🎗🎗 နှောင်ကြိုး 🎗🎗
~~~~~~~~~~
"မောင်''
"မောင်''လို့ခေါ်ပြီး ဘေးမှဖြတ်ပြေးသွားသည့် အမျိုးသမီးကို ဂူးဂူး တစ်ချက်ကြည့်လိုက်၏။
ပိတောက်ခြောက်ရောင် ပါတိတ်ဝမ်းစက်ကို သူမရဲ့ခန္ဓာကိုယ်သွယ်သွယ်လေးနဲ့ လိုက်ဖက်စွာဝတ်ဆင်ထားပြီး ကျောလယ်လောက်အထိရှည်သည့် ဆံနွယ်တွေကိုတော့ ခေါင်းစည်းကွင်းလှလှလေးဖြင့် စည်းနှောင်ထားသည်။ နောက်ပြီး ဖြူနုပြီး ဖောင်းကြွနေသည့် ခြေထောက်ဖွေးဖွေးလေးတွေက ကျောက်စိမ်းရောင် ကတ္တီပါဒေါက်မြင့်လေးထက်တွင် ကျက်သရေရှိလွန်းလှ၏။
ခေါင်းအစ ခြေအဆုံးကြည့်ပြီးတဲ့နောက်မှာ ဂူးဂူး ကိုယ့်ကိုကိုယ်ပင် သတိမထားမိလိုက်ဘဲ''လှလိုက်တာ''ဆိုပြီး ထိုအမျိုးသမီးကို မှတ်ချက်ပေးမိသေးသည်။
"ေနာက်ကျလိုက်တာ မောင်ရယ်၊ စန္ဒာဖြင့် ေမျှာ်လိုက်ရတာ လည်ပင်းတောင်ရှည်သွားမလားထင်ရတယ်''
ဆိုင်ထဲဝင်လာသည့် သူ့ကောင်လေးကို အသံချွဲချွဲလေးဖြင့် ပြောနေသည့် ထိုအမျိုးသမီးကြောင့် ဂူးဂူး အသည်းယားသွားရပြန်သည်။
"ဆောရီးကွာ၊ အိမ်မှာ ညီမလေးရောက်နေလို့ စကားပြောနေတာနဲ့ ေနာက်ကျသွားတာ၊ စန္ဒာရောက်နေတာ ကြာပြီလား''
"ကြာပြီပေါ့ မောင်ရဲ့'' ဆိုပြီး မျက်နှာချင်းဆိုင် ရပ်နေရာမှ စန္ဒာ မောင့်ရဲ့လက်မောင်းကို မှီနွဲ့ကာ ဆိုင်ထဲပြန်ဝင်လာခဲ့၏။
ထိုအမျိုးသမီးရဲ့ မူနွဲ့နွဲ့ဟန်ပန်လေးကို ဂူးဂူး ငေးကောင်းကောင်းနဲ့ငေးနေစဥ် အခုမှ ရှင်းရှင်းလင်းလင်း မြင်ရသည့် ဘေးက အမျိုးသားရဲ့မျက်နှာကြောင့် ဂူးဂူး ကိုယ်လေးတောင့်သွားကာ...
"ကိုကို''
"ဟင်.. ဪ.. ဂူးဂူးရတီပါလား၊ မုန့်လာစားတာထင်တယ်''
"ဟုတ်တယ် ဒီနေ့ကျောင်းပိတ်လို့လေ၊ ကိုကိုကရော မုန့်လာစားတာပဲလား''
ဂူးဂူးရဲ့ မေးခွန်းကို မဖြေခင် ဝသန် ဘေးမှ စန္ဒာကိုကြည့်ကာ ပြုံးပြလိုက်ပြီးမှ...
"အွန်း...ကောင်မလေးနဲ့ ချိန်းထားလို့လေ''
"ကောင်မလေး.. ဪ.. ဒီမမက ကိုကို့ကောင်မလေးလား''
"အွန်း၊ နှုတ်ဆက်လိုက်ဦး နာမည်က မေစန္ဒာတဲ့၊ စန္ဒာ ဒါ မောင့်ညီမရဲ့သူငယ်ချင်း ဂူးဂူးရတီ''
"ဟုတ် တွေ့ရတာ ဝမ်းသာပါတယ် မမ''
"မမလဲ ဝမ်းသာပါတယ်၊ နောက်ဆို လမ်းမှာတွေ့ရင်ခေါ်ပေါ့၊ အကူအညီလိုရင်လဲ တောင်း အားမနာနဲ့ သိလား ညီမလေး''
"ဟုတ်ကဲ့ မမ''
ဂူးဂူး ခေါင်းလေးငြိမ့်ပြီး ပြောလိုက်တော့ ထိုအမျိုးသမီးကလဲ ဂူးဂူးကို ပြန်ပြုံးပြ၏။ ပြီးမှ ကိုကို့ကို ပြန်မော့ကြည့်ပြီး နှာခေါင်းလေးရှုံ့ကာ...
"မောင် စန္ဒာဗိုက်ဆာနေပြီ''
"ဟုတ်သားပဲ၊ ဒီမှာပဲ ထိုင်လိုက်မလား''
"စန္ဒာက ဟိုးနောက်က စားပွဲမှာ နေရာယူထားပြီးပြီ မောင်ရဲ့''
"ဟုတ်လား ဒါဆိုလဲ အဲ့ဒီ့ကိုပဲ သွားမယ်လေ၊ ဂူးဂူး ကိုကို သွားမယ်''
"ရှင်... ဟုတ်..ကဲ့''
ဂူးဂူး စိတ်မပါသလိုဖြေလိုက်ပြီး ထွက်သွားသည့် ကိုကို့ကို ခေါင်းလေးစောင်းကြည့်လိုက်သည်။
လမ်းလျှောက်နေရင်းမှ ထိုအမျိုးသမီးက ဘာတွေပြောလို့လဲမသိ။ သွားတွေပါပေါ်အောင် ရယ်မောနေသည့် ကိုကို့ပုံစံက စိတ်ချမ်းသာနေမှန်း အရမ်းသိသာလှသည်။
မြန်မာဆန်ဆန် နွဲ့နှောင်းလှပလွန်းသည့် ထိုအမျိုးသမီးရဲ့ပုံစံက ကိုကို့အကြိုက်ပုံစံပဲလား။
ဂူးဂူးဒီလိုတွေးမိပြီး ကိုယ့်ကိုကိုယ် ပြန်ကြည့်လိုက်တော့ ပေါင်လယ်လောက်သာရှိသည့် ဂါဝန်အတိုလေးနဲ့ အနီရောင်ရဲနေသည့် ခြောက်လက်မဒေါက်ဖိနပ်ကြောင့် စိတ်ပျက်စွာ သက်ပြင်းရှိုက်မိ၏။ စိတ်ပျက်ပျက်နဲ့ ရှေ့ကိုချာခနဲပြန်လှည့်လိုက်တော့ မျက်နှာချင်းဆိုင်မှာရှိနေသည့် မှန်တံခါးပေါ်တွင် ဂုတ်ဝဲဆံပင်လေးနဲ့ အူကြောင်ကြောင်ပုံစံဖြစ်နေသည့် သူမရဲ့ပုံရိပ်။
ကိုကို့ဘေးက ကျက်သရေရှိလွန်းသည့် ထိုမမကိုကြည့်ပြီး တစ်သက်နဲ့တစ်ကိုယ် ပထမဆုံးအကြိမ်အဖြစ် ကိုယ့်ကိုကိုယ် သိမ်ငယ်မိသည်။ ဘာကြောင့် ဒီလို သိမ်ငယ်မိလဲဆိုတာ ကိုယ့်ကိုကိုယ်လဲ မသိတော့ပါ။ သေချာတာကတော့ ကိုကို့ဘေးက ထိုမမကိုကြည့်ပြီး ဂူးဂူးတစ်ခုခုကိုဆုံးရှုံးလိုက်ရသလို ဝမ်းနည်းမိတာအမှန်။
"ဘာဆိုင်လို့ ငိုချင်နေရတာလဲ မိဂူးရဲ့ အဟင့်..
ဝဲတက်လာသည့်မျက်ရည်တို့ကို မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ကာ သိမ်းဆည်းပေမယ့် ရင်ထဲမှာတော့ လှိုက်ခနဲ လှိုက်ခနဲ ငိုချင်နေသေးသည်။
ထို့ကြောင့် သူမ ထိုင်နေတဲ့နေရာကနေ ကိုကိုတို့စားပွဲကို မသိမသာ ခိုးခိုးကြည့်နေမိတာ ဘယ်နှစ်ကြိမ်လဲပင်မသိတော့။ ဒီကြားထဲ ကိုကိုက ထိုအမျိုးသမီးကို ဆံပင်လေးသပ်ပေးလိုက် နဖူးလေးနမ်းလိုက်လုပ်နေရင် ရင်ထဲတင်းကြပ်လာတတ်သေးသည်။
!!! ဘာလဲ ဘာတွေကို လိုက်ခံစားနေတာလဲ၊ မဟုတ်မှ ငါ ရူးများရူးနေပြီလားမသိပါဘူး အဟင့် ဒုက္ခပါပဲနော် !!!
>>>>>>>>>><<<<<<<<<<
"မေမေ ကျန်းမာရေးဂရုစိုက်နော်၊ တစ်ခုခုဆို ခက်ကို ဖုန်းဆက်ပြီးပြော သိလား၊ ပြီးတော့ ဆေးလဲပုံမှန်သောက်၊ အလုပ်တွေလဲ တအားမလုပ်ပါနဲ့ မေမေရယ်''
ပြန်ခါနီး သူမအမေကို တန်းစီမှာနေသည့် ပူတူးကိုကြည့်ကာ ဂုဏ်ရော ဒေါ်သက်ထားရော ပြုံးလိုက်ကြ၏။
"သမီးက မေမေ့ကို ကလေးထင်နေတာလား ဟင်''
"ကလေးမဟုတ်လို့ပေါ့ မေမေရဲ့၊ ကလေးသာဆို ခက်က ခက်သွားတဲ့နေရာ ခေါ်သွားလို့ရတာပေါ့၊ အခုဟာက...
"ဟုတ်တယ် အန်တီ၊ ဒီမှာဆို အန်တီက တစ်ယောက်တည်းဖြစ်နေတော့ ကျွန်တော်တို့က စိတ်မချဖြစ်နေရတာ၊ ဖြစ်နိုင်ရင် ကျွန်တော်တို့နဲ့ပဲ အတူတူ လိုက်နေပေးပါလား၊ ပူတူးလဲ စိတ်ချသွားတာပေါ့''
"မဖြစ်ပါဘူးကွယ်၊ မေမေက ဒီမှာအဆင်ပြေပါတယ်၊ နောက်ပြီး ဒီအိမ်ကနေ ထွက်သွားချင်တိုင်း ထွက်သွားဖို့ကကျတော့.... အင်း... မေမေက အလုပ်သမားလေ၊ မဖြစ်ပါဘူး''
ထိုစကားရဲ့နောက်မှာ သမီးဆီကရော ဂုဏ့်ဆီကရော ဘာစကားတစ်ခွန်းမှ ထွက်မလာတော့ပေမယ့် သမီးရဲ့မျက်နှာလေး ညှိုးကျသွားတာကိုတော့ သတိထားမိသည်။ ထိုနည်းတူစွာပင် ဂုဏ်ကလဲ သမီးကိုကြည့်ပြီး စိတ်မကောင်းဖြစ်သွားပုံရ၏။ ထို့ကြောင့် သူမ ခပ်ယဲ့ယဲ့လေးပြုံးလိုက်ကာ....
"အခုမလိုက်နိုင်ပေမယ့် နောက် အဆင်ပြေတဲ့တစ်ချိန်ချိ်န် လိုက်နေမှာပေါ့၊ ကဲကဲ ပြန်ကြတော့ ပြန်ကြတော့၊ အပြန်ကို စျေးဝယ်ကြဦးမှာဆို''
"ဟုတ်''
"ဒါဆို ကျွန်တော်တို့ကို ခွင့်ပြုပါဦး''
"အေး ကားကို ဂရုစိုက်မောင်းဦး သား''
"ဟုတ်ကဲ့''
ဒီအိမ်ကိုလာရင် ပြုံးပျော်နေတတ်သည့် ပူတူးက ပြန်ပြီဆိုတာနဲ့ မျက်နှာလေးက ငိုမဲ့မဲ့ဖြစ်နေကျပင်။ အခုလဲ ခြံနောက်ကအိမ်လေးကနေ ကားဆီသွားနေသည့်တစ်လျှောက်လုံး စကားတစ်ခွန်းမှမပြောဘဲ ငြိမ်နေတာမို့ ဂုဏ် သူမရဲ့လက်လေးကို ကျစ်နေအောင်ဆုပ်ပစ်လိုက်ပြီး...
"အခေါက်တိုင်း ဒီလိုလုပ်နေရင် နောက်တစ်ခါ ဒီကိုသွားခိုင်းဖို့ကို ကိုယ်စဥ်းစားရတော့မှာနော် ပူတူး''
"ခက်က ဘာလုပ်နေလို့လဲ''
ကိုကို ဘာပြောချင်နေမှန်းသိပေမယ့် ခက် မသိသလိုပဲ ပြန်မေးလိုက်တော့ ကိုကိုက သူမရှေ့မှပိတ်ရပ်လိုက်ပြီး ပုခုံးနှစ်ဖက်ကိုကိုင်ကာ...
"ဒီလို မျက်နှာထားမျိုးလုပ်နေလို့လေ၊ ကိုယ် မင်းကို ဒီအိမ်လိုက်ပို့ပေးတယ်ဆိုတာက မင်းပျော်တာမြင်ချင်လို့၊ ဒါပေမယ့် ပြန်တော့မယ်ဆိုတိုင်း မင်းက အခုလိုငိုမဲ့မဲ့ဖြစ်နေတာကတော့ မဟုတ်သေးဘူးလေကွာ''
"ခက် တောင်းပန်ပါတယ်''
"မင်းတောင်းပန်တာကို လိုချင်လို့ ကိုယ် အခုလိုပြောတာမဟုတ်ဘူး၊ ဒိီမှာ ကိုယ့်ကိုကြည့်''ဟုဆိုကာ သူကိုယ်တိုင်ပင် သူမရဲ့ မေးဖျားလေးမှ ပင့်မော့စေလိုက်ကာ...
"ကိုယ် တတ်နိုင်သလောက် မင်းပျော်အောင် လိုက်လျောပေးနေတာကို မင်းသိတယ်မလား''
သိပါတယ်။ ခက်ကို ကိုကိုက လိုတာထက်ကို ပိုပြီး လိုက်လျောပေးနေတာကို ခက်သိပါတယ်။ ဒါပေမယ့် ခက် မေမေ့ဆီကပြန်တော့မယ်ဆိုရင် အလိုလို ဝမ်းနည်းတတ်တာကို ဘယ်လိုလုပ်ရမှာလဲ။
"ဟေ့ မေးနေတာဖြေလေကွာ၊ ကိုယ် မင်းကို ချစ်လို့အလိုလိုက်ပေးနေတာကို သိတယ်မလားလို့''
"ဟုတ် သိပါတယ်''
"သိရင် ဘာလို့ ကိုယ့်ကိုစိတ်မကောင်းအောင် ဒီလို ငိုမဲ့မဲ့လုပ်နေတာလဲ''
"ကိုကို့ကို စိတ်မကောင်းဖြစ်အောင်လုပ်ဖို့ ခက် မရည်ရွယ်ပါဘူး၊ ဒါပေမယ့် ခက် မေမေ့ကိုထားခဲ့ပြီး ဒီလိုပြန်လာတိုင်း ဝမ်းနည်းနေတာကို ခက်က ဘယ်လိုလုပ်ရမှာလဲ''
"ဒီလို ဝမ်းနည်းတတ်ရင် နောက်တစ်ခါ ဒီအိမ်ကို လာဖို့ကိုယ်ခွင့်ပြုမှာ မဟုတ်ဘူး''
"ဟင်.. အဲ့လိုတော့ မလုပ်ပါနဲ့၊ ခက်က မေမေ့ဆီကို နေ့တိုင်းလာနိုင်တာလဲ မဟုတ်ပါဘူး၊ ကျောင်းပိတ်မှလာလို့ရတာလေ၊ ဒါတော့ ကိုကို ခွင့်ပြုပေးပါ''
"ဒါဆို အခုချက်ချင်း ပူတူးရဲ့မျက်နှာကိုပြင်လိုက်၊ ကိုယ်မြင်ချင်တာက အခုလို ငိုမဲ့မဲ့မျက်နှာလေးမဟုတ်ဘူးဆိုတာ မင်းသိပါတယ်''
ဆူနေတာမဟုတ်ဘဲ လေသံပျော့ပျော့လေးနဲ့ ပြောနေသည့် ကိုကို့ကြောင့် ခက် အထွန့်တက်ရမှာပင် အားနာမိသည်။ ဒီရက်ပိုင်းတွေမှာ ကိုကို ခက်ကို ဘယ်လောက်တောင် အလျော့ပေးခဲ့လဲဆိုတာ ခက်သာလျှင် အသိဆုံး။ ကိုကို အလျော့ပေးနေသလောက် ခက် ဆိုးနေမိတာကိုလဲ ခက်သိသည်။ ကြာလာရင် ခက်ဆိုးလွန်းလို့ ကိုကို မချစ်တော့ရင် ဘယ်လိုလုပ်မလဲဆိုသည့်စိတ်ကြောင့် ခက် သက်ပြင်းလေးခိုးချလိုက်ပြီးမှ မျက်နှာကိုမနည်းကြိုးစားပြီးပြုံးလိုက်ရင်း....
"ကိုကို မကြိုက်ရင် ခက် ပြင်ပါ့မယ်နော် အဟွန်း ဟွန်း ဒီလောက်ဆိုရပြီလားဟင်''
မပီမပြင်အပြုံးလေးနဲ့ မေးလာသည့် ပူတူးကြောင့် ဂုဏ့်မှာ ရယ်ရခက် ငိုရခက်။
"ကဲပါကွာ ပူတူးနေတတ်သလိုနေတော့၊ ဟန်ဆောင်ပြီးပြုံးပြနေရင် ကိုယ့်ကလေးပဲ ပင်ပန်းနေတော့မှာ''
"ခက် တောင်းပန်ပါတယ်နော်၊ ခက်က အမြဲ ကိုကို့ကိုစိတ်ညစ်အောင် လုပ်နေမိတယ်''
"ကိုကိုက ပူတူးပျော်နေရင် စိတ်မညစ်ပါဘူး''
"ဒါဆို ခက်ကို ပျော်အောင်ထားပေါ့''
ခေါင်းလေးမော့ပြီး ခပ်ချွဲချွဲလေးပြောလာသည့် ပူတူးကို သူ အသည်းယားစွာ ပါးမို့မို့လေးနှစ်ဖက်ကို အသာလေးဖဲ့ပစ်လိုက်ပြီး...
"ကိုယ်မြင်ချင်တာ ဒီလိုပုံစံလေးကွ၊ ချစ်ဖို့ကောင်းလိုက်တာကွာ မွ''
ရုတ်တရက်ကြီး နမ်းချလိုက်သည့် ကိုကို့ကြောင့် ခက် မျက်လုံးပြူးသွားကာ ဘေးဘီကို ကြည့်လိုက်ရ၏။ ဘယ်သူ့မှ မတွေ့တော့မှ တော်ပါသေးရဲ့လို့တွေးကာ ကိုကို့ကို ပြန်ကြည့်ပြီး...
"ကိုကိုနော် အရှက်ကိုမရှိဘူး''
"ကိုယ့်မိန်းမ ကိုယ်နမ်းတာ ဘာရှက်စရာရှိလဲ''
"ဒါ လူမြင်ကွင်းကြီးလေ၊ မရှက်လို့ရမလား''
"ဒါဆို လူမမြင်တဲ့နေရာကို သွားမလား ဘယ်လိုလဲ ကလေး''
"ကို..ကို့''
"ဗျ ဗျ''
"ကိုကိုနော် တော်တော်အူမြူးနေ''
"ဟား.. အူမြူးရုံတင်မကဘူး၊ လူကပါ ရူးချင်နေတာ၊ ဟော့ဒီ့က အဆိုးလေးက ကိုယ့်ကိုချစ်တယ်ပြောလို့ အပျော်လွန်ပြီး ရူးချင်နေပြီကွ ဟား...
"ဒီလောက်တောင်ပဲလား ကိုကိုရယ်''
"ဒါ့ထက်တောင် ပိုတာပေါ့ကွ၊ ပူတူးပြောတဲ့ ချစ်တယ်ဆိုတဲ့စကားလေးကလေ ကမ္ဘာမြေကြီးရဲ့ဆွဲအားကို တွန်းလှန်ပြီး ကိုယ့်ကို လေပေါ်မြောက်နေစေတာ သိရဲ့လား''
"ကိုကိုကတော့ ပြောတော့မယ်''
"တကယ်ပါဆို ပူတူးရ၊ မနက်တုန်းကဆို ကိုယ်အပျော်လွန်ပြီး လမ်းလျှောက်တာ ခြေထောက်နဲ့ မြေကြီး ထိတယ်ကိုမထင်ဘူး အဟွန်း''
တကယ်အပျော်လွန်နေပုံရသည့် ကိုကို့ကိုကြည့်ကာ ခက်ပင် အပျော်တွေကူးစက်လာရသည်။ ခက်ကိုကြည့်ပြီး မျက်လုံးတွေမှေးစင်းနေသည်အထိ ပြုံးရယ်ပြနေသည့်ကိုကို့ကို ခက် ေငးမောကြည့်နေစဥ် ခက်တို့ဆီရွေ့လာသည့် အရိပ်တစ်ခုကြောင့် ခက် မျက်နှာလေးတည်သွား၏။
ဒါကို ချက်ချင်းရိပ်မိသည့်ကိုကိုက နောက်ကိုလှည့်ကြည့်လိုက်ပြီးမှ ခက်ဘေးတွင်လာရပ်ပြီး ပုခုံးလေးကိုပါ ဖက်ထားလိုက်သေးသည်။
"အန်တီထားဆီလာကြတာထင်တယ်''
"ဟုတ်တယ်၊ ဒီနေ့ ပူတူးကျောင်းပိတ်ရက်မို့လို့ လိုက်ပို့တာ''
ခက် မဖြေရသေးခင် သွက်လက်စွာဝင်ပြောလိုက်သည့် ကိုကို့ကို ခက် မော့ကြည့်လိုက်တော့ ကိုကိုက ခက်ကို ခုနကပုံစံလေးအတိုင်းပြုံးပြ၏။
"နှင်းစက်တောင် ဂုဏ့်ဆီလာမလို့၊ ဒီရက်ပိုင်းမှ အလုပ်ကမအားဘူးဖြစ်နေတာ''
"ကိစ္စရှိလို့လား''
"အွန်း ရှိတယ်၊ တခြားတော့မဟုတ်ပါဘူး အလုပ်ကိစ္စပါ၊ နင့်ဆီကို projectတစ်ခုအပ်ချင်တာ''
"အဲ့ဒါဆိုရင် companyနဲ့ပဲ တိုက်ရိုက်ပြောရမှာပေါ့၊ ငါနဲ့ပြောလဲ ထူးမှာမှမဟုတ်တာ''
"အေးပါ နှင်းစက်လဲသိပါတယ်၊ ဒါပေမယ့် အခုprojectက.. ဟို... မိခက် ခဏရှောင်ပေးမလား''
"ရှင်...
သူမတို့ပြောနေတာကို နားလည်တာလဲ မဟုတ်ဘဲနဲ့ ရပ်ကြည့်နေတာမို့ နှင်းစက် ပြောလိုက်တော့ အူကြောင်ကြောင်လေးကြည့်လာ၏။ ပြီးမှ ခေါင်းတစ်ချက်ငြိမ့်ပြပြီး ထွက်သွားဖို့ပြင်လိုက်တာမို့ နှင်းစက်ပြုံးလိုက်စဥ် ဂုဏ်က မိခက်ရဲ့လက်လေးကိုလှမ်းဆွဲထားပြီး...
"အဲ့ဒါ ဘယ်လဲ''
"ကိုကိုတို့ အလုပ်ကိစ္စပြောရအောင်လို့လေ၊ ခက် ကားထဲကပဲစောင့်မယ်နော် ကိုကို၊ ခက်ကို အားမနာနဲ့ အေးအေးဆေးဆေးပဲ ပြောခဲ့ သိလား''
"မသိဘူး၊ ဘယ်မှမသွားနဲ့ ဒီအတိုင်း ကိုယ့်အနားမှာပဲရပ်နေ''
အမိန့်ဆန်ဆန်ပြောလာသည့် ကိုကို့ကြောင့် ခက် မမကြီးကို မရဲတရဲလေးခိုးကြည့်လိုက်ပြိီးမှ..
"မဟုတ်ဘူးလေ ခက်က ဘာမှနားလည်တာမှမဟုတ်တာ''
"နားမလည်လဲ ကိုယ်က မသွားနဲ့ဆို မသွားရဘူး၊ ပြော နှင်းစက် နင့်ကိစ္စကို''
မိခက်ကို လူရာမဝင်သလို ဆက်ဆံချင်ပေမယ့် လက်မခံသည့်ဂုဏ့်ကြောင့် နှင်းစက် အကြံပျက်သွားရသည်။ သို့ပေမယ့် မျက်နှာကိုပုံမှန်အတိုင်းပဲပြင်လိုက်ပြီး...
"နင် Jolyကိုသိတယ်မလား?''
"Joly"
"အွန်း... မေဘရောင်းနဲ့တစ်အိမ်တည်းနေပြီး ကျောင်းတက်တဲ့တစ်ယောက်လေ''
"ဪ....
"အေး အဲ့ဒီ့Jolyက အခု companyတစ်ခု စဖွင့်မလို့လုပ်နေတာ၊ သူက companyစဖွင့်ဖွင့်ချင်း လုပ်ဖို့ပြင်ထားတဲ့ projectတစ်ခုကို နင့်ဆီမှာ အပ်ချင်တယ် ပြောနေလို့''
"ဒါဆို ဆောရီးပဲ၊ ငါက အခုလုပ်နေတဲ့ကုမ္ပဏီအတွက်ကလွဲရင် ဘယ်ကုမ္ပဏီအတွက်မှ projectဆွဲမပေးဘူး''
ဂုဏ် ခပ်ပြတ်ပြတ်ပဲ ငြင်းပစ်လိုက်တော့ နှင်းစက်မျက်နှာပျက်သွားသည်။ သို့ပေမယ့် ဂရုမစိုက်စွာပင် ဂုဏ် ပူတူးရဲ့လက်ကိုဆွဲကာ...
"တခြားပြောစရာရှိသေးလား နှင်းစက်''
"ဟင်... မရှိပါဘူး''
"ဒါဆို ငါတို့ပြန်မယ်''
"အင်း''
သူမ ခေါင်းငြိမ့်လို့မပြီးခင် ဂုဏ်က မိခက်လက်ကိုဆွဲကာ သူမဘေးမှ ကွေ့ရှောင်ထွက်သွား၏။
"Marketကပြန်ရင် ရုပ်ရှင်ဝင်ကြည့်ရအောင် ပူတူး''
"ကိုကို့ သဘောလေ''
ခက် နောက်မှာကျန်ခဲ့သည့် မမကြီးကို ခေါင်းလေးစောင်းပြီးပြန်လှည့်ကြည့်လိုက်တော့ ခက်တို့ကို ဆွေးဆွေးလေးရပ်ကြည့်နေတာမို့ ခက် အားနာသွားရသည်။ ဘာလို့အားနာသွားလဲဆိုရင် ကိုကိုက ခက်ရဲ့ပုခုံးကိုဖက်ထားပြီး ကျန်တဲ့လက်တစ်ဖက်က ခက်ရဲ့လက်ကိုကိုင်ထားတာကြောင့်။
ခက်ပုံစံက မသိရင် မမကြီးကို မျက်နှာပြောင်တိုက်သလိုများဖြစ်နေမလား။ ဒီလိုတွေးလိုက်မိသည့်ခဏ ခက်ကိုဖက်ထားတဲ့ကိုကို့လက်တွေကို ဖယ်ချပစ်လိုက်မိသည်။
"ဘာလုပ်တာလဲ ပူတူး''
"ဟင်... ဟိုမှာ မမကြီးက ခက်တို့ကိုကြည့်နေတာလေ၊ အားနာစရာကြီး''
အသံခပ်ကြိတ်ကြိတ်ဖြင့် ခက်ပြောလိုက်ပေမယ့် သူ့လက်တွေကိုဖယ်ချပစ်လိုက်တာမို့ စိတ်တိုသွားဟန်ရှိသည့်ကိုကိုက မျက်လုံးတွေကျဥ်းမြောင်းသွားသည်အထိ ခက်ကိုစိုက်ကြည့်ပြီး...
"ဘာကိစ္စ အားနာရတာလဲ၊ ကိုယ်က မင်းကို ကိုယ့်မိန်းမမို့လို့ဖက်တာ၊ ပြီးတော့ မင်းယောက်ျားဖြစ်တဲ့ငါက မင်းကိုဖက်တာကို ဘာကိစ္စနဲ့ ဘာအတွက်နဲ့ ဘယ်သူ့ကို အားနာရမှာလဲ''
"တိုးတိုးပြောပါ ကိုကိုကလဲ၊ မမကြီး ကြားသွားပါ့မယ်''
လမ်းလျှောက်သွားရင်းမှ နှစ်ယောက်စကားများနေသည့်အခြေအနေမို့ ခက် နောက်ကမမကြီးကို ပေစောင်းစောင်းလေးကြည့်ပြီးပြောလိုက်တော့ ကိုကိုက ခက့်ကိုနောက်အလှည့်မခံဘဲ လက်တစ်ဖက်ကိုသုံးကာ ရှေ့ကိုပြန်လှည့်စေပြီး...
"မကြည့်နဲ့၊ ဘာလို့ဒီလောက်တောင် အာရုံတွေများနေတာလဲ၊ မင်းဘေးမှာရှိတဲ့ ကိုယ့်ကိုပဲ အာရုံစိုက်ပေးလို့မရဘူးလား ပူးတူး''
"ကိုကိုကလဲ''
"ဘာမှ ကိုကိုကမလဲနဲ့''
ဂုဏ် ခပ်ဆတ်ဆတ်လေး အော်ပစ်လိုက်တော့မှ ပူတူးက အထွန့်တက်ခြင်းမရှိ ငြိမ်ကျသွားသည်။နှင်းစက်နဲ့တွေ့ရင် အဲ့ဒီ့လို အားနာတာလိုလို အညံ့ခံတာလိုလိုဖြစ်နေတတ်သည့် စိတ်ကို ဘဝင်မကျ၍သာ သူ အော်လိုက်ရတာပါ။
အော်လိုက်မိပြီးမှ စိတ်မကောင်းဖြစ်သွားတာကြောင့် မျက်နှာကို ပြန်လျော့ပစ်လိုက်ရင်း..
"ကိုယ်က မင်းရဲ့စိတ် မင်းရဲ့အတွေးအားလုံးကို ကိုယ်ပဲပိုင်ချင်တာကွ၊ ဘယ်လိုအကြောင်းကြောင့်နဲ့မှ သူများအတွက်တွေးပေးတာ မလိုချင်ဘူး၊ အခုကစပြီး တတ်နိုင်သမျှ မင်းအတွက်ပဲ မင်းတွေး၊ မင်းအတွက်တွေးလို့ ပိုတယ်ဆိုမှ ကိုယ့်ကိုတွေးပေး၊ မင်းနဲ့ကိုယ့်အတွက်ကလွဲရင် တခြား ဘယ်သူ့အတွက်မှ မကြည့်နဲ့ ဘယ်သူ့အတွက်မှ မတွေးနဲ့၊ ကိုယ်လဲ ကိုယ်နဲ့မင်း နှစ်ယောက်တည်းအတွက်ပဲ တွေးမှာ''
အတ္တကြီးစွာပြောေနသည့် ကိုကို့စကားတွေမှာ မမကြီးကို ခက်အားနာနေတာကို သိတယ်ဆိုသည့် အဓိပ္ပါယ်တွေပါနေပြီး နောက်ကို မမကြီးကို ဂရုမစိုက်ဖို့ ပြောချင်နေတာလဲ ခက်သိသည်။ ဒါပေမယ့် ဘယ်လိုလုပ်မလဲ။ ကိုကိုပြောသလိုသာနေရင် ခက် မတရားသလိုဖြစ်နေမှာပေါ့။
မမကြီးကို အနိုင်ယူလိုစိတ် ခက်မှာ မြူတစ်မှုန်စာတောင်မရှိခဲ့ပေမယ့် မမကြီးရင်ထဲမှာ ခက်ဟာ သူ့အချစ်ကိုအနိုင်ကျင့်ပြီး လုယူသွားတဲ့ ဗီလိန်တစ်ယောက်။ ဒါကိုပဲ ခက်က မမကြီးရှေ့မှာ ကိုကိုနဲ့ပျော်ရွှင်ပြနေတယ်ဆိုရင် မမကြီး ခံယူထားသလို ခက်က တကယ်ပဲ ဗိီလိန်ဖြစ်သွားမှာပေါ့။
ခက် ဒီလိုမဖြစ်ချင်ဘူးလေ ကိုကိုရယ်။
ဖြစ်ပျက်ခဲ့သမျှအကြောင်းအရာတွေကြောင့် ခက်နဲ့မမကြီး သာမန် ညီအစ်မတွေလိုမျိုး ချစ်ချစ်ခင်ခင်မနေနိုင်ဘူးဆိုရင်တောင် ရန်သူတွေလိုမျိုးတော့ မမုန်းပါရစေနဲ့။ ခက်သာ နည်းနည်းပါးပါး အလိုက်သိမယ်ဆိုရင် ခက်အပေါ်မှာ မမကြီးရဲ့အမြင်တွေ ပြောင်းလာမယ်လို့ မျှော်လင့်မိပါတယ်။ ခက် မျှော်လင့်သလိုမဖြစ်လာဘူးဆိုရင်လဲ.....
>>>>>>>>>><<<<<<<<<<
ဂုဏ် ရေချိုးခန်းထဲမှ ထွက်လာလာချင်း အခန်းထဲမှထွက်ဖို့ တံခါးနားရောက်နေတဲ့ ပူတူးကြောင့် အလိုမကျဖြစ်သွားကာ...
"အဲ့ဒါဘယ်လဲ''
"အောက်ထပ်လေ''
"အောက်ထပ်ကို ဘာကိစ္စလဲ''
"ဟင်... ကိစ္စတော့မရှိပါဘူး၊ ဒီအတိုင်း..
"ကိစ္စမရှိရင် မသွားနဲ့''
"ကိုကိုကလဲ''
အောက်ထပ်လေးဆင်းဖို့အရေးကို ပြဿနာလုပ်နေတဲ့ ကိုကို့ကြောင့် ခက် နှုတ်ခမ်းလေးစူလိုက်မိသည်။
"ကိုယ့်အတွက် အင်္ကျီထုတ်ပေး''
သူမကို ကျောပေးကာ ခေါင်းကရေတွေသုတ်ရင်း ခိုင်းလိုက်သည့် ကိုကို့ကို ခက် မျက်စောင်းလေးထိုးပစ်လိုက်၏။ ပြီးမှ မကျေမနပ်ဖြင့် ဗီဒိုထဲမှ ခဲရောင်စပို့ရှပ်နဲ့ အနက်ရောင်ဘောင်းဘီရှည်ကိုထုတ်ကာ ကုတင်ပေါ်တင်ပေးလိုက်သည်။
"ပူတူးနော် ကျောင်းပိတ်ရက်လေးကို ကိုယ့်အနားမကပ်ချင်ဘူး၊ ဘာလဲ ကိုယ့်ကို စိတ်ကုန်နေပြီလား''
"မဟုတ်ပါဘူး''
"မဟုတ်ရင် ဘာလို့ ကိုယ့်အနားမနေချင်ရတာလဲ''
ကုတင်းခြေရင်းတွင် စူပုတ်ပုတ်လေးရပ်နေသည့် ပူတူးကို သူဆူသလိုလေးမေးလိုက်တော့ သူမလေးက သူ့ကို မသိမသာ မျက်စောင်းထိုးကာ...
"တစ်စိတ်ရှိ ဒီကျောင်းပိတ်တာကိုပဲ လာလာပြောနေတယ်၊ ခက်က ကျောင်းပိတ်တာနဲ့ ကိုကို့အနားမှာ ကော်နဲ့ကပ်ထားသလို တပူးပူး တတွဲတွဲနေရမှာလား''
"နေရမှာပေါ့၊ မင်းက ကိုယ့်အနားမနေလို့ ဘယ်သူ့အနားနေချင်လို့လဲ''
ရန်တွေ့သလိုပြောရင်း ကုတင်ပေါ်က အင်္ကျီကိုကောက်ယူလိုက်၏။ အင်္ကျီအခေါက်လိုက်လေးကို ဖြေချကာ ဝတ်ဖို့ပြင်ပြီးမှ ဘေးက ပူတူးကိုတစ်ချက်ပြန်ကြည့်ပြီး အင်္ကျီကိုပြန်ချလိုက်၏။
"ဒါမဟုတ်ဘူး တခြားအင်္ကျီယူပေး''
"ဒါ ဘာဖြစ်လို့လဲ?''
"မဝတ်ချင်လို့''
"ဘာလို့မဝတ်ချင်တာလဲလို့''
"မဝတ်ချင်လို့ မဝတ်ချင်တာပေါ့၊ သွားပါ တခြားအင်္ကျီပဲယူပေး''
အပြင်သွားမှာလဲ မဟုတ်ဘဲနဲ့ အဝတ်အစားဂျီးများနေသည့် ကိုကို့ကို ခက် စိတ်ပေါက်ကာ ကုတင်ပေါ်က ခုနအင်္ကျီကို ဇိုးခနဲ ဇတ်ခနဲကောက်ယူပြီး ဗီဒိုဘက်ပြန်သွားလိုက်၏။ ထို့နောက် ဗီဒိုထဲက အညိုရောင်ရှပ်လက်ရှည်လေးကို ထုတ်ယူလိုက်ပြီး...
"ဒီအင်္ကျီဆိုရလား''
"No''
"ဒါဆိုလဲ ကိုကိုဝတ်ချင်တာကို ကိုကို့ဘာသာ လာယူဝတ်တော့''
"မင်းတစ်ယောက်လုံးရှိနေတာကို ကိုယ်က ဘာလို့လုပ်ရမှာလဲ၊ မင်းက ကိုယ့်မိန်းမ မဟုတ်ဘူးလား၊ ဒါဆို မယားဝတ္တရားကျေအောင် ကိုယ့်အလုပ် ကိုယ်လုပ်ပေါ့''
ကပ်သတ်စရာမရှိ ကြံဖန်ကပ်သတ်နေတာမို့ ခက် ဒေါသထွက်လာကာ နှုတ်ခမ်းလေးကို ဖိကိုက်လိုက်၏။ ပြီးမှ ဗီဒိုထဲကို မျက်လုံးဝေ့ကြည့်လိုက်ပြီး...
"ဘယ်အရောင်ဝတ်မှာလဲ တစ်ခါတည်းပြောနော်၊ ပြီးမှ ခက်ကို ဂဂျီဂဂျောင်မလုပ်နဲ့''
"......''
"ကဲ ဘာအရောင်လဲဆိုမှ''
"မင်းဝတ်ထားတဲ့အရောင်''
ခပ်တည်တည် သူ့စကားကြောင့် ခက် ကိုယ့်ကိုကိုယ် ပြန်ငုံ့ကြည့်ရပြန်သည်။ ခက်ဝတ်ထားတာက ဒူးအထက်လောက်ရှိသည့် ကြိုးတစ်ချောင်း မိုးပြာရောင်ဂါဝန်အတိုလေး။
ဒါ့ကြောင့် ကိုကို့ဗီဒိုထဲက အပြာရောင်နုနုရှပ်လက်ရှည်လေးကို ယူဖိုပြင်နေတုန်း ခါးကိုဖက်ပြီး နားနားကပ်ပြောလာသည့် ကိုကို့စကားကြောင့် ခက် ပြုံးလိုက်မိသည်။
"ကိုကိုက ကိုကို့အဆိုးလေးနဲ့ ဆင်တူလေးဝတ်ချင်လို့ပါ၊ ကိုယ်က ပူတူးကို သပ်သပ်ပြဿနာရှာတယ်လို့ ထင်နေသေးလား ဟင်၊ ပူတူး ကိုယ်မေးနေတာကို ဖြေလေကွာ၊ ပူတူးလို့ဆို''
ဂုဏ် သူမလေးကိုဖက်ထားလျက်မှ နားနားလေးကပ်ပြီး မေးနေပေမယ့် ပြန်ပြီးအဖြေပေးမလာတဲ့ပူတူးကို အူယားလာတာမို့ ပါးလေးကို တရွှတ်ရွှတ်နမ်းပစ်လိုက်တော့မှ သူ့ကို မော့မော့လေးကြည့်လာသည့်ပူတူးက သူမြတ်နိုးသည့်အပြုံးလှလှလေးများဖြင့်...
"ကိုကိုက ခက်ထက်အကြီးနော် ဟွန့်၊ နေရာတကာ ကလေးဆိုးကြီးလိုလုပ်ပြီး ချွဲချင်မနေနဲ့၊ ရော့ ဒီမှာ အင်္ကျီမြန်မြန်ဝတ်၊ တော်ကြာ အအေးပတ်နေဦးမယ်''
သူ့လက်ထဲကို အင်္ကျီထည့်ပေးပြီး တံခါးနားကို လှစ်ခနဲပြေးသွားတာက ဂုဏ် လှမ်းဆွဲထားချိန်တောင် မရလိုက်။
"ဘယ်သွားဦးမလို့လဲ ပူတူး''
"အောက်ထပ်ပါဆို''
ဖြေပြီးတာနဲ့ ခက် အခန်းအပြင်ကို ခပ်မြန်မြန်ပဲထွက်လိုက်၏။ မဟုတ်ရင် ကိုကိုက အကျင့်ပုတ်ပြီး သွားခိုင်းမှာမဟုတ်တာသေချာသည်။
"ပူတူး ပြန်လာခဲ့ဦး''
"ဘာလဲ ဘာခိုင်းဦးမလို့လဲ၊ ခက် မအားလို့ ဘာမှလုပ်မပေးတော့ဘူး''
အခန်းရှေ့ကနေ သူ့ကို ေအာ်ေပြာနေသည့် ပူတူးကို အသည်းယားပေမယ့် အပြင်ထွက်လိုက်ဖို့က ခါးမှာက တဘတ်နှင့်သာပတ်ထားဆဲမို့...
"ဘာမှမခိုင်းဘူး၊ မင်း အခု လက်ရှည်မပါဘူးမဟုတ်လား၊ ပြန်လာပြီး ဝတ်ဦး''
"မဝတ်ချင်ဘူး''
"မဝတ်ချင်လို့ မရဘူး၊ မင်းဝတ်ထားတာက ကြိုးတစ်ချောင်းဂါဝန်လေးမလား၊ မလုံမခြုံနဲ့ကွာ လာခဲ့ ပြန်လာပြီး လက်ရှည်လာယူ''
အမှန်က ဆင်ခြေပါ။ ပူတူးဝတ်ထားတဲ့ဂါဝန်လေးက အပေါ်ထပ်လက်ရှည်ဝတ်မထားတာကလွဲရင် အရင်က သူမလေးဝတ်နေကျအတိုင်းပါပဲ။ သူ့အနားကနေ လှစ်ခနဲ လှစ်ခနဲ ထွက်ထွက်သွားလွန်းလို့ အခန်းထဲပြန်လာအောင် ဉာဏ်များလိုက်ပေမယ့်...
"ဟင့်အင်း ဟင့်အင်း မဝတ်ချင်ပါဘူးဆိုမှ''
တကယ်။ ခုနက သူ့အနားမှာနေတုန်းကဖြင့် ခက် အဝတ်အစားနဲ့ပတ်သတ်ပြီး ဘာဆို ဘာတစ်ခုမှမပြောဘဲ အခု အောက်ထပ်ဆင်းမယ်ဆိုကာမှ သပ်သပ်ပြဿနာရှာနေတာမို့ ခက် ခပ်စွာစွာလေး အော်ပစ်လိုက်တော့ ကိုကိုက အခန်းထဲမှ ထွက်လာ၏။
တံခါးပွင့်သွားတာကို မြင်လိုက်တာနဲ့ ခက်ကလဲ လှေကားနားအထိ ပြေးသွားလိုက်တာမို့ ကိုကိုက အခန်းရှေ့ကနေ ခါးကြီးထောက်ကာြဖင့်....
"ပူတူး ကိုယ့်ကို စိတ်ဆိုးအောင်မလုပ်နဲ့ကွာ၊ လာခဲ့ လက်ရှည်လေးဝတ်တာ ဘယ်ေလာက်ကြာမှာမို့လို့လဲ''
"မကြာပေမယ့် ခက် မှ မဝတ်ချင်တာကို၊ ကိုကိုနော် ခုနကကျတော့ ဘာမှမပြောဘဲနဲ့ အခု ခက်အပြင်ထွက်လာပြီးမှ မလုံတာတွေ မခြုံတာတွေ လာပြောနေတယ်''
"ခုနက မပြောဘူးဆိုတာက မင်းအနားမှာ ကိုယ်ကလွဲရင် ဘယ်သူမှမရှိတော့ ဘာပြဿနာမှမရှိလို့၊ အခုနဲ့မတူဘူး''
"ဟင့်အင်း ဟင့်အင်း... တူတူ မတူတူ ပူလို့ ခက် မဝတ်မချင်ဘူး''
"လက်ရှည်ထပ်မဝတ်ချင်ရင် တခြားအင်္ကျီပြန်လာလဲ''
"မလဲချင်ဘူး''
"ပူတူး''
"ဘာလဲ''
သူ့ကိုကြောက်မလားဆိုပြီး ဂုဏ် အသံမာမာဖြင့် ေအာ်လိုက်ပေမယ့် ပူတူးကဖြင့် ဂရုမစိုက်စွာပင် လှေကားမှဆင်းပြေးသွား၏။ ထို့ကြောင့် ဂုဏ် လှေကားနှစ်ခုဆုံရာလက်ရန်းနားကို လျှောက်သွားလိုက်ပြီး ကြည့်လိုက်တော့ သူမလေးက အောက်ထပ်ကို ရောက်နေပြီမို့...
"ဒါဆိုလဲ ကိုယ်ဆင်းလာတဲ့အထိ ခြံထဲမဆင်းနဲ့ဦး ကြားလား ပူတူး''
"ဟုတ်ကဲ့''
ခက် ကိုကို့ကိုမော့ကြည့်ပြီး ခေါင်းလေးငြိမ့်ပြရင်းပြောလိုက်မှ ကိုကိုက သူ့အခန်းရှိတဲ့ဘက်ကို ပြန်လှည့်သွား၏။
"ဘာမှမဟုတ်တာကို လိုက်ပြီးပြဿနာရှာနေတယ် ဟွန့်၊ ဒီအင်္ကျီကိုမဝတ်စေချင်ရင် ဘာလို့အစကတည်းက ဝယ်လာလဲ၊ ဘယ်သူက အတင်းဝယ်ခိုင်းထားတာကျလို့''
ဒီအိမ်စရောက်ကတည်းက ခက်အတွက် လိုအပ်တာမှန်သမျှကို ကိုကို့အတွေးနဲ့ ကိုကိုပဲ ဝယ်ပေးသည်။ ခက်က ဘာကိုလိုချင်ပါတယ်လို့ မတောင်းရဘဲ အလိုက်တသိဝယ်ပေးတတ်တာမို့ ခက်ကလဲ ဘာမှမပူဆာဖူးပါ။
အခု ခက်ဝတ်ထားတဲ့ဂါဝန်ကလဲ ကိုကို့သဘောကျဝယ်လာတဲ့ဂါဝန်ပဲကို အခုမှ ဘာတွေပြဿနာဖြစ်နေလဲမသိ။ ဒါ့ကြောင့် ခက် တစ်ယောက်တည်း ကိုကို့ကို ပွစိပွစိပြောလိုက်ပြီး ထမင်းစားခန်းထဲမှာရှိသည့် ဒေါ်ထွေးဆီသွားဖို့ပြင်လိုက်၏။
"ကျွီ....
"ဟင်.. ဧည့်သည့်လာတာလား''
ကားရပ်သံကြားတာမို့ ခက် ထမင်းစားခန်းထဲမဝင်ဖြစ်တော့ဘဲ အိမ်ရှေ့ကိုထွက်လာရင်း ရေရွတ်လိုက်၏။
"အိမ်မှာ ဘယ်သူမှမရှိဘူးလား''
ခေတ် အိမ်ထဲကိုဝေ့ကြည့်ရင်းမှ ခြံစောင့်ဦးမောင်ကိုမေးလိုက်ခြင်းဖြစ်သည်။
"အကိုလေးရော သစ်ခက်လေးရော ရှိပါတယ် မမလေး''
နွေသစ်ခက်ကို သစ်ခက်လေးဆိုပြီး ချစ်စနိုးဖြင့်ခေါ်ပြောနေသည့် ဦးမောင်ကြောင့် ခေတ် နှုတ်ခမ်းမဲ့လိုက်မိသည်။ ဒီကောင်မလေး ချစ်မွှေးပါတာတော့ သေချာသည်။
မေမေကဆို သမီးသမီးနဲ့ ပါးစပ်ဖျားကမချသလို မမကလဲ ကလေးဆိုပြီး အကဲပိုပြနေသေးသည်။ အားလုံးထဲမှာမှ အဆိုးဆုံးက ဂုဏ်ရယ်။ ဘာလဲ ပူတူးလေးဆိုတာက ဟွန့်။
"ဟင်...
ခက် အိမ်ရှေ့မှာရပ်နေသည့် မလေးကြောင့် ရှေ့ဆက်တိုးဖို့ ဟန့်သွားသည်။ ဒါ့ကြောင့် ခက် နေရာမှာပဲ တောင့်တောင့်လေးရပ်နေလိုက်တော့ မလေးက သူမကို မျက်မှောင်ကြီးကြုံ့ကြည့်ပြီး...
"ငါ့ကိုမြင်တာနဲ့ ဒီလောက်တောင် ကြောက်သွားရအောင် ငါအဲ့ဒီ့လောက် အကျည်းတန်နေလား''
"မဟုတ်ပါဘူး၊ ခက်က မလေးကို ဘာလို့ကြောက်ရမှာလဲ၊ အကြောင်းမကြား ဘာမကြားနဲ့ ရောက်လာလို့ အံ့ဩသွားရုံပါ''
ဟုတ်တယ်လေ။ ခက်က ဘာကိစ္စနဲ့ေကြာက်ရမှာလဲ။
"ဒါဘာလဲ အကြောင်းမကြားဘဲ ရောက်လာလို့ ငါ့ကို အိမ်ထဲမဝင်နဲ့ဆိုတဲ့သဘောလား''
"ခက် ဒီလိုသဘောနဲ့ ပြောတာမဟုတ်ဘူးဆိုတာ မလေးသိပါတယ်၊ ပြီးတော့ အိမ်ထဲ မဝင်နဲ့လို့ ပြောရအောင်ကလဲ ဒါခက်ရဲ့အိမ်မှမဟုတ်တာ''
ဟိုတစ်ခါအိမ်ကိုလာတုန်းကလို သူမပြောသမျှ ငြိမ်ခံနေတာမျိုးမဟုတ်ဘဲ ခပ်တည်တည်နဲ့ တစ်ခွန်းမကျန်ပြန်ခံပြောနေတာမို့ ခေတ် အလိုမကျဖြစ်သွားရ၏။ သူ့ပိုင်နက်ထဲရောက်နေတယ်ဆိုပြီး ဂရုမစိုက်တဲ့သဘောများလား။
ခေတ် ကိုယ့်အတွေးနဲ့ကိုယ် ထိုကောင်မလေးကို မျက်လုံးပင့်ကြည့်ပြီး အကဲခတ်လိုက်၏။ မတည်မတင်းမျက်နှာလေးနှင့် သူမကို ခပ်စူးစူးလေးစိုက်ကြည့်နေတာကလွဲရင် တခြားအပြစ်ရှာစရာ ဘာမှမတွေ့။
နောက်ပြီး သူမ ဝတ်ထားသည့် မိုးပြာရောင်ဂါဝန်ဝဲဝဲလေးနဲ့ ဆံပင်တွေကို ဖြန့်ချထားပုံက တကယ့်ကို ချစ်ချင်စဖွယ်လေး။
"ပူတူး.. ပူတူးရေ..
"ခက် အိမ်ရှေ့မှာ ကိုကို''
"အိမ်ရှေ့ကို ဘာလုပ်ဖို့ထွက်...
ဂုဏ် သူမလေးအသံပေးလိုက်သည့် အိမ်ရှေ့ကိုလျှောက်လာရင်းမှ ပူတူးနဲ့မျက်နှာချင်းတွင်ရပ်နေသည့် မလေးကြောင့် စကားရော ခြေလှမ်းရော ရပ်တန့်သွားရ၏။
>> ဘာကိစ္စနဲ့ လာတာပါလိမ့် <<
စိတ်ထဲမှာ ဒီလိုတွေးလိုက်ပေမယ့် ထုတ်တော့မမေးဖြစ်ဘဲ ပူတူးအနားကိုလျှောက်သွားလိုက်ပြီး...
"ရော့... လက်ရှည်လေး ဝတ်ထားဦး''
ဝတ်ထားဦးဆိုပြီး နွေသစ်ခက်ရဲ့လက်ထဲကို ထည့်ပေးလိုက်တာမဟုတ်ဘဲ သူကိုယ်တိုင်ပင် တယုတယနဲ့သေသေချာချာ ဝတ်ပေးနေသည့် မောင်ဖြစ်သူကိုကြည့်ကာ ခေတ် အမြင်ကပ်မိ၏။
ဒါတင်ပဲလားဆိုတော့ မကသေး။ သူဝတ်လာသည့် ရှပ်အင်္ကျီအိတ်ထောင်ထဲမှ မိုးပြာရောင်ခေါင်းစည်းကြိုးလေးကိုထုတ်ကာ နွေသစ်ခက်ရဲ့ ဖြန့်ချထားသည့် ဆံနွယ်တွေကို စည်းနှောင်ပေးနေသေး၏။
နွေသစ်ခက်ဝတ်ထားသည့် အင်္ကျီအရောင်နဲ့လိုက်ဖက်အောင် ခေါင်းစည်းကြိုးကိုပါ အရောင်တူတာကိုရွေးယူလာသည့်အပြင် သူကိုယ်တိုင်ဝတ်ထားတာကလဲ ဒီအရောင်ပဲမို့ မျိုးရိုးဂုဏ် ဘယ်လောက်အရူးထနေလဲဆိုတာ တွေးကြည့်စရာပင်မလိုတော့။
"ပူတူး ဒေါ်ထွေးဆီခဏသွားနေဦး၊ ကိုကို မလေးနဲ့ စကားပြောလိုက်ဦးမယ်''
"ဟုတ်ကဲ့''
တမင်ရှောင်ခိုင်းတာမှန်း သိတာကြောင့် ခက် ဘာမှမပြောဘဲ အသာလေးထွက်လာခဲ့သည်။
ပူတူး ထမင်းစားခန်းထဲဝင်သွားသည်အထိ ဂုဏ်လိုက်ကြည့်ပြီးမှ မလေးကိုပြန်ကြည့်လိုက်တော့ မလေးက မျက်ခုံးနှစ်ခုထိလုမတတ် သူ့ကိုစိုက်ကြည့်ကာ...
"မင်းမိန်းမကို တမင်ရှောင်ခိုင်းလိုက်တာမလား''
"ဟုတ်တယ်လေ''
"ဘာလဲ ငါနဲ့ပေးတွေ့ရမှာ ဒီလောက်တောင်မုန်းလား''
"မုန်းတယ်ဆိုတာထက် ကြောက်တာပါ၊ မလေးဆီမှာ ပူတူးကိုချစ်တဲ့စိတ် သေးသေးလေးတောင် မရှိဘူးမဟုတ်လား၊ အဲ့ဒါကြောင့်''
"သိရင်ပြီးတာပဲ၊ ဒါနဲ့ နေစမ်းပါဦး မင်း နွေသစ်ခက်ကို ကလေးလို့ထင်နေတာလား ဟုတ်လား ဂုဏ်လေး''
အရင်းမရှိ အဖျားမရှိမေးလာတဲ့ မလေးရဲ့အမေးကို ဂုဏ် နားမလည်တာကြောင့် မျက်ခုံးတွန့်လိုက်တော့...
"မင်းမိန်းမဝတ်ထားတဲ့ ပုံစံလဲကြည့်ဦး၊ တိုနှံ့နှံ့ဂါဝန်လေးနဲ့၊ ဒီအသက်အရွယ်ရောက်နေပြိီကို ကလေးကုလားပုံစံနဲ့ကွာ''
"အဲ့ဒါ ကျွန်တော် ဆင်ထားတာ''
"ဘာဖြစ်တယ်''
"ပူတူးရဲ့ ခေါင်းအစခြေအဆုံး အားလုံးကိုကျွန်တော့်စိတ်ကြိုက် ဆင်တာ၊ သူ့အကြိုက်ပုံစံဆိုတာထက် ကျွန်တော့်အကြိုက်ပုံစံဆိုပိုမှန်တယ်၊ အဲ့တော့ မလေး မကြိုက်ရင် မကြည့်နဲ့''
"အို.. ငါကလဲ မကြည့်ချင်ပါဘူး၊ ဒါပေမယ့် မြင်ရ ေတွ့ရတာ အမြင်မတော်လို့ပြောပြတာ''
"မြင်ချင် တွေ့ချင်လို့ကို အခု ဒီကိုရောက်လာတာမဟုတ်လား၊ မလေးဘာသာနေရင် ပူတူးက မလေးမျက်လုံးရှေ့ရောက်မလာပါဘူး''
တွေ့ကတည်းက သူမကို ဘုတောတောနေသည့် ဂုဏ့်ကို ခေတ် ဘာမှဆက်မပြောချင်တာကြောင့် နှုတ်ဆိတ်နေလိုက်၏။ ဟိုတစ်နေ့က နွေသစ်ခက်ဗိုက်နာတဲ့ကိစ္စနဲ့ပတ်သတ်ပြီး ဂုဏ် သူမကိုအမြင်မကြည်ဘူးဆိုတာလဲ ပါတာပေါ့။
"ဒီကိုလာတာ ဘာကိစ္စနဲ့လဲ မလေး''
"ငါ့ကို အိမ်ထဲမဝင်ခိုင်းတော့ဘူးလား''
"မလေး ဝင်ချင်ရင် ဝင်လို့ရပါတယ်''
ဂုဏ် ခပ်တည်တည် ခပ်တင်းတင်းပဲပြောလိုက်တော့ မလေးက မျက်စောင်းတစ်ချက်ထိုးသည်။ ပြီးမှ သူမ ကိုင်ထားသည့်ပိုက်ဆံအိတ်ကို တံတောင်ဆစ်ထိရောက်အောင် ဆွဲချိတ်ကာအိမ်ထဲဝင်လာ၏။
ဧည့်ခန်းထဲမဝင်ခင် ခုနက နွေသစ်ခက်ဝင်သွားသည့် ထမင်းစားခန်းဘက်ကို လှမ်းကြည့်လိုက်တော့ နွေသစ်ခက်က သစ်သီးလှီးတဲ့ဓားနဲ့ ပန်းသီးကို လက်တစ်ဖက်စီမှာကိုင်ပြီး ဘာတွေအလုပ်များနေသည်မသိ။သူမက နွေသစ်ခက်ကိုအမြင်မကြည်တဲ့သူမို့ နှာခေါင်းလေးရှုံ့ကာ ဧည့်ခန်းထဲဝင်ဖို့ပြင်လိုက်သော်လည်း နောက်က ကိုယ်တော်လေးကတော့ သူမလိုမဟုတ်။
"ဟေ့.. အဲ့ဒီ့ဓားက ဘာလုပ်ဖို့လဲ၊ ပြန်ချလိုက် ပူတူး''
ဧည့်ခန်းနဲ့ထမင်းစားခန်းက နည်းနည်းလှမ်းတာမို့ အော်ပြောလိုက်သည့် ဂုဏ့်အသံတွင် စိုးရိမ်မှုတွေပါ ပါနေတာသိသာသည်။
"ခက် ပန်းသီးစားချင်လို့''
"စားချင်ရင် ဒေါ်ထွေးကို လှီးခိုင်း၊ ဒေါ်ထွေး ဒေါ်ထွေး''
"ဒေါ်ထွေးရှိတယ် သားရေ''
"ရှိရင် ဘာလို့ ကလေးကို ဓားကိုင်ခိုင်းထားတာလဲ၊ မတော်လို့ လက်ကိုဓားထိသွားရင် ဘယ်လိုလုပ်မလဲ၊ ပူတူး လက်ထဲက ဓားကိုချထားလိုက်''
ဧည့်ခန်းရှေ့ကနေ လှမ်းပြီးအမိန့်ပေးနေသည့် ဂုဏ်နဲ့ ထမင်းစားခန်းထဲမှ ပေကပ်ကပ်လေးဖြင့် ဓားကိုမချသေးဘဲ ကိုင်ထားသည့် နွေသစ်ခက်တို့ကို ခေတ် စိတ်ဝင်တစားကြည့်နေမိ၏။
"ပူတူး ဓားကိုချလိုက်လို့ ကိုကိုပြောနေတာနော်''
"ချပြီ ချပြီ ဟွန့်''
"အွန်း လိမ္မာတယ်၊ ဒေါ်ထွေး ကလေးကို ပန်းသီးခွဲပေးလိုက်''
"ဟုတ်ပါပြီကွယ်''
ထိုအခါမှ ဂုဏ် ဧည့်ခန်းဘက်ကိုပြန်လှည့်ပြီး ဝင်ဖို့ပြင်လိုက်တော့...
"နွေသစ်ခက်ကို မင်း တကယ် ကလေးလို့ထင်နေတာပဲ''
"တကယ့်ကလေးပဲဟာ''
ခပ်ပြတ်ပြတ်ပဲပြောကာ ဧည့်ခန်းထဲဝင်သွားသည့် မောင်ဖြစ်သူကြောင့် ခေတ် မှင်သက်မိ၏။ သူမ ဒီအိမ်ကိုရောက်တာ ၁၅မိနစ်ပင် မပြည့်သေးပါ။ ဒီအချိန်လေးအတွင်းမှာ ဂုဏ်လေးက နွေသစ်ခက်ကို အရိပ်တကြည့်ကြည့်ဖြင့် ဂရုစိုက်နေတာတွေက မြင်လို့တောင်မကောင်း။ နောက်ပြီး ဂုဏ်လေးအကဲပိုနေသမျှတိုင်းမှာ နွေသစ်ခက်ရဲ့ချွဲ့နွဲ့ခြင်းတွေက အလျင်းမရှိ။
ဒီလိုဆိုရင်တော့ နွေသစ်ခက်က မြှူဆွယ်လို့ ဂုဏ်လေး ယိုင်ခဲ့တာဆိုပြီး သူမ ထင်ခဲ့တာတွေမှားနေသလား ?
>>>>>>>>>><<<<<<<<<<
အားပေးတဲ့ အသဲတွေအားလုံးကို ကျေးဇူးတင်ပါတယ်😘😘
အမှားပါသွားရင် ချစ်တဲ့စိတ်နဲ့ ဝေဖန်ပေးပါ😁😁
အပိုင်း (၃၂)မျှော်
စာရေးသူ-Merida(Tulip)