book

Index 22

အပိုင်း(၂၂)

  • Author : Merida
  • Genres : Romance, Comedy, Drama

🎗🎗 နှောင်ကြိုး 🎗🎗


~~~~~~~~~~


ဘယ်လိုမှ တားမရ ဆီးမရတဲ့ ဖေဖေတို့ကြောင့်

ဂုဏ်ရော ပူတူးပါ နှင်းဆီမြိုင်ကို သွားဖို့ လက်ခံလိုက်ရ၏။


ဖေဖေတို့က ရှေ့ကသွားနှင့်ပြီမို့ သူနဲ့ပူတူးက ကားတစ်စီးနဲ့ နောက်မှသပ်သပ်လိုက်လာခဲ့ပြီး ကားပေါ်က ပူတူးကို သူ လှည့်ကြည့် လှည့်ကြည့်။


ပူတူးကတော့ သူမအမေနဲ့ တွေ့ရမှာမို့ ဝမ်းမြောက် ဝမ်းသာ ခုန်ဆွဆွဖြစ်နိုင်ပေမယ့်

ဝမ်းမသာနိုင်သူက ဂုဏ်။


ညက သူဆူလိုက်တဲ့ကိစ္စကို သူမလေး မကျေနပ်သေးဘူးဆိုတာ အိပ်ယာနိုးကတည်းက သူ့ကိုဘာစကားမှမပြောခြင်းက သက်သေပြနေတယ်မဟုတ်လား။


ဒါကိုပင် ချော့ချိန်မရလိုက်ဘဲ ဖေဖေတို့ခေါ်တဲ့​ေနာက် လိုက်လာခဲ့ရတာမို့ ဘာလိုလို အခြေအနေကြီးနဲ့တော့ သူမကို ဒီအိမ်မှာ မထားနိုင်ခဲ့တာ သေချာသည်။


ဒါ့ကြောင့် သူမလေးကျေနပ်အောင် ချော့မည်ဆိုသည့်အတွေးဖြင့် နှင်းဆီမြိုင်ကို မရောက်ခင်

ကားကို လမ်းဘေးတစ်နေရာထိုးရပ်ပစ်လိုက်၏။


ကားရပ်သွားတယ်ဆိုလျှင်ပဲ ပူတူးက သူ့ကို

ဆတ်ခနဲလှည့်ကြည့်လာပြီး..


"ကားက ဘာဖြစ်သွားတာလဲဟင်''


"ကားက ဘာမှမဖြစ်ဘူး ဖြစ်တာက ကိုယ်၊

ိဟိုအိမ်မရောက်ခင် မင်းကို မေးစရာရှိသေးလို့''


"ဘာမေးမလို့လဲ''


"ညတုန်းက ကိုကိုမင်းကို ဆူလိုက်တာကို မင်း စိတ်ဆိုးနေတာမဟုတ်လား၊ ကိုကိုက မင်းကိုဆူချင်လို့ ဆူတာ မဟုတ်ပါဘူးကွာ၊ ဘာမဟုတ်တာလေးကို မင်းကြောက်နေတာကို ကိုယ်အားမရလို့ ဆူလိုက်မိတာ၊ ကိုယ်လဲ မင်းကို ကိုယ့်အနားလေးထားချင်တာပေါ့၊ ဒါပေမယ့် မင်းကို ရဲရဲဝံ့ဝံ့လေးပဲဖြစ်စေချင်တာ၊ အဲ့ဒါကြောင့် ဆူလိုက်မိတာ ကိုယ့်ကိုစိတ်ဆိုးသွားလားဟင်''


ဂုဏ် သူမဆီက အဖြေကိုစောင့်မျှော်ရင်း မေးလိုက်ပေမယ့် သူမလေးကဖြင့် ခေါင်းလေးကို အသာရမ်းကာ မျက်နှာခပ်လွှဲလွှဲဖြင့်..


"မဆိုးပါဘူး''

"မဆိုးဘူး ဒါဆိုဘာလို့ ကိုယ့်ကို စကားမပြောတာလဲ''


"ခက်က ဘာပြောရမှာလဲ၊ ကိုကိုပဲ မေမေတို့ဆီသွားမယ်ဆိုပြီး ခေါ်လာတာလေ''


"ဟုတ်တယ်လေ၊ ဒါပေမယ့် မင်းကိုယ့်ကို တစ်ခုခုတော့ ပြောရမှာပေါ့''


"ကိုကိုက ခက်ကို ဘာပြောစေချင်လို့လဲ''

"အဲ့ဒါကကွာ... ကျစ်..


ဘာပြောစေချင်လဲဆိုပြန်တော့လဲ ဘာပြောစေချင်မှန်းမသိ။ အခုလို ပုံမှန်မဟုတ်တဲ့ အခြေအနေကြီးဖြင့် ဘာမှမပြောပဲ နေနေတာကိုလဲ ဘဝင်မကျတာကအမှန်။


"ကိုကို ခက်ကို မေမေတို့ဆီမပို့ချင်လို့ တမင်သပ်သပ်ရစ်နေတာမဟုတ်လား''


"မဆိုင်တာကွာ၊ ကိုယ်က မင်းကို ဘာလို့ရစ်ရမှာလဲ''


"ဒါဆို နှင်းဆီမြိုင်ကို မသွားဘဲ ဘာလို့အချိန်ဆွဲနေတာလဲ''


ကိုကိုမှာ သူမကို စိတ်ဒုက္ခပေးရမှ နေသာထိုင်သာရှိတဲ့ ရောဂါရနေသည်ထင်ရဲ့။


ညက ကြောက်လို့ ကိုကို့အနားနေဖို့ကပ်တာကို အကပ်မခံဘဲ ဆူပူကာ တွန်းထုတ်ပစ်တဲ့ကိုကိုက

အခုလဲ အိမ်ပြန်ဖို့အရေးကို အချိန်ဆွဲနေပြန်၏။


ဒါ့ကြောင့် ခက် မကျေမနပ်ဖြစ်လာပြီး စူပုတ်ပုတ်ဖြင့်မေးလိုက်တော့ ကိုကိုက သူမကို စေ့စေ့ကြည့်ကာ..


"အချိန်ဆွဲတာ မဟုတ်ပါဘူး၊ အခု ကိုယ်က မင်းကို မင်းမိဘတွေဆီမှာ ပြန်အပ်ဖို့ သွားရမှာလေ''


"သိတယ်လေ''


"အဲ့ဒါပြီးရင် မင်းကို အဲ့ဒီ့အိမ်မှာပဲ ထားခဲ့ရမှာကွ''

"သိသားပဲ''


"ကိုယ်ကျတော့ အိမ်မှာ တစ်ယောက်တည်းကျန်ခဲ့မှာပေါ့''


"အဲ့တော့ ခက်က ဘာလုပ်ပေးရမှာလဲ''


"ကိုယ် မင်းကို မခွဲနိုင်ဘူးကွ၊ မင်းကတော့ ကိုယ့်ကို မချစ်တော့ ခွဲနိုင်မှာပေါ့''


ကလေးငယ်လေးလို မျက်နှာငယ်လေးနဲ့ ချွဲတဲတဲလေးပြော​​ေနသည့် ကိုကို့ကို ခက် မသနားပဲ စိတ်တိုမိတယ်ဆိုရင် လွန်သွားလား။


အမှန်က ခက်ကို ဟိုအိမ်မှာမထားခဲ့ချင်လို့ တမင်ဉာဏ်များနေမှန်း ခက်သိသည်။


ဒါကြောင့်လဲ ခက် ကိုကို့ကို ခပ်စူးစူးလေးကြည့်ကာ..


"ဒါဆို ကိုကိုက ခက်ကို မေမေတို့ဆီ ပြန်မပို့တော့ဘူးလား''


"ကိုယ့်အလိုဆိုရင် ပြန်မပို့ဘဲ လှည့်ပြန်သွားချင်တာ၊ ဒါပေမယ့် ဖေဖေတို့က ဟိုအိမ်ကို ရောက်နေလောက်ပြီ၊ ဘယ်လိုလုပ်မလဲ ကိုယ် မင်းကို ထားခဲ့ရမှာ စိတ်မချဘူး''


စိတ်မချဘူးဆိုတာ ဘာကိုပြောတာလဲ။

မေမေတို့အိမ်ပြန်မှာပဲကို ဘာစိတ်မချစရာရှိလဲ။

ခက် စိတ်ထဲကနေ မကျေမနပ်ရွေရွတ်လိုက်ရင်း

ကိုကို့ကို မော့ကြည့်လိုက်တော့ ကိုကိုက သူမကို

မျက်တောင်မခတ်စတမ်းကြည့်ကာ..


"ညကျရင် ကိုယ်ဖုန်းဆက်မှာနော်၊ ကိုယ်ဖုန်းဆက်တာနဲ့ ချက်ချင်းတန်းကိုင်၊ မဟုတ်ရင် ကိုယ်က ချက်ချင်းလိုက်လာမှာ''


"ခက် ကိုင်ချင်မှကိုင်မှာပေါ့''


"ဂျစ်မတိုက်နဲ့ ခေါင်းမမာနဲ့ပူတူး၊ ကိုယ်က မင်းကိုရဖို့ ဘယ်လိုအလုပ်တွေအထိ လုပ်ထားလဲဆိုတာ မင်းသိပါတယ်၊ ဟိုအိမ်ကိုပြန်ရောက်လို့ မင်းလုပ်ချင်တာလုပ်မယ်လို့များ တွေးထားရင် ကိုယ်က မင်းထက်ပိုပြီး တဇွတ်ထိုးဆန်တာကို သတိရပေး''


"ခက်ကလဲ တစ်ခါပဲ အညံ့ခံမှာပါ၊ ကိုကို စိတ်ထင်သလို လုပ်လို့ရတယ်ဆိုပြီး လာပြီး ခြိမ်းခြောက်မနေနဲ့''


"မင်းက ကိုယ့်ကို စိန်ခေါ်နေတာလား''


"ကိုကို ထင်ချင်သလိုထင်၊ ကိုကိုက ခက်ကို ငါအပိုင်ဆိုပြီး ကိုကို့လက်ခုပ်ထဲကရေလိုပဲ မှောက်လိုမှောက် သွန်လိုသွန် လုပ်ပြီး အနိုင်ယူချင်နေတာ''


"ဘာကွ.. အနိုင်ယူတယ်ဟုတ်လား၊ ကိုယ်က ဘယ်နေရာမှာများ မင်းကို အနိုင်ယူဖူးလို့လဲ''


ညက ကိစ္စကို မကျေနပ်တာမို့ ခက် ကိုကို့ကို ကန့်လန့်တိုက်ပြီး ပြောနေခြင်းက ရန်ဖြစ်ရမယ့်အခြေအနေကို ကူပြောင်းလာသည်ကို ခက်ရော ကိုကိုရော သတိထားမိပေမယ့် အရှိန်မသတ်နိုင်ပဲဖြစ်ကာ..


"ကိုကို သူများသားသမီးကို ခိုးထားပြီးရင် ဓလေ့ထုံးတမ်းတွေနဲ့အညီ ပြန်အပ်ရမယ် ပြန်တောင်းရမယ်လေ၊ ကိုကိုက ခိုးတုန်းကကျတော့ ဘယ်သူက ရိုက်ပြီးခိုးခိုင်းလို့လဲ၊ အခု ပြန်အပ်ဖို့ကျတော့ ကိုကို တွန့်ဆုတ် တွန့်ဆုတ်နဲ့၊ အဲ့ဒါ ကိုကို ခက်ကိုတန်ဖိုးမထားတာပဲ သိလား၊ အလကားရမလားဆိုပြီး ခိုးလာပြီးမှ အခုလို ပြန်အပ်ရမယ်ဆိုတော့ ကိုကို့မာနထိခိုက်သွားတာမလား''


"တော်စမ်း.. မင်းစကားတွေက ငါ့သိက္ခာကို စော်ကားနေတယ်ဆိုတာ သိရဲ့လား ဟမ်၊အလကားရမလားဆိုပြီး ခိုးယူပေါင်းသင်းရအောင် ငါ့ကို ဘယ်လိုကောင်လို့ မင်းတွေးထားတာလဲ၊ ငါသာ လိုချင်ရင် လက်​ဖျောက်တစ်ချက်တီးလိုက် ငါ့ရှေ့မှာ မင်းထက်သာတဲ့မိန်းမတွေ ရိုက်သတ်လို့တောင်ကုန်မှာမဟုတ်ဘူး'' 


ဂုဏ် ဒေါသဖြင့် ပြောလိုက်သည့် စကားတွေက အမှားပါသွားတာမို့ ပူတူးကို သူပြန်ကြည့်မိချိန် သူ့ကို မျက်လုံးဝိုင်းဝိုင်းလေးဖြင့် စိုက်ကြည့်နေသည့်  ပူတူးကြောင့် သက်ပြင်းရှည်ကြီးချကာ...

 

"ဆောရီး.. ကိုယ်စကားမှားသွားတယ်''


"မမှားပါဘူး ကိုကိုပြောတာမှန်ပါတယ်၊ ကိုကို လက်ဖျောက်တစ်ချက်တီးလိုက်ရင် ခက်ထက်သာတဲ့ မိန်းမတွေ ရနိုင်မှန်းလဲ ခက်သိပါတယ်၊ ဒါဆို အဲ့ဒီ့လို မိန်းမတွေရှိရက်နဲ့ ခက်ကို ဘာလို့ယူခဲ့သေးလဲ၊ ခက်ပြောသလို အချောင်ရလို့ လွယ်လွယ်ရလို့ပဲ မဟုတ်လား''


"မင်းပြောသလို အချောင်လိုချင်တဲ့ကောင်ဆိုရင် မင်းကို ခက်ခက်ခဲခဲ ခိုးလာမယ်လို့များ ထင်နေလား"


"မခိုးနဲ့လေ ကိုကို့ကို ဘယ်သူက ရိုက်ပြီး ခက်ကို ခိုးပါ ခိုးပါလို့ ပြောနေလို့လဲ၊ အစကတည်းက ခက်ထက်သာတဲ့မိန်းမကို ကိုကို လက်ဖျောက်တီးပြီး ယူထားပါ့လား၊ အခုမှ ခက့်ကို ယူထားရလို့ နောင်တရသလို လာမပြောနဲ့၊ ကိုကိုမှမဟုတ်ဘူး ခက်လဲ ကိုကို့ကို မလိုချင်ပါဘူး၊ ခက် မှာသာ အစွမ်းရှိရင်လေ ကိုကို့နေရာမှာ ကိုကိုမဟုတ်တဲ့ တခြားတစ်ယောက်ကို အစားထိုးပစ်တယ် သိရဲ့လား''


"ဘာကွ.. မင်းက ဘယ်ကောင်နဲ့ ငါ့ကို အစားထိုးဖို့ တွေးထားတာလဲ၊ ဟမ်.. ပြောစမ်း၊ ဘာလဲ ဟိုကောင် နေအရိပ်နဲ့ ငါ့ကို မင်းက လဲချင်တာလား''


တော်တော်လေး မုန်းစရာကောင်းတဲ့သူ။

သူကျတော့ ခက်ထက်သာတဲ့မိန်းမကို ယူလို့ရတယ် ဘာညာပြောပြီး ခက်အလှည့်ကျတော့ ဒီလိုလေးပြောတာနဲ့ မင်းတွေငါတွေဖြစ်သွားပြီး ဟိုလူနဲ့ စွပ်စွဲ ဒီလူနဲ့စွပ်စွဲ။


ခက် အမြင်ကပ်ကပ်နဲ့ နှုတ်ခမ်းလေးကို သွားချွန်ချွန်လေးနဲ့ ဖိကိုက်ကာ သူ့ကို စူးစူးရဲရဲကြီးကြည့်ပစ်လိုက်တော့..


"မင်း ငါမေးတာမဖြေပဲ ဘယ်လိုအကြည့်နဲ့လာကြည့်တာလဲ၊ မင်းအကြည့်တွေကို ပြင်လိုက်''


အရင်ကဆို သူ့ကို ကြောက်ကြောက်ရွံ့ရွံ့လေးဖြစ်နေတတ်သည့် သူမလေးက အခုတော့ သူ့စကားကိုပင် ဂရုမစိုက်ပဲ ဘာမထီမျက်လုံးများဖြင့်သာ သူ့ကိုစိုက်ကြည့်နေသေးတာမို့ ဂုဏ် သူမရဲ့ မေးဖျားလေးကို ခပ်ကြမ်းကြမ်းဆွဲကိုင်ပြီး..


"မင်း ကိုယ့်ရဲ့သည်းခံနိုင်စွမ်းကို ဒီလိုပုံစံနဲ့ လာမစမ်းနဲ့ နွေသစ်ခက်၊ တခြားအရာတွေကို ကိုယ်သည်းခံရင် သည်းခံမယ်၊ ကိုယ့်ရင်ခွင်ထဲကနေ တခြားတစ်ယောက်ကို သံယောဇဥ်မပြတ်သေးတဲ့ပုံစံ လာလုပ်မပြနဲ့''


"လုပ်မယ် လုပ်မယ်၊ ကိုကို မကြိုက်ဘူးဆိုတာသိလို့ ပိုလုပ်မယ်၊ ဟုတ်တယ် ခက် ကိုကို့ကို အစ်ကိုနဲ့ လဲချင်တာ''


ဒီအချိန်မှာ ခက် ကိုကို့ကို လုံးဝမကျေနပ်နေတာ သေချာသည်။ ညကတည်းက ကိုကို့ကို မကျေမနပ်ဖြစ်နေသည့် စိတ်တွေက မေမေတို့ဆီပြန်ပို့ဖို့ကို မပို့ချင်သလိုလို လုပ်နေတာကြောင့် ပိုပြီးဒေါသထွက်ရပြန်သည်။ ဒါကိုပင် သူက တစ်ပြန်စီးဒေါသထွက်နေပြီး သူမထက် သာတဲ့မိန်းမကိုယူလို့ရတယ်ဆိုပြီး ဂုဏ်တင်နေတာမို့ ခက်လဲ အမြင်ကပ်ကပ်နဲ့ အရွဲ့တိုက် ပြောမိနေခြင်းပါ။


"နွေ.. သစ်.. ခက်..

မင်း ပါးစပ်ကို ပိတ်ထားလိုက်ရင် ကောင်းမယ်၊ ငါ့ကို အရမ်းသည်းခံတတ်တဲ့ကောင်လို့များ မင်းထင်နေတာလား''


သူ့ဒေါသကို လာဆွနေတဲ့ သူမလေးကြောင့် ကိုယ့်ကိုကိုယ် မထိန်းလိုက်နိုင်ပဲ သူမကို အော်ပစ်လိုက်တော့ ပူတူးက မျက်ရည်တွေဝေ့နေသော မျက်နှာလှလှလေးကိုမော့ကာ..


"မထင်တတ်ပါဘူး ခက်က အရမ်းအ,ပါတယ်

ခက် ထင်ရင်လဲ လွဲတာပဲ၊ ခက်ကို ကိုကိုချစ်တယ်လို့ ထင်မိတာလဲ မှားတာပဲ အဟင့်..ဟင့်.. ကိုကို ခက်ကို မချစ်ဘူး ဟီး.. ဟီး..


"ဟာ.. ပူတူးလေး.. မငိုနဲ့လေကွာ''

"အဟင့်.. ခက်ကို မထိနဲ့ သွား..

ခက်ကို မချစ်ဘဲနဲ့..


"ဟာကွာ..ဘာလို့ ကိုယ်က မင်းကို မချစ်ရမှာလဲ

ချစ်တာမှ အရမ်းချစ်တာ၊ ရင်ဘတ်ကြီးနဲ့မဆံ့အောင်ကိုချစ်တာ မငိုနဲ့တော့ တိတ်တိတ်..


"သွား.. ခက်ကို မချစ်ဘဲနဲ့ လာမဖက်နဲ့ ဟင့်..အဟင့် ခက်ကို အော်တယ် ဟီး.."


"ကိုယ် ဘယ်မှာ အော်လို့လဲ ပူတူးရဲ့''


"အော်တယ် အဟင့် ကိုကို ခက်ကို မချစ်ဘဲနဲ့ ဘာလို့ ယူထားလဲ အဟင့် ဟင့်.. ခက်ကို ကိုကို အနိုင်ကျင့်ချင်လို့ တမင်ယူထားတာမလား''


"မဟုတ်တာကွာ.. ဘာတွေလျှောက်ပြောနေတာလဲ၊ ကိုယ်က မင်းကို မချစ်ဘူးလို့ ဘယ်သူကပြောလဲ''


တစ်ခါမှ မမြင်ဖူးတဲ့ ပုံစံလေးဖြင့် သူ့ကို ရစ်နေသည့်အပြင် ကလေးတစ်ယောက်ငိုနေတာမို့ သူ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကာ ေချာ့နေပေမယ့် သူမလေးက သူ့ကို မျက်စောင်းလေးခဲလျက်ကနေ...


"ခက် မိုးရွာရင်ကြောက်တတ်မှန်းသိရဲ့သားနဲ့ ခက်ကို ဂရုမစိုက်ဘဲ ပစ်ထားတယ် ဟင့်၊ ကိုကို့ရဲ့မာနထိခိုက်မှာစိုးလို့ အဟင့်.. ခက်ကို မေမေတို့ဆီပြန်မအပ်ပဲ ခက်ကို တန်ဖိုးမရှိတဲ့မိန်းမတစ်ယောက်လို ဆက်ဆံတယ်၊ ပြီးတော့ ကိုကိုနဲ့ ပတ်သတ်ခဲ့မိလို့ ခက် မေမေတို့နဲ့တောင် တွေ့ခွင့်မရဘူး.. ဟီး ဟီး.. အဟင့် ကိုကို ခက်ကို မချစ်ဘူး..


ရင်ခွင်ထဲ အတင်းဆွဲသွင်းပြီး ချော့ဖို့ကတော့

သူ့ကိုတွန်းထုတ်ကာ ကားတံခါးနားကပ်ပြီး ငိုနေပြန်တာမို့ ဂုဏ် စိတ်တွေပင် ရှုပ်လာရသည်။


ပြဿနာက ညက မိုးရွာခြင်းကပဲ အစပြုခဲ့လေသလား။ စောစောစီးစီး သူမမိဘတွေဆီ ပြန်မအပ်ခဲ့ခြင်းကြောင့်ပဲလား။


ဘာကြောင့်မှန်း မသိတဲ့ ပြဿနာလေးက သူ ဟိုအိမ်ကို အရင်မသွားပဲ ကားရပ်ခဲ့ခြင်းကြောင့် ပိုကြီးထွားသွားတာတော့ သေချာသည်။


ဘယ်လိုမှ ချော့လို့မရအောင် သည်းကြီးမည်းကြီး ငိုနေတဲ့ သူမလေးကို ဂုဏ် ဘာမှမပြောတော့ပဲ ဒီအတိုင်းပဲ ထိုင်ကြည့်နေလိုက်တော့သည်။


အချိန်အတော်ကြာတဲ့အထိ ငိုနေတာမို့ ဖြန့်ချထားသည့် ဆံပင်တွေက လည်တိုင်ကျော့ကျော့လေးတွင် ချွေးတွေဖြင့် စိုကပ်နေတာကို မြင်မှ သူ သက်ပြင်းလေးရှိုက်ကာ သူမရဲ့လက်ကောက်ဝတ်လေးမှ ခေါင်းစည်းကြိုးလေးကို ယူကာ ဆံပင်တွေကို စည်းပေးလိုက်ရင်း..


"မငိုနဲ့တော့နော်၊ ကိုယ်က မင်းကို ဘယ်လောက်အထိ ချစ်ပါတယ်ဆိုတာကို မင်းမြင်သာအောင် ချိန်ခွင်နဲ့ထိုးချိန်ပြလို့မှမရတာ၊ မနေ့ညက ကိုယ်မင်းကို ပစ်ထားမိတာရယ် အခု မင်းကို အော်လိုက်မိတာရယ်အတွက် ကိုယ်တောင်းပန်တယ်နော်''

"......''


"ပြီးတော့ မင်းကို အန်တီတို့ဆီပြန်မပို့ပေးတာကလဲ ပူတူးထင်သလို ပူတူးကို တန်ဖိုးမထားလို့ မဟုတ်ပါဘူး၊ ကိုယ်က မင်းလေးကို အရမ်းချစ်တော့ မင်းလေးနဲ့ ခွဲရမှာကြောက်လို့ပါကွာ''


ခက် မငိုတော့ပေမယ့် ရှိုက်နေဆဲကနေ သူ့ကို မကျေမနပ်လေး ပြန်လှည့်ကြည့်လိုက်၏။


သူက ခက်ကို ပြုံးနေသည့် မျက်နှာကြီးဖြင့် ကြည့်နေတာမို့ ခက် မျက်နှာလွှဲလိုက်တော့ သူက ဟက်ခနဲနေအောင် ရယ်လိုက်ပြီး တစ်သျှူးဘောက်စ်ထဲက တစ်သျှူးကိုထုတ်ယူလိုက်ပြီး သူမအနားကိုကပ်လာတာမို့...


"ဘာလုပ်မလို့လဲ''

"ကိုယ့် ခလေးလေးက ချွေးတွေထွက်အောင် ငိုထားလို့ ချွေးသုတ်ပေးမလို့လေ''


"မလိုပါဘူး ပေး ကိုယ့်ဟာကိုယ်လုပ်မယ်''


ခက် တောင်းလိုက်ပေမယ့် သူကမပေးပဲ သူကိုယ်တိုင် သူမရဲ့နဖူးနဲ့လည်တိုင်မှာရှိသည့် ချွေးတွေကို သုတ်ပေး၏။


အခုကျတော့ ခုနက သူမကို အော်တာ သူမဟုတ်တဲ့အတိုင်းပင် နူးညံ့ပြနေတာမို့ ခက်ကပင် ပြန်အားနာရမလိုလို။


ဘယ်လိုနေနေ ကိုကိုပြောတဲ့ ခက်ထက်သာတဲ့မိန်းမကို ယူလို့ရတယ်ဆိုတဲ့စကားကို တွေးလိုက်မိတာနဲ့ အလိုလို စိတ်က တိုနေမိတာမို့ ခက် ကိုကို့ရဲ့အပြုအမူတွေကို ကြည်နူးခြင်းမရှိတာအမှန်။


!!! ဒီမီးကို ကိုကို အစပျိုးခဲ့တာပဲ ကိုကို !!!


>>>>>>>>>><<<<<<<<<<


"ခင်ဗျားတို့ကလဲ ကလေးကို ပြန်ခေါ်သွားပြီးကတည်းက ကျွန်တော်တို့ဆီ တစ်ခါမှ မလာဘူးလေဗျာ''


အပြစ်တင်သလိုမျိုးမဟုတ်ဘဲ စကားရှာပြီးပြောလိုက်သည့် ဦးရာဇာဂုဏ်ရဲ့စကားကြောင့် ဦးမင်းသစ်နဲ့အတူ ဒေါ်သက်ထားကပါ အားတုံ့အားနာဖြစ်သွား၏။


"ဟုတ်ပါတယ် ကျွန်တော်တို့ဘက်က လိုတာပါ၊ တကယ်ဆို ခင်ဗျားတို့ဆီကို ထပ်သွားခဲ့သင့်သေးတာ၊ ဒါပေမယ့် ကျွန်တော်တို့ တစ်ခါလာသေးတယ်၊ အဲ့ဒီ့အချိန်တုန်းက ခင်ဗျားတို့ခြံကြီးက တံခါးပိတ်ထားလို့ လှည့်ပြန်လာခဲ့တာ ဟုတ်တယ်နော် ထား''


္"ဟုတ်ပါတယ်ရှင်၊ သက်ထားတို့ လာတဲ့အချိန်က ဒီက အစ်ကိုကြီးတို့ခြံက တံခါးပိတ်ထားလို့''


"ဪ.. ဒါဆို ညီမတို့လာတဲ့အချိန်က အစ်မတို့ အိမ်ပြောင်းသွားလို့ဖြစ်မယ် အဟွန်း.. ရေစက်ဆိုတာ ဒါကိုပြောတာဖြစ်မယ်.. နှစ်တွေအကြာကြီးနေမှ ကလေးတွေကြောင့် ပြန်ဆုံကြရတယ်လို့''


"ဟုတ်ပါ့ရှင်''


"သားက ဒီအိမ်က သမီးလေးကို ငယ်ငယ်ကတည်းက သံယောဇဥ်ရှိရှာတာ၊ ညီမတို့ ကလေးကို ပြန်လာခေါ်တဲ့နေ့က သားကမရှိဘူးလေ ကျောင်းသွားနေတာ၊ အဲ့ဒါ သူပြန်လာတော့ ကလေးကို မတွေ့တော့လို့ စိတ်ဆိုးပြီး သူ့တိိီတီလေးရှိတဲ့ ကနေဒါကို လိုက်သွားတာလေ၊ အခုမှ နှင်းစက်နဲ့အတူပြန်လာတာပဲ''


"ဪ.. ဟုတ်လား..

ဒါနဲ့များဗျာ ကျွန်တော်တို့လိပ်စာပေးခဲ့တာပဲ၊ လိုက်ပို့လိုက်ရောပေါ့''


ဦးမင်းသစ် ဝင်ပြောလိုက်တော့ ဒေါ်ခင်​စောသိုက်က ပြုံးရင်းမှ..


"အဲ့ဒီ့လိပ်စာကဒ်ကလဲ ပျောက်သွားတာ၊ အဲ့ဒီ့မှာ သား အရမ်းစိတ်ဆိုးသွားတာလေ၊ ဟုတ်တယ်နော် ခေတ်''


ဘေးမှာကပ်ထိုင်နေသည့် ခေတ်ကို စကားဝင်ထောက်ရန် မေးလိုက်ပေမယ့် ခေတ်က ဘာမှဝင်မပြောပဲ ခေါင်းသာငြိမ့်၏။


အနွယ်မအားလို့ ခေတ်ကို ခေါ်လာရပေမယ့် စကားတစ်ခွန်းမှ ဝင်မပြောပဲ မှုန်ကုတ်နေသည့် မျက်နှာထားကြီး​ြဖင့် ထိုင်​ေနတာမို့ တစ်ဖက်ကမိသားစုကိုပင် အားနာနေရသည်။ 


"ဒါဆို ပွဲကို နောက်တစ်ပတ်ထဲမှာပဲ လုပ်လိုက်ကြတာပေါ့''


ဒေါ်ခင်စောသိုက် ပြောလိုက်တော့ ကျန်တဲ့ လူကြီးတွေက ခေါင်းငြိမ့်ကာ ထောက်ခံကြ၏။


သားအတွက်တွေးပြီး ဒီမိန်းကလေးကို လက်မခံနိုင်ပါဘူးဆိုရင် သားကိုပါ စွန့်လွှတ်လိုက်ရမှာမို့ နောက်ဆုံး သူမကပဲ အလျော့ပေးလိုက်ရတော့၏။


မိန်းကလေးဘက်က မိဘတွေက ဘာဆို ဘာမှတောင်းဆိုခြင်းမရှိပဲ သူမ သဘောအတိုင်းစီမံခွင့်ပေးတာမို့ ဒီပွဲမှာ သူမက ဒါရိုက်တာ။


ထိုစဥ် ခြံထဲကို ကားတစ်စီးထိုးရပ်သွားတာမို့

သူမ အိမ်ရှေ့ကို မျှော်ကြည့်လိုက်ရင်း..


"သားတို့ရောက်လာပြီထင်တယ်''


"ရောက်မှပဲကွာ၊ ငါတို့နဲ့အတူထွက်လာတာပဲကို လမ်းမှာ ဘာလို့ ဒီလောက်ကြာနေကြတာလဲ မသိဘူး၊ အဲ့ဒါ မင်းသား လမ်းကြောရှည်နေတာပဲနေမှာ''


"အို... ကိုကလဲ..


သူမတို့ လင်မယားနှစ်ယောက်အချင်းများနေစဥ်

ဒေါ်သက်ထားက အိမ်ရှေ့ကို ထထွက်သွား၏။


ပြန်လာတော့ နွေသစ်ခက်ကို ခါးလေးမှဖက်ကာ

သားအမိနှစ်ယောက် ပြုံးပြုံး ပြုံးပြုံးဖြင့်။


သူတို့နောက်ကမှ နွေသစ်ခက်ရယ်နေတာကိုကြည့်ပြီး ပြုံးနေသည့် မျိုးရိုးဂုဏ်။


သားတော်မောင်ရဲ့ ထင်ရာစိုင်းသွားသည့် လုပ်ရပ်ကြောင့် ကိုယ့်ချွေးမကို အခုမှ စေ့စေ့စပ်စပ်ကြည့်ရသည့်အဖြစ်။


မျိုးရိုးဂုဏ် စျာန်လျောရင်လဲ လျောချင်စရာပင်။

ဘာမှပြင်ဆင်ခြယ်သထားခြင်း မရှိသည့် နွေသစ်ခက်က အဝါနုရောင် ဂါဝန်ကားကားလေးကို ဂါဝန်နဲ့ဆင်တူ အပေါ်ထပ်လေးထပ်ဝတ်ထားရုံဖြင့် ချစ်စရာကောင်းနေတာအမှန်။


ဆံနွယ် နက်နက်ရှည်ရှည်လေးတွေကို အဝါရောင် ဖဲသားခေါင်းစည်းကြိုးလေးဖြင့် ညာဘက်ပုခုံးတွင် တစ်ဖက်တည်း စုချည်ထားသည်က သပ်သပ်ရပ်ရပ်မရှိပေမယ့် ကပိုကရိုလေး လှနေပြန်၏။


အရင်က ချွေးမ မတော်နိုင်ပါဘူးလို့ မောင်းတင်ထားသည့် သူမရဲ့စိတ်တွေက စိတ်လျော့လိုက်၍ပဲလား။ ဒါမှမဟုတ်ရင် နွေသစ်ခက်ကို မြင်လိုက်ရ၍လားတော့မသိ။ ဒီအချိန်မှာ သူတို့နှစ်ယောက်ကို အမြန်ဆုံးနီးစပ်စေချင်တဲ့ စိတ်သာရှိတော့သည်။


"ဟိုကောင် မျိုးရိုးဂုဏ် ဘယ်ဝင်နေလို့ အခုမှ ရောက်တာလဲ''


"ဘယ်မှမဝင်ပါဘူး၊ ကားလမ်းတွေပိတ်နေလို့''


"ငါတို့လဲ ဒီလမ်းကပဲ လာတာပါ၊ ဘာလမ်းမှမပိတ်ဘူး''


"ဖေဖေတို့သွားတုန်းက မပိတ်ပေမယ့် ကျွန်တော်တို့သွားတော့ ပိတ်ရင်ပိတ်မှာပေါ့၊ ဘယ်အရာမှမ​ြမဲဘူးဆိုတာ ဖေဖေမသိဘူးလား''


"ကဲပါ ကိုလဲတော်တော့ သားလဲတော်တော့၊ သူများအိမ်လာပြီး အငြင်းအခုံလုပ်နေကြတယ်''


"သူများအိမ်မဟုတ်ပါဘူးဗျာ၊ သိပ်မကြာခင်ပဲ အမျိုးတော်ကြရတော့မှာပဲ မဟုတ်ဘူးလား ကိုမင်းသစ်''


ဦးရာဇာဂုဏ်က ဦးမင်းသစ်ကို ရယ်ရင်းပြုံးရင်းမေးလိုက်တော့ ဦးမင်းသစ်က နှုတ်ခမ်းမိန့်ကာ ပြုံး၏။


ဧည့်ခန်းထိပ်က ဆိုဖာကြီးပေါ်တွင် ဦးရာဇာဂုဏ်နဲ့ ဦးမင်းသစ်က ဘေးချင်းယှဥ်ထိုင်နေ၏။


ထိုဆိုဖာကြီးရဲ့ ဘေးနှစ်ဖက်က ဆိုဖာတွေပေါ်မှာတော့ ဒေါ်ခင်​​စောသိုက်နဲ့ ခေတ်သစ်ဂုဏ်ကတစ်ဖက်ထိုင်နေပြီး ကျန်တဲ့တစ်ဖက်တွင် ဒေါ်သက်ထားနဲ့ ပူတူးက ဝင်ထိုင်လိုက်ပြီး..


"မေမေ ကိုကိုတို့ရော''

"သမီး ကိုကိုတို့က မနေ့ညကတည်းက ပဲခူးက သူတို့အမျိုးတွေဆီသွားတယ်၊ ဒီနေ့ သမီးတို့လာမယ်မှန်းသိရင် ဖေဖေတားထားလိုက်ပါတယ်ကွာ၊ အခုက ဗြုန်းစားကြီးဆိုတော့..


"ဪ...


"ကျုပ်တို့ဘက်က လောသလိုဖြစ်သွားတာ တောင်းပန်ပါတယ်ဗျာ''


"မဟုတ်တာ ရပါတယ်၊ အခုလို မိသား ဖသားပီပီ ပြန်လာအပ်တာကိုပဲ ကိုရာဇာဂုဏ်တို့ကို ကျွန်တော်နဲ့ထားက ကျေးဇူးတင်နေတာပါဗျာ''


အဖေနှစ်ယောက် ပြေပြေလည်လည်ပြောနေသည်ကိုကြည့်ပြီး ဂုဏ် ပူတူးအနားကိုသွားထိုင်ရန် ခြေလှမ်းပြင်လိုက်စဥ်...


"လာ ဂုဏ်လေးက ဒီမှာလာထိုင်''

"ဘာလို့လဲ မလေး''


"ဘာမှမဖြစ်ပါဘူး လာစမ်းပါ ဒီမှာလာထိုင်ပါဆို''


မလေးရဲ့ပုံစံကို သဘောမကျပေမယ့် လူကြီးတွေရှေ့မှာမို့ ဂုဏ် ငြင်းမနေတော့ပဲ မလေးတို့ထိုင်နေသည့် ဆိုဖာတွင်ဝင်ထိုင်လိုက်၏။


"အန်ကယ်လ်တို့ကတော့ မဂ်လာပွဲကို နောက်တစ်ပတ်ထဲလုပ်ဖို့ စီစဥ်ထားတယ်၊ သားတို့သဘောကရော''


ဦးမင်းသစ်ရဲ့ မေးခွန်းနောက်မှာ ဂုဏ်နဲ့ခက် တစ်ယောက်ကို တစ်ယောက်ပြန်ကြည့်မိသည်။


"ပူတူးက လက်ခံတယ်ဆို ကျွန်တော်လဲမငြင်းပါဘူး''


"ကဲ ဒါဆို သမီးလက်ခံရင်ပြီးပြီပေါ့၊ သမီးက လက်ခံတယ်မလား''


ဒီတစ်ကြိမ်မေးသူက ဦးရာဇာဂုဏ်။

ခက် မေမေ့ကို တစ်ချက်ပြန်ကြည့်ရင်းမှ..


"ခက်က မင်္ဂလာပွဲမလုပ်ချင်ဘူး''

"ဘယ်လို''


"ပူတူး''


"တကယ် ခက် အဲ့လိုလူရှုပ်ရှုပ်တွေကို မကြိုက်ဘူး၊ လက်ထပ်မှဖြစ်မှာမို့လို့ လက်ထပ်မယ်ဆိုရင်လဲ ဒီအတိုင်း ရုံးတက်ပြီး လက်မှတ်ထိုးလိုက်ရင် မကောင်းဘူးလားဟင်''


"ဘယ်ဖြစ်မလဲ မင်းတို့အသိုင်းအဝိုင်းမှာတော့

မင်းပြောသလို ပြီးစလွယ်လုပ်လို့ ကိစ္စမရှိပေမယ့် တို့တွေအသိုင်းအဝိုင်းကတော့ မဖြစ်ဘူး၊ ပြီးတော့ တို့်မှာက ဒီမောင်လေးတစ်ယောက်ပဲရှိတာ၊

မိန်းမယူတာကို မယားငယ်ထားသလို လူမသိ သူမသိ လုပ်ရလောက်အောင်အထိ တို့လက်မခံဘူး''


"မလေး ခဏနေပါဦး၊ ကျွန်တော်ပြောပါ့မယ်''


ပူတူးရဲ့စကားဆုံးတာနဲ့ ဒေါသတကြီးပြောဆိုလာသည့် မလေးကို ဂုဏ် တားလိုက်ပြီး ခေါင်းငုံ့ချထားသည့် ပူတူးကို သူ စိုက်ကြည့်လိုက်ကာ...


"ဘာလို့ပွဲမလုပ်ချင်တာလဲ၊ လူရှုပ်တာမကြိုက်လို့ဆိုတဲ့ အကြောင်းပြချက်ပဲဆိုရင်တော့ ကိုယ်လက်မခံဘူးနော် ပူတူး''


"ခက် တကယ်အဲ့လိုပွဲတွေမလုပ်ချင်လို့ပါ''


"ကိုယ့်ကို စိတ်ဆိုးမပြေသေးလို့ အခုလို ဂျစ်တိုက်နေတာ ဟုတ်တယ်မလား''


"မဟုတ်ပါဘူး ခက် တကယ်မလုပ်ချင်လို့ပါဆို''


"မလုပ်လို့မရဘူး မင်း ကိုယ့်ကိုမချစ်လို့ ဒီပွဲကို အရေးမပါဘူးလို့ထင်ပေမယ့် ကိုယ်ကျတော့မတူဘူး၊ ချစ်လွန်းလို့မှ မရရအောင်ယူထားရတဲ့မင်းရဲ့လက်ကိုဆွဲပြီး မင်းဟာကိုယ့်အပိုင်ပါဆိုပြီး တစ်လောကလုံးကို ကြွားချင်သေးတာ''


ဘေးမှာရှိနေတဲ့လူကြီးတွေကို ဂရုမစိုက်ပဲ

ပြောချင်တာ ပြောချနေတဲ့ ကိုကို့ကြောင့် ခက်လူကြီးတွေကို မလုံမလဲလေးကြည့်လိုက်၏။

ကိုကို့ရဲ့အစ်မဆိုသူကလွဲရင် အားလုံးက သူတို့နဲ့မဆိုင်သလို မျက်နှာကို ခပ်လွှဲလွှဲလုပ်နေကြတာမို့..


"ခက်က ဟိုးအရင်ကတည်းက လူရှုပ်တဲ့နေရာဆို ဘယ်နေရာမှမသွားတာပါ၊ အခုလဲ..


"မတူဘူးလေ အခုက သူများပွဲသွားရမှာမှမဟုတ်တာကွာ၊ ဒါ ကိုယ်တို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲ''


"ဟင့်အင်း ခက် မသိဘူး၊ ခက်သိတာက ခက်ဒီပွဲမလုပ်ချင်ဘူး၊ လက်ထပ်မှဖြစ်မယ်ဆိုရင် ခက်တို့ လက်မှတ်ထိုးပြီး လက်ထပ်လို့ရတာပဲ၊ အဲ့ဒါမှမကျေနပ်ဘူးဆိုရင် တစ်နေရာရာမှာ အလှူလုပ်လို့ရတာပဲလေ၊ အဲ့ဒီ့အတိုင်း ကိုကိုလက်ခံတယ်ဆိုရင် ပြီးတာပဲကို''


"လက်မခံဘူးဆိုရင်ရော?''


ဂုဏ် အကဲစမ်းသလို မျက်ခုံးပင့်ပြီးမေးလိုက်တော့ သူမက သူ့ကိုစိုက်ကြည့်နေရင်း ခဏကြာအောင် တိတ်ဆိတ်သွားပြီးမှ..


"အဲ့ဒါဆို ခက် ကိုကိုနဲ့လက်မထပ်ဘူး''


"ဘာကွ လက်မထပ်ဘူးဟုတ်လား''


"ခက်ပြောသလိုမလုပ်ဘူးဆိုရင် ခက် ကိုကိုနဲ့တကယ်လက်မထပ်ဘူး''


"သမီး ဘာတွေလျှောက်ပြောနေတာလဲ''


မမကြီးနဲ့ ကိုကိုတို့နှစ်ယောက်ကြားက ဘာလိုလို အခြေအနေတွေကြောင့် ခက် ကိုကိုနဲ့လက်ထပ်ရမှာကို မျက်နှာပူမိတာအမှန်ပါ။ အစကတည်းက မမကြီး ကိုကို့အပေါ်ထားတဲ့ သဘောထားကို သိပြီးသားမို့ ကိုကိုတို့ပြောသလို မင်္ဂလာပွဲတွေလုပ်လိုက်ရင် မမကြီးအပေါ် မတရားသလို ဖြစ်သွားမှာလဲ ကြောက်မိသည်။ 


ဒါတွေအပြင် ကိုကို့ကို မကြည်လင်တဲ့စိတ်တွေကြောင့် ဂျစ်တိုက်ပြီးပြောပစ်လိုက်တော့ မေမေက မျက်စိပျက် မျက်နှာပျက်​ြဖင့် ဝင်ပြောလာ၏။


"သမီးက မိန်းကလေး နစ်နာစရာရှိရင် သမီးပဲ အရင်နစ်နာမှာ၊ သမီးတို့ မှားခဲ့တာတွေလဲ မှားခဲ့ပြီးပြီပဲ၊ အခု လူကြီးတွေစီစဥ်သလို လက်ခံလိုက်ရင် ချောချောမွေ့မွေ့ပြီးသွားမှာပဲကို ဘာလို့ ဂျီကျနေရတာလဲ သမီး''


"ခက် ဂျီကျတာမဟုတ်ဘူးမေမေ၊ ခက် မှ အဲ့လိုပွဲတွေမလုပ်ချင်တာကို''


"ရတယ်လေ မလုပ်ချင်ရင် မလုပ်နဲ့ပေါ့၊ ငါတို့ဘက်ကလဲ ညည်းကို အတင်းက​ာရော အမျိုးတော်ချင်နေတယ်မထင်နဲ့၊ လာ ဂုဏ်လေး ပြန်မယ်''


"သမီး ခေတ် ဘာတွေဝင်ပြောနေတာလဲ''


နွေသစ်ခက် ဂျိီကျပြီးရစ်နေတာကို သားဖြစ်တဲ့ ဂုဏ်ကတောင် ဘာမှဝင်မပြောပဲ ငြိမ်နေတာကို ခေတ်က ဝင်ပြောနေတာမို့ ဒေါ်ခင်စောသိုက် ဝင်တားလိုက်တော့..


"မေမေလဲ မြင်တာပဲလေ၊ ဂုဏ်လေးကို လက်ထပ်ရမှာကို သူကပဲနစ်နာသလိုလိုပြောနေတာကို''


"ခက်က ဒီလိုရည်ရွယ်တာ မဟုတ်ပါဘူး၊ ခက် တကယ် ပွဲတွေဘာတွေ မလုပ်ချင်လို့ပါ''


"အေး မလုပ်နဲ့ ဘာပွဲမှ မလုပ်နဲ့၊ လာ ဂုဏ်လေး မမတို့ပြန်မယ်''


"ခဏနေပါဦးကွယ်၊ သမီးလေးက ကလေးစိတ်မကုန်သေးလို့ တခါတလေဂျီကျချင်တာမျိုးပါ၊ သမီးအစား အန်တီကပဲ တောင်းပန်ပါတယ်နော်''


"ကလေးစိတ်မကုန်သေးရင် ဘာလို့ ယောက်ျားယူလဲ''


"မလေး တော်တော့''


"မတော်နိုင်ဘူး ငါတို့မင်းကို အလိုလိုက်ခဲ့တာက အခုလို သူများကိုအလျော့ပေးဖို့မဟုတ်ဘူး၊ လာ ပြန်မယ်၊ ဒီလိုမိန်းကလေးနဲ့ လက်မထပ်ရလဲ ဘာဖြစ်လဲ၊ သူ့ထက်သာတာတွေ မင်းမှာ ပေါလွန်းလို့''


"မလေး''


သူ့ကို လက်မောင်းတစ်ဖက်မှ ဆွဲထူပြီး ပြန်ဖို့ပြင်နေတဲ့ မလေးကို သူစိတ်ပျက်သလိုလေး အော်လိုက်ပြီးမှ


"ကျွန်တော့်မျက်လုံးထဲမှာ ပူတူးထက်သာတဲ့ မိန်းမမရှိဘူး၊ ပြီးတော့ ကျွန်တော် သူ့ကို မရလို့မဖြစ်ဘူး''


"မျိုးရိုးဂုဏ် မင်းဘာဖြစ်နေတာလဲ၊ အရင်ကလို မာနကြီးပြလိုက်စမ်းပါ၊ ဘာဖြစ်နေတာလဲ''


"ကျွန်တော် မာနထားရင် ပူတူးနဲ့ဝေးသွားမှာပေါ့၊

သွားပါ မလေး ပြန်ချင်ရင်ပြန်တော့''

"ဂုဏ်''


ခေတ် သူမကို နှင်ထုတ်နေသည့် ဂုဏ်လေးကို

ဒေါသတကြီးအော်ပစ်လိုက်တော့ အခုထိ ဘာတစ်ခွန်းမှ ဝင်မပြောသေးတဲ့ ဖေဖေက သူမအနားကို လျှောက်လာပြီး..


"သမီး ပြန်လိုက်တော့ သွား၊ ဒီကကိစ္စကို ဖေဖေတို့ ကြည့်လုပ်မယ်''


"ဖေဖေ့''


"ခေတ်သစ်ဂုဏ်  ပြန်တော့လို့ ဖေဖေပြောနေတယ်နော်၊ ဖေဖေစိတ်မတိုချင်ဘူး ပြန်တော့''


သူမရဲ့ လက်မောင်းမှဆွဲကာ အိမ်ပေါက်ဝအထိ တွန်းပို့နေတဲ့ဖေဖေ့ကြောင့် ခေတ် နှုတ်ခမ်းကိုက်လိုက်ပြီး ဧည့်ခန်းထဲမှာရှိနေသည့် နွေသစ်ခက်ကို မျက်စောင်းထိုးကြည့်လိုက်၏။


လက်ထပ်ပွဲပင် မလုပ်ရသေးဘူး။

တစ်အိမ်လုံးက ဒီကလေးမလေးဘက် ပါနေပြီ။

ဂုဏ်လေးဆိုရင် အရင်ကနဲ့မတူလောက်အောင်

ပျော့ညံ့နေသည်က မကြည့်ချင် မြင်လျက်သား။


"ဖေဖေတို့ လုပ်ချင်သလိုသာ လုပ်ကြတော့၊ ဒီနေ့ကစပြီး ခေတ်ကို ဘာမှလာပြီးမပြောနဲ့၊ ပြီးတော့ ဂုဏ်လေး နင်လဲ လုပ်ချင်တာ လုပ်မှာဆိုရင် ငါ့ကို အစ်မလို့မခေါ်နဲ့''


ပြောချင်တာ ပြောချသွားပြီး ကားပေါ်တက်ကာ ဝူးခနဲနေအောင် မောင်းထွက်သွားသည့် ခေတ်ကြောင့် အိမ်ထဲမှာကျန်ခဲ့တဲ့ လူအားလုံး ခဏ ငြိမ်သက်သွား၏။


မျိုးရိုးဂုဏ်နဲ့ နွေသစ်ခက် ဝင်မလာခင်အထိ တည်ငြိမ်နေတဲ့စကားဝိုင်းလေးက ခေတ် ပဲွဲကြမ်းပြီးသွားတဲ့နောက်မှာ ဘယ်က စပြီး ပြန်ပြောရမှန်းပင်မသိတော့။


"သမီးက သူ့မောင်လေးကို အရမ်းချစ်လို့ အခုလို ဆတ်ဆတ်ထိမခံဖြစ်သွားတာပါ၊ သူ့အစား ကျွန်မကပဲ တောင်းပန်ပါတယ်ရှင်''


"ရပါတယ်ဗျာ ကျွန်တော့်တို့သမီးဘက်ကလဲ အမှားဖြစ်သွားတာပါ၊ ကလေးတွေရဲ့မင်္ဂလာပွဲကိစ္စက အစ်မကြီးတို့ဘက်ကပဲ ကြိုက်သလို စီစဥ်ပါ''


"ဖေဖေ ခက် ပွဲတွေမလုပ်ချင်...


"သမီး ဘာထပ်ပြီးပြဿနာရှာဦးမလို့လဲ၊ အခုကိစ္စကို ဖေဖေတို့ကြည့်စီစဥ်မယ်''


"ဟင့်အင်း.. ခက် ဒီလိုဆိုရင် လက်မထပ်ဘူး''

"နွေ.. သစ်.. ခက်.. ဖေဖေတို့ကို တစ်ခါ အရှက်ခွဲရရင် ကျေနပ်ပါတော့''


ခက်ရဲ့ စကားကို လက်ခံမပေးတဲ့အပြင် တစ်ခါမှ မမြင်ဖူးတဲ့ပုံစံနဲ့ ဖေဖေက သူမကို အော်လိုက်တာမို့ ခက် ကိုယ်လေး ဆတ်ခနဲတုန်သွား၏။


ဒါကိုပင် မျက်တောင်မခတ်တမ်းကြည့်နေသည့် ဂုဏ်က မရိုးမရွဖြစ်သွားပုံရကာ...


"အန်ကယ် ပူတူးကို မအော်ပါနဲ့ဗျာ၊ သူက ငယ်သေးလို့ သိပ်နားမလည်တာပါ''


"နားမလည်သေးလို့ လူကြီးတွေက စီစဥ်ပေးနေတာကို ဒီကောင်မလေး သပ်သပ်ဂျီကျနေတာကွ''


"ခက်က ခက်ဖြစ်ချင်တာကို ပြောလို့မရဘူးလား''


"ဒီအချိန်မှာ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ပိုပြီး ဦးစားပေးရမယ်၊ ပြီးတော့ သမီးကို ဖေဖေတစ်ခါတည်းပြောထားမယ်၊ အခု သမီးက အိမ်ထောင်သည်ဖြစ်တော့မှာ၊ အဲ့ဒီ့တော့ အရင်ကလိုပဲ ကလေးလိုဆိုးချင်နေလို့မရဘူး၊ ဘယ်လိုသေးငယ်တဲ့ ဆုံးဖြတ်ချက်ပဲချချ ငါ ကလေးမဟုတ်တော့ပါလားဆိုတဲ့ စိတ်နဲ့ ရင့်ကျက်စွာတွေးနိုင်ဖို့ ကြိုးစားရမှာ၊ ဖေဖေ ပြောတာကို နားလည်လား''


"ဟုတ်''


ချစ်တဲ့သူ ဆူရင် ပိုငိုချင်တယ်ဆိုတဲ့အတိုင်း

အခုလဲ ခက် စိတ်ထဲ ဘာကိုမှန်းမသိ ဝမ်းနည်းလာတာမို့ နှုတ်ခမ်းလေးမဲ့ကျသွားကာ ခေါင်းလေးပါငုံ့ချပစ်လိုက်၏။


ဒီနေရာမှာ မနေနိုင် မထိုင်နိုင်ဖြစ်သွားသူက ဂုဏ်။ ခေါင်းလေးငုံ့ကာ  ငြိမ်သက်သွားသည့် သူမလေးအနားကို ကပ်ထိုင်လိုက်ပြီး..


"ပူတူး ပူတူး ဟေ့.. ဒီမှာ ကိုယ့်ကိုကြည့်ပါဦး၊ ပူတူး ငိုနေတာလား ပူတူးလေး...


ခေါင်းငုံ့ထားလျက်ကနေ ခေါင်းလေးခါပြနေပေမယ့် ဂုဏ် မသကင်္ာတာကြောင့် မေးဖျားလေးမှ ဆွဲမော့လိုက်တော့...


"ဟာ.. တကယ်ငိုနေတာပဲ ဘာလို့လဲ 

ဘာလို့ငိုရတာလဲကွာ.. ဒီမှာ ကိုယ့်ကိုကြည့်..


ကြည့်ဆိုခါမှ မျက်ရည်အဝိုင်းသားဖြင့် မော့ကြည့်လာ၏။


ငိုချင်နေတာကို ထိန်းထားရမှန်း သိသာလှစွာ

နှုတ်ခမ်းလှလှလေးတစ်စုံက မဲ့ကျနေပြီး မျက်ခမ်းစပ်လေးတွေပါ နီရဲနေ၏။


တကယ့်ကို ပြိုတော့မယ့်မိုးလို အရှိန်ယူနေသည့် မျက်ဝန်းထဲမှ လှုပ်လီလှုပ်လဲ့မျက်ရည်စတို့က သူ့ရင်ထဲကို တစ်ခုခုဖြင့် ထိုးစိုက်လိုက်သည့်နှယ် စူးအောင့်သွားတာကြောင့် လူကြီးတွေကိုပင် ဂရုမစိုက်နိုင်တော့ဘဲ သူမကိုယ်လေးကို ရင်ခွင်ထဲ အသာထွေးဖက်ပစ်ကာ..


"ကလေးလေးကျနေတာပဲကွာ..၊ ဘာလို့ အဲ့လောက် အသည်းငယ်ရတာလဲ၊ ကိုယ်မှားတာပါကွာ၊ ကိုယ်က မင်းကို စိတ်ညစ်အောင် လုပ်မိပြန်ပြီ၊ မင်္ဂလာပွဲလုပ်ဖို့ မင်းဒီလောက်စိတ်ဆင်းရဲနေရရင် မလုပ်တော့ဘူး၊ နော် ရုံးတက်လက်မှတ်ထိုးလိုက်ကြတာပေါ့''


"သား.. ဒီလိုလုပ်လို့ ဘယ်ဖြစ်မလဲ၊ မေမေတို့မှာက သားဆိုလို့ မင်းတစ်ယောက်တည်းရှိတာ၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီပွဲကို အကြီးကျယ်ဆုံး အခမ်းနားဆုံးဖြစ်အောင် စီစဥ်ရမှာပေါ့''


"ဒါပေမယ့် ပူတူးမှ မလုပ်ချင်တာကို..၊ သူ စိတ်ဆင်းရဲမှာသိရက်နဲ့ ကျွန်တော်က ဘာလို့လုပ်ရမှာလဲ၊ နေပါ မေမေရာ.. ဒါတွေက တကယ်တော့ ပကာသနတွေပါ၊ ပွဲလုပ်လို့ ကုန်မယ့်ပိုက်ဆံကို ပူတူးပြောသလိုပဲ တစ်နေရာရာမှာ သွားလှူလိုက်ရင် နောင်သံသရာအထိ ကျွန်တော်နဲ့ပူတူး ရေစက်ဆုံနိုင်တာပေါ့''


"ဟောတော့..


တကယ့်ကို အောချယူရလောက်တဲ့ မျိုးရိုးဂုဏ်ရဲ့ ကျရှုံးခန်းပါပဲ။


ခုနတုန်းကဖြင့် သူပဲ မင်္ဂလာပွဲလုပ်ဖို့ အသည်းအသန်ပြောနေပြီး ဟိုကမျက်ရည်လေး ဝဲပြလိုက်တာနဲ့ ပူတူးသဘောတန်းဖြစ်သွားတယ်မဟုတ်လား။


ေခါင်းမာလှပါချည်ရဲ့ဆိုသော မျိုးရိုးဂုဏ်တစ်ယောက် နွေသစ်ခက်နဲ့ကျမှ နှစ်ခါ​ပြောစရာပင် မလိုလိုက်။


ဒါပြောတာပေါ့ မယားပြောတော့ တစ်ညဆိုတာ။


>>>>>>>>>><<<<<<<<<<


"ဘုတ်.. အင့်.. 

"ခလွမ်း..


Clubတစ်ခုရဲ့ မီးရောင်စုံများကြားမှ ပြေးထွက်လာသည့် အမျိုးသမီးက ဝိုင်ခွက်လေးကိုင်ပြီး ရပ်နေသည့် နေအရိပ်ကို ဝင်တိုက်မိပြီး လက်ထဲမှာ ခွက်လေးက ကြမ်းပြင်ပေါ် လွတ်ကျသွားခြင်း ဖြစ်သည်။


တိုက်မိတာကို ဂရုမစိုက်သည့်ဟန်ဖြင့် ထွက်သွားဖို့ ပြင်နေတာမို့ နေအရိပ် ထိုအမျိုးသမီးရဲ့လက်ကို လှမ်းဆွဲလိုက်ပြီး..


"ဟေ့.. လူကို ဝင်တိုက်ပြီး ဒီအတိုင်းထွက်သွားလို့ရလား''


"ဖယ်စမ်း.. လာပြီး အာရုံမနောက်နဲ့..


ထိုအမျိုးသမီးက မျက်နှာပေါ်ဝဲဖြာကျနေသည့် ရွှေအိုရောင် ဆံနွယ်ကောက်ကောက်တွေကို လက်တစ်ဖက်ဖြင့် လှန်တင်ရင်း ပြောလိုက်မှ နေအရိပ် ထိုအမျိုးသမီးကို မျက်ခုံးကျုံ့ကြည့်လိုက်ပြီး..


"ခင်ဗျား .. ​ေမနှင်းစက်မလား''


"ဟုတ်တယ် မင်းက ငါ့ကိုသိလို့လား''


မျက်လုံးတွေမှေးစင်းကာ သူ့ကိုကြည့်ပြီး ပြောနေသည့် မေနှင်းစက်ရဲ့ပုံစံက မူးလာသည့်ပုံအပြည့်ဖြင့်။


"ကျွန်တော် နေအရိပ်လေ''

"နေအရိပ်.. ဪ.. ဝသန့် သူငယ်ချင်းကို''


"ဟုတ်တယ် ဒါနဲ့ ခင်ဗျားက ဒီကို တစ်ယောက်တည်းလာတာလား ဝသန်ရော မပါဘူးလား''


ထိုကောင်လေးရဲ့ အမေးတွင် နှင်းစက် နှုတ်ခမ်းတွေ မဲ့ချပစ်လိုက်ပြီး...


"ငါက အမြဲတမ်း တစ်ယောက်တည်းပဲလေ အဟွန်း..၊ အရင်ကလဲ တစ်ယောက်တည်း အခုလဲ တစ်ယောက်တည်းပဲ''


"ဒါဆို အပြန်ကို ကျွန်တော် လိုက်ပို့မယ်လေ၊ခင်ဗျားကို ကြည့်ရတာ ကားမောင်းနိုင်မယ်မထင်ဘူး''


"မလိုဘူး.. ငါ ပြန်နိုင်တယ်''


လက်ညှိုးလေးကို ခါပြီးပြောလိုက်တဲ့ မေနှင်းစက်ကို ကြည့်ကာ အရိပ် ရယ်လိုက်တော့ ေမနှင်းစက်က သူ့ကို မျက်စောင်းထိုးကြည့်ပြီး..


"မင်းက ငါ့ကို လှောင်တာလား''

"မဟုတ်ပါဘူး ဒီအတိုင်း ခင်ဗျားပုံစံကို သဘောကျလို့်ပါ''


"သဘောကျတယ် ဟုတ်လား..၊ငါ့ပုံစံက လူရယ်စရာကြီး ဖြစ်နေမှာပေါ့၊ အမြဲတမ်းရှုံးနိမ့်နေတဲ့ လူတစ်ယောက်ရဲ့ပုံစံက ရယ်စရာကောင်းနေမှာပေါ့ အဟွန်း..


နာနာကျင်ကျင်လေး ပြောနေသည့်ပုံံကြောင့်

အရိပ် မေနှင်းစက်ကို ဘာရယ်မဟုတ် ငေးစိုက်ကြည့်နေလိုက်၏။ သူမကလဲ သူ့ကို ခပ်စူးစူးလေးကြည့်ပြီး လှည့်ထွက်သွားရန်ပြင်လိုက်တော့ သူ မေနှင်းစက်ရဲ့လက်ကို လှမ်းဆွဲလိုက်ပြီး..


"ကျွန်တော် ပြန်လိုက်ပို့မယ်''


"မပို့နဲ့ ငါ့ဟာငါ ပြန်မှာ''


"ခင်ဗျား ဒီလောက်မူးနေတာကို ဘယ်လိုပြန်မှာလဲ၊ မတော်လို့ လမ်းမှာ တစ်ခုခုဖြစ်ရင်..


"အဲ့လိုဖြစ်စေချင်တာ တစ်ခုခုဖြစ်ပြီး ေသသွားရင် အကောင်းဆုံးပဲ၊  ငါ့ကို ဘယ်သူမှ နားလည်မပေးကြဘူး၊ အမြဲတမ်း ရှုံးနေရတဲ့ ငါ့ကိုတော့ ဘယ်သူကမှ အဟင့် ဘယ်သူကမှ မသနားဘူး.. ငါ့ဆီကနေ ဖေဖေ့ကိုရော ဂုဏ့်ကိုရော လုယူသွားတဲ့ နွေသစ်ခက်ကိုမှ အကုန်လုံးက ဝိုင်းပြီး ချစ်နေကြတာ.. အဟင့် ဟင့်.. လောကကြီးက မတရားဘူး''


ပြောရင်း ပြောရင်းဖြင့် ငိုချလိုက်သည့် မေနှင်းစက်ကြောင့် အရိပ် မျက်လုံးလေးပြူးကာ အံ့ဩသွားရ၏။


သူ့ခံစားချက်တွေကို အရိုးသားဆုံး ဖွင့်ပြောနေသည့်ပုံစံက အရက်မူးမနေရင်တော့ သနားစရာကောင်းနေမှာ သေချာပေမယ့် အခုတော့ဖြင့် ရယ်စရာကောင်းနေတာအမှန်။


နေအရိပ် သူမကိုကြည့်ပြီး မထိန်းနိုင်ပဲ ရယ်လိုက်တော့ မေနှင်းစက်က သူ့ကို မျက်လုံးစွေကြည့်ကာ...


"နင်က ငါ့ကို ရယ်တယ်ပေါ့၊ အမှန်ဆို နင်လဲ ဘာထူးလဲ၊ နင်လဲ အရှုံးသမားပဲ၊ နင်အသုံးမကျလို့ နွေသစ်ခက် သူများလက်ထဲပါသွားတာ၊ ဟုတ်တယ် ငါအသည်းကွဲရတာလဲ နင့်ကြောင်​့၊ နင်သာ ကိုယ့်လူကိုယ်ပိုင်အောင်လုပ်ခဲ့ရင် အခုလိုတွေ ဖြစ်လာစရာ အကြောင်းမရှိဘူး''


"ကျုပ်နဲ့ ဘာဆိုင်လဲ၊ သစ်ခက်က သူချစ်တဲ့သူကို သူရွေးသွားတာပဲလေ၊ နေပါဦး သစ်ခက်ကို ကျွန်တော်မရလိုက်တာနဲ့ ခင်ဗျားက ဘာလို့ အသည်းကွဲရတာလဲ''


"ဂုဏ်က ငါ့ချစ်သူ၊ နွေသစ်ခက် လုယူသွားတဲ့ မျိုးရိုးဂုဏ်ဆိုတဲ့ယောက်ျားက ငါ အရမ်းချစ်ရတဲ့ သူပဲ''


ပုံမှန်ဆိုရင် မာနကြီးလွန်းသည့် မေနှင်းစက်က

အခုတော့ အရက်အရှိန်ဖြင့် ပွင့်လင်းနေသည်ကို

အရိပ်သတိထားမိသည်။ 


နောက်ပြီး အခုမှသိရတဲ့ကိစ္စက သစ်ခက်ကိုသူ့ဆ​ီကနေ လုယူသွားတဲ့သူက မေနှင်းစက်ရဲ့ချစ်သူဆိုတာကြောင့် ခေါင်းထဲမှာလဲ အတွေးတစ်ခုက လက်ခနဲဝင်လာကာ နှုတ်ခမ်းမိန့်ပြီး ပြုံးလိုက်စဥ်..


"အခု သူတို့က လက်ထပ်တော့မှာ၊ အားလုံးစီစဥ်ပြီးနေကြပြီ၊ ငါတို့ကတော့ Clubလာပြီး အရှုံးကို အရက်နဲ့မျှောချနေရတယ်''


"လက်ထပ်တော့မယ် ဟုတ်လား''


"ဟုတ်တယ် ဒီနေ့ပဲ ဂုဏ်က နွေသစ်ခက်ကို ပြန်လာအပ်ပြီး မင်္ဂလာရက်ရွေးသွားကြတာ''


"ဪ... ဘယ်နေ့လဲ သူတို့ မင်္ဂလာပွဲက''


"မသိဘူး သိလဲမသိချင်ပါဘူး''


"အခု သစ်ခက်က အိမ်မှာလား''

"အင်း''


"ဟုတ်ပြီလေ ဒါဆို မင်္ဂလာပွဲရက်ကို သစ်ခက်ဆီသွားမေးလိုက်မယ်''

"သိတော့ နင်က ဘာလုပ်မလို့လဲ''


နှင်းစက် မေးလိုက်တော့ နေအရိပ်က မဲ့ပြုံးလေးဖြင့်..


"ခင်ဗျား ပြောသလိုပဲ လောကကြီးက မတရားလို့ တရားအောင်လုပ်ရမှာပေါ့၊ ကျွန်တော်တို့ပဲ စိတ်ဆင်းရဲနေရပြီး သူတို့ကတော့ ပျော်နေတာ မဖြစ်သင့်ဘူး မဟုတ်လား''


နေအရိပ်စကားကြောင့် နှင်းစက် တစ်ခုခုကိုတွေးမိပြီး သူမပါ ပြုံးလိုက်မိသည်။


!!! ဟုတ်တယ် မဖြစ်သင့်ဘူး !!!


>>>>>>>>>><<<<<<<<<<


အားပေးတဲ့ အသဲတွေအားလုံးကို ကျေးဇူးတင်ပါတယ်😘😘


အမှားပါသွားရင် ချစ်တဲ့စိတ်နဲ့ဝေဖန်ပေးကြပါဦး😁😁


အပိုင်း(၂၃)မျှော်


စာရေးသူ-Merida(Tulip)


rate now: