book

Index 33

အပိုင်း (၃၃)

  • Author : Merida
  • Genres : Romance, Comedy, Drama

🎗🎗 နှောင်ကြိုး 🎗🎗 


~~~~~~~~~~


"ကိုကို့ နေပါဦး''

 

ဂုဏ် ဂရုမစိုက်စွာပင် အခန်းထဲကိုဝင်လိုက်သည်။ သူမလေး လုပ်ပုံက ဘယ်လောက်စိတ်တိုဖို့ ကောင်းလိုက်သလဲ။ ဒီနေအရိပ်ဆိုတဲ့ကောင်နဲ့ မပတ်သတ်ပါနဲ့လို့ အတန်တန်မှာထားတာကို အခုကြည့် သူ မသိအောင်ဖုန်းခိုးဆက်နေတဲ့အထိ။


"ကိုကို့ နေပါဦးဆိုမှ''

"ပူတူး မင်းကို ကိုယ်အရမ်းစိတ်တိုနေတာနော်၊ သွား ကိုယ်နဲ့ဝေးဝေးမှာသွားနေ''


သူမရှေ့ကနေ တလွှားလွှားလျှောက်သွားနေသည့် ကိုကိုက လှည့်မကြည့်ဘဲပြောနေ၏။ ခက်ကလဲ နောက်ကနေ ခပ်သွက်သွက်လေး လိုက်သွားရင်းမှ....


"ကိုကိုက ခက်ပြောပြတာကို အရင်နားထောင်ဦးလေ၊ ဘာလို့ စိတ်ပဲတိုနေတာလဲ၊ အဲ့ဒါကြောင့် ခက် အစ်ကိုနဲ့ဖုန်းပြောတာကို ကိုကို့ကိုမသိစေချင်တာပေါ့''

"ဒါပေမယ့် အခု ကိုယ်သိသွားတယ် မဟုတ်လား''


"ဟုတ်တယ် သိသွားလို့ ခက်က အကုန်လုံးပြောပြမလို့ဟာကို ကိုကိုက ဘာလို့စိတ်ပဲတိုနေရတာလဲ၊ ဒီမှာ ခက်ကိုလှည့်ကြည့်ပါဦးဆို''


သူမရဲ့အသံစွာစွာလေးကို ဂုဏ် လျစ်လျူရှုလိုက်ပြီး အခန်းထဲမှထွက်ဖို့ပြင်လိုက်၏။ သို့ပေမယ့် သွက်လွန်းသည့်သူမလေးက သူ့ရှေ့ကိုလွှားခနဲပြေးဝင်လာပြီး တံခါးကိုကျောဖြင့်ကပ်ပိတ်ကာ...


"ခက်ပြောတာ နားထောင်ပါဦးဆို''

"နားမထောင်ချင်ဘူး၊ မင်းပြောလာမယ့် ဆင်ခြေတွေကို နားထောင်ပေးဖို့ ကိုယ့်မှာအချိန်လဲမရှိဘူး၊ ဖယ်ကွာ ကိုယ် အလုပ်လုပ်ရဦးမှာ''


"ဟင့်အင်း... မဖယ်ပါဘူး၊ ခက် ပြောတာကို အရင်နားထောင်ပြီးမှ....

"ပူတူး ကိုယ်စိတ်တိုနေတာလို့ ပြောနေတယ်နော်၊ ဖယ် မင်းကိုတစ်ခုခု မလုပ်မိခင် ဖယ်လိုက်''


"ကိုကိုက ခက်ကို ဘာလုပ်ချင်လို့လဲ ဟမ်၊ ဘာလဲ ရိုက်မလို့လား ဒါဆိုလဲ ရိုက် ရိုက်၊ ကိုကို စိတ်ပြေသွားတဲ့အထိ ခက်ကိုရိုက်လိုက်''

"ဖပ်... ဖပ်..


"ဟာ.. ဟေ့.. ပူတူး ဘာလုပ်တာလဲ''


သူ့လက်ကိုဆွဲပြီး သူမရဲ့ပါးလေးနှစ်ဖက်ကို ရိုက်နေတာမို့ ဂုဏ် လက်ကိုအတင်းပြန်ရုန်းလိုက်ပေမယ့် သာသာလေးနှစ်ချက်တော့ ရိုက်မိသွားသည်။ 


"ကျစ်.. ဘာလုပ်တာလဲ ပူတူးရာ၊ ကြည့်ဦး တကယ်ရိုက်မိသွားပြီ၊ နာသွားလား ကလေး ဟင် ကိုယ် တောင်းပန်ပါတယ်ကွာ''


သူမရဲ့ပါးလေးကိုကိုင်ပြီး တောင်းပန်စကားဆိုနေသည့် ကိုကို့ကို ရယ်ရယ်ပြလိုက်ပြီး...


"ကိုကိုက ဘာလို့ တောင်းပန်နေတာလဲ၊ ကိုကိုက ခက်ကို တကယ်ရိုက်တာမှမဟုတ်တာပဲကို၊ ခက်ဟာခက် ကိုကို့လက်ကိုကိုင်ပြီး ရိုက်လိုက်တာလေ၊ နောက်ပြီး ခက် မနာပါဘူး၊ ခက်က ကိုယ့်ကိုကိုယ် နာအောင် တကယ်ရိုက်ပါ့မလား''


"ဘာပဲဖြစ်ဖြစ် ကိုယ်တောင်းပန်ပါတယ်''

"မတောင်းပန်ရပါဘူးနော်၊ ခက်ပြောပြတာကို နားထောင်ပေးရင် ရပြီ''


"မင်းပြောတာကို နားမထောင်ခင် ကိုယ်မေးတာကို မင်းအရင်ဖြေ''

"ဟုတ် ဒါဆို ကိုကိုမေးလေ''


"မင်းကို နေအရိပ်နဲ့မပတ်သတ်ရဘူးလို့ ကိုကို သေချာမှာထားတာကို မင်းမေ့နေတာလား ပူတူး''

"ဟင့်အင်း.. မမေ့ပါဘူး''


"ဒါဆို ကိုယ့်စကားကို မင်း အလေးမထားတာပေါ့''

"အဲ့လိုမဟုတ်ပါဘူးဆို ကိုကိုကလဲ၊ အခု ခက် အစ်ကို့ကို ဖုန်းဆက်တယ်ဆိုတာက ကိုကြီးကြောင့်ပါ''


"ဝသန့်ကြောင့်''


ဂုဏ် မျက်ခုံးကြီးတွေတွန့်ကွေးပြီးမေးလိုက်တော့ ပူတူးက ခေါင်းကိုဆတ်ခနဲငြိမ့်ပြ၏။ 


"ကိုကြီးလေ အခု ရည်းစားထားနေတယ်တဲ့''

"အဲ့ဒါဘာဖြစ်လဲ၊ သူလဲ ငယ်တော့တဲ့အရွယ်မှ မဟုတ်တော့တာ ရည်းစားထားချင်ထားမှာပေါ့၊ သူရည်းစားထားတာနဲ့ မင်းက နေအရိပ်ကို ဖုန်းဆက်စရာလား''


"ဟာ... ကိုကိုကလဲ ခက်ပြောတာကို ဆုံးအောင်နားထောင်ပါဦး၊ ခက်က ကိုကြီးရဲ့ရည်းစားဆိုတဲ့ မမအကြောင်းကို သိချင်လို့ အစ်ကို့ကို ဖုန်းဆက်ပြီးမေးကြည့်တာ''


"သိတော့ ပူတူးက ဘာလုပ်မလို့လဲ''

"ဟင်... သိရင်လား၊ ဟိုလေ ခက်ပြောပြရင် ကိုကိုက ခက်ကို မဆူရဘူးနော်''


သူမေးတာကို တန်းမဖြေဘဲ ရှေ့ကနေ စကားပလ္လင်ခံနေတာမို့ ဒီကောင်မလေးမဟုတ်တာ လုပ်နေပြီဆိုတာ ဂုဏ်ရိပ်မိသည်။ ဒါ့ကြောင့် မျက်နှာကို ခုနကထက်ပိုပြီး တင်းပစ်လိုက်ပြီး...


"ဆူစရာရှိရင် ဆူမှာပဲ ပူတူး၊ ကိုယ့်ကို ရှေ့ကနေကြိုပြီး အာမခံလုပ်ထားလို့မရဘူး၊ ပြော မင်း ကိုယ်မသိအောင် ဘာတွေလုပ်ဖို့ကြံနေတာလဲ''

"အဲ့ဒီ့ကိုကိုကလဲ ခက်ကိုဆို အကောင်းကိုမမြင်ဘူး''


"မင်းလုပ်ပုံက အကောင်းမြင်ချင်စရာလား၊ အခုပဲကြည့် ကိုယ်ဒီလောက် မျက်စိအောက်က အပျောက်မခံအောင် ဂရုစိုက်ပေးနေတဲ့ကြားက ကိုယ်မသိအောင် မင်း ဟိုကောင်နဲ့ဖုန်းခိုးပြောနေတယ်မဟုတ်လား''


"ကိုကိုနော် ကိုကိုပြောနေတဲ့ပုံစံက ခက်ကပဲ ကိုကို့နောက်ကွယ်မှာ ဖောက်လွဲဖောက်ပြန်လုပ်နေသလိုလိုနဲ့၊ ကိုကိုခက်ကို ဒီလောက်မှ အယုံအကြည်မရှိရင် ဘာလို့ယူထားသေးလဲ''


"ဘာလို့ယူထားလဲ မင်းမသိဘူးလား ဟမ်''


ခက်ရဲ့ခါးကို လက်တစ်ဖက်ဖြင့်ဖက်လိုက်ပြီး သူ့အနားဆွဲကပ်ပစ်လိုက်သည့် ကိုကို့ကို ခက် မျက်စောင်းလေးချီကာ...


"ဖယ် လွှတ်၊ တော်ပြီ ကိုကို့ကို ခက် ဘာမှမပြောပြတော့ဘူး၊ ခက်ပြောပြလဲ ခက်ကို ကိုကိုက အယုံအကြည်ရှိမှာမှ မဟုတ်ဘဲ၊ ဖယ်လို့ဆို''

"မင်းမပြောပြလဲ ကိုယ်သာတကယ်သိချင်ရင် စုံစမ်းကြည့်လို့ရတဲ့နည်းတွေမှ အများကြီးရှိတယ်၊ ဥပမာ ဝသန့်ကို အခု မင်းစုံစမ်းနေတဲ့အကြောင်းကို သွားပြောပြလိုက်တာပဲဖြစ်ဖြစ်...


"အဲ့လိုလုပ်လို့မရဘူးနော်၊ ခက် အဲ့ဒီ့မမအကြောင်း စုံစမ်းနေတာကို ကိုကြီးသိသွားရင် ခက်ကို ဆူမှာ၊ နောက်ပြီး...

"နောက်ပြီး ဘာဖြစ်လဲ?''


မျက်လုံးပင့်ပြီးမေးလာသည့် ကိုကို့ကို ခက် စိတ်ရှုပ်သလိုလေးကြည့်လိုက်ပြီး...


"ကိုကိုက ကိုကြီးကို သွားမပြောဘူးဆိုမှ ခက်ကပြောပြမှာ''

"ကိုယ့်ကို မယုံဘူးလား''


"ယုံတာက ယုံပါတယ်''

"ယုံရင်ယုံတယ် မယုံရင်မယုံဘူးပြောကွာ၊ ယုံတာကယုံပါတယ်ဆိုတာကြီးကဘာလဲ''


"ခက်ပြောပြမယ့်အကြောင်းကို ကိုကြီးသိသွားလို့ မဖြစ်လို့ပါ၊ တကယ်က ကိုကြီးရဲ့ရည်းစားအကြောင်းကို သိချင်တာက ခက် မဟုတ်ဘူး၊ ဂူးဂူးကသိချင်တာ''


ခက်စကားအဆုံး နားရှုပ်သွားဟန်ရှိသည့် ကိုကိုက မျက်ခုံးတွေကို တွန့်ကျုံ့ပစ်လိုက်တာမို့..


"ဂူးဂူးက ကိုကြီးကို စိတ်ဝင်စားနေတာလေ၊ ဒီအကြောင်းကို ကိုကို သူများတွေကို လျှောက်မပြောရဘူးနော်''


သူ့ရင်ခွင်ထဲကနေ လက်ညှိုးလေးထိုးပြီး သတိပေးနေသည့် ပူတူးကြောင့် ဂုဏ် ဟက်ခနဲရယ်လိုက်ကာ..


"ကိုယ်က ပါးစပ်ဖွာတဲ့ကောင်လား ပူတူးရ''

"စကားစပ်မိပြီးပြောဖြစ်သွားမှာစိုးလို့ပါ၊ ဒီအကြောင်းကို သူများတွေသိသွားရင် ဂူးဂူးပဲ သိက္ခာကျသွားမှာလေ၊ အဲ့ဒါကြောင့်''


"ဒီလောက်တော့ ကိုယ်လဲ နားလည်ပါတယ်၊ ဒါနဲ့ နေစမ်းပါဦး မင်းတို့က ဝသန့်ရည်းစားအကြောင်းကို စုံစမ်းပြီး ဘာလုပ်ကြမှာလဲ''

"မသိဘူးလေ၊ အခုကတော့ သိချင်လို့ စုံစမ်းရုံပါပဲ၊ နောက်ကို ဘာဆက်လုပ်ရမလဲ မသိသေးဘူး''


"အေးဗျ ကိုကိုတစ်ခါတည်းမှာထားမယ်နော်၊ ဂူးဂူးက မင်းသူငယ်ချင်းမို့ ကြားထဲက ကူညီပြီးစုံစမ်းပေးတာက ပြဿနာမဟုတ်ပေမယ့် ဟိုတစ်ဖက်သားကို ဒုက္ခရောက်အောင် အကောက်ကြံတာမျိုး လုပ်လာရင် ကိုကို မင်းကို တုတ်ကြီးကြီးနဲ့ရိုက်မှာ သိလား၊ နောက်ပြီး အခုလို ဟိုကောင်နဲ့ဖုန်းပြောတာမျိုး ထပ်မလုပ်နဲ့၊ ကိုယ် ဘယ်လောက်သဝန်တိုတတ်သလဲဆိုတာ မင်းအသိဆုံးနော်''


"အင်းပါ ကိုကိုကလဲ၊ ကိုကို မကြိုက်တာကို ခက် ဘယ်တုန်းကလုပ်ဖူးလို့လဲလို့''

"အခုပဲ လုပ်နေလို့ ကိုယ်စိတ်တိုနေရတာမဟုတ်ဘူးလား''


ဂုဏ် ဒီလိုပြောလိုက်တော့ သူ့ရင်ခွင်ထဲတိုးဝင်လာပြီး ရင်ဘတ်ကြီးကို သူမပါးလေးနဲ့ဖိပွတ်လိုက်ရင်း...


"အဲ့ဒါက ကိုကိုက ခက်ရှင်းပြတာကိုမှ နားမထောင်တာကို၊ စိတ်ချ ခက်က ကိုကို မကြိုက်ဘူးထင်တဲ့အရာကို လုပ်ဖို့အတွေးမရှိဘူး သိလား၊ ဒါပေမယ့် အစ်ကိုနဲ့ ဖုန်းတစ်ခါလောက်တော့ ပြောခွင့်ပြုဦး''


"ဘာကွ''


ဂုဏ် သူ့ရင်ဘတ်နဲ့အတင်းကပ်ထားသည့် မျက်နှာလေးအား ငုံ့ကြည့်ပြီး အော်လိုက်တော့ သူ့မျက်နှာကို မော့ကြည့်ရင်း ရယ်ကျဲကျဲလုပ်နေသည့် သူမလေးက...


"အဟီး.. ခုနက ဟိုမမအကြောင်း ဘာမှမသိလိုက်ရသေးလို့ပါ''

"ပူတူး... မင်း..


"ကိုကို့ရှေ့မှာပဲ speakerဖွင့်ပြီး ပြောမယ်လေ နော် နော်လို့ ကိုကို နော်''

"တကယ့် မနိုင်စိန်ပဲကွာ''


နှုတ်ခမ်းလေးစူပြလိုက် မျက်တောင်လေးခတ်ပြလိုက်နဲ့ ဒီလောက်ချွဲပြီးတောင်းဆိုနေမှတော့ ဘယ်လိုလူက အလိုမလိုက်ဘဲနေနိုင်မှာလဲ။ ဒီကလေး သူ့ကို ကောင်းကောင်းကြီး ချည်နိုင် ချုပ်နိုင်လွန်းအားကြီးသည်။ 


အဲ့ဒါကြောင့် ပြောတာပေါ့။ 

တစ်သက်လုံး ဘယ်သူ့စကားမှနားမထောင်ဘဲ လွတ်လွတ်လပ်လပ်နဲ့ လွင့်ချင်ရာလွင့်နေတဲ့ သူလိုလူကို တစ်ချက်ကလေးမှ မလှုပ်နိုင်အောင် ချုပ်ထားနိုင်တဲ့ သူ့ရဲ့နှောင်ကြိုးလေးပါဆို။


>>>>>>>>>><<<<<<<<<<


"မာမီ နှင်းစက် သူငယ်ချင်းတွေနဲ့ချိန်းထားလို့ အပြင်သွားဦးမယ်''


ဘုရားခန်းထဲမှ ထွက်လာလာချင်း အပြင်သွားဖို့ လာပြီးခွင့်တောင်းနေသည့် နှင်းစက်ကို ဒေါ်နန်းမြင့်သူ တစ်ချက်ကြည့်လိုက်သည်။ ခေါင်းအစ ခြေအဆုံးကျော့မော့နေအောင် ပြင်ထားပြီး လက်တစ်ဖက်ကလဲ ကားသော့လေးတရမ်းရမ်းဖြင့်။


"မာမီနဲ့ ခဏလောက် စကားပြောရအောင် သမီး''

"နှင်းစက်က ချိန်းထားတာ နောက်ကျနေပြီ မာမီရဲ့''


"ခဏလေးပါ တကယ် ခဏလေးပဲ''ဆိုပြီး ဒေါ်နန်းမြင့်သူ ဝရံတာဘက်ထွက်သွားလိုက်၏။ 


အချိန်က မွန်းလွဲ ၃နာရီလောက်ဆိုပေမယ့် မိုးအုံ့နေတာကြောင့် ရာသီဥတုက အေးအေးချမ်းချမ်းလေးရှိသည်။ 


"မာမီ နှင်းစက်ကို ဘာပြောချင်လို့လဲဟင်''


ဝရံတာ လက်ရန်းပေါ်ကို လက်နှစ်ဖက်တင်ထားရင်း အပြင်ကိုငေးကြည့်နေစဥ် နောက်ကနေမေးလိုက်သည့် နှင်းစက်အသံကြောင့် နောက်လှည့်ကြည့်လိုက်ပြီး..


"သမီး အလုပ်လျှောက်မလို့လုပ်နေတယ်ဆို''

"ဟုတ်တယ် မာမီ၊ ကနေဒါက ကုမ္ပဏီမှာလေ၊ ဂုဏ်လေး အခု အလုပ်ဝင်နေတဲ့ ကုမ္ပဏီ''


"ရည်ရွယ်ချက်က ဘာလဲ''

"မာမီက ဘာကိုမေးချင်တာလဲ''


"သမီး အဲ့ဒီ့ကုမ္ပဏီကို အလုပ်လျှောက်ရတဲ့ ရည်ရွယ်ချက်ကိုမေးတာ''

"ဪ... မာမီရယ် အလုပ်လျှောက်ပါတယ်ဆိုမှ အလုပ်လိုချင်လို့ပေါ့ အဟွန်း''


နှင်းစက် ရယ်ရယ်မောမောပဲ ဖြေလိုက်ပေမယ့် မာမီ့ရဲ့မျက်နှာပေါ်က တင်းမာမှုတွေက ရှိနေဆဲပါ။ ဒါ့ကြောင့် တစ်ဖက်ကို မျက်နှာခပ်လွှဲလွှဲလေးလုပ်လိုက်တော့....


"သမီးက တကယ်အလုပ်လုပ်ချင်ရင် အဲ့ဒီ့ကုမ္ပဏီထက် ကောင်းတဲ့ကုမ္ပဏီတွေမှာ မာမီသွင်းပေးလို့ရပါတယ်၊ ဒါပေမယ့် သမီးက ဒီကုမ္ပဏီကိုမှ ရွေးပြီးအလုပ်ဝင်ချင်နေတယ်ထင်လို့...


"နှင်းစက် အလုပ်လျှောက်တာကို မာမီ သဘောမကျလို့လားဟင်''

"အလုပ်လျှောက်တာက သမီးရဲ့ဆန္ဒနဲ့ သမီးလုပ်တာလေ မာမီက ဘာလို့သဘောမကျရမှာလဲ၊ ဒါပေမယ့် တစ်ခုပဲ၊ မရိုးသားတဲ့စိတ်နဲ့ လုပ်နေတာမျိုး မဖြစ်စေချင်ဘူး''


သူမ ဒီလိုဆိုလိုက်တော့ နှင်းစက်က သူမကို ထူးဆန်းသလိုကြည့်လာပြီး...


"မာမီပြောတဲ့ မရိုးသားတဲ့စိတ်ဆိုတာက...

"မနေ့က သမီးရဲ့ဒယ်ဒီနဲ့ ဖုန်းပြောဖြစ်တယ်၊ အကိုက သမီးကို သူ့ကုမ္ပဏီမှာ ဦးစီးဖို့ပြောတာကို သမီးက ငြင်းလိုက်တယ်တဲ့၊ အဲ့ဒါ ဘာဖြစ်လို့လဲ သမီး''


"မလုပ်ချင်လို့ပေါ့ မာမီ''

"မလုပ်ချင်ရတဲ့ အကြောင်းပြချက်က ဘာလဲ''


"ဒယ်ဒီပိုင်တဲ့အရာကို နှင်းစက်ပိုင်တယ်လို့ မထင်လို့''

"အရင်က သမီးဒီလိုမဟုတ်ပါဘူး''


"နှင်းစက်က ပြောင်းလဲလို့မရဘူးလား''

"ရပါတယ် သမီးပြောင်းလဲလို့ရတယ်၊ ဒါပေမယ့် အဲ့ဒီ့ပြောင်းလဲခြင်းက တခြားသူတွေကို ဒုက္ခမပေးဖို့ မျှော်လင့်တယ်''


မာမီ့ရဲ့စကားတွေကို နှင်းစက် နားလည်သလိုလိုရှိပေမယ့် အတိအကျတော့မဟုတ်။ မာမီ့ရဲ့မျက်နှာမကောင်းတာက ဒယ်ဒီပေးတဲ့အခွင့်အရေးကို ငြင်းလိုက်လို့မဟုတ်ဘူးဆိုတာတော့ သေချာသည်။ ဒါဆို ဂုဏ်နဲ့အလုပ်အတူတူလုပ်မယ်ဆိုတာကို သဘောမကျတာလား။ 


"မာမီလဲ အရင်က ဒီလိုမဟုတ်ပါဘူး၊ နှင်းစက်ကို ဂုဏ်နဲ့ မာမီသဘောတူခဲ့တာ မဟုတ်ဘူးလား''

"ဟုတ်တယ် မာမီ သဘောတူခဲ့တယ်၊ အဲ့ဒါ အတိတ်ဖြစ်သွားပြီ၊ အခုချိန်မှာ မျိုးရိုးဂုဏ်က သူ့အိမ်ထောင်နဲ့သူဖြစ်နေပြီ၊ သမီးအနေနဲ့ မနှောင့်ယှက်သင့်ဘူးလို့ မာမီထင်တယ်''


"နှင်းစက်ကလဲ သူတို့ကို နှောင့်ယှက်ဖို့အတွေးမရှိပါဘူး၊ ဒယ်ဒီပေးလာတဲ့ အခွင့်အရေးကို မယူဘူးဆိုတာက ခုနက နှင်းစက်ပြောသလိုပဲ ဒယ်ဒီပိုင်ပစ္စည်းကို နှင်းစက်ပိုင်တယ်လို့ မထင်လို့၊ နောက်ပြီး နှင်းစက်ထက်စာရင် ဝသန်က ဦးစီးဦးဆောင်လုပ်မယ်ဆိုရင် ပိုပြီးသင့်တော့မယ်ထင်လို့ နှင်းစက်ငြင်းလိုက်တာ''


"ဒါဆို မျိုးရိုးဂုဏ်လုပ်နေတဲ့ ကုမ္ပဏီမှာ အလုပ်ဝင်ဖို့ ကြိုးစားတာကရော?''

"ဂုဏ်နဲ့ နှင်းစက်က ITနဲ့ကျောင်းပြီးထားတာလေ မာမီ၊ အဲ့တော့ နှင်းစက်တို့ အလုပ်ဝင်မယ့်နေရာက တူနေနိုင်တာပဲ''


မျက်နှာမပျက်ဘဲ ပြောနေသည့် နှင်းစက်ကို ဒေါ်နန်းမြင့်သူ အကဲခတ်ကြည့်လိုက်စဥ် သူမကို ရဲရဲမကြည့်ဘဲ မျက်နှာလွှဲနေတာမို့ စိတ်ထဲခုသွားကာ...


"ဒီအတိုင်း ဖြစ်ပါစေလို့ပဲ မာမီဆုတောင်းတယ် နှင်းစက်၊ သမီးသိအောင် မာမီတစ်ခုတော့ပြောထားမယ်၊ အခုချိန်မှာ သမီး နွေသစ်ခက်ဆီကနေ မျိုးရိုးဂုဏ်ကို လုလိုက်ရင် သမီးဟာ သမီးအရမ်းမုန်းတဲ့ သက်ထားနဲ့ အတူတူပဲဖြစ်သွားမယ်တာ သိထားပါ၊ ပိုပြီးဆိုးတာတစ်ခုက သက်ထားကို အကိုက ချစ်သလို သမီးကို မျိုးရိုးဂုဏ်က ချစ်မယ်ထင်သလား၊ မာမီတော့ မထင်ဘူး၊ အဲ့ဒီ့ကောင်လေး နွေသစ်ခက်ကို ဘယ်လောက်တောင်ချစ်လိုက်သလဲဆိုတာ သမီးသိထားသလောက် မာမီသိထားတယ်၊ မာမီ့ သမီးလေး အမှားနဲ့အမှန်ကို မှန်ကန်စွာ ရွေးချယ်နိုင်ပါစေကွယ်''


ရှည်လျားလှသည့် ဝါကျတစ်ကြောင်း ပြီးဆုံးသွားသည့်နောက်မှာတော့ မာမီဟာ နှင်းစက်ကို ကျောခိုင်းပြီးထွက်သွား၏။ သို့ပေမယ့် မာမီ့စကားတွေကတော့ နှင်းစက်ရဲ့ ရင်ထဲမှာရော အသည်းထဲမှာပါ ကျန်နေခဲ့သည်။


အမှားနဲ့အမှန်ကို ဆုံးဖြတ်နိုင်ပါစေတဲ့လား မာမီ။ မာမီတို့ လက်ခံထားတဲ့အမှားက နှင်းစက်အတွက် အမှန်ဖြစ်နေတယ်ဆိုရင် နှင်းစက်ရဲ့ ရွေးချယ်မှုက မှားသွားနိုင်သလား?။


>>>>>>>>>><<<<<<<<<<


"နာမည် အပြည့်အစုံက မေစန္ဒာတဲ့၊ အသက်က ၂၅နှစ် ကိုကြီးထက် တစ်နှစ်ကြီးတယ်''

"အဲ့ဒါကြောင့် ကိုကို့ကို မောင်လို့ခေါ်တာနေမှာ၊ ဒါနဲ့ အဲ့ဒီမမက ဘာလုပ်တာလဲသိခဲ့လားဟင်?''


"အရောင်းဆိုင် တစ်ခုရဲ့ ငွေစာရင်းဌာနမှာ အလုပ်လုပ်တယ်၊ မိဘတွေကတော့ နယ်ဘက်ကလို့ပြောတာပဲ၊ အခုလက်ရှိက သူငယ်ချင်းတွေနဲ့ အဆောင်မှာနေတယ်တဲ့''


ခက် သိလာသမျှအားလုံးကို တန်းစီပြောပြလိုက်ပြီး အရှေ့မှာချထားသည့် ရေခွက်ကိုမော့သောက်ပစ်လိုက်၏။ 


"ဘယ်အဆောင်လဲဆိုတာရော မမေးခဲ့ဘူးလားဟဲ့''

"အမလေး ဒေါ်ဂူးဂူးရတီရယ် ကျွန်မမှာ ဒီလောက်သိရဖို့ကို ဘယ်လောက် အားထုတ်ခဲ့ရတယ်မှတ်လဲ ဟွန့်၊ ကံကောင်းလို့ ကိုကိုရိုက်တာ မခံရတယ်''


"ဟယ် အဲ့လောက်တောင်လား''

"ကိုကိုက ခက်ကို အစ်ကိုနေအရိပ်နဲ့ မပတ်သတ်ရဘူးလို့ မှာထားတာ၊ ဒါပေမယ့် အခု အဲ့ဒီ့မမအကြောင်းသိဖို့က အစ်ကိုနေအရိပ်ကိုမေးမှ ဖြစ်မှာလေ၊ အဲ့ဒါ ကိုကိုမသိအောင်လို့ ဖုန်းခိုးဆက်ပြီးမေးတာကို မိသွားပြီး ခက်ကို အတော်စိတ်ဆိုးသွားတာ''


"အခုရော?''

"အဟွန်း... ချော့လိုက်တာလေ၊ ဒါတောင် ခက်ကိုမယုံလို့ သူ့ရှေ့မှာ speakerဖွင့်ပြီး အစ်ကိုနဲ့ဖုန်းပြောရတာ''


"ဒါဆို ငါ့အကြောင်းကိုရော ကိုမျိုးရိုးဂုဏ် သိသွားတယ်ပေါ့''


ဂူးဂူးရဲ့အမေးကိုကြားမှ ခက် အားနာပြီး မဲ့တဲ့တဲ့လေးပြုံးပြလိုက်ကာ...


"ကိုကိုက ခက်ကို အစ်ကိုနဲ့ အထင်လွဲပြီး အရမ်းစိတ်ဆိုးသွားလို့ ခက် နင့်အကြောင်းကို ပြောပြလိုက်မိတယ်၊ ခက် တောင်းပန်ပါတယ်နော်၊ ခက်ကို စိတ်မဆိုးပါနဲ့''


"မဆိုးပါဘူး ဂူးက ဘာလို့စိတ်ဆိုးရမှာလဲ၊ သိသွားတော့ ဘာဖြစ်လဲ၊ အခုမသိလဲ တစ်ချိန်ကျ သိရမှာပဲလေ နော် အဟွန်း...


စရင်း နောက်ရင်းနဲ့ပင် ပြောနေသည့် ဂူးဂူးကြောင့် ခက် စိတ်ပေါ့သွား၏။


"အခု အဲ့ဒီ့မမအကြောင်း သိပြီဆိုတော့ နင်ဘာလုပ်မှာလဲ ဂူးဂူး''

"လိုက်ချောင်းမှာပေါ့''


"ဘာရယ်''

"အရင်ဆုံး အဲ့ဒီ့မမရဲ့ အမူအကျင့်တွေကို လေ့လာကြည့်မလို့''


"လေ့လာပွီးတော့...

"မသိတော့ဘူး အခုထိကတော့ အဲ့ဒီ့မမရဲ့အကြောင်းကို သိချင်တာပဲရှိတယ်၊ ဘာဆက်လုပ်ရမလဲဆိုတာ မသိဘူး''


တကယ်လဲ ဂူးဂူးမသိပါ။ ကိုကို့ရည်းစားအကြောင်းကို သိချင်နေတာမို့ သိအောင်ကြိုးစားသည်။ အခုသိသွားတော့လဲ အဲ့ဒီမမကို လိုက်ကြည့်ဖို့ပဲတွေးမိပြီး တခြား ဘာလုပ်ရမယ်ဆိုတာ တကယ်မသိ။


"ဂူးဂူး နင့်ကိုငါ တစ်ခုပြောမယ်၊ စိတ်တော့မဆိုးနဲ့နော်''

"ဘာပြောမှာမို့လို့လဲ''


"ဟိုနေ့က ခက်ပြောတဲ့ ကိုကြီးတို့အတွဲကို မပြတ်လဲပြတ်အောင်လုပ်မယ်ဆိုတာလေ''

"အွန်း...


"ခက် အဲ့လိုမလုပ်ချင်ဘူး၊ သူတို့က အပြန်အလှန်တကယ်ချစ်နေကြတာဆိုရင် ခက် အဲ့လိုလုပ်တာက မတရားဘူးထင်လို့''

"ကိုမျိုးရိုးဂုဏ်က တစ်ခုခုပြောလိုက်လို့လား''


"ဟင်.. ကိုကိုပြောတာကို နင်ကဘယ်လိုသိလဲ?''

"အဟွန်း... မိခက် နင်ဟာလေ ဘယ်တော့မှ နှစ်ခါစစ်မေးစရာမလိုဘူး သိလား၊ စိတ်ချပါ ဂူးဂူးလဲ ကိုကို့ကို လိုက်မနှောင့်ယှက်ပါဘူး၊ ဟိုနေ့ကလဲ ဂူးဂူးစိတ်ထဲကပါလို့ပြောလိုက်တာမှ မဟုတ်ပဲ၊ ဒီအတိုင်း ကလေးအတွေးနဲ့လျှောက်ပြောလိုက်မိတာ''


ဖျော်ရည်ဘူးလေးကိုသာ စိုက်ကြည့်ပြီး ပြောနေသည့် ဂူးဂူးကို ကြည့်ပြီး ခက် စိတ်မကောင်းဖြစ်မိ၏။ ဂူးဂူးက ရုပ်ရည်လေးလှသလို စိတ်ထားလဲ ကောင်းသည်။ နောက်ပြီး သွက်လက်ချက်ချာတဲ့ ကောင်မလေး။ 


ကိုကြီးကို ဂူးဂူး တကယ်စိတ်ဝင်စားနေမှန်း အစကတည်းကသာ သူမ သိခဲ့ရင် တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ ခက် ကြားထဲကနေ ကူညီပေးခဲ့မယ်ထင်သည်။


>>>>>>>>>><<<<<<<<<<


"ပူတူးလေး ဘာလုပ်နေတာလဲ?''


အခန်းထဲက ဆိုဖာတွင်ထိုင်နေသော သူမကို အခန်းထဲဝင်လာလာချင်း မေးလိုက်သည့် ကိုကို့ကြောင့် ခက် မျက်နှာလေးရှုံ့မဲ့သွား၏။ ထို့နောက် အနားကိုလာရပ်သည့်ကိုကို့ကို မော့ကြည့်လိုက်ပြီး...


"အဟင့်.. ကိုကို့..

"ဘာလဲ ဘာဖြစ်လို့လဲ အသည်းလေး''


"ကိုကို ဒီမှာ ခက်ကို ကြည့်ပါဦး''ဆိုပြီး လက်လေးနှစ်ဖက်ကို သူရှေ့ထိုးပြ၏။ ရုတ်တရက်မို့ ဂုဏ် လက်လေးနှစ်ဖက်ကို ဖျတ်ခနဲကြည့်လိုက်ပြီး သူမဘေးကိုကပ်ထိုင်လိုက်ရင်း...


"ဘာဖြစ်လို့လဲ ပူတူးရဲ့၊ ဒီမှာ ကိုယ် ရင်တွေပါပူနေပြီ ပြော ဘာဖြစ်တာလဲ''

"ဒီမှာလေ အဟင့် ခက်ရဲ့လက်တွေခွာလို့မရတော့ဘူး''


"ဘယ်လို..

"ဒီမှာကြည့်ပါဆို ကိုကိုကလဲ၊ ဘာလို့ ခက့်ရဲ့မျက်နှာကိုပဲ လာကြည့်နေရတာတုန်း၊ ဒီမှာ ဒီမှာ ခက် လက်မနှစ်ချောင်း ခွာမရတော့ဘူး အဟင့် အဟင့် ဟီး...


ထိုအခါမှ ဂုဏ် အလန့်တကြားနဲ့ သူမရဲ့လက်တွေကိုပြန်ကြည့်လိုက်တော့ ဟုတ်ပါရဲ့ လက်မလေးနှစ်ချောင်းက သူမလေးပြောတဲ့အတိုင်း ပူးကပ်နေ၏။ 


တကယ့် မနိုင်စိန်လေးမို့ ဂုဏ် ဘာဖြစ်တာလဲလို့ မေးမနေတော့ဘဲ ဘေးဘီကို ဝေ့ကြည့်လိုက်တော့ ရှေ့က စားပွဲပေါ်က ခရမ်းရောင်ကလစ်အကျိုးလေးနဲ့ super grueဘူးလေး။


"Super grueတွေကိုင်ထားတယ်ပေါ့ ပူတူး''

"ခက်က ကလစ်လေးကျိုးသွားလို့ ပြန်ဆက်တာကို အဲ့ဒီ့ကော်က ကလစ်ကျတော့မကပ်ဘူး အဟင့် ခက်ရဲ့လက်ကျတော့ လာကပ်နေတာ၊ ခွာလို့ မရရင် ဘယ်လိုလုပ်မလဲ အဟင့် ဟီး ဟီး...


"ဘာလို့ ဒီလောက်အငိုသန်နေရတာလဲ၊ မငိုရပါဘူး တိတ် တိတ် ကိုယ်ခွာပေးမှာပေါ့၊ လာ ကိုကို့ကို လက်ပြ''


"ကိုကိုက ဆွဲခွာပစ်မှာမလား၊ ဟင့်အင်းနော် အဲ့လိုဆိုရင် ခက်ရဲ့ လက်ကလေးတွေ အရမ်းနာသွားမှာ''


"ကိုယ်က မင်းကို နာကျင်အောင်လုပ်ပါ့မလား၊ ပေးပါ မင်းလက်ကို''


ခက် ကိုကို့ကို ပေစောင်းစောင်းလေးကြည့်လိုက်ပြီးမှ ကိုကို့လက်ထဲကို သူမလက်နှစ်ဖက်ကို ထည့်ပေးလိုက်၏။ ကိုကိုက ကပ်နေသည့် လက်မနှစ်ချောင်းကို သေချာစူးစိုက်ကြည့်ပြီးမှ နေရာကနေ ဆတ်ခနဲထွက်သွားသည်။ ပြန်လာတော့ လက်ထဲမှာ နားကြပ်တံအထုပ်လေးနဲ့ ဘူးလေးတစ်ဘူးပါလာသည်။


"ကိုကို့ ဒါဘာတွေလဲ''

"ဟင်... ဒါတွေလား ဒီဘူးက နေကြာဆီဘူး၊ ဒါက နားကြပ်တံလေ''


"အဲ့ဒါတွေက ဘာလုပ်ဖို့လဲ''

"ကိုယ် fbမှာ တွေ့ဖူးတယ်၊ super grueနဲ့ ထိမိလို့ အခုလို အရေပြားတွေ အသားတွေပူးကပ်ကုန်ရင် ဒီလိုလုပ်ရတယ်ဆိုလို့''


ဂုဏ် ပြောရင်းမှ နားကြပ်တံကို နေကြာဆီဘူးထဲထည့်နှစ်လိုက်၏။ ပြီးတာနဲ့ ထိုနားကြပ်တံလေးဖြင့် ကပ်နေသည့် လက်မလေးနှစ်ခုကြားကို ဖိဖိပြီးဆွဲချကာ...


"တော်တော် ကလိတဲ့ ကလေးပဲကွာ၊ ကိုယ် ခဏလေး အောက်ထပ်ဆင်းသွားတာကို ပြဿနာရှာဖြစ်အောင် ရှာလိုက်သေးတယ်''

"ညနေကတည်းက ခက် ကလစ်လေးကျိုးသွားတာကို ကိုကို့ကိုပြောပြသားပဲ၊ ကိုကိုကမှ ပြန်ဆက်မပေးတာ ခက်ဟာခက် ဆက်ရတာပေါ့''


"ဒါဆို ကိုယ့်အပြစ်ပေါ့''

"ဟုတ်တယ် ကိုကို့အပြစ်''


"ညနေတုန်းက အဲ့ဒီ့ကလစ်ကိုပစ်လိုက်လို့ ကိုကို မပြောခဲ့ဘူးလား''

"ခက် မှ မပစ်ချင်တာကို၊ ဒီကလစ်လေးကို ခက် အရမ်းကြိုက်တာ''


စားပွဲပေါ်က ကလစ်လေးကို ပြန်ကြည့်ရင်း ပြောနေသည့် ပူတူး။ ဒီကောင်မလေး အစွဲအလန်းကြီးတာကိုတော့ သူ လက်မခံလို့မရ။


"ကဲ.. ရသွားပြီ''

"အဟွန်း.. ကိုကိုက တော်လိုက်တာ၊ ခက်က ခွာလို့မရတော့ဘူးထင်နေတာ အဟွန်း ဟွန်း..


သူမရဲ့ လက်လေးကို မြှောက်ကြည့်ရင်းပြောလိုက်စဥ် ကိုကိုက စားပွဲပေါ်က ကလစ်လေးကို super grueနဲ့သေချာလေး ဆက်နေတာမို့ ခက် ကိုကို့ရဲ့လက်မောင်းလေးကို ဆွဲဖက်လိုက်ပြီး ခေါင်းလေးမှီထားလိုက်တော့...


"တကယ့် ငချွဲလေးပဲကွာ၊ ဒီလို ပေါက်ကရလုပ်တတ်လွန်းတဲ့ ကိုယ့်ရဲ့ငချွဲလေးကို ဘယ်လိုစိတ်ချပြီး ခရီးထွက်ရပါ့မလဲ''

"ကိုကိုက ခရီးသွားမလို့လား၊ ဘယ်ကိုလဲဟင်''


သူ့ကိုစိုက်ကြည့်ပြီး ဆက်တိုက်မေးလာသည့်ပူတူးကြောင့် ဂုဏ် ကော်နဲ့ကပ်ပြီးသွားသည့် ကလစ်လေးကို စားပွဲပေါ်တင်လိုက်သည်။ ပြီးတာနဲ့ သူ့ဆီက အဖြေကိုစောင့်နေဟန်ရှိသည့် ပူတူးဘက်ကို လှည့်ထိုင်လိုက်ပြီး....


"ကိုယ် အလုပ်ဝင်နေတဲ့ ကုမ္ပဏီမှာ အရေးကြီးအစည်းအဝေးရှိလို့ နှစ်ရက်လောက် ကိုယ်သွားရမှာ''

"နှစ်ရက်တောင်လား?''


မျက်နှာလေးရှုံ့မဲ့မဲ့ဖြင့် မေးလာတာမို့ ဂုဏ် ကျေနပ်သွားကာ ပြုံးပြီးခေါင်းငြိမ့်ပြလိုက်တော့ သူ့ရင်ခွင်ထဲ ခေါင်းလေးတိုးဝင်လာသည့် သူ့ရဲ့အချွဲလေးက...


"ဘယ်နေ့သှားမှာလဲဟငျ?''

"မနက်ဖြန်''


"မနက်ဖြန်လား?''

"အွန်း.. ကိုယ်သွားရင် လွမ်းနေမယ်မဟုတ်လား ပူတူး''


"အင်းပေါ့ ခက်က ကျန်ခဲ့ရတာကို လွမ်းနေမှာပေါ့၊ နောက်ပြီး ကိုကိုမရှိရင် ခက်က ဒီအိမ်ကြီးမှာတစ်ယောက်တည်း... တစ်ယောက်တည်း... ဟီးဟီး ကိုကို့''


မျက်နှာငယ်လေးနဲ့ သူ့ကိုလွမ်းနေမယ့်အကြောင်း ပြောနေသည့် ပူတူးက ရုတ်တရက်ဆိုသလို ပြုံးစိစိဖြစ်သွားတာမို့ ဂုဏ် အလိုမကျဖြစ်သွားကာ...


"ဘာလဲကွာ လွမ်းနေမယ်ဆိုတဲ့သူကလဲ မျက်နှာက ပြုံးချိုနေလိုက်တာ ပုရွက်ဆိတ်တက်ကိုက်မှာတောင် ကြောက်ရတယ်၊ ကိုယ် ဒီအိမ်မှာမရှိတာကို အဲ့လောက်တောင် ပျော်သွားတာလား''


"မဟုတ်ပါဘူး ကိုကိုက ခက်ကို ထားခဲ့ပြီးခရီးသွားတာကို ခက်က ပြောျစရာလား၊ ခက် ပြုံးတယ်ဆိုတာက ကိုကို ခရီးသွားရင် ခက် မေမေ့ဆီခဏပြန်မယ်လေ နော် နော်''


"မပြန်ရပါဘူး''

"ဘာလို့လဲ ကိုကို ခရီးသွားတုန်းလေး ခဏပဲပြန်မှာကို၊ ကိုကိုပြန်လာရင် ခက်ကို ပြန်လာခေါ်လေ၊ ဒီအိမ်ကြီးမှာ ခက်ကို တစ်ယောက်တည်းထားခဲ့ဖို့ တွေးထားတာတော့ မဟုတ်ပါဘူးနော်''


"မင်းက တစ်ယောက်တည်းနေချင်ပါတယ်လို့ ပြောရင်တောင် ကိုယ်က စိတ်မချလို့မထားခဲ့ဘူး သိလား''


ခက်ရဲ့ ပါးလေးကိုဖဲ့ရင်းပြောလိုက်သည့် ကိုကို့ကို ခက် စူပုတ်ပုတ်လေးကြည့်ကာ...


"ဒါဆိုလဲ ခက်ကို မေမေ့ဆီမှာ နေခိုင်းလိုက်ပါဆို''

"အန်တီနဲ့ ဝသန့်ကို ဒီမှာ လာနေပေးဖို့ ကိုယ်ပြောထားတယ်''


"မေမေက လာနေမှာမဟုတ်ဘူး''

"အွန်း.. ဟုတ်တယ်၊ အန်တီက ဟိုအိမ်မှာ သူမရှိလို့ မဖြစ်ဘူးတဲ့''


"အဲ့ဒါကြောင့်ပြောတာပေါ့ ခက် ဟိုအိမ်ကိုသွားနေပါ့မယ်ဆို''

"နှင်းဆီမြိုင်မှာ မင်းကိုထားခဲ့ပြီး ကိုယ်ခရီးထွက်ဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ မင်းကို စိတ်မချတာနဲ့ပဲ ကိုယ်က နောက်ဆံတင်းနေရမှာ ပူတူးလေးရဲ့''


"ဘာကို စိတ်မချစရာရှိလဲ၊ စိတ်ချပါ ခက်လေ ကိုကို မကြိုက်တာ တစ်ခုမှမလုပ်ဘဲ လိမ်လိမ်မာမာလေးပဲနေမယ်လေ နော် နော်လို့ဆို''

"မရဘူးလို့ဆိုကွာ''


သူ ငြင်းလိုက်တာနဲ့ သူ့လက်ကိုဖက်ထားသည့် လက်တွေကို ဖြုတ်ကာ ဆိုဖာအစွန်းကို သွားထိုင်နေပြန်သည်။ တကယ့်ကို ချာတူးလန်နေအောင်ဆိုးတဲ့ အဆိုးမလေးပဲ။


"အန်တီက လာမနေဘူးဆိုပေမယ့် ဝသန်တော့ လာနေလိမ့်မယ်၊ ကိုယ်မရှိတုန်း ဝသန့်ရဲ့စကားကို နားထောင်ပြီး လိမ်လိမ်မာမာလေး နေခဲ့ကြားလား ပူတူးလေး'

"မကြားဘူး''


ဆတ်ခနဲ ရန်ပြန်တွေ့နေသည့် ပူတူးကြောင့် သူ အူယားသွားကာ သူမလေးနားကပ်ထိုင်လိုက်တော့...


"သွားနော် ခက် အနားလာမကပ်နဲ့''

"မနက်ဖြန်ကို ခရီးသွားမှာပါဆိုကွာ၊ ဘာလို့ အသည်းလေးက သွားခါနီး လာခါနီး ကိုယ့်ကို စိတ်မကောင်းအောင် လုပ်နေရတာလဲ''


သူမကို သူ့ရင်ခွင်ထဲ အတင်းထိုးထည့်ရင်းပြောနေသည့် ကိုကို့ကို ခက် မျက်စောင်းလေးထိုးကာ..


"ကိုကိုက ခက် ပြောတာကိုကျတော့ နားမှမထောင်တာကို''

"နားမထောင်တာမဟုတ်ဘူး ပူးတူးရဲ့၊ ဒီမှာ ကိုယ်ပြောပြမယ်''


"ဟင့်အင်း မပြောနဲ့ မကြားချင်ဘူး''


နားကိုလက်နှစ်ဖက်ဖြင့်ပိတ်ထားပြီး ပြောလိုက်သည့် ပူတူးကြောင့် ဂုဏ် သက်ပြင်းလေးချလိုက်ပြီး...


"ကိုကိုက စိတ်မချလို့ပါကွာ''

"ကိုကိုက လုံးဝမတရားဘူးသိလား၊ သူကျတော့ သွားချင်တဲ့နေရာကို လွတ်လွတ်လပ်လပ်ပဲ သွားနေပြီးတော့ ခက်ကျမှ ဟိုမသွားရဘူး ဒီမလာရဘူးနဲ့ အနိုင်ကျင့်နေတာ ခက်သိတယ်''


"မဟုတ်တာကွာ''

"ဟုတ်တယ် ဟုတ်တယ်၊ စိတ်မချလို့ပါဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုကို ခက်ကို ချုပ်ခြယ်သလို ခက်လဲ ကိုကို့ကိုစိတ်မချလို့ ဘယ်မှမသွားရဘူး''


နှုတ်ခမ်းလေး မဲ့ရွဲ့ပြီးပြောနေပုံက သူ့ကို အပီအပြင်စိတ်ဆိုးနေတာ သေချာသည်လေ။ ဒါ့ကြောင့် ဂုဏ် ချော့ဖို့ပဲအာရုံစိုက်လိုက်ပြီး သူမကို သူပေါင်ပေါ်ဆတ်ခနဲပွေ့တင်လိုက်တော့...


"ဖယ်ပါ ပွတ်သီးပွတ်သပ်နဲ့ ခက်ကို ချော့ပြောဖို့ မကြိုးစားနဲ့၊ မရဘူး သိလား၊ ခက်ကို ကိုကို့စိတ်ကြိုက်နေစေချင်ရင် ကိုကိုလဲ ခက့်စိတ်ကြိုက်နေပေးရမှာပဲ''


"အရမ်းတွေဂျီကျနေပါ့လားကွ''

"ဂျီကျတယ်ထင်ရင်လဲ ဟုတ်တယ် ဂျီကျတယ်၊ ကိုကို ဘယ်မှမသွားရဘူး''


ကလေးငယ်လေးသဖွယ် စူစူပုတ်ပုတ်လေး ဂျီကျနေတာမို့ ဂုဏ် ချစ်စိတ်တွေတိုးလာကာ ပါးလေးနှစ်ဖက်ကို တစ်လှည့်စီနမ်းပစ်လိုက်၏။ ပြီးတာနဲ့ သူ့ကိုမီးတောက်မတတ်စိုက်ကြည့်နေသည့် သူမကို ကြည့်ကာ...


"ပူတူးရော လိုက်ခဲ့မလား?''

"မလိုက်ပါဘူး၊ အဲ့ဒီ့မှာ ကိုကို့ရဲ့အဆက်ဟောင်းတွေ အများကြီးရှိတာ ခက်သိတယ်၊ တော်ကြာ ခက် လိုက်လာလို့ ကိုကိုရှုပ်ချင်တိုင်း ရှုပ်မရမှာစိုးပါတယ်''


"အဟက်.. သဝန်တိုနေတာကွ၊ ဟုတ်တယ်မလားကိုယ့်ကလေးက ကိုယ့်ကို သဝန်တွေတိုပြီး စိတ်မချဖြစ်နေတာလေ''

"ခက်က သဝန်မတိုရဘူးလား''


"အွန်း... မတိုရဘူး၊ ကိုယ့်မှာရှိသမျှ အချစ်တွေအားလုံးကို ဟော့ဒီ့ကပူတူးကို ပုံပေးထားလို့ သဝန်တိုနေစရာမလိုဘူး သိလား''

"အို.. အဲ့ဒီ့အချစ်က မြင်ရတာမှတ်လို့''


"ကိုယ့်ကိုတော့ မြင်ရတယ်မလား၊ ကိုယ့်ရဲ့အပြုအမူလေးတွေတစ်ဆင့် ပူတူးကို ဘယ်လောက်ချစ်ကြောင်း ကိုယ်ထုတ်ဖော်ပြနေတာပဲလေ မဟုတ်ဘူးလား''


နဖူးလေးနမ်းလိုက် ပါးလေးနမ်းလိုက်နဲ့ ခက်ကို နားလည်အောင်ရှင်းပြနေပေမယ့် ခက် နှုတ်ခမ်းကို စူထားဆဲ။ မျက်စောင်းလေးခဲထားဆဲ။ သို့ပေမယ့် ကိုကို့မျက်နှာကတော့ အပြုံးမပျက်ဘဲ ခက်ကို ကလေးဆိုးလေးလို ကြည့်နေသည်။


"ကိုယ့်ကလေးလေး လိမ္မာတာ ကိုယ်အသိဆုံး၊ ကိုယ့်ကိုကျမှ တမင်သပ်သပ် နွဲ့ဆိုးဆိုးနေတာလဲ ကိုယ်သိတယ်၊ ဒါပေမယ့် ကိုယ် မရှိတဲ့ နှစ်ရက်လောက်တော့ ရင့်ကျက်ပေးဦး''


"မသိဘူး ခက် နေချင်သလို နေမယ်''

"ကိုယ်နေစေချင်သလို နေမယ်လို့ ကိုယ်ယုံကြည်တယ်''


ဂုဏ် ဒီလိုထပ်ပြောလိုက်ပေမယ့် သူမလေးက ဘာမှထပ်ပြောလာခြင်းမရှိ။ တစ်နေ့ထက် တစ်နေ့ သူ့အပေါ်ကို ဆိုးနွဲ့လွန်းလာသည့် ပူတူးကို သူစိတ်မပျက်နိုင်စွာပင် လည်တိုင်လေးကို ဖိကပ်နမ်းရှိုက်ပစ်လိုက်ပြီး...


"ဒီနေ့ ခေါင်းလျှော်ထားတယ်မဟုတ်လား၊ ကိုယ်ပြန်မလာမချင်း ခေါင်းထပ်လျှော်ဖို့ မတွေးနဲ့ဦး''

"အဲ့ဒါ ခက်သဘော''


"ကိုယ့်ကို အရွဲ့တိုက်ပြီး မင်းသဘောအတိုင်းလုပ်ရင် ကိုယ်ပြန်လာရင် မင်းသိမယ်၊ ပြီးတော့ ဒီနှစ်ရက်ကို ခြံထဲက အပင်တွေကို ရေလောင်းဖို့ ကိုယ် ဦးမောင်ကို မှာခဲ့တယ်၊ ပူတူး မလုပ်ရဘူးနော်၊ ကိုယ်မရှိတော့ မင်း ရေကိုအကြိုက်ဆော့နေမှာ ကိုယ်သိလို့''

".......''


"ကျောင်းအကြိုအပို့ကို ဝသန်ကပဲလုပ်ပေးလိမ့်မယ်၊ မတည့်တာတွေလဲ မစားနဲ့၊ နောက်ပြီး ကိုယ်သွားတဲ့နှစ်ရက်မှာ ပူတူးလေးကျောင်းသွားရင် ဝတ်ဖို့အင်္ကျီတွေ ကိုယ်ပြင်ပေးခဲ့တယ်၊ ကိုယ်မရှိဘူးဆိုပြီး အရမ်းချစ်ဖို့ကောင်းနေတာတွေ ဝတ်မှာစိုးလို့ အဟွန်း''


ခရီးနှစ်ရက်လောက်ထွက်ဖို့ကို တစ်သီတစ်တန်းကြီး မှာနေပုံက သိပ်ကို အကဲပိုလွန်းမှန်းသိသာသည်။ ဒါပေမယ့် သူ့အဆိုးလေးအကြောင်း သူအသိဆုံး။ ဒီလောက် ဂရုတစိုက်နဲ့ မှာနေ ပြောနေတာတောင်မှ လုပ်ချင်ရာလုပ်မယ့်ပုံစံလေး။ 


"ကိုကို စိတ်ချမယ်နော် ပူတူး''

"အင်း''


"ကိုကို စိတ်ချမယ်လို့''

"အင်းပါဆို''


"စူပုတ်နေတာပဲကွာ၊ ပြုံးပြစမ်းပါဦး ပူတူးလေးရဲ့''

"မပြုံးချင်ပါဘူး ဖယ်၊ ခက် သွားအိပ်တော့မယ်''


ခက် ကိုကို့ရင်ခွင်ထဲကနေ ရုန်းထွက်လိုက်ပြီး ကုတင်ပေါ်တက်ကာ အိပ်ဖို့ပြင်လိုက်သည်အထိ ကိုကိုက ထိုနေရာမှထမလာသေးပဲ ခက်ကိုသာ စိုက်ကြည့်နေ၏။ 


ခက်ကို ကြည့်နေမှန်းသိပေမယ့် မသိချင်ယောင်ဆောင်ပြီး လှဲအိပ်လိုက်တော့ ကိုကို့ထံမှ သက်ပြင်းချသံလေးကြားလိုက်ရ၏။


ခက် ဂျီကျပြီး ဆိုးလွန်းလို့ ကိုကို စိတ်ညစ်သွားတာလား?

ဒီလိုတွေးမိလိုက်သည့်အချိန် ခက်ရဲ့အကြည့်တို့က ကိုကို့ဆီပြန်ရောက်သွား၏။


ကိုကိုက ခုနကလို ဆိုဖာပေါ်မှာ မဟုတ်တော့ဘဲ ဘီဒိုထဲက အဝတ်အစားတချို့ကို လက်ဂေ့ချ်ထဲထည့်နေတာမို့ ခက် ကိုကို့ဆီပြန်လျှောက်သွားလိုက်၏။


"အဝတ်အစားတွေက အခုမှ ထည့်မှာလား?''

"မအိပ်သေးဘူးလား ပူတူးလေး၊ ၉နာရီတောင်ခွဲနေပြီလေ၊ သွား အိပ်တော့ မနက်ကျရင် ကျောင်းသွားရဦးမှာမလား?''


သွားအိပ်ဖို့ပြောလိုက်ပေမယ့် သူမလေးကတော့ မကြားသလိုပင်။ ဘီဒိုရှေ့ရပ်နေသည့် သူ့ကို အတင်းတိုးတိုက်လိုက်ပြီး အဝတ်အစားတွေကို သူမလေး ကိုယ်တိုင်ထုတ်ကာ လက်ဂေ့ချ်ထဲထည့်နေတာမို့ ဒီကလေးလေးရဲ့ သိတတ်မှုကို ကြည့်ကာ ကြည်နူးသွားရပြန်သည်။


"ဟိုရောက်ရင် ခက်ကို တစ်နေ့တစ်ခါ ဖုန်းဆက်ရမှာနော်၊ မဆက်ရင် ခက် ကိုကို့ကိုစိတ်ဆိုးမှာ''

"ဒါ မှာစရာလိုလို့လား ပူတူးရာ၊ မင်း မပြောလဲ ကိုယ်က ဆက်မှာကို သိတယ်မဟုတ်ဘူးလား''


"နောက်ပြီး အလုပ်ကိစ္စလို့ ခက်ကို ပြောထားတာနော်၊ အေး အလုပ်ကိစ္စပဲလုပ်ခဲ့၊ တခြားအလုပ်မဟုတ်တာတွေ လုပ်လာရင် ခက် ကိုကို့ကို မခေါ်တော့ဘူး''


ဘာကိုဆိုလိုချင်မှန်း သိနေတာမို့ ဂုဏ် မျက်လုံးတွေမှေးစင်းသွားသည်အထိ ပြုံးလိုက်ပြီးမှ...


"စိတ်မချရင် ပူတူးပါ လိုက်ခဲ့လို့ရတယ်''

"အို... မလိုက်ပါဘူး၊ ခက်က ကိုကို့လို အားနေတာမဟုတ်ဘူး''


အခုထိ စူပုတ်နေဆဲမျက်နှာလှလှလေးကို ဂုဏ် ကြည့်လို့မဝသလို ချစ်လို့လဲမဝ။ ချစ်စရာကလေးလေးနဲ့ နှစ်ရက်ကြီးတောင် ခွဲရမယ်ဆိုတဲ့ အတွေးက သူ့ကို ဆွေးစေသည်။ ဒါ့ကြောင့် သူ့အတွက်ပစ္စည်းတွေ ထည့်ပေးရင်း အလုပ်များနေသည့် ပူတူးလေးကို ခါးလေးမှဖက်လိုက်ပြီး သူမရဲ့ပုခုံးပေါ် မေးတင်လိုက်ရင်း...


"ကိုယ်က ပူတူးနဲ့ခွဲရမှာကို မကြိုက်လို့ ဖြစ်နိုင်ရင် မသွားချင်ဘူး''

"နှစ်ရက်တည်းမလား''


"နှစ်ရက်တည်း....ပူတူးက နှစ်ရက်ကို ခဏလေးလို့ ထင်နေတာလား၊ ကိုယ့်အတွက်ကတော့ အရမ်းကြာလွန်းတယ်ကွ၊ မိုးလင်းလို့ မျက်လုံးဖွင့်တဲ့အချိန် ကိုယ့်ဘေးမှာ မင်းမရှိဘူးဆိုတဲ့ ခံစားချက်ကြီးကို နှစ်ခါတောင် ခံစားရမှာ''


ပြုံးပြီးပြောနေတယ်ဆိုပေမယ့် ကိုကို စိတ်မကောင်းဖြစ်နေတာကို ခက်သိသည်။ ဒါ့ကြောင့် နောက်မှာရပ်နေသည့် ကိုကို့ဘက်ကို လှည့်ရပ်ကာ ကိုကို့ရဲ့ခါးကိုဖက်ထားရင်းမှ...


"ခက်လဲ ကိုကို့ကို လွမ်းနေမှာပါ''

"အများကြီး အများကြီး လွမ်းနေပေးကွာ''


"အွန်း အွန်း... အများကြီး အများကြီး လွမ်းနေပေးပါ့မယ်''


လက်နှစ်ဖက်ကိုဖြန့်ကားပြီး ပြောနေသည့် ပူတူးကြောင့် သူကျေနပ်သွားကာ နဖူးလေးကို နမ်းလိုက်ရင်း...


"ကိုယ်က ကိုယ့်ပူတူးလေးကို တကယ့်ကို စိတ်မချတာ၊ ကိုကိုမရှိတဲ့အချိန်ကို လိမ်လိမ်မာမာလေး နေပေးပါကွာ နော်''


"အင်းပါဆို ဘာလို့ ဒီလောက် ပွစိပွစိ ပြောနေတာလဲ၊ ခက် ကလေးမဟုတ်ပါဘူး ဒီလောက်တော့သိပါတယ်''

"ကိုယ့်မျက်လုံးထဲမှာ ပူတူးက ကလေးဖြစ်နေတာကိုကွ''


"ခက်ကို ကလေးလို့မြင်ပြီး ကနေဒါက လူကြီးတော့ရှာမလာနဲ့နော် ဟွန့်''

"မရှာဘူး စိတ်ချ၊ ကိုယ်က ကလေးထိန်းရတဲ့ ဘဝမှာပျော်နေပြီ''


"အဟွန်း... ခက်က အဲ့ဒါကြောင့် ကိုကို့ကိုချစ်တာ''

"အများကြီး အများကြီး ပိုချစ်ပေးကွာ''


သူ့စကားအဆုံး ပူတူးလေးက ရင်ခွင်ထဲတိုးဝင်လာပြီး သူမလေးလုပ်နေကျအတိုင်း သူ့ရင်ဘတ်နဲ့သူမရဲ့ ပါးပြင်လေးကို ကြောင်လေးသဖွယ် ပွတ်သပ်နေ၏။ ဒီပုံစံလေးကို သူ အရမ်းသဘောကျပါသည်။ မဟုတ်သေးဘူး။ သူမလေးရဲ့ ဘယ်လိုပုံစံကိုမဆို သူသဘောကျတယ်ဆိုတာ ပိုမှန်ပါလိမ့်မည်။


>>>>>>>>>><<<<<<<<<<


အားပေးတဲ့ အသဲတွေအားလုံးကို ကျေးဇူးတင်ပါတယ်😘😘


အမှားပါသွားရင် ချစ်တဲ့စိတ်နဲ့ ဝေဖန်ပေးပါ😁😁


အပိုင်း (၃၄) မျှော်


စာရေးသူ-Merida(Tulip)


rate now: