🎗🎗 နှောင်ကြိုး 🎗🎗
~~~~~~~~~~
"မနေချင်ပါဘူးဆို မေမေရာ၊ ကျွန်တော်တို့ဘာသာ သပ်သပ်ခွဲနေတော့ ဘာဖြစ်မှာမို့လို့လဲ''
ဂုဏ် ကားမောင်းရင်းမှ စိတ်ပျက်သလိုပြောလိုက်ပေမယ့် ဖုန်းထဲမှ မေမေ့ရဲ့အသံကလဲ နည်းနည်းလေးမှမလျော့။ မနက်က မင်္ဂလာပွဲပြီးလို့ နှစ်ဖက်မိဘတွေကို ကန်တော့ကြသည့်အချိန်မှစ၍ သူတို့ကို တော်ဝင်နန်းမှာ မနေခိုင်းဘဲ မေမေတို့နှင့်သာ အတူလာနေဖို့ ပြောနေခြင်းဖြစ်သည်။
ကိုယ့်မိဘအိမ်မို့ နေလိုက်လဲ ကိစ္စမရှိပေမယ့် ပူတူးကို အမြင်မကြည်တဲ့ မလေးနဲ့တော့ အဆင်ပြေမှာ မဟုတ်တာသေချာသည်။ ဒါ့ကြောင့် သူ အသည်းအသန်ငြင်းနေပေမယ့် မေမေက ဇွဲကောင်းကောင်းနဲ့ပင် မရပ်မနားခေါ်နေ၏။
"သားတို့က လူငယ်တွေချည်းပဲဆိုတော့ အိမ်ထောင်တစ်ခုတည်မြဲဖို့က ဘေးက လူကြီးတွေက ထိန်းကွပ်ပေးရမှာပေါ့၊ မေမေက အဲ့ဒါကြောင့် သားတို့ကို မေမေ့မျက်စိအောက်မှာထားချင်တာ''
"အဲ့ဒါအတွက်ဆိုရင်တော့ မေမေစိတ်ပူမနေပါနဲ့၊ မေမေစိတ်ပူနေသလိုတွေ ဖြစ်မလာဖို့ ကျွန်တော်အစွမ်းကုန်ကြိုးစားမှာပါ''
နှင်းဆီမြိုင်ခြံကြီးထဲကို ကားကိုချိုးဝင်ရင်း ဂုဏ်ဆိုလိုက်၏။
"ဒါပေမယ့် သမီးလေးက အရမ်းငယ်သေးတော့..
"ကျွန်တော်ကတော့ လူကြီးဖြစ်နေပါပြီဗျာ၊ အဲ့ဒီ့ခလေးလေးကိုတော့ ထိန်းနိုင်ပါတယ်၊ ပြီးတော့ သူဘယ်လောက်ဆိုးဆိုး ကျွန်တော် နားလည်ပေးနိုင်လို့ မေမေကဘာမှပူမနေနဲ့၊ မေမေ့ဒါပဲနော် ကျွန်တော် ပူတူးကို ဝင်ခေါ်လိုက်ဦးမယ်''
မေမေ့ရဲ့ တစ်ဗျစ်တောက်တောက်စကားလုံးတွေကို နားမထောင်ချင်တော့တာကြောင့် ဖုန်းချပစ်လိုက်၏။
ပြီးတာနဲ့ မနက်က ပဲွဲပြီးကတည်းက သူမမိဘတွေနဲ့ အိမ်ပြန်လိုက်သွားသည့် ပူတူးရှိရာ အနောက်အိမ်လေးဆီကို လျှောက်သွားလိုက်၏။
"ပူတူးရေ''
"ဟော.. မောင်မျိုးရိုးဂုဏ်၊ သမီးကို လာခေါ်တာထင်တယ်''
ခေါ်တာက ပူတူးကိုဆိုပေမယ့် အိမ်ထဲမှထွက်လာသူက ပူတူးရဲ့မေမေ။
"ဟုတ်ကဲ့ အန်တီ၊ ပူတူးရှိတယ်မလား''
"သမီးက နောက်ဖေးမှာ သူ့အပင်တွေနဲ့ အလုပ်ရှုပ်နေတာ၊ သားက အိမ်ထဲဝင်ထိုင်လေ၊ အန်တီ သမီးကို သွားခေါ်ပေးမယ်''
"ရတယ် အန်တီ၊ ကျွန်တော် ခေါ်လိုက်ပါ့မယ်ဗျ''
"ဪ... အေးအေး''
ဂုဏ် တစ်ယောက်တည်း အိမ်နောက်ကို ပတ်လျှောက်သွားလိုက်တော့ သူ့ရဲ့ပူတူးလေးက ပန်းအိုးတွေနားတွင် ကြောင်လေးကိုပွေ့ကာ ငူငူလေးထိုင်နေ၏။
"ပူတူး''
"အမလေး..
ပုံမှန်ခေါ်နေကျအတိုင်း သူခေါ်လိုက်ပေမယ့် ကိုယ်လေး ဆတ်ခနဲတုန်သွားသည်အထိ လန့်သွားသည့်ပူတူးကြောင့် သူအလိုမကျဖြစ်သွားကာ သူမအနားလျှောက်သွားရင်း...
"ဘာလို့ ဒီလောက်တောင် လန့်သွားရတာလဲ၊ အဲ့ကြောင်ကလဲ တပွေ့ပွေ့နဲ့ကွာ၊ ရောဂါတွေရကုန်တော့မှာပဲ၊ ဖယ်လိုက်စမ်းပါ''
"မဖယ်ပါဘူး၊ ရွှေဝါလေးက အရင်ကတည်းက ခက်နဲ့ ဒီလိုနေတာပဲကို၊ ဘာလို့ ရောဂါရရမှာလဲ''
"မင်း မဖယ်ရင် ကိုယ်ဆွဲဖယ်မှာနော်၊ အဲ့လို တိရစ္ဆာန်တွေနဲ့ ပူးပူးကပ်ကပ်နေတာ ကိုယ်မကြိုက်ဘူး''
"ကိုကိုမကြိုက်ရင် ကိုကိုမကိုင်နဲ့နော်၊ ခက်က ကြိုက်လို့ကိုင်တာ''
"ပူတူး''
"ဘာလဲ''
သူ့ကို မကြောက်မလန့်နဲ့ ပြန်ထူးနေပုံက ချဥ်စရာလေး။ ဒါ့ကြောင့် ဂုဏ် မတ်တပ်ရပ်လျက်ကနေ ထိုင်နေသည့် သူမကို ခါးထောက်ကြည့်လိုက်ပြီး...
"ကိုယ့်ကို အသည်းယားအောင်မလုပ်နဲ့နော်''
"ခက် ဘာလုပ်လုပ် ကိုကိုက အသည်းယားနေတာပဲကို''
မျက်စောင်းလေးဝဲပြီး ပြောလိုက်သည့် သူမရဲ့ချစ်စဖွယ်ဟန်ပန်လေးကြောင့် ဂုဏ် ရယ်ချင်သွားကာ..
"ဟုတ်တယ် မင်းဘယ်လိုနေနေ အသည်းယားနေလို့ အဲ့ကြောင်တွေတော့ မကိုင်ပါနဲ့ကွာ၊ နော် တော်ကြာ အဲ့ကြောင်တွေဆီက မကောင်းတဲ့ပိုးမွှားတွေကူးလာပြီး ပိုအသည်းယားမှာစိုးလို့ပါ''
"ဒါပေမယ့် ခက်က ရွှေဝါလေးကို ချစ်တာကို၊ နောက်ဆို သူ့ကိုတွေ့ရဖို့ မလွယ်မှ မလွယ်တော့တာ''
မျက်နှာလေးညှိုးငယ်စွာဖြင့် ပြောနေသည့် ပူတူးရဲ့ ပုံစံက သနားစဖွယ်။ တစ်ခုခုကို အလိုမကျတာမျိုးမဟုတ်ဘဲ စိတ်မကောင်းဖြစ်ေနသည့်ဟန်အပြည့်။
"ဒါဆိုလဲ ပြီးတာပဲကွာ ၊ မဖယ်နဲ့ေတာ့ ပွေ့ထား ဟုတ်ပြီလား၊ အခုတော့ ထ ကိုယ်တို့ပြန်ရအောင်''
အနက်ရောင်ပေါ်မှလိမ္မော်ရောင် အပွင့်သေးသေးလေးတွေပါသည့် ဂါဝန်လေးနှင့် အပေါ်ထပ်ပါးပါးလေးဝတ်ထားပြီး ကြောင်လေးပိုက်ကာ ကျုံ့ကျုံ့လေးထိုင်နေသည့် ပူတူးကို သူလက်ကမ်းပေးရင်း ပြောလိုက်သော်လည်း သူမလေးက သူ့ဟာသူ ဆတ်ခနဲထရပ်၏။ ပြီးမှ ဘေးမှာရပ်နေသည့် သူ့ကို ငိုမဲ့မဲ့လေးကြည့်ကာ..
"ခက် ဒီမှာပဲနေလို့မရဘူးလားဟင်''
"မ.. ရ.. ဘူး''
ခက်ရဲ့တောင်းဆိုမှုကို ပြတ်သားစွာ တစ်လုံးချင်းငြင်းလိုက်သည့် ကိုကို့ကြောင့် ခက် ခေါင်းလေးငုံ့ချလိုက်၏။
"ပူတူး ဒီနေ့က ကိုယ်တို့ရဲ့ မင်္ဂလာဦးနေ့နော်၊ အမှန်ဆို ကိုယ်က မနက်ကတည်းက မင်းကို ဒီအိမ်ထည့်ပေးလိုက်ချင်တာ မဟုတ်ဘူး၊ ကိုယ်က ဟိုမှာလုပ်စရာတွေရှိနေလို့ မင်းတစ်ယောက်တည်းဆို ပျင်းနေမှာစိုးလို့ မင်းကို ခဏပြန်ထည့်ပေးလိုက်တာ၊ ဒီမှာတစ်နေကုန်နေခွင့်ပေးထားတာနဲ့တင် မင်း ကိုယ့်ကို ကျေးဇူးတင်သင့်နေပြီ၊ ဘာမှ ထပ်ပြီးတောင်းဆိုမနေနဲ့တော့''
"ဒါပေမယ့် ခက် ကိုကိုနဲ့လိုက်သွားရင် မေမေတစ်ယောက်တည်းကျန်ခဲ့မှာပေါ့''
"အဲ့ဒါကြောင့် အန်တီ့ကိုပါ ဟိုအိမ်မှာလိုက်နေဖို့ ကိုယ် ပူတူးကို ပြောခိုင်းထားတယ်လေ၊ ပူတူး အန်တီကို မပြောရသေးဘူးလား''
"ပြောပြီးပြီ၊ မေမေက လိုက်မနေဘူးတဲ့''
"အဲ့တော့ ကိုယ်က ဘယ်လိုထပ်လုပ်ပေးရမှာလဲ''
"ခက် မေမေနဲ့ပဲ ဒီမှာအတူနေလိုက်မယ်လေ နော်''
ထူးခြားဆန်းပြားလွန်းတဲ့ ပူတူးရဲ့စကားကြောင့် သူ့မျက်ခုံးတွေ တွန့်ကျုံ့သွားရ၏။ မခွဲနိုင်လွန်းလို့မှ မရမက လက်ထပ်ယူထားရသည့်ကိစ္စကို အခုက သူ့ကို ဘာလုပ်ခိုင်းနေတာလဲ။
"ကိုယ်ကျတော့ရော ဘယ်လိုနေရမလဲ''
"ကိုကိုက ကိုကို့ရဲ့အိမ်မှာနေလေ''
"ဪ... ဟုတ်တာပေါ့၊ ကိုယ်က ကိုယ့်အိမ်မှာပဲနေပြီး မင်းလဲ မင်းအိမ်မှာပဲ နေသင့်တာပေါ့''
သူ ဒီလိုရွဲ့ပြောလိုက်တော့ ခေါင်းလေးငြိမ့်ပြီး ထောက်ခံနေသည့်သူမ။ မသိတတ်တာလား၊ အလိုက်မသိတာလား မသိ။ တကယ့်ကို အူကြောင်ကြောင်နိုင်လှသည့် သူမကြောင့် ဂုဏ် အူတွေယားလာရပြီး..
"မင်းက ဘာကို ခေါင်းငြိမ့်တာလဲ၊ ကိုယ်ရွဲ့ပြောနေတာကို နားမလည်ဘူးလား ဟမ်''
"ခက် မှ မသိတာကိုလို့''
"ရွဲ့ပြောလို့ ပြောမှန်းလဲ မသိနဲ့ ဘယ်လို ကလေးလဲကွာ၊ တော်ပြီ ဘာမှ ဂျီကျမနေနဲ့တော့၊ လာ အခုပြန်မယ်''
ပြန်မယ်ဆိုပြီး သူမလက်ကိုဆတ်ခနဲဆွဲယူလိုက်တာမို့ ခက် ကိုကို့နောက်မှ စူပုတ်ပုတ်ဖြင့်ပါသွားရ၏။
"သမီး ပြန်တော့မှာမလား၊ ပေး ပေး ရွေဝါလေးကို မေမေ့ဆီကိုပေး''
အိမ်ပေါက်ဝနားတွင်ရပ်နေသည့်မေမေက သူမလက်ထဲမှ ကြောင်လေးကို လက်လှမ်းပြီးတောင်းနေပေမယ့် ခက် မပေးဘဲ ကျစ်နေအောင် ဖက်ထားကာ..
"ခက် ရွှေဝါလေးကို ခေါ်သွားမှာ''
သူမစကားအဆုံး မေမေက ကိုကို့ကို တစ်ချက်လှမ်းကြည့်ပြီး ကိုကိုက သူမကိုအကဲခတ်သလိုကြည့်၏။
"ပြီးတော့ ခက်ရဲ့အပင်လေးတွေရော သယ်သွားမှာ''
"အိုကွယ်.. သမီးကလဲ ဟိုအိမ်မှာရှုပ်အောင်လို့၊ မသယ်သွားပါနဲ့၊ ရွှေဝါလေးကိုရော အပင်တွေရော မေမေပဲ ေသချာဂရုစိုက်ပေးမှာပေါ့၊ မသယ်သွားနဲ့၊ ထားခဲ့''
"ဟင့်.. သယ်မှာပဲ၊ မေမေက ဂရုစိုက်ပေးမယ်ပြောပြီး မေမေ့အလုပ်တွေမအားတာနဲ့ ရွှေဝါလေးကိုရော အပင်လေးတွေကိုရော ပစ်ထားမှာ ခက်သိတယ်၊ ပြီးတော့ မေမေက ကျန်းမာရေးလဲ ကောင်းတာမဟုတ်ဘူး''
ကလေးလေးလိုဂျီကျနေသည့် ပူတူးက သူမအမေအတွက်ပါ တွေးပူနေသေးတာမို့ ဂုဏ် မတားရက်တော့ပါ။ ထို့အတူ အန်တီကပါ သူ့ကိုအားနာသည့်ပုံဖြင့်ကြည့်လာတာမို့..
"ရတယ် အန်တီ၊ ပူတူးလိုချင်တာ အားလုံးတစ်ခါတည်းထည့်ပေးလိုက်ပါ၊ မဟုတ်ရင် သူဒီလိုပဲဆိုးနေတော့မှာ သေချာတယ်''
"ထည့်တာက ထည့်ပေးလို့ရပါတယ်၊ ဒါပေမယ့် သမီးရဲ့အပင်တွေက အရမ်းများတော့ သားတို့ကားနဲ့သယ်လို့ဖြစ်ပါ့မလား''
"ကျွန်တော်တို့ကားနဲ့တော့ သယ်လို့ရမှာမဟုတ်ဘူး၊ ကြောင်ကိုတော့ အခုသယ်သွားလိုက်မယ်၊ အပင်တွေကတော့ မနက်မှ ကားလွှတ်ပြီး လာသယ်ခိုင်းလိုက်တော့မယ်''
ပူတူးဂျိီကျလို့မရအောင် အားလုံးကို သူမလေးအလိုကျလုပ်ပေးဖို့စီစဥ်လိုက်တော့ သူမလေးက သူ့ကို မော့မော့လေးကြည့်လာပြီး..
"ဒါဆို မနက်ဖြန်မနက်မှ အပင်တွေလာသယ်တဲ့ကားနဲ့ ခက် လိုက်ခဲ့တော့မယ်လေ နော်၊ ကိုကိုက အခု ပြန်လိုက်ပေါ့''
"ရမလားကွ၊ ဘာကိစ္စနဲ့ ကိုယ်က မင်းကိုထားခဲ့ရမှာလဲ၊ အဓိပ္ပါယ်မရှိတာကွာ၊ မရဘူး အခုပြန်လိုက်ခဲ့''
"ဟုတ်သားပဲ သမီးရယ်၊ သားက အားလုံးအဆင်ပြေအောင်လုပ်ပေးနေတာပဲကို ဘာလို့ သမီးက တစ်မျိုးပြီးတစ်မျိုးဂျီကျနေရတာလဲ၊ သွား တစ်ခါတည်းလိုက်သွား''
သူမရဲ့မေမေ ဝင်ပြောမှ နာခံသည့်ပူတူးက သူနောက်ကို ပါလာတော့လဲ စူပုတ်ပုတ်။ သူမလေးရဲ့ ချစ်စဖွယ်အမူအယာလေးတွေကို ဂုဏ် သဘောကျကာရယ်လိုက်ရင်းမှ "တကယ့်ကလေးလေးပါကွာ''ဆိုပြီး ဆိုလိုက်တော့ သူမလေးထံမှ စူးရှလှပတဲ့ မျက်စောင်းလှလှလေးတစ်ခုပါ လက်ဆောင်ရလိုက်၏။
>>>>>>>>>><<<<<<<<<<
"ခေတ်သစ်ဂုဏ် ဒီဘက်ကို ကြွခဲ့ပါဦး''
ခေတ် အိမ်ထဲဝင်ဝင်ချင်း ဧည့်ခန်းထဲမှ လှမ်းခေါ်လိုက်သည့် မေမေ့ကြောင့် သူမအဆူခံရတော့မည်ကိုသိကာ မျက်နှာလေးရှုံ့မဲ့ပစ်လိုက်၏။
ထို့နောက် မေမေနဲ့ မမကြီးရှိနေသည့် ဧည့်ခန်းဘက်ကို စိတ်မပါစွာလျှောက်သွားလိုက်ပြီး..
"ဘာပြောမလို့လဲ မေမေ''
"ထိုင်''
ထိုင်ဆိုတော့လဲ ခေတ် မေမေနဲ့မျက်စောင်းထိုးနေရာက ဆိုဖာတွင်ဝင်ထိုင်လိုက်တာမို့ မမကြီးနဲ့ မျက်နှာချင်းဆိုင်ဖြစ်သွားသည်။
"မနက်က သမီးဘယ်လိုအချိုးမျိုး ချိုးသွားတာလဲ''
"ဘာကိုလဲ မေမေ''
"မေမေမေးနေတာကို သမိီးနားလည်တယ်ဆိုတာ မေမေသိတယ်၊ ပြော မနက်က ဘာလို့ သားငယ်ရဲ့ မင်္ဂလာပွဲကို မလာတာလဲ''
"ခေတ်မှ ဒီမင်္ဂလာပွဲကို အသိအမှတ်မပြုတာ၊ ဘာကိစ္စနဲ့ ဒီပွဲကို တက်ရမှာလဲ''
"ဒါပေမယ့် ဒါ သားငယ်ရဲ့မင်္ဂလာပွဲလေ''
"ခေတ် အသိအမှတ်မပြုပါဘူးဆို''
ခေါင်းမာပုံက သားငယ်နဲ့ခပ်ဆင်ဆင်။
သို့ပေမယ့် ခေတ်ရဲ့ခေါင်းမာမှုကိုတော့ သူမ လက်မခံချင်။
"အသိအမှတ်မပြုဘူးဆိုတော့ ခေတ်က ဂုဏ်လေးကို တစ်သက်လုံး အခေါ်အပြော မလုပ်တော့ဘူးပေါ့ ဟုတ်လား''
အနွယ်ရဲ့ တည်တင်းသည့်မျက်နှာထားဖြင့် ခပ်မာမာမေးလိုက်သည့် မေးခွန်းနောက်တွင် ခေတ်က ခေါင်းလေးခါကာ..
"ဘာဆိုင်လဲ မမ၊ ခေတ် အသိအမှတ်မပြုတာက သူတို့ရဲ့ မင်္ဂလာပွဲကိုလေ၊ ဂုဏ်လေးကို မခေါ်မပြောဘဲနေစရာလား''
"သမီးဘက်က ဒီလိုမပြတ်သားနိုင်ရင် ဘာလို့များ နွေသစ်ခက်ကို လက်ခံမပေးနိုင်ရတာလဲ ဟင်၊ သမီးသိထားဖို့က သမီးဘက်ကမပြတ်သားနိုင်ပေမယ့် သားငယ်ကတော့ ပြတ်သားနိုင်တယ်နော်၊ အေး သူချစ်တဲ့မိန်းကလေးကို သမီးဘက်က လိုလိုလားလား လက်ခံမပေးမချင်း သမီးကို သူအရင်လို ခေါ်နေပြောနေမှာ မဟုတ်ဘူး''
"ဂုဏ်လေးက ဒီလိုကလေးမဟုတ်ပါဘူး''
"စောင့်ကြည့်ပေါ့လေ''
မေမေက ဒီလောက်ပဲပြောကာ ထိုနေရာမှထထွက်သွား၏။ ကျန်နေခဲ့သည့် မမကြီးကလဲ သူမကို အမြင်မကြည်သလိုကြည့်နေရုံကလွဲပြီး ဘာတစ်ခွန်းမှ ထပ်မံပြောဆိုခြင်းမရှိတော့ပေ။
ဒါ့ကြောင့် ခေတ်လဲ ဧည့်ခန်းထဲမှ ထွက်သွားရန်ထရပ်လိုက်တော့ ဧည့်ခန်းတံခါးဝတွင် သူမကို စိတ်ပျက်သလိုရပ်ကြည့်နေသည့် ဖေဖေ။
"ဖေဖေ''
"သမီးဒီနေ့ အမှားလုပ်လိုက်တာပဲ''
"ခေတ် ကိုယ့်ကိုကိုယ်မှားတယ်လို့ မထင်ဘူး''
"မမှားဘူးထင်ရင် ဆက်လုပ်ပါ ဖေဖေ မတားဘူး၊ ဒါပေမယ့် ဒီနေ့ သမီးလုပ်ရပ်ကြောင့် သားငယ်နဲ့သမီးရဲ့ကြားက အကွာအဝေးက ပိုပြီးဝေးသွားပြီဆိုတာ သမီးသိစေချင်တယ်၊ ပြီးတော့ ဒီနေ့သမီးလုပ်ရပ်က ဖေဖေ့ကို စိတ်ပျက်စေတယ်''
ဦးရာဇာဂုဏ် ထိုသို့ပြောကာ ထိုနေရာမှ ချာခနဲလှည့်ထွက်လိုက်၏။ တစ်သက်နဲ့တစ်ကိုယ် ခေတ်ကို ဒီလောက်တစ်ခါမှ စိတ်မပျက်ဘူးတာအမှန်။ ခေတ် ဘယ်လောက်စိတ်ဆိုး စိတ်ဆိုး သားငယ်ရဲ့ မင်္ဂလာပွဲကိုတော့ လာမယ်ထင်ခဲ့တာ။ လာမလား လာမလားဆိုပြီး တမျှော်မျှော်စောင့်နေခဲ့ပေမယ့် ပွဲပြီးတဲ့အထိပေါ်မလာတာမို့ တစ်ဖက်ကလူကြီးတွေကိုပင် မျက်နှာပူခဲ့ရသေးသည်။ တော်သေးတာက ဟိုဘက်မိသားစုက ခေတ်မလာတဲ့အကြောင်း တစ်ခွန်းမှမမေးလို့သာပေါ့။ မဟုတ်ရင် ဘယ်လိုပြန်ဖြေပေးရမလဲဆိုတာ မတွေးတတ်တော့။
>>>>>>>>>><<<<<<<<<<
ရေချိုးခန်းထဲမှ ရေချိုးပြီးထွက်လာသည့် ဂုဏ့်ရဲ့အကြည့်တွေက အခန်းထဲကို ဝေ့ဝဲလျက်။ သူ ရေချိုးခန်းထဲမဝင်ခင်က အခန်းထောင့်က ဆိုဖာပေါ်တွင်ထိုင်နေသည့်ပူတူးက အခုထိုနေရာမှာမရှိတော့။ ဒါ့အပြင် အခန်းထဲမှာလဲ မတွေ့။ ထို့ကြောင့် ခေါင်းမှရေတွေကိုသုတ်နေသည့် တဘတ်လေးကို ကုတင်ပေါ်ပစ်တင်လိုက်ပြီး...
"ပူတူး ပူတူး''
"ရှင်''
အသံလာသည့်ဘက်ကို သူလှည့်ကြည့်လိုက်တော့ ဝရံတာဘက်မှ။ ထို့ကြောင့် ဝရံတာဘက်ကို တလွှားလွှားလျှောက်သွားလိုက်၏။
"လေတွေတိုက်နေတာကို အဲ့မှာ ဘာထိုင်လုပ်နေတာလဲကွ''
လေးထောင့်ကျကျရှိသော ဝရံတာကျယ်ကျယ်ကြီးရဲ့ ထောင့်လေးတွင်ကပ်ထိုင်နေသည့် သူမ ကြားလိုက်ရသည့် အသံကြောင့် မော့ကြည့်လိုက်တော့...
"ကိုကို့.. ဘယ်လိုပုံကြီးလဲ''
"ဘာကိုလဲ''
ရေချိုးပြီးထွက်လာသည့်ပုံဖြင့် ကိုကိုက ခါးတွင်ပတ်ထားသည့် အဖြူရောင် မွှေးပွတဘတ်တစ်ထည်ကလွဲရင် တစ်ကိုယ်လုံး ဟာလာဟင်းလင်း။ ရေစက်တစ်ချို့ ခိုကပ်နေဆဲဖြစ်သည့် ဆံပင်များနှင့် ကြွက်သားများဖြင့် ဖုဖောင်းကြွရွနေသည့် ရင်ပြင်ကျယ်ကျယ်က ရေသီးရေပေါက်လေးတွေခိုကပ်လျက်။ ခက် ကိုကို့ကို တစ်ရစ်ချင်းစူးစိုက်ကြည့်ပြီးမှ ရှက်စိတ်ဝင်သွားကာ..
"ကိုကို့ပုံကိုပြန်ကြည့်ဦး မရှက်ဘူးလား''
"ကိုယ်က ဘာဖြစ်နေလို့လဲကွ''
"ဟာ.. သွား သွား အင်္ကျီသွားဝတ်ချည်သွား''
"ဝတ်မှာပါ မင်းက ဘယ်လိုဖြစ်လို့ ဒီလောက်ရှက်နေရတာလဲ၊ အင်္ကျီမပါတာက ကိုယ်မဟုတ်ဘူးလား''
မျက်နှာလေး ခပ်လွှဲလွှဲလုပ်ကာ ပြောနေသည့် ပူတူးရဲ့ မျက်နှာလေးက သွေးကြောများပေါက်ထွက်မတတ်ရဲရဲနီနေပြီး ရှက်သွေးဖြာနေတာကြောင့် ဂုဏ် တမင်စနောက်လိုက်တော့...
"သွားပါ အင်္ကျီသွားဝတ်ချည်စမ်းပါ ကိုကိုရာ''
"ဝတ်မှာပါဆိုကွာ၊ လာထ ဒီမှာက အေးတယ်၊ အခန်းထဲ ဝင်ရအောင်''
လက်မြန်ခြေမြန် သူမရဲ့လက်ကောက်ဝတ်လေးကို ဖျတ်ခနဲဆောင့်ဆွဲလိုက်တာမို့ ခက် ရုန်းကန်ချိန်မရလိုက်ဘဲ အခန်းထဲပါသွားရ၏။ အခန်းထဲရောက်တော့ ကိုကိုက ဝရံတာဘက်ထွက်တဲ့တံခါးကိုပါ ပိတ်ပစ်လိုက်ပြီးမှ သူမဘက်ကို ပြန်လှည့်လာပြီး...
"မင်း ရေမချိုးဘူးလား''
"ဟင့်အင်း ခက် မေမေ့အိမ်မှာ ချိုးခဲ့ပြီးပြီ''
"ဟုတ်လား၊ ခဏနေရင် ကိုယ်တို့ညနေစာ ဆင်းစားတာပေါ့၊ ကိုယ့်ကို ခဏစောင့်ဦး''
"ခက် စားခဲ့ပြိီးပြီ''
အဝတ်အစားထုတ်ဖို့ ဗီဒိုတံခါးဖွင့်နေသည့် သူ့လက်တွေ ရပ်တန့်သွားကာ နောက် ခပ်လှမ်းလှမ်းမှာရပ်နေသည့် သူမကိုပြန်လှည့်ကြည့်လိုက်၏။ သူမက အခုထိ ရှက်နေသေးသည့်ပုံစံဖြင့် သူ့ကိုမကြည့်ဘဲ မျက်နှာလွှဲထားဆဲမို့ သူစချင်သွား၏။ အဲ့လောက်တောင်ပဲ ရှက်တတ်ရလားကွ။
"ဒါဆို ကိုယ်တို့အိပ်ရုံပဲရှိတော့တာပေါ့''
"ရှင်''
"ဘာလို့လဲ ကိုယ်ပြောတာ မဟုတ်လို့လား၊ မင်းရော ကိုယ်ရော ရေချိုးပြီးပြီေလ၊ ညစာကလဲ မင်းကစားပြီးပြီ၊ ဒီတော့ အိပ်ရုံပေါ့''
"ဟို.. ကိုကိုမှ မစားရသေးတာ၊ သွားစားဦးလေ''
ခက် ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ဆိုလိုက်တော့ ကိုကိုက ပြုံးယောင်သမ်းနေသည့်မျက်နှာထားဖြင့် သူမရှိရာကို တစ်လှမ်းချင်းလျှောက်ရင်း...
"ကိုယ်ကအိပ်ချင်နေပြီကွ''
"ခက်.. ခက်.. ခက်က မ.. မအိပ်ချင်သေးဘူး''
"ဟုတ်လား ဒါဆို ကိုယ်တို့ရဲ့ မင်္ဂလာဦးညမှာ ဘာလုပ်ကြမလဲ''ဆိုပြီး ခက်ရဲ့ခါးလေးကို လက်နှစ်ဖက်ဖြင့်သိုင်းဖက်လိုက်တာမို့ ခက် လန့်ဖျတ်သွားကာ..
"ကိုကို ဘာလုပ်တာလဲ၊ ဖယ်ပါ ခက် ဒီလိုကြီးမနေတတ်ဘူး''
"အဟွန်း.. ကိုယ်ကဘာလုပ်နေလို့လဲ၊ ဖက်ရုံပဲဖက်တာကွာ အရင်ကလဲ ဒီလိုဖက်ထားနေကျပဲလေ နော်''
ဟုတ်ပါတယ်။ အရင်ကလဲ ဒီလိုဖက်ထားနေကျပါပဲ။ သို့ပေမယ့် ဒီနေ့မှ ခက် ဘာလို့နေရခက်နေလဲ မသိတော့။ ကိုကိုပြောတဲ့ မင်္ဂလာဦးညဆိုတာကြောင့်လား။
"ပူတူး ဒီညက ဘာညလဲဆိုတာသိတယ်မလား''
ခက် မဖြေပါ။ ရှက်တဲ့စိတ်ကြောင့် ဘာတစ်ခွန်းမှပြန်မပြောတဲ့အပြင် ခေါင်းငြိမ့် ခေါင်းခါပါ မလုပ်ပဲနေလိုက်တော့ ခက်ရဲ့ခါးလေးကိုဖက်ထားသည့် ကိုကို့ရဲ့လက်တွေက ပိုပြီးတင်းကျပ်သွားကာ...
"ဒီည ကိုယ်မင်းကိုပိုင်ပြီနော်''
"......''
"ကိုယ်ပြောတာ ကြားရဲ့လားကွ''
"ဟင့်အင်း''
"မကြားဘူးလား ဒါဆိုထပ်ပြောမယ်၊ ဒီညက ကိုယ်တို့ရဲ့ မင်္ဂလာဦးညဖြစ်ပြီး ကိုယ်မင်းကိုပိုင်ပြီ၊ အဲ့ဒါ မင်းဘက်က ကိုယ့်ကိုကြည်ဖြူပေးပါ''
ကြည်ဖြူပေးပါတဲ့လား။
အရှက်မရှိပြောနေသည့် ကိုကို့ရဲ့စကားတွေနဲ့ အဝတ်မပါတဲ့ ကိုကို့ရဲ့ ရင်ခွင်ကျယ်ကျယ်ကြီးကြောင့် ခက် မှာ မျက်နှာကို ဘယ်ထားရမှန်းမသိ။
ဒါ့အပြင် တဖြည်းဖြည်းသူမရဲ့ မျက်နှာနားကို နီးကပ်လာသည့် ပြုံးထေ့ထေ့ မျက်နှာတစ်ခုကြောင့် ခက် မျက်နှာကိုတစ်ဖက်လွှဲကာ ခြေလှမ်းတွေပါ နောက်ဆုတ်ရပ်လိုက်ပြီး
"ခက် အနားကို မလာနဲ့နော်''
"ဘာလို့လဲ''
"ဟင့်အင်း''
"မင်းမေ့နေရင်ထပ်ပြောမယ်၊ ဒီနေ့က ကိုယ်တို့နှစ်ယောက်ရဲ့ မင်္ဂလာဦးည၊ အဲ့ဒါကို မင်းအနားမလာဘဲ ကိုယ်က ဘာလုပ်ရမှာလဲ''
မင်္ဂလာဦးညဆိုတာကြီးကို တမင်ထည့်ပြီးပြောနေသည့် ကိုကို့ကို ခက် အမြင်ကပ်စွာ ကြည့်လိုက်တော့ သူမရှိရာကို လျှောက်လာေနတာမို့ ခက် နောက်ကိုထပ်ဆုတ်လိုက်၏။ သူမက နောက်ဆုတ်လေ သူက ရှေ့တိုးလာလေမို့ ခက် စိတ်တွေပင်ညစ်လာ၏။ နောက်ဆုတ်ရင်း နောက်ဆုတ်ရင်းဖြင့် သူမရဲ့ခြေထောက်တွေက ကုတင်နဲ့ထိကပ်သွား၏။
ဒါ့ကြောင့် သူမ နောက်ကိုလှည့်ကြည့်လိုက်တော့ ဒီနေ့မှ အသစ်လဲထားဟန်ရှိသည့် မိုးပြာရောင်မွေ့ယာကြီးနှင့် မွေ့ရာပေါ်မှာ အသည်းပုံသဏ္ဍာန်အလှဆင်ထားသည့် အဖြူရောင် နှင်းဆီပွင့်ဖတ်တွေ။ ထိုအရာတွေမြင်မှ ခက် ပိုပြီးလန့်သွားကာ မျက်လုံးလေးပါ ပြူးကျယ်သွားခိုက်...
"အို့... ကိုကို''
သူမကို ထွေးပိုက်ရင်း ကုတင်ပေါ်ပစ်လှဲချလိုက်သည့်ကိုကို။ ကုတင်ပေါ် ပက်လက်လေးဖြစ်နေသည့် သူမကို ကိုကိုက အပေါ်မှ လက်နှစ်ဖက်ထောက်က အုပ်မိုးထားလျက်မှ...
"ကိုယ်တို့အိပ်ရအောင်ကွာ နော်''
"ကိုကို အင်္ကျီအရင်သွားဝတ်လိုက်ဦးလေ''
အဝတ်မပါတဲ့ ကိုကို့ရဲ့ရင်အုပ်ကြီးကို မကြည့်ရဲစွာ မျက်နှာလွှဲရင်း ပြောလိုက်ပေမယ့်..
"ဘာလို့ဝတ်ရမှာလဲ၊ လိုမှမလိုတာ''ဟုပြောပြီး သူမရဲ့ နဖူးလေးကို ဖိကပ်နမ်းရှိုက်လိုက်၏။ အဲ့ဒီ့နောက် တဖြည်းဖြည်းနဲ့ အရှိန်ယူလာသည့် ကိုကို့ရဲ့ အနမ်းကြမ်းကြမ်းတွေက လည်တိုင်လေးဆီရောက်ရှိလာတာမို့ ခက် လည်ပင်းလေးကျိုးမတတ် ခေါင်းစောင်းပစ်ကာ ရုန်းပစ်လိုက်၏။ သို့ပေမယ့် လွတ်မြောက်ခြင်းမရှိဘဲ ကိုကို့ရဲ့ ရယ်သံလေးနောက်မှာ အခန်းတစ်ခုလုံး မှောင်မိုက်သွား၏။
ဒါဟာ သဘာဝတရားတစ်ခုဆိုတာ သိပေမယ့် ရှက်လွန်းသည့်စိတ်တို့ကြောင့် ခက် မြင်လွှာတွေကို ပိတ်ပစ်လိုက်၏။ ထိုသည့်တိုင်အောင် ကိုကိုက အသံတိုးတိုးလေးဖြင့် သူမရဲ့ နားနားကပ်ပြီး...
"ကြည်ဖြူမယ်မလားဟင် ပူတူး''
ခက် မဖြေဘဲ မျက်နှာလွှဲထားဆဲ။ အဲ့ဒီ့နောက် ကိုကိုက ခက်ဝတ်ထားတဲ့ ကြိုးတစ်ချောင်း ဂါဝန်လေးအပေါ်မှ အပေါ်ထပ်အင်္ကျီလေးကို လက်မောင်းနားအထိ ဆွဲချကာ ပုခုံးစွန်းလေးကို သွားချွန်ချွန်လေးဖြင့် ဖိကိုက်လိုက်တာကြောင့်...
"အာ့.. ကိုကိုနော်၊ သူ့အသားမဟုတ်တိုင်း လိုက်ကိုက်နေတယ်''
"မင်းမှ ကိုယ်မေးတာမဖြေဘဲ ကိုက်မှာပဲ၊ ပြောကွာ ကြည်ဖြူမလားလို့''
"ဟင့်အင်း''
"ငြင်းတယ်ပေါ့''
ခက် ခေါင်းငြိမ့်ပြလိုက်တော့ ကိုကိုက မျက်နှာလေးရှုံ့မဲ့ပစ်လိုက်ပြီး...
"Why why baby? "
"ခက် ကျောင်းတက်ရဦးမှာ''
"တက်လေ တက်ပေါ့၊ ကိုယ်က မတက်ရဘူး ပြောနေလို့လား၊ အခုကိစ္စက အဲ့ဒါနဲ့ ဘာဆိုင်လို့လဲ''
"ဆိုင်တယ်လေ၊ အခု ခက်က ကိုကို့ကို အလိုလိုက်လိုက်ရင်...
ခက် ဆက်မပြောဘဲ အခုထိသူမကို အပေါ်စီးကနေ စိုက်ကြည့်နေဆဲဖြစ်သည့် ကိုကို့ကို အကဲခတ်သလိုကြည့်လိုက်တော့...
"အွန်း.. မင်းက ကိုယ့်ကိုအလိုလိုက်လိုက်ရင် ဘာဖြစ်မလဲ ဆက်ပြောလေ''
"ဟို... ခက် ကလေးမလိုချင်ဘူး''
"ဘယ်လိုကွ''
"ခက် ကလေးမလိုချင်ဘူး၊ ခက် ကျောင်းကိုပြီးအောင် တက်ချင်သေးတယ်၊ ဒီကြားထဲ ခက် ကလေးမလိုချင်ဘူး''
"မလိုချင်ရင် မရအောင်တားမှာပေါ့''
"ဟင့်အင်း ဟင့်အင်း၊ ခက် အဲ့လိုတွေလဲ မလုပ်ရဲဘူး''
တကယ့်ကို မလိုလားဟန်အပြည့်ဖြင့် ပြောနေသည့် ပူတူးကြောင့် ဂုဏ် စိတ်ညစ်သွားကာ သူမလေးရဲ့ ဘေးကို ပစ်လှဲချလိုက်၏။ ပြီးမှ မျက်လုံးတွေကိုမှိတ်ပစ်ကာ သက်ပြင်းရှည်ကြီးချရင်း...
"ဒါဆို ကိုယ်က ဘယ်လောက်စောင့်ပေးရမှာလဲ''
"ဒီနှစ်ရောပါမှ ၂ နှစ်တည်းပါ''
"၂နှစ် ဟုတ်လား''
"ဟုတ်''
"ကိုယ်က မစောင့်နိုင်ဘူးဆိုရင်ရော''
"ခက်က ဘာများတတ်နိုင်မှာလဲ၊ အခုချိန်မှာ ခက်က ကိုကို့လက်ခုပ်ထဲက ရေဖြစ်နေပြီကို၊ ကိုကို့သဘောကျ သွန်လိုသွန် မှောက်လိုမှောက်လုပ်နိုင်ပါတယ်''
ချက်ချင်းဆိုသလို ပြောင်းလဲသွားသည့် မျက်နှာညှိုးညှိုးလေးက မသိရင် သူကပဲ လူယုတ်မာကြီးလိုလို။ သူမ ပြောသလို ကိုယ့်လက်ခုပ်ထဲကရေဆိုပြီး ကိုယ့်သဘောကျများလုပ်မိရင် တကယ့်ကို လူယုတ်မာစာရင်းသွင်းတော့မှာ သေချာသည်။ အခုမှ သူ့အဖြစ်က ထီပေါက်ပြီး ထီလက်မှတ်ပျောက်ဆိုတာမျိုးဖြစ်နေတာမို့ ဂုဏ် သက်ပြင်းရှည်ကြီးချကာ...
"ဟင်း... ဒုက္ခ ဒုက္ခ၊ ကလေးကို မိန်းမတော်ချင်တဲ့ဒုက္ခ''
စိတ်ပျက်သလို ညည်းညူနေသည့် ကိုကို့ကို ခက် ခေါင်းလေးစောင်းကြည့်လိုက်၏။ တစောင်းအနေအထားနဲ့ပင် ကိုကို့ရဲ့ မျက်ခုံးတွေက သိသာစွာတွန့်တက်နေသည်မှာ ထင်ထင်ရှားရှား။
သို့ပေမယ့် ခက် ကိုကို့ကို ဂရုစိုက်မနေဘဲ မသိချင်ယောင်ဆောင်ကာ မျက်နှာကို တစ်ဖက်ပြန်လွှဲပစ်လိုက်စဥ် ရုတ်တရက်ကြီး သူမကို လှမ်းဆွဲကာ ရင်ခွင်ထဲ ထည့်ပစ်လိုက်တာမို့...
"ကိုကိုနော် ခက် ပြောပြီးသားကို''
"ကိုယ်က ဘာလုပ်လို့လဲ၊ ဖက်ရုံလေး ဖက်တာကို၊ မင်္ဂလာဦးညကိုတောင် နောက်၂နှစ်အထိ ရွေ့ထားပေးရတာ၊ ဖက်တာလောက်ကတော့ မင်းကြည်ဖြူရမှာပေါ့ကွ''
သူ ဒီလိုပြောလိုက်မှ သူမလေးက ငြိမ်ကျသွားပြီး သူ့ကိုမော့ကြည့်နေရာမှ မျက်လွှာလေးချသွား၏။ ထိုအကြည့်စူးစူးလေး သူ့ရင်ဘတ်ဆီရောက်သွားခိုက်မှာတော့...
"ဘုတ်..
"အား.. ဘာလုပ်တာလဲကွ''
"အင်္ကျီမဝတ်လို့ ရိုက်တာလေ၊ သွား အခုသွားဝတ်၊ မဝတ်သေးရင် ထပ်ရိုက်မှာ''
ပြောလဲပြော တကယ်ရိုက်ဖို့လဲ ပြင်နေတာမို့ ဂုဏ် သူမရဲ့ လက်လေးနှစ်ဖက်ကို စုချုပ်ကိုင်လိုက်ကာ...
"နောက်မှရိုက်၊ အခု ကိုယ်ပြောတာ အရင်နားထောင်''
"ဒါဆို အင်္ကျီအရင်သွားဝတ်''
"နေပါဦးကွာ ကိုယ်အရင်ပြောဦးမယ်၊ ဒီည မင်းတောင်းဆိုတာကို ကိုယ်လိုက်လျောပေးတဲ့အတွက် ကိုယ်တောင်းဆိုတာလဲ မင်းပြန်လုပ်ပေးရမယ်''
"ဘာလဲ၊ ခက်က ဘာလုပ်ပေးရမှာလဲ''
"သိပ်မများပါဘူး နှစ်ခုတည်း''
"နှစ်ခုတောင်''
"အွန်း.. ပထမတစ်ချက်က မင်းကိုကျောင်းပြန်တက်ခွင့်ပေးလိုက်ပေမယ့် ကျောင်းသွား ကျောင်းပြန်ကို အရင်လို ကိုယ်ကပဲတာဝန်ယူမယ်''
"ရတယ်လေ လုပ်ပေါ့၊ ကိုကိုပဲ ပင်ပန်းမှာ ကိုကိုအပင်ပန်းခံနိုင်လုပ်၊ ခက်က ငြင်းစရာအကြောင်းမရှိဘူး''
"ပြီးတော့ ကျောင်းမှာ ကောင်လေးတွေနဲ့ အဆက်အဆံမလုပ်ရဘူး''
"အဲ့ဒါလဲ ရတယ်''
ခက် လက်မခံနိုင်တဲ့အရာမပါတာမို့ ခက် လွယ်လွယ်ပဲ ခေါင်းငြိမ့်လိုက်တော့ ကိုကိုက သူမကိုစိုက်ကြည့်ကာ...
"အဲ့ဒီ့ကောင်လေးတွေထဲမှာ နေအရိပ်လဲပါတယ်နော်''
"အစ်ကိုရောလား''
"ဟုတ်တယ် ပါတယ်၊ လက်မခံဘူးဆိုရင် ဒီည မင်းမကြိုက်တာ ကိုယ်လုပ်မှာ''
"လက်ခံတယ်''
"ပြီးရော၊ ဒုတိယအချက်က..
"ဟင် အခုနှစ်ချက်လုံးပြီးပြီမဟုတ်ဘူးလား''
"မပြီးသေးပါဘူး၊ ပထမအချက်က အပိုဒ်ခွဲနှစ်ခုပါတာ၊ အခုမှ ဒုတိယအချက်လာမှာ''
တတ်လည်း တတ်နိုင်သည့် လူရယ်။ ေတာ်သေးတာပေါ့ အပိုဒ်ခွဲ နှစ်ခုပဲပါလို့။
"ဒုတိယအချက်က ကိုယ်တို့ဟန်းနီးမွန်းထွက်မယ်''
"ဟန်းနီးမွန်း''
"အွန်း.. မနက်ဖြန်သွားမယ်၊ အဲ့ဒါလက်ခံပေး''
"ဘာလုပ်ဖို့သွားမှာလဲ၊ အလုပ်ရှုပ်အောင်လို့၊ ပြီးတော့ ပိုက်ဆံလဲကုန်ဦးမယ်''
"ကုန်တော့ ဘာဖြစ်လဲ၊ ဒီလောက်နဲ့ ကိုယ်လဲ မွဲမသွားပါဘူး''
"မွဲမွဲ မမွဲမွဲပေါ့၊ အလကား အချိန်ကုန်တယ်''
"ဘာကွ၊ အချိန်ကုန်ကုန် မကုန်ကုန်ကွာ၊ ကိုယ်သွားချင်လို့ သွားမယ်၊ မင်းလဲ လိုက်ရမယ် မငြင်းနဲ့''
ဒေါသသံပါလာသည့် ကိုကို့ရဲ့အသံတင်းတင်းကြောင့် ခက် အနည်းငယ်ရှိန်သွားကာ လေသံလေးလျော့လိုက်ပြီး...
"ခက်က စေတနာနဲ့ပြောတာကို''
"မပြောနဲ့၊ မင်း တကယ်စေတနာရှိရင် ဒီည ကိုယ့်ကို အလိုလိုက်လိုက်ပါ့လား''
"ဟင့်အင်းနော်''
"အေး အလိုမလိုက်နိုင်ရင် ကိုယ်ပြောတာ လက်ခံ၊ မဟုတ်ရင် မင်းမကြိုက်တာ ကိုယ်လုပ်မှာပဲ''
"ခက်က ကားအကြာကြီးမစီးနိုင်ဘူးနော်''
"မစီးနိုင်လဲ စီးရမှာပဲ၊ ကိုယ်က ကားနဲ့သွားဖို့ စိတ်ကူးထားပြီးသား၊ ကိုယ်ကကားမောင်းမယ် မင်းက ဘေးကထိုင်ပြီး တီတီတာတာလေးတွေပြောပေါ့၊ နော် ပူတူး''
တကယ် စိတ်ကူးတွေယဥ်ပြီး ပြုံးစိစိဖြစ်နေသည့် ကိုကို့ကြောင့် ခက် ငြင်းဆန်ဖို့မတွေးတော့ဘဲ..
"ကိုကိုက ဘယ်ကိုသွားဖို့ တွေးထားတာလဲ''
"ပုဂံ''
"ပုဂံ''
>>>>>>>>>><<<<<<<<<<
ဟန်းနီးမွန်းဟု အလွယ်တကူခေါ်တွင်လိုက်သည့် ပုဂံခရီးကို မနက်စောစောမှာ စတင်ခဲ့သည်။ သူ့စိတ်ကူးထဲကအတိုင်း ဟိုင်းဝေးလမ်းမကြီးထက်တွင် သူတို့ကားလေးက အရှိန်ပြင်းစွာ မောင်းနှင်လာသည်။
သို့ပေမယ့် သူ့စိတ်ကူးထဲကလို သူက ကားမောင်းပြီး သူ့ဘေးက သူ့ပူတူးလေးက စကားတွေတီတီတာတာပြောနေတာမျိုးတော့မဟုတ်။
ဒီခရီးမစခင်ကတည်းက သူမလေးပြောခဲ့တဲ့အတိုင်း "ခက်က ကားအကြာကြီးမစီးနိုင်ဘူးနော်''ဆိုတာ အဟုတ်။ သူကသာ ခရီးရှည်ရှည်ကြီးကို မနားမနေမောင်းနှင်နေရပေမယ့် ကားမစီးနိုင်တဲ့သူမလေးက ကူရှင်လေးကို မှီကာ အိပ်လိုက်လာသည်။
တစ်ချက်တစ်ချက် သူ ကားဘရိတ်နင်းလိုက်တိုင်း ခေါင်းလေးစိုက်စိုက်ကျလာတာမြင်မှ ကားမောင်းဖို့ ဒရိုင်ဘာခေါ်မလာမိတာကို နောင်တရမိသွားသည်။ ဒရိုင်ဘာသာပါလာရင် အိပ်လိုက်လာသည့် သူမလေးကို သက်သောင့်သက်သာ အိပ်နိုင်ဖို့ သူဘေးကနေ ထိန်းပေးလို့ရတယ်မဟုတ်လား။ အခုတော့ မသက်မသာအိပ်လိုက်လာရသည့် ပူတူးကိုသာ ငဲ့ကြည့် ငဲ့ကြည့်ဖြင့် ကားကို လိုတာထက် အရှိန်လျော့မောင်းနေရ၏။ ဒါ့ကြောင့်လဲ ခရီးက သိပ်မတွင်လှ။
ဒါ့အပြင် လမ်းမှာ နေ့လည်စာစားဖို့ ကားရပ်တော့လဲ အိပ်ချင်မူးတူးမျက်နှာလေးဖြင့် ဖြစ်နေသည့် ပူတူးကို သူ မနည်းချော့မော့ကာ နေ့လည်စာကျွေးခဲ့ရသည်။ ဒါလဲ စားတယ်ဆိုရုံသာ ဟိုတို့ ဒီဆိတ်လောက်ပဲမို့ ခရီးထွက်လာမိတာကိုပင် သူ့မှာ နောင်တရချင်ချင်။
"Bagan Royal Hotel''
သစ်သားပြားအကြီးကြီးပေါ်တွင် ဖုဖောင်းကြွတက်နေအောင် စာလုံးထွင်းထားသည့် hotelဆိုင်းဘုတ်ကိုမြင်မှ သူကားထဲ ထိုhotelထဲ မောင်းဝင်လိုက်၏။ သူ့ကား hotelရဲ့ receptionတွင်ရပ်လိုက်တာနဲ့ အထဲက မြန်မာဝတ်စုံ ယူနီဖောင်းအပြည့်ဝတ်ထားသော အမျိုးသမီးတစ်ယောက်နှင့် အမျိုးသားတစ်ယောက် သူတို့ကားဆီပြေးလာ၏။ ထိုနှစ်ယောက်က ကားရဲ့တစ်ဖက်တစ်ချက်စီတွင်ရပ်ပြီး ကားတံခါးဖွင့်ပေးပြီး...
"မင်္ဂလာပါရှင့်/ မင်္ဂလာပါခင်ဗျ Bagan Royal Hotelမှ နွေးထွေး....
"ရှူး...
ဘေးမှာ အခုထိ အိပ်ပျော်နေဆဲဖြစ်သည့် ပူတူးဘက်ကို မျက်စပစ်ပြရင်း တိုးတိုးနေရန်အချက်ပြလိုက်၏။ ထိုအခါမှ ဧည့်ကြိုဝန်ထမ်းတွေက အလိုက်သိသွားဟန်ြဖင့် ခေါင်းငြိမ့်ပြကြ၏။
သူလဲ ကားပေါ်မှ ခပ်သွက်သွက်လေးဆင်းကာ ကားသော့ကို ဝန်ထမ်းကောင်လေးထံ ထိုးပေးလိုက်ပြီး သူကတော့ ပူတူးရှိတဲ့ဘက်ကိုလျှောက်သွားလိုက်၏။ ခြေထောက်နှစ်ဖက်ကိုပါ ထိုင်ခုံပေါ်ကွေးတင်ထားပြီး ကားကူရှင်ကိုမှီရင်း ကားမောင်းနေသည့်သူ့ဘက်ကို ခပ်စောင်းစောင်းလေးအိပ်နေသည့်ပုံက တကယ့်ကို ပုစွန်ထုပ်လေးအတိုင်းပင်။
ဂုဏ် အိပ်ပျော်နေသည့် သူမလေးကို မနှိုးရက်တာကြောင့် အသာလေးပွေ့ချီသွားဖို့တွေးကာ ခါးပတ်လေးကိုဖြုတ်လိုက်စဥ်...
"ဟင့်... ကိုကို ဘာလုပ်မလို့လဲ''
တကယ့်ကို အိပ်ချင်မူးတူးအသံလေးဖြင့် မေးလာသည့် သူမပုံစံက အိပ်ယာထစ ကလေးလေးသဖွယ်။ ဝတ်ထားတာကလဲ သူဆင်ထားသည့်အတိုင်း ချယ်ရီရောင် လက်ရှည်ဂါဝန်လေးနဲ့မို့ သူ့မိန်းမပါလို့ ပြောရမှာတောင် ကျိန်ပြောရလောက်သည်။
"ထတော့လေကွာ၊ ပုဂံရောက်နေပြီ''
"ရောက်ပြီလား၊ ခက် အိပ်ချင်သေးတယ် ခေါင်းတွေမူးနေလို့''
မျက်လုံးလေးတွေ မှိတ်ထားပြီး
နားထင်လေးနှစ်ဖက်ကို လက်ဖနောင့်လေးနှစ်ဖက်ဖြင့် ဖိထောက်ထားရင်းပြောနေပုံက ဘယ်လောက်တောင် အသည်းယားဖို့ကောင်းလိုက်ပါသလဲ။ သူမရဲ့ ချစ်စဖွယ်ပုံစံလေးကြောင့် ဂုဏ် သဘောကျသွားပြီး ပြုံးလိုက်သလို နောက်မှ ဝန်ထမ်းကောင်လေးက သူ့အတိုင်းပင် ပူတူးကိုကြည့်ပြီး ပြုံးစိစိလုပ်နေတာကြောင့် သူ့မျက်နှာတင်းသွားကာ...
"ဟေး.. ကိုယ့်အလုပ်ကို လုပ်လေကွာ၊ မင်းက ဘာကိစ္စ ငါ့ခလေးကိုကြည့်ပြီးရယ်တာလဲ''
"ဗျာ...
"မဗျာနဲ့၊ မင်းနာမည် ဘယ်သူလဲပြောစမ်း''
"အာ.. အာကာပါ ဆရာ''
နှစ်လုံးတည်းရှိသည့် နာမည်ကိုပင် အထစ်ထစ် အငေါ့ငေါ့ဖြစ်နေတာမို့ ဒီကောင်လေး သူ့ကို လန့်နေပြီဆိုတာ သိလိုက်သည်။ သူကိုယ်တိုင်ကလဲ ပြဿနာတွေမဖြစ်ချင်တာကြောင့် စိတ်ကိုလျော့လိုက်ရင်း...
"နောက်တစ်ခါ ငါ့ခလေးကို အဲ့လိုမကြည့်နဲ့၊ မင်းနာမည်ကို ငါမှတ်ထားတယ်၊ နောက်တစ်ကြိမ် ငါ့ခလေးကို ထပ်ကြည့်ရင် မင်းသူဌေးနဲ့ပဲ စကားပြောမယ်''
"ဟုတ်ကဲ့ နောက်တစ်ခါ ဒါမျိုးမဖြစ်စေရပါဘူးခင်ဗျ''
"အွန်း...''ဆိုပြီး ကားထဲမှာ အခုထိ အိပ်ချင်မူးတူးလေးဖြင့် ငူငူလေးဖြစ်နေသော ပူတူးရဲ့ လက်လေးတစ်ဖက်ကိုဆွဲကာ hotelထဲ ဝင်သွားလိုက်၏။
"မင်္ဂလာပါရှင့် ဘယ်လိုအခန်းမျိုး စီစဥ်ပေးရမလဲရှင့်''
"မျိုးရိုးဂုဏ်ဆိုတဲ့နာမည်နဲ့ ၅ရက်စာအတွက် Booking လုပ်ထားပြီးသား''
"ဪ... ဟုတ်ကဲ့၊ ခဏစောင့်ပေးပါနော်''
"အင်း''
Receptionတွင် အခန်းယူနေရင်းမှ သူ့ဘေးက ပူတူးကို ပြန်လှည့်ကြည့်လိုက်၏။ ခရီးပန်းလာလို့ထင်ပါရဲ့။ မျက်တောင်လေးတွေစင်းကျနေပြီး ငိုင်ငိုင်လေးဖြစ်နေသည်။ ဒါ့အပြင် တစ်ချက် တစ်ချက် ခေါင်းလေးပင် ငိုက်ငိုက်ကျလာတာမို့ ဂုဏ်သနားသွားကာ ဆတ်ခနဲပွေ့ချီပစ်လိုက်ပြီး...
"ကိုယ်တစ်ယောက်လုံး အနားမှာရှိနေတာကို ဘာလို့ အပင်ပန်းခံပြီး မတ်တပ်ကြီးအိပ်နေရတာလဲ''
"ကိုကိုကလဲ ဘေးမှာ လူတွေနဲ့လေ''
သူမရဲ့ ပုံမှန်လေသံ ခပ်စွာစွာလေးနဲ့မဟုတ်ဘဲ လေသံပျော့ပျော့ဖြင့် ပြောလိုက်သည်ကို ကိုကိုက ဂရုမစိုက်စွာပင်...
"မင်းအဆင်မပြေတာကို မြင်ရဲ့သားနဲ့ ပတ်ဝန်းကျင်ကို ဂရုစိုက်ပြီး ပစ်ထားရမှာလားကွ''
"ဒါပေမယ့်..
"တော်ပြီ ဘာမှထပ်မပြောနဲ့တော့၊ မင်းပင်ပန်းနေတာ ကိုယ်သိတယ်၊ မျက်လုံးတွေမှိတ်ပြီး နားလိုက်တော့''
ထိုသို့ပြောပြီး နဖူးလေးကို ဖွဖွလေး နမ်းရှိုက်လာတာမို့ ခက် သူနဲ့ ဆက်ပြီးငြင်းခုံမနေတော့ဘဲ မျက်လုံးတွေမှိတ်ချလိုက်တော့သည်။
"အိုက်စ်.. အားကျလိုက်တာဟယ်၊ ဒီလူ အရမ်းချောတာပဲနော်၊ မပြန်ခင် ငါနဲ့ငြိသွားအောင် လုပ်ရမယ်''
"ဟဲ့ တိုးတိုးပြော၊ ဟိုမှာ သူကနံပါတ်ကြီးနဲ့ မမြင်ဘူးလား''
"အဲ့ဒါ သူ့ညီမဖြစ်ရင် ဖြစ်မှာပေါ့၊ အသက်ကွာတာ သိသာပါတယ်ဟ''
သူတို့နောက်မှရောက်လာသည့် ဧည့်သည်ကောင်မလေးနှစ်ယောက်ရဲ့ ရဲတင်းလွန်းတဲ့ စကားတို့ကြောင့် ဂုဏ် နှုတ်ခမ်းများကို တင်းပစ်လိုက်၏။ ပြီးမှ receptionက ဝန်ထမ်းကောင်မလေးတွေကို စိုက်ကြည့်ကာ..
"ကိုယ့်မိန်းမ ခရီးပန်းလာလို့ အမြန်လေးလုပ်ပေးကွာ''
"ဟုတ်ကဲ့ ရပါပြီရှင့်၊ ဧည့်သည်တို့အတွက် အခန်းကို ဝန်ထမ်းတစ်ယောက်လိုက်ပို့ပါလိမ့်မယ်''
"Thank you''
အခန်းလိုက်ပြတဲ့ ဝန်ထမ်းရဲ့နောက်ကို လိုက်သွားသည့် ဂုဏ်တို့စုံတွဲကိုကြည့်ပြီး....
"ကိုယ့်မိန်းမတဲ့၊ သွားပါပြီဟာ''
"ငါပြောပါတယ် နံပါတ်ကြီးနဲ့ပါဆို''
"အေးဟယ် ဒီလောက်ချောတာ နှမြောစရာကြီး''
"ကောင်မလေးက ပိုပြီးချစ်စရာကောင်းတယ်''ဆိုပြီး receptionက ဝန်ထမ်းကောင်မလေး ဝင်ပြောလိုက်မှ ထိုဧည့်သည်မိန်းကလေးတွေလဲ ငြိမ်ကျသွား၏။ ခုခေတ်မိန်းကလေးတွေများ တကယ်မလွယ်ဘူး။
သူများယောက်ျားမှန်းသိရဲ့နဲ့ "ငါနဲ့မညားတာ နာတယ်ကွာ''ဆိုပြီး နှမြောပြနေကြသေးတာ။
ဂုဏ် အခန်းထဲရောက်တော့ သူ့လက်ပေါ်တွင်အိပ်ပျော်နေသည့် ပူတူးကို ကုတင်ပေါ် အသာလေးချလိုက်သည်။ သို့ပေမယ့် သူမရဲ့ခေါင်းအောက်မှာရောက်နေသည့် လက်တစ်ဖက်ကို ဆွဲထုတ်လိုက်စဥ် သူမရဲ့ မျက်တောင်လေးတွေလှုပ်ခတ်သွားပြီး မပွင့်တပွင့်မျက်လုံးလေးများဖြင့် သူ့ကိုကြည့်လာတာကြောင့်...
"နိုးသွားတာလား ဆောရီးကွာ''
"......''
"နိုးနေပြီဆိုရင်လဲ လန်းသွားအောင် ရေချိုးလိုက်ပါ့လား ပူတူး''
"ဟင့်အင်း ခက် အိပ်ချင်သေးလို့''
ပြောပြီး သူ့ကိုကျောပေးကာ တစ်ဖက်ကို စောင်းအိပ်သွားတာမို့ ဂုဏ် ကုတင်ပေါ်ကို တင်ပါးလွှဲလေး ဝင်ထိုင်လိုက်၏။ ထို့နောက် ရန်ကုန်ကထွက်လာကတည်းက လေတိုးရင်ရှုပ်ပွကုန်မှာစိုး၍ ဒေါ်ထွေးကျစ်ပေးလိုက်သည့် သူမရဲ့ကျစ်ဆံမြီးလေးကို ဖြေပေးရင်းမှ...
"တစ်လမ်းလုံးလဲ အိပ်လာတာပဲကိုကွာ၊ အိပ်ရေးက မဝသေးဘူးလား''
"ဟင့်အင်း''
"ထပါကွာ၊ ရေလေး ဘာလေးချိုးပြီးရင် ဘုရားတစ်ဆူဆူသွားဖူးကြရအောင်''
"ဟင့်အင်း.. ခက်..အိပ်..ချင်..နေ..လို့..ပါ..
အာလေးလျှာလေးအသံလေးဖြင့် ပြောနေတာကို ဂုဏ် မြတ်နိုးမဝသလိုကြည့်လိုက်၏။ ကလေးလို့ ပြောရင်လဲ ကြိုက်မှာမဟုတ်တာ သေချာသည်။ လုပ်နေတဲ့ပုံစံကဖြင့် လူကြီးနဲ့တစ်စက်ကလေးမှ မတူဘူး။
ဂုဏ် သူမလေးအိပ်သွားရင် တစ်ယောက်တည်းပျင်းနေတော့မှာ သေချာတာကြောင့် သူမလေး မနိုး နိုးအောင် နားနားလေးကပ်လိုက်ပြီး...
"ဒါဆို ကိုယ်တစ်ယောက်တည်း သွားလိုက်မှာနော် ပူတူး''
"အင်း''
"ဟာ.. ဘာအင်းလဲကွ၊ ဒါ ကိုယ်တို့ ဟန်းနီးမွန်းခရီးလေ၊ ဘာကိစ္စ ကိုယ်ကတစ်ယောက်တည်းသွားရမှာလဲ၊ အဓိပ္ပါယ်မရှိတာ''
"ကို..ကို့
အိပ်ချင်လို့ပါဆိုမှ အနားကနေ တဂျီဂျီလုပ်နေတာကြောင့် ခက် ငုတ်တုတ်ထထိုင်လိုက်ပြီး စိတ်ပေါက်ပေါက်ဖြင့် အော်ပစ်လိုက်တာကို ကိုကိုက မျက်လုံးပြူးလေးဖြင့်ကြည့်နေ၏။ မသိရင် ဘာအပြစ်မှ လုပ်မထားသည့်အတိုင်း။
"ခက် အိပ်ချင်လို့ပါဆို ကိုကိုကလဲ''
"အိပ်လေ အိပ်ပေါ့၊ ကိုယ်က ဘာလုပ်နေလို့လဲ''
"ကိုကိုက စကားတွေများနေတာကို''
"ကိုယ်လဲ ပျင်းတာကိုကွ''
"ပျင်းရင် ကိုကိုလဲ အိပ်ပါ့လား၊ ဘာလို့ သူများကို လိုက်နှောင့်ယှက်နေတာလဲ၊ ခက် မှာ ကားစီးရတာ ပင်ပန်းလို့ပါဆို''
"ဟောဗျာ... တစ်လမ်းလုံး အိပ်လိုက်လာတာကို ပင်ပန်းသေးတာလား၊ ကားမောင်းရတဲ့ ကိုယ့်ကိုမှ အားမနာကွာ''
"အဲ့ဒါကြောင့်ပြောတာပေါ့၊ ခက် ကားမစီးနိုင်ပါဘူးလို့၊ ကိုကိုပဲ ဇွတ်တွေခေါ်လာပြီးတော့ အခုမှ ခက်ကို စိတ်ပျက်သလို လာမပြောနဲ့''
ပြောရင်း ပြောရင်းမှ ငိုမဲ့မဲ့လေးဖြစ်သွားသည့် ပူတူးကြောင့် ဂုဏ် ပျာယာခတ်သွားကာ..
"ဟာ.. ဟေ့.. ဟေ့.. မငိုနဲ့လေကွာ၊ ဆောရီး ဆောရီး ကိုယ်မှားသွားတယ် နော်၊ အိပ်ချင်အိပ် အိပ်''
"တော်ပြီ မအိပ်ဘူး၊ ခက် ရန်ကုန်ပြန်မှာ''
"အဲ့လိုမရဘူးလေ၊ အခုမှ ပုဂံရောက်တာကိုကွာ ဘာလို့ ရန်ကုန်ပြန်ရမှာလဲ၊ ပူးတူးအိပ်ချင်သလောက်အိပ်၊ ကိုယ်မနှောင့်ယှက်တော့ဘူး၊ ဟုတ်ပြီလား''
"ဒါဆို ကိုကို အပြင်ထွက်''
"ဟမ်''
"အပြင်ထွက်လို့ဆို၊ ကိုကိုက အခန်းထဲမှာနေရင် တဂျီဂျီလုပ်နေဦးမှာ ခက်သိတယ်''
မျက်လုံးလေး ထောင့်ကပ်ကြည့်ပြီးပြောနေသည့်ပုံက သူ့ကို အခန်းထဲမနေစေချင်မှန်း သိသာလှသည်။ ခက်တာက သူမှ အပြင်မထွက်ချင်တာ ဘယ်လိုလုပ်မလဲ။ ဒါ့ကြောင့် သူမကို အသနားခံသည့်မျက်လုံးများဖြင့် ကြည့်လိုက်ပြီး..
"အပြင်တော့ မထွက်ပါရစေနဲ့ကွာ၊ မင်းမကြိုက်ရင် ကိုယ် မင်းအနားမနေဘူးလေ နော်၊ ကိုယ် ဟိုနားက ဆိုဖာပေါ်မှာပဲ ထိုင်နေမယ်လေ နော်ပူတူး''
"ခက်ကို ထပ်ပြိီးမနှောင့်ယှက်နဲ့နော်''
"Okay, promiseကွာ''
"ပြီးတာပဲ''ဆိုပြီး စောင်ကိုခေါင်းမြီးခြုံပြီး ပြန်လှဲသွား၏။ သူ့မှာသာ ကိုယ့်အပြစ်နဲ့ကိုယ်မို့ သူမလေးအနားလဲ မကပ်ရဲဘဲ သူ့စကားအတိုင်း ဟိုးအခန်းထောင့်က ဆိုဖာတွင် သွားထိုင်နေလိုက်ရ၏။
သူ့အဖြစ်က ရယ်ရခက် ငိုရခက်။
ဟန်းနီးမွန်းခရီးထွက်လာမှ စကားတောင်မပြောရဘဲ ငြိမ်ငြိမ်ကုပ်ကုပ်လေးထိုင်နေရသည့်အဖြစ်မဟုတ်လား။ ဘာပဲဖြစ်ဖြစ် တော်သေးတာပေါ့လေ။ Honey moonမှာ don't leave me aloneလို့ အော်မနေရလို့။
>>>>>>>>>><<<<<<<<<<
မနေ့က နားတဲ့ရက်ထင်လို့ နားလိုက်တာ😁
အားပေးတဲ့ အသဲတွေအားလုံးကို ကျေးဇူးတင်ပါတယ်😘😘
အမှားပါသွားရင် ချစ်တဲ့စိတ်နဲ့ ဝေဖန်ပေးပါ😁😁
အပိုင်း(၂၇)မျှော်
စာရေးသူ-Merida(Tulip)