🎗🎗 နှောင်ကြိုး 🎗🎗
~~~~~~~~~~
"သစ်ခက်ရေ.. ညီမလေး သစ်ခက်
ဒေါက်.. ဒေါက်.. ညီမလေး''
နားထဲကို စူးခနဲ စူးခနဲဝင်လာသည့် အသံတစ်ခုကြောင့် လေးလံနေသော မျက်ခွံလေးများလှုပ်လှုပ်ရှားရှားဖြစ်ကာ ခက် မျက်လုံးဖွင့်ကြည့်လိုက်၏။
"ဒေါက်... ဒေါက်...
သစ်ခက် ညီမလေး ထဦး''
စောစောစီးစီး အခန်းရှေ့ကနေ တကြော်ကြော်ခေါ်နေသည့် ကိုကို့ကြောင့် ခက် မျက်နှာလေးရှုံ့မဲ့ကာ အိပ်ယာထဲမှထရန်ပြင်လိုက်စဥ်..
"အစောကြီးရှိသေးတာ၊ မထနဲ့ဦး ပြန်အိပ်''
"ဟင်...
နားနားလေးကပ်ပြီးပြောလိုက်သည့် ေလသံတိုးတိုးလေးကြောင့် ခက် ပုခုံးလေးတွန့်သွားရ၏။ အခုမှသတိထားမိတာက ခက်ရဲ့ကျောဘက်ကနေ တစ်ကိုယ်လုံးကို သိမ်းကြုံးဖက်ထားသည့် လက်တစ်စုံ။
ဘုရား ဘုရား။
ခက် အိပ်ပျော်နေတုန်း ဘယ်သူက ခက်နဲ့အတူ ဝင်အိပ်နေတာလဲ။
လက်ရှိအခြေအနေကြောင့် ခက် လန့်ဖျတ်ကာ နောက်ကိုလှည့်ကြည့်ရန် ပြင်လိုက်သော်လည်း ခိုင်ခိုင်မာမာကြီးဖက်ထားသည့် လက်တွေကြောင့် အခွင့်မသာတာမို့...
"ဘယ်.. ဘယ်သူလဲ?''
"အဟွန်း.. မင်းကုတင်ပေါ်တက်အိပ်ခွင့်ရှိတဲ့ကောင်က ဘယ်သူဖြစ်နိုင်မလဲ''
"ဟင်.. ကိုကိုလား ဟုတ်လား''
"ဟုတ်ပါ့ဗျာ ခင်ဗျားလေးရဲ့ကိုကို အဟွန်း''
ရယ်သံစွက်နေသည့် ဩရှရှအသံကိုကြားမှ ခက် စိုးရိမ်စိတ်လေးလျော့သွားတော့သည်။
နေစမ်းပါဦး ကိုကိုက ဘယ်လိုက ဘယ်လိုဖြစ်ပြီး သူမနဲ့အတူ လာအိပ်နေရတာလဲ။
သဘာဝမကျသည့်အခြေအနေကြောင့် ခက် ကိုကို့ဘက်လှည့်ကာ မေးဖို့ပြင်လိုက်စဥ်...
"ဒေါက်.. ဒေါက်..
သစ်ခက်ရေ... ဒေါက်... နွေသစ်ခက် မနိုးသေးဘူးလားကွ ထတော့ဆိုကွာ''
"နိုးပြီ နိုးပြီ ကိုကို၊ ခဏလေးနော်''
အပြင်ကနေ ထွက်မလာမချင်းခေါ်နေမည့် ကိုကို့ကြောင့် ခက် သူ့လက်တွေကို ဖယ်ချကာ အိပ်ယာေပါ်မှ အတင်းကုန်းရုန်းထပစ်လိုက်ပြီး အခန်းတံခါး ပြေးဖွင့်လိုက်၏။
"လာပြီ လာပြီ''
ခက် ကိုယ့်အကြောင်းနဲ့ကိုယ်မို့ အခန်းပြင်ထွက်ကာ တံခါးပိတ်ပစ်လိုက်၏။ ပြီးမှ အနည်းငယ် ပွယောင်းယောင်းဖြစ်နေသည့် ဆံပင်တွေကို လက်ဖြင့်သပ်ကာ...
"ကိုကို့ ဘာလို့လဲဟင် စောစောစီးစီးကြီးကို''
"အေး ဟုတ်တယ် စောစောစီးစီးကြီး၊ ဒယ်ဒီက ညီမလေးကို မေးခိုင်းနေလို့''
"ဘာလဲဟင်''
"ကိုမျိုးရိုးဂုဏ် ညီမလေးဆီလာလားတဲ့''
"ဟင်... မ.. မလာ..ပါဘူး၊ ဖေဖေက ဘာလို့မေးခိုင်းတာလဲ''
"ကိုမျိုးရိုးဂုဏ် ညကတည်းက စံအိမ်ကထွက်သွားတာ ပြန်မလာသေးလို့ဆိုပြိီး ဟိုအိမ်ကလူတွေ စိတ်ပူနေကြလို့တဲ့''
"ဪ... ခက်ဆီမလာပါဘူး၊ သူ တခြားသွားစရာနေရာတစ်ခုခုရှိလို့ဖြစ်မှာပေါ့''
ခက် ဟန်မပျက်လေးလိမ်လိုက်တော့ ကိုကိုက ခေါင်းတငြိမ့်ငြိမ့်ဖြင့်...
"အေးလေ သူ့မှာ သူငယ်ချင်းတွေရှိတာပဲ၊ အဲ့ဒီ့သူငယ်ချင်းတွေဆီသွားတာလဲ ဖြစ်နိုင်တာပဲကို၊ အိပ်ချင်ပြန်အိပ်ဥိီး အစောကြီးရှိသေးတာ၊ အန်တီထားကတော့ မတူးနဲ့စျေးသွားပြီ"
"ဟုတ်လား''
"အွန်း အစက ညီမလေးကိုလာမမေးဘဲ အန်တီထားကို မေးမလို့၊ အန်တီထားကို မမှီလိုက်လို့လေ၊ သွား သွား ပြန်အိပ်ချင် အိပ်ဦး၊ ကိုကို သွားမယ်''
"ဟုတ်''
ကိုကို အိမ်ထဲကထွက်သွားမှ ခက် သက်ပြင်းလေးချကာ အခန်းထဲ ပြန်ဝင်လာလိုက်၏။
"ဘာလို့ ကိုယ်မလာဘူးလို့ လိမ်ပြောလိုက်တာလဲ ပူတူး''
ကုတင်ခြေရင်းမှာ ငုတ်တုတ်ထိုင်နေသည့် ကိုကိုက လက်ပိုက်လျက်ကနေ ခက်ကို မျက်ခုံးပင့်မေး၏။
"ဒါဆို ခက်က ခက်အခန်းထဲမှာ ကိုကိုရှိပါတယ်လို့ ပြောလိုက်ရမှာလား''
"အမှန်ပဲကို''
"မပြောချင်ပါဘူး၊ တော်ကြာ ယူတောင်မယူရသေးဘူး ခက်က ကိုကို့ကို အခန်းထဲခေါ်သွင်းထားတယ်ဆိုပြီး ကိုကိုက ခက်ကိုဆူမှာပေါ့''
"ကိုကိုတွေ အရမ်းများတယ်ကွာ၊ ကိုယ်ဘာပြောထားလဲပူတူး၊ ကိုယ့်ရှေ့မှာ ဘယ်ကောင့်ကိုမှ ကိုကိုလို့မခေါ်ရဘူးလို့ ပြောမထားဘူးလား''
"နှုတ်ကျိုးနေတာကို ဘယ်လိုလုပ်ရမှာလဲ''
သူ့အနားမလာဘဲ ခပ်ဝေးဝေးကနေ ပေစောင်းစောင်းရပ်ကာ နှုတ်ခမ်းစူနေသည့် ပူတူးကြောင့် သူ့ရဲ့မနက်ခင်းက ပြည့်စုံသွားပြီဖြစ်သည်။
မိုးလင်းလို့ မျက်လုံးနှစ်လုံးဖွင့်လိုက်တိုင်း ဒီနှောင်ကြိုးလေးရဲ့ ချစ်စဖွယ်ဟန်ပန်လေးများကို မြင်လိုက်ရမှ သူ့ရဲ့တစ်နေ့တာက အဓိပ္ပါယ်ရှိတာ မဟုတ်လား။
အခုလဲ ဒီနှောင်ကြိုးလေးရဲ့ ကလေးဆန်ဆန် မျက်နှာလေးရှုံ့မဲ့ကာ အလိုမကျဖြစ်နေသည့် ချစ်စဖွယ်အမူအရာလေးကြောင့် ဂုဏ် အသည်းထဲကြွက်ဝင်နေတာမို့...
"ဘယ်လိုဖြစ်လို့ အဲ့ဒီ့နားရပ်နေတာလဲကွ၊ လာပါဦး morning kissလေးပေးချင်လို့''
လက်နှစ်ဖက်ဆန့်တန်းပြီး ခက်ကို ကလေးခေါ်သလိုလုပ်နေသည့် ကိုကို့ကို ခက် မျက်စောင်းလေးချီကာ...
"မလာချင်ပါဘူး သွား ကိုကိုလဲပြန်တော့၊ ဘာလို့ သူများအခန်းထဲ လာဝင်အိပ်နေတာလဲ၊ ခက်ကို ခွင့်လဲ မတောင်းဘဲနဲ့''
"ညက ကိုယ်လာတော့ ခင်ဗျားလေးက အိပ်နေပြီလေကွာ၊ အဲ့ဒါ ကိုယ်က ဘယ်လိုလုပ်ပြီး ခွင့်တောင်းရမှာလဲ၊ ဒါပေမယ့် ပူတူးရဲ့မေမေ့ကို ခွင့်တောင်းပြီးမှ ကိုယ် မင်းအခန်းထဲဝင်အိပ်တာနော်၊ လာခဲ့ ကိုယ့်အနား''
"ဟင့်အင်း.. ဒါဆို ကိုကို ခက်အခန်းထဲေရာက်နေတာ ေမမေသိတယ်ပေါ့ ဟုတ်လား''
"အွန်း သိတယ်၊ လာခဲ့ဆိုတာကို ပေကပ်ကပ်နဲ့ မင်းတွေ့မယ်''
ဂုဏ် ထိုင်နေရာမှ ဆတ်ခနဲထရပ်လိုက်ပြီး သူ့အမိန့်ကို လွန်ဆန်ကာ ပေကပ်ကပ်ရပ်နေသည့် ပူတူးအနားကို တလွှားလွှားလျှောက်သွားလိုက်ပြီး လက်လေးမှဆောင့်ဆွဲပစ်လိုက်တော့ ရင်ချင်းအပ်သွား၏။ ဒါ့အပြင် ရုန်းထွက်လို့မရအောင် ခါးလေးကိုပါ လက်နှစ်ဖက်ဖြင့် သိမ်းဖက်လိုက်တော့...
"ကိုကို ဘယ်လိုလုပ်တာလဲ ဖယ် လွှတ်''
"Morning kissပေးပြီးရင် လွှတ်ပေးမယ်''
ပြောလဲပြော မျက်နှာကြီးကပါ သူမမျက်နှာနား တိုကပ်လာတာမို့ ခက် မျက်နှာကို တစ်ဖက်လွှဲပစ်လိုက်ပြီး..
"ဟင့်အင်း ကိုကိုနော်''
"ဘာလို့လဲ ကိုယ်က ချစ်လို့ နမ်းမှာကိုကွာ''
"ဟင့်အင်း မနမ်းနဲ့''
"ဘာလို့လဲလို့''
"ခက် မျက်နှာ မသစ်ရသေးဘူး''
"အဟွန်း.. ဘာဖြစ်လဲ ကိုယ်လဲ မျက်နှာမသစ်ရသေးဘူးလေ၊ အတူတူပဲလေ''
"ကိုကို ဘာဖြစ်နေ....
စကားမဆုံးခင် ခက်ရဲ့ နှုတ်ခမ်းတစ်စုံကို သိမ်းပိုက်လိုက်သည့် ကိုကို့ရဲ့ နီထွေးထွေး နှုတ်ခမ်းလွှာတစ်ချို့။ နူးညံ့သိမ်မွေ့လှသည့် ကိုကို့ရဲ့အနမ်းတွေအောက်မှာ ခက် ရုန်းထွက်ဖို့ပင် မေ့သွားကာ ငြိမ်သက်နေမိသည်။ တစ်စ တစ်စနဲ့ ကိုကို့ရဲ့ အနမ်းတွေ အရိုင်းဆန်လာမှ ခက် ကိုကို့ရဲ့ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် တွန်းထုတ်လိုက်ရင်း...
"ကိုကို ပြန်တော့''
"အဟွန်း.. ကိုယ့်ပူတူးလေး ရှက်သွားတာလား ဟုတ်လားကွ''
"မသိဘူး သွား ကိုကိုပြန်တော့''ဆိုပြီး ခက် ကိုကို့ကို ကျောခိုင်းရပ်ပစ်လိုက်သည်။
ရှက်သွားတာလားဆိုတော့ ရှက်တာပေါ့။ ဒီလိုအခြေအနေမျိုးမှာ မရှက်ဘူးဆိုတဲ့ မိန်းကလေး ရှိပါ့မလား။
"ဒိီဘက် လှည့်ပါဦးကွ''
"ဟင့်အင်း ကိုကိုပြန်ပါတော့ဆို''
"No no မပြန်သေးဘူး၊ ပူတူးရှက်သွားတဲ့မျက်နှာလေး ကြည့်ပြီးမှ''
ဂုဏ် သူမရဲ့ ပုခုံးလေးမှကိုင်ကာ သူ့ဘက်ကို ဆွဲလှည့်ပစ်လိုက်တော့ နီရဲနေသည့် မျက်နှာလေးဖြင့် ရှက်သွေးြဖာနေသည့် သူ့ရဲ့ပူတူးကြောင့် အသည်းတွေယားသွားရပြန်သည်။
"ကြည့်ဦးကွာ ဒီလောက်လေးနမ်းတာကို ဒီလောက်တောင် ရှက်သွားရလားကွ''
"ဘာကို ဒီလောက်လေးလဲ၊ ကိုကိုက ဘာလို့နှုတ်ခမ်းကို လာနမ်းလဲ''
"ဟောဗျာ၊ နမ်းတာပဲ ဘယ်နေရာ နမ်းနမ်းပေါ့၊ ဘာလဲ နှုတ်ခမ်းကို မနမ်းရဘူးလား''
"ဟုတ်တယ် မနမ်းနဲ့''
"ဒါဆို ကိုယ်က ဘယ်ကိုနမ်းရမှာလဲ၊ ပါးလား နဖူးလား ပြောလေကွာ''
"တော်ပြီ ကိုကိုရာ၊ ဘာမှထပ်မပြောနဲ့တော့''
"ဘာလို့လဲ နှုတ်ခမ်းကို အနမ်းခံရလို့ ရင်ခုန်သွားလို့လား ဟုတ်လား ပူတူး''
သူ ဒီလိုပြန်မေးလိုက်တော့ ခက် ဘယ်လိုဖြေရမှန်းပင်မသိတော့။ ရှက်ပါတယ်ဆိုမှ ဒီနမ်းတဲ့စကားပဲ ထပ်ထပ်ပြောနေတာမို့ ခက် ငိုချင်စိတ်ပင်ပေါက်သွားကာ...
"ကိုကို့ တော်ပြီဆို၊ ထပ်ပြောရင် ခက် ငိုလိုက်တော့မှာနော်''
ငိုမှာလို့ ခြိမ်းခြောက်ပြီးပြောနေသည့် ပူတူးအသံလေးကပင် ငိုသံစွက်နေတာမို့ ဂုဏ် ရယ်ချင်စိတ်ထိန်းမရတော့ပဲ ဟက်ခနဲနေအောင် ရယ်ပစ်လိုက်ပြီးမှ သူ့ရဲ့ပူတူးလေးကို ရင်ခွင်ထဲမြုပ်သွားအောင် ဖက်ထားလိုက်ရင်း..
"ကိုယ့်ပူတူးတူးလေးက တကယ့်ကလေးပါကွာ အဟွန်း ဟွန်း..
"ဘာကလေးလဲ ခက်ကို ဒီလိုမပြောနဲ့၊ ခက် ကလေးမဟုတ်တော့ဘူး''
"ကလေးပါကွာ၊ နမ်းတာလေးကိုတောင် ငိုတဲ့ကလေး''
"ကိုကို့..
"ဗျ ဗျ''
"ကိုကို ထပ်မစနဲ့တော့နော်''
"ဟောဗျာ.. ကိုယ် ဘယ်မှာစလို့လဲ၊ အမှန်တိုင်းပြောနေတာကို''
"ကိုကို ပြန်တော့ သွား၊ အခု ချက်ချင်းပြန်တော့''
နှင်သာနှင်နေရတာ ကိုကိုက ပြန်ဖို့မပြောနဲ့။ ခက်ကို ဖက်ထားတဲ့ လက်တွေကိုပင် နည်းနည်းမှဖြေလျော့မပေးသေးပေ။ အဲ့ဒါအပြင် ခက်ကို ငုံ့ကြည့်ပြီး တဟားဟားရယ်နေတာမို့..
"ကိုကို ပြန်တော့လို့ဆို''
"အဲ့ဒါ ခင်ဗျားလေးတာဝန်လေ''
"ဘာကိုလဲ''
"ဘာကိုရမှာလဲ၊ မင်းပဲ ခုနက ဝသန့်ကို ကိုယ် မင်းဆီမလာဘူးလို့ ပြောလိုက်တယ်မလား၊ အဲ့ဒါ ကို ကိုယ်က ဘယ်လိုလုပ်ပြီးပြန်ရမလဲ''
"ဟင် ဟုတ်ပါရဲ့၊ ဘယ်လိုလုပ်မလဲဟင်''
ခက် ဒီလိုပြန်မေးလိုက်တော့ ကိုကိုက မသိဘူးဆိုသည့် ပုံစံဖြင့် ပုခုံးတွန့်ပြ၏။
္"ကိုကို့မှာ ကားပါလာတယ်မလား၊ အိမ်ထဲက လူတွေ ဘယ်သူမှမမြင်ခင် ကားနဲ့ မြန်မြန်ပြန်လိုက်လေနော် နော်ကိုကို''
"ကားမပါဘူး''
"ကားမပါဘူးလား... ဟင် ကားမပါဘူး ဟုတ်လား''
ဘယ်သွားသွား ကားတစ်စီးနဲ့ဂျင်ဂျင်လည်နေတတ်သည့်ကိုကိုက ကားမပါဘူးဆိုတာကြောင့် ခက် အထူးအဆန်းဖြစ်ကာ ပြန်မေးလိုက်တော့ ကိုကိုက ခေါင်းကို ဆတ်ခနဲငြိမ့်ပြ၏။
"ကိုယ့်မှာသာ ကားပါလာရင် မင်းဆီ ကိုယ်လာသလားလို့ အန်ကယ်ကမေးခိုင်းပါ့မလား''
"ဟုတ်သားပဲ အိမ်ရှေ့မှာ ကိုကို့ကား ရပ်ထားရင် ကိုကို ဒီရောက်နေတာကို ဖေဖေသိမှာပေါ့နော်၊ နေပါဦး ဒါဆို ကိုကိုက ဒီကို ဘာနဲ့လာတာလဲ''
"Taxiနဲ့''
"Taxiနဲ့ ဟုတ်လား''
"အွန်း.. ကားနဲ့လာရင် ခြံတံခါးတွေ ဘာတွေဖွင့်ခိုင်းရမှာပျင်းလို့''
"ကားမပါလဲ ခြံထဲဝင်ဖို့ တံခါးဖွင့်ခိုင်းရတာပဲလေ၊ ကိုဖိုးမောင်တို့ သိမှာပေါ့ ကိုကိုဒီလာတာကိုလေ''
"ဘယ်သူမှမသိဘူး၊ ကိုယ်က အုတ်တံတိုင်းပေါ်က ကျော်ဝင်လာတာ''
တကယ်လားလို့ ထပ်မေးစရာမလိုလောက်က ကိုကို့ရဲ့ မျက်နှာက တည်ကြည်နေတာမို့ ခက် ထပ်မေးမနေတော့ပဲ ကိုကို့ကို လူထူး လူဆန်းတစ်ယောက်လိုသာ ငေးကြည့်မိသည်။
"ဟုတ်တယ် တံခါးတွေ ဘာတွေဖွင့်ခိုင်းနေရင် အိမ်ကြီးထဲက မဆိုင်တဲ့သူတွေပါ ထွက်လာကြမှာစိုးလို့''
မဆိုင်တဲ့သူဆိုတာ နှင်းစက်ကို ရည်ရွယ်မှန်း သူမလေးကတော့ သိမယ်မထင်ပါ။
တစ်ခါ တစ်ခါ ကလေးပီပီ လည်လွန်းသည့် ပူတူးက တစ်ခါတစ်ရံကျတော့ တုံးတုံးအအလေးသဖွယ်။
"ပူတူး ကိုယ်ဘယ်လိုပြန်ရမလဲ''
"ဟင်.. မသိဘူး.. ကိုကိုလာတုန်းကလိုပဲ ပြန်ပေါ့''
"ဟာ... လာတုန်းက ညမို့လို့ အုတ်တံတိုင်းကျော်ဝင်လို့ရပေမယ့် အခုက လင်းလင်းလင်းထင်းကြီးလေကွာ၊ ဘယ်လိုလုပ်ပြီး ပြန်လို့ရမှာလဲ''
"ကိုကိုက အရမ်းရှုပ်တာပဲကွာ၊ အဲ့ဒါကြောင့်မို့ အစကတည်းက ဘာလို့လာလဲ၊ ညကြီးအချိန်မတော်ကြီးကို''
ခက် စိတ်ရှုပ်သည့်ပုံစံဖြင့် မျက်နှာလေး ရှုံ့မဲ့ကာ ပြောလိုက်တော့ ကိုကိုက သူမကို မျက်ခုံးတွန့်ကြည့်ကာ...
"အဲ့ဒါလဲ မင်းကြောင့်ပဲ၊ ညကတည်းက မင်း မကြီးနဲ့ဖုန်းပြောနေတာပါလို့ဖြေရင် ကိုယ် ဒီလိုေရာက်လာမှာမဟုတ်ဘူး''
"ဟင်.. မမနဲ့ဖုန်းပြောတာကို ကိုကိုက ဘယ်လိုသိတာလဲ''
"မင်းဖုန်းကို စစ်ထားတာ၊ မနေ့ညက ကိုယ်နဲ့ဖုန်းမပြောခင် မကြီးနဲ့ မင်းဖုန်းပြောထားတဲ့ call listတွေ့လို့၊ မကြီးနဲ့ ဖုန်းပြောတဲ့အကြောင်းက ဘာလဲ''
"မပြောပြပါဘူး၊ မမဖုန်းပြောတဲ့အကြောင်း ကိုကို့ကို ပြန်ပြောမပြဘူးလို့ ခက် မမကို ကတိပေးထားတာ''
"ဒီလိုလား ရတယ်လေ၊ ဒါဆို ကိုယ် မကြီးကိုပဲ သွားမေးမှာနော်''
"ဟင့်... ကိုကိုနော် အဲ့လိုသွားမမေးနဲ့လေ၊ တော်ကြာ ခက်က ပြန်ပြောပြတယ်ထင်ရင် ဘယ်လိုလုပ်မလဲ''
"မထင်စေချင်ရင် မင်း ကိုယ်တိုင်ပြောပြလေ''
"ခက် မမကို ကတိပေးထားပါတယ်ဆို''
ခက် စူပုတ်ပုတ်ဖြင့် ပြန်ပြောလိုက်တော့ ကိုကိုက သူမကို မှုန်တေတေစိုက်ကြည့်လျက်မှ..
"မကြီးနဲ့ ကတိပေးထားတယ်ဆိုတိုင်း ကိုယ့်အပေါ်မှာ မင်းလျှို့ဝှက်သင့်လို့လား ပူတူး ဟင်''
"ကိုကိုက ဘာလို့ အားလုံးကို လိုက်သိချင်နေလဲ၊ ကိုကို့ဘာသာ အေးဆေးနေလိုက်ပါ့လား''
"မနေနိုင်ပါဘူး၊ ဘယ်သူ့ပရောဂမှ မပါဘဲနဲ့တောင် မင်းက ကိုယ့်အနားကပြေးချင်နေတာမဟုတ်လား၊ ကိုယ် ဒီလောက်ဂရုတစိုက်နေနေတဲ့ကြားက ဘာမဟုတ်တဲ့အရာလေးတွေကြောင့် မင်းကိုယ့်ကိုပစ်သွားရင် ဘယ်လိုလုပ်မလဲ''
တကယ့်ကို သောကဗျာပါဒများနေသည့်ပုံအပြည့်ဖြင့် ပြောနေသည့် ကိုကို့ကို ခက် အကဲပိုလှချည်ရဲ့လို့ မတွေးမိတော့ပါ။ ဘာလို့လဲဆိုရင် ကိုကို ခက်ကို အရမ်းချစ်တာ ခက် သိနေလို့လေ။
ဒါ့ကြောင့်လဲ ကိုကို့ကို ဆက်ပြီး ဖုံးကွယ်ထားဖို့ မတွေးတော့ဘဲ...
"ကိုကိုက မမတို့ကို မင်္ဂလာပွဲမဖိတ်ဘူးဆိုတဲ့အကြောင်း မမက လာပြောပြတာ၊ ကိုကိုက မမတို့ကို တကယ်မဖိတ်ဘူးလား''
"အင်း မဖိတ်ဘူး''
"ဘာလို့မဖိတ်တာလဲ''
"မင်းသိဖို့မလိုဘူး''
ဂုဏ် ခပ်မိန့်မိန့်ပဲပြောချလိုက်တော့ ပူတူးက နှုတ်ခမ်းလေးကိုက်ထားလျက်မှ မျက်စောင်းထိုး၏။
"မျက်စောင်းမထိုးနဲ့ဗျ၊ ခင်ဗျားလေးကြောင့် ဒီကောင်ကြီး ညက ဘယ်လောက်ပူလောင်ရတယ်မှတ်လဲ ဟမ်၊ ဘယ်သူနဲ့ဖုန်းပြောနေလဲဆိုတာ မင်းမပြောပြတော့ ကိုယ့်မှာ နေမထိထိုင်မသာနဲ့ နောက်ဆုံး ဘယ်လိုမှနေမရတဲ့အဆုံး ခိုးကြောင်ခိုးဝှက်နဲ့ကို ေရာက်လာရတာ၊ သိပ်ပြီး အနိုင်မယူချင်နဲ့''
"ခက်က ဘယ်နေရာမှာများ ကိုကို့ကို အနိုင်ယူနေလို့လဲ၊ ကိုကိုသာ ခက်ကို မယုံလို့ ဒီလိုတွေလုပ်တာ၊ ခက်က ကိုကို့နောက်ကွယ်မှာ မဟုတ်တာတွေလုပ်နေမယ်လို့ ကိုကိုထင်နေတာ၊ ဟုတ်တယ်မလား ကိုကို ခက်ကို မယုံဘူးမလား''
နှုတ်ခမ်းလေး စူထော်လာအောင် ရန်တွေ့ရင်း တရစပ်မေးနေသည့် ပူတူးရဲ့ပုံစံက တကယ့်ကိုမှ ကလေးတစ်ယောက်သဖွယ်။ ကလေးဆန်ဆန် ရန်တွေ့နေရှာသည့် ပူတူးကို ဂုဏ် ဘာတစ်ခွန်းမှ ပြန်လည်ဖြေပေးခြင်းမရှိဘဲ မမှိတ်မသုန် စူးစိုက်ကြည့်နေလိုက်တော့ ပူတူးက သူ့ရင်ဘတ်ကို လက်သီးဆုပ်လေးဖြင့် ဘုတ်ခနဲနေအောင် တစ်ချက်ထုကာ...
"ခက် မေးနေတာဖြေလေ၊ ကိုကို ခက်ကို မယုံလို့ အခုလို ညကြီးအချိန်မတော်လိုက်လာတာမလား''
"ဟုတ်တယ်''
"ဟင်...
ဟုတ်တယ်တဲ့။ ဟုတ်တယ်ဆိုတာ ဘာလဲ။
ခက် မေးနေသလို ခက်ကို မယုံလို့ဆိုတာကို ဝန်ခံလိုက်တာလား။
ခက်ရဲ့ လက်နှစ်ဖက်ကို စုချုပ်ကိုင်ထားရင်း ပြောနေသည့် ကိုကို့ရဲ့ ပုံစံက စနောက်နေတာမျိုး မဟုတ်ပဲ ပကတိတည်ငြိမ်နေတာမို့...
"ဟုတ်တယ်ဆိုတာ ခက်ကို မယုံဘူးလို့ ပြောတာလား ကိုကို''
"ဟုတ်တယ်လေ ကိုယ် မင်းကို မယုံဘူး''
"ကိုကို့''
ခက် သူ့လက်ထဲမှ သူမရဲ့ လက်တွေကို ဆတ်ခနဲရုန်းဖယ်ကာ ဒေါသတကြီး အော်ပစ်မိသည်။ ကြည့်ပါဦး ခက်ကိုရှေ့မှာထားပြီး ခက်ကို မယုံဘူးလို့ ပြောနေတာ ဘယ်လောက်စိတ်တိုဖို့ ကောင်းလိုက်ပါသလဲ။
"မင်းဆီက အချစ်ကို ကိုယ်မရသေးတဲ့အတွက် မင်း ဘယ်အချိန်မှာများ ကိုယ့်ကိုပစ်သွားမလဲ၊ ဘယ်အချိန်များ ဘယ်ကောင်နဲ့လိုက်သွားမလဲဆိုတဲ့ ပူပန်မှုတွေနဲ့ ကိုယ် ဘယ်လောက်အထိ သွေးပျက်နေရတယ်ထင်လဲ၊ ဒါတွေက ကိုယ်အတွေးလွန်နေတာလဲ ဖြစ်ကောင်းဖြစ်လိမ့်မယ်၊ ဒါပေမယ့် အဲ့လိုအတွေးလွန်တာကလဲ မင်းကိုချစ်လို့ စိတ်မချလို့ဖြစ်လာရတာတွေပဲ၊ တစ်နည်းအားဖြင့် မင်း ကိုယ့်ကိုမချစ်လို့''
"ခက်က ကိုကို့ကို မချစ်ဘူးလို့ ကိုကိုဘယ်လိုသိလဲ''
"မင်းမှ ကိုယ့်ကို ချစ်တယ်မပြောတာ''
"ကိုကိုကရော ချစ်လားလို့မေးဖူးလား''
"မေးရင် ချစ်တယ်လို့ဖြေမှာလား''
သူမရဲ့ စကားလုံးတိုင်းကို လိုက်ကပ်ပြီးပြောတာမို့ ခက် စိတ်မရှည်ဖြစ်လာပြီး မျက်နှာလွှဲလိုက်တော့ ကိုကိုက သူမရဲ့မေးဖျားလေးမှလှမ်းကိုင်ကာ...
"ကိုယ့်အလှည့်တုန်းကရော မင်းကချစ်လားလို့ မေးခဲ့ရလို့လား၊ ဒီမှာ ကိုယ်တစ်ခုပြောပြမယ် ပူတူး၊ မင်းရင်ထဲမှာ အချစ်ဆိုတဲ့ နူးညံ့မှုလေးတစ်ခု ဝင်လာပြီဆိုရင် ဘယ်သူကမှ မမေးလဲ မင်းကိုယ်တိုင် အဲ့ဒီ့အချစ်ကို ဝန်ခံလာလိမ့်မယ် အဲ့ဒါယုံ၊ အဲဲ့ဒီ့နေ့ရောက်အောင် ကိုယ်ကစောင့်နေတာ၊ ဒီကြားထဲမှာ မင်းစိတ်ညစ်အောင်လို့ ချစ်လားဆိုတဲ့မေးခွန်း ကိုယ်လုံးဝမမေးဘူး''
"ဘာလို့လဲ ကိုကို့မာနထိခိုက်မှာစိုးလို့လား''
"No no no baby၊ မင်းအတွက်ဆိုရင် ကိုယ်က ဘာမာနမှမထားတဲ့ကောင်''
ဂုဏ် သူ့ကိုမော့မော့ငေးငေးလေးကြည့်နေသည့် ပူတူးရဲ့ လက်လေးနှစ်ဖက်ကို ပူးယှက်ကိုင်လိုက်ပြီး...
"ချစ်တယ်လို့ မပြောနိုင်ရင်တောင် မုန်းတယ်လို့မပြောရင် ကိုယ်ကကျေနပ်ပြီ ပူတူး၊ မင်းဆီက ကိုယ်မျှော်လင့်တာက အချစ်ဆိုပေမယ့် မင်းမပေးနိုင်သေးတာကို ကိုယ်နားလည်တယ်''
"ကိုကိုပြန်တော့''
သူပြောနေတာနဲ့ ပူတူးပြောတဲ့စကားက လုံးဝမှမသက်ဆိုင်။ စူပုတ်ပုတ် မဲ့တဲ့တဲ့မျက်နှာလေးကြောင့် သူမလေး သူ့စကားတွေကို အလိုမကျမှန်းသိသာတာမို့ ဂုဏ် ဘာမှထပ်မပြောတော့ပဲ နှုတ်ခမ်းလေးတွန့်ရုံပြုံးကာ...
"အွန်း ပြန်တော့မှာပါ၊ မနက်ဖြန်အတွက် ကိုယ်ဒီနေ့ လုပ်စရာတွေ အများကြီးရှိသေးတယ်လေ''
"မနက်ဖြန် မမတို့ကို တကယ် မလာခိုင်းဘူးလား''
"ပူတူးက လာခိုင်းစေချင်လို့လား''
ဂုဏ် ဒီလိုမေးလိုက်တော့ ပူတူးက ခေါင်းကိုဆတ်ခနဲငြိမ့်၏။
"ကောင်းပြီလေ ကိုယ် မေမေတို့ကို ကိုယ်တို့ပွဲကိုတက်ပေးဖို့ သွားပြောလိုက်မယ်၊ ဒါဆို ကိုယ်ပြန်တော့မယ် ပူတူး''
"အိမ်ကြီးဘက်ကလူတွေ မမြင်စေနဲ့နော်''
"အွန်းပါ ပူတူးက ပြန်မအိပ်တော့ဘူးဆိုရင် မျက်နှာသစ်ပြီး မနက်စာစားတော့ ကြားလား''
"အင်း''
"မအင်းနဲ့ ဟုတ်လို့ဖြေ၊ ကိုယ့် ကလေး လိမ္မာတာ ကိုယ်သိပြီးသား၊ ကိုယ့်အပေါ်ကျမှ ရိုင်းချင် ဆိုးချင်မနေနဲ့''
ခက် လိမ္မာပေမယ့် သူ့အပေါ်မှာဆို ဆိုးချင်နေတာကို သိနေပြန်သည့် ကိုကို့ကို ခက် မကျေနပ်တာမို့ မျက်စောင်းလေး ဝဲလိုက်တော့ ကိုကိုက ဟက်ခနဲရယ်သည်။
ခက်ကို နှုတ်ဆက်ရင်းပြန်သွားသည့် ကိုကို့မျက်နှာထက်မှ အပြုံးတချို့က ခပ်ထေ့ထေ့။
သို့ပေမယ့် အရမ်းစွဲမက်ဖို့ကောင်းသည်။
ဝန်ခံပါသည်။
ကိုကိုရယ်ရင် အရမ်းချောတယ်ဆိုတာ။
ဝန်ခံပါသည်။
ကိုကို့ အပြုံးတွေကို ခက် စွဲလန်းမိပြီဆိုတာ။
ဝန်ခံပါသည်။
ကိုကို ပြုံးရင် ခက် ရင်ခုန်တယ်ဆိုတာ။
ဒီအချိန် ကိုကိုသာ ချစ်လားလို့ မေးခဲ့ရင်
ခက် ဖြေပေးမယ့်အဖြေက ကိုကိုလိုချင်နေတဲ့ အဖြေဆိုတာ ခက် ဝန်ခံပါသည်။
>>>>>>>>>><<<<<<<<<<
♥ Myo Yoe Gone & Nway Thit Khat ♥
♥ Signing Day Ceremony ♥
တော်ဝင်နန်း စံအိမ်ရဲ့ စိမ်းစို ကျယ်ပြန့်လှသည့် မြက်ခင်းပြင်ကြီးတွင် အဖြူရောင်နှင်းဆီပန်းများဖြင့် အလှဆင်ထားသည့် နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးပွဲလေး။
ခြံကြီးနှင့်အပြည့် ခင်းကျင်းထားသည့် စားပွဲဝိုင်းများတွင်လည်း နှစ်ဖက် အမျိုးအဆွေ အပေါင်းအဖော်များဖြင့် စည်ကားသိုက်မြိုက်လျက်။
"မေမေ ဒီမှာ အန်တီနန်းမြင့်သူတို့ လာတယ်''
အနွယ် မေမေ့ရဲ့နားနားကို ကပ်ပြောလိုက်တော့ မေမေက နောက်ကိုလှည့်ကြည့်လိုက်ပြီး..
"နန်း လာ လာ၊ ဪ.. သမီးလေးရော ပါလာတာလား''
"ပါရတာပေါ့ အစောရေ၊ နှင်းစက်က သားဂုဏ်နဲ့က သူငယ်ချင်းဖြစ်နေတဲ့အပြင် နွေသစ်ခက်နဲ့ကလဲ ညီအစ်မတွေမဟုတ်လား၊ အဲ့တော့ လာရတာပေါ့ အဟွန်း''
"ဒါပေါ့ ဒါပေါ့၊ မလာလို့ ဘယ်ရပါ့မလဲ၊ ဒါနဲ့ သမီးတို့ထွက်လာတော့ သားတို့ဟိုအိမ်မှာပဲလား''
"ဟုတ်တယ် မေမေ၊ မိခက်က ပြင်လို့မပြိီးသေးလို့လေ၊ အဟွန်း ဂုဏ်ကတော့ စိတ်မရှည်လို့ထင်ပါရဲ့၊ မျက်နှာကြီးက စူပုတ်လို့ အဟွန်း''
သူမကို မေမေလို့ခေါ်ရုံသာမက သား စိတ်ဆိုးနေတာကိုပင် သဘောကျနေသည့်ပုံမို့ ဒေါ်ခက်စောသိုက် စိတ်ထဲ စနိုးစနောင့်လေးဖြစ်သွား၏။ သို့ပေမယ့် လူရင်းကြီးတွေမို့ အပြုံးမပျက်အောင် ထိန်းထားလိုက်ပြီး...
"သားက ဒီလိုပဲ၊ ဘာကိုမှ သိပ်ပြီး စိတ်ရှည်ချင်တာမဟုတ်ဘူး''
"ဟုတ်တယ် မေမေ၊ ကနေဒါမှာကတည်းက ဂုဏ်စိတ်မရှည်တာ နှင်းစက်သိတယ်၊ ဒါပေမယ့် သူက နှင်းစက်အပေါ်တော့ စိတ်ရှည်ပါတယ်''
"ဪ... ဟုတ်လား''
"ဟုတ်တယ် မမစောရဲ့၊ နန်းဆိုရင် သားဂုဏ်နဲ့ သမီးကို တစ်နေ့လက်ထပ်ပေးရလိမ့်မယ်လို့ ထင်ထားတာ၊ အခုတော့ နှင်းစက်မဟုတ်ဘဲ မိခက်နဲ့မှ အမျိုးတော်သွားရတယ်လို့၊ အဆင့်အတန်းချင်းက ကွာလွန်းတော့ မမစောတို့ တော်တော်လေးစိတ်အနှောင့်အယှက်ဖြစ်ရမယ်ထင်တယ်၊ သိတဲ့အတိုင်း မိခက်ရဲ့အမေက နန်းတို့အိမ်က အလုပ်သမားဆိုတော့လေ''
ကြည့်ဦး။ သူမတစ်ယောက်လုံးကို ရှေ့မှာထားပြီး ပြောနေဆိုနေပုံက အရမ်း အောက်တန်းကျလွန်းသည်။ မအေလုပ်တဲ့သူက ဒီလိုတွေပြောနေလို့ နှင်းစက်က ဝင်တားမလားလို့ ထင်မိပေမယ့် တုပ်တုပ်မှမလှုပ်ဘဲ ငြိမ်ပြီးနားထောင်နေသည်က စိတ်တိုချင်စရာကောင်းလှသည်။
ထိုစဥ် တလျှောက်လုံးငြိမ်နေသည့် အနွယ်က မျက်နှာခပ်တင်းတင်းဖြင့်...
"အဆင့်အတန်းဆိုတာကို ဒေါ်နန်းမြင့်သူတို့က ဘာနဲ့တိုင်းတာပြီးပြောတာလဲ''
"ဘာနဲ့မှ တိုင်းစရာမလိုအောင် အခုဟာက သိသာပါတယ် အနွယ်ရယ်''
"အဟွန်း... ဟုတ်လား၊ အရမ်းသိသာနေတယ်ပေါ့လေ၊ ဒါဆို ဂုဏ်လေးက ဒီလောက်သိသာနေတာပဲကို ဘာလို့ နွေသစ်ခက်လေးကို ရွေးယူသွားလဲ မသိဘူးနော်''
"ဒါကတော့ ဂုဏ်ပဲ သိမှာပေါ့ နော် မာမီရယ်''
နှင်းစက်ရဲ့အမေးကို ခေါင်းငြိမ့်ပြလိုက်သည့် ဒေါ်နန်းမြင့်သူကို အနွယ် မျက်မှောင်ကြုံ့ကြည့်ကာ...
"ဘာကြောင့်ပဲဖြစ်ဖြစ်ပါ ဂုဏ်သဘောကျလို့ ချစ်လို့ယူတာလေ၊ အဲ့ဒါက ဘာဖြစ်သွားနိုင်လို ့ဒေါ်နန်းမြင့်သူတို့က လာပြောနေရတာလဲ''
"ဘာဖြစ်ရမှာလဲ အနွယ်ရယ်၊ သမီးတို့ သိက္ခာကျတာပေါ့၊ အရာရာပြီးပြည့်စုံနေတဲ့အိမ်က မိန်းမပျိုတွေကိုတော့ လက်ထပ်ဖို့ငြင်းပြီး အခုကျတော့ အငယ်အနှောင်းရဲ့ သမီးနဲ့ပဲရသွားတယ်ဆိုပြီး အရှက်ကွဲတာပေါ့ အဟင်း ဟင်း''
"ဘာလို့ အရှက်ကွဲရမှာလဲ၊ ဂုဏ်လေးဘာသာ သူသဘောကျ.....
"သမီး အနွယ် တော်တော့''
"သူတို့ပြောနေတာကို မေမေနားထောင်ကြည့်ဦးေလ၊ သူက ဂုဏ်လေးကိုရော ကလေးကိုရော..
"အနွယ် တော်တော့လို့ မေမေပြောနေတယ်နော်၊ သွား သမီးမောင်လေးကို မြန်မြန်လာခဲ့လို့ ဖုန်းသွားဆက်ချေ''
ထိုအခါမှ အနွယ်က နှုတ်ခမ်းလေးကိုက်ကာ ထိုနေရာမှ စူစူအောင့်အောင့်ထွက်သွား၏။
ေဒါ်နန်းမြင့်သူတို့ သားအမိရဲ့ စကားတွေကို သူမလဲ သည်းမခံနိုင်ပေမယ့် အနွယ့်ကို သူတို့သားအမိနဲ့ ရန်ဖက်မဖြစ်စေချင်တာမို့ ဒေါ်ခင်စောသိုက် အနွယ့်ကို ပ,ထုတ်လိုက်သည်။
ဒီသားအမိ အစကတည်းက သားဂုဏ်ကိုအကြောင်းပြုပြီး တော်ဝင်နန်းနဲ့အမျိုးတော်ချင်နေတာတွေကို သိပြီးသားမို့လို့သာ အခုလိုစကားတွေပြောနေတယ်ဆိုတာ နားလည်လို့ရသည်။ မဟုတ်ရင်တော့ သူမကိုယ်တိုင်ပင် ေနွသစ်ခက်အပေါ် အမြင်မကြည်တာမျိုးဖြစ်သွားနိုင်သည်။
သို့ပေမယ့် သူတို့ဖြစ်စေချင်တာနဲ့ ဆန့်ကျင်ဘက်ဖြစ်သွားအောင် မျက်နှာကို အလှဆုံးပြုံးကာ..
"သမီးပြောတာတွေကို စိတ်ထဲမထားပါနဲ့ နန်းရယ်၊ သမီးက အဲ့လိုပဲ သူ့မောင်ကိုထိရင် လုံးဝကြိုက်တာမဟုတ်ဘူး''
"နားလည်ပါတယ်၊ တို့ကလဲ ဂုဏ်လေးကို နှမြောလွန်းလို့သာ ပြောမိတာ၊ ဒီလိုမိန်းကလေးမျိုးနဲ့ရသွားလိမ့်မယ်လို့ လုံးဝကို ထင်မထားတာ တကယ်''
"ဟုတ်တယ် နှင်းစက်လဲ ဂုဏ့်ကို အံ့ဩလို့မဆုံးဘူး၊ ဒီလောက်အဆင့်မရှိတဲ့ မိခက်နဲ့မှ လက်ထပ်ရတယ်လို့''
အစက သည်းခံနိုင်သလောက် သည်းခံဖို့တွေးထားသော်လည်း ကိုယ့်ချွေးမကို အတိုင်အဖောက်ညီညီချိုးချိုးဖဲ့ဖဲ့ပြောနေတာကြောင့် စိတ်ထဲတင်းခနဲဖြစ်သွားကာ..
"ဟုတ်ပါ့ သမီးရယ်၊ အန်တီလဲ သားကိုအစကဆို တအားစိတ်ဆိုးတာ သိလား၊ သမီးလို သူ့အပေါ်မှာ အနွံတာခံ သည်းခံပြီး ေအာက်ကျ နောက်ကျနဲ့ နေနေတဲ့မိန်းကလေးမျိုးနဲ့ အကြောင်းပါစေချင်တာပေါ့၊ သမီးနဲ့ လက်ထပ်ဖို့ အန်တီလဲပြောဖူးတယ် သိလား၊ အဲ့တုန်းက သားက ခါးခါးသီးသီးငြင်းထုတ်ပြီးမှ အခု သစ်ခက်လေးကျမှ ကားတင်ပြေးရမလားဆိုပြီး စိတ်တိုလွန်းလို့ တစ်ပတ်လောက်ပစ်ထားလိုက်တာ''
ဒေါ်ခင်စောသိုက် နှင်းစက်ကို တမင်ချိုးချိုးဖဲ့ဖဲ့ ပြောလိုက်တော့ ဟိုသားအမိ မျက်နှာကွက်ခနဲဖြစ်သွားသည်ကို သတိထားမိလိုက်သည်။ သို့ပေမယ့် စကားစအပြတ်မခံပဲ မျက်နှာထားချိုချိုဖြင့်...
"သားအကြောင်းကို သမီးလဲသိတဲ့အတိုင်းပဲလေ ဒီကောင် ဘယ်လောက်မာနကြီးလိုက်သလဲဆိုတာအန်တီပစ်ထားတဲ့တစ်လျှောက်လုံး လက်ခံပေးလို့ တစ်ခါမှလာမတောင်းပန်ဘူး အဟွန်း၊ နောက်ဆုံးမနေနိုင်တဲ့ အစောကပဲ ပြန်ချော့ရတယ် နန်းရဲ့''
"ဒါပေါ့ ဒါပေါ့၊ တို့တွေက မိဘတွေဖြစ်နေတာကို''
အခုမှ လေသံလျော့သွားသည့် ဒေါ်နန်းမြင့်သူကြောင့် အစော ကျေနပ်ပြုံးလေးဖြင့်..
"ပြောလို့သာ ပြောရတယ်၊ သစ်ခက်လေးကလဲ တအားချစ်စရာကောင်းတာကို နန်းရဲ့၊ အဟင်း ဟင်း ပြောပြန်ရင်လဲ ကိုယ့်ချွေးမမို့ကြွားတယ်ထင်မှာစိုးသေးတာ၊ အစောလေ သစ်ခက်လေးကို တွေ့တွေ့ချင်း အရင်က သဘောမတူဘူးလို့ ပြောခဲ့မိတာတောင် နောင်တရမိတယ် တကယ် တကယ်၊ မျက်နှာလေးကလဲ ချစ်မွှေးပါလို့လား မသိပါဘူး၊ ဘာမှလိမ်းမထားတာတောင် ဝင်းမွတ်နေတာပဲ၊ အွန်းလေ ဒီလောက်လှနေလို့လဲ သားဂုဏ်က ကားတင်ပြေးထားတာပေါ့ နော် နန်းရယ်''
"အွန်းပေါ့၊ ကဲပါ မမစောလဲ တခြားဧည့်သည်တွေကို ဧည့်ခံလိုက်ပါဦး''
"ဪ... ဟုတ်ပါရဲ့၊ အဟွန်း အစောစကားအရမ်းများသွားတယ်ထင်တယ်၊ အဲ့ဒါကြောင့် အနွယ်ကပြောတာပေါ့၊ ေမမေက သူ့ချွေးမအကြောင်းပြောနေရရင် အားလုံးမေ့တာပဲတဲ့ အဟွန်း ဟွန်း..၊ ဒါဆို အစောကို ခွင့်ပြုဦး၊ အခုက သားက သတို့သမီးသွားခေါ်နေတုန်းမို့ပါ၊ သားတို့ရောက်လာမှ နန်းတို့ကို လာနှုတ်ဆက်ခိုင်းဦးမယ်''
"အင်း အင်း''
သူမရဲ့စကားတွေကြောင့် ထိန်းမရအောင် မျက်နှာပျက်သွားသည့် သားအမိကို အစော ပြုံးပြရင်း တခြားဧည့်သည့်တွေဆီ လျှောက်သွားလိုက်၏။
*** သားနဲ့ပတ်သတ်ပြီးမှ တော်ဝင်နန်းကို ရောက်လာမှာဆိုပေမယ့် ငါ့ချွေးမဖြစ်လာမှာမို့လို့ မကောင်းပြောစရာရှိရင် ငါပဲပြောမယ် ***
>>>>>>>>>><<<<<<<<<<
"မေမေ ဂုဏ်လေးတို့ကားက လမ်းထိပ်ရောက်နေပြီတဲ့''
ဧည့်သည်တွေကို လိုက်နှုတ်ဆက်နေသည့် သူမအနားကို လာကပ်ပြီးပြောလိုက်သည့် အနွယ့်စကားကြောင့် ဒေါ်ခင်စောသိုက် ခေါင်းတစ်ချက်ငြိမ့်လိုက်ပြီး...
"ဒါဆို သမီးက လက်ထပ်စာချုပ်တွေကို သေချာပြင်ထားလိုက်တော့၊ နေဦး သမိီးဖေဖေရော''
"ရှိတယ် မေမေ၊ ဟိုဘက်မှာ အန်ကယ်ဦးမင်းသစ်တို့နဲ့ စကားပြောနေတာ''
"ဪ... အေးအေး၊ ဒါဆို ရှေ့နေကြီးကလဲ အဲ့ဒီ်မှာပဲထင်တယ်''
"ဟုတ်တယ် မေမေ၊ အနွယ် သွားခေါ်လိုက်မယ်လေ''
"အေး အေး၊ သွားခေါ်လိုက်တော့၊ တော်ကြာ ဂုဏ်က ကြာလို့ စိတ်တိုနေဦးမယ်''
ကိုယ့်သားအကြောင်းကို ကိုယ်သာ အသိဆုံး။ ပွဲသတ်မှတ်ထားတဲ့အချိန်ထက် နာရီဝက်လောက်နောက်ကျနေပြီဆိုတာ သိပေမယ့် သူ့ပူတူးလေးကို စောင့်ပေးနေတာမို့လို့ ဒေါသထွက်မှာတော့မဟုတ်တာ သေချာသည်။ သို့ပေမယ့် ဒီဘက်က ကိစ္စတစ်ခုခုကြောင့် ကြန့်ကြာသွားရင်တော့ စိတ်ဆိုးတော့မည့် အခြေအနေမှန်း ကြိုတွေးထားရသည်။
ဒါ့ကြောင့် သူတို့ရောက်မလာခင် အားလုံး အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်ထားရ၏။
သားက သူ့ပွဲကိုဘယ်သူမှ မလာခဲ့နဲ့ဆိုတဲ့စကားကြောင့် လာဖို့ မလာဖို့ ချင့်ချိန်နေရချိန် အသိသက်သေတွေအနေနဲ့ နှစ်ဖက်မိဘတွေက လက်မှတ်ထိုးပေးဖို့စီစဥ်ထားတဲ့အကြောင်း မနေ့ညက လှမ်းပြောတာကြောင့် တစ်မိသားစုလုံး ကျေနပ်သွားရ၏။ သို့ပေမယ့် ကျွတ်ဆတ်ဆတ် ခေတ်သစ်ဂုဏ်တော့မပါ။ မပါဆို အခု လိုက်မလာတာပဲကြည့်။
လက်မှတ်ထိုးကြဖို့ သားက အားလုံးစီစဥ်ထားပေမယ့် အလွဲအမှားမရှိရအောင် တစ်ခုချင်းလိုက်စစ်ေနသည့် အနွယ့်ကို လိုက်ကြည့်ရင်းမှ ခြံထဲကို ဝင်လာသည့် မင်္ဂလာကားလေးကြောင့် အစော ပေါ်တီကိုနားကို လျှောက်သွားလိုက်၏။
သားစီးနေကျ ပြိုင်ကား အနီရဲရဲလေးကိုပင် အဖြူရောင်နှင်းဆီပန်းများနှင့် ဖဲပြားလှလှလေးတွေသုံးကာ မင်္ဂလာကားအဖြစ် အလှဆင်ထားခြင်းဖြစ်သည်။
ကားနားမရောက်ခင် ကားနောက်ခန်းမှထွက်လာသည့် သားဖြစ်သူကြောင့် အစော သဘောကျကာ ပြုံးလိုက်မိ၏။
ကြည်ပြာရောင် ပိုးပုဆိုးကိုမှ အပေါ်က အဖြူရောင်စတစ်လက်ရှည်ကို ကြယ်သီးအစုံတပ်ကာ ဝတ်ထား၏။ မြင်နေကျ စတိုင်လ်ဘောင်းဘီနှင့်မဟုတ်တဲ့ ပုံစံကြောင့် တစ်မျိုးဖြစ်နေတာလား၊ လက်ထဲမှ အခုထိ မဝတ်ရသေးပဲ ကိုင်ထားသည့် ကြည်ပြာရောင်တိုက်ပုံအင်္ကျီနှင့် အဖြူရောင်နှင်းဆီပန်းများဖြင့်အလှဆင်ထားသည့် သတို့သမီးလက်ကိုင်ပန်းစည်းကြောင့် တစ်မျိုးဖြစ်နေလားတော့မသိ။ သေချာတာ တစ်ခုက သားပုံစံက ရယ်စရာဖြစ်နေတာတော့ သေချာသည်။
"လာလေ ပူတူး၊ ဟိုမှာ ဧည့်သည်တွေ ကိုယ်တို့ကို စောင့်နေရတာ အားနာဖို့ကောင်းတယ်''
ကားတံခါးဖွင့်ပေးရင်း ခေါင်းလေးငုံ့ချထားသည့် သတို့သမီးလှလှလေးကို ဂုဏ် ချော့ခေါ်လိုက်တော့မှ သူမက သူ့ကို ဆတ်ခနဲမော့ကြည့်ကာ...
"ခက် ရှက်တယ် ကိုကို''
"ဘာကိုလဲ"
"ခက်တို့ဝင်သွားရင် လူတွေက ဝိုင်းကြည့်ကြမှာ၊ အဲ့ဒါကြောင့် ခက်က ကိုကို့ကိုပြောတာပေါ့၊ ဒီအတိုင်း အကျဥ်းချုံးပြီး လုပ်ပါဆိုတာကို''
"ဒါ့ထက် အကျဥ်းချုံးရရင် မျိုးရိုးဂုဏ်နဲ့ နွေသစ်ခက် ညားကြလေသတည်းဆိုပြီး အိမ်ရှေ့မှာ ဆိုင်းဘုတ်ချိတ်ထားရုံပဲရှိတော့တယ်၊ လာကွာ မဟုတ်တာကို ရစ်မနေနဲ့၊ ဘာမှရှက်စရာမရှိဘူး၊ ဒါ ကိုယ်တို့မင်္ဂလာပွဲပဲဟာ၊ ဝိုင်းကြည့်တော့ ဘာဖြစ်လဲ၊ လာခဲ့''ဆိုပြီး ခက်ရဲ့ လက်လေးတစ်ဖက်မှဆွဲကာ ကားပေါ်မှဆင်းစေ၏။
အခုမှ ကားထဲက ထပ်ထွက်လာသည့် ချွေးမလေးကိုကြည့်ပြီး ဒေါ်ခင်စောသိုက် ထပ်ပြီးပြုံးလိုက်ရင်း ကားရှိရာကို လျှောက်သွားလိုက်၏။
သားနဲ့ဆင်တူ ကြည်ပြာရောင်ဝတ်စုံလေးနဲ့ အစောရဲ့ချွေးမလေးက ဟိုး မိုးကောင်ကင်က နတ်သက်ကြွေလာသည့် နတ်သမီးလေးပါလို့ပြောရင် ဘယ်သူကများငြင်းနိုင်ပါ့မလဲ။
ကြည်ပြာရောင်တောက်နေသည့် ပိုးသားရင်ဖုံးလေးကို တက္ကသိုလ်ရင်ဖုံးပုံစံလေး အရိုးရှင်းဆုံးချုပ်ထားပြီး သူမရဲ့ ခန္ဓာကိုယ်သွယ်လျလျလေးနှင့် ကပ်ရပ်လှပနေစေသည်။ လုံချည်ကတော့ ကြည်ပြာရောင်ပေါ်တွင် ခဲရောင်၊ အဖြူရောင်နဲ့ အပြာရောင် ချိတ်သုံးကြောင်းဖြင့် အလှဆင်ထားသည့် ချိတ်ကြီးများဖြင့် ပြည့်နေသည်။
သူမလေးရဲ့ နက်မှောင်ရှည်လျားလှသည့် ဆံနွယ်တွေကို ခပ်မြင့်မြင့်လေးထုံးဖွဲ့ထားပြီး သူမ ဝတ်ဆင်ထားသည့် ဖြူစွတ်နေသော စိန်ထည်များနှင့်အပြိုင် တလက်လက်တောက်နေသည့် စိန်ဆံထိုးလေးဖြင့် အလှဆင်ထားပြန်သည်။
ဘယ်ဘက်ပုခုံးလေးထက်မှ ဆင်းသက်လာသည့် ကြည်ပြာရောင် ပုဝါရှည်ရှည်လေးက သူမ စီးနင်းထားသည့် ကြည်ပြာရောင်ပုံတော်ဖိနပ်အမြင့်လေးနားတွင် ရပ်တန့်သွား၏။
ကြည့်ပါဦး။ ဘယ်လောက်တောင် ကျက်သရေရှိလိုက်ပါသလဲ။
"သားတို့ နောက်ကျလိုက်တာကွယ်၊ ဧည့်သည်တွေတောင် အတော်စုံကုန်ပြီ''
"ဟုတ်တယ် မေမေ၊ မိတ်ကပ်ဆရာက ပူတူးကို အရောင်ရင့်ရင့်ကြီးတွေနဲ့ ပြင်ပေးထားလို့ အကုန်အစက ပြန်ပြင်ခိုင်းနေရတာနဲ့ နောက်ကျသွားတာ၊ ပူတူးကလဲ ကိုယ်နဲ့ မလိုက်တာကို သိရဲ့သားနဲ့ ဘာမှမပြောဘဲ ငြိမ်ခံနေတာကို''
"ခက်က ဘယ်လိုပြောရမှာလဲ၊ မကြိုက်ဘူးလို့ ပြောရမှာ အားနာစရာကြီး၊ ကိုကိုသာ အားမနာ ပါးမနာ သူများကို ထပ်လိမ်းခိုင်းတာ''
"ဟာ.. မလိမ်းခိုင်းလို့ရမလား၊ အဲ့ဒီ့မာမိီလိမ်းထားတာက ပူတူးရဲ့ရှိရင်းစွဲအလှတောင် ပျောက်သွားတာကို''
"ကဲပါ ရန်ဖြစ်မနေကြနဲ့တော့၊ အခု အားလုံးအဆင်ပြေသွားပြီမလား၊ အဟွန်း ဟွန်း မေမေ့ချွေးမလေးက လှလိုက်တာနော်''
ဒေါ်ခင်စောသိုက် ချွေးမေလးကို ခါးလေးမှဖက်ကာ ပြောလိုက်တော့ သားက ပေကပ်ကပ်ကြည့်ကာ...
"အဲ့လိုလှတာ ကျွန်တော့်ကြောင့်၊ သူ့ဟာသူဆို ဟိုကလိမ်းပေးတဲ့အတိုင်းငြိမ်ခံေနတာနဲ့ တစ်စက်မှလှမှာမဟုတ်ဘူး''
"အိုကွယ် သားကလဲ၊ သမီးလေးက အားနာလို့ဖြစ်မှာပေါ့''
"အဲ့လို အားနာတတ်တာသိလို့ ညကတည်းက ဒီအိမ်မှာအိပ်ပြီး ကျွန်တော့်မျက်လုံးရှေ့မှာတင် အလှပြင်ဖို့ပြောသားပဲ၊ သူက ကျွန်တော့်ကိုဆို နည်းနည်းလောက်ကန့်လန့်တိုက်ရမှကို ကျေနပ်တာ၊ အခုကြည့် ကျွန်တော်သာ ဟိုဘက်အိမ်ကို စောစောထမသွားရင် ဘယ်လိုလုပ်မလဲ''
ကလေးလေးကို ဆူနေသလို မျက်နှာထားတင်းတင်းဖြင့် ဆူပူနေတာမို့ ခက် ဝမ်းနည်းလာကာ မျက်ရည်ကဝဲချင်လာသည်။ ဒါ့ကြောင့် ေခါင်းကိုငုံ့ချပစ်လိုက်တော့ ကိုကို့မေမေက ခက်ရဲ့မေးဖျားလေးမှ ဆွဲမော့စေပြီး...
"သားက အဲ့လိုပဲ၊ ပွစိ ပွစိလုပ်ရတာ အထုံလိုကိုဖြစ်နေတာ၊ ဘာမှစိတ်မကောင်းမဖြစ်နဲ့ ကြားလားသမိီး''
"ဟုတ်ကဲ့''
"ဘာခုမှ ဟုတ်ကဲ့လဲ''
"ကဲ.. သား တော်စမ်း၊ မင်း ကလေးကို သပ်သပ်မဲ့စိတ်ညစ်အောင်လုပ်မနေနဲ့၊ မင်းကိုယ်မင်းလဲ ပြန်ကြည့်ဦး ပိုသီပပ်သီနဲ့၊ တိုက်ပုံကို သေချာဝတ်စမ်း၊ ဘယ်မှာလဲ ရင်ကပ်ပန်းက?''
ထိုအခါမှ တိုက်ပုံအင်္ကျီကို ပြန်ကြည့်ကာ ဟိုစမ်း ဒီစမ်းလုပ်နေတော့၏။ အလကား သူများကိုသာ ဆရာလုပ်ချင်တာ။ သူဖြင့် တစ်စက်ကလေးမှ အချိုးကမပြေဘူး။
"သမီးကပဲ သမီးကိုကို့ကို သေချာပြင်ပေးလိုက်ဦး၊ သိပ်မကြာစေနဲ့နော်၊ ဧည့်သည်တွေကို အားနာဖို့ကောင်းတယ်၊ မေမေအရင်သွားနှင့်မယ်''
"ဟုတ်ကဲ့''
ပွဲထဲကို ပြန်သွားရင်းမှ ဟိုနှစ်ယောက်ကို စိတ်မချတာကြောင့် နောက်ကိုပြန်လှည့်ကြည့်လိုက်တော့ ကလေးလုပ်နေသည့် သားကြောင့် ဒေါ်ခင်စောသိုက်အူယားသွားသည်။
တိုက်ပုံအင်္ကျီကို ကိုယ့်ဘာသာမဝတ်ဘဲ ကလေးမလေးကို အနိုင်ကျင့်ပြီး ဝတ်ခိုင်းနေတယ်မဟုတ်လား။ ဒါ့အပြင် ရင်ကပ်ပန်းလေးကို တွယ်ချိတ်ဖြင့် တွယ်ပေးနေသည့် သစ်ခက်လေးကို နဖူးလေးမှ မထိတထိကပ်နမ်းနေပုံက ဒီဘက်မှာရှိနေသည့် ဧည့်သည်တွေကို မမြင်သည့်အတိုင်း။
>>>>>>>>>><<<<<<<<<<
ဦးမင်းသစ်နဲ့ ဒေါ်သက်ထားတို့က သတို့သားနဲ့ သတို့သမီးကို ပန်းကုံးစွပ်ပေးကြပြီး ဦးရာဇာဂုဏ်နဲ့ ဒေါ်ခင်စောသိုက်တို့က လက်ထပ်လက်စွပ် ဆင်မြန်းပေးကြ၏။
"သတို့သားနဲ့ သတို့သမီး လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးမယ်''
ရှေ့နေကြီးရဲ့ စကားသံအဆုံးမှာ ခက် ကိုကို့ကို ပြန်လှည့်ကြည့်လိုက်တော့ ကိုကိုက ပြုံးရင်းမှ ခေါင်းငြိမ့်ပြ၏။ ရွှေရောင်ဖောင်းကြွစားလုံးများဖြင့် ပြုလုပ်ထားသည့် လက်ထပ်စာချုပ်ပေါ်တွင် သွက်လက်စွာပင် လက်မှတ်ရေးထိုးနေသည့် ကိုကို့ကို ခက် ငေးမောကြည့်နေမိ၏။
ကိုကိုက လက်မှတ်ထိုးပြီးတာနဲ့ ခက်ကို ပြန်လှည့်ကြည့်လာပြန်ပြီး..
"လက်မှတ်ထိုးလေကွာ၊ ဘာတွေ ဒီလောက်တောင် ငေးနေရတာလဲ၊ ေရာ့ ဒီမှာဖောင်တိန်၊ ဒီနေရာမှာ ပူတူးရဲ့ လက်မှတ်ထိုး''
မိုးပြာရောင်ဖဲကြိုးလေးဖြင့် ရစ်ပတ်ထားပြီး အပေါ်မှာ မိုးပြာရောင် ငှက်မွှေးလေးတွေပါသည့် ဖောင်တိန်လေးကို ကောက်ယူပြီး ပူတူးရဲ့လက်ထဲအတင်းထိုးထည့်လိုက်၏။ ဒါကိုပင် လက်မှတ်မထိုးသေးဘဲ ငူငူငိုင်ငိုင်လေးလုပ်နေတဲ့ ပူတူးကြောင့် ဂုဏ် ထိတ်ခနဲဖြစ်သွားကာ ဖောင်တိန်ကိုင်ထားသည့် သူမရဲ့လက်ကလေးကို ထပ်ကိုင်လိုက်ပြီး သူကိုယ်တိုင်လက်မှတ်ထိုးဖို့ပြင်လိုက်တော့..
"သတို့သား ဒီလိုလုပ်လို့မရပါဘူး၊ သတို့သမီးကိုယ်တိုင် စိတ်ဆန္ဒရှိပြီး လက်မှတ်ထိုးမှ ဒီစာချုပ်က တရားဝင်မှာပါ''
ရှေ့နေကြီးက ဒီလိုဝင်ပြောလိုက်တော့ မေမေကပါ မျက်နှာပျက်သွားပြီး သူ့ကို ခပ်စူးစူးကြည့်ကာ..
"ဟုတ်သားပဲ သားရယ်၊ သမီး သူ့ဟာသူထိုးပါလိမ့်မယ်၊ သားက ဘယ်လိုဖြစ်လို့ ဆန္ဒတွေေဆာနေရတာလဲ၊ ပြီးတော့ သမီးလက်မှတ်ကို သားထိုးတတ်တာကျလို့''
"ထိုးတတ်တယ် မေမေ''
"ထိုးတတ်လဲ ထိုးလို့မရပါဘူး၊ သတို့သမီးကိုယ်တိုင် ထိုးမှရမှာပါ''
"ဒါပေမယ့်...
ဂုဏ် အထွန့်တက်ဖို့ပြင်လိုက်စဥ် ပူတူးနဲ့ထောင့်ကျကျတွင်ထိုင်နေသည့် ပူတူးရဲ့မေမေက ပူတူးရဲ့ လက်လေးကိုကိုင်ကာ...
"သမီး ဘာတွေကိုတွေးနေတာလဲကွယ်၊ ဟိုမှာ ဧည့်သည်တွေကို အားနာဖို့ကောင်းတယ်''
"ခက် ကြောက်တယ်မေမေ''
"သမီးဘေးမှာ သမီးကို ချစ်တဲ့သူတွေ ဒီလောက်များတာ၊ ဘာကို ကြောက်ရမှာလဲ၊ မကြောက်နဲ့နော် မေမေ့သမိီးက သတ္တိကောင်းပါတယ်''
ဘာကိုကြောက်တာလဲဆိုတော့ ဒီပွဲထဲကို ခက်တို့ဝင်လာကတည်းက ဝိုင်းအုံကြည့်နေကြသည့် မနာလိုတဲ့မျက်လုံးပိုင်ရှင်တွေကိုပါ မေမေ။
ပြီးတော့ မတူညီတဲ့ဘဝနှစ်ခုမို့ ခက် ရှေ့ဆက်တိုးဖို့ ကြောက်နေမိတယ်ထင်ပါရဲ့။
"ပူတူး''
"ဟင်..
"ကိုယ့်ကို စိတ်ညစ်အောင် မလုပ်နဲ့ကွာ နော်၊ ကိုယ့်ခလေး လိမ္မာတာ ကိုယ်သိပြီးသားပါ၊ လက်မှတ်ထိုးလိုက်တော့''
ဂုဏ် သူမရဲ့လက်လေးကို ခပ်ဖွဖွလေးဆုပ်ကိုင်ကာ လေသံခပ်တိုးတိုးလေးဖြင့် ချော့လိုက်တော့မှ ပူတူးက ဖောင်တိန်လေး ကောက်ယူလိုက်ပြီး လက်မှတ်ထိုးတော့၏။
"အခုချိန်ကစပြီး ဦးရာဇာဂုဏ် ဒေါ်ခင်စောသိုက်တို့ရဲ့သား မောင်မျိုးရိုးဂုဏ်နဲ့ ဦးမင်းသစ် ဒေါ်သက်ထားတို့ရဲ့သမီး မနွေသစ်ခက်တို့ဟာ တရားဥပဒေနဲ့အညီ တရားဝင်အကြင်လင်မယားဖြစ်သွားပါပြီဗျာ''
"ဆုမွန်ကောင်းလေး ဘာလေး တောင်းပေးမှပေါ့ ရှေ့နေကြီးကလဲ''
ဂုဏ် ရွှတ်နောက်နောက်နဲ့ ဝင်ပြောလိုက်တော့ ရှေ့နေကြီးနဲ့အတူ နှစ်ဖက်မိဘတွေကပါ ထရယ်ကြ၏။
"ဟုတ်ပါပြီကွာ၊ ကဲ ဒီလင် ဒီမယား နှစ်ပေါင်းရာချီသည်အထိ အိုအောင်မင်းအောင် ပေါင်းရပါစေကွာ၊ အကဲပိုလွန်းတဲ့ ငါ့တူ မျိုးရိုးဂုဏ်လဲ သားတစ်ရာ မြေးအဖြာဖြာနဲ့ သာယာချမ်းမြေ့တဲ့ မိသားစုလေး တည်ဆောက်နိုင်ပါစေ၊ ကဲ ရပြီလား''
"အဟွန်း ရပြီ ရပြီ၊ ပေးတဲ့ဆုတွေနဲ့ အားလုံးပြည့်ရပါစေ''
ဂုဏ်ကတော့ ပီတိတွေဖြာပြီး ပေးတဲ့ဆုနဲ့ပြည့်ရပါစေ ဘာညာပြောနေတာ။ ပူတူးကတော့ ရှက်လို့ထင်ပါရဲ့။ ခေါင်းပင်မော့မလာတော့ပဲ သူမလက်ကို ဆုပ်ကိုင်ထားသည့် သူ့လက်ကို မသိမသာ ဆွဲဆွဲဆိတ်နေတော့၏။
ပွဲထဲကလူတွေကို လိုက်နှုတ်ဆက်ရင်းမှ ကိုကို့ကိုတွေ့တာကြောင့် ခက် ကိုကို့အနားကိုပြေးသွားလိုက်ပြီး..
"ကိုကို့''
"ဘာကိုကိုလဲ ကိုကိုက ဒီမှာနော် ပူတူး''
ဝသန့်ခါးကိုဖက်ပြီး အပီအပြင်ချွဲဖို့ပြင်နေသည့် ပူတူးကို ဂုဏ် လှမ်းသတိပေးလိုက်တော့ သူမလေးက မျက်စောင်းလေးထိုးကာ နှုတ်ခမ်းမဲ့ပြ၏။ ဝသန်ကတော့ သူ့ကို အမြင်ကပ်သလို ပေစောင်းစောင်းကြည့်ကာ...
"ကိုမျိုးရိုးဂုဏ်လုပ်မှ ကျွန်တော့်မှာ ကိုကိုကနေ ချက်ချင်းလက်ငင်းကြီး ကိုကြီးတွေ ဘာတွေကို ဖြစ်လို့''
"မတတ်နိုင်ဘူးကွာ၊ ငါနဲ့ မင်းကို အတူတူခေါ်နေရင် မကြိုက်လို့လေ''
"ဒါဆိုရင် ခင်ဗျားကနောက်လူပဲ၊ ခင်ဗျားကို တခြားဟာခေါ်ခိုင်းလေဗျာ၊ ဘယ်နှယ့် ကျွန်တော့်ကို ပြင်ခေါ်ခိုင်းရတာလဲ''
"တခြားနာမ်စားမကြိုက်လို့လေ၊ မင်းက ဘယ်လိုခေါ်ခေါ်လိုက်ပါတယ်''
"တကယ့်ကို မနိုင်ဘူးပဲ၊ ကြည့်ပါဦး ငါ့ညီမလေး အရမ်းလှနေတာကွာ၊ သူများကို ပေးရမှာတောင် နှမြောတယ်''
ဝသန် သစ်ခက်ရဲ့နောက်မှာရပ်နေသည့် ဂုဏ့်ကိုကြည့်ရင်း ဆိုလိုက်တော့ ဂုဏ်က နှုတ်ခမ်းကို တွန့်ခနဲနေအောင်ပြုံးကာ..
"နှမြောရအောင် ပူတူးကို မင်းတို့ပိုင်တော့တာမှမဟုတ်ဘဲ၊ ဒီမှာ တွေ့လား လက်ထပ်စာချုပ်၊ အခုက စပြီးပူတူးကို ငါပဲပိုင်တော့တာ၊ နှမြောချင်း နှမြော ငါကပဲနှမြောရတော့မှာ''
"အို.. ကိုကိုကလဲ''
"ဘာလဲ မဟုတ်ဘူးလား၊ ကိုယ်ပြောတာမှားလို့လား''
"မသိဘူး မသိဘူး ဘာမှလာမပြောနဲ့တော့''
ခက် ကိုကို့ကို မျက်စောင်းလေးထိုးလိုက်ပြီးမှ တစ်ဖက်ပြန်လှည့်ကာ..
"ကိုကို့ ဂူးဂူးတို့ကို မတွေ့မိဘူးလား၊ ခက် ရှာနေတာ မတွေ့လို့''
"ဂူးဂူးတို့သားအမိက အလုပ်ကိစ္စနဲ့ ပဲခူးကိုခရီးသွားတယ်တဲ့''
"ဪ...
တိုက်ဆိုင်တာပဲလား၊ တမင်ရှောင်ထွက်သွားတာလားမသိပေမယ့် ခက် စိတ်မကောင်းဖြစ်မိတာ အမှန်။
"ဟေး... ဝသန်''
"ဟာ နေအရိပ်၊ လာကွာ နောက်ကျလှချည်လား''
ရုတ်တရက်ကြီး သူမတို့အနားရောက်လာသည့် ကိုနေအရိပ်နှင့်အပြိုင် ခက်ရဲ့နောက်မှာရပ်နေသည့် ကိုကိုကလဲ ခက်ရဲ့ဘေးကိုလာရပ်ပြီး ခါးကိုပါ ဖက်ထားလိုက်သေး၏။
"အေးကွာ ကိစ္စလေးတွေရှိနေလို့ နောက်ကျသွားတာ၊ သစ်ခက်လေး အရမ်းလှတယ် သိလား၊ ကိုယ်နဲ့စေ့စပ်တဲ့နေ့ကထက် ပိုလှတယ်''
"နေအရိပ်''
ရန်စသလို ပြောနေသည့် နေအရိပ်ကြောင့် ဝသန် ဝင်ဟန့်လိုက်ပေမယ့် နေအရိပ်က ဂရုမစိုက်စွာပင်...
"ကိုမျိုးရိုးဂုဏ်သာ မင်းကို ကိုယ့်ဆီက လုမယူခဲ့ရင် ဒီအချိန် မင်းဘေးမှာရှိနေမယ့်သူက ကိုယ်ပေါ့ ဟုတ်တယ်မလား''
ဘောင်လွတ်နေသည့် စကားတွေရဲ့နောက်မှာ ဂုဏ့်ရဲ့ဒေါသတွေ အတားအဆီးမရှိ ထွက်လာတော့သည်။ သို့ပေမယ့် သူတစ်ခုခုလုပ်မှာကို စိုးရိမ်နေသည့် မျက်လုံးလေးများဖြင့် ကြည့်နေသည့် ပူတူးကြောင့် စိတ်အချဥ်ပေါက်နေပေမယ့် ပြုံးပဲ ပြုံးလိုက်ပြီး..
"ဒုသနသော ဆိုတာကို မင်းနားလည်မယ်ဆိုရင် ဒီလိုစကားတွေ ပြောမှာမဟုတ်ဘူးလို့ ငါထင်တယ် နေအရိပ်၊ မင်းနဲ့ပူတူးရဲ့ မင်္ဂလာပွဲဆိုတာကလဲ မင်းစိတ်ကူးယဥ်ပြီး ငရဲယူနေတဲ့အရာတစ်ခုပဲ၊ ငရဲဆိုတာကို သေမှေရာက်ရမယ့်နေရာဆိုပြီး မင်း မကြောက်မလန့် ပြောနေဆိုနေတာတွေကို ရပ်တန်းကမရပ်ဘူးဆိုရင် မသေခင်လဲ ငရဲေရာက်နိုင်တဲ့အကြောင်း ငါသက်သေပြပေးသွားမယ်၊ ဘယ်လိုလဲ မင်းစိတ်ဝင်စားရင် ထပ်ပြီး စိတ်ကူးယဥ်ကြည့်မလား''
ဒါ ကိုကို အတော်လေး ဒေါသထိန်းပြီးပြောနေတယ်ဆိုတာကို ခက်နားလည်သည်။ ကိုကို့ရဲ့ အသံတွေက အံကြိတ်ပြီးပြောနေသည့်ပုံမို့ ဘယ်လောက်တောင် ဒေါသထွက်နေလဲဆိုတာ ခက် တွေးပင်မတွေးရဲ။
တင်းမာနေသည့် လူနှစ်ယောက်ကြားတွင် ခက်နဲ့ ကိုကြီး ကြောင်ပြီး ရပ်နေမိစဥ် အနားကို ဖျတ်ခနဲရောက်လာသည့် လူရိပ်ကြောင့် ခက်မော့ကြည့်လိုက်တော့...
"သားခဏ၊ မေမေက သမီးကို မေမေ့မိတ်ဆွေတွေနဲ့ မိတ်ဆက်ပေးချင်လို့''ဆိုပြီး ခက်ကို ကိုကို့အနားကနေဆွဲထုတ်လာသည့် ကိုကို့ရဲ့မေမေ။
ပွဲထဲမှာရှိသမျှ လူတွေအားလုံးကို ခက်နဲ့လိုက်ပြီး မိတ်ဆက်ပေးနေသမျှ ကိုကိုကလဲ ခက်အနောက်ကနေ မနားမနေလိုက်လာသည်။ ဒီကြားထဲ ကိုကို့ရဲ့အစ်မဆိုသူက ဖျတ်ခနဲ ဖျတ်ခနဲ ရောက်ရောက်လာပြီး သူမရဲ့အသိတွေနဲ့ မိတ်ဆက်ပေးပြန်သေးသည်။
ဟိုလူ့ပြုံးပြ ဒီလူ့ရယ်ပြဖြင့် ခက် ဧည့်ခံနေပေမယ့် ကိုကို့မျက်နှာကြီးကတော့ စူပုတ်နေတာမို့ လူတွေအလစ်တွေ ခက် ကိုကို့ကို လေသံခပ်တိုးတိုးလေးဖြင့်....
"ကိုကို ဘာဖြစ်နေတာလဲဟင်''
"ဘာဖြစ်လို့လဲ''
"မသိဘူးလေ ကိုကို့မျက်နှာကြီးက စူပုတ်နေတာကို၊ ခက်ကို စိတ်ဆိုးနေတာဆိုရင်လဲ...
"ပူတူးကို စိတ်ဆိုးတာမဟုတ်ပါဘူး''
"ဒါဆို ဘယ်သူ့ကို စိတ်ဆိုးတာလဲ''
ခက် သူများတွေရိပ်မိသွားမှာစိုး၍ တိုးတိုးကြိတ်ကြိတ်မေးလိုက်တော့ ကိုကိုက ခပ်လှမ်းလှမ်းမှာရှိနေသည့် ကိုကို့မေမေနဲ့ မမအနွယ်ဂုဏ်ကို မျက်စောင်းထိုးကြည့်ပြီး...
"မင်းကို ကိုယ့်အနားကနေ ဆွဲထုတ်နေကြတဲ့သူတွေကို''
"အို... ကိုကိုကလဲ မမတို့က ခက်ကို လိုက်မိတ်ဆက်ပေးနေတာပါ''
"ကိုယ်နဲ့အတူ မိတ်ဆက်ပေးလို့ရတာပဲကွာ၊ ဘာလို့ မင်းကိုပဲ ခွဲခွဲထုတ်နေရတာလဲ''
"ကိုကိုနဲ့တော့ ခက်တော့တာပါပဲ''
"မခက်နဲ့၊ မင်းကို အပိုင်ရဖို့ ကြိုးစားထားရတာ ကိုယ်နော်၊ အဲ့တော့ ကိုယ်ကပဲ မင်းလက်ကိုဆွဲပြီး ထုတ်ကြွားမှာ၊ တခြား ဘယ်သူမှ အကြွားမခံနိုင်ဘူး''
ထိုသို့ဆိုပြီး ခက်ရဲ့လက်ကိုဆွဲကာ သူ့လက်ကိုချိတ်လိုက်သည့် ကိုကို့ကြောင့် ခက် သက်ပြင်းလေးချလိုက်ကာ ''တော်တော် အကဲပိုပါလား''လို့ တွေးလိုက်မိတော့သည်။
>>>>>>>>>><<<<<<<<<<
အားပေးတဲ့ အသဲတွေအားလုံးကို ကျေးဇူးတင်ပါတယ်😘😘
အမှားပါသွားရင် ချစ်တဲ့စိတ်နဲ့ ဝေဖန်ပေးကြပါ😁😁
အပိုင်း(၂၆)မျှော်
စာရေးသူ-Merida(Tulip)