book

Index 36

အပိုင်း (၃၆)

  • Author : Merida
  • Genres : Romance, Comedy, Drama

🎗🎗 နှောင်ကြိုး 🎗🎗


~~~~~~~~~~


​ဂုဏ့်ကို လာကြိုတဲ့ကားလေး အိမ်ရှေ့မှာထိုးရပ်သွားသည်နှင့်တပြိုင်နက် ဂုဏ် ကားပေါ်မှ အလျင်အမြန်ဆင်းလိုက်၏။


"ပူတူး ပူတူးရေ... ပူတူး..


သူ့ကို လာကြိုမယ်ပြောထားပြီး ဦးမောင်တစ်ယောက်တည်းသာ လေယာဥ်ကွင်းကို ရောက်လာတာမို့ ဂုဏ် အလိုမကျဖြစ်လာကာ ပူတူးကို အော်ခေါ်လိုက်၏။ 


"သားတောင် ပြန်ရောက်ပြီ''

"ဟုတ်တယ် ဒေါ်ထွေး၊ ပူတူးရော?''


"သမီးက အခန်းထဲမှာ အိပ်ပျော်နေတယ်''

"ဟင် ဒီအချိန်ကြီးကို''


အချိန်က ညနေ၄နာရီဆိုတော့ ဂုဏ် စိုးရိမ်သွားကာ...


"ပူတူး နေမကောင်းဘူးလား ေဒါ်ထွေး''

"ေကာင်းပါတယ်''


"ဒါဆို ဘာလို့ ဒီအချိန်ကြီးကို အိပ်နေတာလဲ၊ ဒေါ်ထွေးတို့ကလဲ ကလေးကို ဂရုမစိုက်ဘူးဗျာ''


မျက်နှာစူပုတ်ပုတ်နဲ့ သူမတို့ကို အပြစ်တင်ကာ အပေါ်ထပ်တက်ဖို့ပြင်နေတဲ့ ဂုဏ့်ကြောင့် ဒေါ်ထွေး နောက်မှ ခပ်သွက်သွက်လိုက်သွားလိုက်ပြီး...


"သမီး ငိုထားတယ် သား''

"ဗျာ...


"ဟုတ်တယ် သမီးငိုထားတယ်၊ မနက်က သူ့အစ်ကိုနဲ့ စကားများပြီး ရန်ဖြစ်ထားတာ၊ အဲ့ဒီ့ကတည်းက ပြောလိုက် ငိုလိုက်နဲ့ ခုနလေးကမှ ပင်ပန်းပြီး အိပ်ပျော်သွားတာ၊ တစ်နေကုန်လုံးလဲ ဘာမှကျွေးလို့မရဘူး''

"ဟာဗျာ... ဘာအတွက်နဲ့ ကလေးက ဝသန်နဲ့ရန်ဖြစ်ရတာလဲ''


ဘာအတွက်ကြောင့်ရယ်လို့တော့ သူမလဲ ရေရေရာရာမသိ။ သူမ သိသလောက် ကြားသလောက်ကို တစ်ခုမကျန်ပြန်ပြောပြလိုက်တော့ ဂုဏ့်ဆီမှ သက်ပြင်းချသံကြားလိုက်ရ၏။ အဲ့ဒီ့နောက်မှာတော့ အပေါ်ထပ်ကို ချာခနဲနေအောင်တက်သွားသည့် သားဂုဏ်ကြောင့် သူမ အနည်းငယ်စိတ်သက်သာရာရသွားသည်။


သမီးရဲ့မျက်ရည်တွေကို သားဂုဏ်က တားနိုင်မယ်ဆိုတာ သူမ သိသည်လေ။


အခန်းထဲဝင်လိုက်တာနဲ့ သူ့ရဲ့အကြည့်တို့က အိပ်ယာပေါ်မှာ အိပ်ပျော်နေရှာသည့် သူ့ရဲ့ပူတူးလေးဆီမှာ။ အဖြူအခံပေါ်မှာ အညိုရောင် လိပ်ပြာပုံလေးတွေပါသည့် ဂါဝန်လေးဝတ်ထားသည့် သူမက တစောင်းလေးအိပ်ပျော်နေပြီး ဖြန့်ချထားသည့်သူမရဲ့ဆံနွယ်တွေက ခေါင်းအုံးပေါ်မှာသာမက မွေ့ယာအခင်းတွေပေါ်အထိပြန့်ကျဲလျက်။


ဂုဏ် အိပ်ပျော်နေသည့် သူမရဲ့ဘေးတွင် တင်ပါးလွှဲလေးဝင်ထိုင်လိုက်ပြီး ငိုထားလို့မို့မောက်နေသည့် မျက်ဝန်းမို့မို့လေးကို ငုံ့နမ်းလိုက်သည်။ ပြီးမှ နဖူးပေါ်ကျနေသည့်ဆံနွယ်လေးကို အသာလေးသပ်တင်ပေးလိုက်ပြီး နဖူးလေးကို ဖိကပ်နမ်းပစ်လိုက်သည်။


"အဟင့်...


အိပ်နေရင်းကပင် ရှိုက်နေဆဲဖြစ်နေသည့် ပူတူးကြောင့် ဂုဏ် သက်ပြင်းလေးချလိုက်မိပြန်သည်။ ဝသန်ဆိုတဲ့ကောင်တော့ နေနှင့်ဦး။ ငါ့ကလေးကို ဒီလောက်ဝမ်းနည်းအောင် ပြောဆိုသွားတဲ့ကောင်ကို ကျောင်းမှန်းကန်မှန်းသိအောင် ဆုံးမပစ်ရဦးမယ်။


"အဟင့်... အဟင့်...


မဖြစ်တော့ဘူး။ ဒီလောက်ငိုရှိုက်နေသည့် ပူတူးလေးကို သူမကြည့်ရက်တာကြောင့် သူမလေးနိုးသွားစေဖို့ရည်ရွယ်ကာ နှုတ်ခမ်းဖူးဖူးလေးကို အတင်းဖိကပ်နမ်းပစ်လိုက်တော့...


"အွန်း.. အဟွတ်.. အဟွတ်..

"နိုးပြီလား ကိုယ့်အချစ်''


"ဟင်.. ကိုကို အဟွတ်..


အချိန်အတော်ကြာအောင် နမ်းရင်းနှိုးလိုက်တာမို့ အသက်ရှူကြပ်သွားပုံရသည့် ပူတူးက ချောင်းတွေပါဆိုးနေသည်။


"ကိုယ့်ကို လာမကြိုဘဲ အိပ်နေတဲ့ပူတူးကို တမင်နှိုးလိုက်တာ''

"ကိုကို.. အဟင့် ဟင့်.. ဟီး..


သူ့ကိုမြင်တာနဲ့ လှဲနေရာမှထကာ သူ့ပေါင်ပေါ်တက်၍ ရင်ခွင်ထဲအတင်းဝင်ခိုပြီး ငိုသွားသည့် ကလေးလေး။


"မငိုရဘူးလေကွာ၊ ဒီမှာ ကိုကိုပြန်ရောက်နေပြီပဲဟာ၊ ပူတူးကို ဆူတဲ့အဲ့ဒီ့ဝသန်ဆိုတဲ့ကောင်ကို ကိုယ်တုတ်ကြီးကြီးနဲ့ ရိုက်ပစ်မှာ၊ မငိုနဲ့ မငိုနဲ့ တိတ်''

"ကိုကို့''

"ဗျ''


"ခက်က အရမ်းဆိုးလားဟင်''

"မဆိုးပါဘူး''


"ခက်ကြောင့် သူများတွေစိတ်ဆင်းရဲရတယ်မဟုတ်လား''

"ပေါက်ပေါက်ရှာရှာကွာ၊ ကိုယ်ဆိုရင် မင်းကြောင့်နဲ့ပဲ ပျော်နေရတာ၊ မင်းကိုကြည့်ပြီး အသက်ဆက်နေရတာကို''


ခက်ရဲ့ပါးလေးကို ငုံ့နမ်းရင်းပြောပြီးပြောလိုက်တဲ့ကိုကို့ကို ခက် ငိုမဲ့မဲ့လေးဖြင့်သာ ကြည့်လိုက်ပြီး...


"ခက် အခုချိန်သေသွားရင် လူတွေအများကြီး စိတ်ချမ်းသာမှာလားဟင်''

"ဟာ.. ေဟ့ ဘာတွေလျှောက်ပြောနေတာလဲ၊ ဘာကိစ္စနဲ့ ဒီလိုစကားတွေပြောနေတာလဲ၊ ကိုယ်မကြိုက်ဘူး ပူတူး မပြောနဲ့''


"ခက်ကို ဘယ်သူမှမချစ်ဘူး အဟင့် ခက်က ဘာလုပ်နေလို့ ခက်ကို မုန်းနေကြတာလဲဟင်''

"ပူတူးရာ..


ဝသန့်ရဲ့စကားတွေက သူမလေးကို အတော်နာကျင်သွားပုံရ၏။ ရူးရူးမိုက်မိုက်နဲ့ ပြောချင်ရာတွေပြောနေသည့် ပူတူးကို သူ မဆူရက်သလို ဘယ်လိုနှစ်သိမ့်ရမလဲဆိုတာ မသိတော့။


"ကိုကိုနဲ့ခက် လမ်းခွဲလိုက်ရင် မမကြီးက ခက်ကို ချစ်မှာလားဟင်၊ ပြီးတော့ ကိုကြီး ကိုကြီးကရော ခက်ကို အရင်လို ပြန်ပြီးဂရုစိုက်ပေးမှာလား၊ ကိုကို့ ခက် မေးနေတာကိုဖြေပါဦး''


"မင်းက သူများတွေအတွက်နဲ့ ကိုယ့်ကိုလမ်းခွဲဖို့တွေးတယ်ပေါ့''

"ခက် အရမ်းပင်ပန်းတယ် ကိုကို၊ ခက်အတွက်နဲ့ သူများတွေစိတ်ဆင်းရဲရတယ်လို့ တွေးကြည့်လိုက်ရင် ခက် အသက်မရှင်ချင်တော့ဘူး အဟင့် ဟင့် ဟီး...


"ပူတူးလေးရာ၊ ဘာလို့ဒီလောက်တောင် အတွေးလွန်နေရတာလဲ၊ ဒီမှာ ကိုကို့ကိုကြည့်စမ်း''


ကြည့်စမ်းဆိုတော့လဲ ရင်ခွင်ထဲကနေမော့ကြည့်လာသည့် မျက်နှာလေးက မျက်ရည်စတွေဖြင့်သာ။


"ဒီအချိန်မှာ ကိုယ်အသက်ရှင်နေရတဲ့ အကြောင်းပြချက်က ပူတူးပဲ၊ ကိုယ့်ရဲ့ အပြုံးတွေကလဲ ပူတူးကြောင့်ဖြစ်တည်လာတာ၊ တကယ်လို့ ပူတူးသာ ဟော့ဒီ့လောကကြီးထဲမရှိတော့ရင် မင်းနဲ့အတူ ကိုယ်ရဲ့အပြုံးတွေ ကိုယ့်ရဲ့ပျော်ရွှင်မှုတွေ တစ်ပါတည်း ပါသွားမှာ၊ ကိုယ့်ကို ပျော်ရွှင်စရာတွေမရှိဘဲ နေစေချင်တာလား''

"ဟင့်အင်း''


"ဒါဆို နောက်တစ်ခါ ဒီလိုအဓိပ္ပါယ်မရှိတဲ့စကားတွေ မပြောရဘူး''

"ဒါ​ပေမယ့် ခက်ကို အားလုံးက မုန်းနေကြတာ မမကြီးရော ကိုကြီးရော သခင်မကြီးရော နောက်ပြီး ကိုကို့အစ်မကရော အဟင့် ခက်ကို ချစ်တဲ့သူ ဘယ်သူမှမရှိဘူး အဟင့် ဟင့်''


"ကိုယ့်ကို ဘယ်နားမှာ မေ့ထားခဲ့လို့ ဘယ်သူကမှမချစ်ဘူးလို့ ပြောနေရတာလဲ ပူတူးရ၊ နောက်ပြီး ကိုယ့်အပြင် ပူတူးကိုချစ်တဲ့သူတွေမှ အများကြီး၊ ပူတူးရဲ့မေမေက ပူတူးကို ဘယ်လောက်တောင်ချစ်လိုက်သလဲ၊ နောက်ပြီး ပူတူးရဲ့ဖေဖေ၊ ပြီးတော့ ဝသန်''


"ဟင့်အင်း... ကိုကြီးက ခက်ကို မချစ်တော့ဘူး အင့်၊ မဟုတ်ဘူး အရင်ကတည်းက ခက်ကို မချစ်တာ''


"ချစ်ပါတယ်၊ အခုက သူအရမ်းစိတ်ဆိုးသွားလို့ စိတ်ထဲမပါဘဲ ပြောမိပြောရာတွေ ပြောသွားတာ''


နှစ်သိမ့်ပြီး ပြောလိုက်ပေမယ့် ပူတူးက နှုတ်ခမ်းလေးတွေမဲ့ကျသွားသည်အထိ ဝမ်းနည်းသွားဟန်ဖြင့်...


"ကိုကြီးကပါ ခက်ကို မုန်းနေတာ အဟင့် ဟင့်''

"မငိုပါနဲ့၊ ဘာငိုစရာရှိလဲ ဟင်၊ သူတို့ကမုန်းတော့ ဘာဖြစ်လဲ၊ နောက်ပြီး သူတို့မချစ်တော့ရော ဘာအရေးလဲ၊ ပူတူးကို အားလုံးထက်ပိုပြီးချစ်ပေးနိုင်တဲ့ ကိုယ်တစ်ယောက်လုံးရှိနေတာကို ဘာကိစ္စသူတို့ဆီက အချစ်တွေကိုတောင့်တနေရတာလဲ''


"ကိုကိုက ကိုကို၊ သူတို့က သူတို့လေ အဟင့် ဘာဆိုင်လို့လဲ၊ ကိုကိုဆိုရင်ရော ကိုကို့ကို လူတွေအများကြီးက မုန်းနေရင် အဟင့် မငိုချင်ဘူးလား?''


"မငိုချင်ပါဘူး၊ ဘယ်သူတွေဘယ်လောက်မုန်းမုန်း မင်းက ကိုယ့်ကိုချစ်နေရင် ကိုယ့်အတွက်လုံလောက်တယ်''

"အဲ့ဒါ ကိုကို မခံစားဖူးလို့ပါ''


ပါးပြင်လေးတစ်လျှောက် တွဲလဲခိုနေသည့်မျက်ရည်စတို့ကို ဂုဏ် လက်မလေးဖြင့်ဖိပွတ်ပစ်လိုက်ရင်း...


"မင်းအတွက်နဲ့ ကိုယ်က အားလုံးကိုကျောခိုင်းထားတဲ့ကောင်ပါ ပူတူးရာ၊ ကိုယ့်ကို ဘယ်သူတွေချစ်လဲ ဘယ်သူတွေမုန်းလဲဆိုတာမျိုး မတွေးနိုင်လောက်အောင် ကိုယ့်ရဲ့စိတ်တွေ ကိုယ့်ရဲ့အချိန်တွေအားလုံးကို မင်းအတွက်ပဲ အသုံးချခဲ့တာ၊ ကိုယ့်အတွက်က မင်းရှိရင် အားလုံးပြည့်စုံတယ်၊ သူများတွေအတွက် နိဗ္ဗာန်ဆိုတာ ဘယ်လိုအရာလဲကိုယ်မသိဘူး၊ ကိုယ့်အတွက်ကတော့ မင်းပြုံးတာမြင်နေရရင် အဲ့ဒါကိုယ့်အတွက်နိဗ္ဗာန်၊ အခုလို မင်းငိုနေတာရင် ဗေဒင်မေးစရာမလိုဘူး အဲ့ဒါ ကိုယ့်အတွက်ငရဲပဲ''


ကိုကို့ရဲ့စကားတွေကြောင့် ခက်ရင်ထဲ နွေးထွေးမှုလေးဝင်ရောက်လာသည်။ လွန်ခဲ့တဲ့ နာရီအပိုင်းအခြားတွေတုန်းက ခက် အသက်ဆက်ရှင်ဖို့ကို ကြောက်ရွံ့နေခဲ့တာပါ။ ခက်ကြောင့် စိတ်ချမ်းသာရတဲ့လူထက် ခက်ကြောင့်စိတ်ဆင်းရဲရတဲ့လူတွေက ပိုများနေတာမို့ သေပစ်ဖို့ပင်တွေးမိသေး၏။ 


"ကိုကို''

"ပြောလေ ပူတူး''


"ခက်သေသွားရင် ငိုမှာလားဟင်''

"အခုလိုမေးတာနဲ့ကို ကိုယ်ကသေချင်နေပြီ၊ ဘယ်လိုလဲ ပူတူးရာ ကိုယ်မကြိုက်ပါဘူးလို့ပြောနေတဲ့ကြားက ဘာလို့ ဒီစကားပဲထပ်ထပ်ပြောနေတာလဲ''


သူဆူသလိုပြောလိုက်တာနဲ့ တန်းပြီးမျက်ရည်တွေကျလာသည့် ပူတူးကြောင့် ပင့်သက်ရှိုက်ရပြန်သည်။ ဘယ်လိုမှအငိုမတိတ်နိုင်သေးသည့် သူ့ရဲ့ခလေးလေးကို တင်းကြပ်နေအောင်ဖက်ထားလိုက်ပြီး သူမရဲ့ဆံနွယ်လေးတွေကို နမ်းရှိုက်လိုက်ရင်းမှ...


"ဒီနေ့ ဒီအချိန်ကစပြီး ကိုယ့်တစ်ယောက်တည်းအတွက် အသက်ရှင်ပေးမလား ပူတူး''


သူမေးလိုက်ပေမယ့် အင်းမလုပ် အဲမလုပ်နဲ့ ငြိမ်နေတာမို့ ဂုဏ် နောက်တစ်ကြိမ်သက်ပြင်းချလိုက်သည်။


"အချစ်ဆိုတဲ့အရာကို ကိုယ့်ဆီကပဲ မျှော်လင့်ပေးလို့မရဘူးလား ပူတူး၊ ဒါဆိုရင် မင်းစိတ်ချမ်းသာမှာသေချာတယ်၊ ကိုယ်က မင်းတောင်းစရာမလိုဘဲ အချစ်တွေပေးနေမှာမို့လို့လေ''

"ခက်ကို ကိုကိုချစ်မှန်းသိပါတယ်''


"ကိုယ့်အချစ်တွေနဲ့ မလုံလောက်လို့လား၊ ဒါဆို ကိုယ်အများကြီး တိုးချစ်ပေးမယ်''

"မဟုတ်ပါဘူး လုံလောက်ပါတယ်၊ ဒါပေမယ့်...


"တော်ပြီ ပူတူး၊ ဘာမှထပ်မပြောနဲ့တော့၊ ပူတူးကို ဘယ်သူတွေက ဘယ်လိုမုန်းမုန်း ကိုယ့်အတွက်ပူတူးက အချစ်ခံလူတန်းစားဆိုတာ သိပေးရင်ရပြီ၊ ကိုကိုရဲ့အချစ်ခံလေးကို ကိုကိုတစ်ယောက်တည်းချစ်မယ် ဘယ်သူမှမချစ်ရဘူး''

"အို... ကိုကို့


ခက်ကို ပွေ့ဖက်ထားလျက်ကနေ နောက်ကိုလှဲချလိုက်တာမို့ နှစ်ယောက်လုံးကုတင်ပေါ်ကို အထွေးလိုက်ကျသွားသည်။ 


"ပူတူးလဲ ကိုယ်ကလွဲရင် ဘယ်သူ့မှမချစ်ရဘူးနော်၊ အခု ဟိုလူတွေက ပူတူးကိုမချစ်ဘူးလို့ထင်ရင် ပူတူးလဲသူတို့ကို မချစ်နဲ့၊ သူတို့အတွက်ပေးထားတဲ့ ပူတူးရဲ့အချစ်တွေကို ကိုယ့်ကိုပဲပေးပါ နော် နော်လို့''


အချစ်ဆိုတာကို အရာဝတ္ထုတစ်ခုလို ဟိုလူမပေးဘူး ဒီလူ့ပေးမယ် ရော့ အင့်ဆိုပြိီး လက်ပြောင်းလက်လွှဲလုပ်လို့ရတဲ့အရာလို့များ ထင်နေလေရော့သလားမသိ။


ဘာပဲဖြစ်ဖြစ် ကိုကို့ရဲ့ကလေးဆန်ဆန်အပြောလေးတွေကြောင့် ခက် ပြုံးချင်ချင်ဖြစ်သွားတာတော့အမှန်။


"ပူတူး အိပ်သွားပြီလား''

"ဟင့်အင်း''


"အရမ်းငိုထားလို့ ပင်ပန်းနေမှန်းသိပေမယ့် ညနေစောင်းနေပြီ မအိပ်နဲ့တော့နော်ခလေး''

"ဟုတ်''


"အွန်း... ကိုယ့်ပူတူးလေးက လိမ္မာလိုက်တာ၊ အဲ့လို လိမ္မာနေလို့ကို ကိုယ်ကတအားချစ်နေရတာ''


ပြောရင်းမှ ဂုဏ် သူ့ရင်ခွင်ထဲက ကလေးဆိုးလေးကို ပြန်ငုံ့ကြည့်မိသည်။ အဟွန်း... ပူတူးလေးက ခုနကလို မျက်ရည်တွေနဲ့မဟုတ်တော့ဘဲ ပြုံးစစနဲ့ သူ့ကိုမော့ကြည့်နေ၏။


"ကိုယ့်ကိုလွမ်းနေရဲ့လား''

"မလွမ်းဘူးထင်လို့လား?''


"အမှန်တိုင်းပြောရရင် အဲ့လိုပဲထင်တယ်၊ ကိုယ်မရှိတဲ့အချိန်တွေမှာ ပူတူးက ဝသန့်ကိစ္စနဲ့လုံးပမ်းနေတာမဟုတ်ဘူးလား''


သူ စကားဆုံးတာနဲ့ ချက်ချင်းမျက်နှာလေးညှိုးကျသွားတာကိုမြင်မှ ဂုဏ် စကားမှားသွားမှန်းသိသည်။ ထို့ကြောင့် လှဲနေရာမှထထိုင်လိုက်ပြီး ဘေးက သူမလေးကိုဆွဲထူကာ မျက်နှာချင်းဆိုင်ဖြစ်သွားအောင် ပြင်ထိုင်လိုက်သည်။


"ဝသန့်ကိုစိတ်ဆိုးနေလား ပူတူး''

"ခက်က အမှားလုပ်မိလို့နေမှာပါ''


မဟုတ်သေးဘူး။ သူလိုချင်တာ ဒီလို မျက်နှာငယ်လေးနဲ့ ပြောလာမယ့်စကားတွေမဟုတ်ဘူး။


"ပူတူးလုပ်ခဲ့တဲ့အထဲမှာ ဘယ်ဟာကမှားနေလို့လဲ၊ ပူတူးသာ ကြားထဲက ဝင်မပါခဲ့ဘူးဆိုရင် ဝသန်အခုချိန်အလိမ်ခံနေရလောက်ပြီ၊ ပိုက်ဆံကအဓိကမကျပေမယ့် သူ့ကို ဟိုတစ်ဖက်က လူအတစ်ယောက်လို့ သတ်မှတ်သွားမှာ၊ ဝသန့်ရဲ့နောက်ကွယ်မှာ ဘယ်လောက်တောင် လှောင်နေလိုက်မလဲ၊ အခု ပူတူးက ဒီလိုတွေမဖြစ်အောင် လုပ်ပေးလိုက်တာလေ''


"ဒါပေမယ့် ကိုကြီးကပြောတော့..

"အဲ့ဒီ့ကောင်က ဦးနှောက်မရှိလို့ ကိုယ့်ပူတူးကို အပြစ်ပြောသွားတာ၊ ကိုယ် ပူတူးကို အစကတည်းက ပြောသားပဲ၊ ဒီကိစ္စထဲဝင်မပါနဲ့လို့၊ အခုကြည့် ဝသန်ဆိုတဲ့ကောင် ရှက်ရမ်းရမ်းပြီး ပူတူးကိုဆူသွားတယ်မဟုတ်လား''


"ရှက်ရမ်းရမ်းတယ်''


သံယောင်လိုက်ပြီး ခက် မေးလိုက်တော့ ကိုကိုက ဟုတ်တယ်ဆိုသည့်သဘောဖြင့် နှုတ်ခမ်းမဲ့ကာ ခေါင်းငြိမ့်ပြ၏။ 


"သူတုံးတာကို သူများပြောမှသိရလို့လေ''

"ဟုတ်လား၊ အဲ့ဒါကြောင့် ကိုကြီးက ခက်ကိုဆူတာလား''


"အင်းပေါ့၊ တခြားဘာအကြောင်းပြချက်ရှိလို့လဲ၊ ပူတူးပဲ စဥ်းစားကြည့်၊ ဒီကောင် အရင်က ပူတူးကိုဒီလိုဆူဖူးလို့လား?''


ဂုဏ်မေးတော့ ပူတူးက ခေါင်းလေးရမ်းပြသည်။

"ဘယ်ဆူမလဲ အရင်က ပူတူးက ကလေးလေးလိုပဲ သူ့စောင့်ရှောက်မှုအောက်မှာနေခဲ့တာကို၊ အခုကျတော့ မတူဘူးလေ၊ ပူတူးက သူ့ကိုပြန်ပြီးစောင့်ရှောက်လိုက်ရတဲ့သဘောမျိုးဖြစ်သွားတော့ ဒီကောင်ရှက်သွားတာ''

"ဪ....


"အဲ့ဒါ့ကြောင့် သူက ပူတူးကိုတမင်မခံချင်အောင်ပြောသွားတာ၊ ပူတူးမှာ ဘာအပြစ်မှမရှိဘူး၊ တကယ်အပြစ်ရှိတာက အဲ့ဒီ့ဝသန်ဆိုတဲ့ကောင်''


မတတ်နိုင်ဘူး။ ဒီကောင်မလေးရင်ထဲက ဝမ်းနည်းမှု သိမ်ငယ်မှုတွေ လျော့ပါးသွားဖို့ ဝသန့်ကိုပဲ အပြစ်ပုံချရတော့မှာပဲ။


သူ့စကားဆုံးတာနဲ့ ပူတူးရဲ့ ငိုမဲ့မဲ့မျက်နှာလေးကနေ နှုတ်ခမ်းလေးစူကာ စူပုတ်ပုတ်လေးဖြစ်သွားပုံအရဆိုရင် သူ့အကြံက အလုပ်ဖြစ်ပုံတော့ရသည်။


"ခက် ကိုကြီးကို စိတ်ဆိုးတယ်''

"ဆိုးသင့်တယ်၊ ကြည့်ဦး ကိုယ့်ခလေးလေးကို မျက်ရည်နဲ့မျက်ခွက်ဖြစ်အောင် လုပ်ခဲ့တာ''


"ဟုတ်တယ်၊ ခက် မှာ တစ်နေ့လုံး ငိုလိုက်ရတာ၊ ကိုကိုပြန်လာမယ်ဆိုတာကို သိရဲ့နဲ့တောင် လာမကြိုလိုက်ရဘူး၊ အဲ့ဒါ ကိုကြီးကြောင့် ခက် ကိုကြီးကို မခေါ်တော့ဘူး''

"မခေါ်နဲ့ ဒီလိုကောင်ကို ဘာကိစ္စနဲ့ ေခါ်ရမှာလဲ၊ မှတ်လောက်သားလောက်အောင် ပစ်ထားလိုက်''


မီးလောင်ရာ လေပင့်လုပ်လိုက်မိသေးသည်။ မတတ်နိုင်ဘူး ဒီအချိန်မှာ သူက အောက်ဆီဂျင်။


"ကိုကြီးကို ချစ်လဲမချစ်တော့ဘူး''

"ဟုတ်တယ် မချစ်နဲ့တော့၊ သူ့ကိုချစ်မယ့်အချစ်တွေ ကိုယ့်ကိုပဲ အကုန်ပေးလိုက်တော့ ပူတူး''


"ပေးမယ် ပေးမယ်၊ ခက်ကို တကယ်ချစ်တဲ့ကိုကို့ကိုပဲ ခက်ချစ်တော့မှာ၊ တခြား ဘယ်သူကိုမှမချစ်တော့ဘူး၊ ကိုကို့ကိုပဲချစ်မယ်နော် နော် ကိုကိုနော်''

"အဟွန်း.. ဟွန်း... ချစ်စရာလေးကွာ''


မျက်နှာချင်းဆိုင်ထိုင်နေရင်းမှ သူ့ရင်ခွင်ထဲဇွတ်တိုးဝင်လာပြီး သူ့ရင်ဘတ်ကြီးကို သူမလေးရဲ့ပါးလေးနဲ့ပွတ်သပ်ရင်း တီတီတာတာပြောနေသည့် ပူတူးကြောင့် သူ့မှာ မနောခွေ့နေရသည်။ 


ပြန်ရောက်ရောက်ချင်း အလွမ်းမသယ်ရဘဲ ကလေးချော့သလို ချော့နေသည့်အဖြစ်ကို မကြိုက်ပေမယ့် အခုလို သူ့ပူတူးလေး ပြုံးပြုံးရွှင်ရွှင်ဖြစ်သွားတာ မြ​င်ရတော့ ဖြေသာသေးသည်။ ဝသန်ကို စိတ်ဆိုးသွားအောင် ပြောပေးလိုက်တဲ့ စကားတွေကိုတော့ မသိချင်ယောင်ဆောင်နေလိုက်သည်။ ခွင့်လွှတ်တော့ ဝသန်ရေ။  အရေးကြီးတာက သူ့ပူတူးလေး စိတ်ချမ်းသာဖို့။


>>>>>>>>>><<<<<<<<<<


"Green House''ပန်းဆိုင်


ဝသန် ဆိုင်ရှေ့တွင်ရပ်ကာ ဆိုင်ထဲဝင်သင့် မဝင်သင့်စဥ်းစားနေရသည်။ ဒီနေ့ကိစ္စမှာ သစ်ခက်လေးနဲ့အတူ ဂူးဂူးပါ ပါလာတာမို့ အကြောင်းစုံကို ဂူးဂူးလဲသိမယ်လို့တွေးပြီး ဒီဆိုင်ကိုရောက်လာခြင်းဖြစ်၏။ 


သို့ပေမယ့်.. ဆိုင်ထဲထိ ဝင်မေးဖို့ကကျတော့ ကိုယ်အ,တာလူသိအောင်ပြောသလိုများဖြစ်နေမလားဆိုပြီး အတွေးလွန်နေရပြန်သည်။


"ဟင်... ကိုကို


ဆိုင်ထဲမှ ထွက်လာလာချင်း အဝင်ဝမှာရပ်နေသည့် ကိုကို့ကြောင့် ဂူးဂူးမျက်လုံးလေးပြူးသွားကာ..


"ကိုကိုက ဒီကို ဘာကိစ္စရှိလို့လဲဟင်''

"မင်းဆီပဲလာတာပါ၊ မေးချင်တာလေးရှိလို့''


"ဘာ.. ဘာမေးမလို့လဲ''


ဂူးဂူး ကိုယ့်အကြောင်းနဲ့ကိုယ်မို့ မလုံမလဲဖြစ်ကာ စကားတွေပင် ထစ်ချင်ချင်။ ဒါကို ရိပ်မိပုံမရသည့် ကိုကိုကတော့ ဂူးဂူးကို စူးစိုက်ကြည့်ကာ...


"အားတယ်မဟုတ်လား ဂူးဂူး''

"ဟုတ် အားပါတယ်''


"ဒါဆို ဒီနားလေးက ဆိုင်တစ်ခုခုမှာ သွားပြောကြရအောင်''

"ဟုတ်ကဲ့''


ကိုကိုခေါ်ရာနောက်ကို ဂူးဂူးရင်တထိတ်ထိတ်နဲ့ ပါသွားသည်။ တစ်လျှောက်လုံးလဲ ကိုကိုက ဘာကိုမေးချင်တာလဲဆိုသည့် မေးခွန်းများဖြင့် အတွေးနက်နေရပြန်သည်။


"ဂူးဂူး''

"ရှင်''


"ဘာသောက်မလဲ''

"ရတယ် ကိုကိုမှာချင်တာ မှာလိုက်''


"Black coffee နှစ်ခွက်ပေး''


မှာချင်တာ မှာလိုက်ဆိုပြီးမှ ကိုကိုမှာလိုက်သည့် black coffeeကို ဂူးဂူးလုံးဝမကြိုက်။ ခါးလွန်းတယ်မဟုတ်လား။ ဂူးဂူးက အချိုကြိုက်တဲ့သူမို့ အမြဲတမ်း ချိုမြနေတဲ့ Milk shake​တွေကိုပဲ သောက်ခဲ့ပေမယ့် ကိုကိုကတော့ အခါးကြိုက်တဲ့ပုံပါပဲ။ ဒီနေရာမှာတင် ဂူးနဲ့ကိုကိုက အကြိုက်ချင်းစကွဲတာပါလား။


"နေ့လည်က ဘယ်လိုဖြစ်တာလဲ ဂူးဂူး''

"ရှင်... ကိုကို ဘာကိုပြောချင်တာလဲ''


"ငါ့နောက်ကို မင်းတို့နှစ်ယောက် လိုက်ရှုပ်တဲ့ကိစ္စ''

"ရှုပ်တယ် ဘယ်သူက ရှုပ်တာလဲ''


"ဘယ်သူရှိမှာလဲ မင်းတို့ပေါ့''


ဝသန် မျက်မှောင်ကြုံပြီးပြောလိုက်တာကို ဂူးဂူးက မခန့်သည့်ပုံဖြင့် ဟွန့်ခနဲနေအောင်ပြုံးလိုက်သေးသည်။


"ဘာရယ်တာလဲ ဂူးဂူး''

"ကိုကို့ကို ဒီလောက်တုံးမယ်လို့ ထင်မထားလို့ပါ''


"ဘာကွ''

"ဟုတ်တယ်လေ၊ ကိုကိုက မိန်းမတစ်ယောက်လှည့်စားနေတာကို မရိပ်မိလောက်အောင်တုံးနေလို့ ရယ်တာ၊ ဒီအကြောင်းကို မိခက်က ကိုကို့ကိုပြောမပြလိုက်လို့ ဂူးကိုလာမေးတာလား ကိုကို''


"သူပြောတာ မယုံလို့''

"ဒါဆို ဂူးပြောတာတော့ ယုံမယ်ပေါ့''


ဒါတော့ သူမပြောတတ်။ သစ်ခက်လေးပြောတဲ့အကြောင်းအရာထက် ပိုပြီးခိုင်လုံနေရင်တော့ သူ ယုံမိမယ်ထင်ပါသည်။


"စန္ဒာ့မှာ တခြားတစ်ယောက်ရှိနေတယ်ဆိုတာ မင်းတို့ဘယ်လိုသိလဲ''

"မထင်မှတ်ဘဲ သိလိုက်တာ၊ မိခက်နဲ့ ဂူးဂူးအပြင် ကိုနေအရိပ်လဲသိတယ်''


"ဘယ်လို နေအရိပ်သိတယ်ဟုတ်လား''

"ဟုတ်တယ်၊ မိခက်က ကိုကို့ကို သူကိုယ်တိုင်ပဲပြောမယ်ဆိုလို့ ဂူးရော ကိုနေအရိပ်ရော ဘာမှမပြောဘဲနေနေတာ''


"မင်းတို့မှာ ဘာသက်သေရှိလို့လဲ''

"ဘာကိုလဲ''


"စန္ဒာ့မှာ ငါ့အပြင် တခြားတစ်ယောက်ရှိနေပါတယ်ဆိုတဲ့ သက်သေ''

"ဒီလောက် ခိုင်ခိုင်မာမာကြီး ပြောနေတာကို ကိုကိုက သက်သေလိုချင်သေးတာလား''


"လိုချင်တယ်၊ ငါ ဘယ်တော့မှ သူများစကားကို အလွယ်မယုံတတ်ဘူး၊ အထူးသဖြင့် စန္ဒာက ဒီလို မိန်းကလေးမဟုတ်ဘူးဆိုတာ ငါသိနေလို့''


ဒီလို မိန်းကလေး မဟုတ်ဘူးတဲ့။ ဒါဆို ကိုကိုက ဒီမိန်းမကို 'တော်လေးဝ'ဝင်တဲ့ မိန်းမကောင်း မိန်းမမြတ်လို့များ ထင်မှတ်ထားလေသလား။


ကိုကို့စကားကြောင့် ဂူး ထိုမိန်းမကို မနာလိုဖြစ်သွားတဲ့အပြင် ဒီမိန်းမကို အထင်ကြီးလွန်းတဲ့ကိုကို့ကို အမြင်ကပ်ကပ်နဲ့ ဖုန်းထဲမှပုံတွေကို ကိုကို့ရှေ့ထိုးပြလိုက်သည်။


"ကိုကို့ရဲ့စန္ဒာက ဘယ်လိုမိန်းကလေးလဲဆိုတာ ကိုကိုပဲ ဆုံးဖြတ်ကြည့်လိုက်''

"ဟင်..


ဝသန် တကယ်ပဲ အံ့အားသင့်သွားရသည့် ပုံတွေပါ။ ပုံတိုင်းမှာ စန္ဒာနဲ့ ယောက်ျားတစ်ယောက်က သာမန်သူငယ်ချင်းမိတ်ဆွေတွေလို့ ဖြည့်တွေးတွေးပေးလို့ မရလောက်အောင် ထိကပ်နီးစပ်လွန်းနေသည်။ 


"ဒီပုံတွေ မိခက်ဆီမှာလဲရှိတယ်၊ သူက ဘာလို့ ကိုကို့ကိုမပြလိုက်သလဲဆိုတာတော့ ဂူးမသိဘူး၊ သေချာတာ တစ်ခုကတော့ ကိုကိုဒီကိစ္စနဲ့ မိခက်ကို ဆူခဲ့တယ်ဆိုရင် ကိုကိုမှားတယ်၊ ဒီမိန်းမဘယ်လောက်အောက်တန်းကျတယ်ဆိုတာကို...


"တော်စမ်း ဂူးဂူး၊ ဒါ မင်းပြောစရာကိစ္စမဟုတ်ဘူး''


"ဒါဆိုလဲ ဘာလို့ ဂူးကိုလာမေးနေလဲ၊ ကိုကိုကလာမေးမှတော့ ဂူးကလဲပြောမှာပဲ၊ အဲ့ဒီ့နေ့က ဂူးတို့ ဒီမိန်းမရဲ့ဆိုင်ကိုသွားပြီး ဒီမိန်းမကို အကဲခတ်ကြည့်ကြတယ်၊ အဲ့ဒီ့အချိန်အထိ ဂူးတို့မျက်လုံးထဲမှာ အဲ့ဒီ့မိန်းမက မင်းသမီးပဲ၊ နောက် ဂူးတို့ထိုင်နေတဲ့ဆိုင်ကို ကိုကို့ရဲ့စန္ဒာဆိုတဲ့မိန်းမက ယောက်ျားတစ်ယောက်နဲ့ ခါးချင်းဖက်ပြီးဝင်လာတာ သိရဲ့လား၊ သူတို့အချင်းချင်းပြောနေတဲ့ စကားတွေထဲမှာ ကိုကို့နာမည်ပါလာလို့ ဂူးတို့က ဒီကိစ္စမှာဝင်ပါရတာ၊ ကိုကိုသာ တုံးလွန်းအ,လွန်းလို့ ဒီမိန်းမရဲ့ မင်းသမီးမျက်နှာဖုံးနောက်က ဘီလူးမမျက်နှာကို မမြင်နိုင်တာပေါ့''


ဂူး စကားကိုအရှည်ကြီးပြောလိုက်ပြီးမှ ကိုကို့ကိုပြန်ကြည့်လိုက်တော့ ကိုကိုက သူမကိုမျက်ခုံးတွေပင့်ကြည့်ကာ...


"မင်းတို့က ဘာကိစ္စသူ့ကို လိုက်အကဲခတ်တာလဲ''

"ဟင်...


"မေးနေတာ ဖြေလေ၊ ဘာကိစ္စနဲ့ သူ့ကို လိုက်ပြီး အာရုံစိုက်နေကြတာလဲ''

"ဒါ.. ဒါ​က​ေတာ့.. ကိုကိုက မိ.. မိခက်ရဲ့ အစ်ကိုဖြစ်နေတာကို၊ ဟုတ်တယ်လေ မိခက်က သူ့အစ်ကိုအတွက် စိတ်ပူလို့ လိုက်ပြီးအကဲခတ်ကြည့်တာ၊ ဟုတ်တယ် အဲ့လိုဟုတ်တယ်''


"ဒါဆို မင်းက ဘာကိစ္စနဲ့ ဝင်ပါရတာလဲ''


သူ့အမေးမှာ မျက်စိမျက်နှာပျက်သွားသည့် ဂူးဂူးကို နားမလည်သလိုဖြစ်သွား၏။ ဒီကောင်မလေးတွေ အတော်စပ်စုပါလား။


"ဟေ့.. မေးနေတာဖြေလေကွာ၊ ကလေးတွေက  ကလေးနေရာ ကလေးမနေဘဲ ဘာကိစ္စ လူကြီးတွေရဲ့ကိစ္စမှာ ဝင်ရှုပ်နေတာလဲ''

"ကလေး... ကလေးဟုတ်လား၊ ဘယ်သူက ကလေးလဲ''


"ဘယ်သူလို့ထင်လို့လဲ''

"ဟင့်အင်းနော်၊ ဂူး ကလေးမဟုတ်ဘူး၊ ဂူး အားလုံးကိုသိတယ် ကိုကိုမသိတဲ့အကြောင်းအရာတွေကိုတောင် ဂူးသိတယ်၊ ဘာလဲ ကိုကိုက ဂူးကို အခုချိန်ထိ ကလေးလို့ပဲမြင်နေတာလား ဟုတ်လား၊ အဲ့ဒါကြောင့် လူကြီးဆန်တဲ့ မမေစန္ဒာကို ချစ်သူတော်လိုက်တာပေါ့လေ''


သူမေးလိုက်သည့် စကားနောက်မှာ မေးခွန်းတွေ တစ်သီကြီးထုတ်ပြီး မေးလာသည့် ဂူးဂူးကို ဝသန် ထူးဆန်းသလိုကြည့်ကာ..


"ကလေးလို့ပြောတာမကြိုက်ရင် လူကြီးဆန်အောင်နေလေ၊ ဘာလို့ ကလေးအလုပ်တွေလုပ်နေလဲ''

"ဂူးက ဘာလုပ်လို့လဲ၊ ကိုကိုကြိုက်နေတဲ့ အဲ့ဒီ့မိန်းမကို လိုက်ပြီး အကဲခတ်တာ ဘာဖြစ်​ေနလို့လဲ''


"ငါပြောနေတာလဲ အဲ့ဒါပဲ၊ မင်းက ဘာကိစ္စနဲ့ စန္ဒာကို အကဲခတ်ချင်နေရတာလဲ''

"ဂူးထက် ဘာတွေသာနေလဲသိချင်လို့''


"ဘာကိစ္စနဲ့ သိချင်ရတာလဲ''

"အို... ကိုကိုက ဂူးကိုမကြိုက်ဘဲ အဲ့ဒီ့မိန်းမကို သွားကြိုက်လို့ပေါ့''


"ဘယ်လို..

"ဟင်...


မွေးရာပါဗီဇအရ ခပ်စွာစွာဖြစ်နေသည့် သူမရဲ့ပါးစပ်လေးက အခုလဲ ပက်ခနဲ ပက်ခနဲပြောမိသွားပြန်သည်။ ပြောပြီးမှ စကားလွန်သွားမှန်းသိသွားတာမို့ မျက်နှာတစ်ခုလုံးလဲ ပူရှိန်းသွားကာ...


"ဟို.. ဟို.. ကိုကို မေးချင်တာ မ.. မရှိတော့ရင် ဂူးပြန်တော့မယ်''

"ဟင်.. အင်း.. ပြန်လေ.. ပြန်ပေါ့''


ဝသန် ခွင့်ပြုလိုက်တာနဲ့ သူ့ရှေ့ကနေ လှစ်ခနဲပြေးထွက်သွားသည့် ဂူးဂူး။ မထင်မှတ်ထားတဲ့ အခြေအနေမှာ မထင်မှတ်ထားတဲ့ စကားကြားလိုက်ရတာမို့ ဝသန့်မှာ ကတုန်ကယင်ဖြစ်ကာ ရင်ခုန်သွားသလားပင် မသိလိုက်။ ပြီးမှ ခေါင်းကိုခါထုတ်ပစ်လိုက်ပြီး ကိုယ့်စိတ်ကို ပြန်ထိန်းကာ..


"ကလေးတွေ တကယ်မလွယ်ဘူး ဟူး...


>>>>>>>>>><<<<<<<<<<


"Pizzaပဲစားနော်''

"ဟင့်အင်း ဟင့်အင်း၊ ခက် pizzaမကြိုက်ပါဘူးဆို''


"ပူတူးမကြိုက်လဲ ကိုကိုကြိုက်တယ်လေ''

"တော်ပြီ ဒါဆို ခက် မလိုက်တော့ဘူး''


"ပူတူးကကွာ''


အပေါ်ထပ်ကနေ အတိုင်အဖောက်မညီစွာ ဆင်းလာသည့် နှစ်ယောက်ရဲ့အသံက ဒေါ်ပန်းမြတ်ဂုဏ် ဧည့်ခန်းထဲမှာ ထိုင်နေရင်းက ကြားနေရသည်။ 


"အမြဲတမ်း ကိုကိုကြိုက်တာပဲ ခက်စားနေရတာ''

"ပူတူး ကြိုက်တဲ့ဟာတွေက ပူတူးနဲ့မှမတည့်တာကိုကွ''


"မတည့်လို့ ခက်က ကိုကိုနဲ့အတူတူစားမယ်ပြောတာပေါ့၊ နှစ်ယောက်တစ်ပွဲဆိုရင် ခက်လဲ နည်းနည်းပဲစားဖြစ်တော့မှာ မဟုတ်ဘူးလား''

"အဲ့ဒီ့ မာလာဟင်းတွေ ကိုယ်မကြိုက်ဘူး''


"မာလာယံယံပါ''

"အေးကွာ၊ အဲ့ဒီ့ မင်းပြောတဲ့ဟာ ကိုယ်မကြိုက်ဘူး''


"ကိုကို့ကို အဲ့ဒါတွေမကြိုက်တာပဲ၊ ခက်ကိုဆို ဘယ်တော့မှ အလိုမလိုက်ချင်ဘူး၊ အမြဲတမ်း သူဖြစ်ချင်တာတွေပဲ ဦးစားပေးတယ်၊ ကြာလာတော့ ခက် ကိုကိုနဲ့အတူမနေချင်တော့ဘူး သိလား''


"ဒါဆို တီတီလေးနဲ့ လိုက်ခဲ့မလား?''

"ဟင်...


နှစ်ယောက်သားစကားများနေရာမှ ဧည့်ခန်းထဲက ထွက်လာသည့်အသံကြောင့် လှည့်ကြည့်လိုက်တော့ ခက်တို့ကို ပြုံးပြနေသည့် အမျိုးသမီးကြီးတစ်ဦး။


"တီတီ ရောက်နေတာလား?''

"အွန်း.. ခုလေးတင်ပဲ၊ ဒါ သားရဲ့ပူတူးလေးပေါ့ ဟုတ်လား''


ခက်တို့ဆီလျှောက်လာရင်း မေးလာသည့် ထိုမေးခွန်းကို ကိုကိုက ခေါင်းတစ်ချက်ငြိမ့်ပြပြီး ဖြေသည်။ ပြီးမှ ခက်ကို ခါးလေးမှဖက်ကာ...


"နှုတ်ဆက်လိုက် ပူတူး၊ ကိုယ့်ရဲ့တီတီလေး ဒေါ်ပန်းမြတ်ဂုဏ်''

"ရှင်... ကိုကို့ရဲ့တီတီလေး''


ခက် အံ့ဩသလိုမေးလိုက်တော့ ကိုကိုက ခေါင်းငြိမ့်ပြ၏။ 


အနက်ရောင်ဘောင်းဘီရှည်၊ အနက်ရောင်ကုတ်အင်္ကျီနဲ့ နက်ပြောင်နေသော ရှူးဖိနပ်ကိုစီးထားသည့် ကိုကို့ရဲ့တီတီလေးက တစ်ကိုယ်လုံးနက်စွေးနေသည်။ 


ဒါ့အပြင် ပုခုံးနဲ့ထိလုထိချင်ဖြစ်နေသည့် ဆံပင်ကေတိုတိုလေးကြောင်​့ နုငယ်နေသည့်ပုံပေါက်နေသေးသည်။ ခက် ထိုအမျိုးသမီးကြီးကို စေ့စပ်သေချာအောင်ကြည့်ပြီးမှ ပြုံးပြလိုက်ရင်း..


"တီတီက အရမ်းနုတာပဲနော်''

"အဟွန်း.. ဒါနှုတ်ဆက်တဲ့စကားပေါ့လေ''


ရယ်ရင်းမေးလိုက်သည့် တီတီ့ကြောင့် ခက် ထပ်ပြီးပြုံးလိုက်ကာ...


"နှုတ်ဆက်ဖို့ မေ့သွားလောက်အောင် တီတီက ဆွဲဆောင်မှု အားကောင်းသွားလို့ပါ''

"နွေသစ်ခက်ကတော့ တကယ့်အတတ်လေးပဲကွ၊ ဒါ့ကြောင့် မျိုးရိုးဂုဏ်တို့ စျာန်လျောရတာပေါ့ အဟွန်း... 


ဒေါ်ပန်းမြတ်ဂုဏ် ဒီလိုဆိုလိုက်တော့ ဂုဏ်က ခပ်မိန့်မိန့်လေးပြုံးသည်။ ဘေးက ချာတိတ်မလေးကတော့ ဂုဏ့်ကိုတစ်လှည့် သူမကိုတစ်လှည့်ကြည့်ပြီးမှ...


"တီတီက ခက်နာမည်ကို သိတယ်ပေါ့''

"မင်းက ကိုယ့်ဆီကနေ ကိုယ့်တူကို အပိုင်သိမ်းသွားတဲ့မိန်းကလေးလေ၊ ဒီလိုမိန်းကလေးနာမည်ကို မသိသင့်ဘူးလား''


ပန်းမြတ် အကဲစမ်းသလိုမေးလိုက်တော့ ထိုချာတိတ်မလေးက ဂုဏ်လေးကိုတစ်ချက်ပြန်ကြည့်ကာ...


"ဒါဆို ကိုကို့ကို အခု ခက်ဆီက ပြန်ယူချင်သလားဟင် တီတီ?''

"မင်းက ပြန်ပေးမလို့လား?''


"အခု တစ်ခါတည်းခေါ်သွားမလား''

"ဘယ်လို''

"ပူတူး''


စလိုက်တာက ဒီကောင်မလေး ဘယ်လိုဖြစ်သွားမလဲသိချင်လို့ဆိုပေမယ့် တကယ့် တကယ်တမ်းမျက်စိမျက်နှာပျက်သွားသူက ကိုယ့်တူတော်မောင်။


"သားဂုဏ် တီတီလေးနဲ့ ပြန်လိုက်ခဲ့လိုက်တော့''

"ပူတူး ကိုယ် တကယ်လိုက်သွားမှာနော်''


"လိုက်သွားပေါ့၊ ကိုကို လိုက်သွားရင် ခက်လဲ လွတ်လွတ်လပ်လပ်နေရတာပေါ့''

"ဘာကွ''


"ဟုတ်တယ်လေ၊ အခု ကိုကိုရှိနေတော့ ခက် စားချင်တာလဲမစားရဘူး၊ သွားချင်တာလဲမသွားရဘူး၊ တီတီ ကိုကို့ကို တကယ်ခေါ်သွားမယ် မဟုတ်လားဟင်၊ ခေါ်သွားပါနော် ခက် တောင်းပန်ပါတယ် တကယ်ခေါ်သွားပါ''

"ပူ.. တူး..


"ဘာလဲ''

"ဘယ်လိုထူးလိုက်တာလဲ ပူတူး''


"ကိုကိုက ခက်ကို ဘာလို့ အော်ခေါ်လဲ၊ ကိုကို ခေါ်သလို ခက်လဲပြန်ထူးတာပဲလေ၊ ခက်ကို လာပြီးစိတ်တိုမပြနဲ့''


ဂုဏ့်ရဲ့မျက်နှာကြီး တင်းမာထားသည့်ကြားထဲက ဂုဏ့်ရဲ့စကားလုံးတိုင်းကို တစ်ခွန်းမကျန်ပြန်ခံပြောနေသည့် ချာတိတ်မလေးကိုကြည့်ရုံနဲ့ ဂုဏ် ဘယ်လောက်တောင် အလိုလိုက်ထားသလဲဆိုတာ မေးစရာမလိုတော့။ 


"စိတ်တိုအောင် မင်းပဲလုပ်တာလေ၊ မင်းလွတ်လွတ်လပ်လပ်နေချင်တာ တစ်ခုတည်းနဲ့ ကိုယ့်ကို တွေ့ကရာလူနဲ့ မျက်နှာလွှဲခဲပစ် ထည့်ပေးလိုက်စရာလားကွ''

"သား.. ဂုဏ်လေး တီတီပါ၊ တွေ့ကရာလူမဟုတ်ပါဘူး''


"မဟုတ်ပါဘူး တီတီရာ၊ ကျွန်တော် သူ့ကိုစိတ်တိုလွန်းလို့ပါ၊ ကျွန်တော်ဆို သူ့ကို တန်ဖိုးထားပြီး နှမြောလွန်းလို့ သူ့အမေအိမ်တောင် ခဏ ခဏပြန်ခိုင်းတာမဟုတ်ဘူး၊ အခု သူ့အလှည့်ကျတော့ ကျွန်တော့်ကို နှမြောရကောင်းမှန်း တန်ဖိုးထားရကောင်းမှန်းမသိ၊ ဟိုလူ့လက်ထဲ အတင်းထည့်ပေးလိုက် ဒီလူ့လက်ထဲထိုးပေးလိုက်နဲ့''


တကယ် စိတ်မကောင်းဖြစ်သွားဟန်ဖြင့် ပြောနေသည့် တူတော်မောင်ကိုကြည့်ပြီး ပန်းမြတ်မှာ ရယ်ချင်ပက်ကျိ။ ဒီကောင့်ကို ပြန်ခေါ်သွားမယ်လို့ ပြောလိုက်ရင် ချာတိတ်မလေးဘယ်လိုဖြစ်သွားမလဲ သိချင်လို့ စနောက်လိုက်တာက အခုတော့ ရှုတည်တည်ကြီးဖြစ်နေသည့် ဂုဏ်လေးကြောင့် ခုတ်ရာတခြား ရှရာတစ်လွဲ။


"ဒီမှာ ပူတူး မင်းက ကိုယ့်ကို သံယောဇဥ်ပြတ်နိုင်ပေမယ့် ကိုယ်ကတော့ မပြတ်နိုင်ဘူး၊ မင်းကိုထားခဲ့ပြီး ဘယ်မှလဲမသွားနိုင်ဘူး''


"အမလေး.. ငါကလဲ တကယ်မခေါ်ပါဘူး၊ ဖြစ်ပျက်နေလိုက်ကြတာ တကတည်းမှပဲ''


"ဟင်.. တီတီက ကိုကို့ကို တကယ်မခေါ်ဘူးလား၊ ဘာလို့လဲ''

"ပူ.. တူး..


ဒေါသတကြီး အော်ပစ်လိုက်သည့် ဂုဏ့်ရဲ့အသံကို ဟိုချာတိတ်မလေးက ဘယ်လိုမှမနေပေမယ့် ပန်းမြတ်ကတော့ လန့်ဖျတ်သွားတာအမှန်။ 


"ဂုဏ် ဘယ်လိုဖြစ်လို့ ဒီလောက်ဒေါသတွေကြီးနေရတာလဲ''

"မသိဘူး တီတီရာ၊ ကျွန်တော့်ကို ဘာမှ လာမပြောနဲ့တော့''


ရှူးရှူးရှားရှားနဲ့ အပေါ်ထပ်ကို တလွှားလွှားတက်သွားသည့် ဂုဏ့်ကိုကြည့်ကာ တခစ်ခစ်ရယ်ပြီးကျန်နေခဲ့သည့် နွေသစ်ခက်ကို ပန်းမြတ် ခပ်ယဲ့ယဲ့လေးပြုံးကြည့်လိုက်ပြီး...


"သားက စိတ်ဆိုးသွားတာ မဟုတ်ဘူးလား''

"ဟုတ်တယ် တီတီ အဟွန်း.. ကိုကိုက ခက်ကိုသာ စချင်နောက်ချင်တာ၊ သူ့အလှည့်ကျရင် စလို့စမှန်း နောက်လို့နောက်မှန်းလဲမသိဘူး၊ အဲ့လိုပဲ စိတ်ဆိုးသွားတာ''


"သမီးက သားကို မကြောက်ဘူးလား?''

"ကိုကို တကယ်စိတ်ဆိုးပြီး တကယ်ဒေါသထွက်ရင်တော့ ကြောက်တာပေါ့ တီတီရဲ့''


"သားက အခု တကယ်စိတ်ဆိုးတာမဟုတ်ဘူးလား''

"မဟုတ်ပါဘူး၊ တီတီ မယုံရင်ကြည့်နေ ခက် ကိုကို့ကိုလိုက်မချော့ဘဲထားကြည့် ခဏနေပြန်ဆင်းလာမှာ''


သူတို့အထာနဲ့ သူတို့တော့ အဆင်ပြေနေကြတာပဲ။ ကြည့်ရတာ ဂုဏ်တော့ ကလေးကိုမုန့်ပေးကြိုက်ထားပြီး သူကိုယ်တိုင် ကလေးစိတ်ပေါက်​နေပုံရသည်။


"သမီးက တီတီကိုရော မကြောက်ဘူးလား''


သူမ ဒီလိုမေးလိုက်တော့ ချာတိတ်မလေးက သွားလေးတွေပေါ်အောင်ရယ်ပြရင်းမှ ခေါင်းလေးကိုခါရမ်းကာ...


"ကိုကိုက ခက်ကို တီတီအ​ကြောင်းတွေ ခဏ ခဏပြောပြဖူးတယ်လေ၊ အဲ့ဒါကြောင့် ခက်က တီတီကို မမြင်ဖူးပေမယ့် ရင်းနှီးနေတာ''

"ဪ... 


"အခု တီတီက အလည်လာတာလားဟင်၊ အကြာကြီးနေမှာမလား''

"မနေပါဘူးကွယ်၊ ဂုဏ်က သူပြန်တာကို ဇွတ်ခေါ်နေလို့သာ လိုက်လာရတာ၊ နောက်ပြီး သမီးကို တွေ့ချင်လို့ရောလိုက်လာဖြစ်တာ၊ ဟိုမှာက တီတီ့အလုပ်တွေထားခဲ့ရတော့ အကြာကြီးနေဖြစ်မှာ မဟုတ်ပါဘူး''


"ဒီမှာပဲ နေမယ်မဟုတ်လားတိီတီ''

"အွန်း... ဒီမှာပဲနေမယ်၊ ဟိုအိမ်မှာဆိုရင် ခေတ်နဲ့မတည့်ဘူး၊ ခေတ်က သမီးနဲ့လဲ မတည့်ဘူးဆို ဟုတ်သလား?''


"မတည့်တာ မဟုတ်ပါဘူး၊ ခက်တို့က မလေးမကြိုက်တာ လုပ်ထားတော့ စိတ်ဆိုးနေတာနေမှာပါ၊ တီတီ ခဏနော်၊ ခက် တီတီ့အတွက် အခန်းသွားပြင်ပေးမယ်''

"ေဒါ်ထွေးပြင်ပေးနေတယ်၊ သမီးက တီတီနဲ့စကားပြောရအောင်နော်''


"ဟုတ်ကဲ့''


ခက် တီတီနဲ့အတူ ဧည့်ခန်းထဲဝင်ထိုင်လိုက်၏။


"သားက သူ့မင်္ဂလာပွဲတုန်းက မလာလို့ တီတီ့ကိုသိပ်ပြီး ကျေနပ်တာမဟုတ်ဘူး သမီးရဲ့၊ ဒီတစ်ခေါက် ကနေဒါလာတာတောင် တီတီ့အိမ်မှာမနေဘူး၊ သူကျောင်းတက်တုန်းက နေခဲ့တဲ့အိမ်မှာပဲနေသွားတာ၊ အဲ့ဒါနဲ့ သူကျေနပ်အောင်လိုက်လာရတာ''

"ဒါဆို တီတီက ကိုကိုနဲ့ အတူတူလာတာပေါ့''


"အွန်း.. ဟုတ်တယ်၊ တီတီက ကိုကြီးတို့ဆီဝင်နေလို့ အခုမှ ရောက်တာ''

"ဪ...


"တီတီက ဂုဏ်လေးရဲ့အဒေါ်ဆိုပေမယ့် သမီးရဲ့အဒေါ်လိုပဲ သဘောထား သိလား သမီး''

"ဟုတ် တီတီ''


"သားက အရမ်းဆိုးတယ်မဟုတ်လား''

"မဆိုးပါဘူး''


"သမီးကိုကို့ဘက်က လိုက်ပြောပေးမနေပါနဲ့၊ ဒီကောင် ဘယ်လောက်ဆိုးလဲဆိုတာ တီတီအသိဆုံး''

"တကယ်မဆိုးတာပါ တီတီရဲ့၊ အရင်က ဆိုးတယ်ဆိုတာက တီတီကို သူ့က ချွဲချင်လို့နေမှာပါ''


"အခုကျ သမီးကို မချွဲဘူးလား''


ပန်းမြတ်အမေးကို ရယ်ကျဲကျဲလေးလုပ်နေပုံအရ ဒီကောင်လေး ချွဲနေတယ်ဆိုတာ သေချာသည်။


"သားက နည်းနည်းကလေးဆန်ချင်တယ် သမီးရဲ့''

"ဟုတ် ခက် သိပါတယ်''


"ဟိုမှာတုန်းက သားက ရည်းစားအရမ်းရှုပ်တော့ မဟုတ်မဟပ်မိန်းကလေးတွေနဲ့ ရသွားမှာကို အရမ်းစိုးရိမ်တာ၊ တော်သေးတာပေါ့၊ တီတီစိုးရိမ်သလို ဖြစ်မလာဘဲ ပူတူးလေးလို ချစ်စရာလေးနဲ့ ရေစက်ပါသွားလို့ အဟွန်း...


တီတီ့စကားကြောင့် ခက်ပြုံးလိုက်တော့ တီတီက သူမရဲ့ပိုက်ဆံအိတ်ထဲမှ ဓာတ်ပုံလေးတစ်ပုံကိုထုတ်လိုက်ပြီး ခက်ကိုထိုးပေးကာ..


"ဒီပုံလေးက သား ဟိုကိုရောက်ပြီး တစ်နှစ်လောက်ရှိမှ မမစောပို့ပေးလိုက်တာလေ၊ ကြည့်ကြည့်ပါဦး ဘယ်သူတွေလဲလို့''


ပုံထဲတွင် ကလေးလေးနှစ်ယောက်။ ကောင်ကလေးက ကောင်မလေးရဲ့ ခေါင်းလေးကိုပုတ်ပြီး ပြုံးနေသည်။ ကောင်မလေးကတော့ ကောင်လေးကို မော့မော့လေးကြည့်နေသည့်ပုံလေး။


"သမီး သေချာကြည့် အဲ့ဒါ ဘယ်သူတွေလဲ''


ခက် ပုံကို သေချာပြန်ကြည့်လိုက်တော့မှ ကောင်မလေးက ခက် ငယ်ငယ်ကပုံလေးနဲ့ တစ်ထေရာတည်း။


"ဟင်... ဒါ ခက်ဟုတ်တယ်မလား တီတီ''

"အဟွန်း.. ဟုတ်ပါ့ရှင်၊ ဒီဘက်က ကောင်လေးက ဂုဏ်လေ၊ မမစောပြောတာတော့ သမီး သူတို့ဆီ ​ေနတဲ့အချိန်တုန်းက ရိုက်ထားတာတဲ့၊ ချစ်စရာလေးနော်''


"ဒါဆို ခက်က အဲ့ဒီ့အိမ်ကို တကယ်ရောက်ခဲ့တာပေါ့''

"ဒါပေါ့၊ သားက ဒီအကြောင်းတွေ မပြောပြဘူးလား''


"ပြောတော့ပြောပြပါတယ်၊ ဒါပေမယ့် ခက်က ကိုကို မဟုတ်တာတွေပြောနေတယ်ထင်တာ''


"သားက ဟိုမှာနေတဲ့တစ်လျှောက်လုံး ဒီပုံလေးကို သူ့အခန်းထဲမှာ ထားတာလေ၊ ထူးထူးဆန်းဆန်းပဲ ပြန်သွားတော့ ကျန်ခဲ့တယ်တဲ့ အဟွန်း..၊ အဲ့ဒါနဲ့ တီတီက သိမ်းထားပေးလိုက်တာ၊ ဒီတစ်ခေါက် ပြန်လာတော့ သားကမေးရင် ပေးမလို့ကို ကိုယ်တော်က လူကိုအပိုင်ရထားတော့ ဓာတ်ပုံကို အမှတ်တောင်မရတော့ဘူး၊ အခု ဒီပုံကို သမီးပဲသိမ်းထားလိုက်တော့နော်''


"ဟုတ်ကဲ့''

"ဒါနဲ့ သမီးက ဒီအကြောင်းတွေကို မမှတ်မိဘူးလား''


"အရမ်းငယ်သေးလို့ဖြစ်မယ်ထင်တယ်၊ ခက် ခပ်ရေးရေးလောက်ပဲ မှတ်မိတာ''


တကယ်လဲ ခက် သိပ်မမှတ်မိပါ။ ကိုကိုက တခါတလေ ခက် သူတို့အိမ်ရောက်လာတုန်းကအကြောင်းတွေ ပြောပြတတ်ပေမယ့် ခက် တိတိကျကျ မမှတ်မိ။ ဒါပေမယ့် အခု ဒီပုံလေးကိုကြည့်ပြီးမှ အရင်ကပုံရိပ်လေးတစ်ချို့ကို မှတ်မိသလိုလိုရှိလာ၏။


"ဒါနဲ့ တီတီက ဒီကို ဘယ်တော့အပြီးပြန်လာမှာလဲဟင်''


"ဘာလို့လဲ သမီး''

"ခက် တီတီ့ကို ပြုစုပေးချင်လို့''


"ဘယ်လို''

"ဟိုလေ... ကိုကို့ကို တစ်လျှောက်လုံး တီတီကပဲ ဂရုစိုက်ခဲ့ရတော့ အခု ခက်က တီတီကိုပြန်ပြီး ဂရုစိုက်ပေးချင်လို့ပါ''


ကောင်မလေးစကားကြောင့် ပန်းမြတ် သ​ေဘာကျသွားကာ ခပ်ထေ့ထေ့လေးပြုံးလိုက်ပြီး...


"သမီးယောက်ျားအစား ကျေးဇူးဆပ်ချင်တယ်ပေါ့''

"ဟင့်အင်း မဟုတ်ပါဘူး၊ ကိုကို့အစားကျေးဇူးဆပ်ချင်တာ မဟုတ်ပါဘူး၊ တီတီ့ဆီမှာ တင်နေတဲ့ ကိုကို့ရဲ့ကျေးဇူးကြွေးကို ကိုကိုဆပ်ရမှာပေါ့၊ ခက်က ဘာလို့ကြားထဲက ဆပ်ပေးရမှာလဲ''


"ဒါဆို ခုန သမီးပြောတာက..

"အဟွန်း... အဲ့ဒါက ခက် တီတီ့ဆီမှာတင်နေတဲ့အကြွေး''


"သမီးက တီတီ့ဆီမှာ ဘာအကြွေးတင်စရာရှိလို့လဲ''


ပန်းမြတ် တကယ်နားမလည်တာကြောင့် မေးလိုက်တော့ ချာတိတ်မလေးက သူမဘေးကို လှစ်ခနဲဝင်ထိုင်လိုက်ပြီး သူမရဲ့ခါးကိုဖက်ကာ...


"ကိုကို့ကို ​အဲ့ဒီ့က ကောင်မလေးတွေလက်ထဲ ပါမသွားအောင် ဂရုစိုက်ပေးလို့လေ''

"ဟောတော့...


"ဟုတ်တယ် တီတီသာ ကိုကို့ကို သေချာဂရုစိုက်မပေးခဲ့ရင် ဒီအချိန် ကိုကိုက တခြားမိန်းမတစ်ယောက်ယောက်နဲ့ လက်ထပ်ပြီးနေလောက်ပြီ၊ ဒါဆိုရင် ခက် ကိုကို့ကို ဘယ်ရမလဲ နော်''


မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ်လုပ်ကာ ပြောနေသည့်ပုံစံလေးက တကယ့်ကို ချစ်ချင်စဖွယ်လေး။ ဒါ့ကြောင့်လဲ မျိုးရိုးဂုဏ်ဆိုတဲ့ကောင် မရမက ဇွတ်ရအောင်ယူထားတာဖြစ်မည်။


"ဒါဆို သမီးကိုကို့ကို ဘယ်သူနဲ့မှမရအောင် ချန်ထားပေးလို့ တီတီ့ကိုကျေးဇူးဆပ်ချင်တယ်ပေါ့''

"ဟုတ်''


"တကယ့်အတတ်လေးပဲ အဟွင်း.. ဟွင်း..


"တီတီ ခက်တို့နဲ့ အပြီးပြန်လာနေမယ်မလားဟင်၊ ခက် တီတီ့ကို သေချာပြုစုပေးပါ့မယ် နော် တီတီနော်''


"တီတီ့ကို ဘယ်သူမှပြုစုပေးဖို့ မလိုပါဘူးကွယ်''

"ဘယ်ဟုတ်ပါ့မလဲ တီတီရဲ့၊ အရွယ်ရလာရင် ခန္ဓာရဲ့ဆင်းရဲခြင်းဆိုတာ ပေါ်လာတတ်တာပဲလေ၊ အဲ့လိုတွေ ဖြစ်လာပြီဆိုရင် အနားမှာ မေတ္တာနဲ့ပြုစုပေးမယ့် လူတွေလိုအပ်လာတတ်တယ်တဲ့''


လူကြီးလေးလို ပြောနေပြန်သည့် ချာတိတ်မလေးကြောင့် ပန်းမြတ်မျက်နှာမှာ အပြုံးမပျက်ဘဲရှိလျက်...


"ဘယ်သူက အဲ့လိုပြောတာလဲ သမီး''

"ကိုကိုလေ အဟွင်း.. ကိုကိုကပြောတယ် လူတွေက အသက်ကြီးလာရင် ကိုယ်ချစ်တဲ့သူတွေကို ကိုယ့်အနားမှာရှိစေချင်တယ်၊ ကိုယ့်ကို တယုတယပြုစုပေးစေချင်ကြတယ်တဲ့''


ဒီကောင်လေး အပီအပြင်ကို ချွဲထားတာပဲ။


"ဒါပေမယ့် တီတီက အသက်မှမကြီးသေးတာ''

"ဒါဆို တီတီ အသက်ကြီးရင် ခက်တို့်နဲ့ လာနေမယ်မလားဟင်၊ ဒါပေမယ့် တီတီက အသက်ဘယ်လောက်ကြီးကြီး အရွယ်တင်ပြီးနုဖတ်နေတော့ တီတီ့ကို တီတီတောင် အသက်ကြီးလို့ ကြီးမှန်းသိပါ့မလားမသိပါဘူး''


"အဟွင်း..ဟွင်း.. ငါ့သမီးက အရမ်းကို ပြောတတ်တာပဲ၊ ဒီလိုဆို တီတီ ဒီမှာကြာကြာနေလို့ဖြစ်မယ်မထင်ဘူး''

"ဘာလို့လဲဟင်''


ခက် ပြန်မေးလိုက်တာကို တီတီက မဖြေသေးဘဲ ခက်ရဲ့ ဆံပင်တွေကို သပ်ပေးလိုက်ပြီးမှ...


"မပြန်ချင်မှာစိုးလို့ပေါ့၊ အစက မနက်ဖြန်ပြန်ဖို့တွေးထားတာတောင် အခု တစ်ပတ်လောက်နေရင်ကောင်းမလားလို့ တွေးမိနေတာ၊ တစ်ပတ်လောက်များနေလိုက်လို့ကတော့ တီတီ အပြီးပြန်လာနေချင်တော့မလားပဲ''


"ဒီတော့လဲ လာနေလိုက်ပေါ့၊ ခက်က တစ်ယောက်တည်းဆို ကိုကို့ကို မနိုင်ဘူးလေ၊ တီတီပြန်လာနေမယ်ဆိုရင်တော့ အဟွင်း... ဟွင်း..


"အမယ် ရှင်လေးက အကြံနဲ့ကျုပ်ကို ခေါ်နေတာပေါ့ ဟုတ်လား''

"အကြံတော့ အကြံနဲ့ဆိုပေမယ့် တီတီ့ကို ချစ်လို့လဲပါပါတယ် တီတီရဲ့''


"တကယ့် ငချွဲလေးပဲ''


ပန်းမြတ်ရင်ခွင်ထဲက အချွဲလေးကို ဖက်ထားလိုက်မိသည်။ အပျိုကြီးမို့ တူတွေ တူမတွေကို စုပုံချစ်နေရပေမယ့် ကိုယ့်တူတွေ တူမတွေကလဲ သံမဏိကအရှုံးပေးရလောက်အောင် ခပ်မာမာ ခပ်တင်းတင်းတွေဆိုတော့ အခု ဒီငချွဲလေးနဲ့မှပဲ သူမမှာ အချွဲခံနေရသည်ကို သဘောတွေ့နေရသည်။ 


"ပူတူး... ပူတူးရေ...


အပေါ်ထပ်ကနေ တကြော်ကြော်အော်ခေါ်နေသည့် ဂုဏ့်ရဲ့အသံကြားမှ သူမရင်ခွင်ထဲက ကောင်မလေးက ခေါင်လေးထောင်လာပြီး...


"တွေ့လား တီတီ၊ ခက်ပြောသားပဲ ခဏနေရင် ပြန်ဆင်းလာမှာလို့''

"ဟုတ်ပါ့၊ ဒီကောင်လေး မခေါ်ဘဲ နေနိုင်တာမဟုတ်ဘဲနဲ့ စိတ်ကောက်ပြနေသေးတယ်'' 


"ပူတူး... ပူတူး..


"ခေါ်နေတာကို သွားလိုက်ဦး သမီး၊ တော်ကြာ ဒေါသတွေထွက်ပြနေဦးမယ်''

"ထွက် ထွက်၊ မသွားဘူး ခက် ဒီမှာရှိမှန်းသိရဲ့နဲ့ တမင် အော်ခေါ်နေတာ''


"သွားလိုက်ပါကွယ်၊ သူကလဲ ကလေးလိုပဲ''


"တီတီမပြန်ခင် ကိုကို့ကို တစ်ခါလောက်ဆူသွားဦးနော်၊ ကိုကိုက ခက်ကိုဆို အမြဲတမ်းဆူနေပေမယ့် ကိုကို့ကျတော့ ဆူမယ့်သူမရှိလို့''


"ဟုတ်ပါပြီ ဟုတ်ပါပြီ၊ မပြန်ခင် ဂုဏ့်ကိုဆူခဲ့မယ်၊ သမီးက အခု သူ့ဆီသွားလိုက်ဦး တော်ကြာ တီတီ့ကိုပါ လာဆူနေဦးမယ်''


သူမ ပြောလိုက်တာကို သဘောကျသွားပုံဖြင့် ရယ်ကျဲကျဲလေးလုပ်ကာ အနားမှထွက်သွားသည့် ချာတိတ်မလေးကိုကြည့်ပြီး ပန်းမြတ် ပြုံးလိုက်သည်။ ကိုယ့်တူက ဆိုးပေမယ့် လိမ္မာတဲ့ တူမချောချောလေးရလာပါလားလို့ ကျေနပ်သည့်အပြုံးမျိုး။


>>>>>>>>>><<<<<<<<<<<


အားပေးတဲ့ အသဲတွေအားလုံးကို ကျေးဇူးတင်ပါတယ်😘😘


အမှားပါသွားရင် ချစ်တဲ့စိတ်နဲ့ ဝေဖန်ပေးပါ😊😊


အပိုင်း (၃၇)မျှော်


စာရေးသူ-Merida(Tulip)


rate now: