book

Index 2

အပိုင်း (၂)

  • Author : Merida
  • Genres : Romance, Comedy, Drama

🎗🎗 နှောင်ကြိုး 🎗🎗


~~~~~~~~~~


(၅)နှစ်ခန့်ကြာသော်


"သားရေ သားလေး ဘုန်းဝသန်

မာမီတို့ ပန်းခြံသွားကြရအောင်လေကွယ်''


ဝသန် ခြံထောင့်က ပိတောက်ပင်ကြီးတွင် တန်းလန်းဆွဲထားသော ကြိုးဒန်းလေးကိုကိုင်ကာ စိတ်ပျက်သွားမိသည်။ 


သူနဲ့အတူ ဒန်းလေးပေါ်ထိုင်နေသည့် သစ်ခက်လေးကလဲ မျက်နှာငယ်လေးဖြင့် သူ့ကိုမော့ကြည့်လာပြီး


"ကိုကို့ကို သခင်မကြီးခေါ်နေတယ်လေ

မသွားဝူးလားဟင်''

"ကိုကိုမှ ပန်းခြံမလိုက်ချင်တာပဲ

ကိုကိုက ညီမလေးနဲ့အတူဆော့ချင်တာ''


"သား ဝသန် မာမီခေါ်နေတာမကြားဘူးလား''


မာမီက သူတို့အနားကိုလျှောက်လာလိုက်တာနဲ့ 

သစ်ခက်လေးက ကြိုးဒန်းလေးပေါ်မှ အတင်းဆင်းကာ သူ့နောက်ကို ကွယ်ရပ်လိုက်၏။ 


ဒီကောင်မလေးက သူ့အပေါ်ကိုဆိုးသမျှ 

မာမီနဲ့ မမနှင်းစက်ကိုတော့ အသေကြောက်တာရယ်။ 


ဝသန် သူ့နောက်ကို ပုန်းဝင်လိုက်သည့် သစ်ခက်လေးကို ခေါင်းလေးငဲ့ကြည့်လိုက်ပြီးမှ


"သား ပန်းခြံမလိုက်ချင်ဘူး မာမီ

ညီမလေးနဲ့ဆော့မလို့''


"ဘယ်သူက ညီမလေးလဲ ဝသန်

မင်းမှာ မေနှင်းစက်ဆိုတဲ့ အစ်မကလွဲရင်

ကျန်တဲ့ မောင်နှမတစ်ယောက်မှမရှိဘူး

အဲ့ဒါမှတ်ထား''


"ဒယ်ဒီပြောတာက သစ်ခက်လေးက 

သားရဲ့ညီမလေးတဲ့''


"ဝသန် မင်းကို မာမီပြောပြီးပြီလေ

မင်းမှာ ဘာညီမမှမရှိဘူးလို့

လာ ပန်းခြံသွားမယ်''


နန်း သားရဲ့လက်ကိုလှမ်းဆွဲပြီး ခေါ်လိုက်တော့ 

သားက ခေါင်းလေးရမ်းပြသည့်အပြင် 

သူမလက်တွေကိုပါ ရုန်းပစ်လိုက်ပြီး


"သား ညီမလေးနဲ့ဆော့မှာ''


"မဆော့ရဘူး''


"ဘာလို့လဲ 

သား ညီမလေးနဲ့ဆော့ရရင်ပျော်တယ်''


"အို မလိုချင်ဘူး

သား မာမီစိတ်မတိုချင်ဘူးနော် လာ လိုက်ခဲ့''

"ဟင့်အင်း''


သူမ ဘယ်လောက်ပြောပြော 

သားက ဖအေတူလေးမို့ ခေါင်းမာသည့်အပြင် 

ဒီသားအမိကို သံယောဇဥ်ကြီးလှသည်။ 


ပြီးခဲ့တဲ့၅နှစ်လုံး 

အကိုက သက်ထားတို့သားအမိကို 

ခပ်ကင်းကင်းနေခဲ့သလို 

သူမတို့သားအမိတွေကိုလဲ 

အရောတဝင်မနေခဲ့ပါ။ 


တစ်နှစ်ကို ၁၀လလောက်က 

နိုင်ငံခြားကိုအလုပ်ကိစ္စနဲ့သွားနေတာမို့ မိသားစုရယ်လို့ နီးနီးကပ်ကပ်နေရတယ်လို့ မရှိ။ 


သို့ပေမယ့် အကိုက ဘယ်အချိန် ဘယ်လိုသိမ်းသွင်းထားလို့လဲတော့မသိ 

သားက နွေသစ်ခက်ကို အတော်လေးချစ်၏။


သားချစ်မယ်ဆိုရင်လဲ ချစ်ချင်စရာ။ အသက် ၄နှစ်ကျော်ကျော် အရွယ်သာရှိသေးသည့် 

နွေသစ်ခက်က ကျောလယ်လောက်ထိရှည်သော ဆံပင်ရှည်လေးဖြင့်။ 


ဒါ့အပြင် အကိုဝယ်ပေးထားသည်ဟု ယူဆရသော 

အရောင်စုံ ဒီဇိုင်းစုံ ဂါဝန်ကားကားလေးတွေနဲ့ 

သူမလေးကိုမြင်ရတိုင်း ဘယ်တော့မှ 

အမြင်ရိုးမသွားလောက်အောင် ချစ်ဖို့ကောင်းသည်။


"မာမီသွားရအောင်လေ 

တော်ကြာ မွေးနေ့ကိတ်ခွဲတာ မမှီပဲနေလိမ့်မယ်''


သမီးကြီးအသံကြားမှ 

နန်းနောက်ကိုလှည့်ကြည့်လိုက်သည်။ 


အသက်၁၂နှစ်အရွယ် ကလေးမလေးရဲ့အပြင်အဆင်က 

မသိရင် အပျိုလေးတစ်ယောက်အတိုင်းပင်။ 


မိုးပြာ​ေရာင်ဂါဝန်ကားကားလေးနဲ့ 

ကုတ်ဝဲဆံပင်တွန့်တွန့်လေးတွေက လိုက်ဖက်လွန်းနေသည့်အပြင် 

မှုန်ညက်ညက် မိတ်ကပ်ပါးပါးလေးကပါ တစ်မျိုးချစ်ဖို့ကောင်းနေ၏။


"မာမီ့သမီးလေးက ချစ်ဖို့ကောင်းလိုက်တာကွယ်''


"အဟွန်း ဟုတ်လို့လား မာမိိီရယ်

ဂုဏ်တို့က အရမ်းချမ်းသာတော့ 

သူတို့ဖိတ်ထားတဲ့သူတွေအားလုံးက ဒိတ်ဒိတ်ကျဲသူဌေးသားသမီးတွေကြီးပဲ တော်ကြာ နှင်းစက်ကသူတို့ကြားထဲ မျက်နှာငယ်မှာစိုးလို့''


"အမလေး ပူတတ်ရန်ကော သမီးရယ်

 မာမီ့သမီးလောက် ဘယ်သူမှမလှဘူး''


သမီးရဲ့မေးဖျားလေးကို လှမ်းကိုင်ပြီးပြောလိုက်တော့ 

သမီးက မျက်လုံးလေးတွေ ေမှးကျသွားသည်အထိ 

ရယ်လိုက်ပြီး


"ဝသန်ရော လိုက်မှာမလား မာမီ''


"လိုက်ရမှာပေါ့ 

မာမီတို့ သားအမိတွေ အခုလိုအပြင်အတူမသွားရတာ ကြာနေပြီလေ

လာလေ သွားရအောင် သားလာခဲ့''


"ဟင့်အင်း သား ညီမလေးနဲ့နေခဲ့မှာ''

"မရဘူးလို့ မာမီပြောပြီးပြီလေ''


"ထားခဲ့လိုက် မာမီ 

သူမလိုက်တော့ နှင်းစက်တို့ပိုတောင်ကောင်းသေးတယ် နေခဲ့''


သူမကသာချော့ခေါ်နေရပေမယ့်

နှင်းစက်ကတော့ ခပ်ပြတ်ပြတ်ပင်။ 

မလိုက်လေပိုကောင်းလေဆိုသည့် မျက်နှာထား​ဖြင့် ပြောနေသော နှင်းစက်ကို သူမအလိုမကျသလိုလေးကြည့်ကာ


"ဘယ်လိုပြောလိုက်တာလဲ နှင်းစက်

ဒါ သမီးမောင်လေးနော် 

ဒီမောင်နှမလေး၂ယောက်ရှိတာကို တကွဲတပြားနေစရာလား''


"သူကမှမလိုက်ချင်တာကို 

နှင်းစက်က ဘာတတ်နိုင်မှာလဲ''


"မလိုက်ချင်တာကို လိုက်ချင်အောင်ခေါ်ရမှာပေါ့ 

ဝသန် မာမီထပ်မပြောချင်တော့ဘူးနော် လာခဲ့''


ဝသန့်ရဲ့လက်ကို လှမ်းဆွဲပြီးခေါ်လိုက်တော့မှ 

နွေသစ်ခက်က သားရဲ့အက်ျီစလေးကို ဆွဲထားသည်ကိုမြင်မိ၏။ 


ဒါ့ကြောင့် သားက အတင်းငြင်းနေတာကို။ သူမ အစကတည်းက 

နွေသစ်ခက်ကို အမြင်မကြည်တာမို့ 

သားရဲ့အက်ျီစကိုဆွဲထားသည့် 

လက်တွေကိုအတင်းဆွဲဖြုတ်ချလိုက်ပြီး


"ကိုယ့်နေရာကိုယ်နေလေ သွားစမ်း သွား သွား

နင်တို့သားအမိကိုမြင်နေရရင် 

ငါအလိုလိုနေရင်း ရောဂါတိုးတယ် သွားစမ်း''


သူမအော်ထုတ်ပစ်လိုက်တာနဲ့ 

ကလေးမလေးက သူမကို မျက်လုံးဝိုင်းလေးဖြင့် 

ကြည့်နေရာမှ နှုတ်ခမ်းလေးမဲ့ကျသွားကာ စူးခနဲငိုချလိုက်တော့၏။ 


ဒီကောင်မလေးငိုရင် ပျာယာခတ်နေတတ်သည့် 

ဝသန်ကလဲ သူမရဲ့လက်တွေကို အတင်းဖယ်ချပြီး 

ငိုနေတဲ့သစ်ခက်လေးကို ချော့သလိုလေးဖက်ထားကာ


"မငိုရဘူးလေ ကိုကို့သစ်ခက်လေးက ငိုနေရင် 

ကိုကိုက ဘယ်လိုလုပ်ပြီး စိတ်ကောင်းပါ့မလဲ

မငိုနဲ့ တိတ်တိတ်''


လူကြီးတစ်ယောက်လို ချော့မြူနေသည့် သားကိုသူမအံ့သြသလိုလေးသာကြည့်နေမိသည်။ 


အမှန်ဆို သားက သစ်ခက်လေးထက် 

၃နှစ်ပဲကြီးတာပါ။ 


အိမ်မှာဆိုရင်လဲ ကလေးတစ်ယောက်လိုပဲနေတာဖြစ်ပေမယ့် 

အခုတော့ လူကြီးလေးအတိုင်းပင်။ 


"ဝသန် နင်လိုက်မှာလား မလိုက်ဘူးလားပဲပြောဟာ

ငါနောက်ကျတော့မှာ''


"မလိုက်ဘူး''


"ပြီးတာပဲ လာ မာမီသွားမယ်''


"အို ဘယ်ဟုတ်မလဲ သားပါလိုက်ခဲ့''


"မလိုက်ချင်ဘူး သား သစ်ခက်လေးနဲ့...


"ဝသန်''


ခေါ်တဲ့သူကခေါ်နေပေမယ့် 

မလိုက်ဘူးအတင်းငြင်းနေသည့် သားကို သူမစိတ်မဆိုးရက်သော်လည်း 

နှင်းစက်ကတော့ စိတ်မရှည်သူမို့ 

ဒေါသတကြီးအော်ပစ်လိုက်ကာ


"နင်ဘယ်လိုဖြစ်နေတာလဲ ဟမ်

အဲ့ဒီ့သားအမိကြောင့် ဒယ်ဒီငါတို့ကို ပစ်ထားတာလေ''


"သမီး နှင်းစက်''


"ပြောမှာပဲ မာမီ

ဒီကောင် ဘာလို့အဲ့လောက်တုံးမှန်းကိုမသိဘူး''


"မောင်လေးကို ဘယ်လိုတွေပြောနေတာလဲ တော်တော့ လာ သားလဲ ခေါင်းမာမနေနဲ့တော့''. 


"ဒါဆို ညီမလေးကိုပါ ခေါ်ခဲ့လို့ရလားဟင် မာမီ''


"မရဘူး''


မေးတာက မာမီ့ကိုဆိုပေမယ့် 

ဝင်​ေ​ြဖတာက မမနှင်းစက်။ 


အမြဲတမ်းစူပုတ်နေသည့် မမရဲ့မျက်နှာကို သူမော့ကြည့်လိုက်ပြီး


"ဒါဆို သားမလိုက်တော့ဘူး''


"နေပေါ့ ကောင်းတောင်ကောင်းသေးတယ် လာ မာမီ''


"အိုကွယ် သမီးကလဲ

သားက နွေသစ်ခက်ပါမှလိုက်မှာလား''


ဝသန်က ခေါင်းငြိမ့်ပြ၏။ 

နန်း သက်ပြင်းလေးချကာ


"ဟုတ်ပြီလေ ဒါဆို သူ့ကိုပါခေါ်ခဲ့လိုက်''


"မာမီ''


"သူ သမီးကို အနှောင့်အယှက်မပေးစေရဘူး 

မာမီအာမခံတယ်''


"သေချာတယ်နော် မာမီ''


"Promise''


လက်သန်း လက်မထောင်ပြလိုက်ပြီး ကတိပေးသလိုပြောလိုက်မှ 

သမီးက ပုခုံးလေး တွန့်လိုက်ပြီး


"ဒါဆိုလဲ ပြီးတာပဲ''


"ကဲ လာ သွားမယ်

သား ဟိုကလေးမကိုခေါ်ခဲ့''


"ဟုတ်ကဲ့ မာမီ''


ထိုအခါမှ သားက နွေသစ်ခက်ရဲ့လက်ကိုဆွဲကာ 

သူမနောက်ကနေ တက်တက်ကြွကြွပါလာ၏။ 


သွေးကရေထက်ပျစ်တယ်ဆိုတာ ဒါမျိုးလား။ 


သို့ပေမယ့် နှင်းစက်အပေါ်မှာတော့ 

ဝသန်က ဒီလောက်မခင်တွယ်ပါ။ 


အင်းပေါ့လေ နှင်းစက်နဲ့ သစ်ခက်နဲ့ကတူမှမတူပဲ။

တစ်ယောက်က ဖယောင်းလေးလို ပျော့ပြောင်းပေမယ့် 

တစ်ယောက်ကတော့ သံချောင်းတစ်ချောင်းလို 

မာထန်နေတာကို။ 


ဘာပဲဖြစ်ဖြစ် နှင်းစက်ရဲ့ အဲ့လိုမာထန်နေတဲ့ စိတ်ဓာတ်ကိုပဲ သူမ ကျေနပ်အားရမိသည်။


ဘာကြောင့်ဆို သူမလို နောက်ကျကျန်နေခဲ့မှာစိုး၍....


×××××××  ×××××××  ×××××××


"Happy birthday to you

Happy birthday to you

Happy birthday dear 'Myo Yoe Gone'

Happy birthday to you''


"ဟေး ဖြောင်း ဖြောင်း ဖြောင်း''


စိမ်းစိုနေသော မြက်ခင်းပြင်ပေါ်မှ 

ကလေးတစ်သိုက်ရဲ့ အသံက ပျံ့လွင့်နေ၏။ 


အားလုံးထဲကမှ မွေးနေ့ရှင်ဖြစ်သော 

မျိုးရိုးဂုဏ်ဆိုသည့် ကောင်လေးက 

မျက်နှာစူပုတ်ပုတ်ဖြင့်။ 


သူ့ဘေးနှစ်ဖက်တွင် ရပ်နေသည့် အသက်၂၀ ကျော်အရွယ် အမျိုးသမီးနှစ်ယောက်ကတော့ 

ထိုကောင်လေးကို ပြုံးတုံ့တုံ့ဖြင့်ချော့မြူနေ၏။


"အဲ့ဒါပဲ ကြည့်တော့ ညီမရေ

သမီးနှစ်ယောက်က သူ့မောင်လေးကို အရမ်းအလိုလိုက်ပြီး အရမ်းချစ်ကြတာ

အခုလဲ ဂုဏ်လေးက မွေးနေ့ပွဲမလုပ်ချင်ပါဘူးဆိုတာ 

သူတို့မောင်လေးမျက်နှာမငယ်အောင်ဆိုပြီး ပွဲအတင်းလုပ်ကြတာလေ

အခု ဟိုက အလိုမကျတော့ 

အတင်းချော့နေရတာသာကြည့်တော့ အဟင်း ဟင်း''


ဂုဏ်တို့ရဲ့မေမေ ဒေါ်ခင်စောသိုက်ရဲ့ ကျေနပ်နေသည့် 

အပြောလေးကို နန်းခေါင်းလေးငြိမ့်ပြီး နားထောင်နေလိုက်သည်။ 


စီးပွားရေးလောကတွင် ဘုရင်တစ်ဆူဖြစ်သော 

G groupရဲ့ ဥက္ကဋ္ဌကြီး ဦးရာဇဂုဏ်နဲ့ ကလေးအထူးကု သမားတော်ကြီး ဒေါ်ခင်စောသိုက်တို့ရဲ့ 

သားအငယ်ဆုံး မျိုးရိုးဂုဏ်ရဲ့ ၁၂နှစ်ပြည့်မွေးနေ့က 

ထင်ထားတာထက် ပိုစည်းကား၏။


မိဘတွေက ချမ်းသာတဲ့သူတွေဖြစ်နေတဲ့အပြင် 

ဂုဏ့်ရဲ့အစ်မနှစ်ယောက်ဖြစ်သော 

အနွယ်ဂုဏ်နဲ့ ခေတ်သစ်ဂုဏ်တို့ကလဲ 

သူတို့အဖေရဲ့ ေခြရာကို အတိအကျနင်းနိုင်သူတွေပင်။ 


အသက်၂၀ ကျော်အရွယ်ဖြင့် 

စီးပွားရေးလောကမှာနေရာရနေကြပြီး 

အခုချိန်ထိ အိမ်ထောင်မပြုနိုင်လောက်အောင် 

ဂုဏ်လေးကို ချစ်နေကြရသည့် 

ညီအစ်မနှစ်ယောက်။


"အစ်မက ဂုဏ်လေးကို မွေးရုံပဲမွေးထားရတာ

ဒီအရွယ်အထိ သူ့အစ်မတွေကပဲ 

ဂရုတစိုက်ပြုစုပေးထားတာဆိုတော့ 

ဂုဏ်လေးကအရမ်းဆိုးတာ''


"ဂုဏ်လေးနဲ့ သူ့အစ်မတွေက 

အသက်အရမ်းကွာသလိုပဲနော်''


"ဟုတ်တယ် ဂုဏ်လေးကိုမွေးတော့ 

အနွယ်က ၁၆နှစ် ခေတ်သစ်က ၁၄နှစ်လေ အဟွန်း

အဲ့ဒီ့အချိန်တုန်းကဆို သူတို့အဖေကလဲ အရမ်းပျော်နေတာ

သမီးတွေကတော့ ပြောဖွယ်ရာကိုမရှိဘူး''


"အစ်မတို့ မိသားစုက ပျော်စရာလေးနော်''


"လူတိုင်းကတော့ အဲ့လိုပြောကြတာပါပဲ''


နှင်း စိတ်ပါလက်ပါစကားပြောနေသမျှ ဘေးက ဝသန်လေးကတော့ စူပုတ်ပုတ်ဖြင့်။ 


အကြောင်းက သစ်ခက်လေးကို 

ကားပေါ်ထားခဲ့တာကြောင့်ပါ။ 


နှင်းစက်ရဲ့အမိန့်မို့ ဘာမှပြန်မပြောရဲပေမယ့် 

သားကတော့ ကျေနပ်ဟန်မရှိ။ 


အခုလဲ သူမအနားနေရင်းမှ ကားရှိရာဘက်ကို 

လှည့်ကြည့်လှည့်ကြည့်နဲ့မို့ ဘေးက ဒေါ်ခင်စောသိုက်ကပင် 

သတိထားမိသွားကာ


"ညီမသားလေးက ဘာလို့ ကားဘက်ကို 

ကြည့်ကြည့်နေတာလဲ

ပြန်ချင်ပြီ ထင်တယ်''


"ဟုတ်တယ် အစ်မရေ 

သားကအစကတည်းက လိုက်ခဲ့ချင်တာမဟုတ်ဘူး

နန်းတို့ ဇွတ်ခေါ်လာတာ''


"ဪ ဒီလိုလား

သား ဟိုမှာ သားမမတို့ ဂိမ်းဆော့နေကြတယ်လေ

သွားကစားပါ့လား''


"ဟုတ်သားပဲ သား သွားဆော့လိုက်''


နန်း သားကိုအသာလေးတွန်းပို့လိုက်မှ 

သားက ကစားပွဲထဲဝင်သွားတော့သည်။


အယောက်၃၀ ၄၀လောက်ရှိသည့် ကလေးတွေကို 

အုပ်စုလေးတွေဖွဲ့ပြီး ဆော့နေစေတာမို့ 

မကြာလိုက်ပါဘူး။ 


ဝသန်လဲ စိတ်ပါလက်ပါဖြစ်သွားကာ 

ကားပေါ်မှ သစ်ခက်လေးကိုပင် မေ့သွားဟန်တူ၏။


ထိုစဥ် နှင်းစက်က သူမတို့ဆီကိုလျှောက်လာပြီး


"မာမီ နှင်းစက် ကားထဲမှာ ဂုဏ်အတွက်လက်ဆောင်ကျန်ခဲ့လို့ သွားယူလိုက်ဦးမယ်''


"ကဲ သမီးကတော့ ဖြစ်ရမယ်

နေပါ သမီးဆော့နေလေ မာမီသွားယူပေးမယ်''


"ရပါတယ် မာမီနဲ့အန်တီ စကားပြောနေတာမလား

နှင်းစက်ပဲ သွားယူလိုက်မယ်

နှင်းစက်ကို ကားသော့ပေးလိုက်''


"ဟုတ်ပါပြီရှင် ေရာ့ ကားသော့''


နှင်းစက် မာမီ့ကိုရော ဂုဏ့်ရဲ့အမေကိုရော ပြုံးပြလိုက်ပြီး ကားရှိရာကို ထွက်လာခဲ့၏။


ကားနားရောက်တာနဲ့ ကိုယ့်အကြံနဲ့ကိုယ်မို့ နောက်ကိုလှည့်ကြည့်လိုက်တော့ 

အားလုံးက ဂုဏ်ကစားနေတာကိုသာ အာရုံစိုက်နေကြကာ သူမဘက်ကို 

လှည့်၍ပင်မကြည့်ကြ။ 


ထိုအခါမှ နှင်းစက် ဟွန့်ခနဲနေအောင် 

မဲ့ပြုံးလေးပြုံးလိုက်ပြီး 

ကားနောက်ခန်းတံခါးကို ဖွင့်လိုက်သည်။


"ဆင်းစမ်း နွေသစ်ခက်''

"မမကြီး''


"ဆင်းလို့ပြော​ေနတာမကြားဘူးလား''


သူမနောက်တစ်ကြိမ် ထပ်ပြောလိုက်မှ 

နွေသစ်ခက်က မဲ့တဲ့တဲ့မျက်နှာလေးဖြင့် ကားပေါ်မှ ဆင်းလာ၏။ 


နှင်းစက် နွေသစ်ခက်ရဲ့လက်ကိုဆွဲကာ ကားနဲ့အတော်လှမ်းလှမ်းအထိဆွဲခေါ်လာပြီးမှ 

သစ်ပင်ကြီးတစ်ပင်အောက်တွင် ခြေစုံရပ်လိုက်ပြီး


"နင်ဒီနားမှာ ထိုင်စောင့်နေ''

"မီးမီး ကြောက်တယ် မမရီး''


သူမရှေ့မှာ မငိုရဲတာမို့ 

နှုတ်ခမ်းလေးမဲ့ကာ ပြောနေသည့် ကောင်မလေးကို 

သူမမျက်ခုံးတန်းတွေ တွန့်ကွေးသွားအောင်ကြည့်လိုက်ပြီး


"ဘာမှ အသနားခံမနေနဲ့ နွေသစ်ခက်

ငါက ဒယ်ဒီမဟုတ်သလို 

ဝသန်လဲမဟုတ်ဘူး

ဒီမှာ နေဆို နေခဲ့''


"ဟီးဟီး မီးမီး ကြောက်တယ်

ဟီး မီးမီးကို အိမ်ပြန်ပို့ပေးပါ 

မေမေ့ဆီပြန်ပို့ပေး ဟီး ဟီး ဟီး''


"တော် တိတ် အသံမထွက်နဲ့

ဘာလို့အဲ့လောက်အော်နေတာလဲ တိတ်စမ်း''


တိတ်စမ်းဆိုပြီး ပါးစပ်ကိုပိတ်လိုက်သလို ကျန်တဲ့လက်တစ်ဖက်ဖြင့် 

သူမရဲ့ဗိုက်ခေါက်ကိုလိမ်ဆွဲလိုက်တာမို့ သူမဆက်၍မငိုရဲတော့။ 


ထိုအခါမှ သူမ လက်တွေကိုလွှတ်လိုက်ပြီး လက်ညှိုးလေးထိုးကာ


"ပြီးရင် ပြန်လာခေါ်မယ်

အခု ဒီမှာနေခဲ့ ငါပြောတာကြားလား''


"ဟုတ် ပြီးရင် တကယ်ပြန်လာခေါ်မှာမလားဟင်''

"အင်း''


ခေါင်းတစ်ချက်ငြိမ့်ပြလိုက်ပြီး 

သူမကားဆီပြန်လာခဲ့လိုက်တော့သည်။


နောက်တွင် ဘယ်လိုပုံစံလေးဖြင့် ကျန်ခဲ့သည်ကို 

သူမ သိလဲမသိသလို သိလဲမသိချင်ပါ။ 


မာမီမရက်စက်နိုင်ပေမယ့် သူမရက်စက်နိုင်ရင် 

ဒီပြဿနာတွေရှင်းသွားမှာပဲ မဟုတ်လား။


အတိတ်ဘဝကရေစက်ကြောင့် 

အခုလိုလာဆုံတာဆိုရင်လဲ 

ဒီရေစက်ကို ဒီမှာပဲ ဖြတ်လိုက်ပါရစေ။ 

နေခဲ့တော့ နွေသစ်ခက်။


မမကြီးကို ပြန်မပြောရဲတာမို့ နေခဲ့ရပေမယ့် ခက် ဒီနေရာကို အရမ်းကြောက်သည်။


တစ်ခါမှ မရောက်ဖူးတဲ့နေရာမှာ အားလုံးက သူမအတွက်အသစ်အဆန်းဖြစ်နေသလို အားလုံးကလဲ သူမကို ခြောက်လှန့်နေ၏။ 


လမ်းမကြီးနဲ့ဝေးပြီး ချောင်ကျတဲ့နေရာမို့  လူသွားလူလာမရှိသလို လေတိုက်လိုက်တိုင်း 

တဖျတ်ဖျတ်မြည်နေသည့် သစ်ရွက်တွေရဲ့အသံက 

ကျယ်လောင်လွန်းနေသည်။ 


မြေကြီးပေါ်ကြွေကျနေသည့် ရွက်ခြောက်တွေကြားမှ 

တဂျွတ်ဂျွတ်မြည်နေသည့်အသံက အကောင်ပလောင်လေးတွေ 

သွားလာနေသည့်ဟန်အပြည့်ဖြင်​့။ 


သူမ ဘေးဘီကိုဝေ့ကြည့်လိုက်ပေမယ့် အားကိုးစရာလူတစ်ယောက်မှမရှိတာမို့ သစ်ပင်ရဲ့အခြေမှ သစ်မြစ်လေးပေါ် ကုပ်ကုပ်လေးထိုင်နေမိသည်။


"မိီးမီး ကြောက်တယ် ဟီး ဟီး 

မေမေ မီးမီးကို လာခေါ်ပါနော် အဟင့် 

မီးမီး ကြောက်လို့ပါ''


ထိုစဥ် သစ်ရွက်ခြောက်တွေကို နင်းဖြတ်ပြီး သူမအနားကိုလှမ်းလာသည့် ခြေသံကြောင့် မမကြီးများလားဆိုသည့် အတွေးဖြင့် ဝမ်းသာအားရမော့ကြည့်လိုက်တော့


"ဟင်''


ညစ်ပတ်ပေရေနေသည့် 

အဝတ်အစားအစုတ်အပြဲများကို ဝတ်ထားသည့် 

ဦးလေးကြီးက ဆံပင်တွေကလဲ စုတ်ဖွာနေသည်။ 


ဒါ့အပြင် မျက်နှာတစ်ဝိုက်တွင်လဲ 

မဲတူးနေသည့်အရာတွေက 

ဂျီးတွေလား ဘာတွေလားတွင်မသိရလောက်အောင်။ 


မျက်လုံးတွေကလဲ ဟိုကြည့်လိုက်ဒီကြည့်လိုက်ဖြင့် 

တစ်ချက်တစ်ချက် အကြောင်းအရင်းမရှိ ထထရယ်သေး၏။ 


သေချာတာကတော့ 

ဒီဦးလေးကြီးက မေမေ​ပြောဖူးသည့် အရူးကြီးများလား။ 


အရူးကြိီးက သမီးကိုဖမ်းသွားလိမ့်မယ်ဆိုတဲ့ 

မေမေ့စကားကိုပြန်တွေးမိပြီး 

သူမ ခြေလက်တွေ အေးစက်လာသလို 

တစ်ကိုယ်လုံးလဲ တဆတ်ဆတ်တုန်လာတာမို့ 

ထွက်ပြေးရန် ထရပ်လိုက်စဥ် ထိုအရူးကြီးက သူမရဲ့ပုခုံးကိုလှမ်းဆွဲထားပြီး


"ဟေ့ ကလေးမလေး 

ဒါ ဘယ်ကို ပြေးမလို့လဲ 

လာ ငါနဲ့လိုက်ခဲ့နော်

ငါ့မှာ မုန့်တွေလဲရှိတယ် အရုပ်တွေလဲရှိတယ်

လာ လိုက်ခဲ့နော် လိုက်ခဲ့''


"ဟင့်အင်း မလိုက်ဘူး မလိုက်ဘူး အဟင့် ဟီး ဟီး မေမေရေ မီးမီးကို လာခေါ်ပါ''


"ဟာ ဘာလို့ငိုတာလဲ ငိုရဘူးလေ ငိုနဲ့ ငိုနဲ့

ငါနဲ့လိုက်ခဲ့ လာ''


သူမရဲ့ လက်ကိုဆဲွဲပြီး ထွက်သွားရန်ပြင်နေတာမို့

သူမခေါင်းလေးရမ်းကာ 


"မလိုက်ဘူး အဟင့် ဟီး ဟီး မလိုက်ချင်ဘူး 

မီးမီးကြောက်လို့ပါ အဟင့်''


သူမအော်ငိုနေပေမယ့် ဘယ်သူမှမကြားဘူးထင်ပါရဲ့။ 


ထိုအရူးကြီးကလဲ သူမလက်ကိုဆွဲကာ ရှေ့ကနေ စိုက်စိုက် စိုက်စိုက်နှင့်သွားနေတာမို့ 

သူမ ထိုလူ့ရဲ့လက်ကိုကုန်းကိုက်ပစ်လိုက်၏။ 


ထိုအခါမှ သူမရဲ့လက်တွေကို လွှတ်ပေးလိုက်ပြီး 

သူမကို မျက်လုံးပြူးပြူးကြီးများဖြင့် ကြည့်ကာ


"ငါ့ကို ဘာလို့ ကိုက်တာလဲ

ငါက နင့်ကို မုန့်ကျွေးချင်လို့ဟာကို

လာ လာ ငါ့မှာချိုချဥ်ရှိတယ်လေ

လာ လေဟာ''

"ဟင့်အင်း မလာဘူး မလာဘူး''


သူမခေါင်းလေးရမ်းပြလိုက်ပြီး

နောက်ကိုတစ်ချိုးတည်းလှည့်ပြေးလိုက်တော့ 

ထိုအရူးကြီးကပါ ပြေးလိုက်လာသည်။


ပြေးလိုက်တိုင်း လွင့်ခါသွားသည့် 

ဆံပင်စုတ်အာအာကြီးတွေကြောင့် 

မသိရင် ဘီလူးတစ်ကောင်လိုက်လာသည့်အတိုင်းပင်။ 


သူမ ဘယ်လိုပြေးပြေး 

ထိုအရူးကြီးရဲ့ ခြေလှမ်းကျဲကျဲကြီးတွေကို မယှဥ်နိုင်ပဲ ထိုလူ့လက်ထဲ ပြန်ဖမ်းမိတော့မည့်အချိန်တွင် 

မြေကြီးပေါ်မောက်တက်နေသည့် 

သစ်ပင်အမြစ်နဲ့ ထိုလူခလုတ်တိုက်လဲသွား၏။ 


ဘိုင်းခနဲလဲကျသွားသည့် အရူးကြီးကို 

သူမတစ်ချက်လှည့်ကြည့်လိုက်တော့ 

ထိုအရူးကြီးက မြေကြီးပေါ်ခြေဆင်းပြီး ငိုနေ၏။ 


ငိုနေရင်းမှ သူမကိုမြင်သွားကာ ကုန်းရုန်းထလာပြန်တာမို့ 

သူမ ကြောက်လန့်တကြား အားကုန်ပြေးလိုက်ရပြန်၏။ 


ထိုစဥ် ကားတစ်စီးရဲ့ဘေးတွင် ချထားသည့် ဖဲကြိုးများဖြင့် အလှဆင်ထားသော 

ကတ်ထူပုံးအကြီးကြီးကို ​သူမမြင်သွားကာ ဝမ်းသာအားရဖြင့် 

ထိုကတ်ထူပုံးကြီးဆီကို ပြေးသွားလိုက်သည်။ 


ပုံးကိုဖွင့်ကြည့်လိုက်တော့ 

အထဲတွင် တစ်တောင်သာသာရှိသည့် 

ဆိုင်ကယ်အရုပ်လေးကို သပ်သပ်ရပ်ရပ်ထည့်ထားကာ 

ေဘးတွင် ဖဲပြားများသာရှိနေတာမို့ 

သူမ ထိုပုံးထဲကို ဝင်ထိုင်လိုက်ပြီး 

အပေါ်မှ အဖုံးလေးပြန်ဖုံးထားလိုက်၏။


"မေမေ မီးမီးကို လာခေါ်ပါနော် အဟင့် ဟင့် မီးမီး ကြောက်လို့ပါ

မီးမီးကို လာခေါ်ပါနော် အဟင့်''


စိတ်ထဲတွင် မေမေ့ကိုသာ တနေမိပြီး ကြောက်တာရော လန့်တာပါရောကာ 

ရှေ့တည့်တည့်က ဆိုင်ကယ်ရုပ်လေးကို 

စူးစိုက်ကြည့်နေရင်းမှ အမြင်တွေဝေဝါးလာကာ 

တဖြည်းဖြည်းမှောင်မိုက်သွားတော့၏။


"မီးမီးကို လာခေါ်ပါ မေမေ''


×××××××  ×××××××  ×××××××


ဖိတ်ကြားထားတဲ့ ဧည့်သည်တွေအားလုံးလဲ ပြန်ကုန်ကြတာမို့ 

ပန်းခြံထဲတွင် ဂုဏ်တို့မိသားစု ၅ယောက်နဲ့ စံအိမ်က အလုပ်သမားတစ်ချို့သာ ကျန်နေခဲ့သည်။ 


မနက်ကတည်းက စူပုတ်နေတဲ့ မျက်နှာထားကြီးဖြင့် 

ဂုဏ့်ကို ဖေဖေနဲ့မေမေက လှောင်သလိုလေးကြည့်နေသလို 

မကြီးအနွယ်နဲ့ မလေး ခေတ်သစ်ကတော့ သဘောတကျရယ်နေ၏။


"တို့ဂုဏ်လေးက ဘယ်လိုနေနေ ချစ်ဖို့ကောင်းလိုက်တာနော် အဟင်း ဟင်း''


"ဟုတ်ပါ့ မမရယ်

စိတ်ဆိုးနေတဲ့ပုံစံလေးက မသိရင် တမင်သပ်သပ်ဟန်ဆောင်ထားသလိုပဲ ဟားဟား''


မလေးရဲ့ ရယ်သံကြီးက အတော့်ကိုကျယ်သည်။

မကြီးက ရိုးရိုးယဥ်ယဥ် သိမ်သိမ်မွေ့မွေ့လေးဆိုပေမယ့် 

မလေးကတော့ အဲ့လိုမဟုတ်။ 

နေရာတကာ ဆတ်ဆတ်ကျဲ။ 

မထင်ရင်မထင်သလို ပြုမူဆက်ဆံတတ်သလို 

သူသဘောကျရင်လဲ အားရပါးရရယ်တတ်သည်။


"ဂုဏ်လေးကို စိတ်မဆိုးနဲ့တော့လို့ 

ပြောပေးပါဦး မေ​ေမရယ်''

"အမလေးတော် ကိုယ့်ပြဿနာကိုယ်ရှင်းပါ့လား အနွယ်ရယ်

တို့လင်မယားက အေးဆေးပဲနေချင်တာ နော် ကိုရယ်''


မေမေက ဖေဖေရဲ့လက်မောင်းကို လှမ်းဖက်ပြီး 

မေးလိုက်တော့ ဖေဖေကလဲ ပြုံးပြုံးကြီးဖြင့် ခေါင်းငြိမ့်ပြ၏။


"မမကလဲ ဘာလို့တပ်ကူသွားတောင်းနေတာလဲ 

ခေတ်တို့မှာ ဂုဏ်လေးကိုချော့လို့ရမယ့် နောက်ဆုံးလက်နက်ရှိသေးတယ်လေ''


"ဟာ ဟုတ်သားပဲ

ဂုဏ်လေးအတွက် မမတို့က မွေးနေ့လက်ဆောင်ပေးဖို့ပြင်ထားတာရှိတယ်

ကြည့်ချင်လား''


"No''

"ဟယ်''


"ဟောတော် အဲ့ဒါမှ ဘယ်လိုလုပ်ကြမလဲ''


ညီအစ်မနှစ်ယောက် အကြပ်ရိုက်သွားကာ အချင်းချင်းပြန်မေးလိုက်၏။ 


အခုချိန် ဖေဖေနဲ့မေမေက ပဲွဲကြည့်ပရိတ်သတ်လုပ်နေကြပြီး 

သူမတို့နှစ်ယောက်ကို ဘယ်လိုလုပ်မလဲဆိုသည့် 

အကြည့်များဖြင့် ကြည့်နေကြသည်။


"ဒီလိုလုပ်ပါလား မမတို့ပေးတဲ့ လက်ဆောင်ကို 

အရင်ကြည့်ကြည့်လိုက် နော်ဂုဏ်လေး

ကြည့်ပြီးမှ မကြိုက်ရင် ဂုဏ်လေးသဘောအတိုင်းပဲ နော်လို့''


"မကြီးတို့ပေးတဲ့လက်ဆောင်ကို ကျွန်တော်မကြိုက်ရင် နောက်နှစ်ကို တီတီ​လေးဆီမှာ 

ကျောင်းတက်ခိုင်းရမယ် ဘယ်လိုလဲ''


"ဟင် ဒါကတော့ ဘယ်ဖြစ်မလဲ''


ခေတ်သစ်ဝင်ပြောလိုက်ခြင်း။ 

ဂုဏ်လေးပြောတဲ့ တီတီဆိုတာက 

ဖေဖေ့ရဲ့ညီမ အန်တီမြတ်သဇင်ကို ရည်ရွယ်ခြင်းဖြစ်ပြီး 

တီတီက ကနေဒါမှာ နေတာကြောင့် 

နိုင်ငံရပ်​ရပ်ခြားမှာ ဂုဏ်လေးကို ေကျာင်းတက်ခိုင်းဖို့က 

ဘယ်လိုမှမဖြစ်နိုင်ပါ။


သူမတို့မှ ဂုဏ်လေးကိုမခွဲနိုင်ပဲ။ 

ဒါ့ကြောင့် ဝင်ပြောလိုက်တော့ 

ဂုဏ်လေးက သူမကို ခပ်စူးစူးလေးကြည့်ကာ


"ဒါဆို မလေးတို့ဝယ်ထားတဲ့ လက်ဆောင်ကို ကျွန်တော်မကြည့်ဘူး

မေမေ အိမ်ပြန်ရအောင်''


"ဟဲ့ ဪ နေပါဦး

အေးဟယ် မကြိုက်ရင် မင်းသဘောပဲ

တို့များဘဝလဲ မလွယ်ပါဘူး 

လက်ဆောင်ပေးတာကို အတင်းချော့မော့ပေးနေရတယ်''


"မပေးချင်လဲ နေပေါ့

ကျွန်တော်က အတင်းလိုချင်နေတာမှ မဟုတ်တာ''


"ဟုတ်ပါတယ် ကျွန်တော်မျိုးမတို့ကပဲ သခင်လေးကို အတင်းကာရော ပေးချင်နေတာပါ ဟွန့်''


ေခတ်နဲ့ ဂုဏ် ဖြစ်ပျက်နေသမျှကို တခွိခွိရယ်နေသည့် 

မကြီးက ဂုဏ်လေးရဲ့ လက်ကိုဆွဲကာ


"ဂုဏ်လေးက မျက်လုံးမှိတ်ပြီး လိုက်ခဲ့''

"ဟာ မမှိတ်ချင်ပါဘူး''


"လုပ်ပါ မမတို့ဂုဏ်လေးက လိမ္မာပါတယ်နော်

မှိတ်လိုက်''


"ကဲပါ သားငယ်လေးက ဒါလေးတော့ အလျော့ပေးလိုက်''


မေမေကပါ ကူပြောမှ ဂုဏ်လေးက ရှုံ့မဲ့မဲ့ဖြင့် လက်ခံသွား၏။ 


မျက်လုံးမှိတ်ထားသော ဂုဏ်လေးရဲ့ လက်ကို 

အနွယ်နဲ့ ခေတ်သစ် တစ်ယောက်တစ်ဖက်ဆွဲကာ 

ကားရှိရာကို လျှောက်လာခဲ့သည်။


ဦးရာဇဂုဏ်က ဖုန်းပြောရင်းရပ်ကျန်နေခဲ့သလို 

မေမေကလဲ ဖေဖေ့ကိုစောင့်နေခဲ့၏။


ကားနားက ပါကင်ပုံးအကြီးကြီးရဲ့အဖုံးကို ေခတ်သစ်နဲ့ အနွယ်က တစ်ဖက်တစ်ချက်စီကနေ မ,လိုက်ရင်းမှ


"ကဲ ဂုဏ်လေး မျက်လုံးဖွင့်လိုက်တော့''

"ဟင်...


ဟင်ခနဲနေအောင် အံ့ဩသွားသည့် မောင်ဖြစ်သူရဲ့ မျက်နှာကြောင့် 

အနွယ်နဲ့ခေတ်သစ် ကျေနပ်သွားကာ


"ဘယ်လိုလဲ သဘောကျတယ်မလား''

"ဒါ ကျွန်တော့်အတွက် လက်ဆောင်လားဟင်''


"ဒါပေါ့ မမတို့က ဂုဏ်လေးအတွက် 

အမေရိကကနေ orderမှာထားတဲ့ ဆိုင်ကယ်လ်လေးလေ အဟွန်း 

ဘယ်လိုလဲ သဘောကျတယ်မလား''


ညီအစ်မနှစ်ယောက်လုံး ဂုဏ့်ကိုသာကြည့်ရင်းပြောနေတာမို့ 

ပါကင်ပုံးကြီးထဲမှ အရုပ်လေးကို လှည့်၍ပင်မကြည့်။ 


ဂုဏ်ကတော့ သူမတို့ကိုမကြည့်ပဲ 

ပါကင်ပုံးကြီးဖွင့်လိုက်ကတည်းက 

ထိုနေရာကိုသာ စူးစိုက်ကြည့်နေပြီး


"ဒီပူတူးလေးရောလား ဟုတ်လား မလေး''

"ဘယ်က ပူတူး.... ဟင် ဒါ ဘယ်သူလဲ''


ထိုအခါမှ အနွယ်ရော ခေတ်သစ်ပါ မျက်လုံးပြူးသွား၏။ 


ဆိုင်ကယ်လ်အရုပ်လေးရဲ့ ဘေးတွင် 

ကွေးကွေးလေးအိပ်ပျော်နေသည့် ကောင်မလေးကို ကြည့်ကာ 

ခေတ်သစ်မျက်နှာပျက်သွားပြီး


"မမ ဒါ ဘယ်လိုဖြစ်တာလဲ''

"အနွယ်လဲ ဘယ်သိမှာလဲ

ဒီအရုပ်ကို နောက်ဆုံး နင်ကိုင်တာမဟုတ်ဘူးလား''


"ခေတ်ဒီနားမှာထားခဲ့တဲ့အချိန်အထိ အရုပ်လေးပဲပါတာ

တကယ် အခုမှ ဘယ်လိုဖြစ်ပြီး... 

အို ဂုဏ်လေး မထိနဲ့''


ညီအစ်မနှစ်ယောက် အဖြေရှာနေစဥ် 

ဂုဏ်လေးက ကလေးမလေးကို ​ေမးဖျားလေးမှ 

အသာလေးဆွဲမော့ကြည့်လိုက်ကာ


"မမတို့ရဲ့ လက်ဆောင်ကို ကျွန်တော်ကြိုက်တယ်''


"ဟင် မဟုတ်ဘူးလေ ဂုဏ်ရယ်

မမတို့လက်ဆောင်က ဒီဘက်ကအရုပ်

ဒီကောင်မလေးက ဘယ်လိုဖြစ်ပြီး ဟင်း... ခေတ် အဲ့ဒါနင့်ကြောင့်''


"ဘာဆိုင်လဲ မမရော တာဝန်ရှိတာပဲ မဟုတ်ဘူးလား

ဒီလိုလုပ်ဖို့ အကြံကို မမပေးတာလေ''


"ဒါပေမယ့် ဒီပုံးကို နောက်ဆုံးအချိန်နင်ပဲကိုင်တာမဟုတ်ဘူးလား''


"မမနော် အခုမှ ခေတ့်ကိုလွှဲမချနဲ့''


"လွှဲချတာမဟုတ်ဘူး မှန်တာပြောတာ''


"မမ''

"ဘာလဲ''


"ရှူး.....


တစ်ယောက်ကိုတစ်ယောက်အပြစ်လွှဲချရင်း 

ငြင်းခုံနေစဥ် ပုံးထဲက ကလေးမလေးက အနည်းငယ်လှုပ်လာတာမို့ 

ဂုဏ်လေးက သူမတို့ဘက်ကို လှည့်ကာ လက်ညှိုးဖြင့်နှုတ်ခမ်းလေးကိုကပ်ပြီး တိုးတိုးနေရန် အချက်ပြ၏။ 


ဂုဏ့်ရဲ့အမိန့်ကို နာခံတာမျိုးမဟုတ်ပေမယ့် နှစ်ယောက်လုံးတိတ်ဆိတ်သွားကာ 

သူမတို့လဲ ထိုကောင်မလေးကို စူးစိုက်ကြည့်နေလိုက်၏။


"ဟိုသုံးယောက် ဘာဖြစ်နေပြန်ပြီလဲ''

"ဟင် မေမေ...


"ဘာကို အဲ့လောက် အာရုံစိုက်ကြည့်နေကြတာလဲ

ဖယ်စမ်း''


ဒေါ်ခင်စောသိုက် သမီးနှစ်ယောက်ကို

တွန်းဖယ်ပစ်လိုက်တော့ ဂုဏ်ကရှိနေသေး၏။


ထို့ကြောင့် ဂုဏ့်ကိုပါ ဖယ်ရန်မျက်စပစ်ပြလိုက်ပေမယ့်

ဂုဏ်ကဖယ်မပေးပဲ သူမကို မော့မော့လေးကြည့်ကာ


"မေမေ မမတို့ပေးတဲ့လက်ဆောင်ကို ကျွန်တော်ကြိုက်တယ် အဟွန်း''


"ဟုတ်လား မေမေ့ကိုပြစမ်းပါဦးသားရဲ့မမတွေက ဘာလက်ဆောင်တွေများ​ေပးလို့လဲ''


"ဒီမှာလေ ပူတူးလေးက ချစ်စရာလေး''

"ဟင်...


ဂုဏ်လက်ညှိုးထိုးပြသည့်ပုံးထဲကို သူ

မကြည့်လိုက်တော့ မျက်လုံးအစုံပင် ပြူးကျယ်သွား၏။


မိုးပြာရောင် ဂါဝန်ဖားဖားလေးဖြင့် 

ကလေးမလေးက ခွေခွေလေး အိပ်ပျော်နေ၏။ 


အလွန်ဆုံးရှိမှ ၅နှစ်လောက်သာရှိဦးမည့်

ကလေးမလေးရဲ့ ဆံနွယ်တွေက ထူခဲနက်မှောင်နေပြီး 

ရှည်နေတာမို့ မသိရင် ဘာဘီရုပ်လေးတစ်ရုပ်ကို 

ပုံးထဲပစ်ထည့်ထားသည့်အတိုင်းပင်။


ကလေးမလေးကို အတော်ကြာအောင်

စူးစိုက်ကြည့်လိုက်ပြီးမှ 

အနွယ်နဲ့ ခေတ်သစ်ဘက်ကိုပြန်လှည့်လိုက်ပြီး


"ဒါဘာလဲ အနွယ်''


"ဟင့်အင်း အနွယ်မသိဘူး

အနွယ်တို့က ဂုဏ်လေးအတွက် 

ဆိုင်ကယ်လ်အရုပ်လေးကို 

ပါကင်ပုံးထဲထည့်ထားတာ

ဒီကလေးမလေး ဘယ်လိုရောက်လာလဲဆိုတာ 

အနွယ်တကယ်မသိဘူး''


"ခေတ်သစ်ရော''

"ခေတ်လဲမသိဘူးနော်

ခေတ် ဒီပုံးကို ဒီနားထားခဲ့တဲ့အချိန်အထိ 

ဒီကလေးမလေးမရှိဘူး''


"ဒါဆို ဒိီ​ေကာင်မလေးက 

ဘယ်လိုလုပ်ပြီး ဒီထဲရာက်နေရတာလဲ

နေဦး အသက်ရောရှိသေးရဲ့လား''


"ခုနက ပူတူးလေးလှုပ်လာသေးတယ် မေမေ''


ဂုဏ်ဝင်ဖြေလိုက်တော့ 

မေမေက ခေါင်းတစ်ချက်ငြိမ့်ကာ 

ပုံးထဲမှ ပူတူးလေးကို ပွေ့ချိီလိုက်ပြီး 

ကားပေါ်တင်လိုက်၏။ 


ထို့နောက် ကားပေါ်တွင်အသင့်ပါလာသော

နားကြပ်လေးဖြင့် ဟိုစမ်း ဒီစမ်းလုပ်နေသည်ကို 

သူစိတ်ဝင်တစားလိုက်ကြည့်နေသလို

မမတို့နှစ်ယောက်ကလဲ ခေါင်းလေးထောင်ကြည့်နေ၏။


"ကလေးက ဖျားနေတာပဲ

ဒီလိုလုပ် အနွယ်က ဖေဖေ့ကို သွားခေါ်လာခဲ့

ခေတ်သစ် သမီးက ဒီပန်းခြံရဲ့ တာဝန်ရှိသူတွေကို ကလေးတစ်ယောက်တွေ့ထားလို့ဆိုပြိီး 

သွားအကြောင်းကြားလိုက်

ပြီးတော့ အခု ကလေးက နေမကောင်းလို့ 

ဆေးရုံတင်ရမယ်ဆိုတာပါ တစ်ခါတည်းပြောခဲ့နော် 

ကြားလား''


"ဟုတ်ကဲ့ မေမေ''


အနွယ်နဲ့ခေတ်သစ် နှစ်ယောက်လုံးထွက်သွားမှ

ဂုဏ်က သူမအနားကိုကပ်လာပြီး


"ေမမေ ပူတူးလေးကို အိမ်ကိုခေါ်သွားရအောင်နော်''


"ဘယ်ဖြစ်မလဲသားရဲ့ 

အခု ကလေးကနေမကောင်းဘူးလေ''


"မေမေက ဆရာဝန်ပဲ အိမ်ကိုခေါ်သွားပြီးမှ 

ကုပေးလိုက်ပါ''


"အိုကွယ် သူ့မှာမိဘတွေရှိမှာပေါ့

ဆေးရုံဆိုမှ သူ့မိဘတွေ လိုက်ခေါ်လို့ရမှာလေ သားရယ်''


သူမပြန်ဖြေလိုက်တော့ သားက မျက်ခုံးကြီးတွေ

တွန့်ကုတ်သွားအောင် သူမကိုပြန်ကြည့်လာပြီး


"ပူတူးလေးက ကျွန်တော်ပိုင်တာ ေမမေ

သူ့ကို ဘယ်သူ့မှမပေးဘူး''


"သူ့မှာမိဘတွေရှိမှာပေါ့''


"ဟင့်အင်း ကျွန်တော်မသိဘူး

ဒါ မမတို့ ကျွန်တော့်အတွက်ပေးတဲ့ မွေးနေ့လက်ဆောင်''


"မဟုတ်တာ 

သားအစ်မတွေပြောသွားတာမကြားဘူးလား

သားအတွက်လက်ဆောင်က 

ဟိုပုံးထဲက ဆိုင်ကယ်လ်အရုပ်လေးလေ

ဒီကလေးမလေးကို လက်ဆောင်ပေးရအောင် 

ဒါအရုပ်မှမဟုတ်ပဲ''


"အရုပ်မဟုတ်လဲ ပူတူးလေးက ကျွန်တော့်အပိုင်''


"သား ဘယ်လိုဖြစ်နေတာလဲ

မေမေ့ကိုစိတ်တိုအောင် မလုပ်နဲ့နော်္''


သူမအော်ပစ်လိုက်တော့ သားကငြိမ်ကျသွားပေမယ့်

မျက်နှာကတော့ ခပ်တင်းတင်းလေးဖြစ်သွား၏။


ထိုစဥ် အနွယ်နဲ့အတူ ဦးရာဇာဂုဏ်ပါ ပါလာပြီး

သူမတို့အနားကို လာရပ်ကာ


"သမီးပြောပြလို့ ကိုယ်သိပြီးပြီ

အခု ဆေးရုံတင်ရမှာမလား လုပ်လေ''


"မဟုတ်ဘူး ပန်းခြံက တာဝန်ရှိသူတွေကို 

အသိပေးခဲ့ရအောင်လို့ စောင့်နေတာ

ဒါမှ သူ့မိဘတွေ လိုက်ရှာရင် မလွဲတော့မှာလေ''


"ဟင် အင်းအင်း

အနွယ် သမီးက ဂုဏ့်ကိုခေါ်ပြီး အိမ်ပြန်လိုက်တော့

အခု ၁၂နာရီထိုးနေပြီ ၂နာရီကျရင် 

ဂုဏ်က ကျူရှင်ရှိသေးတယ်မလား

သွား ပြန်တော့''


"ဟုတ်ကဲ့ ဖေဖေ 

လာ ဂုဏ်လေး မမတို့ပြန်ရအောင်''


အနွယ် ဂုဏ့်ရဲ့ပုခုံးလေးမှ ဖက်ပြီးခေါ်လိုက်ပေမယ့် 

ဂုဏ်က သူမလက်တွေကို ပုတ်ထုတ်ပစ်လိုက်၏။ 

ဒါ့အပြင် နောက်ကိုပါဆုတ်သွားလိုက်ပြီး


"ပူတူးလေးကို အိမ်ကိုခေါ်မယ်ဆိုမှ ပြန်မှာ''

"ပူတူးက ဘယ်သူလဲ သား''


"ဟိုကလေးမလေးကို ပြောတာဖေဖေ''


အနွယ်ဝင်ဖြေလိုက်တော့ 

ဖေဖေက ဂုဏ့်ကိုမျက်ခုံးလေးတွေ တွန့်ကြည့်လိုက်ပြီး


"သားကဘာလို့ ပူတူးကိုအိမ်ခေါ်ချင်တာလဲ''

"သူ့ကိုကျွန်တော်ပိုင်တာ''


"ဘယ်လို ဘယ်လို''


"ဖေဖေ့သားက ပူတူးကို သူ့အတွက်ရတဲ့မွေးနေ့လက်ဆောင်ဆိုပြီး ဂျီကျနေတာလေ''


"ဟား ဟား ဟား...


အနွယ့်စကားဆုံးတာနဲ့ 

ဖေဖေက ဟက်ဟက်ပက်ပက်ထရယ်လိုက်ကာ


"ငါ့သားက ဒီလက်ဆောင်ကို 

တော်တော်သဘောကျနေတယ်ထင်တယ်

ဟုတ်ပြီကွာ ငါ့သားသဘောအတိုင်း 

ပူတူးကို အိမ်ကိုခေါ်ခဲ့မယ်''


"တကယ်နော် ဖေဖေ''

"Promise''


ဂုဏ်ခေါ်သလို တစ်မိသားစုလုံးက 

ဒီကောင်မလေးကို ပူတူးဟုသာ ခေါ်ပြောနေတော့၏။

 

ဂုဏ်ကလဲ သူလိုချင်တာရသွားတော့ 

မျက်နှာက ချက်ချင်းပြောင်းသွားသလို 

ဖေဖေနဲ့မေမေကတော့ ဂုဏ့်ကိုကြည့်ကာ ပြုံးတုံ့တုံ့။


ထိုစဥ် ခေတ်သစ်နဲ့အတူ လူကြီးတစ်ချို့ပါလာပြီး အကျိုးအကြောင်းပြောကာ ပူတူးလေးကို အိမ်ခေါ်လာခဲ့ကြတော့သည်။


>>>>>>>>>><<<<<<<<<<


အားပေးတဲ့ အသဲတွေအားလုံးကို ကျေးဇူးတင်ပါတယ်😘😘


အပိုင်း(၃)မျှော်


စာရေးသူ-Merida(Tulip)


rate now: