book

Index 15

အပိုင်း(၁၅)

  • Author : Merida
  • Genres : Romance, Comedy, Drama

🎗🎗 နှောင်ကြိုး 🎗🎗


~~~~~~~~~~


"ကိုယ့်ကို လက်ခံပေးလို့ ကျေးဇူးတင်ပါတယ်ကွာ၊ ဒီလို လက်ခံပေးလိုက်လို့ မင်းတစ်ဘဝလုံးမှာ နောင်တမရစေရဘူးလို့ ကိုယ်ကတိပေးတယ်''


ညနေက မမကြီးစကားတွေကြောင့် ခက် ကိုနေအရိပ်နဲ့ကိစ္စကို လက်ခံလိုက်၏။


ခက် လက်ခံတယ်လို့ပြောပြီးတာနဲ့ ဟိုဘက်က မနက်ဖြန် လာပြီး စေ့စပ်မယ်ဆိုတာကြောင့် အလုပ်တွေရှုပ်ကုန်သည်။


အခုလဲ ဖုန်းပြောနေရင်းကပင် ကိုနေအရိပ်ရဲ့ ဝမ်းသာနေတဲ့ပုံစံက အထင်းသား။


ခက်ကတော့ ကိုနေအရိပ်နဲ့ဆန့်ကျင်စွာပင် ရင်ထဲမှာ တင်းကြပ်နေ၏။ အဲ့ဒါ ဘာကြောင့်လဲလို့မေးရင် ခက် တကယ်မဖြေတတ်ပါ။


"အစ်ကို့ကို ခက် ဝန်ခံစရာတစ်ခုရှိတယ်၊ အစ်ကို နားထောင်ပေးမလားဟင်''


"ဟင်.. ဘာများလဲ၊ သစ်ခက်ဘက်က ပြောပြဖို့ဆန္ဒရှိရင် ကိုယ်နားထောင်ပေးမှာပေါ့''


လိုလိုလားလားဖြင့် ပြန်ပြောလာသည့် အစ်ကို့ကြောင့် ခက် ပြောရမှာပင် အားနာသွား၏။ သို့ပေမယ့် မပြောလို့မဖြစ်တာကြောင့် ခက် လည်ပင်းလေးကို လက်ချောင်းလေးများဖြင့် ကုတ်ခြစ်ရင်း ပြောဖို့အရှိန်ယူကာ..


"ဟို.. ဟိုလေ အစ်ကို ခက်ကို စိတ်မဆိုးနဲ့နော်''

"ဟောဗျာ မဆိုးပါဘူး အဟွန်း၊ ပြောပါ သစ်ခက်လေး ပြောချင်တာပြော''


"တကယ်တော့ ခက် အစ်ကိုနဲ့စေ့စပ်ဖို့ကို လက်ခံလိုက်တာက ဖေဖေတို့ကို မျက်နှာမပျက်စေချင်လို့ပါ၊ ခက် အစ်ကို့ကို မချစ်ဘူးရယ်''


"ဝန်ခံမယ်ဆိုတာ ဒါလား၊ ကိုယ်သိပြီးသားလေ အဲ့ဒါ ဘာဖြစ်လို့လဲ''


အရိပ် ဒီလို တည့်တိုးကြီး မချစ်ဘူးလို့ အပြောခံရတာမို့ ရင်ထဲ အောင့်သက်သက်ဖြစ်သွားပေမယ့် ဘာမှမဖြစ်သလိုဘဲ ဟန်ဆောင်ရင်းမေးလိုက်တော့ တစ်ဖက်မှ သစ်ခက်ကအသံချိုချိုလေးဖြင့်..


"ခက် အခုလိုပြောပြတာက အစ်ကို့ဘက်က နောက်ဆုတ်ချင်ရင်...


"လုံးဝ နောက်မဆုတ်ဘူး''

"မဟုတ်ဘူးလေ၊ ခက် ပြောချင်တာက အချစ်မပါဘဲနဲ့ အိမ်ထောင်တစ်ခုတည်ဆောက်ဖို့ဆိုတာ လွယ်တဲ့အရာတစ်ခုမဟုတ်ဘူးလေ၊ အဲ့ဒါကြောင့် အစ်ကိုသေချာစဥ်းစားပြီးမှ နောက်ဆုတ်ချင်ရင်...


"ဘယ်လိုနေနေ ကိုယ်ကတော့ လုံးဝနောက်ဆုတ်မှာ မဟုတ်ဘူး သစ်ခက်၊ မင်းပြောတဲ့ အချစ်ဆိုတာကြီးက ဘာလုပ်ရမှာလဲ၊ လောကကြီးမှာ အချစ်မရှိပဲ တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးမှ ဒုနဲ့ဒေးပဲကွာ၊ မင်းလိုချင်တဲ့ အချစ် ကိုယ်မင်းကိုပေးနိုင်တယ်၊ ကိုယ်မင်းဆီက လိုချင်တာ ကိုယ့်ကိုလက်ထပ်ခွင့်ပေးဖို့ပဲ၊ ဒါလူတစ်ယောက်ဆီက ကိုယ်ပထမဆုံး ေတာင်းဆိုခြင်းပါ''


အပြတ်သားဆုံး ပြောလိုက်ပေမယ့် တစ်ဖက်မှ သစ်ခက်က ငြိမ်သက်နေဆဲဖြစ်တာကြောင့် အရိပ် စကားလမ်းကြောင်းလွှဲရန်တွေးကာ..


"သစ်ခက် မနက်ဖြန်ကျရင် အစ်ကို့မိဘတွေနဲ့ သစ်ခက်အိမ်ကို လာခဲ့မယ်''

"ဟုတ်ကဲ့ ဖေဖေပြောပါတယ်''


"အွန်း.. အစ်ကို အခု ရင်တွေခုန်နေတာမှ အဆမတန်ပဲကွာ အဟွန်း၊ ညနေက မင်း အစ်ကို့ကို လက်ခံလိုက်ပြီလို့ ဒယ်ဒီပြောပြောချင်း ကိုယ် အသက်တောင်မရှူနိုင်ဘူးဖြစ်သွားတယ် တကယ်''


"အစ်ကို နေ့လည်က ကိစ္စကလေ...


"မလိုတော့ဘူး သစ်ခက်၊ အစ်ကို သစ်ခက်ကိုနားလည်တယ်၊ ပြီးတော့ မင်း အစ်ကို့ကို လက်ခံလိုက်တယ်ဆိုကတည်းက မင်းစိတ်ထဲမှာ သူမရှိဘူးလို့ ကိုယ်ထင်တယ်၊ ကိုယ်ထင်တာ မှန်တယ်မဟုတ်လား''


"ဟုတ်ကဲ့''


သူမ ဘက်ကစပြီးစကားပြောဖို့က ဘယ်ကစပြောရမှန်းမသိတာမို့ ကိုနေအရိပ် ရှာကြံပြီးပြောနေတဲ့စကားတွေကိုသာ ခေါင်းငြိမ့် ခေါင်းခါ လုပ်နေရသည်။


"တီ.. တီ.. တီ..


ကိုနေအရိပ်နဲ့ဖုန်းပြောနေစဥ် တတီတီဖြင့် ဖုန်းထပ်ဝင်နေတာမို့ ခက် ကြည့်လိုက်တော့ ဟိုလူ။


အစက မကိုင်ဘဲ ဒီအတိုင်းနေလိုက်ဖို့ဆိုပေမယ့်

ဆက်တိုက်ခေါ်နေတာမို့..


"အစ်ကို ခက် လုပ်စရာလေးရှိသေးလို့ ဖုန်းချလိုက်တော့မယ်နော် ရလား''


"အိုခေ အိုခေ ကိုယ်အရမ်းစကားများသွားတယ်၊

မနက်ကျရင် လှနေအောင်လို့ အိပ်ရေးဝဝအိပ်နော်''


"ဟုတ်ကဲ့ အစ်ကို ဒါဆို ခက်ဖုန်းချလိုက်တော့မယ်''


"ကောင်းသောညလေးဖြစ်ပါစေကွာ''


အစ်ကို့ဖုန်းကို ချလိုက်ပြီး အတင်းခေါ်နေသည့် ဟိုလူ့ရဲ့ဖုန်းကို ကိုင်လိုက်တော့...


"ဘယ်သူနဲ့ပြောနေလို့ မအားဘူးချည်းပဲ ပြောနေရတာလဲ ပူတူး''

"ဂူးဂူးနဲ့ပြောနေတာ''


"ဟုတ်လို့လား''

"ဟုတ်တယ်''


"မသိပါဘူး ကိုယ်က နေအရိပ်နဲ့ပြောနေတယ်ထင်တာ''

"ဟမ်... မ.. မဟုတ်ပါဘူး''


ခက် တကယ်မလိမ်တတ်တာပါ။ သို့ပေမယ့် ဒီလူနဲ့ပတ်သတ်မိမှ လူတိုင်းကို လိမ်ပြောနေရသည်။


အခုလဲ သူ့ကို လိမ်လိုက်ရတော့ စကားတွေက ထစ်ထစ် ငေါ့ငေါ့။


"အင်းပါ ကိုယ်ကအခု ကားပေါ်မှာ၊ မင်းဖုန်းမကိုင်လို့ နှင်းဆီမြိုင်ကို လိုက်လာမလို့လေ''


ထင်ပါတယ်။

ဒီလိုဖြစ်မယ်ဆိုတာ ကြိုသိလို့ သူမ ဖုန်းကိုင်လိုက်တာပါ။


"ဘာပြောစရာရှိလို့လဲဟင်''

"ရှိတယ် နေ့လည်က နေအရိပ်နဲ့မင်းပြောနေတဲ့ကိစ္စကို မေးချင်လို့''


"ဘာမှမဟုတ်ပါဘူး''

"ဘာမှမဟုတ်တာတော့ မဖြစ်နိုင်ဘူး၊ လက်ခံလားဆိုတာက ဘာလဲ''


"တကယ် ဘာမှမဟုတ်ပါဘူးဆို၊ ပြီးတော့ ခက် ဖုန်းကိုင်လိုက်ပြီဆိုတော့ ရှင် ဒီကို မလာနဲ့တော့နော်''

"ကိုယ်က မင်းစကားနားထောင်ရမှာလား၊ ဘာအတွက်လဲ''


နာထောင်ရမှာလားလို့ မေးလိုက်ပေမယ့်

လူက ကားအပြင်ရောက်နေပြီဖြစ်သည်။


"သမီး မအိပ်သေးဘူးလား''


အခန်းရှေ့မှာရပ်ပြီး မေးနေတဲ့မေမေ့ကြောင့်

ခက် ဖုန်းကို စားပွဲပေါ်မှောက်တင်ပစ်လိုက်ပြီး


"အိပ်တော့မှာမေမေ၊ မေမေက ဒီအချိန်ထိ မအိပ်သေးဘူးလား''


"သမီးအခန်းက မီးမမှိတ်သေးလို့ လာကြည့်တာပါ၊ မနက်ကျရင် ဧည့်သည်တွေလာဦးမှာဆိုတော့

အိပ်တော့လေ သမီး''

"ဟုတ်ကဲ့​ မေမေ''


ဟုတ်ကဲ့ဆိုတဲ့နောက်မှာ မေမေက အခန်းတံခါးပြန်ပိတ်ပြီး ထွက်သွားသလို သူမလဲ မီးခလုတ်လေးကို ထပိတ်လိုက်၏။


ပြီးမှ ဖုန်းကိုပြန်ကောက်ကိုင်လိုက်ပြီး


"မေမေဝင်လာလို့''

"အွန်း.. ဧည့်သည်က ဘယ်ကဧည့်သည်တွေလဲ''


"ဟင်.. ဖေဖေ့မိတ်ဆွေတွေလေ၊ အလုပ်ကိစ္စရှိလို့ထင်တယ်၊ အဲ့ဒါ.. အဲ့ဒါ ခက်က မေမေ့ကို ကူပြီး မီးဖိုချောင်ဝင်ပေးမလို့ အဟွန်း..''


"ဪ... ဒါဆိုလဲ အိပ်တော့လေ၊ ကိုယ်ဖုန်းချလိုက်တော့မယ် ချစ်တယ်နော်''


အလိုက်တသိဖုန်းချသွားသည့် သူ့ကို ခက် အားနာသွား၏။


အမှန်က မနက်ဖြန် ကိုနေအရိပ်နဲ့​စေ့စပ်မယ့်ကိစ္စကို မသိစေချင်လို့ လိမ်လိုက်ခြင်းပါ။

ကျွန်မတို့ရေစက်ကို ဒီမှာပဲ ကုန်စေချင်ပြီ။


>>>>>>>>>><<<<<<<<<<


ထိုနေ့က မိုးလေးတွေ တဖွဲဖွဲကျနေ၏။

တစ်ညလုံး တဖွဲဖွဲကျနေသည့် မိုးဓာတ်နဲ့အတူ

ရာသီဥတု​က အေးစိမ့်စိမ့်လေးဖြစ်နေသည်။


နေအရိပ်အတွက်ကတော့ ရာသီဥတုထက်ပိုပြီး အေးမြနေသည့်အရာက မျက်စိရှေ့က ပုလဲရောင်တောက်တောက်လေးဖြင့် လှချင်တိုင်း လှနေသည့် သစ်ခက်လေးပင်။


ဖြူဥနေသည့် အသားအရေနဲ့လိုက်ဖက်စွာ 

ပုလဲရောင်ပိုးသားကို လက်ရှည် ခါးတိုပုံစံလေး

ချုပ်ထားပြီး ရင်ဘတ်နားတွင် ရွှေရောင်ရင်ထိုးလှလှလေးကို ထိုးထားသေးသည်။


ဒူးနားတွင် ရွှေရောင် ချိတ်ကြီးသုံးချောင်းပါသည့် ပုလဲရောင် ပိုးလုံချည်လေးကလဲ သူမနဲ့လိုက်ဖက်စွာ။


ဆံနွယ်တွေကို ခပ်လျော့လျော့လေး ထုံးဖွဲ့ထားပြိီး အဖြူရောင် နှင်းဆီပန်းသုံးပွင့်ဖြင့် အလှဆင်ထားသေး၏။


ရှက်၍လား ကြောက်၍လားတော့မသိ။

သူမက လူကြီးတွေရဲ့ရှေ့မှာ ေခါင်းလေးငုံ့ချထား၏။


"သားက သမီးလေး ဘယ်လောက်လှကြောင်း၊ ဘယ်လောက်ချောကြောင်း မနားတမ်းပြောနေပေမယ့် ဒီလောက် ချစ်စရာကောင်းမယ်လို့ ထင်မထားဘူး၊ တကယ် ကြည့်ပါဦးရှင် ကြွေရုပ်လေးအတိုင်းပဲ''


ကိုနေအရိပ်ရဲ့ အမေ ဒေါ်သဇင်ရိပ်က ဒီလိုဆိုလိုက်တော့ ခက် ထိုအန်တီကိုပြုံးပြလိုက်ပြီး


"အဟွန်း.. အန်တီက ချစ်တဲ့မျက်လုံးနဲ့ကြည့်လို့ပါ၊ အမှန်က ခက်က ဒီလောက်မလှပါဘူး''


"အို.. ဘာလို့ မလှရမှာလဲ၊ မာမီတွေ့ဖူးသမျှ မိန်းကလေးတွေထဲမှာ သမီးလောက်လှပြီး သမီးလောက် ကျက်သရေရှိတဲ့မိန်းကလေးမရှိဘူး၊ အဲ့ဒါတကယ်''


သူမက အန်တီလို့ခေါ်လိုက်ပေမယ့် ကိုနေအရိပ်ရဲ့အမေက သူမကိုယ် သူမ မာမီဟုသာ သုံးသွား၏။


ဒါကို ဖေဖေနဲ့မေမေက သတိထားမိသွားပုံသည်။

နှစ်ယောက်လုံးပြုံးနေကြ၏။


ဒီပွဲမှာ မေမေ့ကို ခက်ရဲ့အမေနေရာကနေ

ပွဲထုတ်ထားတဲ့အပြင် သခင်မကြီးနဲ့ မမကြီးတို့ပါ

အတူထိုင်ပြီးစကားပြောနေတယ်ဆိုကတည်းက

ခက်တို့ရဲ့ အိမ်တွင်းရေးကို အားလုံးသိပြီးသားဖြစ်မည်။


"နေအရိပ်က မင်း သမီးလေးကိုဇွတ်တောင်းခိုင်းနေတာ မင်းသစ်ရ၊ မင်းလဲသိတဲ့အတိုင်း ငါ့မှာက ဟိုကအလုပ်တွေရော ဒီမှာကျန်ခဲ့တဲ့အလုပ်တွေရောဆိုတော့ ဘယ်လိုမှ အချိန်မပေးနိုင်ဘူးဖြစ်နေတာ၊ ဒီကောင်လည်တယ်ကွ ဒီကအလုပ်တွေကို သူကူညီပေးမယ်ဆိုပြီး ငါ့ကိုပြန်ခေါ်တာ ဟား.. ဟား..''


"နေအရိပ်က တော်ပါတယ်၊ ဟိုကောင် ဝသန်ဆို အခုချိန်ထိ ငါ့ကိုကူညီရကောင်းမှန်းမသိသေးဘူး''


"ဒယ်ဒီကလဲဗျာ''


"ဘာလဲ မဟုတ်ဘူးလား''


ဥိီးမင်းသစ် ဝသန့်ကို မေးထိုးပြီးမေးလိုက်တော့

ဝသန့်ရဲ့မျက်နှာကြီးက ရှုံ့မဲ့သွားကာ..


"ကျွန်တော်က အချိန်ကိုစောင့်နေတာပါ''

"ဘာအချိန်လဲ ငါသေမယ့်အချိန်လား''


"အို.. အစ်ကိုကလဲ မပြောကောင်း မဆိုကောင်းတွေ''


"ဟုတ်တယ်လေ နန်းရယ်၊ မင်းသားက ငါသေမှ ဒီအလုပ်တွေကို စိတ်ဝင်စားမယ်ထင်တယ်''


"ကဲပါ ဒယ်ဒီကလဲ ဒီကောင့်ကိုဆူချင်ရင် ပြီးမှဆူ၊ ခုက ညီမလေးရဲ့မင်္ဂလာအချိန်လေးကို

ဧည့်သည်တွေလဲ ရှိနေတာကို အားနာစရာ''


နှင်းစက်ကပါ ဝင်ပြောလိုက်မှ ခက်တို့ကိစ္စကို ဆက်ပြောကြ၏။


ဒီပွဲက ခက်ရဲ့ပွဲဆိုပေမယ့် အငြိမ်သက်ဆုံးကလဲ ခက်ပဲဖြစ်နေသည်။ မေမေကတော့ အစကတည်းက စကားနည်းတာမို့ အခုလဲ ဘာစကားမှ ဝင်ပြောခြင်းမရှိ။


"နှင်းစက်လေး ဧည့်သည်လာတယ်''

"ဟုတ်လား ဘယ်သူပါလိမ့်''


နှင်းစက်ကို လာခေါ်တဲ့ အန်တီခင့်နောက်ကို နှင်းစက်လှမ်းကြည့်လိုက်တော့ သူမတို့အားလုံးကို ထူးဆန်းသလိုကြည့်နေသည့် ဂုဏ်။


"အိုး... ဂုဏ် ဘယ်ကနေ ဘယ်လိုရောက်လာတာလဲ''


ဂုဏ် နှင်းစက်ရဲ့မေးခွန်းကို ပြန်မဖြေခင်

ဧည့်ခန်းထဲမှာရှိသည့် လူအားလုံးကို ဝေ့ကြည့်လိုက်၏။


ဧည့်ခန်းထဲတွင် ပူတူးတို့မိသားစုဝင်တွေအပြင်

နေအရိပ်ပါရှိနေ၏။ 


ဒါ့အပြင် သူမမြင်ဖူးတဲ့ လူတစ်ချို့လဲရှိနေသေး၏။ ညက ပူတူးပြောတဲ့ အန်ကယ့် မိတ်ဆွေတွေဆိုတာများလား။


နေပါဦး ဒါဆို နေအရိပ်က ဘာလို့ရောက်နေရတာလဲ။ ပြီးတော့ ပူတူးရဲ့ပုံစံက ဧည့်သည်လာလို့ စကားပြောနေတာမျိုးနဲ့ လုံးဝကိုမတူ။


အားလုံးထဲကမှ သူ့ကိုမမြင်ချင်ယောင်ဆောင်ကာ ခေါင်းလေးငုံ့ထားသည့် ပူတူးရဲ့ပုံစံက

ဘာလဲ။


"ဂုဏ် ကိစ္စရှိလို့လားဟင်''


နောက်ထပ်တစ်ကြိမ် သူမ ထပ်မေးလိုက်မှ

ဂုဏ်က ခေါင်းငြိမ့်ပြ၏။


ဒါတောင် မျက်လုံးတွေက သူမဆီရောက်မလာသေး။


"မလေးက နင့်ကိုဒါပေးခိုင်းလို့''


သူ့လက်ထဲမှာပါလာသည့် အပြာရောင်ကတ္တီပါဘူးလေးကို ပေးရင်းဆိုလိုက်တော့ နှင်းစက်က ဘူးလေးကိုပြုံးကြည့်ကာ


"အယ်... ရလာပြီလား နှင်းစက်က ကြာဦးမယ်ထင်တာ၊ ဂုဏ် တို့တွေ အပြင်မှာသွားပြောရအောင်လေ၊ ဒီမှာက ဧည့်သည်တွေနဲ့မို့လို့''

"အင်း''


ရှေ့ကထွက်သွားသည့် နှင်းစက်ရဲ့နောက်မှ

သူ လိုက်သွားဖို့ပြင်လိုက်ပေမယ့် စိတ်ထဲမှာ ဘာကို မတင်မကျ ဖြစ်နေမှန်းမသိတာကြောင့်

ဧည့်ခန်းထဲက လူတွေကို သူလည်ပြန်ကြည့်လိုက်၏။


ပူတူးကတော့ ဇတ်ကျိုးမတတ် ခေါင်းငုံ့ထားဆဲ။

ကျန်တဲ့လူတွေက သူတို့အချင်းချင်းစကားပြောနေကြပြီး ဝသန်နဲ့ နေအရိပ်ကတော့ သူ့ကိုအလိုမကျသလို ကြည့်နေ၏။


"ဂုဏ် လာလေ''

"အွန်း''


"အန်တီခင် ခြံထဲကို သောက်စရာတစ်ခုခု ယူလာပေးပါဦး''

"အေးအေး သမီး''


ခြံဘက်ကို ထွက်လာရင်းကနေ ဂုဏ် ဧည့်ခန်းထဲကလူတွေရဲ့ ဘာမှန်းမသိသော အခြေအနေကို စဥ်းစားမရတဲ့အဆုံး..


"နှင်းစက်''

"ဟင်.. ဘာလဲ''


"ဂုဏ် ဘာလဲ ဘာပြောမလို့လဲ''


တစ်ခုခုကို အလိုမကျသည့်ပုံစံဖြင့် မျက်ခုံးနှစ်ခုကို ထိမတတ် တွန့်ချိုးထားသည့် ဂုဏ့်ရဲ့ မျက်နှာကိုကြည့်ရုံဖြင့် ဘာပြောမလဲဆိုတာ 

သူမ သိပြီးသား။ 


သို့ပေမယ့်.. မသိချင်ယောင်ဆောင်ပြီးမေးလိုက်တော့...


"အထဲက ဧည့်သည်တွေက ဘယ်သူတွေလဲ''

"ဪ... အဲ့ဒါ နေအရိပ်တို့အိမ်ကလေ''


"သူတို့က ဘာလို့လာတာလဲ''

"ဒီနေ့က နေအရိပ်နဲ့ မိခက် စေ့စပ်တာလေ''


"ဘာ... စေ့စပ်တယ် ဟုတ်လား''


နားထဲမှာ အရှိန်ပြင်းသည့် ဗုံးတစ်လုံးကွဲထွက်သွားသည့်အတိုင်း။


မဟုတ်သေးဘူး။ နားထဲမှာဆိုတာထက် နှလုံးသားထဲမှာဆိုရင် ပိုမှန်လိမ့်မည်။


"အွန်း''


ချက်ချင်း ညိုမဲသွားသည့် ဂုဏ့်ရဲ့မျက်နှာကို

သူမ ခပ်တည်တည်ပဲ ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်၏။


ငါ့အတွက်မဟုတ်တဲ့ ​ကြေကွဲမှုတွေကို

ငါရှေ့မှာ လာထုတ်မပြပါနဲ့ ဂုဏ်ရယ်။


"ဒယ်ဒီပြန်လာတာ ဒီကိစ္စကြောင့်လေ၊ နေအရိပ်တို့ဘက်က အရမ်းလောနေတာနဲ့ ဒယ်ဒီက ချက်ချင်းပြန်လာပြီး စီစဥ်ပေးတာ၊ အစက မိခက်က လက်မခံပါဘူး၊ မနေ့ကမှ လက်ခံလိုက်တာ၊ အဲ့ဒါနဲ့ ဒီနေ့ကို ချက်ချင်းစေ့စပ်ပွဲလုပ်လိုက်ကြတာ၊ နေအရိပ်တစ်ယောက် မိခက်ကို အရမ်းသဘောကျနေပုံရတယ် အဟွန်း ဟွန်း''


သူ့နားထဲမှာ နှင်းစက်ရဲ့စကားတွေက

ကြားတစ်ချက် မကြားတစ်ချက်။


ပူတူးပြောတော့ ဘာမှမဟုတ်ပါဘူးတဲ့။

ဖေဖေ့မိတ်ဆွေတွေ လာမှာမို့လို့တဲ့လေ။

ဘာလဲ။

ပူတူးက သူ့ကိုလိမ်တာလား။


"မမလေးနှင်းစက် သခင်မကြီးက ခဏလာခဲ့ပါဦးတဲ့''

"ဪ... အင်း အင်း လိုက်ခဲ့မယ်၊ ဂုဏ် ငါ အိမ်ထဲ ခဏသွားလိုက်ဦးမယ်''


သူ ခေါင်းငြိမ့်ပြလိုက်မိသလား။

နှင်းစက်အိမ်ထဲပြန်ဝင်သွားတာနဲ့ သူ တောက်ကို ခပ်ပြင်းပြင်းလေး ခေါက်လိုက်၏။


ဒီအချိန် သူအိမ်ထဲဝင်သွားပြီး ပူတူးက ကျွန်တော့်ချစ်သူပါလို့ပြောလိုက်ရင်ရော ဒါလဲ မဖြစ်ဘူး။ ပူတူးက ငြင်းမှာသေချာသည်။


ဒါဆို သူဘာလုပ်ရမလဲ။

ဒီအတိုင်း သူလက်လျော့ပေးလိုက်.... ဟင့်အင်း 

မရဘူး ဒီလို သူအဖြစ်မခံနိုင်ဘူး။


ဘယ်လိုမှ ကြံရာမရတဲ့အဆုံး

ဘောင်းဘီအိတ်ထဲက ဖုန်းကိုထုတ်ယူလိုက်ပြီး


"Hello မေမေ''

"အွန်း သားပြော''


"မေမေ အခုချက်ချင်း ကျွန်တော့်ကို မိန်းမတောင်းပေးမလား''


"ဘယ်လို ဘယ်လို အခုချက်ချင်းကြီးလား၊

ဘယ်သူ့ကိုလဲ ဟိုတစ်ခါ သားပြောတဲ့ မိန်းကလေးလား''


"အွန်း.. အဲ့ဒါ အခုချက်ချင်းတောင်းပေးမှာလား''


"အို.. ဘယ်ဖြစ်မလဲ မေမေသားကိုပြောပြီးပြီလေ၊ သားဖေဖေပြန်လာမှ ဒီကိစ္စပြန်ပြောမယ်လို့

ဘယ်လိုဖြစ်လို့ လောနေရတာလဲ သားရယ်၊ နောက်နှစ်ရက်လောက်ဆို သားဖေဖေပြန်လာ...


"ဒါဆို တောင်းမပေးနိုင်ဘူးပေါ့''


"အခုတော့ မရဘူးသား၊ ဒါပေမယ့်.. သားဖေဖေပြန်လာ...


သူ မေမေ့ရဲ့စကားဆုံးအောင် နားမထောင်ပဲ

ဖုန်းချပစ်လိုက်၏။


ဒီအချိန် သူ ဘာကိုမှ စိတ်မရှည်နိုင်ဘူးမဟုတ်လား။


ပြီးတာနဲ့ နောက်ထပ် ဖုန်းတစ်ခုကို ထပ်ခေါ်လိုက်တော့ သူထင်ထားတဲ့အတိုင်း ပူတူးမဟုတ်ပဲ တခြားသူတစ်ယောက်လာကိုင်တာမို့..


"နွေသစ်ခက်ကို ဖုန်းပေးလိုက်''

"ခက်ခက်က ဖုန်းပြောဖို့အဆင်မပြေလို့ပါ''


"မလိုချင်ဘူး အခုချက်ချင်း ဖုန်းပေးလိုက်၊ မင်းအနားမှာ သူရှိတာ ငါသိတယ် ပေးလိုက်''

"ဟို..ဟိုလေ..


"သူ့ကိုမေးလိုက်ပါ ၊ ငါအခုချက်ချင်း အိမ်ထဲဝင်လာရမလားလို့''


သူ ဒီလိုခြိမ်းခြောက်လိုက်မှ ဟိုဘက်က ပူတူးရဲ့

စိတ်ပျက်သည့်အသံတိုးတိုးလေးထွက်လာပြီး


"ဘာပြောချင်လို့လဲဟင်၊ ခက်တကယ် ဖုန်းပြောဖို့အချိန်မရှိလို့ပါ၊ အခုတောင် မေမေတို့မသိအောင် ခိုးပြောနေရတာ''


"အခုချက်ချင်း လမ်းထိပ်ထွက်ခဲ့''


"ဟင်.. ဘယ်ဖြစ်မလဲ၊ ပြောစရာရှိရင် အခုပြောလိုက်လေ နော်၊ ခက် ဘယ်လိုမှ ထွက်လာလို့မရဘူး''


"မလိုချင်ဘူး ကိုယ်က ထွက်ဆိုရင် ထွက်လာခဲ့၊ မဟုတ်ရင် ကိုယ် အိမ်ထဲဝင်လာရလိမ့်မယ်၊ ကိုယ့်အကြောင်းကို မင်းသိပါတယ်၊ ကိုယ်ဝင်လာရင် မင်း ပြဿနာတက်သွားမယ်ထင်တယ်၊ ၁၅မိနစ်အချိန်ပေးမယ်''


ပြောချင်တာ ပြောပြီးတာနဲ့ ဂုဏ် ကားပေါ်ပြန်တက်ကာ လမ်းထိပ်ကိုဦးတည်ပြီး ခြံထဲကနေ မောင်းထွက်လိုက်၏။


မင်းလူလည်ကျချင်တိုင်းကျလို့ မရဘူး ပူတူး။

ကိုယ်ခွင့်မပြုဘဲ မင်း ကိုယ့်အနားကနေ ထွက်သွားခွင့်မရှိဘူး။ ထွက်သွားလို့လဲ မရစေရဘူး။


နောက်ကြည့်မှန်ကနေတစ်ဆင့် ပူတူးထွက်လာမယ့်အချိန်ကို သူ မျက်တောင်မခတ်ဘဲ စောင့်ကြည့်နေလိုက်သည်။


သူပြောထားတဲ့ အချိန်ပြည့်သည်အထိ ထွက်မလာတာကြောင့် ဒေါသက ရေဆူမှတ်အထိရောက်သွားကာ ကားကိုစက်ပြန်နှိုးလိုက်စဥ် ပေါ်လာတဲ့အရိပ်ကလေးကြောင့် နှုတ်ခမ်းတွေကိုတွန့်ခနဲပြုံးလိုက်ကာ...


"အဟွန်း... မင်းကိုယ့်ကို မလွန်ဆန်ရဲဘူးဆိုတာ

ကိုယ်သိတယ် ပူတူး''


မိုးလေးတဖွဲဖွဲကျနေတာမို့ ထီးလေးကိုင်ကာ ခက် နောက်ကိုလှည့်ကြည့် လှည့်ကြည့်ဖြင့် လျှောက်လာရင်းကနေ လမ်းထိပ်မှာရပ်ထားသည့် သူ့ကားနားအရောက် ကားမှန်ကိုခေါက်လိုက်တော့...


"ကားပေါ်တက်''

"ဟင့်အင်း မတက်တော့ဘူး၊ ခက်ကိုပြောစရာရှိတာ မြန်မြန်ပြောပါ၊ ခက် ထွက်လာတာကို မေမေတို့သိသွားရင် ခက်ကို ဆူလိမ့်မယ်''


အရင်နေ့တွေကနဲ့မတူအောင် အင်္ကျီခါးတို လက်ရှည်လေးဖြင့် လူကြီးပုံစံလေး ဝတ်ထားသည့် ပူတူးကို သူ ခပ်စူးစူးလေးကြည့်လိုက်၏။


ဝင်းဝါဖြူဥနေသည့် အသားအရေကြောင့်လား

သူမ ဝတ်ထားသည့် ပုလဲရောင်တောက်နေသည့်ဝတ်စုံကြောင့်ပဲလားတော့မသိ မျက်နှာမလွှဲချင်လောက်အောင် လှလွန်းနေသည်။


အထူးခြားဆုံးက အမြဲတမ်းဖြန့်ချထားတတ်သည့် ဆံနွယ်ရှည်တွေကို တစ်ခါမှမမြင်ဖူးသည့် ဆံထုံးပုံစံဖြင့် တွေ့ရခြင်း။ 


ဒီပုံစံလေးက ချစ်ဖို့ကောင်းတာအမှန်ဆိုပေမယ့်

တခြားယောက်ျားတစ်ယောက်အတွက် ပြင်ဆင်မှုဖြစ်နေတာကြောင့် ဒေါသရိပ်တွေတက်လာကာ...


"မင်းဒီနေ့ စေ့စပ်တာဆို''


ကားပေါ်မှဆင်းလာရင်း မေးလိုက်သည့် သူ့မေးခွန်းကို ခက် ခေါင်းပဲ ငြိမ့်ပြလိုက်၏။


ဘယ်လိုသိတာလဲဆိုတာကို ပြန်မမေးလိုက်တာက မမကြီး ပြောပြတယ်ဆိုတာ သေချာလို့။


"မင်း ဘာတွေလုပ်ဖို့ကြံစည်နေတာလဲ ပူတူး

ဟမ်.. ပြောလေ ကိုယ့်ကိုဘယ်လောက်အထိ

နှိပ်စက်ဖို့ တွေးထားတာလဲ''


"ခက်က ရှင့်ကို ဘယ်မှာနှိပ်စက်နေလို့လဲ၊ ခက် ကိုယ့်ဘဝနဲ့ကိုယ် အေးဆေးနေနေတာပါ၊ ရှင်ကသာ ဘာမှမဆိုင်ပဲ ခက်ကို လာလာပြီး အနိုင်ကျင့်နေတာ''


သွေးအေးအေးနဲ့ပြောချလိုက်တဲ့ သူမရဲ့စကားအဆုံးမှာ မယုံနိုင်ခြင်းများစွာနဲ့ သွေးပျက်သွားသူက ဂုဏ်။


ထို့ကြောင့် သူမရဲ့အနားကိုတိုးကပ်သွားလိုက်ပြီး

ပုခုံးဝန်းဝန်းလေးနှစ်ဖက်ကို ခပ်တင်းတင်းလေးဆုပ်ကိုင်လိုက်လိုက်တော့ နှစ်ယောက်လုံး ထီးအောက်ကို ရောက်သွား၏။


ထီးလေးက သေးနေတော့ လူနှစ်ယောက်ကို

မိုးမစိုအောင် မိုးမပေးနိုင်ပဲဖြစ်ကာ ထီးကနေပြန်ကျလာတဲ့မိုးစက်တွေက သူ့ပုခုံးပေါ်ကို တပေါက်ပေါက်နဲ့။


ခက် သူ့အက်ျီပုခုံးစွန်းလေးကို ငေးစိုက်ကြည့်နေတော့ သူကလဲ ထိုနေရာကိုပြန်ငဲ့ကြည့်၏။ပြီးမှ သူမရဲ့ ပုခုံးကို ခပ်ဖိဖိလေးကိုင်ကာ...


"ဘာမှမဆိုင်ဘူး ဟုတ်လား မင်းပြောရက်တယ်ကွာ ၊ ကိုယ်မင်းကို ဘယ်လောက်အထိ မြတ်နိုးပြီး ဘယ်လောက်အထိ စွဲလန်းနေတယ်ဆိုတာကို

မင်းမသိတာမဟုတ်ဘူး၊ မသိချင်ယောင်ဆောင်နေတာ၊ ဒါပေမယ့် ကိုယ်ပြောပြီးလေ၊ မင်း ကိုယ့်ကိုပြန်ချစ်လာမယ့်အချိန်အထိ ကိုယ်စောင့်ပေးမယ်လို့၊ ဘာလို့ အခုလို လုပ်ချင်ရာ လုပ်ရတာလဲ ပူတူး ဟမ်.. ပြောလေ ကိုယ်မေးနေတာ ဘာလို့ ဒီလိုလုပ်ရတာလဲ''


တင်းမာနေသည့် မျက်နှာထားနှင့် ရီဝေနေသည့် သူ့အကြည့်တွေကြောင့် ခက် ရင်ထဲဆွေးသွားသည်။


တစ်ခုခုကို ဆုံးရှုံးရတော့မယ့် ခံစားချက်ကြီးကြောင့် နောင်တရချင်သလိုလို။


သို့ပေမယ့် သူမ စိတ်ကိုတင်းပစ်လိုက်ပြီးမှ

သူ့ကို ခပ်စူးစူးလေးကြည့်ကာ..


"ရှင့်မှာလဲ ရှင့်ခံစားချက်ရှိသလို၊ ခက် မှာလဲ ခက်ရဲ့ ခံယူချက်တွေရှိတယ်၊ ခက်ရဲ့မိသားစုကို စိတ်ဆင်းရဲအောင် ခက်ဘယ်တော့မှမလုပ်ဘူး''


"ဒါဆို ကိုယ်ကျတော့ရော၊ မင်းရဲ့ရွေးချယ်မှုကြောင့် ကိုယ်နာကျင်ရမယ်ဆိုရင်တောင် မင်းရွေးမှာပဲဆိုတာ ကုိယ်သိတယ်၊ ဒါပေမယ့် ကိုယ် မင်းဆိီကနေ ရူးမိုက်စွာ မျှော်လင့်နေတဲ့အရာက

အခုလို ရက်စက်ခြင်းမျိုးမဟုတ်ဘူး''


သူ ဆက်ပြောနိုင်စွမ်းမရှိပဲ ရပ်တန့်ပစ်လိုက်တော့ သူမကလဲ သက်ပြင်းလေးရှိုက်ကာ မျက်နှာလွှဲသွားသည်။


အခုမှ သူမြင်မိတာက သူမရဲ့ဆံထုံးထက်က

နှင်းဆီပွင့်ဖြူဖြူလေး သုံးပွင့်။


လှတယ် မျက်နှာမလွှဲချင်လောက်အောင် လှတယ်။ ဒါပေမယ့်.. ဒီအလှတရားတွေက ကိုယ့်အတွက်မဟုတ်ခဲ့ဘူး။


ဒီလိုတွေးမိတဲ့အချိန် သူ့မျက်နှာချက်ချင်းတင်းသွား၏။ တစ်ဖက်ကို လွှဲထားသည့် သူမရဲ့ဖြူနုနေသည့် မျက်နှာသွယ်သွယ်လေးကို မေးဖျားလေးမှ သူနဲ့မျက်နှာချင်းဆိုင်ဖြစ်သွားအောင် ဆွဲလှည့်လိုက်ပြီး..


"မင်းရဲ့ရွေးချယ်မှုက ကိုယ်မဟုတ်ဘူးဆိုပေမယ့် ကိုယ့်ရဲ့ရွေးချယ်မှုကတော့ အမြဲတမ်း မင်းပဲ ပူတူး၊ မင်းရဲ့လုပ်ရပ်တွေက ကိုယ့်ကို ဘယ်လောက်နာကျင်စေတယ်ထင်လဲ''


‌''ခက်ကြောင့် ရှင်ကဘာလို့နာကျင်ရတာလဲ''


ဒီလိုမေးလိုက်တော့ သူက မဲ့ပြုံးလေးပြုံးကာ..


‌'​'ကိုယ်ပြောပြီးပြီလေ ကိုယ်မင်းကိုချစ်တယ်လို့''

"ရှင့်ခံစားချက်တွေကို အာရုံစိုက်ဖို့ ခက် မှာ အင်အားမရှိဘူး၊ ဒါ့ကြောင့် ရှင့်ခံစားချက်တွေကို ရှင့်ဘာသာ အဆင်ပြေအောင်လုပ်ပါ၊ နောက်ကို ထပ်ပြီးမနှောင့်ယှက်တော့ဖို့ မျှော်လင့်ပါတယ်''


သူ ဆုပ်ကိုင်ထားသည့် သူမရဲ့လက်တွေကို

ရုန်းထွက်ပစ်လိုက်ပြီး ထိုနေရာကနေ ကျောခိုင်းပစ်လိုက်တော့ သူကအံကြိတ်သံဖြင့်


"ဒါ မင်းရဲ့ဆုံးဖြတ်ချက်ပေါ့ ဟုတ်လား ပူတူး''


ကျောခိုင်းထားလျက်ကနေ ခေါင်းငြိမ့်ပြလိုက်၏။ အဲ့ဒီ့နောက် သူ့ရဲ့နာနာကျင်ကျင် ရယ်သံလေးထွက်လာပြီး...


"ပွဲသိမ်းဆုံးဖြတ်ချက်က မင်းဆုံးဖြတ်ရမှာမဟုတ်ဘူး ဒီပွဲမှာ ကိုယ်က ဒိုင်လူကြီး''


"ဒါပေမယ့် ခက်က ကာယကံရှင်လေ၊ ခက် ရွေးချယ်ချင်တာ ရွေးချယ်ခွင့်ရှိတယ်''


"မင်းရဲ့ရွေးချယ်မှုက ကိုယ်ပဲဖြစ်ရမယ်''

"ခက် ဘယ်တော့မှ ရှင့်ကို မရွေးဘူး''


"ကိုယ့်ရဲ့ရွေးချယ်မှုက မင်းပဲ၊ ပြီးတော့ ကိုယ်လဲ မင်းကို ထပ်ပြီးအချိန်မပေးတော့ဘူး၊ မင်းမှာ ေရွးချယ်ခွင့်မရှိ​စေရဘူး''


"ခက်ကို ခွင့်လွှတ်ပါ''


ဘာအတွက် သူ့ကိုတောင်းပန်လိုက်သလဲဆိုတာ

သူမ ကိုယ်တိုင်လဲ မသိတော့ပါ။

ဒီအချိန် သူမ အပြစ်မကင်းသလို ခံစားနေရတာ

ဘာကြောင့်လဲ။


သူ့ဘက်ကိုတစ်ချက်လှည့်မကြည့်ဘဲ ပြောပြီးသွားတာနဲ့ သူ့ကို ချန်ထားရစ်ခဲ့ပြီး ထွက်သွားသော ပူတူးကြောင့် မေးရိုးတွေ ခိုင်ကျဥ်သွားသည်အထိ အံတင်းတင်းကြိတ်ကာ လက်သီးကိုကျစ်နေအောင် ဆုပ်လိုက်၏။


ပြီးတာနဲ့ ကားပေါ်ပြန်တက်ကာ သူမနဲ့ဆန့်ကျင်ဘက်အရပ်ကို မောင်းထွက်လိုက်၏။


သူမနောက်က လိုက်လာခြင်း မရှိတော့ဘဲ ကားမောင်းသံကြားလိုက်ရမှ ခက် သက်ပြင်းလေးချလိုက်၏။


သို့ပေမယ့် ရင်ထဲမှာရှင်းသွားခြင်း မရှိဘဲ

ပိုရှုပ်ထွေးလာသည်။


အိမ်ဘက်ကို ဦးတည်ပြီးပြန်လာသည့် ခြေလှမ်းတွေက ရှေ့မဆက်ချင်တော့ပဲ ဖြစ်နေ၏။


အိမ်မှာကျန်ခဲ့သည့်လူတွေကိုလဲ သူမ ရင်မဆိုင်ချင်တော့ပါ။ 


ရင်ထဲ တစ်ဆို့နေသမျှကို သက်ပြင်းအကြိမ်ကြိမ်ချပြီး ရှင်းထုတ်နေစဥ် သူမနဲ့မျက်နှာချင်းဆိုင်တည့်တည့်မှ ပြန်မောင်းလာသည့် သူ့ရဲ့ကား။


"ဟင်.. ဘာလို့ ပြန်လာပြန်တာလဲ''


တစ်ဖက်လမ်းထိပ်ကနေ သူမရှိရာကို မောင်းလာသည့် ကားရဲ့အရှိန်က လေးညှို့ကနေ ပစ်လွှတ်လိုက်သည့် မြှားတစ်စင်း၏ အရှိန်မျိုး။


သူမရှိရာတည့်တည့်ကြီးကို မောင်းချလာတာမို့ ခက် ထိတ်လန့်စွာ နောက်ကိုဆုတ်လိုက်ပေမယ့်

သူမရဲ့ခြေလှမ်းအရွေ့ဟာ သူ့ကားရဲ့အရှိန်ကို

မကာကွယ်နိုင်တော့ဘဲ...


"ကျွီ.... ဒုန်း....

"အား.....


ခြေထောက်ဆီမှ ပြင်းပြင်းထန်ထန်နာကျင်မှုကြောင့် သူမရဲ့ ကိုယ်လေး မြေပြင်ပေါ်လဲကျသွားခိုက် နားထင်စပ်နားက စူးခနဲဖြစ်သွားကာ

မျက်လုံးတွေပြာဝေသွားသည်။


ထိတ်လန့်မှုနဲ့ နာကျင်မှုတို့ရဲ့ကြားထဲမှ သူမ မြင်လိုက်ရသည့်အရာက သူမလက်ထဲမှ လွတ်ထွက်သွားသည့် ထီးရဲ့နောက်မှ အရိပ်တစ်ခု။


ကားပေါ်ကနေဆင်းလာပြီး သူမကို သွေးအေးသော အကြည့်တို့ဖြင့်ကြည့်နေသည့် ကိုကို...


"ကို..ကို..


သူ အရမ်း အခေါ်ခံချင်ခဲ့တဲ့ နာမ်စားလေး။

သူမ သူ့ကို အရမ်းခေါ်ချင်တဲ့ နာမ်စားလေး။

သူ့ရှေ့ရောက်ရင် အမြဲတမ်းပျောက်ရှခဲ့ရတဲ့

နာမ်စားလေး။


ဒါနောက်ဆုံးအကြိမ်ဖြစ်မယ်ဆိုရင်တောင်

ခက်ရဲ့ခေါ်သံနောက်မှာ ကိုကို့ကို ပြုံးနေစေချင်တာ။

အခုလို သွေးအေးတဲ့အကြည့်မျိုးနဲ့ မတုံ့ပြန်ပါနဲ့။


"ကိုကို''


သူမဆီကိုလျှောက်လှမ်းလာတဲ့ ခြေထောက်တွေရဲ့ပိုင်ရှင်က ထိုအချိန်မှာ ပြုံးနေမလားဆိုတာ ခက် မသိနိုင်လောက်အောင် အမြင်တွေဝေဝါးသွားပြီဖြစ်သည်။


သူမကို ပွေ့ချီလိုက်တယ်ဆိုတဲ့ အသိနောက်မှာ

စိတ်တွေကိုလျော့ချပစ်လိုက်သည်က

ကိုကို့လက်ထဲမှာဆိုသည့် စိတ်ချမှုမျိုးဖြင့်။


>>>>>>>>>><<<<<<<<<< 


"အခြေအနေ ဘယ်လိုရှိလဲ ဒေါက်တာ''


ဒေါ်ထွေးနဲ့အတူ သူ့အခန်းထဲမှ ထွက်လာသည့်

ဒေါက်တာဖူးငုံကို အလောတကြီးမေးလိုက်၏။


ဒေါက်တာဖူးငုံရဲ့ပစ္စည်းတွေကိုယူပြီး သူတို့ရှေ့မှထွက်သွားသည့် ဒေါ်ထွေးကို သူငဲ့ကြည့်ပြီးမှ


"စိုးရိမ်ရလား ဒေါက်တာ''


"စိုးရိမ်စရာမရှိပါဘူး၊ လန့်သွားပြီး သတိလစ်သွားတာပါ၊ ခြေထောက်ကို ထိတဲ့အရှိန်ကတော့  နည်းနည်းများသွားတယ်ထင်တယ်၊ ကျိုးတော့မကျိုးပေမယ့် လူနာသတိရလာရင် ဓာတ်မှန်ရိုက်ကြည့်စေချင်တယ်''


"ဟုတ်ကဲ့ ဒေါက်တာ''

"နဖူးက ဒဏ်ရာကိုတော့ ဆေးထည့်ပေးခဲ့ပါတယ်၊ အနာရှိန်နဲ့ ဒီညဖျားရင် ဖျားနိုင်တယ်ဆိုတော့ ဂရုစိုက်ပေးပါ''


"ဟုတ်ကဲ့ခင်ဗျ''


"ဪ... ပြီးတော့ လူနာရဲ့အဝတ်တွေက စိုနေတယ်နော်၊ အဲ့ဒါလဲ လဲပေးလိုက်ပါဦး အအေးမိသွားလိမ့်မယ်''


အခန်းထဲကို လှည့်ကြည့်ပြီးမှ သူခေါင်းငြိမ့်ပြလိုက်၏။


ဟုတ်သားပဲ။ 

မိုးရေတွေစိုလာတာကို သူမေ့နေတာ။


ဒေါက်တာ သူရှေ့က ထွက်သွားတာနဲ့ အခန်းထဲကို အမောတကောပြေးသွားကာ ဘီဒိုထဲမှ သူအဝတ်အစားတစ်ချို့ကိုယူပြီး အိပ်ပျော်နေသော ပူတူးအနားကို သွားရပ်လိုက်၏။


ဘယ်ဘက်နားထင်မှာ ကပ်ထားသည့် ပလာစတာလေးကိုကြည့်ပြီး သနားသွား၏။


ဒါတောင် သူမနားရောက်ခါနီး ကားကိုအရှိန်လျော့ချပစ်လိုက်လို့။ မဟုတ်ရင် ဘယ်လောက်တောင် ထိခိုက်သွားမလဲဆိုတာ သူမတွေးရဲ။


မျက်လုံးတွေမှိတ်ချထားသည့်တိုင် စွဲမက်ဖွယ်ကောင်းနေသေးသည့် မျက်တောင်ရှည်ရှည် ကော့ကော့ကြီးများက သူ့ကိုစွဲဆောင်နေဆဲပါ။


ခြေရင်းမှာရှိသည့် မီးခိုးရောင်သိုးမွှေးစောင်ကြီးဖြင့် သူမ တစ်ကိုယ်လုံးကို အရင်လွှမ်းခြုံပေးလိုက်ပြီးမှ သူမကို အဝတ်အစားလဲပေးဖို့ပြင်လိုက်၏။


မျက်နှာကိုတစ်ဖက်လွှဲပြီး အဝတ်အစားလဲပေးဖို့

စဥ်းစားထားပေမယ့် သူမ ဝတ်ထားသည့် လက်ရှည်ရင်ဖုံးအက်ျီက ထင်ထားတာထက် 

ချွတ်ရခက်နေတာမို့ ဟူးခနဲနေအောင် လေပူတွေမှုတ်ထုတ်လိုက်ပြီး....


"ဒေါ်ထွေး ဒေါ်ထွေး ဒီကို ခဏလာပါဦး''

"သား ဘာဖြစ်လို့လဲ''


"ပူတူးကို အက်ျီလဲပေးပါဦး၊ သူ့အက်ျီတွေက စိုနေလို့''

"ဪ... အေး အေး''


"မြန်မြန်လုပ်နော် ဒေါ်ထွေး၊ ပူတူးက အရင်ကတည်းက အအေးမခံနိုင်ဘူး၊ တော်ကြာ အ​အေးမိသွားလိမ့်မယ်''


ကလေးမလေးကို စိတ်မချသလို တစ်ချက်ကြည့်ပြီးမှ အခန်းတံခါးပိတ်ကာ ထွက်သွားသည့်

ဂုဏ်လေးကို ဒေါ်ထွေးကြည့်ပြီး ပြုံးလိုက်၏။


မိုးတွေ သည်းသည်းမည်းမည်း ရွာနေချိန် မိန်းကလေးတစ်ယောက်ကို ပွေ့ချီပြီး အိမ်ပြန်လာတဲ့ ဂုဏ်လေးကြောင့် သူမ ဘယ်လောက်စိုးရိမ်ခဲ့ရလဲ။


စိတ်ပူလွန်းလို့ ဂုဏ်လေးရဲ့နောက်ကို ပြေးလိုက်လာတော့ ကလေးမလေးကို သူ့အိပ်ယာပေါ်တင်ပြီး ဆရာဝန်ခေါ်လိုက် ကလေးမလေးကို ပြေးကြည့်လိုက်နဲ့ ပျာယာတွေခတ်နေတာမို့ ဘယ်သူဘယ်ဝါဆိုတာ မေးခွင့်မရ။


မေးလို့မရတဲ့အဆုံးမှ ကလေးမလေးကို အကဲခတ်ကြည့်လိုက်တော့ ဟော့ဟော့ရမ်းရမ်းပုံစံမျိုးမဟုတ်ပဲ မြန်မာဝတ်စုံလေးနဲ့ ဆံထုံးလေးထုံးထားတဲ့ ကလေးမလေးဖြစ်နေတာမို့ ဘာမှန်းညာမှန်း မသိသော်လည်း အနည်းငယ်တော့ စိတ်သက်သာရခဲ့သည်။


ကုတင်းခြေရင်းမှာ ဂုဏ်လေးချထားခဲ့သည့် အဖြူရောင်ကော်လံလက်ရှည်လေးနဲ့ ကာကီရောင် ဘောင်းဘီရှည်ပွပွလေးကို ဝတ်ပေးလိုက်ပြီးမှ ကလေးမလေး အရင်ဝတ်ထားသည့် ရေစိုနေသော ဝတ်စုံလေးကို ကောက်ယူကာ အခန်းထဲမှ ထွက်လာခဲ့၏။


"ပြီးပြီလား ေဒါ်ထွေး''

"ပြီးပြီ သား၊ ဆံပင်တွေကို ဒေါ်ထွေး ပြန်လာပြီး

သုတ်ပေးမယ်နော်''


"နေပါစေ ကျွန်တော်ပဲ လုပ်ပေးလိုက်မယ်''


ဒီလိုပြောလိုက်တော့ ဒေါ်ထွေးက သူ့ကို ထူးဆန်းသလိုလေးကြည့်လာ၏။ ပြီးမှ ခေါင်းငြိမ့်ကာ


"ဒါဆို ဒီအက်ျီတွေကို ဒေါ်ထွေး သွား​လျှော်လိုက်ဦးမယ်"


ေဒါ်ထွေးလက်ထဲမှ ပူတူးဝတ်လာသည့်ဝတ်စုံလေးကို သူ မျက်လုံးစွေကြည့်လိုက်ပြီး..


"လွှင့်ပစ်လိုက်''

"အသစ်ကြီးရှိသေးတာ သားရဲ့''


"အသစ်မကလို့ ဘာဖြစ်ဖြစ် ဒီဝတ်စုံကို ကျွန်တော်မမြင်ချင်ဘူး လွှင့်ပစ်လိုက်''


တကယ်မုန်းသင့်တာက သူမကိုပါ။

ဒါပေမယ့် မုန်းမပစ်ရက်တော့ ဘာမှမဆိုင်တဲ့ ဝတ်စုံလေးအပေါ် သူ့ဒေါသတွေဖြေချလိုက်တာ သူသာအသိ။


အခန်းထဲဝင်ပြီး ကုတင်ပေါ်တွင် ပက်လက်လေးအိပ်ပျော်နေရှာသည့် ပူတူးအနားကိုသွားကာ 

အခုထိထုံးဖွဲ့ထားဆဲဖြစ်သော ဆံနွယ်တွေကို ဖြေချလိုက်၏။


မိုးရေတွေစိုရွှဲနေသည့် ဆံနွယ်တွေနဲ့အတူ သူမ ပန်ဆင်ထားသည့် နှင်းဆီဖြူသုံးပွင့်ကပါ ပြေကျလာတော့... သူ့မျက်ဝန်းတွေ ကျဥ်းမြောင်းသွားကာ...


"သွားစမ်းကွာ.. 

ဘုတ်..


ဆံနွယ်တွေကိုတော့ တယုတယလေးကိုင်လိုက်ပြီးမှ အပြစ်မရှိတဲ့ နှင်းဆီပန်းတွေကိုတော့ 

ရောက်ချင်ရာရောက်ဆိုပြီး ပစ်ပေါက်မိ၏။


ဒေါသကို ဒီလိုပဲဖြေရမယ်။ 

မဟုတ်ရင် သူ့ဒေါသတွေ သူမလေးအပေါ်ကျသွားမှာမျိုးတကယ်မလိုချင်။


သူမရဲ့ဆံနွယ်တွေကို dryerဖြင့် မှုတ်ပေးဖို့ လုပ်လိုက်ပြီးမှ သူမနိုးသွားမှာစိုးတာကြောင့် ပုဝါလေးဖြင့် မခြောက်မချင်း သုတ်ပေးလိုက်၏။


ဆံပင်တွေခြောက်သွေ့သွားမှ သူမကို စောင်လေးခြုံပေးလိုက်ပြီး ပြတင်းပေါက်နားသွားရပ်လိုက်သည်။


ထိုစဥ် ခြံရှေ့မှာ ကားနှစ်စီးထိုးရပ်သွားပြီး ကားပေါ်ကနေဝသန်ဆင်းလာ၏။


ဘယ်သူလာလာ ခြံတံခါးဖွင့်မပေးနဲ့လို့ ဦးမောင်ကို သူမှာထားတာကြောင့် ခြံရှေ့မှာရပ်နေကြရခြင်းဖြစ်မည်။

 

"ချက်ချင်းကြီး လိုက်လာတာလား...

ကျစ်..


တိုက်ကြီးဘက်ကို မော့ကြည့် မော့ကြည့်ဖြင့် စကားပြောနေသည့် ဦးမောင်ကြောင့် ကုတင်ဘေးက စားပွဲပေါ်တွင်တင်ထားသည့် ဖုန်းလေးကို ကောက်ယူလိုက်ပြီး..


"ဟဲလို ဦးမောင် ခြံတံခါးဖွင့်ပေးလိုက်ပါ''


တံခါးဖွင့်ပေးလို်က်တာနဲ့ ခြံထဲကို ကားနှစ်စီးအပြိုင်ဝင်လာ၏။ 


ပထမကားပေါ်မှ ဝသန်နဲ့နေအရိပ်ဆင်းလာပြီး

နောက်ကားပေါ်မှ နှင်းစက်။


သူ့ရဲ့လေးကိုင်းသဏ္ဍာန်နှုတ်ခမ်းလွှာကို တွန့်ကွေးသွားသည်အထိပြုံးကာ လက်တွေက သူ့ ရှပ်အက်ျီရဲ့ကြယ်သီးတွေဆီပို့ပစ်လိုက်ပြီး..


"မျိုးရိုးဂုဏ် ဘယ်မှာလဲ''

"ရှိပါတယ် အဒေါ်သွားခေါ်ပေးမယ်နော်''


ဝသန့်အသံနဲ့အတူ ဖြေနေတဲ့ ဒေါ်ထွေးရဲ့အသံပါ သူကြားလိုက်သည်။ ဒါ့အပြင် လှေကားတွေကို နင်းဖြတ်လာသည့် ခြေသံတွေကိုလဲ ကြား၏။


ဒါ့ကြောင့် ကြယ်သီးအကုန်ဖြုတ်ပြီးနေသော အင်္ကျီကို ဆွဲဆန့်ဖြန့်ပစ်လိုက်ပြီး ခါးပတ်ကိုပါ ဖြုတ်ပစ်လိုက်ကာ ကုတင်ဘေးကို ပစ်လိုက်သည်။ နောက်ဆုံးအနေနဲ့ သူ့ရဲ့ဆံပင်တွေကိုပါ ထိုးဖွလိုက်စဥ်..


"ကျွိ... ချလပ်

"မျိုးရိုးဂုဏ် ခင်ဗျား ကျုပ်ညီမကို ဘယ်ခေါ်သွား...ဟာ..ခင်ဗျား... ခင်ဗျား..


>>>>>>>>>><<<<<<<<<<


အားပေးတဲ့ အသဲတွေအားလုံးကို ကျေးဇူးတင်ပါတယ်😘😘


အမှားပါသွားရင် ချစ်တဲ့စိတ်နဲ့ ဝေဖန်ပေးပါဦး😊


အပိုင်း(၁၆)မျှော်


စာရေးသူ-Merida(Tulip)


rate now: