book

Index 16

အပိုင်း(၁၆)

  • Author : Merida
  • Genres : Romance, Comedy, Drama

🎗🎗 နှောင်ကြိုး 🎗🎗


~~~~~~~~~~


"ကျွိ... ချလပ်

"မျိုးရိုးဂုဏ် ခင်ဗျား ကျုပ်ညီမကို ဘယ်ခေါ်သွား...ဟာ..ခင်ဗျား... ခင်ဗျား..


​ေလာ့ချမထားသည့် တံခါးကိုတွန်းဖွင့်လိုက်ပြီး

တစ်လမ်းလုံးမေးချင်လာသည့် မေးခွန်းကို

မေးချလိုက်ပေမယ့် အဆုံးထိမေးခွင့်မရလိုက်။


ပြတင်းပေါက်နားတွင် သူ့ကိုရပ်ပြိိီးကြည့်နေသည့် မျိုးရိုးဂုဏ်ရဲ့ပုံစံက ကြယ်သီးတစ်လုံးမှ တပ်မထားသည့် အဖြူရောင်လက်ရှည်ဖရိုဖရဲနဲ့။


ကုတင်ဘေးက ကြမ်းပြင်မှာလဲ အနက်ရောင်ရှူးဖိနပ်တစ်စုံနဲ့ ညီမလေးစီးသွားသည့် မိတ်ကပ်ရောင် ဒေါက်မြင့်ဖိနပ်လေးက လုံးထွေးကာ မှောက်တဲ့ဖိနပ်က မှောက်။


ဒါ့အပြင် သူနဲ့ခပ်လှမ်းလှမ်းမှာက နှင်းဆီပန်းလေးတွေနဲ့ ခါးပတ်တစ်ခုက ရောထွေးယှက်နွယ်လျက်။


ကုတင်ပေါ်မှာကလဲ သူတို့ကို ကျောပေးပြီးအိပ်နေသည့် ညီမလေး။


နက်မှောင်ပြီး ဖြောင့်စင်းနေသည့် ဆံနွယ်ရှည်တွေက ခေါင်းအုံးပေါ်မှာသာမက မွေ့ယာလေးပေါ်မှာပါ ပြန့်ကျဲလျက်။


သေချာကြည့်လိုက်တော့ ညီမလေးဝတ်ထားတာ

မနက်က ဝတ်စုံလေးမှမဟုတ်ပဲ။


တစ်ခါမှ တွေးမကြည့်ဖူးသည့် အဖြစ်အပျက်ကို

ညီမလေးရဲ့ပုံစံနဲ့ တွဲမြင်လိုက်ရတော့ ခေါင်းထဲမှာ လက်ပစ်ဗုံးတွေ ပစ်ခွဲလိုက်သည့်အတိုင်း။


ကိုယ့်ညီမကိုယ် နှမြောတာရော ဒီလူ့ကို ဒေါသထွက်တာရောပေါင်းကာ မျိုးရိုးဂုဏ်ရှိရာကို လျှောက်သွားလိုက်ပြီး


"ခွပ်.. ခွပ်..

ခင်ဗျားက လူယုတ်မာပဲ..

ခင်ဗျား ဘာလို့ ကျုပ်ညီမကို..ဘာ..ဘာလို့ ဒီလို..


"ဝသန်... လက်လွန်မယ်ကွာ လာ..လာပါကွာ

ငါတို့ပြန်ကြရအောင်''


"မပြန်ဘူး ငါ ဒီလူ့ကိုသတ်ပြီးမှပြန်မှာ

ဖယ်စမ်းပါ နေအရိပ်ရာ ဖယ် ငါ့ကို လွှတ်''


"ဝသန် စိတ်ကိုထိန်းကွာ

ငါတို့ဘာမှမတတ်နိုင်တော့ဘူး လာ ပြန်မယ်''


"မပြန်ဘူးလို့ငါပြောနေတာနော် နေအရိပ်

လွှတ်စမ်းကွာ''


ဆွဲတဲ့သူကဆွဲ ရမ်းတဲ့သူကရမ်းဖြင့် ဝသန်နဲ့နေအရိပ် အလုပ်ရှုပ်နေပေမယ့် နှင်းစက်ကတော့ အခန်းဝမှာငြိမ်သက်နေဆဲ။


ဖရိုဖရဲဖြစ်နေသည့် ဂုဏ့်ကို ခပ်ငေးငေးလေးသာ

ရပ်ကြည့်နေ၏။


"နေအရိပ် ဝသန်ကိုလွှတ်လိုက်ပါ

သူ ငါ့ကို စိတ်ကျေနပ်အောင်လုပ်ပါစေ''


ဂုဏ် ဒီလိုပြောလိုက်တော့ ဝသန်က သူ့ကို မီးတောက်နေသည့်မျက်လုံးများဖြင့် ဖျတ်ခနဲမော့ကြည့်လာပြီး


"လုပ်မှာပါ စိတ်ချ၊ ခင်ဗျားကို သတ်ပြီးမှ ကျုပ် ဒီအိမ်ကပြန်မှာ၊ လွှတ် နေအရိပ်''


"မလွှတ်ဘူးကွာ ဒီမှာ ငါပြောတာနားထောင်စမ်း၊

မင်း သူ့ကိုသတ်လိုက်ရင် အရှက်ကွဲမှာက ဘယ်သူလဲ ဟမ်၊ မင်းသေချာစဥ်းစား နောက်ဆုံးအရှက်ကွဲကျန်ခဲ့ရမှာက သစ်ခက်လေးပဲ၊ မင်းစိတ်ထိန်းစမ်းပါကွာ''


ထိုအခါ ဝသန်က ငြိမ်သွား၏။ 

သူဘာလုပ်လုပ် ငြိမ်ခံနေမယ့် ဂုဏ့်ကို သူဒေါသတကြီးကြည့်ပြီးမှ


"ကျုပ်ညီမကို ကျုပ်ပြန်ခေါ်သွားမယ်''


ဝသန် ဘာလုပ်လုပ် သည်းခံပေးဖို့ တွေးထားတဲ့စိတ်တွေက ဒီတစ်ခါတော့ လက်မခံနိုင်။


အိပ်ပျော်နေသည့် ပူတူးနားကို လျှောက်သွားနေသည့် ​ဝသန့်နောက်ကနေ ခြေလှမ်းကျဲများဖြင့် လိုက်သွားကာ ရှေ့ကနေ ပိတ်ရပ်ပစ်လိုက်ပြီး..


"မင်း မကျေနပ်ရင် ငါ့ကို ကြိုက်သလိုလုပ်၊

ဒါပေမယ့် ပူတူးကိုတော့ ငါ့ဆိီက ဆွဲထုတ်သွားလို့မရဘူး၊ ငါခွင့်မပြုဘူး''


"ခွင့်မပြုရအောင် ခင်ဗျားကဘာမို့လို့လဲ''

"အခုချိန်မှာ ငါက သူ့ရဲ့အုပ်ထိန်းသူ''


"ဘာ.. ခင်ဗျား ရူးနေလား ဟမ်၊ မိန်းကလေးတစ်ယောက်ကို အလိုမတူပဲ ခိုးယူပေါင်းသင်းတာဟာ ပြစ်မှုမြောက်တယ်ဆိုတာ ခင်ဗျား မသိဘူးလား''


"အလိုမတူဘူးလို့ မင်းကို ဘယ်သူကပြောလဲ၊ ဒီအခြေအနေကိုကြည့်ရင် ဘာလဲဆိုတာမင်းသိမှာပါ၊ ပြီးတော့ ငါ့ဘက်ကခိုးယူပေါင်းသင်းနေတယ်လို့ မင်းသံသယရှိရင် ကြိုက်တဲ့တရားရုံးကနေ ငါ့ကို တရားစွဲနိုင်တယ်၊ ဒါပေမယ့် အခု ပူတူးကို မင်းခေါ်သွားလို့မရဘူး''


"ခင်ဗျား...

"အခု ငါတို့ပြန်လိုက်ရအောင် ဝသန်

အန်တီထားလဲ စိတ်ပူနေမှာ လာပါကွာ''


နေအရိပ်ဆွဲခေါ်မှ သူ့ကို မကျေမချမ်းကြည့်ကာ

လက်ခံသွားပုံရပြီး အခန်းထဲမှ ထွက်သွား၏။


အခန်းထဲမှာ ကျန်ခဲ့တာက

သူရယ် ပူတူးရယ် နှင်းစက်ရယ်။


"ဂုဏ်''

"နင်လဲပြန်လိုက်တော့ နှင်းစက်၊ ငါ နောက်ဆုတ်တော့မှာ မဟုတ်ဘူး''


နှင်းစက်ကို ကျောပေးရပ်လိုက်ပြီး ကုတင်ထက်တွင် မှေးစက်နေသည့် ပူတူးကို ငုံ့ကြည့်လိုက်စဥ် နောက်ကနေ သူ့ခါးကို ပြေးဖက်လာသည့် လက်တစ်စုံ။


ထိုလက်တွေကို သူဖယ်ပစ်ဖို့ပြင်လိုက်တော့..


"နင်နဲ့ငါ စပြီးခင်ကြကတည်းက Just friendလောက်နဲ့ ပြီးသွားဖို့မဟုတ်ဘူး၊ ၁၀နှစ်ကျော် ခင်လာတဲ့ သံယောဇဥ်တွေကို နင်အရောင်ဆိုးကြည့်စမ်းပါဟာ''


"ဘာတွေပြောနေတာလဲ နှင်းစက်၊ ဘာကို အရောင်ဆိုးရမှာလဲ၊ ငါ့ရင်ထဲမှာ ဟိုးအရင်ကတည်းက ရှိနေတဲ့အရောင်က အဖြူရောင်မဟုတ်တော့တဲ့ ငါကိုယ်တိုင်ခြယ်သထားတဲ့ ပန်းနုရောင်သန့်သန့်လေး၊ အဲ့ဒါကလဲ ပူတူးပဲ''


"ဟင့်အင်း ငါလက်မခံနိုင်ဘူး၊ ငါ့မှာ ဟိုတစ်ယောက်ထက် နိမ့်ကျတဲ့အရာ ဘာများရှိနေလို့လဲ''


ဂုဏ် သူမရဲ့လက်တွေကို ဖြုတ်ချကာ နောက်ကို တစ်လှမ်းဆုတ်ရပ်လိုက်ပြီးမှ မျက်နှာချင်းဆိုင်ဖြစ်သွားအောင် လှည့်ရပ်ကာ


"အချစ်ကို နင်ဘယ်လိုလက်ခံထားသလဲဆိုတာ

ငါမသိဘူး၊ ငါလက်ခံထားတဲ့ အချစ်က ပိုင်ဆိုင်မှုတွေ  ပညာအရည်အချင်းတွေ မဟုတ်တာတော့သေချာတယ်၊ ငါချစ်တဲ့သူရဲ့အပြုံး ငါချစ်တဲ့သူရဲ့အမူအယာ ငါချစ်တဲ့သူရဲ့စကားသံလေးတွေက အချိန်တိုင်း ငါ့ကိုရင်ခုန်နေစေရမယ်၊

အဲ့ဒီ့လိုလူကို ငါ ခက်ခက်ခဲခဲရှာတွေ့ထားတာ''


"အဲ့ဒါ မိခက်ပေါ့လေ ဟုတ်လား၊ ဒါဆို နှင်းစက်က ဘာလဲ၊ အနီးဆုံးမှာရှိနေခဲ့လို့ နင်မမြင်နိုင်ခဲ့တာလား၊ ဒါဆို ငါအဝေးကို ထွက်သွားပေးရမလားဟင် ပြောစမ်းပါ ဂုဏ်ရဲ့''


သူ့ ရင်ဘတ်ကို ထုရိုက်ပြီးပြောနေသည့်

နှင်းစက်ရဲ့ လက်တွေကို သူ လက်တစ်ဖက်ဖြင့်

ထိန်းချုပ်လိုက်ကာ..


"ထွက်သွားပေးပါ၊ ငါ့ဘဝထဲမှာ နင့်အတွက်နေရာ ဘယ်တုန်းကမှ မရှိခဲ့ဘူးဆိုပေမယ့် နင်က ပူတူးကို ချုပ်ကိုင်နေတယ်၊ နင့်ကြောင့်နဲ့ ပူးတူးက ငါ့ကိုတွန်းထုတ်နေတာ၊ ငါတောင်းဆိုပါတယ် ပူတူးရဲ့ဘဝထဲကရော ငါ့ဘဝထဲကရော ထွက်သွားပေးပါ''


"ဟင့်အင်း ထွက်မသွားနိုင်ဘူး၊ အဲ့လိုထွက်သွားလိုက်ရင် နင်တို့ကိုလမ်းဖွင့်ပေးလိုက်သလို ဖြစ်သွားမှာ၊ အတ္တကြီးတယ်ပဲပြောပြော ရူးတယ်ပဲဆိုဆို နင်က ငါနဲ့ပဲလိုက်ဖက်တာပါဟာ''


သူ ဒီလောက် နားလည်အောင်ပြောနေတဲ့ကြားက

လက်မခံနိုင်ပဲ ဖြစ်နေသည့် နှင်းစက်ကို

သူ စိတ်ပျက်စွာ တစ်ချက်ကြည့်လိုက်၏။


"ပြန်လိုက်တော့ နှင်းစက်၊ တော်ကြာ ပူတူး နိုးသွားလိမ့်မယ်''


"နိုးပါစေလေ နင်ပိုင်တဲ့ နင့်ရဲ့အိပ်ယာပေါ်ကရော 

နင့်ရဲ့ဘဝထဲကပါ ထွက်သွားဖို့ဆိုရင် သူနိုးသွားမှဖြစ်မှာ ဟေ့.. မိခက်.. ထစမ်း.. မိခက်


နှင်းစက်က ပူတူးအနားကိုတိုးလျှောက်သွား၏။

ထို့နောက် သူကိုယ်တိုင်ခြုံပေးထားခဲ့သည့်

စောင်ကိုဆွဲဖယ်ဖို့ပြင်နေတာမို့ ဂုဏ် သူမရဲ့လက်ကို လှမ်းဆွဲလိုက်ပြီး အသံခပ်ကြိတ်ကြိတ်ဖြင့်


"ဘာလုပ်တာလဲ နှင်းစက်''


"သူ့ကိုနှိုးမလို့လေ အိပ်မက်ထဲက နိုးထနိုင်အောင် နှိုးပေးမလို့.. မိခက်.. ထလို့... မိခက်..


"ကျစ်.. လာခဲ့စမ်း မင်း..


ထိန်းမရ သိမ်းမရအောင် ပေါက်ကွဲနေသည့်

နှင်းစက်ရဲ့လက်ကိုဆွဲကာ အခန်းပေါက်ဝနားအထိ ဆွဲခေါ်လာပြီးမှ


"သွား.. ပြန်တော့''

"မပြန်ဘူး.. ဘာလို့ပြန်ရမှာလဲ မပြန်ဘူး''


"မင်းကို ငါ ဘာမှမလုပ်မိခင်ပြန်လိုက်တော့ နှင်းစက်၊ မင်းကြောင့် ပူတူး နိုးသွားရင် မင်းကို ငါခွင့်လွှတ်မှာမဟုတ်ဘူး၊ သွား.. ပြန်တော့''


သူမကို အခန်းအပြင်ဘက်ကို တွန်းပို့လိုက်ပြီး.

တံခါးကို ဒိုင်းခနဲနေအောင် ဆွဲပိတ်သွား၏။


ဒီလောက် မောင်းထုတ်ခံနေရသည်ကို အမှတ်မရှိသည့် လက်တို့က အခန်းတံခါးလေးကို တဒေါက်ဒေါက်နဲ့ခေါက်နေမိသေးသည်။


သူမ ဘယ်လောက် ခေါ်နေ ခေါ်နေ အသည်းမာသည့် ဂုဏ်ကတော့ ထွက်လာခဲ့ခြင်းမရှိ။


အသည်းမာတာထက် အသည်းနှလုံးမရှိတော့တာပါ။


သူ့အသည်းနှလုံးက ဒီအချိန် ဘယ်သူဆီရှိနေမလဲဆိုတာ နှင်းစက် မသိချင်တော့။


>>>>>>>>>><<<<<<<<<<


အချိန်က ည(၈)နာရီ။

မနက်ကတည်းက သတိလစ်နေသည့် သူမကို

နိုးလာနိုး နိုးလာနိုးဖြင့် စောင့်နေရင်းမှ

တဖြည်းဖြည်း စိုးရိမ်လာသည်။


ဒေါက်တာပြောသွားသလို အနာရှိန်ကြောင့်

ဖျားနေသလားဆိုပြီး နဖူးလေးကို စမ်းစမ်းကြည့်ရတာလဲ အမော။


မျက်နှာလေး နီရဲလာတာကလွဲရင်

ဖျားခြင်း ဘာညာလဲမရှိတာမို့ ဘာလို့ အခုထိ

သတိမရသေးလဲဆိုတာ သူစဥ်းစားလို့မရ။


"သား ညစာအရင်စားလိုက်ပါလား

ဒေါ်ထွေး သမီးကို စောင့်ပေးမယ်လေ''


"တော်ပြီ ကျွန်တော်မဆာဘူး၊ ဘာလို့ အခုထိ သတိရမလာသေးတာလဲကွာ''


"ဆရာဝန်ထပ်ခေါ်ကြည့်ပါလား သား''


"နောက်တစ်နာရီလောက် စောင့်ကြည့်လို့မှ မထူးရင်တော့ ဆေးရုံခေါ်သွားလိုက်တော့မယ်''


"အဲ့ဒါလဲ မဆိုးပါဘူး''


"တီ..တီ..တီ..


အောက်ထပ်မှ ကားဟွန်းသံကြောင့် ဒေါ်ထွေးက 

အောက်ကိုပြန်ဆင်းသွားပေမယ့် သူက ကုတင်ဘေးက ထိုင်ခုံလေးမှ နည်းနည်းလေးမှမလှုပ်။


ဒီအိမ်မှာ ဧည့်သည်လာစရာက သူဆီပဲရှိတာဆိုပေမယ့် ဒီအချိန် ဘယ်ဧည့်သည်နဲ့မှ သူမတွေ့ချင်ပါ။


သူမသာ တစ်ခုခုဖြစ်သွားရင်ဆိုသည့်စိတ်ဖြင့် 

သူမအနားကနေ တစ်ဖဝါးမှ မခွာရဲ။


ပူတူးရဲ့လက်တစ်ဖက်ကို သူ့လက်လေးတစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ကျန်တဲ့လက်တစ်ဖက်က ခေါင်းလေးကို ပွတ်သပ်ပေးလိုက်၏။


ဒီအချိန်များ သူမသတိရလာရင် သူ့ကို ဘယ်လောက်ထုရိုက်ပြီး အပြစ်တင်လိုက်မလဲဆိုတာ တွေးမိပြီး ပြုံးလိုက်ကာ သူမရဲ့ လက်ဖမိုးလေးကို ဖိကပ်နမ်းပစ်လိုက်စဥ်


"ဂုဏ်လေး.. နင်..

"မလေး''


ကုတင်ပေါ်တွင် အိပ်ပျော်နေသလားမသိသော

မိန်းကလေးကို ဂုဏ်လေးက ထိုင်ကြည့်နေ၏။


ဒါ့အပြင် လက်တစ်ဖက်က ထိုမိန်းကလေးရဲ့

ခေါင်းလေးကို ကလေးတွေချော့သိပ်သလိုမျိုး

ဖွဖွလေး ပွတ်သပ်ပေးနေပြီး ကျန်တဲ့လက်တစ်ဖက်က ထိုမိန်းကလေးရဲ့လက်လေးကိုကိုင်ကာ မြတ်မြတ်နိုးနိုးလေး နမ်းရှိုက်နေသေး၏။


သူမကိုမြင်မှ မျက်နှာကို ချက်ချင်းတည်တင်းပစ်လိုက်သည့် ဂုဏ်လေးက လေသံတိုးတိုးလေးဖြင့်..


"မလေး ဘာလာလုပ်တာလဲ''

"ဘာလာလုပ်တယ်ထင်လဲ ဟမ်၊ ဂုဏ်လေး မင်းဘာလို့ ဒီလောက်တဇွတ်ထိုးဆန်နေရတာလဲ''


"ဟာ.. မလေး တိုးတိုးပြောပါဗျ၊ ပူတူးလန့်သွားမယ်''


သူမရဲ့ အသံက ဒီလောက်တောင်ကျယ်သွားသလား။


သိပ်ကို အကဲပိုလွန်းနေသည့် ဂုဏ်လေးကို

အမြင်ကပ်တာကြောင့် အသံကိုပိုကျယ်ပစ်လိုက်ပြီး


"မင်းမှာ ဆွေးမျိုးမောင်နှမတွေ မရှိဘူးလို့တွေးပြီး အခုလို လုပ်ချင်ရာ လုပ်သွားတာလား ဟုတ်လား ပြောစမ်း ဂုဏ်လေး''


"ဟာ.. မ​လေးနဲ့တော့ ခက်ပြီဗျာ၊ လာ လာ အပြင်ထွက်မယ်''


"ဘယ်အပြင်မှ မထွက်ဘူး၊ ဒီအခန်းထဲမှာပဲ ပြောမယ်၊ အဲ့ဒီ့တစ်ယောက်ကိုပါ နှိုးလိုက်''


သူမ ပြောလိုက်သော်လည်း ဂုဏ်လေးက 

ထိုမိန်းကလေးကို တစ်ချက်သာငုံ့ကြည့်လိုက်ပြီး


"သူက အိပ်ပျော်နေတာမဟုတ်ဘူး''

"အိပ်ပျော်နေတာ မဟုတ်ရင် ဘာလဲ၊ သေနေတာလား ဟမ်''


"မလေး..


မလေးရဲ့ စကားကြောင့် သူဒေါသတကြီးအော်ပစ်လိုက်၏။

ပြီးမှ ပူတူးကိုသတိရကာ ပြန်ကြည့်လိုက်တော့

ပုံစံမပျက်ပဲ မျက်လုံးတွေမှိတ်ထားတာမြင်မှ

မလေးဆီကို လျှောက်သွားလိုက်ပြီး


"လာ.. အပြင်မှာပြောမယ်''


ခေါင်းမာသည့် မလေးက သူ့လက်တွေကို ရုန်းနေသေးသည်။ သို့ပေမယ့် အားချင်းမမျှတာမို့ သူဆွဲခေါ်လာသည့်အတိုင်း အခန်းအပြင်ရောက်မှ..


"ပူတူးက သတိလစ်နေတာ၊ ကျွန်တော် သူ့ကိုကားနဲ့တိုက်ပစ်ပြီး ခိုးလာတာ''


"ဘာ.. ဘာပြောတယ်၊ ကားနဲ့တိုက်တယ် မင်းက တိုက်လိုက်တာလား''

"အွန်း''


"ဘာတွေလျှောက်လုပ်နေတာလဲ ဂုဏ်လေးရယ်

ငါ စိတ်ညစ်လိုက်တာ၊ အဲ့တော့ အခု သူဘယ်လိုနေလဲ တစ်ခုခုဖြစ်သွားတာလား''


"မသိဘူး မနက်ကတည်းက အခုထိ သတိရမလာသေးဘူး''


"ဟင်..


ဒေါက်တာပြောသွားတဲ့ စိုးရိမ်စရာမရှိဘူးဆိုတာကိုတော့ သူ ပြောမပြလိုက်တော့ပါ။

ဒါမှ မလေး စိတ်ပူပြီး ပါးစပ်က ဘာမှထပ်ထွက်မလာတော့မှာလေ။


"မေမေက ဘာပြောသေးလဲ''

"ဘာပြောရမှာလဲ သွေး​ေတွတိုးပြီးအခုတော့ အိပ်ယာထဲမှာပေါ့''


"မေမေ့ကိုပြောပေးပါ၊ ဘာမှသွေးတိုးမနေနဲ့လို့၊ မင်္ဂလာပွဲအတွက် မေမေတို့ ဘာမှလုပ်ပေးစရာမလိုဘူး၊ ပြီးတော့ ကျွန်တော်တို့က ဒီအိမ်မှာပဲနေမှာ၊ ကျွန်တော်မိန်းမရသွားတာကလွဲရင် အားလုံးအရင်အတိုင်းပဲ''


"ဘယ်ဟာက အရင်အတိုင်းဖြစ်တာလဲ၊ ဘယ်ဟာမှ အရင်အတိုင်းမဖြစ်ဘူး၊ မတူညီတဲ့မိသားစုနှစ်ခု ပေါင်းစပ်ခြင်းရဲ့ဆိုးကျိုးတွေ

မင်း မကြာခင်တွေ့လာရဦးမှာ''


"ဘာဆိုးကျိုးမှ တွေ့စရာမရှိဘူး၊ တကယ်လို့ရှိလာမယ်ဆိုရင်လဲ၊ ဒါ ကျွန်တော်ရင်ဆိုင်ရမယ့် ပြဿနာပါ၊ မလေးတို့က အနေသာကြီး''


နဂိုကတည်းက ဂုဏ်ခေါင်းမာမှန်းသိသည်။

ဒါပေမယ့် အခုလို အထိမခံလောက်အောင်

ကျွတ်ဆတ်ခြင်းမျိုးတော့မဟုတ်။


အခုက သူမကို မျက်ခုံးတွေတွန့်ရှုံ့သွားအောင်

စိုက်ကြည့်ပြီးမှ သူ မကြိုက်တာ တစ်ခုခုပြောရင်

နှုတ်ခမ်းတွေပါ မဲ့ပစ်လိုက်တာမို့ သူမရဲ့ စကားတစ်ခွန်းနောက်မှာ ဂုဏ်လေးရဲ့မျက်နှာမှာ ကောက်ကြောင်းတွေပေါ်၏။


အခန်းထဲမှာကျန်ခဲ့သည့် ဟိုမိန်းကလေးကို စိတ်မချ၍လားတော့မသိ။

တစ်ချက် တစ်ချက် အခန်းထဲကို လှည့်လှည့်ကြည့်နေသည့်ပုံက အမြင်ကပ်ချင်စဖွယ်။


"အခု မင်းဘာဆက်လုပ်မယ်တွေးထားလဲ ဂုဏ်''

"ဘာလုပ်ရမှာလဲ သူသတိရလာရင် အရင်ဆုံး သူလက်ခံအောင် ပြောရမှာပေါ့၊ သူဘက်က မီးစိမ်းပြရင် လက်ထပ်မယ်''


"ဒါဆို မင်းက တကယ် ကားနဲ့တိုက်ပြီးခိုးလာတာပေါ့''


ဂုဏ်က ခေါင်းငြိမ့်၏။

ကိုယ့်မောင်က မရမက ယူထားရတယ်ဆိုတဲ့အဖြစ်ကို လက်မခံနိုင်လို့ ထပ်ထပ်မေးနေပေမယ့် ကိုယ့်မောင်က ဘယ်နှစ်ကြိမ်မေးမေး ဒီအဖြေပဲ ဖြစ်နေ၏။


"တကယ်လို့ သူ့ဘက်က လက်မခံဘူးဆိုရင်ရော''


"အခု သူက ကျွန်တော့်လက်ထဲမှာပါ၊ ခေါင်းငြိမ့် ခေါင်းခါလုပ်ဖို့ အခွင့်အရေးက ကျွန်တော်ပေးမှ သူရမှာ''


"ဒါဖြင့် ဘယ်လိုနေနေ မင်းက လက်ထပ်မှာပေါ့''


"အွန်း.. ဒီလိုလုပ်လိုက်လို့ ခွင့်မလွှတ်နိုင်ကြဘူးဆိုရင်လဲ မလေးတို့ ကြိုက်သလိုစီမံပါ၊ ဖြစ်လာမယ့် အရာရာကို သူ့လက်ကိုဆွဲပြီး ကျွန်တော်ရင်ဆိုင်ရဲတယ်''


တစ်ဖက်တည်းတွင် အိပ်ခန်းတွေချည်းပဲ ၈ခန်းရှိပြီး ကျန်တဲ့တစ်ဖက်တွင်တော့ လှေကားလက်ရန်းပုံစံ ဝရံတာဖြင့်ကာထားသည့် အပေါ်ထပ်ရဲ့ လူသွားလမ်းလေးတွင် ရပ်ပြောနေကြခြင်း ဖြစ်သည်။


ဂုဏ်က အခန်းထဲကို စိတ်မချသည့်ပုံံစံဖြင့်

လှည့်လှည့်ကြည့်နေပြီး ခေတ်ကတော့ အောက်ထပ်ကိုသာ အကြောင်းမဲ့ငေးစိုက်ကြည့်နေ၏။


"မေမေ မင်းကို အရမ်းစိတ်ဆိုးနေတယ် ဂုဏ်''


"ကျွန်တော် အရင်ဆုံးတောင်းဆိုခဲ့တယ် မလေး

၊ မေမေဘက်က လက်မခံခဲ့လို့ ဒီလိုတွေဖြစ်ကုန်တာ''


"ဒါပေမယ့် မေမေက အချိန်ပေးဖို့ပြောခဲ့တယ်လေ''


ဒီတစ်ခါတော့ ခေတ် ဂုဏ့်ရဲ့မျက်နှာကို

တည့်တည့်ကြီးကြည့်ပြီးပြောလိုက်တော့..


"အဲ့ဒီ့အချိန်အထိဆိုရင် ကျွန်တော်သူ့ကို လက်လွှတ်လိုက်ရလောက်ပြီ'

'

"ဘာပဲဖြစ်ဖြစ် မင်းလွန်တယ် ဂုဏ်လေး''


"သိပါတယ်၊ အဲ့ဒီ့အတွက် မလေးတို့ကြိုက်သလိုစီမံပါလို့ ကျွန်တော်ပြောပြီးသားပဲလေ''

"ကြိုက်သလိုစီမံပါဆိုတာ ဘာလဲ၊ မင်းကို တို့မိသားစုထဲက ထုတ်ပစ်လိုက်ဖို့လား''


"ဖြစ်သင့်တာပဲလေ၊ မလေးတို့ ပူတူးကို လက်မခံနိုင်ဘူးဆိုရင် ကျွန်တော်လဲ ရွေးချယ်သင့်တာကို ရွေးချယ်ရမှာပဲ''


"ဘာပြောတယ် ဂုဏ်လေး ၊ မင်းစကားရဲ့အဓိပ္ပါယ်ကို မင်းသိရဲ့လား''


ပြောပုံက သူမတို့ဘက်က အလျော့မပေးရင်

သူမတို့ကို စွန့်လွှတ်မယ့်ပုံ။

ဒီလောက် ရူးခါနေအောင် ဟိုမိန်းကလေး 

ဘယ်လိုတွေများ ပြုစားလိုက်သလဲမသိဘူး။


"အချိန်မှီသေးတယ် ဂုဏ်လေး၊ အကျိုးအကြောင်းပြောပြပြီး သူ့အိမ်ကိုပြန်ပို့လိုက်၊ ပြီးမှ မလေးတို့ တစ်မျိုးစီစဥ်ကြရအောင်''


"ဘာလို့ ပြန်ပို့ရမှာလဲ၊ ကျွန်တော် သူ့ကိုအခုလို ပိုင်ဆိုင်နိုင်ဖို့ ဘယ်လောက်အန္တရာယ်များတဲ့အလုပ်ကို လုပ်ခဲ့ရတယ်ထင်လဲ၊ အခန့်မသင့်ရင် သူလဲသေသွားနိုင်သလို ကျွန်တော်လဲ ထောင်ကျသွားနိုင်တယ်''


"အေး သိရင် ဘာလို့ အခုလိုလုပ်ခဲ့လဲ''


"ကျွန်တော်ပြောပြီးပြီပဲ သူ့ကိုအဆုံးရှုံးမခံနိုင်လို့၊ ဖြစ်နိုင်ရင် လူကြီးစုံရာနဲ့ သူမျက်နှာမငယ်ရအောင် ကျွန်တော်က တောင်းယူလက်ထပ်ချင်တာ၊ အခုလို ပေါ့ပျက်ပျက်ပုံစံနဲ့မဟုတ်ဘူး၊ ဒါပေမယ့် မလေးတို့လက်မခံခဲ့ဘူးလေ''


အပြစ်တင်တဲ့သဘောမျိုးမဟုတ်ပေမယ့် ဂုဏ် မျက်လုံးတို့က မကျေနပ်မှုတွေက မကြည့်ချင်လဲ မြင်နေရသည်။


"အေး ဟုတ်တယ် လက်မခံခဲ့ဘူး၊ မင်းအခုလို လုပ်ချင်ရာ လုပ်လိုက်လို့ ငါတို့ဘက်က ဘာမှမတတ်နိုင်တော့ဘူးဆိုပြီး လက်ခံမယ်လို့တော့ ထင်မထားနဲ့''


"မထင်ပါဘူး စိတ်ချ၊ မလေးတို့ဘက်က လိုလိုလားလား လက်မခံသ၍ မလေးတို့မျက်စိရှေ့မှာ သူရော ကျွန်တော်ရော ရောက်မလာစေရဘူး''


"မင်း.. မင်း ဒါစိန်ခေါ်တာလား''


"ဒီလို ထင်ချင်လဲ ထင်လို့ရတယ်၊ ပူတူးမှာ မလေးတို့လိုချင်တဲ့ အရည်အချင်းတွေ ​ပိုင်ဆိုင်မှုတွေမရှိဘူးဆိုရင်တောင် ကျွန်တော့်အတွက်တော့ ဘယ်အရာနဲ့မှ ယှှဥ်စရာမလိုအောင် ပြည့်စုံတဲ့လူတစ်ယောက်ပါ၊ ကျွန်တော့်အတွက် အလိုချင်ဆုံးလူတစ်ယောက်ဖြစ်နေလို့ မလေးတို့ကြောင့် သူ့ကို နည်းနည်းလေးမှ စိတ်မရှုပ်စေချင်ဘူး၊ ဒါ့ကြောင့် မလေးတို့ မမြင်ချင်ရင် လမ်းမှာတွေ့ကြရင်တောင် မျက်နှာလွှဲသွားပါ၊ ကျွန်တော်ကလဲ မလေးတို့မမြင်နိုင်တဲ့နေရာမှာ သူ့ကိုထားမှာ၊ ဒါ မလေးတို့စိတ်ချမ်းသာဖို့ဆိုတာထက် မလေးတို့ရဲ့ထိုးနှက်မှုတွေကြောင့် သူ့ကိုစိတ်မရှုပ်စေချင်လို့'' 


ရှည်လျားလွန်းသည့် ဝါကျတစ်ကြောင်းကို မနားတမ်းပြောနေသည့် ဂုဏ့်ကို ေခတ် မော့မော့ငေးငေးလေးသာ ကြည့်နေမိတော့သည်။


တစ်သက်လုံး အရိပ်တကြည့်ကြည့်နဲ့ပြုစုခဲ့တဲ့

အစ်မကို ခက်ထန်တဲ့အကြည့်တွေနဲ့ကြည့်ကာ

ပြောနေသည့်ပုံစံက အားနာခြင်း ခက်ခဲနေခြင်းမျိုးမရှိ။


ပြောနေကျ ထမင်းစားရေသောက်ပုံစံဖြင့်ပြောနေခြင်း။


မလေးကို ဒီလောက်ကြီးအထိပြောဖို့ ရည်ရွယ်မထားပေမယ့် အခုရှုပ်မှ နောင်ရှင်းဆိုတဲ့အတိုင်း

အခုကတည်းက သူပြတ်ပြတ်သားသာ ပြောထားမှ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်မလာမှာမို့ ပြောလိုက်ခြင်းဖြစ်သည်။


သို့ပေမယ့်.. သူ့ကိုထူးဆန်းတဲ့လူတစ်ယောက်လို

ငေးစိုက်ကြည့်နေသည့် မလေးကြောင့် စိတ်ထဲတစ်မျိုးလေးဖြစ်သွားကာ..


"ကျွန်တော့်ကို ကျေးဇူးကန်းတယ်ထင်ရင်လဲ..


"မထင်ပါဘူး.. အဟင်း ဟင်း..၊ မထင်ရဲပါဘူး ဂုဏ်ရယ်၊ မလေးတို့ဘက်က မှားခဲ့တာပဲဖြစ်မှာပါ''


"မဟုတ်ပါဘူး.. ၊ ကျွန်တော်ပြောချင်တာ ဒီလိုမဟုတ်ပါဘူး၊ မလေးတို့ ပူတူးကို...


"ဒေါက်.. ခွပ်..

"ဟင်.. ပူတူး''


အခန်းထဲမှ ကျကွဲသံတစ်ခုကြောင့် ဂုဏ် အခန်းဘက်ကို ပြန်လှည့်ကြည့်လိုက်ပြီး တစ်ခုခုကိုတွေးမိကာ အခန်းထဲသို့ စိုးရိမ်တကြီးပြေးသွားလိုက်သည်။


အခန်းထဲရောက်တော့ ပူတူးက အိပ်နေရင်းကနေ

လက်တစ်ဖက်ထောက်ကာ ဘေးက စားပွဲပေါ်မှ

တစ်ခုခုကို လှမ်းယူနေသည့်ပုံဖြင့်ရှိနေပြီး စားပွဲနားမှာလဲ ဖန်ခွက်ကလေးကကျကွဲနေတာမို့..

သူမအနားကို ပြေးသွားကာ..


"ပူတူး.. ပူတူး.. သတိရပြီလား ဟုတ်လား''


သူမေးလိုက်ပေမယ့် ပူတူးက ဘာမှပြန်မဖြေပဲ

အိပ်ယာပေါ်ပြန်လှဲချလိုက်ပြီး မျက်လုံးတွေကိုမှိတ်ထား၏။


"ပူတူး ဘာဖြစ်လို့လဲဟင်''

"ခေါင်းမူးတယ်''


"ဟင် ခေါင်းမူးတယ် ဟုတ်လား၊ အရမ်းမူးနေတာလား ခဏကွာ၊ ကိုယ်​ ဒေါက်တာ့ကို ဖုန်းဆက်ခေါ်လိုက်ဦးမယ်''


သူ ဖုန်းလေးကို ကောက်ယူလိုက်ပြီး တစ်ဖက်ကိုလှည့်ကာ ဖုန်းခေါ်ဖို့ပြင်လိုက်တော့ သူတို့ကို ခပ်တည်တည်ကြည့်နေသည့် မလေးနဲ့ အကြည့်ချင်းဆုံသွားကာ..


"မလေး ပြန်ရင်ပြန်တော့လေ ညဥ့်နက်နေပြီ''

"အွန်း''


"ကျွန်တော်လိုက်မပို့တော့ဘူးနော်''

"ကားပါတယ်''


"အင်းပါ.. ဒါဆိုလဲ ပြန်လိုက်...၊ Hello ဒေါက်တာ ကျွန်တော်ပါ၊ ဒီမှာ ပူတူးက သတိရလာပြီးမှ ခေါင်းတွေမူးနေတယ်ပြောလို့..


သူမကိုပင် စကားဆုံးအောင်မပြောနိုင်တော့ပဲ

ပျာယာတွေခတ်နေသည့် ဂုဏ်လေးကြောင့်

သူမ နောက်ဆုတ်ပြီး ပြန်လာခဲ့တော့သည်။


လာခဲ့တုန်းက သူတို့ကိုတားဖို့ စကားလုံးတွေစီပြီး လာခဲ့ပေမယ့် ပြန်လာခဲ့ရတော့ ကိုယ့်ကိုစွန့်လွှတ်ပစ်မယ်လို့ ဆိုလိုချင်တဲ့ စကားလုံးတွေကို ထုပ်ပိုးလို့။


ဟိုမိန်းကလေးရဲ့ နှုတ်ခမ်းဖျားက ထွက်လာသည့် ေခါင်းမူးတယ်ဆိုတဲ့ စကားနောက်မှာ ဂုဏ်လေးရဲ့ ပျာယာခတ်နေတဲ့ ပုံစံက မျက်စိနောက်လောက်အောင်ပါပဲ။


မိန်းမသားချင်း ကိုယ်ချင်းမစာပဲ ကိုယ့်မောင်အတွက်နဲ့ နောက်ဆုတ်ပေးပါလို့ ပြောရအောင်ကလဲ ကားနဲ့တိုက်ပြီးခိုးလာတဲ့သူက ကိုယ့်မောင်​ဖြစ်နေလေတော့လည်း...


>>>>>>>>>><<<<<<<<<<


အနွယ့်ကို ကျောပေးပြီး ကုတင်ပေါ်တွင်တစောင်းလေး လှဲနေသော မေမေ့ကို အနွယ် သက်ပြင်းလေးချကာ ကြည့်လိုက်၏။


အရမ်းရိုးရှင်းတဲ့ မေမေက အခုမှ ဘာလို့

အတ္တတွေကြီးနေရပါလိမ့်နော်။


"မေမေ''

"မေမေ တစ်ယောက်တည်းနေချင်တယ် အနွယ်

သွား ကိုယ့်အခန်း ကိုယ်ပြန်တော့''


"မေမေကလဲ''

"အနွယ် မေမေ စိတ်ကြည်နေတယ်လို့မထင်ဘူးမလား''


ကျောပေးထားလျက်ကနေ မေမေ့ရဲ့အသံက

ဒေါသသံပါနေတာကို အနွယ်သတိထားမိသည်။


လုပ်ချင်ရာ လုပ်သွားတဲ့ ဂုဏ်လေးလဲ မှားတယ်ဆိုပေမယ့် အခုလိုကြီး ဘယ်သူနဲ့မှ စကားမပြောနိုင်ရလောက်အောင် ဒေါသတွေကြီးနေတဲ့ မေမေလဲ မမှန်ပါ။


"ဂုဏ်လေးမှာလဲ သူ့အကြောင်းနဲ့ သူရှိမှာပေါ့၊ သူပြောဖူးတယ်လေ၊ သူ ဒီကလေးမလေးကို အရမ်းချစ်တယ်လို့''

"ချစ်သင့်တဲ့သူကို ချစ်ရမှာပေါ့ မမရဲ့''


အခုမှ အခန်းထဲဝင်လာသည့် ခေတ်ရဲ့အသံကြောင့် အနွယ် နောက်လှည့်ပြီး မျက်စောင်းထိုးလိုက်မိ၏။


မေမေလက်ခံအောင် နားချမလို့ပါဆိုမှ ဒီအနှောင့်အယှက်က ဝင်လာပြန်ပြီ။


"ခေတ် အခု တော်ဝင်နန်းကပြန်လာတာ''

"ဟင်.. ဂုဏ်လေးနဲ့တွေ့ခဲ့တာလား၊ ဂုဏ်လေး ရှိတယ်မဟုတ်လား''


အသည်းအသန်မေးလိုက်တာက အနွယ်ဆိုပေမယ့် ခေတ်ကတော့ သူမတို့ကို ကျောပေးပြီးလှဲအိပ်နေသည့် ေမမေ့ရှေ့ကို သွားရပ်ကာ..


"မေမေ့သားကလေ ခေတ်ကို ဘာပြောလိုက်တယ်ထင်လဲ''


"မေမေ မသိချင်ဘူး ေခတ်၊ အခုချိန် သူ့အကြောင်း ကြားလဲမကြားချင်ဘူး''


"ဟုတ်ပါတယ် ခေတ်လဲ မေမေ့လိုပါပဲ''

"မေမေ့လိုပဲဆိုရင် ဘာလို့ တော်ဝင်နန်းကိုသွားလဲ ဟွန့်.. 


"အို.. ဒါကတော့ တားလို့ဆီးလို့ရမယ့်အခြေအနေဆို တားရ ဆီးရအောင်လို့ပေါ့''

"အခု ဘာမှမတတ်နိုင်ပဲ ပြန်လာခဲ့ရတယ်မလား''


အနွယ်က အပြစ်တင်သလိုပြောပြီး မျက်စောင်းလေးထိုး၏။ ခေတ်ကလဲ အပြောခံရတာကို မကျေနပ်သည့်ပုံဖြင့် နှုတ်ခမ်းလေးကိုမဲ့ချပစ်သည်။


ပြီးမှ မျက်လုံးတွေမှိတ်ပြီး လှဲအိပ်နေသည့်

မေမေ့ရဲ့ဘေးကို တင်ပါးလွှဲလေးဝင်ထိုင်ကာ


"မေမေ့သားကလေ ဟိုမိန်းကလေးကို လက်ခံမပေးရင် သူ့ကိုလဲ မမြင်စေရဘူးတဲ့၊ ပြီးတော့ သူလုပ်ချင်ရာ လုပ်သွားတာကလဲ မေမေက သူတောင်းဆိုတာကို လုပ်မပေးလို့တဲ့လေ၊ အဲ့ဒါ.. ခေတ်တို့က သူ့ကိုနားလည်မပေးနိုင်ရင် ကြိုက်သလိုစီမံပါတဲ့မေမေ ဟွန့်..၊ ဘယ်လောက်စိတ်တိုဖို့ကောင်းလိုက်သလဲ''


မေမေ့မျက်နှာပျက်သွားသည်ကို ဂရုမစိုက်နိုင်လောက်အောင် တစ်ခုချင်း ပြန်ပြောပြနေသည့် ခေတ်ကိုကြည့်ကာ အနွယ်သက်ပြင်းတချချဖြစ်နေ၏။


ဒီကောင်မလေး အသက်သာကြီးလာတယ်။

မျက်နှာရိပ် မျက်နှာကဲလဲ မကြည့်တတ်ဘူး။


"ပြီးတော့လေ မေမေ့သားက..


"တော်တော့ ခေတ် မေမေ ဘာမှမကြားချင်ဘူး''

"ဒါပေမယ့်..


"ခေတ် တော်တော့လို့ မေမေပြောနေတယ်လေ''


တကယ့်ကို ဒေါသတကြီးပြောလိုက်တဲ့ မေမေရဲ့အသံကြားမှ ခေတ် ပါးစပ်ပိတ်သွား၏။ 

ဒါတောင် မေမေ့အခန်းထဲက ပြန်ထွက်လာတော့အနွယ့်ကို တိုးတိုးလေးကပ်ပြောသွားသေးသည်။


"ဂုဏ်လေးက အဲ့ဒီ့ကလေးမကို ကားနဲ့တိုက်ပြီး

ခိုးပြေးလာတာတဲ့''လေ။


ခေတ်က အထူးအဆန်းလုပ်ပြီးပြောသွားပေမယ့်

အနွယ်ကတော့ မအံ့ဩတော့ပါ။


မေမေ့ဘက်က စပြီးသဘောမတူရင် ဒီလိုတွေဖြစ်လာမယ်ဆိုတာ သူမ တွေးထားပြီးသား။


ဒါပေမယ့် ကားနဲ့တိုက်တာကိုတော့ ဂုဏ်လေးကို

အပြစ်ပြောချင်မိသည်။ နောက်ပြီး ဟိုက စေ့စပ်ပွဲလုပ်နေတဲ့အချိန် ဒီလိုလုပ်ပစ်လိုက်တာလဲ ဂုဏ်လေး လွန်တယ်လို့ တွေးလိုက်မိသည်။


>>>>>>>>>><<<<<<<<<<


"ပူတူး စွပ်ပြုတ်သောက်ရအောင်နော်''


ဆရာဝန် ပြန်လာကြည့်ပြီး ဆေးတစ်လုံးထိုးသွားကာ ပြန်အိပ်ပျော်သွားသည့် ပူတူးကိုသူ ခပ်တိုးတိုးလေးနှိုးလိုက်၏။ 


မျက်လုံးလေးကို အတင်းကြိုးစားပြီး 

ဖွင့်ကြည့်လာသည့် ပူတူးကို သူဆွဲထူလိုက်ပြီး

ခေါင်းအုံးနှစ်လုံးဆင့်ကာ မှီထားစေလိုက်၏။


"ဒေါက်တာက ဆေးတိုက်ဖို့မှာခဲ့လို့၊ ဒါလေး သောက်ပြီး ဆေးသောက်ပြီးမှ ပြန်အိပ်နော်''


"ခက်ကို ဘယ်ခေါ်လာတာလဲဟင်''


အခန်းထဲကို ဝေ့ကြည့်ပြီး မေးလိုက်တော့ 

သူက မကြားသည့်ဟန်ဖြင့် စွပ်ပြုတ်ကို ဇွန်းလေးနဲ့ခပ်ကာ မှုတ်ပေးနေ၏။


"ရှင့်အိမ်လားဟင် ဟုတ်လား''

"အွန်း.. သောက်လိုက်ဦး''


"ဟင့်အင်း... ဘာလို့ ရှင့်အိမ်ကိုခေါ်လာတာလဲ၊့

ခက်က ဆေးရုံမှာထင်နေတာ''


"ကိုယ်က ကားနဲ့တိုက်ထားပြီး ေဆးရုံခေါ်သွားရင် ထောင်ကျသွားမှာပေါ့ကွ.. ရော့ပါ ဒါလေးအရင်သောက်လိုက်''


စကားလမ်းကြောင်းလွှဲကာ စွပ်ပြုတ်ကိုပဲ

အာရုံတစိုက်တိုက်နေတာမို့ ခက် အလိုမကျဖြစ်သွား၏။


ဘာကိစ္စနဲ့သူ့အိမ်ကို ခေါ်လာရတာလဲ။

ဒီလူ ဘာတွေလျှောက်လုပ်မှန်းလဲမသိပါဘူး။

ခက်သူ့ကိုအမြင်မကြည်သလိုကြည့်ကာ ကုတင်ပေါ်ကဆင်းရန်ပြင်လိုက်စဥ် ဘယ်ဘက်ခြေထောက်ဆီမှ စူးခနဲနာကျင်သွားတာမို့ မျက်နှာလေးရှုံ့မဲ့သွားကာ..


"ခက်ရဲ့ခြေထောက်က ဘာဖြစ်သွားတာလဲဟင်

ကျိုးသွားတာလား''


"မကျိုးပါဘူးကွာ တိုက်မိတဲ့အရှိန်ကြောင့် ဒဏ်ဖြစ်သွားတာ၊ သေချာအောင်လို့် မနက်ဖြန်ကျမှ ဆေးရုံသွားပြီး ဓာတ်မှန်ရိုက်ကြည့်ရအောင်လေ''


"အွန်း.. ဒါဆို မနက်ကျရင်၊ ခက်ကို အိမ်ပြန်ပို့ပေးနော် ခက် ကိုကိုနဲ့ပဲသွားလိုက်မယ်''


"ကိုယ်ကြောင့် ဖြစ်တာပဲဟာ ကိုယ်နဲ့ပဲသွားရမှာပေါ့''


"ဒါဆိုလဲ ဆေးရုံက ပြန်လာရင် အိမ်လိုက်ပို့နော်''


သူမပြောလိုက်တာကို မကြားတာလား မကြားချင်ယောင်ဆောင်တာလားတော့မသိ။


ဘာမှပြန်မပြောပဲ ငြိမ်သက်သွားသည့်သူ့ကို

ခက် ခေါင်းလေးစောင်းပြီး လိုက်ကြည့်ကာ..


"လိုက်ပို့မယ်မဟုတ်လားဟင်''

"မပို့ဘူး''


"ဟင် ဘာလို့လဲ''

"မပို့ချင်လို့''


"မပို့ချင်လို့ ဘယ်ဖြစ်မလဲ၊ ခက်ကို မေမေစိတ်ပူနေမှာကို''


နေပါဥိီး ခက် ဒီရောက်နေတာကို မေမေတို့

သိရော သိပါ့မလား။ 

မေမေသာသိရင် ခက် အခုချိန် နှင်းဆီမြိုင်မှာပဲ

ရှိနေမှာပေါ့။


အတွေးလေးဖြင့် ခက် တစ်ခုခုကိုစိုးရိမ်သွားကာ

အခန်းထဲကို မျက်လုံးဝေ့ပတ်ကြည့်ပြီး တစ်ခုခုကိုရှာလိုက်တော့...


"ဘာလဲ ဘာရှာတာလဲ ပူတူး''

"နာရီလေ နာရီက ဘယ်မှာလဲ''


"ဪ.. ခဏ..''

ဆိုပြီး ဖုန်းကိုတစ်ချက်ကြည့်လိုက်ပြီး


"၁၀ နာရီခွဲပြီ ဘာလုပ်ချင်လို့လဲ''

"၁၀ နာရီခွဲ... ည ၁၀ နာရီလား ဟုတ်လား''


"အွန်း''

"ဟင်... ခက်ကို မေမေစိတ်ပူနေတော့မှာ၊ ခက် ပြန်တော့မယ်''


ပြန်တော့မယ်ဆိုပြီး ကုတင်ပေါ်မှ ကုန်းရုန်းထနေသည့် ပူးတူးကြောင့် သူမနေသာတော့ပဲ လက်ထဲက စွပ်ပြုတ်ပန်းကန်လေးကို စားပွဲပေါ်လှမ်းတင်လိုက်ပြီး သူမ ထလို့မရအောင် ပုခုံးနှစ်ဖက်မှ ဖိထားလိုက်တော့...


"ဘာလုပ်တာလဲ ဖယ်ပါ ၊ မေမေ ခက်ကို စိတ်ပူနေလိမ့်မယ်၊ ခက် ဒီကိုရောက်နေတာ မေမေ မသိဘူးမဟုတ်လား''

"သိတယ်''


"ဟင်''


ရုန်းကန်နေတာတွေရပ်ကာ သူ့ကိုမော့ကြည့်လာတာမို့ သူ ခေါင်းငြိမ့်ပြလိုက်ပြီး


"နေ့လည်က ဝသန်တို့ရောက်လာတယ်၊ ပြီးတော့ မင်းဒီမှာရှိနေတာကိုလဲ သိသွားတယ်''

"အခု ကိုကိုရော''


"ပြန်ပြီလေ''

"ခက်ကို ဘာလို့ထားခဲ့တာလဲ''


"ဒါတော့ ကိုယ်လဲမသိဘူး၊ လာ.. ပြန်ထိုင်ပြီး စွပ်ပြုတ်ကို အေးဆေးစား''


ခေါင်းအုံးနှစ်လုံးကို ပြန်ဆင့်ထပ်လိုက်ပြီး

သူမကို မှီစေလိုက်ပေမယ့် သူမက သူ့လက်တွေကို ပုတ်ထုတ်ပစ်လိုက်၏။


တစ်ခုခုကိုမေးချင်နေသည့် မျက်လုံးများဖြင့်

သူ့ကိုမော့ကြည့်နေသည့် သူမရဲ့ မျက်ခုံးတို့က

တွန့်ကုတ်နေတာမို့ အလိုမကျမှန်းသိသာ၏။


"ကိုကို့ကို ရှင်တစ်ခုခုပြောလိုက်တယ် မဟုတ်လား''


သူ မဖြေပါ။

ခုန သူချထားသည့် ပန်းကန်လေးကိုလှမ်းယူလိုက်ပြီး ကုတင်ဘေးက ခုံလေးတွင်ဝင်ထိုင်လိုက်ပြီး..


"ရော့ပါဆိုကွာ၊ ဒါကုန်အောင်သောက်ပြီး ဆေးသောက်ရဦးမှာ''


"ခက် မေးတာ အရင်ဖြေလေ၊ ကိုကို့ကို ရှင် ဘာပြောလိုက်လို့ ကိုကိုက ခက်ကို ဒီမှာထားခဲ့တာလဲလို့''


"မင်းကို ခေါ်မသွားနဲ့လို့ပြောလိုက်တာကလွဲရင်

ကိုယ် ဘာတစ်ခုမှ မပြောလိုက်ဘူး၊ တကယ်

ဒါပေမယ့် သူ အထင်လွဲသွားပုံရတယ်''

"ဘာကို အထင်လွဲတာလဲ''


"ကိုယ်ဖြေပြီးရင် မင်း ဒါကုန်အောင်သောက်မှာလား၊ ကတိပေးမှ ကိုယ်ကလဲ ပြောပြမှာ''

"ပေးတယ်''


ခေါင်းကိုဆတ်ခနဲငြိမ့်ကာ ချက်ချင်းဖြေလိုက်တဲ့

ပူတူးကြောင့် သူ အူယားသွားမိတာအမှန်။


အိပ်ယာထစဆိုပေမယ့် ပွယောင်းနေခြင်းမရှိသည်​့ ဆံနွယ်ရှည်တွေက ပုခုံးပေါ်မှ ကျော်ကာ

ရင်ဘတ်ပေါ်အထိ ဝဲဖြာကျနေ၏။


ဘယ်လိုမှ အံကိုက်မဖြစ်သည့် သူ့အက်ျီလက်ရှည်ပွပွက သူမနဲ့တော့ တစ်မျိုးချစ်စဖွယ်ကောင်းနေတာကြောင့် သူ လှစ်ခနဲပြုံးလိုက်တော့ သူမက သူ့ကို မျက်လုံးလေးစွေကြည့်ကာ..


"ဘာရယ်တာလဲ''

"ဟင်.. မင်းပုံစံလေးက တစ်မျိုးချစ်စရာကောင်းနေလို့''


"ဟင်..


ထိုအခါမှ ခက် ကိုယ့်ကိုကိုယ်ပြန်ကြည့်မိ၏။

သူမ ကိုယ်ပေါ်က အဝတ်အစားတွေက

သူမ ဝတ်လာတဲ့ဝတ်စုံလေးမှ မဟုတ်ပဲ။


"ဒါ ဘယ်သူအဝတ်အစားတွေလဲ..၊ နေဦး..ခက်ကို ဘယ်သူအဝတ်အစားလဲပေးထားတာလဲ၊ ရှင်.. ရှင်တော့ မဟုတ်ဘူးမလား မဟုတ်ဘူးမလားဟင်''


"ဟုတ်တယ်ဆိုရင် မင်းကိုယ့်ကို ဘာလုပ်မှာလဲ''

"ရှင်... ရှင် ဘာလို့ ဒီလိုလုပ်တာလဲ''


"မင်းတစ်ကိုယ်လုံး မိုးရေတွေစိုရွှဲနေတာလေ၊ အဲ့ဒါကို ကိုယ်က ဒီအတိုင်းပစ်ထားရမှာလား''

"တခြားသူမရှိဘူးလား၊ မရှိဘူးဆိုရင်တောင် မသင့်တော်ဘူးဆိုတာ ရှင်တွေးရမှာပေါ့''


"ကျစ်... တော်တော့ကွာ၊ မင်း သတိရလာရင် ဒီလိုတွေ နားပူအောင် အပြစ်တင်မယ်ဆိုတာ ကိုယ်တွေးပြီးသား၊ နားပူမယ်ဆိုရင်လဲ ချစ်စရာကောင်းအောင် နားပူမှ ကိုယ်သည်းခံချင်တာနော်''


ဘာကိုရည်ရွယ်ချင်မှန်းမသိသော သူ့စကားကြောင့် ခက် ခေါင်းရှုပ်သွား၏။


နားပူတာကိုပဲ ချစ်စရာကောင်းအောင် နားပူရဦးမယ်ဆိုပဲ။ ဒါဆို သူမ ပြောနေတဲ့ပုံက ချစ်စရာမကောင်းပဲ ဘာပုံများပေါက်နေပါလိမ့်နော်။


"ရှင် ဘာကိုပြောချင်တာလဲ''

"ပြောချင်တာက အဲ့ဒီ ရှင် ပဲ''


"ဟမ်.. ဘာကြီး..


"ရှင်ဆိုတာကြီးပြင်လိုက်တော့ ပူတူး၊ မင်းသတိမလစ်ခင်တုန်းက ကိုယ့်ကို ကိုကိုလို့ ခေါ်လိုက်တာ ကိုယ်ကြားတယ်''


သူ့ကို မြင်မြင်ချင်း ကိုကိုဆိုပြီး ​ေမ့လဲသွားသည့်

ပူတူးကြောင့် အဲ့ဒီ့အချိန်ကတည်း သူ နောင်တရသွားမိသည်။ နောင်တနဲ့အတူ ရင်ထဲလှိုက်ခနဲဝမ်းသာခြင်းက အပြိုင်။ သူမလေးက သူ့ကို ကိုကိုလို့ခေါ်လိုက်လို့။


"အဲ့ဒါက ရှင့်ကို ကိုကိုလို့ထင်သွားလို့''

"ဝသန်မဟုတ်မှန်း မင်းသိပါတယ်''


ဒိီလိုပိတ်ပြောလိုက်တော့ ခက် အလိမ်မိသွားကာ

နှုတ်ခမ်းလေးကို ခပ်ဖိဖိလေးကိုက်ကာ

တစ်ဖက်ကို မျက်နှာလွှဲပစ်လိုက်၏။


ဘယ်အချိန်က အားသွားလဲမသိသော သူ့လက်တွေက သူမရဲ့ မေးဖျားလေးမှ လှမ်းဆွဲလှည့်လိုက်ပြီး


"ကိုကိုလို့ပဲ ခေါ်ပေးပါကွာ နော်၊ ဒီလိုလေး ခေါ်ဖို့ကို ကိုယ်တောင်းဆိုနေရတာ ဘယ်နှစ်ကြိမ်ရှိနေပြီလဲ ဟင်.. ခေါ်မယ်မလား''


"ဒီလိုခေါ်ရလောက်အောင် ခက်တို့က ဘာဆိုင်..


"ဆိုင်သွားပြီ ဆိုင်တာမှ ဘာဆိုင်သလဲမမေးနဲ့၊

သိပ်မကြာခင် မင်း လက်ထပ်ရတော့မှာ''


"ဟင်.. လက်ထပ်ရမယ် ဘယ်သူနဲ့လဲ''

"မင်းက ဘယ်သူနဲ့လက်ထပ်ချင်လို့လဲ၊

စိတ်ချ ကိုယ်နဲ့ပဲ လက်ထပ်ရမှာ''


"ဟင်.. ဘာလို့ခက်က ရှင်နဲ့လက်ထပ်ရမှာလဲ''


ဒီအခြေအနေရောက်နေတာကို ဘာလို့လက်ထပ်ရမှာလဲလို့မေးနေသော အူကြောင်ကြောင်နိုင်လွန်းတဲ့ ပူတူးကို သူ မချင့်မရဲလေးကြည့်လိုက်တော့ သူမကလဲ အရမ်းစွဲညှို့အားကောင်းသည့် မျက်ဝန်းတစ်စုံဖြင့် ပြန်စိုက်ကြည့်နေ၏။


"ခုန ကိုယ်ပြောတဲ့ ဝသန်အထင်လွဲသွားတဲ့ကိစ္စလေ''

"အင်း''


"သူက ဒီအခန်းထဲထိဝင်လာတာ''

"အင်းလေ အဲ့ဒါနဲ့ ကိုကိုက ဘာလို့အထင်လွဲသွားရတာလဲ၊ ပြီးတော့ ဘာလို့ ခက်က လက်ထပ်ရမှာလဲ''


"သူဝင်လာတဲ့အချိန် မင်းက ကိုယ့်ရဲ့အဝတ်အစားတွေနဲ့ သတိလစ်နေတာလေ၊ ပြီးတော့ ကိုယ်ကလဲ အဲ့ဒီ့အချိန် ရေချိုးဖို့ အဝတ်အစားချွတ်နေတဲ့အချိန်...


သူ ဆက်မပြောပဲ သူမကိုပြန်ကြည့်လိုက်တော့

အခုထိ နားမလည်သေးတဲ့ပုံစံဖြင့် သူပြောလာမယ့်စကားတွေကို မျက်လုံးဝိုင်းဝိုင်းလေးဖြင့် စိုက်ကြည့်ကာ အာရုံစိုက်နေဆဲ။


"မင်းပန်လာတဲ့ပန်းရယ် ကိုယ်ဖိနပ်နဲ့ မင်းဖိနပ်ရယ်က သူ့ကို အထင်လွဲသွားစေတယ်ထင်တယ်၊ 

အဆိုးဆုံးက ကိုယ့်ရဲ့ခါးပတ်က ကုတင်အောက်မှာ လျောကျနေတာပဲ''


ခက် သူပြောပြနေတဲ့ အကြောင်းအရာကို သေချာအာရုံစိုက်နားထောင်နေပေမယ့်

နားမလည်ပဲဖြစ်ကာ..


"ခက် နားမလည်ဘူး''

"ဟင်.. နားမလည်ဘူးလား''


သူ အံ့ဩသလိုလေး ပြန်မေးလိုက်တော့ ခေါင်းငြိမ့်ပြ၏။ ရူးချင်တော့တာပါပဲ။ ဒါ့ထက်ရှင်းအောင် သူဘယ်လိုများပြောပြရပါ့မလဲ။


>>>>>>>>>><<<<<<<<<<


အားပေးတဲ့ အသဲတွေအားလုံးကို ကျေးဇူးတင်ပါတယ်😘😘


အမှားပါသွားရင် ချစ်တဲ့စိတ်နဲ့ ေဝဖန်ပေးကြပါ😁


အပိုင်း(၁၇)မျှော်


စာရေးသူ-Merida(Tulip)


rate now: