျေးဇူးတင်ပါတယ်😘😘


အမှားပါသွားရင် ချစ်တဲ့စိတ်နဲ့ ဝေဖန်ပေးပါ😊😊


အပိုင်း (၄၀)ေမျှာ်


စာရေးသူ- Merida(Tulip)


rate now: