book

Index 35

အပိုင်း (၃၅)

  • Author : Merida
  • Genres : Romance, Comedy, Drama

🎗🎗 နှောင်ကြိုး 🎗🎗


~~~~~~~~~~


"သမီး ထမင်းစားပြီးမှ ပြန်မှာမလား?''

"ဟုတ် မေမေ ခက် ဒေါ်ထွေးကို မေမေ့အိမ်ကပဲစားခဲ့မယ်လို့ ပြောလာခဲ့တယ်''


"ဒါဆို မေမေ သမီးကြိုက်တဲ့ ပဲကုလားဟင်းလေး ချက်လိုက်ဦးမယ်''

"ခက် ကူလုပ်ပေးမယ်လေ''


ဒီနေ့နဲ့ဆို ကိုကိုခရီးထွက်သွားတဲ့ နှစ်ရက်ရှိပြီ။ ကိုကို့စကားအတိုင်းဆိုရင်တော့ မနက်ဖြန်ပြန်လာမှာမို့ ကိုကိုပြန်မလာခင် မေမေ့ဆီလာလည်ခြင်းဖြစ်သည်။ မဟုတ်ရင် ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ မေမေ့ဆီလာလည်ဖို့ မလွယ်လှ။


"မေမေ ခက် အာလူးခွာမယ်နော်''

"အေးအေး လက်ကို ဓားထိမယ် သတိထားဦး''

"ဟုတ်''


ပလပ်စတစ်ခြင်းလေးထဲထည့်ထားသည့် အာလူးကို ဓားပါးပါးလေးနဲ့ အခွံနွှာနေစဥ် မေမေက ကုလားပဲကိုဘေစင်မှာရေစိမ်နေသည်။


"မေမေ့''

"ရှင် ရှင့်''


"ဖေဖေလေ ဒီတစ်ခေါက်သွားတာ ကြာတယ်နော်''

"အွန်း... ဟုတ်တယ် ကြာတယ်၊ သမီးမင်္ဂလာပွဲပြီးကတည်းကဆိုတော့ တစ်လနီးပါးလောက်ရှိပြီပေါ့''


"မေမေ့ကို ဘာမှပြောမသွားဘူးလားဟင်''


ခက် မေးလိုက်တော့ မေမေက နောက်လှည့်ပြီး ခက်ကို မျက်ခုံးပင့်ကြည့်ကာ...


"မေမေ့ကို အကိုလေးက ဘာပြောရမှာလဲ''

"မဟုတ်ဘူးလေ၊ ခက်ပြောတာက အရင်တုန်းကဆိုရင် ဖေဖေခရီးသွားရင် ဒီလောက်ကြာတာမှ မဟုတ်တာ၊ ၁၀ရက် ၁၅ရက်လောက်နေပြီးရင် ဒီကို ၂ရက် ၃ရက်လောက် ပြန်လာတယ်လေ၊ အခုက တစ်လလောက်တောင်ကြာနေတော့ မေမေ့ကို တစ်ခုခုများပြောသွားသေးလားလို့''


"မပြောပါဘူး၊ ဟိုနေ့က သခင်မကြီးတို့ကတော့ အကိုလေးက ဒီတစ်ခေါက်အပြီးပြန်လာမယ်လို့ ပြောနေကြတာပဲ၊ ဟိုကအလုပ်တွေကို နှင်းစက်လေးကို လွှဲပေးမယ်လို့လဲ ကြားတာပဲ''

"ဪ... 


ခက် ခေါင်းလေးငြိမ့်ပြရင်း ဪ..လိုက်တော့ မေမေက ခက်လက်ထဲက ဓားလေးကို လက်ပြောင်းယူလိုက်ပြီး...


"ပေး မေမေပဲ လုပ်လိုက်မယ်''

"မေမေ ဒါဆို မမကြီးက ဖေဖေ့နေရာရမှာပေါ့နော်''


"အင်းပေါ့၊ ဒီနေရာက အစောကြီးကတည်းက နှင်းစက်လေးနဲ့ ဝသန်လေး နှစ်ယောက်အတွက်ပဲလေ''


ဒါ ခက်ကို လောဘမတက်ဖို့ပြောနေမှန်း ခက်သိသည်။ ခက်လဲ ဒီအရာကို မမက်မောတာအမှန်ပါ။ 


"ခက်က ဒီနေရာကို မက်လို့မေးတာမဟုတ်ပါဘူး မေမေရဲ့၊ ဟိုနေ့က ကိုကို့ရဲ့အစ်မ ခက်တို့အိမ်ကိုလာတယ်လေ၊ အဲ့ဒါ မမကြီးက ကိုကိုလုပ်နေတဲ့ကုမ္ပဏီမှာ အလုပ်လျှောက်ဖို့ပြင်နေတယ်လို့ ပြောလို့ ခက်က မေးကြည့်တာပါ''


"ဟုတ်လား၊ အဲ့ဒါကြောင့်ဖြစ်မယ် အခု သခင်မကြီးက ဝသန်လေးကို အကိုလေးဆီဇွတ်လိုက်သွားခိုင်းနေတာ၊ ကြည့်ရတာ ဝသန်လေးကို အလုပ်သင်ခိုင်းဖို့ထင်တယ်''


"ကိုကြီးကိုလား?''

"အင်း...


ကိုကြီးကို ဖေဖေ့ဆီပို့လိုက်ရင် ကိုကြီးရည်းစားဆိုတဲ့ ဟိုမိန်းမနဲ့ ကိုကြီးအဆက်အသွယ် ပြတ်သွားနိုင်သည်။ အွန်း... ဒီလိုဆိုရင် ခက် ကြားထဲကနေ ဝင်ပါပြီး ဘီလူးဆိုင်းတီးစရာမလိုလောက်တော့ဘူး ထင်ပါရဲ့။


"သမီး သားဂုဏ်က ဘယ်နေ့ပြန်လာမှာလဲ''

"မနက်ဖြန် ပြန်လာမှာမေမေ''


"ဪ... ဒါနဲ့ သမီး သားကိုအရမ်းဆိုးနေတယ်ဆို''

"မေမေ့ကို ဘယ်သူကပြောလဲ''


"သားဂုဏ်ပြောတာ၊ သူခရီးမသွားခင်က မေမေ့ဆီလာတယ်လေ၊ သမီးနဲ့ အတူတူလာနေပေးဖို့ လာပြောရင်း သမီးအရမ်းဆိုးတဲ့အကြောင်းတွေတိုင်သွားတာ''

"ကိုကိုက လျှောက်ပြောတာပါနော်၊ ခက် ဘယ်လောက်တောင်လိမ္မာသလဲဆိုတာ မေမေ မသိဘူးလား''


သူမရဲ့ခါးလေးကိုဖက်ပြီး မှီနွဲ့လာသည့် သမီးဖြစ်သူကြောင့် ဒေါ်သက်ထားပြုံးလိုက်မိသည်။ အိမ်ထောင်ကျသွားပေမယ့် အခုထိသူမမျက်လုံးထဲမှာ သမီးလေးက ကလေးလေးပါပဲ။


"ကိုကိုက ခက်အကြောင်း ဘာတွေတိုင်သွားလို့လဲ''

"စိတ်ဆိုး စိတ်ကောက်လွယ်တာရယ် စကားနားမထောင်ဘဲ ဂျစ်ကန်ကန်တွေလုပ်နေတာရယ် အင်း... သမီး ဆိုးသလောက်ပဲတိုင်တာပါ''


"ခက်က ဒီလောက်မဆိုးပါဘူးနော်၊ အဲ့ဒါ ကိုကို တမင်လုပ်ကြံပြီးပြောသွားတာ''

"အို... သမီး ကိုယ့်ယောက်ျားကို ဒီလိုမပြောရဘူးလေ၊ ငရဲကြီးတတ်တယ်ကွဲ့၊ အိမ်ထောင်တစ်ခုဖြစ်သွားပြီဆိုရင် သမီးအသက် ဘယ်လောက်ငယ်ငယ် သမီးဟာ အိမ်ရှင်မပဲ၊ မိဘအိမ်မှာနေတုန်းကလို ကလေးဆန်ပြီး ဆိုးချင်တိုင်းလဲ မဆိုးရဘူး နွဲ့ချင်တိုင်းလဲ မနွဲ့ရဘူး၊ ဒီတော့ ကိုယ့်ကို ရှာဖွေကျွေးမွေးနေတဲ့ လင်ယောက်ျားကို ရိုသေသမှုရှိရတယ်၊ သားကိုသခင် လင်ကိုဘုရားလို့ မှတ်ယူပြီး တရိုတသေ တလေးတစားနဲ့ ပြုစုပေးရမယ်လေ''


"ခက်က ကိုကို့ကို လေးလေးစားစားဆက်ဆံပါတယ်''

"စိတ်တော့ကောက်တယ် စိတ်တော့ဆိုးတယ်မလား''


"အဲ့ဒါ ကိုကိုက ခက်စိတ်ဆိုးအောင် စ,မှပါ''

"ဘယ်လိုပဲဖြစ်ဖြစ် သမီးက သည်းခံပေး နားလည်ပေးရမှာပေါ့၊ နောက်ကို စိတ်ဆိုး စိတ်ကောက်လုပ်ပြီး သားကိုစိတ်ညစ်အောင်မလုပ်နဲ့နော် ကြားလားသမီး''


"ဟုတ်''


ရှုံ့မဲ့နေသည့် မျက်နှာထားဖြင့် ပြောလာသည့်'ဟုတ်'ဆိုတာက ပြေပြစ်မှုမရှိ။ ယုံကြည်ချင်စရာလဲမရှိတာအမှန်။ 


ကိုယ့်သမီး ကလေးဆန်တာသိပေမယ့် သူမလက်ထဲမှာကထက်ပိုပြီး ကလေးဆန်လာတာကတော့ အလိုလိုက်လွန်းသည့် သားဂုဏ်ရဲ့ အပြစ်လဲပါသည်။ တစ်ခုခုဆို သမီးက စိတ်ကောက်ဖို့ပြင်ရုံရှိသေး သားဂုဏ်က ချော့ပြီးနေတာမျိုး၊ သမီးရဲ့မျက်နှာညိုတာနဲ့ ဂုဏ်က ကမ္ဘာပြိုနေတာမျိုးတွေကြောင့် ဒီကောင်မလေး ဆိုးလွန်းနေတာပါ။


သို့ပေမယ့်... သမီးရဲ့ကလေးဆန်သည့် အပြုအမူလေးတွေကြောင့် သမီးတို့အိမ်ထောင်ရေး ပြိုကွဲသွားမှာမျိုးမဖြစ်စေချင်မို့ ဘယ်သူမှမရှိတဲ့အချိန် တိုးတိုးတိတ်တိတ်ဆုံးမနေရသည်လေ။


>>>>>>>>>><<<<<<<<<<


မေမေ့ဆီက ပြန်လာပြီးနောက် ခက် ရေချိုး၊ စာကြည့်ပြီး အိပ်ဖို့ပြင်နေစဥ် ကိုကို့က vcခေါ်လာတာမို့ ဝရံတာဘက်က သစ်သားထိုင်ခုံလေးတွင် သွားထိုင်ပြီးဖုန်းကိုင်လိုက်၏။


"ပူတူးလေး''

"ရှင်''


"ဘာလုပ်နေတာလဲ အသည်းလေး''

"အိပ်တော့မလို့လေ၊ ကိုကို ဖုန်းခေါ်လိုက်လို့''


"ဪ... အိပ်ချင်နေပြီလား''

"အိပ်တော့ မအိပ်ချင်သေးပါဘူး၊ ဒီအတိုင်း ဉာည့်နက်နေပြီဆိုတော့ အိပ်တော့မလားလို့၊ ကိုကိုကရော မအိပ်သေးဘူးလား''


ခက် ဒီလိုမေးလိုက်တော့ ကိုကိုက ခက်ကိုပြုံးတုံ့တုံ့ဖြင့်ကြည့်ကာ...


"ကိုယ်က အခုမှ နေ့လည်စာစားပြီးတာ၊ ပူတူး ညစာရောစားပြီးပြီလား''

"အွန်း.. ပြီးပြီ ဒီနေ့ ခက် မေမေ့ဆီသွားရင်းနဲ့ မေမေ့အိမ်ကပဲ ညစာစားလာတာ''


"ဟုတ်လား အန်တီက ဘာတွေချက်ကျွေးလိုက်လဲ''

"ပဲကုလားဟင်းရယ် သရက်သီးသနပ်ရယ် ပဲသီးသုပ်၊ နောက်ပြီး ခက်တို့ခြံထဲက မာလကာသီးတွေရော အများကြီးခူးပေးလိုက်သေးတယ် သိလား ကိုကို''


"ဒါ့ကြောင့် ကိုယ့်ပူတူးလေး အရမ်းပျော်နေတာပေါ့၊ မာလကာသီးစားရင် အစေ့တွေသေချာဖယ်ပြီးမှစားဦး၊ တော်ကြာ ဗိုက်နာနေမှာစိုးလို့''

"အင်းပါ၊ ဪ.. ဒါနဲ့ ခက် ကိုကို့ကို ရန်တွေ့စရာရှိသေးတယ်''


"ဘာများရန်တွေ့ဦးမလို့လဲကွ''


ခက့်ရဲ့စကားကို ပြုံးစိစိနဲ့ပဲ ပြန်မေးလာသည့် ကိုကို့ကို ခက် မျက်စောင်းလေးပိတ်ထိုးလိုက်သည်။ 


"ကိုကို မေမေ့ကို ခက်အကြောင်းတွေ တိုင်ခဲ့တယ်ဆို''

"ဟမ်...


"ခက်က ဂျစ်ကန်ကန်နဲ့ ကိုကို့စကား နားမထောင်ဘူးလို့ တိုင်ခဲ့တယ်မလား၊ ဟုတ်တယ်မလားလို့''

"ကိုယ်က ပူတူးရဲ့ချစ်ရာကောင်းတဲ့ပုံစံလေးတွေကို အန်တီသိအောင်ပြောပြတာပါ၊ တိုင်တာမဟုတ်ရပါဘူး''


"အို.. ဘယ်လိုနေနေ ကိုကို့ကြောင့် ခက် ဒီနေ့မေမေဆူတာ ခံခဲ့ရတယ် သိရဲ့လား၊ အဲ့ဒါ ကိုကို့ကို မကျေနပ်ဘူး''

"ဟောဗျာ... 


"မဟောဗျာနဲ့၊ ကိုကို ခက်အကြောင်း မေမေ့ကိုတိုင်သလို ခက်လဲ ကိုကိုမကောင်းတာတွေကို ကိုကို့မေမေကို တိုင်ပြောမှာ''


ကြည့်ဦး။ ဘယ်လောက်တောင် ကလေးဆန်လိုက်ပါသလဲ။ သူမကို သူမမိခင်ဆီတိုင်ပြောလို့ သူ့ကိုလဲ မေမေ့ဆီပြန်တိုင်မယ်ဆိုပြီး ခြိမ်းခြောက်နေပုံက ကြောက်ဖို့မကောင်းတဲ့အပြင် ချစ်ဖို့ကောင်းနေပါသေး၏။


"ဘာကို ပြုံးနေတာလဲ၊ ခက် ကိုကို့ကို တကယ်တိုင်ပြောမှာ''

"အဟွန်း... နေစမ်းပါဦး ကိုယ်က ပူတူးကို ဘာမကောင်းတာတွေလုပ်နေလို့ ေမမေ့ကိုတိုင်ပြောမယ်ပြောနေတာလဲ''


ဒီလိုကျပြန်တော့လဲ ခက်မှာ ဖြေစရာအဖြေမရှိ။ 


"ဘာမှမလုပ်လဲ တိုင်မှာပဲ''

"ဟား... ဟုတ်ပါပြီကွာ၊ တိုင်တိုင် ပူတူးကြိုက်တဲ့လူကို သွားတိုင် ဟုတ်ပြီလား၊ အခုတော့ ကိုယ်မေးတာ အရင်ဖြေဦး၊ ဒီနေ့ ကျောင်းသွားလား ပူတူးလေး''


"အွန်း... သွားတယ်လေ၊ ကျောင်းဆင်းမှ မေမေ့ဆီသွားတာ''

"မနက်ဖြန်တော့ ကျောင်းဆင်းရင် အိမ်ပဲပြန်လာခဲ့နော်၊ ကိုကိုက ပြန်ရောက်ရောက်ချင်း ပူတူးကိုတွေ့ချင်တာ''


"ဒါဆို ခက် လာကြိုမယ်လေ''

"အဲ့လိုလုပ်ပေးမလား?''


ခက် ခေါင်းငြိမ့်ပြလိုက်တော့ ကိုကို့မျက်နှာကြီး ပြုံးအိီသွားသည်။ ကိုကိုပြုံးတာကိုကြည့်ပြီး ခက်လဲ အလိုလို လိုက်ပြုံးလိုက်မိ၏။ 


"အိပ်တော့လေ ပူတူးလေး၊ ကိုယ်လဲ အလုပ်ကိစ္စလေးတစ်ချို့ရှိသေးတယ်''

"ဟုတ် ကိုကို၊ ဒါဆို good nightနော်၊ အယ်.. ကိုကို့ဆီမှာက အခုမှနေ့လည်ဆိုတော့...


"Time zoneမတူလို့ နှုတ်ဆက်ဖို့ခက်နေရင် ချစ်တယ်လို့ပဲ ပြောသွားလိုက်''

"အဲ့လိုနှုတ်ဆက်လို့လဲ ရတာပဲလား''


ခက် မသိသလိုလေးမေးလိုက်တော့ ကိုကိုက ဟက်ခနဲရယ်သည်။ ပြီးမှ လက်ကနာရီကို တစ်ချက်ကြည့်ကာ...


"တော်တော်ဉာည့်နက်နေပြီ အိပ်တော့နော်၊ ချစ်တယ်လို့ပြောရမှာ တွန့်တိုနေတဲ့ ပူတူးကို ကိုကိုကတော့ အများကြီးချစ်တယ်၊ အိပ်တော့ ကိုယ့်ရဲ့အဆိုးလေး''


"ဟုတ် ဒါဆို ခက်တကယ်အိပ်တော့မယ်''

"အွန်း... ကျစ်ဆံမြီးကျစ်ထားတာကို ဖြည်အိပ်နော်၊ ဦးရေပြားတွေတင်းပြီး ခေါင်းကိုက်နေမှာစိုးလို့''


"ဟုတ်၊ ချစ်တယ် ကိုကို''

"အဟွန်း... ဟုတ်ပါပြီကွာ၊ မနက်ဖြန် ကိုယ့်ကို လာကြိုပေးနော်''


"ဟုတ်''


အိပ်တော့လို့ပြောပြီး ဖုန်းချဖို့ကို တွန့်ဆုတ် တွန့်ဆုတ်ဖြစ်နေသည့် ကိုကို့ကြောင့် ခက်ဘက်ကပဲ ဖုန်းအရင်ချလိုက်ရသည်။ တစ်ခါ တစ်ခါ ကိုကို အဖြစ်သည်းပုံက အဲ့လိုပါ။


>>>>>>>>>><<<<<<<<<<


"သစ်ခက်ရေ မြန်မြန်လာကွာ''

"လာပါပြီ ဘယ်လိုဖြစ်လို့ ဒီလောက်လောနေရတာလဲ''


တကယ်။ ကျောင်းသွားဖို့ကို ခက် ဆင်းမလာမချင်း တကြော်ကြော်အော်ခေါ်နေသည့် ကိုကြီးကို ခက် အလိုမကျသလို စူပုတ်ပုတ်လေးပြောလိုက်တော့...


"လမ်းမှာ ဝင်စရာရှိသေးလို့''

"ဘယ်ဝင်မှာလဲ''


"သူငယ်ချင်းတစ်ယောက်ဆိုင်''

"ဘာလုပ်ဖို့လဲဟင်''


ခက် မေးလိုက်တာကို ပြန်မဖြေဘဲ ကားထဲဝင်သွားသည့် ကိုကို့ကြောင့် ခက်ပါ ကားထဲ အမြန်လိုက်ဝင်လိုက်ပြီး...


"ဘာလုပ်ဖို့ ဝင်မှာလဲလို့''

"ပိုက်ဆံထုတ်မလို့''


"ပိုက်ဆံထုတ်ဖို့၊ ကိုကြီးက ပိုက်ဆံလိုလို့လား''

"အင်း''


"ဒါဆို ခက်ဆီကယူလေ ခက် မှာ ကိုကိုပေးထားတဲ့ ပိုက်ဆံတွေရှိတယ်၊ ကိုကြီးက ဘယ်လောက်လိုလို့လဲဟင်''


"သိန်း ၃၀''

"ဟင်.. သိန်း၃၀?''


သိန်း ၃၀ဆိုတာ မဟုတ်မှ ဟိုမိန်းမ ကိုကြီးကို လိမ်ပြီးငွေတောင်းလိုက်ပြီထင်သည်။ 


"ကိုကြီးက အဲ့ဒီ့လောက်ပိုက်ဆံတွေကို ဘာလုပ်မလို့လဲ''

"ဒီနေ့ ညီမလေး မေးခွန်းတွေအရမ်းများနေပြီကွ"


"ခက်က ကိုကြီးမှာ ပြဿနာတစ်ခုခုဖြစ်နေသလားလို့ပါ''


ခက် ဒီလိုပြောလိုက်တော့ ကိုကြိီးက ကား​ေမာင်းရင်းမှ ခက်ကို တစ်ချက်ပြန်ကြည့်ပြီး..


"ကိုယ်ရေးကိုယ်တာအတွက် အသုံးလိုလို့ သူငယ်ချင်းဆိုင်မှာထည့်ထားတဲ့ ငွေနည်းနည်းပြန်ထုတ်တာ''

"အဲ့ဒီ့ ကိုယ်ရေးကိုယ်တာက...


"တော်လောက်ပြီ၊ ဒီလောက်အများကြီးတော့ လိုက်မပြောပြချင်ဘူး''

"အင်းပါ''


အမှန်က ဆက်မေးချင်သေးပေမယ့် မပြောပြချင်ဘူးဆိုပြီး ပိတ်ပြောလိုက်သည့် ကိုကြီးကြောင့် ခက် ငြိမ်ပေးလိုက်ရတော့သည်။ 


လမ်းရောက်တော့ ကိုကြီးက ကားရပ်ပြိီး ဆိုင်တစ်ဆိုင်ထဲဝင်သွားသည်။ ပြန်ထွက်လာတော့ လက်ထဲမှာ ပိုက်ဆံထုပ်တစ်ထုပ်ပါလာသည်။ အဲ့ဒီ့နောက် ခက်ကို ကျောင်းရှေ့ချပေးခဲ့ပြီး အလျင်အမြန်ပဲ မောင်းထွက်သွားတော့သည်။


"မိခက် ဘာရပ်ကြည့်နေတာလဲ''


ခက်ဘေးလာရပ်သည့် ကားထဲမှ ဂူးဂူးအသံကြောင့် ခက် ဝမ်းသာသွားကာ ဂူးဂူးရဲ့ကားပေါ်ကို အမြန်တက်လိုက်သည်။


"ဂူးဂူး ဟိုကားကို မြင်လား''


ခပ်ရေးရေးလေးသာမြင်ရသည့် ကားကိုလက်ညှိုးထိုးပြီးပြောနေသည့် မိခက်ကို ဂူး နားမလည်သလိုပြန်ကြည့်လိုက်တော့...


"အဲ့ဒါ ကိုကြီးကား၊ အခု ကိုကြီးက ဟိုမိန်းမကို ပိုက်ဆံပေးဖို့သွားတာထင်တယ်''

"ဟင်....


"ဟုတ်တယ် လမ်းမှာ ပိုက်ဆံဝင်ယူလာတာ၊ ဘာလုပ်ဖို့လဲလို့ မေးတာကို မဖြေဘူး''

"ဒါဆို...


"အေး.ဟုတ်တယ်၊ လိုက်သွားရအောင်နော် ကိုကြီးနောက်ကို လိုက်သွားရအောင်၊ တော်ကြာ ဟိုမိန်းမအကွက်ထဲ ကိုကြီးရောက်သွားလိမ့်မယ်''


ထိုအခါမှ ဂူးလဲ ကားကိုအလျင်အမြန်မောင်းကာ ကိုကို့ကားနောက်ကို လိုက်လိုက်သည်။ အစကတည်းက တော်တော်လေးကွာနေတာရယ်၊ လမ်းကြပ်တာတွေကြောင့် ကိုကြီးကားကို မှီအောင် မလိုက်နိုင်ဘဲ ဖြစ်နေသည်။


supermarketတစ်ခုတွင် ကိုကြီးရဲ့ကားရပ်ပြီး ကားပေါ်မှဆင်းသွားသည်ကို မြင်လိုက်ချိန် ခက်တို့က ပါကင်ထိုးဖို့ နေရာရှာနေရဆဲ။


"ဂူးဂူး မြန်မြန်လုပ်''

"ဟဲ့ ဂူးလဲလုပ်နေတာပဲလေ၊ ဒီမှာ ပါကင်ထိုးဖို့နေရာကို မတွေ့ဘူးဖြစ်နေတာ''


တကယ်လဲ ကားပါကင်မှာ ကားတွေကအပြည့်မို့ ကားရပ်ဖို့ကို အတော်ခက်ခဲပြီး အချိန်ကြာသွားသည်။ ၁၅မိနစ်လောက်နေမှ ေနရာရသွားပြီး ခက်တို့ ကားပေါ်မှ ဆင်းလာကြတော့ ကိုကြီးရဲ့အရိပ်ပင် ရှာလို့မတွေ့​ေတာ့။ 


"ဂူးဂူး ဘယ်လိုလုပ်မလဲ၊ ကိုကြီးကို ရှာလို့မတွေ့တော့ဘူး''

"ကိစ္စမရှိဘူး၊ ကိုကိုက ဟိုမိန်းမဆီလာတာဆိုရင် အဲ့ဒီ့မိန်းမအလုပ်လုပ်တဲ့ဆိုင်ကို သွားမှာပဲ၊ ဂူးတို့ အဲ့ဒီ့ကိုလိုက်သွားရင် ရပြီ''


"ဟုတ်သားပဲ၊ ဒါဆို မြန်မြန်သွားရအောင်''


မြန်မြန်ဆိုတဲ့အတိုင်း မပြေးရုံတမယ်ခြေလှမ်းများဖြင့် ခက်တို့လျှောက်လှမ်းသွားလိုက်သည်။ သို့ပေမယ့် ခက်တို့ထင်သလို ထိုဆိုင်မှာ ကိုကြီးကိုရော ဟိုမိန်းမကိုရော မတွေ့။ 


"တစ်နေရာရာကို သွားကြပြီထင်တယ်နော်''

"ဟုတ်မှာပေါ့၊ အဲ့ဒီ့ကိုကြီးကလဲလေ ဒီလောက်တောင်မှ တုံးရသလား''


"ဒါတော့ ကိုကိုက အကြောင်းစုံသိထားတာမှ မဟုတ်တာ၊ အမှန်ဆိုရင် ဂူးတို့်က သိထားတာကို ကိုကို့ကိုပြောပြလိုက်သင့်တယ်''

"အင်း ဟုတ်တယ်၊ ခက်သာ ပြောပြခဲ့ရင် ကိုကြီးအခုလို ပိုက်ဆံပေးဖြစ်မယ်မထင်ဘူး''


နှစ်ယောက်သား နောင်တရသလိုပြောရင်း လေးတိလေးကန်ဖြင့် ပြန်လာခဲ့သည်။


"မိခက်''

"ဟင်''


"ဟိုမှာ ကိုကိုဟုတ်တယ်မလား?''

"ဘယ်မှာလဲ?''


"ဟိုဆိုင်ထဲမှာထိုင်နေတာလေ''


ထိုအခါမှ ဂူးဂူးမေးငေါ့ပြသည့် ဆိုင်ထဲကို ခက် ခေါင်းလေးစောင်းပြီး ပြန်ကြည့်သည်။ ဟုတ်ပါ့။ ဆိုင်ထဲမှာ ကိုကြီးနဲ့ ဟိုမိန်းမက မျက်နှာချင်းဆိုင်ထိုင်ပြီး ပြုံးလို့ပျော်လို့။


"ကျေးဇူးပါ မောင်ရယ်၊ စန္ဒာ တကယ်လိုအပ်နေလို့သာ မောင့်ကိုအကူအညီတောင်းရတာ၊ စိတ်ကသိပ်မလုံဘူး''


မျက်လွှာလေးချကာ အားငယ်သလိုပြောလာသည့် ချစ်ရသူကြောင့် ဝသန်တစ်ချက်ပြုံးလိုက်မိသည်။ 


"ကိုယ့်ချစ်သူကို အကူအညီတောင်းတာ ဘာစိတ်မလုံစရာရှိလို့လဲ''

"ဪ... မောင်ရယ်၊ စန္ဒာတို့က ဆင်းရဲတယ်လေ၊ မောင်ကတော့ ဒီလိုမဟုတ်ဘူးမဟုတ်လား၊ အရင်ကတည်းက အလွှာမတူတဲ့လူနှစ်​ေယာက်ချစ်ကြရင် ဆင်းရဲတဲ့သူက အလိုလိုနေရင်း အထင်သေးခံရတယ်၊ အခု စန္ဒာကလဲ မောင့်ဆီကပိုက်ဆံတောင်းထားတယ်ဆိုတော့...


မျက်နှာကို အတတ်နိုင်ဆုံး ညှိုးငယ်ထားလိုက်ပြီး မျက်လွှာလေးပါချထားလိုက်၏။ ဒီပိုက်ဆံ စန္ဒာလက်ထဲ လျောလျောလျူလျူပါလာဖို့ အရေးကြီးတာမို့ ရှိရှိသမျှ မူယာရော မာယာရော အကုန်ထုတ်သုံးနေရသည်။ ဒါကိုမသိတဲ့ ဝသန်ကတော့ သူမကိုနှစ်သိမ့်သလိုလေးကြည့်နေတာမို့ သူမရဲ့အားစိုက်မှုက အသုံးဝင်ပုံတော့ရသည်။


"စန္ဒာက နယ်မှာဘယ်လောက်ကြာမှာလဲ''

"ဖေဖေ့ကျန်းမာရေးကြောင့်ဆိုတော့ စန္ဒာလဲ သေချာမပြောတတ်ဘူး မောင်၊ ဖေဖေနေပြန်ကောင်းရင်တော့ စန္ဒာချက်ချင်းပြန်လာမှာပါ''


"မောင် စောင့်နေမှာနော်''

"ဟုတ်ကဲ့ပါ''


"ဒီမှာ စန္ဒာလိုတယ်ဆိုတဲ့ ပိုက်ဆံ''


လက်ထဲကို လာထည့်ပေးသည့် ပိုက်ဆံထုပ်ကိုကြည့်ပြီး စန္ဒာ့မျက်နှာ ဝင်းပသွားသည်။ သို့ပေမယ့် ခပ်ယဲ့ယဲ့လေးသာပြုံးလိုက်ပြီး...


"ကျေးဇူးပါ မောင်ရယ်၊ စန္ဒာ တကယ် ကျေးဇူးတင်ပါတယ်''

"ကိုယ်တို့ကြားမှာ ဒီလိုစကားတွေမလိုပါဘူးကွာ၊ ဒီပိုက်ဆံက ကိုယ့်ရဲ့ကိုယ်ပိုင်ပိုက်ဆံမို့လို့ စန္ဒာဘာမှအားနာစရာမလိုသလို ပြန်ပေးစရာလဲမလိုဘူး''


"မဟုတ်တာ မောင်ရယ်၊ စန္ဒာပြန်ပေးမှာပါ၊ မောင့်ပိုက်ဆံဆိုပေမယ့် စန္ဒာမပိုင်ပါဘူး''


"ဟုတ်တယ် မပိုင်ဘူး၊ ပေး အဲ့ဒီ့ပိုက်ဆံ''

"ဟင်... သစ်ခက်လေး''


စန္ဒာ့လက်ထဲက ပိုက်ဆံထုပ်လေးကို ဆတ်ခနဲဆွဲယူသွားသည့် ညီမဖြစ်သူကို ဝသန်အလိုမကျဖြစ်သွား၏။ ဒါ့ကြောင့် မျက်ခုံးနှစ်ခု ထိလုမတတ်ကျုံ့ပစ်လိုက်ပြီး....


"ဘာလုပ်တာလဲ သစ်ခက်၊ အခုချက်ချင်း ပြန်ပေးလိုက်''

"ဟင့်အင်း မပေးဘူး မပေးဘူး၊ ဒီမိန်းမက ကိုကြီးဆီက ပိုက်ဆံတွေလိုချင်လို့ တမင်မာယာများနေတာ''


"အို... မဟုတ်ပါဘူး''

"ဘာမဟုတ်တာလဲ၊ ဒီမှာ ရှင့်အကြောင်းကို ခက်သိပြီးသား၊ ရှင် ပိုက်ဆံမက်လို့ ကိုကြီးနဲ့တွဲနေတာရော၊ ရှင့်မှာ ကိုကြီးမဟုတ်တဲ့ တခြားရည်းစားရှိနေတာရော ခက်သိတယ်''


"သစ်ခက် ညီမလေး တော်တော့ကွာ''

"ဟင့်အင်း မတော်ဘူး၊ ဒီမှာ မမေစန္ဒာ ရှင်ငွေမက်လို့ ငွေချူချင်ရင် တခြားနည်းလမ်းသုံးပါ၊ အခုလို သူများတစ်ဖက်သားရဲ့ နှလုံးသားကို အသုံးချတာမျိုးမလုပ်ပါနဲ့''


ဒီကောင်မလေးရဲ့ စကားအဆုံးမှာ စန္ဒာ့ကိုကြည့်လာသည့် မောင့်ရဲ့အကြည့်တွေက ဟုတ်လားဆိုပြီး မေးနေသည့်အကြည့်မျိုး။ နောက်ပြီး အရင်လို နူးညံ့မှုမျိုးမရှိတော့တာကြောင့် စန္ဒာခေါင်းလေးရမ်းကာ...


"မဟုတ်ဘူးနော် မောင်၊ စန္ဒာဒီလို လူစားမျိုးမဟုတ်ဘူး အဟင့်၊ မောင်တို့အသိုင်းအဝိုင်းက ဆင်းရဲရင် ငွေမက်တယ်လို့ ထင်ကြတာလား အဟင့် ဟင့်၊ စန္ဒာ ရှက်တယ် အဟင့် ဟင့်''


မျက်နှာကိုငုံ့ချပစ်လိုက်ပြီး ပုခုံးလေးတွေလှုပ်အောင် ငိုသွားသည့် စန္ဒာ့ကြောင့် ဘေးက သစ်ခက်ကို စိတ်ပျက်သလိုကြည့်ကာ..


"သစ်ခက် မင်း အမှားလုပ်လိုက်တာပဲ၊ ခုချက်ချင်း ပြန်တောင်းပန်လိုက်''

"ကိုကြီး''


"ပြန်တောင်းပန်လိုက်လို့ဆိုနေ''

"ဟင့်အင်း မတောင်းပန်ဘူး၊ ခက် ဘာအမှားမှလုပ်မထားလို့ ပြန်မတောင်းပန်နိုင်ဘူး''


"သစ်..ခက်'' 


ကိုယ့်ညီမ ကလေးဆန်တာလဲသိသလို ခေါင်းမာတာလဲ သိပေမယ့် ဝသန် နားလည်မှုမပေးနိုင်တာက ရှေ့တည့်တည့်မှာငိုနေသည့် ချစ်သူကြောင့်။ ဒါ့ကြောင့် သူ စိတ်တိုကာ အော်ပစ်လိုက်တော့ သူ့ကို သစ်ခက်လေးက ထူးဆန်းသလိုကြည့်လာပြီး ဘေးက ဂူးဂူးကတော့ သူ့သူငယ်ချင်းကို မဆူဖို့ အရိပ်အကဲပြနေ၏။


"လက်ထဲက ပိုက်ဆံကို ပြန်ပေးပြီး ပြန်တောင်းပန်လိုက်''

"ဘာတစ်ခုမှ မလုပ်နိုင်ဘူး''


"ငါ စိတ်မဆိုးချင်ဘူးနော် သစ်ခက်''

"တော်... တော်ပါတော့ မောင်ရယ်၊ စန္ဒာရှက်လွန်းလို့ပါ''


"မောင် တောင်းပန်ပါတယ်ကွာ၊ နွေသစ်ခက် အဲ့ဒီ့ပိုက်ဆံတွေ ပြန်ပေး''

"မပေးဘူး''


"ရတယ် မောင်၊ စန္ဒာ မယူတော့ဘူး၊ စန္ဒာ့ကိုခွင့်ပြုပါ''ဆိုပြီး သူ့ရှေ့ကနေ ပြေးထွက်သွားသည့် စန္ဒာ့ကြောင့် ဝသန် သစ်ခက်ကို တော်တော်ဒေါသဖြစ်သွား၏။ ဒါ့ကြောင့် သစ်ခက်ရဲ့လက်ကိုဆွဲကာ ထိုနေရာမှဆွဲထုတ်ပြီး အိမ်ကို ပြန်ခေါ်လာလိုက်သည်။


"သမီး သစ်ခက် ဘာမေ့ကျန်ခဲ့လို့လဲ''


ကားရပ်ရပ်ချင်း တံခါးဖွင့်ပေးရင်း မေးလာသည့်ဒေါ်ထွေးကို ခက် ပြုံးပြလိုက်ပြီး...


"ဘာမှမမေ့ပါဘူး ဒေါ်ထွေး''

"နွေသစ်ခက် ငါ့နောက်လိုက်ခဲ့''


"ဟုတ် ကိုကြီး''


ွတစ်ယောက်က ဒေါသထွက်နေပြီး တစ်ယောက်ကလဲ စူပုတ်ပုတ်လေးဖြစ်နေသည့် နှစ်ယောက်ကြောင့် ဒေါ်ထွေးလဲ သူတို့နောက်ကနေ ေယာင်လည်လည်နဲ့ လိုက်သွားလိုက်၏။


"ညီမလေး ဘာလို့ ဒီလိုလုပ်ရတာလဲ''

"ဘာကိုလဲ''


"ငါ့ကို မေးခွန်းပြန်မထုတ်နဲ့ သစ်ခက်၊ ဘာအမှားလုပ်ထားလဲဆိုတာ ကိုယ့်ကိုကိုယ်သိတယ်''

"ခက် ဘာအမှားမှမလုပ်ထားဘူး''


"အမှားလုပ်ထားပြီးရင် ဝန်ခံတတ်ရတယ်ကွ၊ အခု ညီမလေးအမှားလုပ်ထားတယ်၊ ပြော ဘာလို့ စန္ဒာ့ကို ဒီလိုဆက်ဆံလိုက်တာလဲ''

"အဲ့လိုဆက်ဆံသင့်လို့ ဆက်ဆံတာ ဘာဖြစ်လဲ''


"ဘာပြောတယ်''

"အို... ဘာဖြစ်လာကြတာလဲကွယ်၊ ပြဿနာကို အေးအေးဆေးဆေးဖြေရှင်းကြပါ၊ သမီး သစ်ခက်ကလဲ အကိုကိုဒီလို မချေမငံမပြောရဘူး၊ သားကလဲ ညီမလေးကို စိတ်ရှည်ရှည်နဲ့မေးမှပေါ့''


ဒေါ်ထွေး ကြားထဲက ဝင်ပြောလိုက်တော့မှ ပိုပြီး ေဒါသထွက်သွားပုံရသည့် ဝသန်က သစ်ခက်ကို စူးစိုက်ကြည့်ကာ....


"ဒီကောင်မလေး တော်တော်တရားလွန်နေလို့ ကျွန်တော်ပြောနေရတာ ဒေါ်ထွေး''

"ခက်က ဘာလုပ်နေလို့လဲ၊ ခက်က ကိုကြီးကို သူများလိမ်သွားတာ မဖြစ်စေချင်လို့ ကြားထဲကနေ ဘီလူးဆိုင်းဝင်တီးပေးလိုက်တာ''


"ဘယ်သူက တောင်းဆိုလို့လဲ''

"ဘယ်သူမှ မတောင်းဆိုလဲ ကိုကြီးက ခက်ရဲ့အကိုဖြစ်နေလို့ ခက်လုပ်မှာပဲ''


"နွေသစ်ခက် မင်းတော်တော်ရိုင်းနေပါ့လား''

"ရိုင်းတယ်ထင်ရင်လဲ ဟုတ်တယ် ရိုင်းတယ်၊ ဒါပေမယ့် ခက်ရိုင်းတာက ပတ်ဝန်းကျင်ကို မြင်တယ်၊ ကိုယ့်ကို မဟုတ်တာလုပ်မယ့်သူကိုလဲ မြင်တယ်၊ ကိုကြီးသာ မစိတ်မွှန်နေပြီး ဘာကိုမှမ​ြမင်နိုင်အောင်ဖြစ်နေတာ''


ခေါင်းလေး မော့ကာ မော့ကာဖြင့် ပြောနေသည့် သစ်ခက်ကို ဆက်မပြောတော့ဖို့ ဒေါ်ထွေး ခေါင်းလေးရမ်းပြပြီး သတိပေးလိုက်ပေမယ့်...


"ကိုကြိီး ဒီလောက်တောင်တုံးလား ဟင်၊ မိန်းမတစ်ယောက် ကိုယ့်ကို တကယ်ချစ်လား မချစ်ဘူးလားဆိုတာကို မသိနိုင်လောက်အောင် ကိုကြီးတုံးလား''

"မင်း ဘာတွေသိထားလို့လဲ''


"အဲ့ဒီ့မိန်းမမှာ ကိုကြီးမဟုတ်တဲ့ တခြားရည်းစားတစ်ယောက်ရှိတယ်''

"မဖြစ်နိုင်ဘူး''


"အခု ကိုကြီးဆီက ပိုက်ဆံတောင်းတာက အဲ့ဒီ့ရည်းစားရဲ့အကြွေးတွေဆပ်ဖို့''

"မဟုတ်ဘူး''


"ကိုကြီး''


ခက် ပြောသမျှကို ငြင်းဆန်နေသည့် ကိုကြီးကို ခက် အားမလိုအားမရဖြစ်သွားကာ အသံခပ်ကြိတ်ကြိတ်ဖြင့် ခေါ်လိုက်တော့....


"စန္ဒာက အဲ့လိုလူစားမျိုးမဟုတ်ဘူး သစ်ခက်၊ သူက ဆင်းရဲတယ် ဒါပေမယ့် ရိုးသားတယ်၊ စန္ဒာပြောသလိုပဲ ချမ်းသာတဲ့သူနဲ့ ဆင်းရဲတဲ့သူ ချစ်ကြိုက်မိကြရင် ဆင်းရဲတဲ့သူက အလိုလို အထင်သေးခံရတယ်ဆိုတာ သိပ်မှန်တာပဲ''

"အဟွန်း..


ဟိုမိန်းမရဲ့ မာယာထဲမျောနေရှာသည့် ကိုကြီးရဲ့စကားကို ခက် လှောင်သလိုလေး ရယ်လိုက်တော့ ကိုကြီးက ခက်ကို မျက်လုံးတွေကျဥ်းမြောင်းသွားသည်အထိစိုက်ကြည့်ကာ...


"လှောင်တာလား သစ်ခက်''

"ကိုကြီးရဲ့ ပုံစံက လှောင်ရုံနဲ့တောင် မလုံလောက်ဘူး''


"မင်းသိပ်ပြီးပြောင်းလဲသွားတယ် နွေသစ်ခက်၊ အရင်က အန်တီထားနဲ့အတူနေခဲ့တဲ့ နွေသစ်ခက်လို မင်း မနူးညံ့တော့ဘူး မသိမ်မွေ့တော့ဘူး၊ ကိုယ်ထင်ခဲ့တာက စန္ဒာကို တခြားသူတွေလက်ခံမပေးဘူးဆိုရင်တောင် မင်းကတော့ လက်ခံပေးမယ်လို့ထင်ခဲ့တာ''


"ခက်က လက်ခံပေးသင့်တဲ့ အကြောင်းအရာရှိလို့လား ကိုကြီး''

"အနှိမ်ခံခဲ့ရတဲ့ဘဝကို မင်းစာနာပြီး လက်ခံနိုင်မယ်ထင်ခဲ့တာ''


"အနှိမ်ခံခဲ့ရတာချင်းတူရင်တောင် ခက် ဘယ်သူ့ကိုမှ မလိမ်ခဲ့ဖူးဘူး ကိုကြီး၊ အထူးသဖြင့် သူများတစ်ဖက်သားရဲ့ နှလုံးသားကိုရင်းပြီး ခက် မဟုတ်တာ မလုပ်ဘူး''


ဟုတ်ပါတယ်။ ခက်လဲ ဆင်းရဲတဲ့ဘဝက လာခဲ့တာမို့ ဆင်းရဲတဲ့သူတွေရဲ့ ခံစားချက်ကို နားလည်သည်။ သို့ပေမယ့် အခုလို ဆင်းရဲတာကို အကြောင်းပြပြီး လိမ်လည်တာမျိုးကိုတော့ လက်မခံနိုင်ပါ။


"ဒါပေမယ့် မင်း ကိုမျိုးရိုးဂုဏ်ကိုရဖို့ မမနှင်းစက်ရဲ့ နှလုံးသားကို နင်းခဲ့တယ်မဟုတ်လား''

"ကိုကြီး''


"မင်းမှာ အပြစ်မကင်းဘဲနဲ့ သူများကို လက်ညှိုးထိုးပြီး အပြစ်ပြောရဲတာကို ငါအံဩတယ် နွေသစ်ခက်၊ တကယ်လို့ မင်းပြောတဲ့အတိုင်း စန္ဒာက ငွေအတွက်နဲ့ ငါ့ကိုကစားခဲ့တယ်ဆိုရင်တောင် သူက မင်းထက်အဆင့်ရှိတယ်၊ အဲ့ဒါ ဘာဖြစ်လို့လဲသိလား''


မျက်နှာတည် မျက်နှာထားနှင့် မေးလာသည့်ကိုကြီးကို ခက် ငေးမောကြည့်နေမိတာက အံ့ဩမှုများစွာဖြင့်။


"အနည်းဆုံးတော့ စန္ဒာက သူလိုချင်တာရဖို့ မင်းလိုမျိုး ဘယ်သူ့ကိုမှမနင်းခဲ့ဘူး''

"ကိုကြီး ခက်ကို ဒီစကားတွေ ဘယ်အချိန်ကတည်းက ပြောချင်နေခဲ့တာလဲ''


ခက်ရဲ့ အသံတွေတုန်ခါနေပါသည်။ မျက်လုံးအိမ်ထဲမှာလဲ ငွေ့ရည်ဖွဲ့လာသည့် မျက်ရည်တို့က နေရာအပြည့်ယူထားသေးသည်။


"ကိုကို့ကို မမကြီးလက်ထဲက ခက်လုယူခဲ့တယ်ဆိုပြီး ခက်ကို တစ်ချိန်လုံး အမြင်မကြည်ဘူးလား ဟုတ်လား ကိုကြီး''

"ဒါ မင်းတို့သုံးယောက်ကြားက ပြဿနာပဲ နွေသစ်ခက်၊ ငါနဲ့မဆိုင်ဘူးထင်လို့ ငါ တစ်စက်ကလေးမှ ဝင်ပါခဲ့တာမဟုတ်ဘူး၊ ဒါပေမယ့် မင်းကြောင့် မမနှင်းစက် ငိုခဲ့ရတာတော့ ငြင်းမရဘူး၊ အဲ့ဒီ့အတွက် မင်းမှာ အပြစ်မရှိဘူးလား''


စကားလုံးတွေက မဆိုင်တဲ့ဘက်တွေကို ေရာက်လာတာကို ဒေါ်ထွေးသတိထားမိပေမယ့် ဟိုနှစ်ယောက်ကတော့ သတိထားမိပုံမရ။


"အခုချိန်မှာ မင်းက ကံကောင်းလို့ ကိုမျိုးရိုးဂုဏ်နဲ့ အိမ်ထောင်ကျပြီး အလိုလိုက်ခံ အချစ်ခံရပေမယ့် မင်းသိထားဖို့ တစ်ခုက ဒီဘဝကိုရဖို့ မင်း မမကြီးကို နင်းခဲ့တယ်ဆိုတာပဲ''

"ခက်နဲ့ ကိုကို ဘာလို့လက်ထပ်လိုက်ရလဲဆိုတာ ကိုကြီးသိရဲ့သားနဲ့၊ ဒီလိုတွေဖြစ်လာဖို့ စီစဥ်ခဲ့တာက ခက် မဟုတ်သလို ခက်က ရည်ရွယ်ပြီးလုပ်ခဲ့တာလဲ မဟုတ်ဘူး''


"ရည်ရွယ်ပြီးလုပ်မှ ပြစ်မှုမြောက်တာလား?''


ခနဲ့သလိုလိုမေးလာသည့် ကိုကြီးရဲ့ မေးခွန်းကို ခက် မဖြေနိုင်။ တစ်သက်လုံး ခက်ကို အရိပ်တကြည့်ကြည့်နဲ့ ချစ်ခဲ့ ဂရုစိုက်ခဲ့တဲ့ ကိုကြီးက အခုတော့ မင်းတစ်လုံး ငါတစ်လုံးနဲ့ ဒေါသတကြီးပြောနေတာမို့ ငိုချင်ချင်ဖြစ်နေသည်။


"မင်း ချမ်းသာသွားလို့ ဆင်းရဲတဲ့သူတွေကို အထင်အမြင်သေးမယ်ဆိုရင် သူများအိမ်က အလုပ်သမားဖြစ်တဲ့ အန်တီထားကို မမေ့လိုက်နဲ့၊ အေး အဲ့လိုပဲ သူများကိုလက်ညှိုးထိုးမယ်ဆိုရင်လဲ မင်းဘယ်လောက်အပြစ်ကင်းလဲဆိုတာ ပြန်တွေး၊ ဒီနေ့မင်းလုပ်လိုက်တဲ့အမှားကိုကြည့်ပြီး ငါ့မှာ ဒီလိုညီမမျိုးရှိပါလားဆိုပြီး ငါတကယ် စိတ်ပျက်မိတယ် နွေသစ်ခက်''


"ခက်ကို ပြောရက်လိုက်တာ ကိုကြီးရယ်၊ ခက်က ဒီနေ့ကိစ္စအတွက်နဲ့ ခက်ကို ကိုကြီးစိတ်ဆိုးတယ်ထင်နေတာ၊ တကယ်တမ်းကျတော့ ကိုကြီး ခက်ကို အပြစ်မြင်နေခဲ့တာ ကြာပြီပဲ၊ မမကြီးအတွက်နဲ့ ခက်ကို ကိုကြီးမုန်းနေခဲ့တယ်မလား ဟုတ်လား?''


မုန်းစရာလား။ မုန်းစရာလား ညီမလေးရာ။

စိတ်ဆိုးလို့ စိတ်တိုလို့ပြောလိုက်မိရာက စကားတွေလွန်သွားပြီးမှ သတိထားမိသည်။ 


သို့ပေမယ့် တောင်းပန်ဖို့လဲ ဝန်လေးနေတာကြောင့် မျက်ရည်ဖြိုင်ဖြိုင်ကျပြီး ငိုရှိုက်နေသည့် သစ်ခက်ကို ကျောပေးပြီး ထွက်သွားဖို့ပြင်လိုက်စဥ်...


"ကိုကို့ကို ခက် မမကြီးဆီက လုယူခဲ့တာ မဟုတ်ပါဘူး၊ ဒုတိယသက်ထား မဖြစ်ဖို့ ခက်အတတ်နိုင်ဆုံး ရှောင်ဖို့ကြိုးစားခဲ့တယ်၊ ဒါပေမယ့်.. အဟင့်.. ဒါပေမယ့် ခက် မရှောင်ခဲ့ဘူး၊ ခက်တောင်းပန်ပါတယ် ခက် ကိုကို့ကိုချစ်မိသွားလို့ ခက် တကယ်တောင်းပန်ပါတယ် အဟင့် ဟင့်''


နောက်ပါးဆီမှ ငိုရှိုက်နေသည့်အသံကို ဝသန်ကြားနေပေမယ့် မသိကျိုးနွံပြုထားဆဲ။ ဒါကို သဘောတွေ့ပုံမရသည့် ေဒါ်ထွေးက ဧည့်ခန်းအဝင်ဝတွင်ရပ်ကာ ခေါင်းတခါခါဖြစ်နေ၏။


"ခက်လေ မမကြီး ခက်ကိုမုန်းနေမယ်ဆိုရင်တောင် ကိုကြီးကတော့ မုန်းနေမှာမဟုတ်ဘူးလို့ ထင်ခဲ့တာ၊ ခက်အထင်မှားခဲ့တာပေါ့ အဟင့်''


ငိုချင်နေတာကို ထိန်းပြီးပြောနေတာမို့ မေးဖျားလေးတွေတုန်ခါနေသည်။ ဒါ့အပြင် အသံတွေပါ အဖျားခတ်နေပြန်သည်။ သို့ပေမယ့် ကိုကြီးကတော့ ခက်ကို လှည့်၍ပင်ကြည့်မလာခဲ့ပါ။


"ငယ်ငယ်က ဖေဖေ့ဆီမှာ ချွဲချင် နွဲ့ချင်ပေမယ့် ခက်ကိုမလိုလားတဲ့ သခင်မကြီးကြောင့် ခက်ဖေဖေ့အနားတောင် ကပ်ခွင့်မရခဲ့ဘူး၊ အဲ့ဒီ့အချိန် ကိုကြီးက ခက်ကို ဂရုစိုက်ပေးခဲ့လို့ ချစ်ပေးခဲ့လို့ ခက်ကိုကြီးကို အရမ်းအားကိုးမိခဲ့တယ်၊ တကယ်ပါ ကိုကြီးကို ခက် အစ်ကိုလိုတစ်မျိုး အဖေလိုတစ်မျိုး အားကိုးပြီးချစ်ခဲ့ရတာ၊ ဒါပေမယ့် အခု ကိုကြီးကတော့ ခက်ကို ပြောရက်တယ်''

".......''


"ကိုကြီးပြောသလို ခက်က ကိုကြီးတို့အိမ်က အိမ်ဖော်ရဲ့သမီးဆိုတာ မှန်ပါတယ်၊ အဲ့ဒါကို ခက် ဘယ်တော့မှ မမေ့ပါဘူး၊ ဒီနေ့ကိစ္စမှာ ခက်က ကိုကြီးရဲ့ညီမတစ်ယောက်အနေနဲ့ ခက်ဝင်ပါခဲ့မိတာ၊ ဒါပေမယ့် ကိုကြီးက မကြိုက်ဘူးဆိုရင် စိတ်ချပါ၊ ခက် ဒီနေ့ ဒီအချိန်ကစပြီး ကိုကြီးရဲ့ညီမနေရာကိုမယူဘူး ခက်ဟာ ကိုကြီးတို့အိမ်က အိမ်ဖော်ရဲ့သမီးအနေနဲ့ပဲနေပါ့မယ်''

"ဟင်...


သူ  ဒီလိုရည်ရွယ်ချင်တာမဟုတ်ပေမယ့် သူ့စကားကို အထာကောက်လွဲသွားသည့် သစ်ခက်ရဲ့စကားတွေကြောင့် ဝသန် တုန်လှုပ်သွားမိတာအမှန်။ 


ဒါ့ကြောင့် နောက်ကို တဖြည်းဖြည်းချင်းလှည့်ပြီးကြည့်လိုက်တော့ သစ်ခက်က ငိုထားလို့ရဲပေါက်နေသည့် မျက်နှာမဲ့မဲ့လေးဖြင့် သူ့ကိုကြည့်နေ၏။ မျက်ရည်ရဲ့ဒဏ်ကြောင့် နီရဲနေသည့် မျက်ခမ်းစပ်လေးတွေနဲ့ တဆတ်ဆတ်တုန်ခါနေသည့် မေးဖျားလေးတွေကြောင့် ဝသန် ကိုယ့်ကိုကိုယ်သတ်သေချင်စိတ်ပင်ပေါက်သွားသည်။


"သစ်ခက်လေး''

"ခုနကလို နွေသစ်ခက်လို့ပဲခေါ်ပါ''


"မဟုတ်ဘူး ကိုကိုပြောချင်တာ ဒီလိုမဟုတ်ပါဘူး ညီမလေးရာ''

"ဘယ်သူက ညီမလေးလဲ၊ ခက်ကို ကိုကြီးတို့ ဘယ်တုန်းကမှ ညီမတစ်ယောက်လို့ မသတ်မှတ်ခဲ့ဘူးမဟုတ်လား၊ ကိုကြီးတို့အဖေကိုလုယူသွားတဲ့ အိမ်ဖော်မတစ်ယောက်ရဲ့သမီးလို့ပဲ ကိုကြီးတို့ လက်ခံထားတာ အဟင့် ဟင့်၊ ခက်ကို ကိုကြီးတို့အကုန်လုံးမုန်းနေခဲ့ကြတာ ခက်သိတယ် အဟင့် ဟီး..ဟီး..


ပြောပြီးတာနဲ့ ကြမ်းပြင်တွင်ထိုင်ချလိုက်ပြီး ဒူးပေါ်မျက်နှာမှောက်ငိုသွားတာမို့ ဝသန်ကြောင်သွားစဥ် ဒေါ်ထွေးက ဖျတ်ခနဲဝင်လာပြီး သစ်ခက်လေးကို ပုခုံးမှဆွဲထူကာ ဆိုဖာတွင်ထိုင်စေလိုက်သည်။ ပြီးတာနဲ့ အသာလေးထွေးဖက်ထားလိုက်ပြီး အခုထိရပ်ကြည့်နေဆဲဖြစ်သည့် သူ့ကိုကြည့်ကာ...


"သမီးကို အနားပေးလိုက်ပါဦးကွယ်၊ သမီးအရမ်းပင်ပန်းနေပါပြီ''

"ဒါဆို ကျွန်တော်အပြင်ခဏသွားလိုက်ဦးမယ်၊ ညီမလေးကို ကြည့်ထားပေးပါဦး''


ဒေါ်ထွေးက သစ်ခက်ရဲ့ကျောလေးကိုပုတ်ပေးရင်းမှ ခေါင်းငြိမ့်ပြ၏။ ညီမလေး သူ့ကိုစိတ်ဆိုးသွားပြီဆိုတာ သိလိုက်ပေမယ့် ချော့ဖို့ကလဲ အသည်းအသန်ငိုနေပြန်တာမို့ ဝသန် သက်ပြင်းလေးသာချကာ အိမ်ထဲမှထွက်လာလိုက်တော့သည်။ 


ပြဿနာက မေစန္ဒာနဲ့ပတ်သတ်ပြီးမှ ဖြစ်ရတယ်ဆိုပေမယ့် တကယ့် တကယ်တမ်း ပြောဖြစ်ကြတဲ့စကားတွေက မဆိုင်တဲ့အကြောင်းအရာတွေနဲ့။ စိတ်တိုနေချိန်မို့ သူ့စကားတွေလွန်သွားတယ်ဆိုပေမယ့် သူ့စိတ်ရင်းက ဒီလိုမဟုတ်ဘူးဆိုတာကို ရှိရှိသမျှဘုရားတွေကို တိုင်တည်ပြီးသစ္စာဆိုရဲပါသည်။ ဒီညီမလေးကို သူဘယ်လောက် ချစ်မြတ်နိုးတယ်ဆိုတာကိုပေါ့။


"မငိုပါနဲ့တော့ သမီးရယ်၊ သမီးကိုကြီးက စိတ်တိုတုန်းမို့ ပြောထွက်သွားတာပါ၊ စိတ်ထဲပါလို့မဟုတ်ပါဘူး''

"အဟင့် ခက်လေ ခက်ကိုယ့်ခက် မုန်းတယ် အဟင့်၊ ခက် ဟော့ဒီလူ့လောကထဲရောက်လာလို့ လူတွေအများကြီးစိတ်ဆင်းရဲရတယ်၊ ခက်က မကောင်းတဲ့လူတစ်ယောက် အဟင့် ဟင့် ဟီး..


"မဟုတ်ပါဘူးကွယ်၊ ဒါ အတိတ်ဘဝက ကံတွေကြောင့်ပါ၊ သမီးနဲ့ မဆိုင်ပါဘူး''

"ခက်သာ မရှိရင် အားလုံးစိတ်ချမ်းသာကြမှာ၊ အခုတော့ ခက်အတွက်နဲ့ အဟင့်..


"တော်တော့ သမီး၊ ဒီလို မဟုတ်တာတွေ မတွေးရဘူး၊ သမီးအတွက်နဲ့ သူတို့တွေစိတ်ဆင်းရဲတယ်လို့ ပြောရအောင် သမီးက သူတို့ကို ဘာတွေများလုပ်နေလို့လဲ''


ဒေါ်ထွေး ရင်ခွင်ထဲမှ သစ်ခက်လေးကို ဆူသလိုလေးပြောလိုက်တော့ သူမကို ခေါင်းလေးမော့ကြည့်လာသည့် သစ်ခက်လေးက ငိုမဲ့မဲ့မျက်နှာထားလေးဖြင့်...


"ခက်ရဲ့ မွေးဖွားခြင်းကိုက သူတို့ကို စိတ်ဆင်းရဲစေတာ''

"အို... သမီးရယ်''


ဒေါ်ထွေး ဘာဆက်ပြောရမှန်းပင် မသိတော့။ နဂိုကတည်းက ဝမ်းနည်းတတ်သည့်ဓာတ်ခံလေးရှိနေသူမို့ အခုလို ပြဿနာလေးတွေကအစ လိုက်ပြီးခံစားလွယ်နေပုံရသည်။ 


ဒိီအချိန် အမျှော်လင့်ဆုံးက သားဂုဏ် ပြန်ရောက်လာဖို့ပါပဲ။ 


>>>>>>>>>><<<<<<<<<<


အားပေးတဲ့ အသဲတွေအားလုံးကို ကျေးဇူးတင်ပါတယ်😘😘


အမှားပါသွားရင် ချစ်တဲ့စိတ်နဲ့ ဝေဖန်ပေးပါ😁😁


အပိုင်း (၃၆)ေမျှာ်


စာရေးသူ-Merida(Tulip)


rate now: