book

Index 21

အပိုင်း(၂၁)

  • Author : Merida
  • Genres : Romance, Comedy, Drama

🎗🎗 နှောင်ကြိုး🎗🎗 


~~~~~~~~~~


သူမကို ဆတ်ခနဲပွေ့ချီလိုက်ပြီး အိမ်ကြီးဘက်ကို တလွှားလွှားလျှောက်နေတာမို့ ခက် ရှက်ရှက်ဖြင့် အောက်ချပေးဖို့ပြောပေမယ့် ကိုကိုက မသိကျိုးကျွန်ပြုကာ အိမ်ကြီးဆီကို တန်းတန်းမတ်မတ် လျှောက်သွား၏။


အတင်းရုန်းကန်ပစ်လိုက်ဖို့ကလဲ လက်ထဲက ပန်းခြင်းလေးကြောင့် ဘယ်လိုမှ အခွင့်အရေးမသာခဲ့။


အိမ်ထဲရောက်တော့ ထမင်းစားခန်းထဲကို 

တန်းဝင်လိုက်ပြီး ထိုင်ခုံပေါ်တွင် သူမကို နေရာချပေးလိုက်သည်။ ထို့နောက် သူမ လက်ထဲက ပန်းတွေထည့်ထားသည့် ခြင်းလေးကို ဆတ်ခနဲဆွဲယူလိုက်တော့...


"ဘာလုပ်မလို့လဲ ခက် လိုချင်လို့ တမင်ကောက်ထားတာကို''


မျက်ခုံးလေးကိုတွန့်ချိုးကာ နှုတ်ခမ်းလေးဆူပြီးပြောလိုက်မှ ကိုကိုက သူ့လက်ထဲက ခြင်းလေးကို စားပွဲခုံပေါ်အသာတင်ထားလိုက်ပြီး သူမကို စူးခနဲနေအာင်ကြည့်၏။


"မင်း ထမင်းမစားရသေးဘူးဆို

ထမင်းအရင်စား စကားမများစမ်းနဲ့''. 


ခက်ရဲ့ရှေ့ကို ထမင်းပန်းကန်လေးထိုးပေးရင်း

ကိုကိုပြောလိုက်မှ ခက် စားပွဲပေါ်က ထမင်းဝိုင်းကို သတိထားမိတော့သည်။


ဟုတ်သားပဲ။

ခက် ထမင်းမစားရသေးဘူးပဲ။


ခက် ပန်းကန်ထဲက ဇွန်းနဲ့ ခက်ရင်းကိုကိုင်ကာ

ထမင်းစားဖို့ပြင်လိုက်ပြီးမှ အခုထိ သူမဘေးတွင် ရပ်ကြည့်နေသည့် ကိုကို့ကို ပြန်မော့ကြည့်ရင်း..


"ကိုကိုကရော မစားဘူးလား''

"ကိုယ်က စားပြီးပြီ''


"ဪ... ဟုတ်လား

ခက်က ကိုကို့ကို စောင့်နေတာ''


ဝမ်းနည်းသွားသည့်ပုံဖြင်​့ မျက်နှာလေး ညှိုးကျသွားသည့် သူမကိုကြည့်ကာ ဂုဏ် သနားသွားသည်။


ရောက်ခါစနဲ့မတူပဲ သူ့အပေါ် ဆိုးချင် နွဲ့ချင်လာသည့် သူမက သူ ဘယ်လောက်ဆူနေ ဆူနေ မျက်နှာမပျက်တတ်တာကို သူ အသိ။


သို့ပေမယ့် အခုက မျက်နှာလေးညှိုးသွားပြီး

ဇွန်းနဲ့ခက်ရင်းကိုကိုင်ကာ ပန်းကန်ထဲမှ

ထမင်းတွေကို မစားပဲ ဟိုမွှေဒီမွှေလုပ်နေတာမို့...


"စားလေကွာ ပြီးရင် မင်းဆေးသောက်ရဦးမှာကို''

"ဟင့်အင်း မစားချင်တော့ဘူး''


"ဘာလို့လဲ''

"ဘာမှမဖြစ်ပါဘူး ခက် မဆာဘူး''


ပြောပြီး ထရပ်ဖို့ပြင်လိုက်စဥ် ကိုကိုက သူမရဲ့ ပုခုံးကို လက်တစ်ဖက်ဖြင့်ဖိထားလိုက်ပြီး


"မဆာလို့မရဘူး စားရမယ်''

"ခက် မှ မစားချင်တာကို ဖယ်ပါ''


"မရဘူးလို့ ကိုယ်ပြောနေတယ်လေကွာ''

"မစားချင်ပါဘူးဆိုမှ ကိုကိုက ဘာဖြစ်နေတာလဲ''


စူးစူးရဲရဲမျက်လုံးလေးဖြင့် သူ့ကို ခပ်စွာစွာလေးပြန်ပြောလာတဲ့ သူမကို သူအထူးအဆန်းလိုကြည့်ကာ..


"ပူတူး''

"မစားချင်ဘူးလို့''


အသည်းအသန်ငြင်းပစ်လိုက်တော့ ကိုကိုက သူမကို မျက်ခုံးတွေတွန့်ကွေးသွားအောင် စိုက်ကြည့်၏။


ကြည့်လဲ မတတ်နိုင်ဘူး။

ဒီကတော့ သူပြန်လာမှ အတူတူစားမယ်ဆိုပြီး ဗိုက်အဆာခံပြီး စောင့်နေတာကို သူက အပြင်က စားလာပြီးပြီဆိုတော့ ဘယ်လောက် စိတ်ဆိုးဖို့ ကောင်းလိုက်သလဲ။ ဒီလိုဆိုပေမယ့် ကိုကို့ကို စိတ်ဆိုးလို့ဆိုပြီးတော့လဲ မပြောရဲတာကြောင့် မျက်နှာကိုရှုံ့မဲ့ပစ်ကာ...


"ခက် တကယ်မဆာလို့ပါဆို''

"ခုနက မင်းစားဖို့ပြင်နေတာပါ''


"အဲ့ဒါက ကိုကိုရောစားမယ်ထင်လို့ပေါ့''

"ဒါဆို ကိုယ်မစားလို့ မင်းမစားချင်တာလား"


ဒါကျတော့ ပြန်မဖြေပဲ မျက်နှာလေးငုံ့ချပစ်လိုက်တာမို့ ဂုဏ် ခပ်ရေးရေးလေးပြုံးလိုက်ကာ..


"ဒေါ်ထွေး ကျွန်တော့်အတွက်ပါ ထမင်းပြင်ပေး''

"ခဏစောင့်နော် သား''


"ကိုကိုပဲ စားပြီးပြီဆို''

"မတတ်နိုင်ဘူး ကိုယ့်ဗိုက်ကြီးကွဲထွက်သွားရင်တောင် မင်းက ကိုယ်နဲ့မှ အတူတူစားချင်နေတာဆိုတော့လဲ အဟွန်း..


သူမကိုကြည့်ကာ နှုတ်ခမ်းမဲ့ပြီးပြောလိုက်တဲ့ကိုကိုက သူမနဲ့ ထောင့်ကျသည့် စားပွဲထိပ်ကထိုင်ခုံတွင် ဝင်ထိုင်လိုက်၏။


ပြီးတာနဲ့ ဒေါ်လေးယူလာပေးသော ထမင်းပန်းကန်ထဲကို ဟင်းတွေထည့်ပြီး စားနေပြန်သည်။


စားပြီးပြီလို့လဲပြောသေးတယ်။

အခုစားနေတဲ့ပုံစံကလဲ ပုံမှန်အတိုင်းပဲမို့ ခက် ကိုကို့ကို ကြည့်ကာ


"ကိုကို စားပြီးပြီဆိုတာ ဟုတ်ရောဟုတ်လို့လား''

"ကိုယ်က မင်းကို လိမ်စရာလား၊ မင်းပဲ ကိုယ်မစားရင် မစားချင်ဘူးဆိုလို့ ကိုယ် ဗိုက်မဆာပဲနဲ့ စားပေးနေတာနော်၊ စကားတွေမများပဲ စားစရာရှိတာကိုစား''


"ကိုကို ဗိုက်မဆာရင် မစားနဲ့လေ''


သူမ ဒီလိုပြောလိုက်တော့ ကိုကိုက သူမကို 

အလိုမကျသည့်ပုံစံဖြင့် မျက်မှောင်ကျုံ့ကြည့်လာတာမို့...


"မဟုတ်ပါဘူး ခက်က ကိုကိုဗိုက်မဆာပဲ စားနေမှာစိုးလို့ပါ''


"စကားများတယ်ကွာ၊ ဘာလဲ မင်းထမင်းစားဖို့အတွက် ကိုယ်က ခွံ့ပါကျွေးရမှာလား''


"ဟင့်အင်း.. မကျွေးရပါဘူး၊ ခက် ကိုယ့်ဟာကိုယ် စားတတ်ပါတယ်''


"စားတတ်ရင် မြန်မြန်စား စကားထပ်မများနဲ့''


ခေါင်းလေးငြိမ့်ပြကာ ထမင်းကိုသာအာရုံစိုက်ပြီး စားနေတော့မှ သူလဲ ဘာမှထပ်မပြောတော့ပဲ ထမင်းပြန်စားလိုက်သည်။


"ကိုကို''


ထမင်းစားနေလို့ နှစ်ဇွန်းပဲရှိသေးသည်

စကားများလွန်းသည့် သူမလေးရဲ့အသံက ထွက်လာပြန်တာမို့ သူစိတ်မရှည်သလိုပြန်ကြည့်လိုက်တော့ သူမက သူ့ကို သွားလေးတွေပေါ်အောင်ပြုံးပြပြီး


"ဒီတစ်ခါပြောပြီးရင် ခက်တကယ် ထမင်းပြီးအောင်စားတော့မှာ တကယ် တကယ်''

"ဘာလဲ ဘာပြောစရာရှိသေးလို့လဲ''


"ဟိုလေ ခက်ပြောရင် ကိုကိုက ဒေါသမထွက်ရဘူးနော်''


ကျောင်းပြန်တက်ဖို့ကိစ္စကို ပြောမှာမို့လို့

လက်ခံပါ့မလားဆိုတာ ခက် တွေးပူရသည်။


သို့ပေမယ့် မပြောလို့လဲ မဖြစ်တဲ့ကိ္စ္စမို့

ေရှ့ကနေ ကြိုပြီး အာမခံလုပ်ထားရခြင်းပါ။


"ခက်လေ ကျောင်းပြန်တက်ချင်တယ်''

"ချလွမ်...


ထမင်းပန်းကန်ထဲကို ဇွန်းကိုအသံမြည်အောင် တမင်ပစ်ချလိုက်တယ်ဆိုတာကို ခက်သိပေမယ့် ချက်ချင်းကြီးပြောင်းလဲသွားသည့် ကိုကို့ရဲ့မျက်နှာထား တင်းတင်းကြီးကြောင့် လူကဆတ်ခနဲတုန်သွား၏။


"ဘာပြောလိုက်တာလဲ ပူတူး''

"ခက် ကျောင်းပြန်တက်ချင်တယ်လို့ပြောတာ''


"ဘာလို့ တက်ချင်တာလဲ''

"ခက် ကျောင်းမပြီးသေးဘူးလေ၊ အခုမှ တတိယနှစ်ပဲရှိသေးတာကို''


"ကျောင်းပြီးတော့ မင်းက ဘာလုပ်မှာလဲ''

"ခက် အလုပ်လုပ်မှာပေါ့''


"ဘာလို့ အလုပ်လုပ်မှာလဲ''


ဘာလို့ရမှာလဲ။

ပိုက်ဆံရှာချင်လို့ပေါ့။


တစ်ခုချင်း လိုက်မေးနေသည့် ကိုကို့ကို

သူမစိတ်ထဲကနေ မကျေမနပ်လေးပြောလိုက်ပေမယ့် အပြင်မှာတော့ ဒီလိုမပြောရဲတာကြောင့်...


"အလုပ်မလုပ်ဘဲ ခက်က ဘာလုပ်နေရမှာလဲ''

"အခုလိုပဲ ကိုယ့်အနားမှာ လိမ်လိမ်မာမာလေး နေပေးပေါ့''


"ဟင်.. မနေချင်ပါဘူး ခက်ပျင်းတယ်၊ ပြီးတော့ ခက် တစ်လျှောက်လုံး သူများရဲ့ အရိပ်အခြေကြည့်ပြီး နေခဲ့ရလို့လားမသိဘူး၊ ခက် အဲ့လိုနေရတာကို မကြိုက်ဘူး၊ အဲ့ဒါကြောင့် ခက်က ကိုယ့်အလုပ်နဲ့ကိုယ် ကိုယ့်အားကိုယ်ကိုးပြီးနေချင်ခဲ့တာ''


"အခု ကိုယ့်ရဲ့အရိပ်အခြေကို မင်းကြည့်နေရလို့လား''


သူမရဲ့ဘဝအကြောင်းကို သူသိပြီး နားလည်ပေမယ့် သူ့ကိုပါ တခြားသူတွေနဲ့ အတူတူပဲလို့ တွေးထင်နေသလားဆိုတာကို သိချင်တာကြောင့် သူ စမ်းသပ်သလိုလေးမေးလိုက်တော့ သူမလေးက သူ့ကို မော့မော့လေးပြန်ကြည့်၏။


ပြီးမှ အခုထိမကုန်သေးသည့် ထမင်းပန်းကန်ကို ပြန်ငုံ့ဲကြည့်ကာ..


"ကိုကိုက ခက်ကို အစစ အရာရာ ဂရုစိုက်တယ်ဆိုတာကို ခက်သိပါတယ်၊ အစီအစဥ်မရှိပဲ ဒီအိမ်ကိုရောက်လာတာဆိုပေမယ့် ခက် ထင်ထားသလောက် ခက် စိတ်မညစ်ရပါဘူး၊ ဒါပေမယ့် ခက်နေချင်တာ ဒီလိုမျိုးမဟုတ်ဘူး''


"ပြောစမ်းပါဦး မင်းနေချင်တဲ့ပုံစံကို''


ထိုင်ခုံကို ခပ်လျောလျောလေးမှီကာ လက်ပိုက်ပြီး မေးနေသည့် ကိုကို့ရဲ့ပုံစံမှာ အလိုမကျခြင်းတွေက ထင်းခနဲ။


"ခက်က အလုပ်လုပ်ချင်တာ''

"အင်း ဘာအတွက်လဲလို့''


"ခက်လဲ ကိုယ့်ဝင်ငွေနဲ့ ကိုယ်နေချင်တာပေါ့''

"ပိုက်ဆံအတွက်ပေါ့ ဟုတ်လား''


သူမက သူ့ကိုမရဲတရဲလေးကြည့်ကာ ခေါင်းငြိမ့်ပြ၏။ သူမကိုကြည့်ကာ တစ်ခုခုကိုစဥ်းစားလိုက်ပြီးမှ ခေါင်းကိုခပ်လေးလေးငြိမ့်လိုက်ပြီး..


"မင်းကို လကုန်တိုင်း မင်းလိုချင်တဲ့ပမာဏ

ကိုယ် လစာပေးမယ်''


"ဟင့်အင်း မလိုချင်ပါဘူး၊ ခက်က ကိုယ့်ဘာသာ ငွေရှာချင်တာကို''


"အိမ်ထောင်တစ်ခုမှာ ငွေရှာရတာ အိမ်ထောင်ဦးစီးရဲ့တာဝန်၊ အဲ့ဒီ့တာဝန်ကို ကိုယ်ပဲယူမယ်၊ ဘာလို့လဲဆိုရင် ကိုယ်က မင်းရဲ့အိမ်ထောင်ဦးစီး''


"ဘယ်သူက မဟုတ်ဘူးပြောနေလို့လဲ၊ ကိုကိုပြောတာကို ခက်နားလည်ပါတယ်၊ အခုချိန်မှာ ကိုကိုက ခက်ကို အစစ အရာရာ ဂရုစိုက်ပေးနေနိုင်ပေမယ့် နောင်တစ်ချိန် ကိုကို့ရဲ့စိတ်တွေ ခက်အပေါ်မှာမရှိတော့ရင် ဘယ်လိုလုပ်မလဲ၊ အဲ့ဒီ့အချိန်ကျရင် ခက်က ဘာအလုပ်မှမလုပ်တတ်ရင်..


"တော်စမ်း ပူတူး၊ မင်းရဲ့စကားက ဘာအဓိပ္ပါယ်လဲကွ ဟမ်၊ အချိန်တွေပြောင်းသွားတာနဲ့ ကိုယ့်ရဲ့စိတ်တွေပါ ပြောင်းလဲသွားရအောင် ကိုယ့်ကို အပြောင်းအလဲမြန်တဲ့သူလို် ထင်နေတာလား၊ ဒါမှမဟုတ်ရင် ကိုယ့်အချစ်ကို မင်းအထင်သေးတာလား၊ အခုချိန်မှာ ကိုယ်မင်းကိုချစ်တယ်၊ ဟုတ်တယ် အဲ့ဒါ တစ်သက်လုံးအတွက်ပဲကွ၊ မင်းမချစ်တတ်လို့ အချစ်ကိုနားမလည်ဘူးဆိုရင်တောင် ကိုယ့်အချစ်ကို အထင်မသေးနဲ့ ကိုယ့်အချစ်ကို မစော်ကားနဲ့''


သူခွင့်မပြုဘဲ သူမအိမ်ကိုပြန်သွားတဲ့ကိစ္စကို

မကျေလည်းေသးတဲ့ သူ့စိတ်က သူ့အချစ်ကိုအထင်သေးသလိုပြောလာသည့် သူမရဲ့စကားတွေကို သည်းခံနိုင်စွမ်းကုန်ဆုံးသွား၏။


ဒါ့ကြောင့် ဒေါသအလျောက် သူအော်ပစ်လိုက်တော့ သူမလေးက သူ့ကို မျက်လုံးဝိုင်းလေးဖြင့် ပြူးပြူးလေးကြည့်နေ၏။


"မင်းကျောင်းတက်ချင်ရင် တက်ပါ၊ ကိုယ်မတားဘူး၊ ဒါပေမယ့် အလုပ်လုပ်ဖို့ဆိုတာအထိတော့ ကိုယ်ခွင့်မပြုဘူး၊ အဲ့ဒီ့အစား ကိုယ်က မင်းကို ရှာကျွေးနေရတယ်ဆိုပြီး မင်းအပေါ်မှာ ဘယ်​​ေတာ့မှ အနိုင်မယူဘူးလို့ ကိုယ်ကတိပေးတယ်''


"မဟုတ်ဘူး ခက်ပြောချင်တာက ဒီလိုမဟုတ်ပါဘူး''


အမှန်က ကျောင်းတက်ချင်လို့ အလုပ်လုပ်မယ်ဆိုတာကို ရမယ်ရှာပြီး ပြောလိုက်မိတာပါ။ ဒါကို ကိုကိုက ဘာလို့အလုပ်လုပ်မှာလဲလို့မေးလာလို့ တွေ့ကရာတွေ လျှောက်ဖြေလိုက်ရာကနေ

စကားမှားသွားခြင်းရယ်ပါ။


စကားကလဲ မှားစရာရှားလို့ ကိုကို့ဒေါသကိုဆွပေးနိုင်သည့် စကားကိုမှ မှားမိပြန်တာမို့ ခက် အရမ်းဒေါသဖြစ်နေသည့် ကိုကို့ကို ခေါင်းတွေရော လက်တွေပါ ခါရမ်းပြီးငြင်းလိုက်ပေမယ့် ကိုကိုက ဂရုမစိုက်ဟန်ဖြင့် ဆတ်ခနဲထရပ်ကာ..


"ပြီးခဲ့တဲ့ရက်တွေအထိ ကိုယ်က မင်းကို ချုပ်ခြယ်သလိုဖြစ်ခဲ့မှာပေါ့၊ အဲ့ဒါကလဲ မင်းနေမကောင်းလို့ ကိုယ်ဂရုစိုက်ပေးခဲ့ရုံသပ်သပ်ပဲ၊ မင်းကို ကိုယ့်အိမ်မှာနေတယ်ဆိုပြီး ကိုယ့်အလိုကျ အရိပ်အခြေကြည့်နေစေချင်လို့ မဟုတ်ဘူးဆိုတာ ကိုယ်ကျိန်ပြီးပြောရဲတယ်၊ အဲ့ဒီ့အရာတွေက မင်းကို အခုလိုမျိုး သိမ်ငယ်စေခဲ့ရင် ကိုယ်တောင်းပန်တယ်''


"မဟုတ်ပါဘူး ကိုကိုရယ်

ခက်ပြောချင်တာက ဒီလို...


"ဒုန်း... ခလွမ်း..

"အမလေး..''


ခက်ပြောနေတဲ့ စကားလေးပင်အဆုံးသတ်ခွင့်မရှိလိုက်ပါ။


ကိုကိုက ထမင်းစားခန်းရှေ့တွင်ရှိသော စင်လေးပေါ်မှ အလှပန်းအိုးကို တမင်ပစ်ချပြီး ခွဲပစ်လိုက်တာမို့ အိမ်ကြီးထဲမှာ ကျကွဲသံတွေက လှိုဏ်ထွက်လာသည်။


ဒါ့ကြောင့်လဲ သူမ ဘာမှဆက်မပြောရဲတော့ပဲ

ငြိမ်သွားကာ အိမ်ပေါ်ကိုတက်သွားသည့် ကိုကို့ကို မဝံ့မရဲလေး ခေါင်းထောင်ကြည့်လိုက်၏။


အခုရက်ပိုင်းထဲ ကိုကိုက သူမကို အလိုလိုက်ပေးနေတာမို့ အရင်လို ကြောက်ရွံ့တာမျိုး မရှိတော့ပေမယ့် အခုလို ရှူးရှူးရှားရှား ဒေါသထွက်ပြသွားတာကိုတော့ လန့်မိတာတကယ်ပါ။


ထို့ကြောင့် စားလက်စ ထမင်းပန်းကန်လေးကို

မ,ယူလိုက်ပြီး ဘေစင်ဘက်ကို သွားလိုက်တော့

ဒေါ်လေးက ပန်းကန်ကို လက်ပြောင်းယူလိုက်ပြီး


"သမီး ထားခဲ့ ဒေါ်လေးပဲဆေးလိုက်ပါ့မယ်''


"ဟင့်အင်း.. ရပါတယ် ဒေါ်လေးရဲ့၊ ခက်ပဲ ဆေးပါ့မယ် ခက် ငရဲရနေမှာစိုးလို့ပါ ပေးပါနော်''


ခက် ပန်းကန်ကိုပြန်ဆွဲယူလိုက်ပြီး ဘေစင်မှာ ဆေးနေစဥ် ဒေါ်လေးက သူမအနားကို ကပ်ရပ်ကာ..


"သမီး လန့်သွားတယ်မလား''


"ရှင်... နည်းနည်းပါ

ကိုကိုက အရမ်းဒေါသကြီးတာပဲနော်''


"ဒါ တော်သေးတာ သမီးရဲ့၊ အရင်က သား ဒေါသထွက်ရင် ပန်းအိုးခွဲတာလောက်နဲ့မပြီးဘူး၊

အခုက သမီးလေးရှိနေလို့ သားက သူ့ဒေါသတွေကို ပြန်ထိန်းသွားတာ၊ သားက သမီးကိုတော့ ချစ်ပါတယ်ကွယ်၊ ဘာမှတွေးပြီး စိတ်မညစ်နဲ့နော်''


"ဟုတ် ဒေါ်လေး''


ဟုတ်လို့သာ ပြောလိုက်ရတာပါ။

စိတ်မညစ်ပဲ ဘယ်နေပါ့မလဲ။


သူများအိမ်လိုက်နေရတဲ့ဟာကို အိမ်ရှင်က ကိုယ့်ကို ဒေါသထွက်ပြီး ဝုန်းဝုန်း ဒိုင်းဒိုင်း လုပ်သွားတာ မဟုတ်လား။


>>>>>>>>>><<<<<<<<<<


"အစော''

"ရှင်''


"ေန့လည်က ဂုဏ် ကိုယ့်ဆီလာသွားတယ်''


ဝမ်းသာသွားသည့် မျက်လုံးများဖြင့် သူ့ကို လှည့်ကြည့်လာပြီးမှ မျက်နှာကို ချက်ချင်း တင်းခနဲပြင်လိုက်ပြီး


"အဲ့ဒါ အစောက ဘာလုပ်ရမှာလဲ''


"ဘာမှ မလုပ်ရပါဘူးကွာ၊ ကိုယ်က မင်းသိအောင် ပြောပြတာလေ၊ အင်းပါ မင်းမကြိုက်ရင်လဲ မပြောတော့ဘူး၊ ဉာည့်နက်ပြီဆိုတော့ အိပ်တော့လေ''


ဦးရာဇာဂုဏ် ကုတင်ပေါ်တက်ကာ တစ်ဖက်စောင်းအိပ်လိုက်သည်အထိ ဒေါ်ခင်စောသိုက်ကတော့ ကုတင်ဘေးတွင် တောင့်တောင့်ကြီးရပ်နေဆဲ။


သူ့သားအကြောင်းကို သိချင်နေတာကို

မူယာ မာယာများနေတာမို့ သူလဲ တမင် မပြောပဲထားလိုက်၏။


သို့ပေမယ့် မကြာပါဘူး။ တင်းမထားနိုင်တဲ့ အစောကပဲ သူ့ဘေးကို တင်ပါးလွှဲလေးလာထိုင်ပြီး..


"ကို.. ကို အိပ်နေပြီလားဟင်''

"မအိပ်သေးပါဘူး ဘာလို့လဲ''


"သားက ဘာပြောလဲဟင်''

"သားကလား? ဘာမှမပြောပါဘူး''


"မဟုတ်ဘူးလေ သားက ကို့ဆီလာတယ်ဆို''


အလိုမကျသလို မှုန်ကုတ်ကုတ်ပြောနေသည့် အစောကို သူလှောင်ပြုံးလေးပြုံးကြည့်လိုက်ပြီး

အစောဘေးတွင် ကပ်ထိုင်လိုက်ရင်း..


"သားက ကောင်မလေးကို တကယ်ချစ်တဲ့ပုံပဲကွ''

"ဘာပြောလို့လဲ''


"ဘာမှရေရေရာရာတော့ ပြောမသွားပါဘူး၊ ဒီနေ့ သားနဲ့ကိုယ် ပြောဖြစ်တဲ့ အဓိကကိစ္စက သားရဲ့ ​ မင်္ဂလာပွဲ​ ကိစ္စပဲလေ''


"မင်္ဂလာပွဲ? ဒါဆို ကိုက သားကို အဲ့ဒီ့ကလေးမနဲ့ သဘောတူတယ်ပေါ့ ဟုတ်လား"


"မင်းက သဘောမတူဘူးလား၊ သဘောမတူဘူးဆိုရင် ဘာလို့သဘောမတူတာလဲဆိုတာ အကြောင်းပြချက်ရှိမှာပေါ့၊ အဲ့ဒီ့ အကြောင်းပြချက် ကိုယ့်ကို ပြောပြ''


သူ ဒီလိုမေးလိုက်တော့ အစောက မျက်နှာခပ်လွှဲလွှဲလုပ်ကာ တွေတွေငေးငေးလေးဖြစ်သွား၏။


"အဲ့ဒီ့ကောင်မလေးရဲ့ အမေက နှင်းစက်လေးတို့အိမ်က အိမ်ဖော်လေ ကိုရဲ့''


"အဲ့တော့ ဘာဖြစ်လဲကွ၊ အိမ်ဖော်လုပ်တာက သူများပစ္စည်းခိုးတာမှမဟုတ်ပဲ''


"ဒါပေမယ့်... ကိုရယ်၊ အစောတို့က သားလေးကို ဘယ်လောက်တောင် မျှော်လင့်ထားခဲ့ရလဲ''


"အခုရော သားက ဘာတွေများ ယုတ်လျော့သွားလို့လဲ၊ အိမ်ဖော်ရဲ့သမီးကိုယူလိုက်လို့ သားမှာရှိတဲ့ ပညာတွေ အရည်အချင်းတွေထဲက ဘာတွေကများ အနှုတ်လက္ခဏာပြသွားလဲ၊ မင်း သားမှာရှိတဲ့ နဂိုမူလအတိုင်းပဲရှိနေမှာပါပဲကွာ''


"အဲ့ဒါတော့ အဲ့ဒါပေါ့၊ တကယ်လို့ သူတို့ယူပြီးသွားမှ တစ်ချိန်ချိန် သားကနောင်တရနေရင်...


"ဟား.. ဟား... ဟား....

မင်းသားကိုပဲ နောင်တရပါစေဦးကွာ၊ ကိုယ်ပြောတာမယုံရင် မင်း ဟိုအိမ်ကိုလိုက်သွားပြီး မင်းသားရဲ့အခြေအနေကိုကြည့်ခဲ့၊ ဘယ်လောက်တောင် အချစ်ရူးရူးနေလဲဆိုတာကို''


မယုံသလိုအကြည့်နဲ့ ကြည့်လာသည့်အစောကို

သူ အတော်ကြာအောင် ရယ်ပြီးကြည့်နေပြီးမှ

အစောရဲ့ လက်လေးတစ်ဖက်ကို သူလက်နဲ့

ထပ်ကိုင်လိုက်ပြီး..


"မင်း သားကိုနှမြောသလို ကိုယ်လဲ နှမြောတာပါပဲကွာ၊ ဒါပေမယ့် သားအကြောင်းကို မင်းလဲသိသားပဲ၊ သူဖြစ်ချင်တာဆို ဖြစ်ရမှ သူလိုချင်တာဆို ရမှ၊ အဲ့လိုမဟုတ်ရင် ဘာနေနေ သူစွန့်လွှတ်သွားနိုင်တာကို ကိုယ်တို့ တစ်ခါကြုံဖူးလို့ မင်းနားလည်မှာပါကွာ၊ အခုပဲ ကြည့် မင်းတို့ကသဘောမတူနိုင်ပါဘူးလို့ ပြောလိုက်တော့ မင်းတို့သူ့အရိပ်တောင်တွေ့ရလို့လား၊ မတွေ့ရတော့ ဘာဖြစ်လဲ နေနိုင်ပါ့ဆိုပြီး မင်းတင်းခံထားတဲ့ မာနတွေက အခုတောင်ညသားအကြောင်းကြားလိုက်တာနဲ့ အရည်ပျော်ကျသွားတာပဲလေ၊ ဘာပဲဖြစ်ဖြစ် ဒီတစ်ခါတော့ သားကို အလိုလိုက်လိုက်ပါကွာနော်၊ မင်း သဘောမတူနိုင်ဘူးဆိုတဲ့ မိန်းကလေးကို သားက ချစ်နေတာပါလားဆိုတဲ့စိတ်ကလေးနဲ့ပဲ ကိုယ်တို့ လက်ခံပေးနိုင်အောင် ကြိုးစားကြည့်ရမှာ''


စည်းစိမ်ဥစ္စာတွေ ပညာအရည်အချင်းတွေဆိုတာကို စံသတ်မှတ်ထားပြီး ကိုးကွယ်ခဲ့တဲ့သူ မဟုတ်လို့ လက်ခံပေးဖို့ဆိုတာက သူမအတွက် မခက်ပါဘူး။ 


ဒါပေမယ့် နောင်တစ်ချိန် သားက အပေါင်းအသင်းတွေကြားထဲမှာ မျက်နှာငယ်ရမယ်ဆိုရင် ဒီအိမ်ထောင်ရေးမြဲမှာတဲ့လား။


ပြီးတော့ သားကရော ဒီကောင်မလေးကိုယူမိလို့

နောင်တရပါပြီတဲ့ ကုန်ပစ္စည်းတစ်ခုဝယ်သလို

အလဲအထပ်နဲ့ ပြန်လဲလို့ရတဲ့အရာလဲမဟုတ်။


အို... ဟုတ်ပါတယ်လေ။

သားကပဲ အရင်နောင်တရပါစေဦး။

ဖြစ်လာသမျှ အကောင်းပဲပေါ့။


"ကောင်းပြီလေ ကိုပြောသလိုပဲ၊ သားကိုချစ်တဲ့စိတ်နဲ့ သားက ကောင်မလေးကိုချစ်တဲ့စိတ်ကို လက်ခံပေးမယ်၊ မနက်ဖြန်ပဲ ကောင်မလေးကို သူ့မိဘတွေဆီ သွားအပ်ပြီး လက်ထပ်ပေးဖို့လုပ်ကြတာပေါ့''


"မနက်ဖြန် ဟုတ်လား၊ မမြန်လွန်းဘူးလား အစောရာ''


"မမြန်ပါဘူး၊ သားတို့အတူရှိနေတာ တစ်ပတ်ကျော်နေပြီ၊ လက်မထပ်ပဲအတူနေကြတာက ကောင်မလေးအတွက် ပတ်ဝန်းကျင်အမြင်မှာ ဘယ်လိုမှ မသင့်တော်ဘူး၊ မနက်ဖြန်ပဲ လုပ်စရာရှိတာ အားလုံးလုပ်ရမယ်''


"ဟောဗျာ... ချက်ချင်းကြီး...

ကျောင်းအစ်မကြီးသဘောပါဗျာ''


ချက်ချင်းကြီး အပြောင်းအလဲဖြစ်သွားသည့်

ဇနီးဖြစ်သူကို သဘောကျကာ ခေါင်းတငြိမ့်ငြိမ့်ဖြစ်ကျန်ခဲ့သူက ဦးရာဇာဂုဏ်။


မျိုးရိုးဂုဏ် တဇွတ်ထိုးနိုင်တာလဲမပြောနဲ့။

ခင်စောသိုက်ရဲ့သားကို။


>>>>>>>>>><<<<<<<<<<


ညနေက ထမင်းစားခန်းထဲမှာ ပြဿနာဖြစ်ပြီးကတည်းက ကိုကိုက သူမကို စကားတစ်ခွန်းမှမပြောတော့ပေ။


ခပ်တည်တည် မှုန်ကုတ်ကုတ်မျက်နှာထားကြီးနဲ့

ကိုကို့ကို သူမကလဲ စကားစမပြောရဲပါ။


နဂိုကမှ သူမကို ဒေါသထွက်နေတာမို့ တစ်ခုခုဆို အမှားပါသွားရင် ဘာထလုပ်မလဲမသိနိုင်ဘူးလေ။


အခုလဲ အောက်ထပ်ဆင်းသွားတာ ည၁၀ နာရီကျော်တဲ့အထိ အခန်းထဲပြန်မလာသေးတာမို့

လိုက်ပဲခေါ်ရမှာလိုလို မခေါ်ရဘူးလိုလိုဖြစ်နေရသည်။


ပုံမှန်ဆိုရင် သူ့ဟာသူ ပြန်လာလာ မလာလာကိစ္စမရှိပေမယ့် အခုက ကိုယ့်ကိုစိတ်ဆိုးသွားတယ်ဆိုတဲ့စိတ်ကြောင့် လူက ထိုင်မရ ထမရ။


ပြီးတော့ ဒီနေ့မှ မိုးတွေကလဲ သည်းကြီးမည်းကြီး ရွာချနေသည့်အပြင် မိုးတွေကပါ ခြိမ်းနေသေးတာမို့ ခက် တစ်ယောက်တည်း မအိပ်ရဲ။


"ဟာ.. ဘာဖြစ်ဖြစ်ဟာ..

လိုက်ခေါ်လို့ ဆူရင်လဲ ဆူပါစေတော့''


နောက်ဆုံး ဆုံးဖြတ်ချက်ချကာ ကုတင်ပေါ်မှဆင်းပြီး အောက်ထပ်ကိုဆင်းလာခဲ့၏။


"ဂျိမ်း... ဒလိန်း... လိန်း..''

"အမေ့''


ရုတ်တရက်ကြီးခြိမ်းချလိုက်တဲ့ မိုးခြိမ်းသံကြောင့် လှေကားထိပ်တွင် နားလေးပိတ်ပြီး ထိုင်ချလိုက်၏။


ပြတင်းပေါက်အာလုံးက မှန်တွေတပ်ထားတာမို့

အပြင်မှ လျှပ်စီးလက်နေသမျှကိုလဲ အိမ်ထဲကအထင်းသား​ြမင်နေရတာကြောင့် ခက် နားပိတ်ထားလျက်ကနေ အပြင်ကို လှမ်းကြည့်လိုက်၏။


မိုးနဲ့အတူ လေပါ ပါနေတာမို့ အပြင်မှာ ယိမ်းထိုးနေသည့် သစ်ပင် သစ်ကိုင်းကြီးတွေက မသိရင် အရိပ်လိုလို လူလိုလို။


အမှောင်ထဲမှာမို့ ​ရိုးတိုးရိပ်တိပ်မြင်နေရတဲ့အရိပ်ကလေးကို ကိုယ့်ဟာကိုယ် ပုံဖော်ကြည့်ရင်း ကြက်သီးတွေဖျန်းခနဲထသွားစဥ်...


"ဂျိုင်း...

"အား.. ကိုကိုရေ...


မပိတ်ရသေးပဲကျန်နေသည့် တံခါးတစ်ချပ်က

လေအဝေ့မှာ ဂျိုင်းခနဲနေအောင် အသံမြည်ပြီး

ပိတ်သွားသည်ကို မြင်လိုက်ပေမယ့် ထိတ်လန့်နေသည့် စိတ်ကြောင့် လူက တွေးချင်ရာတွေးကာ လှေကားမှ တဟုန်ထိုးပြေးဆင်းလိုက်၏။


"ကိုကို... ကိုကို.. ကိုကို..


"ေဟ့... ဘာလို့ ဒီလောက်အော်ခေါ်နေတာလဲ''


"ဟင် ကိုကို''


မှုန်ကုတ်နေသည့် မျက်နှာကြီးနဲ့ကိုကိုက လှေကားအရင်းကနေ သူမကို ခါးထောက်ကြည့်နေတာကိုမြင်မှ ခက် ကြောက်တာတွေ လျော့ကျသွားပြီး ကိုကို့ဆီကို ပြေးချသွားလိုက်၏။


ကိုကို့အနားရောက်တာနဲ့ လက်မောင်းကိုပြေးဖက်လိုက်ပြီး အပေါ်ကို မော့ကြည့်ကာ..


"တော်ပါသေးတယ် ဘယ်သူမှလိုက်မလာလို့''


"ဘယ်သူလိုက်လာရမှာလဲကွ၊ နေစမ်းပါဦး မင်းက ဘာလို့ ငါ့ကို ဒီလောက်အော်ခေါ်နေတာလဲ''


"ဟင်.. ကြောက်လို့၊ ကိုကိုက ခက်ကိုတစ်ယောက်တည်းထားခဲ့တာကို''


"ဘာကွ..


အရင်က သူအနားကပ်ရင်တောင် မကြိုက်တဲ့

ပူတူးက အခုကျတော့ တစ်ယောက်တည်းထားခဲ့လို့ ကြောက်တယ်ဆိုတော့ သူ အံ့ဩသွားမိတာ မဆန်းပါဘူး။


ကြောက်တယ်လို့ပြောနေတဲ့ ပူတူးကို သူ စူးစမ်းသလိုလေးကြည့်လိုက်တော့ သူ့လက်မောင်းကိုဖက်ထားလျက်ကနေ အပေါ်ထပ်ကိုမော့ကြည့်လိုက် ဘေးက ပြတင်းပေါက်တွေကို လှမ်းကြည့်လိုက်ဖြင့် အိန္ဒြေမရဖြစ်နေတာမို့...


"ဟေ့.. ဒီမှာ ကိုယ့်ကိုကြည့်၊ ပြော မင်း ဘာကိုကြောက်တာလဲ''


"ခက်က...

"ဂျိမ်း... ဒလိန်း... လိန်း..


"အမေ့..


မိုးခြိမ်သံရဲ့နောက်မှာ တွဲကပ်ပါလာတဲ့ ပူတူးရဲ့ထိတ်လန့်သွားတဲ့အသံလေး။


ဒါ့အပြင် ကြောက်ကြောက်လန့်လန့်ဖြင့် သူ့ရင်ခွင်ထဲ အတင်းတိုးဝင်ကာ ခါးကိုတင်းနေအောင် ဖက်ထားတာကြောင့် အဆစ်ပါလာသည့်

သူ့ရဲ့ရင်ခုန်သံခပ်တိုးတိုးလေး။


"ပူတူး.. 

"ရှင်.. ခဏ.. ခဏလေးပါနော်၊ ခက်က မိုးခြိမ်းရင်တကယ်ကြောက်လို့ပါ၊ ခဏလေးပဲ ဒီအတိုင်းနေပါရ​ေစနော်''


မျက်နှာကို မမြင်ရလောက်အောင် သူ့ရင်ဘတ်နဲ့ အတင်းတိုးကပ်နေပြီး ကြောက်နေ သည့် ပူတူးကြောင့် သူပါ ခြေဖျား လက်ဖျားတွေ အေးလာသယောင်ယောင်။


သူမလေး အကြောက်ပြေသွားအောင် သူမကို ပြန်လည်ပွေ့ဖက်လိုက်ပြီး ကျောပြင်ကို အသာလေးပွတ်သပ်ပေးနေမိ၏။


စက္ကန့်တံလေးတွေ တရွေ့ရွေ့လှုပ်ရှားနေသလို

သူ့ရင်ထဲက ရင်ခုန်သံတွေကလဲ တရွေ့ရွေ့နဲ့

အချစ်ဘုံဗိမ္မာန်လေးကို တစ်ဦး တစ်ယောက်တည်း ချီတက်နေရသည်။


ဒီအချိန်မှာ သူ့ရင်ခုန်သံတွေနဲ့ အနီးကပ်ဆုံးဖြစ်နေသည့် သူမလေးကတော့ ကြောက်စိတ်တွေမွှန်ထူပြီး အချစ်လဲမသိ ရင်ခုန်သံလဲမရှိ ဖြစ်နေမှာ

အသေအချာပင်။


"မိုးခြိမ်းတာကို ဒီလောက်တောင်ကြောက်ရလား ပူတူးရာ''


"ကြောက်တာပေါ့လို့၊ အပေါ်ထပ်တစ်ထပ်လုံးမှာမှ ခက်တစ်ယောက်တည်းကို''


"ကိုယ်လဲ အောက်ထပ်မှာ တစ်ယောက်တည်းပါကွာ၊ ဒါပေမယ့် ကိုယ်တောင်မကြောက်တာကို''


"အဲ့ဒါကတော့ ကိုကိုက လူကြီးကို''

"ဒါဆို မင်းက ခလေးလား''


"ခလေးမဟုတ်ပေမယ့် ခက်က ကိုကိုနဲ့စာရင် ငယ်တယ်လေ''


ရန်တွေ့ဖို့အတွက် ခေါင်းလေးမော့လာသည်​့

ပူတူးကိုကြည့်ကာ သူ့မှာ အသည်းတယားယား။


ညနေကတည်းက ဝတ်ထားသည့် နီညိုရောင် လက်ပြတ်ဂါဝန်လေးနဲ့ သူမက ဆံပင်ရှည်တွေကို ဖြန့်ချထားတာမို့ ကျောပြင် လက်မောင်းနဲ့ ရင်ဘတ်တွေပေါ်မှာ ဆံနွယ်တွေက ဝဲဖြာကျနေ၏။


လက်မောင်းဆိုကာမှ နေစမ်းပါဦး ဒီကောင်မလေး လက်ရှည်ဝတ်မထားဘူးပဲ။


"လက်ရှည်က ဘာလို့ဝတ်မထားတာလဲကွ''


"ဟင်.. ခက်က အိပ်တော့မလို့လေ၊ အဲ့ဒါ မိုးတွေထရွာချလာလို့ မအိပ်ရဲလို့ အောက်ထပ်ဆင်းလာတာ၊ ပြေးဆင်းလာတာဆိုတော့ လက်ရှည် ထပ်ဝတ်ဖို့ မေ့လာလို့''


"မင်း အအေးမခံနိုင်ဘူးမလား၊ သွား.. အပေါ်တက်ပြီး လက်ရှည်ဝတ်လာခဲ့''


"ခက် တစ်ယောက်တည်းသွားရမှာလား''

"မင်းက ဘယ်နှစ်ယောက်သွားချင်လို့လဲ''


"ခက် တစ်ယောက်တည်းမသွားရဲဘူး၊

ကိုကိုပါ လိုက်ခဲ့နော်''


ကလေးလေးလို ကြောက်နေသည့် သူမက

အပေါ်ထပ်ပြန်တက်ဖို့ကို သူ့ကိုပါ အဖော်ခေါ်နေသေးတာမို့ သူ အလိုမကျသလို စိုက်ကြည့်လိုက်ပြီး..


"မရဘူး တစ်ယောက်တည်းသွား၊ ကိုယ့်အိမ်မှာ ကိုယ်နေတာပဲဟာ ဘာကြောက်စရာရှိလို့လဲ''


"ဟင့်.. မိုးခြိမ်းလို့ကြောက်တာပါဆို၊ ပြီးတော့ အပြင်မှာ လေတွေတိုက်နေတာကို ခက် တစ်ယောက်တည်း မသွားရဲပါဘူး''


"လေတိုက်တာပဲကွာ မင်းကို ဘာလုပ်နေလို့ မသွားရဲရတာလဲ''


"ဟင့်အင်း ခက် မသွားရဲဘူး၊ မသွားချင်ဘူး ကိုကိုအပေါ်ပြန်တက်မှ ခက်လဲပြန်တက်မှာ''


"မင်းကို လက်ရှည်ထပ်ဝတ်ခိုင်းချင်လို့ အပေါ်တက်ခိုင်းတာ၊ ဝတ်ပြီးရင် ပြန်လာခဲ့''


စိတ်မရှည်သည့်ပုံဖြင့် အပေါ်ထပ်ကို လက်ညှိုးထိုးပြပြီး လက်ရှည်သွားဝတ်ခိုင်းနေသည့် ကိုကို့ကို ခက် မျက်နှာငယ်လေးနဲ့ကြည့်ကာ..


" ဉာည့်နက်နေပြီကို၊ ကိုကိုက အောက်ထပ်မှာ ဘာလုပ်ဦးမှာမို့လို့လဲ''


"ဘာလုပ်လုပ်ပေါ့ကွာ၊ ဘာလဲ မင်းကျတော့ လုပ်ချင်တာလုပ်ပြီး ကိုယ့်အလှည့်ကျမှ ကိုယ်လုပ်သမျှ မင်းကို အစီရင်ခံရဦးမှာလား''


"မဟုတ်ပါဘူး ခက် ပြောတာက...


"မင်းကို အပေါ်တက်ပြီး အင်္ကျီသွားယူခိုင်းနေတာနော်၊ သွား စကားမများနဲ့''


"ဒါဆိုလဲ ခဏပဲ ခက်နဲ့အပေါ်ကို လိုက်ခဲ့လေ၊

ပြီးမှ အတူတူပြန်ဆင်းလာရင်လဲ ရတာပဲကို''


တကယ့်ကို မသွားရဲတဲ့ပုံလေးဖြစ်နေတာမို့

သူပါ အပေါ်ထပ်ကိုပြန်လိုက်သွားဖို့ စိတ်ကူးလိုက်ပေမယ့် ဘာမဟုတ်တာလေးကို ကြောက်နေသည့်အကျင့်ဆိုးလေးကို မကြိုက်တာကြောင့် မျက်နှာကို ခပ်တင်းတင်းလုပ်ကာ..


"ကိုယ်ခွင့်မပြုဘဲနဲ့ အိမ်ကိုလဲ ခိုးပြန်ရဲတယ်၊ ကိုယ်မကြိုက်မှန်းသိရဲ့နဲ့ ကျောင်းတက်ဖို့ကိစ္စကို မကြောက်မရွံ့ပြောရဲတဲ့ မင်းက အိမ်ပေါ်တက်ဖို့ကျမှ လာကြောက်ပြနေတာပဲ၊ မင်း ဘာမှမကြောက်တတ်တာ ကိုယ်သိတယ်၊ သွား တစ်ယောက်တည်းသွား ကိုယ်မအားဘူး''


မအားဘူးဆို​ေ့တာ ဘာလုပ်နေလို့လဲ။ နေ့လည်က အိမ်ပြန်တဲ့ကိစ္စနဲ့နေက ကိစ္စကိုရောချပြီး ခက်ကိုမကျေနပ်သမျှ ဒါ သပ်သပ်အနိုင်ကျင့်နေမှန်းသိသာသည်။


မခံချင်စိတ်အလျောက်ထွက်လာသည့် ဒေါသလေးကြောင့် လက်သီးလေးဆုပ်ပြီး ဧည့်ခန်းထဲကိုပြန်သွားဖို့ ပြင်နေသည့် ကိုကို့ရဲ့ကျောပြင်ကို စိုက်ကြည့်ကာ..


"ဟုတ်တယ် ခက် ဘာကိုမှမကြောက်ဘူး ဘယ်သူ့မှလဲမကြောက်ဘူး၊ စိတ်ချပါ နောက်တစ်ခါ ကိုကိုရှေ့မှာ ခက်ဘယ်တော့မှ ဘာအကြောင်းနဲ့မှ ကြောက်ပြနေမှာမဟုတ်ဘူး၊ ပြီးတော့ တစ်ခုခုကိုကြောက်ရွံ့မိတယ်ဆိုရင်တောင် ကိုကို့ဆီ ဘယ်တော့မှ လာမှာမဟုတ်တော့ဘူး၊ အဲ့ဒါ ဘာလို့လဲသိလား၊ ခက်က အားကိုးလို့ ကိုကို့ဆီလာပေမယ့် ကိုကိုက ခက်ကို အပြစ်ပဲပြောနေတတ်လို့''


ပြောပြိီးတာနဲ့ အပေါ်ထပ်ကို ပြန်ပြေးတက်သွားသည့် ပူတူးကို သူ ခပ်ငေးငေးလေးရပ်ကြည့်လိုက်ရင်း..


"မင်းအခုလို သတ္တိရှိအောင်လို့ ကိုယ်ပြင်နေတာပါ၊ ဘာမဟုတ်တာလေးတွေကို ကြောက်နေမှာစိုးလို့ စေတနာပိုပြီး ပြုပြင်ပေးနေတာကို အပြစ်မြင်တယ်ဆိုရင်လဲ ကိုယ်ကတော့ ကျေနပ်တယ်၊ ဘာပဲဖြစ်ဖြစ် ကြောက်တတ်တဲ့မင်းအကျင့်ဆိုးလေး ပျောက်သွားမယ်မဟုတ်လား''


ကျေနပ်ပြုံးလေး ပြုံးလိုက်ပြီး ဧည့်ခန်းထဲက တီဗွီရှေ့ဝင်ထိုင်ကာ ဘောလုံးပွဲကြည့်နေလိုက်၏။


ကြည့်သာ ကြည့်နေရပေမယ့် သူ့စိတ်တွေက

ပထမပိုင်းပြီးတဲ့အထိ အောက်ကိုပြန်ဆင်းမလာသေးသည့် ပူတူးဆီမှာသာ ဝဲပျံနေ၏။


"ဘာလို့ ပြန်မလာတာလဲ၊ တကယ် စိတ်ဆိုးသွားတာလား မသိဘူး''


အပြင်ကိုကြည့်လိုက်တော့လဲ မိုးတွေကရွာနေဆဲဖြစ်တာကြောင့် သူ စိတ်မဖြောင့်တဲ့အဆုံး တီဗွီပိတ်ကာ အပေါ်ထပ်ပြန်လာခဲ့လိုက်၏။


အခန်းထဲရောက်မှ ခေါင်းမြီးခြုံပြီးအိပ်နေတဲ့

ပူတူးကြောင့် ဂုဏ် ပြုံးလိုက်ရင်း ကုတင်ပေါ်တက်ကာ..


"အိပ်ချင်တာကို မအိပ်ပဲ၊ ကိုယ့်ကိုလာပြီးဂျီကျနေတာပဲ အဟွန်း...


စောင်လေးကို အသာဖယ်ကြည့်လိုက်တော့ အိပ်ပျော်နေသည့် ပူတူးရဲ့ မျက်တောင်ဖျားတို့တွင် မျက်ရည်စတစ်ချို့။


ဒါ့အပြင် အပြင်က မိုးတစ်ချက်ခြိမ်းလိုက်တိုင်း

ဆတ်ခနဲတုန်သွားတတ်သည့် သူမကိုကြည့်ကာ

ဂုဏ် သက်ပြင်းရှိုက်လိုက်ရင်း...


"မင်းကို သတ္တိရှိအောင်လို့ တစ်ယောက်တည်းလွှတ်ပေးလိုက်မိတာ ကိုယ်မှားသွားပြီထင်တယ်''


အစကတည်းက သူပါ အပေါ်ထပ်ကို အတူတူလိုက်လာခဲ့ရင် သူမလေး အခုလို ငိုရင်း အိပ်ပျော်သွားမယ်မထင်။


သူမကို ငိုအောင်လုပ်မိတဲ့ ကိုယ့်ကိုကိုယ် ဒေါသပြန်ထွက်မိရင်း အိပ်ပျော်နေတဲ့ ပူတူးကို ရင်ခွင်ထဲအတင်းထိုးသိပ်ထည့်ပစ်လိုက်ပြီး မိုးခြိမ်းတာတွေ မိုးရွာတာတွေကို မကြားနိုင်လောက်အောင် တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်၏။


ဒါတောင် တစ်ချက် တစ်ချက် မိုးခြိမ်းရင် သူမလေးရဲ့'' ခက် ကြောက်တယ် ကိုကို''ဆိုပြီး

ငိုသံစွက်နေတဲ့ အသံလေးက ယောင်ရမ်းလို့

ထွက်လာတတ်သေး၏။


>>>>>>>>>><<<<<<<<<<


"ဒီး... ဒီး... ဒီး..


ကုတင်ဘေးက စားပွဲပေါ်မှ vibrateလုပ်ထားတဲ့

သူ့phက တဒီးဒီးမြည်နေတာမို့ ဂုဏ် အိပ်ချင်မူးတူးဖြင့် လှမ်းကိုင်လိုက်ကာ..


"ဟယ်လို''


"ဂုဏ် ဖေဖေပါ''

"ဖေဖေ''


ထိုအခါမှ သူဖုန်းကိုပြန်ကြည့်လိုက်၏။

စောစောစီးစိီးကြီးကို ဖေဖေက ဘာကိစ္စ ဖုန်းဆက်ရတာပါလိမ့်။


"အခု ဖေဖေတို့ မင်းဆီလာနေတာ''

"ကျွန်တော့်ဆီလာနေတာ၊ ဘာကိစ္စရှိလို့လဲ ဖေဖေ''


"ကိစ္စက မင်း မင်္ဂလာပွဲကိစ္စလေ၊ ညက ဖေဖေ ဒီကိစ္စကို မင်း​ေမမေနဲ့ပြောကြည့်တော့ မင်းမေမေက ဒီနေ့ပဲ ကလေးမလေးကို သူ့မိဘတွေဆီသွားအပ်ပြီး မင်္ဂလာကိစ္စပြောမယ်တဲ့၊ အဲ့ဒါ အခု မင်းတို့ကိုဝင်ခေါ်ပြီး ဟိုအိမ်ကိုသွားရအောင်လို့ ဖုန်းကြိုဆက်တာ''


"ဗျာ.... အခုချက်ချင်း..

ဟင်.. ပူတူး နိုးသွားတာလား ဆောရီးကွာ၊ ကိုယ့်အသံကျယ်သွားတယ်ထင်တယ်၊ ဆောရီး ဆောရီး ပြန်အိပ်လိုက်ဦး၊ ကိုယ်အပြင်ထွက်ပြီးပြောလိုက်မယ်''


သူ့လက်မောင်းပေါ် ခေါင်းအုံးပြီးအိပ်ပျော်နေသည့် ပူတူးက ဖုန်းပြောနေသည့်သူ့ကို မော့မော့လေးကြည့်လာတာမို့ ဂုဏ် ဆံပင်တွေကိုပွတ်သပ်ပေးရင်း ပြောလိုက်၏။


ပြီးမှ ကုတင်ပေါ်က ဆင်းကာ ဝရံတာဘက်ကို ထွက်လာလိုက်ပြီး..


"ဒီနေ့ ချက်ချင်းကြီးတော့ မလုပ်နဲ့လေ ဖေဖေရာ''


"ဟ.. မင်း သူ့ကိုခိုးလာတာ ဘယ်လောက်ကြာနေပြီလဲဆိုတာ မင်းသိရဲ့လား၊ တစ်ပတ်ကျော်နေပြီကွ''


"ကျွန်တော် သိပါတယ်၊ ဒါပေမယ့်.. 


"ဒါပေမယ့် ဘာဖြစ်လဲ ပြောစမ်းပါဦး၊ မင်းက သူများ သားသမီးကို မိသားဖသားပီပီ တောင်းရမ်းမယူချင်ပဲ ဒီလိုပြီးစလွယ် အချောင်လိုချင်တာလား''


"ဟာ.. မဟုတ်ပါဘူး၊ ဖေဖေကလဲဗျာ ကျွန်တော် သူ့ကိုဘယ်လောက်တန်ဖိုးထားသလဲဆိုတာ ကျွန်တော်အသိဆုံးပါ၊ ဖေဖေပြောသလို သူ့မိဘတွေဆီပြန်အပ်ပြီး တရားဝင် လက်ထပ်ယူဖို့လဲ တွေးထားပြီးသား၊ ဒါပေမယ့် ဒီနေ့ချက်ချင်းကြီးကျတော့...


ဒီနေ့ ချက်ချင်းကြီး သူ့မိဘတွေဆီပြန်အပ်ဖို့က

ညက သူမလေး သူ့ကိုစိတ်ဆိုးသွားတာမို့ ဘယ်လိုမှ စိတ်မချဘူးဖြစ်နေတာပါ။


ပြန်အပ်ပြီးသွားရင်က လက်ထပ်ပြီးမှပဲ သူမလေးကို အိမ်ပြန်ခေါ်လာလို့ရမှာမဟုတ်လား။


မတော်လို့ မနေ့ညက ကိစ္စကို သူမလေး

စိတ်ဆိုးသွားတယ်ဆိုရင် ဒီကြားထဲ ဆွေးနေရမှာက သူ။


ဒါ့ကြောင့် သူငြင်းနေတာကို နားမလည်တဲ့ဖေဖေက..


"မလိုချင်ဘူး ဂုဏ်၊ ငါတို့က ဟိုဘက်ကိုလဲ ဒီနေ့လာအပ်မယ်လို့ ပြောထားပြီးသားဖြစ်နေပြိီ၊ ဒီတော့ မင်းတို့ပြင်စရာရှိတာ ပြင်ထားကြ၊ ခဏနေရင် ငါတို့ ရောက်တော့မှာ ဒါပဲ''


"ဟာ.. ဖေဖေ.. နေပါဦး၊ ဟယ်လို.. ဟယ်လို.. ဖေဖေ..ဟယ်လို... ဟာ..ကျစ်..


ဘာမှဖြေရှင်းချိန်မရလိုက်ဘဲ ချသွားသည့် ဖုန်းကိုပဲစိတ်ပျက်သလိုကြည့်လိုက်ရင်း ညက ကိုယ့်အမှားကိုသာ နောင်တရနေမိတော့သည်။


"ညတုန်းက ပူတူးလာခေါ်တာကို ဆူမပစ်ဘဲ အတူတူလိုက်သွားလိုက်ရင် ဖြစ်နေတာကိုကွာ..တောက်..


အခုမှ မချိတင်ကဲဖြစ်ကာ

တောက် တခေါက်ခေါက်ဖြစ်နေရသည့်အဖြစ်။


>>>>>>>>>><<<<<<<<<<


အားပေးတဲ့ အသဲတွေအားလုံးကို ကျေးဇူးတင်ပါတယ်😘😘


အမှားပါသွားရင် ချစ်တဲ့စိတ်နဲ့ ဝေဖန်ပေးပါ😁😁


အပိုင်း(၂၂)မျှော်


စာရေးသူ-Merida(Tulip)


rate now: