🎗🎗 နှောင်ကြိုး 🎗🎗
~~~~~~~~~~
"သမီးဖေဖေက သမီးကို မောင်နေအရိပ်နဲ့
စေ့စပ်ပေးချင်လို့တဲ့''
"ေမေမ့သဘောကတော့ သမီးရဲ့သဘောပါပဲ
ဒါပေမယ့် သမီးဖေဖေကို စိတ်မညစ်စေချင်ဘူး''
"သခင်မကြိီးကလဲ သဘောတူနေတာဆိုတော့
သမီးလေး ငြင်းလိုက်ရင် စိတ်ခုသွားမှာစိုးတယ်''
ဖေဖေပြန်လာတာက
သူမကို ကိုနေအရိပ်နဲ့ စေ့စပ်ပေးချင်လို့တဲ့လေ။
လက်ခံလိုက်ပါလို့ ပြောတာမျိုးမဟုတ်ပေမယ့်
လက်ခံစေချင်တဲ့ အဓိပ္ပါယ်အပြည့်ပါတဲ့
မေမေ့ရဲ့စကားတွေကြောင့်
ခက် စိတ်ရှုပ်မိတာတော့ အမှန်။
မေးထူးခေါ်ပြောလောက်ပဲ ဆက်ဆံဖူးတဲ့
လူတစ်ယောက်ကို လက်ခံလိုက်ဖို့အထိ
ခက်က သမီးလိမ္မာလေးတစ်ယောက်လုပ်ဖို့
လိုအပ်သလား။
ဘာကြောင့်မှန်းမသိပေမယ့် ခက် ဒီကိစ္စကို လက်ခံပေးလိုက်ဖို့ ခက်ခဲနေတာတော့အမှန်။
"နွေ.. သစ်.. ခက်''
"အမလေး လန့်လိုက်တာ ဂူးဂူးရယ်
ဘာလဲ ဘာလဲ''
နားနားကို ကပ်ပြီး အော်ကြီးဟစ်ကျယ်ခေါ်လိုက်တာမို့ သူမ လန့်သွားကာ ဒေါသပါထွက်သွား၏။
"ဘာမှမလဲဘူး၊ တကတည်း ငါဒီလောက်ခေါ်နေတာကို မကြားနိုင်ရလောက်အောင် ဘာတွေတွေးနေတာလဲ''
"ခက်က ဘာကိုတွေးရမှာလဲ''
"ဒါဆို ငါခေါ်နေတာကို နင်ဘာလို့ မကြားလဲ''
"နင်ခေါ်တာ တိုးနေလို့နေမှာပေါ့ဟ၊
ဘာလဲ ဘာလုပ်ဖို့ ဒီလောက်ခေါ်နေတာလဲ''
"ဟိုမှာ နင့်ကို ဟိုလူကြည့်နေလို့''
"ဘယ်လူလဲ... ဟင်..
ဂူးဂူး မေးငေါ့ပြသည့်ဘက်ကို ပြန်ကြည့်လိုက်တော့ ကိုမျိုးရိုးဂုဏ်က ကားဘော်ဒီကို မှီရပ်နေပြီး သူမကိုပြုံးပြနေသည်။ ကျောင်းအထိတကယ်လိုက်လာသည့်သူ့ကို အမြင်ကပ်တာကြောင့် မျက်နှာကိုတစ်ဖက်လွှဲပစ်လိုက်ပြီးမှ ဒီလူရဲ့ ဇွတ်တရွတ်ဆန်ဆန် အပြုအမူတွေကို သတိရကာ သက်ပြင်းရှည်ကြီးချလိုက်ရင်း...
"ဂူးဂူး ခက် ဟိုလူ့ဆီခဏသွားလိုက်ဦးမယ်၊ ဘယ်မှမသွားပဲ ဒီနားကနေစောင့်နော်''
"အဲ့ဒါ အရင်တစ်ခါ နင့်ကိုဆွဲခေါ်သွားတဲ့သူမဟုတ်လား၊ သူနဲ့ နင်ဘယ်လို ပတ်သတ်တာလဲ''
"ဒီအတိုင်း ခက်ရဲ့အသိပါ''
"ဟိုတစ်ခါကလဲ သူနင့်ကို အတင်းဆွဲခေါ်သွားတာမဟုတ်လား၊ မသွားနဲ့ ခက် တော်ကြာ အရင်တစ်ခါလိုလုပ်ရင် ဘယ်လိုလုပ်မလဲ''
ဂူးဂူးက သူမရဲ့လက်လေးကိုဆွဲထားပြီး ပြောနေတာမို့ ခက် သူမလက်တွေကို အသာလေးရုန်းကာ
"ခက် သူ့ဆီမသွားရင် သူက ခက်ရှိတဲ့နေရာလာပြိ်း အရင်တစ်ခါလို ဇွတ်တရွတ်လုပ်မှာသေချာတယ်၊ အဲ့ဒါဆိုရင် သူများတွေပါ သိကုန်မှာ၊ အဲ့ဒါကြောင့် ခက် အဲ့ဒီ့လူဆီသွားပြီး ပြန်ဖို့ပြောလိုက်မယ်၊ နင်က ဒီနားကနေ စောင့်ကြည့်ပေးနော်၊ တကယ်လို့ ခက်တစ်ခုခုဆိုရင် ဘယ်သူမှမရိပ်မိခင် ခက်ဆီ ချက်ချင်းပြေးလာခဲ့နော်''
"မသွားနဲ့လေဟာ တစ်ခုခုဆိုရင် ငါက ဘာများလုပ်နိုင်မှာမို့လို့လဲ၊ ပြီးတော့ သူ့ပုံစံကြီးက အရင်တစ်ခါကလိုပဲ လုပ်ချင်ရာ လုပ်မယ့်ရုပ်ကြီး''
"ဒါပေမယ့် ခက် မသွားရင် ပိုဆိုးမှာ၊ ဂူးဂူး နင်ဒီနားက သေချာစောင့်နေနော်''
"ဟဲ့ ဟဲ့.. မသွား..
လှမ်းတားလိုက်ပေမယ့် ခက်က ဟိုလူ့ကားဆီ
လျှောက်သွားနေပြီဖြစ်တာမို့ မျက်စောင်းလေးထိုးလိုက်ပြီး
"အဲ့ဒီ မိခက်ကလဲလေ တကယ်ပါပဲ၊ စိတ်ညစ်လိုက်တာ''
စိတ်ဆိုးပေမယ့် ထားပစ်ခဲ့ဖို့လဲ စိတ်မချတာမို့
အုတ်ခုံလေးတွင်ထိုင်ကာ အခြေအနေကိုကြည့်နေရ၏။
"ရှင်ဘာလာလုပ်တာလဲ''
သူ့ အနားရောက်ရောက်ချင်း စူပုတ်ပုတ်မျက်နှာလှလှလေးဖြင့် အလိုမကျသလို မေးလိုက်တော့ သူက ပြုံးနေလျက်ကပင်
"ကိုယ် ဒီနေ့ မင်းဆီလာမှာလို့ ပြောပြီးသား
မဟုတ်ဘူးလား၊ ဘာလဲ မေ့ချင်ယောင်ဆောင်တာလား''
"ဘာလဲ ခက့်ဆီကို လာစရာ ဘာကိစ္စရှိလို့လဲ''
"ကိုယ်နဲ့အပြင်လိုက်ခဲ့''
"အို.. မလိုက်နိုင်ပါဘူး အတန်းမပြီးသေးဘူး''
"ဒါဆို အတန်းပြီးတဲ့အထိ ကိုယ်စောင့်မယ်''
"မစောင့်နဲ့ ခက် မလိုက်ဘူး''
"ဘာလို့လဲ''
ဘာလို့လဲဆိုတော့ မလိုက်ချင်လို့ပေါ့။
သူ့ကို မကြည်ကြည့်ဖြင့်မျက်လုံးလေးလှန်ကြည့်ကာ စိတ်ထဲကနေပြောလိုက်တော့ သူက ခက်ကိုမျက်လုံးတွေမှေးစင်းသွားသည့်အထိ စိုက်ကြည့်ပြီး...
"ပူတူး ကိုယ့်အကြောင်းကို မင်းသိရဲ့သားနဲ့ ခေါင်းမမာချင်စမ်းနဲ့၊ အခုကိုယ်ရောက်နေတာက လူတွေအများကြီးရှိတဲ့ မင်းတို့ကျောင်းထဲမှာနော်၊ ကိုယ်အတင်းအကြပ်ဆွဲခေါ်လိုက်ရင်
မနက်ဖြန် မင်း ကျောင်းလာရဲမှာမဟုတ်ဘူး''
"လုပ်ရဲရင် လုပ်ကြည့်လေ၊ ဘယ်သူဒုက္ခရောက်သွားမလဲဆိုတာ သိချင်ရင် လုပ်ကြည့်ပေါ့''
ဂူးဂူးအားကိုးြဖင့် ခက် သူ့ကိုမျက်စောင်းထိုးပြီး စိန်ခေါ်လိုက်တော့ သူက ဂူးဂူးရှိတဲ့ဘက်ကို ကြည့်လိုက်ရင်းမှ နှုတ်ခမ်းတွန့်ရုံပြုံးကာ..
"မင်းသူငယ်ချင်းအားကိုးနဲ့ သတ္တိကောင်းနေတာမလား၊ မင်းသူငယ်ချင်း ဘာလုပ်နိုင်မလဲဆိုတာ သိချင်လို့ စမ်းကြည့်ရအောင်''
ဂူးဂူးထိုင်နေတဲ့ဘက်ကိုတစ်ချက်ကြည့်လိုက်ပြီး သူမရဲ့ လက်မောင်းလေးမှ ဆွဲကာ ကားထဲဇွတ်အတင်းထိုးထည့်နေတာမို့...
"အ့.. ရှင် ရှင်နော် လွှတ် လွှတ်လို့ဆိုနေ''
"နေပါဦး မင်းသူငယ်ချင်း ဘာလုပ်မလဲဆိုတာ ကြည့်ပါဦး''
ထိုအခါမှ ခက် ဂူးဂူးကိုပြန်လှည့်ကြည့်လိုက်၏။
ဂူးဂူးကလဲ သူမတို့ကို မျက်လုံးပြူးလေးနဲ့ကြည့်နေပြီးမှ ဆတ်ခနဲထရပ်ကာ...
"လာကြပါဦးရှင် လာကြပါဦး၊ ဒီမှာ ကျွန်မသူငယ်ချင်းကို ကားတင်ပြေးဖို့လုပ်ေနလို့ပါ လာကြပါဦး''
"အဟွန်း.. မင်းသူငယ်ချင်းလုပ်မှ လူတွေပိုသိကုန်ပြီ''
"အဲ့ဒီ့ဂူးဂူးကလဲနော်.. ကျစ်..
တစ်ခုခုဆို သူမဆီကိုပြေးလာခဲ့ဖို့ သေချာမှာထားရက်နဲ့ လူသိအောင်အော်ဟစ်နေတဲ့ ဂူးဂူးကို အားမလို အားမရဖြစ်ကာ ခက် နှုတ်ခမ်းလေးကိုက်ပြီးပြောလိုက်တော့ သူက အသံထွက်အောင်ရယ်ကာ...
"အေးအေးဆေးဆေး ကားပေါ်တက်မလား၊ မင်းသူငယ်ချင်းအော်နေသလို ကားတင်ပြေးလိုက်ရမလား''
"ရှင်နော်... ခက် ရှင်နဲ့မလိုက်ချင်ဘူးဆိုတာကို''
"ရတယ်လေ၊ ဒါဆိုလဲ လူတွေအမြင်မှာကိုယ်က ကားတင်ပြေးတယ်ဖြစ်သွားအောင် ဒီအတိုင်းပဲ ရပ်နေလိုက်၊ ငြိမ်ငြိ်မ်လေး လိုက်ခဲ့ရင် မင်းနဲ့ကိုယ့်အကြောင်း ဘယ်သူမှ သိလိုက်မှာကို မဟုတ်ဘူး၊ ဒီလိုမဟုတ်လို့ ပေကပ်ကပ်ရပ်နေရင်
မင်းသူငယ်ချင်းရဲ့ အသံကြောင့် လူတွေ သတိထားမိသွားလိမ့်မယ်၊ သဘောပါ ကိုယ်ကဘယ်လိုနေနေ အဆင်ပြေတယ်''
သူ့စကားကြောင့် ခက် အလိုမကျဖြစ်သွားကာ
ဂူးဂူးကိုပြန်လှည့်ကြည့်လိုက်တော့...
"လာကြပါဦးရှင် ကျွန်မသူငယ်ချင်းကို ကားတင်ပြေးဖို့လုပ်နေလို့ပါ လာကြပါဦး''
သူမဆီကိုတော့ ပြေးမလာပဲ အသည်းအသန်အော်နေသည့် ဂူးဂူးကြောင့် အနားမှာရှိတဲ့လူတွေပင် ရုတ်ရုတ်သဲသဲဖြစ်လာတာမို့..
"လိုက်ခဲ့မယ် လိုက်ခဲ့မယ် တက် မြန်မြန်''
သူမ ကားထဲဝင်ထိုင်လိုက်သည်အထိ သူက ကားဘေးမှာလက်ပိုက်ရပ်ကာ ခပ်လှမ်းလှမ်းမှာ ပျာယာခတ်နေသည့် ဂူးဂူးကိုကြည့်ပြီး ပြုံးတုံ့တုံ့လုပ်နေတာကြောင့်..
"ဒီမှာ ရှင် ဘယ်မှမသွားတော့ဘူးလား၊ မသွားဘူးဆိုရင် ခက်ပြန်ဆင်းမလို့''
"ဟော.. စိတ်ချည်းပဲကွာ၊ မလိုက်ချင်ဘူးငြင်းတာလဲ မင်းပဲ၊ ကားပေါ် ဇွတ်တက်တော့လဲ မင်းပဲ၊ ဘာလဲ အခုမှ ကိုယ်နဲ့ အရမ်းလိုက်ချင်သွားတာလား''
"ဘာရှင့်... ရှင် သူများကိုစော်ကားလှချည်လား၊ ဘယ်သူက ရှင်နဲ့လိုက်ချင်နေလို့လဲ မလိုက်ဘူး''
ကားတံခါးပြန်ဖွင့်ဖို့ပြင်လိုက်တော့ သူ့ကိုယ်ကြီးနဲ့ တွန်းပိတ်ထားလိုက်ပြီး
"အလကားစတာ အဟွန်း ဟွန်း၊ သွားမယ် အခုသွားမယ်နော်၊ ကိုယ့်ကလေးကလဲ စိတ်ချည်းပဲ''
သူတို့ကားလေး ကျောင်းထဲကနေ ထွက်လာတော့ ဂူးဂူးက သူမတို့ကားကို လက်ညှိုးလေးထိုးကာ မျက်လုံးပြူးကျန်ခဲ့၏။
📞စေလိုရာ.. စေလိုက်တော့သခင်
သခင်လိုရာ... အဆင်သင့်ဖြစ်မယ်🎼
📞အရာရာ..ကို ပိုင်စိုးတဲ့သခင်
ဆိုနေတဲ့သီချင်းများ..ရှင်သန်ရခြင်းဘဝ🎼
ဒါတွေအားလုံး..ဖန်ဆင်းပေးတဲ့သခင်🎼
📞စေလိုရာ.. စေလိုက်တော့သခင်
သခင်လိုရာ... အဆင်သင့်ဖြစ်မယ်🎼
📞အရာရာကို.. ပိုင်စိုးတဲ့သခင်..
ဆက်တိုက်ခေါ်နေတဲ့ဖုန်းသံကြောင့် သူမ ကိုင်ဖို့ပြင်လိုက်စဥ်..
"ဘယ်သူဆက်တာလဲ ပူတူး''
"ဂူးဂူး''
"ပေး ဖုန်း ကိုယ့်ကိုပေး''
"ဘာလုပ်ဖို့ ပေးရမှာလဲ မပေးဘူး''
"ဟေး... အဲ့လောက်စွာမနေနဲ့ ၊ ကိုယ်ကပေးဆိုရင် ပေးလိုက်...
ကားမောင်းရင်းကနေ သူမလက်ထဲက ဖုန်းကိုဆတ်ခနဲဆွဲယူသွားတာမို့ ခက် မကျေမနပ်ဖြင့် နှုတ်ခမ်းကိုက်လိုက်၏။
္''ဘာလို့ဆက်တာလဲ''
"........''
"ပူမနေနဲ့ မင်းသူငယ်ချင်းကို မင်းထက်ပိုပြီး ဂရုစိုက်နိုင်တယ်''
".......''
"ဟေ့.. မင်းတော်တော်စကားများတာပဲ၊ သူ့ကိုဘယ်ခေါ်သွားသွား အဲ့ဒါ မင်းနဲ့ဘာဆိုင်လို့လဲ၊ နောက်တစ်ခါ ထပ်မဆက်နဲ့....
ရော့...''
ဖုန်းကို သူမဆီပြန်လှမ်းပေးလိုက်တော့
သူ့ကိုမျက်စောင်းထိုးကြည့်နေ၏။
ဘယ်လောက်တောင်မကျေမနပ်ဖြစ်ပြီး ဒေါသထွက်နေသလဲတော့မသိဘူး။ ဖြူနုနုမျက်နှာလေးက နီရဲနေတဲ့အထိ။
"ringtoneလေးက အရမ်းမိုက်တယ်နော်၊ ဘယ်သူ့ကို ရည်ရွယ်ပြီးလုပ်ထားတာလဲ၊ မဟုတ်မှလွဲရော.. ကိုယ့်အတွက်လား''
"ဆုတောင်းလေ...''
"တောင်းတယ် မင်းကိုယ့်ကို ပြန်ချစ်လာပါစေလို့
နေ့တိုင်းဆုတောင်းတယ်၊ အဲ့ဒီ့ဆုတောင်းလဲ မကြာခင်ပြည့်တော့မှာ''
"အခု ဘယ်ကိုမောင်းနေတာလဲ၊ ကျောင်းဆင်းမယ့်အချိန်ရောက်လို့ ကိုကိုလာကြိုလို့ ခက် မရှိရင် ခက်ကို ကိုကိုဆူမှာ၊ ဘယ်ကိုသွားနေတာလဲလို့...''
"မသိဘူး ဘယ်သွားရမှန်းမသိဘူး၊ မင်းပြော ဘယ်ကိုသွားချင်လဲ၊ ဘယ်မှမသွားချင်ဘူးပြောရင် ကျောင်းကိုပြန်မပို့ပဲထားလိုက်မှာနော်''
ခြိမ်းလိုက် ေခြာက်လိုက်ဖြင့် သူ့သဘောအတိုင်းဖြစ်အောင် လုပ်နေတာမို့ မကျေမနပ်ဖြင့် မျက်စောင်းထိုးကြည့်လိုက်တော့ သူက ခက်ရဲ့ပါးလေးကို အသာလေးဆွဲဖဲ့ကာ
"အသည်းယားအောင် အဲ့လိုမျက်စောင်လေးတွေနဲ့ ခဏခဏညှို့မနေနဲ့ ပူးတူးရ၊ ဒီမှာ ကိုယ့်ရဲ့သမာဓိအားကို မနည်းထိန်းထားရတာ အဟွန်း''
📞စေလိုရာ.. စေလိုက်တော့သခင်
သခင်လိုရာ... အဆင်သင့်ဖြစ်မယ်🎼
"ကျစ်.. ဘယ်သူထပ်ခေါ်ပြန်တာလဲ''
"ကိုကို... ကိုကိုခေါ်တာ ဘယ်လိုလုပ်မလဲ၊ ဂူးဂူးက ကိုကို့ကို ဖုန်းဆက်ပြောလိုက်တာထင်တယ်၊
ဘယ်လိုလုပ်ရမလဲ''
ကြောက်လန့်တကြားဖြင့် ပျာယာတွေခတ်နေသည့် သူမလက်ထဲမှ ဖုန်းကို သူဆွဲယူလိုက်တော့..
"ဘာလုပ်မှာလဲ''
"ဘာလုပ်ရမှာလဲ မင်းမပြောရဲဘူးမဟုတ်လား၊ ပေး ကိုယ်ပြောလိုက်မယ်''
"ဟင့်အင်း... မရဘူး၊ ရှင်က ခက်ရဲ့ဖုန်းကိုကိုင်လိုက်ရင် ကိုကိုပိုပြီး စိတ်ဆိုးမှာပေါ့ ဟင့်အင်း.. မပေးဘူး''
"ပေးပါဆိုကွာ.. ကိုယ်ပြောပေးမယ်''
"ဟင့်အင်း... မပေး..
သူမ ခေါင်းလေးခါပြီး ငြင်းလိုက်ပေမယ့် လျင်လွနိးတဲ့ သူ့လက်ထဲကို ခက့်ရဲ့ဖုန်းလေးပါသွား၏။
"ဟယ်လို ဝသန်လား ငါ မျိုးရိုးဂုဏ်၊ အခု မင်းညီမကို ငါခဏခေါ်သွားတယ်၊ ဘာမှစိတ်မပူနဲ့ ပုံမှန်ကျောင်းဆင်းချိန်ရောက်ရင် ငါကိုယ်တိုင် အိမ်ပြန်ပို့ပေးလိုက်မယ် ဒါပဲ''
ပြောချင်တာ ပြောပြီးသွားတာနဲ့ ဟိုဘက်ကပြောနေတာကို တစ်ခွန်းမှ နားထောင်မနေတော့ပဲ ဖုန်းပါချပစ်လိုက်၏။
ဘေးက ကောင်မလေးကတော့ ပါးစပ်အဟောင်းသားဖြင့် မျက်လုံးလေးဝိုင်းကာ ကြည့်နေ၏။
"ဘယ်လိုပုံလေးလဲကွာ... ဒီအသည်းလေးကို ချစ်ရတာ အူယားလိုက်တာ''
📞စေလိုရာ.. စေလိုက်တော့သခင်
သခင်လိုရာ... အဆင်သင့်ဖြစ်မယ်🎼
📞အရာရာ..ကို ပိုင်စိုးတဲ့သခင်
သူ့လက်ထဲမှာရှိနေသေးသည့် ဖုန်းက ထပ်မြည်လာပြန်တာမို့ ကြည့်လိုက်တော့ ဝသန်ပဲဖြစ်နေတာကြောင့် ဖုန်းကို ပူတူးဘက် ထောင်ပြလိုက်ပြီး
"တစ်နာရီလောက် ဖုန်းကို စက်ပိတ်ထားလို့ရတယ်မလား''
"ဘာလို့ ပိတ်ရမှာလဲ၊ မရဘူး.. မပိတ်နဲ့ ပေး ခက့်ရဲ့ဖုန်းကို ပြန်ပေး''
"Sorry baby၊ ကိုယ် power offလိုက်မိပြီ အဟွန်း''
"ရှင်.. ရှင်တော်တော်ရမ်းကားတဲ့သူပဲ''
"အခုမှသိတာလား ကိုယ့်အသည်းလေးက''
တကယ့်ကိုပြောင်ချော်ချော်မျက်နှာထားနှင့်
လုပ်နေတာမို့ ခက် သူ့ကို အသည်းတွေရော
အူတွေရော ယားလာတာ ကုတ်ဖဲ့ပစ်ချင်လာ၏။
"ဖုန်းပြန်ပေးလို့''
"တစ်နာရီ ဖုန်းသိမ်းတယ်၊ အပြန်ကိုယ်လိုက်ပို့မှာပဲလေ အဲ့ကျမှယူတော့''
"မရဘူး ခုပြန်ပေး''
သူမ ထပ်တောင်းလိုက်မှ ဖုန်းကို သူ့ဘောင်းဘီအိတ်ထဲ ထိုးထည့်လိုက်တဲ့သူ။
"ယူရဲရင် ယူလေ၊ ကိုယ့်အသားလာထိရင်တော့ အာမ မခံဘူးနော်၊ ကဲ ပြော အခု ဘယ်သွားမှာလဲ ပူတူး''
"ဘယ်မှမသွားဘူး''
"အိုခေလေ ဒါဆို ကိုယ့်အိမ်ပဲသွားကြတာပေါ့၊
ဘယ်သူမှလဲ မရှိဘူးဆိုတော့ အပြင်မှာထက် ပိုလွတ်လပ်တာပေါ့''
ရိသဲ့သဲ့နဲ့ ရယ်ရင်းပြောနေသည့် သူ့ကြောင့်
ခက် မျက်လုံးလေးထောင့်ကပ်ကြည့်လိုက်ပြီး
"အမြင်ကပ်ဖို့ကောင်းလိုက်တာ၊ ဘယ်နေရာသွားသွား ရတယ်မဟုတ်လား''
"ပူတူးသဘော''
"ဒါဆို စာအုပ်ဆိုင်လိုက်ပို့''
"dateတာကို စာအုပ်ဆိုင်ကြီးလားကွ၊ တခြားနေရာလေးလုပ်ပါ ပူတူးရယ်''
"အို.. မသိဘူး စာအုပ်ဆိုင်မှမဟုတ်ရင်
ဘယ်မှမသွားဘူး''
"ဘယ်မှမသွားဘူးဆိုရင် ကိုယ့်အိမ်ခေါ်သွားမှာနော်''
"ဟာ.. ရှင်နော်''
"အိုခေ အိုခေ အလကားစတာ၊ ကိုယ့်အသည်းက စာအုပ်ဆိုင်ဆိုရင် စာအုပ်ဆိုင်ပဲ သွားကြတာပေါ့ နော် အဟွန်း''
ထို့နောက် စကားသံတွေတိတ်ဆိတ်သွားသည့်
ကားလေးက သူ့ခရီးသူ ဆက်နှင်နေ၏။
သူမသည်လည်းပဲ ကားအပြင်ကို ငေးကြည့်နေလိုက်၏။
"ပူတူး''
"ဟင်''
တကူးတကထူးတာမျိုးမဟုတ်ပဲ..
သူ့ခေါ်သံကြောင့် ရုတ်တရက်ပြန်ထူးခြင်းမျိုးဆိုပေမယ့် သူက သဘောကျသည့်ပုံဖြင့် တစ်ချက်ပြုံး၏။
"ကျောင်းပြီးဖို့ ဘယ်လောက်လိုသေးလဲ''
"နောက်နှစ်မှပြီးမှာ''
"ဟုတ်လား ဒါဆို နောက်နှစ်ကျရင် ကိုယ်နဲ့ လက်ထပ်မယ်မလားဟင်''
"ဟင့်အင်း ခက် မှာ လက်ထပ်ရမယ့်သူရှိတယ်''
သူမ ဒီလိုဆိုလိုက်တော့ သူ့မျက်နှာတစ်ချက်ပျက်သွား၏။ ပြီးမှ မဲ့ပြုံးလေးပြုံးကာ
"အဲ့ဒီ့လူကလဲ ကိုယ်ပဲဖြစ်နေစေရမယ်''
"ရှင် မဟုတ်တာသေချာတယ်''
"စောင့်ကြည့်နေလေ မင်းလက်ထပ်ရမယ့်ကောင်က မျိုးရိုးဂုဏ်ဆိုတဲ့ကောင်ပဲ''
"ခက် မမကြီးစိတ်ဆိုးအောင် ဘယ်တော့မှ မလုပ်ဘူး''
"ဘာဆိုင်လို့လဲကွ၊ နှင်းစက်နဲ့ကိုယ်နဲ့က ဘာမှမှ မဆိုင်တာ''
"ဒါ ရှင်တို့ကိစ္စလေ ခက်နဲ့လဲမဆိုင်ပါဘူး''
သူမ ခပ်တည်တည်နဲ့ပြန်ပြောလိုက်တော့
သူက မျက်မှောင်ကြီးကျုံ့ကာ
"မဆိုင်ရင် ဘာလို့ ဒီကိစ္စကို ထည့်ပြောနေလဲ''
"ရှင်က အရင်စပြီး မဟုတ်တာတွေပြောတာလေ''
"ကိုယ်ပြောတဲ့ထဲမှာ မဟုတ်တာတစ်ခုမှမပါဘူး၊ ကိုယ်ပြောနေတာက ရှင်းရှင်းလေး၊ မင်းကျောင်းပြီးရင် ကိုယ်နဲ့လက်ထပ်ဖို့ကို မင်းဘက်က ခေါင်းငြိမ့်ပေးရုံလေးပဲ''
"ဘာလို့ ခေါင်းငြိမ့်ရမှာလဲ၊ မမကြီးနဲ့ ကိုကို လက်မခံနိုင်တဲ့ကိစ္စကို ခက်ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး၊ ပြီးတော့ ရှင်နဲ့ ခက်က ဘာဆိုင်လို့လဲ''
"အင်းလေ မဆိုင်လို့ ဆိုင်အောင် လက်ထပ်ဖို့ပြောနေတာပေါ့''
"အို.. ရှုပ်ရှုပ်ယှက်ယှက်၊ ရှင့်လို လူရှုပ်ကို ခက်က ဘာလို့လက်ထပ်ရမှာလဲ''
"ဘာပြောတယ်ကွ လူရှုပ် ဟုတ်လား၊ အခု ကိုယ့်ကို လူရှုပ်လို့ပြောလိုက်တာလား''
"ဟုတ်တယ် ရှင့်ကိုပြောတာ၊ ခက်တို့ ညီအစ်မနှစ်ယောက်လုံးနဲ့ ကစားဖို့ကြံနေတဲ့ လူရှုပ်လေ''
"နွေ.. သစ်.. ခက်..''
"ဘာလဲ''
"မင်းပါးစပ်ပိတ်နေလိုက်တော့.. ငါ့ကို တစ်ခွန်းမှ လာမပြောနဲ့''
"ရှင်က အရင်စစပြောနေတာမဟုတ်ဘူးလား ဟွန့်''
သူ ကားမောင်းနေတာကို မေ့ပြီး တစ်ခွန်းမကျန်ပြန်ပြောလိုက်တော့ သူက သူမကို မျက်ထောင့်နီကြီးဖြင့်ကြည့်ကာ ကားကိုအရှိန်မြှင့်ပစ်လိုက်၏။
"ဟေ့လူ.. ရှင်ကားကို ဘယ်လိုမောင်းနေတာလဲ''
"ငါ့ကားကို ငါကြိုက်သလိုမောင်းမှာပေါ့''
"ဒါဆို ခက်ကို ဒီမှာပဲချခဲ့လိုက်''
"ကြောက်လို့လား''
သူမေးလိုက်တော့ ခေါင်းကိုဆတ်ခနဲငြိမ့်ပြ၏။
သို့ပေမယ့် သူမကို ပညာပေးချင်သေးတာမို့ ကားကို အရှိန်ထပ်မြှင့်လိုက်တဲ့အပြင် ကွေ့ကောက်ပြီးမောင်းပစ်လိုက်၏။
ကားတစ်စီးနဲ့ တစ်စီးကြားထဲမှ ပွတ်ကာ သီကာေလး ကွေ့ပတ်မောင်းနေတာမို့ ခက် မျက်လုံးစုံမှိတ်ကာ လက်တွေက ထိုင်ခုံကိုဆုပ်ကိုင်ထားလိုက်၏။
××စွာချင်ဦး မိခက်ရေ အဲ့မှာ စွာချင်ဦး××
စက္ကန့်မှ မိနစ်အထိကြာအောင် ကမူးရှူးထိုးမောင်းလာသည့်ကားက တဖြည်းဖြည်းငြိမ်သက်သွားပြီး ရပ်တန့်သွားမှ သူမ မျက်လုံးတွေကိုဖွင့်ကြည့်လိုက်၏။
မျက်လုံးဖွင့်ဖွင့်ချင်း သူ့ကိုပြန်ကြည့်လိုက်တော့
ရေဘူးအဖုံးဖွင့်နေရင်းကနေ သူမကို ပြုံးကြည့်နေ၏။
"ရော့.. ရေသောက်လိုက်ဦး လန့်သွားတယ်မဟုတ်လား''
တကယ်လဲ လန့်သွားတာမို့
သူလှမ်းပေးသည့် ရေဘူးကိုယူသောက်လိုက်၏။
"အရင်က ကိုယ်ရှုပ်ခဲ့တာအမှန်ပဲ၊ အဲ့ဒီ့အကြောင်းကိုလဲ မင်းကို ကိုယ်ဝန်ခံပြီးသား
ကျစ်... ဒါပေမယ့်ကွာ...
ဒါပေမယ့်ကွာဆိုပြီး ဆက်မပြောပဲ သူမကို
မျက်မှောင်ကုတ်ကြည့်ပြီးမှ
"မင်း ကိုယ့်ကိုလူရှုပ်လို့ခေါ်တာကို ကိုယ်တကယ်မကြိုက်ဘူး၊ နောက်ကို အဲ့ဒီ့လိုမခေါ်ပါနဲ့ ကိုယ်တောင်းပန်တယ်ကွာ နော်''
".......''
"ကြားလားလို့ အဲ့လိုထပ်မခေါ်နဲ့နော် ထပ်ခေါ်လို့ကတော့ တစ်ခါတည်း လူယုတ်မာဖြစ်အောင် လုပ်ပစ်လိုက်မှာ ကြားလား''
သူ့ကို ခေါင်းလေးငြိမ့်ပြပေမယ့် မျက်လုံးတွေကတော့ အခဲမကျေဘူးဆိုတာ သိသာ၏။
"လာ.. စာအုပ်ဆိုင်ရောက်ပြီ ဆင်းတော့''
"ရှင် ဒီကစောင့်နေခဲ့လေ၊ ခက် ချက်ချင်းပြန်လာခဲ့မယ်''
"ရမလား.. ကိုယ်ရော လိုက်မှာ''
ချက်ချင်း ကားပေါ်မှဆင်းကာသူမဘက်က ကားတံခါးကိုပါ လာဖွင့်ပေးနေသေး၏။
ကားပေါ်မှ ဆင်းကာ စာအုပ်ဆိုင်ထဲကို တစ်ချက်ဝေ့ကြည့်လိုက်တော့..
"ဘာစာအုပ်လိုချင်လို့လဲ''
"ဘာလို့သိချင်နေတာလဲ''
"ရှာခိုင်းပေးမလို့ပေါ့ကွ ပြော ဘာစာအုပ်လဲ''
"ခက် ကိုယ့်ဟာကိုယ် ရှာတတ်တယ်''
"ဂျစ်မတိုက်နဲ့ ကလေးရေ၊ ပြော ဘာစာအုပ်လဲဆိုတာကို''
ချက်ချင်းကြီး နူးညံ့သွားပြန်သည့် သူ့ကို
ခက် မှုန်ကုတ်ကုတ်လေးကြည့်နေစဥ်
"သစ်ခက်''
"ဪ.. အစ်ကို ဘယ်လာတာလဲဟင်''
မဟုတ်တာလုပ်ရင် တန်းပေါ်တတ်တဲ့
သူမရဲ့ ထုံးစံအတိုင်း အခုလဲ ကိုနေအရိပ်က
တိုက်တိုက်ဆိုင်ဆိုင် ရောက်လာပြန်၏။
ဘေးမှာရပ်နေသည့် ဟိုလူ့ကို ဖုံးထား ကွယ်ထားလို့မရတဲ့အခြေအနေမို့ ခပ်တည်တည်ပဲနှုတ်ဆက်လိုက်တော့ ကိုနေအရိပ်က ဟိုလူ့ကို တစ်ချက်ကြည့်ပြီးမှ သူမကို ပြန်ပြုံးပြကာ
"သစ်ခက်က ပြင်သစ်စကားပြောသင်တန်း
တက်ဖို့လုပ်နေတယ်လို့ ဝသန်က ပြောလို့်၊ အဲ့ဒါ လိုအပ်မယ့် စာအုပ်တွေရှာဝယ်နေတာ၊ အစ်ကိုလဲ အခုပဲ အိမ်လာပေးတော့မလို့ပဲ၊လူချင်းတွေ့တော့ ပိုအဆင်ပြေသွားတာပေါ့၊ ရော့့ တစ်ခါတည်း ယူထားလိုက်တော့''
"ကျေးဇူးတင်ပါတယ် အစ်ကို၊ ခက်လဲ ဒီစာအုပ်လာရှာတာ အဟွန်း၊ တကယ်ကျေးဇူးတင်ပါတယ်''
"ကိုယ်တို့ကြားမှာ ကျေးဇူးဆိုတာကြီးမလိုပါဘူး၊ ဒါနဲ့ အန်ကယ် သစ်ခက်ကို တစ်ခုခုမပြောသေးဘူးလားဟင်''
တစ်ခုခုဆိုတာ စေ့စပ်ဖို့ကိစ္စလား။
တည့်တိုးကြိီးမေးလိုက်တော့ ခက် ဘာဖြေရမှန်းမသိပဲ ငြိမ်သက်သွားစဥ်...
"အန်ကယ်ကတော့ ပြောပြီးပြီလို့ ပြောတယ်၊ သစ်ခက်ရဲ့ သဘောက ဘယ်လိုလဲဟင်၊ လက်ခံမယ်မဟုတ်လား''
အခြေအနေနဲ့ အချိန်အခါကို မသိတာလား။
ဟိုလူရှိနေလို့ တမင်ပြောနေတာလားတော့မသိ။
ကိုနေအရိပ်က ဇွတ်အတင်းမေးနေတာကြောင့်
ခက် ရှက်ရှက်ဖြင့် မျက်နှာကိုတစ်ဖက်လွှဲလိုက်တော့ ဟိုလူက သူမကို မျက်တောင်တွေမှေးစင်းနေသည်အထိ စိုက်ကြည့်နေ၏။
သူ့ပုံစံအတိုင်းဆိုရင် ဒီလိုငြိမ်ပြီးနားထောင်နေမှာ
မဟုတ်တဲ့သူမို့ အခုလိုငြိမ်နေတာကိုက တစ်မျိုးကျောချမ်းစရာကောင်း၏။
ဒါ့ကြောင့် စကားလမ်းကြောင်းပြောင်းစေရန်
ရည်ရွယ်ကာ..
"ဟိုလေ.. အစ်ကို့ကို မိတ်ဆက်ပေးရဦးမယ်၊ ဒါက မမကြီးရဲ့သူငယ်ချင်းလေ နာမည်က ကိုမျိုးရိုးဂုဏ်''
"ဪ.. ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ်၊
ကျွန်တော့်နာမည် နေအရိပ်ပါ''
မင်းမပြောလဲ မင်းကို နေအရိပ်မှန်းသိပါတယ်။
သူ့ကို လက်တစ်ဖက်ကမ်းပေးရင်း နှုတ်ဆက်နေသည့် ထိုလူ့ရဲ့လက်ကို ပြန်ဆွဲကာ...
"အွန်း မတွေ့ချင်ပေမယ့် တွေ့လာရတော့လဲ
ဝမ်းသာတယ်ပဲထားပါတော့''
"မတွေ့ချင်ပဲ တွေ့ရတော့ ဘယ်ဝမ်းသာမလဲ၊
ဟုတ်တာပေါ့ ကျွန်တော်လဲ ဝမ်းသာချင်ယောင်ဆောင်ထားရတာ''
"ငါကတော့ ဟန်မဆောင်တတ်ဘူးကွ၊ မင်းကိုမြင်ရရင် ရင်ထဲမှာ အဆင်မပြေဘူး၊ အဲ့ဒါတကယ်''
"ဟုတ်လား ကျွန်တော်က ကျွန်တော်ပဲ ဒီလိုခံစားနေရတယ်ထင်တာ''
အနည်းငယ် တင်းမာချင်သယောင်ယောင်ရှိနေသည့် စကားတွေကြောင့် ခက် ကြားထဲကနေ
ဟိုလူ့ကြည့်လိုက် ဒီလူ့ကြည့်လိုက်ဖြစ်နေ၏။
"သစ်ခက် ဘယ်သွားဦးမှာလဲ''
"ဟင်... ဘယ်မှမသွားတော့ပါဘူး ပြန်တော့မှာ''
"ဒါဆို အစ်ကိုလိုက်ပို့မယ်လေ''
"မလိုပါဘူး ငါခေါ်လာတာ ငါပဲ ပြန်လိုက်ပို့မယ်''
"ဒါပေမယ့် ကျွန်တော်က နှင်းဆီမြိုင်ကိုသွားမလို့''
"ငါလဲ အခုပဲ သွားတော့မလို့၊ လာ ပူတူး ကိုယ်ပြန်လိုက်ပို့မယ်''
သူမရဲ့ လက်မောင်းလေးမှ သူ့ဘက်ပါလာအောင် ဆွဲယူလိုက်တာမို့ ခက် သူနဲ့နီးနီးကပ်ကပ်ဖြစ်သွား၏။
သူမက ရုန်းလေ သူက ပိုဆွဲလေဖြစ်နေတာမို့
အစ်ကို့ရှေ့ သရုပ်မပျက်ချင်တာကြောင့်
မျက်နှာကို တင်းကာ..
"ခက် အစ်ကိုနဲ့ပဲပြန်လိုက်မယ်လေ နော်''
"သူ့ကိုကျတော့ အစ်ကိုလို့ ခေါ်နိုင်တယ်ပေါ့
ဟုတ်လား ပူတူး''
နှစ်ယောက်တည်းကြားရုံ သူမနားနားကပ်ပြီး
တိုးတိုးလေးပြောလိုက်တဲ့သူကြောင့် ခက်လဲ သူ့ဘက်ကိုလှည့်ကာ နှုတ်ခမ်းလေးလှုပ်ရုံ တိုးတိုးလေးပြန်ပြောလိုက်သည်။
"မရစ်ပါနဲ့တော့ ခက် တကယ်အိမ်ပြန်ချင်ပြီ''
"ကိုယ်လိုက်ပို့မယ်လို့ ပြောပြီးပြီလေ''
"ဒါပေမယ့် ခက် ရှင်နဲ့ပြန်လို့မဖြစ်ဘူး၊ ရှင်နဲ့အတူတူပြန်သွားရင် ခက်ကို ကိုကိုဆူလိမ့်မယ်''
"ဒီကောင်နဲ့ကျ မဆူဘူးလား ပြော''
"အစ်ကိုနဲ့ဆို ကိုကိုက ဆူမှာမဟုတ်ဘူး''
"အစ်ကို... ဟွန့်..
ကောင်းပြီလေ မင်းပြန်ချင်တဲ့သူနဲ့ပြန်လို့ရတယ်၊ ဒါပေမယ့် ကိုယ့်ရဲ့ခွင့်ပြုချက်ရအောင် မင်းတောင်းကြည့်''
သူ့တစ်ယောက်လုံးကို ဘေးမှာထားပြီး တိုးတိုး တိုးတိုးလုပ်နေကြသည့် သစ်ခက်နဲ့ ကိုမျိုးရိုးဂုဏ်ကို နေအရိပ် အကဲခတ်သလိုကြည့်နေသည်အထိ ဟိုနှစ်ယောက်က သတိမထားမိသေး။
"ဟမ်.. ဘာကိုတောင်းရမှာလဲ''
နောက်မှာရပ်နေသည့် အစ်ကို့ကို သူမလှည့်ပြုံးပြပြီး သူ့စကားကို နားမလည်လို့ပြန်မေးလိုက်တော့ သူက သူမရဲ့လက်မောင်းတစ်ဖက်ကို ကိုင်ထားသည့် လက်ကို ခပ်တင်းတင်းလေးဆုပ်လိုက်ပြီး
"ဒီကောင်နဲ့ မင်းကိုထည့်ပေးချင်ရလောက်အောင် မင်း ကိုယ့်ကိုနားချကြည့်''း
"ရှင် မရစ်စမ်းပါနဲ့၊ ဟိုမှာ ခက်တို့ကို အစ်ကိုကြည့်နေတယ်''
"ကြည့်ကြည့်ပေါ့ ကိုယ်က ဂရုစိုက်နေရမှာလား၊
ဘာလဲ ကိုယ်ကပဲ မင်းကို လိုက်ပို့စေချင်တာလား''
"မပို့နဲ့လို့ ပြောနေတာကို''
"ဒါဆို ကိုယ်ပြောသလိုလုပ်ေလ၊ မင်း ကိုယ်ကလွဲရင် အားလုံးကိုချွဲတတ်တာ ကိုယ်သိပါတယ်၊ လုပ်စမ်းပါ ကိုယ့်ရှေ့မှာ တစ်ခါလောက် စိတ်ပါလက်ပါ ချွဲကြည့်လိုက်''
"အဲ့လိုလုပ်ရင် ခက် တကယ် အစ်ကိုနဲ့ပြန်လို့ရမှာလား''
"ကိုယ် ကျေနပ်လောက်မယ့် အပြုအမူမျိုးဆုရင်ပေါ့''
"ဟင်း....
ဟင်းခနဲနေအောင် သက်ပြင်းချသံနဲ့အတူ
သူမရဲ့ မျက်နှာထက်တွင် ချစ်စဖွယ်အသွင်တစ်မျိုးပြောင်းသွား၏။
လက်နှစ်ဖက်ကလဲ သူ့ရဲ့လက်မောင်းကို ခပ်နွဲ့နွဲ့လေး ဆုပ်ကိုင်ကာ
"ခက်ကို ကိုကိုက အိမ်ပြန်လိုက်ပို့ရင် ကိုကိုဝသန်က ခက်ကို ဆူမှာပေါ့လို့၊ ဘာလဲ ကိုကိုက ခက်ကို အဆူခံစေချင်တာလား၊ ဟုတ်လား ကိုကို့ရဲ့အသည်းလေး ပူတူးလေးကို သူများ ဆူတာ ငေါက်တာကို လက်ခံနိုင်လို့လား ဟွန့်..''
"အဟက်..
သူ့ရဲ့လက်မောင်းလေးကိုကိုင်ကာ နှာခေါင်းလေးရှုံ့လိုက် နှုတ်ခမ်းလေးစူလိုက်ဖြင့် အသည်းယားအောင်ချွဲနေသည့် ပူးတူးက ခုနက သူ့ကိုရန်ထောင်နေတဲ့ ပူတူးမဟုတ်တဲ့အတိုင်း။
သူ့ကို ထပ်ပြီးချွဲြပစေချင်သေးပေမယ့် သူမရဲ့ အသည်းယားစဖွယ်ပုံစံလေးကြောင့် မနေနိုင်ပဲ ရယ်လိုက်မိတော့ သူမက သူ့လက်ကိုဖက်ထားသည့်လက်တွေကို ပြန်ဖြုတ်ကာ
"ဒါဆို ခက်ပြန်တော့မယ်နော်''
"ကိုယ့်အသည်းလေး ကိုယ့်ပူတူးလေး အိမ်ကိုတန်းပြန်နော်''
"ဟုတ်ကဲ့''
အပြောင်းအလဲမြန်လွန်းပုံက ဩချရလောက်သည်။ သူ့ကို ခပ်တည်တည်ပဲတစ်ချက်ကြည့်ကာ နောက်မှာရပ်နေသည့် နေအရိပ်ဘက်ပြန်လှည့်သွားပြီး
"အစ်ကို့ ပြန်ရအောင်နော်''
"အွန်း ကိုယ့်ကားက ဟိုဘက်မှာ''
"ဟုတ်''
သူ့ရှေ့ကနေ ဟိုကောင့်နောက်ကို တကယ်လိုက်သွားဖို့ပြင်နေတဲ့ ပူတူးကို သူ မတားပဲ ရပ်ကြည့်နေလိုက်သည်။
ထိုစဥ် ခမ်လှမ်းလှမ်းရောက်မှ သူ့ဘက်ပြန်လှည့်လာတဲ့ ပူတူးကြောင့် နှုတ်ခမ်းလေးတွန့်ကွေးသွားအောင် ပြုံးကာ..
"ကိုယ်နဲ့ပဲ ပြန်မှာမဟုတ်လား၊ လိမ္မာတယ် ကိုယ့်ပူတူးလေးက''
"ခက်ရဲ့ ဖုန်းပေး''
"ဟမ်..
"ဖုန်းပေးလို့ ရှင်ယူထားတာလေ ပြန်ပေး''
သူ့မှာတော့ ပျော်သွားလိုက်ရတာ။
သူမလေးကဖြင့် ဖုန်းကျန်ခဲ့လို့ ပြန်လာတောင်းတာတဲ့။
ဂုဏ် ရှုံ့မဲ့မဲ့ဖြင့် ဘောင်းဘီအိတ်ထဲမှ သူမရဲ့ဖုန်းလေးကို ထုတ်ယူလိုက်ပြီး လက်ဝါးဖြန့်တောင်းနေသည့် ပူတူးရဲ့လက်ထဲကို ထည့်ပေးလိုက်ရင်းမှ
"ခုနက ပုံစံလေးက တကယ်အသည်းယားတယ်''
သူပေးလိုက်တဲ့ ဖုန်းကိုဖျတ်ခနဲဆွဲယူကာ
ပြန်လှည့်ထွက်သွားသည့် ပူတူးရဲ့ကျောပြင်ကို
ခပ်ဆွေးဆွေးလေးငေးကြည့်နေသည်အထိ
ခုနက အသည်းယားစရာပုံစံလေးကို မြင်ယောင်နေဆဲ။
>>>>>>>>>><<<<<<<<<<
"ဒါဆို အစ်ကို့ကိုပဲ ယုံလိုက်မယ်နော်၊ ကိုကိုမဆူအောင် အစ်ကိုက ကြည့်ပြောပေးနော်''
နှင်းဆီမြိုင်ခြံထဲကို ကားလေးမောင်းဝင်လိုက်တာနဲ့ သူ့ကို မျက်နှာချိုသွေးနေတဲ့ သစ်ခက်ကြောင့် သူ သွားလေးတွေပေါ်အောင် ရယ်လိုက်ပြီး ခေါင်းငြိမ့်ပြလိုက်၏။
"ဝသန့်ကို အဲ့လောက်ကြောက်တာလား''
"ကြောက်တယ်လို့တော့ မဟုတ်ပါဘူး၊ ဒါပေမယ့် ကိုကိုက သူမကြိုက်တာလုပ်ရင် ခက်ကို မခေါ်ပဲနေတာ၊ အဲ့ဒါကြောင့်.. ကိုကိုယုံအောင်ပြောပေးပါနော်''
"အွန်း.. ပြောပေးမယ်၊ ဒါပေမယ့် ကိုယ်မေးတာအရင်ဖြေပါဦး၊ ကိုမျိုးရိုးဂုဏ်နဲ့ သစ်ခက်နဲ့က ဘာတွေလဲ''
"ရှင်.!.!
ရုတ်တရက်ကြီးမို့ ထင်သည်။
သူမမှာ ချက်ချင်းပြန်ဖြေဖို့ အဖြေမရှိ။
သူမဆီက အဖြေကို စောင့်နေတဲ့ အစ်ကိုကြောင့်
ခက် ယဲ့ယဲ့လေးပြုံးကာ
"ဘာမှမဟုတ်ပါဘူး၊ ကိုမျိုးရိုးဂုဏ်က မမကြီးသူငယ်ချင်းလေ''
"အရင်တစ်ခါ သစ်ခက်ကို အဲ့ဒီ့လူနဲ့ ရုပ်ရှင်ရုံမှာ ကိုယ်တွေ့လိုက်တယ်''
"ဟင်... ဒါဆို ကိုကိုသိသွားတာလဲ အစ်ကိုပြောပြလိုက်တာလား''
"ဟုတ်တယ် ဝသန် သိသင့်တယ်ထင်လို့၊ ပြီးတော့ မင်းကို သူနဲ့တစ်ခုခု ပတ်သတ်သွားမှာမလိုချင်လို့ ဝသန့်ကိုပြောပြလိုက်တာ၊ မင်းနဲ့သူ ဘာမှမပတ်သတ်ဘူးဆိုတာ တကယ်လား သစ်ခက်''
ထိုအချိန် ကားလေးက စင်ဝင်အောက်ရောက်နေတာမို့ ခက် ဘေးလွယ်အိတ်လေးကို ပုခုံးပေါ်လွယ်လိုက်ပြီး
"အစ်ကို ခက်ကို မယုံရင်လဲ ရပါတယ်၊ ပြီးတော့ ဒီနေ့ကိစ္စကိုလဲ ကိုကို့ကို အမှန်အတိုင်းပြောပြလို့ရပါတယ်၊ ခက် အစ်ကို့ကို လိမ်ပြောခိုင်းမိတဲ့အတွက် တောင်းပန်ပါတယ်နော်''
"ဟေ့.. ကိုယ်က မင်းရဲ့စိတ်ကို သိိချင်ရုံသပ်သပ် မေးတာပါ၊ မယုံတာ မဟုတ်ဘူး စိတ်ဆိုးသွားတာလား''
"မဆိုးပါဘူး ခက်ကို ခွင့်ပြုပါဦး၊ လိုက်ပို့ပေးလို့ ကျေးဇူးတင်ပါတယ်''
မှုန်တည်တည်မျက်နှာထားလေးဖြင့်
သူ့ကို နှုတ်ဆက်ပြီး ကားပေါ်မှ ဆင်းသွားတဲ့
သစ်ခက်ကြောင့် ရင်ထဲ မရိုးမရွဖြစ်သွားကာ
ကားပေါ်မှအလျင်အမြန်ဆင်းလိုက်၏။
"ဟာ.. နေအရိပ် ဘာကိစ္စရှိလို့လဲ''
"သစ်ခက်ကို ပြန်လိုက်ပို့တာလေ၊ ငါ သူ့ကို စာအုပ်လိုက်ဝယ်ပေးတာ''
"ဟုတ်လား ညီမလေး''
ကားရဲ့တစ်ဖက်မှာရပ်နေသည့် သစ်ခက်ကို
လှမ်းမေးလိုက်တော့ ခေါင်းငြိမ့်ပြ၏။
"ဘယ်အချိန်ကတည်းကလဲ၊ ကိုကို ဖုန်းဆက်တုန်းကတော့..
"ဟုတ်တယ် မင်းဖုန်းဆက်ပြီး ချက်ချင်း ငါ သစ်ခက်ရဲ့ကျောင်းကိုရောက်သွားတာ၊ အဲ့ဒါနဲ့ ငါအပြင်ခေါ်သွားလိုက်တာ''
"ဪ....
ဒီနေ့ကိစ္စကို လမ်းမှာ သစ်ခက်ပြောပြလို့ အားလုံးသိပြီးသားပါ။
ယုံတာ မယုံတာ မသိပေမယ့် နေအရိပ် သစ်ခက်ရဲ့မျက်နှာလေးညှိုးသွားမှာ စိုးတာကြောင့် လိမ်လိုက်၏။
ဝသန့်ကိုကြည့်ရတာကလဲ အခုမှစိတ်အေးသွားသည့်ပုံစံမို့ ယုံသွားပုံတော့ရသည်။
"ကိုကို ခက်ကိုပြောစရာမရှိတော့ရင် ခက် သွားတော့မယ်''
"အွန်း သွားလေ၊ လာ နေအရိပ် အိမ်ထဲဝင်ကွာ''
"အေး''
ပါးစပ်ကသာ အေးလို့ပြောလိုက်ရတာ မျက်လုံးက ခြံနောက်က အိမ်လေးကို တရွေ့ရွေ့သွားနေသည့် ခပ်နွဲ့နွဲ့ကလေးမလေးဆီက မခွာနိုင်သေး။
သူ့ကိုစိတ်ဆိုးသွားတာလားဆိုသည့် အတွေးဖြင့်
ရင်ထဲပူပြီးကျန်ခဲ့ရတာမို့ သေချာသည် ဒီည သူအိပ်လို့ပျော်မှာ မဟုတ်တော့ဘူးဆိုတာ။
"မိခက်''
"ရှင်''
ရေကန်နားအရောက် သူမကို စေ့စေ့ကြည့်ကာ
ခေါ်လိုက်တဲ့ မမကြီးကြောင့် ခက် ခေါင်းငုံ့ကာ
ထူးလိုက်တော့...
"ငါ ပြောစရာရှိလို့''
"ဟုတ် မမကြီး''
အုတ်ခဲကျိုးရောင် ပုလဲရှန်ဝမ်းစက်ကို လက်ပြတ် ခါးတို ရင်ဖုံးရိုးရိုးလေးချုပ်ထားပြီး
အပေါ်ကနေ လိမ္မော်ရောင် လက်ရှည်အက်ျီလေး
ထပ်ဝတ်ထားသည့် သူမက လိုတာထက်ပိုပြီး
ချစ်စရာကောင်းနေသည်။
သူမ အမြဲတမ်း မနာလိုအားကျဖြစ်ခဲ့ရတဲ့
ဆံနွယ်ရှည်တွေကို နှစ်ထပ်စည်းပုံစံလုပ်ကာ လိမ္မော်ရောင် ဖဲပြားလေးပါသည့် ခေါင်းစည်းကြိုးလေးဖြင့် စည်းထား၏။
မစည်းပဲ ဖြန့်ချထားသည့် ဆံနွယ်တစ်လွှာက
ကျောပြင်နဲ့ ရင်ဘတ်ပေါ်ကို ဖြာကျနေတာမို့
မျက်လုံးမလွှဲချင်လောက်အောင် ချစ်ဖို့ကောင်းတာ အမှန်။
ဒါ့အပြင် မှုန်ညက်ညက်လေးဖြစ်နေသည့်
မိတ်ကပ်ပါးပါးလေးအောက်က နီရဲနေသည့်
ပါးပြင်မို့မို့လေးတွေနဲ့ ကော့ညွှတ်နေသည့်
နှုတ်ခမ်းပါးပါးလေးတစ်စုံက ထင်းခနဲ။
အရောင်တောက်နေသည့် မျက်ဝန်းလေးတွေနဲ့
ရှည်လျားကော့ညွှတ်နေသည့် မျက်တောင်ရှည်တို့ကြောင့် သူမရဲ့ အကြည့်တို့က စွဲဆောင်မှုရှိနေသည်ထင်၏။
နှင်းစက် ရှေ့မှာရပ်နေသည့် မိခက်ကို စေ့စေ့စပ်စပ်ကြည့်ကာ သက်ပြင်းလေးရှိုက်လိုက်ပြီး..
"ဒယ်ဒီ ဒီကို ဘာလို့ပြန်လာလဲဆိုတာ သိပြီးပြီမဟုတ်လား''
"ဟုတ် မမကြီး''
"အင်း အဲ့ဒါ ညည်းသဘောကရော''
"ခက် မသိဘူး မမကြီး''
"မသိဘူး... ဟုတ်လား၊ ဘာကိုမသိတာလဲ နေအရိပ်ကို လက်မခံနိုင်လို့လား''
"မဟုတ်ပါဘူး ခက် အဲ့လိုပြောတာမဟုတ်ပါဘူး၊
ဖေဖေစီစဥ်တဲ့ကိစ္စကို ခက် မငြင်းဝံ့ပါဘူး၊
ဒါပေမယ့် ခက် ကျောင်းမပြီးသေးပဲနဲ့တော့...
မမကြီးနဲ့ အကြည့်ချင်းဆုံပြီး မပြောရဲတာမို့
ခေါင်းငုံ့ပြီး ပြောလိုက်တော့ မမကြီးက သူမရဲ့ လက်မောင်းနှစ်ဖက်ကို အသာလေးဆုပ်ကိုင်လာ၏။
ပြီးတာနဲ့ တိုးလျတဲ့လေသံလေးဖြင့်..
"နေအရိပ်ကို လက်ခံလိုက်ပါ၊ တို့တောင်းဆိုတာပါ''
"ဟင်..
တစ်ခါမှမမြင်ဘူးတဲ့ မမကြီးရဲ့ပျော့ပြောင်းတဲ့
အသွင်ပုံစံကြောင့် အံ့ဩသည့်မျက်လုံးများဖြင့်
ငေးကြည့်နေမိသည်။
"တို့ကို အတ္တကြီးတယ်လို့ပဲဆိုဆို တစ်ကိုယ်ကောင်းဆန်တယ်လို့ပဲ ပြောပြော၊ ဘယ်သူနဲ့ပြိုင်ပြိုင် တို့နိုင်ချင်တယ်၊ ဒါပေမယ့် အခု မင်းနဲ့ပြိုင်ဖို့ တို့မှာ ယုံကြည်ချက်မရှိဘူး''
"ဟင့်အင်း.. ခက် မမကြီးကို ဘယ်တုန်းကမှ
ပြိုင်ချင်တဲ့စိတ် နိုင်ချင်တဲ့အတွေးမရှိပါဘူး၊
ပြီးတော့ မမကြီးနဲ့ ပြိုင်ရဲရလောက်အောင်အထိ
ခက်က အရည်အချင်းမရှိပါဘူး''
"မင်းက ကိုယ့်ကိုကိုယ် နှိမ့်ချထားလို့ ဒီလိုပြောနိုင်ပေမယ့် တို့ကတော့ မင်းကိုကြောက်တယ်၊ မင်းရဲ့အမူအယာ မင်းရဲ့စိတ်ဓာတ် ပြီးတော့ မင်းရဲ့အပြုံးတွေကို တို့ကြောက်တယ်၊ အန်တီထားကြောင့် ဒယ်ဒီက မာမီ့ကို ဂရုမစိုက်ပဲ ပစ်ထားခဲ့သလို မင်းကြောင့် ဂုဏ် တို့ကိုပစ်သွားမှာ မလိုချင်ဘူး''
မမကြီးရဲ့စကားအဆုံး ခက် ခေါင်းလေးရမ်းကာ
"မဟုတ်တာ မမကြီးရယ်၊ ခက်နဲ့ ကိုမျိုးရိုးဂုဏ်က ဘာဆိုင်လို့လဲ၊ ဘာလို့ ခက်ကြောင့်နဲ့ မမကြီးကို သူကပစ်ထားရမှာလဲ အဓိပ္ပါယ်မရှိပါဘူး၊ ပြီးတော့ ဖေဖေက မေမေ့ကြောင့် သခင်မကြီးကို
ပစ်သွားတယ်ဆိုတာကလဲ မမကြီးအထင်ပါ၊ သခင်မကြီးအနားမှာပဲ ဖေဖေအမြဲတမ်းရှိနေခဲ့တာပါ''
ကိုယ့်အမေအတွက် သည်းမခံနိုင်လို့ ပြောလိုက်တာမျိုး မဟုတ်ပဲ တကယ့်ကို စိတ်ရင်းနဲ့ပြောလိုက်တဲ့စကားတွေပါ။
ဒါကို မမကြီးကလဲ နားလည်သဘောပေါက်သည့်ပုံပင်။
"ဟုတ်ပါတယ်၊ ဒယ်ဒီက မာမီ့အနားမှာပဲရှိနေခဲ့တာပါ၊ ဒါပေမယ့် အဲ့ဒါက နှလုံးသားမပါတဲ့ ခန္ဓာကိုယ်သက်သက်ပဲ၊ ဒယ်ဒီ့ရဲ့ နှလုံးသားက အန်တီထားဆီမှာပဲ၊ ဟိုးအရင်တုန်းကတော့ မာမီက ဘာလို့ ဒယ်ဒီ့ကို သည်းခံပြီးပေါင်းနေသလဲဆိုတာ တို့တကယ်နားမလည်ဘူး၊ အခုတော့ တို့မာမီ့ကို နားလည်တယ် ဘာလို့လဲ သိလား''
ခက် ခေါင်းလေးခါလိုက်တော့
မမကြီးက ဟွန့်ခနဲနေအောင်ပြုံးလိုက်ပြီး
"တို့ ဂုဏ့်ကိုချစ်လို့၊ ဘယ်လိုမှအဆုံးရှုံးမခံနိုင်လောက်အောင်ချစ်လို့၊ သူ မြန်မာပြည်ကိုပြန်ရောက်လာတဲ့နောက်ပိုင်း တို့တွေ သိပ်ပြီးမတွေ့ဖြစ်တော့ဘူး၊ သူငယ်ချင်းလို မောင်နှမလို တပူးပူး တတွဲတွဲ နေလာခဲ့တဲ့ ဂုဏ်နဲ့တို့က အကြောင်းအရာတစ်ခုကြောင့် ခပ်စိမ်းစိမ်းဖြစ်သွားကြတယ်လို့ တို့ထင်တယ်၊ ဥပမာပြောရရင် အခုတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက မာမီနဲ့ဒယ်ဒီ့လိုပဲ အရမ်းနီးပြီးမှ ဝေးသွားတဲ့အဖြစ်မျိုး၊ အဲ့ဒီ့အကြောင်းအရာက ဘာလဲဆိုတာ တို့ရေရေရာရာ မသိဘူး၊ ဒါပေမယ့် တို့ကြောက်နေတာက အဲ့ဒီ့အကြောင်းအရာက မင်းဖြစ်နေမှာစိုးတာ''
"ဟင့်အင်း.. မမကြီးစိုးရိမ်နေသလိုတွေ ဘာတစ်ခုမှမဟုတ်ပါဘူး၊ ခက်ကိုယုံပါ၊ ခက်လေ မမကြီးစိတ်ပျက်အောင် ဘယ်တော့မှမလုပ်ဘူး၊ အဲ့ဒါ ဘာလို့လဲဆိုရင် ခက် မေမေ့လိုမနေချင်ဘူး၊ အဲ့ဒီ့လိုပြောတာကလဲ မေမေ့လိုအငယ်အနှောင်းဘဝကိုရည်ရွယ်တာ မဟုတ်သလို ဖေဖေနဲ့မပေါင်းဖက်ရတာမျိုးကို ခက်ဆိုလိုချင်တာမဟုတ်ပါဘူး''
"တို့နားလည်ပါတယ်''
"မေမေ ခက်ကိုပြောနေကျစကားရှိတယ်၊ မေမေ့ကြောင့် သခင်မကြီးစိတ်ဆင်းရဲရတာတဲ့၊ အရင်ကဆို ညီအစ်မတွေလို နေလာတဲ့သခင်မကြီးက
ဖေဖေနဲ့ကိစ္စတွေဖြစ်ပြီးတဲ့နောက်မှာ သူစိမ်းတစ်ယောက်လိုဖြစ်သွားတယ်တဲ့၊ မေမေ အရမ်းနောင်တရတယ်တဲ့''
တဲ့ပေါင်းများစွာကို ပြောပြီးတဲ့နောက်မှာ ခက်က
သူမရဲ့ အရောင်တောက်တောက် မျက်ဝန်းလေးတွေဖြင့် သူမကို မျှော်လင့်တကြီးငေးကြည့်လာပြီး
"ခက် နောင်တမရချင်ဘူး၊ မမကြီးနဲ့ ခက်ရဲ့သွေးသားတော်စပ်မှုကို မမကြီး အခုထိလက်မခံနိုင်ဘူးဆိုပေမယ့် တစ်နေ့ မမကြီး လက်ခံနိုင်မယ်လို့ ခက်ယုံတယ်၊ အဲ့ဒီ့အတွက် မမကြီးစိတ်ပျက်အောင် ခက်ဘယ်တော့မှ မလုပ်ဘူး၊ ခက် မမကြိီးကို ကတိပေးပါတယ်၊ မမကြီးလဲ ဒုတိယသခင်မကြီးမဖြစ်စေရဘူး၊ ခက်လဲ ဒုတိယ သက်ထားမဖြစ်စေရဘူး''
သူမ မျှော်လင့်ထားတာတဲ့ ပိုပြီးရင့်ကျက်နေသည့် မိခက်ကို နှင်းစက် ခပ်ပြုံးပြုံးလေးကြည့်နေမိသည်။
ဒီအပြုံးတွေမှာ ဟန်ဆောင်မှုတွေ မပါတာကို
သူမကိုယ်တိုင်ပဲသိလိမ့်မည်။
မေတ္တာဝင်နေတဲ့အချိန်မို့လို့ ထင်သည်။
သူမမျက်လုံးထဲမှာ မိခက်က ချစ်စဖွယ် ညီမလေးတစ်ယောက်။
နွဲ့နှောင်းရှည်လျားလှသည့် ဆံနွယ်တွေကို အသာလေးပွတ်သပ်လေးလိုက်ပြီးမှ မိခက်ရဲ့ခေါင်းလေးကို ခပ်ဖွဖွလေးပုတ်ကာ
"ကျေးဇူးပါကွယ်''
မြင်ရခဲသည့် မမကြီးရဲ့အပြုံးကို
ခက် မြတ်မြတ်နိုးနိုးလေး ငေးကြည့်နေမိသည်။
သေချာတယ် တစ်နေ့မှာ မမကြီးနဲ့သူမ
အရမ်းချစ်တဲ့ ညီအစ်မတွေဖြစ်ကိုဖြစ်ရမယ်။
မထင်မှတ်ထားတဲ့ လေမုန်တိုင်းတွေ မတိုက်ခတ်ခဲ့ရင်ပေါ့.....
>>>>>>>>>><<<<<<<<<<
အားပေးတဲ့ အသဲတွေအားလုံးကို ကျေးဇူးတင်ပါတယ်😘😘
အမှားပါရင် ချစ်တဲ့စိတ်နဲ့ ဝေဖန်ပေးပါဦး😁
အပိုင်း(၁၅)မျှော်
စာရေးသူ-Merida(Tulip)