🎗🎗 နှောင်ကြိုး 🎗🎗
~~~~~~~~~~
"လူနာက မတည့်တာတစ်ခုခုစားလိုက်လို့ ဗိုက်နာတာပါ၊ ဘာမှစိုးရိမ်စရာမရှိပါဘူး''လို့ ဆရာဝန်ကပြောသွားပေမယ့် အခုထိ အိပ်ယာပေါ်မှာ ခွေခေါက်ပြီး ငိုမဲ့မဲ့လေးဖြစ်နေသည့် ပူတူးကြောင့် ဂုဏ် စိုးရိမ်ေနရတာတော့အမှန်။
ဒါကြောင့် ပူတူးရဲ့ဘေးကို အသာလေးဝင်ထိုင်လိုက်ပြီး နဖူးက ဆံစလေးတွေကို သပ်ပေးလိုက်တော့....
"အဟင့် ခက် မေမေ့ဆီပြန်ချင်တယ် ဟီး ဟီး''
"မငိုနဲ့လေ ပူတူး၊ ဘာလို့လဲ ဗိုက်က အရမ်းနာနေသေးတာလား''
"အဟင့် နာတယ်၊ အရမ်းနာတယ် မေမေသာရှိရင် မေမေက ခက်ကို တစ်ခုခု လုပ်ပေးမှာ အဟင့် ဟင့်''
နေ့လည်က သူမ မစားနိုင်တဲ့ အကြော်နဲ့အချဥ်ရည်စပ်စပ်တွေစားပြီး ဗိုက်နာနေသည့် သူမက နေမကောင်းတော့ သူမ မိခင်ကို သတိရကာ ဝမ်းနည်းနေသည် ထင်ပါရဲ့။
ထို့ကြောင့် ဂုဏ် သူမကို သူ့ပေါင်ပေါ် ပွေ့ကာ ကလေးချီသလိုလေး ချီလိုက်တော့ ငိုမဲ့မဲ့လေးဖြစ်နေရှာသည့် သူမက ရုန်းကန်ခြင်းမရှိဘဲ သူ့လည်တိုင်ကို လက်နှစ်ဖက်ဖြင့်ယှက်ပြီးဖက်ထားကာ မျက်နှာကို သူ့ရင်ဘတ်နားတိုးကပ်လိုက်ပြီး..
"ဗိုက်နာတယ် ကိုကို ဟင့်''
"အဲ့ဒါကြောင့် ပူတူးကို ကိုကိုပြောတာပေါ့၊ အစပ်မစားနိုင်ဘဲ မစားပါနဲ့လို့''
"ခက် ဗိုက်ဆာလို့လေ၊ အဲ့ဒါ ကိုကိုကြောင့် အဟင့် ကိုကို ခက်ကို နေ့လည်စာမကျွေးလို့ ခက် အဲ့ဒီ့လို စပ်စပ်ကြီးတွေကိုစားတာပေါ့ အဟင့် ဟင့်၊ ကိုကိုက ခုမှ ခက်ကို လာပြီးအပြစ်တင်မနေနဲ့ ဟီး ဟီး''
"ဟာ.. ပူတူး မငိုနဲ့လေကွာ၊ ကိုကိုကမင်းကိုဆူတာမဟုတ်ပါဘူး၊ မင်း နေမေကာင်းတော့ ကိုယ်စိတ်မကောင်းဖြစ်သွားလို့ပါကွာ၊ မငိုနဲ့ တိတ်တိတ် ပြော ကိုကို ဘာလုပ်ပေးရမလဲ''
သူမရဲ့နဖူးလေးကို နမ်းရင်းမေးနေသည့် ကိုကို့ကို ခက် မျက်လုံးလေးပင့်ကြည့်ကာ..
"မေမေဆို ဒီလိုမမေးဘူး၊ ခက် ဗိုက်နာတယ်ဆိုတာနဲ့ ဘာလုပ်ပေးရမယ်ဆိုတာ တန်းသိတယ် အဟင့်၊ ကိုကိုက မေမေ့လိုလဲမဟုတ်ဘူး''
အဲ့ဒါမှ ခက်ရော။ ရစ်စရာမရှိ ကြံဖန်ကိုရစ်နေတာပါဆို။ နှိုင်းစရာရှားလို့ သူမလေးကို တစ်သက်လုံးပြုစုပေးလာသည့် သူမမေမေနဲ့ အခုမှ အတူနေရသည့် သူ့ကိုနှိုင်းပြီး အပြစ်တင်နေသည်။ ''တူမှ မတူတာကွာ''လို့ပြောပစ်ရအောင်ကလဲ ငိုမဲ့မဲ့လေးဖြစ်နေရှာသည့် ပူတူးကြောင့် ဂုဏ် မပြောရက်တာမို့...
"ဟုတ်ပါ့ကွာ၊ မျိုးရိုးဂုဏ်ဆိုတဲ့ကောင် တစ်နေရာမှကို အသုံးမကျဘူး၊ ပူတူး ဒီလောက်နာကျင်နေတာကို ဘာလုပ်ပေးရမှန်း မသိတဲ့ကောင်၊ ပူတူးပြော ကိုယ် အဲ့ဒီ့ကောင်ကို ဘာလုပ်ပေးရမလဲ ဟင်''
"ကိုကိုနော် ခက်ကို မျက်နှာလာပြောင်မနေနဲ့''
"မျက်နှာပြောင်တာမဟုတ်ဘူး၊ ကိုယ့်ခလေးကို ဝမ်းနည်အောင်လုပ်တဲ့ကောင်ကို မကျေနပ်လို့ပြောနေတာ၊ ပြောစမ်းပါ ပူတူးရာ၊ ကိုယ် အဲ့ဒီ့ကောင်ကို ဘာလုပ်ပေးရမလဲ''
"အဟင့် မသိဘူး၊ ခက် ဗိုက်နာတာပဲ သိတယ်''
မျက်နှာလေးရှုံ့မဲ့ကာ ပြောနေသည့်ပူတူးကြောင့် ဂုဏ် သနားသွားသည်။ သူ့ကြောင့် သူ့ကြောင့်။ သူ ဂရုမစိုက်သလိုဖြစ်သွားလို့ သူမလေး အခုလို ဗိုက်နာရတာ။
ဲဂုဏ် ရှုံ့မဲ့နေသည့် သူမလေးကိုကြည့်ကာ ဘာလုပ်ပေးရမှန်းမသိတဲ့အဆုံး သူမရဲ့အမေ့ဆီဖုန်းဆက်ဖို့တွေးကာ ခေါင်းရင်းမှာထားထားသည့် ဖုန်းလေးကို လှမ်းယူလိုက်တော့...
"ကိုကိုက ဘာလုပ်မလို့လဲ''
"ဟင်.. အလုပ်ကိစ္စရှိလို့ ဖုန်းပြောမလို့ပါ၊ ခဏပဲ''ဆိုပြီး သူမကို မွေ့ယာပေါ်ပြောင်းတင်လိုက်၏။
အလုပ်ကိစ္စနဲ့ ဖုန်းပြောဖို့ ခက် အနားမှ ထွက်သွားသည့် ကိုကို့ကို ကြည့်ကာ ခက် စိတ်ကောက်ချင်သွားသည်။ ခက် ဗိုက်နာလို့ပါဆိုတာကို အလုပ်လုပ်ဖို့ တွေးနိုင်သေးတယ်။ ဒါကို ခက်က စိတ်ကောက်ပြန်ရင်လဲ ခက်ကိုပဲ ဆိုးလိုက်တာလို့ ပြောဦးမှာ သေချာပါသည်။ ထို့ကြောင့် ခက် ဘာမှမပြောတော့ဖို့ပဲတွေးကာ မျက်လုံးတွေကိုပိတ်ပြီး ကြိတ်မှိတ်အိပ်ပစ်လိုက်၏။
>>>>>>>>>><<<<<<<<<<
"ဟယ်လို''
"ဟယ်လို အန်တီ၊ ကျွန်တော် မျိုးရိုးဂုဏ်ပါ''
"ဪ.. အေး သား ပြော၊ ဘာကိစ္စလဲ''
"ဟိုလေ.. အန်တီ့ကိုမေးစရာရှိလို့ပါ''
"မေးလေ ဘာမေးမလို့လဲ၊ ဒါနဲ့ သားတို့ ပုဂံသွားတယ်ဆို''
"ဟုတ်တယ် အန်တီ၊ အဲ့ဒါ နေ့လည်က ပူတူးလေ ငရုတ်သီးတွေစားပြီး အခု ဗိုက်နာနေတာ၊ ကျွန်တော်လဲ ဘာလုပ်ပေးရမှန်းမသိလို့ အန်တီ့ဆီဖုန်းခေါ်လိုက်တာ''
ပူတူး နေမကောင်းတာကို မသိစေချင်ပေမယ့် ဒီလိုမှမမေးရင် သူလဲဘာလုပ်ပေးမှန်းသိတာမဟုတ်။ ဒါ့ကြောင့် တည့်ပဲမေးလိုက်တော့...
"သမီးက ငရုတ်သီးတွေစားပြန်ပြီလား၊ ဒီကလေးကတော့နော် မတည့်မှန်းလဲ သိရဲ့သားနဲ့''
"ပူတူးကို စိတ်မဆိုးပါနဲ့၊ ကျွန်တော်ကြောင့်ပါ ကျွန်တော် ဂရုမစိုက်လိုက်မိလို့ အခုလိုဖြစ်သွားတာပါ၊ အဲ့ဒါ ပူတူးကပြောတယ်၊ အန်တီသာရှိရင် သူ့ကိုတစ်ခုခုလုပ်ပေးမှာတဲ့၊ တကယ်လို့ ကျွန်တော်လုပ်ပေးလို့ရတာရှိရင် ပြောပြပေးပါလား အန်တီ''
"ဟေ...
"အခု ပူတူးက ဗိုက်နာတယ်ဆိုပြီး ငိုနေတာ ကျွန်တော်မကြည့်ရက်လို့ပါ''
ဒီလောက်ဆို သမီးဗိုက်နာတာထက် အကဲပိုလွန်းနေသည့် ဂုဏ့်ကြောင့် သမီးအချွဲပိုနေတယ်ဆိုတာ သက်ထားရိပ်မိသည်။ နည်းနည်းလေး နေမကောင်းရင် များများချွဲချင်သည့် သမီးအကြောင်းသိပြီးသားမို့ သက်ထား ပြုံးလိုက်ကာ...
"ဘာမှလုပ်မပေးနဲ့''
"ဗျာ...
"ပစ်သာထားလိုက်၊ ဒီကောင်မလေးက ဒီအတိုင်းပဲ၊ နေမကောင်းရင် ချွဲကိုချွဲချင်တာ၊ သားက ပျာယာခတ်ပြနေလို့ သူ ပိုပြီးကဲပြနေတာ''
"မဟုတ်ဘူး အန်တီ၊ ပူတူးက တကယ်ငိုနေတာ''
"အန်တီ့သမီးအကြောင်း အန်တီသိပါတယ်ကွယ်''
"ဒါပေမယ့်...
ဂုဏ် မယုံသလိုဖြင့် အထွန့်တက်ဖို့ပြင်လိုက်စဥ်...
"ငရုတ်သိီးစားလို့ ဗိုက်နာတာကို ဘာများလုပ်ပေးလို့ရမှာလဲ သားရဲ့၊ တကယ်လို့ တစ်ခုခုလုပ်ပေးချင်တယ်ဆိုရင် သကြားလေးနည်းနည်းဖျော်တိုက်လိုက်၊ အဲ့ဒါဆို သက်သာသွားလိမ့်မယ်''
"သကြားနော် အန်တီ ဟုတ်ကဲ့''
"အေး အေး၊ ဒါပေမယ့် သက်သာသွားလဲ မင်း ဒီညတော့ ဒုက္ခရောက်ဦးမှာသေချာတယ်''
"ဘာလို့လဲ အန်တီ''
"နေမကောင်းရင် ဒီကောင်မလေးက သူများနဲ့မတူအောင်ကို အရမ်းဆိုးတာလေ၊ အားတော့နာပေမယ့် သည်းခံပေးပါဦးကွယ်''
"ရပါတယ် အန်တီ၊ ကျွန်တော် သည်းခံနိုင်ပါတယ်၊ ဒါဆို ကျွန်တော် ဖုန်းချလိုက်တော့မယ် အန်တီ''
ဂုဏ် ပြောပြီးတာနဲ့ အခန်းထဲ ပြန်ဝင်ကာ အန်တီပြောတဲ့အတိုင်း သကြားဖျော်လိုက်ပြီး သူမအနားသွားလိုက်၏။
"ပူတူး အိပ်နေပြီလား''
".....''
"ပူတူး ပူတူး''
ဂုဏ် ဖန်ခွက်လေးကို ဘေးက စားပွဲပေါ်တင်လိုက်ပြီး တစ်ဖက်စောင်းအိပ်နေသည့် ပူတူးရဲ့ပုခုံးလေးကိုကိုင်ကာ ခေါ်လိုက်တော့...
"အဟင့် ဟင့် သွား ခက်ကို လာမခေါ်နဲ့၊ ခက် ဗိုက်နာလို့ပါဆိုတာကို ခက်ကိုပစ်ထားပြီး အလုပ်ပဲလုပ်နေတယ် အဟင့် ဟင့် ဟီး...
မပြောဘူးလို့တွေးထားပေမယ့် တကယ့် တကယ်ကျတော့ ခက် မပြောဘဲ မနေနိုင်။ မနေနိုင်ဘူးဆိုတာထက် ကိုကို့ကို စိတ်ကောက်ချင်တာက ပိုများနေမိတယ် ထင်ပါရဲ့။ ဒါ့ကြောင့်လဲ ခက်အနားကို ကပ်လာသည့် ကိုကို့ကို စိတ်ဆိုးမာန်ဆိုးဖြင့် အော်လိုက်တော့...
"မဟုတ်ပါဘူးကွာ၊ ကိုယ်က ပူတူးကို ဘယ်မှာပစ်ထားလို့လဲ၊ မငိုနဲ့တော့ လာ ထ၊ ဒီမှာ ကိုကို ပူတူးအတွက် ဆေးဖျော်လာတယ်''
"ဘာဆေးလဲ သွား မသောက်ဘူး''
ခက် ကျောပေးထားလျက်ကနေ ဆူဆူအောင့်အောင့်လေးငြင်းလွှတ်လိုက်သော်လည်း ကိုကိုက သူမကို အတင်းဆွဲထူပြီး..
"ကိုယ့်ပူတူးတူးလေးအတွက် ကိုယ် ကိုယ်တိုင်ဖော်လာတဲ့ဆေးနော်၊ သောက်ကြည့် ပူတူး ဗိုက်နာတာ တစ်ခါတည်းပျောက်သွားမှာ''
ဂုဏ် ပြောရင်းမှ စားပွဲပေါ်က ဖန်ခွက်လေးကို လှမ်းယူကာ သူမထံထိုးပေးလိုက်၏။
ခက် ကိုကို့လက်ထဲမှ ဖန်ခွက်လေးကိုကြည့်လိုက်ပြီးမှ မျက်နှာကိုတစ်ဖက်လွှဲပစ်လိုက်တော့ ကိုကိုက သူမရဲ့ မေးဖျားလေးမှ အသာလေးဆွဲလှည့်စေပြီး..
"ဆေးအရင်သောက်ပြီးမှ ကိုယ့်ကို စိတ်ကောက်ကွာ၊ မင်း နေမကောင်းရင် ကိုယ် ဘယ်လိုနေရမှန်းမသိလို့ပါ၊ ရော့ပါ ကိုယ့်ပူတူးက လိမ္မာပါတယ်၊ သောက်လိုက်နော်''
ဂုဏ် ချော့မော့ပြောလိုက်မှ သူမက သူ့လက်ထဲက ဖန်ခွက်လေးကိုယူကာ တစ်ကျိုက်တည်းမော့သောက်ပစ်လိုက်၏။ သောက်ပြီးသွားတာနဲ့ သူ့လက်ထဲကို ဖန်ခွက်လေး ပြန်ထည့်ပြီး အိပ်ယာထဲပြန်လှဲကာ ေခါင်းမြီးပါခြုံပစ်လိုက်တာက သူ့ကို စိတ်ကောက်နေကြောင်း ပြတဲ့သဘော။ ပူတူးမေမေပြောသည့် ဒုက္ခဆိုတာကြီးတော့ ရောက်လာပြီထင်သည်။
ချစ်မိမှတော့ ချော့ဖို့လဲ ဝန်မလေးတော့ပါဘူးလေ။ ဂုဏ် သက်ပြင်းလေးချလိုက်ပြီး ခေါင်းမြီးခြုံအိပ်နေသည့် သူမလေးရဲ့ဘေးတွင် ဝင်လှဲပစ်လိုက်သည်။ ထို့နောက် ခေါင်းမြီးခြုံထားသည့် စောင်ကိုဆွဲဖယ်ပစ်လိုက်ပြီး သူမရဲ့ ကိုယ်လုံးသေးသေးလေးကို သူနဲ့ပူးကပ်သွားအောင်ဆွဲဖက်ပစ်ပြီး...
"စိတ်မကောက်ပါနဲ့ကွာ၊ ကိုယ်လဲ ဘာအပြစ်မှ လုပ်မထားဘဲနဲ့ ကိုယ့်ခလေးက ခဏ ခဏ စိတ်ကောက်နေတာပဲ''
"ဘာကို ဘာမှမလုပ်တာလဲ ဘာကို ဘာမှမလုပ်တာလဲ၊ အခု ခက် ဗိုက်နာတာ ဘယ်သူကြောင့်လဲ''
ခက် သူမကို အတင်းပွေ့ဖက်ထားသည့်ကိုကို့ကို မျက်လုံးလေးလှန်ကြည့်ပြီး ရန်တွေ့လိုက်တော့ ကိုကိုက မျက်လုံးအပြူးသားဖြင့်...
"ပူတူး ဗိုက်နာတာက အစပ်မစားနိုင်ဘဲ လျှောက်စားလို့လေ၊ ကိုယ်နဲ့ဘာဆိုင်လို့လဲကွ"
"အဲ့ဒီ့အစပ်တွေစားရတာ ဘယ်သူကြောင့်လဲ ဟမ်၊ ကိုကို တစ်နေကုန်လျှောက်သွားနေလို့ ခက် နေ့လည်စာမစားရလို့ အဲ့ဒီ့ဟာတွေ စားရတာမဟုတ်ဘူးလား''
"နေ့လည်စာစားဖို့မေ့နေတာက ကိုယ့်အမှားဟုတ်ပါတယ်၊ ဒါပေမယ့် အချဥ်တွေစားတာက ကိုယ်နဲ့မှမဆိုင်ပဲကွာ၊ ပူတူးစားမယ်လုပ်တော့ ကိုယ်တားသားပဲ၊ ပူတူးပဲ ဘာမှမဖြစ်ဘူးဆိုပြီး စားတာလေ၊ အခုမှ ကိုယ့်ကို အပြစ်လွှဲမချနဲ့''
"ကိုကိုနော် ခက်ကို ဒီလို မျက်နှာထားနဲ့လာမပြောနဲ့''
"ကိုယ်က ဘယ်လိုမျက်နှာထားနဲ့ ပြောနေလို့လဲ''
ဂုဏ် ခပ်တည်တည်ပဲ ပြန်မေးလိုက်တော့ ပူတူးရဲ့ မျက်နှာလှလှလေးက ချက်ချင်းဆိုသလို စူပုတ်ပုတ်ဖြစ်သွား၏။ ပြီးမှ သူ့ကို ပေစောင်းစောင်းလေးကြည့်ကာ...
"ကိုကို ခက်ကို စိတ်မရှည်တော့ဘူးမလား''
"ဘယ်သူပြောလဲ ကိုယ်က မင်းကို စိတ်မရှည်တော့ဘူးလို့''
"ဘယ်သူမှ ပြောပြစရာမလိုပါဘူး၊ ခက် ဒီလောက်တော့ လူကဲခတ်တတ်ပါတယ်၊ ကိုကို့မှာခက်ထက် အရေးကြီးတဲ့အလုပ်တွေ ရှိနေတယ်မဟုတ်လား၊ ကိုကို့အလုပ်ပဲ ကိုကို သွားလုပ်ပါ''
စိတ်ကောက်တယ်ဆိုတာထက် စိတ်မကောင်းဖြစ်နေတဲ့ပုံစံလေးဖြင့် သူ့ကိုအတင်းတွန်းထုတ်နေသည့် သူမရဲ့ လက်သေးသေးလေးတွေကို ဂုဏ် စုချုပ်ကိုင်လိုက်ပြီး...
"မင်းထက် အရေးကြီးတယ်ဆိုတဲ့အရာ ကိုယ့်မှာ မရှိဘူး၊ အဲ့တော့ စိတ်ကောက်မနေဘဲ အိပ်လိုက်၊ ကိုယ် မင်းအနားမှာပဲရှိနေမယ် ဟုတ်ပြီလား''
"ဟင့်အင်း ခက် မအိပ်ချင်ေသးဘူး''
"မအိပ်လို့မရပါဘူးကွာ၊ တအားညဉ့်နက်နေပြီကွ''
"ကိုကို အိပ်ချင် အိပ်ပါ၊ ခက်က တကယ်မအိပ်ချင်သေးလို့၊ ဖယ်ပေး ခက် ထမလို့''
ခက့်ကို ဖက်ထားသည့် သူ့လက်တွေကို ဖယ်ပေးလို့ပြောလိုက်ပေမယ့် မသိကျိုးနွံပြုနေသည့်အပြင် ပိုပြီးတင်းကြပ်လာအောင်ဖက်လိုက်သည့်ကိုကိုက...
"မင်းကို လွှတ်ပေးလိုက်ရင် ကိုယ်က ဘယ်သူနဲ့ အိပ်ရမှာလဲ ပူတူးရဲ့''
"ကိုကို့ဘာသာ အိပ်ချင်တဲ့သူနဲ့ အိပ်၊ ဖယ်ပါ ခက် ထချင်လို့ပါဆို''
"ကိုယ့်ကို ဒီလောက် အနိုင်မကျင့်နဲ့ပူတူး၊ ကိုယ်စိတ်တိုရင် မင်းကို တကယ်ထားခဲ့မှာဗျ၊ အခုက မင်းနေမကောင်းနေတာကို ေတွးပြီး ကိုယ် မထားရက်လို့နော်၊ ကိုယ့်ကို စိတ်တိုအောင် လာမလုပ်နဲ့''
သူ ဒီလိုပြောလိုက်တော့ သူ့ကို ဒေါသမျက်လုံးများဖြင့်ကြည့်ေနသည့်ပူတူးက ချက်ချင်းမျက်နှာလွှဲပစ်ကာ..
"ကိုကို ခက်ကို ထားခဲ့ရက်တယ်ဆိုတာ ခုနက ခက်ကိုပစ်ပြီး အလုပ်သွားလုပ်နေကတည်းက ခက် သိပြီးသားပါ၊ တကယ်တော့ ကိုကိုက ခက်ကို မချစ်ဘူး အဟင့်.. ဟီး..
"ဟာ.. ပူတူး ကျစ်.. ကိုယ်ကစနေတာကိုကွာ၊ ပူတူး.. ပူတူးရေ
"အဟင့် ဟင့် ကိုကို ခက်ကို ချစ်တယ်ဆိုတာ လိမ်တာ၊ အဟင့် အမှန်က ကိုကို ခက်ကို မချစ်ဘူး၊ ခက်ကိုဆို ဂရုလဲမစိုက်ဘူး ဟီး ဟီး''
ဘယ်လိုမှချော့လို့မရအောင် ငိုခြင်းချနေတာမို့ ဂုဏ် ချွေးတွေပင်ပြန်လာရသည်။ ဒီကောင်မလေး နေမကောင်းရင် သိပ်ဆိုးတာလို့ အန်တီပြောခဲ့သည့် စကားတွေကို ဂုဏ် အခုမှ နဖူးတွေ ဒူးတွေ့ တွေ့နေရသည်။ ဟုတ်ပါသည်။ တကယ့်ကိုဆိုးတဲ့ အဆိုးလေး။
ဂုဏ် ဘယ်လိုမှချော့မရတဲ့အဆုံး သူမရဲ့ ခန္ဓာကိုယ်လေးကို သူ့ရင်ခွင်ထဲေထွးပွေ့ကာ နဖူးလေးနမ်းလိုက် ခေါင်းလေးနမ်းလိုက်ဖြင့် အချိန်ကုန်နေလိုက်၏။ တော်တော်လေးကြာမှ အငိုတိတ်သွားသည့် သူမလေးကို ဂုဏ် ငုံ့ကြည့်လိုက်ပြီး..
"ကိုယ်က ဒီအတိုင်း ပူတူးကို ချစ်လို့စလိုက်တာကို တကယ်ကြီးငိုချရလား ပူတူးရဲ့''
"ဟင့်အင်း ကိုကိုက စနေတာမဟုတ်ဘူး၊ ခက်ကို ထားပစ်ခဲ့ဖို့ဆိုတာကို အတည်ပြောနေတာ ခက် သိတယ်''
"ဘာလို့ ကိုယ်က မင်းကို ထားခဲ့ရမှာလဲ''
"ကိုကိုပဲ ခုနက ဒီလိုပြောတာလေ''
"ဒီအတိုင်း စတာပါဆိုကွာ ပူတူးကလဲ''
"ဟင့်အင်း မယုံဘူး''
"ဒါဆို မင်းယုံအောင် ကိုယ်က ဘာလုပ်ပေးရမလဲ''
တကယ် စိတ်မကောင်းတဲ့ပုံစံနဲ့ ပြောနေတာမို့ ခက် ကိုကို့ကို အကဲခတ်သလိုလေးကြည့်ကာ..
"ခက် ပြောတာ လိုက်လုပ်ပေးမှာလား''
"လုပ်ပေးမယ်ကွာ၊ ပူတူးက ကိုကို့်ကို ဘာလုပ်စေချင်တာလဲ''
ဒီလိုကျပြန်တော့ ခက် ကိုကို့ကို ဘာလုပ်စေချင်မှန်း တကယ်မသိ။ ဒီလိုဆိုတိုင်းလဲ ခုနက သူမကို ပစ်ထားခဲ့ပြီး အလုပ်သွားနေတဲ့အပြစ်ကို ကျော်မပေးလိုက်နိုင်တာကြောင့် ခက် မျက်ခုံးတွေစုကျုံ့သွားသည်အထိ စဥ်းစားနေလိုက်သည်။ ထိုစဥ် ေခါင်းထဲကို လက်ခနဲ ဝင်လာသည့်အတွေးကြောင့် ခက် ကိုကို့ကို မော့ကြည့်လိုက်ပြီး..
"ခက်ရဲ့အကြောင်းပြောပြ''
"ဟမ်.. ဘယ်လို
"ခက်အကြောင်းပြောပြပါဆို၊ ဒီပုဂံကို စရောက်တဲ့နေ့ကနေ ဒီနေ့အထိ ခက် ဘာတွေလုပ်တယ်၊ ဘယ်သွားတယ်ဆိုတာကအစ ခက်ဘာစကားတွေပြောခဲ့တယ်ဆိုတာအထိ ပြန်ပြောပြ''
"ပုဂံကို စရောက်တဲ့နေ့ကနေ ဒီနေ့အထိ ဟုတ်လား''
ဂုဏ် ထူးဆန်းသလို မျက်ခုံးလေးပင့်ပြီးမေးလိုက်တာကို ပူတူးက နှုတ်ခမ်းလေးမိန့်ကာ ခေါင်းငြိမ့်ပြ၏။ ပုံစံလေးက သူမ ပြောတဲ့အတိုင်းမလုပ်ရင် အပီအပြင် စိတ်ကောက်ပစ်တော့မယ့်ပုံလေးမို့ ဂုဏ် သက်ပြင်းလေးရှိုက်လိုက်ပြီး...
"အင်း... ပုဂံကိုစရောက်တဲ့နေ့က... ဟုတ်ပြီ အဲ့နေ့က ပူတူးအိပ်ပျော်လာတယ်လေ၊ ဒီရောက်တော့ ကိုကိုက ပူတူးနိုးမှာစိုးလို့ ပွေ့ချီဖို့လုပ်လိုက်ပေမယ့် ပူတူးနိုးသွားတယ်၊ ပြီးတော့ ကိုယ် receptionမှာ အခန်းယူနေတုန်း မင်း မတ်တပ်ကြီးငိုက်နေလို့ ကိုယ်ပဲပွေ့ချီသွားလိုက်တာ၊ အခန်းထဲရောက်တော့ မင်းနဲ့ ကိုယ် စကားများသေးတယ် ဟုတ်တယ်နော်၊ အဲ့ဒီ့နောက် မင်းက ကိုယ့်ကို မင်းအနားကနှင်ထုတ်ပြီး အိပ်သွားတယ်၊ အာ... နေဦး အဲ့ဒီ့နေ့က မင်းဝတ်ထားတာ ချယ်ရိီရောင် လက်ရှည်ဂါဝန်လေး''
သူပြောပြတာကို ပုံပြင်နားထောင်နေသလို ဘာတစ်ခွန်းမှ ဝင်မပြောဘဲ ငြိမ်ပြီးနားထောင်နေသည့်ပူတူးကို သူ တစ်ချက်ပြန်ကြည့်လိုက်တော့ ဆက်ပြောဆိုသည့် သဘောဖြင့် မျက်ခုံးပင့်ပြ၏။ ဒါ့ကြောင့် ဂုဏ်လဲ သူမကိုဖက်ထားလျက်ကနေ ကျောလေးပုတ်ပေးရင်းမှ...
"နောက်တစ်နေ့ကျတော့ ကိုယ်တို့ ဘုရားတွေလည်ဖူးကြတယ်၊ အရင်ဆုံးသွားတာက ရွှေစည်းခုံ၊ အဲ့ဒီ့မှာ မင်းက ယွန်းလက်ကောက်လေး ဝယ်မပေးလို့ ကိုယ့်ကို စိတ်ကောက်သေးတယ်လေ၊ မင်းသိလား အဲဲ့ဒီ့နေ့က မင်းဝတ်ထားတဲ့ အုတ်ခဲကျိုးရောင် ဝတ်စုံလေးက မင်းနဲ့အရမ်းလိုက်တာပဲ''
"ဆက်ပြောလေ''
"ဪ.. အင်း.. အဲ့ဒါပြီးတော့ ကိုယ်တို့ အာနန္ဒာဘုရားကိုသွားတယ်''
"မဟုတ်ဘဲနဲ့''
"ဟုတ်ပါတယ်''
"ဟင့်အင်း မဟုတ်ဘူး၊ အဲ့နေ့က ရွှေစည်းခုံက ပြန်လာပြီး မြစေတီကိုသွားတာ''
"ဟား.. ဟား.. ဟား..
ပူတူး လျှောက်ပြောနေပြန်ပြီကွာ၊ မြစေတီက ဒုတိယနေ့မှ သွားတာလေ''
"မဟုတ်ပါဘူးနော်၊ အဲ့ဒီ့နေ့ကပဲ သွားတာ၊ မြစေတီဘုရားကနေ ဟိုပန်းချီကားလေးတောင် ဝယ်ခဲ့သေးတယ်လေ''
ခက် နံရံမှာချိတ်ဆွဲထားသည့် ပန်းချီကားလေးကို လက်ညှိုးပြီးပြောလိုက်တော့ ကိုကိုက ခက်ရဲ့ လက်ညှိုးလေးကို ပုတ်ချပစ်လိုက်ပြီး..
"အဲ့ဒီ့ပန်းချီက ထီးလိုမင်းလိုဘုရားက ဝယ်လာတာ''
"မဟုတ်ဘူး ကိုကိုလျှောက်ပြောနေတာ၊ ဟွန့် ဒီလိုမှန်း ခက် သိသားပဲ၊ ကိုကိုက ခက်ကို အလေးလဲမထားဘူး ဂရုလဲမစိုက်ဘူး''
"ဟောဗျာ... ကိုကိုက ပူတူးကို ဂရုစိုက်လို့ပဲ အခု ပူတူးပြောတာတွေ မှားနေတယ်လို့ပြောတာပေါ့၊ အဲ့နေ့ကတကယ် အာနန္ဒာဘုရားသွားတာ၊ မယုံရင် ဓာတ်ပုံတွေပြန်ကြည့်မလား၊ ဓာတ်ပုံတွေမှာ dateတွေပါတယ်လေ ဘယ်လိုလဲ''
"ပြန်ကြည့်မှာ ပြန်ကြည့်မှာ၊ အဲ့ဒါမှ ကိုကို လိမ်နေတာကို သက်သေနဲ့ပြလို့ရမှာ၊ ယူခဲ့''
ခေါင်းမာမာဖြင့် အငြင်းသန်နေတာမို့ ဂုဏ် သူမကို ချစ်မျက်စောင်းလေးထိုးလိုက်ပြီး ဘေးကခုံပေါ်က လပ်တော့ပ်ကို ထယူလိုက်၏။ ပြီးတာနဲ့ ကုတင်ပေါ်မှာ ထိုင်နေသည့် သူမရဲ့ဘေးတွင် ဝင်ထိုင်လိုက်ပြီး...
"ဒီမှာ သေချာကြည့် ကိုယ်ကပဲ မင်းကိုဂရုမစိုက်တာလား၊ မင်းကပဲ ကိုယ်နဲ့အတူရှိတဲ့အချိန်တွေကို အာရုံမစိုက်တာလားဆိုတာ''
အဲ့ဒီ့အချိန်အထိ ခက် မှန်တယ်ဆိုသည့်စိတ်ဖြင့် ကိုကို့လက်ထဲက လပ်တော့ပ်ကိုဆတ်ခနဲဆွဲယူကာ ပေါင်ပေါ်တင်လိုက်၏။ ထို့နောက် ကိုကို့ကို မျက်စောင်းလေးထိုးကြည့်ကာ screenပေါ်က ပုံတွေပြန်ကြည့်လိုက်ရင်း...
"ဒီမှာလေ ဒီမှာ မြစေတီဘုရားကပုံတွေကို သေချာကြည့်''
ကြည့်ဆိုတော့လဲ ကိုကိုက ပုံတွေကို စိုက်ကြည့်လိုက်ပြီး..
"အင်းလေ ဘာဖြစ်လို့လဲ၊ လှတယ်လေ အားလုံးကို ကိုကိုသေချာရိုက်ပေးထားတာပဲကို''
"လှတယ် မလှဘူး ပြောနေတာမဟုတ်ပါဘူး၊ ခက် ပြောတာက ရွှေစည်းခုံကအပြန် မြစေတီကိုသွားတယ်ဆိုတာ''
"ပူတူး.. မင်းအဲ့လောက် အငြင်းသန်မနေနဲ့၊ ရွှေစည်းခုံဘုရားမှာက မင်းက အုတ်ခဲကျိုးရောင်ဝတ်စုံနဲ့၊ ဒီမှာ မြစေတီမှာက အဝါနုရောင်ဂါဝန်နဲ့၊ ပြီးတော့ ပုံတွေရဲ့အောက်မှာ dateတွေ မင်းမမြင်ဘူးလား''
"ဟင်... ဟုတ်သားပဲ''
"ဘာ အခုမှ ဟုတ်သားပဲလဲ၊ ရစ်လို့ရတိုင်း ကိုယ့်ကိုရစ်နေတာ''
ဂုဏ် မျက်လုံးတွေမှေးစင်းကြည့်ပြီး အပြစ်ဆိုလိုက်တော့မှ သူမလေးက ငြိမ်ကျသွားကာ...
"ခက် ဗိုက်နာလို့ အိပ်တော့မယ် ကိုကို''
ပြောပြီးတာနဲ့ အိပ်ယာပေါ်ပြန်လှဲပစ်ဖို့ပြင်လိုက်စဥ် လက်မြန်သည့်ကိုကိုက သူမကို ပုခုံးနှစ်ဖက်မှ လှမ်းဆွဲလိုက်ပြီး မျက်နှာချင်းဆိုင်ဖြစ်သွားအောင် ပြင်ထိုင်ကာ...
"ဉာဏ်မများနဲ့၊ မင်း သက်သာနေပြီဆိုတာ ကိုယ်သိတယ်''
"ဟင့်အင်း ခက် တကယ် ဗိုက်နာလို့''
"စကားတော့ ပြောနိုင်မှာပါ၊ ခုနကကိစ္စမှာ ကိုယ်သာ အမှတ်မှားရင် မင်းကိုယ့်ကို စိတ်ဆိုးမယ်မလား''
"မဆိုးပါဘူး''
"မဖြစ်နိုင်ဘူး ဒီမှာ ကိုယ့်မျက်လုံးတွေကို သေချာကြည့်ပြီးပြော''
သူမရဲ့ ပါးနှစ်ဖက်ကို ညှပ်ကိုင်ပြီးပြောလိုက်တာမို့ ခက် ကိုကို့ကို စူစူပုတ်ပုတ်လေးကြည့်လိုက်ပြီး...
"ဟုတ်တယ် ဆိုးမှာ၊ ကိုကိုက ခက်ကို ချစ်တယ်ပြောပြီး ဒီလောက်လေးတောင် အမှတ်မှားနေရင် ခက်က စိတ်မဆိုးသင့်ဘူးလား ပြောလေ''
"အင်းပေါ့ စိတ်ဆိုးသင့်တာပေါ့၊ ဒါပေမယ့် ကိုယ် အခု အမှတ်မမှားဘူးလေ၊ မင်းနဲ့ပတ်သတ်တာမှန်သမျှကို ကိုယ်က ကိုယ့်အကြောင်းတွေထက် ပိုပြီးsafeဖြစ်တဲ့ အကန့်မှာ သိမ်းထားတာ၊ အဲ့တော့ မင်းဆုချပေးရမယ်''
"ဘာဆိုင်လို့လဲ''
ခက် မျက်ခုံးလေးပင့်ပြီးမေးလိုက်တော့ ကိုကိုက မထိတထိလေးရယ်ကာ...
"တော်လို့ပေါ့၊ ပြီးတော့ ကိုယ်တို့အတူရှိနေတဲ့အချိန်တွေကို မင်းက ကောင်းကောင်းမှတ်မထားလို့လေ''
"အဲ့ဒါက ခက်က ကိုကို့လောက်မှ ဉာဏ်မကောင်းတာ''
"ကိုယ်က အဲ့လို ဆင်ခြေပေးရင် မင်းလက်ခံမှာလား''
"ကိုကိုကကွာ''
ကိုယ့်ရှူး ကိုယ်ပက်ဆိုတာ ဒါမှအစစ်။ အစက ကိုကို့ကို အပိီအပြင်ချွဲပြီး အမှန်အကန်ရစ်ဖို့လုပ်ထားတာကို အခု ကိုကိုက သူမကို ပြန်ပြီးရစ်နေတော့သည်။ ကိုယ့်အပြစ်နဲ့ကိုယ်မို့ ခက် ဘာမှလဲ မတတ်နိုင်ပဲ မျက်နှာလေးရှုံ့ကာ မဲ့ကာဖြင့်..
"ဒါဆို ခက်က ကိုကို့ကို ဘာလုပ်ပေးရမှာလဲ''
"အနမ်းနဲ့ ဆုချရမယ်''
"ဘယ်လို...
"ကိုကို့ကို ပူတူးက အနမ်းနဲ့ဆုချရမယ်လို့ပြောတာ''
"ဟာ... မနမ်းချင်ပါဘူး ရှက်စရာကြီးကို''
"ဒါဆို ကိုယ် မင်းကိုနမ်းနေသမျှက အရှက်မရှိလို့ပေါ့လေ''
"ခက်က ဒီလိုပြောတာမဟုတ်ပါဘူး''
"ဘယ်လိုပြောတာလဲ ဒါဆို''
"မသိတော့ဘူး ခက် ဗိုက်နာတာပဲသိတယ်၊ ဖယ်ပါ ခက် အိပ်တော့မယ်''
ခက် ရှိသလောက်ဉာဏ်လေးနဲ့ အကြောင်းပြလိုက်ပေမယ့် လည်လွန်းသည့်ကိုကိုက သူမကို ခပ်တည်တည်လေးကြည့်ကာ ခေါင်းရမ်းပြ၏။
"ဗိုက်နာလို့ပါဆို''
"ကိုယ်က မင်းဗိုက်နာတာထက် ပိုပြီး ရင်နာရတယ်၊ ဒီလောက် မင်းကို ဂရုစိုက်ပေးနေတဲ့ ကိုယ့်ကို အပြစ်မရှိအပြစ်ရှာပြီး ရစ်တာရယ်၊ ပြီးတော့ ကိုယ်ကချစ်လို့နမ်းတာကို အရှက်မရှိဘူးပြောတာရယ်အတွက် ကိုယ့် ရင်တွေနာတယ်''
"ခက် အိပ်ချင်လို့ပါဆို''
"အိပ်ချင်ရင် ကို်ယ့်ကို နမ်းလိုက်၊ မင်း နမ်းပြီးတာနဲ့ မင်းအိပ်ပျော်သွားတဲ့အထိ ကိုယ်ချော့သိပ်မှာ''
ကလေးငယ်ငယ်လေးလို လိုချင်တာမရမချင်း တဂျီဂျီပြောနေသည့် ကိုကို့ကြောင့် ခက် စိတ်ရှုပ်စွာ ဆံပင်တွေကို ထိုးဖွပစ်လိုက်တော့ ကိုကိုက ခက်ရဲ့လက်လေးကို လှမ်းဆွဲလိုက်ပြီး...
"မဖွနဲ့ ကိုယ် ခုနကမှ သေချာရှင်းပေးထားရတာ''
"ခက်ရဲ့ ဆံပင်ပဲ ခက် လုပ်ချင်သလို လုပ်မှာပေါ့''
"ဒါဆို နောက်တစ်ခါ ကိုယ့်ကို မရှင်းခိုင်းနဲ့''
"ခက်က ဘယ်တုန်းက ရှင်းခိုင်းလို့.....
ခက် ပြောမယ့်စကားတွေက ကိုကို့ရဲ့ခပ်စူးစူးအကြည့်အောက်မှာ ရပ်တန့်သွားရသည်။
~~ဆံပင်တွေက ရှုပ်ပွပြီး အရမ်းအိုက်တာပဲ~~
~~ခဏကွာ ကိုကိုစည်းပေးမယ်နော်~~
~~ဟိုစားပွဲပေါ်က စာအုပ်ရှုပ်ရှုပ်ပွပွကြီးတွေကို ကြည့်ရတာ ခက် ခေါင်းမူးလို့ပါ~~
~~ကိုယ်ရှင်းပေးမယ် ကိုယ်ရှင်းပေးမယ်~~
~~ဒီပန်းအိုးက ဘာလို့ ခက်အရှေ့လာချထားတာလဲ~~
~~နေဦး ကိုယ်ဖယ်ပေးမယ်~~
ခက် နေလို့မကောင်းတာနဲ့ တွေ့သမျှကို အပြစ်ရှာခဲ့တာလား။ ဟုတ်တာပေါ့ ခက် အရမ်းဆိုးတာပဲ။ ဒီလောက် ရစ်နေသမျှကို စိတ်ရှည်ရှည်နဲ့ လိုက်လုပ်ပေးနေတဲ့ ကိုကို့ကိုပါ ထပ်ရစ်နေတာကတော့ ခက် ဆိုးလွန်းသွားပြီ ဟုတ်တယ်မလား။
ခက် ကိုယ့်အပြစ်ကိုယ်သိတာမို့ ကိုကို့ကို ဘာမှထပ်မပြောတော့ဘဲ ခေါင်းလေးငုံ့ချလိုက်ပြီး လက်နှစ်ဖက်ကို ထပ်ကာ လက်ချောင်းလေးတွေကို အကြောင်းမဲ့ပွတ်သပ်နေစဥ် ကိုကိုက သူမရဲ့ မေးဖျားလေးမှ ဆွဲမော့စေပြီး...
"မင်းရစ်သမျှ ကိုယ်သည်းခံထားတာနော်၊ နမ်းတာလေးမှ မင်းဘက်က တွန့်တိုနေတာ မလွန်ဘူးလား''
"နမ်းတာလေး?.. ဟင့်အင်း ခက် မလုပ်ချင်ဘူး ရှက်တယ်''
"မင်း မနမ်းရင် ကိုယ်နမ်းမှာနော်''
"ဟင်..
ထိုအခါမှ သူ့ကို အလန့်တကြား မျက်လုံးဝိုင်းလေးဖြင့် ကြည့်လာတာမို့ ဂုဏ် ခေါင်းငြိမ့်ပြလိုက်ပြီး..
"မင်းနမ်းရင် မင်းကြိုက်တဲ့နေရာ နမ်းလို့ရပေမယ့် ကိုယ်ကနမ်းရရင်တော့ မင်းရဲ့နှုတ်ခမ်းလေးပဲ''
"ဟင့်အင်း..
"မနမ်းစေချင်ဘူးလား''
ဂုဏ် မေးလိုက်တော့ ပူတူးက ခေါင်းကို မြန်မြန်ဆန်ဆန်ငြိမ့်ပြတာမို့ ဂုဏ် ဟက်ခနဲရယ်လိုက်ပြီး...
"ဒါဆို မင်းနမ်း''
ဒီကိစ္စက ခက် ဘက်က သူ့ကိုမနမ်းမချင်း ပြီးမှာမဟုတ်တာ သေချာသည်။ ခက် ရစ်သမျှကို သည်းခံပေးခဲ့တာ ဒီလိုပြန်ရစ်ချင်လို့များလား။ ခက် အတွေးဖြင့် စိတ်ရှုပ်စွာ ကိုကို့ကို ပြန်ကြည့်လိုက်တာကို ကိုကိုက ဘယ်လိုလဲဆိုသည့်သဘောဖြင့် မျက်ခုံးပင့်ပြနေ၏။
"ကိုကိုက မျက်လုံးမှိတ်ထား''
"Noပါ၊ ကိုယ်နမ်းရင်ရော ပူတူးကို မျက်လုံးမှိတ်ခိုင်းလို့လား''
"ဒါပေမယ့် ခက် မျက်လုံးမှိတ်ပေးတာပဲလေ''
"အဲ့ဒါ မင်းကရှက်လို့နေမှာပေါ့၊ ကိုယ်ကတော့ မင်းပြောသလိုပဲ အရှက်မရှိဘူးလေ''
ကြည့်ဥိီး။
ခက် ပြောထားသည့်စကားတိုင်းကို လိုက်ကပ်သပ်ပြီးပြောနေတာ။
ခက် ဒီလောက်တွက်ကပ်လွန်းသည့် ကိုကို့ကို အမြင်ကပ်ပေမယ့် ဆက်ပြီးခေါင်းမာနေလို့မရတာမို့ ရှက်ရှက်နဲ့ပဲ ကိုကို့ရဲ့ပုခုံးပေါ် လက်လှမ်းတင်လိုက်ပြီး ကိုကို့ရဲ့ပါးလေးကို ဖျတ်ခနဲနမ်းလိုက်၏။
ထို့နောက် နောက်ပြန်ဆုတ်လိုက်စဥ် ခက်ရဲ့ခါးကို လှမ်းဖက်ပြီး အိပ်ယာပေါ်လှဲချလိုက်သည့် ကိုကို့ကြောင့် ခက် မျက်လုံးအပြူးသားဖြင့်...
"ကိုကိုနော် ခက် နမ်းပြီးပြီကို''
"ကိုယ့်ကို ကလေးများထင်နေလား ဟင်၊ ဒီလို ကလေးကုလားအနမ်းလေးနဲ့ ကိုယ်က ဘယ်လိုရင်ခုန်ရမှာလဲ''
ပြောပြီး ခက်ရဲ့ အပေါ်မှအုပ်မိုးကာ မျက်နှာနားတိုးကပ်လာတာမို့ ခက် ခေါင်းလေးရမ်းကာ..
"ကိုကိုနော် ခက့်ကို စိတ်ဆိုးအောင်မလုပ်နဲ့''
"မင်းစိတ်ဆိုးရင် ကိုယ်က ထပ်ချော့မှာပေါ့''
"ဟင့်အင်း ဟင့်အင်း...
"လူကြီးဆန်ဆန်နမ်းတတ်သွားအောင် သင်ပေးရုံလေးပဲ၊ မင်း မကြိုက်တာ ကိုယ်ဘာမှမလုပ်ဘူး''
"ဒီလိုလုပ်နေတာကိုလဲ ခက် မကြိုက်ဘူး''
"ဒါပေမယ့် ဘယ်လိုလုပ်မလဲ၊ ကိုယ်က ချယ်ရီသီးနဲ့တူတဲ့ မင်းနှုတ်ခမ်းရဲရဲလေးကို ကြိုက်တယ်''
"ဟင့်အင်း.. ကိုကိုနော်..
"နမ်းတာထက် ဘာမှမပိုစေရဘူး''
"ကိုကို ခက်...
စကားများလွန်းသည့် ခက်ကို အနိုင်ယူလိုက်သည့် ကိုကို့ရဲ့ အနမ်းတို့။ ဘယ်လောက်ပဲ ငြင်းဆန်နေပါစေ ကလေးဆိုးကြီးလို တယူသန်လွန်းသည့် ကိုကို့ကို ခက် အမြင်ကပ်မိပါသည်။ သို့ပေမယ့်... ခက် ကိုကို့ကို မမုန်းပါ။
>>>>>>>>>><<<<<<<<<<
"ဟော... သားတို့ ပြန်လာပြီထင်တယ်''
ဒေါ်ခင်စောသိုက် ကားရပ်သံကြားတာနဲ့တပြိုင်နက် အိမ်ရှေ့ကို ထွက်သွားလိုက်၏။ ဒီနေ့ သားတို့ ခရီးကပြန်လာမယ်ဆိုလို့ သူမ တကူးတကလာစောင့်နေခြင်းဖြစ်၏။
"ပြန်လာပြီလား သား''
ဂုဏ် ကားပေါ်မှဆင်းဆင်းချင်း အိမ်ရှေ့မှာရပ်နေသည့် မေမေ့ကြောင့် အထူးအဆန်းဖြစ်သွားကာ...
"မေမေက ဘာကိစ္စရှိလို့လဲ''
"ကိစ္စတော့မရှိပါဘူး၊ သားတို့ပြန်လာမယ်ဆိုလို့ လာစောင့်နေတာလေ''
သူမ ပြောလိုက်တာကို ခေါင်းတစ်ချက်ငြိမ့်ပြီး တစ်ဖက်က ကားတံခါးသွားဖွင့်ပေးနေသည့် သားဖြစ်သူကို ဒေါ်ခင်စောသိုက် စိတ်ဝင်တစားလိုက်ကြည့်မိ၏။ ကြည့်ပါဦး ကားထဲမှာရှိနေသည့် သူ့မိန်းမကို ဘာတွေ တိုးတိုး တိုးတိုးပြောနေသည်မသိ။
"ကိုကို ချိီရမလား ပူတူး''
"ဟင့်အင်း.. ရတယ်''
"ပူတူး အိပ်ချင်ဆက်အိပ်လေ၊ အခန်းထဲကို ကိုကိုပဲ လိုက်ပို့မယ်''
"ရပါတယ်ဆို ဖယ် ခက် ဆင်းမလို့''
အိပ်ချင်မူးတူးနဲ့မို့ ခက် စူပုတ်ပုတ်လေးပြောလိုက်ပြီး ကားပေါ်က ဆင်းလိုက်တော့မှ အိမ်ပေါက်ဝတွင် သူမတို့ကို ပြုံးပြီးရပ်ကြည့်နေသည့် ကိုကို့ရဲ့ အမေကို မြင်သွားကာ....
"အယ်... အန်တီ ရောက်နေတာလား''
ကိုကို့အမေရောက်နေတာကို အသိမပေးတဲ့ကိုကို့ကို ခက် မျက်လုံးလေးပြူးကြည့်လိုက်ပြီး ပြောလိုက်တော့ ကိုကိုမေမေ့က ခက် တို့ဆီလျှောက်လာရင်း....
"မေမေက သမီးတို့ပြန်ရောက်မယ်ဆိုလို့ လာစောင့်နေတာ၊ လာ သမီး ခရီးပန်းလာမှာပေါ့"
ခက်ရဲ့ ခါးကိုဖက်ပြီး အိမ်ထဲခေါ်နေသည့် ကိုကို့ရဲ့အမေကြောင့် ခက် ကိုကို့ကိုပြန်လှည့်ကြည့်လိုက်တော့ ကိုကိုက လိုက်သွားဆိုသည့်သဘောဖြင့် ခေါင်းငြိမ့်ပြ၏။
"ဘယ်လိုလဲ ပုဂံမှာ အရမ်းပူတယ်မလား သမီး''
"ရှင်... သိပ်မပူပါဘူး အန်တီ''
"အန်တီ?.. အန်တီလို့တော့ မခေါ်ပါနဲ့ကွယ်၊ သား ခေါ်သလို မေမေလို့ပဲခေါ်၊ အန်တီဆိုတာကြီးက သူစိမ်းဆန်ပါတယ် နော် သမီး''
"ဟို.. ခက်က မကြိုက်မှာစိုးလို့ မခေါ်တာပါ၊ ပြီးတော့ ကိုကိုကလဲ ခက်ရဲ့မေမေကို အန်တီလို့ပဲခေါ်တော့ ဒီလိုပဲ ခေါ်ရတယ် ထင်လို့''
ကလေးဆန်ဆန်လေးတွေးပြီး ပြောနေသည့် ချွေးမဖြစ်သူကို ကြည့်ကာ ဒေါ်ခင်စောသိုက် သဘောကျသွားသည်။ သားကိုမနိုင်လို့ သဘောတူလိုက်ရတယ်ဆိုပေမယ့် ကိုယ့် ချွေးမလေးရဲ့ ဖြူဖြူစင်စင်ပုံစံလေးကြောင့် ချစ်စိတ်ဝင်ရတယ်မဟုတ်လား။
"သားက သမီးရဲ့မေမေကို ဒီလိုပဲ ခေါ်တာလား''
"ဟုတ်''
"ဒါဆို ဒီကောင့်ကိုလဲ ပြောထားရဦးမယ်၊ ယောက္ခမဆိုတာလဲ မိဘနဲ့မခြားဘူးလေ နော် သမီးရယ်၊ ကိုယ်က မိဘလို သဘောထားမှ ဟိုကလဲ ကိုယ့်ကို သားသမီးလို သဘောထားမှာမဟုတ်လား''
"ရှင် ဟုတ်ကဲ့..
"ေမေမကတော့ သားနဲ့လက်ထပ်လိုက်လို့ သမီးကို ချွေးမတော်ရတယ်ဆိုပေမယ့် မေမေ့အတွက်ကတော့ သမီးတစ်ယောက်ထပ်ရတာပဲ၊ အဲ့ဒီတော့ သမီးက မေမေ့ကို ကြောက်မနေဘဲ ကိုယ့်အမေအရင်းလို ရင်းရင်းနှီးနှီးဆက်ဆံ ကြားလား သမီး''
"ဟုတ်ကဲ့''
"ပြီးတော့ သားအချိုးမပြေတာရှိရင်လဲ မေမေ့ကိုအချိန်မရွေး ဖုန်းဆက်ပြီးတိုင်နော် သမီး''
"ဘာတွေ မြှောက်ပေးနေတာလဲ မေမေ''
လက်ထဲမှာ အထုပ်တွေ တိုးလို့တန်းလန်းဆွဲပြီး နောက်ကရောက်လာသည့် ဂုဏ်က ဒေါ်ခင်စောသိုက်ကို မကြည်သလိုကြည့်ပြီး မေးလိုက်၏။ ဒါကိုပင် အပြုံးမပျက်သည့် ဒေါ်ခင်စောသိုက်က ဂုဏ့်ကို ခေါင်းအစ ခြေအဆုံး စေ့စေ့စပ်စပ်ကြည့်ကာ...
"မင်း အချိုးမပြေရင် ဖုန်းဆက်တိုင်လို့ ပြောတာ၊ နေစမ်းပါဦး သားလက်ထဲက အထုပ်တွေက များလှချည်လား၊ ဘာတွေ ဝယ်လာတာလဲ''
"ဘာတွေကမှာလဲ၊ မေမေ့ချွေးမပေါ့ ပုဂံလက်ဆောင်ဆိုပြီး တွေ့သမျှဝယ်ပေးဆိုပြီး မရမက ဂျီကျနေလို့ ဝယ်လာပေးရတာ''
ကိုကို ဒီလိုပြောလိုက်တော့ မေမေက ခက်ကို ဟုတ်လားဆိုသည့် မျက်လုံးများဖြင့် ကြည့်လာတာမို့ ခက် မချိုမချဥ်လေးပြုံးလိုက်ပြီး...
"မေမေတို့အတွက်လေ''
"မေမေတို့အတွက် ဟုတ်လား''
ဒေါ်ခင်စောသိုက် ထူးဆန်းသလိုမေးလိုက်မိသည်။ ခရီးကပြန်လာပြီး သူမအတွက် လက်ဆောင်ပါလာတယ်ဆိုတာမျိုးက အခုမှ ကြုံဖူးတာမဟုတ်လား။ ဒါ့ကြောင့် သူမ နွေသစ်ခက်ကို စိုက်ကြည့်လိုက်တော့ နွေသစ်ခက်က ဂုဏ့်လက်ထဲက အထုပ်များစွာထဲမှ အထုပ်တစ်ခုကိုယူပြိိီး...
"ယွန်းသေတ္တာလေးနဲ့ ချည်လုံချည်လေးပါ၊ ေမမေ ကြိုက်ပါ့မလားတော့ မသိဘူး၊ ခက်က မေမေအတွက် ဝယ်ရင်းနဲ့ ပိုဝယ်လာလိုက်တာ''
ခက် ပြောသာပြောလိုက်ပေမယ့် ကိုကို့ရဲ့မေမေက ခက်ကို အထူးအဆန်းလိုကြည့်နေတာမို့ စိုးရိမ်စိတ်လေးဝင်သွား၏။
ဟုတ်တာပေါ့ သူတို့အဆင့်နဲ့ဆိုရင် ဒီလိုပစ္စည်းတွေကို ကြိုက်ပါ့မလား။ ခက် ပြောနေသည့်စကားတွေကို ဘာတုံ့ပြန်မှုမှမရှိဘဲ ခပ်တည်တည်လေးကြည့်နေသည့် ကိုကို့ရဲ့မေမေကြောင့် ခက် အထုပ်လေးကို နောက်ပြန်ဆွဲယူလိုက်၏။ ပြီးမှ ခေါင်းကိုငုံ့ချလိုက်ပြီး...
"ခက်က မေမေတို့ဘာကြိုက်မှန်းမသိတော့ ဒီအတိုင်း ခက်ကြိုက်တာကို ဝယ်လာပေးလိုက်တာ၊ မကြိုက်ရင် ခက် တောင်းပန်...
ခက် စကားမဆုံးခင် လက်ထဲက အထုပ်လေးကို ဖျတ်ခနဲဆွဲယူလိုက်သည့် မေမေကြောင့် ခက် မျက်လွှာပင့်ကြည့်လိုက်တော့....
"အို... မဟုတ်တာ၊ ကြိုက်ပါတယ် ကြိုက်ပါတယ်ကွယ်၊ အခုက မေမေဝမ်းသာသွားလို့ပါ၊ မေမေ့မှာက သားသမီး ၃ယောက်ရှိပေမယ့် သူတို့ဘယ်ခရီးသွားသွား မေမေ့အတွက်ဆိုပြီး ပန်းတစ်ပွင့်တောင် လက်ဆောင်ဝယ်လာဖူးကြတာ မဟုတ်ဘူး၊ အဟွန်း အခု မေမေ့ချွေးမလေးနဲ့မှ လက်ဆောင်ဆိုတာမျိုးရဖူးတော့ ဝမ်းသာသွားလို့ပါ''
"မေမေကတော့ ပူတူးကို အပိုင်ချုပ်နေပြီကွာ၊ ဘာတွေ ကြံနေတာလဲ မသိဘူး''
"အို... ကိုကိုကလဲ လူကြီးကို''
"နေပါစေ သမီးရယ်၊ သား အထင်လွဲရင်လဲ လွဲချင်စရာကောင်းလောက်အောင် မေမေက သမီးကို ကန့်ကွက်ခဲ့မိတာကို ပြောပါစေ''
"ေမမေကတော့ လုပ်ပြီ၊ ကျွန်တော်က ဒီအတိုင်း ရိုးရိုးသားသားပဲ ပြောတာပါဗျာ၊ မေမေ့ဘာသာ မေမေ အတွေးလွန်နေပြန်ပါပြီ''
"အတွေးလွန်တာ မဟုတ်ဘူးသား၊ မေမေ နောင်တရနေတာ၊ အရင်က သားနဲ့သမီးကို သဘောမတူဘူးလို့ ပြောခဲ့မိတာကို နောင်တရတာ၊ တကယ်ဆိုရင် မေမေက သမီးကို သူ့မိဘတွေဆီကနေ လိုလိုလားလား တောင်းရမ်းပေးခဲ့သင့်တာ၊ အခုတော့...
ဆက်ပြီး မပြောတော့ဘဲ စကားဖြတ်သွားသည့် ဒေါ်ခင်စောသိုက်ကိုကြည့်ကာ ခက်လဲ ဘာပြောရမှန်းပင်မသိတော့။ ခက်ထက်ပိုဆိုးတာက မေမေ့ကို မျက်ခုံးတွေစုကျုံ့ပြီး ကြည့်နေသည့် ကိုကိုရယ်။
အတော်အတန်ကြာအောင် သုံးယောက်သား ငြိမ်သက်နေကြပြီးမှ အရင်ဆုံး စကားစပြောလာသူက ေဒါ်ခင်စောသိုက်ပင်။
"သမီးလဲ သိတဲ့အတိုင်းပဲကွယ်၊ သားက ကနေဒါမှာ သူ့တီတီနဲ့နေတုန်းက ရည်းစားတွေ တစ်သီတစ်တန်းကြီးထားပြီး ပွေရှုပ်နေခဲ့တော့ သမီးကို လိုက်တောင်းပေးပါလို့ ပြောတဲ့အချိန် မေမေ သားကို လုံးဝကို မယုံကြည်ခဲ့မိတာ''
"ဟာ.. မေမေ့ ဘာတွေလျှောက်ပြောနေတာလဲ၊ လာ လာ ပူတူး မေမေလျှောက်ပြောနေတာတွေကို နားမထောင်နဲ့တော့''
"မေမေ အမှန်တိုင်းပြောနေတာ သား၊ သားကို မယုံကြည်ခဲ့လို့ သမီးကို လိုက်မတောင်းပေးခဲ့တာ၊ အခု အဲ့ဒါအတွက် မေမေ စိတ်မကောင်းဖြစ်ရလို့ ပြောပြတာပါ''
ဂုဏ် သူမလေးကို မေမေ့ဘေးက ဆွဲထုတ်လိုက်ပြီး အိမ်ထဲခပ်သွက်သွက်ဝင်လာလိုက်သည်အထိ မေမေ့ရဲ့အသံက သူတို့နောက်မှ ကပ်ပါလာတာမို့ ဂုဏ် မေမေ့ကို မှုန်ကုပ်ကုပ်ဖြင့် ပြန်ကြည့်လိုက်သေးသည်။ ပြီးမှ ပူတူးကို ပြန်ငုံ့ကြည့်လိုက်ပြီး..
"မေမေက အလကား လျှောက်စနေတာ၊ အရင်က ကိုယ်ရှုပ်ခဲ့တာမှန်ပေမယ့် ေမမေပြောသလို တစ်သီတစ်တန်းကြီးတော့ မဟုတ်ပါဘူး၊ ကိုယ့်ကိုပဲယုံ ကြားလား ပူးတူး''
"ကိုကို့ရဲ့ အရင်က ရည်းစားတွေရဲ့ပုံတွေကို ခက် တွေ့ဖူးတယ်လေ၊ မေမေပြောသလို တစ်သီတစ်တန်းကြီးပါနော်''
"ဟင်...
"ဟား.. ဟား.. ဟား... ဂုဏ်ရေ မင်းအကြောင်းကိုဖော်တာ မေမေမဟုတ်ဘူးနော် ဟား.. ဟား..''
"မေမေ့''
သူ့ကို မျက်စောင်းထိုးကြည့်ပြီး စူပုတ်နေသည့် မျက်နှာလေးကို ကြည့်ရုံဖြင့် ပူတူး ဘယ်လောက် စိတ်ဆိုးနေပြီလဲဆိုတာ သူသိသည်။
ဒါကိုပင် မပြီးနိုင်မစီးနိုင်အောင် အချွန်နဲ့မ,နေသည့် မေမေ့ကို သူ စိတ်ဆိုးလာတာမို့ ဂုဏ် ဆောင့်ဆောင့်အောင့်အောင့်အော်ပစ်လိုက်တာကို ပူတူးက ခပ်စူးစူးလေးကြည့်လာတာကြောင့်...
"မေမေက အလကားလျှောက်ပြောနေတာ ပူတူးရ''
"ကိုကို့ကို ခက်က ဘာပြောနေလို့လဲ''
"ဘာမှမပြောပေမယ့် ပူတူးရဲ့မျက်နှာက စိတ်ကောက်နေတဲ့ပုံစံကြီးလေကွာ''
"စိတ်ကောက်တယ်ဆိုရင် ကိုကိုက ဘာလုပ်ချင်လို့လဲ''
"ဘာမှမလုပ်ချင်ပါဘူးကွာ၊ ကိုကိုက...
"ဘာမှမလုပ်ချင်ရင် အေးဆေးနေနော်၊ ခက် ကိုကို့ကို ကြည့်လို့ရတာမဟုတ်ဘူး''
"ပူတူး ကြည့်မရအောင် ကိုကိုက ဘာလုပ်နေ..
"မေမေ ခက် ခရီးပန်းလာလို့ ခဏနားလိုက်ပါဦးမယ်''
"အေး အေး သမီး အဟွန်း ဟွန်း''
"ဟုတ် မေမေ၊ ကိုကို နေခဲ့''
"ဟာ.. ပူတူးကကွာ..
ပြောပြီးတာနဲ့ အိမ်ပေါ်ကိုတန်းတက်သွားသည့် ေနွသစ်ခက်နောက်ကို လက်ထဲကအထုပ်တွေပစ်ချပြီး မျက်နှာငယ်လေးဖြင့် လိုက်သွားသည့်ဂုဏ့်ရဲ့ပုံစံကို ကြည့်ကာ ဒေါ်ခင်စောသိုက် သဘောကျနေတော့သည်။ မိဘနဲ့ အစ်မတွေအပေါ်မှာဆို ဆိုးချင်တိုင်း ဆိုးနေတဲ့ကောင်။ အခု သူ့မိန်းမနဲ့မှ ပြန်ပြီးဝဋ်လည်နေပြီမဟုတ်လား။
အဟွန်း ဟွန်း ဒီကောင် ဝဋ်များများလည်ဖို့ ချွေးမလေးနဲ့ကပ်ပေါင်းပြီး များများ အနိုင့်ကျင့်ခိုင်းရဦးမည်။
>>>>>>>>>><<<<<<<<<<
အားပေးတဲ့ အသဲတွေအားလုံးကို ကျေးဇူးတင်ပါတယ်😘😘
အမှားပါသွားရင် ချစ်တဲ့စိတ်နဲ့ ဝေဖန်ပေးပါ😁😁
အပိုင်း(၂၉)မျှော်
စာရေးသူ-Merida(Tulip)