book

Index 23

အပိုင်း(၂၃)

  • Author : Merida
  • Genres : Romance, Comedy, Drama

🎗🎗 နှောင်ကြိုး 🎗🎗


~~~~~~~~~~


မနက်ခင်းရဲ့ နေရောင်ခြည်နုနုလေးရဲ့အောက်မှာ ဂုဏ့်ရဲ့ ကားလေးက နူးညံ့ခြင်းမရှိဘဲ အရှိန်ကုန် မောင်းနှင်လာပြီး နှင်းဆီမြိုင်စံအိမ်ကို ရောက်ရှိလာ၏။


ကားကို စင်ဝင်အောက်မှာ ရပ်ပြီးတာနဲ့ လူက ကားပေါ်မှ ချက်ချင်းဆင်းကာ ခြံနောက်မှာရှိသည့် အိမ်လေးဆီ တလွှားလွှားလျှောက်သွားလိုက်၏။


"ဟော.. မောင်မျိုးရိုးဂုဏ်ပါ့လား''


အိမ်လေးဆီမရောက်ခင် မာလကာပင်ကြီးနားတွင် ဒေါ်သက်ထားနဲ့တွေ့တာကြောင့် ဂုဏ် ပြုံးပြရင်းမှ..


"ဟုတ်ကဲ့ အန်တီ ကျွန်တော် ညကတည်းက ပူတူးကို ဖုန်းခေါ်နေတာ၊ အဲ့ဒါ ဖုန်းမကိုင်လို့ လိုက်လာလိုက်တာ၊ ပူတူးရှိတယ်မလား''


"အယ်.. သမီးက ကျောင်းသွားတယ်လေကွယ်''

"ကျောင်းသွားတယ်''


"ဟုတ်တယ် ညကတည်းက သမီးက ကေ​ျာင်းပြန်တက်ချင်တယ်ပြောလို့ သားက ခွင့်ပြုရင်တက်ပေါ့လို့ ပြောတော့ သားက ခွင့်ပြုပြီးသားဆို၊ မဟုတ်ဘူးလား''


ဒါ ပူတူး သပ်သပ်လူလည်ကျသွားတာ။

သူမ ကျောင်းပြန်တက်ဖို့ကိစ္စနဲ့ပတ်သတ်ပြီး စကားများထားတာကိုပင် ဂရုမစိုက်ဘဲ သူရွဲ့ပြောလိုက်တဲ့ တက်ချင်တက်ဆိုတာကိုတော့ အတည်ယူသွားတယ်ပေါ့လေ။ နေနှင့်ဦးတော့ ပြီးမှ ကျောင်းထိကို လိုက်ဆူပစ်ဦးမယ်။


အခုတော့ အန်တီ သူမလေးကို မဆူအောင် ကြည့်ပြောရဥိီးမှာမို့ သူ ဟန်ဆောင်ပြုံးလေး ပြုံးလိုက်ကာ...


"ဟုတ်တယ် အန်တီ၊ သူက ပြန်တက်ချင်တယ်ပြောထားလို့ ကျွန်တော်ခွင့်ပြုထားတာ၊ ဒီလောက်မြန်မြန်ကြီး ပြန်တက်လိမ့်မယ်လို့တော့ ထင်မထားဘူး၊ လက်ထပ်ပြီးမှ တက်မယ်ထင်ထားတာ''


"အေးကွယ် သမီးက တစ်ခါတစ်ခါ အဲ့လိုပဲ၊ သူလုပ်ချင်တာဆို ဇွတ်၊ သားကပဲ နားလည်ပေးလိုက်ပါကွယ်''


"ဟုတ်ကဲ့ဗျ၊ ဒါဆို ကျွန်တော် ကျောင်းကို လိုက်သွားလိုက်ပါဦးမယ်''


"အေး အေး''

"သွားခွင့်ပြုပါဦး အန်တီ''


"အေးကွယ်''


ဂုဏ် ထိုနေရာကနေ ကားရှိရာကို ခပ်မြန်မြန်လေး လျှောက်သွားလိုက်ပြီး ကားပေါ်တက်ရန် တံခါးဖွင့်လိုက်စဥ်...


"ဂုဏ် ဘယ်လာတာလဲ''

"ပူတူးဆီလာတာပေါ့ ဒီအိမ်ကို ငါလာစရာအကြောင်းက ဒါပဲရှိတာကို''


ပြတ်ပြတ်သားသားကြီး ဖြေလိုက်သည့် ဂုဏ့်ကြောင့် နှင်းစက် အောင့်သက်သက်ဖြစ်သွားပေမယ့် မျက်နှာကို ပုံမှန်ဖြစ်အောင်ပြင်လိုက်ပြီး


"မိခက်က မရှိဘူးထင်တယ်၊ မနက်က ဝသန်နဲ့ အပြင်ထွက်သွားတာ မြင်လိုက်တယ်''


"အင်း ကျောင်းသွားတယ်တဲ့''


"ကျောင်းသွားတယ်၊ သူက ကျောင်းဆက်တက်မလို့လား၊ အိမ်ထောင်ကျပြီးနေတာကို ဘာကိစ္စနဲ့ ကျောင်းဆက်တက်ဦးမှာလဲ၊ နင်ကလဲ ဘာမှမပြောဘူးလား''


"ငါက ဘာပြောရမှာလဲ၊ သူလဲ သူ့ရည်ရွယ်ချက်န့ဲသူရှိမှာပေါ့''


စိတ်ထဲမှာတော့ သူမလေး ကျောင်းဆက်တက်တာကို ဘဝင်မကျပေမယ့် ဘာမှမဖြစ်သလိုပဲ သူ ပြောလိုက်၏။ နှင်းစက်ကလဲ သူပြောတာကို လက်ခံသည့်သဘောဖြင့် ေခါင်းလေးငြိမ့်ကာ..


"အေးပေါ့ သူလဲ သူ့ရည်ရွယ်ချက်တွေရှိမှာပေါ့၊ ဒါပေမယ့်နော် သူက ကျောင်းမှာ အရမ်းရေပန်းစားတာ၊ ရေပန်းစားတာလဲမပြောနဲ့ သူက ကျောင်းမှာ The whole queenလေ''


"The Whole Queen? "


"ဟုတ်တယ်လေ အယ်.. နင်က မသိဘူးလား၊ နင်လဲသိတဲ့အတိုင်းပဲ သူဘယ်လောက်လှလဲဆိုတာကို''


သိတာပေါ့။ သူမလေး ဘယ်လောက်အထိ လှပြီး ဘယ်လောက်တောင် ချစ်စရာကောင်းလဲဆိုတာ အားလုံးထက် သူအသိဆုံး။ ဒါကြောင့်လဲ သူများတွေလက်ထဲပါမှာစိုးလို့ မရမက အပိုင်သိမ်းထားရတာ မဟုတ်လား။


နှင်းစက် မျက်နှာပျက်သွားသည့် ဂုဏ့်ကို အကဲခတ်ကြည့်လိုက်ပြီး နှုတ်ခမ်းလေးတွန့်ရုံပြုံးလိုက်ကာ...


"မနေ့ကတောင် နေအရိပ်က မိခက်ကို မေးနေသေးတယ်၊ အိမ်မှာရှိတယ်ဆိုတော့ လာတွေ့ဦးမယ်ဆိုပြီး ပြောနေသေးတာ''


"နေအရိပ်ကလား''

"အွန်း''


"တောက်''


ဒီလောက်လေးဆွပေးလိုက်ရုံနဲ့ မျက်နှာကြီးနီရဲကာ ဒေါသတွေထွက်ပြီး တောက်ခေါက်နေသည့် ဂုဏ့်ကြောင့် နှင်းစက် ကျေနပ်သွား၏။


!!! ငါမပျော်ရရင် နင်တို့လဲ စိတ်ချမ်းသာရမယ်မထင်နဲ့ !!!


ထို့နောက် ဘာစကားမှပြန်မပြောတော့ပဲ ကားပေါ်တက်သွားတဲ့ ဂုဏ်ကြောင့် သူမလဲ ကားပေါ်အမြန်တက်လိုက်တော့ ဂုဏ်က သူမကို မျက်မှောင်ကြုတ်ကြီးဖြင့် ပြန်ကြည့်လာပြီး...


"မင်းက ဘာကိစ္စ ကားပေါ်တက်တာလဲ''

"နင်အခု မိခက်ဆီသွားမှာမဟုတ်လား၊ နှင်းစက်လဲ အခုပဲ မိခက်တို့ကျောင်းကို သွားဖို့ပြင်နေတာ''


"ပူတူးတို့ကျောင်းကို မင်းက ဘာကိစ္စရှိလို့လဲ''

"နှင်းစက်သူငယ်ချင်းတစ်ယောက်က တက္ကသိုလ်မှာTutorလေ၊ အဲ့ဒါ သွားတွေ့မလို့ကို

ကားကလဲ မအားဘူးဖြစ်နေတာ၊ အခု လမ်းကြုံလို့ လိုက်ခဲ့မလို့လေ မရဘူးလား''


"မရတာတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် ငါက ပူတူးကိုခေါ်ပြီး အပြင်သွားမှာ၊ မင်းကို ပြန်လိုက်ပို့နိုင်မှာ မဟုတ်ဘူး''

"ရပါတယ်ဟာ အခု လိုက်လို့ရရင်ကိုဖြစ်ပြီ''


"ဒါဆိုလဲ ပြီးတာပဲ''


ဂုဏ် အမှန်ဆို မခေါ်ချင်ပေမယ့် ငြင်းလို့လဲ မကောင်းတာကြောင့် ခေါ်လာခဲ့ရ​ေတာ့၏။ 


>>>>>>>>>><<<<<<<<<<


"ဒါဆို နင်တကယ် လက်ထပ်တော့မှာပေါ့ ဟုတ်လား ခက်''


ကန်တင်းဘက်ကိုလျှောက်လာရင်းမှ မေးနေတဲ့ ဂူးဂူးကို သူမပြန်လှည့်ကြည့်ရင်း...


"အင်း ဟုတ်တယ် ဒီတစ်ပတ်ထဲပဲ''

"ဒါဆို တကယ်ကြီးပေါ့''


"တကယ်ပါဆို နင့်ကို ကိုကြီးက မပြောပြဘူးလား''

"ဘယ်က ကိုကြီးလဲ''


ဂူးဂူးပြန်မေးမှ ခက် ရယ်ချင်သွား၏။

ဟုတ်ပါရဲ့ ကိုကို့ကို ကိုကြီးလို့ ပြောင်းခေါ်နေရတဲ့အဖြစ်ကို ဂူးဂူးမှမသိပဲ။


"ဟဲ့ ခက် ဘယ်က ကိုကြီးလဲလို့''

"ကိုကို့ကိုပြောတာ''


"ဟင်... ကိုကိုဝသန့်ကို ကိုကြီးဟုတ်လား၊ နင်ဘာတွေစတန့်ထွင်နေတာလဲ၊ ကိုကိုဆို ကိုကိုပေါ့ ဘာကို ကိုကြီးလဲ''


"နင်မသိပါဘူးဟာ"

"အေးလေ မသိလို့ မေးတာပေါ့၊ ထိုင်လေ နင်က ဘာစားမှာလဲ''


ကန်တင်းက ဆိုင်ထဲဝင်ထိုင်ရင်း ဂူးဂူးကမေးတော့ ခက် ခေါင်းလေးရမ်းကာ..


"ဟင့်အင်း ခက်က မနက်စာ စားခဲ့ပြီးသား''

"ဟုတ်လား ဒါဆိုလဲ ဂူးကို ခဏစောင့်ပေးနော်''


"အင်း အင်း''


ခက် ဂူးဂူးကိုစောင့်ပေးရင်းနဲ့ လွယ်အိတ်ထဲမှ စာအုပ်တစ်ချို့ကို ထုတ်ကာ..


"ဂူးဂူး ခက်ကို စာတွေပြန်ရှင်းပြဦးနော်''

"အေးပါ''


"ပြီးတော့ အပြန်ကျရင် စာအုပ်လဲငှားဦး''

"ယူသွား ယူသွား၊ ဂူးက နင့်ကို ကျောင်းပြန်တက်မယ်လို့ ထင်မထားဘူးရယ် သိလား''


"ဘာလို့လဲ''

"ဘာလို့ရမှာလဲ၊ နင့်ရဲ့ဟိုလူကြီးကြောင့်ပေါ့၊ နင့်ကို သူက ကျောင်းပြန်တက်ခိုင်းမယ်လို့ မထင်လို့လေ''


ဂူးဂူး ဒီလိုပြောတော့ ခက် နှုတ်ခမ်းကို မသိမသာလေး မဲ့ချလိုက်ကာ..


"သူ မတက်ခိုင်းလဲ ခက် တက်ချင်ရင်တက်မှာပေါ့''

"အခု သူက မတက်ခိုင်းလို့လား''


"မဟုတ်ပါဘူး''


ထို့နောက် ဂူးဂူးက လာချပေးတဲ့မုန့်တွေကိုသာ အာရုံစိုက်ပြီး စားနေသလို ခက်ကလဲ ကျောင်းမလာလို့ လွတ်သွားတဲ့ စာတွေကို ပြန်ကြည့်နေရတာကြောင့် ခက်တို့ စားပွဲဝိုင်းလေးငြိမ်ကျသွား၏။


"ခက်''

"ဟင်''


"ဟိုမှာ နင့်လူကြီးမလား''

"ဘယ်မှာလဲ''


"ဟိုမှာလေ နင့်နောက်မှာ''


သူမကျောပေးထားတဲ့ဘက်ကို ကြည့်ပြီး ပြောနေတဲ့ ဂူးဂူးကြောင့် ခက် နောက်ပြန်လှည့်ကြည့်လိုက်၏။


ဟုတ်ပါရဲ့။ 

ကိုကိုမှ ကိုကို အစစ်။

ကာကီရောင် ဘောင်းဘီရှည်ကိုဝတ်ထားသည့် ကိုကိုက အပေါ်ပိုင်းမှာတော့ အနက်ရောင် ရှပ်လက်တိုကို အပေါ်ဆုံးက ကြယ်သီးနှစ်လုံး ဖြုတ်ဝတ်ထား​သေး၏။


"ဟဲ့ ခက် ခက်၊ သူ့ဘေးက နင့်မမကြီးမလား၊ ဟုတ်လား''

"အွန်း ဟုတ်တယ်''


လမ်းလျှောက်လာရင်းကပင် မမကြီးနဲ့ ဘာတွေပြောပြီး ဒီလောက်သဘောကျနေသည်မသိ။

မမကြီးကို ပြန်လှည့်ကြည့်လိုက် ရယ်လိုက်ဖြင့် ပတ်ဝန်းကျင်ကိုပင် ဂရုမစိုက်နိုင်လောက်အောင် ဖြစ်နေသည့် ကိုကိုက သူမကိုလဲ မြင်သည့်ဟန်မရှိ။


ဒါ့ကြောင့် ခက် ကိုကို့ကို အဝေးကနေ မျက်စောင်းထိုးပစ်လိုက်ပြီး ဒီဘက်ကို ချာခနဲ ပြန်လှည့်ပစ်လိုက်တော့ ဂူးဂူးက သူမကို စိုက်ကြည့်ကာ...


"နင့်ဆီလာတာ ထင်တယ်နော်''

"မဟုတ်ပါဘူး၊ သူ့ကိစ္စနဲ့သူ လာတာ​နေမှာ​ေပါ့''


"ဟုတ်ပါ့မလား၊ ဂူးသိတာကတော့ သူက နိုင်ငံခြားမှာပဲ ကျောင်းတက်ပြီး အဲ့ဒီ့ကပဲ ဘွဲ့ရလာတာဆို၊ အဲ့ဒါဆိုရင် တို့ကျောင်းကို လာစရာ ဘာကိစ္စရှိမှာလဲ''


"သူ့အသိတွေ ဘာတွေရှိလို့နေမှာပေါ့၊ မမကြီးတောင် ပါလာတယ်ဆိုတော့ ခက်ဆီလာတာ မဟုတ်ပါဘူး''


ပုံမှန်အတိုင်းဖြစ်အောင် ထိန်းပြောနေပေမယ့် ခက်ရဲ့မျက်နှာလေးကတော့ စူပုတ်ပုတ်လေးပင်။


"ဟဲ့ မဟုတ်ဘူးဟဲ့၊ ဒီဘက်ကို လာနေတာ၊ နင့်ဆီလာတာ နေမှာပါဟယ်၊ ထ သွားခေါ်လိုက်လေ''

"မခေါ်ချင်ပါဘူး"


"ဘာလဲ နင်တို့ ရန်ဖြစ်ထားလို့လား''

"မဖြစ်ပါဘူး''


"ဒါဆို သွားခေါ်လိုက်ပါဟ''

"မခေါ်ချင်ပါဘူးဆို၊ ခက်ဆီလာတာဆိုရင် ခက်ကိုမြင်ရင် သူ ခက်ရှိတဲ့နေရာ လာလိမ့်မယ်ပေါ့''


"ဟဲ့ ဟိုက မမြင်ရင် ဘယ်လိုလုပ်မလဲ''

"မမြင်ရင် မလာနဲ့ပေါ့ဟာ''


အစက သူ့ကိုခွင့်မတောင်းဘဲ ကျောင်းလာလို့ လိုက်ဆူတယ်လို့ ထင်လိုက်ပေမယ့် မမကြီးပါပါလာတာမို့ ခက် စိတ်ထဲ ဘာကိုမှန်းမသိ မကျေမနပ် ဖြစ်မိသည်။ 


ဒါ့ကြောင့် ခက် အနားမှာရှိတဲ့ ဂူးဂူးကို မချေမငံပြောလိုက်တော့ ဂူးဂူးက သူမကို ထူးဆန်းသလိုကြည့်နေပြန်၏။


"ပူတူး''


သူမဘေး လာရပ်ပြီး ထိုင်နေသည့် သူမရဲ့ခေါင်းလေးကို လက်ဖြင့် အသာလေးပွတ်သပ်ကာ ခေါ်လိုက်သည့် ကိုကို့ကြောင့် ခက် ဆတ်ခနဲမော့ကြည့်လိုက်တော့ ကိုကိုက သူမကို ခပ်တည်တည်ဖြင့်ကြည့်ကာ...


"ကျောင်းသွားမှာကို ကိုယ့်ကို ဘာလို့မပြောတာလဲကွ''

"မပြောချင်လို့ပေါ့''


"မပြောချင်လို့''


သူ့ကို ရန်လိုသည့်မျက်လုံးများဖြင့်ကြည့်ကာ စူပုတ်ပုတ်လေးဖြစ်နေသည့် ပူတူးကြောင့် ဂုဏ် ဘာအမှားလုပ်မိလဲဆိုတာ ပြန်တွေးရ၏။


မဟုတ်မှလွဲရော။ မနေ့က ကိစ္စတွေကို အခုထိ စိတ်မပြေသေးလို့များလား။


"ဂုဏ် ဒါဆို နှင်းစက် သူငယ်ချင်းဆီသွားတော့မယ်၊ လိုက်ပို့ပေးတာ ကျေးဇူးပဲနော်''

"အိုခေ''


ဘာလဲ။ တကယ်ပဲ သူမဆီလာတာမဟုတ်ဘဲ မမကြီးကို လိုက်ပို့တာလား။ 


နှုတ်ဆက်ပြီးထွက်သွားသည့် မမကြီးကို ခေါင်းငြိမ့်ပြီး အိုခေပြန်ပြောနေသည့် ကိုကို့ကိုကြည့်ကာ ခက် ဘာကြောင့် ဒေါသထွက်ရတာလဲ။


"ကန်တင်းလာပြီး ဘာမှလဲ မစားဘူးလား''

"စားခဲ့ပြီးပြီ''


"ဪ... ဒါဆို သူငယ်ချင်းနဲ့အဖော်လိုက်လာတာပေါ့"


"အင်း"


"ဘာမှမစားဘူးဆိုရင် ကိုယ်နဲ့ခဏလိုက်ခဲ့ဦး''


ဘယ်လဲဆိုသည့် အကြည့်မျိုးဖြင့် ပြန်ကြည့်လာသည့် ပူတူးကို သူပြုံး​ြပလိုက်ပေမယ့် သူမလေးကတော့ ခပ်တည်တည်ပင်။


"ပူတူးကို ခဏခေါ်သွားလိုက်ဦးမယ်''

"ဟုတ်ကဲ့ ရပါတယ်''


"လာ ပူတူး''

"ဟင့်အင်း ခက် မလိုက်ဘူး''


သူ လှမ်းဆွဲလိုက်သည့် လက်ကလေးကို ဆတ်ခနဲခါထုတ်ပစ်လိုက်တာကြောင့် ဂုဏ် အနည်းငယ် ကြောင်သွား၏။ 


ကြောင်သွားတယ်ဆိုတာထက် သူစိမ်းတစ်ယောက်ရဲ့ရှေ့မှာမို့ သူမလေးရဲ့လုပ်ရပ်ကို ဒေါသဖြစ်သွားတယ်ဆိုရင် ပိုမှန်လိမ့်မည်။ 


ဒါ့ကြောင့် မျက်နှာကိုတင်းပစ်လိုက်ပြီး သူကိုယ်တိုင် သူမရဲ့စာအုပ်တွေကို လွယ်အိတ်လေးထဲ ကောက်ထည့်ကာ လွယ်အိတ်လေးနဲ့အတူ လက်တစ်ဖက်ကိုပါဆွဲလိုက်ပြီး...


"အသာတကြည်ခေါ်တုန်း လိုက်ခဲ့ ပူတူး၊ ကိုယ် စိတ်မရှည်ရင် ဘယ်လိုပုံစံလဲဆိုတာ မင်းအသိဆုံးမဟုတ်လား၊ လာ''


"မလိုက်ချင်ပါဘူးဆိုမှ ဘာလို့ ဇွတ်ခေါ်နေတာလဲ''


"မင်းပါမှ ဖြစ်မယ့်အကြောင်းအရာ ရှိလို့ပေါ့''

"မလိုက်ဘူးလို့ဆို....


သူမ ဘယ်လောက်ငြင်းငြင်း နောက်ဆုံးတော့ သူခေါ်ရာနောက် ခြေလေးဆောင့်ကာ လိုက်သွားရ၏။


"ဘယ်သွားမှာမို့လို့လဲ''

"မင်္ဂလာပွဲအတွက် ဝတ်စုံသွားချုပ်ဖို့လေ''


"ဘာမင်္ဂလာပွဲလဲ၊ ခက်တို့မှ ပွဲမလုပ်တာကို''


"ကိုယ်သိတယ်၊ ဘာပွဲမှမလုပ်ပေမယ့် လက်မှတ်တော့ ထိုးမယ်မဟုတ်လား၊ တက် ကားပေါ်ကို''


ကားတံခါးဖွင့်ပေးရင်း ပြောလိုက်တာမို့ ခက် ကားကိုတစ်ချက်ကြည့်ကာ..


!!! ဟင့် မမကြီးကိုလိုက်ပို့ရင်းနဲ့ မကောင်းတတ်လို့ လမ်းကြုံဝင်ခေါ်တာနေမှာပေါ့ !!!


"ဝတ်စုံချုပ်ဖို့သပ်သပ်ဆိုရင် ခက် မလိုက်တော့ဘူး၊ လက်မှတ်ထိုးတဲ့နေ့ ဝတ်ဖို့လောက်ကတော့ ခက် မှာလဲ ရှိပါတယ်၊ အသစ်ချုပ်ဖို့မလိုပါဘူး''


ဖြန့်ချထားသည့် သူမရဲ့ဆံနွယ်ရှည်ရှည်လေးတွေ ယိမ်းခါသွားသည်အထိ ခေါင်းလေးမော့ကာ မော့ကာဖြင့် ပြောနေသည့် ပူတူးကိုကြည့်ကာ အသည်းယားလွန်းလို့ အံကို ကျိခနဲနေအောင်ကျိတ်လိုက်ပြီး... 


"ဒါ မင်္ဂလာပွဲနော်၊ မင်းရဲ့တစ်သက် ကိုယ်ရဲ့တစ်သက်မှာ တစ်ခါပဲလုပ်ရမယ့် မင်္ဂလာပွဲ၊ မင်းအတွက် ကိုယ်က အရေးမပါတဲ့လူတစ်ယောက်ဖြစ်နေလို့ ဒီပွဲကို မင်းအရာမသွင်းပေမယ့် ကိုယ့်အတွက် ဒီလိုမဟုတ်ဘူး၊ ထပ်ပြောရင်လဲ ဒီအကြောင်းတွေပဲ အပ်ကြောင်းထပ်နေလိမ့်မယ်၊ ကျေးဇူးပြုပြီး ကိုယ်နဲ့ အငြင်းအခုံမလုပ်ပါနဲ့ ပူတူးရာ''


"အငြင်းအခုံလုပ်တာ မဟုတ်ပါဘူး၊ ခက် ​မလုပ်ချင်တာကို မလုပ်ချင်ဘူးလို့ ပြောလို့မရဘူးလား၊ အမြဲတမ်း ခက်ကပဲ ကိုကို့အကြိုက်လိုက်နေရတာကို၊ တစ်ခါလောက်လေးတောင် ခက်သဘောအတိုင်း လုပ်ပေးလို့မရဘူးလား''


"နောက်တစ်ခါကျရင် ပူတူးသဘောအတိုင်းဖြစ်စေရမယ်၊ အခုတော့ ကားပေါ်တက်လိုက်တော့''


ဂုဏ် ရွတ်ပေပေလေးလုပ်နေသည့် ပူတူးကို ကားထဲအတင်းတွန်းထည့်လိုက်တော့ ကားထဲကို ရောက်သွားပေမယ့် သူမလေးက ပြန်ဆင်းရန်အတွက် ခြေထောက်တွေကို ကားပြင်ထုတ်လိုက်တာကြောင့် တံခါးပိတ်တော့မယ့် သူ့လက်တွေကို ပြန်ဘရိတ်အုပ်လိုက်ရ၏။


"ပူတူး ဘယ်လိုလုပ်တာလဲကွ၊  ဒီမှာ မင်းခြေထောက်ညပ်တော့မလို့''


"ခက် မလိုက်ချင်ဘူးဆိုနေတာကို''

"မရဘူးလို့ ပြောနေတာကို မင်းနားမလည်ဘူးလား''


သူမ ခြေထောက်လေးညပ်သွားမှာကို စိုးရိမ်ဒေါသဖြစ်သွားတာကြောင့် သူ အော်ပစ်လိုက်တော့ မျက်နှာလေး မဲ့ကျသွားတာမို့ သူ အသံပြန်လျော့လိုက်ပြီး


"ပူတူးအတွက် ဝတ်စရာ အဝတ်အစားရှိတယ်ဆိုရင်တောင် ကိုယ်က ထပ်ဆင်ချင်သေးတာလေကွာ ေနာ်၊ ပြီးတော့ ကိုယ့်မှာက လက်မှတ်ထိုးတဲ့အချိန်ဝတ်ဖို့ မြန်မာဝတ်စုံ ဘာညာမရှိဘူး၊ အဲ့ဒါကြောင့်ပါကွာ''


"ဒါဆိုလဲ ကိုကိုပဲ သွားလိုက်ပါ့လား၊ ခက် လိုက်ဖို့မှမလိုတာကို''


"လိုတာပေါ့၊ အခုကစပြီး ကိုယ်ဝတ်မယ့်အဝတ်အစားအားလုံးကို မင်းရွေးပေးရတော့မှာလေ နော်''


"ဟင့်အင်း မရွေးပေးဘူး၊ ခက် အတန်းတက်ရဦးမှာ မအားဘူး''


"ပူတူးကမအားဘူးဆိုရင် ကိုကို့ကို ဘယ်သူကရွေးပေးမှာလဲ''


ဂုဏ် မျက်နှာချိုသွေးပြီး ပြောနေပေမယ့် သူမလေးကတော့ မျက်နှာတင်းတင်းဖြင့်သာ။

ဒီကောင်မလေး ဒီနေ့မှ ဘာလို့ ဒီလောက်ဂျီကျနေလဲဆိုတာ တွေးလို့ပင်မရ။


"ေဟ့.. ကိုကိုမေးနေတာဖြေလေ၊ ကိုကို့အတွက် အဝတ်အစား ဘယ်သူရွေးပေးမှာလဲလို့''


"ဟာ... မသိဘူး မသိဘူး၊ ကိုကို့ဟာ ကိုကို ကြိုက်တဲ့သူခေါ်သွား၊ ခက်ကတော့ လုံးဝမရွေးပေးဘူး၊ ခက်ထက် ကိုကို့အကြိုက်ကိုပိုသိတဲ့သူ ရှိ်တယ်မဟုတ်လား၊ အဲ့ဒီ့လူကိုခေါ်သွား''


"ဘယ်သူလဲ၊ အဲ့ဒီ့လူက ဘယ်သူလဲ''


"ကိုကိုသိမှာပေါ့၊ ဒီလောက် လူတွေအများကြီးကြားထဲမှာတောင် ကိုကိုတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်မောနေကြသေးတာပဲ၊ အဲ့ဒီ့လူ ဘယ်သူလဲဆိုတာ ခက်ပြောပြနေဖို့ လိုသေးလို့လား''


မကျေနပ်တာဆိုရင် ရင်ထဲသိမ်းမထားတတ်တဲ့အကျင့်အတိုင်း ခက် ပြောပစ်လိုက်တော့ ကိုကိုက သူမကို မျက်မှောင်ကျုံ့ကြည့်နေ၏။ 


ပြီးမှ တစ်ခုခုကိုစဥ်းစားသွားမိဟန်ဖြင့် လက်ခနဲပြုံးကာ..


"နှင်းစက်နဲ့ ကိုယ့်ကို သဝန်တိုနေတာလား''

"မတိုပါဘူး၊ ခက်က ဘာကိစ္စနဲ့ ကိုကို့ကို သဝန်တိုရမှာလဲ၊ ခက်နဲ့ဘာဆိုင်လို့လဲ''


"ကိုယ်က မင်းယောက်ျားမို့လို့လေ''


သူမလေးရဲ့ သဝန်တိုသည့်ပုံစံလေးကို ဂုဏ် ကျေနပ်သွားတာကြောင့် ပြုံးစိစိဖြင့် ပြောလိုက်သော်လည်း...


"ယောက်ျားဆိုတိုင်း ခက်က သဝန်တိုရမှာလား ဟွန့်၊ အစကတည်းက ကိုကို့ကို ခက်အပိုင်လို့ တွေးမထားလို့ ဘယ်သူကောက်ယူသွား ကောက်ယူသွား ခက် လုံးဝဂရုမစိုက်ဘူး''


"ဘာကွ... ဂရုစိုက်ဘူးဟုတ်လား''


"ဟုတ်တယ် ဂရုမစိုက်ဘူး၊ ကိုကို့ဟာ ကိုကို မိန်းမအယောက်တစ်ထောင်ယူလဲ ဂရုမစိုက်တာမို့်လို့ ဒီလောက်ကတော့ ခက်တို့က မမှုဘူး သိရဲ့လား''

"ပူ..တူး..''


"ဘာလဲ?''


သူ ဒေါသအလျောက်အော်လိုက်သလို ပြန်ထူးသည့် သူမအသံကလဲ သူ့ထက်နည်းနည်းမှမလျော့။


"ကိုယ်အခု မင်းကို ဘယ်လောက်ဒေါသထွက်ချင်နေလဲ မင်းသိလား၊ မင်းကို ဒေါသထွက်လို့အော်လိုက်မိပြန်ရင်လဲ မင်းမျက်နှာညှိုးသွားမှာစိုးလို့ ကိုယ် စိတ်ကို မနည်းလျော့ထားရတာနော်၊ မင်းစကားတွေ သိပ်လွန်မလာနဲ့''


"လွန်တယ် လွန်တယ်၊ လွန်တော့ ကိုကိုက ခက်ကို ဘာလုပ်ချင်လို့လဲ၊ ကိုကို့ကိုပြန်ပြောနေလို့ မကျေနပ်ရင်လဲ ကိုကိုဒီပွဲဖျက်ပစ်လိုက်၊ ခက်ဘက်က ဘာမှပြောစရာမရှိဘူး''


"နွေသစ်ခက် မင်းတော်တော်လွန်လာပြီကွ၊ ဘာကိစ္စနဲ့ ငါက ဒီပွဲကိုဖျက်ရမှာလဲ၊ ချစ်လို့ အလိုလိုက်နေတာကို ရောင့်တက်မလာနဲ့၊ သည်းခံနိုင်တဲ့အတိုင်းအတာထက်လွန်လာပြီဆိုရင် မင်း အကောင်းတိုင်းကျန်မှာမဟုတ်ဘူး၊ အခုချက်ချင်း မင်းပါးစပ်ပိတ်ထားလိုက်''


မျက်နှာထား ခပ်တင်းတင်းဖြင့် ပြောနေသည့် ကိုကို့ကို ခက် မော့ကြည့်ပြီးမှ မျက်နှာကို ငုံ့ချပစ်လိုက်၏။ အမှန်ဆိုရင် ခက်လဲ ကိုကို့ကို စိတ်ရှုပ်အောင် မလုပ်ချင်ပါဘူး။ ဒါပေမယ့် မမကြီးနဲ့အတူ လမ်းလျှောက်လာတဲ့ ကိုကို့ပုံစံကြောင့် ခက် စိတ်ထဲ ဘာကိုမှန်းမသိ အလိုမကျဖြစ်လာတာကြောင့် အခုလို ရစ်နေမိခြင်းပါ။


ဂုဏ် သူနည်းနည်းလေးဆူလိုက်တာနဲ့ ချက်ချင်းမျက်နှာ​လေး ညှိုးကျသွားတဲ့ ပူတူးကိုကြည့်ကာ သက်ပြင်းရှည်ကြီး ချလိုက်သည်။


!!! ဘာလို့များ ဒီလောက် ဆိုးချင်ရတာလဲ ပူတူးရာ !!! 


သူ ဘာမှထပ်မပြောပဲ ကားတံခါးကိုင်ပြီး ရပ်နေလိုက်တော့ ပူတူးက ခြေထောက်ဖွေးဖွေးနုနုလေးတစ်စုံကို ကားထဲပြန်သွင်းကာ မလှုပ်မယှက်လေး ထိုင်နေတော့၏။


"ကိုယ်နဲ့အပြင်သွားရမှာကို ဒီလောက်တောင် မကြိုက်တာလား''


ကားထဲဝင်ထိုင်ရင်း မေးလိုက်တဲ့ ကိုကို့ကို ခက် လှည့်မကြည့်ပဲ ခေါင်းလေးခါပြလိုက်၏။


"မကြိုက်ရင် မသွားတော့ဘူး၊ ဆင်းတော့''

"ကိုကိုက သွားရမှ ကျေနပ်မှာမဟုတ်လား၊ ခက်ကို ဂရုစိုက်မနေပါနဲ့''


"ဆင်းတော့လို့ ကိုယ်ပြောနေတာ မကြားဘူးလား''

".......''


"ဆင်းတော့ဆိုနေမှကွာ၊ ငါ့ကို စိတ်တိုအောင်မလုပ်နဲ့ သွား ဆင်းတော့''


"ခက်ကို ကိုကိုပဲ ကားပေါ်အတင်းတက်ခိုင်းထားတာ မဟုတ်ဘူးလား ဟင့်၊ ဆင်းမှာပါ ခက်ကလဲ ကိုကို့ကားပေါ်မှာ အဟင့် တစ်စက္ကန့်လေးတောင် ကိုကို့ကားပေါ်မှာ ခက် မနေချင်ပါဘူး၊ တခြားမိန်းမတွေကိုကျတော့ ကိုကို့ကားပေါ် တကူးတက တယုတယတင်ခေါ်လာပြီးတော့ အဟင့် ဟင့် ခက်ကိုကျမှ ကိုကိုမောင်းချတာမလား ဟင့်၊ ရပါတယ် ကို်ကို့ရဲ့ကားကို ခက် ဘယ်တော့မစီးဘူးမှတ်ထား'' 


သဝန်တိုနေတာတွေကို သူသိနေသည်။

သူအော်လိုက်တိုင်း သူမလေးငိုတတ်တာကိုသိပေမယ့် ကိုယ့်ဒေါသကိုယ် မထိန်းမိတာလဲ အကြိမ်ကြိမ်အခါခါ။ အခုလဲ အော်ပြီးမှ ငိုယိုကာ ကားပေါ်ကဆင်းဖို့ပြင်နေတဲ့ ပူတူးကြောင့် နောင်တတွေရကာ သူမရဲ့လက်လေးကို လှမ်းဆွဲထားလိုက်ပြီး...


"ဆောရီး ဆောရီးကွာ၊ ကိုယ်မှားသွားတယ် ဆောရီးပါကွာ၊ မငိုနဲ့တော့နော်''


"ဖယ်ပါ ခက် ကိုကို့ကားပေါ်မှာ မနေဘူး ဖယ် အဟင့်''


"အေးပါကွာ တကယ် ဆောရီး ဆောရီး''


"ဘာဆောရီးလဲ၊ ကိုကို ခက်ကိုဆို အမြဲတမ်းအော်နေတာပဲ၊ ခက်က ကိုကို့ကို ဘာတွေလုပ်နေလို့လဲ၊ ခက်က ကိုကို့လို ရည်စားတွေရှုပ်နေလို့လား၊ ကိုကိုရှေ့မှာ ကိုကို့လို တခြားတစ်ယောက်နဲ့ သွားလာပြနေလို့လား၊ ခက် မလုပ်ချင်တဲ့ဟာကို မလုပ်ချင်ဘူးလို့ပြောတာ၊ ခက် မသွားချင်တဲ့ နေရာကို မသွားချင်ဘူးလို့ပြောတာလေ၊ အဲ့ဒါ ခက် မှားလို့လား၊ ဘာလို့ ခက်ကို အော်တာလဲ အဟင့် ဟီး ဟီး


သူအတင်းဖက်ထားတာမို့ သူ့ရင်ခွင်ထဲကနေ ရင်ဘတ်ကြီးကို တဘုန်းဘုန်းထုကာ ငိုနေတဲ့ အဆိုးလေး။ ဟုတ်ပါတယ်။ သူကလဲ သူမလေးပြောသလို အမြဲတမ်း ဒေါသတွေထွက်ပြီး အမြဲတမ်းအော်နေမိတာကို။


"ဆောရီးပါကွာ၊ ဟုတ်တယ် ကိုယ်မှားတာပေါ့၊ ဒီလောက်လိမ္မာတဲ့ကလေးကို အော်တာ ကိုယ်အရမ်းမှားတာပေါ့''


"ဖယ် ခက်ကို မနေစေချင်တဲ့ ကားပေါ် ခက် မနေဘူး၊ ဆင်းမယ်''

"ဟေ့.... ကိုယ်က စိတ်တိုလို့ ပြောမိတာကိုကွာ''


"ဘာလို့ စိတ်တိုလဲ အဟင့် ခက်က ကိုကို့ကို ဘာလုပ်နေလို့လဲ ခက်ကိုဆို အရမ်းအနိုင်ကျင့်တာပဲ ဟီး ဟီး''


"ဟာကွာ... ချော့ခါမှ ပိုငိုနေပြန်ပါပြီ၊ တော်ပြီ တော်ပြီဆို မငိုနဲ့တော့ တိတ်''


လူကို လက်ညှိုးငေါက်ငေါက်ထိုးပြီး အမိန့်ပေးနေတာကိုများ ချော့တယ်ရှိသေးတယ်။ ငိုနေရင်းကပင် ကိုကို့ကို ဒေါသတွေထွက်လာတာကြောင့် သူမကို လက်ညှိုးထိုးပြီး အမိန့်ပေးနေသည့် ကိုကို့ရဲ့ လက်ညှိုးကို လှမ်းဆွဲပြီး ကုန်းကိုက်ပစ်လိုက်တော့...


"အား... ပူတူး ဘာလုပ်တာလဲ၊ အား... နာတယ်နော် ပူတူး၊ ဟေ့... လွှတ် လွှတ်လို့... အား.. ဟေ့..


သူ ဘယ်လောက်ပြောနေနေ လက်ညှိုးလေးကို သွားချွန်ချွန်ထက်ထက်လေးများဖြင့် အတင်းဖိကိုက်နေသည့် သူမလေးကဖြင့် လုံးဝမလွှတ်ပဲ အံကြိတ်၍ပင်ကိုက်နေသေး၏။ 


သူလဲ ပြောမရမယ့်အတူတူ သူမလေး စိတ်ပြေစေရန် နာတာကို အံကြိတ်ထားလိုက်ပြီး....


!!! ခလေးစိတ်ဆိုးတာကလဲ ခွေးစိတ်ဆိုးသလိုပါပဲလားကွာ !!!


ခက် စိတ်ပေါက်ပေါက်နဲ့ ကိုကို့လက်ကို မတရားကိုက်ပြီးမှ လွှတ်ပေးလိုက်၏။ လွှတ်ပေးလိုက်တယ်ဆိုရင်ပဲ ကိုကိုက သူမ ကိုက်ထားသည့် လက်ညှိုးလေးကို ကျန်လက်တစ်ဖက်ဖြင့် ဖိဆုပ်ထားလိုက်ပြီး...


"ကျေနပ်ပြီလား ဟမ်''


"မကျေနပ်ဘူး ကိုကို့လက်ကို ပြတ်ထွက်သွားအောင်ကို ကိုက်ပစ်ချင်တာ''


"ရော့လေ... ဒါဆို မင်းစိတ်ကျေနပ်တဲ့အထိ ကိုက်ပစ်လိုက် ရော့လေ ရော့ဆို''


မျက်နှာခပ်တင်းတင်းဖြင့် လက်ညှိုးလေးကို ခက်ရှေ့အတင်းထိုးပေးနေတာကြောင့် ခက် မျက်စောင်းထိုးကာ မျက်နှာကို တစ်ဖက်လှည့်ပစ်လိုက်သည်။


!!! ဟွန့်.. သူ့ကျတော့ နာတတ်လိုက်တာ !!!


"ဘာပဲဖြစ်ဖြစ် ကိုယ်တောင်းပန်တယ်၊ ကိုယ်က ဟိုးအရင်ကတည်းက ဒေါသကြီးတာမို့်လို့ ကိုယ့်ဒေါသကိုယ်မထိန်းနိုင်ဘူး၊ အခုတောင် မင်းဖြစ်နေလို့ ကိုယ်မနည်းထိန်းထားရတာ''


"မထိန်းနဲ့လေ၊ ကိုကို့ရဲ့ပုံမှန်အတိုင်းပဲ ဒေါသထွက်ပေါ့၊ ဗို့အားများများနဲ့ ဒေါသထွက်လဲ ခက်တို့က မမှုဘူး၊ နောက်တစ်ခါ ခက်ကို ထပ်အော်ရဲ အော်ကြည့်၊ ကိုကို့လက်ပြတ်ထွက်သွားမယ်မှတ်''


"ကြောက်ပါတယ်ဆိုမှ ဖြဲခြောက်နေပြန်ပါပြီ၊ စိတ်ချ ကျွန်တော်မျိုးကလဲ ခင်ဗျားကို ကြောက်လွန်းလို့ နောက်တစ်ခါ အော်ပါဦးဆိုရင်တောင် မအော်တော့ဘူး''


ရွဲ့တာလိုလို စောင်းတာလိုလိုနဲ့ သူ့အပြောကြောင့် ခက် နှုတ်ခမ်းစူကာ တစ်ဖက်ကို လှည့်ထိုင်လိုက်၏။


ဂုဏ် ကားမောင်းနေရင်းမှ သူ့ကိုစိတ်ကောက်ပြီး တစ်ဖက်လှည့်ထိုင်နေသည့် ပူတူးရဲ့လက်လေးတစ်ဖက်ကို လှမ်းကိုင်လိုက်ပြီး ဖွဖွလေးဖိကပ်နမ်းရှိုက်ကာ...


"ပူတူး ကိုယ် ဒီကားလဲပစ်တော့မယ်''

".......''


"ကိုယ်ပြောတာ ကြားတယ်မလား၊ ကိုယ် ကားအသစ်လဲမလို့''

"ကြားတယ်''


"ဘာလို့လဲဆိုတာ မမေးတော့ဘူးလား''

"မသိချင်ပါဘူး''


ခက် မျက်စောင်းထိုးရင်းဖြေလိုက်တော့ ကိုကိုက ဟက်ခနဲနေအောင် ရယ်သည်။ 


"ဒီကားက ကိုယ်တို့ကို ခိုက်တယ်ကွ၊ ကိုယ်တို့ ဒီကားပေါ်မှာ စကားပြောဖြစ်တိုင်း ရန်ပဲဖြစ်နေရတာမဟုတ်လား''


"အဲ့ဒါတော့ မဆိုင်ပါဘူး၊ ရန်ဖြစ်တယ်ဆိုတာက ကိုကိုအချိူးမပြေလို့လေ၊ ကိုကို့ဟာ ကိုကို ဘယ်လိုကားနဲ့ပဲလဲလဲ ကိုကို သူများကို အပြစ်မရှိ အပြစ်ရှာပြီး ဆီလိုအပေါက်ရှာနေသရွေ့တော့ ခက်နဲ့ရန်ဖြစ်ရမှာပဲ''


"ဒါဆို ကိုယ့်အမှားပေါ့ ဟုတ်လား''


ပြုံးတုံ့တုံ့မျက်နှာထားဖြင့် မေးနေသည့် ကိုကို့ကို ခက် စိုက်ကြည့်လိုက်ပြီး...


"ဟုတ်တယ် ကိုကို့အမှား၊ နောက်ကို ခက်နဲ့ရန်မဖြစ်ချင်ရင် ကိုကိုအချိုးပြင်၊ အဲ့လိုမဟုတ်လို့ အချိုးမပြင်နိုင်ဘူးဆိုရင်လဲ ကားတော့မလဲနဲ့၊ ခက်အစား တစ်ခြားမိန်းမတစ်ယောက်နဲ့လဲလိုက်''


"ဟာကွာ... 

"ဘာကို ဟာကွာလဲ၊ ဘာလဲ ခက် ပြောတာမှားနေလို့လား''


"မှားတယ်လို့ ကိုယ်ပြောလို့လား''

"ဒါဆို ဘာလို့ ဟာကွာလို့ပြောလဲ''


"ဘာလဲ မပြောရဘူးလား''

"အာ... မသိဘူး မသိဘူး.. သွား ကိုကိုပြောချင်တာပြော၊ လုပ်ချင်တာလုပ်''


ခက် စိတ်ပေါက်ပေါက်နဲ့ ပြောဆိုပြီး သူကိုင်ထားတဲ့လက်ကိုရုန်းလိုက်တော့ သူက လွှတ်မပေးပဲ ပိုပြီးတင်းကြပ်နေအောင်ဆုပ်ထားကာ...


"ပြောချင်တာကတော့ ပူတူးကို ချစ်တဲ့အကြောင်း၊ အင်း... လုပ်ချင်တာကတော့ မင်းနှုတ်ခမ်းလေးကို နမ်းချင်တာ၊ ဘယ်လိုလဲ ကိုယ် လုပ်ငန်းစရမလား''


မချိုမချဥ် မျက်နှာထားဖြင့် ေပြာနေသည့် ကိုကို့ပုံစံက အမြင်ကပ်ချင်စရာကောင်းလှတာမို့ ခက် ကားတံခါးဘက်ကိုအတင်းကပ်သွားတော့...


"အနာပေးပြီးရင် ဆေးပေးရတယ်နော်၊ ဒီမှာ မင်းပေးတဲ့ အနာကြီးက အကွင်းလိုက်''


"အဲ့ဒါ ခက်နဲ့မှမဆိုင်တာကို''

"ဒါဆို ဘယ်ခွေးမလေး ကိုက်သွားတာလဲ''


"ကိုကိုနော်''

"ဗျ''


"ဟာ.. ကိုကို.. မစနဲ့နော်''

"မစရဘူးလား.. အိုခေ အိုခေ ကိုယ့်ကိုကိုက်တဲ့ ခွေးမလေးက ပူတူးဆိုပြီး ကိုယ် ထပ်မစတော့ဘူးနော်''


"ကိုကို့..

"ဟား... ဟား... ဟား...


မျက်စောင်းလှလှလေးတွေချည်း ပိတ်ထိုးနေသည့် ကောင်မလေးကြောင့် စိတ်မဆိုးပဲ တဟားဟားရယ်နေသည့် ကောင်လေးကတော့ ဂုဏ်ရယ်ပါ။ 


သူ့ကိုယ်သူ ဒေါသကြီးတဲ့သူလို့ ခံယူထားပြီး ပူတူးရဲ့ ဒေါသကို အံကြိတ်ခံလိုက်ရတာကလဲ ဂုဏ်ပါပဲ။


ကားလေးက တရွေ့ရွေ့နဲ့မောင်းနှင်နေသမျှ

ဂုဏ့်ရဲ့ရယ်သံတွေကလဲ လေထုရဲ့အလွှာတွေတိုင်းဆီကို ပျံ့လွင့်နေပေသည်။


ဪ... အချစ်.. အချစ်

လွင့်ချင်ရာ လွင့်သည့် တိမ်လို ေယာက်ျားတွေကို တည်ငြိမ်စေတာလဲ အချစ်။


မာကြောလှပါသည်ဆိုတဲ့ ကျောက်ဆောင်လို ယောက်ျားတွေကို နူးညံ့ပျော့ပြောင်းစေနိုင်တာကလဲ အချစ်။


အချစ်ဟာ နှောင်ကြိုးလေးဖြစ်မယ်ဆိုရင်

ဂုဏ့်ကို ချုပ်နိုင် ချည်နိုင်တဲ့ ကြိုးဟာ ပူတူးလေးပါပဲ။


>>>>>>>>>><<<<<<<<<<


"ဒါဆို သားက လက်မှတ်ထိုးတာကို ရုံးမှာမလုပ်ချင်ဘူးပေါ့''


"ဟုတ်တယ်မေမေ၊ ပူတူးက မင်္ဂလာပွဲမလုပ်ချင်ဘူးဆိုလို့ ခမ်းခမ်းနားနားမလုပ်ဖြစ်ဘူးဆိုရင်တောင် ခြံထဲမှာပဲ လက်မှတ်ထိုးတဲ့ပွဲလေး လုပ်လိုက်မလားလို့''


"သား သဘောပဲလေကွယ်''


"သား သဘောဆိုပေမယ့် ဒီလိုလုပ်ရင် ပူတူးကြိုက်မှာမဟုတ်ဘူး၊ အဲ့ဒါ မေမေတို့ကပဲ ဦးစီးတဲ့ပုံစံနဲ့ လုပ်ပေးပါ''


"ဘယ်လိုကွဲ့''


မျက်ခုံးကျုံ့ပြီး နားမလည်သလိုပြန်မေးလာသည့် မေမေ့​ကြောင့် ဂုဏ် ရှက်ရယ်လေးရယ်ကာ..


"ဟို.. ပူတူးက ကျွန်တော်ဦးဆောင်ပြီး လက်မှတ်ထိုးပွဲလုပ်ရင် ဂျစ်ကပ်ကပ်နဲ့ရစ်နေဦးမှာ၊ အဲ့ဒါကြောင့်ပါ၊ လက်မှတ်ထိုးပွဲအတွက် ပြင်ဆင်စရာရှိတာ အားလုံး ကျွန်တော်ပဲလုပ်မှာပါ၊ မေမေတို့က ဒီအတိုင်း နာမည်ခံရုံပါပဲ''


"ဒါဆို တို့က ကြားထဲက တရားခံဝင်လုပ်ရမယ်ပေါ့လေ''


ကိုယ့်မောင်ရဲ့ အရူးရင့်နေမှုကို သဘောကျကာ အနွယ် ပြုံးစိစိဖြင့် မေးလိုက်တော့ ဂုဏ်က ပုခုံးတွန့်ကာ...


"တရားခံက ကျွန်တော်ဆိုတာထက်တော့ ပိုကောင်းမှာပါ''


"အမလေးဟယ်.. အခုမှ အဖြစ်သည်းနေလိုက်တာ ငါမပြောလိုက်ချင်ဘူး''


"သည်းရမယ် မကြီးရဲ့၊ ပူတူးစိတ်ဆိုးရင် ဘယ်လောက်ရစ်လဲဆိုတာ မကြီးတို့မှ မသိတာကို''


"​မင်းပဲ ကလေးကို ချစ်လှပါချည်ရဲ့ဆို ဟင်၊ ချစ်တယ်ဆိုရင် ဘယ်လိုပဲရစ်ရစ် အရစ်ခံနိုင်ရမှာပေါ့''


"ချစ်တာကတော့ ဘာနဲ့မှကို မှတ်ကျောက်တင်စရာမလိုလို့ သံသယဖြစ်စရာမရှိဘူး၊ ရစ်တာကတော့ ကျွန်တော်လဲ သူကျေနပ်လောက်တဲ့အထိ မချော့နိုင်လို့ အရစ်မခံနိုင်ဘူး၊ ပြီးတော့ သူက ရစ်လို့မနိုင်ရင် ငိုပါငိုသေးတာ၊ အဲ့လိုငိုနေရင် ကျွန်တော်အရမ်းသနားလို့၊ ငိုရတာ သူလဲပင်ပန်းတယ်၊ ချစ်တာက ဘယ်လိုနေနေ ချစ်လို့ရပေမယ့် ရစ်ပြီးငိုနေရင် ပူတူးပင်ပန်းလို့ အရစ်မခံနိုင်တာ''


ခေတ် အပြင်ထွက်ရန် ဧည့်ခန်းရှေ့မှ ဖြတ်အလျှောက် ဂုဏ့်ရဲ့စကားတွေက နားထဲကန့်လန့်ဖြစ်နေသည်။ ဘာလို့ ဒီလောက်များ အရူးထနေရတာလဲ ဂုဏ်ရယ်။ ပြီးတော့ မေမေတို့ရောပဲ။ အစကဖြင့် သဘောမတူနိုင်ပါဘူးဆိုပြီး ဟစ်ကြွေးခဲ့ပြီးမှ အခုတော့ ဂုဏ်ပြောနေသမျှကို ပြုံးပြုံးကြီး သဘောတွေကျနေတာပါလား။


"ဟော... ခေတ် ကုမ္ပဏီသွားတော့မလို့လား''

"ဟုတ် မေမေ''


"ဒီကို ခဏလာပါဦးကွယ်၊ သမီးတို့မောင်လေးက လက်မှတ်ထိုးပွဲအတွက် ဖိတ်စာတွေပါလာတယ်''


"အဲ့ဒါ ခေတ်က ဘာလုပ်ရမှာလဲ''


ခေတ် စားပွဲပေါ်က ဖိတ်စာအထပ်လိုက်ကြီးကိုကြည့်ကာ ဂရုမစိုက်သလိုပြောလိုက်တော့ ဂုဏ်က သူမကို စူးခနဲကြည့်လာ၏။


"ဘာလုပ်ရမှာလဲ သမီးရယ်၊ သမီးရဲ့ မိတ်ဆွေတွေကို ဖိတ်ချင် ဖိတ်လို့ရတာပေါ့''


"အို.. မဖိတ်ပါဘူး မေမေရယ်၊ တော်ကြာ ဘာအဆင့်မှမရှိတဲ့မိန်းကလေးကို ယောင်းမတော်လိုက်တယ်ဆိုပြီး အလှောင်ခံနေရဦးမယ်၊ ကိုယ့်အရှက် ကိုယ်ခွဲသလိုဖြစ်နေမှာပေါ့ မဖိတ်ဘူး''


စိတ်ထဲက ပါတာ မပါတာထက် ဂုဏ့်ကိုအမြင်ကပ်တာကြောင့် အနိုင်ပိုင်းပြီးပြောလိုက်တော့ ဂုဏ်က စားပွဲပေါ်က ဖိတ်စာအထပ်လိုက်ကြီးကို ဆတ်ခနဲကောက်ယူလိုက်ရင်း...


"ကျွန်တော့်အသိမိတ်ဆွေတွေကလွဲရင် ဒီဘက်က တစ်ယောက်မှမဖိတ်တော့ဘူး၊ ဖိတ်စာလဲမထားခဲ့တော့ဘူးမေမေ၊ ကျွန်တော့်ကိုပြန်ခွင့်ပြုပါဦး''


"အို.. သား.. နေပါဦး၊ ဘာလို့တစ်ယောက်မှမဖိတ်ရမှာလဲ၊ ဖိတ်မှာပေါ့''


"တော်ပါပြီဗျာ၊ ကျွန်တော့်အတွက်ကြောင့်နဲ့ ဘယ်သူမှအရှက်မကွဲစေချင်လို့ပါ''


ပြောချင်တာက မလေးကိုဆိုပေမယ့် အခုကတော့ လာတားနေတဲ့ မေမေ့ကိုပဲ ပြောနေမိသည်။ ပူတူးကိုလက်မခံနိုင်တာကိုသိပေမယ့် အခုလောက်ကြီးခါးခါးသီးသီးဖြစ်နေမယ်လို့ မထင်ခဲ့တာအမှန်။ မသိရင် ပူတူးကပဲ အပြစ်ရှိသူတစ်ယောက်လို ပြောနေတာမို့ သူ ခံပြင်းပြီးပြောလိုက်တော့ စကားတွေက စောင်းတာ ချိတ်တာတွေဖြစ်ကုန်၏။


"ဘာလို့အရှက်ကွဲရမှာလဲ မဟုတ်တာကွယ်၊ ပေး ပေး အဲ့ဖိတ်စာတွေကို မကြီးပဲ လိုက်ဖိတ်လိုက်မယ်၊ ထားခဲ့''


"မဖိတ်ပါဘူးဆို၊ ကျွန်တော့်အသိတွေနဲ့ပဲလုပ်မှာ၊ ဒီပွဲကို မကြီးတို့လဲ မလာချင်မလာခဲ့နဲ့၊ ကိစ္စမရှိဘူး''


"မလာလို့ရမလား သားရယ်၊ လာမှာပေါ့ မေမေမှာက ဒီသားလေးတစ်ယောက်တည်းရှိတာကို''


"တော်ပြီမေမေ ကျွန်တော့်အတွက်ကြောင့်နဲ့ အိမ်ဆူမှာမဖြစ်စေချင်ဘူး၊ ပြီးတော့ အခုလိုအခြေအနေနဲ့ အဲ့ဒီ့ပွဲကိုလာကြရင်လဲ စိတ်ညစ်ရမယ့်သူက ပူတူးပဲဖြစ်နေမှာ၊ အဲ့ဒီ့တော့ ကျွန်တော်တောင်းပန်ပါတယ် တစ်ယောက်မှမလာခဲ့ပါနဲ့၊ ကျွန်တော်ပြန်ပြီ''


ဖိတ်စာတွေယူကာ ဧည့်ခန်းထဲကနေ ချာခနဲထွက်သွားသည့် ဂုဏ်လေးကို ငေးကြည့်ပြီး မှင်သက်ကျန်ခဲ့သူက ခေတ်ပင်ဖြစ်သည်။


သူမက နွေသစ်ခက်နဲ့ သဘောမတူပါဘူးလို့ငြင်းနေတဲ့ကြားထဲက မရမကကားတင်ပြေးခဲ့ကတည်းက သူမ အလျော့ပေးရတော့မယ်ဆိုတာ သိပါသည်။ 


သို့ပေမယ့် သပ်သပ်မဲ့အနိုင်ပိုင်းချင်တာမို့ အခုလိုတွေပြောချလိုက်ခြင်းပါ။ ဂုဏ်လေးရဲ့စိတ်ကိုသိပေမယ့် အခုလောက်ကြီးပြတ်သားနိုင်လောက်အောင် အကဲမဆတ်ဘူးလို့ ထင်ခဲ့တာပါ။ 


အခုတော့ ကြည့်ပါဦး။ 

သူမကိုပါမကပဲ မေမေတို့ကိုပါ သူ့ပွဲမလာခဲ့နဲ့ဆိုပြီး ရာဇသံပေးသွားတယ်မဟုတ်လား။


မာန​ကြီးလွန်းသူပီပီ အိမ်ထဲကနေထွက်သွားသည့် ဂုဏ်လေးကို တအံ့တဩကြည့်နေပြီးမှ နောက်ကနေ အပြေးလိုက်သွားလိုက်တော့ ဂုဏ်လေးက ကားနားပင်ရောက်နေချေပြီ။


"ဂုဏ်လေး''


သူ့နောက်က မလေးအသံကြားပေမယ့် ဂုဏ် မကြားဟန်ပြုကာ ကားတံခါးဆွဲဖွင့်ပြီး ကားပေါ်တက်လိုက်၏။


"ဂုဏ်လေး နေပါဦး၊ ဂုဏ် ဂုဏ်လေး''

"ဝူး.....


သူမ ဇွတ်လိုက်ခေါ်နေပေမယ့် ကားလေးက ခြံထဲမှ ထွက်သွားပြီဖြစ်၏။


!!! ငါ မှားသွားတာလား !!!


ကိုယ့်အပြစ်နဲ့ကိုယ်နောင်တရကာ သက်ပြင်းလေးကြိတ်ချလိုက်ပြီး နောက်ပြန်လှည့်ခိုက် သူမကို ဂျိုကြည့်ကြည့်နေသည့် မမအနွယ်တော်နဲ့ မေမေ။


"ခေတ် မမှားဘူးနော်''


"အေးပါ ဟုတ်ပါတယ်၊ ခေတ်လုံးဝမမှားပါဘူး၊ သားကို ဒီအိမ်လာခဲ့ဖို့ခေါ်မိတဲ့ မေမေပဲမှားတာ''


တစ်ယောက်တည်းရှိတဲ့သားလေးမို့ ဒီလိုမျိုးတွေဖြစ်လာမှာစိုးလို့ သူမ အလျော့ပေးခဲ့ရတာမဟုတ်လား။ အားလုံးအဆင်ပြေပြေနဲ့ ပြီးသွားတော့မယ့် ကိစ္စတစ်ခုက ခေတ်ရဲ့ အထေ့အငေါ့စကားတွေကြောင့် ပျက်စီးရပြန်တာမို့ ဒေါသဖြစ်ဖြစ်ဖြင့် ရွဲ့ပြောလိုက်ပြီး အိမ်ထဲဝင်လာခဲ့လိုက်တော့ ကျန်ခဲ့တဲ့ အနွယ်တော်နဲ့ ခေတ်သစ်နဲ့ ဆက်ပြီး စကားများနေကြ​ပြန်၏။


"အဲ့ဒါ ခေတ် နင့်ကြောင့်သိလား''

"ခေတ်နဲ့ဘာဆိုင်လဲ၊ ခေတ်ဟာခေတ် မဖိတ်ချင်လို့ မဖိတ်ချင်တဲ့အကြောင်းပြောတာလေ''


မှားမှန်းသိပေမယ့် ဝန်မခံချင်တာကြောင့် တမင်ပြောပစ်လိုက်တော့ မမက သူမကို အလွန်ဒေါသထွက်နေသော မျက်လုံးများဖြင့် စူးစိုက်ကြည့်ကာ..

 

"အေး မဖိတ်ချင်ရင်လဲ မဖိတ်ပဲနေပါ့လား၊ ဘာလို့အခုလိုမျိုးတွေအထိ ပြောလွှတ်လိုက်ရတာလဲ''


"အို... မသိဘူး မသိဘူး၊ ခေတ့်ကိုဘာမှလာမပြောနဲ့၊ ဒီပွဲနဲ့ပတ်သတ်ပြီး ခေတ်ကိုဘာမှလာမပြောကြဖို့ ခေတ်ပြောထားပြီးသား၊ အဲ့ဒါကို ဘာလို့ ဂုဏ်က လာပြီးပတ်သတ်နေလဲ''


"ဘယ်သူက ပတ်သတ်တာလဲ ဟမ်၊ နင်အဲ့လိုတွေပြောမှာမှန်းသိလို့ ဟိုက အိမ်ကိုမလာချင်တာ သိရဲ့လားမိခေတ်ရဲ့၊ အခုက မေမေဇွတ်ခေါ်ထားလို့ရယ် သူ့ပွဲအတွက် မေမေ့ကို အကူအညီတောင်းဖို့ရယ်ရှိနေလို့လာတာ၊ အခုတော့ ပြီးပြီ၊ နင့်အတွက်နဲ့ ဟိုက ငါတို့အိမ်ကိုခြေဦးတောင် လှည့်တော့မှာမဟုတ်ဘူး''


"မလာတော့ ဘာဖြစ်လဲ မလာနဲ့ပေါ့၊ ဘာမဟုတ်တဲ့ မိန်းမတစ်ယောက်အတွက်နဲ့ သူတောင် မိသားစု​ကို စွန့်နိုင်သေးတာပဲ၊ ခေတ်တို့က ဘာကို ဝမ်းနည်းနေရမှာလဲ''


ဒီလောက် နားလည်အောင်ရှင်းပြနေပါရက်နဲ့ ခေါင်းမာလွန်းအားကြီးသော ခေတ်ကို အနွယ် စိတ်မရှည်ဖြစ်လာကာ နှုတ်ခမ်းကိုက်လိုက်ပြီး...


"အေး.. ဝမ်းမနည်းနဲ့၊ နင်က ဂုဏ်လေးကိုစွန့်နိုင်တယ်ဆိုလဲ စွန့်လိုက်၊ အဲ့ဒီ့ပွဲတက်ရမှာရှက်တယ်ဆိုလဲ နင်မတက်နဲ့၊ နင်မတက်ရင် ပိုပြီးတောင် ရန်ကင်းဦးမှာသေချာတယ်၊ ငါတို့ကတော့ စွန့်လဲမစွန့်နိုင်လို့ ဒီပွဲကိုတော့ သွားရမှာပဲ''


"သွားလေ သွားပေါ့၊ မမတို့သဘောနဲ့ မမတို့ပဲဟာ သွားချင်သွားပေါ့၊ ခေတ်ကတော့ မသွားဘူး''


ခေတ် မမကို ဘုဆတ်ဆတ်ပြောကာ ထိုနေရာမှ ရှောင်ထွက်ခဲ့တော့သည်။


ဒီကိစ္စမှာ သူမ လွန်သွားမှန်းသိသော်လည်း အလျော့မပေးချင်တဲ့စိတ်ကြောင့် အဆုံးထိ ရွတ်နေမိသည်။ ဒါကို အားလုံးက ခေတ်ရဲ့စိတ်ရင်းလို့ မြင်နေမယ်ဆိုတာသိပေမယ့် ခေတ်ရဲ့စိတ်ရင်းက ဒီလိုမဟုတ်ဘူးဆိုတာကိုတော့ ဘယ်သူမှသိနိုင်လိမ့်မည် မထင်ပေ။ 


>>>>>>>>>><<<<<<<<<<


အားပေးတဲ့ အသဲတွေအားလုံးကို ကျေးဇူးတင်ပါတယ်😘😘


အမှားပါသွားရင် ချစ်တဲ့စိတ်နဲ့ဝေဖန်ပေးကြပါ😁😁


အပိုင်း(၂၄)မျှော်


စာရေးသူ-Merida(Tulip)


rate now: