book

Index 29

အပိုင်း (၂၉)

  • Author : Merida
  • Genres : Romance, Comedy, Drama

🎗🎗 နှောင်ကြိုး 🎗🎗


~~~~~~~~~~


"ဟဲ့ မိခက်''

"ဘာလဲဟ အလန့်တကြားနဲ့''


ခက် သူမဘေးကို အတင်းတိုးကပ်လာသည့် ဂူးဂူးကို အလိုမကျသလို ပြောလိုက်တာကို ဂူးဂူးက အရေးမစိုက်သည့်ပုံဖြင့်...


"မိခက် နင် စန္ဒီကိုသိတယ်မလား''

"စန္ဒီ.. အာ.. ဟိုတစ်ခါ နင်နဲ့အတူပါလာတဲ့ ဆေးဘက်က ကောင်မလေးလား''


"အေး အေး ဟုတ်တယ် ဟုတ်တယ်''

"သိတယ်လေ အဲ့ဒါ ဘာဖြစ်လို့တုန်း''


"အခု သူ့ကောင်လေးနဲ့ပြတ်သွားလို့တဲ့''

"ဪ.. ဟုတ်လား''


ခက် ဒီကောင်မလေးကိုလဲ သိပ်မရင်းနှီးတာမို့ ဒီလောက်ပဲပြောလိုက်ပြီး စာရေးဖို့ ဘောပင်လေးကိုင်လိုက်ပေမယ့် မပြီးနိုင်သေးသည့် ဂူးဂူးက သူမဘက်ကို ဆတ်ခနဲလှည့်လာပြီး...


"နင် သိလား မိခက်၊ သူတို့တွဲလာတာ ၃နှစ်တောင်ပြည့်တော့မှာ''

"အဲ့ဒါ ဘာဖြစ်လဲ ဂူးဂူးရယ်၊ ဘယ်လောက်ကြာအောင် တွဲတွဲ ရေစက်မပါရင် ပြတ်ရင်ပြတ်မှာပေါ့''


"မဟုတ်ဘူး အခုဟာက ရေစက်နဲ့မဆိုင်ပါဘူးဆို၊ သူ့ကောင်လေးကလေ...


"ဂူးဂူး နင် သူများအကြောင်းကို ဘယ်အချိန်ကတည်းက ဒိီလောက်စိတ်ဝင်စားတတ်သွားတာလဲ ဟမ်''


ခက် ဒီလိုပြောလိုက်တော့ ဂူးဂူးက နှုတ်ခမ်းလေးကို မဲ့ချပစ်လိုက်ပြီး..


"စိတ်ဝင်စားတာတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် ငါ စန္ဒီ ့အစားရင်နာလို့''

"နင်က ဘာကိစ္စ သူများအစားရင်နာရတာလဲ''


ခက် ထပ်မေးလိုက်တော့ ဂူးဂူးက အရမ်းကိုမှ ပြောချင်နေသည့် မျက်နှာပေးဖြင့်..


"ငါပြောပြမယ် ဒီလိုဟာ၊ စန္ဒီ ့ရဲ့ကောင်လေးက စန္ဒီနဲ့မတွဲခင်က ရည်းစားရှိဖူးတယ်၊ ပြောရရင် အချစ်ဦးပေါ့ဟာ၊ အဲ့ဒါ အဲ့ဒီ့အချစ်ဦးနဲ့ ပြတ်ပြီးမှ စန္ဒီနဲ့တွဲတာ၊ အခု အဲ့ဒီ့အချစ်ဦးဆိုတဲ့မိန်းမက သူ့ဆီပြန်လာတော့ သူက စန္ဒီ ့ကိုဖြတ်သွားတာ''


"ဟင်.. ဟုတ်လား''

"ဟုတ်တယ် အဲ့ဒါကြောင့် ပြောတာပေါ့၊ စန္ဒီဆို သူ့ကောင်လေးကို အရမ်းချစ်တာ၊ အခု သူ့မှာဘာအပြစ်မှ မရှိဘဲ ထားသွားတာခံရတော့ တအားငိုတာ သိလား''


"ဪ....

"အချစ်ဦးကို မြေးဦးရတောင် မမေ့ဘူးဆိုတာ တကယ်ထင်တယ်နော်၊ လူတွေက အချစ်ဦးဆို ရှိရှိသမျှအချစ်တွေ အကုန်ပုံအောပေးကြတာ ထင်ပါရဲ့''


ခက် ဂူးဂူးရဲ့ စကားတွေကို ဘာမှပြန်မပြောတော့ဘဲ ''အချစ်ဦးကို မြေးဦးရတောင် မမေ့ဘူး''ဆိုသည့် စကားကိုသာ အတွေးနယ်ချဲ့လိုက်၏။


ဒီလိုဆို ကိုကိုကရော?

ကိုကို့မှာလဲ အချစ်ဦးရှိမှာပဲ။ အဲ့ဒီ့အချစ်ဦးက ဘယ်သူလဲ။ ပြီးတော့ ခုန ဂူးဂူးပြောပြသလို အဲ့ဒီ့အချစ်ဦးက ကိုကို့ဆီပြန်လာရင်ရော ကိုကိုက ခက်ကို ထားခဲ့ပြီး အဲ့ဒီ့အချစ်ဦးဆိုတဲ့မိန်းမနောက် လိုက်သွားမှာပဲလား။ အို... မဖြစ်နိုင်ပါဘူး။ ကိုကိုက ငါ့ကို ဒီလောက်ချစ်တာ။ ဘာကိစ္စ ငါ့ကိုထားခဲ့မှာလဲ။ ငါ အတွေးလွန်နေတာပဲ ဖြစ်မှာပါ။ 


မဟုတ်တဲ့အတွေးတွေကို ခက် ဆက်မတွေးတော့ဘဲ ရပ်တန့်ပစ်လိုက်၏။


>>>>>>>>>><<<<<<<<<<


"အချစ်ဦးကို မြေးဦးရတောင် မမေ့ဘူး''


"လူတွေက အချစ်ဦးဆို ရှိရှိသမျှအချစ်တွေ အကုန်ပုံအောပေးကြတာ ထင်ပါရဲ့''


ခက် စာကြည့်နေရင်းမှ နေ့လည်က ဂူးဂူးပြောတဲ့ စကားတွေက နားထဲမှာ ပြန်ပြန်ကြားနေရ၏။ ဘယ်လောက်ပဲ ခက်ကို ကိုကိုက ချစ်ပါတယ်ပြောပြော ဒီလို ကိစ္စမျိုးတွေ ဖြစ်လာရင် ထားမသွားဘူးလို့ ဘယ်သူက ပြောနိုင်လို့လဲ။ 


ခက် သက်ပြင်းအကြိမ်ကြိမ်ချပြီးတဲ့နောက်မှာတော့ ဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီး ကိုကို့ဆီ ထထွက်သွားလိုက်သည်။


"ဒေါ်ထွေး ကိုကိုရောဟင်''


"ကိုကို ဒီမှာ ပူတူးရေ''


ဒေါ်ထွေးမဖြေခင် ဧည့်ခန်းထဲမှ လှမ်းအော်လိုက်သည့် ကိုကို့ကြောင့် ခက် ဒေါ်ထွေးကို ပြုံးပြလိုက်ပြီး ဧည့်ခန်းထဲ ဝင်လာလိုက်၏။ 


"ဘာလို့လဲ ပူတူး''

"ကိုကိုက အလုပ်လုပ်နေတာလား''


ခက် ဝင်လာတာကို အာရုံမစိုက်နိုင်ဘဲ လပ်တော့ပ်နှင့် အလုပ်များနေတာမို့ ခက် မေးလိုက်တော့ ကိုကိုက ခေါင်းငြိမ့်ပြ၏။


"ခက်က ကိုကို့ကို မေးစရာရှိလို့ကို''

"မေးလေ ပူတူးရဲ့၊ ဘာမေးမှာလဲ''


"အဲ့ဒါက.. ဟိုလေ ကိုကို့မှာ...

"အွန်း.. ကိုကို့မှာ ဘာလဲ''


ကိုကို့မှာ အချစ်ဦးရှိလားဟင်လို့ မေးဖို့အရေးကို ခက် တွန့်ဆုတ်နေမိသည်။ 


မေးပြီးလို့မှ ကိုကိုက မကြိုက်ရင် ဘယ်လိုလုပ်မလဲ။ တော်ကြာ ခက့်ကို မဆိုင်တာတွေလျှောက်မေးနေလို့ စိတ်ဆိုးသွားရင်ရော။ 


အို.. တော်ပြီ တော်ပြီ မမေးတော့ဘူး။ 

အချစ်ဦးရှိတော့ရော ဘာဖြစ်လဲ။ 

အလကားသပ်သပ် အဆူခံနေရမှဒုက္ခ။


"ပူတူး.. ဟေ့.. ပူတူးလေး''

"ဟင်... ရှင် ကိုကို''


"ဘာမေးမလို့လဲလို့''

"ဟင်.. ဟိုလေ ခက် ခက်ဗိုက်ဆာလို့ တစ်ခုခုစားမလို့လေ၊ အဲ့ဒါ... ကိုကိုရော ဘာစားဦးမလဲလို့ လာမေးတာ၊ ဟုတ်တယ် ဟုတ်တယ် ကိုကိုရော ဘာစားမလဲဟင်''


"ကိုယ်က တော်ပါပြီ၊ ပူတူးပဲ စားချင်တာသွားစားချည်''

"ဟုတ်''


ခက် ခေါင်းငြိမ့်ပြလိုက်ပြီး မီးဖိုခန်းဘက် ထွက်လာခဲ့လိုက်သည်။ မေးချင်တာကို မမေးရဲတာမို့ ပါးစပ်ထဲတွေ့ရာ လျှောက်ပြောလိုက်တာကလဲ တစ်ခုခုစားချင်လို့တဲ့။


"စားရမယ့်ကံပါလို့ စားရတာပေါ့၊ အွန်း... ဘာစားရင်ကောင်းမလဲ''


ခက် မီးဖိုခန်းထဲကို မျက်လုံးဝေ့ကြည့်ပြီး ရှာလိုက်တော့ ခေါက်ဆွဲခြောက်ထုပ်တွေတွေ့တာမို့..


"ဟုတ်ပြီ ခေါက်ဆွဲပြုတ်စားရမယ်၊ နေဦး ရေခဲသေတ္တာထဲမှာ အရွက်တွေရှိသလားမသိဘူး''


ခက် ခေါက်ဆွဲပြုတ်စားဖို့အတွက် အရွက်တွေ ဘာတွေစုံအောင်ယူလိုက်ပြီး စချက်ဖို့ပြင်လိုက်၏။ အားလုံးချက်ပြုတ်ပြီးသွားတော့ ထည့်ဖို့ ပန်းကန်မတွေ့တာကြောင့် ခက် ထပ်ရှာရပြန်သည်။


"ဒေါ်ထွေးက ပန်းကန်တွေကို ဘယ်မှာထားတာလဲ မသိဘူး''


ခက်က အချက်အပြုတ်မကျွမ်းတာရယ်၊ ကိုကိုက ခက်ကို မီးဖိုခန်းထဲဝင်ရင် မကြိုက်တာရယ်ကြောင့် မီးဖိုခန်းထဲမှာ ဘယ်နေရာ ဘာရှိတယ်ဆိုတာ သူမ တကယ်မသိ။ အခုလဲ ပန်းကန်တစ်ချပ်ရှာတာ ခေါင်းတောက်လာတာမို့ ခက် ဒေါ်ထွေးကိုသွားမေးရန် ဆုံးဖြတ်ကာ မီးဖိုခန်းဘက်မှထွက်ရန်ပြင်လိုက်စဥ်..


"ဟင်... ပန်းကန်တွေက ဒီမှာပါ့ပဲ၊ ဟွန့်.. ဘာလို့ ဒီလောက်အမြင့်ကြီးမှာ လာထားတာလဲမသိဘူး''


ခက်ရဲ့ လက်တစ်ပြန်စာအမြင့်မှာရှိသည့် နံရံကပ်မှန်ဗီဒိုလေးထဲက ပန်းကန်တွေကို ကြည့်ပြီး ခက် အလိုမကျသလိုပြောကာ လှမ်းယူဖို့ပြင်လိုက်၏။ လက်တစ်ပြန်စာဆိုပေမယ့် ပန်းကန်တွေက ဗီဒိုရဲ့အလယ်လောက်မှာမို့ ခက် မမှီမကမ်းဖြစ်နေ၏။ ပန်းကန်တွေကို ခက် လက်နဲ့ထိရုံပဲထိနေပြီး ဆွဲယူလိုက်ဖို့အထိ မမှီတာမို့ ခက်  စိတ်တိုလာကာ ခုန်ပြီးဆွဲချလိုက်တော့...


"ဟာ.. ဟေ့.. ပူတူး...

"ခွပ်.. ခလွမ်း.. ခွမ်း....


ရုတ်တရက်ကြီး ခက်ကို လှမ်းဆွဲလိုက်သည့် ကိုကို့ကြောင့် ခက် လန့်ဖျတ်သွားသည့်အပြင် နောက်မှာကျန်ခဲ့သည့် ကျကွဲသံတွေကြောင့် ခက် မျက်လုံးလေးပြူးသွား၏။ ပြီးမှ ပြန်လှည့်ကြည့်လိုက်တော့ ခုနက ခက် ရပ်နေသည့်နေရာတွင် အထပ်လိုက် ကွဲကြေနေသည့် ပန်းကန်တွေ။ 


"ဟင်... ကွဲကုန်တာလား''


ခက် ကိုယ့်အပြစ်နဲ့ကိုယ်မို့ အခုထိ သူမရဲ့လက်ကိုဆွဲထားဆဲဖြစ်သည့် ကိုကို့ကို မရဲတရဲလေးခိုးကြည့်လိုက်တော့ ကိုကိုက သူမကို မျက်မှောင်ကြီးကျုံ့ကြည့်နေ၏။


"ဟို.. ဟိုလေ ခက် ခက်က ဒီအတိုင်းယူနေတာကို မရလို့ ခုန်ပြီးယူလိုက်တာ၊ အဲ့ဒါ အကုန်ကျကွဲသွားတာ... ထင်..တယ်၊ ဘယ်လိုလုပ်ရမလဲဟင်''


"မင်းက ဘယ်လိုလုပ်ချင်လို့လဲ၊ ဒီလိုလုပ်ရင် ဒီလိုဖြစ်မယ်ဆိုတာ မတွေးမိဘူးလား ပူတူး ဟမ်''


"ခက်က ဒီလိုမဖြစ်ဘူးထင်လို့ပါ''


ခက် ဆင်ခြေပေးပြီး ပြောလိုက်တော့ ကိုကိုက သဘောမကျဟန်ဖြင့် မျက်နှာကြီးစူပုတ်နေတာကြောင့်...


"ခက်.. ခက် ပြန်လျော်ပေးပါ့မယ် နော် ကိုကိုနော်''

"မလိုပါဘူး''


"ဒါဆိုလဲ ခက် ဒါတွေရှင်းပေးမယ်လေ၊ ခဏ''ဆိုပြီး သူ့လက်တွေကို ခါချကာ ပန်းကန်အကွဲတွေရှိရာကို သွားဖို့ပြင်နေတာကြောင့် ဂုဏ် သူမရဲ့လက်လေးကို ဖျတ်ခနဲလှမ်းဆွဲထားလိုက်ပြီး...


"မလိုဘူး မလုပ်နဲ့''

"ခက်ကြောင့် ဖြစ်သွားတာကို'


"မင်းကြောင့်ဆိုတာ ဟုတ်တယ်၊ ဒါပေမယ့် မလုပ်နဲ့၊ လာ ဒီဘက်မှာရပ်နေ''


ခက်ကို နောက်မှာရပ်နေခိုင်းလိုက်ပြီး ပန်းကန်အကွဲတွေကို ရှင်းနေသည့် ကိုကို့ကိုကြည့်ကာ ခက် အပြစ်မကင်းသလိုခံစားရသည်။ သို့ပေမယ့် ခက် ကိုယ်တိုင်ဝင်လုပ်ပေးဖို့ကလဲ ရပ်နေဆိုပြီး အမိန့်ပေးထားသည့် ကိုကို့ကြောင့် ဝင်မလုပ်ရဲပါ။ 


ပန်းကန်အကွဲတွေအားလုံးရှင်းပြီးသွားမှ ကိုကိုက ဗီဒိုထဲမှာ ပန်းကန်တစ်ချပ်ကို ယူကာ ခေါက်ဆွဲပြုတ်ကို ထည့်ပေးရင်း....


"ဟေ့.. ဗိုက်ဆာလို့ဆို၊ လာလေ ဘာလို့ အဲ့ဒီ့မှာရပ်နေတာလဲ''


"ကိုကိုပဲရပ်နေဆို''

"အဲ့ဒါက ခုနက ပူတူးကို ပန်းကန်ကွဲတွေ စူးမှာစိုးလို့လေ၊ ခုက ဒီနားလာပြီး ခေါက်ဆွဲပြုတ်လာစား''


ထိုအခါမှ သူနဲ့မျက်နှာချင်းဆိုင်က ခုံလေးတွင် မျက်နှာငယ်လေးဖြင့် ဝင်ထိုင်သည့် ပူတူး။အပြစ်လုပ်ထားလို့ သူ ဆူဖို့ပြင်လိုက်တိုင်း အခုလို ကြိုပြီးမျက်နှာလေးငယ်ထားတတ်သည့် ပူတူးကြောင့် အခုလဲ သူ မဆူရက်တော့ဘဲ ခေါက်ဆွဲပြုတ်ပန်းကန်ကို သူမရှေ့တိုးပေးလိုက်ရင်း...


"ဗိုက်ဆာတယ်ဆို ရော့လေ စား''

"ကိုကိုက ခက်ကို ဆူဦးမှာမဟုတ်လား''


"ဘာလို့ ဆူရမှာလဲ ပူတူးရဲ့''

"ခုနက ခက်ကြောင့် ပန်းကန်တွေကွဲသွားလို့လေ''


ခေါင်းလေးငုံ့ချထားပြီး ငိုသံပါလေးဖြင့် ပြောနေသည့်ပူတူးကြောင့် ဂုဏ် ခပ်ထေ့ထေ့လေးပြုံးလိုက်ပြီး...


"ပူတူးက အခု ကိုယ် ဘာမှမပြောသေးတာတောင် ငိုချင်ချင်ဖြစ်နေတာ၊ ကိုယ် ဆူလိုက်ရင် ငိုမှာမလား''

"မငိုပါဘူး၊ ကိုကိုဆူချင်ဆူပါ၊ ခက်က အပြစ်ရှိတာပဲကို''


"မဆူပါဘူး၊ ဒါပေမယ့် ပြောစရာတော့ရှိတယ်၊ ဒီမှာ ကိုယ့်ကိုကြည့်''


ခက်ရဲ့လက်ကို လှမ်းကိုင်ပြီးပြောနေတာမို့ ခက် ငိုချင်ချင်ဖြစ်နေသည့် မျက်နှာရှုံ့မဲ့မဲ့လေးဖြင့် မော့ကြည့်လိုက်တော့...


"ခုနက ကိုယ်သာရောက်မလာရင် အဲ့ဒီ့ပန်းကန်တွေက ပူတူးအပေါ်ပြုတ်ကျလာမှာ သိတယ်မလား''

"ဟုတ်''


"အဲ့ဒီ့လို ပြုတ်ကျပြီး ပူတူးကို ထိခိုက်သွားရင်  ဘယ်လိုလုပ်မလဲ''

"ဟင်... ထိခိုက်သွားတော့လဲ ခက်က ဘာတတ်နိုင်မှာလဲ''


"မတတ်နိုင်ဘူး ဟုတ်တယ်၊ တကယ်လို့ ပူတူးထိခိုက်သွားရင် ကိုယ်ကတော့ ကိုယ့်ကိုကိုယ် ဒေါသဖြစ်မိမယ်ထင်တယ်''


ထူးထူးဆန်းဆန်းပြောလိုက်သည့် ကိုကို့စကားကြောင့် ခက် ကိုကို့ကို မျက်လုံးလေးပင့်ကြည့်လိုက်ပြီး...


"ကိုကိုနဲ့ ဘာဆိုင်လို့လဲ၊ ခက်က ခက်ဘာသာခက် ခိုက်မိတာကို''

"ပူတူး ဘာသာ ပူတူး ခိုက်မိတာမှန်ပေမယ့် ကိုယ်တစ်ယောက်လုံးရှိရက်သားနဲ့ ဖြစ်ရတာလေ၊ အမှန်ဆို ပူတူးဗိုက်ဆာတယ်လို့ပြောကတည်းက ကိုယ်လိုက်လုပ်ပေးရမှာကို''


"မဆိုင်ပါဘူး၊ ကိုကိုမှ အလုပ်မအားတာကို၊ ပြီးတော့ အခုဟာက ခက် နမော်နမဲ့နိုင်လို့ဖြစ်တာပဲဟာ''

"ပူတူး နမော်နမဲ့နိုင်တာလဲဟုတ်တယ်၊ ကိုယ် ဂရုမစိုက်တာလဲ ဟုတ်တယ်၊ အဲ့တော့ နောက်တစ်ခါကျရင် အခုလို အန္တရာယ်များတဲ့အလုပ်တွေ မလုပ်နဲ့ ကြားလား''


"ဟုတ်''

"ပြီးတော့ အခုလို ပူတူးမလုပ်နိုင်တဲ့အရာတွေဆိုရင် ကိုယ့်ကိုခိုင်းပါကွာ၊ ယောက်ျားယူထားပြီး ဒီလိုနေရာတွေမှာ မခိုင်းရင် ဘယ်နေရာခိုင်းမှာလဲ''


"ဟာ.. ကိုကိုကလဲ...'' 

"ဘာလဲ မဟုတ်တာကျလို့ အဟွန်း''


ခက် ထင်ထားသလို မဆူဘဲ အေးအေးချမ်းချမ်းဖြစ်နေသည့် ကိုကို့ကြောင့် ခက် ရင်ထဲပေါ့သွားသည်။ ပြီးမှ ခေါက်ဆွဲပြုတ်ကိုအမှတ်ရပြီး စားလိုက်တော့ ကောင်းလွန်းသည့် ကိုယ့်လက်စွမ်းကြောင့် ခက် နှာခေါင်းလေးရှုံ့ကာ...


"စားလို့လဲ မကောင်းဘူး''

"ဟုတ်လား ဘယ်လိုနေလို့လဲ''


"မသိဘူး ဘာအရသာကြီးမှန်း မသိဘူး''

"မကောင်းရင် မစားနဲ့တော့၊ ကိုယ် pastaလုပ်ပေးမယ်''


"ကိုကိုက လုပ်တတ်လို့လား''

"မင်းရဲ့ယောက်ျားက ကနေဒါမှာ ၁၅နှစ်လောက် တစ်ယောက်တည်းနေလာတဲ့ကောင်ပါကွ၊ အချက်အပြုတ် အလျှော်အဖွပ်လောက်က အေးဆေး''


"ဟွန့်.. ယုံချင်စရာကြီး၊ ကိုကိုလား အဲ့ဒါတွေ လုပ်တတ်မှာ၊ ခက်တောင် ဟင်းမချက်တတ်တာကို''


ခက် မယုံသလို ပြောလိုက်တော့ ကိုကိုက ပုခုံးလေးတွန့်ပြလိုက်ပြီး ဗီဒိုအံဆွဲထဲက အေပရွန်ကိုထုတ်ယူပြီး ဝတ်လိုက်၏။ ပြီးတာနဲ့ မီးဖိုခန်းထဲက ပစ္စည်းတွေကို ကျွမ်းကျွမ်းကျင်ကျင်ကိုင်တွယ်ပြီး ချက်ပြုတ်နေတော့သည်။


"ကိုကိုနော် မလုပ်တတ်ဘဲနဲ့ လျှောက်လုပ်လို့ အကုန်လွှင့်ပစ်နေရဦးမယ်''

"ကြည့်ထားပါ မကောင်းဘူးဆိုတာ မရှိစေရဘူး၊ လွှင့်ပစ်မယ်ဆိုရင်တောင် ပူတူးရဲ့ဗိုက်ထဲမှာပဲ လွှင့်ပစ်ရမယ်ဆိုတာ သေချာတယ်''


"အမလေး ကိုယ့်ကိုကိုယ် အထင်ကြီးလိုက်တာ၊ ပြီးသွားမှ စားမကောင်းရင် အရှက်ကွဲဦးမယ်''

"စောင့်..ကြည့်..လိုက်..ပါ..ကွာ''


ယုံကြည်ချက်ရှိရှိဖြင့် ပြောနေသည့် ကိုကို့ကို ခက် မယုံမကြည်နဲ့ပဲ စောင့်ကြည့်နေလိုက်သည်။


"ကဲ ရပါပြီ၊ ထိပ်တန်းစာရင်းဝင် စားဖိုမှူးကြီး မျိုးရိုးဂုဏ်ရဲ့ စပါယ်ရှယ်လက်ရာ ပါစတာ''

"ထိပ်တန်းစာရင်းဝင်တဲ့ ဟား.. ဟား..


"မရယ်ဘဲ အရင်စားကြည့်ပါဦး၊ နောက်မှ ကိုကို ဒါမျိုးထပ်ကျွေးနော်ဆိုရင်တော့ ဆောရီးပဲ''


"ကိုယ့်ကိုကိုယ် အထင်ကြီးလိုက်တာ ကိုကိုရယ်''

"အထင်ကြီးသင့် မကြီးသင့်ဆိုတာ စားကြည့်ရင် သိသွားမှာပါ''


ဂုဏ် ခပ်တည်တည်နဲ့ပြောလိုက်မှ နှုတ်ခမ်းလေးမဲ့ချကာ စားဖို့ပြင်လိုက်သည့် ပူတူး။ ခေါက်ဆွဲကို ခက်ရင်းလေးနဲ့ ပတ်ပြီး စားနေသည့်ပူတူးကို သူ စူးစိုက်ကြည့်နေစဥ် သူ့ကို ပြန်ကြည့်လာသည့်ပူးတူးကြောင့် ဂုဏ် ဝမ်းသာအားရဖြင့်..


"ဘယ်လိုလဲ ကောင်းတယ်မလား၊ ကိုယ့်ကို အထင်ကြီးသွားတယ်မလား''

"ကိုကို''


"ဟင်.. ဘာလဲ''

"ကိုကို ကနေဒါမှာနေတုန်းက ဒီလိုပဲ ကိုယ့်ဟာကိုယ်ချက်စားတာလားဟင်''


"အွန်း.. ဟုတ်တယ်လေ၊ ဘာလို့လဲ မကောင်းဘူးလား''


ကိုယ့်လက်ရာကိုယ် ယုံကြည်မှုအပြည့်အဝရှိပေမယ့် အခု ပူတူးရဲ့ရှုံ့မဲ့မဲ့မျက်နှာကြောင့် စိုးရိမ်စိတ်လေးဝင်သွားကာ..


"ပူတူး ဘာလဲကွာ၊ စားလို့မကောင်းဘူးလား ဟမ်၊ ပေးဦး ကိုယ်စားကြည့်ဦးမယ်''


"ဟင့်အင်း မစားနဲ့ မစားနဲ့''

"ဘာလို့လဲလို့၊ ပူတူး မင်းရဲ့ပုံစံကြောင့် ကိုယ် ကိုယ့်လက်ရာကို ယုံကြည်မှု 10%လောက် ကျသွားပြီ၊ ေပးပါ ကိုယ် စားကြည့်မယ်''


"ဟင့်အင်းဆို''

"ဒါဆို တော်တော်မကောင်းလို့ထင်တယ်၊ 20%လောက်များ ကျသွားသင့်တာလား''


"မဟုတ်ပါဘူး''

"30%လောက်လား''


"No''

"40''


"No''

"50%''


"မဟုတ်ပါဘူးဆို ကိုကိုရယ်''

"အဲ့ဒါမှ မဟုတ်ရင် မစားနဲ့တော့ ပူတူး၊ အရသာက တော်တော့်ကို ဆိုးနေတာနေမှာ၊ ပေး ကိုယ် လွှင့်ပစ်လိုက်တော့မယ်''


ဂုဏ် ကိုယ့်ကိုကိုယ် စိတ်ပျက်သွားကာ ပူတူးရဲ့ရှေ့မှ ပန်းကန်လေးကို ဆွဲယူလိုက်တော့ ပူတူးက သူ့ရဲ့လက်ကို ဖျတ်ခနဲရိုက်ချလိုက်ပြီး...


"ဘာလုပ်တာလဲ၊ ခက် အတွက်ချက်ပေးတာဆို''

"ဒါပေမယ့် မကောင်းဘူးမလား''


"မကောင်းဘူးလို့ ဘယ်သူပြောလို့လဲ''

"ပူတူးပဲ အဲ့လိုပုံစံလုပ်ပြနေပြီးတော့''


"အဟွန်း ဟွန်း.. ခက်က အလကားစတာပါ၊ ဘာလို့ စားမကောင်းရမှာလဲ၊ ထိပ်တန်းစာရင်းဝင် စားဖိုမှူးကြီးရဲ့ စပါယ်ရှယ်လက်ရာပဲဟာ''


"မနောက်နဲ့တော့ ပူတူး၊ စားမကောင်းဘူးဆိုရင် မကောင်းဘူးလို့ပြော''

"ဟော.. စားကောင်းပါတယ်ဆိုမှ၊ မယုံရင် ကိုကိုစားကြည့် ရော့ ရော့''


ခက် ဇွန်းလေးနဲ့ ခပ်ပြီး ကိုကို့ကိုခွံ့ကျွေးလိုက်တော့မှ ကိုကိုက မျက်နှာကြီးပြုံးဖြီးသွားကာ..


"ပူတူးကွာ တော်တော်ဆိုးတယ်၊ ကိုယ်က တကယ်စားမကောင်းဘူးထင်ပြီး စိတ်ညစ်သွားတာ''

"အဟွန်း.. ကိုကိုက ကိုယ့်ကိုကိုယ် ဒီလောက်တောင်မယုံဘူးလား''


"ကိုယ့်ကိုကိုယ်ထက် ကိုယ်က မင်းကိုပိုယုံတာကိုကွ''

"ဟင်...


"ဟုတ်တယ်၊ ကိုယ်ဘယ်လောက်ပဲ ကောင်းအောင်ချက်ထား ချက်ထား မင်းက စားမကောင်းဘူးလို့ပြောရင် ကိုယ် မင်းရဲ့စကားကိုပဲယုံမှာ''


ရင်ခုန်ချင်စရာကောင်းလှသည့် စကားတွေကို ကိုကိုကတော့ ပုံမှန်အတိုင်းပဲပြောနေတယ်ဆိုပေမယ့် ခက်ရဲ့ ရင်ခုန်သံတွေကတော့ ပုံမှန်မဟုတ်တော့ပါ။ ခက်ကို ကိုကိုက ဒီလောက်တောင်ချစ်ပါလားလို့တွေးမိပြီး ပြုံးလိုက်စဥ် နေ့လည်က ဂူးဂူးပြောတဲ့ ''အချစ်ဦး''ဆိုတာကြီးက အတွေးထဲပြန်ရောက်လာ၏။ 


!!! ကိုကိုက ငါ့ကိုတောင် ဒီလောက်ချစ်ရင် ဟိုအချစ်ဦးဆိုတဲ့ မိန်းမကို ဘယ်လောက်တောင်များ ချစ်လိုက်မလဲ မသိဘူး !!!


"ကိုကို''

"ဗျ''


"ကိုကို့ကို ခက်ဒီနေ့ကျောင်းမှာ ကြားလာတာတစ်ခု ပြောပြမယ်နော်''

"ပြောပါဗျာ၊ ကိုယ့် ခလေးပြောတာဆို အားလုံး နားထောင်ပေးရမှာပေါ့''


"အင်း ကိုကိုက ထိုင်လေ''

"အိုခေ''ဆိုပြီး ဂုဏ် သူမလေးနဲ့ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်တော့ ပူတူးက သူ့ကို စိုက်ကြည့်ကာ...


"ဂူးဂူးမှာ စန္ဒီဆိုတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်​ေလ၊ အဲ့ဒီ့ စန္ဒီဆိုတဲ့ ကောင်မလေးမှာက ချစ်သူရှိတယ်၊ သူတို့တွဲလာတာ ၃နှစ်တောင်ရှိပြီတဲ့''

"အွန်း... တော်တော်ကြာပြီပဲ''


"ဟုတ်တယ်၊ အဲ့ဒါ အခုသူတို့ လမ်းခွဲလိုက်ပြီတဲ့၊ အဲ့ဒါ ဘာလို့လဲ ကိုကိုသိလား''


သူ့ကိုမျက်လုံးလေးပင့်ကြည့်ပြီး မေးလိုက်သည့်ပူတူးကို သူခေါင်းလေးရမ်းပြလိုက်တော့..


"စန္ဒီ ့ရဲ့ကောင်လေးက စန္ဒီနဲ့မတွဲခင်က ချစ်သူရှိဖူးတယ်တဲ့၊ ပြောရမယ်ဆိုရင် အချစ်ဦးပေါ့၊ အခု အဲ့ဒီ့အချစ်ဦးပြန်လာလို့ စန္ဒီနဲ့ လမ်းခွဲလိုက်တာတဲ့လေ''

"ဪ.. ဟုတ်လား''


"ဟုတ်တယ်၊ အဲ့ဒါကြောင့်မို့လို့ ခက်က ကိုကို့ကိုမေးမလို့''

"ကိုယ့်ကို ပူတူးက ဘာမေးချင်လို့လဲ''


"ခက် မေးရင် မလိမ်ရဘူးနော်''

"ဟောဗျာ.. မလိမ်ပါဘူး ပူတူးရဲ့၊ မေး မေး ဘာမေးမှာလဲ''


"ကိုကို့ အချစ်ဦးက ဘယ်သူလဲဟင်''

"ဟင်.. ဘယ်လို ဘယ်လို၊ အချစ်ဦးဟုတ်လား ပူတူး''


ရယ်ချင်နေသည့် မျက်နှာကြီးဖြင့် ပြန်မေးလာသည့် ကိုကို့ကြောင့် ခက် မေးမိတာပင် နောင်တရသွား၏။ 


"ကိုယ့်အချစ်ဦးကို ပူးတူးက ဘာလို့ အခုမှ သိချင်နေရတာလဲ ပူတူး''


"ကိုယ့်အချစ်ဦး''


ကိုယ့်အချစ်ဦး ဆိုပါလား။ ခက်ကဖြင့် ဘာမှကို စစ်မမေးရသေးဘူး။ အခေါ်အပြောလေးကအစ နူးညံ့ပြနေသည့် ကိုကို့ကို ခက် မကျေမချမ်းလေးကြည့်လိုက်ပြီး..


"တော်ပြီ ခက် ဒီကိစ္စမမေးခဲ့ဘူးလို့ပဲ ထားလိုက်တော့''


ပြောပြီး ဆတ်ခနဲထရပ်လိုက်သည့် ပူတူးကြောင့် ဂုဏ်က လိုက်ရပ်လိုက်ပြီး..


"ဘာလို့လဲ မင်းပဲသိချင်တယ်ဆို ပြောပြမယ်လေ''

"ဟင့်အင်း အခု မသိချင်တော့ဘူး''


"မသိချင်လဲ ကိုယ်ပြောပြမှာပဲ''

"အို... ဘာမှမသိချင်ဘူး၊ ဘာမှ လာမပြောနဲ့''


ပြတ်ပြတ်သားသားငြင်းပစ်လိုက်ပြီး ခက် ကိုကို့ကိုကျောခိုင်းကာ မီးဖိုခန်းထဲကနေထွက်ဖို့ပြင်လိုက်စဥ် ခက့်ရဲ့လက်ကို လျင်မြန်စွာ လှမ်းဆွဲလိုက်သည် ကိုိကိုက..


"ကိုယ့် အချစ်ဦးကို ကိုယ့်အသက်၁၂ပြည့်တဲ့နေ့မှာ ဘုရားက လက်ဆောင်ပေးတာလေ''


အသက် ၁၂နှစ်ဆိုရင် အရမ်းကိုကြာခဲ့ပြီပေါ့။

ဒီလောက်နှစ်တွေကြာတာတောင် သတိရနေပုံထောက်ရင် ကိုကိုလဲ အဲ့ဒီ့အချစ်ဦးကို အရမ်းချစ်ခဲ့မှာပေါ့။ 


ခက် ဒီလိုတွေးလိုက်မိတဲ့ခဏ ရင်ထဲမှာလဲ ဘာကိုမှန်းမသိ မကျေမနပ်ဖြစ်သွားကာ...


"တော်ပြီ မပြောနဲ့တော့၊ ခက် မသိချင်တော့ဘူး''

"စပြီးမှတော့ ဆုံးအောင်ပြောရမှာပေါ့ကွ''


"ဟင့်အင်း ခက် အိပ်ချင်နေပြီ ဖယ်ပါ''

"မရဘူး မအိပ်ရဘူး၊ မင်းပဲ မေးတုန်းကမေးပြီးတော့၊ ကိုယ်ဖြေတာကို ဆုံးအောင်နားထောင်ရမှာပဲ''


တော်တော့်ကို သူ့အချစ်ဦးအကြောင်းပြောချင်နေသည့် ကိုကို့ကြောင့် ခက် စိတ်တိုသွားကာ နှုတ်ခမ်းကိုက်လိုက်၏။ ပြီးမှ လက်ကိုကိုင်ထားသည့် သူ့ရဲ့လက်တွေကို ဖြုတ်ချလိုက်ပြီး ခုနက ထိုင်နေသည့်နေရာကို ဝင်ထိုင်လိုက်၏။


"အဲ့ဒီ့လောက်တောင် ပြောချင်နေရင် ပြော ပြော''


သဝန်တွေတိုနေသည့်ပုံစံဖြင့် စူပုတ်ပုတ်လေးပြောလိုက်သည့် ပူတူးကြောင့် ဂုဏ် ရင်ထဲနွေးခနဲဖြစ်သွား၏။ ဒီကောင်မလေး သူ့အပေါ်ကို စိတ်ဝင်စားမှုတော့ ရှိသားပဲ။ သို့ပေမယ့် သူမလေးကို စ,ချင်တာမို့ သူမလေးရဲ့ဘေးတွင် လက်ပိုက်ရပ်လိုက်ပြီး..


"အွန်း.. ပြောပြရမှာပေါ့၊ ကိုယ့်အချစ်ဦးက အရမ်းချစ်စရာကောင်းတာ သိလား ပူတူးရဲ့၊ ဆံပင်ဆိုလဲ အရှည်ကြီး''


!!! ခက့်ဆံပင်လဲ အရှည်ကြီးပါနော် ဟွန့် !!!


ခက် စိတ်ထဲကပြောလိုက်ပြီး နှာခေါင်းရှုံ့လိုက်တာကို ကိုကိုကတော့ မြင်ပုံမရပါ။ ပြောချင်တဲ့ သူ့အချစ်ဦးအကြောင်း ပြောနေရတော့ အရမ်းကိုမှ ရွှင်မြူးနေသည့် မျက်နှာပြုံးပြုံးကြီးဖြင့်...


"ပြီးတော့ ကိုယ့်အချစ်ဦးရဲ့ အသားအရေလေးကဆို ဝင်းဝါနေလိုက်ပုံက ရွှေတုံးလေးအတိုင်းပဲ''


ကိုကို့စကားကြောင့် ခက့်ရဲ့ လက်မှအသားအရေကို ပြန်ငုံ့ကြည့်လိုက်ပြီး !!! ခက့်ရဲ့ အသားလဲ ဝင်းဝင်းလေးပါ !!!


"ပြီးတော့ မျက်တောင်လေးတွေဆို ကော့ညွှတ်ပြီး ကျက်သရေကိုရှိလို့''


ဒီလိုပြောလိုက်တော့ ခက် ကိုယ့်မျက်တောင်တွေကို ယောင်ရမ်းစမ်းကြည့်မိပြန်၏။ ပြီးမှ သူမကို မျက်မှောင်ကြုတ်ကြည့်နေသည့် ကိုကို့ကြောင့် ခက် မျက်နှာလေးတင်းပစ်လိုက်ပြီး ဟန်မပျက်နေလိုက်၏။


"ကိုယ်သဘောအကျဆုံးအချက်က ကိုယ့်အချစ်ဦးက ကိုယ့်ကို ကိုကိုလို့ခေါ်တာပဲ၊ သူ့ရဲ့ ချွဲချွဲနွဲ့နွဲ့အသံလေးနဲ့ ကိုကိုလို့ခေါ်လိုက်ရင် ကိုယ့် ရင်ထဲ နွေးသွားတာပဲကွာ၊ ပြီးတော့ ကိုယ့်အချစ်ဦးက...


သူ့စကားမဆုံးခင် ဝုန်းခနဲထရပ်လိုက်သည့် ပူတူးကြောင့် ဂုဏ် ရယ်ချင်စိတ်ကို မနည်းထိန်းလိုက်ပြီး မျက်နှာခပ်တည်တည်ဖြင့်...


"ပူတူး ဘာလို့လဲ''

"ခက် တကယ်အိပ်ချင်နေလို့ ခွင့်ပြုပါဦး ကိုမျိုးရိုးဂုဏ်''


"ကိုမျိုးရိုးဂုဏ် ဟုတ်လား''

"ဟုတ်တယ် ခက်ဒီနေ့ကစပြီး ရှင့်ကို ဒီလိုပဲခေါ်တော့မယ်''


"ဘာလို့လဲ''

"သူများတွေ ခေါ်သလို မခေါ်ချင်လို့၊ ပြီးတော့ ခက်ကို သူများနေရာ အစားထိုးနေတာ မကြိုက်လို့''


"ဟာ.. ဟေ့ ပူတူး နေဦးလေ''


ပြောပြီးတာနဲ့ သူ့ရှေ့ကနေ ချာခနဲလှည့်ထွက်သွားသည့် ပူတူးကြောင့် ဂုဏ် ပျာပျာသလဲတားလိုက်ပေမယ့် ဟိုကဂရုမစိုက်စွာပင် ထွက်သွား၏။ ဒါ့ကြောင့် ဂုဏ် နောက်ကနေ လိုက်သွားပြီး လှေကားနားရောက်မှ သူမရဲ့ခါးလေးကို ဖက်ထားလိုက်ရင်း...


"သဝန်တိုသွားတာလား''

"မတိုပါဘူး ခက်က ဘာကိစ္စ သဝန်တိုရမှာလဲ၊ လူတိုင်းမှာ မပိုင်ဆိုင်လိုက်ရတဲ့ အချစ်ဦးဆိုတာ ရှိတာပဲမဟုတ်လား''


"လူတိုင်းတော့ မပိုင်ဆိုင်ရတာ မဟုတ်ပါဘူး၊ ကိုယ်ကတော့ ကိုယ့်အချစ်ဦးကို ပိုင်ဆိုင်လိုက်ရတယ်လေ''


ခက် ကိုကို့ရဲ့စကားကို နားမလည်တာမို့ သူမရဲ့ခါးကိုဖက်ကာ ပုခုံးပေါ်မေးတင်ထားသည့် ကိုကို့ကို ေခါင်းလေးစောင်းကြည့်လိုက်တော့ ကိုကိုက ခက်ရဲ့ပါးလေးကို ရွှတ်ခနဲနမ်းလိုက်ပြီး...


"ကိုယ့်အချစ်ဦးက ဟော့ဒီက ပူတူးတူးလေး''


ဂုဏ် အမှန်တိုင်းပြောနေပေမယ့် ပူတူးကတော့ မယုံဘူးဆိုသည့် အကြည့်မျိုးဖြင့် သူ့ကိုခေါင်းလေးစောင်းကြည့်လာ၏။ မျက်နှာဖြူဖြူနုနုလေးကို ဘေးတစ်စောင်းမြင်နေရတာမို့ ကော့ညွှတ်နေသည့် မျက်တောင်ရှည်ကြီးများနှင့် ကော့စင်းနေသည့် နှာတံစင်းစင်းလေးက ထင်းခနဲ။ ဘယ်အချိန်ကြည့်ကြည့် ရင်ခုန်ဖို့ကောင်းလှသည့် မျက်နှာနုနုဖတ်ဖတ်လေးမို့ အခုလဲ ဂုဏ်မနေနိုင်စွာ ပါးပြင်မို့မို့လေးကို သူ့နှာခေါင်းကြီး နစ်မြုပ်သွားသည်အထိ ထပ်မံပြီး ဖိကပ်နမ်းရှိုက်လိုက်ရင်း...


"မဟုတ်တာတွေ ကြားလာပြီး သဝန်မတိုပါနဲ့၊ မင်းသိထားဖို့က ကိုယ့်ရဲ့အချစ်ဦးကလဲမင်း ကိုယ့်ရဲ့အချစ်ဆုံးကလဲ မင်းပဲ''


"စကားတတ်တိုင်း လျှောက်ပြောမနေပါနဲ့၊ ဘာကို ခက်က အချစ်ဦးလဲ၊ ခက်ထက်အရင် ကိုကို မိန်းမဘယ်နှစ်ယောက်နဲ့ တွဲခဲ့ဖူးလဲဆိုတာရော မှတ်မိလို့လား''


"မိန်းမ ဘယ်နှစ်ယောက်နဲ့တွဲခဲ့ဖူးလဲဆိုတာတော့ ကိုယ်မမှတ်မိပါဘူး၊ ဒါပေမယ့် ကိုယ့်အသက် ၁၂နှစ်မှာ စတွေ့ခဲ့တဲ့ ၅နှစ်အရွယ်ကလေးမလေးကို ကိုယ်ချစ်ခဲ့တယ်ဆိုတာကတော့ သေချာတယ်၊ အဲ့ဒီ်အချိန်တုန်းက မင်းရော ကိုယ်ရော အရမ်းငယ်သေးတော့ ကိုယ် ဘယ်လိုအချစ်မျိုးနဲ့ ချစ်ခဲ့လဲဆိုတာ မသိခဲ့ပေမယ့် မင်းက ကိုယ့်အချစ်ဦးဆိုတာကတော့ သေချာတယ်''


ကိုကို့ရဲ့စကားတွေကို ခက် မယုံကြည်နိုင်တာမို့ နောက်တွင်ရပ်နေသည့် ကိုကို့ဘက်ကို လှည့်လိုက်စဥ် ကိုကိုက သူမရဲ့ နဖူးလေးကို နမ်းရှိုက်လိုက်ရင်းမှ...


"ကိုယ့်ရင်ထဲက အချစ်ဆိုတဲ့အလှဆုံးပန်းလေးက မင်းလက်နဲ့ထိမှ ပွင့်လာတာမို့လို့ ကြွေကျသွားမယ်ဆိုရင်တောင် မင်းလက်ထဲမှာပဲ ကိုယ် ကြွေမှာပါ၊ အဲ့တော့ ပူတူးအနေနဲ့ တစ်ချိန်က ကိုယ်ရှုပ်ခဲ့မိန်းမတွေနဲ့ လိုက်ယှဥ်ပြီး သဝန်တွေမတိုပါနဲ့၊ ဘယ်လိုယှဥ်ယှဥ် ပူတူးက အားလုံးထက် သာပြီးသားပဲလေ၊ ဘာလို့ဆိုရင် ကိုယ့်အချစ်ဦးက ပူတူးမို့လို့၊ နောက်ပြီး ဘယ်သူတွေ ဘယ်လိုပြောပြော မင်းသိထားဖို့က ဟော့ဒီ့လောကကြီးထဲမှာ ကိုယ် အချစ်ဆုံးမိန်းမက ကိုကို့ရဲ့ပူတူတူးလေးဆိုတာပဲ နော်''


ကိုကို့ရဲ့ ၁၂နှစ်ပြည့်မွေးနေ့မှာ ဘုရားက လက်ဆောင်ပေးတယ်ဆိုတဲ့ ၅နှစ်အရွယ်ကလေးမလေးက ခက်ကို ရည်ရွယ်တာလား။ ဟိုးအရင်ကတည်းက ကိုကိုပြောပြောနေသည့် ခက် ဒီအိမ်ကို ရောက်ဖူးတယ်ဆိုတာကလဲ ဒီအကြောင်းကြောင့်ပဲလား။ ကိုကိုပြောနေသည့် စကားလုံးတိုင်းကို ခက် နားမလည်ပေမယ့် ကိုကိုလိမ်နေတာ မဟုတ်ဘူးဆိုတာတော့ ခက် သိသည်။


>>>>>>>>>><<<<<<<<<<


"နှင်းစက်လေးက ဒီမှာ စောင့်ဦး၊ မမ အပေါ်ထပ် ခဏသွားလိုက်ဦးမယ်''


"ဟုတ် မမ''


မမခေတ် အပါ်ထပ်တက်သွားမှ နှင်းစက် ဧည့်ခန်းထဲက ဆိုဖာတွင် ဝင်ထိုင်လိုက်ပြီး စားပွဲပေါ်က မဂ္ဂဇင်းစာအုပ်လေးကို ကောက်ကိုင်လိုက်စဥ်...


"ဟဲ့ ဟဲ့ စန်းစန်း ကျောက်ကျောကို အဲ့လောက် အတုံးအကြီးကြီးတွေ မလှီးရဘူးလေ၊ ဒီလာက် အကြီးကြီးကို ငါ့သမီးက ဘယ်လိုစားရမှာလဲ၊ ဖယ် ဖယ် ဟိုဘက်က ဟင်းအိုးသွားမွှေချည်၊ တကယ်ပါပဲ ကျောက်ကျောကို ဒီလောက်အကြီးကြီးလှီးရတယ်လို့ ကြားမကြားဖူးပါဘူး''


မီးဖိုခန်းထဲမှ ဒေါ်ခင်စောသိုက်ရဲ့ အသံ စွာစွာ စွာစွာကြောင့် နှင်းစက် ဧည့်ခန်းထဲမှထွက်ကာ မီးဖိုခန်းဘက် လျှောက်သွားလိုက်၏။ သူမ ဝင်လာတာကိုပင် အာရုံမစိုက်နိုင်လောက်အောင် ကျောက်ကျောဗန်းလေးဖြင့် အလုပ်များနေသည့် ဒေါ်ခင်စောသိုက်ရဲ့ အနားကို နှင်းစက် သွားရပ်လိုက်ပြီး..


"မေမေ''

"ဟင်... ဪ.. မေနှင်းစက်ပါလား၊ အလည်လာတာလား''


"ဟုတ် မမခေတ်က အလည်လာဖို့ခေါ်လို့လေ၊ မေမေ ဘာတွေ အလုပ်ရှုပ်နေတာလဲဟင်၊ နှင်းစက် ဘာကူလုပ်ပေးရမလဲ''


နှင်းစက် ကူလုပ်ပေးဖို့အတွက် ဒေါ်ခင်စောသိုက်ရဲ့ လက်ထဲမှ ဓားသေးသေးလေးကို ယူဖို့ပြင်လိုက်ပေမယ့် ဒေါ်ခင်စောသိုက်က လက်ကို ရုတ်လိုက်ပြီး...


"ရတယ် ရတယ်၊ အန်တီက သူများလုပ်ရင်စိတ်တိုင်းမကျလို့လေ၊ ပြီးတော့ အခုက သစ်ခက်​လေးအတွက် လုပ်နေတာဆိုတော့ အန်တီကိုယ်တိုင်လုပ်ချင်လို့ပါ အဟွန်း ဟွန်း၊ မေနှင်းစက်က ဧည့်ခန်းထဲမှာ အေးဆေးထိုင်နေပါ ရတယ် ရတယ်''


သူမက မေမေလို့ခေါ်နေတာကို သိရက်နဲ့ တမင် အန်တီဆိုပြီးပြောနေတာကို နှင်းစက်ရိပ်မိသည်။

ဒါ့အပြင် မိခက့်အတွက်လုပ်ပေးနေတယ်ဆိုတာကြောင့် နှင်းစက် မျက်နှာပျက်သွားသည်။ သို့ပေမယ့် ဒေါ်ခင်စောသိုက် မရိပ်မိခင် မျက်နှာကိုပြန်ပြင်လိုက်ပြီး...


"ဪ... ဟုတ်ကဲ့ အန်တီ၊ ဒါဆို နှင်းစက် ဧည့်ခန်းထဲမှာပဲ မမကိုစောင့်နေလိုက်မယ်နော်''


"အေး အေး အဆင်ပြေသလို လုပ်ပါ၊ စန်းစန်းရေ ငါ့ကို ညည်းဟိုဘက်က ဖုန်းလေး လှမ်းလိုက်စမ်းပါဦး၊ သစ်ခက်လေးကို ဖုန်းဆက်ရအောင်လို့''


"ဟုတ်ကဲ့ မေမေကြီး''


သူမကို လုံးဝကိုအရေးမစိုက်သည့်ပုံစံဖြင့် ရှိနေသည့် ဒေါ်ခင်စောသိုက်ကြောင့် နှင်းစက်ရင်ထဲ အောင့်သက်သက်ဖြစ်သွားတာမို့ ထိုနေရာမှ လှည့်ထွက်လိုက်သည့်တိုင် နောက်မှ ဒေါ်ခင်စောသိုက်ရဲ့ ပျော်နေသည့် အသံလေးက ကပ်ပါလာ၏။ 


"အေး သစ်ခက်လေး မေမေပါ''

"......''


"သမီး အခု ဘယ်မှာလဲဟင်၊ ဒီမှာ မေမေက သမီးအတွက် နေ့လည်စာ ချက်ထားလို့''

"......''


"ဪ.. ဟုတ်လား အဟွန်း ဟွန်း၊ ဒါဆို ကျောင်းကို မေမေ ကားလွှတ်လိုက်မယ်၊ ဒီနေ့တော့ နေ့လည်စာကို မေမေ့ဆီလာစား ဟုတ်ပြီလား''

".......''


"အဟွန်း ဟွန်း ဟုတ်ပါပြီ ဟုတ်ပါပြီ၊ ဒါဆို မေမေဖုန်းချလိုက်တော့မယ်နော် သမီး''


ဒေါ်ခင်စောသိုက်ရဲ့ မေတ္တာသံပါနေသည့် စကားများကို နားထောင်ရင်း နှင်းစက် လက်သီးလေးဆုပ်လိုက်မိ၏။ အရင်ကတော့ သူမကို နှင်းစက်လေး နှင်းစက်လေးဆိုပြီး တယုတယခေါ်ခဲ့သည့် ဒေါ်ခင်စောသိုက်က အခုတော့ဖြင့် မိခက်အပေါ်ကို နူးညံ့ပြနေသည်မဟုတ်လား။ အမှန်ဆို ဒီလိုနူးညံ့မှုတွေကို ရရမည့်သူက သူမသာလျှင် ဖြစ်သင့်တာ။ 


ဒီလို တွေးမိတိုင်း နှင်းစက်ရဲ့ မလိုမုန်းတီးမှုတွေက နွေသစ်ခက်အပေါ် နက်နက်ရှိုင်းရှိုင်း။ 

!!! မုန်းတယ် မုန်းတယ် နင့်ကို ငါ့မုန်းတယ် မိခက် !!!


>>>>>>>>>><<<<<<<<<<


ကိုကို့ရဲ့မေမေ အခေါ်လွှတ်လိုက်သည့် ကားပေါ်တွင် ခက် လိုက်ပါလာရင်းမှ စိတ်ထဲမတင်မကျဖြင့် စိုးထိတ်နေမိသည်။ ကိုကို့ရဲ့ဇွတ်တရွတ်ဆန်မှုကြောင့် အခုချိန်မှာ အမျိုးတော်နေတယ်ဆိုပေမယ့် ခက်နဲ့ ကိုကို့မေမေရဲ့ ကြားက ဆက်ဆံရေးက အစိမ်းသက်သက်ပါ။ သို့ပေမယ့် အခု ကိုကို့မေမေက နေ့လည်စာစားဖို့ကို တကူးတကခေါ်နေတာမို့ ခက် ထူးဆန်းနေမိတာအမှန်။


"ရောက်ပါပြီ မမလေး''

"ဟင်... ဪ.. ဟုတ်ကဲ့''


ခက် ကားပေါ်မှ ဆင်းလိုက်ကာ အိမ်ထဲဝင်ဖို့ပြင်လိုက်တော့ အိမ်ထဲမှ လောလော လောလောဖြင့် ထွက်လာသည့် ကိုကို့ရဲ့မေမေက ခက်ရဲ့လက်လေးကို ဆွဲယူလိုက်ပြီး..


"ဆောရီး သမီးရယ်၊ မေမေက သမီးနဲ့နေ့လည်စာစားဖို့ လုပ်ထားပေမယ့် အခု ဆေးရုံမှာအရေးကြီးလူနာရောက်နေလို့ ဆေးရုံသွားရတော့မှာ၊ ဘယ်လိုလုပ်ရပါ့မလဲ မသိဘူး''


"ရပါတယ် မေမေရဲ့၊ မေမေ့မှာ အလုပ်ကိစ္စရှိနေတာ ဘယ်တတ်နိုင်ပါ့မလဲ၊ ဘာမှမဖြစ်ဘူး ခက် ပြန်လိုက်မယ်လေ''


"ပြန်တော့မပြန်ပါနဲ့ကွယ်၊ မေမေက သမီးအတွက်ဆိုပြီး ဟင်းတွေအများကြီးချက်ထားတာကို၊ ဒီလိုလုပ် အထဲမှာ သမီးရဲ့ မမခေတ်ရှိတယ်၊ သမီးမမနဲ့ နေ့လည်စာစားသွားလိုက်နော် သမီး၊ ဘာမှမစားဘဲ ပြန်သွားရင် မေမေစိတ်မကောင်းလို့ပါ၊ စားသွားနော် သမီး မေမေ အရေးကြီးလို့ သွားပြီ''


ခက်ပင် ဘာမှမပြောလိုက်ရသေးဘဲ ဇွတ်ထွက်သွားသည့် မေမေ့ကြောင့် ခက် သက်ပြင်းမောလေးချလိုက်၏။ မမခေတ်နဲ့ နေ့လည်စာ အတူတူစားလိုက်ဖို့ကလဲ ဘယ်လိုမှမလွယ်ပါ။ မမခေတ်က အစကတည်းက သူမကို အမြင်မကြည်တာသိထားတာမို့ ခက် လန့်မိတာတော့ အမှန်ပင်။


"မမလေး အိမ်ထဲကြွပါရှင့်''

"ဟုတ်ကဲ့''


ခက်ရဲ့ ရှေ့ကနေဦး​ဆောင်ပြီး ခေါ်သွားသည့် အစ်မနောက်မှ ထမင်းစားခန်းဘက်ကို လိုက်သွားလိုက်သည်။ 


"စားလေ နှင်းစက်လေးရဲ့၊ မေမေက ဟင်းချက်သိပ်ကောင်းတာ သိလား၊ ဒီနေ့ နှင်းစက်လေး လာမယ်ဆိုလို့ အစောကြီးကတည်းက ချက်ပြုတ်နေတာ ထင်တယ် အဟွန်း ဟွန်း၊ ရော့ ဒါ နှင်းစက်လေးကြိုက်တဲ့ ဝက်သားနီချက်လေး ထည့်စား''


ခက် ဝင်လာတာကို မြင်ပေမယ့် မသိကျိုးနွံပြုကာ ပြောမြဲတိုင်းပြောနေသည့် မမခေတ်ကြောင့် ခက် နောက်ပင်ပြန်ဆုတ်ရမလိုလို။ နောက်ပြီး ထမင်းစားနေရင်းမှ ခက်ကို အနိုင်ရသည့်အကြည့်မျိုးဖြင့် ကြည့်နေသည့် မမကြီးနှင်းစက်​ကြောင့် ခက် သိမ်ငယ်စိတ်ဝင်သွားကာ နောက်ပြန်လှည့်လိုက်တော့...


"မစန်း သူ့ကို မေမေက နေ့လည်စာကျွေးဖို့ မှာခဲ့တယ်မလား''

"ဟုတ်ကဲ့ မမခေတ်''


"ဒါဆိုလဲ ပြင်ပေးလိုက်လေ၊ ဒီမှာက ဧည့်သည်ရှိနေတယ်ဆိုတော့ မီးဖိုခန်းဘက်က နင်တို့စားတဲ့ စားပွဲမှာပဲ ကျွေးလိုက်''

"ရှင်...


မမခေတ်ရဲ့ စကားကြောင့် စန်းစန်း အနောက်မှာရပ်နေသည့် မမလေးကို ပြန်လှည့်ကြည့်လိုက်သည်။ မမခေတ်ကို ဘာမှမပြောပေမယ့် မျက်နှာလေးပျက်နေတာတော့ စန်းစန်းသတိထားမိသည်။


"ဟဲ့ မစန်း ဘာရပ်နေတာလဲ၊ သွားလေ ပြင်ပေးလိုက်၊ ဟိုက ကျောင်းပြန်သွားရဦးမှာကို''

"ဟုတ်.. ဟုတ်ကဲ့ မမခေတ်''


"ရတယ် အစ်မ၊ ခက် မစားတော့ဘူး''

"ဒါပေမယ့် မေမေကြီးက မမလေးကို နေ့လည်စာပြင်ပေးဖို့ မှာခဲ့တာ မမလေး''


ထိုအစ်မရဲ့ အားတုံ့အားနာဖြစ်နေသည့်ပုံစံကြောင့် ခက် ကြိုးစားပြီးပြုံးပြလိုက်ရင်း...


"ခက် ဗိုက်မဆာလို့ပါ၊ ဒါဆို ခက်ကို ခွင့်ပြုပါဦးနော်''


မမခေတ်တို့ဘက်ကို လှည့်ပြီး ခက် နှုတ်ဆက်လိုက်တော့ မမခေတ်က ဆတ်ခနဲထရပ်လိုက်ပြီး...


"မင်းက ငါ့ကို မေမေအပြစ်ပြောအောင် လုပ်ချင်တာလား နွေသစ်ခက်''

"ခက်က ဘာလုပ်နေလို့လဲ''


"ဟေ့.. ဘာလုပ်ရမှာလဲ၊ မေမေက မင်းကို ထမင်းကျွေးဖို့ ပြောထားခဲ့တာကို မင်းက မစားဘဲ ပြန်သွားရင် မေမေက ငါ့ကို ဘယ်လိုထင်မလဲ ဟမ်''

"ခက် ဗိုက်မဆာလို့ မစားတာပါလို့ မေမေ့ကို ဖုန်းဆက်လိုက်ပါ့မယ်''


"မေမေက ယုံမယ်များထင်နေလား''


ခက် ဘာမှပြန်ပြောမနေတော့ဘဲ ဒီအတိုင်း တောင့်တောင့်လေးရပ်နေလိုက်သည်ကို ဒေါသဖြစ်သွားပုံရသည့် မမခေတ်က သူမကို အလိုမကျသလိုကြည့်ကာ..


"မင်းကို ဒီမှာမစားခိုင်းဘဲ မီးဖိုခန်းထဲ သွားစားခိုင်းလို့ ဒီလို အရွဲ့တိုက်သွားတာလား၊ ဟုတ်လား''

"မဟုတ်ပါ...


"ဒီလိုတော့ မဟုတ်လောက်ပါဘူး မမခေတ်ရယ်၊ မိခက်တို့က တစ်သက်လုံး မီးဖိုခန်းထဲမှာပဲ ထမင်းစားလာတာကို ဒါအတွက်တော့ မဟုတ်လောက်ပါဘူး''


ခက်ပင် ဘာမှမပြောလိုက်ရသေးဘူး။ ကြားထဲက ဝင်ပြောလိုက်သည့် မမကြီးနှင်းစက်ရဲ့ ချိုးချိုးနှိမ်နှိမ်စကားတို့ကြောင့် ခက် ခေါင်းလေးငုံ့ချလိုက်ပြီး နှုတ်ခမ်းကို ဖိကိုက်ထားလိုက်၏။


"ဒါဆိုလဲ အပိုတွေ လုပ်မနေစမ်းပါနဲ့ နွေသစ်ခက်ရယ်၊ သွား စားချင်ချင် မစားချင်ချင် နည်းနည်းပဲဖြစ်​ြဖစ်စားသွား၊ အဲ့ဒါမှ မေမေလဲ ငါ့ကို ဘာမှမပြောတော့မှာ၊ မစန်း သူ့ကို မီးဖိုခန်းဘက် ခေါ်သွားလိုက်လေ၊ သူ့ကိုပြောနေရတာနဲ့ နှင်းစက်လေးတောင် ထမင်းစားပျက်တော့မှာပဲ၊ သွား သွား ဟိုတစ်ယောက်လိုက်သွား''


ခက် ရှိနေတာကပင် ရှုပ်နေသည့်သဘောဖြင့် ပြောနေတာမို့ ခက် ဘာမှငြင်းခုန်မနေတော့ဘဲ မီးဖိုခန်းဘက်ကို လိုက်ဝင်သွားလိုက်သည်။ အရင်လိုဆိုရင် ခက် မမခေတ်ကို ဒီလောက်သည်းခံမှာမဟုတ်တာ သေချာသည်။ သို့ပေမယ့် အခု ကိုကို့ကြောင့် ခက် မမခေတ်နဲ့ ပြဿနာမတက်ချင်တာမို့ ငြိမ်နေပေးလိုက်၏။


ခက် မီးဖိုခန်းဘက်ရောက်မှ စန်းစန်းဆိုသည့် အစ်မက စားပွဲခုံပုပုလေးအပေါ်မှ ဟင်းရွက်အကျန်တွေ၊ ကြွပ်ကြွပ်အိတ်အခွံတွေနဲ့ ကြက်သွန်လှီးဓားလေးများကို ဆတ်ခနဲ ဆတ်ခနဲကောက်ယူပြီး ရှင်းလင်းနေသည်။ ပြီးမှ ပေစုတ်စုတ်ဖြစ်နေသည့် စားပွဲကို လက်သုတ်ဝတ်တစ်ထည်ဖြင့် သုတ်ရင်းမှ...


"ဒီဘက်က ဟင်းချက်တာဆိုတော့ နည်းနည်းတော့ ရှုပ်တယ် မမလေးရဲ့၊ စန်းစန်းတို့ဆိုရင် စားခါနီးမှ ဒီလိုပဲ ရှင်းပြီးစားလိုက်တာ အဟင်း ဟင်း''

"ခက်လဲ ဒီလို စားဖူးပါတယ်''


"ဟုတ်လား မေမေကြီးက မမလေးအတွက်ဆိုပြီး မနက်ကတည်းက သေချာကိုချက်ပြုတ်နေတာ၊ ပြီးတော့ မမလေးကို သေချာဂရုတစိုက်လုပ်ပေးဖို့ မှာခဲ့တာကို စန်းစန်းတော့ အဆူခံရတော့မလား မသိဘူး''


စိုးရိမ်နေသည့်ပုံစံလေးဖြင့် ပြောနေသည့် ထိုအစ်မကို ခက် တစ်ချက်သာကြည့်လိုက်ပြီး စားပွဲဘေးမှာရှိသည့် ထိုင်ခုံပုပုလေးတွင် ဝင်ထိုင်လိုက်၏။ ထိုအခါမှ စန်းစန်းဆိုသည့်အစ်မ ထမင်းပန်းကန်လေးခူးကာ ခက်အရှေ့လာချပေးကာ...


"စန်းစန်း ဟင်းတွေထည့်ပေးမယ် ခဏနော် မမလေး''

"ဟုတ်ကဲ့''


ခပ်ယဲ့ယဲ့လေးပြုံးပြနေသည့် မမလေးကြောင့် စန်းစန်း ခပ်မြန်မြန်ပင် ထရပ်လိုက်ပြီး ဟင်းထည့်ပန်းကန်လေးယူကာ ဟင်းအိုးတွေရှိရာ လျှောက်သွားလိုက်စဥ်...


"မစန်းရေ''

"ရှင် မမခေတ်''


"အိုးထဲမှာ ဟင်းမရှိတော့ဘူးနော်၊ ဟင်းယူချင်ရင် ဒီမှာတို့စားလို့ ကျန်တာတွေလာယူလှည့်''


အိုးထဲမှာ ဟင်းတွေရှိသေးတာကို စန်းစန်းသိပေမယ့် အရှေ့ကနေ မကြား ကြားအောင် အော်ပြောနေသည့် မမခေတ်ကြောင့် စန်းစန်း မမလေးကို အားနာလိုက်တာ မပြောပါနဲ့တော့။ ဒါပေမယ့် မမလေးကတော့ မျက်နှာလေး ခပ်တင်းတင်းပင်။


"မစန်း ငါပြောတာ ကြားလား''

"ကြား.. ကြားပါတယ်ရှင့်''


"အေး ကြားရင် ဟင်းတွေလာယူလှည့်၊ ဒီမှာ ငါတို့က စားပြီးပြီ''

"ဟုတ်''ဆိုပြီး စန်းစန်း အရှေ့ကိုထွက်သွားလိုက်ပြီး ဟင်းပန်းကန်တွေ သယ်လာလိုက်သည်။ ထို့နောက် ဟင်းပန်းကန်တွေကို မမလေးရဲ့ရှေ့တွင်ချပေးလိုက်တော့..


"အစ်မ''

"ရှင် မမလေး''


"တခြားဟင်းမရှိဘူးလားဟင်''

"တခြားဟင်းဆိုရင် စန်းစန်းမနက်က စားချင်လို့ချက်ထားတဲ့ ငပိရည်ပဲရှိတယ် မမလေး''


"ဒါဆို ခက်ကို နည်းနည်းလောက်ပေးပါလား''

"ရှင်...


"ပေးလို့မရဘူးလားဟင်၊ ခက် တကယ်စားချင်လို့ပါ''


ခက် အသနားခံပြီးတောင်းလိုက်တော့မှ ထိုအစ်မက ကြောင်အိမ်ထဲက ငပိရည်ပန်းကန်လေးကိုယူလာပြီး ခက်ရှေ့ချပေးသည်။ 


"မမလေး စားနိုင်ပါ့မလားတော့မသိဘူး၊ ဒါ အရမ်းစပ်တာ''

"စားနိုင်ပါတယ် အစ်မရဲ့ အဟွန်း၊ ခက် စားချင်နေတာနဲ့ အတော်ပဲ''


ခက် ဒီလိုပြောလိုက်ပြီး ငပိရည်တွေကို ၃ ၄ဇွန်းခပ်ယူလိုက်ပြီး ထမင်းနဲ့မွှေနှောက်ပစ်လိုက်သည်။ ပြီးတာနဲ့ ထမင်းတွေကို တစ်ဇွန်းပြီး တစ်ဇွန်းခပ်စားလိုက်တော့ ဘေးက အစ်မက မျက်လုံးပြူးလေးဖြင့် ကြည့်နေ၏။


ပုံမှန်ဆိုရင် ခက် ဒီလောက်စပ်စပ်ကြီးတွေကို မစားနိုင်ပါ။ ပြီးတော့ ခက်က အစပ်စားရင် ဗိုက်အောင့်တတ်တာမို့ ဒီလိုဟင်းတွေဆို ရှောင်တယ်မဟုတ်လား။ အခုက ခက်ကို မကျွေးချင်မှန်းသိသာလှသည့် မမခေတ်တို့ကြောင့် ခက် သူတို့ဟင်းတွေကို လက်ဖျားနဲ့တောင် မတို့ဘဲ ငပိရည်နဲ့စားပစ်လိုက်သည်။ 


"ရှူး... အ့.. ရှူး...


"မမလေး ရေယူပေးရမလားဟင်''

"ဟုတ်ကဲ့ မရိုမသေ ေရခပ်ပေးပါလား ရှူး..


"ဟုတ် ဟုတ် မမလေး''


နှုတ်ခမ်းလေးတွေ နီရဲလာသည့်အပြင် မျက်နှာတစ်ခုလုံး ရဲပေါက်နေအောင် စပ်နေရှာသည့် မမလေးကြောင့် စန်းစန်း ခပ်သွက်သွက်ပဲ ရေဘူးလေးပြေးယူပေးလိုက်၏။ ရေဘူးရဆို ရေခွက်ထဲထည့်ပြီးသည်အထိမစောင့်နိုင်ဘဲ ဘူးလိုက်မော့သောက်နေသည့် မမလေးကိုကြည့်ကာ စန်းစန်းသနားသွားမိပြန်သည်။ ဒါ့ကြောင့် အိုးထဲမှာရှိသည့် ဟင်းတွေကို ပန်းကန်လေးတွေနဲ့ထည့်လိုက်ပြီး မမလေးရှေ့ကိုချပေးရင်း..


"ဒါ အသန့်တွေပါ မမလေး၊ အကျန်တွေမဟုတ်ပါဘူး ဒါနဲ့စားလိုက်နော် မမလေး''

"တော်ပြီ အစ်မ၊ ခက် မစားတော့ဘူး''


"ဘာလို့လဲဟင် ဒါတကယ် အသန့်တွေပါ မမလေးရဲ့''

"အဟွန်း အကျန်ဆိုရင်လဲ ဘာမှမဖြစ်ပါဘူး အစ်မရယ်၊ ခက်က အကျန်မို့မစားတာမဟုတ်ပါဘူး၊ ခက်ကို မစားစေချင်မှန်းသိလို့ မစားတာပါ၊ ရတယ် အစ်မ ပြန်သိမ်းထားလိုက်၊ ခက် ဒီဟင်းနဲ့ပဲ စားလို့ဖြစ်တယ်''


"မမလေးရယ်''


ဟန်ဆောင်ပြီးပြုံးထားမှန်း သိသာလှသည့် မမလေးကိုကြည့်ကာ စန်းစန်း ဘာလုပ်ပေးရမှန်းပင်မသိတော့။ အစပ်မစားနိုင်မှန်း သိသာနေသည့် မျက်နှာရဲရဲလေးကြောင့် စန်းစန်း အလိုက်တသိနဲ့ပဲ ဘေးမှ ရေထိုင်ငှဲ့ပေးနေလိုက်တော့သည်။


>>>>>>>>>><<<<<<<<<<


အားပေးတဲ့ အသဲတွေအားလုံးကို ကျေးဇူးတင်ပါတယ်😘😘


အမှားပါသွားရင် ချစ်တဲ့စိတ်နဲ့ ဝေဖန်ပေးပါ😁😁


အပိုင်း (၃၀)မျှော်


စာရေးသူ-Merida(Tulip)


rate now: