🎗🎗 နှောင်ကြိုး 🎗🎗
~~~~~~~~~~
"ပူတူး မပြီးသေးဘူးလားကွာ''
"မပြီးသေးဘူးလို့ ပြောနေတာ ဘယ်နှစ်ခါရှိပြီလဲ''
အဝတ်လဲခန်းထဲက အခုထိထွက်မလာသေးသည့် ပူတူးကို သူ အခန်းရှေ့က ရပ်စောင့်ရင်း တဂျီဂျီခေါ်နေသလို အထဲက ပူတူးကလဲ တစ်ခွန်းမခံ ပြန်ပြောနေတာမို့ မနက်ခင်းလေးက ဆူညံ ပူညံ။
"မပြီးသေးပါဘူး ပြောနေတာကို ဘာလို့ ခဏ ခဏ လာမေးနေလဲ၊ သူတို့လို စွပ်ချလိုက်တာနဲ့ အံဝင်ခွင်ကျဖြစ်သွားတယ်များ ထင်နေလားမသိဘူး''
ခက် ရင်ဖုံးအင်္ကျီလေးကို ကြယ်သီးတပ်ရင်းမှ တပွစိစိပြောနေမိသည်။ ဒါကိုပင် အရိပ်အကဲမသိတတ်လွန်းသည့် ကိုကိုက အဝတ်လဲခန်းတံခါးကို ထပ်လာခေါက်နေပြန်တာမို့...
"ဘာလဲ ကိုကိုရာ၊ ပြီးရင် ထွက်လာမှာပေါ့ ဘယ်လိုဖြစ်လို့ ဒီလောက် ပူညံ ပူညံလုပ်နေရတာလဲ''
"မင်း အထဲဝင်သွားတာ ကြာနေတာကိုကွ၊ လုပ် မြန်မြန် တော်ကြာ ဘုရားမှာ လူတွေရှုပ်တော့မှာ''
"ရှုပ်တော့ ဘာဖြစ်လဲ''
"ဘာဖြစ်ရ... ဟာ..
ဂုဏ် ပြောမယ့်စကားတွေက အဝတ်လဲခန်းထဲမှ ထွက်လာသည့် ပူတူးကြောင့် လေထဲမှာတင် ရပ်တန့်သွားခဲ့ရ၏။ အုတ်ခဲကျိုးရောင် ပိုးရုံပြောင်ဝမ်းစက်လေးနဲ့ သူမက ဒီနေ့တော့ ရင့်ရင့်ကျက်ကျက်လေးပါလား။ ခါတိုင်း သူမလေးကျောင်းသွားရင် မြန်မာဝတ်စုံလေးတွေဝတ်နေကျဆိုပေမယ့် ဒီနေ့ပုံစံနဲ့ မတူပါ။
ဒီနေ့ကပိုပြိီး ပိုပြီးနုဖတ်နေသည့်ပုံအပြည့်ဖြင့်။ ဒါ့အပြင် ဆံပင်တွေကို တစ်ဖက်တစ်ခုခွဲပြီး ကျစ်ဆံမြီးလေးပါ ကျစ်ထားသေးတာမို့ တကယ့်ကို အူယားစရာလေးဖြစ်နေသေး၏။
"ချစ်ဖို့ကောင်းလိုက်တာကွာ''
"အံမယ် ကိုကိုက ပုဆိုးတွေ ဘာတွေဝတ်လို့ ဟီး ဟီး''
သူပုဆိုးဝတ်ထားတာကို သဘောကျသည့်ဟန်ဖြင့် ပါးစပ်ကို လက်လေးဖြင့်အုပ်ကာ ရယ်နေတာမို့ ပူတူးကိုငေးနေသည့် သူရှက်ကိုးရှက်ကန်းဖြစ်သွားကာ...
"ဘာလဲ ကိုယ်နဲ့ မလိုက်ဘူးလား''
"မဟုတ်ပါဘူး လိုက်ပါတယ် အဟွန်း''
"ဟေ့.. မရယ်နဲ့လေ၊ ကိုယ်က ဒီလိုပုံစံနဲ့ အသားမကျလို့ အစကတည်းက မလုံမလဲ ဖြစ်နေတာ၊ အဲ့ဒါကို မင်းက ဒီလိုရယ်နေလို့ ဘယ်ဖြစ်မလဲ''
"ဟင်... ခက်ရယ်တာက ကိုကို့ပုံစံလေးကို သဘောကျလို့လေ၊ ဘာမှမဖြစ်ဘူး ကိုကိုနဲ့ ဒီပုံစံကလိုက်တယ် သိလား''
"တကယ်လား''
"ဟုတ်''ဆိုပြီး ခက် ခေါင်းကိုငြိမ့်ပြလိုက်မှ ကိုကိုက ပြုံးသွားသည်။
ယောပုဆိုးနက်ပြာရောင်လေးနဲ့ ဆင်စွယ်ရောင် စတစ်လက်ရှည်လေးကို တွဲဖက်ဝတ်ဆင်ထားသည့် ကိုကိုက ဒီနေ့တော့ ပိုပြီးရှင်းသန့်ချောမွေ့နေ၏။ နောက်ပြီး အမြဲတမ်းတွန့်ချိုးထားတတ်သည့် ကိုကို့ရဲ့မျက်ခုံးတန်းနက်နက်နှစ်ခုက အရင်ကနဲ့မတူအောင် သွယ်တန်းနေတာမို့ ဒီနေ့အတွက် ကိုကို့မျက်နှာတွင် ဘာကောက်ကြောင်းမှမရှိ။ ဒါ့ကြောင့်လဲ ပိုပြီးကြည့်လို့ကောင်းနေတာဖြစ်မည်။
"ဒါဆို ကိုယ်တို့သွားရအောင်လေ၊ ေတာ်ကြာ နေမြင့်သွားရင် ပူတူးပင်ပန်းလိမ့်မယ်''
"သွားလေ''
"မနက်စာကို လမ်းမှတစ်ခုခုစားရအောင် ရတယ်မလား''
ဂုဏ် သူမလက်ကိုတွဲကာ အခန်းထဲက ထွက်လာရင်းမေးလိုက်တာကို သူမက ခေါင်းလေးငြိမ့်ပြကာ...
"ကိုကို''
"ဗျ''
"ခက် ကားနဲ့ မသွားချင်ဘူး''
"ဟင်.. ကားနဲ့မသွားချင်ရင် ဘာနဲ့သွားမှာလဲ''
"E-bikeနဲ့လေ''
"မရပါဘူးကွာ၊ ကားနဲ့သွားရင်တောင် ပင်ပန်းတာကို e-bikeနဲ့ကတော့ မဖြစ်ဘူး''
"e-bikeနဲ့လဲ ခက်က အဆင်ပြေပါတယ်၊ ဂူးဂူးပုဂံသွားတုန်းက e-bikeနဲ့ပဲ လျှောက်သွားတာလေ၊ အဲ့တုန်းက ဂူးဂူးက ဓာတ်ပုံတွေပြတာကြည့်ပြီး ခက် e-bikeလေး စီးချင်တာ''
"ဒီမှာက နေအရမ်းပူတယ် ပူတူးရဲ့''
"ရတယ် ပူပူ''
"ကိုယ့်ကလေးပင်ပန်းမှာစိုးလို့ပါ၊ ပူတူးက လိမ္မာပါတယ်ကွာ၊ ကားနဲ့ပဲ သွားကြရအောင်နော်''
"ကိုကိုက ဒီလိုချည်းပဲ၊ ခက်ကိုဆို ဘယ်တော့မှ အလိုမလိုက်ဘူး''
သူ့စကားအဆုံး ချက်ချင်းမျက်နှာလေးညှိုးကျသွားသည့် ပူတူးကို သူ လမ်းလျှောက်ရင်းမှ အကြာကြီးစိုက်ကြည့်မိသည်။ ဒီခလေးလေး ပျော်ရွှင်နေတာကိုပဲ သူမြင်ချင်သည်။ သူမအပေါ် ကို ဘယ်လိုစိတ်ညစ်စရာမျိုးကိုမှ မကျရောက်စေချင်သလို သူ့ကြောင့် စိတ်ညစ်ရတာမျိုး မဖြစ်စေချင်တာအမှန်ပါ။
သူတို့ hotelရှေ့ရောက်တာနဲ့ ဝန်ထမ်းတစ်ယောက်က ဂုဏ့်လက်ထဲကို ကားသော့လေးလာပေးကာ...
"ဆရာ့ကား ထုတ်ထားပေးပါတယ်ခင်ဗျ''
"အွန်း''
ကားနဲ့မသွားချင်ပေမယ့် ကိုကိုက ခက်ကို အလိုလိုက်မှာ မဟုတ်တာကြောင့် ခက် ကားပေါ်တက်ဖို့ပဲ တွေးလိုက်ကာ ကိုကို့လက်ထဲမှ ခက်ရဲ့လက်ကို အသာလေးရုန်းပစ်လိုက်တော့ ကိုကိုက လွှတ်မပေးဘဲ....
"ဘယ်လဲ''
"ကားပေါ်တက်မလို့ပါ''
"ပူတူးပဲ ကားနဲ့မသွားချင်ဘူးဆို''
"ကိုကိုက ကားနဲ့သွားချင်တာမဟုတ်လား၊ ခက်က ဘယ်လိုနေနေရပါတယ်၊ ကိုကိုအဆင်ပြေရင် ပြီးတာပါပဲ''
အရင်လို စိတ်ကောက်တဲ့ပုံစံဖြင့် ဆတ်ဆတ်ထိမခံ ပြန်ပြောနေတာမျိုး မဟုတ်ဘဲ မျက်နှာငယ်လေးဖြင့် ပြောနေသည့်ပူတူးကို ဂုဏ် မျက်တောင်တွေမှေးစင်းသွားသည်အထိ စိုက်ကြည့်ပြီးမှ...
"ကိုကိုက မင်းပျော်နေတာမြင်ရမှ အဆင်ပြေတာလေ၊ အခု ကိုယ့်ပူတူးလေးက ငိုမဲ့မဲ့လေးဖြစ်နေတာကို ကိုယ်က အဆင်ပြေပါ့မလား''
"ဟင့်အင်း ရတယ်၊ ခက်ကို ဂရုမစိုက်နဲ့''
"တကယ် ဂရုမစိုက်ဘဲထားလိုက်ရမလား''
"အွန်း.. ဂရုမစိုက်နဲ့''
"ဒါဆိုလဲ ပြီးတာပဲ၊ တက် ကားပေါ်ကို''
ကားတံခါးဖွင့်ပေးနေသည့် ကိုကို့ကြောင့် ခက် ရင်ထဲ ဝမ်းနည်းစိတ်လေးဝင်သွားကာ ကားပေါ်တက်ဖို့ပြင်လိုက်စဥ်....
"အဟွန်း.. အလကားစတာပါ၊ ဒီက ကောင်ကြီးက ခင်ဗျားလေးကို ဂရုမစိုက်ဘဲ မနေနိုင်ပါဘူးဗျာ၊ သိတယ်မလား ကိုယ်က မင်းကို အရမ်းချစ်တာလေ''
ဘေးမှာ အခုထိရှိနေသေးသည့် ဝန်ထမ်းကို ကိုကိုမမြင်တာလား။ မမြင်ချင်ယောင်ဆောင်ထားလားဆိုတာ ခက် မသိပေမယ့် လူရှေ့ သူရှေ့မရှောင် ချစ်စကားတွေပြောနေသည့် ကိုကို့ကြောင့် မျက်နှာပူသွားတာတော့ သေချာသည်။ သို့ပေမယ့် ကိုကိုကတော့ ဂရုမစိုက်စွာဖြင့် ထိုဝန်ထမ်းကောင်လေးကို တစ်ချက်ကြည့်လိုက်ပြီး...
"ဒီမှာ e-bike ရတယ်မလား''
"ဟုတ်ကဲ့ ရပါတယ် ဆရာ''
"ဒါဆို ဒီကို ယူခဲ့ပေးကွာ''
"ဟုတ်ကဲ့ ခဏစောင့်ပေးပါခင်ဗျ''
ဂုဏ် ခေါင်းငြိမ့်ပြလိုက်တော့ ဝန်ထမ်းကောင်လေးက သူတို့အနားမှ ထွက်သွား၏။ ထိုအခါမှ ဂုဏ် ဘေးက ပူတူးကိုပြန်လှည့်ကြည့်လိုက်တော့ ခုနကပုံစံနဲ့ ဆန့်ကျင်စွာ ပြုံးပျော်ေနသည့် ပူတူးကိုကြည့်ပြီး..
"ဒီနေ့တစ်ရက်ပဲ ရမှာနော်''
"ဟင့်အင်း မပြန်မချင်း''
"No no no မရဘူး၊ ဒီနေ့တစ်ရက်တောင် လွန်နေပြီ၊ နောက်ရက်တွေ ကားနဲ့ပဲသွားရမှာ''
"ဒါဆို ခက် ရန်ကုန်ပြန်မှာနော်''
"ကိုယ်ကဒီမှာနေဦးမှာဆိုရင် မင်းက ဘယ်လိုပြန်မှာလဲ''
"ကားငှားပြန်မှာပေါ့၊ ဒီမှာလဲ အငှားကားတွေရှိတာပဲလေ''
လူလည်ကျနေသည့် သူမကို ဂုဏ် မျက်မှောင်ကျုံ့ကြည့်လိုက်သည်မှလွဲ၍ ဘာတစ်ခွန်းမှ ထပ်မပြောတော့ပေ။ ပြောလဲ သူပဲရှုံးမှာသေချာသည်။ ဟိုက စကားကအတတ်လေး မဟုတ်လား။
>>>>>>>>>><<<<<<<<<<
ခက်တို့နှစ်ယောက် ပထမဆုံးဦးတည်လိုက်သည့် ဘုရားက ရွှေစည်းခုံ။ ဘုရားစောင်းတန်းကြီးရဲ့ တစ်ဖက်မှာရှိသည့် ဆိုင်ကယ်standတွင် ခက်တို့ e-bikeလေးရပ်ခဲ့ပြီး ဘုရားဘက်ကို လျှောက်လာခဲ့သည်။
အမှန်တိုင်းပြောရရင် ခက် ပုဂံကို အခုမှရောက်ဖူးတာပါ။ ဒါ့ကြောင့်လဲ မြင်မြင်သမျှ အသစ်အဆန်းတွေဖြစ်ကာ တမေ့တမောလေး ငေးဖြစ်နေသည်။
စောင်းတန်းကြီးနှင့်အပြည့် ခင်းကျင်းထားသည့် စျေးဆိုင်များကို ခက် မျက်တောင်မခတ်တမ်း ငေးကြည့်နေသည်ကို သတိထားမိသည့်ကိုကိုက သူကိုင်ထားသည့် ခက်ရဲ့လက်လေးတစ်ဖက်ကို ဖျစ်ညှစ်ကာ...
"ဒီလောက်တောင် ငေးရလား ပူးတူးရဲ့၊ မသိရင် တစ်ခါမှမရောက်ဖူးတဲ့ ကလေးလေးအတိုင်းပဲ''
"ခက် ပုဂံကို ခုမှရောက်ဖူးတာ''
"တကယ်''
"တကယ် အခုမှရောက်ဖူးတာ''
"အဲ့ဒါ ကိုယ်ကြောင့်နော်၊ ကျေးဇူးမမေ့နဲ့ ကြားလား''
".......''
"ပူတူး ကြားလားလို့''
သူပြောနေတာကို ဂရုမစိုက်နိုင်လောက်အောင် ငေးမောနေသည့် ပူတူးကြောင့် ဂုဏ် နှုတ်ခမ်းတွေတွန့်ကွေးသွားရုံပြုံးလိုက်စဥ် ဖုန်းဝင်လာတာကြောင့်...
"ပူတူး ကိုယ် ခဏ ဖုန်းသွားပြောလိုက်ဦးမယ်''
သူကသာ အလိုက်တသိ အသိပေးရပေမယ့်
သူမလေးက သူ့ဘက်ကိုလှည့်မလာဘဲ ေစျးဆိုင်တွေကိုငေးနေရင်းမှ "သွားလေ''ဆိုပြီး ခေါင်းတစ်ချက်သာ ငြိမ့်ပြ၏။
ထို့နောက် လူရှင်းသည့်နားကို လျှောက်သွားလိုက်ပြီး...
"ဟယ်လို မေမေပြော''
"သားတို့ ခရီးထွက်သွားတယ်ဆို''
"ဟုတ်တယ် မေမေ''
"ဘယ်လောက်ကြာမှာလဲ သား''
"၅ရက်လောက်ပေါ့၊ မေမေက ကိစ္စရှိလို့လား''
"မိုးကုတ်က မမမြတ်တို့ရောက်နေတာလေ သားရဲ့၊ အဲ့ဒါ လက်ရာဆန်းဆန်းလေးတွေပါလို့ မေမေက သမီးအတွက် တစ်ခုခုဝယ်ပေးချင်လို့''
"ပူတူးအတွက် ဘာမှမလိုပါဘူး မေမေကလဲ၊ လိုရင်လဲ ကျွန်တော်ဝယ်ပေးမှာပေါ့''
"မင်းဘာသာ မင်း ဝယ်ပေးချင်ဝယ်ပေးပေါ့၊ မေမေကလဲ မေမေ့ချွေးမလေးကို ဆင်ချင်တာပေါ့ကွ''
အစကဖြင့် သဘောမတူနိုင်ဘူးလေး ဘာလေးနဲ့ အခုမှ မေမေ့ချွေးမလေးဆိုပြီး ဖြစ်နေသည့် မေမေ့ကြောင့် ဂုဏ် ပြုံးလိုက်ရင်း စောင်းတန်းထဲကျန်ခဲ့သည့် ပူတူးကို ပြန်လှည့်ကြည့်လိုက်၏။
ယွန်းထည်ပစ္စည်းတွေရောင်းသည့် ဆိုင်ရှေ့တွင် ဆောင့်ကြောင့်ထိုင်ပြီး ဟိုပစ္စည်းကောက်ကိုင် ဒီပစ္စည်းကောက်ကိုင်နဲ့ ဘာတွေစပ်စုနေသည်မသိ။ သူမလေးကို သူ ငေးငေးလေးစိုက်ကြည့်နေစဥ် သူ့ကိုရှာနေပုံရသည့်သူမက သူ့ကိုမြင်သွားပြီး သူဆီပြေးလာတာကြောင့် ဂုဏ် မေမေနဲ့စကားဖြတ်ကာ ဖုန်းချလိုက်သည်။ ပြီးမှ သူ့ဆီပြေးလာသည့် ပူတူးထံ လျှောက်သွားလိုက်ပြီး...
"ဘာလို့ ပြေးလာတာလဲ ပူတူးရဲ့''
"ကိုကို့''
"ပြောလေ ပူတူး''
"ခက်ကို ဟိုဟာလေးဝယ်ပေးပါလားဟင်''
"ဘယ်ဟာလဲ''
"ခက် ပြမယ် လာ''
သူ့လက်ကိုဆွဲကာ ရှေ့ကနေ ခပ်သွက်သွက်လျှောက်သွားနေသည့် သူမနောက် ဂုဏ် ဘာမှန်း ညာမှန်းမသိပါသွားရသည်။
"ဘယ်ဟာလဲ ပူတူး''
ခုနက သူမလေးထိုင်နေသည့် ဆိုင်ရှေ့ရောက်တော့ ဂုဏ် ထပ်မေးလိုက်၏။ ထိုအခါ သူမလေးက ဆိုင်ရှေ့မှာ ဆတ်ခနဲထိုင်ချလိုက်ပြီး လင်ဗန်းလေးထဲထည့်ထားသည့် ယွန်းလက်ကောက်လေးကို ကောက်ယူကာ..
"ဒါလေးလေ၊ ဝယ်ပေးပါနော် ခက် လိုချင်လို့ပါ''
"ဒါက ပူတူးနဲ့မလိုက်ပါဘူးကွာ၊ တခြားဟာယူ''
အနက်ရောင် ယွန်းလက်ကောက်လေးတွေက လိုချင်စရာကောင်းပေမယ့် ဂုဏ် မကြိုက်ပါ။ ထို့ကြောင့် သူမလေးနှင့် မလိုက်ဘူးဟုပြောပစ်လိုက်တော့ သူမလေးက နှုတ်ခမ်းလေးစူကာ..
"မလိုက်လဲ လိုချင်တာပဲ၊ ကိုကို ဝယ်ပေးရမှာပေါ့''
"ဒါနဲ့ မလိုက်ဘူးလို့၊ တခြားဟာဝယ်''
"ဟင့်အင်း ဟင့်အင်း ခက်က ဒါပဲလိုချင်တာ၊ ဝယ်ပေး''
"ပူတူးကကွာ၊ ကလေးလဲ မဟုတ်ပဲနဲ့ ဘာလို့ဆိုးနေရတာလဲ''
"မသိဘူးကွာ၊ ကိုကို ဝယ်ပေးရမှာပဲ''
"မဝယ်ပေးပါဘူး''
ခက်က တကယ်လိုချင်လို့တောင်းတာကို လုံးဝ ဝယ်ပေးမည့်ပုံမရှိတာကြောင့် ခက် စိတ်ထဲမကျေမနပ်လေးဖြစ်သွား၏။ ပြီးမှ စျေးကြီးလို့များလားဆိုပြီး ခက် ယွန်းလက်ကောက်လေးကို တစ်ချက်စိုက်ကြည့်လိုက်ပြီး ဆိုင်ရှင်အမျိုးသမီးကြီးဘက်ကိုလှည့်ကာ..
"ဒါ ဘယ်လောက်လဲဟင် အန်တီ''
"တစ်ခုမှ ၅၀၀''
"ကိုကိုတွေ့လား၊ တစ်ခုမှ ၅၀၀ကို စျေးလဲမကြီးဘဲနဲ့''
"ကိုယ်က စျေးကြီးလို့ ဝယ်မပေးတာလို့ ထင်နေတာတော့ မဟုတ်ပါဘူးနော်''
"ဒါဆို ကိုကိုက ဘာလို့ဝယ်မပေးလဲ''
"မင်းနဲ့ မလိုက်ဘူးလို့ ကိုယ်ပြောပြီးသားလေ''
"ကိုကို ဝယ်မပေးချင်လို့ လျှောက်ပြောနေတာမလား၊ တော်ပြီ ကိုကိုဝယ်မပေးချင်လဲနေတော့၊ ခက်ကို ပိုက်ဆံပဲချေး''
"ဘယ်လို''
လက်လေးဖြန့်ပြီး ပိုက်ဆံချေးဖို့ပြောနေသည့် ပူတူးကို သူနားမလည်သလို ပြန်မေးလိုက်တော့ သူမက မျက်နှာတင်းတင်းလေးဖြင့်..
"ကိုကို ဝယ်မပေးချင်ရင် ပိုက်ဆံချေးရမှာပေါ့၊ ခက် ကိုယ့်ဟာကိုယ် ဝယ်မယ်''
"မချေးနိုင်ပါဘူး''
"ဘာလို့လဲ ခက် ရန်ကုန်ရောက်ရင် ပြန်ဆပ်မှာပဲလေ''
"ဘယ်လိုနေနေ မချေးဘူး''
"ကို..ကို့..
ပိုက်ဆံလေး ၅၀၀ ၁၀၀၀လောက်နဲ့ အငြင်းအခုန်လုပ်နေတာ ဘယ်လောက်စိတ်ပျက်ဖို့ ကောင်းလိုက်ပါသလဲ။ ဒီလက်ကောက်ကို ခက် လိုချင်တယ်ဆိုတာမှန်ပေမယ့် မရမဖြစ်တော့မဟုတ်ပါဘူး။
သူမ ထင်တာက ခက် လိုချင်တယ်လို့ပြောလိုက်ရင် ကိုကိုက တန်းဝယ်ပေးမယ်ပေါ့။ အခုတော့ ဒီလိုမဟုတ်ဘဲ ခါးခါးသီးသီးငြင်းနေတာမို့ ဆိုင်ရှင်ကိုပင် အားနာလာရသည်။
ဒါ့အပြင် လိုချင်တာမရတော့ ဝမ်းနည်းတာပါရောကာ မျက်ရည်များက ဝေ့ဝဲတက်လာတာမို့ ခက် လက်ကောက်လေးကို လင်ဗန်းထဲပြန်ထည့်လိုက်ပြီး..
"အန်တီ ခက် မဝယ်တော့ဘူး၊ တောင်းပန်ပါတယ်နော်''
"အေး အေး''
"ပူတူး''
"ဖယ် ခက်ကို လာမထိနဲ့''
တကယ်စိတ်ဆိုးသွားဟန်ဖြင့် သူ့လှမ်းကိုင်လိုက်သည့် သူ့လက်ကိုပုတ်ထုတ်ပြီး ရှေ့ကနေ ဘောက်ဆတ်ဆတ်လျှောက်သွားသည့် ပူတူးကိုကြည့်ပြီး သူ့မှာ ရပ်ကျန်ခဲ့ရ၏။
"ဒီလက်ကောက်ကို ဟိုကောင်မလေး အရမ်းလိုချင်နေတာ၊ မင်း ဝယ်မပေးချင်ရင် ငါကပဲ လက်ဆောင်ပေးလိုက်မယ်၊ ယူသွားပေးလိုက်''
"ဗျာ..
"ရော့ပါ ယူသွားလိုက်ပါ၊ ငါကပဲ လက်ဆောင်ပေးလိုက်ပါ့မယ်''
ဆိုင်ရှင်အမျိုးသမီးကြီး အတင်းထိုးထည့်ပေးနေသည့် ယွန်းလက်ကောက်လေးနှစ်ခုကို ဂုဏ်ယောင်နနဖြင့် ယူလိုက်၏။ ပြီးမှ သတိရကာ အိတ်ထဲမှ တစ်သောင်းတန်တစ်ရွက်ထုတ်ယူလိုက်ပြီး...
"အလကားတော့ မပေးပါနဲ့၊ ရော့ပါ ပိုက်ဆံယူလိုက်ပါ၊ ပြန်လဲ အမ်းမနေပါနဲ့၊ ကျန်တာက ကျွန်တော်တို့ ကန်တော့တာလို့ပဲ သဘောထားပေးပါ''
"ပိုတဲ့ပိုက်ဆံကို ဘုရားမှာပဲ လှူပေးပါ့မယ်၊ မင်းတို့လဲ ကုသိုလ်ရတာပေါ့''
သနပ်ခါးဘဲကြားနှင့် ဘီးဆံပတ်ကြီးပတ်ထားသည့် ထိုအမျိုးသမီးရဲ့ပုံစံက ခပ်ပြတ်ပြတ်ပုံစံရှိ၏။ သို့ပေမယ့် မျက်နှာမှာတော့ တစ်ခုခုကို အလိုမကျသလို တွန့်ချိုးထားသည့် ကောက်ကြောင်းများရှိနေပြန်သည်။
ဂုဏ် ထိုအမျိုးသမီးကြီးကို အကဲခတိကြည့်ပြီးမှ လှည့်ထွက်ရန်ပြင်လိုက်စဥ် ထိုအမျိုးသမီးရဲ့စကားကြောင့် ခြေလှမ်းတွေရပ်တန့်သွားရ၏။
"မင်းတို့နှစ်ယောက်ရဲ့လမ်းမှာ ဆူးတွေရှိနေတယ်၊ အဲ့ဒီ့ဆူးတွေကြောင့် မင်းတို့ကွဲကြဦးမှာ၊ ပြီးတော့ အဲ့ဒီ့ဆူးတွေက မင်းကြောင့်ဖြစ်လာရတာ''
"ခင်ဗျား ဘာပြောလိုက်တယ်''
"ဒီကောင်မလေးမှာ အရမ်းအေးချမ်းတဲ့ ဝိဉာည်ရှိတယ်၊ ဒါပေမယ့် မင်းမှာက အဲ့လိုမဟုတ်ဘူး၊ မင်းရဲ့ဝိဉာည်က မင်းရဲ့အတ္တတွေကြောင့် ပူလောင်နေတယ်၊ အေး အဲ့ဒီ့အတ္တတွေကြောင့်ပဲ မင်းတို့ ကွဲကြဦးမှာ''
"ခင်ဗျား ဘာတွေလျှောက်ပြောနေတာလဲ၊ ကျွန်တော်တို့က ဘာကိစ္စနဲ့ ကွဲရမှာလဲ၊ ယုတ္တိမရှိလိုက်တာ''
သူ မကြားချင်ဆုံးစကားကို ပြောလိုက်တာမို့ ဂုဏ် ဒေါသထွက်သွားတာမှန်ပေမယ့် အသံက ကျယ်ကျယ်လောင်လောင်ကြီးမဟုတ်။
"မယုံရင် စောင့်ကြည့်လိုက် ကောင်လေး၊ မင်းတို့ ကွဲကိုကွဲဦးမှာ''
"အယ်.. အမေ ဧည့်သည်တွေကို ဘာတွေလျှောက်ပြောနေတာလဲ၊ တောင်းပန်ပါတယ်ရှင် ကျွန်မအမေက စိတ်မမှန်လို့ပါ တောင်းပန်ပါတယ်''
ထိုအမျိုးသမီးကြီးရဲ့ သမီးဆိုသူက ဝင်ပြောလိုက်မှ ဂုဏ် အခြေအနေကို နားလည်ကာ ခေါင်းငြိမ့်ပြလိုက်၏။
ဒါမျိုးတွေကို သူအယုံအကြည်မရှိပေမယ့် စိတ်အနှောင့်အယှက်ဖြစ်ရတာတော့ အမှန်ပဲမို့ ဂုဏ် ထိုနေရာမှ လှည့်ထွက်လိုက်တော့...
"အမေ့ကို သမီးဘာပြောထားလဲ၊ ဧည့်သည်တွေကို ဒီလိုလျှောက်လျှောက်မပြောပါနဲ့ဆိုတာ''
"ငါ လျှောက်ပြောတာမဟုတ်ဘူး၊ ငါမြင်တာကို ငါပြောတာ၊ ပြီးတော့ ငါပြောတဲ့အထဲမှာ ဘယ်နှစ်ခါ မှားဖူးလို့လဲ၊ သေချာတယ် ဒီကောင်လေးနဲ့ ဒီကောင်မလေး ကွဲဦးမှာ''
"အို.. အမေနဲ့တော့ ခက်လိုက်တာနော်''
အနောက်မှ ကျန်ခဲ့သည့်သားအမိနှစ်ယောက်ရဲ့ စကားသံတွေက သူ့နားစည်ကို မကြားကြားအောင် ရိုက်ခတ်နေသည့်နှယ်။
အယုံအကြည်မရှိပါဘူးလို့ သူတွေးနေရင်းကပင် ''မင်းတို့ ကွဲကြဦးမှာ''ဆိုသည့် စကားမှာ သူတုန်လှုပ်သွားခဲ့တာအမှန်။
ဘာလဲ သူ ဒီလောက်တောင် ပျော့ညံရသလား။
ဂုဏ် ကိုယ့်ကိုကို အားမလိုအားမရဖြစ်ကာ ခေါင်းကို ခါရမ်းပစ်လိုက်ပြီး....
"ကျစ်... စိတ်ရှုပ်ဖို့ကောင်းလိုက်တာကွာ''
ပြီးမှ သူ့ကိုစိတ်ဆိုးသွားသည့် ပူတူးကိုရှာရန် ဘေးဘီကို ဝေ့ကြည့်လိုက်၏။
တွေ့ပါပြီ။ သူ့ရဲ့အရစ်တုံးလေးက ဘုရားရင်ပြင်တော်ပေါ်က အဆောင်လေးတစ်ခုတွင် စူစူပုတ်ပုတ်ပုတ်ဖြင့် ထိုင်နေတာမို့ ဂုဏ် သူမရှိရာကို ခပ်သွက်သွက်လေးလျှောက်သွားကာ သူမဘေးကပ်ထိုင်လိုက်ပြီး..
"ပူတူး''
"ဟင့်...
မျက်နှာချိုသွေးပြီး သူမအနား လာထိုင်သည့် ကိုကို့ကို ခက် မျက်စောင်းလေးထိုးကာ မျက်နှာတစ်ဖက်လွှဲပစ်လိုက်၏။
"ကိုယ့်ကို စိတ်ဆိုးသွားတယ်မလား၊ ဆောရီးကွာ''
"....''
"ပူတူး ကိုယ့်ကိုကြည့်ပါဦး''
ခက် လှည့်မကြည့်ပါ။ အမြဲတမ်း ခက့်ရဲ့ဆန္ဒကိုဂရုမစိုက်ဘဲ သူ့ဆန္ဒကိုသာ ဦးစားပေးတတ်သည့် ကိုကို့ကို ခက် လုံးဝမကျေနပ်ပါ။
"ဒီမှာ ကိုယ့်ကိုကြည့်ဦးလို့''
"မကြည့်ချင်ပါဘူး၊ ဒီနေ့ ကိုကို့ကို ခက် အရမ်းစိတ်ဆိုးတယ် သိလား၊ ခက် ဒီလောက်တောင် လိုချင်ပါတယ်လို့ပြောနေတာကို ကိုကို ဂရုမစိုက်ဘူး၊ အင်းပေါ့ ခက် မှာက ပိုက်ဆံမှမရှိတာ ကိုကို အနိုင်ကျင့်သလိုခံရမှာပေါ့၊ စိတ်ချ နောက်တစ်ခါ ခက် ဘာလိုချင်လိုချင် ကိုကို့ကိုလုံးဝ... ဟင်
မကျေနပ်သမျှကို တပွစိစိပြောနေရင်းမှ ခက်ရဲ့ လက်လေးကိုဆွဲယူပြီး တစ်ခုခုဝတ်ပေးလိုက်တာမို့ ခက် ပြန်လှည့်ကြည့်လိုက်တော့ ခက်ရဲ့ လက်မှာ ခုနက ယွန်းလက်ကောက်လေးနှစ်ခု။
"ကိုကိုပဲ ဝယ်မပေးဘူးဆို''
"ဝယ်မပေးရင် အခုလိုကောက်နေမှာကို သိလို့လေ''
ဂုဏ် သူမလေးကိုကြည့်ကာ နှာခေါင်းရှုံ့ပြီးပြောလိုက်တော့ ပူတူးက သူမလက်ကောက်လေးတွေကိုကြည့်ပြီး သဘောကျသွားသည့်ပုံဖြင့်..
"အဟွန်း... ကိုကိုပြောတော့ ခက်နဲ့ မလိုက်ဘူးဆို ဒီမှာကြည့် လှပါတယ်''
ခက် လက်ကောက်လေးတွေဝတ်ထားသည့် လက်လေးကို ကိုကို့မျက်နှာရှေ့ကပ်ပြလိုက်တာကို ကိုကိုက တဟားဟားရယ်ကာ....
"ကိုယ်က လှတယ်လို့ပြောတာကို စောင့်ပါဦးကွာ၊ ဘယ်လိုဖြစ်လို့ ကိုယ့်ကိုကိုယ် ဇွတ်တွေလှနေရတာလဲ''
"အို.. လှလို့ လှတယ်ပြောတာပေါ့၊ မဟုတ်တာကျလို့''
"ဟုတ်ပါပြီကွာ လှတယ် လှတယ် ဟုတ်ပြီလား''
ဂုဏ် ဒီလိုပြောလိုက်မှ ပူတူးက ကျေနပ်သွားဟန်ဖြင့် ေခါင်းငြိမ့်ပြ၏။
"မင်းလိုချင်တာကို ကိုယ်ဝယ်ပေးပြီးပြီဆိုတော့ စိတ်မဆိုးတော့ဘူးမလား''
"ခက်က ကိုကို့ကို စိတ်ဆိုးတာမဟုတ်ပါဘူးနော်''
"ဟုတ်လို့လား၊ ကိုယ်တွေ့လိုက်တာကတော့ မင်းနှုတ်ခမ်းလေး စူေထာ်လို့''
"အဲ့ဒါကတော့...
ခက် ဘယ်လိုငြင်းရမှန်းမသိတာကြောင့် ကိုကို့ကို မျက်လုံးလေးထောင့်ကပ်ကြည့်လိုက်တော့ ကိုကိုက သူမကို ခပ်ထေ့ထေ့လေးကြည့်ကာ...
"မညာတတ်ပဲ မညာနဲ့ကွာ၊ မင်းရဲ့နှုတ်ခမ်းတွေက ကိုယ့်ကိုညာပြောရင်တောင် မင်း မျက်လုံးတွေက မညာတတ်ဘူးကွ၊ အဲ့တော့ မညာနဲ့ ဟုတ်ပြီလား၊ အခု ကိုယ်ပြောတာကိုပဲ အရင်နားထောင်၊ ဒီနေ့ကစပြီး မင်းနဲ့ကိုယ် စကားမများ ရန်မဖြစ်ပဲ နေကြရအောင်ကွာ''
"အဲ့ဒါ ကိုကို့ကိုပြောရမှာလေ၊ ရန်ဖြစ်အောင် ကိုကိုပဲ အရင်စနေတာမဟုတ်ဘူးလား''
"အင်းပါ ဟုတ်ပါတယ်၊အဲ့ဒါကြောင့် ကိုယ်ကပဲ အခုလိုတောင်းဆိုရတာပေါ့၊ အခုကစပြီး မင်းမကြိုက်တာလဲ ကိုယ်မလုပ်ဘူး၊ ကိုယ်မကြိုက်တာလဲ မင်းမလုပ်နဲ့၊ ဘယ်လိုလဲ''
"ပြီးတာပဲ''
ခက် နှာခေါင်းလေးရှုံ့ပြီးပြောလိုက်တော့ ကိုကိုက သူမရဲ့ ခေါင်းလေးကိုပုတ်ပြီး ပြုံးသည်။
"ကိုကို အဲ့ဒီ့နားမှာဘာရှိလို့လဲ မသိဘူး သိလား၊ ခက် ခုနကတည်းက ကြည့်နေတာ၊ လူတွေက အဲ့ဒီ့နား လာလာရပ်ပြီး အပေါ်မော့ကြည့်လိုက် အောက်ငုံ့ကြည့်လိုက်နဲ့ ဘာလုပ်နေတာလဲ မသိဘူး''
"ဘယ်မှာလဲ''
ဂုဏ် ဘေးဘီကိုဝေ့ကြည့်ရင်းပြန်မေးလိုက်တော့ ပူတူးက လူတွေခပ်ရှုပ်ရှုပွဖြစ်နေသည့်နေရာကို လက်ညှိုးလေးထိုးပြကာ..
"ဟိုမှာလေ ကိုကိုကလဲ''
"ဪ.. အဲ့ဒါ ဘုရားရဲ့စိန်ဖူးတော်ကိုကြည့်တာလေ''
"စိန်ဖူးတော်''
"အင်း ဟုတ်တယ်၊ အဲ့ဒီ့နားလေးမှာ ချိုင့်ခွက်သေးသေးလေးရှိတယ်၊ တချို့လူတွေပြောတာတော့ ကျန်စစ်သားမင်းကြီးရဲ့ လှံထောက်ရာလို့ပြောတယ်''
"ဟင် တကယ်ကြီးလား''
"တကယ် ဟုတ်မဟုတ်တော့ ကိုယ်လဲ သေချာမသိဘူး၊ ဒါပေမယ့် အဲ့ဒီ့ချိုင့်ခွက်လေးထဲကနေ ကြည့်ရင် ဒီဘုရားရဲ့စိန်ဖူးတော်ကိုမြင်ရတာတော့ တကယ်ဟုတ်တယ်''
"ခက်လဲ ကြည့်ချင်တယ်''
"သွားကြည့်လေ''
သွားကြည့်လေဆိုပြီး သူကိုယ်တိုင် ထိုနေရာကို လက်ဆွဲခေါ်သွားလိုက်၏။ လှံထောက်ရာဆိုပေမယ့် သေးသေးလေးမဟုတ်ပဲ တော်ရုံဝါးလုံးတစ်လုံးစာလောက် အကျယ်ရှိသည့် ချိုင့်ခွက်လေးထဲတွင် ရေထည့်ထားပြီး ထိုရေအိုင်ထဲမှ တစ်ဆင့် ဘုရားရဲ့ စိန်ဖူးတော်ကို ဖူးမြော်ရတာဖြစ်သည်။
"ဒီရေအိုင်ထဲက ကြည့်ရမှာလား''
"အင်း ဟုတ်တယ်၊ မြင်အောင် သေချာကြည့်''
ခက် ထိုရေအိုင်လေးထဲမှ ကိုကိုပြောတဲ့ စိန်ဖူးတော်ကို ပြူးပြဲကြည့်ပေမယ့် ခက်ရဲ့ မျက်နှာကလွဲလို့ ဘာမှမတွေ့တာကြောင့် ခက်ရဲ့နောက်မှာ ရပ်စောင့်နေသည့် ကိုကို့ကိုပြန်လှည့်ကြည့်ကာ..
"ခက် မမြင်ရဘူး''
"သေချာကြည့်ပါ မြင်ရပါတယ်''
ခက် ထပ်ကြည့်လိုက်ပေမယ့် မမြင်ရပါ။ ဒါ့ကြောင့် ကိုကို့ကိုထပ်လှည့်ကြည့်လိုက်ပြီး..
"မမြင်ရဘူး''
"ဟော.. သေချာကြည့်ပါဆိုကွာ''
"ကြည့်တာပဲ မြင်မှမမြင်ရတာ''
"မင်းက ဘယ်လိုကြည့်နေလို့ မမြင်ရတာလဲ၊ သူများတွေတောင် မြင်ရတဲ့ဥစ္စာကို''
"သူများတွေမြင်လဲ ခက် မှ မမြင်ရတာ ဘယ်လိုလုပ်ရမှာလဲ''
"ပူတူး အဲ့လောက်မတုံးစမ်းနဲ့ကွာ၊ သေချာကြည့် ရအောင်ကြည့်''
တဖြည်းဖြည်း အသံမာလာသည့် ကိုကို့ရဲ့ပုံစံက ခက်ကို စိတ်မရှည်တော့မှန်း သိသာတာကြောင့် ခက် နှုတ်ခမ်းကိုစူပစ်လိုက်ကာ ရေအိုင်ထဲ ပြန်ငုံ့ကြည့်လိုက်၏။
ဘယ်လိုကြည့်ကြည့် ခက် တကယ့်ကိုမမြင်ရပါ။ ဒါ့ကြောင့် ဆက်မကြည့်တော့ဘဲ ထရပ်လိုက်တော့...
"ဘာလဲ မကြည့်တော့ဘူးလား''
"တော်ပြီ မကြည့်တော့ဘူး''
"ဘာလို့လဲ''
"မြင်မှ မမြင်ရတာကို''
"မြင်ရပါတယ်ဆိုကွာ၊ ပြန်ထိုင် ဒီမှာ ကိုယ်ပြောသလိုကြည့်''
ပြန်ထိုင်ဆိုပြီး ပုခုံးလေးနှစ်ဖက်ကို ဖိချလိုက်မှ ငုတ်တုတ်ကလေး ပြန်ဖြစ်သွားသည်သူမ။
"လူက နောက်ကိုနည်းနည်းဆုတ် အွန်း ဟုတ်တယ်၊ ပြီးရင် အဲ့ရေအိုင်ထဲကို ငယ်ငယ်က သူများထဲက စာခိုးချသလိုလေး ပင့်ကြည့်လိုက်''
ကိုကို့ရဲ့ ကြံကြံဖန်ဖန် ဥပမာအတိုင်း ခက် လိုက်လုပ်ကြည့်လိုက်တော့...
"အယ် မြင်ရပြီ မြင်ရပြီ၊ တကယ် စိန်ဖူးတော်ကြိီး ကိုကို''
"ကိုယ်ပြောပါတယ် မြင်ရပါတယ်ဆိုမှ''
"အစက ခက် မှ မမြင်ရတာကို၊ ဟီး ဟီး မိုက်လိုက်တာ''
ကလေးတစ်ယောက်လို ပျော်မြူးနေသည့်ပုံလေးကိုကြည့်ပြီး ဂုဏ် ကျေနပ်သွားမိသည်။ သူမလေး အခုလို အမြဲတမ်းပျော်ရွှင်နေဖို့က သူ့ရဲ့အလိုချင်ဆုံးဆုပဲ မဟုတ်လား။
ထို့နောက် ခက်နဲ့ကိုကို ဘုရားရှိခိုးပြီး ရင်ပြင်တော်တစ်ပတ်လမ်းလျှောက်ရင်းမှ တစ်နေရာအရောက် ခက် ကိုကို့ကို မော့ကြည့်လိုက်ပြီး
"ကိုကို့ ဒီဘုရားကို နတ်တွေက အမြဲတမ်း အာရုံဆွမ်း လာလှူတာဆို ဟုတ်လား''
"အွန်း ဟုတ်တယ်လေ၊ ဒီဘုရားက လူတစ်ရစ် နတ်တစ်ရစ် တည်ထားတာတဲ့၊ အဲ့ဒီ့တော့ နတ်တွေကလဲ ဘုရားကို နေ့စဥ် ဆွမ်းလာလာကပ်ကြတာ''
"ဒါဆို ဒီကလူတွေက နတ်တွေကို မြင်ဖူးမှာပေါ့ ဟုတ်လား''
"ဟား.. ဟား.. ပူတူး ကလေးလေးကျနေတာပဲကွာ၊ ဘာတွေလျှောက်မေးနေတာလဲ''
"ကိုကိုပဲ နတ်တွေလာလှူတာလို့ပြောပြီးတော့''
"ဟုတ်တယ်လေ ဒါပေမယ့် နတ်တွေက လူတွေမြင်အောင်လာပါ့မလား၊ လူကြီးတွေပြောတာကတော့ မနက်အစောကြီး လာလှူတယ်ပြောတာပဲ''
"ဒါဆို လူတွေက စောစောထကြည့်ရင်မြင်ရမှာပေါ့''
ကလေးဆန်ဆန်တွေးပြီး ပြောနေသည့် ပူတူးကိုကြည့်ကာ ဂုဏ် အသည်းယားမိတာအမှန်။ တစ်ခါ တစ်လေ ရင့်ကျက်သလောက် တစ်ခါ တစ်လေ ကလေးဆန်လွန်းတာလဲ လွန်လွန်ကျူးကျူးပင်။
"ကိုကိုလို့ မနက်စောစောထကြည့်ရင် နတ်တွေကို မြင်ရမှာပေါ့ ဟုတ်လား''
"မမြင်ရဘူး၊ ဘယ်လောက်စောစောထထ အဲ့သပိတ်ထဲမှာ နတ်တွေလာလှူတဲ့ ဆွမ်းတွေက ရောက်နေပြီးသားဖြစ်နေတာ''
"အယ် တကယ်''
"အွန်း တကယ်''
သူပြောပြတာကို အထူးအဆန်းဖြစ်ကာ အံ့ဩသွားသည့်ပုံလေးက မသိတတ်နားမလည်သည့် ကလေးလေးသဖွယ်။
သူ့ဘဝမှာ ဘုရားသွား ကျောင်းတက်ဆိုတာက ပူတူးရှိလာမှ ဖြစ်လာတဲ့အရာဖြစ်ပြီး တစ်ခုခုကို စိတ်ရှည်ရှည်နဲ့ရှင်းပြတာကလဲ ဒါ ပထမဆုံးပါပဲ။ သူ စိတ်မရှည်တတ်တာ သူသာအသိဆုံး။ သို့ပေမယ့် အခု ပူးတူးရဲ့ ပေါက်ပေါက်ရှာရှာ ေမးသမျှကို စိတ်ရှည်ရှည်ရှင်းပြနေသည့် ကိုယ့်ကိုကိုယ် အံ့ဩမိသည်။ ''ငါ ဒီလောက် စိတ်ရှည်သလား''လို့ပေါ့။
>>>>>>>>>><<<<<<<<<<
"မမ''
"ဪ.. နှင်းစက်လေး လာလေ ဝင်ခဲ့''
ရုံးခန်းတံခါးဝမှာ ရပ်နေသည့် မေနှင်းစက်ကို ခေတ် ဝမ်းသာအားရခေါ်လိုက်တော့ နှင်းစက်လေးက သူမနဲ့မျက်နှာချင်းက ခုံတွင် ဝင်ထိုင်ကာ..
"မမ အားလားဟင်''
"အားပါတယ်၊ ဘာဖြစ်လို့လဲ ညီမလေး''
"နှင်းစက် shoppingထွက်ဖို့ အဖော်မရှိဘူးဖြစ်နေလို့လေ၊ မမ အားရင် နှင်းစက်တို့ညီအစ်မနှစ်ယောက် အတူတူသွားရအောင်လို့ပါ''
"ဪ.. သွားမယ်လေ၊ ခဏစောင့် မမ ဒါလေးပြီးအောင် လုပ်ခဲ့ဦးမယ်''
"ဟုတ် မမ အေးဆေးလုပ်ပါ''
"ခဏပါပဲ''
နှင်းစက် မမခေတ်ကိုစောင့်ရင်း ဖုန်းသုံးနေလိုက်ရန်တွေးကာ facebookထဲဝင်လိုက်၏။ ဝင်ဝင်ချင်း မြင်လိုက်ရတဲ့ပုံတွေကြောင့် နှင်းစက် မျက်ခုံးလေးတွေတွန့်သွားကာ..
"မမ ဂုဏ်က ပုဂံသွားတာလား''
"ဟုတ်လား မမတော့ မသိဘူး''
"ဒိီမှာလေ မမ၊ *ကိုယ့်နှောင်ကြိုး* ဆိုပြီး ပုံတွေတင်ထားလို့''
"ဟင်.. ပြကြည့်ပါဦး''
ခေတ် နှင်းစက်ပြသည့်ပုံတွေကို တစ်ပုံချင်းထောက်ကြည့်လိုက်သည်။ ပုံတိုင်းက နွေသစ်ခက်ရဲ့ပုံတွေ။ ပြီးတော့ သေချာရိုက်ထားတဲ့ပုံစံမျိုးမဟုတ်ဘဲ မသိအောင်ခိုးရိုက်ထားသည့် လျှပ်တစ်ပြတ်ပုံလေးတွေချည်းပါပဲ။ သို့ပေမယ့် ပုံတိုင်းမှာ နွေသစ်ခက်က မြန်မာဝမ်းစက်လေးတွေ၊ သနပ်ခါးပါးကွက်ကြားလေးတွေနဲ့ ချစ်စရာကောင်းနေတာအမှန်။
"နွေသစ်ခက် လှတယ်နော် မမ''
"ဟင်.. နည်းနည်းပါ''
လှတာမှန်ပေမယ့် ေခတ် လျော့ပြောလိုက်တော့ နှင်းစက်က ဟက်ခနဲရယ်ကာ..
"နည်းနည်းတော့ မဟုတ်ပါဘူး မမရဲ့၊ ဒီလောက်လှတာကို၊ မင်းသမီးတွေထက်တောင် ပိုပြီးကြည့်လို့ကောင်းပါတယ်''
"အဲ့လိုလှတာတွေက ဘာလုပ်လို့ရမှာလဲ နှင်းစက်ရယ်၊ နှင်းစက်တို့လို ပညာအရည်အချင်းတွေရှိနေမှ အလှဆိုတာကလဲ ပိုပြီးပေါ်လွင်တာလေ''
"ပိုပြီးပေါ်လွင်လဲ နောက်ဆုံးတော့ ကျန်ခဲ့ရတာပဲလေ အဟွန်း''
နှင်းစက် ဖုန်းထဲမှပုံတွေကိုကြည့်ပြီး နာနာကျင်ကျင်လေး ရယ်လိုက်တော့ မမခေတ်က သူမအနားကို လျှောက်လာပြီး...
"ပြိုင်ပွဲတစ်ခုမှာ ပြိုင်ဘက်က အရမ်းအားသာနေတဲ့အခါ ကိုယ်က ခြေလှမ်းနောက်ဆုတ်ပေးထားရတယ်၊ အဲ့ဒါ အရှုံးပေးတာမဟုတ်ဘူး၊ ပြိုင်ဘက် အားလျော့သွားတဲ့အချိန်ကိုစောင့်နေတာ၊ နှင်းစက် သိထားဖို့က ကိုယ်တိုင် အရှုံးမပေးသ၍ မရှုံးသေးဘူးဆိုတာပဲ''
"ဒါပေမယ့်...
"နှင်းစက်ရဲ့ဘက်မှာ မမ အမြဲတမ်းရှိတယ်''
နှင်းစက် ဘာမှမပြောနိုင်ခင် ဆက်မိုက်ဖို့ အားပေးနေသည့် မမရဲ့စကားတွေကြောင့် နှင်းစက် လှလှပပလေး ပြုံးလိုက်ပြီး အမှားကိုပဲ ရွေးချယ်ဖို့တွေးလိုက်ရင်း...
>>>>>>>>>><<<<<<<<<<
လက်ထဲမှာ သနပ်ခါးဘူးလေးကိုင်ပြီး သူ့ကို မျက်နှာချိုသွေးနေသည့် ပူတူးကို သူ ခပ်တည်တည်ကြည့်ကာ..
"မင်း ဒါတော့ လွန်ပြီ ပူတူးရာ''
"ကိုကိုကလဲကွာ၊ သနပ်ခါးလေးလိမ်းတာကို ငြိုငြင်နေတာလား''
"ငြိုငြင်တာပေါ့ကွ၊ ခုနကလဲ ကိုယ့်ကို ပုဂံဝတ်စုံဝတ်ရမယ်ဆိုပြီး ဂျီကျထားလို့ ကိုယ် ဝတ်ပေးပြီးပြီလေ၊ အခုလဲ သနပ်ခါးပါထပ်လိမ်းရမယ်ဆိုတာကတော့ မင်း နည်းနည်းလွန်လာပြီကွ''
တကယ်တော့ ခက်လွန်နေတာမှန်သည်။
ခက်ဝတ်ထားသလို အနက်ရောင်ပေါ်မှာ ရွှေရောင်ဆင်ရုပ်တွေပါသည့် ပုဂံဘောင်းဘီနဲ့ အဖြူရောင်ချည်အင်္ကျီရဲ့ ရင်ဘတ်တည့်တည့်တွင် ဆင်ရုပ်ထိုးထားသည့် ပုဂံဝတ်စုံအတိုင်း တစ်ပုံစံတည်း လိုက်ဝတ်ခိုင်းထား၍ ကိုကိုလဲ ခက်လို ပုဂံဝတ်စုံလေးနဲ့ ဖြစ်နေသည်။ ဒါ့အပြင် ခက်ရဲ့ပါးမှာလိမ်းထားသည့်အတိုင်း သစ်ရွက်ပုံ ပါးကွက်လေးပါထပ်ဆွဲခိုင်းလိုက်တော့ ကိုကို့မှာ စူပုတ်ပုတ်။ သို့ပေမယ့် ခက်လဲ လုံးဝအလျော့ပေးဖို့ အတွေးမရှိတာကြောင့်..
"ကိုကို သနပ်ခါးမလိမ်းရင် ခက်က လက်ကို ဒန်းသွားဆွဲမှာနော်''
"ဆွဲကြည့်လေ၊ အဲ့ဒီ့လက်ကို ဖြတ်ပစ်မှာ''
"သေးသေးလေးပဲ ဆွဲမှာလေ''
"သေးသေးလေးဆွဲလဲ အဲ့သေးသေးလေးကို ဖြတ်ပစ်မှာ''
"ဟင့်... ကိုကိုကျတော့ တက်တူးတွေထိုးထားပြီးတော့''
ခက် ကြေးညှိသလိုပြောလိုက်တော့ ကိုကိုက ဘာဖြစ်လဲဆိုသည့်သဘောဖြင့် မျက်ခုံးပင့်ပြ၏။
"ကိုကိုကလဲကွာ၊ ဒန်းက ပြီးရင် ရေဆေးပြီးဖျက်လို့ရတာပဲကို၊ ခက်က ကိုကို့လို တက်တူးထိုးဖို့ပြောနေတာလဲ မဟုတ်ဘူး''
"ဟာ.. မရဘူးလို့ ကိုယ်ပြောပြီးပြီလေ၊ အဲ့ဒီဆေးတွေနဲ့ ဓာတ်မတည့်ရင် ပူတူးပဲ ဒုက္ခရောက်မှာ''
"သူများတွေလဲ ဒီလိုပဲဆွဲနေကြတာပဲလေ''
"ပူတူးက သူများမှမဟုတ်တာ၊ မင်းလေး ဘယ်လောက်နုလဲ ကိုယ်အသိဆုံး၊ ကိုကိုက မလုပ်နဲ့ဆိုရင် မလုပ်ဘဲနေလိုက်စမ်းပါ ပူတူးရ''
"ဟင့်အင်း လုပ်ချင်တာပဲ''
"မင်း ဒုက္ခရောက်မှာစိုးလို့ ပြောနေတာ''
"ရောက်ရောက်ပေါ့၊ ခက် ဘာဖြစ်ဖြစ် ကိုကို ဂရုမစိုက်နဲ့၊ ခက် ရှိနေရင် ကိုကို စိတ်ရှုပ်နေရဦးမယ်၊ မရှိတော့ လွတ်လပ်တယ်လေ မဟုတ်ဘူးလား''
"ဘာတွေလျှောက်ပြောနေတာလဲ''
"ဟုတ်တာ ပြောတာလေ''
စကားတတ်သလောက် သူ့ကိုအနိုင်ယူတတ်လွန်းသည့် ပူတူးကို ဂုဏ် အကြာကြီးမငြင်းနိုင်တော့တာမို့ သက်ပြင်းရှည်ကြီးချကာ...
"ကိုယ့်ကို သနပ်ခါးလိမ်းရရင် ဒန်းမဆိုးတော့ဘူးမလား''
"ဟုတ်''
ဒါကျတော့ ပုတ်သင်ညိုလို ခေါင်းတငြိမ့်ငြိမ့်ဖြစ်သွားတာမို့ ဂုဏ် သူမလေးကို မျက်စောင်းထိုးကြည့်ကာ...
"ကဲ လုပ်ကွာ၊ သန်းခေါင်ထက်တော့ ဉာည့်မနက်တော့ပါဘူး၊ လုပ် လုပ် ဟော့ဒီ့ခန္ဓာကိုယ်ကြီးက မင်းအပိုင်မို့လို့ မင်းစိတ်ကြိုက် လုပ်ချင်ရာလုပ် ဟုတ်ပြီလား''
"ကိုကိုက ရွဲ့တာလား''
"ဟောဗျာ.. ဘယ်လိုနေနေ အပြစ်က မလွတ်ရပါလား၊ မင်းလေး ကိုယ့်ကို ရစ်တာများနေပြီနော်''
"ရစ်တာမဟုတ်ပါဘူး၊ ကိုကိုပြောနေတဲ့ပုံစံလဲ ပြန်ကြည့်ဦး၊ ခက်ကို မနိုင်လို့ လက်မြှောက်လိုက်တဲ့ပုံစံနဲ့''
မျက်နှာငယ်လေးဖြင့် ပြောနေပုံက မသိရင် သူကပဲ အနိုင်ကျင့်နေသည့်ပုံစံလေးနဲ့မို့ ဂုဏ် မနေနိုင်စွာပင်...
"မဟုတ်ပါဘူးကွာ၊ ကိုယ်က ကိုယ့်ခလေးကို ချစ်လို့ အလိုလိုက်တာလေ၊ ဘာလို့ အဲ့လိုပုံစံဖြစ်ရမှာလဲ၊ လာခဲ့ ကိုယ့်ကို သနပ်ခါးလိမ်းပေးမှာဆိုရင်''
ကိုကို့ရဲ့ လိုလိုလားလား ခေါ်သံကြောင့် ခက် ကိုကို့ရဲ့အနားကို ပြေးသွားလိုက်ပြီး..
"ကိုကိုက ခါးကုန်းပေးလေကွာ၊ ခက်က ဘယ်လိုလုပ် ကိုကို့အရပ်ကြီးကိုမှီမှာလဲ''ဆိုပြီး ခက် မျက်နှာလေးရှုံ့မဲ့ကာ ပြောလိုက်တော့ ကိုကိုက ခါးလေးကိုင်းလာပေး၏။
ထို့နောက် ခက် သနပ်ခါးဘူးထဲက သနပ်ခါးတွေကို လက်ညှိုးလေးဖြင့်ယူကာ ကိုကို့ရဲ့ပါးပေါ်တင်လိုက်၏။ ပြီးမှ ဒီက ကလေးလေးတွေလိမ်းပေးတဲ့အတိုင်း မီးခြစ်ဆံလိုတုတ်ချောင်းသေးသေးလေးဖြင့် သစ်ရွက်ပုံလေး ဖော်ပေးလိုက်၏။
အားလုံးပြီးသွားတော့မှ ပုဂံဝတ်စုံနဲ့ သနပ်ခါးပါးကွက်ကြားနဲ့ ကိုကို့ကိုကြည့်ကာ ခက် တခစ်ခစ်နဲ့ရယ်ပစ်လိုက်တော့ ခါးကိုင်းပေးထားသည့်ကိုကိုက ခက်ရဲ့နှုတ်ခမ်းဖူးဖူးလေးကို ဆတ်ခနဲနမ်းပစ်လိုက်၏။ ရုတ်တရက်မို့ ခက် ကိုကို့ကို ဘာမှမလုပ်လိုက်နိုင်ပဲ မျက်လုံးပြူးလေးဖြင့် အလန့်တကြားကြည့်လိုက်မှ ကိုကိုက ဟက်ခနဲရယ်ကာ...
"ဘယ်လိုလဲ ကိုယ့်ပုံစံက ရယ်စရာကောင်းသေးလား''
"ကိုကို ဘုရားပေါ်မှာကို အရှက်လဲမရှိဘူး''
"မရှိတော့ဘူး၊ အရှက်တွေက မင်း ခွဲလိုက်လို့ ကုန်ပြီ ဘာမှ မရှိတော့ဘူး''
"ခက်က ဘယ်မှာ အရှက်ခွဲလို့လဲ''
"ဘယ်မှာ အရှက်ခွဲလို့လဲ ဟုတ်လား၊ ဒီမှာ ကိုယ့်ကိုလဲ ကြည့်ဦး၊ ဘာပုံ ပေါက်နေလဲဆိုတာ''
"ကြည့်လို့ကောင်းပါတယ် ကိုကိုကလဲ၊ ပိုပြီးတောင် နုသွားသေးတယ် အဟွန်း ဟွန်း၊ မသိရင် ခက်နဲ့ ညီအစ်မတွေအတိုင်းပဲ''
"ဘာပြောတယ်ကွ''
"ညီအစ်မတွေလို့ပြောလိုက်တာလေ အဟွန်း''
ခက် နောက်ကို ဆုတ်ရင်းပြောလိုက်တော့ ကိုကိုက ရှေ့ကိုတိုးလျှောက်လာပြီး..
"အေး မင်းတွေ့မယ်၊ လာခဲ့စမ်း''
"ကိုကိုနော် ခက်ကစတာကို''
"ဘာ ခုမှ စတာပါလုပ်နေတာလဲ၊ မရတော့ဘူး ဒီလောက်ဆိုးတဲ့ ခလေးဆိုးလေးကို ဖမ်းပြီး အပြစ်ပေးမှ ရတော့မှာ''
"မိအောင် အရင်ဖမ်းလေကွာ အဟွန်း ဟွန်း''
ဘုရားရင်ပြင်တော်ပေါ်တွင် ပြေးလွှားပြီး အူးမြူးနေသည့် ပူတူးကြောင့် သူလဲ လိုက်ပြီးကြည်နူးနေမိသည်။ ဘာပဲဖြစ်ဖြစ် ဒီခရီးမှာ သူမလေး သူ့အပေါ်ရင်းနှီးမှုရှိလာတာမို့ ဂုဏ် ကျေနပ်မိတာအမှန်။
"ကိုကို ဒါပြီးရင် ဘယ်သွားမှာလဲဟင်''
"ဘူးဘုရား သွားမယ်လေ''
e-bikeပေါ်မတက်သေးဘဲ စကားများနေဆဲဖြစ်သည့်ပူတူးကို သူ ဆိုင်ကယ်စီးဦးထုပ်လေး ေစာင်းပေးရင်းမှ ဖြေလိုက်တော့ သူမက ခေါင်းတစ်ချက်ငြိမ့်ကာ..
"ဒါဆို လမ်းမှာ အကြော်ဝင်စားရအောင်နော်၊ ခက် ဒီကိုလာတဲ့လမ်းမှာ အကြော်ဆိုင်တွေ့ခဲ့တယ်''
ံ
"အိုခေ ပူတူးသဘော''ဆိုပြီး ထနောင်းပင်၊ တမာပင်တန်းတွေကြားထဲက မြေနီလမ်းလေးလေးအတိုင်း ဆိုင်ကယ်လေး မောင်းထွက်လာခဲ့လိုက်သည်။ သူတို့ဒီကိုရောက်တာ ဒီနေ့နဲ့ဆို ၄ရက်မြောက်သည့်နေ့မို့ ပုဂံရဲ့ပူနွေးနွေးလေတွေနဲ့ အသားကျချင်ချင်ဖြစ်နေသည်။ အဲ့ဒါထက် သူတို့ဆိုင်ကယ်လေး မောင်းထွက်လိုက်တိုင်း နောက်မှာ အလုံးလိုက်ကျန်ခဲ့သည့် ဖုန်လုံးကြီးတွေကိုပင် သဘောကျနေတာ ထူးဆန်းလှ၏။
ပုဂံမြို့ဟောင်းရဲ့ နေရာလပ်မကျန်အောင် တည်ထားသည့် ဘုရားများကြားမှ သူတို့ဆိုင်ကယ်လေးဟာလဲ တလွင့်လွင့်မောင်းနှင်ရင်းမှ..
"ကိုကို ရပ် ရပ် ရှေ့မှာရောက်ပြီ''
"အိုခေ''
ဂုဏ် ဆိုင်ကယ်လေး ရပ်လိုက်ဆို ပူတူးက အကြော်ဆိုင်ဘက်ကို ပြေးဝင်သွား၏။ အကြော်ဆိုင်ဆိုပေမယ့် တခမ်းတနားတော့မဟုတ်။ အရိပ်ကောင်းသည့် ဇီးပင်ကြီးရဲ့အောက်တွင် စားပွဲဝိုင်း၄ဝိုင်းသာချထားသည့် ဆိုင်သေးသေးလေး။
"အန်တီ အကြော်တစ်ပွဲပေးပါ"
"ရမယ် သမီး ခဏစောင့်နော်''
"ဟုတ်''
ဆိုင်ကယ်စီးဦးထုပ်ပင် မချွတ်နိုင်အောင် အလျင်လိုနေသည့် ပူတူးကြောင့် သူကပဲမနေနိုင်စွာ သူမရဲ့ဦးထုပ်ကိုချွတ်ပေးရင်း...
"ဘာလို့ ဒီလောက်ပျာယာခတ်နေရတာလဲ''
"ခက် ဗိုက်ဆာနေပြီလေ၊ နေ့လည်က ဘာမှမှ မစားလိုက်ရတာ''
"ဟာ.. ဟုတ်သားပဲ၊ ကိုယ်တို့နေ့လည်စာ မစားရသေးဘူးပဲ၊ ဆောရီးကွာ ကိုယ်မေ့သွားတာ''
"ခက်လဲ မေ့နေတာပါပဲ၊ အခုမှ ဗိုက်ဆာလို့ သတိရသွားတာ၊ အန်တီ မြန်မြန်လေး လုပ်ပေးပါ''
"ဒါပေမယ့် ကိုယ်ကတော့ မမေ့သင့်ဘူးလေကွာ၊ အခု ကိုယ့်ခလေးကပြောမှ သိရတယ်လို့၊ ကိုယ် တော်တော်အသုံးမကျတာပဲ''
ထိုစဥ် သူတို့စားပွဲကို အကြော်ပန်းကန်လေးနဲ့ အချဥ်ပန်းကန်တစ်ခုလာချတာကြောင့် စကားစပြတ်သွား၏။ ပူတူးကတော့ ဗိုက်အရမ်းဆာနေသည့်ပုံဖြင့် ပန်းကန်ထဲက အကြော်ကို ဆတ်ခနဲကောက်ယူကာ အချဥ်ရည်တို့ပြီး ပါးစပ်သေးသေးလေးထဲ ဇွတ်ထိုးထည့်လိုက်၏။
"ဖြေးဖြေးစားလေ ပူတူးရာ၊ တော်ကြာ အစာမကြေဖြစ်နေမှ''
"မဖြစ်ပါဘူး ခက်က ဒီလိုပဲစားနေကျကို၊ အာ့..
"ဘာဖြစ်လို့လဲ ပူတူး''
"အား.. စပ်တယ် စပ်တယ်၊ အချဥ်က အရမ်းစပ်တာပဲ''
ပါးစပ်လေးဟကာ လက်ဝါးလေးဖြင့် ယပ်ခတ်သလိုလုပ်ရင်း ပြောနေသည့်ပူတူးကြောင့် ဂုဏ် ပျာယာခတ်သွားကာ သူမပါးစပ်နားကို လက်ဝါးဖြန့်လိုက်ပြီး...
"ပါးစပ်ထဲကဟာတွေ ထွေးထုတ်လိုက်''
"ဟင့်အင်း အမှိုက်တောင်းပေးလေ၊ အာ့.. စပ်လိုက်တာ''
"အမှိုက်တောင်းက ဘယ်မှာမှန်းမှမသိတာ၊ ဒီထဲ အရင်ထွေးလိုက်''
"ဟင့်အင်း''
ခက်က အစပ်မစားနိုင်တာမို့ လျှာတွေပူထူနေအောင် စပ်နေတာကို သည်းမခံနိုင်ပေမယ့် ကိုကို့လက်ပေါ်ထွေးထုတ်လိုက်ဖို့ကျတော့ အားနာတာကြောင့် ခက် ခေါင်းလေးရမ်းပြလိုက်ပြီး ပါးစပ်ထဲက အကြော်စပ်စပ်ကြီးတွေကို မြိုချပစ်လိုက်၏။ ဒါကို မျက်လုံးအပြူးသားဖြင့် ကြည့်နေသည့်ကိုကိုက ဆတ်ခနဲထထွက်သွားပြီး ပြန်လာတော့ ရေဘူးလေးပါလာ၏။
"မင်း အစပ်မစားနိုင်ဘဲနဲ့ ဘာလို့ မြိုချလိုက်တာလဲကွ၊ ဗိုက်တွေအောင့်တော့မှာပဲ ရော့ ဒီမှာ ရေသောက်လိုက်ဦး''
ရေသောက်ပြီးသည်အထိ တရှူးရှူးဖြစ်နေသေးသည့် ပူတူးက အကြော်ပန်းကန်ကို လက်လှမ်းနေတာမို့ ဂုဏ် ပန်းကန်ကို နောက်ဆွဲယူလိုက်ပြီး..
"မစားနဲ့တော့၊ ဒီလောက်စပ်တာကြီးကို''
"အကြော်က မစပ်ပါဘူး၊ အချဥ်က စပ်တာ၊ ခက် အချဥ်နဲ့ မတို့တော့ဘူး၊ ဒီအတိုင်းစားမှာ''
တကယ် ဗိုက်ဆာနေပုံရသည့် သူမလေးကြောင့် ဂုဏ် အကြော်ပန်းကန်လေးကို ရှေ့တိုးပေးလိုက်သည်။ ပန်းကန်လေး သူမရှေ့ရောက်သွားတာနဲ့ ဖျတ်ခနဲကောက်ယူလိုက်သည့် သူမက အကြော်ကိုအချဥ်ပန်းကန်ထဲ ထပ်နှစ်ကာ စားဖို့ပြင်၏။
ဒီတစ်ခါတော့ ဂုဏ် လက်မြန်မြန်နဲ့ သူမရဲ့ လက်လေးကိုဆွဲထားလိုက်ပြီး...
"မစားနဲ့ ဗိုက်နာလိမ့်မယ်''
"ရတယ် ဘာမှမဖြစ်ဘူး၊ ရှူး... ရှူး...
သူ့လက်ကို ခါထုတ်ကာ ဘာမှမဖြစ်ဘူးပြောနေသည့် သူမရဲ့မျက်နှာလေးက နီရဲနေသည့်အပြင် နဖူးက ဆံစလေးတွေမှာပင် ချွေးပေါက်လေးတွေက ခိုတွဲလို့။ စပ်ရင် မစားပါနဲ့လို့ ပြောတာလဲ ပြောမရ ဆိုမရဖြင့် ဒီအချဥ်ရည်တွေနဲ့ပဲ တို့တို့စားနေတာမို့ ဂုဏ် တားမရ ဆီးမရ။ ပိုဆိုးတာက ဗိုက်ဆာလို့ပါဆိုတာကို တဖွဖွပြောနေတာမို့ သူမလေးကို နေ့လည်စာကျွေးဖို့မေ့နေခဲ့သည့် ကိုယ့်ကိုကိုယ်သာ ဒေါသထွက်နေမိတော့သည်။
>>>>>>>>>><<<<<<<<<<
အားပေးတဲ့ အသဲတွေအားလုံးကို ကျေးဇူးတင်ပါတယ်😘😘
အမှားပါသွားရင် ချစ်တဲ့စိတ်နဲ့ ဝေဖန်ပေးပါ😁😁
အပိုင်း(၂၈)မျှော်
စာရေးသူ-Merida(Tulip)