🎗🎗 နှောင်ကြိုး 🎗🎗
~~~~~~~~~~
ခက်ရဲ့ တောင်းဆိုမှုကြောင့် တီတီပန်းမြတ် ခက်တို့အိမ်တွင် ၃ရက်ကြာအောင် နေခဲ့ပြီး ဒီနေ့တော့ ပြန်ဖို့ လေယာဥ်ကွင်းပင် ေရာက်နေပြီဖြစ်သည်။
"တီတီကလဲ ၁ရက် ၂ရက်လောက် ထပ်နေတာမဟုတ်ဘူး''
ခက် တီတီ့ရဲ့လက်မောင်းလေးကိုဖက်ပြီး ချွဲနွဲ့လိုက်တော့ တီတီက ကျေနပ်နေသယောင်ပြုံးပြုံးကြီးဖြင့်...
"၃ရက်တည်း နေတာတောင် တီတီ့မှာ ဒီပူတူတူးလေးကို ချစ်မဝဖြစ်နေတာ၊ နောက်ထပ်များထပ်နေရရင် ခွဲနိုင်မှာကို မဟုတ်တော့ဘူး၊ နောက်ပြီး ဟိုကောင်ကလဲ တီတီကို ပြန်စေချင်နေတာလေ''
နောက်က ကိုကို့ကို တီတီက မျက်စောင်းထိုးရင်းပြော၏။ ဟုတ်လဲ ဟုတ်ပါသည်။ ဒီရက်ပိုင်းထဲ တီတီရှိနေတော့ ခက်က အဖော်ရသလိုဖြစ်ပြီး ကိုကို့ကို အဖက်မလုပ်သလိုဖြစ်သွားသည်။ ဒါ့ကြောင့်လဲ ကိုကိုက တီတီ့ကို မနာလိုတိုရှည်တွေဖြစ်ပြီး ဇွတ်ကိုပြန်လွှတ်နေတာပေါ့။
"တီတီက ဟိုမှာ အလုပ်တွေကို သူများနဲ့ထားခဲ့တာ မဟုတ်လား၊ အဲ့ဒါကြောင့် ကျွန်တော်က ပြန်ခိုင်းတာပါ''
"အဲ့ဒီ့အလုပ်တွေကို မင်းဦးဆောင်ပြီး သွားလုပ်ပေးလို့ရတာပဲ၊ ကိုယ့်တီတီကို ဒီမှာ အေးအေးဆေးဆေးနားခိုင်းပြီး မင်းသွားလိုက်လဲ ရတာပဲလေ''
"ဟာ... ဒါကတော့...
"မင်းမိန်းမကို မခွဲနိုင်လို့မဟုတ်လား''
ကိုကိုက မဖြေဘဲ မျက်နှာလွှဲသွားတာမို့ ခက် တီတီ့ကို ပြန်ကြည့်လိုက်သည်။ တီတီက စိတ်ဆိုးသည့်ပုံမရှိဘဲ ကိုကို့ကို သဘောကျကာရယ်ချင်နေသည့်ပုံပါပဲ။
"မခွဲချင်လဲ ခဏတော့ ခွဲရဦးမှာပဲ ဂုဏ်ရေ၊ တီတီ ဒီကို အပြီးပြန်လာဖို့ ဆုံးဖြတ်ထားတယ်''
"ဟာ..
"တကယ်လား တီတီံ''
ပန်းမြတ်စကားကြောင့် အာမေဋိတ်သံနှစ်ခု ထွက်လာပေမယ့် ကိုယ့်တူဆီကတော့ ''ဟာ''ဆိုပြီး စိတ်ပျက်သည့်အသံ။
"မင်းက ဘာဖြစ်သွားတာလဲ မျိုးရိုးဂုဏ်၊ ငါ ပြန်လာမယ်ပြောတာကို ဒီလောက် စိတ်ပျက်သွားစရာလား?''
"စိတ်ပျက်တာပေါ့ဗျ၊ တီတီ ဒီကိုအပြီးပြန်လာဖို့ဆိုရင် ဟိုမှာရှိတဲ့ရုံးချုပ်ကို ဒီမှာပြန်ထိုင်ဖို့လုပ်ရဦးမှာလေ၊ အဲ့ဒီ့အခါကျရင် တီတီကို ကျွန်တော်က လိုက်ကူပေးရဦးမယ်မလား''
"ဒါတော့ ကူရမှာပေါ့၊ တီတီ့မှာ အားကိုးစရာမင်းတစ်ယောက်တည်းရှိတာကို ဘာလဲ မင်းက ဒီလောက်လေးကို မလုပ်ပေးချင်ဘူးလား''
"မဟုတ်ပါဘူး၊ လုပ်တာက လုပ်ပေးလို့ရပါတယ်၊ တီတီက ဒီပြန်ရောက်တော့ ဘယ်မှာနေမှာလဲ''
"ခက်တို့နဲ့ နေမှာပေါ့ ကိုကိုကလဲ၊ တီတီ ဟုတ်တယ်နော် ခက်တို့နဲ့နေမှာမလား''
ကြားထဲက ဝင်ဖြေပေးနေသည့် ပူတူးကို ဂုဏ် ထိပ်နာနာထုပစ်လိုက်ချင်သည်။ တီတီ အလည်လာနေတဲ့ ၃ရက်ကိုတောင် သူ့မှာ ပူတူးကို တွေ့ချင်တိုင်း တွေ့ရတာမဟုတ်။ မလစ်လိုက်နဲ့ လစ်တာနဲ့ တီတီဆီတန်းနေအောင် ပြေးသွားသည့် ပူတူးကြောင့် သူ့မှာ တစ်အိမ်တည်းနေပြီး လွမ်းနေရသည့်အဖြစ်။ ဒါကို တီတီက အပြီးပြန်လာပြီး သူတို့နဲ့အတူတူနေမယ်ဆိုလို့ကတော့...
"ဒါပေါ့၊ တီတီက ဟော့ဒီ့ပူတူတူးလေးကြောင့် မြန်မာနိုင်ငံပြန်လာဖို့ ဆုံးဖြတ်ထားတာကို တခြားဘယ်ကိုသွားနေရမှာလဲ၊ စိတ်ချ ဘယ်မှမနေဘူး၊ တိီတီ့ကလေးတွေရှိတဲ့ တော်ဝင်နန်းမှာပဲနေမှာ''
"ဟီး ဟီး အဲ့ဒါကြောင့် ခက်က တီတီ့ကိုချစ်တာ''
"တီတီကလဲ ဒီပူတူးတူးလေးကို ချစ်ပါ့ရှင်''
တစ်ယောက်ကိုတစ်ယောက်ဖက်ပြီး အကဲပိုနေသည့်နှစ်ယောက်အတွက် ဂုဏ်က လူပိုတစ်ယောက်လိုပါပဲ။ ''ကျွန်တော့်မိန်းမကို လိုက်ကြည့်ပါဦး တီတီရာ''ဆိုပြီး ဇွတ်ခေါ်လာမိတဲ့ ကိုယ့်ကိုကိုယ် ရိုက်သတ်ပစ်ချင်မိတော့သည်။
"တီတီ အထဲဝင်တော့လေ၊ အချိန်ကနီးနေပြီ''
"ဪ.. အေးအေး၊ ပူတူးလေး ရော့ ဒါလေးယူထား''
ခက်လက်ထဲ ထည့်ပေးသည့် ကဒ်လေးကိုခက်ငုံ့ကြည့်လိုက်ပြီး...
"ဘာလဲဟင် တီတီ''
"မုန့်ဖိုးပေးတာပါ၊ သမီးစားချင်တာစား ဝယ်ချင်တာဝယ် ဒီကဒ်ထဲမှာ တီတီမုန့်ဖိုးတွေထည့်ထားတာ''
"ဟင်.. ခက် မယူချင်ပါဘူး၊ ခက် လိုလဲမလိုပါဘူး တီတိီကလဲ၊ ခက်အတွက်က ကိုကိုပဲအားလုံးဝယ်ပေးတာပဲကို နောက်ပြီး ခက်ကို ကိုကိုပေးထားတဲ့ မုန့်ဖိုးတွေတောင် ကုန်အောင်မသုံးနိုင်ဘူး၊ ပြန်ယူသွားနော် တီတီ''
"မလိုလဲ ယူထားလိုက်ပါ၊ သမီးတို့မင်္ဂလာပွဲတုန်းက တီတီ ဘာလက်ဖွဲ့မှ ပေးလိုက်ရတာမဟုတ်ဘူးလေ၊ ဒါ လက်ဖွဲ့လို့ပဲ သဘောထားလိုက်၊ ပြီးတော့ သမီးစားချင်တာကို ဂုဏ်လေးက ဝယ်မကျွေးတဲ့အခါကျရင် ဒါနဲ့ဝယ်စား ဟုတ်ပြီလား?''
"ဟာ.. တီတီ၊ ဘာလို့ ကလေးကို မြှောက်ပေးနေတာလဲ၊ ပူတူးစားချင်တဲ့ဟာကို ဝယ်မကျွေးဘူးဆိုတာက မတည့်လို့လေ၊ အဲ့ဒါကို တီတီက မြှောက်ပေးနေတာလား၊ မရဘူးနော် ပူတူး၊ ဘယ်သူမြှောက်ပေးပေး မင်းနဲ့မတည့်တာ မစားရဘူး''
စလို့ စနေမှန်းမသိအောင် အကဲဆတ်လွန်းသည့် ကိုကို့ကို ခက် မျက်ခုံးလေးတွန့်ကြည့်လိုက်ပြီးမှ တီတီ့ဘက်ကို ပြန်လှည့်လိုက်ပြီး...
"တီတီ ကျန်းမာရေးဂရုစိုက်နော်''
"ဟုတ်ပါပြီရှင်၊ ငါ့သမီးလဲ ကျန်းမာရေးဂရုစိုက်၊ ငါ့သမီးကျန်းမာမှ တီတီလဲမြေးလေးတွေချီလို့ရမှာ''
"အို.. တီတီကလဲ!
ပူတူးကရှက်သွားပေမယ့် ဘေးက အူပုတ်ကောင်ကတော့ ပြုံးဖြီးဖြိီးကြီးဖြင့်။
"ဒါဆို တီတီသွားမယ်၊ သား.. ဂုဏ်..
"ဗျာ တီတီ''
"လိမ်လိမ်မာမာနေနော်၊ သမီးလေးကိုလဲ အလိုလိုက်ပြီး ဂရုစိုက် ကြားလား''
"ဟုတ်ကဲ့ပါ''
"အင်း.. နောက်ပြီး တီတီက ခေါ်ရင်လဲ လာကူပေးဦး''
"တီတီက ဘယ်တော့လောက် ပြန်လာဖို့တွေးထားလို့လဲ''
"အမြန်ဆုံးပြန်လာနိုင်ဖို့ တွေးထားပေမယ့် ချက်ချင်းကြီးတော့ မဖြစ်နိုင်ဘူးလေ၊ လုပ်စရာလေးတွေလဲရှိနေေတာ့ နောက် ၄ ၅ ၆လလောက်တော့ နေဖြစ်ဦးမယ်၊ အဲ့ဒါအခါ တီတီခေါ်ရင်သာ သားက လာကူပေးရမှာ''
"ဟုတ်ကဲ့ပါ''
"ဒါဆို bye bye!
လက်ပြနှုတ်ဆက်ပြီး ထွက်သွားသည့် တီတီ့ကို နှစ်ယောက်လုံးရပ်ကြည့်နေလိုက်သည်။ တီတီက နည်းနည်းခပ်လှမ်းလှမ်းလေးရောက်မှ ခက်တို့ကိုပြန်လှည့်ကြည့်ပြီး...
"နှစ်ယောက်လုံး နေကောင်းအောင်နေနော်၊ ဒါမှ တီတီလဲ မြေးမြန်မြန်ချီရမှာ''
"အို...
"စိတ်ချ တီတီရေ၊ စိတ်ချ စိတ်ချ''
"ကိုကိုနော်''
ထွက်သွားသည့် တီတီ့ကို ဘာမှပြောလို်မရတော့တာမို့ ကိုကို့ကိုသာ ခက် မျက်စောင်းလေးထိုးလိုက်သည်။ ဒါလဲ ကိုကိုက အပြုံးမပျက်ဘဲ ပြုံးထားဆဲ။
"ကိုကို''
"ဟင်''
"တီတီ့ကို ကိုကို့မမတွေက မချစ်ကြဘူးလားဟင်''
"ချစ်ပါတယ် ဘာလို့လဲ''
"မသိဘူးလေ၊ တီတီ ခက်တို့အိမ်လာနေတဲ့ တစ်လျှောက်လုံး ကိုကို့မမတွေကလာမတွေ့ကြလို့''
ကားပါကင်ဆီလျှောက်လာရင်း ခက် သိချင်တာကို မေးမိသည်။
"ဖေဖေက Singaporeကို ခရီးသွားတော့ မကြီးက ဖေဖေ့အလုပ်တွေကိုပါ တာဝန်ယူထားရတယ်လေ၊ အဲ့ဒါ့ကြောင့် တီတီ့ဆီမလာဖြစ်တာ၊ မလေးကတော့ အစကတည်းက တီတီနဲ့ကီးမကိုက်ဘူး''
"ဪ...
ခက် ခေါင်းလေးတငြိမ့်ငြိမ့်ဖြင့် နားလည်သွားသည့်ပုံပေါ်သွားမှ ကိုကိုက ကားတံခါးဖွင့်ပေးကာ ကားပေါ်တက်စေသည်။ အဲ့ဒီ့နောက် ကားလေးဟာ ခက်ရဲ့ကျောင်းရှိရာကို ဦးတည်လျက်...
>>>>>>>>>><<<<<<<<<<
"သစ်ခက်လေး''
စာသင်ခန်းထဲဝင်ခါနီး လှမ်းခေါ်လိုက်တာမို့ ခက် လှည့်ကြည့်လိုက်တော့ မမအနွယ်ဂုဏ်။ မရယ်မပြုံး မျက်နှာထားဖြင့် သူမကို ကြည့်နေတာမို့ ခက် အနည်းငယ်ဟန့်သွားသော်လည်း ခက်ကို သူမဆီလာစေချင်သည့်ပုံဖြင့် ကြည့်နေတာကြောင့် ခက် ထိုအနားကို သွားလိုက်၏။
"မမ ခက်ဆီလာတာလားဟင်''
"ဟုတ်တယ် ကလေး၊ အဆင်ပြေမယ်ဆိုရင် မမနဲ့ ခဏလောက်လိုက်ခဲ့ပါလား၊ မမ ကလေးကို ပြောစရာရှိလို့ပါ''
"Classတော့ ရှိတယ် မမ၊ ဒါပေမယ့် မမရဲ့ကိစ္စက အရေးကြီးရင် ခက် လိုက်ခဲ့မယ်လေ''
"အေးကွယ် ဒါဆို လိုက်ခဲ့ပါဦး''
ခက်ရဲ့လက်ကိုဆွဲပြီး ကားတွေရပ်ထားတဲ့ဆီ ခေါ်သွား၏။ ထို့နောက် မမ၏ကားလို့ယူဆရသော ကားနောက်ခန်းတွင် နှစ်ယောက်လုံးဝင်ထိုင်လိုက်သည်။
"မမ ဘာပြောချင်လို့လဲဟင်''
"ပြောချင်တာထက် အကူအညီတောင်းချင်တာပါ''
"ဟုတ် ပြောပါမမ၊ ခက် လုပ်ပေးနိုင်တာဆိုရင် လုပ်ပေးပါ့မယ်''
"ကျေးဇူးပါ ကလေးရယ်၊ ခေတ်ရယ်လေ မနက်က ရေချိုးခန်းထဲချော်လဲလို့''
"ရှင်... အခု ဘယ်လိုနေလဲဟင်မမ၊ တစ်ခုခုများ ဖြစ်သွားလား၊ ဒါနဲ့များ မမရယ် အဲ့ဒီ့ကတည်းက ခက်တို့ကို ခေါ်လိုက်ရောပေါ့''
စိုးရိမ်တကြီးပြောလာသည့် စကားတွေကြောင့် အနွယ် ဆက်ပြောရမယ့်စကားတွေအတွက် အားရှိသွားသည်။ နောက်ပြီး သူမအပေါ် အရမ်းဆိုးတဲ့ ခေတ်ကို စိုးရိမ်ပေးနေတဲ့ ယောင်းမဖြစ်သူကို အချစ်ပိုသွားရပြန်တာမို့ လက်လေးနှစ်ဖက်ကို ထပ်ကိုင်လိုက်ပြီး...
"အစက မမလဲ ဂုဏ့်ကိုဖုန်းဆက်ပြီး ခေါ်လိုက်မလို့ပါပဲ၊ ဒါပေမယ့် ဟိုတစ်ခါကိစ္စကတည်းက ဂုဏ်လေးက ခေတ်ကို အမြင်မကြည်နေတာဆိုတော့...
"ကိုကိုက စိတ်ဆိုးတုန်းခဏပါ မမရယ်၊ အခုဆို မလေးကို စိတ်ဆိုးတော့မှာမဟုတ်ပါဘူး''
"ဒါ ကလေးအထင်လေ၊ ဂုဏ်လေး ဘယ်လောက်အမှတ်သညာကြီးလဲဆိုတာ ကလေးထက် မမတို့က ပိုသိတာပေါ့၊ ပြီးတော့ အခု ပြဿနာက သူချစ်တဲ့ကလေးကို အနိုင်ကျင့်သလိုဖြစ်သွားတော့ လွယ်လွယ်နဲ့ ခေတ်ကိုခွင့်လွှတ်မှာ မဟုတ်ဘူး''
မမရဲ့စကားကြောင့် ခက် အားနာသွားရသည်။ ခက်ကြောင့် ကိုကိုတို့ မောင်နှမတွေ သွေးကွဲသလို ဖြစ်နေပါလားလို့တွေးမိပြီး ခက် စိတ်မကောင်းဖြစ်သွားတာမို့ မမကို မဝံ့မရဲလေးကြည့်ကာ..
"ခက် တောင်းပန်ပါတယ်နော်၊ အမှန်ဆို ခက် အဲ့ဒီ့နေ့က ရှိတဲ့ဟင်းနဲ့စားခဲ့ရင် ဗိုက်နာမှာမဟုတ်သလို ကိုကိုလဲ မလေးကို စိတ်ဆိုးမှာမဟုတ်ဘူး၊ ဒီလိုဆိုရင် အခုလိုလဲ ကိုကိုတို့်မောင်နှမတွေ စိတ်ဝမ်းကဲွဲကြမှာ မဟုတ်လောက်ဘူး၊ အခုတော့ ခက်ကြောင့်နဲ့...
"မဆိုင်ပါဘူးကွယ်၊ ကလေးက ဒီပြဿနာကိုဖန်တီးခဲ့တာမှမဟုတ်တာ''
"ဒါပေမယ့်.. ခက်ကြောင့်နဲ့ ပြဿနာဖြစ်ရတာ မဟုတ်လား''
"မဟုတ်ပါဘူးဆို ကလေးရယ်၊ ကဲပါ ဒါတွေခဏထားလိုက်ဦး၊ မမအခုလာတာက ကလေးကို အိမ်လိုက်ခဲ့ဖို့ ခေါ်ချင်လို့''
"ရှင်.. ခက်ကိုလား?''
ခက် ကိုယ့်ကိုကိုယ် လက်ညှိုးလေးပြန်ထိုးပြီး မေးလိုက်တော့ မမက ခေါင်းငြိမ့်ပြ၏။
"ခေတ်က အခုလိုဖြစ်သွားတော့ သူ့ကိုအနီးကပ်ပြုစုပေးမယ့် လူလိုနေလို့ပါ၊ မမကကျတော့ မမရဲ့လုပ်ငန်းတွေအပြင် ဖေဖေ့အလုပ်တွေရော ခေတ်ရဲ့အလုပ်တွေကိုပါ တာဝန်ယူရမှာဆိုတော့ သူ့ကိုပြုစုပေးဖို့က ဘယ်လိုမှမလွယ်ဘူးလေ၊ အဲ့ဒါကြောင့် ကလေးက နေ့ခင်းဘက်ပဲဖြစ်ဖြစ် ခေတ်ကို ပြုစုပေးရင် အဆင်ပြေမလားလို့ပါ၊ ညပိုင်းကတော့ မမလဲ အိမ်ပြန်ရောက်မှာဆိုတော့ မမပဲ ပြုစုပါ့မယ်''
"ဟိုလေ... ခက်က ပြုစုပေးဖို့က အပန်းမကြီးပါဘူး၊ တစ်ခုပဲ မလေးက ခက်ကိုအစကတည်းက အမြင်မကြည်တော့ ခက်ကို သူ့အနားနေတာ ကြိုက်ပါ့မလား''
တကယ်လဲ အမြင်မကြည်မှာ သေချာပါသည်။ မလေး သူမကို အမြင်မကြည်မှန်းသိနေတာမို့ တတ်နိုင်သလောက် ကင်းအောင်နေခဲ့တာကို မမလဲသိနေပါရဲ့နဲ့ ဘာလို့များ အခုလို လာပြီးတောင်းဆိုနေလဲဆိုတာ ခက် မတွေးတတ်တော့ပါ။ ဒါ့ကြောင့် ခက် ထပ်မေးလိုက်တော့ မမက မချိတချိလေးပြုံးကာ...
"ေဖဖေကလဲ ပြီးခဲ့တဲ့နှစ်ပတ်လောက်ကတည်းက ခရီးထွက်သွားတယ်၊ နောက်ပြီး မေမေက ဆေးပညာနှီးနှောဖလှယ်ပွဲရှိလို့ ဒီမနက်ပဲ ဘန်ကောက်ကိုသွားတာ၊ မမက အလုပ်တွေမနိုင်မနင်းနဲ့လေ ကလေးရယ်၊ ဒီလိုအချိန် သူ့ကိုပြုစုပေးမယ့် လူတစ်ယောက်လိုနေတာကို ခေတ်လဲသိမှာပါ၊ အဲ့ဒီ့အတွက် ကလေးက ပြုစုပေးတာကို သူ ငြင်းမှာမဟုတ်ပါဘူး''
"ဖြစ်ပါ့မလား မမရယ်၊ ခက်တော့ ရင်လေးတာပါပဲ''
"ဖြစ်ပါတယ်၊ တကယ်လို့ ကလေးဘက်က ပြုစုပေးဖို့ အဆင်မပြေဘူးဆိုရင်တော့ ရပါတယ်၊ နာ့စ်ပဲဖြစ်ဖြစ် ငှားရမှာပေါ့''
"ဟင့်အင်း မဟုတ်ပါဘူး၊ ခက်က ပြုစုပေးဖို့အဆင်ပြေပါတယ်၊ ခက်စိုးရိမ်တာက မလေး မကြိုက်မှာကိုပါ''
"အဲ့ဒါအတွက်တော့ စိတ်ချပါ၊ မမ ခေတ်ကို နားလည်အောင် ပြောပြပါ့မယ်၊ ကလေးက ပြုစုပေးမယ်ဆိုရင် အဆင်ပြေပါပြီ''
"ဟုတ် ခက် ပြုစုပေးပါ့မယ်''
ခက် ဒီလိုပြောလိုက်မှ မမရဲ့ မျက်နှာက ချက်ချင်း ဝင်းပသွားသည်။ မမပြုံးနေတော့ ခက်လဲ လိုက်ပြုံးလိုက်ပြီး...
"ကိုကို့ကိုရော ခက်ပဲ ပြောလိုက်ရမလားဟင် မမ''
"အို... မပြောနဲ့ မပြောနဲ့၊ ဂုဏ်လေးသိရင် ကလေးကို မမတို့အိမ်လာခိုင်းမှာမဟုတ်ဘူး''
"ဟင်.. ဒါဆို ခက်က ကိုကို မသိအောင်လာရမှာလား''
ဒီလိုတော့ မဟုတ်လောက်ပါဘူးလို့ ခက် တွေးလိုက်မိသော်လည်း မမ ပြောလာသည့်စကားတို့ကြောင့် မှင်သက်သွားရပြန်သည်။
"မမက ဒီကိစ္စကို ဂုဏ်လေး မသိစေချင်ဘူး၊ အစကတည်းက ဂုဏ်လေးက မမတို့ကိုအမြင်ကြည်တာမဟုတ်ဘူးလေ၊ အခု ခိုင်းစရာရှိမှ ကလေးကိုခေါ်တယ်ဆိုပြီး ခွင့်ပြုမှာမဟုတ်ဘူးဆိုတာ သေချာတယ်မဟုတ်လား၊ အမှန်က ဒီအခွင့်အရေးမှာ ခေတ်နဲ့ကလေးကို ပြေလည်စေချင်တာပါ၊ ကလေးဘယ်လောက်ချစ်ဖို့ကောင်းလဲဆိုတာ ခေတ်ကို သိသွားစေချင်လို့ တမင် ကလေးကို ခေတ်အနားပို့ချင်တာ''
"ဒါပေမယ့် ကိုကို မသိအောင် လုပ်ဖို့ဆိုတာက လွယ်ပါ့မလား မမရယ်''
"ကလေးက ကျောင်းသွားမယ်ဆိုပြီး မမတို့အိမ်ကို ထွက်လာခဲ့ပေါ့''
"ကျောင်းကို ကိုကိုက လိုက်ပို့တာ မမရဲ့''
"ဟင်... ဟုတ်လား၊ ဒါဆို ကျောင်းကိုပဲ မမတို့အိမ်က ကားလွှတ်လိုက်မယ်၊ ကျောင်းဆင်းမယ့်အချိန်မတိုင်ခင် ပြန်ပို့ပေးရင် အဆင်ပြေမယ်ထင်တယ်နော်''
အဲ့ဒါမှ ဖြေရခက်တာပါ။ မမပြောသလို လုပ်မပေးချင်တာတော့ မဟုတ်ပေမယ့် ကိုကိုသိသွားရင် ယမ်းပုံမီးကျ ပေါက်ကွဲပြမှာကို ခက် သိသည်။ ထို့ကြောင့် ခက် မလုပ်ရဲကြောင်းပြောဖို့ပြင်လိုက်သော်လည်း ကြိုသိနေတဲ့မမက ခက်ရဲ့လက်ကို အားကိုးတကြီးဆုပ်ကိုင်ကာ...
"ကလေးကို မိသားစုဝင်တစ်ယောက်လို့တွေးပြီး မမက အခုလိုအကူအညီတောင်းတာပါ၊ တတ်နိုင်ရင် ကူညီပေးစေချင်တယ်ကွယ်''
အမှန်က ကူညီစေချင်တယ်ဆိုတာထက် ခေတ်နဲ့ နီးနီးကပ်ကပ်နေစေချင်သည်။ ခုနကပြောတဲ့အတိုင်း နွေသစ်ခက်ရဲ့ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေကို ခေတ်ကိုသိစေချင်သည်။ အဓိကကတော့ ခေတ်နဲ့ နွေသစ်ခက်လေး အဆင်ပြေပြေရှိသွားပြီး သာမန်သမီးယောင်းမတွေလိုမျိုး ခင်ခင်မင်မင် ခေါ်ပြောဆက်ဆံချင်တာပါ။
အခု အခြေအနေက ကိုယ့်ယောင်းမဆိုတာ မှန်ပေမယ့် ဖြစ်ခဲ့သမျှ ပြဿနာတွေကြောင့် အိမ်ကိုလာပါလို့ခေါ်မရသလို သူတို့အိမ်သွားဖို့ကလဲ ဂုဏ်လေးက မကြိုဆိုဘူးလေ။
ဒါ့ကြောင့် သူမ တတ်သလောက် ဉာဏ်ထွင်ပြီး စီစဥ်လိုက်တာကို သစ်ခက်လေးလဲ လက်ခံစေချင်တာမို့...
"ကူညီပါ ကလေးရယ်၊ ဒီအကြောင်းကို ဂုဏ်လေး လုံးဝမှမသိစေရဘူး မမ အာမခံတယ်''
မသိစေရဘူးဆိုပေမယ့် သိသွားရင်ရော?
တကယ်လို့ သိသွားရင် ကိုကိုက ခက်ကို စိတ်ဆိုးသွားမယ်ထင်တယ်။
ကိုကို မကြိုက်တာကို လုပ်တဲ့အတွက်ရယ်၊ ကိုကို့ကို လိမ်တဲ့အတွက်ရယ် နှစ်ခုပေါင်းရင် ခက်ကို ခွင့်လွှတ်ပါ့မလား။
ခက် အမျိုးမျိုးကြိုတွေးပြီး ငြင်းကြည့်ဖို့လုပ်ပေမယ့် အခုချိန်ထိ ခက်အပေါ်ကို နွေးနွေးထွေးထွေး ဆက်ဆံပေးနေသည့် မမရဲ့မျက်လုံးက ခက်ဆီကအဖြေကို မျှော်လင့်နေသည့်ပုံမို့ မငြင်းရက်တော့။
"ခက် လုပ်ပေးပါ့မယ် မမ''
"ကျေးဇူးပါ ကလေးရယ် ကျေးဇူးပါ အဟွန်း''
"ရပါတယ်၊ မမပြောသလို မိသားစုဝင်တွေပဲလေ၊ ကျေးဇူးတင်စကားပြောဖို့မလိုပါဘူး''
ခက် ပြုံးရင်းဒီလိုဆိုလိုက်တော့ မမက ခက်ကို ရင်ခွင်ထဲထွေးဖက်လိုက်ပြီး ကျောလေးပုတ်ကာ..
"ဒီလို ချစ်စရာကောင်းတာကို ခေတ်ကို မြင်စေချင်လို့ပါ ကလေးရယ်၊ ကလေး သိလား၊ ဒီတစ်ခါ အခွင့်အရေးမှာ ခေတ်ရဲ့စိတ်ကို ကလေး အပိုင်သာ သိမ်းခဲ့ ကြားလား''
ခက် ဘာမှပြန်မဖြေပဲ ရယ်ကျဲကျဲလေးသာ လုပ်နေလိုက်၏။ လူတစ်ယောက်ရဲ့စိတ်ကို အပိုင်သိမ်းနိုင်ဖို့ဆိုတာ လွယ်တဲ့အရာမဟုတ်ဘူးလေ။ ပြီးတော့ အဲ့ဒီ့လူက ကိုယ့်ကို မုန်းနေတော့ ပိုလို့တောင် ခက်ပါသေးသည်။
>>>>>>>>>><<<<<<<<<<
"ကိုကို့''
အောက်ထပ်က ဧည့်ခန်းထဲတွင် ကွန်ပျူတာတစ်လုံးနဲ့ အလုပ်ရှုပ်နေသည့် ဂုဏ် ကြားလိုက်ရသည့်အသံချွဲချွဲလေးကြောင့် လှည့်ကြည့်လိုက်၏။
အနီရောင်ရဲနေသည့် ညအိပ်ဝတ်စုံလေးနဲ့ ပူတူးက ဆံနွယ်ရှည်ရှည်တွေကို ဖြန့်ချထားပြီး နှုတ်ခမ်းလေးပါ စူနေသေးသည်။ ခုနက သူ အခန်းထဲကထွက်လာတော့ စာလုပ်နေသည့် ပူတူးက အကောင်းပါ။ အခုမှ ဘာတွေကို ချက်ချင်းလက်ငင်းအလိုမကျဖြစ်သွားပါလိမ့်။
ဒါ့အပြင် သူ့ဆီလျှောက်လာရင်း ပါးစပ်ကလဲ ပွစိပွစိပြောနေသေးတာမို့ ဂုဏ် မျက်ခုံးတွေပင့်လိုက်ပြီး....
"ဘာတွေ အလိုမကျဖြစ်လာတာလဲ ပူတူးရဲ့''
ကိုကိုမေးနေတာကို ခက် ကြားပေမယ့် ဘာမှပြန်မပြောဘဲ ကိုကို့အနားကို သွားရပ်လိုက်တော့ ကိုကိုက သူမရဲ့လက်ဖျားလေးမှ ဆတ်ခနဲဆွဲချလိုက်ပြီး သူ့ပေါင်ပေါ်တွင်ထိုင်စေသည်။ ပြီးမှ ခက်ရဲ့ခါးလေးကိုဖက်ထားလိုက်ပြီး...
"ဘာဖြစ်လို့လဲ ပူတူးလေး၊ ကြည့်ပါဦး ဒီလောက်ချစ်စရာကောင်းတဲ့ မျက်နှာလေးသေးသေးလေးက စူပုတ်နေတာပဲကွာ''
ဒီပုံစံလေးကို ကြည့်ရုံဖြင့် တစ်ခုခုကို စိတ်ကောက်နေပြီဆိုတာ ဂုဏ်သိတာမို့ ပါးပြင်မို့မို့လေးကို မြတ်နိုးစွာနမ်းရှိုက်လိုက်တော့ ပူတူးက နမ်းလို့မရအောင် မျက်နှာကို ဆတ်ခနဲလွှဲပစ်လိုက်သည်။
"ဘာဖြစ်လာတာလဲ ကလေးရဲ့ ဟင်၊ ကိုယ် ဘာအမှားလုပ်မိလို့လဲ''
"ကိုကို့အပြစ် ကိုကိုသိမှာပေါ့၊ ဘာလို့ ခက်ကို လာမေးနေလဲ''
"ကိုကိုက မသိလို့ ပူတူးကို မေးတာပေါ့၊ ဒီဘက်လှည့်ပြီး ကိုယ်ဘာအပြစ်လုပ်မိလဲဆိုတာ သေချာပြောပြနော်''
သူမရဲ့လည်တိုင်လေးကို ဖိကပ်နမ်းရင်းပြောလာသည့် ကိုကို့ကြောင့် ခက် ကိုကို့ဘက်ကိုဖျတ်ခနဲလှည့်ကြည့်လိုက်ပြီး...
"ကိုကိုက ခက်ကိုမှ ဂရုမစိုက်တာ''
"ဘယ်လို ဘယ်လို၊ ကိုယ်က ပူတူးကို ဂရုမစိုက်ဘူးဟုတ်လား''
မျက်နှာလေးရှုံ့ရှုံ့မဲ့မဲ့ပြောနေသည့် ပူတူးစကားကြောင့် ဂုဏ် ထပ်မေးလိုက်တော့ ပူတူးက နှုတ်ခမ်းလေးပါစူပစ်လိုက်ပြီး...
"ဟုတ်တယ်လေ၊ ကိုကို့ကို ခက် ကြည့်နေတာကြာပြီ သိလား၊ နေ့တိုင်း အဲ့ဒီ့အလုပ်ကိုပဲ လုပ်နေတာပဲ၊ ခက်ကိုဆို နည်းနည်းလေးမှဂရုမစိုက်ဘူး''
"ဂရုစိုက်ပါတယ် ပူတူးရယ်၊ ကိုယ့်မှာ ဒီအသည်းလေးတစ်ယောက်ပဲရှိတာကို ဒီအသည်းလေးကို ဂရုမစိုက်ရင် ဘယ်သူ့ကို သွားဂရုစိုက်ရပါ့မလဲ''
"ဟင့်အင်း ဟင့်အင်း မဟုတ်ဘူး၊ ကိုကို ညာပြောနေတာ၊ အရင်နေ့တွေကလဲ ခက်ကို ကျောင်းကြို ကျောင်းပို့လုပ်ပေးတာက အပြေးအလွှားနဲ့''
"ဟော... အဲ့လိုအပြေးအလွှားဖြစ်ရတာ ပူတူးကြောင့်လေကွာ၊ ပူတူးက တစ်ချိန်လုံး တီတီ့အနားပဲကပ်နေပြီးတော့ ကျောင်းချိန်နီးမှ လောလော လောလောသွားရတာလေ၊ ကျောင်းဆင်းချိန်ကလဲ ပူတူးဖုန်းဆက်တဲ့အချိန် ကိုယ်လာကြိုပေးနေတာပဲ ပူတူးရယ်''
တကယ်လဲ ဂုဏ်ပြောသလိုပါပဲ။
အရင်နဲ့စာရင် ကျောင်းကြို ကျောင်းပို့လုပ်ရတာ အလောတကြီးနိုင်နေတယ်ဆိုပေမယ့် အဲ့လိုဖြစ်ရတာကလဲ ပူတူးကြောင့်ပဲလေ။
ဒါကိုပင် သူမလေးက သူ့ကို အပြစ်ဆိုနေတာမို့ ဂုဏ် ပြေလည်ရာပြေလည်ကြောင်း ရှင်းပြပေမယ့် စူပုတ်နေသည့်မျက်နှာလေးက နည်းနည်းမှလျော့မသွားသေး။
"မဟုတ်ပါဘူး ကိုကို ပြောင်းလဲနေတာ ခက်သိတယ်၊ အရင်ကဆို ခက်စာလုပ်ရင် ထိုင်စောင့်ပေးနေကျလေ၊ အခုကျတော့ ခက်နဲ့ဝေးအောင်လို့ အောက်ထပ်မှာလာပြီး အလုပ်လုပ်နေတာမဟုတ်လား''
"ကိုယ့်ကလေးကတော့ ရစ်ပြီကွာ၊ ကိုယ်ဖြင့်အခုမှ အောက်ထပ်ဆင်းပြိီး အလုပ်လုပ်တာပါ၊ ခုနကအထိ ပူတူးစာလုပ်တာကို ထိုင်စောင့်ပေးနေတာမဟုတ်ဘူးလား''
"ခက် စာလုပ်ပြီးတဲ့အထိ စောင့်ပေးရမှာပေါ့၊ အခု ကိုကိုက ခက်ထက် အလုပ်ကိုပိုပြီး ဂရုစိုက်နေတာလေ''
သူ ဘယ်လိုပြောပြော အရစ်တုံးလေးက လက်မခံဘဲ စိတ်ကောက်ဖို့ပဲပြင်နေတာကြောင့် ဂုဏ် ချော့ဖို့ပဲ တွေးလိုက်ကာ ပါးပြင်မို့မို့လေးကို ဖိကပ်နမ်းပစ်လိုက်ပြီး....
"ရစ်ချင်ရင် တခြားအကြောင်းအရာတစ်ခုခုနဲ့ ရစ်ပါ ပူတူးရာ၊ ပူတူးပြောသလို ကိုယ်က ဂရုမစိုက်ဘူးဆိုတာကြီးကတော့ သူများတွေကြားရင် ပူတူးကို လှောင်ရယ်နေမှာပေါ့''
"ဘာလို့ ခက်ကို လှောင်မှာလဲ?''
"ကိုယ့်ပူတူးက ကလေးဆန်လွန်းလို့''
ဒီလိုပြောလိုက်တာနဲ့ မျက်စောင်းလှလှလေးတစ်ချက်က သူ့ဆီတန်းတန်းမတ်မတ်ကြီး ေရာက်ချလာ၏။ ကလေးဆန်ပြီးချွဲတာကို ကလေးဆန်တယ်လို့ ပြောရင် မကြိုက်တတ်သည့် ပူတူးကို သူအသည်းယားစွာ ပါးလေးကိုဖဲ့ပစ်လိုက်ပြီး...
"ကိုယ်တော့ ဒီကလေးလေးနဲ့ ရူးတော့မှာပါပဲကွာ၊ ပြော ဘာလို့ ဒီလောက်ချစ်ဖို့ကောင်းနေရတာလဲ''
"ချစ်ဖို့မကောင်းလို့ ကိုကိုက ခက်ကိုပစ်ထားပြီး အလုပ်လုပ်နေတာပေါ့''
"ပစ်မထားပါဘူးကွာ၊ ပူတူးသာ တီတီပြန်သွားမှ ကိုယ့်ကို အဖက်လုပ်တာမဟုတ်လား၊ ဒီလောက် ချစ်စရာကောင်းတဲ့ အချွဲလေးကို ပစ်ထားရအောင် ကိုယ်က အရူးမို့လို့လား''
"ဒါတော့ ကိုကိုပဲသိမှာပေါ့''
"ဘာပြောတယ်''
"ကြားတဲ့အတိုင်းပဲ''
အခုနောက်ပိုင်း ခက် ကိုကို့ကိုဆို အရမ်းဆိုးချင် နွဲ့ချင်နေတာမို့ အခုလဲ ဘာမှမဟုတ်တာလေးကို တမင်ပြဿနာရှာနေမိသည်။ သို့ပေမယ့် ခက် ရစ်နေမှန်းသိပေမယ့် စိတ်မဆိုးတဲ့အပြင် အပြုံးမပျက်တဲ့ကိုကို့ကြောင့် ခက် ကျေနပ်နေရသည်လေ။
"ကိုကို့ကို ခက်က အလုပ်မလုပ်နဲ့လို့ပြောတာလဲ မဟုတ်ဘူး၊ တကယ်ဆို အခန်းထဲမှာပဲ ခက်စာကြည့်နေတာကို စောင့်ပေးရင်း အလုပ်လုပ်လဲ ရတာပဲကို၊ အခု ကိုကိုက ခက်နဲ့ဝေးရာကို တမင်သွားနေလို့ ပြောတာ''
"ကိုယ့်ပူတူးလေးက စာကြည့်နေတာလေကွာ၊ တော်ကြာ ကိုယ်က အလုပ်ကိစ္စနဲ့ ဖုန်းပြောတာ ဘာညာဆိုရင် စာကြည့်တာ အာရုံပျက်သွားမှာစိုးလို့ပါ၊ စိတ်မဆိုးရဘူးနော် ကိုယ်က မင်းလေးကို ဘယ်လောက်တောင်ချစ်လိုက်လဲ ဟင်၊ ကိုယ်ချစ်လို့တောင်မဝတဲ့ ဒီအဆိုးလေးနဲ့ဝေးရာကို ဘယ်လိုအကြောင်းကြောင့်နဲ့မှ ထွက်သွားမှာမဟုတ်ဘူး အဲ့ဒါကိုယုံ''
ကိုကိုက အရမ်း အပြောကောင်းသည်။ ခက်ကို ဘယ်လိုချော့ရမလဲဆိုတာလဲ သူသိသည်။ အခုပဲကြည့် ကိုကို့ကို ကောက်ချင်နေတဲ့စိတ်တွေတောင် ကိုကို့ရဲ့ အပြောချိုချိုအောက်မှာ ကြက်ပျောက်ငှက်ပျောက်။
"စိတ်မဆိုးနဲ့နော် ပူတူးလေး၊ စိတ်မဆိုးတော့ဘူးမလား''
ခက် ပြန်မဖြေဘဲ ဟန်ဆောင်ပန်ဆောင် နှုတ်ခမ်းလေးစူထားပြီး ကိုကို့ကို မှုန်ကုတ်ကုတ်လေးကြည့်နေလိုက်တော့ ကိုကိုက စူနေသည့်နှုတ်ခမ်းလေးကို သွက်လက်စွာပင် နမ်းရှိုက်သွား၏။ ပြီးမှ ကျေနပ်နေသည့် မျက်နှာပြုံးပြုံးကြီးဖြင့် ခက်ကိုစိုက်ကြည့်ပြီး..
"မနက်ဖြန်ကျရင် ကိုကိုက ပူတူးလိုချင်တဲ့ ဘွန်ဇိုင်းပင်လေး လိုက်ဝယ်ပေးမယ်၊ အခု စိတ်မဆိုးနဲ့တော့နော်''
"ခက်ကို လာဘ်ထိုးပြီးချော့တာပေါ့လေ''
"အဟွန်း... ကိုယ်ကချစ်လို့ ဝယ်ပေးတာပါကွာ၊ လာဘ်မထိုးလဲ ပူတူးစိတ်ပြေနေပြီဆိုတာ သိသားပဲ''
ဂုဏ် ဒီလိုဆိုလိုက်တော့ ပူတူးက သူ့ရင်ဘတ်ပေါ်ကို ခေါင်းလေးမှေးတင်ကာ သူမရဲ့လက်သေးသေးလေးများဖြင့် ခါးကိုပါ ဖက်လာ၏။ ထို့နောက် အရမ်းကိုချစ်ဖို့ကောင်းတဲ့အသံချိုချိုလေးဖြင့်...
"ကိုကိုက အရမ်းလည်တာပဲ''
"ကလေးကို မုန့်ပေးကြိုက်ထားရတော့ ဒီလောက်တော့လည်ရမှာပေါ့၊ တော်ကြာ ကိုယ့်ကို အသက်ကြီးပြီး တုံးအနေတယ်ဆိုပြီး ကိုယ့်ကလေးလေးက ပစ်သွားရင် ဘယ်လိုလုပ်မလဲ''
"ခက်က ကိုကို့ကို ပစ်သွားစရာလား''
"မပြောတတ်ဘူးလေကွာ၊ ကိုယ်က ပူတူးမှမဟုတ်ဘဲ''
"ဒါဆို အခုကတည်းက တစ်ခါတည်း သေချာမှတ်ထားနော်၊ ခက်ကလေ ကိုကို့ကို အများကြီး အများကြီးချစ်တာမို့လို့ ကိုကိုက ခက်ကို ကိုကို့အနားကထွက်သွားလို့ မပြောမချင်း ကိုကို့ကို လုံးဝမထားခဲ့ဘူး နော် ကိုကိုနော်''
ဟန်ပန်အမူအယာအပြည့်ဖြင့် ကိုကိုချင်း ထပ်နေအောင် ပြောနေသည့် ပူတူးကြောင့် ဂုဏ် သဘောခွေ့နေတော့သည်။ နောက်ပြီး ပြုံးရွှင်နေသည့်မျက်နှာလှလှလေးဖြင့် ချစ်ဖို့ကောင်းအောင်ပြောနေသည့် ပူတူးကြောင့် သူ သွားတွေပါပေါ်အောင်ပြုံးလိုက်မိသည်။ ဒါ့အပြင် ပူတူးက သူ့ရင်ခွင်ထဲအတင်းတိုးဝင်ကာ သူမရဲ့လက်ချောင်းလေးများကို သူ့ရင်ဘတ်ပေါ်တွင်တင်ထားပြီး ဆော့ကစားနေသေးတာမို့...
"အရမ်းချွဲတာပဲကွာ''
"ချစ်လို့ပါနော်''
"အွန်း... ပူတူးလုပ်နေပုံနဲ့ဆိုရင် ကိုယ့်ချစ်စိတ်တွေနိုးထလာတော့မှာပဲ၊ ဒါဆို မင်းလေးပြောတဲ့ ၂နှစ်အထိစောင့်နိုင်မယ် မထင်ဘူး''
ဒါကျတော့ အလျင်အမြန် ခေါင်းလေးထောင်လာသည့် ပူတူးက သူ့ကို မျက်လုံးဝိုင်းဝိုင်းလေးများဖြင့်ကြည့်လာပြီး..
"ဟွန့်နော် ချစ်တာက ချစ်တာပဲ ၂နှစ်စောင့်ခိုင်းတာက စောင့်ခိုင်းတာပဲ ဘာမှမဆိုင်ဘူး''
"ကိုယ့်နေရာကနေ တွေးကြည့်ပါဦး ပူတူးရာ၊ ကိုယ်ချစ်လို့မှယူထားတဲ့မိန်းမကို အလှထိုင်ကြည့်နေရတာကြီးကတော့ မမိုက်ပါဘူး၊ ပြီးတော့ အခုဆို မင်းလဲ ကိုယ့်ကိုချစ်တာပဲ မဟုတ်လား''
"ချစ်တာနဲ့ အဲ့ဒါနဲ့မဆိုင်ပါဘူးဆို''
"ဆိုင်လိုက်လို့မရဘူးလား ပူတူးလေး''
"ဟင့်အင်း မရဘူး၊ ကိုကိုနော် နောက်တစ်ခါ ဒီလိုထပ်ပြောရင် မချစ်ဘဲထားလိုက်တော့မှာ''
ခက် မျက်စောင်းလေးရွယ်ပြီး ခြိမ်းခြောက်လိုက်တော့ ကိုကိုက ဟက်ခနဲရယ်၏။ ခက်လဲ ကိုကို့ကို အကြာကြီးစိုက်ကြည့်ပြီးမှ ေန့လည်က မမပြောသွားသည့်ကိစ္စကို အမှတ်ရကာ နောက်တစ်ကြိမ် ကိုကို့ရင်ခွင်ထဲတိုးဝင်လိုက်ပြီး...
"ကိုကို့ကို ခက်ပြောစရာရှိတယ်၊ ကိုကိုနားထောင်ပေး''
"ပြောချင်တာပြော နားထောင်ပေးမယ်''
"မလေးလေ!''
"မလေးက ပူတူးကို ဘာလုပ်ပြန်ပြီလဲ ဟင်၊ ကိုကို့ကို ပြောစမ်း ပူတူး''
ခက် စကားမဆုံးခင် ခက်တစ်ကိုယ်လုံးကို စုန်ချီဆန်ချီကြည့်ကာ ဝင်မေးနေသည့်ကိုကို့ပုံစံက စိတ်လှုပ်ရှားနေသည့်ပုံအပြည့်ဖြင့်။
"မလေးက ခက်ကို ဘာလုပ်ရမှာလဲ၊ ဘာမှမလုပ်ပါဘူး''
"ဒါဆို ဘာလို့ မလေးအကြောင်းပြောရတာလဲ''
"ဟော.. ခက်က မလေးအကြောင်း မပြောရဘူးလား''
"မပြောရဘူး''
"ဘာလို့လဲ''
ခက် မေးနေတာကိုမဖြေဘဲ ခပ်တည်တည်သာကြည့်နေတာမို့ ခက် ကိုကို့ကိုမျက်လုံးလေးထောင့်ကပ်ကြည့်လိုက်ပြီး...
"ခက် မေးနေတာ ဖြေလေ၊ ဘာလို့ မလေးအကြောင်းမပြောခိုင်းတာလဲလို့''
"မသိဘူး ပူတူးရာ၊ ကိုယ်သိသလောက်ကတော့ မလေးနဲ့မင်းနဲ့ ပတ်သတ်မိကြရင် မကောင်းတဲ့အရာတွေပဲ ဖြစ်လာတတ်လွန်းလို့၊ ဖြစ်လိုက်တိုင်းလဲ ကိုယ့်ကလေးပဲခံနေရလို့ မကြိုက်ဘူး၊ မလေးက ကိုယ့်အစ်မဆိုပေမယ့် ပူတူးကိုအနိုင်ကျင့်ကျင့်နေလို့ ကိုယ် မလေးအကြောင်းမကြားချင်ဘူး''
ခက်ဘက်ကနေ မခံမရပ်နိုင်ဖြစ်နေသည့် ကိုကို့ကိုကြည့်ကာ ခက် ရင်ထဲပီတိလေးဖြစ်သွားသည်။ နောက်ပြီး ခက်ကြောင့်နဲ့ အဆင်မပြေဖြစ်နေကြသည့် ကိုကို့တို့နှစ်ယောက်ကို အဆင်ပြေသွားစေချင်တာမို့...
"ဒါဆို ကိုကိုက မလေးကို တစ်သက်လုံးမခေါ်တော့ဘူးလား''
"ကိုယ်ကမခေါ်လဲ မလေးက လာနေတာပဲမဟုတ်ဘူးလား၊ ဟိုနေ့ကပဲကြည့်၊ ကိုယ်ဒီလောက် မချေမငံဆက်ဆံနေတာကို အိမ်အထိလာပြီး နှင်းစက်အကြောင်းပြောသွားသေးတယ်''
"ဒါပေမယ့် ကိုကိုက မခေါ်ချင်သလိုလိုကြီး လုပ်လိုက်တယ်မလား?''
"ဒီလိုလုပ်အောင် သူပဲ အရင်စတာလေ၊ ကိုယ်မသိအောင် ပူတူးကို အိမ်ခေါ်ပြီး ဘာလို့အနိုင်ကျင့်လွှတ်လိုက်လဲ''
"မလေးက တမင်အနိုင်ကျင့်တာမဟုတ်ပါဘူးဆို''
"တော်ပြီကွာ မပြောနဲ့တော့၊ အဲ့ဒီ့နေ့က ပူတူးဗိုက်နာပြီး ခွေခေါက်နေတဲ့ပုံကို အခုပြန်တွေးရင် အခု ဒေါသထွက်တယ်၊ တော်ပြီ မလေးအကြောင်းထပ်မပြောနဲ့''
"ကိုကိုကလဲကွာ''
မျက်နှာကြီးစူပုတ်သွားသည့် ကိုကို့ကို စိတ်ပြေသွားစေရန် ခပ်ချွဲချွဲလေးခေါ်လိုက်သော်လည်း ကိုကိုက ဂရုမစိုက်စွာပင် ခက်ကို ရင်ခွင်ထဲထည့်ထားရင်းမှ စားပွဲပေါ်က စာရွက်စာတမ်းတွေကို ကောက်ယူကြည့်နေ၏။
"ကိုကို့ ခက်ကို စိတ်ဆိုးသွားတာလားဟင်''
"မဆိုးဘူး''
"ဒါဆို ဘာလို့ ခက်ကို မကျေနပ်သလိုကြီးလုပ်နေတာလဲ''
"အရင်ကတည်းက ကိုယ့်ပုံစံက ဒီလိုပဲ''
ခက်ကို တစ်ချက်မှမကြည့်ဘဲပြောနေတာမို့ ခက် နည်းနည်းတော့ရှိန်သွားသည်။
"ကိုကို့ အလုပ်ကအရေးကြီးနေတယ်ထင်တယ်''
"အင်း''
"ဒါဆို ခက် ဖယ်ပေးမယ်လေ နော်''
ခက့်စကားကို မကြားတာလား၊ မကြားချင်ယောင်ဆောင်တာလား မသိသည့်ကိုကိုက ခက်ကို ဖက်ထားသည့်လက်တွေကို လွှတ်မပေးတာမို့..
"ကိုကို့ ခက်အပေါ်ထပ်သွားမလို့''
"မသွားနဲ့ ဒီအတိုင်းထိုင်နေ''
"ဒါပေမယ့် ကိုကိုက အလုပ်လုပ်နေတာမဟုတ်လား၊ ခက်က ရှုပ်နေမှာပေါ့၊ ဖယ်နော် ခက် သွားအိပ်တော့မလို့''
"မင်းမအိပ်ချင်သေးဘူးဆိုတာ ကိုယ်သိတယ်၊ ဒီအတိုင်းပဲနေ''
"ဟင့်အင်း မနေချင်ဘူး''
"ဘာလို့မနေချင်တာလဲ''
ဂုဏ် မေးလိုက်တာကို အနည်းငယ်စူပုတ်ပုတ်လေးဖြစ်ချင်နေသည့် မျက်နှာထားလေးဖြင့်ပူတူးက...
"ကိုကိုက မျက်နှာကြီးတင်းထားတာကို''
"အဲ့လိုဖြစ်အောင် ဘယ်သူလုပ်တာလဲ၊ မင်းပဲ လုပ်တာမဟုတ်ဘူးလား၊ ကိုယ်မကြိုက်တဲ့စကားတွေကို မင်းပဲလာပြောပြီးတော့ အခု ကို်ယ့်မျက်နှာတင်းခါမှ ကိုယ့်ကို အပြစ်လာပြောနေတာလား''
"ခက်က ကိုကိုနဲ့မလေးကိုအဆင်ပြေစေချင်လို့ ပြောပေးတာပါ''
"အခု မင်းနဲ့ကိုယ် အဆင်မပြေတော့ဘူး မဟုတ်လား၊ အဲ့ဒါ သင်ခန်းစာပဲ ပူတူး၊ တခြားမဆိုင်တဲ့သူတွေအတွက်နဲ့ ကိုယ်တို့စကားများကြရတာ ဘယ်လောက် စိတ်ပျက်ဖို့ကောင်းလဲ''
ဂုဏ် သူမကို စေ့စေ့ကြည့်ပြီးဆူလိုက်တော့ ချက်ချင်းမျက်နှာလေး ညှိုးကျသွားသည်။ ဒါ့အပြင် မျက်နှာငယ်လေးနဲ့ သူ့ကိုအတန်ကြာအောင် ကြည့်ပြီးမှ ခေါင်းငုံ့ချပစ်လိုက်တော့ မနေနိုင် မထိုင်နိုင်ဖြစ်သွားသူက ဂုဏ်ရယ်။
"ဟေ့.. အဲ့ဒါ ဘာဖြစ်သွားတာလဲ''
"ဟင့်အင်း''
"ကိုယ်က ကိုယ့်ကလေးကို မဆူချင်ပါဘူး၊ ဒါပေမယ့်..
"ခက် နားလည်ပါတယ်''
"ဘာကို နားလည်တာလဲ၊ ဒီမှာ ကိုယ့်ကိုကြည့်စမ်း''
ဂုဏ် လက်ထဲက စာရွက်တွေကို စားပွဲပေါ်ပစ်တင်လိုက်ပြီး သူ့ရဲ့ပူတူးကို မေးဖျားလေးမှ ပင့်မော့စေလိုက်သည်။
"ကိုယ့်တို့ကို အလိုမကျတဲ့လူတွေအကြောင်း မပြောပါနဲ့တော့၊ မင်းရှိရင်ပြည့်စုံနေတဲ့ ကိုယ့်အတွက်က ဘယ်သူ့ကိုမှမလိုအပ်ဘူး၊ အဲ့ဒီ့ထဲမှာ ကိုယ်တို့ကိုမလိုလားတဲ့ ကိုယ့်မိသားစုလဲပါတယ်၊ ကိုယ်တောင် လျစ်လျူရှုထားတဲ့ ကိုယ့်မိသားစုအတွက်နဲ့ ပူတူးက ဘာလို့စကားတွေအများကြီးပြောနေရတာလဲ၊ မပြောနဲ့ ကိုယ်မကြိုက်ဘူး၊ ကိုယ့်အတွက်ရယ်လို့တွေးပြီး ကိုယ့်မိသားစုနဲ့အဆင်ပြေအောင်နေဖို့လဲ အပင်ပန်းခံကြိုးစားစရာမလိုဘူး၊ ကိုယ်ပြောပြီးပြီ ကိုယ့်အတွက်က မင်းရှိရင်ရပြီ၊ မင်းအတွက်လဲ ကိုယ်ရှိရုံနဲ့ အားလုံးပြည့်စုံနေစေရမယ်၊ တခြားဘယ်သူ့ဆီကမှ မေတ္တာတွေ စေတနာတွေ မတောင့်တရဘူး''
တည်တင်းနေသော မျက်နှာထားကြီးဖြင့်သာ စကားတွေအများကြီးပြောသွားတာမို့ ခက် မျက်နှာလေးငယ်ကျသွားပြီး ကိုကို့ကို မော့မော့လေးကြည့်ကာ...
"ခက်ကြောင့် ကိုကိုစိတ်ရှုပ်သွားတာလားဟင်''
"အွန်း...
"ဒါဆို ခက်က အရမ်းဆိုးတာပဲနော်''
"ဘယ်သူကပြောလဲ ကိုယ့်ပူတူးလေးလောက် လိမ္မာတဲ့ကလေး ရှာလို့တောင်တွေ့မှာမဟုတ်ဘူး''
ဂုဏ် သူမရဲ့ပါးပြင်မို့မို့လေးကို မွှေးကြူရင်းပြောလိုက်တော့မှ သွားလေးတွေပေါ်အောင်ရယ်ရင်းသဘောကျသွားကာ...
"အဟက်.. ဟုတ်တယ်နော် ကိုကို''
"ဟုတ်ပါ့ ဟုတ်ပါ့''
"ကိုကို ခက်ကို အရမ်းချစ်တာပဲလား''
"နှိုင်းပြစရာ ပမာဏမရှိလောက်တဲ့အထိချစ်တာ''
"ခက်က ကိုကို့ကို အနိုင်ယူရင်ရော ချစ်ဦးမှာလားဟင်''
"ဟော့ဒီ့လောကကြီးထဲမှာ ကိုယ်ထာဝရအရှုံးပေးထားတဲ့ လူတစ်ယောက်ရှိတယ်၊ အဲ့ဒါ ဒီအဆိုးလေးလေ''
"အဟွန်း ဟွန်း... ခက် ကိုကို့ကို ချစ်တယ်''
"ကိုယ်က အများကြီးပိုချစ်တယ်''
ဂုဏ် သူ့ရင်ခွင်ထဲ အတင်းတိုးကပ်ကာ ချွဲနေသည့် အဆိုးလေးကို ချစ်မဝစွာဖြင့် နဖူးလေးကို တစ်ချက်ဖိကပ်နမ်းလိုက်၏။ ထို့နောက် ဖြန့်ချထားသည့်ဆံနွယ်တွေဆီကို မျက်နှာအပ်ကာ နမ်းရှိုက်ပစ်လိုက်ပြီး ထိုမှတစ်ဆင့် ကျော့ရှင်းလှပလွန်းသည့် လည်တိုင်လေးဆီအရောက်မှာတော့ သူပေါ်ထိုင်နေသည့်ပူတူးက ဆတ်ခနဲထရပ်လိုက်ပြီး...
"ကိုကိုက ရွှေဝါလေးကျနေတာပဲ၊ ပွတ်သီးပွတ်သပ်နဲ့''
"မင်းလေးက ရွှေဝါလေးလို ပွတ်သီးပွတ်သပ်လုပ်ပြီး ကိုယ့်ကိုအရင်ချွဲနေတာမဟုတ်ဘူးလား''
"ခက်က ချစ်လို့ကို''
"ဘာထူးလဲ ကိုယ်လဲချစ်လို့ပဲပေါ့''
"ကိုကိုချစ်တာကြီးက အသည်းယားစရာကြီး၊ တော်ပြီ တော်ပြီ ကိုကို့ဘာသာအလုပ်ဆက်လုပ်တော့၊ ခက်လဲ အိပ်တော့မယ်''ဆိုပြီး ခက် ထိုနေရာမှ ခပ်သွက်သွက်ထွက်လာခဲ့သည်။
"နောက်ဆို ကိုကို့ကို အရမ်းချွဲလို့အဆင်မပြေဘူး၊ ဟုတ်တယ် ဆင်ဆင်ခြင်ခြင်နေ ဆင်ဆင်ခြင်ခြင်နေ ဟင်း...''
ခက် တစ်ယောက်တည်းရေရွတ်ကာ အပေါ်ထပ်ကို ပြေးတက်သွားလိုက်တော့သည်။
"အဟွန်း.. ချွဲချင်တိုင်းချွဲပြီး ကိုယ့်ကိုအသည်းယားအောင်လုပ်သွားတဲ့ ကလေးစုတ်''
သူ့ရှေ့ကနေ မပြေးရုံတမယ်ထွက်သွားသည့် ပူတူးကိုကြည့်ကာ ဂုဏ် အချစ်ပိုရပြန်ပါသည်။ ဒီလိုသာဆက်ပြီး ချွဲနေရင်တော့လား ဟင်း.... မျိုးရိုးဂုဏ်တော့ သမာဓိခိုင်အောင် ဘုရားစင်ရှေ့ပြေးပြီး တရားပဲထိုင်နေရတော့မယ် ထင်ပါရဲ့။
>>>>>>>>>><<<<<<<<<<
အားပေးတဲ့ အသဲတွေအားလုံးကို ကျေးဇူးတင်ပါတယ်😘😘
အမှားပါသွားရင် ချစ်တဲ့စိတ်နဲ့ ဝေဖန်ပေးပါ☺☺
အပိုင်း (၃၈)မျှော်
စာရေးသူ-Merida(Tulip)