🎗🎗 နှောင်ကြိုး 🎗🎗
~~~~~~~~~~
ခက်ကို ကျောင်းလိုက်ပို့တဲ့ ကိုကို့ကားလေး ကျောင်းရှေ့ရောက်တာနဲ့ ခက် ဘေးလွယ်အိတ်လေးကိုကောက်လွယ်ကာ ချက်ချင်းဆင်းဖို့ပြင်လိုက်၏။
"နေပါဦး ပူတူးရဲ့၊ ဘာတွေ ဒီလောက်လောနေတာလဲ''
"ခက် နောက်ကျနေပြီ ကိုကိုရဲ့''
ခက် ပြောပြီး တံခါးဖွင့်ဖို့ပြင်လိုက်စဥ် ကိုကိုက ခက်ရဲ့လက်ကိုဆတ်ခနဲဆွဲထားပြီး...
"နေဦးဆို ပူတူး''
"ကိုကိုကလဲ ခက် နောက်ကျနေလို့ပါဆို''
"နောက်ကျလဲ နေဦး၊ ကိုယ်မှာစရာရှိသေးတယ်''
"ကိုကိုပြောမှာ ခက်သိပါတယ်၊ ကောင်လေးတွေနဲ့ စကားမပြောနဲ့၊ ဘယ်သူစိမ်းကိုမှ ပြုံးမပြနဲ့၊ နေမကောင်းရင် ကိုကို့ကိုချက်ချင်း ဖုန်းဆက်၊ နောက်ပြီး ကျောင်းဆင်းရင် ကိုကိုပဲလာကြိုမှာမို့လို့ ဘယ်သူနဲ့မှလမ်းကြုံမလိုက်နဲ့၊ ဒါပဲပြောမှာမလား''
နေ့စဥ်နဲ့အမျှ ကိုကိုမှာနေကျစကားတွေကို ခက်တန်းစီပြီးပြောလိုက်တော့ ကိုကိုက သဘောကျသည့်ပုံစံဖြင့် ဟက်ခနဲရယ်၏။ ထို့နောက် ခက်ရဲ့လက်ဖမိုးလေးကို သူ့နှုတ်ခမ်းဖြင့်တစ်ချက်နမ်းလိုက်ပြီးမှ...
"ကိုယ့်ကလေးကို စိတ်မချလို့ပါကွာ''
"ခက် ကလေးမဟုတ်တော့ပါဘူးဆို''
ချက်ချင်း နှုတ်ခမ်းလေးစူပြီးရန်တွေ့လာသည့် ပူတူးက ကလေးလို့ပြောတာကို မကြိုက်မှန်းသိသာလှသည်။ ထို့ကြောင့် သူမလေးသဘောကျ ဂုဏ် ခေါင်းလေးငြိမ့်ပြလိုက်ပြီး...
"ဆောရီး ဆောရီး၊ ကလေးမဟုတ်ဘူး ကိုယ့်ရဲ့လူကြီးပေါက်စလေးကို စိတ်မချလို့''
"ဘာမှစိတ်မချစရာမရှိဘူး၊ ဖယ်ပါ ခက် တကယ်နောက်ကျနေပြီ''
"အိုခေ အိုခေ''ဆိုပြီး ခက်ရဲ့နဖူးလေးကိုနမ်းလိုက်သေးတာမို့ ခက် စိတ်မရှည်စွာ မျက်စောင်းလေးထိုးလိုက်မိသည်။
မသိရင် အကြာကြီးခွဲရတော့မယ့်လူတွေလို အကဲပိုပိုလွမ်းပြနေတာကြောင့် ခက် ကားပေါ်ကနေ မြန်မြန်ပဲဆင်းလာလိုက်၏။ ဒါတောင် အမျှင်တန်းနေသေးသည့်ကိုကိုက ကားထဲကနေထွက်လာပြီး...
"ကိုကို မသိဘဲ ဘယ်သူ့နောက်မှ မလိုက်ရဘူးနော် ပူတူး၊ ကိုယ်သိရင် မင်းကို တုတ်ကြီးကြီးနဲ့ရိုက်မှာ ကြားလား''
အသံပြဲကြီးနဲ့ အော်ပြောနေတာမို့ ဘေးက ကျောင်းသားတွေက ခက်တို့ကိုကြည့်ကာ ပြုံးစိစိနှင့်။ ဒါကို အရှက်မရှိတဲ့ကိုကိုက မရိပ်မိပေမယ့် ခက်ကတော့ မျက်နှာပူမိသည်။
ဒါ့ကြောင့် ကျောင်းထဲကိုသွားနေသည့် ခြေလှမ်းတွေကိုရပ်ပစ်လိုက်ပြီး ကားတံခါးဖွင့်ကာ ကားထဲမှာခြေထောက်တစ်ဖက် ကားအပြင်မှာခြေထောက်တစ်ဖက်နဲ့ ခက်ကို မူကြိုကလေးတစ်ယောက်လို မှာနေသည့်ကိုကို့ဘက်ကို လှည့်ကာ နှုတ်ခမ်းကိုက်ပြီး မျက်လုံးပြူးပြလိုက်သော်လည်း...
"ကိုကိုမှာတာတွေ တစ်ခုမှမမေ့နဲ့နော်၊ သေချာမှာထားရက်နဲ့ လုပ်ချင်ရာလုပ်လို့ကတော့ ကိုကို့အဆိုးမဆိုနဲ့ဗျ၊ နောက်ပြီး နေ့လည်စာကို ပြီးစလွယ် ပေါင်မုန့်နဲ့အချိုရည်ပဲ စားမနေနဲ့၊ ထမင်းပဲစား ကြားလား၊ ထမင်းဆိုလို့ ငရုတ်သီးပါတဲ့ဟင်းတွေလဲ စားမလာနဲ့ဦး၊ တော်ကြာ ဗိုက်နာနေမှ...
"ကိုကို့''
အရှက်မရှိဆက်အော်နေမှာစိုးလို့ ခက် နောက်လှည့်ပြီးကြည့်လိုက်မှ တစ်သီတစ်တန်းကြီးမှာကာ မပြီးနိုင်မစီးနိုင်ဖြစ်နေတာမို့ ခက် စိတ်ပျက်သလို ငိုမဲ့မဲ့လေးခေါ်ပြီး တားလိုက်၏။
"အိုခေ အိုခေ၊ ကိုယ်ပြန်တော့မှာ ပူတူးလဲ ကျောင်းထဲဝင်တော့''
ထိုအခါမှ ခက် တစ်ဖက်ကိုပြန်လှည့်ပြီး ကျောင်းထဲပြန်ဝင်ဖို့ ပြင်လိုက်၏။
"ဒါဆို ကိုကိုပြန်ပြီနော် ပူတူး၊ ကျောင်းဆင်းရင် ချက်ချင်းဖုန်းဆက်နော် ကြားလား ကလေး''
ခက်ကို တခြားကောင်လေးတွေ လာပြီးမကပ်အောင်လို့ တမင်လုပ်နေမှန်း ခက်သိတာကြောင့် ဘာမှထပ်ပြောမနေတော့ဘဲ ထိုနေရာမှ ထွက်လာခဲ့တော့၏။
>>စေလိုရာ.. စေလိုက်တော့ သခင်
သခင်လိုရာ အဆင်သင့်ဖြစ်မယ်<<
>>အရာရာကို.. ပိုင်စိုးတဲ့သခင်..
"ဟယ်လို''
"ဟယ်လို ကလေး''
ဟိုဘက်က မမရဲ့အသံကြားမှ ကိုကိုရှိနေသေးလားဆိုပြီး ခက် အနောက်ကို မလုံမလဲကြည့်လိုက်ရသည်။ တော်သေးတယ်။ ကိုကို့ကားလေး မရှိတော့လို့။
"ဟယ်လို.. ဟယ်လို..
"ဟုတ် မမကြားတယ် ပြောပါ''
"မမအိမ်က ကားလွှတ်လိုက်တယ်၊ လိုက်ခဲ့လိုက်နော်''
"ဒီနေ့လာခဲ့ရမှာလားဟင်''
"အေးပေါ့၊ မမက အခုတောင် meetingရှိလို့ သွားရတော့မှာ''
"ရှင်... ဟုတ်ကဲ့''
ခက် လေးလေးပင်ပင်ပဲ ဖြေလိုက်တော့ မမကလဲ ဖုန်းချသွား၏။
မမက ကိုကို့ကို မပြောနဲ့လို့မှာထားပေးမယ့် မနေ့ညကတောင် ကိုကို့ကို ဒီအကြောင်းပြောပြဖို့ ကြိုးစားကြည့်ခဲ့သေးသည်။ သို့ပေမယ့် ကိုကိုက စကားကို အစမခံ။ မလေးနေမကောင်းဘူးလို့ ပြောမယ့်စကားက မလေးဆိုတာနဲ့တင် ရပ်နားခဲ့ရသည်။
ဒါ့ကြောင့် ဒီမနက်မှပြောဖို့စဥ်းစားထားပေမယ့် ခက် အိပ်ယာထနောက်ကျသွားတာနဲ့ ပျာယာတွေခတ်ပြီး မေ့သွားခဲ့ရသည်။ အခုမှတော့ မတတ်နိုင်ဘူး။ ကိုကို မသိအောင်ဘဲ သွားရတော့မှာပေါ့။
>>>>>>>>>><<<<<<<<<<
"ဒေါက်.. ဒေါက်.. ဒေါက်..
ခေတ် မမ ဝင်ခဲ့မယ်''
"ဝင်ခဲ့လေ''
ရေချိုးခန်းထဲချော်လဲပြီး ညာဘက်လက်အရိုးအက်ကာ နဖူးပေါက်သွားသည့် ခေတ်က ကုတင်ပေါ်တွင် ခေါင်းအုံးနှစ်လုံးဆင့်ပြီး မှီထိုင်နေ၏။
"မမ ဆိုင်မသွားသေးဘူးလား''
"အခုပဲ သွားတော့မလို့၊ မသွားခင် ခေတ်ကို မှာခဲ့ချင်တာလေးရှိနေလို့ ဝင်လာတာ''
"ဘာမှာခဲ့ချင်လို့လဲ မမ''
ခေတ် မေးလိုက်တော့ မမက မချိုမချဥ်လေးပြုံးကာ မှန်တင်ခုံရှေ့ကခုံပေါ်ဝင်ထိုင်လိုက်၏။
"အိမ်မှာ ဘယ်သူမှမရှိတော့ ခေတ်ကို ထားခဲ့ရမှာစိတ်မချလို့လေ''
"စန်းစန်းရှိတာပဲ မမရဲ့၊ ဘာစိတ်မချစရာရှိလဲ''
"စန်းစန်းဆိုတာက သူစိမ်းမဟုတ်လား ခေတ်ရဲ့''
"သူစိမ်းဆိုပေမယ့် အခုချိန်မှာတော့ သူ့ကိုပဲ အားကိုးရမှာပေါ့၊ မေမေကလဲ တစ်ပတ်လောက်ကြာဦးမှာဆိုတော့ ဘယ်တတ်နိုင်ပါ့မလဲ''
"အဲ့ဒါကြောင့် မမ စီစဥ်ထားတာရှိတယ်''
"ဘာကိုစီစဥျတာလဲ''
ထပ်မေးလာသည့် ခေတ်ရဲ့စကားကြောင့် အနွယ် ခေတ်ကိုအကဲခတ်သလို စိုက်ကြည့်လိုက်ပြီးမှ ဆတ်ခနဲထရပ်လိုက်ပြီး...
"မမ နွေသစ်ခက်ကို အိမ်လာဖို့ခေါ်ထားတယ်''
"ဘာအတွက်လဲ''
"ခေတ်ကိုပြုစုပေးဖို့''
"အို... မလိုပါဘူး၊ ခေတ် ကိုယ့်ဟာကိုယ် တစ်ယောက်တည်းလဲဖြစ်တယ်၊ ဘယ်သူမှပြုစုပေးစရာမလိုပါဘူး''
"ဒီလိုအခြေအနေနဲ့လား''
ခေတ်ရဲ့လက်ကပတ်တီးကိုကြည့်ပြီး စိတ်ပျက်သလိုပြောနေသည့် မမကြောင့် ခေတ် နှုတ်ခမ်းလေးကို ခပ်ဖွဖွကိုက်ကာ...
"အကူအညီလိုတယ်ဆိုရင်တောင် စန်းစန်းရှိတာပဲ၊ အဲ့ဒီ့ကောင်မလေးကို ခေတ် နည်းနည်းလေးမှ ကြည့်မရဘူး၊ သူလာပြီးပြုစုလဲ ခေတ်က သူ့ကိုမြင်ရင်ဒေါသထွက်ပြီး ရောဂါပိုတိုးတာပဲရှိမှာပေါ့၊ နောက်ပြီး ခေတ်က လိုမှသူ့ကိုချော့ခိုင်းတယ်လို့ ဂုဏ်ထင်သွားမှာ မလိုချင်ဘူး၊ ခေတ် တောင်းပန်ပါတယ် ဒီကို မလာခိုင်းပါနဲ့''
ထိုစဥ် အောက်ထပ်မှကားသံကြောင့် အနွယ် ပြတင်းပေါက်မှ အောက်ကိုငုံ့ကြည့်လိုက်၏။ ကားထဲမှ ကြက်သွေးရောင်ဝတ်စုံလေးနဲ့ ချစ်စရာကောင်းလှသည့် သစ်ခက်လေးကိုမြင်မှ နှုတ်ခမ်းလေးတွန့်ရုံပြုံးလိုက်ပြီး...
"ကလေးကဖြင့် အခုတောင် ရောက်လာပြီ၊ ဒါဆို မမစိတ်ချမယ်နော် ခေတ်၊ ဟိုက ခေတ်ကိုပြုစုပေးဖို့ လာတာမို့လို့ သိပ်ပြီးအနိုင်ကျင့်မနေနဲ့ကြားလား''
"ခေတ် သူ့ကို မလိုပါဘူးဆို မမရာ''
"ခေတ် အခြေအနေက သူများအကူအညီမယူဘဲ နေလို့ရတဲ့ အခြေအနေလား''
"မဖြစ်မနေ အကူအညီယူရမယ်ဆိုရင်တောင် ခေတ် သူ့ဆီက အကူအညီမယူဘူး''
"ဒါဆို ဘယ်သူ့ဆီက ယူမှာလဲ၊ မေနှင်းစက်ဆီကလား ဟွန့်၊ သေချာလဲ တွေးပါဦး ခေတ်ရယ်၊ မေနှင်းစက်ကဖြင့် နင်ဒီလိုဖြစ်နေတာကို သိရဲ့နဲ့ အခုထိ ပေါ်မလာတာပဲကြည့်''
"အဲ့ဒါက နှင်းစက်လေး အလုပ်မအားလို့ပါ''
"အဲ့ဒီ့မုသာဝါဒကို နင်ပဲယုံ၊ ဘာပဲဖြစ်ဖြစ် အခုချိန်မှာတော့ နင့်ကိုပြုစုပေးဖို့လာနေတဲ့သူက နွေသစ်ခက်ပဲလေ၊ ကဲ မမသွားမယ်''
ပြောချင်တာပြောပြီး အနားကထွက်သွားသည့် မမကို ခေတ် မကျေမချမ်းကြည့်လိုက်သည်။ တံခါးနားရောက်မှ မမက ခေတ်ဘက်ကို ပြန်လှည့်ကြည့်လာပြီး..
"ဒါနဲ့ သစ်ခက်လေး နင့်ဆီလာပြီး ပြုစုပေးတာကို ဂုဏ်မသိဘူးနော်၊ နင် ဂုဏ့်ကို သွားပြောမိမှာစိုးလို့''
"သူ ဒီလာတာကို ဂုဏ် မသိဘူးလား''
"အင်း မသိဘူး၊ သိရင် နင့်ဆီဘယ်လွှတ်ပါ့မလဲ''
"ဟုတ်တာပေါ့ သိရင် ခေတ်ဆီဘယ်လွှတ်ပါ့မလဲ အဟွန့်''
"ဘာပြုံးတာလဲ ခေတ်''
"ဘာမှမပြုံးပါဘူး၊ ကဲပါ မမ သွားမှာဆိုရင် သွားတော့လေ''
"အေး မမစိတ်ချမယ်နော် ခေတ်၊ ဘာဆို ဘာမှမကြားချင်ဘူး ကြားလား''
"ဟုတ်ကဲ့ပါ''
ခေတ် ပြောတာကို မယုံသည့်ပုံဖြင့် မမက မျက်ခုံးတွေတွန့်ကျုံ့ကြည့်ပြီးမှ အခန်းထဲက ထွက်သွား၏။
"အဟွန့်... ဂုဏ်မသိအောင် ငါ့ဆီရောက်လာရဲတယ်ပေါ့၊ ဒီလိုလုပ်လို့ ငါ့ဆီကမေတ္တာရမယ်ထင်သလား ေနွသစ်ခက်''
ခေတ် တစ်ယောက်တည်း ရေရွတ်လိုက်ရင်း မဲ့ပြုံးပြုံးလိုက်၏။
**မေတ္တာဆိုတာ လွယ်လွယ်နဲ့ရတဲ့အရာလို့ ယူဆထားသလား နွေသစ်ခက်**
>>>>>>>>>><<<<<<<<<<
"မစန်း ေရပေးစမ်း''
ခက်လက်ထဲက ရေခွက်ကို စန်းစန်းကနေတစ်ဆင့်တောင်းနေတာမို့ ခက် ရေခွက် စန်းစန်းထံ ကမ်းပေးလိုက်၏။
"မမလေး ဒီမှာ ရေ''
"အင်း''
ခေတ် ရေခွက်ကိုလှမ်းယူကာ ရေသောက်နေရင်းမှ ဘေးကနွေသစ်ခက်ကို မျက်လုံးဝေ့ကြည့်လိုက်သည်။
ဆံပင်ရှည်တွေကို ပုလဲလုံးလေးတွေပါသည့် ခေါင်းစည်းကွင်းလှလှလေးဖြင့် ခပ်လျောလျောလေးစည်းထားပြီး သူမ ဝတ်ထားသည့် ကြက်သွေးရောင်ဝတ်စုံလေးကြောင့် သူမလေးရဲ့အလှက ရှင်းရှင်းလင်းလင်းနဲ့ ထင်းခနဲ လင်းခနဲ။
"မလေး ဒီမှာလက်သုတ်ပုဝါ''
"တော်ပြီ မယူဘူး၊ မစန်း ဒါတွေသွားသိမ်းလိုက်တော့''
နွေသစ်ခက် လာပေးတဲ့ လက်သုတ်ပုဝါကို ပုတ်ချပစ်လိုက်ပြီး ခေတ် တစ်ဖက်ကိုမျက်နှာလွှဲပစ်လိုက်တာက သူမကို အမြင်မကြည်ဘူးဆိုတာ သိစေချင်လို့။
ခက် လုပ်ပေးနေတာကို မကြိုက်သည့်ပုံစံဖြင့် ရှိနေသည့် မလေးကြောင့် ခက် အနေကြပ်နေရတာမို့ မစန်းလက်ထဲက ထမင်းဗန်းလေးကို ခက် လက်ပြောင်းယူလိုက်ရင်း..
"ဒါတွေ ခက်ပဲ သွားသိမ်းလိုက်မယ်၊ အစ်မက မလေးအနားမှာနေပြီး ဂရုစိုက်ပေးနော်''
"ရပါတယ် မမလေးရဲ့၊ စန်းစန်းပဲ သွားသိမ်းလိုက်မယ်၊ မမလေးက မမလေးကို ဆေးပဲတိုက်ထားလိုက်''
မမလေးချင်းရှုပ်ယှက်ခတ်အောင်ပြောသွားပြီး ထမင်းဗန်းလေးမ,ကာ အခန်းထဲမှထွက်သွားသည့် စန်းစန်းကိုကြည့်ကာ ခက် သက်ပြင်းလေးခိုးချလိုက်သည်။
"မလေး ဆေးက ဘယ်နားမှာထားတာလဲ?''
"နေနေ ငါ့ဟာငါ ယူသောက်မယ်၊ နင်က ငါ့ကိုအမြင်မကြည်တဲ့သူဆိုတော့ တော်ကြာနေ မဟုတ်တဲ့ဆေးတွေတိုက်သွားမှ ငါ ဒုက္ခများနေပါ့မယ်၊ ရတယ် ငါ့အနားမနေနဲ့''
ခက်ကို မယုံသကင်္ာနဲ့ပြောလာသည့် မလေးစကားတွေကြောင့် ခက် ဒေါသထွက်သွားပေမယ့် နေမကောင်းတဲ့သူပါလေဆိုပြီး စိတ်ကိုလျော့ချလိုက်သည်။ ပြီးမှ ကုတင်ခေါင်းရင်းက ဆေးသေတ္တာလေးကို ယူကာ မလေးရှေ့ကိုထိုးပေးလိုက်ပြီး...
"ခက်က မလေးကို အမြင်မကြည်တာထက် မလေးက ခက်ကို ပိုပြီးမျက်မုန်းကျိုးနေတယ်လို့ ထင်တာပါပဲ၊ မလေး သောက်ရမယ့်ဆေးက ဒီထဲမှာမလား၊ မလေးဘာသာပဲ ယူသောက်လိုက်တော့၊ တော်ကြာ ခက် လက်နဲ့ထိထားတယ်ဆိုပြီး မလေး စိတ္တဇဖြစ်နေမှာစိုးလို့''
"ဘာပြောတယ်''
"ခက် မလေးရဲ့ အဝတ်တွေ သွားလျှော်လိုက်ဦးမယ်၊ တစ်ခုခုဆို ခက်ကို လှမ်းခေါ်လိုက်နော်''
"နေဦး၊ ဟဲ့ နွေသစ်ခက် နေဦးလို့''
ခက် လှည့်မကြည့်တော့ဘဲ အခန်းထဲက အဝတ်ညစ်တွေကို ဇိုးခနဲ ဆတ်ခနဲ ကောက်ယူလိုက်ပြီး ရေချိုးခန်းထဲဝင်ကာ တံခါးပိတ်ပစ်လိုက်သည်။
ဒီက စေတနာနဲ့လုပ်ပေးနေတာကို တော်တော် စော်စော်ကားကားပြောတယ်။ ကိုကိုပြောသလို လျစ်လျူရှုနေလိုက်ဖို့ပဲ ကောင်းတော့တယ် ဟွန့်။
ခက် ပါးစပ်ကသာ တပွစိစိပြောနေပေမယ့် တကယ်တမ်းကျတော့ ရေချိုးခန်းထဲမှ မလေးရဲ့ အဝတ်ညစ်တွေကို လျှော်ပေးနေမိသည်။ အဝတ်တွေက ဘယ်နှစ်ရက်စာတောင် စုထားသလဲမသိ။ များလိုက်တာမှ တကယ့်ကို အများကြီး။ ကြည့်ရတာ ဒီအိမ်မှာ အလုပ်သမားက မစန်းတစ်ယောက်တည်းမို့ အလုပ်တွေမနိုင်ဘူးထင်ပါရဲ့လေ။
ခက် အားလုံးလျှော်ဖွပ်ပြီးသွားတော့ တစ်နာရီနီးပါးလောက်ကြာသွားသည်။ လျှော်ပြီးသားအဝတ်တွေကို သွားလှန်းဖို့အတွက် ဇလုံကြီးတစ်ခုထဲထည့်ကာ အခန်းပြင်ထွက်လိုက်တော့ မလေးက အိပ်ယာပေါ်ကနေ ခက်ကို မျက်မှောင်ကြုံ့ကြည့်နေသည်။
"မလေး ခက် ဘာလုပ်ပေးရမလဲ''
"မလိုဘူး''
"ဒါဆို ခက် အဝတ်တွေသွားလှန်းလိုက်ဦးမယ်''
ပြောပြီးတာနဲ့ ဝရံတာဘက်ထွက်သွားသည့် ကောင်မလေးကို ခေတ် မျက်မှောင်ကြုံလျက်ကနေ ကြည့်နေဆဲ။ အဝတ်တွေကို တဗြန်းဗြန်းခါပြီး သေချာလှန်းနေတာကို ပြတင်းပေါက်ကနေတဆင့်ကြည့်နေရင်းမှ..
"ထဘီက ေရစိုကြီးနဲ့ကို နေပူထဲသွားရပ်နေပြန်ပြီ၊ အပူရှပ်ပြီးဖျားခါမှ ဂုဏ်လေးက ငါ့ကို လာပြီးအပြစ်တင်ဦးမယ်''
စိုးရိမ်စိတ်လေးဝင်လာပြီးမှ မကျေနပ်သလိုရေရွတ်လိုက်ပြန်သည်။ ထိုစဥ် ခေါင်းအုံးဘေးမှာချထားသည့် သူမရဲ့ဖုန်းလေးက ထမြည်လာတာမို့ ခေတ် ကောက်ယူကြည့်လိုက်တော့ နှင်းစက်လေးဆိီမှ။
"ဟယ်လို နှင်းစက်လေး ပြော''
".......''
"သက်သာပါတယ်၊ ဘာမှ သိပ်ဖြစ်တာမှ မဟုတ်တာ''
"........''
"ဪ... အဟွန်း ဟွန်း.. မလိုပါဘူးကွယ်၊ ရတယ် ရတယ် နှင်းစက်လေးအားမှသာ လာခဲ့''
ခက် အခန်းထဲပြန်ဝင်မယ့် ခြေလှမ်းတွေက နှင်းစက်လေးဆိုသည့် အသံကြောင့် ဟန့်သွားရသည်။ အခန်းထဲကို မသိမသာလေးကြည့်လိုက်တော့ မလေးက ပြုံးပြုံးရွှင်ရွှင်နဲ့ ဖုန်းပြောနေ၏။ ခက်နဲ့ဆိုရင် အမြဲတမ်းတွန့်ချိုးထားတတ်သည့် မျက်ခုံးတွေက အခုတော့ ဆန့်ကျင်ဘက်။
"နှင်းစက်လေး အလုပ်များနေတာကို မမ သိပါတယ်၊ ဘာမှမဖြစ်ဘူး ရတယ် အားမနာနဲ့''
"......''
"အေးပေါ့၊ အဆင့်အတန်းရှိရှိနဲ့ အလုပ်တစ်ခုရဖို့က လွယ်တာမှတ်လို့၊ ဒီလောက်တော့ အချိန်ပေးရမှာပေါ့၊ ဒီဘက်ခေတ်မှာက တကယ် အလုပ်လုပ်ချင်စိတ်ရှိတဲ့လူငယ်တွေက တအားရှားသွားပြီ၊ မိဘဆီမှာ ခိုကပ်နေတဲ့သူနဲ့ ယောက်ျားအိမ်မှာ မှီခိုနေတဲ့သူတွေချည်းပဲဆိုတော့...
ခေတ် ဖုန်းပြောရင်းမှ အဝတ်လှန်းနေသည့် ကောင်မလေးကို တစ်ချက်ပြန်ကြည့်လိုက်သည်။ ေကာင်မလေးက ထိုနေရာတွင်မရှိတော့တာမို့ ဘေးဘီကို မျက်လုံးဝေ့ရှာကြည့်လိုက်မှ တံခါးနားတွင်ရပ်ကာ သူမကိုတွေတွေလေးကြည့်နေသည့် နွေသစ်ခက်ကို မြင်မိသည်။
>> ဟင်... သူ့ကိုတမင်ပြောတယ်များ ထင်သွားလားမသိဘူး <<
ခေတ် ကိုယ့်စကားနဲ့ကိုယ် အားနာသွားကာ အတန်ကြာအောင်စိုက်ကြည့်လိုက်တော့ နွေသစ်ခက်က သူမကို ခပ်ယဲ့ယဲ့လေးပြုံးပြကာ ရေချိုးခန်းထဲပြန်ဝင်သွားသည်။
"ဟုတ်ပြီ ဟုတ်ပြီ၊ ဒါဆို မနက်ဖြန်မှ လာခဲ့တော့လေ နှင်းစက်လေး''
"......''
"ဟုတ်ပါပြီ၊ ဂရုစိုက်ပါ့မယ် ဒါဆို ဒါပဲနော်''
ေရချိုးခန်းထဲက ပြန်ထွက်လာသည့် နွေသစ်ခက်ကြောင့် ခေတ် ဖုန်းကိုအမြန်ချပစ်လိုက်သည်။
"ခက် အောက်ထပ် ခဏဆင်းလိုက်ဥိီးမယ်''
"အွန်း...
သူမ ခွင့်ပြုလိုက်တာနဲ့ တံခါးနားလျှောက်သွားသည့် နွေသစ်ခက်ကိုကြည့်ပြီး ခေတ်စိတ်ထဲ မတင်မကျဖြစ်သွားတာကြောင့်...
"ခုနက နင့်ကို ပြောတာမဟုတ်ဘူးနော်''
"ခက်ကို ပြောတာဆိုရင်လဲ ခက် စိတ်မဆိုးပါဘူး၊ မလေးပြောနေတာ အမှန်တွေပဲဟာ''
"ဟင်...
တစ်ခွန်းဆို ဆိုသလောက် တစ်ဖက်သား မခံချိ မခံသာဖြစ်အောင် ေပြာတတ်လွန်းသည့် နွေသစ်ခက်ကြောင့် ခေတ် ပါးစပ်ဟောင်းလောင်းလေး ကျန်ခဲ့ရသည်။
ဒါနဲ့များ မမက နွေသစ်ခက်ကို အနိုင်မကျင့်နဲ့လို့ မှာခဲ့သေးတယ်။ ဟုတ်ပါ့ သူတို့ကလေးက အနိုင်ကျင့်တာကို ငြိမ်ခံနေမယ်ဆိုတော့...
>>>>>>>>>><<<<<<<<<<
"အဟွန်း.. ဟွန်း.. ခစ်..ခစ်..
"အဟွန်း..
အလုပ်လုပ်နေသည့် သူ့ဘေးတွင် လညလှဲအိပ်နေပြီး ပေါင်ပေါ်ကို ခေါင်းအုံးကာ ဖုန်းထဲကနေ ဇာတ်လမ်းကြည့်ရင်း တစ်ခစ်ခစ်ရယ်နေသည့် ပူတူးကို စိုက်ကြည့်လိုက်သည်။ သူ ကြည့်နေတာကို မသိနိုင်လောက်အောင် ဇာတ်လမ်းထဲမှာသာ စျာန်ဝင်နေတာကြောင့် ဂုဏ် သူမလေးရဲ့ဖုန်းကို မနာလိုသလိုကြည့်လိုက်တော့ ကိုရီးယားနန်းတွင်းကား။
"ပူတူး စာမကြည့်ဘူးလား''
"ဟင့်အင်း.. အဟွန်း.. ခစ် ခစ်..
"မနေ့ကကျတော့ မင်းစာကြည့်တာကို မစောင့်ပေးလို့ ကိုယ့်ကိုပြဿနာရှာထားတယ်မဟုတ်လား၊ အခု ကိုယ်စောင့်ပေးမယ် ထ စာကြည့်တော့''
"ဟင့်အင်း.. မကြည့်ချင်ဘူး''
"မကြည့်ချင်လို့မရဘူး၊ ကျောင်းသားပဲ စာကြည့်ရမှာပေါ့၊ ထ ထ''
ဂုဏ် ဇွတ်ထခိုင်းနေပေမယ့် အရေးမလုပ်တဲ့ သူမလေးက ဖုန်းကြည့်နေတာပင်မပျက်။
"ပူတူး ထလို့ဆိုကွာ၊ ထပြီး စာကြည့်ဦး''
"ဒီနေ့ စာကြည့်စရာမရှိပါဘူးဆို''
"မင်းအရင်နေ့တွေကျတော့ နေ့တိုင်းစာကြည့်တယ်လေ''
"ဟုတ်တယ်လေ၊ ဒီနေ့က ကြည့်စရာမရှိတာ''
"ဘာလို့လဲ''
"ဟင်...
ဘာလို့လဲဆိုမှ ခက့်ကို ငုံ့မိုးကြည့်နေသည့် ကိုကို့ကို မျက်လုံးလေးပင့်ကြည့်လိုက်သည်။ ဒီနေ့က ကျောင်းမှမသွားတာ ဘယ်လိုလုပ် ကြည့်စရာစာရှိမှာလဲ။ ဒီအတိုင်းဖြေလိုက်ဖို့ကလဲ မဖြစ်တာကြောင့် ခက် အကြည့်တို့ကို ဖုန်းဆီပြန်ပို့လိုက်ပြိီး...
"ဒီနေ့ ကျောင်းမှာ ပွဲတစ်ခုရှိလို့ တီချယ်တွေက အတန်းမဝင်ဘူး၊ အဲ့ဒါကြောင့်..
"ဘာပွဲလဲ?''
"ဟင်...
"ဘာပွဲလဲလို့..
"အဲ့ဒါတော့ ခက် မသိဘူးလေ၊ ကိုကိုက သိချင်လို့လား၊ ကိုကိုသိချင်ရင် ခက် ဂူးဂူးကို ဖုန်းဆက်ပြီးမေးပေးမယ်၊ မေးပေးရမလား''
"တော်ပါပြီ ဟုတ်တယ်ဆိုရင် ပြီးတာပဲ''
"ဟွင်း...
ခက် ကိုကို့ကို အနိုင်ရသွားသလို မျက်စောင်းလေးထိုးပစ်လိုက်ပြီး ဖုန်းထဲက ဇာတ်လမ်းပြန်ကြည့်ဖို့ လုပ်လိုက်တော့...
"ဟာ.. ကိုကို ဘာလုပ်တာလဲ''
"စာကြည့်စရာမရှိဘူးဆိုရင် အိပ်တော့''
"အခုမှ အစောကြီးရှိသေးတာကို မအိပ်ချင်ပါဘူး၊ ပေး ခက်ရဲ့ဖုန်းပြန်ပေး''
"မပေးဘူး အိပ်ဆိုအိပ်လိုက်တော့၊ ဘာလဲ အိပ်ချိန်ကို မအိပ်ဘဲ ဒီဇာတ်လမ်းတွေကြည့်ပြီး တဟီးဟီး တဟားဟားလုပ်နေ''
ဂုဏ် မျက်မှောင်ကြုတ်ကြီးဖြင့် ဆူလိုက်ပေမယ့် သူမလေးကတော့ ပြုံးတုံ့တုံ့ဖြင့်သာ သူ့ကိုကြည့်နေပြီး...
"ကိုကို သဝန်တိုနေတာမလား?''
"ဘာကိစ္စ ကိုယ်က သဝန်တိုရမှာလဲ''
"ခက်က ကိုကို့ကိုအရေးမလုပ်ဘဲနေလို့လေ၊ ဟုတ်တယ်မလား ဟုတ်တယ်မလားလို့''
ကိုကို့ရဲ့ပေါင်ပေါ်ကို ခေါင်းတင်လှဲနေရာမှ ခက် သွက်လက်စွာ ထထိုင်လိုက်ပြီး မေးလိုက်တော့ ကိုကိုက ခက်ကို သူ့ပေါင်ပေါ်ပွေ့တင်ကာ...
"သိရဲ့သားနဲ့ ဘာလို့ ဒီလိုလုပ်လဲကွ''
"ကြည့်ချင်လို့ပေါ့၊ ဒီဇာတ်လမ်းက အခု အရမ်းနာမည်ကြီးနေတာနော်၊ သူများတွေက စလွှင့်ကတည်းက ကြည့်နေကြတာ၊ ခက်ကဖြင့် အခုမှစကြည့်ရတာ''
"ဘယ်လိုနေနေကွာ၊ ကိုယ့်ထက် ဒီဇာတ်လမ်းတွေကို အာရုံစိုက်နေတာ မကြိုက်ဘူး''
"ဟင်.. ဒါဆို ခက်က ဘာလုပ်ပေးရမှာလဲ''
"မကြည့်နဲ့တော့''
"ဟာ...
အထွန့်တက်ဖို့ပြင်လိုက်ပေမယ့် စူးစူးဝါးဝါးကြီးကြည့်နေသည့် ကိုကို့ကြောင့် ခက် မပြောရဲဘဲဖြစ်ကာ နှုတ်ခမ်းလေးသာစူလိုက်ရသည်။
"ကိုယ့်အပေါ်မှာ ဒီအတိုင်းနေမှာလား၊ အိပ်မှာလား တစ်ခုရွေး''
"ကိုကို့အနားမနေချင်ပါဘူး ဖယ် သွားအိပ်မှာ''
"အိုခေ good night baby''ဆိုပြီး ပါးလေးကိုနမ်းပြီးမှ ခက်ကို လွှတ်ပေးသည်။ မကျေမနပ်နဲ့ ခက် ကိုကို့ကိုမျက်စောင်းထိုးကာ ကုတင်ရှိရာဘက်ကို ခြေဆောင့်သွားလိုက်ရင်းမှ...
"သူကျတော့ ခက့်ထက် ဒီအလုပ်တွေကို ဦးစားပေးနေပြီးတော့''
"ကိုယ်ကြားတယ်နော် ပူတူး''
"ကြားအောင်ပြောတာပဲလေ''
"နေစမ်းပါဦး မင်းက အခု ကိုယ့်ကို စိတ်တိုနေတာလား''
"ခက်က စိတ်မတိုရဘူးလား?''
ကုတင်နားရောက်ခါမှ ခက် ကိုကို့ဘက်ကိုလှည့်ကာ ပြောလိုက်တော့ ကိုကိုက မျက်ခုံးကြီးတွေတွန့်ကာ...
"မနေ့ကရော ဒီနေ့ရော မင်း ဒီလိုပြောတာ နှစ်ခါရှိပြီေနာ်၊ ကိုယ်က မင်းထက်အလုပ်ကို ပိုပြီးဦးစားပေးတယ် ဟုတ်လား''
"ဟုတ်တယ်လေ၊ အခုပဲကြည့် ခက်ကိုကျတော့ ဇာတ်လမ်းမကြည့်ရဘူးဆိုပြီးတော့ သူကျတော့ ခက်ကိုဂရုမစိုက်ဘဲ အလုပ်ပဲလုပ်နေပြီးတော့များ''
"ဆိုတော့... မင်းကို ဂရုစိုက်ပေးစေချင်တာလား''
"ကိုကို မတရားလို့ပြောပြတာ၊ ခက်ကို ဂရုမစိုက်လဲ ခက်က ဘာမှမဖြစ်ဘူး၊ အခုခက်ပြောတယ်ဆိုတာက ခက်ကိုကျတော့ ဟိုလိုအမိန့်ပေး ဒီလိုအမိန့်ပေးနဲ့ သူကျတော့ နေချင်သလိုနေပြီး လုပ်ချင်တာလုပ်နေလို့''
"သူ သူ သူနဲ့ မင်းဘယ်သူ့အကြောင်းပြောနေတာလဲ ပူတူး''
သူ့ကိုရည်ရွယ်ပြီးပြောမှန်းသိရက်နဲ့ အထအနကောက်ပြီးမေးနေတာကြောင့် ခက် စိတ်မရှည်ဖြစ်ကာ ကုတင်ပေါ်ကိုတက်လိုက်ရင်း...
"တော်ပြီ မပြောတော့ဘူး''
"မပြောလို့မရဘူး၊ အဲ့ဒီ့ သူ ဆိုတာ ဘယ်သူ့ကိုပြောတာလဲ''
"......''
"ဟေ့.. ပူတူး ကိုယ်မေးနေတာဖြေလေ၊ အဲ့ဒီ့ သူ ဆိုတာ ဘယ်သူလဲ၊ ကိုယ့်ကိုပြောတာလား ပူတူး.. ဟေ့..
"မသိဘူး ခက်ကို ဘာမှလာမမေးနဲ့၊ ကိုကို့ဘာသာ ကိုကို အလုပ်ပဲဆက်လုပ်နေ၊ ခက်ကို ဂရုမစိုက်နဲ့ ခက်အိပ်တော့မှာ''
ပြောပြီးတာနဲ့ စောင်ကိုဆွဲခြုံလိုက်သည်။ ထို့နောက် ကိုကို့ဆီကနေ ဘာအသံမှထပ်မကြားရတော့တာကြောင့် ခက် ခေါင်းထောင်ကြည့်လိုက်တော့ ကိုကိုက ဆိုဖာပေါ်တွင်မရှိတော့။
"ဟေ့.. ပူတူး..
"အမလေး..
ကုတင်ပေါ်ဝုန်းခနဲတက်လာရင်း ခေါ်လာတာမို့ ခက် လန့်ဖျတ်သွားစဥ် ခက်ကို တစ်ပတ်လှိမ့်ပြီး သူ့ရင်ခွင်ထဲပါ ဆွဲသွင်းလိုက်တာက မြန်မြန်ဆန်ဆန်ပင်။
"လန့်သွားလား ဆောရီး အဟွန်း..
"ကိုကိုနော် ခက် တကယ်လန့်သွားတာကို''
"ကိုယ့်ကိုရှာနေတယ်ထင်လို့ ဘွားခနဲပေါ်လာပေးလိုက်တာ''
"သွားပါ ကိုကို့အလုပ်တွေပဲ ဆက်လုပ်နေလိုက်''
"အလုပ်က မင်းလောက်အရေးမကြီးပါဘူး''
"ပိုပြန်ပါပြီ''
"တကယ် ပြီးတော့ အလုပ်က ပူတူးလောက်လဲ မစွာဘူး၊ ပူတူးလောက်လဲ စကားနာမထိုးတတ်ဘူး၊ အရေးကြီးဆုံးအချက်က အလုပ်က ပူတူးလောက် ချစ်ဖို့မကောင်းဘူး''
"ဟုတ်လို့လား''
မျက်လုံးလေးထောင့်ကပ်ကြည့်ပြီး ချစ်စရာကောင်းအောင်မေးလာသည့် ပူတူးရဲ့ပါးဖောင်းဖောင်းလေးကို ဂုဏ်အူယားစွာဖိကပ်နမ်းပစ်လိုက်ပြီး...
"ဟုတ်လို့ပဲ အခု အလုပ်တွေပစ်ပြီး ပူတူးအနားရောက်လာတာပေါ့၊ ကိုယ့်အတွက်က နံပါတ်၁ကလဲ ပူတူး၊ နံပါတ်၂ကလဲ ပူတူး၊ နံပါတ်၃ကလဲ ပူတူးပဲ၊ အိုကွာ.. အရာရာကပူတူးလေးပဲ၊ ဒီလိုမျိုး ကိုယ့်ရဲ့vvipလေးကို ဘာမဟုတ်တဲ့အလုပ်အတွက်နဲ့ ဂရုမစိုက်ဘဲ တစ်ယောက်တည်း ပစ်ထားစရာလား''
"တစ်ယောက်တည်းမထားချင်ရင် ခက်ကို ဖုန်းပြန်ပေးလိုက်လေ နော်''
"မပေးဘူး ဒီညအတွက် ကိုယ်ဖုန်းသိမ်းတယ်၊ မင်း ဒီလောက်တောင်ကြည့်ချင်နေရင် ဖုန်းကိုတော့မရဘူး၊ ကိုယ့်ကိုပဲ တစ်ညလုံးထိုင်ကြည့်နေ၊ မင်းကြည့်တဲ့ဇာတ်လမ်းထဲက မင်းသားတွေထက်တော့ ကြည့်ကောင်းမှာပါ''
ကိုယ့်ကိုကိုယ် အထင်ကြီးပြီးပြောနေသည့် ကိုကို့စကားကို ခက် နှာခေါင်းရှုံ့လိုက်တော့ ကိုကို့ဆီမှ ရယ်သံသဲ့သဲ့လေးကြားလိုက်ရသည်။ အဲ့ဒီ့နောက်မှာတော့ တတွတ်တွတ်ပြောနေသည့် ကိုကို့ရဲ့အသံတွေ တဖြည်းဖြည်းဆိတ်ငြိမ်သွားသလို ခက်ရဲ့မျက်တောင်ရှည်ကြီးများကလဲ တဖြည်းဖြည်းမှေးစင်းလာကာ အိပ်ပျော်ခြင်းသို့ရောက်ရှိသွားတော့သည်။
အိပ်မက်ထဲမှာ ခက်က ကိုရီးယားကားကြည့်နေသတဲ့။ အဟွန်း... မင်းသားကတော့ ကိုကိုပေါ့။
>>>>>>>>>><<<<<<<<<<
ကားပေါ်က ဆင်းဆင်းချင်း ခက် မလေးရှိသည့် အပေါ်ထပ်ကို တန်းပြီးတက်သွားလိုက်သည်။ ဒီနေ့နဲ့ပါဆို ခက် ဒီအိမ်ကို လာတာ ၃ရက်ပင်ရှိပြီ။ သို့ပေမယ့် မလေးကတော့ ခက်ကို အရင်အတိုင်း ခပ်စိမ်းစိမ်းပါပဲ။
"အယ်.. မမလေး ေရာက်လာပြီ''
ခက်ကို မြင်တာနဲ့ ဝမ်းသာသွားသည့်နှယ် နှုတ်ဆက်လာသည့် စန်းစန်းကြောင့် ခက် ခေါင်းလေးငြိမ့်ပြလိုက်ပြီး...
"မလေး အထဲမှာလား အစ်မ''
"ဟုတ်တယ်၊ ညကတည်းက ဖျားချင်ချင်ဖြစ်နေတာလေ၊ အခုတော့ တကယ်ဖျားနေပြီ၊ မမကြီးကလဲ ညကတည်းက ပဲခူးဘက်ကိုခရီးထွက်သွားတာ၊ အဲ့ဒါ စန်းစန်းတစ်ယောက်တည်း ဘာလုပ်ရမှန်းမသိလို့''
"ဒါနဲ့များ ခက်ကို ဖုန်းဆက်လိုက်ပါ့လား အစ်မရယ်''
"စန်းစန်းမှ မမလေးရဲ့ဖုန်းနံပါတ်မသိတာ''
ဒါလဲ ဟုတ်တာပဲ။ ဒီအိမ်မှာ မမကြီးနဲ့ မေမေကလွဲလို့ ခက်ဖုန်းနံပါတ်သိတဲ့သူ ရှိတာမှမဟုတ်တာ။
ခက် မလေးကိုစိုးရိမ်တာကြောင့် အခန်းထဲကို လျင်မြန်စွာဝင်သွားလိုက်တော့ မလေးက သူမတို့ကိုကျောပေးကာ ကုတင်ပေါ်တွင် တင်ပါးလွှဲလေးထိုင်နေ၏။
"မလေး''
ခေါ်သံကြောင့် ခေတ် နောက်ကိုပြန်ကြည့်လိုက်တော့ ပန်းဆီရောင်ဝတ်စုံလေးနဲ့ သူမရဲ့ယောင်းမလေး။ မျက်လုံးတွေမှာ သူမကိုစိုးရိမ်နေသည့်ဟန်အပြည့်ဖြင့် သူမလေးက ခေတ်ဆီကို လာဖို့ပြင်နေတာကြောင့် ခေတ် လက်တစ်ဖက်ကိုမြှောက်ကာ...
"မလာခဲ့နဲ့ အဲ့ဒီ့်နားမှာပဲနေ၊ စန်းစန်း ဒါတွေလာရှင်းစမ်းပါ''
"ဟုတ် မမလေး''
မလာနဲ့ဆိုလို့ ခက် ဒီအတိုင်းလေးရပ်နေလိုက်သလို မလေးက လာခဲ့ဖို့ခေါ်လိုက်သည့် စန်းစန်းကတော့ မလေးရှိရာကို ပြေးသွားလိုက်သည်။
"ဟင်.. မမလေး အန်ထားတာလား?''
"အင်း.. ဒါတွေရှင်းလိုက်စမ်းပါဦး''
"ရှင်...
"ရှင်းလိုက်လို့ဆို''
"ဟုတ်.. ဟုတ်ကဲ့''
မလေးကိုကြောက်လို့သာ ဟုတ်ကဲ့လိုက်ရပေမယ့် စန်းစန်းရဲ့မျက်နှာက ရှုံ့မဲ့နေသည်။ ကြည့်ရတာ တစ်ခုခုကို ရွံသွားသည့်ပုံ။
ဒါ့ကြောင့် ခက် မလေးအနားကိုလျှောက်သွားလိုက်ပြီး ကြည့်လိုက်တော့ ဟုတ်ပါရဲ့ မလေးအန်ချထားတာ ကြမ်းပြင်မှာပေကျံလို့။ ဒါ့အပြင် မလေးရဲ့ လုံချည်အနားစတွေမှာပါ အနည်းငယ်ပေနေတာမို့ ဘီဒိုထဲက လုံချည်တစ်ထည်ပြေးယူလိုက်သည်။
"ဒါတွေ ခက်ပဲရှင်းလိုက်မယ်၊ အစ်မက မလေးကို လုံချည်လဲဖို့ ကူပေးလိုက်နော်''
"မဟုတ်တာ စန်းစန်းပဲလုပ်ပါ့မယ် မမလေးရဲ့၊ မမလေးက လုံချည်လဲဖို့ပဲ ကူပေးလိုက်ပါ''
"ရတယ် ခက် ဒါလုပ်လိုက်မယ်''ဆိုပြီး ရေချိုးခန်းထဲဝင်သွားသည့် နွေသစ်ခက်ကို ခေတ် မျက်လုံးစွေပြီးကြည့်လိုက်သည်။ ပြန်လာတော့ လက်ထဲမှာ ဇလုံတစ်လုံးပါလာသည်။ အဲ့ဒီ့နောက် ဇလုံထဲက အဝတ်စိုနဲ့ကြမ်းပြင်မှာ ပေကျံနေသည့်အညစ်အကြေးတွေကို စုကျုံးဖို့လုပ်နေတာကြောင့်....
"နွေသစ်ခက် ထားလိုက်ပါ၊ စန်းစန်းလုပ်ပါလိမ့်မယ်''
"ရပါတယ် ခက် လုပ်တတ်ပါတယ် မလေးရဲ့''
"လုပ်တတ်တာတော့ သိတာပေါ့၊ ဒါပေမယ့် ငါ အားနာလို့ပြောတာ''
သူမ ဒီလိုပြောလိုက်တော့ နွေသစ်ခက်က အလုပ်လုပ်နေရင်းမှ သူမကိုမော့ကြည့်လာပြီး...
"အားနာရအောင် ခက်တို့က သူစိမ်းတွေမှ မဟုတ်တာ၊ မလေးက ခက်ကို ဘယ်လိုသဘောထားလဲမသိပေမယ့် ခက်ကတော့ ကိုကို့အစ်မဖြစ်တဲ့မလေးက ခက် အစ်မပါပဲ၊ အဲ့ဒါကြောင့်မို့ ခက်ကို အားနာဖို့မလိုပါဘူး''
"ဒါပေမယ့်လဲ...
"ခက်ကို ညီမတစ်ယောက်လို့ပဲ သဘောထားပါ ဒါဆို အားနာဖို့မလိုတော့ဘူးလေ''
ခက် ပြောသာပြောလိုက်ပေမယ့် ဘာမှပြန်မပြောဘဲ မျက်တောင်ကြီးတွေစင်းနေအောင် စိုက်ကြည့်နေသည့် မလေးကြောင့် ခက် မဲ့ပြုံးလေးပြုံးလိုက်ပြီး...
"ဒါမှ မဟုတ်ရင်လဲ ခက်ကို စန်းစန်းတို့လိုပဲ သဘောထားလိုက်လို့ ရပါတယ်''
"စန်းစန်း လုံချည်လဲမယ်''
"ဟုတ် မမလေး''
ခက်ကို ဘာမှပြန်မပြောဘဲ စကားလမ်းကြောင်းလွှဲသွားသည့် မလေးကို ခက်လဲ မျက်နှာလွှဲကာ လုပ်လက်စတွေပဲ ဆက်လုပ်နေလိုက်သည်။
>> ဒီကောင်မလေး ချစ်စရာတော့ ကောင်းသားပဲ <<
စိတ်ထဲကနေ ပြောလိုက်တဲ့စကားကို ဒီကောင်မလေး ကြားနိုင်ရင်ကောင်းမယ်။
>>>>>>>>>><<<<<<<<<<
"မလေး ခက် ဝင်ခဲ့မယ်နော်''
ွတာဝန်အရသာ မေးလိုက်ပေမယ့် ဘယ်တော့မှ ပြန်ပြောခြင်းမရှိသည့် မလေးအခန်းထဲကို ခက် တံခါးလေးတွန်းပြိီး ဝင်လိုက်သည်။
"ချိုတယ်မလား မမ''
"ချိုပါ့ရှင် ချိုပါ့ ချိုပါ့''
"အဟွန်း.. ချိုမှာပေါ့ နှင်းစက်က ဒီထဲမှာ အချစ်တွေပါထည့်ထားတာကို''
"အမလေး တတ်လိုက်တာ၊ ဒီလိုတွေ တတ်လွန်းလို့လဲ မမက နှင်းစက်လေးကို ချစ်နေရတာပေါ့ အဟွန်း..
ဘယ်အချိန်ကတည်းက ရောက်နေလဲမသိသော မမကြီးနှင်းစက်နဲ့ စကားပြောရင်း ရယ်မောနေသည့် မလေးတို့ကြောင့် ခက် စွပ်ပြုတ်ပန်းကန်လေးကိုင်ထားလျက်ကနေ ဆက်သွားရမလိုလို ပြန်ထွက်ရမလိုလိုဖြစ်သွားသည်။
"နွေသစ်ခက် အဲ့ဒီ့မှာ ဘာရပ်လုပ်နေတာလဲ?''
"ရှင်.. ဟို.. မလေးအတွက် စွပ်ပြုတ်ယူလာတာပါ''
မလေးရဲ့အမေးကို ခက် လက်ထဲက ပန်းကန်လေးကိုမြှောက်ပြရင်းဖြေလိုက်သည်။
"အခုမှ ၁၀ နာရီရှိသေးတာကို စွပ်ပြုတ်တိုက်တော့မလို့လား''
"မလေး မနက်က ဘာမှမစားရသေးဘူးဆိုလို့ပါ မမကြီး''
"မမက ဗိုက်ဆာပြီလားဟင်''
"ဟင်.. မဆာသေးပါဘူး''
"ဒါဆို အခု နှင်းစက်ခွဲပေးထားတဲ့ ပန်းသီးတွေကို အရင်ကုန်အောင်စားနော်၊ ပြီးမှ မိခက်ယူလာတဲ့ စွပ်ပြုတ်သောက် နော် မမ''
ဒီနေရာမှာ နှင်းစက်ရဲ့အနိုင်လိုချင်စိတ်လေးကို ခေတ်တွေ့လိုက်ရသည်။ ပုံမှန်ဆိုရင် နှင်းစက်ရဲ့ဆန္ဒအတိုင်း လုပ်ပေးလိုက်မှာ သေချာပေမယ့် အခုတော့ဖြင့် ခပ်လှမ်းလှမ်းကနေ စွပ်ပြုတ်ပန်းကန်လေးကိုင်ထားပြီး ခေါင်းငုံ့ရပ်နေသည့် ယောင်းမလေးကြောင့်...
"မမက ဆေးသောက်ရဦးမှာ နှင်းစက်လေးရဲ့၊ စွပ်ပြုတ်ပဲ အရင်သောက်လိုက်မယ်၊ နေ့လည်မှပဲ ဒီပန်းသီးတွေပြန်စားတော့မယ် ရတယ်မလား''
"အင်း... ရပါတယ်''
"သစ်ခက် အဲ့ဒီ့ပန်းကန် ဒီယူခဲ့''
"ဟုတ်ကဲ့ မလေး''
သစ်ခက်တဲ့။ မမခေတ်က နွေသစ်ခက်ကို သစ်ခက်ဆိုပါလား။ မဟုတ်မှ နွေသစ်ခက်ကို လက်ခံလိုက်တော့တာလား။ ဟင့်အင်း... အဲ့လိုဖြစ်လို့မရဘူးလေ။
နှင်းစက် စိုးထိတ်သွားရသည့်အတွေးလေးဖြင့် မိခက်ကို လှည့်ကြည့်လိုက်တော့ မိခက်က အငွေ့တထောင်းထောင်းထနေသည့် ပန်းကန်လေးကို လက်နှစ်ဖက်ဖြင့် သေချာကိုင်ကာ မမခေတ်အနားလျှောက်လာနေ၏။
အနားမရောက်ခင် နှင်းစက် ကုတင်ပေါ်ထိုင်နေရာမှ ဘေးကိုထရပ်လိုက်သည်။ အဲ့ဒီ့နောက် ကုတင်ပေါ်တွင် ခေါင်းအုံးနှစ်လုံးဆင့်ပြီးထိုင်နေသည့် မမခေတ်အနားကို မိခက်ရောက်တာနဲ့ ခြေထောက်တစ်ဖက်ထိုးလိုက်တော့...
"အား... ပူလိုက်တာ အမလေးလေး၊ နွေသစ်ခက်ရယ် ဘယ်လိုများလုပ်လိုက်တာလဲ''
မလေးရဲ့ ဒေါသတကြီး အော်လိုက်သံကြောင့် ခက်ကြည့်လိုက်တော့ ခြေဆင်းပြီးထိုင်နေသည့် မလေးရဲ့ ပေါင်ပေါ်မှာ မှောက်ကျသွားသည့် စွပ်ပြုတ်ပန်းကန်လေး။
"ခက် ခက်လုပ်တာ မဟုတ်ပါဘူး''
ခက်ရှေ့ကို ခြေထောက်ထိုးလိုက်သည့် မမကြီးကို ကြည့်ပြီး ခက်ပြောလိုက်ပေမယ့် မလေးက အလွန်ဒေါသထွက်နေသည့်ပုံဖြင့် သူမအပေါ်မှောက်ကျသွားသည့် ပန်းကန်ကို ခွမ်းခနဲနေအောင်လွှင့်ပစ်လိုက်ရင်း...
"ဘာကို နင်မဟုတ်ဘူးပြောနေတာလဲ နွေသစ်ခက်၊ နင် နင် ငါ့ကို တမင်လုပ်တာ မဟုတ်လား? အာ့ ပူလိုက်တာ''
"ခက် တမင်လုပ်တာ မဟုတ်ပါဘူး၊ မမကြီးက ခက့်ကို ခြေထိုးလိုက်လို့...
"ဟင်..
"ဘာပြောတယ် ငါက နင့်ကို ခြေထိုးလိုက်တယ် ဟုတ်လား?''
"ဟုတ်.. ဟုတ်တယ်လေ၊ မမကြီး ခြေထောက်က ခက်ရှေ့ရောက်လာလို့...
"ငါက ဘာကိစ္စနဲ့ နင့်ကိုခြေထိုးရမှာလဲ မိခက်၊ နင့်ဟာနင် နမော်နမဲ့နိုင်လို့ အခုလိုဖြစ်ရတာမဟုတ်လား?''
"မမကြီး ခက်ကို ခြေထိုးလို့သာ...
"အို.. တော်ကြစမ်း''
သူလုပ်တယ် ငါလုပ်တယ်နဲ့ ငြင်းနေကြသည့် နှစ်ယောက်လုံးကို ခေတ် အော်ပစ်လိုက်တော့မှ နွေသစ်ခက်က စားပွဲပေါ်က လက်သုတ်ပုဝါတစ်ထည်ကို သွားပြေးယူလိုက်သလို နှင်းစက်ကလဲ ဘီဒိုဘက်ကို ပြေးသွားသည်။
"မလေး ခက် တောင်းပန်ပါတယ်နော်၊ ခက် တမင်လုပ်တာမဟုတ်ပါဘူး''
"ဖယ် မလုပ်နဲ့၊ ငါ့ဟာငါ လုပ်မယ်''
ခက်လက်ထဲက ပုဝါလေးကိုဆွဲရင်းပြောလိုက်သည့် မလေးကို ခက် ခေါင်းရမ်းပြလိုက်ပြီး...
"ခက်ကြောင့် ဖြစ်ရတာပဲ၊ ခက် လုပ်ပေးပါ့မယ်''
"မလိုပါဘူး ဖယ်စမ်းပါ''
"ခက် လုပ်ပေးပါ့မယ်၊ မလေးက လက်တစ်ဖက်က ကောင်းတာမှမဟုတ်တာ''
"ဘယ်လိုနေနေ ငါ့ဟာငါ လုပ်မယ်၊ သွား''
အတင်းနှင်နေသည့် မလေးကြောင့် ခက် လက်ထဲက ပုဝါလေးကိုလွှတ်ပေးလိုက်သည်။ မမကြီး ခြေထိုးလိုက်လို့ ဖြစ်ရတယ်ဆိုပေမယ့် ခက်ပယောဂလဲ မကင်းတာမို့ ငိုမဲ့မဲ့နဲ့ပဲ ထိုနေရာမှာ အပြစ်မကင်းလိုရပ်နေမိသည်။
ထိုစဥ် အနားကို ရုတ်တရက်ပြန်ရောက်လာသည့် မမကြီးက...
"ဟဲ့ ဖယ်စမ်း၊ ဒီမှာ ငါ အဝတ်လဲပေးမလို့''
"ရှင်.. ဟုတ်''
"နောက်ဆုတ်လေ''
ခက် ခေါင်းငြိမ့်ပြပြီး နောက်ဆုတ်ဖို့ပြင်လိုက်စဥ် အနောက်မှာ ခုနက မလေးလွှင့်ပစ်လိုက်သည့် ပန်းကန်အကွဲတွေရှိနေတာကြောင့် ကွေ့ရှောင်သွားဖို့တွေးကာ တစ်ဖက်တိုးလိုက်တော့ မလေးကို အဝတ်လဲဖို့လုပ်နေသည့် မမကြီးနဲ့တိုက်မိသွားသည်။
"ဟဲ့ လူတစ်ယောက်လုံးကို မမြင်ဘူးလား''
"ခက် တောင်းပန်ပါတယ် မမကြီး''
"ဘာကိုတောင်းပန်တာလဲ၊ အလုပ်များရတဲ့ကြားထဲ သွားစမ်းအေ''
"အာ့...
"ဟင် သစ်ခက်''
ခက်ကို တွန်းထုတ်ပစ်လိုက်သည့် မမကြီးကြောင့် ခက် နောက်ကို ပစ်လဲကျသွားသည့်အပြင် လက်တစ်ဖက်က ပန်းကွဲအကွဲပေါ်ကို သွားထောက်မိသည်။
"မမလေး လာ ထ စန်းစန်းထူပေးမယ်နော်''
လက်က စူးခနဲနာသွားသည့် ဒဏ်ရာကြောင့် ငိုမဲ့မဲ့လေးဖြစ်နေသည့် နွေသစ်ခက်ကို ခေတ်ရော နှင်းစက်ရော ကြောင်ကြည့်နေစဥ် အခန်းထဲဝင်လာသည့် စန်းစန်းက ပြေးထူလိုက်သည်။
လက်ခုံလေးတွင် စိုက်ဝင်နေသည့် ပန်းကန်အကွဲစလေးကို စန်းစန်းက ဆွဲထုတ်ပစ်လိုက်၍ မျက်နှာလေးရှုံ့မဲ့သွားသည့်အပြင် မျက်လုံးတွေပါမှိတ်ချပစ်လိုက်သည့် နွေသစ်ခက်ကို ခေတ် သနားသွားကာ..
"အရမ်းနာနေလား နွေသစ်ခက်''
"ဟင့်အင်း.. သိပ်မနာပါဘူး မလေး''
"စန်းစန်း ကလေးကို သေချာ ဆေးထည့်ပြီး ပတ်တီးစည်းပေးလိုက်''
"ဟုတ်ကဲ့ မမလေး၊ မမလေး လာ စန်းစန်းဆေးထည့်ပေးမယ်နော်''
"ဟုတ်''
ချက်ချင်းဆိုသလို သွေးတွေစီးကျလာတာမို့ ဒဏ်ရာက နက်သွားပုံရသည်။ ငိုမဲ့မဲ့မျက်နှာလေးက သူမရှေ့မှာမို့ ငိုချင်နေတာကို တမင်တင်းထားမှန်းသိသာသည်။
စန်းစန်းနဲ့အတူ နွေသစ်ခက်ပါ အခန်းထဲကထွက်သွားမှ ခေတ် သက်ပြင်းလေးချလိုက်ကာ...
"ကလေးကို ဘယ်လိုလုပ်လိုက်တာလဲ နှင်းစက်ရယ်''
"နှင်းစက်က မမကို အဝတ်လဲပေးဖို့ပဲ စိတ်ရောက်သွားလို့ပါ''
"အဲ့ဒါနဲ့ပဲ ဒီလိုလုပ်လိုက်ရသလား၊ အဲ့ဒီ့နားမှာ ပန်းကန်အကွဲတွေရှိနေတာကို မမြင်ဘူးလား''
"နှင်းစက် သတိမထားမိလိုက်ဘူး''
"ဟင်း... အခုတော့ အလကားသပ်သပ် ကလေး ဒဏ်ရာဖြစ်သွားတာပေါ့၊ ဂုဏ်လေးသိရင်တော့ ငါ့ကို စိတ်ဆိုးဦးမှာပဲ၊ ဒီပန်းကန်ကို လွှင့်ပစ်လိုက်မိတာကိုက ငါ့အမှား၊ ငါသာလွှင့်မပစ်ခဲ့ရင် ကလေးလဲ အခုလို ဒဏ်ရာရမှာမဟုတ်ဘူး''
သူမကိုယ် သူမ အပြစ်ရှိသလို ရေရွတ်နေရင်းမှ နွေသစ်ခက်ကို 'ကလေး'ဆိုပြီး ခေါ်လိုက်မိသည်ကို ခေတ် သတိမထားမိလိုက်။ ဘယ်သတိထားမိပါ့မလဲ။ မျက်စိရှေ့ကနေ ငိုမဲ့မဲ့လေးထွက်သွားတဲ့ နွေသစ်ခက်ရဲ့မျက်နှာလေးက အာရုံထဲစွဲကျန်နေခဲ့တာကို။ နောက်ပြီး..
"ဘာလို့ ကလေးကို ဓားကိုင်ခိုင်းထားတာလဲ''
"မတော်လို့ လက်ကိုဓားထိသွားရင် ဘယ်လိုလုပ်မလဲ''
ဟိုနေ့က တော်ဝင်နန်းကို သွားတုန်းက ဂုဏ်လေး အကဲပိုနေသည့် စကားတွေပါ တစ်ဆက်တည်းကြားနေမိပြီး ဒေါသတကြီးဖြစ်လာမယ့် ဂုဏ်လေးရဲ့မျက်နှာကြီးက သူမကို စိတ်လှုပ်ရှားနေစေသည်။
>>>>>>>>>><<<<<<<<<<
အားပေးတဲ့ အသဲတွေအားလုံးကို ကျေးဇူးတင်ပါတယ်😘😘
အမှားပါသွားရင် ချစ်တဲ့စိတ်နဲ့ ဝေဖန်ပေးပါ😁😁
အပိုင်း (၃၉)မျှော်
စာရေးသူ-Merida(Tulip)