book

Index 20

အပိုင်း(၂၀)

  • Author : Merida
  • Genres : Romance, Comedy, Drama

🎗🎗 နှောင်ကြိုး 🎗🎗


~~~~~~~~~~


နှင်းဆီမြိုင်က ပြန်လာကတည်းက တစ်လမ်းလုံး ငြိမ်သက်နေသည့် ကိုကို့ကို ခက် မလုံမလဲ ခိုးကြည့်ရတာအမော။


ဘာလို့ ခိုးကြည့်လဲတော့မမေးနဲ့။

ကိုယ်က အပြစ်လုပ်ထားတဲ့သူဆိုတော့

ဘယ်အချိန် အပြစ်ပေးခံရမလဲ ကြောက်လို့်ပါ။


သို့ပေမယ့်...

ကိုကိုက သူမ ထင်သလိုမဟုတ်ပဲ ပုံမှန်ထက်ကို ပိုပြီး တိတ်ဆိတ်နေတာမို့ ထူးဆန်းနေသည်။


အခုလဲ အိမ်ပြန်ရောက်တာတောင် သူမကို ဘာတစ်ခွန်းမှမပြောပဲ ဗီဒိုထဲမှ အဝတ်အစားတစ်ချို့ယူပြီး အဝတ်လဲခန်းထဲ ဝင်သွားတာကြောင့်

ကုတင်ပေါ်အသာလေး ဝင်ထိုင်လိုက်ရင်း..


"ပြန်ထွက်လာမှ ဆူမှာလားမသိဘူး၊

ဟူး... စိတ်ဆင်းရဲလိုက်တာ''


ခဏကြာတော့ အဝတ်လဲခန်းထဲမှထွက်လာသည့် ကိုကိုက သူမကို အလိုမကျသည့်မျက်လုံးများဖြင့် စိုက်ကြည့်ပြီးမှ မျက်နှာလွှဲကာ အခန်းထဲက ထွက်သွားဖို့ပြင်လိုက်တာမို့သူမ ဆတ်ခနဲထရပ်လိုက်ပြီး..


"ကိုကို ဘယ်သွားမှာလဲဟင်''

"အပြင်''


!!ဒါဆို အပြင်က ပြန်လာမှ ဆူမှာလားမသိဘူး

ဟာ... အဆူခံရဖို့ကို ရင်တမမနဲ့ စောင့်မနေနိုင်ဘူးဟာ!! လို့ စိတ်ထဲမှာ ရေရွတ်လိုက်ပြီး..


"ကိုကို ခက်ကို စိတ်ဆိုးနေတာမဟုတ်လား''

"ကိုယ် မအားဘူး ပူတူး''


ဂုဏ် သူမကို လှည့်မကြည့်ပဲပြောလိုက်ပြီး

တံခါးလက်ကိုင်လေးကို ကိုင်လိုက်စဥ် သူ့ရဲ့လက်တစ်ဖက်ကိုလှမ်းဆွဲထားလိုက်သည့် ပူတူးက..


"ခက်ကို စိတ်ဆိုးနေတာဆိုရင် ဆူပစ်လိုက်ပါလားဟင်၊ ဒါမှမဟုတ်ရင်လဲ ကိုကို ကျေနပ်လောက်မယ့် အပြစ်တစ်ခုခုပေးပါ၊ ဒီလိုမဟုတ်ရင် ခက် နေရခက်မယ်ထင်တယ်''


"အမှားကိုသိလို့ တောင်းပန်တာမဟုတ်ဘူးပဲ၊

ဘာပဲဖြစ်ဖြစ်ပါ ကိုယ် အခု မင်းနဲ့စကားပြောဖို့ အဆင်မပြေဘူး''


ဂုဏ်က ပြောပြီးတာနဲ့ အခန်းထဲကနေ 

ထွက်သွား၏။


အမှန်ဆိုရင် သူမဆီက မှားသွားပါတယ်ဆိုတာလောက်တော့ သူ ကြားရမယ် ထင်ခဲ့တာ။


အခုတော့ ဒီလိုမဟုတ်ပဲ စိတ်အေးသွားချင်လို့

ပေးချင်တဲ့အပြစ်ပေးပါ ဆိုတာကြီးကတော့။


အခန်းအပြင်ရောက်မှ

အခန်းထဲမှာ ကျန်ခဲ့သည့် သူမကို ဒေါသပိုဖြစ်မိ၏။


>>>>>>>>>><<<<<<<<<<


"နှင်းစက်''

"ဒယ်ဒီ''


"ဒယ်ဒီ ဝင်ခဲ့လို့ရတယ်မလား''

"ဝင်ခဲ့လေ ဒယ်ဒီ''


ကုတင်ပေါ်တွင်လှဲပြီး ဖုန်းသုံးနေရာမှ နှင်းစက် ထထိုင်လိုက်သည်။


ဒယ်ဒီက ကုတင်ဘေးက ထိုင်ခုံလေးတွင်ဝင်ထိုင်ကာ...


"သမီး ဘာလုပ်နေတာလဲ''

"ဘာမှမလုပ်ပါဘူး ဒယ်ဒီရယ်၊ သူငယ်ချင်းတစ်ယောက်ဆီကို စာပို့နေတာ''


"ဪ... သူငယ်ချင်းက မျိုးရိုးဂုဏ်လား''

"ဟင်.!. မဟုတ်ပါဘူး ဒယ်ဒီ တခြားသူငယ်ချင်းပါ''


နှင်းစက်အမှန်တိုင်းပြောလိုက်ပေမယ့်

ဒယ်ဒီက ခေါင်းငြိမ့်ရုံကလွဲလို့ ယုံကြည်သည့်ပုံမရှိတာမို့...


"ကနေဒါက သူငယ်ချင်းပါ၊ နာမည်က မေဘရောင်းလေ၊ သူ့အမေက မြန်မာလူမျိုးဆိုတော့

မြန်မာစကားအတော်ကျွမ်းတယ်၊ အဲ့ဒါကြောင့် နှင်းစက်နဲ့လဲ စကားပြောဖြစ်ကြတာ''


"ဪ.. ဒယ်ဒီက ေမာင်မျိုးရိုးဂုဏ်နဲ့ပြောနေတာထင်တာ''


"စိတ်ချပါ ဒယ်ဒီ၊ ဂုဏ့်ကို တစ်ချိန်က ချစ်ခဲ့တယ်ဆိုတာမှန်ပေမယ့် နှင်းစက် ဒီလောက် မရူးသွပ်ပါဘူး''


"ဒီစကားကို သမီးရင်ထဲက ပြောတာဆိုရင်

သမီးကို ဒယ်ဒီ ချီးကျူးမိမှာ အမှန်ပဲ''


ဦးမင်းသစ်က နှုတ်ခမ်းတွေကို လှပစွာတွန့်ကွေးပစ်လိုက်ပြီး နှင်းစက်ရဲ့စကားကို မယုံကြည်သလို ခနဲ့သည်။


ဒါကိုပဲ အရိပ်အကဲသိတတ်လွန်းသည့် နှင်းစက်က အလိုမကျဖြစ်သွားကာ ဖအေဖြစ်သူကို ခပ်စူးစူးလေးကြည့်လိုက်ပြီး...


"နှင်းစက်ကလေ တခြားလူတွေကိုသာ လိမ်ရင်လိမ်မယ် ညာရင်ညာလိမ့်မယ်၊ ဒယ်ဒီနဲ့ မျက်နှာချင်းဆိုင်တဲ့ အချိန်တိုင်းမှာ နှင်းစက်ရဲ့ ရင်ထဲကလာတဲ့စကားကိုပဲ ပြောတာပါ''


"ဒါဆို သမီးဘာလို့ ထားကို မဟုတ်တာတွေ

တောင်းဆိုခဲ့လဲ''


ကွေ့ပတ်မေးမနေပဲ မျက်လုံးချင်းဆုံပြီး

တည့်တည့်ကြီးမေးချလိုက်တော့ နှင်းစက်ရဲ့ မျက်လုံးအိမ်လေးတွေ လှုပ်လှုပ်ရှားရှားဖြစ်သွားကာ အ​ြကည့်လွှဲသွား၏။


မူပျက်သွားသည့် သမီးရဲ့ပုံစံကြောင့်

သူ့အထင်မှန်နေပြီဆိုတာ သေချာသွားတာကြောင့် ဦးမင်းသစ်က ထိုင်နေရာမှ နှင်းစက်ရဲ့ရှေ့တွင် 

ခါးထောက်ရပ်လိုက်ပြီး


"သမီး ဘာလို့ဒီလိုတွေ တောင်းဆိုခဲ့လဲဆိုတာ ဒယ်ဒီတွေးကြည့်လို့ရတယ်၊ ဒါပေမယ့် သမီးရယ် သမီးပဲတွေးကြည့်ပါ၊ ဘယ်လိုဖြစ်ဖြစ် အခုချိန်မှာ သမီး နောက်ဆုတ်လိုက်သင့်ပြီ''


သူ့ကို ဘာမှပြန်ပြောခြင်း မရှိသေးတဲ့နှင်းစက်ကို

ပြန်ကြည့်လိုက်တော့ သူမက ခေါင်းကိုငိုက်စိုက်ချကာ ခြေထောက်နုနုလေးအောက်က ပါကေးကိုသာ ကြည့်နေတာမို့ ဦးမင်းသစ် သက်ပြင်းလေးရှိုက်လိုက်ပြီး..


"ဟောဒီ့လောကကြီးထဲမှာလေ မပိုင်ဆိုင်နိုင်တဲ့ အရာကို အရူးအမူး စွဲလန်းပြီး တမ်းတနေရတာလောက် ပူလောင်တဲ့အရာမရှိဘူး၊ ကိုယ်လိုချင်တဲ့ ဘယ်လိုအရာပဲဖြစ်ဖြစ် ပိုင်ဆိုင်နိုင်ဖို့အတွက်ဆိုရင် ကောင်းတဲ့နည်းလမ်းရော မကောင်းတဲ့နည်းလမ်းရော အဲ့ဒီ့လိုနည်းလမ်းပေါင်းစုံသုံးပြီး မရမက ကြိုးစားရင် တစ်နေ့နေ့မှာ ကိုယ့်လက်ထဲကို အဲ့ဒီ့အရာရောက်လာမှာပဲ''


သူ ဒီလိုပြောလိုက်တော့ နှင်းစက်က မျှော်လင့်ချက်ပါသော မျက်ဝန်းတစ်စုံဖြင့် သူ့ကိုပြန်မော့ကြည့်လာ၏။


သို့ပေမယ့်... သူမရဲ့ အကြည့်တွေမှာ

မျက်ရည်ငွေ့တွေပါ ရောထွေးတွေ့နေရဆဲ။

ဒါ့ကြောင့် ဦးမင်းသစ် သမီးဖြစ်သူကို

ခပ်ယဲဲ့ယဲ့လေးပြုံးပြလိုက်ပြီး..


"ဒါပေမယ့် အဲ့ဒီ့အပူတွေက ကိုယ့်ကို တစ်သက်လုံး လောင်မြိုက်နေမှာ သမီး၊ အခု သမီးဖြစ်ချင်တာကို ဇွတ်လုပ်လိုက်ရင် ဆိုးကျိုးနှစ်ခုဖြစ်လာလိမ့်မယ်''


"ဟင့်အင်း.. နှင်းစက် လိုချင်တာသာ ရမယ်ဆိုရင် ဘယ်လိုဆိုးကျိုးပဲ ဖြစ်ဖြစ် နှင်းစက် လက်ခံနိုင်တယ်''


"ဟုတ်တာပေါ့၊ သမီးရဲ့အမှားအတွက် သမီးလက်ခံနိုင်တယ်ဆိုရင် ဒါတရားတယ်လေ၊ ဒါပေမယ့် အဲ့ဒီ့ဆိုးကျိုးက သမီးချစ်ရတဲ့လူအပေါ် ကျရောက်သွားရင်ရော?''


နှင်းစက်ကို စေ့စေ့ကြည့်ပြီး မေးလိုက်တော့

နှင်းစက်က သူ့စကားကို နားမလည်သည့်ဟန်ဖြင့် မျက်ခုံးတွေကို တွန့်ကွေးပစ်လိုက်၏။


"မောင်မျိုးရိုးဂုဏ်က သစ်ခက်လေးကို

ချစ်နေတယ်ဆိုတာ သမီး သိတယ်မဟုတ်လား''


သူမေးလိုက်ပေမယ့် နှင်းစက်က အဖြေမပေးပဲ

မျက်နှာကို လွှဲပစ်လိုက်၏။


"သမီး လက်မခံနိုင်ပေမယ့် အဲ့ဒါ အမှန်ပဲ၊ သမီးလုပ်ချင်ရာ လုပ်လိုက်လို့ သူက သမီးဆီရောက်လာရမယ်ဆိုရင်တောင် သူ ပထမဆုံးခံစားရမယ့် ဆိုးကျိုးက ချစ်တဲ့သူနဲ့ကွေကွင်းခဲ့ရတဲ့ ဒုက္ခပဲ၊ အဲ့ဒီ့ ဒုက္ခက ဘယ်လောက်ဆိုးလဲဆိုတာ ဒယ်ဒီ သိတယ် သမီး''


"ဒယ်ဒီ့ရဲ့ခံစားချက်တွေကို လာပြောနေတာလား

ဒယ်ဒီ''


"သမီးက ဒီလိုထင်ချင်တယ်ဆိုလဲ ထင်လို့ရတယ်၊ ဘာလို့လဲဆိုရင် အဲ့ဒါအမှန်ဖြစ်နေလို့ပဲ၊ အခု သမီးတို့ရဲ့ပြဿနာကို ဒယ်ဒီကြုံခဲ့ရတဲ့

အဖြစ်ဆိုးနဲ့ယှဥ်ပြီး အဖြေရှာပေးနေတာမို့လို့

သမီး ထင်တာလဲ မှန်တယ်''


"အဖြစ်ဆိုး ဟုတ်လား၊ ဒါဆို ဒယ်ဒီက မာမီနဲ့အတူနေရတာကို အဖြစ်ဆိုးတစ်ခုလို့မြင်တယ်ပေါ့ ဟင်၊ မာမီက ဒယ်ဒီ့အပေါ်ကို ဘယ်လောက်တောင် အလျော့ပေးပြီး ချစ်ခဲ့ရလဲဆိုတာ ဒယ်ဒီမသိဘူးလား''


"သိပါတယ် ဒယ်ဒီ အားလုံးသိတယ်၊ ဒါပေမယ့် ဒယ်ဒီလိုအပ်တာ ဒါတွေမှမဟုတ်ပဲ၊ သမီးကို ဒီလိုစကားတွေပြောဖို့ မသင့်ဘူးဆိုတာမှန်ပေမယ့် ဒယ်ဒီ ဒီနေ့တော့ပြောမှဖြစ်မယ်၊ သမီးတို့မာမီနဲ့ လက်မထပ်ခင်ကတည်းက ဒယ်ဒီချစ်ခဲ့တာ တခြားတစ်ယောက်ပဲ''


"အဲ့ဒါ အန်တီထား မဟုတ်လား?''


အေးစက်စက်အကြည့်တွေဖြင့် နှင်းစက် ဒယ်ဒီ့ကိုကြည့်ပြီးမေးလိုက်တော့ ဒယ်ဒီက ခေါင်းကို ခပ်လေးလေးငြိမ့်ကာ...


"အွန်း.. ဟုတ်တယ်၊ ဒါပေမယ့် ဒယ်ဒီ ပျော့ညံ့ခဲ့လို့ မဖြစ်သင့်တာတွေ ဖြစ်ခဲ့ရတယ်၊ သမီးတို့မာမီနဲ့ လက်ထပ်ခဲ့ရတယ်၊ အဲ့ဒီ့အတွက် ဒယ်ဒီဘာပြန်ရခဲ့တယ်ထင်လဲ၊ ခုနက ဒယ်ဒီပြောတဲ့ ချစ်တဲ့သူနဲ့ဝေးရတဲ့ဒုက္ခ မချစ်တဲ့သူနဲ့ အတူနေရတဲ့ဒုက္ခ၊ အဲ့ဒီ့ဆိုးကျိုးနှစ်ခု ရခဲ့တယ်၊ အဲ့ဒါတွေက ဒယ်ဒီပျော့ညံ့ခဲ့လို့ ဒဏ်ခတ်ခံရတယ်ဆိုပြီး 

ဒယ်ဒီဖြေသာခဲ့တယ်၊ ဒါပေမယ့်ကွာ.. ဒယ်ဒီ့လိုအဖြစ်မျိုး မောင်မျိုးရိုးဂုဏ် ခံစားရမယ်ဆိုရင်ရော အဲ့ဒါဆိုရင် သူ့အတွက်တရားပါ့မလား''


"ဂုဏ်.. ဂုဏ်က နှင်းစက်ကို မမုန်းပါဘူး''


"ဒယ်ဒီလဲ သမီးတို့မာမီကို မမုန်းပါဘူး၊ ဒါပေမယ့် တစ်သက်လုံး လက်တွဲရမယ့် လက်တွဲဖော်ကို မမုန်းဘူးဆိုတာလောက်နဲ့ လက်ခံလိုက်ရဖို့ကမလွယ်ဘူး၊ အခုလဲ သမီးမြင်တဲ့အတိုင်းပဲလေ၊ ဒီအိမ်ထောင်ရေးမှာ ဒယ်ဒီပျော်ရွှင်နေတာ သမီးမြင်ဖူးလား၊ ပြီးတော့ သမီးမာမီ ပျော်နေတာရော မြင်ရလား''


သူ့စကားတွေကို နားလည်သွား၍လားတော့မသိ။

နှင်းစက်ရဲ့မျက်နှာလေးက ပြိုတော့မယ့်မိုးလို

တဖြည်းဖြည်း မဲ့ကျလာ၏။


သမီးရဲ့ပုံစံလေးကိုကြည့်ပြီး စိတ်မကောင်းပေမယ့် မပြောလို့လဲ မဖြစ်တာကြောင့်..


"မင်းသစ်ရယ် နန်းမြင့်သူရယ် သက်ထားရယ်ဆိုတဲ့ ရင်နာစရာ ဇာတ်လမ်းတစ်ပုဒ်ကို ထပ်ပြီး အသက်မသွင်းပါနဲ့တော့ သမီးရယ်၊ ဒီပုစ္ဆာကို ဒီလိုတွက်ရင် ဒီလိုအဖြေထွက်လာမယ်ဆိုတာ ဒယ်ဒီတို့ သုံးယောက်က ဘဝတွေနဲ့ရင်းပြီး တွက်ပြထားတာကို သမီးထပ်ပြီးအရဲစွန့်ဦးမလို့လား၊ မလုပ်ပါနဲ့ သမီးရယ် သမီးကို သမီးရဲ့မာမီလို အထီးကျန်ဆန်ရတဲ့ပုံစံနဲ့ ဒယ်ဒီမမြင်ချင်သလို သစ်ခက်လေးကိုလဲ သူ့မေမေလို နောက်ဆုတ်ပေးနေရတဲ့ ဘဝမျိုးမှာ ဒယ်ဒီမတွေ့ပါရစေနဲ့တော့''


"ဒါပေမယ့်... အဟင့် ဟင့် နှင်းစက်က ဂုဏ့်ကို ဟိုးငယ်ငယ်လေးကတည်းက ဟင့် ချစ်လာရတာပါ ဒယ်ဒီရယ် အဟင့် ဟင့်၊ နှင်းစက်က အရင်ချစ်လာခဲ့ရပြီးတော့မှ.. အဟင့် ဟင့် ဟီး ဟီး''


"အရင်ချစ်ခဲ့ရလို့ ပိုင်ဆိုင်ခွင့်ရရမယ်ဆိုတဲ့

ပြဌာန်းချက်တွေ အချစ်မှာမရှိဘူး သမီး''


ဆက်မပြောနိုင်လောက်အောင်

ရှိုက်ကြီးတငင်ငိုကြွေးနေတဲ့ နှင်းစက်ကို

ဒယ်ဒီက ခေါင်းလေးပုတ်ကာ နှစ်သိမ့်လာ၏။


နှင်းစက် ဒယ်ဒီ့ရဲ့ခါးကိုဖက်ကာ

မျက်ရည်တွေရွှဲနှစ်နေသည့် မျက်နှာလေးကို

ဒယ်ဒီ့ရဲ့ ဝမ်းဗိုက်နဲ့အတင်းတိုးကပ်ပြီး

ငိုကြွေးပစ်လိုက်၏။


ငိုပါရစေ ဒယ်ဒိီ။

ဒယ်ဒိီ့စကားတွေကို နှင်းစက် နားလည်ပေမယ့်

အခုထိ ပြီးပြီးပြတ်ပြတ် မပြတ်သားနိုင်သေးတဲ့

နှင်းစက်က အခုလို ဒယ်ဒီ့ရဲ့ ရင်ခွင်ထဲမှာ

ငိုကြွေးနေတာကို ဒယ်ဒီ ခွင့်ပြုပေးပါဦးနော်။


"သမီး ဒယ်ဒီ့ကို ချစ်တယ်ဆိုရင်

ဒယ်ဒီ့စကားတွေကို နားထောင်ပေးပါ"


ထိုအချိန် အဖြေပြန်မပေးနိုင်တဲ့ သမီးကို မျှော်လင့်တကြီးကြည့်​ေန​တဲ့ ဦးမင်းသစ်နဲ့ တံခါးအကွယ်ကနေ မျက်ရည်ကျနေသည့် ဒေါ်နန်းမြင့်သူတို့ရဲ့ ရင်ထဲက ခံစားချက်တွေကို ဘယ်သူတွေကများ နားလည်ပေးနိုင်ပါ့မလဲ။


>>>>>>>>>><<<<<<<<<<


အချိန်က ညနေ ၆နာရီ။

မိုးတွင်းဖြစ်တာကြောင့် ညနေဘက်ဆိုရင် မိုးတွေအုံ့ပြီး လေဆင်နေသည်။


နေ့လည်ကတည်း အပြင်ထွက်သွားသည့် ကိုကို့ကို အခုချိန်အထိ မတွေ့တာမို့ ခက် အောက်ထပ်ကို ဆင်းလာလိုက်ပြီး အရင်ဆုံးတွေ့ရသည့် ဒေါ်ထွေးကို ကြည့်ကာ..


"ဒေါ်လေး ကိုကိုရောဟင်''

"ဂုဏ်လေးက နေ့လည်ကတည်းက အပြင်ထွက်သွားတာလေ သမီး''


"ဪ.. ခက်က ကိုကိုပြန်ရောက်နေပြီထင်တာ''


"မရောက်သေးပါဘူးကွယ်၊ သားက ပြန်ရောက်ရင် သမီးဆီလာမှာပေါ့ အဟင်း ဟင်း၊ ဒီကောင်လေး မိန်းမရမှ အိမ်ပြန်ရောက်ပြီဆိုတဲ့အကြောင်းကို တစ်ယောက်ယောက်ကို အသိပေးတဲ့အကျင့်ရသွားတာ''


"ဟုတ်လား ဒေါ်လေးကို ကိုကိုက အိမ်ပြန်ရောက်ပါပြီလို့ လာလာပြောတာလားဟင်''


"အမလေးတော် ကျုပ်ကို မပြောပါဘူး၊ သူပြောတာက သမီးကိုလေ''

"ခက်ကို.. ဟုတ်လား''


ခက် ကိုယ့်ကိုယ့်ကို လက်ညှိုးလေးထိုးပြီးပြန်မေးလိုက်တော့ ဒေါ်လေးက ဟုတ်တယ်ဆိုသည့် သဘောဖြင့် မျက်ခုံးလေးပင့်ကာ ခေါင်းငြိမ်​့့်ပြ၏။


"မဟုတ်တာ ဒေါ်လေးကလဲ၊ ကိုကိုက ခက်ကို ဘယ်တုန်းကမှ အဲ့လိုလာမပြောပါဘူးနော်''


"မပြောပေမယ့် သားက အိမ်ပြန်ရောက်တာနဲ့ သမီးဆီကို အပြေးအလွှားသွားသွားပြီး သတင်းပို့ရတာပါကွယ်''


"အဲ့ဒါက ခက်ကို checkနေတာပါနော်၊ သူမရှိတုန်း ခက်က ဘာမဟုတ်တာတွေ ခိုးလုပ်ထားလဲဆိုပြီးတော့လေ ဟွန့်''


"အဟွန်း..ဟွန်း.. သမိီးက ကာယကံရှင်မို့လို့

မသိတာဖြစ်မှာပါ၊ ဂုဏ်လေး သမီးကိုဘယ်လောက်ဂရုတစိုက်ရှိလဲဆိုတာ ဘေးက လူတွေက မြင်နေရတာပဲလေကွယ်''


ဘာကို ဂရုစိုက်တာလဲ။ 

လူကို ဆူဖို့ ငေါက်ဖို့နဲ့ အပြစ်ပေးဖို့ကလွဲရင်

ဘယ်နေရာမှာများ ဂရုစိုက်လို့လဲ။


အခုလဲ ကြည့်။

နေ့လည်ကတည်းက ဘယ်ထွက်သွားမှန်းလဲမသိ။ ညနေစာ စားချိန်ရောက်တာတောင် အိမ်ပြန်မလာသေးတာကို ဒါနဲ့များ သူက ခက်ကို ဂရုစိုက်တယ်ဖြစ်ရသေးတယ် ဟွန့်။


စိတ်ထဲက ဒီလိုတွေးလိုက်တော့ နှုတ်ခမ်းလေးကပါ စူချင်သွားသည်။ ပြီးမှ အနားမှာရပ်နေသည့် ဒေါ်လေးကို သတိရကာ မျက်နှာကို အချိုးပြေအောင်ပြင်လိုက်ပြီး


"ဒေါ်လေး ခက်လေ ခြံနောက်က ခရေပင်တွေဆီခဏလောက်သွားလို့ရမလားဟင်''


"ရတာက ရပါတယ်၊ ဒါပေမယ့် အခုက ညနေစာစားချိန်ဆိုတော့ စားပြီးမှပဲ သွားပါလားကွယ်''


"ဟင့်အင်း.. ခက် မဆာသေးဘူး၊ ကိုကိုပြန်လာမှ ကိုကိုနဲ့အတူ စားတော့မယ်နော် ရတယ်မလားဟင်''


သူမက ခပ်ပြုံးပြုံးလေး မေးလိုက်တော့

ဒေါ်လေးကလဲ သူမကို ပြုံးကြည့်ကာ


"ရပါတယ်ကွယ် ရပါတယ်၊ သမီးက အရမ်းချစ်စရာကောင်းတာပဲနော်၊ အခုလိုပြုံးနေရင် ပိုချစ်ဖို့ကောင်းတယ်၊ ဒါ့ကြောင့်လဲ သားက အရိပ်တကြည့်ကြည့်ဖြစ်နေတာပေါ့''


"ဒေါ်လေးက ခက်ကို ချစ်တဲ့မျက်လုံးနဲ့ကြည့်လို့

ချစ်စရာကောင်းတာပါ၊ မုန်းတဲ့မျက်လုံးနဲ့ကြည့်ရင် ခက် ဘယ်လောက်ပြုံးပြပြ ခက်ကို ချစ်စရာကောင်းတယ်လို့ မြင်မှာမဟုတ်ပါဘူး''


"သမီးကို ဘယ်သူကများ မုန်းတဲ့မျက်လုံးနဲ့

ကြည့်နိုင်ပါ့မလဲကွယ်၊ လာ ဒေါ်လေးလိုက်ပို့်မယ်''


"ဟုတ်ကဲ့''


ဒေါ်လေးနဲ့အတူ ခြံနောက်က ခရေပင်တွေဆီကို

ရောက်လာခဲ့၏။


မိုးသက်လေနဲ့အတူ ခရေတွေကြွေတာကလဲ

တဖြိုက်ဖြိုက်။ ခရေပင်အောက်မှာ ခင်းထားသည့် ကြွေပြားတွေပေါ်တွင် ခရေပန်းတွေက ဖွေးဖွေးလှုပ်လို့။


"ဒေါ်လေး လုပ်စရာရှိရင် သွားလုပ်ပါ၊ ခက်ကို ထားခဲ့လိုက်လို့ရပါတယ်''


"အေးကွယ် လုပ်စရာတွေကရှိသေးတယ်၊ ဒါဆို ဒေါ်လေး အိမ်ထဲ ခဏပြန်ဦးမယ်၊ သမီးက တစ်ယောက်တည်း ဖြစ်ရဲ့လား"


"ဟုတ် ဖြစ်ပါတယ်''

"ဒါဆို ဒေါ်လေး သွားမယ်နော်''


ဒေါ်လေးထွက်သွားမှ ကြွေကျနေသည့် ခရေပန်းဖွေးဖွေးလေးတွေကို တစ်ပွင့်ချင်း ကောက်ယူလိုက်သည်။


၅ပင်တန်းစိုက်ထားသည့် ခရေပင်တန်းကြီးမို့

တစ်ခဏလေးအတွင်း ပန်းတွေက လက်တစ်ခုပ်စာအပြည့်။


လက်ထဲကပန်းတွေကို တစ်ရှိုက်မက်မက် 

နမ်းရှိုက်ကာ ခရေပင်ကို ပတ်ထားသည့် အုတ်ခုံလေးပေါ် တင်ထားလိုက်ပြီး နောက်ထပ် ထပ်ကောက်လိုက်သည်။


မိုးနံ့ပါသော လေညှင်းလေးနဲ့အတူ နွေသစ်ခက်တစ်ယောက် ပန်းတွေကောက်ရင်း အလုပ်ရှုပ်နေတော့သည်။


ထိုင်ပြီး ကောက်လိုက်၊ ထပြီး ပန်းတွေသွားထားလိုက်နဲ့ သူမ ဒီလိုအလုပ်တွေများနေတာကို

ကိုကိုသာမြင်ရင် ဘယ်လောက်ဆူဦးမလဲဆိုတာ..


>>>>>>>>>><<<<<<<<<<


ဂုဏ် ကားပေါ်မှဆင်းကာ "G-group''ဆိုသော

ကုမ္ပဏီဆိုင်းဘုတ်ကြီးကို မော့ကြည့်လိုက်ပြီး

သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်၏။


မနေ့ညက ဖေဖေ မြန်မာပြည်ကို ပြန်ရောက်နေပြီဆိုတဲ့ သတင်းရထားပေမယ့် အခုလို ချက်ချင်းကြီးသူ့ကို ခေါ်တွေ့မယ်လို့ ထင်မထားတာ အမှန်။


အခု ခေါ်တွေ့ပြန်တော့လဲ သူ့ဘက်ကနေ အကာအကွယ်လုပ်ပေးမယ့် မကြီးတို့ မလေးတို့ ရှိတဲ့အိမ်မှာမဟုတ်ပဲ ကုမ္ပဏီဖြစ်နေပြန်တာကြောင့် စိတ်ထဲမှာ ခပ်လန့်လန့်ရယ်။


"ဖေဖေရှိတယ်မလား''


ရုံးခန်းရှေ့က စားပွဲတွင်ရှိနေသည့် ဖေဖေ့ရဲ့အတွင်းရေးမှူး ကိုအာကာကို မေးလိုက်တော့

ကိုအာကာက ဆတ်ခနဲထရပ်ပြီး ဦးညွှတ်ကာ..


"ရှိပါတယ် အကိုလေး၊ ဥက္ကဌက အကိုလေးကို စောင့်နေတာပါ''

"အင်း''


"အထဲကိုကြွပါ အကိုလေး''ဆိုပြီး

ရုံးခန်းတံခါးကို ဖွင့်ပေးနေတာမို့ ဂုဏ် ရုံးခန်းထဲကို ဝင်သွားလိုက်၏။


"ဥက္ကဌခင်ဗျ အကိုလေး ရောက်ပါပြီ''


"အေး ထားခဲ့လိုက်၊ မင်းက ခုန ငါခိုင်းထားတဲ့ စာရင်းတွေ ပြန်စစ်ထား''

"ဟုတ်ကဲ့ခင်ဗျ''


​ဒါ ဖေဖေ ကိုအာကာ့ကို တမင်နှင်လိုက်မှန်း 

သူသိသည်။


ကိုအာကာ ထွက်သွားမှ သူလဲ ဖေဖေထိုင်နေသည့် ဆိုဖာခုံကြီးရဲ့ထောင့်ကျသည့်ခုံတွင် ဝင်ထိုင်လိုက်ပြီး


"ဖေဖေ မနေ့ညက နောက်ကျတယ်ဆို''


"မင်း ဘာအပြစ်လုပ်ထားလဲဆိုတာ ကိုယ့်ကိုကိုယ် သိတယ်မလား''


မျက်နှာထားတင်းတင်းကြီးဖြင့် သူ့ကိုကြည့်ပြီးမေးလာသည့် ဖေဖေ့ကြောင့် ဂုဏ် ခေါင်းငုံ့ကာ..


"သိပါတယ် ဖေဖေ''

"သိတယ် သိရင်ဘာလို့လုပ်ခဲ့လဲ''


"ဖေဖေနားလည်မှာမဟုတ်ပါဘူး''

"ဘာကွ''


မြန်မာပြည်ပြန်ရောက်ရောက်ချင်း အိပ်ယာပေါ်လဲနေသည့် ဇနီးဖြစ်သူ အစောပြောပြ၍

ဖြစ်ပျက်ခဲ့သမျှ အားလုံးကိုသူသိပြိီးပါပြီ။


လူငယ် သဘာဝ ချစ်ကြ ကြိုက်ကြလို့

ရူးရူးမိုက်မိုက် လုပ်ခဲ့ကြတာကိုလဲ သူနားလည်ပေးလို့ရသည်။


ဒါကိုပဲ ဖေဖေနားမလည်မှာမဟုတ်ပါဘူး ဆိုပြီး

ခပ်တည်တည်ပြောနေသည့် ဂုဏ့်ရဲ့ပုံစံက

ကိုယ့်သားသာ မဟုတ်ရင် ဆွဲထိုးပစ်မိမှာ အမှန်။


ခက်တာက ပြောနေတဲ့သူက ကိုယ့်သားဆိုတော့

ဆွဲမထိုးရက်ပဲ ထွက်လာသည့် ဒေါသကို နှုတ်ခမ်းဖျားမှာတင်ပစ်လိုက်တော့ ဦးရာဇာဂုဏ်ရဲ့အသံက ဟိန်းခနဲ။


"ဖေဖေနဲ့မေမေက မိဘချင်းသဘောတူပြီး လက်တွဲလာကြတဲ့ ချစ်သူတွေဆိုတော့ ကျွန်တော်ပြောပြမယ့် အကြောင်းအရာကို

ဖေဖေ နားလည်ပေးမှာမဟုတ်ဘူး''


"ဟ.. ကြီးကျယ်လိုက်တာကွာ၊ မင်းပြောမယ့် အကြောင်းအရာက ဘယ်လောက်ခက်ခဲပြီး ဘယ်လောက်များ နက်နဲနေလို့ ငါက နားမလည်နိုင်ရမှာလဲ''


"ကျွန်တော်ပြောမယ့် အကြောင်းအရာကို

ဖေဖေ အရင်နားမထောင်သေးပဲ ကျွန်တော်မေးတာကို ဖြေပေးပါ''


"ဘာလဲ ဘာမေးမှာလဲ''

"ဖေဖေ ကျွန်တော့်အရွယ်တုန်းက အဘွားတို့က ဖေဖေ့ကို မေမေနဲ့သဘောမတူဘူးဆိုရင် ဖေဖေ ဘာလုပ်မလဲ''


သူ မေးလိုက်တော့ ဖေဖေ့ရဲ့မျက်ခုံးတွေတွန့်သွား၏။ ပြီးမှ တစ်ခုခုကို တွေးမိသွားဟန်ဖြင့်..


"ငါက ငါ့မိဘတွေ သဘောမကျဘူးထင်တဲ့

ဘယ်ကိစ္စကိုမှ မလုပ်မိအောင်နေခဲ့တာ''


"ဒါဆို ဖေဖေနဲ့ ကျွန်တော့်ကြားမှာ ပြောစရာစကားမရှိတော့ဘူး၊ ကျွန်တော့်ကို ပြန်ခွင့်ပြုပါ''


တကယ် ထပြန်တော့မည့်ပုံဖြင့် ဆတ်ခနဲထရပ်လိုက်သည့် သားဖြစ်သူကြောင့် ဦးရာဇာဂုဏ် မျက်နှာပျက်သွားကာ ရပ်နေတဲ့သားကို မော့ကြည့်လိုက်ပြီး


"ပြန်ထိုင်စမ်း မင်းနဲ့ငါ စကားပြောလို့် မပြီးသေးဘူး''


"ဖေဖေနဲ့ကျွန်တော့်ကြားမှာ အချင်းချင်းနားလည်အောင် ဆွေးနွေးလို့ရမယ့် ဘာသာစကားမရှိတော့ဘူး''


"မင်းပြောချင်တဲ့အဓိပ္ပါယ်ကို ငါသိတယ် ဂုဏ်၊

ဒါပေမယ့် မင်းလုပ်ရပ်မှားတယ်ဆိုတာကို အရင် ဝန်ခံသင့်တယ်''


"ကျွန်တော် ဝန်ခံပါတယ်၊ ကျွန်တော် ချစ်တဲ့သူကို ဆုံးရှုံးရမှာကြောက်လို့ တဇွတ်ထိုးဆန်ရင် ဆန်ခဲ့မိလိမ့်မယ်၊ အမှန်တိုင်းပြောရရင် ကျွန်တော်လဲ ပူတူးကို သိက္ခာကျစေမယ့် ဘယ်လိုလုပ်ရပ်ကိုမှ မလုပ်ချင်ခဲ့ဘူးဆိုတာ ကျိန်ရဲတယ်၊ အဲ့ဒီ့အတွက် ဖေဖေတို့က ကျွန်တော့်ကို ခွင့်မလွှတ်နိုင်ဘူးဆိုရင် ကြိုက်သလို စီမံပါ၊ ခုတော့ ကျွန်တော့်ကို ခွင့်ပြုပါဦး''


အိမ်ကလူတွေနဲ့ မျက်နှာချင်းဆိုင်ပြီး စကားပြောကြတိုင်း ပူတူးကို ခိုးလာတဲ့ကိစ္စကိုပဲ အပြစ်ရှာပြီး ပြောနေကြတာမို့ သူ စိတ်တိုလာမိတာအမှန်ရယ်။


သူ့လုပ်ရပ်ကို ခွင့်မလွှတ်နိုင်ဘူး မကျေအေးပေးနိုင်ဘူးဆိုရင်လဲ ဘာလို့ အခုလို တစ်ယောက်ပြီး တစ်ယောက် လာတွေ့နေကြသေးလဲ။


တစ်ခါတည်းရှင်းသွားအောင် အမွေပြတ်စွန့်လွှတ်ကြောင်း သတင်းစာထဲ ထည့်လိုက်ပါတော့လား။


"သားငယ်ပြောတဲ့ ကြိုက်သလိုစီမံပါဆိုတဲ့

စကားထဲမှာ မင်္ဂလာပွဲ ကိစ္စရော ပါလား''


စိတ်ထဲမှာ မကျေလည်သမျှကို တွေးကာ ရုံးခန်းထဲမှထွက်သွားရန် ပြင်လိုက်စဥ် နောက်ပါးဆီမှ ဖေဖေ့ရဲ့စကားကြောင့် တံခါးလက်ကိုင်ကို ကိုင်ထားသည့် သူ့လက်တွေရပ်တန့်သွားကာ..


"ဖေဖေတို့က ပူတူးကိုလက်ခံပေးပါ့မယ်ဆိုရင်တောင် ကျွန်တော့်ရဲ့မင်္ဂလာပွဲကို ကျွန်တော်ပဲ စီမံမှာပါ''


"ဒါ ငါ့ရဲ့တောင်းဆိုချက်ကို ငြင်းတာပေါ့လေ''


ဖေဖေက ရယ်ရင်းမေး၏။

သူလဲ ဖေဖေ့ကို ပြန်ရယ်ပြပြီး..


"သူနဲ့ကျွန်တော့်ရဲ့ အမှတ်တရကို ဖေဖေ့ကို ဖန်တီးခွင့်ပေးရမှာလား''


"ဟား..ဟား..ဟား.. ဟုတ်ပါပြီကွာ ဟုတ်ပါပြီ

မင်းကလေ ငါ့သားလို့မပြောရဘူး၊ တကယ်မလွယ်တဲ့ကောင်ပဲ၊ တစ်ခုပဲကွာ ငါ့ချွေးမကို ငါကိုယ်တိုင်လိုက်တောင်းပေးရမယ်ထင်ထားတာ''


ဒီစကားမှာ ဂုဏ်လဲ ငြိမ်ကျသွား၏။

ဟုတ်ပါတယ် သူ့လုပ်ရပ်ကြောင့်

ပူတူးကို သိက္ခာကျစေခဲ့သည်။


"ခိုးပြေးလို့ လက်ထပ်ရတဲ့ မိန်းကလေးနဲ့

မိဘတွေရှေ့မှာ တောင်းယူပြီး လက်ထပ်တဲ့မိန်းကလေး တန်ဖိုးချင်းမတူဘူးဆိုတာ...


"ဖေဖေကလဲဗျာ၊ facebookပေါ်က စာတွေလာရွတ်ပြနေတယ်၊ ခိုးပြေးတယ်ဆိုတဲ့နေရာမှာ အကြောင်းအရာတွေ အများကြီးရှိသေးတယ်ဗျ၊

ဥပမာ.. မိန်းကလေးမှာ ကိုယ်ဝန်ရှိနေလို့ ဘာညာဆိုရင်တော့ ဟုတ်တယ် ဖေဖေပြောသလို တန်ဖိုးချင်းမတူဘူး၊ အခု ကျွန်တော်နဲ့ပူတူးရဲ့ အခြေအနေက ဒီလိုမှမဟုတ်ပဲ၊ ပြီးတော့ ကျွန်တော်က ပူတူးကို ခိုးပြေးလာတာမဟုတ်သလို ပူတူးကလဲ ခိုးရာလိုက်လာတဲ့ မိန်းကလေးမဟုတ်ဘူး''


"ဘယ်လို ဘယ်လို...

မင်းက သူ့ကို ခိုးပြေးလာတာမဟုတ်ရင် ဘာလဲ''


ဂုဏ့်ရဲ့စကားကို တကယ်နားမလည်တာမို့

ပြန်မေးလိုက်တော့ ဂုဏ်က တစ်ခုခုကိုစဥ်းစားနေဟန်ဖြင့် နှုတ်ခမ်းကိုကိုက်ပြီးမှ ခပ်မိန့်မိန့်ပြုံးကာ


"ခိုးပြေးတာလောက်နဲ့ စာမဖွဲ့နဲ့ ဖေဖေ၊ ကျွန်တော်က သူ့ကို ကားနဲ့တိုက်ပြီးမှ ကားတင်ပြေးလာရတာ၊ အဲ့ဒါတွေအပြင် သူ့မိသားစုကလူတွေ တစ်မျိုးထင်သွားအောင် မဟုတ်မဟပ်ဇာတ်တွေပါ ခင်းထားရလို့ ကျွန်တော့်ရဲ့လုပ်ဆောင်ချက်တွေက အရမ်းကို level မြင့်တယ် အဟွန်း.. ဟွန်း''


"ဟာကွာ.. ဂုဏ် မင်းစိတ်ရော မှန်ရဲ့လား

ဒီကိစ္စက မိန်းကလေးဘက်က လက်မခံရင်

မင်း ေထာင်ကျမှာကို သိရဲ့လား''


"ပူတူးက အဲ့လို လုပ်ရက်မှာ မဟုတ်ဘူးဆိုတာ

ကျွန်တော်သိလို့ပေါ့ဗျ၊ အင်းပေါ့ အခုလဲ ကျွန်တော် ထောင်ကျတော့မှာပဲဟာ အဟွန်း ဟွန်း.. အိမ်ထောင်လေ''


သူပြောချင်တာ ပြောပြီး အူမြူးနေသည့်

ဂုဏ့်ကိုကြည့်ကာ ဦးရာဇာဂုဏ် ခေါင်းတခါခါဖြစ်နေမိသည်။


မချစ်ဖူးလို့ ရူးတယ်လို့ ပြောရအောင်ကလဲ

ဒီကောင်လောက် ချစ်တတ်တဲ့ကောင်

ကမ္ဘာမှာ ရှာလို့မတွေ့လောက်အောင်ပါပဲ။


ချစ်တတ်လွန်းလို့လဲ ကနေဒါမှာ နေရင်း

တွဲခဲ့တဲ့ကောင်မလေးတွေက လူမျိုးပေါင်းစုံ

နိုင်ငံပေါင်းစုံ။


အင်းပေါ့လေ။ တွဲကြတိုင်း ချစ်လို့မှမဟုတ်ပဲ။

ဟုတ်ပါတယ် ဒီကောင် အခုမှချစ်ဖူးလို့

ဒီလောက်ရူးနေတာနေမှာ။


>>>>>>>>>><<<<<<<<<<


အပြင်က ပြန်ရောက်ရောက်ချင်း ဂုဏ် အပေါ်ထပ်ကို အရင်ဆုံး ပြေးတက်သွားလိုက်သည်။


ဒီကောင်မလေး သူဆူမှာကြောက်လို့

တစ်ချောင်ချောင်မှာ ငြိမ်ကုပ်နေမှာ သေချာသည်လို့ တွေးထားပေမယ့် သူ့အတွေးတွေ မှားပြန်သည်။


တစ်ခန်းလုံးရော ရေချိုးခန်းနဲ့ ဝရံတာပါမကျန်

သူ ရှာကြည့်ပေမယ့် သူမကို မတွေ့တာကြောင့်

ရင်ဘတ်ထဲမှာ ဒိန်းခနဲနေအောင် တုန်လှုပ်သွား၏။


"အိမ်ပြန်သွားပြန်ပြီလား ကျစ်..


စိတ်ညစ်ခြင်း စိတ်ပျက်ခြင်းတွေက မိုးချုပ်နေပေမယ့် သူ့ကို အနားယူခွင့်မပေးပဲ ကားသော့ကို ကောက်ယူကာ လှေကားမှ တလွှားလွှားပြေးဆင်းစေသည်။


"ဒေါ်ထွေး ေဒါ်ထွေး...

"သား ဘာလို့လဲ''


"ပူတူးရော အိမ်ပြန်သွားတာလား၊ ဝသန်ပဲ ထပ်လာခေါ်သွားတာလား၊ ကျွန်တော်မရှိတုန်းကို ပူတူးကိုဂရုစိုက်ပေးပါပြောခဲ့တာကိုဗျာ.. ကျစ်''


"မဟုတ်ပါဘူးကွယ် သမီးရှိပါတယ်''


"မရှိဘူးဗျ မရှိဘူး၊ ကျွန်တော် အခုပဲ အခန်းထဲကပြန်လာတာ၊ ပူတူးကို ဘယ်လိုမှရှာမတွေ့ဘူး''


"ဪ... သမီးက အခန်းထဲမှာမှမဟုတ်တာ၊ ခြံနောက်က ခရေပင်တွေနားမှာ ညနေကတည်းက ပန်းကောက်နေတာလေ''


ထိုအခါမှ ဂုဏ့်ရဲ့မျက်နှာပေါ်က ကောက်ကြောင်းတွေ ပြေလျော့သွားပြီး ခြံနောက်ကို ပြေးသွားဖို့ ခြေလှမ်းပြင်တော့သည်။


"သမီးက အခုထိကို ညစာမစားရသေးဘူး''


"မစားရသေးဘူးလား၊ အချိန်လဲ ကြည့်ဦးလေ ၈နာရီတောင်ထိုးတော့မယ်၊ ဒေါ်ထွေးတို့က ဘာလုပ်နေလို့ ပူတူးက အခုချိန်ထိ ညစာမစားရသေးတာလဲ''


"သမီးက သားပြန်လာမှ အတူတူစားမယ်ဆိုလို့ပါ''


"ကျွန်တော်က စားပြီးခဲ့ပြီ၊ ကဲပါ ထမင်းပြင်ထားလိုက် ကျွန်တော် ပူတူးကို သွားခေါ်လိုက်မယ်''


အိမ်ထဲမှာ သိပ်ပြီးမသိသာသည့် လေအေးအေးစက်စက်ကြီးတွေက အိမ်အပြင်ကို ခြေချလိုက်တာနဲ့ လူကို ပြေးကပ်လာ၏။


လေနဲ့အတူ မိုးပေါက်လေးတွေပါ ပါလာတာမို့

ဂုဏ် ခြေလှမ်းတွေကို အရှိန်တင်ပစ်လိုက်ပြီး

ခရေပင်တွေဆီကို လျှောက်သွားလိုက်သည်။


တွေ့ပါပြီ သူ့ရဲ့ပူတူး။

ဘယ်အချိန်ကတည်းက ကောက်ထားမှန်းမသိသည့် ခရေပန်းတွေက ပလပ်စတစ်ခြင်းလေးနဲ့အပြည့်။


ဇီးညိုရောင် ဂါဝန်ပြောင်လေးကို အဖြူရောင် လက်ရှည်ပါးပါးလေးနဲ့ထပ်ဝတ်ထားသည့် သူမက ဆံပင်တွေကိုပါ ဖြန့်ချထားတာမို့ လေနုအေးတွေအောက်မှာ ဆံနွယ်ရှည်တွေက တစ်လွင့်လွင့်။


ခြံထဲမှာထွန်းထားသည့် ဝါကျင့်ကျင့် မာကျူရီမီးရောင်ကို အားပြုပြီး ဝါဝင်းနေသည့် အသားအရေနဲ့ သူမက အုတ်ခုံလေးတွင်ထိုင်ကာ

ပန်းတွေကိုသီကုံးနေ၏။


ဂုဏ် သူမရဲ့တစ်ကိုယ်လုံးကို သူသိမ်းကျုံးကြည့်ပစ်လိုက်ပြီးမှ ဖိနပ်မပါတဲ့ ခြေထောက်နုနုလေးဆီအရောက်မှာ အလိုမကျခြင်းတွေရောက်ရှိလာ၏။


!ဘာလဲ ဖိနပ်မပါဘဲ ခြံထဲဆင်းလာတာလား!


ဒီလိုတွေးလိုက်ပြီး မျက်လုံးတွေကို ဝေ့ကြည့်လိုက်တော့ ဒီဘက်ထိပ်ဆုံးက ခရေပင်အောက်တွင် ချွတ်ထားခဲ့သည့် သူမရဲ့ဖိနပ်လေး။


ဂုဏ် ထိုဖိနပ်လေးကို ကောက်ယူလိုက်ပြီး

သူမဆီကိုလျှောက်သွားလိုက်ကာ...


"ဖိနပ်မစီးနိုင်လောက်အောင် ဘာတွေများအလုပ်ရှုပ်နေတာလဲ''


"ကိုကို''


ခက်ရဲ့ ခြေထောက်နားကိုရောက်လာသည့် 

ဖိနပ်တစ်ရံနဲ့အတူ ကိုကို့ရဲ့အသံကြောင့် 

ခက် မော့ကြည့်လိုက်တော့ ကိုကိုက သူမကို မှုန်တည်တည်မျက်နှာကြီးဖြင့် စိုက်ကြည့်ရင်း..


"မိုးတွေကျနေတာ မသိဘူးလား''

"ဟုတ်လား မိုးကျနေတာလား''


ရွဲ့တာမျိုးမဟုတ်ပဲ တကယ်မသိတဲ့ပုံစံလေးဖြင့်

ပြန်မေးလာပြန်သည်မို့ ဂုဏ် သက်ပြင်းချကာ..


"ဟုတ်တယ်ခင်ဗျ မိုးကျနေတာ

လာ ထ ပြန်မယ်''


"အင်း အင်းပြန်မယ်လေ''ဆိုပြီး

သူချပေးထားသည့် ဖိနပ်လေးကိုစီးလိုက်သည်။


အခုမှ သူသေချာကြည့်မိသည်က 

သူမရဲ့ခြေထောက်မှာ ပတ်တီးမရှိတော့ခြင်း။


"ပတ်တီးရော ပတ်တီး ဘယ်ရောက်သွားလဲ''

"ဟင်.. ဖြုတ်ပစ်လိုက်ပြီလေ၊ ခက်ရဲ့ခြေထောက်က သက်သာနေပြီကို''


"ဘာကို သက်သာတာလဲ၊ မနက်ဖြန်မှ ဆေးရုံပြန်သွားပြရမှာလေကွာ၊ မရဘူး အိမ်ထဲ ပြန်ရောက်ရင် ဒေါ်ထွေးကို ပတ်တီးပြန်စည်းခိုင်း''


"မစည်းချင်ပါဘူး ပတ်တီးကြီးနဲ့ဆို သွားရ လာရတာ မလွတ်လပ်ဘူး''


ခက်ရဲ့ဒဏ်ရာက ဒူးအောက်နားလေးမှာဖြစ်ပြီး

ပွန်းပဲ့သွားတဲ့ဒဏ်ရာမဟုတ်ပဲ ဒီအတိုင်း အရှိန်နဲ့တိုက်မိတာမို့ ဒဏ်ဖြစ်သွားတာမျိုးပါ။


အရင်က ဂျိုင်းထောက်နဲ့ သွားလာနေရတုန်းကတောင် ငြိမ်ငြိမ်မနေတဲ့သူမက အခု ဂျိုင်းထောက်မပါဘဲ သွားနိုင်နေတော့ ပိုဆိုး။


သူမစိတ်ရှိတိုင်း သွားလာနေသမျှ ဒီပတ်တီးကလဲ အငြိမ်မနေပဲ လျှောလျှောကျ​ေနတာမို့

စိတ်ရှုပ်လို့ကို တမင်ဖြုတ်ချထားတာပါ။


အရင်နေ့တွေကတော့ တစ်နေ့တစ်ခါ ပတ်တီးလဲတာမို့ ပြန်ပြီး ပတ်တိီးစည်းရတာကို လက်ခံပေမယ့် အခုကတော့ တကယ်လဲ သက်သာနေတာမို့ လက်သင့်မခံချင်တော့ပါ။


ဒါ့ကြောင့် သူမ မစည်းဘူးလို့ ငြင်းပစ်လိုက်တော့....


"မစည်းလို့မရဘူး၊ မင်းရဲ့ခြေထောက်က အရှင်းပျောက်သေးတာလဲ မဟုတ်ဘူး၊ မနက်ဖြန် ဆေးရုံထပ်သွားပြလို့ မလိုတော့ဘူးဆိုမှ

မင်းစိတ်ကြိုက်လုပ်၊ အခုတော့ ပြန်စည်းထား''


"မစည်းဘူး''


"စည်းရမယ်လို့ ကိုယ်ပြောနေတယ်နော်''

"မစည်းပါဘူးဆို''


"ပူတူး''

"ဘာလဲ မစည်းချင်ပါဘူးဆိုမှပဲ၊ အဲ့ဒီ့ပတ်တီးကြီးစည်းထားရင် ခက်စိတ်ရှုပ်တယ်''


မျက်နှာလေးရှုံ့တွပြီး ပြောနေသည့်ပုံစံက

ပတ်တီးနဲ့နေရတာကို ဘယ်လောက်အလိုမကျသလဲဆိုတာ ထပ်မေးစရာကို မလိုတော့ပါ။


သူမလေး မကြိုက်တဲ့အရာဆို အတင်းလုပ်ခိုင်းဖို့လဲ သူဆန္ဒမရှိတာကြောင့် အလျော့ပေးဖို့ဆုံးဖြတ်လိုက်၏။


သို့ပေမယ့်..

ဒီအတိုင်း သူမကို အလိုလိုက်ပေးလိုက်ရတာမျိုး

မဖြစ်ချင်တာကြောင့် သက်ပြင်းရှည်ကြီးချကာ..


"မင်းကို ကိုယ်မှ မနိုင်တာ မင်းလုပ်ချင်သလိုသာလုပ်၊ ကိုယ် ဘာမှမပြောချင်တော့ဘူး''


ခက်ကို တကယ် စိတ်ပျက်သလိုကြီးပြောကာ 

အိမ်ကြီးဘက် ထွက်သွားဖို့ပြင်နေသည့် ကိုကို့ကြောင့် ခက် မသိီရသေးသည့် ပန်းတွေထည့်ထားသော ခြင်းလေးထဲကို သီထားသည့် ပန်းကုံးတွေကို ကောက်ထည့်ကာ ခြင်းလေးကို ကောက်ယူလိုက်တော့..


"အဲ့ဒါတွေက ထားခဲ့''


"ဟင်.. မထားပါဘူး ဘာလို့ထားခဲ့ရမှာလဲ၊

ခက် ပင်ပင်ပန်းပန်းနဲ့ ညနေစာတောင်မစားပဲ

ကောက်ထားရတာတွေကို''


"အဲ့ဒီညနေစာ မစားရသေးတာကိုပဲ စိတ်တိုတာ၊ ဘာလို့ အခုချိန်အထိ မစားသေးတာလဲ ဟမ်၊ ဒီပန်းတွေကို ကောက်ပြီး မင်းက ဘာလုပ်မှာလဲ

လည်ရောင်းမှာလား''


"မဟုတ်ပါဘူး ခက်က ပန်းတွေကို နှမြောလို့ပါ၊ ဒီအတိုင်းကြွေနေတာကို မကောက်ပဲထားရင် ညှိုးပြီးအမှိုက်ဖြစ်သွားမှာစိုးလို့၊ ပြီးတော့ မေမေက ခရေပန်းကြိုက်တာကို သတိရလို့ပါ''


သူမရဲ့မိခင်ကို တကယ်သတိရနေတဲ့ပုံဖြင့်

မျက်နှာငယ်လေးနဲ့ပြောနေတာမို့ ဂုဏ် စိတ်မကောင်းဖြစ်သွားမိသည်။


သူမအမေနဲ့ ခွဲထားသလိုဖြစ်နေတဲ့

ကိုယ့်က လူဆိုးကြီးလိုလိုကိုဖြစ်နေတာ မဟုတ်လား။


"ပန်းတွေကို မင်းအမေဆီသွားပေးချင်လို့လား''


"မဟုတ်ပါဘူး ခက်က ဘုရားကပ်ဖို့ပါ၊ မေမေ့ဆီကို ကိုကိုခွင့်မပြုရင် မသွားတော့ပါဘူး''


ကိုကို့ရဲ့မျက်နှာကို မော့ကြည့်ပြီးပြောလိုက်တော့

ကိုကိုက သူမကို စူးခနဲတစ်ချက်ကြည့်သည်။


သို့ပေမယ့် ဘာမှမပြောပဲ အိမ်ဘက်ကို ဦးတည်ပြီး လှည့်ထွက်သွားတာမို့ ခက်လဲ ကိုကိုချပေးထားသည့် ဖိနပ်လေးကို အလျင်အမြန်စီးကာ နောက်ကနေ ထော့နဲ့ ထော့နဲ့ဖြင့် လိုက်သွားလိုက်သည်။


ဒီအချိန်မှာ သူမက အပြစ်ရှိသူတစ်ယောက်လေ။


"ကိုကိုက အခုမှ ပြန်ရောက်တာလား''

"အင်း''


"ခက်က ကိုကို့ကို စောင့်နေတာ''

".......''


"​နေ့လည်က ကိစ္စကို ကိုကို စိတ်ဆိုးနေတာ မဟုတ်လားဟင်၊ ဒါဆိုရင် ခက်ကို ဆူပစ်လိုက်ပါလားဟင်၊ ဒါမှမဟုတ်ရင်လဲ ကိုကို ခက်ကို ရိုက်လေ နော်၊ အခုလိုကြီးက ခက် အပြစ်မကင်းသလိုကြီး ခံစားနေရလို့လေ''


သူမ ခြေထောက်ကဒဏ်ရာကြောင့်

သူ့ကိုမှီအောင် မလျှောက်နိုင်တာကြောင့်

နောက်ကနေ တတွတ်တွတ်ပြောနေခြင်းပါ။


သူမ ပြောနေသမျှကို ဂုဏ် ကြားနေပေမယ့် မကြားဟန်ပြုကာ အိမ်ကြီးဘက်ကို ခပ်သွက်သွက်လျှောက်သွားလိုက်တော့ သူမကလဲ နောက်မှ အမှီလျှောက်လာပြီး


"အ့.. အား.. နာလိုက်တာ


ကိုကို့ကို မှီအောင်မလိုက်နိုင်တာမို့

သူမ ရောက်တဲ့နေရာမှာ ထိုင်ချပစ်လိုက်ပြီး

ဉာဏ်များလိုက်တော့ ကိုကိုက သူမကို 

ပြန်လှည့်ကြည့်လာ၏။


သူမကို သေချာစူးစိုက်ကြည့်ပြီးမှ

တစ်ခုခုကို သေချာသွားသည့်ပုံဖြင့်

သူမကို ကျောခိုင်းသွားပြန်တာမို့...


"အား... ကိုကို ခက်​ခြေထောက်က ဘာဖြစ်သွားလဲမသိဘူး ဟင့်... ကိုကိုလို့ဆို အဟင့်.. 


ဉာဏ်များနေတယ်ဆိုတာကို သိပေမယ့်

သူမလေးရဲ့ ဟန်ဆောင်ပန်ဆောင် ရှိုက်သံလေးကိုတောင် သူ ဥပေက္ခာမပြုနိုင်တာ​ကြောင့်ခြေစုံရပ်ပစ်လိုက်ပြီး အသက်ကိုပြင်းပြင်းရှူထုတ်ပစ်လိုက်ကာ နောက်ကိုပြန်လျှောက်သွားလိုက်သည်။


ပလီပလာဖြင့် အခုမှအချွဲပိုနေသည့်

သူမက သူ့ကိုငိုမဲ့မဲ့မျက်နှာလေးဖြင့်

မော့ကြည့်ကာ..


"ခက်ကို စိတ်ဆိုးနေတာလားဟင်''


"ဟုတ်တယ် စိတ်ဆိုးနေတာ၊ မင်း အခုချိန် ဘာစကားမှမ​ပြောပဲ ငြိမ်ငြိမ်လေးနေပေးရင် ကိုယ် တကယ်ကျေးဇူးတင်မိမှာ''


"စိတ်ဆိုးတယ်ဆိုရင်လဲ ခက်ကို ဆူပစ်လိုက်ပါ့လားလို့''


"မင်းနဲ့စကားကိုမပြောချင်သေးလို့ကွာ၊ ထ မိုးတွေကျနေတာကို ဘာလို့ထိုင်နေတာလဲ''


ထိုင်နေသော သူမကို လက်မောင်းလေးမှာဆွဲထူရင်း ပြောလိုက်တော့ သူမက နှုတ်ခမ်းလေးစူကာ..


"ကိုကိုမှ ခက်ကို စိတ်ဆိုးမပြေသေးတာကို ခက်က ဘယ်လိုလုပ်ပြီး ကိုကို့အိမ်ထဲ လိုက်ဝင်ရဲမှာလဲ''


"အပိုတွေ လျှောက်မပြောနဲ့၊ မင်းကိုယ့်ကို ဒီလောက် မကြောက်ဘူးဆိုတာ ကိုယ်သိပြီးသား၊ ထကွာ ကြာတယ်''


"ခြေထောက်နာလို့ပါဆို''

"မင်းခြေထောက်သက်သာနေပြီဆိုတာ ကိုယ်သိတယ်''


"သက်သာပေမယ့် တစ်ခါ တစ်ခါကျရင် နာတာပေါ့၊ ကိုကိုက ဝေဒနာ ခံစားရတဲ့သူမှမဟုတ်တာ

ဘယ် ကိုယ်ချင်းစာတတ်မလဲ၊ သူများကို ကားနဲ့တိုက်တုန်းကတောင် သူများက သူ့ကို စိတ်ဆိုးခဲ့တာမဟုတ်ဘူး၊ အခု သူ့အလှည့်ကျတော့ ခက်ကို မခေါ်နိုင် မပြောနိုင်တွေဖြစ်နေတာ၊ တော်တော် တရားကျဖို့ကောင်း.. အို.. ကိုကို ဘာလုပ်တာလဲ ချပါ၊ ခက် ကိုယ့်ဟာကိုယ် သွားပါ့မယ်''


မနာတော့တဲ့ ခြေထောက်က ဒဏ်ရာကို

ရမယ်ရှာပြီး ကိုကို သူမကို စိတ်ပြေအောင်

လုပ်မယ်ဆိုတဲ့အကြံကို ဖျက်ဆိီးပစ်တာက ကိုကို။


>>>>>>>>>><<<<<<<<<<


အားပေးတဲ့ အသဲတွေအားလုံးကို ကျေးဇူးတင်ပါတယ်😘😘


အမှားပါသွားရင် ချစ်တဲ့စိတ်နဲ့ ဝေဖန်ပေးပါ😁😁


အပိုင်း(၂၁)မျှော်


စာရေးသူ-Merida(Tulip)


rate now: