book

Index 17

အပိုင်း(၁၇)

  • Author : Merida
  • Genres : Romance, Comedy, Drama

🎗🎗 နှောင်ကြိုး 🎗🎗


~~~~~~~~~~


"မင်းပန်လာတဲ့ပန်းရယ် ကိုယ်ဖိနပ်နဲ့ မင်းဖိနပ်ရယ်က သူ့ကို အထင်လွဲသွားစေတယ်ထင်တယ်၊ 

အဆိုးဆုံးက ကိုယ့်ရဲ့ခါးပတ်က ကုတင်ဘေးမှာ ​ရောက်နေတာပဲ''


ခက် သူပြောပြနေတဲ့ အကြောင်းအရာကို

သေချာအာရုံစိုက်နားထောင်နေပေမယ့်

နားမလည်ပဲဖြစ်ကာ..


"ခက် နားမလည်ဘူး''

"ဟင်.. နားမလည်ဘူးလား''


သူ အံ့ဩသလိုလေး ပြန်မေးလိုက်တော့

ခေါင်းငြိမ့်ပြ၏။ ရူးချင်တော့တာပါပဲ။

ဒါ့ထက်ရှင်းအောင် သူဘယ်လိုများပြောပြရပါ့မလဲ။


"မင်းနားလည်အောင် ပြောပြရရင် အင်း... မြန်မာဇာတ်လမ်းတွေထဲကလိုပဲကွာ၊ မင်းသားနဲ့ မင်းသမီး မှားသွားရင် ပန်းပွင့်လေးတွေကြွေတာတို့ ပန်းအိုးတွေကျကွဲတာတို့ မိုးရွာတာတို့ မိုးခြိမ်းတာတို့ပြတယ်လေ ကြည့်ဖူးတယ်မလား''

"အွန်း ကြည့်ဖူးတယ်လေ''


"အခုလဲ အဲ့လိုပဲ''

"အဲ့လိုပဲ''


အခုမှ အဆက်အစပ်ရှိလာသလိုလိုရှိသည့် သူ့စကားတွေကြောင့် ခက် ပြန်စဥ်စားလိုက်တော့..


ဟင်.. သူပြောပြတဲ့ ခါးပတ်တွေ ဖိနပ်တွေကို

ကိုကိုက တစ်ခုခု ထင်သွားတာလား။


သူမ အထိတ်တလန့်နဲ့ သူ့ကိုပြန်ကြည့်လိုက်တော့ သူက ဟုတ်တယ်ဆိုသည့်သဘောဖြင့် ခေါင်းငြိမ့်ပြ၏။


"ဒါပေမယ့် ခက်တို့က ဘာမှမှ မဖြစ်တာ''

"ဘာမှမဖြစ်တာကို ဝသန်ကမှ မသိတာ''


"ရှင်ပြောမပြဘူးလား ဟင်၊ ခက်က ကားနဲ့အတိုက်ခံရပြီး သတိလစ်နေတာပါလို့ ရှင်းမပြဘူးလား''

"ရှင်းပြချိန်မရခင် မင်းအစ်ကိုက ငါ့ကို နှစ်ချက်ဆင့်ထိုးသွားတာ''


ဟုတ်ပါရဲ့။

သူ့မျက်နှာရဲ့ ညာဘက်ပါးရိုးနားမှာ အညိုအမဲစွဲလို့။ ခက် သူ့မျက်နှာကို မော့ကြည့်လိုက်ပြီးမှ

စိတ်ရှုပ်စွာ မျက်နှာလေး လွှဲပစ်လိုက်ပြီး..


"ဒါဆို အခု ခက်တို့ ဘယ်လိုလုပ်ကြမလဲဟင်''

"လက်ထပ်ရတော့မှာပေါ့''


"ဟင့်အင်း ခက် လက်မထပ်ချင်ဘူး''

"ဘာလို့လဲ၊ အရင်ကလိုပဲ နှင်းစက်ကြောင့်ပဲလား၊ ဒါမှမဟုတ်ရင် နေအရိပ်ကြောင့်လား''


ဒီလိုမေးလိုက်တော့ သူမရဲ့ ကျော့ရှင်းနေသည့်

လည်တိုင်သွယ်သွယ်လေးကို အားပြုကာ

သူ့ဘက်ကို ဖျတ်ခနဲ မျက်နှာလှည့်လာ၏။


မဖြေချင်တာလား အဖြေမရှိ၍လားတော့မသိ။

သူမက သူ့ကိုသာ ေငးစိုက်ကြည့်နေတာမို့..


"ဖြေပါ ဘယ်သူကြောင့်လဲ''

"ခက် ဒီနေ့ အစ်ကိုနဲ့စေ့စပ်ခဲ့ပြီးပြီ''


"ပွဲမပြီးခင် မင်းကို ကိုယ်ဆွဲထုတ်နိုင်ခဲ့တယ်''


"ဟုတ်တယ်၊ အဲ့ဒီ့အတွက် ခက် ရှင့်နောက်ပါလာတာ၊ ခက်က ရှင့်ကိုလိမ်မိသလိုဖြစ်သွားလို့ ရှင် ခက်ကို အရမ်းစိတ်ဆိုးပြီး အခုလိုလုပ်တယ်ဆိုတာကို ခက်သိပါတယ်၊ အဲ့ဒါကြောင့်လဲ ခက် ရှင့်ကို အပြစ်မတင်ပါဘူး၊ခက်က ရှင့်ကို လိမ်ခဲ့မိတာကို၊ ပြီး​ေတာ့ ခက်တို့ဘာမှဖြစ်တာမှမဟုတ်တာ၊ မနက်ကျရင် မေမေတို့ကို ဒီအကြောင်းပြောပြပြီး အရင်အတိုင်း ပိုနေမြဲ ကျားနေမြဲနေကြရအောင်လေ နော်၊ ဘာလို့ လက်ထပ်ဖို့လိုမှာလဲ''


"မင်း တကယ်အဲ့လိုပဲ တွေးသလား၊ မင်း ကိုယ့်ကို လိမ်ခဲ့လို့ ကိုယ်က ကားနဲ့တိုက်ပြီး အပြစ်ပေးတယ်လို့ တွေးတာလား၊ မဟုတ်ဘူးနော် ကိုယ့်ကို အကြိမ်ကြိမ်အခါခါငြင်းနေတဲ့မင်းက နေအရိပ်ကိုတော့ ချက်ချင်းခေါင်းငြိမ့်လက်ခံခဲ့လို့ ကိုယ်ဒေါသထွက်ခဲ့တာမှန်တယ်၊ ဒါပေမယ့် မင်းပြောသလို အပြစ်ပေးတာမဟုတ်ဘူး၊ ချစ်လို့ ချစ်လွန်းလို့ ဆုံးရှုံးသွားမှာကြောက်လို့၊ ကိုယ်လုပ်မိလုပ်ရာ လုပ်ပစ်လိုက်တာ''


"အဲ့လို တဇွတ်ထိုးမဆန်ပါနဲ့၊ ခက် အစ်ကိုနဲ့လဲစေ့စပ်ပြီးသားကြီးကို၊ ပြီးတော့ နောက်နှစ် ခက်ကျောင်းပြီးရင် လက်ထပ်ဖို့အထိ ပြောထား ဆိုထားပြီးသား၊ ခက်တို့ ဘာမှမ​ဖြစ်တာကို ရှင်းပြလိုက်ရင် အားလုံး အဆင်ပြေသွားမှာပဲလေ နော်၊ အစ်ကို့မိဘတွေကို ခက် အားနာလို့ပါ''


ဘယ်လိုအတွေးတွေနဲ့ အဆင်ပြေသွားမယ်လို့ထင်နေရပါလိမ့်။


ပြဿနာတက်မှာစိုးလို့ သူက လက်ထပ်ဖို့ပြောနေတယ်လို့များ ထင်နေသလားမသိ။

ပြောပုံဆိုပုံက သူမကို ရူးခါနေအောင်ချစ်နေတဲ့သူ မဟုတ်ရင် ဆွဲရမ်းလွှင့်ပစ်ချင်စရာအတိ။


အပြောအဆိုမတတ်သည့် သူမကို ဂုဏ် စိတ်အချဥ်ပေါက်သွားကာ မတ်တပ်ရပ်ပြီးကြည့်လိုက်တော့ သူမတစ်ကိုယ်လုံးက သူ့မျက်လုံးထဲတွင် သေးကျုံ့သွား၏။ 


"မင်းက နေအရိပ်ရဲ့ မိဘတွေကို အားနာလို့

အိမ်ပြန်ချင်တာလား ၊ ရတယ် ဒါဆို နေအရိပ်တို့ဘက်ကခွင့်လွှတ်အောင် ကိုယ်တောင်းပန်ပေးမယ်''


"အဲ့လိုတော့ မဟုတ်ဘူးလေ၊ အခုဖြစ်နေတဲ့ကိစ္စက ခက် အိမ်ပြန်မှပြီးသွားမှာ မဟုတ်လား''


"မင်းအိမ်ပြန်မှ ပြီးသွားမှာလို့ မင်းကို ဘယ်သူပြောလဲ''


"ဒါဆို ခက်က ဘာလုပ်ရမှာလဲ၊ ခက် မှ ရှင့်ကို မယူချင်တာကို''


"အဲ့ဒီလောက်တောင် ကိုယ့်ကိုမုန်းလား''


ရှင်းလေ ရှုပ်လေဆိုတာ အခုအခြေအနေကို

ပြောတာသေချာသည်။ အမှန်က သူကိုမုန်းလို့ဆိုတာထက် လက်မထပ်ချင်လို့ အိမ်ပြန်ချင်တာပါ။ ဒါပေမယ့် အဲ့လိုကြီးပြောချလိုက်ရင် အစကမှ ဒေါသကြိီးတဲ့သူ့ပုံစံကြောင့် ခက်ကို ဘာလုပ်မလဲဆိုတာ မသိနိုင်တာမို့ ကွေ့ပတ်ပြောနေရ၏။


"ပြောလေ ကိုယ်ကိုမုန်းလို့ အိမ်ပြန်ချင်တာလားလို့''

"မသိဘူး ခက်အိမ်ပြန်ချင်တာပဲသိတယ်''


"စိတ်ချ ဘယ်တော့မှမပြန်ရဘူး''

"ရှင်..


"ရှင်ပြန်ပြီလား ဟင်..

လာစမ်း အဲ့လောက် သင်လို့မရတဲ့ပါးစပ်''


"ရှင်နော်..ဘာ.. ဘာလုပ်..


သူမ စကားလေးမဆုံးလိုက်ပါ။

အတင်းရိုက်ပုတ်နေပေမယ့် နောက်ဆုတ်သွားခြင်းမရှိသည့်သူက ကုတင်ပေါ်မှာထိုင်နေသည့်

သူမကို ခါးကိုင်းပြီး အတင်းနမ်းရှိုက်နေတော့၏။


သူမရဲ့ပါးနှစ်ဖက်ကို သူ့လက်နှစ်ဖက်ဖြင့်ညှပ်ကိုင်လိုက်ပြီး အရမ်းစွာသည့် နှုတ်ခမ်းဖူးဖူး စိုစိုရဲရဲလေးကို ဒဏ်ပေးသည့်အနမ်းတို့က အရိုင်းဆန်လာပြီး သူမရဲ့ အသက်ရှူသံပြင်းပြင်းကိုကြားမှ မနည်းရပ်တန့်ပစ်လိုက်ကာ..


"Sorry baby!

မင်းက ကိုယ့်စကားမှ နားမထောင်တာကို''


စိတ်တိုင်းကျ နမ်းပြီးမှ sorryလာလုပ်နေတဲ့သူ့ကို ခက် မျက်စောင်းသာထိုးကြည့်လိုက်၏။

လုပ်ချင်တာလုပ်ထားရတော့ မျက်နှာကိုက စပ်ဖြဲဖြဲနဲ့ မုန်းဖို့ကောင်းလိုက်တာ။


"အချိန်တွေကုန်တယ်ကွာ၊ ဆေးသောက်ရဦးမှာပါဆိုတာကို ဘာလို့ ဒီလောက်ပြောရခက်နေတာလဲ၊ စွပ်ပြုတ်တွေတောင် အေးကုန်ပြီ၊ နေဦး

ကိုယ် သွားပြန်နွှေးလိုက်ဦးမယ်''


"မလုပ်နဲ့ ပေး ဒီအတိုင်းသောက်မှာ''

"အေးကုန်ပြီကွ''


"ပေးဆိုပေး''


သူ့လက်ထဲက ပန်းကန်ကိုဆတ်ခနဲဆွဲယူကာ

တစ်ဇွန်းပြီး တစ်ဇွန်းယူသောက်နေသည့်ပုံစံက

ဒေါသတွေ အရှိန်မပြေသေးမှန်းသိသာ၏။

ဒါ့ကြောင့် သူ ဘာမှမပြောပဲ သူမ စားပြီးသည်အထိ ငြိမ်ပေးလိုက်ကာ..


"ဆေးက ဒီမှာ''


သူ့လက်ထဲက ဆေးတွေကိုလှမ်းယူပြီး ပါးစပ်ထဲပစ်ထည့်လိုက်တော့ အလိုက်သိစွာ ရေခွက်လေးထိုးပေး၏။


သူ့ကို အမြင်ကပ်ကပ်ဖြင့် မျက်စောင်းလေးထိုးကြည့်ပြီးမှ ရေခွက်ကိုလှမ်းယူပြီးသောက်လိုက်တော့ သူက ခက်ကိုကြည့်ကာ ပြုံးတုံ့တုံ့။


"အိပ်တော့နော် ပူတူး၊ ကိုယ်ဒါတွေကို အောက်ပြန်ထားလိုက်ဦးမယ်''


"ရှင်က...

"ခေါ်ပြန်ပြီ ဒီရှင်ဆိုတာကြီးက''


ဂုဏ် ပိတ်ပြောလိုက်တော့ သူမကနှုတ်ခမ်းလေးစူသွားကာ..


"ကိုကိုက ဘယ်မှာအိပ်မှာတုန်း''


ဒီလိုမေးလိုက်တော့မှ သူက သဘောကျသွားသည့်ပုံဖြင့် သူမကိုကြည့်ကာ ပြုံးတုံ့တုံ့လုပ်နေတာမို့ ခက် မလုံမလဲဖြင့်..


"ခက်.. ခက်ပြောက ဒီအိမ်မှာ ခက်သိတဲ့သူက

ကိုကိုပဲရှိတာလေ အဲ့ဒါကြောင့် တစ်ခုခုဆိုရင်..


"ဒါ ကိုယ့်အခန်း ပြီးရင်ပြန်လာပြီး ဒီကုတင်ပေါ်မှာပဲ လာအိပ်မှာ ခဏပဲ''


"ဟင်.. ဒီမှာ ခက် အိပ်နေတာလေ''

"ပြောပြီးပြီလေ ဒါကိုယ့်အခန်းလို့''


"ဒါဆို ခက်ကို တခြားအခန်းတစ်ခုခုမှာ ပြောင်းထားပေးပါလားဟင်''

"ဆုတောင်းလေ..

ပြီးတော့ ဒီအိမ်မှာ အိပ်ခန်းက ဒီတစ်ခန်းပဲရှိတာ''


သူဒီလိုဆိုလိုက်တော့ ဟုတ်လို့လားဆိုသည့်အကြည့်ဖြင့် သူ့ကိုကြည့်လာ၏။


အရောင်လဲ့နေသည့် သူမရဲ့မျက်ဝန်းတွေက

ဘယ်ဘဝက ဆုတောင်းကြောင့်များ ဒီလောက်အထိ ချစ်ဖို့ကောင်းနေပါလိမ့်နော်။


ဘယ်အချိန်ကြည့်လိုက် ကြည့်လိုက် မျက်နှာမလွှဲချင်လောက်အောင်လှသည့် သူမကြောင့်

အခုလဲ သူ မျက်နှာမလွှဲဖြစ်သေး။


"ကိုယ်ပြောတဲ့အတိုင်း လိမ်လိမ်မာမာနဲ့ စကားနားထောင်မယ်ဆိုရင် မနက်ဖြန်..

"အိမ်ပြန်ပို့မှာလားဟင်''


"စကားကိုဆုံးအောင်နားထောင်လေကွာ၊ မနက်ဖြန် မင်းရဲ့မေမေနဲ့ ဖုန်းပြောခိုင်းမယ်''


"ခက်က အိမ်ပြန်ချင်တာကို"


စူပုတ်ပုတ်လေးနဲ့ပြောလိုက်တော့ သူက ပန်းကန်လေးကိုကိုင်ပြီးရပ်နေရာမှ သူမရဲ့ခေါင်းလေးကိုပုတ်ကာ...


"လက်ထပ်ပြီးရင် ပြန်ရမှာပေါ့''

"ခက် လက်မထပ်ချင်ဘူးလို့''


"အိပ်တော့ကွာ၊ မင်းအရမ်းစကားများတယ်

ကိုယ်ပြန်ဝင်လာလို့မအိပ်သေးရင် မင်းတွေ့မယ်''


ခြိမ်းခြောက်ခဲ့ပြီးမှ အခန်းထဲက ထွက်လာခဲ့၏။

ဒီကောင်မလေး သူ့ကို ကြောက်တာလား မကြောက်တာလား ဘာမှန်းကိုမသိ။


တစ်ခါ တစ်ခါကျတော့ သူပြောတဲ့အတိုင်း

လိုက်လုပ်တတ်ပေမယ့် တစ်ခါ တစ်ခါကျတော့ ကပ်ကပ်လန်အောင်ကို ရန်တွေ့တတ်သေး၏။


သူမ သတိရလာရင် သူ့ကိုထုရိုက်ပြီး အိမ်ပြန်ပို့ဖို့ကို အတင်းပူဆာမယ်လို့ ထင်ခဲ့တာ။


ဒါပေမယ့် သူထင်သလောက် ပွဲမကြမ်းဘဲ အခြေအနေက တည်ငြိမ်နေတာမို့ သူစိတ်အေးရ၏။


ပန်းကန်တွေသိမ်းပြီးလို့ သူ အခန်းထဲပြန်လာတော့ သူမလေးက ဘေးတစ်စောင်းလေး အိပ်ပျော်နေပြီဖြစ်သည်။


အချိန်လဲ မနည်းတော့တာမို့ သူပါ သူမရဲ့ဘေးကို ဝင်လှဲအိပ်လိုက်၏။ 


ကိုယ်လုံးကျစ်ကျစ်လျစ်လျစ်လေးကို 

ရင်ခွင်ထဲသွင်းကာ နဖူးနွေးနွေးလေးကို

ကြင်ကြင်နာနာလေးဖိကပ်နမ်းရှိုက်လိုက်ပြီး


"အိပ်မက်ထဲမှာ ကိုယ့်ကို ထည့်မက်ပေးပါ''


သူ့ရဲ့အမိန့်ကို သူမ နာခံစေချင်သည့် အတ္တလေးဖြင့် သူမကို ပွေ့ဖက်ထားလိုက်ရင်း ဒီညအတွက် သူ့အိပ်မက်တွေလှပနေတာ့မှာ သေချာသည်။


>>>>>>>>>><<<<<<<<<<


တစ်ညလုံး တစိမ့်စိမ့်ရွာထားသည့် မိုးကြောင့် မနက်ခင်းရဲ့ရှုခင်းက စိမ်းစိုနေသည်။


မိုးက လုံးဝစဲသွားပြီဖြစ်တာမို့ မကြာခင် သက်တန့်လဲထွက်လာမယ်ထင်ရဲ့။


လေတစ်ချက်အဝေ့တွင် သစ်ရွက် သစ်ခက်တွေမှာ တင်ကျန်ခဲ့သည့် မိုးစက်တို့က ဖျောက်ခနဲ ေဖျာက်ခနဲ။


မိုးရေများ စိုစွတ်ကျန်နေခဲ့သည့် ခြံထဲက ရေကွက်တွေ ရေဗွက်တွေကို အလုပ်သမားအချို့ သန့်ရှင်းနေသည်ကို နှင်းစက် ပြတင်းပေါက်ဘောင်လေးကိုမှီပြီး ငေးစိုက်ကြည့်နေ၏။


ညက မိုးနဲ့အပြိုင် သူမလဲ ငိုကြွေးခဲ့ရသည်။

အခုထိလဲ ရင်ထဲမှာ တင်းကြပ်တစ်ဆို့နေဆဲပါ။

ငယ်ငယ်က ကြားဖူးတဲ့ပုံပြင်တစ်ပုဒ်ကိုလဲ

အမှတ်ရနေမိ၏။


ဘကြီးအောင် ညာတယ်ဆိုတဲ့ ပုံပြင်လေးပေါ့။


ကလေးငယ်လေးတစ်ဦးရဲ့ မျှော်လင့်ချက်တွေကို အလိမ်အညာတွေသုံးပြီး ရိုက်ချိုးပစ်ရက်ခဲ့တဲ့ ဘကြီးအောင်ဆိုတဲ့လူကို နှင်းစက် မုန်းတယ်။


ဘကြီးအောင်လို သူမအပေါ် မျှော်လင့်ချက်တွေ မပေးခဲ့ပေမယ့် နှင်းစက်ရဲ့မျှော်လင့်ချက်တွေကို

ဖျက်ဆီးပစ်ခဲ့တဲ့ ဂုဏ်နဲ့မိခက်ကို မုန်းမိပြန်သည်။


အဲ့ဒီ့နှစ်ယောက်ထဲမှာ ဘယ်သူက ဘကြီးအောင်လဲဆိုတာတော့ နှင်းစက် မသိသလို သိအောင်လဲ မကြိုးစားချင်တော့ပါ။


"ဒေါက်.. ဒေါက်.. ဒေါက်''


တံခါးခေါက်သံကြောင့် နှင်းစက် မျက်တောင်ဖျားတို့တွင် ကျန်နေသေးသည့် မျက်ရည်စက်တို့ကို လက်တစ်ဖက်ဖြင့် ပွတ်သပ်သိမ်းဆည်းပစ်လိုက်ပြီး..


"ဝင်ခဲ့''

"သမီး နှင်းစက် သခင်မကြီးက မနက်စာစားဖို့ ခေါ်ခိုင်းလိုက်လို့ပါ''


ဘာမှမသိတဲ့ပုံစံဖြင့် သူမကို လာခေါ်နေသည့်

အန်တီထားကို စိုက်ကြည့်လိုက်ပြီး ခေါင်းငြိမ့်ပြလိုက်၏။


မနေ့ကစေ့စပ်ပွဲပျက်သွားပြီး ရုတ်ရုတ်သဲသဲဖြစ်သွားကြသည့်အတွက် တစ်အိမ်လုံးစိတ်ရှုပ်နေကြတာမို့ နှင်းစက်ရင်ထဲကအပူတွေကို ဘယ်သူမှမသိကြပါ။


သိအောင်လဲ သူမ မပြောဖို့စဥ်းစားထားပေမယ့်

အစကတည်းက မပြေလည်ခဲ့တဲ့ဆက်ဆံရေးတစ်ခုကြောင့် အခန်းထဲက ထွက်ဖို့ပြင်နေသည့် အန်တီထားကိုကြည့်ကာ..


"ပျော်လားဟင်''

"ဟင်.. သမီး ဘာပြောလိုက်တာလဲ''


အစမရှိ အဆုံးမရှိပဲ မေးချလိုက်သည့် နှင်းစက်ရဲ့မေးခွန်းကို သက်ထားတကယ်နားမလည်တာမို့ နောက်ပြန်လှည့်ကြည့်ပြီး မေးလိုက်တော့ဘနှင်းစက်က ငိုချင်နေတာကို အတင်းထိန်းထားရသည့်ပုံစံဖြင့် မျက်တောင်တွေကို အနားမပေးပဲ ပုတ်ခတ်ကာ..


"မာမီ့လက်ထဲကနေ ဒယ်ဒီ့ကို လုယူခဲ့ရလို့

အန်တီထား ပျော်ရဲ့လားလို့''


"အို.. အန်တီထား လုမယူခဲ့ပါဘူး၊ တကယ်ပါ အန်တီထား အကိုလေးအပေါ်မှာ အရင်တုန်းကရော အခုထိရော အလုပ်ရှင်တစ်ယောက်ဆိုတဲ့

လေးစားရိုသေမှုကလွဲရင် ဘာစိတ်မှမရှိပါဘူး''


"ဒါဆို ဘာလို့ မိခက်ကိုမွေးခဲ့လဲ''

"ဟင်..


"အန်တီထား ဒယ်ဒီ့ကိုလိုချင်လို့ ခန္ဓာကိုယ်ပေးပြီး အပိုင်သိမ်းခဲ့တာ မဟုတ်ဘူးလား''


ဒီပြဿနာဖြစ်ခဲ့တာ လွန်ခဲ့သော နှစ်ပေါင်း၂၀ကပါ။ အရာရာ ငြိမ်သက်စပြုနေတဲ့အချိန်မှ ဘာရည်ရွယ်ချက်နဲ့ ပြန်ပြီးအစဖော်ဖို့ကြိုးစားနေလဲဆိုတာ သက်ထား နားမလည်တော့ပါ။


"ဒီလိုတွေဖြစ်လာဖို့ အန်တီထား ဘယ်တုန်းကမှ မမျှော်လင့်ဖူးပါဘူး၊ ပြောပြရင်လဲ သမီးမယုံဘူးဆိုတာ သိပါတယ်၊ ဘာပဲဖြစ်ဖြစ် အန်တီထားတောင်းပန်ပါတယ်ကွယ်''


"ဘာကိုတောင်းပန်တာလဲ၊ ဒယ်ဒီ့ကို လုယူခဲ့မိလို့လား''


"မဟုတ်ဘူး သမီး၊ အန်တီထား ဘယ်တုန်းကမှ သမီးရဲ့ဒယ်ဒီ့ကို လုယူဖို့မတွေးခဲ့ဘူး၊ ဒါတွေအားလုံးဟာ အရမ်းဆိုးရွားတဲ့ မတော်တဆမှုတစ်ခုပါ''


သူမ ဒီလိုပြောလိုက်တော့ နှင်းစက်က မျက်ရည်တွေဝေ့နေသည့် မျက်ဝန်းတစ်စုံဖြင့် နာနာကျင်ကျင်ရယ်သည်။


"အန်တီထား လိုချင်ချင် မလိုချင်ချင် နောက်ဆုံးတော့ ဒယ်ဒီက အန်တီထားရဲ့ယောက်ျားဖြစ်သွားတာပဲ မဟုတ်လား''


"သမီး အထင်လွဲနေတာပါ၊ အကိုလေးနဲ့ အန်တီထား မှားခဲ့ကြတယ် ဟုတ်တယ်၊ ဒါပေမယ့် အခုချိန်အထိ အကိုလေးက သမီးခက်ခက်ရဲ့ အဖေဆိုတဲ့နေရာကလွဲရင် အရာရာဟာ ဟိုးအရင်ကအတိုင်းပါပဲ''


"ဒါပေမယ့် ဒယ်ဒီ့စိတ်က ဘယ်မှာဆိုတာ 

နှင်းစက်သိတယ်''

"ဒါတွေက ပြီးသွားပါပြီကွယ်''


"မပြီးဘူး ဒယ်ဒီနဲ့ အန်တီထားကြောင့်၊ မာမီ အခုထိ စိတ်ဆင်းရဲနေရတုန်းပဲ၊ အချိန်တွေကြာလာလို့ နေသားကျသွားတယ်ဆိုတဲ့ အရာတွေထဲမှာ

အချစ်ကို အလုခံရတာမပါဘူး၊ အန်တီထားတို့ သားအမိက နှင်းစက်နဲ့ မာမီ့ကို ရှင်နေရက်နဲ့ သေအောင်လုပ်ကြတာ အဟွန်း၊ လူတွေအမြင်မှာ နှင်းစက်တို့က အပေါ်စီးကနေနေရတဲ့ လူတွေဆိုပေမယ့် နှင်းစက်တို့ရှုံးနေတာကို နှင်းစက်တို့ပဲသိတယ်၊ အန်တီထားတို့နိုင်ပါတယ်''


ပြောရင်း ပြောရင်းမှ စကားတွေက လမ်းကြောင်းလွဲလာသလို ခံစားလာရသည်။

ဒီပြဿနာတွေထဲမှာ သမီးခက်ခက်က ဘာလို့ပါလာရတာလဲ။


နှင်းစက်ရဲ့ပုံစံကလဲ အရင်တုန်းကလို

သူ့အမေအတွက် မကျေမနပ်ဖြင့်ပြောဆိုနေခြင်းမဟုတ်ပဲ တစ်ခုခုကို နာနာကျင်ကျင်ခံစားပြီးပြောနေသည့်ပုံမျိုးမို့ သက်ထား မျက်ခုံးတို့ကိုတွန့်ကာ နားမလည်နိုင်စွာကြည့်လိုက်ပြီး...


"သမီး အန်တီထားကို ပြောစရာတစ်ခုခုရှိနေတာလား၊ သမိီးပြောချင်တာကို တည့်ပြောပါ၊ အခု သမီးပြောနေတာတွေကို အန်တီထား တကယ်နားမလည်ဘူး''


"အဟက်.. နားမလည်ဘူး ဟုတ်လား၊ အဲ့လို ရိုးရိုးအအပုံစံလေးတွေနဲ့ပဲ နှင်းစက်တို့သားအမိရဲ့ အသည်းကို ခွဲခဲ့ကြတာပဲလေ''


"သမီး ဒယ်ဒီ့အတွက်နဲ့ အခုလိုပြောနေတာ မဟုတ်ဘူးမလား၊ အန်တီထားကို ရှင်းရှင်းပဲပြောပါ၊ ခက်ခက် သမီးကို ဘာလုပ်ခဲ့လို့လဲ''


ဘာလုပ်ခဲ့လို့လဲတဲ့။

ဟွန့်.. အခုမှ ဘာမှမသိချင်ယောင်လာဆောင်နေတယ်။ မုန်းဖို့ကောင်းလိုက်တာ။


"အခု မိခက် လုယူသွားတဲ့ မျိုးရိုးဂုဏ်ဆိုတာ

တစ်နေ့ကျရင် နှင်းစက် လက်ထပ်ဖို့ရည်ရွယ်ထားတဲ့သူ''


"ဘယ်.လို..


နားထဲမှာ ဂျိမ်းခနဲနေအောင် မိုးကြိုးပစ်ချလိုက်သည့်အတိုင်း။ မနေ့က စေ့စပ်ပွဲပျက်သွားပြီး

သမီးက သူ့ချစ်သူနောက်လိုက်သွားတယ်။


အဲ့ဒီ့လူကလဲ လူကောင်းပါဆိုပြီး ဝသန်လာပြောပြတော့ ကိုယ့်သမီးမိုက်လိုက်တာလို့ တွေးမိခဲ့သေးတာ။


အခုလို သူများနဲ့လက်ထပ်ဖို့အထိ ရည်ရွယ်ထားတဲ့သူနဲ့ဆိုတာကိုတော့ သူမ မသိခဲ့တာအမှန်ပါ။

အဲ့ဒါကလဲ တခြားသူမဟုတ်ဘူး။

ကိုယ့်အစ်မနဲ့ လက်ထပ်မယ့်သူတဲ့လား။


သူမနဲ့ တစ်ထပ်တည်းတူတဲ့အမှားကို

သမီး ဘယ်လိုအတွေးတွေနဲ့ ကျူးလွန်ခဲ့သလဲဆိုတာကို မျက်နှာချင်းဆိုင်ပြီး မေးချင်မိတာအမှန်။


သူမ ပြောပြလိုက်မှ သိသွားသည့်ပုံစံဖြင့်

တောင့်တောင့်လေးရပ်နေသည့် အန်တီထားကို

နှင်းစက် မျက်လုံးလေးစွေပြီး စူးစမ်းသလိုကြည့်ကာ...


"အန်တီထား ဒါတွေကို မသိဘူးလား''


"ဟင့်အင်း မသိဘူး၊ အန်တီထား တကယ်မသိပါဘူးကွယ်၊ အန်တီထားသာသိရင် ညကတည်းက သမီးကို လိုက်ခေါ်မှာပေါ့၊ နေပါဦး သမီးရယ် ဒီအကြောင်းတွေကို သမီးက ဟို.. ခက်ခက်က မသိဘူးမလားဟင်''


"သိပါတယ်၊ သူသိရဲ့သားနဲ့အခုလိုလုပ်သွားတာ၊

နှင်းစက်တို့သားအမိ ဝဋ်ကြီးပါတယ်''


"အန်တီထား ဘာလုပ်ပေးရမလဲဟင်၊ သမီးဘက်က ဘာဖြစ်ချင်လဲ အန်တီထားကိုပြောပါ၊ အန်တီထား တတ်နိုင်တာဆိုရင် လုပ်ပေးပါ့မယ်''


တောင်းပန်တိုးလျှိုးသည့်ပုံစံဖြင့် သူမ မျက်နှာကို မော့မော့လေးကြည့်ပြီး ပြောနေသည့် အန်တီထားကို သူမ စိတ်ပျက်သလိုကြည့်ကာ မျက်နှာလွှဲပစ်လိုက်၏။


အခုမှတော့ ဘာလုပ်ပေးလို့ရမှာလဲ။

လက်ထက်မပေးနိုင်ပါဘူး ငြင်းမယ်ဆိုရင်ရော

ဂုဏ်က လက်ခံမှာလား။ ပြီးတော့ မိခက် လိုချင်လို့မှ ခိုးရာလိုက်သွားတာကို အန်တီထားက လက်ထပ်မပေးနိုင်ပါဘူးပြောရုံနဲ့ ဒီအတိုင်းခေါင်းငြိမ့်လက်ခံမှာလား။


မဟုတ်သေးဘူး လက်ခံမယ်ထင်တယ်။

ဟုတ်တယ် အန်တီထားကို မိခက်ဘယ်လောက်ချစ်တယ်ဆိုတာ သူမ အသိဆုံး။


အတွေးလေးဖြင့် နှင်းစက် အန်တီထားကို ပြန်လှည့်ကြည့်ကာ..


"အန်တီထား နှင်းစက်ဘက်က တောင်းဆိုတာကို တကယ်ပဲလုပ်ပေးမှာလား''


"လုပ်ပေးမှာပါ၊ အန်တီထားတတ်နိုင်တာဆိုရင်

တကယ်လုပ်ပေးမှာပါ''


"ဒါဆို မိခက်နဲ့ဂုဏ့်ကို လက်ခံမပေးပါနဲ့''


"ဟင်..


"မိခက်က အန်တီထားရဲ့စကားဆိုရင် နားထောင်မှာပါ၊ သူတို့နှစ်ယောက်ကို အန်တီထားကသာ ကန့်ကွက်မယ်ဆိုရင် မိခက် ရှေ့ဆက်တိုးမှာမဟုတ်ပါဘူး''


"ဒါ​ေပမယ့် အခု သူတို့က...


"ဟုတ်တယ်လေ၊ အဲ့ဒီ့အတွက် အန်တီထားကို တားခိုင်းတာ၊ အန်တီထားတို့သားအမိ နှင်းစက်နဲ့မာမီ့အပေါ် အပြစ်ကြွေးဆပ်ချင်တယ်ဆိုရင် 

ဒီလိုနည်းနဲ့ သက်သေပြပြီး ဆပ်ပါ''


အနည်းငယ်တွေဝေသွားသည့် အန်တီထားကြောင့် သူမ အားမလို အားမရဖြစ်သွား၏။


"ဘာလဲ မလုပ်ချင်ဘူးမလား၊ သိပါတယ် အန်တီထားတို့က တကယ်တော့ နှင်းစက်တို့သားအမိကို အသာစီးရတဲ့အချိန် အနိုင်ပိုင်းဖို့ကြံနေတယ်ဆိုတာကို''


"အို.. မဟုတ်ပါဘူး၊ အန်တီထားမှာ ဒီလိုစိတ်မရှိပါဘူး၊ ဘယ်တုန်းကမှလဲ သခင်မကြီးနဲ့နှင်းစက်လေးအပေါ် အနိုင်ယူမယ်လို့ မတွေးဖူးပါဘူး၊ အဲ့ဒါ တကယ်ပါ''


"ဒါဆို နှင်းစက်တောင်းဆိုတာ လုပ်ပေးလေ''


သူမသာ အနစ်နာခံလို့ရမယ်ဆိုရင် အခုလို စဥ်းစားနေမှာ မဟုတ်တာသေချာသည်။


အခုက သမီးလေးရဲ့ဘဝနဲ့ဆိုင်နေတယ်မဟုတ်လား။


တစ်ညတိတိ ကောင်လေးတစ်ယောက်နဲ့

အတူတူရှိနေခဲ့တဲ့ သမီးကို လက်ထပ်မပေးဘူးဆိုရင် ပတ်ဝန်းကျင်အလယ်မှာ သမီးလေး ဘယ်လိုဆက်ပြီး အသက်ရှင်ရမှာလဲ။


ဆုံးဖြတ်ချက်မပေးနိုင်သေးတဲ့ အန်တီထားကိုကြည့်ကာ နှင်းစက်နှုတ်ခမ်းလေးကိုက်လိုက်ပြီး..


"စိတ်ချပါ၊ အခုကိစ္စက နှင်းဆီမြိုင်စံအိမ်နဲ့ ဂုဏ်တို့အိမ်ပဲ သိထားတဲ့ပြဿနာပါ၊ ဒီဘက်က သဘောမတူဘူးဆိုတာရယ် အလိုမတူပဲ ခိုးယူပေါင်းသင်းတယ်ဆိုပြီး တရားစွဲမယ် ဘာညာပြောလိုက်ရင် ဟိုဘက်က ဒီအကြောင်းကို လူသိခံပါ့မလား''


"ဒါပေမယ့်.. မောင်နေအရိပ်တို့အိမ်ကလူတွေကျတော့ရော..


"နေအရိပ်ရဲ့အဖေက ဒယ်ဒီနဲ့ ဒီလောက်ရင်းနှီးနေတာကို ဒီအကြောင်းတွေကို အရပ်တကာလည်ပြီးပြောနေမယ်ထင်လား''


ဒါလဲ ဟုတ်တာပဲလေ။

အခန့်မသင့်လို့ ပွဲပျက်သွားရပေမယ့် တစ်ဦးနဲ့တစ်ဦး စီးပွားရေးအရပတ်သတ်မှုတွေရှိနေတော့

တစ်ယောက်မကောင်းကြောင်းကို တစ်ယောက်ပြောနေကြမယ့်သူတွေမှ မဟုတ်တာ။


"ကဲပါ နှင်းစက်တောင်းဆိုတာကို လုပ်ပေးမလား

မလုပ်ပေးဘူးလားပဲပြောပါ''


"အန်တီထား ကြိုးစားပါ့မယ်''


"ဖြစ်အောင်လုပ်ပေးပါ၊ နှင်းစက် တောင်းဆိုတာပါ၊ နှင်းစက် ဂုဏ့်ကိုချစ်လို့ပါ''


သက်ထား ခေါင်းလေးသာငြိ်မ့်ပြလိုက်၏။


သမီးလေးရော ဟိုကောင်းလေးကို ချစ်နေရင်

ဘယ်လိုလုပ်မလဲ။


သူမတို့သားအမိကို နိုင်တယ်လို့ ထင်နေပေမယ့်

အမှန်တကယ်ပေးဆပ်နေကြရတဲ့ သူတွေက

သူမတို့ သားအမိပါပဲ။


ဒါပေမယ့်..

သူမ နာကျင်ခဲ့ရသလို သူမ ပေးဆပ်ခဲ့ရသလို

သမီးလေး နာကျင်ရမယ်ဆိုရင်...


>>>>>>>>>><<<<<<<<<<<


"ဖယ်ပါ ခက် ကိုယ့်ဟာကိုယ် သွားလို့ရပါတယ်''


မျက်နှာသစ်ဖို့ ရေချိုးခန်းထဲသွားဖို့အရေးကို

တွဲခေါ်မယ် တကဲကဲဖြစ်နေသည့် ကိုကို့ကြောင့်

ခက် စိတ်ရှုပ်သလိုလေး ပြောလိုက်၏။


သို့ပေမယ့်..

ကိုကိုက နောက်ဆုတ်မသွားသည့်အပြင် သူမကို ဆတ်ခနဲပွေ့ချီလိုက်တာမို့ လန့်ဖျတ်သွားကာ....


"ဘာလဲ.. ဘာလုပ်တာလဲ၊ ခက် ကိုယ့်ဟာကိုယ် သွားနိုင်ပါတယ်ဆို''

"ဟေး.. နားညီးတယ်ကွာ၊ စိတ်က သိပ်ရှည်တာမဟုတ်ဘူးနော်၊ ပစ်ချလိုက်မှာ''


"ပစ်ချလိုက်လေ၊ ခက်က ကြောက်မယ်များထင်နေလား၊ ဒါ့ထက်ပိုပြီး ဒုက္ခိတဖြစ်စရာလဲ မရှိတော့ဘူး ပစ်ချလိုက်၊ ဒီတစ်ခါတော့ တစ်ခါတည်း အသက်ထွက်သွားအောင် သတ်ပစ်လိုက်''


စိတ်ဆိုးမာန်ဆိုးဖြင့် မျက်စောင်းတထိုးထိုးပြောနေသည့် ပူတူးကြောင့် ဂုဏ် မျက်လုံးပြူးသွားကာ..


"ဘာတွေလျှောက်ပြောနေတာလဲ၊ ကိုယ်က စနေတာကို''

"မစနဲ့ တကယ်ပြောတာ၊ ခက်ကို အသေသာသတ်ပစ်လိုက်''


"တော်တော့ကွာ စောစောစီးစီးကို နမိတ်မရှိ ဘာမရှိ''


နမိတ်မရှိမှန်းတော့ သူမလဲ သိတာပေါ့။

ဒါပေမယ့် အခုချိန် ခက် တကယ့်ကို သေချင်တာပါ။ ညက ဘယ်အချိန်အိပ်ပျော်သွားမှန်း မသိပေမယ့် နိုးလာတော့ သူ့ရင်ခွင်ထဲမှာ တင်းတင်းကြပ်ကြပ် အဖက်ခံထားရ၏။


ညကပြောလို့မပြီးသေးတဲ့

လက်ထပ်ဖို့ကိစ္စကို ခက်က မလုပ်ဖို့ပြောတော့

ငြင်းခွင့်မရှိလောက်က သူက အနမ်းတွေနဲ့နှုတ်ပိတ်ပြန်သည်။


ဒါကို မကျေနပ်လို့ သူ့ကို ထုရိုက်ပစ်ပြန်တော့လဲ

ခက်က သူ့ကိုတစ်ချက်ရိုက်ရင် သူက တစ်ခါနမ်းမယ်ဆိုပြီး ​ြခိမ်းခြောက်သေးတာမို့ မကျေနပ်ပေမယ့် သူပြုသမျှ ငြိမ်ခံနေရ၏။


မျက်လုံးနှစ်လုံးဖွင့်လိုက်ကတည်းက ပြဿနာဖြစ်နေကြတဲ့ သူမနဲ့ ကိုကိုက အခုလဲ မျက်နှာသစ်ဖို့အရေးနဲ့ တကျက်ကျက်ဖြစ်နေပြန်၏။


"ကဲ လာ ဒီမှာထိုင်''

ဆိုပြီး ရေချိုးခန်းထဲက ဘေစင်ပေါ်တွင် သူမကို

နေရာပေးကာ သူက သွားတိုက်တံအသစ်တစ်ချောင်းထုတ်ယူပြီး သွားတိုက်ဆေးညှစ်ထည့်ပေးရင်းမှ


"ပြီးရင် ဆေးရုံသွားရမှာနော်''

"ဒီနေ့လား''


"အင်းပေါ့.. ရော့ သွားတိုက်''


ကိုကိုလှမ်းပေးတဲ့ သွားတိုက်တံလေးကိုလှမ်းယူကာ ပါးစပ်ထဲ မထည့်ဖြစ်သေးပဲ ကိုင်ထားပြီး


"ဒါဆို ခက်ကို အိမ်လိုက်ပို့ဦးလေ''


"မရဘူးလို့ ကိုယ်ပြောပြီးသားပဲ ပူတူး၊ ဘာလို့ မရဘူးဆိုတဲ့ဟာကို တဂျီဂ​ျိီနဲ့တောင်းနေတာတုန်း''


"ခက်ပြောတာက အိမ်ကိုအပြီးပြန်ပို့ဖို့မှ မဟုတ်တာ၊ ခက်ကိုလဲ ကြည့်ပါဥိီး ဒီပုံစံကြီးနဲ့ဆေးရုံသွားရမှာလား''


အခုမှ သူပူတူးကိုပြန်ကြည့်မိသည်။

ဟုတ်သားပဲ။ မနေ့က ဒေါ်ထွေးဝတ်ပေးထားသည့် သူ့ရဲ့အဝတ်အစားတွေနဲ့။

ဒီလိုဆိုတိုင်း သူမရဲ့အိမ်ကို ပြန်ပို့ပေးဖို့မှ

မလိုပဲလေ။


"အဝတ်အစားလဲချင်တာမလား''

"အင်းလေ အဲ့ဒါကြောင့် အိမ်ကို ခဏပြန်ပို့ပေးနော်''


"ဆေးရုံသွားတဲ့လမ်းမှာ စင်တာတွေ ပေါမှပေါ''

"အဲ့ဒါ ဘာလုပ်ရမှာလဲ၊ ခက်က ခက်ရဲ့ အဝတ်အစားတွေပဲ ဝတ်ချင်တာကို''


"ပူတူး ဝတ်နေကျပုံစံအတိုင်း ဖြစ်နေစေရမယ်၊

ကြာတယ်ကွာ သွားတိုက်စရာရှိတာ မြန်မြန်တိုက်၊ ကိုယ်ရပ်စောင့်နေရတာ ခြေထောက်ညောင်းတယ်''


"ဘယ်သူက စောင့်ခိုင်းနေလို့လဲ၊ ကိုယ့်ဟာကိုယ် ဒုက္ခခံနေပြီးတော့ ''


သွားတိုက်ရင်းမှ ပလုံးပထွေးအသံဖြင့်

မျက်စောင်းလေးချီကာ ပြောနေသည်မို့

သူ အချစ်ပိုနေမိသည်။


ပုံမှန်ထက် ပိုပြီးဖောင်းကားနေသည့် ပါးဖောင်းဖောင်းကိုလဲ အူတွေယားကာ မနေနိုင်တဲ့အဆုံး သွားဖြင့်ဖွဖွလေးကိုက်ပစ်လိုက်တော့..


"အ့.. ဘာ..လုပ်တာလဲ''


"ကိုက်တာလေ၊ မင်းရဲ့ပါးဖောင်းဖောင်းအိအိလေးကို အူယားလို့ ကိုက်လိုက်တာ''


"ကိုကိုနော် သူ့အသားမဟုတ်တိုင်း"

"မင်းကို ကိုယ်ပိုင်တဲ့အတွက် မင်းရဲ့ပါးလေးကိုလဲ ကိုယ်ပိုင်တယ်လေ''


အပိုတွေတအားပြောတတ်သည့် ကိုကို့ကို

ခက် ဘာမှပြန်ငြင်းမနေတော့ပဲ မျက်နှာသစ်ခြင်းအမှုကို ဆက်လုပ်လိုက်၏။


အားလုံးပြီးသွားတော့လဲ ကိုကို ကိုယ်တိုင်ပဲ

ခက်ကို ပွေ့ချီကာ ကုတင်ပေါ်ချပေး၏။


ဘယ်အချိန်ကတည်းက သူ့ပုခုံးပေါ် တင်လာမှန်းမသိသော မျက်နှာသုတ်ပါဝါအဖြူလေးဖြင့် ခက် မျက်နှာလေးပေါ်က ရေတွေကို သုတ်ပေးဖို့ပြင်လိုက်တော့..


"ပေးပါ ဒါတော့ ခက် လုပ်နိုင်ပါတယ်''

"မင်းလုပ်နိုင်တာကို သိတယ်၊ ဒါပေမယ့် နဖူးက ဒဏ်ရာကို ထိမှာစိုးလို့်''


"မထိပါဘူး ပေးပါ''

"မရဘူး ငြိမ်ငြိမ်နေစမ်းကွာ၊ စိတ်မရှည်တော့ရင် အနာပေါ်ကနေ ခေါက်ပစ်လိုက်မယ်၊ ဘာမှတ်နေလဲ''


"လုပ်ပေါ့ ခက်က အခု ကိုကို့လက်ခုပ်ထဲကရေပဲလေ၊ မှောက်လိုမှောက် လှန်လိုလှန် ကိုကို့သဘောပဲလေ''

"သေချာလား ကိုယ့်သဘောပဲဆိုတာ''


ခက်က ဒီအတိုင်းရိုးရိုးပဲ ပြောလိုက်ပေမယ့်

ဘာကို အတွေးပေါက်သွားသလဲ မသိတဲ့

ကိုကိုက ရယ်မြူးရိပ်သန်းနေသည့် မျက်ဝန်းတစ်စုံဖြင့် ကြည့်ကာ မေးလာတာမို့ ခက် မျက်တောင်လေးတွေကို ပုတ်ခတ် ပုတ်ခတ်လုပ်ကာ...


"ခက် ပြောတာက ကိုကို ခက်ကို အနိုင်ကျင့်နေလို့လေ''

"အွန်းလေ ကိုယ်ကလဲ အဲ့ဒီ့အနိုင်ကျင့်တာကိုပဲမေးတာ၊ တကယ် ကိုယ့်သဘောပဲလား''


"ဟာ.. မသိဘူး.. ခက်ပြောချင်တဲ့အဓိပ္ပါယ်နဲ့

ကိုကို ထင်နေတာနဲ့ မတူဘူး''


"ဟုတ်လား မတူဘူးလား၊ ဒါဆို မင်းပြော မင်းပြောချင်တာက ဘာလဲ၊ ကိုယ်ထင်နေတာက ဘာလဲ''


"ကိုကိုနော်''


မဖြေတတ်တော့တာမို့ ခက် မျက်စောင်းလေးသာ ထိုးပစ်လိုက်၏။ါကိုပင် ကိုကိုက သဘောကျကာ တဟားဟားရယ်နေသေးသည်။


သူ ရယ်လို့အားရမှ ခက်ကို သုတ်ပေးထားသည့်

မျက်နှာသုတ်ပုဝါလေးကို အခန်းထောင့်ကခြင်းထဲ သွားထည့်ရင်း..


"အခုတော့ ဒီပုံစံနဲ့ပဲ ဆေးရုံသွားကြရအောင်နော်၊

အပြန်မှ မင်းအတွက် လိုအပ်တာတွေ ဝယ်ရမှာပဲ''


"မဝယ်ပါနဲ့ အိမ်ကိုပဲ ပြန်ယူ..


"မင်းတော်တော် အိမ်ပြန်ချင်နေတာလား ပူတူး''

"အင်း''


ခေါင်းကို ဆတ်ခနဲငြိမ့်ပြီး ဖြေလိုက်ပုံက

ဘာအလိမ်အညာမှမပါ။ ဒီပုံစံလေးကိုပါ ဒေါသဖြစ်နေရအောင်လဲ သူ့စိတ်က အဲ့လောက်မမာနိုင်ပါ။ အကြောင်းအရာက သူမ ဖြစ်နေလို့။


"ကိုယ်မနေ့က ပြောထားတယ်လေ၊ ကိုယ့်စကားနားထောင်ရင် မင်းမေမေနဲ့ ဖုန်းပြောခိုင်းမယ်လို့

ဘာလဲ မ​ပြောချင်ဘူးလား''


"မဟုတ်ပါဘူး ခက်​က ဒီအတိုင်း ပိုက်ဆံမကုန်အောင်လို့ ပြောပြတာပါ''


"ဒါတွေ မင်းတွေးစရာမလိုပါဘူး၊ မင်းတစ်ကိုယ်စာလောက်ကတော့ ကိုယ်ဆင်နိုင်ပါတယ်''


"ကိုကို့ပိုက်ဆံနဲ့လား မဟုတ်ဘူးမလား၊ ကိုကို့ရဲ့မေမေ့ပိုက်ဆံတွေနဲ့ ဆင်ပေးမှာမလား''


"ဟာ.. မင်း လူကို အထင်သေးလှချည်လား၊

ဒီမှာ ကိုယ့်ကို သေချာကြည့်၊  မိဘလုပ်စာ ထိုင်စားမယ့် ရုပ်လားဆိုတာ''


ဒီတစ်ခါတော့ တကယ်ဒေါသထွက်သွားသည့်

ကိုကို့ရဲ့ပုံစံကြောင့် ခက် ဘာမှထပ်မပြောပဲ ငြိမ်နေလိုက်ရ၏။ အစက ခက်နဲ့ကိုကို ဒီလောက် ရန်မဖြစ်ရပါ။ အင်းလေ အဲ့ဒါကလဲ ခက်က သူ့အလိုကျ ငြိမ်နေ လက်ခံပေးနေခဲ့တာကို။


ဒီနေ့မှ ခက်က သူ့ကို တစ်ခွန်းမခံ ပြန်ပြန်ပြောနေတော့ ပြဿနာက မဖြစ်ပဲနေမလား။


အဲ့ဒီ့နောက်ပိုင်း ငြိမ်သက်သွားခဲ့သည်က ဆေးရုံက ပြန်လာသည်အထိ။


ခက်ရဲ့ ခြေထောက်က ကျိုးသွားတာမဟုတ်ပဲ

အရှိန်နဲ့တိုက်မိခဲ့တာမို့ အရိုးနည်းနည်းအက်သွားတာတဲ့လေ။ အဲ့ဒါကလဲ သိပ်ပြီးမများတာမို့ လောလောဆယ် ပတ်တီးပဲစည်းကာ အိမ်ပြန်လာခဲ့၏။


"မင်း ကားပေါ်ကပဲ စောင့်နေခဲ့''

"ဟုတ်''


"အိမ်ကိုပြန်ပြေးမယ်လို့မကြံနဲ့နော်''

"ခက်က ဘယ်လိုပြေးရမှာလဲ၊ ကင်းမြီးကောက်ထောင်ပြေးရမှာလား''


ထိုအခါမှ ဂုဏ် သူမရဲ့ပတ်တီးစည်းထားတဲ့ခြေထောက်လေးကို ပြန်ကြည့်လိုက်၏။


ဒီအတိုင်းဆိုရင် သူမ လမ်းလျှောက်ရတာ

ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်တာကြောင့်

သွားရ လာရအဆင်ပြေအောင် တစ်ခုခုတော့

လုပ်ပေးရမယ်လို့ တွေးကာ..


"တစ်ခုခုလိုချင်တာရှိလား ကိုယ်တစ်ခါတည်း 

ဝယ်ခဲ့ရအောင်လို့''

"အိမ်ပြန်ချင်​တာကလွဲရင် ဘာမှမလိုချင်ဘူး''


ဂျစ်တိုက်ပြီးဖြေနေသည့် သူမကို ဂုဏ်ပြန်မပြောတော့ပဲ ကားပေါ်မှဆင်းကာ စင်တာထဲဝင်လိုက်၏။


သူမလေး ဝတ်နေကျပုံံအတိုင်း အပေါ်ထပ်လက်ရှည်ပါးပါးလေးကို ဝယ်ရတာ မခက်ပေမယ့် အတွင်းဝတ်တွေ ဝယ်တော့ အခက်တွေ့ရသေးသည်။


အားလုံးဝယ်ပြီးသွားတော့ တစ်နာရီနီးပါးကြာသွားသည်။


သူ ကားပေါ်ပြန်ရောက်လာချိန် ပူတူးက အိပ်ပျော်နေပြီဖြစ်တာမို့ အပြင်မှာ တစ်ခုခုစားဖို့တွေးလာသည့် အစီအစဥ်လဲ ဖျက်လိုက်ရ၏။


>>>>>>>>>><<<<<<<<<<


"ကိုကို''

"ဟင်''


ဝရံတာဘက်က စားပွဲတွင် လပ်တော့ပ်တစ်လုံးဖြင့် အလုပ်ရှုပ်နေရာမှ နောက်က ပူတူးအသံကြောင့်လှည့်ကြည့်လိုက်၏။


ဒူးအထိရှည်သော နက်ပြာရောင်ကြိုးတစ်ချောင်း

ဖဲသား ညဝတ်ဂါဝန်လေးနဲ့ အပေါ်မှ ဂါဝန်နဲ့အညိီ ဒူးအထိရှည်သော နက်ပြာရောင် ရင်ကွဲလက်ရှည်လေးကိုဝတ်ထား၏။


အိပ်ခါနီးမို့ဆံပင်ရှည်တွေကို ဖြန့်ချထားပုံရသည့် သူမရဲ့ ဆံနွယ်ရှည်တွေက ကျောပြင်နဲ့ ရင်ဘတ်တဝိုက်တွင် ဝဲဖြာကျနေ၏။


ဘာမှ ​ြခယ်သမထားလဲ မှုန်ညက်နေသည့် သူမရဲ့ မျက်နှာဝင်းဝင်းလေးက ညရဲ့ပြာလဲ့လဲ့မီးရောင်အောက်တွင် အရောင်တောက်နေသည်။


ဂုဏ် သူမရဲ့ချစ်စဖွယ်ပုံစံလေးကို ေငးစိုက်ကြည့်နေရာမှ မျက်လုံးတို့က သူမရဲ့ခြေထောက်ဆီမှ ပတ်တီးဖြူဖြူလေးဆီအရောက်မှာတော့ မျက်ခုံးတွေစုကျုံ့သွား၏။


​ခြေထောက်မကောင်းလို့ ဘယ်သွားသွား သူပွေ့ချီသွားတတ်တာကို မကြိုက်တာမို့ ဝှီးလ်ချဲရော ဂျိုင်း​ေထာက်လေးရော သူဝယ်ပေးထားပေမယ့် ဂျိုင်းထောက်လေးကိုသာ အသုံးပြုသည့် ပူတူးက အခုလဲ ဂျိုင်းထောက်လေးကို အားပြုကာ သူ့အနားလျှောက်လာနေ၏။


"ခြေထောက်ကမကောင်းပဲနဲ့၊ ဘာလို့ လျှောက်သွားနေတာလဲ၊ လမ်းလျှောက်တာများရင် သွေးကျပြီး ခြေထောက်တွေ ရောင်ကုန်တော့မှာ''


"ဘာမှမဖြစ်ပါဘူး၊ ခက် သက်သာနေပါပြီ''


"သက်သာနေပြီဆိုရင် အဲ့ဂျိုင်းထောက်ကြီး

လွှင့်ပစ်လိုက်လေ''


ကလေးကိုဆူသလို တပွစိစိပြောရင်းကနေ

သူမ ထိုင်ရန် သူနဲ့မျက်နှာချင်းဆိုင်က ခုံကိုဆွဲပေးလိုက်၏။


"ဘာလို့ အပြင်ထွက်လာတာလဲ''

"ခက် ကိုကို့ကိုပြောစရာရှိလို့''


သူမ နေရာတကျထိုင်ပြီးသွားမှ သူလဲ သူ့နေရာသူပြန်ထိုင်ကာ လပ်တော့ပ်ကို ပြန်ငုံ့ကြည့်ရင်း


"လက်မထပ်ချင်ဘူးဆိုတာရယ် အိမ်ပြန်ချင်တယ်ဆိုတာရယ်ကလွဲရင် ပြောချင်တာပြော''


"နေ့လည်က ကိုကိုအောက်ထပ်ဆင်းနေတုန်း

ကိုကို့မေမေဆီက ဖုန်းလာတယ်''


"ဟုတ်လား''

"အွန်း.. အဲ့ဒါ ခက် ကိုင်လိုက်တယ်''


"ဟင်''


ဒီတစ်ခါတော့ သူမကို သူပြန်မော့ကြည့်လိုက်၏။

မေမေတစ်ခုခုပြောသွားသလားဆိုပြီး သူမရဲ့ မျက်နှာက အမူအယာတွေကို ရှာကြည့်လိုက်ပေမယ့် ထူးခြားတာ ဘာတစ်ခုမှမတွေ့။


"မေမေက ဘာပြောလဲ''

"ကိုကို့ကို အိမ်ပြန်လာခဲ့ဦးတဲ့''


>>>>>>>>>><<<<<<<<<<


အားပေးတဲ့ အသဲတွေအားလုံးကို ကျေးဇူးတင်ပါတယ်😘😘


အမှားပါသွားရင် ချစ်တဲ့စိတ်နဲ့ဝေဖန်ပေးပါ😁😁


အပိုင်း(၁၈)မျှော်


စာရေးသူ-Merida(Tulip)


rate now: