book

Index 13

အပိုင်း(၁၃)

  • Author : Merida
  • Genres : Romance, Comedy, Drama

🎗🎗 နှောင်ကြိုး 🎗🎗


~~~~~~~~~~


"ဒါဆို ဒီနေ့တော့ ဒီလောက်ပါပဲ''

"သန့်ခယူ တီချယ်''

"သန့်ခယူ တီချယ်''


"သန့်ခယူ''


အတန်းဆင်းတာနဲ့ကျောပိုးအိတ်ထဲကို ရှိသမျှပစ္စည်း အကုန်ပစ်ထည့်ပစ်တတ်တဲ့အကျင့်ကြောင့် အတန်းထဲမှ တီချယ်ထွက်သွားတာနဲ့တပြိုင်နက် ဂူးဂူးက စာအုပ်တွေအားလုံးသိမ်းပြီးသွားပြီဖြစ်သည်။


"ကြာလိုက်တာ မိခက်ရယ် ဘယ်လိုတွေလုပ်နေတာလဲ''


ဘောပင်ကို ဘောပင်ထည့်တဲ့အိတ်ထဲထည့်ကာ

စာအုပ်တွေကို သားရေလွယ်အိတ်လေးထဲ စနစ်တကျစီရီထည့်နေသည့် ခက်ကို စိတ်မရှည်သလို လာပြောနေသည့်ဂူးဂူး။


"ဘာလို့လဲ ခက်ကိုစောင့်နေတာလား''

"အင်းပေါ့''


"ဘာလို့စောင့်နေတာလဲ ပြန်တော့လေ''


လွယ်အိတ်ကို အပြီးသတ် ဇစ်ဆွဲပိတ်ရင်း ဂူးဂူးကိုမော့ကြည့်ပြီးပြောလိုက်တော့ ဂူးဂူးက သူမကိုမျက်စောင်းထိုးကာ


"နင့်ကို အိမ်ပြန်လိုက်ပို့ရမယ်တဲ့လေ''

"ဘယ်သူကလဲ''


"နင့်ကိုကို ငါ့ကိုကို ကိုကိုဝသန်က''

"ကိုကိုက နင့်ကိုအဲ့လိုမှာခဲ့တာလား''


"အွန်း''


ကိုကိုနဲ့တော့ ခက်နေပါပြီ။ မနေ့ကကိစ္စကို ကိုကိုသိသွားတာကိုက သူမအတွက် ကံဆိုးခြင်းပါ။


မနက်က ကျောင်းလာတော့လဲ ကိုကိုက ဇွတ်အတင်းလိုက်ပို့၏။ အခုလဲ ပြန်ဖို့အရေးကို ကြိုတင်စီစဥ်ထားပြန်သည်။


ကိုကိုအခုလိုတွေလုပ်နေတာက သူမကို စိတ်မချလို့ဆိုတာ သိပေမယ့် ကြားထဲက ဂူးဂူးကိုအားနာစရာကောင်းတာမို့...


"ကိုကိုက အလကားလျှောက်ပြောတာပါ၊ ရတယ် ခက် ကိုယ့်ဟာကိုယ် ပြန်လိုက်မယ်၊ ဂူးဂူးလဲ ပြန်တော့လေ''


"မရပါဘူးနော်၊ ကိုကိုက နင့်ကိုအိမ်အထိ လိုက်ပို့ပေးပါလို့ဂူးကို သေချာမှာသွားတာ''


"နင့်ကိုစတာနေမှာပါ၊ ခက် အရင်ကလဲ ဒီလိုပြန်နေကျပဲလေ မဟုတ်ဘူးလား''


"ဒါပေမယ့် အရင်ကနဲ့မှ မတူတာကို''

"ဟင်.. ဘာမတူလို့လဲ''


ခက် လွယ်အိတ်လေးကိုလွယ်ကာ ထရပ်ရင်းမေးလိုက်တော့ ဂူးဂူးက နှုတ်ခမ်းလေးလှုပ်ရုံပြုံး၏။


ဂူးဂူးရဲ့ပုံစံကို ခက် နားမလည်တာကြောင့် မျက်ခုံးတွန့်ကြည့်လိုက်တော့ ဂူးဂူးက သူမရဲ့လက်ကိုတွဲကာ..


"နင့်ကို လိုက်ရှုပ်နေတဲ့ ငရှုပ်တစ်ကောင်ရှိနေတယ်ဆို''


"ဟင်.. မဟုတ်ပါဘူး ပေါက်ပေါက်ရှာရှာဟယ်

နင့်ကို ဘယ်သူပြောတာလဲ''


"ကိုကိုပြောတာ၊ နင့်ကိုလိုက်နှောင့်ယှက်နေတဲ့ ငကြောင်တစ်ကောင်ရှိနေလို့ ဒီရက်ပိုင်း ကျောင်းဆင်းရင် နင့်ကို အိမ်အထိလိုက်ပို့ပေးပါတဲ့၊ ကြည့်စမ်း နင်ငါ့ကို လျှိုထားတယ်ပေါ့၊ ပြော ပြော ဘယ်ကောင်လဲ''


"ဘာကိုလဲ ဂူးဂူးရဲ့''


"နင့်ကို လိုက်ရှုပ်နေတဲ့ကောင်လေ''


လမ်းလျှောက်နေရင်း မျက်လုံးဝိုင်းလေးဖြင့်

သူမကို သေသေချာချာစပ်စုပြီးမေးနေသည့်

ဂူးဂူးကို ပြန်ဖြေရန် အဖြေကမရှိ။


ဒါ့ကြောင့် တိတ်ဆိတ်နေလိုက်ပေမယ့်

ဂူးဂူးကတော့ ဆက်လက်ထောက်လှမ်းနေဆဲ။


"ဪ.. ငါသိပြီ၊ သမိုင်းဘက်က ဟိုတစ်ခါ နင့်ကိုစာပေးတဲ့ကောင်မလား ဟုတ်လား ခက်''

"မဟုတ်ပါဘူး''


"ဒါဆို Mathက ​ညီလင်းရှိန် ဟုတ်တယ်မလား''

"ဟာ... မဟုတ်ပါဘူး''


"ဟုတ်ပြီ ဟုတ်ပြီ၊ မနှစ်က နင့်ကိုproposeလုပ်တဲ့ ဆေးဘက်က မျက်မှန်နဲ့ကောင်''

"မဟုတ်ပါဘူးဆို ဂူးဂူးရယ်''


"ဒါဆို ဘယ်သူလဲ၊ ဘယ်သူက နင့်ကို လိုက်နှောင့်ယှက်တာလဲ''


တကယ့်ကို ဇွတ်အတင်း စုံစမ်းရေးဆင်းနေသည့်

ဂူးဂူးကို ခက်ကြည့်ကာ ပြုံးလိုက်တော့

ဂူးဂူးက မျက်စောင်းထိုးကြည့်ပြန်သည်။


"ဘာပြုံးတာလဲ မိန်းမ၊ ငါ့ကို ဘာတွေလျှို့ဝှက်ထားပြီး ကျေနပ်နေတာလဲ''

"ခက် ဘာမှမလျှို့ဝှက်ပါဘူး''


"ဒါဆိုပြောလေ ဘယ်ကကောင်လဲ၊ ဘယ်ကလေကဝက နင့်ကို လိုက်ပြီး နှောင့်ယှက်ရဲတာလဲ''


"ဂူးဂူး အဲ့ဒီ့လူက နင့်ထက်အသက်ကြီးတယ်နော်''


ခက် သတိပေးသလိုလေးဝင်ပြောပြီးမှ

စကားလွန်သွားမှန်းသတိထားမိကာ နှုတ်ခမ်းကိုဖွဖွလေးကိုက်လိုက်၏။


သို့ပေမယ့်

ဂူးဂူးရဲ့မျက်နှာကြီးကတော့ ဝင်းထိန်သွားကာ

လမ်းလျှောက်နေသည့် သူမရှေ့ကို ပိတ်ရပ်ပစ်လိုက်ပြီး


"ခက် တကယ်ကြီးပေါ့ ဟုတ်လား၊ နင့်ကို လိုက်ရှုပ်နေတဲ့သူရှိတယ်ဆိုတာ တကယ်ကြီးလား''

"ဟင်.. မဟုတ်ပါဘူး''


"မလိမ်တတ်ပဲနဲ့ မလိမ်ပါနဲ့ ခက်ရယ်၊ ပြော ဘယ်သူလဲ ဂူးသိတဲ့သူပဲလား''


"မဟုတ်ပါဘူး အဲ့လိုလူလဲမရှိဘူး၊ တကယ် ခက် အရင်အတိုင်းပဲ''


"မယုံဘူး''


အသည်းအသန်ငြင်းပြီးပြောလိုက်တော့ 

ဂူးဂူးက နှာခေါင်းရှုံ့ကာ ရှေ့ကိုဆက်လျှောက်သွား၏။


စိတ်ဆိုးသွားတာလားမသိပေမယ့် ဘာမှထပ်မေးလာခြင်းမရှိသည့်အတွက် ခက် သက်ပြင်းလေးရှိုက်ကာ ဂူးဂူးနောက်ကနေလိုက်သွားရန်ပြင်လိုက်စဥ် သူမဘေးကို လာရပ်သည့် အမျိုးသမီးတစ်ဦးကြောင့် ခြေလှမ်းတွေ ရပ်တန့်သွား၏။


"မင်းနာမည် နွေသစ်ခက် ဟုတ်တယ်နော်၊ တို့က မျိုးရိုးဂုဏ်ရဲ့အစ်မ ခေတ်သစ်ဂုဏ်၊ ဂုဏ်လေးကို သိတယ်မလား''


မျက်နှာချင်းဆိုင်တွင် လာရပ်ပြီး မေးလိုက်သည့် အမျိုးသမီးရဲ့အသံက တင်းမာနေ၏။


အရှေ့ ခပ်လှမ်းလှမ်းကိုရောက်နေသည့် ဂူးဂူးကလဲ သူမကိုပြန်လှည့်ကြည့်ကာ သူမဆီကိုပြန်လျှောက်လာပြီး


"ခက် ဘာဖြစ်လို့လဲ''

"ဘာမှမဖြစ်ပါဘူး''


"တို့နဲ့ ခဏလိုက်ခဲ့လို့ရမလား နွေသစ်ခက်''

"ရှင်.!.!.. ဘာကိစ္စရှိလို့လဲ မသိဘူး''


"တို့မှာပြောစရာရှိလို့ပါ''

"ဘယ်သူလဲ ခက်''


လိုက်သင့် မလိုက်သင့်စဥ်းစားနေစဥ် အနားကပ်ပြီးမေးနေသည့် ဂူးဂူးကိုတစ်ချက်လှည့်ကြည့်ပြီး


"ခက်ရဲ့အသိပါ၊ ဂူးဂူး ခက် ဒီအစ်မနဲ့ပြောစရာရှိလို့ ပြန်နှင့်လိုက်ပါလားဟင်''

"ဒါပေမယ့် ကိုကိုက...


"ရတယ် ကိုကို့ကို ခက်ပဲပြောပြလိုက်မယ်''

"အင်းပါ ဒါနဲ့ ဂူးလိုက်ခဲ့ပေးရမလား''


"ဟင့်အင်း ရတယ်''


နောက်ကို လှည့်ကြည့် လှည့်ကြည့်ဖြင့် ဂူးဂူးထွက်သွားမှ ခုနကအစ်မကို ခက်ပြန်လှည့်ကြည့်လိုက်ပြီး


"ခက်နဲ့ဘာပြောစရာရှိလို့လဲမသိဘူး''


"ဂုဏ်လေးနဲ့ မင်းရဲ့အခြေအနေကို တို့အမှန်အတိုင်းသိချင်တယ်''


ဒီလိုရောက်လာကတည်းက ဒီပြဿနာမှန်း ခက်သိပါသည်။ ဘာဖြစ်မယ်ဆိုတာမသိပေမယ့် ကောင်းတဲ့အရာမဟုတ်တာတော့ သေချာ၏။


"ခက်တို့ ဘာမှမပတ်သတ်ပါဘူး''

"တို့က ဘယ်လိုယုံရမှာလဲ''


"အဲ့ဒါတော့ ခက်လဲ မပြောတတ်ဘူး၊ ခက်ပြောနိုင်တာတစ်ခုက အခုချိန်ထိ ခက် သူနဲ့ဘာမှမပတ်သတ်ဘူး''


"ဂုဏ့်ဘက်ကရော''

"သူ့ကိုပဲ မေးကြည့်လိုက်ပါ အစ်မ''


ပြတ်သားပြီး တင်းမာနေသယောင်ယောင်ရှိသည့် အဖြေကြောင့် ခေတ် အလိုမကျဖြစ်သွားပေမယ့်

ခနဲ့တဲ့တဲ့အပြုံးလေးဖြင့်


"ဂုဏ်က မင်းနဲ့မတွေ့ခင်အထိ နှင်းစက်လေးကိုပဲ စိတ်ဝင်စားခဲ့တာ၊ အခု မင်း​ကြောင့်နဲ့ သူပြောင်းလဲသွားမယ်လို့ ထင်နေတာလား''


"ဟင့်အင်း မထင်ပါဘူး၊ ပြီးတော့ ခက် အစ်မရဲ့မောင်ကိုလဲ စိတ်မဝင်စားပါဘူး၊ ခက်ကို ခွင့်ပြုပါဦး''


ခပ်မာမာပြောပြီး လှည့်ထွက်သွားဖို့ပြင်နေတာမို့

ခေတ် နွေသစ်ခက်ရဲ့လက်ကို လှမ်းဆွဲထားပြီး


"မင်းငြင်းပါ၊ သူ ဘယ်လောက် မင်းအနားလာကပ်လာကပ် မင်းရအောင်ငြင်းပါ၊ ဘာလို့လဲဆိုရင် တို့မိသားစုက မင်းကို ကြိုဆိုပေးမှာမဟုတ်လို့ပဲ''


"ခက်ကလဲ အစ်မတို့မိသားစုထဲ ဝင်လာမယ်ဆိုတဲ့အတွေးလုံးဝမရှိလို့ အစ်မ စိတ်ချလက်ချနေနိုင်ပါတယ်၊ ပြီးတော့ အစ်မကို တစ်ခုလောက်တောင်းဆိုပါရစေ''


ဘာလဲဆိုသည့်သဘောဖြင့်

ခေတ် သူမကို မျက်မှောင်ကျုံ့ကြည့်လိုက်တော့


"ကိုမျိုးရိုးဂုဏ်ကို ထိန်းပေးပါ၊ ခက် သူ့ကိုလုံးဝစိတ်မဝင်စားတဲ့အတွက် ခက် အနားလာလာနေတာက ခက်အတွက် စိတ်အနှောင့်အယှက်ဖြစ်လို့ပါ''


"ဘာပြောတယ် စိတ်အနှောင့်အယှက်ဖြစ်တယ်၊

ဒီမှာ မင်း ကိုယ့်ကိုကိုယ် ဘာထင်နေတာလဲ ဟမ်၊

တို့မောင်က ဘယ်လိုလူဆိုတာ မင်းသိရဲ့လား''


"ခက် စိတ်မဝင်စားလို့ မသိပါဘူး၊ ခက့်ကိုပြောစရာမရှိတော့ရင် ခွင့်ပြုပါဦး''


ဒုတိယအကြိမ် နှုတ်ဆက်လိုက်တဲ့အချိန် သူမကတော့ မွေးရာပါ အပြုံးချိုချိုလေးနဲ့ နှုတ်ဆက်ပြီး ထွက်လာခဲ့ပေမယ့် ထိုအစ်မရဲ့မျက်နှာက လငမုပ်ဖမ်းထားသည့်အတိုင်း ညိုမဲနေ၏။


ကိုမျိုးရိုးဂုဏ် ရှင်က ခက်အတွက်တော့ တကယ့်ဂြိုလ်ဆိုးပဲ။ ရှင်နဲ့ အတတ်နိုင်ဆုံးဝေးအောင်နေမှ 

ွခက် ငြိမ်းချမ်းမှာ။


>>>>>>>>>><<<<<<<<<<


ဒီရက်ပိုင်းထဲ ပူတူးနဲ့အတူ အမြဲရှိနေတတ်သည့်

ဝသန့်ကြောင့် ဂုဏ် အကြပ်ရိုက်နေ၏။


ဝသန့်ကိုကြောက်လို့ဆိုတာမျိုးမဟုတ်ပေမယ့်

ပူတူးကို အရင်လိုအတင်းဝင်ရောလိုက်ရင်လဲ ပြဿနာတွေပဲ များနေမှာ သေချာတာကြောင့် ခြေလှမ်းတွေကို ထိန်းနေရသည်။ သူ့အဖြစ်က ယက္ခဂုမ္ဘန်တွေကြားထဲက အာသာဝသီနတ်ပန်းလေးကို ခူးဆွတ်နိုင်ဖို့ ကြိုးစားနေရသည့် လူတစ်ယောက်သဖွယ်။


အခုလဲ စင်တာတစ်ခုတွင် စျေးဝယ်နေစဥ် ပူတူးကိုတွေ့လိုက်တာမို့ ဝမ်းသာအားရလိုက်သွားဖို့ ပြင်လိုက်တော့ ပူတူးနောက်မှာ ဝသန်က တွဲပါလာတာမို့ နောက်ကနေ ယောင်ပေပေနဲ့ လိုက်နေရ၏။


"ဝသန် မင်းကတော့ တကယ့်ကို ပန်းစောင့်​ဘီလူးပဲကွာ''


ဘာကိစ္စကြောင့်ပဲဖြစ်ဖြစ် ထိပ်တိုက်ရင်ဆျုင်ရဲသည့် သူက အခုမှ နောက်တွန့်နေရသည့်အဖြစ်။

ဘဝမှာ ကိုယ့်ကိုကိုယ် အလိုမကျတဲ့အချိန်ကို

ပြောပါဆိုရင် အခုချိန်ပဲဖြစ်လိမ့်မည်။


"ကိုကို ခက် ဒီဟာလိုချင်တယ်''

"ဟာ... ဒီလိုအရုပ်က ကိုကိုအရင်တစ်ခါ ဝယ်ပေးထားတယ်မဟုတ်လား၊ တခြားဟာယူ''


"ဟင့်အင်း ဟင့်အင်း ဒါပဲယူမှာ''


"တခြားဟာယူပါဆိုကွာ၊ ရှိပြီးသားကို ဘာလို့ထပ်ယူမှာလဲ တခြားဟာယူ''


အရုပ်ဆိုင်ရှေ့တွင် အတိုင်အဖောက်မညီပဲဖြစ်နေသည့် ပူတူးတို့မောင်နှမကို သူခပ်လှမ်းလှမ်းကနေ ကြည့်နေရင်းမှ..


"ကလေးက လိုချင်နေတာကို ဝယ်ပေးလိုက်တာမဟုတ်ဘူး၊ ဒီကောင် တော်တော်လျှာရှည်တဲ့ကောင်''


လိုချင်တဲ့အရုပ်ကို လက်ညှိုးလေးထိုးပြီး နှုတ်ခမ်းလေးစူကာ ပူဆာနေသည့် ပူတူးကို အသည်းယားလာတာမို့ စိတ်ထဲကတွေးလိုက်မိပေမယ့် ဝသန်ကဖြင့် ပူတူးလက်ကိုဆွဲကာ ထိုဆိုင်ကိုကျော်သွား၏။


"ဟာ.. ဘာလဲ တကယ်ဝယ်မပေးဘူးလား''


တကယ်ဝယ်မပေးတာပါ။

ခြေထောက်လေးဆောင့်ပြီး မျက်နှာစူပုတ်ပုတ်ဖြင့် ဝသန့်နောက်ပါသွားသည့် ပူတူးကိုကြည့်ကာ သူမနေနိုင်တဲ့အဆုံး ခုနက ပူတူးလက်ညှိုးထိုးပြီး

ပူဆာခဲ့သည့် အရုပ်လေးကို ဝယ်လိုက်မိသည်။


ပြီးတာနဲ့ အရုပ်ကြီးပိုက်ကာ ပူတူးတို့နောက် လိုက်ရပြန်၏။


"ညီမလေး လိုချင်တာကြည့်ထားလိုက်လေ၊ ကိုကိုက မာမီမှာလိုက်တဲ့ ပစ္စည်းတွေသွားယူလိုက်ဦးမယ်''

"ခက်ရော လိုက်မယ်လေ''


"နေခဲ့ပါ ကိုကိုလဲမကြာဘူး ခဏပဲ''

"ဟုတ်''


ကိုကိုထွက်သွားတာနဲ့ စာအုပ်ဆိုင်ထဲဝင်ကာလိုချင်တဲ့ စာအုပ်တွေရှာနေလိုက်၏။


"ဘာစာအုပ်ရှာနေတာလဲ''

"ရတယ် ခက် ကိုယ့်ဟာကိုယ်ရှာလိုက်မယ်''


"ကိုယ်ကူရှာပေးချင်လို့ပါ၊ ဘာစာအုပ်လဲပြောလိုက်''

"ရပါတယ် ခက်ရှာတတ်.... ဟင်... poohလေး''


စာအုပ်ရှာပေးဖို့လာပြောနေသည့်သူကို ဆိုင်ကဝန်ထမ်းအထင်နဲ့ ပြန်ပြောနေရာမှ မော့ကြည့်လိုက်တော့ ခုနက သူမ လိုချင်သည်​့ Poohရုပ်လေးကိုကွယ်ကာ ရပ်နေသည့်လူတစ်ယောက်။


ဘယ်သူလဲဆိုတာထက် အခုချိန် သူမစိတ်ဝင်စားတာက poohရုပ်လေးမို့ အရုပ်လေးရဲ့ခေါင်းကို သူမလက်လေးဖြင့် အသာပွတ်သပ်လိုက်ပြီး..


"အဟွန်း ဟွန်း ချစ်ဖို့ကောင်းလိုက်တာ''

"ကိုယ့်ကိုပြောတာမလား''


"ဟင်.. ရှင်..


အရုပ်လေးရဲ့နောက်မှ ေပါ်လာသည့်မျက်နှာကြောင့် သူမ ခြေလှမ်းတွေနောက်ဆုတ်ရပ်လိုက်တော့ ထိုလူက အရုပ်လေးပိုက်ထားလျက်ကနေ

ရှေ့ကိုတိုးလာပြီး ခက် မျက်နှာနှင့် သူ့မျက်နှာနီးသွားအောင် ခါးလေးကိုင်းကာ...


"အဟွန်း ကိုယ့်ကိုမှတ်မိသေးတယ်ပေါ့၊ ဟုတ်လား ပူတူး''


"ရှင် ဘယ်ကနေ ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ''


"လမ်းလျှောက်လာတာပေါ့ ရော့ ယူလိုက်''

"ဟင့်အင်း''


သူမ ခေါင်းလေးရမ်းပြီး ငြင်းလိုက်တော့ သူက ခက်အရပ်ရဲ့တစ်ဝက်လောက်ရှိသည့် Poohရုပ်လေးကို ခက့်ဆီကို အတင်းထိုးပေးလိုက်ပြီး နောက်ဆုတ်ရပ်လိုက်ကာ


"ခုန ဝသန့်ကို ဒီအရုပ်ပူဆာနေတာ ကိုယ်တွေ့လိုက်တယ်၊ မငြင်းနဲ့ ယူထားလိုက်၊ မင်းမယူရင် ကိုယ်က ဒီအရုပ်ကို ဆိုင်ပြန်သွင်းလို့မရမယ့်အတူတူ လွှင့်ပစ်ခဲ့မှာ''


"ဟင်.. နှမြောစရာကြီး''

"ဟုတ်တယ် နှမြောဖို့ကောင်းလို့ ယူထားလိုက်''


သူမ လက်ထဲက အရုပ်လေးကို ပြန်ကြည့်ကာ

ွနှုတ်ခမ်းလှလှလေးတစ်စုံ တွန့်ခနဲပြုံးသွားမှ ဂုဏ် သူမ မတွေ့အောင်ပြုံးလိုက်ပြီး မျက်နှာကိုချက်ချင်းပြန်တည်ပစ်လိုက်ကာ


"ကိုယ် ဖုန်းဆက်တာကို ဘာလို့မကိုင်တာလဲ''

"ဘာမှမဖြစ်ပါဘူး''


"မင်းစိတ်ထဲမှာ ကိုယ်က ဝသန့်ကိုကြောက်ပြီး

နောက်ဆုတ်သွားတယ်လို့ ထင်နေတယ်မဟုတ်လား''


"မထင်ပါဘူး ရှင် ကိုကို့ကို မကြောက်ဘူးဆိုတာ

ခက် သိပါတယ်''


"အွန်း.. သိရင်လဲ ပြီးတာပဲ၊ သူ့ကိုကြောက်လို့ မင်းဆီမလာတာမဟုတ်ဘူး၊ ယောက်ဖတော်နဲ့ ပြဿနာမဖြစ်ချင်လို့၊ ပြီးတော့ မင်းစိတ်ညစ်နေမှာစိုးလို့ မင်းကိုခဏ လွတ်လပ်ခွင့်ပေးထားတာ၊

အဲ့ဒါကလဲ ဒီနေ့နောက်ဆုံးပဲ''


ထိုစဥ် ဆိုင်ထဲကို ပြန်ဝင်လာသည့်ဝသန့်ကို မြင်လိုက်တာကြောင့် သူ မသွားချင်သေးပေမယ့်..


"ညကို ကိုယ်ဖုန်းဆက်မှာ၊ မကိုင်ရင် အိမ်အထိလိုက်လာမှာနော် ဒါပဲ၊ ချစ်တယ် ပူတူး''


စာအုပ်စင်တွေကြားထဲကနေ လမ်းနောက်ပြန်လျှောက်ရင်း ပြောသွားသည့်သူ့ကြောင့် ခက် မျက်နှာလေးရဲသွား၏။


ချစ်တယ်တဲ့။

တကယ်ရော ဟုတ်ရဲ့လား။

တွေ့တိုင်းချစ်တယ်လို့ပြောတတ်တဲ့ သူ့အကျင့်ဆိုးကြောင့် ခက်လဲ ရင်ခုန်တတ်နေပြီထင်ပါရဲ့။


အခုလဲ တဒုန်းဒုန်းနှင့် ဆောင့်ခုန်နေသည့် နှလုံးခုန်သံလေးကို ​ြငင်သာသွားစေရန် လက်ဝါးလေးဖြင့် အသာလေးဖိအုပ်ထားလိုက်စဥ်..


"ပြီးပြီလား ညီမလေး''

"အမလေး...


"ဟောဗျာ ဘာကိုလန့်တာလဲ၊ ဒီကောင်မလေး ဘာတွေ မဟုတ်တာ ခိုးလုပ်နေတာလဲ''


သူမ ခေါင်းလေးရမ်းပြလိုက်ပြီး ဟိုလူ့ကို လှမ်းကြည့်လိုက်တော့ ဆိုင်အဝင်ပေါက်ကနေ သူမကို ပြုံးပြီး တာ့တာလုပ်ပြသွား၏။

တော်သေးတာပေါ့ ကိုကိုနဲ့ လွဲသွားလို့။


"ဟင်း....


"ဘာတွေကို ဒီလောက် သက်ပြင်းချနေတာလဲ၊

နေပါဦး ဒီအရုပ်က ဘယ်လိုရလာတာလဲ''


"ဟင်.. ဝယ်လိုက်တာလေ အဟွန်း''

"ကိုကိုက မဝယ်နဲ့လို့ပြောထားတာမဟုတ်လား''


မျက်ခုံးတွေ စုကျုံ့ပြီးပြောလိုက်သည့် ကိုကို့ကြောင့် ခက် ဟန်ဆောင်ပြုံးလေးပြုံးကာ..


"ခက် တကယ်လိုချင်လို့ပါ ကိုကိုကလဲ''


"လိုချင်လဲ ရှိပြီးသားကြီးကို ဘာလုပ်မှာလဲ၊

အခုမှတော့ မထူးတော့ပါဘူး ဘယ်လောက်ပေးရလဲ''


မကျေနပ်သည့်မျက်နှာထားဖြင့် အရုပ်ကိုကြည့်ကာ မေးနေတာမို့ ခက် အခက်တွေ့သွား၏။

ဘယ်လောက်လဲဆိုတာ ခက် မှ မသိပဲ။


"ဘယ်လောက်ပေးရတာလဲလို့''

"ကိုကိုက ဘာလုပ်ဖို့မေးတာလဲ''


"သိချင်လို့ မေးတာပေါ့ကွ၊ ပြော ဘယ်လောက်ပေးရလဲ''


"ဟွန့် ကိုကိုက ပိုက်ဆံပေးမလို့ ဟုတ်တယ်မလား၊ ခက် မယူချင်ဘူး ခက် ကိုယ့်ဟာကိုယ်ဝယ်မှာ''


တစ်ခါ တစ်ခါ ခေါင်းအရမ်းမာသည့် ကိုယ့်ညီမအကြောင်းသိတာမို့ ဝသန်ဆက်မေးမနေတော့ပဲ


"နောက်တစ်ခါကျရင် ကိုကိုက မဝယ်နဲ့ဆိုရင်

လုံးဝမဝယ်ရဘူး ကြားလား''

"ဟုတ်''


"အွန်း အခု စာအုပ်ကတွေ့ပြီလား''

"မတွေ့ဘူး နောက်ရက်မှ ဂူးဂူးနဲ့ပြန်လာရှာတော့မယ်၊ ပြန်ကြရအောင်လေ''


"အခုတစ်ခါတည်းဝယ်ခဲ့လိုက်၊ ကိုကိုစောင့်ပေးမယ်''

"ရတယ် မရှာချင်တော့ဘူး ခက် ဗိုက်ဆာပေါ့''


"ဒါဆိုလဲ ပြီးတာပဲ၊ ဘာစားချင်လဲ''

"အွန်း.. ဘာစားရင်ကောင်းမလဲ''


သူဝယ်ပေးထားသည့် အရုပ်လေးကို လက်တစ်ဖက်ဖြင့်ပိုက်ထားပြီး ကျန်တဲ့လက်တစ်ဖက်က ဝသန့်လက်မောင်းလေးကို ဖက်ထားသေး၏။


ဒါ့အပြင် လမ်းလျှောက်နေရင်းကနေ ဝသန့်ကို မော့ကြည့် မော့ကြည့်ဖြင့် စကားပြောနေသည့်

သူ့ရဲ့ပူတူးလေးက တစ်ချက် တစ်ချက် ထရယ်တတ်သေးသည်။


သူ့ရှေ့မှာဆိုရင် ခပ်တည်တည်လေးဖြစ်သွားတတ်သည့် ကလေးမလေးက ဝသန်နဲ့ဆိုရင်

တကယ့် ကလေးဆိုးလေးအတိုင်း ချွဲနွဲ့နေတာကို

သူ နောက်ကနေ လိုက်ကြည့်ရင်း အားမလို အားမရဖြစ်မိသည်။


ဖြစ်နိုင်ရင် ဝသန့်နေရာမှ သူဖြစ်ချင်မိသည်။

ဝသန့်လို အစ်ကိုတစ်ယောက်အနေနဲ့တော့

မဟုတ်ဘူးပေါ့လေ။

သူဖြစ်ချင်တာက ပူတူးရဲ့......


>>>>>>>>>><<<<<<<<<<


"အယ်... အစ်ကို''


အောက်ထပ်မှ ကားရပ်သံနဲ့အတူ

မာမီ့ရဲ့ ဝမ်းသာအားရဖြစ်သွားတဲ့အသံကြောင့်

နှင်းစက် လှေကားမှပြေးဆင်းလာခဲ့၏။


"ဒယ်ဒီ ပြန်လာတယ်''

"ဟုတ်တယ် သမီး၊ ဘယ်လိုလဲ အစစ အရာရာ အဆင်ပြေတယ်မလား''


ကလေးငယ်တစ်ယောက်လို ရင်ခွင်ထဲပြေးဝင်လာသည့် သမီးကြောင့် မင်းသစ်ပြုံးရင်းမေးလိုက်တော့ နှင်းစက်က သူ့ခါးကိုဖက်ထားလျက်ကနေ ခေါင်းလေးထောင်ကြည့်လာပြိီး


"မပြေဘူး ဒယ်ဒီ၊ နှင်းစက်က ဒယ်ဒီ့ကို အရမ်းလွမ်းနေလို့လေ''


"ဟား..ဟား..ဟား..

အခုမှပဲ ဒယ်ဒီအမောပြေသွားတယ်ကွာ''


"ဟင် ဒါဆို အစ်ကိုက နန်းကိုတွေ့တုန်းက

အမောမပြေဘူးပေါ့လေ''


မျက်​စောင်းလေးဝဲပြီးပြောလာသည့် ဇနီးကို

မင်းသစ် ပြုံးထေ့ထေ့လေးကြည့်ကာ


"မဟုတ်ရပါဘူးကွာ အမှန်တိုင်းပြောရရင်

မြန်မာပြည်ကိုခြေချလိုက်ကတည်းက အမောပြေပြီးသား ဟုတ်ပြီလား''


"သူဌေး ဒီအထုပ်တွေက အခန်းထဲပဲ ပို့လိုက်ရမလား''


"မပို့နဲ့ မတူး၊ အဲ့ဒါ သစ်ခက်လေးအတွက်

ပေး ပေး ငါပဲသွားပေးလိုက်မယ်''


မတူးလက်ထဲက အထုပ်ကြီးငယ်ကို လှမ်းယူနေသည့် ဒယ်ဒီ့ကို နှင်းစက် မော့မော့လေးကြည့်ကာ


"ဘာတွေမို့လို့လဲ ဒယ်ဒီ''


"ဪ... ဘာမှမဟုတ်ပါဘူး

အဝတ်အစားတစ်ချို့နဲ့ ပန်းမျိုးစေ့တွေပါ'


"နှင်းစက်အတွက်ကရော''


"သမီးအတွက်လဲ ပါတာပေါ့ နေဦး၊ မတူးရေ အပြာရောင်အိတ်လေးနဲ့ထည့်ထားတဲ့ဘူးလေးရော''


"အပေါ်ထပ်ရောက်သွားပြီ သူဌေး''


"ဟုတ်လား အေး အေး၊ ကဲ အပေါ်ထပ်မှာတဲ့သမီး သွား ယူကြည့်လိုက်''


"ဘာဝယ်လာတာလဲဟင်''

"သွားကြည့်လိုက်ပါ သမီး ဒယ်ဒီ့ကိုပူဆာထားတဲ့ဟာ''


"နှင်းစက် ပူဆာထားတဲ့ဟာ ဟုတ်လား၊

ဟင်... ဒါဆို ရေမွှေး ရေမွှေးဟုတ်တယ်မလား''


ဝင်းပနေသည့် မျက်နှာလေးဖြင်​့ မေးလာသည့် သမိီးဖြစ်သူကို သူခေါင်းလေးငြိမ့်ပြလိုက်တော့ အပေါ်ထပ်ကို တစ်ချိုးတည်းတက်ပြေးသွား​ေတာ့၏။


"ဘာရေမွှေးမို့လို့ ဒီလောက်ပျော်သွားတာပါလိမ့်၊

ဒါနဲ့ အစ်ကိုက အလုပ်ကိစ္စနဲ့ပြန်လာတာလား၊ ဘယ်လောက်ကြာမှာလဲဟင်''


"အလုပ်ကိစ္စတော့မဟုတ်ပါဘူး၊ ဒါပေမယ့် နည်းနည်းတော့ကြာမယ်ထင်တယ်၊ ဝသန့်ကို မမြင်ပါ့လား ဘယ်သွားနေတာလဲ''


"အစ်ကို့သားက ဘယ်အချိန်တုန်းက အိမ်ကပ်လို့လဲ၊ အစ်ကိုပြန်လာတုန်း သေချာဆုံးမသွားဦး၊ နန်းတော့ သူ့ကိုထိန်းလို့မနိုင်တော့ဘူး''


တကယ်စိတ်ပျက်သည့်ပုံစံနဲ့ ပြောနေတာမို့

မင်းသစ် ခပ်ဟဟလေးရယ်လိုက်ပြီး


"သားက လိမ္မာပါတယ်ကွ''


"ဟွန်း.. အစ်ကိုက အဝေးကနေပြီးတော့ လိမ္မာပါတယ်လုပ်နေ၊ နန်းကဖြင့် သူ့ကို လက်ရော ​ခြေထောက်ရော မြှောက်ထားရတာ''


"အဲ့လောက်တောင်ပဲလားကွာ''

"အဲ့ဒါထက်ဆိုးတယ်''


"ဟုတ်လား ၊ဒါဆို ဒီကောင့်ကို နည်းနည်းတော့ကြပ်ပေးရဦးမယ်၊ ဪ...ကိုယ် နန်းအတွက်လဲ လက်ဆောင်ဝယ်လာတယ်၊ အပေါ်က ကိုယ့်အိတ်ထဲမှာ သွားယူကြည့်လိုက်နော်''


"အစ်ကိုက ဘယ်သွားဦးမလို့လဲ''


သူမကို အပေါ်တက်ခိုင်းပြီး အပြင်ထွက်ဖို့ပြင်နေတာမို့ မေးလိုက်တော့...


"သစ်ခက်လေးဆီသွားမလို့''

"ဪ... အခုမှ ပြန်ရောက်တာကို နားဦးလေ''


"ရတယ် ကိုယ်မပင်ပန်းပါဘူး''

"ဒါပေမယ့်...


ဆက်မပြောနိုင်တာလား၊ ပြောခွင့်မရှိလိုက်တာလားတော့မသိ။ အစ်ကိုက တက်ကြွတဲ့ခြေလှမ်းတွေနဲ့ ဟိုသားအမိရှိရာကို ထွက်သွားနေတာတော့ သေချာ၏။


"သမီးရေ သစ်ခက်လေး''

"သမီး''


"အယ် ဖေဖေ..


မြေဆွတဲ့ ခက်ရင်းခွလေးကိုင်ကာ အိမ်အနောက်ကနေ ပြေးထွက်လာသည့် သစ်ခက်လေးကိုမြင်မှ သူကျေနပ်သွားကာ


"သမီး ဘာတွေလုပ်နေတာလဲကွ''

"အပင်လေးတွေကို မြေဆီကျွေးနေတာ၊ ဖေဖေ ဘယ်အချိန်က ပြန်ရောက်တာလဲဟင်''


္''အခုပဲ ပြန်ရောက်တာ၊ သမီး မေမေရော''

"မေမေ အိမ်ထဲမှာရှိတယ်လေ မေမေရေ..

မေမေ ဒီမှာ ဖေဖေပြန်ရောက်နေတယ်''


ခေါ်ရင်း အိမ်ထဲဝင်သွားသည့် သမီးနောက်ကနေ

သူပါ လိုက်ဝင်သွားလိုက်၏။ အိမ်ထဲဝင်ဝင်ချင်း ဧည့်ခန်းက နံရံမှာချိတ်ထားသည့် သစ်ခက်လေးနဲ့ ထားရဲ့ပုံကိုကြည့်ပြီး သူသက်ပြင်းလေးချမိ၏။


သူနဲ့အတူ သုံးယောက်တဲွဲပြီးရိုက်ထားသည့်

ဓာတ်ပုံရှိပေမယ့် ထားက ဒီပုံကိုပဲ ချိတ်ထားချင်တယ်ဆိုတာကြောင့် လက်ခံခဲ့ရပေမယ့်

စိတ်ထဲတော့ သိပ်ပြီးဘဝင်မကျချင်။


"မေမေက ဘယ်သွားလဲမသိဘူး ဖေဖေ''


"ဒီမှာမရှိရင် အိမ်ကြီးမှာပဲ ရှိမှာပါ၊ ရော့ ဒီမှာ သမိီးအတွက်''


"ဘာတွေဝယ်လာပြန်တာလဲ ဖေဖေ၊ ခက် ဘာမှမလိုပါဘူး''


စားပွဲပေါ်တင်ထားသည့် အထုပ်လေးကို

ခက်ကြည့်ပြိီးပြောလိုက်တော့ ဖေဖေက ပြုံးရုံပဲပြုံးကာ


"ကြည့်လိုက်ပါ ဖေဖေ သမီးအတွက် ဘာဝယ်လာလဲဆိုတာကို''


"အဝတ်အစားတွေပဲ မဟုတ်လား၊ ခက် မှာ ဖေဖေ ဝယ်ပေးတဲ့အဝတ်တွေ ဝတ်လို့ကိုမကုန်ဘူး တကယ်''


"ကဲပါ ကြည့်ကြည့်လိုက်''


ထိုအခုမှ စားပွဲပေါ်က အထုပ်တွေကို ဆွဲယူကြည့်၏။ များပြားလှသည့် အထုပ်တွေထဲကမှ 

တချို့တဝက်က အလှပြင်ပစ္စည်းတွေဖြစ်ပြီး

တချို့ကတော့ ဆံပင်နဲ့ပတ်သတ်သည့်ပစ္စည်းတချို့။


"ဒါတွေက ဘာလုပ်ဖို့လဲ ဖေဖေရယ်၊ ဒီမှာလဲ ဝယ်လို့ရတာပဲကို''


"မတူဘူးလေသမီးရယ်၊ ဖေဖေ ဒါတွေကို ဘယ်လောက်ရှာဝယ်ခဲ့ရတယ်မှတ်လဲ''


"ဒါပေမယ့် ခက် မှာ ဒါတွေအားလုံးရှိပြီးသားလေ''


"ဒါ သမီးအတွက် မဟုတ်ပါဘူး၊ ထားအတွက်

သမီးအတွက်က ဒီဘက်ကအထုပ်''


"ဟင်... ဒါ ဘာလေးတွေလဲဖေဖေ''


တစ်ထွာသာသာရှည်သည့် ေလးထောင့်ဘူးလေးကိုမှ အဆင့်သုံးဆင့်ပါသည့် ကော်ဘူးလေးထဲတွင် မျိုးစေ့လေးများကို အကန့်လိုက် အကန့်လိုက်ခွဲထည့်ထား၏။


ကြည့်လိုက်ရုံနဲ့ မျိုးစေ့မှန်းသိသာပေမယ့်

ခက် မေးလိုက်တော့ ဖေဖေက သူမဘေးကိုကပ်ထိုင်လိုက်ပြီး


"သမီး အရင်တစ်ခါက လိုချင်တယ်ပြောထားတဲ့

မျိုးစေ့တွေလေ၊ အရမ်းရှားတာတော့ မဟုတ်ပေမယ့် အားလုံးအကုန်ရဖို့ ဖေဖေ အတော်လေးရှာလိုက်ရတယ်၊ တချို့အပင်တွေကတော့ ဒိီကရာသီဥတုနဲ့ အဆင်ပြေမယ်မထင်ဘူး''


"ဖေဖေ ပိုက်ဆံတွေအရမ်းကုန်မှာပေါ့''


"အွန်းပေါ့ ပိုက်ဆံတွေအများကြီးသုံးခဲ့ရတာ၊

အဲ့ဒီ့အတွက် သမီးက ဖေဖေ့ကို ပြန်လုပ်ပေးရမှာရှိတယ်''


"ဘာလဲဟင်၊ ခက် ဖေဖေ့ကို ဘာပြန်လုပ်ပေးရမှာလဲ''


အားတက်သရော ပြန်မေးလာသည့် သမီးကြောင့် သူကျေနပ်သွားကာ ဆံပင်တွေကို အသာလေးထိုးဖွလိုက်ပြီး


"နောက်မှ ဖေဖေပြောပြမယ်၊ အခု ဖေဖေ ခရီးပန်းလာလို့ နားဦးမယ်''


"ဟုတ်ဖေဖေ ခက်လိုက်ပို့မယ်လေ''


"အွန်း ကောင်းတာပေါ့''


အိမ်ကြီးဘက်ကို ခက်လိုက်ပို့ရင်း ဖေဖေမေးသမျှ မေမေ့အကြောင်းတွေကို ခက် ပြန်ဖြေပေးလိုက်တော့ ဖေဖေ့မျက်နှာက ပြုံးရွှင်နေ၏။


နှစ်တွေ ဘယ်လောက်ကြာကြာ မေမေ့အကြောင်း မေးနေရရင် ပြောနေရရင် ပြုံးနေတတ်သည့် ဖေဖေ့အပြုံးတွေကတော့ အရင်အတိုင်း လတ်ဆတ်နေဆဲပါ။


အချစ်ဆိုတာ အနေနီးခြင်းနဲ့ ရယူပိုင်ဆိုင်လိုခြင်းလို့ အဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြတယ်ဆိုရင် ဖေဖေနဲ့ ေမမေ့ရဲ့ကြားက အကွာအဝေးများလွန်းသည့် ကြိုးတစ်ချောင်းကို အချစ်လို့ မသတ်မှတ်နိုင်ဘူးလား။


ဒီလိုသာဆိုရင် ကြိုးလေးရဲ့အစွန်းနှစ်ဖက်မှာရှိနေသည့် ဖေဖေနဲ့မေမေဆီမှာ အချစ်တွေရှိနေတယ်လို့ ခက် ပြောလိုက်ရင် ခက် အတွေးမှားနိုင်သလား။


>>>>>>>>>><<<<<<<<<<


📞စေလိုရာ.. စေလိုက်တော့ သခင်

သခင်လိုရာ.. အဆင်သင့်ဖြစ်မယ်🎼


📞အရာရာကို.. ပိုင်စိုးတဲ့ သခင်


"ဟယ်လို''

"ပူတူး''


"ဟင်...


စာရေးနေရင်းမှ ဖုန်းဝင်လာသည်မို့

ဖုန်းကိုမကြည့်မိဘဲ ကောက်ကိုင်လိုက်ရာ

ဟိုဘက်က ပူတူးဆိုသည့်အသံကြောင့် 

ဖုန်းကိုပြန်ကြည့်လိုက်၏။


ဟိုတစ်ခါ ကိုကိုနဲ့ဒီလူ ဖုန်းပြောပြီးကတည်းက

သူမှတ်ပေးထားသည့် ♥ကိုကို♥ဆိုတာကို

ဖျက်ပစ်လိုက်တာမို့ နံပါတ်သာ ပေါ်နေ၏။


"ပူတူး''

".......''


"အခု ဘာလုပ်နေတာလဲ''

"ခက် စာလုပ်နေတာ မအားဘူး''


ဒါ သူဖုန်းဆက်တာကို မကြိုက်သည့်သဘောနဲ့

ပြောလိုက်တယ်ဆိုတာသိပေမယ့် ဂုဏ် မျက်နှာပြောင်ပြောင်နဲ့ပဲ...


"ဟုတ်လား၊ ကိုယ်ကတော့ အရမ်းအားနေတာ၊

ကိုယ့်ရဲ့အချိန်တွေကို မင်းနဲ့စကားပြောရင်း

ကုန်ဆုံးချင်လို့ ဘယ်လိုလဲ ခွင့်ပြုမယ်မလား''


"ဒါ​ပေမယ့် ခက်က စာလုပ်ရဦးမှာမလို့ပါ ဒါပဲနော်''


"ဟေ့ နေဦး မချနဲ့ဦးနော်''


ဖုန်းချဖို့ပြင်လိုက်ပြီးမှ မချနဲ့ဦးဆိုသည့်အမိန့်ကြောင့်

ဖုန်းကိုနားနားပြန်ကပ်လိုက်တော့


"ကိုယ်အခုကားမောင်းရင်း ဖုန်းပြောနေရတာကွ''

"........''


သူ ဆက်မပြောပဲ ဟိုဘက်ကပြောလာမယ့်စကားကို ရပ်နားထောင်လိုက်ပေမယ့် ဘာမှပြောမလာတာကြောင့်..


"ပြီးတော့ အရမ်းအိပ်ချင်နေတာ၊ အဲ့တော့ ကိုယ်အိမ်ပြန်ရောက်တဲ့အထိ ဖုန်းပြောပေး''


"ဒါပေမယ့် ခက်က စာလုပ်ရဦးမှာ''


"၁၅မိနစ်လောက်ပါပဲကွာ နော် ပူတူး''

"........''


ဘာမှပြန်မပြောပေမယ့် ဒီကောင်မလေး သူ့ဖုန်းကို ချမပစ်ရဲဘူးဆိုတာ သူသိသည်။


ဟိုတစ်​ေန့က ကိစ္စကို ရှင်းချင်ပေမယ့် သူမနဲ့ အချေအတင်ဖြစ်နေရမှာစိုးတာရယ် ဟိုကောင့်ဘက်က သူ့ထက် လက်ဦးမှုရနေတယ်ဆိုတာရယ်ကြောင့် ဒီအချိန်မှာ သူအလျော့ပေးကာ 

မသိချင်ယောင်ဆောင်ထားလိုက်၏။


မင်းစိတ်ကို ကိုယ်ပိုင်အောင် အရင်ကြိုးစားမယ် ပူတူး။


"ပူတူး မေမေရော?''

"မေမေက အိပ်ပြီလေ''


"အစောကြီးပါ့ပဲ''


"အွန်း မေမေက မနက်စောစောထပြီး သခင်မကြီးတို့အတွက် မနက်စာပြင်ပေးရတာဆိုတော့ ညဆိုစောစောအိပ်တာများတယ်၊ ခက် စာမေးပွဲဖြေရတဲ့ရက်တွေတော့ ညစောင့်ပေးပါတယ်''


"ဪ... ပူတူးက အခု စာမေးပွဲနီးလို့ စာကျက်နေတာလား''


"မဟုတ်ပါဘူး စာမေးပွဲက လိုပါသေးတယ်၊

မအိပ်ချင်သေးလို့ စာလုပ်နေတာ''


"မအိပ်ချင်သေးရင် ကိုယ့်ကို သတိရပေးလို့မရဘူးလား''


"ဟင့်အင်း''


"ဒါကျတော့ ချက်ချင်းငြင်းတာပဲနော်၊ ကိစ္စမရှိပါဘူး မင်းဘယ်လောက်ငြင်းငြင်း မေတ္တာစစ်မှန်ရင် ရောင်ပြန်ဟပ်မယ်လို့ ကိုယ်ယုံကြည်ထားလို့ လုံးဝ ဝမ်းမနည်းဘူး''


ဟိုဘက်က ပြောလိုက်တဲ့စကားရဲ့အဓိပ္ပါယ်ကို

ခက် သေချာစဥ်းစားရင်း ငြိမ်နေလိုက်တော့ 

ဖုန်းထဲမှ စကားသံလေးတွေ ခေတ္တတိတ်ဆိတ်သွား၏။


"ပူတူး ဖေဖေ ပြန်ရောက်နေတယ်ဆို''


"ဟုတ်တယ် ဘယ်သူပြောတာလဲ၊

ဪ.. မမကြီးပြောတာထင်တယ်''


"ဟုတ်တယ် နှင်းစက်ပြောပြတာ၊ ဒါပေမယ့် ကိုယ်က မင်းဆီက ကြားချင်တာ၊ မင်းနဲ့ပတ်သတ်တဲ့ အကြောင်းအရာအားလုံးကို မင်းက စိတ်လိုလက်ရပြောပြတာကို လိုချင်တာ''

"........''


"ဟိတ် ကြားရဲ့လား၊ ဘာမှလဲ ပြန်မပြောဘူးကွာ''

"ခက်က ဘာပြန်ပြောရမှာလဲ''


"တစ်ခုခုပေါ့ မင်းမှာ ကိုယ့်ကိုပြောစရာ အကြောင်းအရာ တစ်ခုခုမရှိဘူးလား''

"ဟင့်အင်း မရှိဘူး''


အေးရော။

အလိုက်ကန်းဆိုးမသိ မေးမိတဲ့ ကိုယ့်ကိုကိုယ်သာ ဆွဲထိုးပစ်လိုက်ချင်သည်။


ဒီကောင်မလေးနဲ့ကျမှ အငြင်းခံရတဲ့ခံစားချက်ကို အသားကျချင်သလိုလိုဖြစ်နေတော့သည်။


"ဟုတ်လား ကိုယ့်မှာတော့ရှိတယ်၊ မင်းနဲ့ပတ်သတ်ပြီး ကိုယ်တွေးထားတဲ့ ကိုယ့်ရဲ့အတွေးတွေအားလုံးကို မင်းသိအောင် ကိုယ်ပြောပြမလို့

နားထောင်ပေးမယ်မလား''


"ခက် စာလုပ်ရဦးမှာ တကယ်မအားလို့ပါ''


"ဒါဆို အပြင်မှာတွေ့ပြီးမှ ပြောပြရမလား၊

မနက်ဖြန် ကျောင်းကို ကိုယ်လာခဲ့မယ်လေ၊

ဘယ်လိုလဲ ပူတူး ကိုယ်လာခဲ့ရမလား''


တကယ်က သူနဲ့စကားပြောချင်စိတ်မရှိတာကြောင့် အခုလို ပြောချင်သလို ပြောပစ်နေတာပါ။


ကိုကို့ကို ကတိပေးထားတဲ့အတိုင်း

သူနဲ့မပတ်သတ်ဖို့ဆိုရင် အခုလို ဖုန်းပြောတာ

မလုပ်သင့်ဘူးလေ။


"ဘာလို့ ခက်ကို လိုက်နှောင့်ယှက်နေရတာလဲဟင်''


"ဟာ.. ဘယ်လိုကြီးမေးလိုက်တာလဲ၊ ကိုယ်က လိုက်နှောင့်ယှက်နေလို့လား၊ ကိုယ့်ကြောင့် ပူတူး ဘယ်မှာ အနှောင့်အယှက်ဖြစ်နေလို့လဲ''


"ဖြစ်တာပေါ့၊ ရှင့်ကြောင့် ခက်က ကျောင်းကို အရင်လို ကိုယ့်သဘောနဲ့ကိုယ် သွားလို့မရတော့ဘူး''


"ဒါ ကိုယ်နဲ့မှမဆိုင်တာ..

ဝသန်ကြောင့်လေ ဝသန့်ကိုပဲအပြစ်ပြော''


"ဆိုင်တယ် ရှင်ဟိုနေ့က ကျောင်းမသွားခိုင်းပဲ

ရုပ်ရှင်သွားကြည့်ဖို့ခေါ်တာကို ကိုကိုသိသွားလို့ ကိုကိုက အခုလိုလုပ်တာ''


"အင်းလေ ဝသန်က မင်းကိုဘာမလုပ်ရဘူး၊ ညာမလုပ်ရဘူးဆိုပြိီး ပြောတာလေ၊ ကိုယ်ကပြောတာမှမဟုတ်တာ၊ ဒေါသဖြစ်ချင်ရင် ဝသန့်ကိုပဲဒေါသဖြစ်၊ ကိုယ်လဲ အဲ့ကောင်ကို အတော်လေးမကျေမနပ်ဖြစ်နေတာ၊ ပြီးတော့ ဝသန့်ကိုကြည့်ရတာ စိတ်ကပုံမှန်မဟုတ်ဘူးထင်တယ်နော်''


"ဘာရှင့်... ကိုကိုက ပုံမှန်မဟုတ်တာ မဟုတ်ဘူး

ရှင်ကမှ ပုံမှန်မဟုတ်တာ ရူးနေတာလေ''


"အဟက်''


သူ့အစ်ကိုကိုပြောတော့ ဆတ်ဆတ်ထိမခံ

ပြန်ပြီးရန်ထောင်နေသည့် ပူတူးကြောင့်

ဂုဏ် သဘောကျကာ ဟက်ခနဲနေအောင်ရယ်လိုက်၏။


ဖုန်းပြောနေရင်းကနေ သူ့ကိုလှမ်းပြီး မျက်စောင်းထိုးနေမလား၊ ဒါမှမဟုတ်ရင် နှုတ်ခမ်းလေးထော်နေအောင် ရန်တွေ့နေမလားဆိုပြီး တွေးလိုက်မိတဲ့ခဏ ရင်ဘတ်ထဲက တဒုတ်ဒုတ်နဲ့ခုန်လာကာ...


"ပူတူး အခု မင်းကိုယ့်ကို မျက်စောင်းထိုးနေတယ်မလား''


"ဟုတ်တယ် မျက်စောင်းထိုးတယ်၊ အဲ့တော့ ရှင်က ဘာဖြစ်ချင်လဲ''


"အဟွန်း ဟွန်း ဘာမှမဖြစ်ချင်ပါဘူးကွာ၊ မထင်ရဘူး မင်းကငစွာလေးပဲ အဟွန်း၊ ချစ်လိုက်တာကွာ ဒီအချိန် မင်းသာ ကိုယ့်အနားမှာရှိရင်

အဲ့ဒီ့စွာတေးလန်လေးကို ဆွဲနမ်းပစ်မိမှာ သေချာတယ်''

"ဟင်...


ဒီလူ ပါးစပ်စည်းကမ်းမရှိတာက တော်ရုံတော့မဟုတ်ဘူးရယ်။


ပြောတဲ့သူက ဘယ်လိုနေမယ်မသိပေမယ့်

နားထောင်ရတဲ့ သူမကတော့ မျက်နှာလေးထူပူသွား၏။ 


"ရှင်က အိမ်ကို မရောက်သေးဘူးလား''

"မရောက်သေးဘူး နောက်၁၅မိနစ်လောက်လိုသေးတယ်''


"ခုနကလဲ ၁၅မိနစ်ဆို''

"အင်းလေ မင်းနဲ့ဖုန်းပြောနေတာကို''


"ဘာဆိုင်လို့လဲ''

"ဆိုင်တာပေါ့ ကားမောင်းရင်းဖုန်းပြောတာ ဘယ်လောက်အန္တရာယ်များတယ်ထင်လဲ၊ အဲ့ဒါကြောင့် ကားရပ်ပြီးပြောနေတာ''


အမှန်က သူကားမောင်းရင်းပြောနေခြင်းပါ။

သူမလေးကို စချင်တာမို့ တမင်ပြောပစ်လိုက်တော့ ဟိုဘက်က ပူတူးရဲ့ ဒေါသပါ​ေနသည့်အသံစူးစူးလေးထွက်လာပြီး..


"ဒါဆို ခက် ဖုန်းချလိုက်တော့မယ်''

"အလကားစတာပါကွာ တကယ်ကားမောင်းရင်း

ဖုန်းပြောနေတာ၊ ေရာက်ခါနီးပါပြီ အခုလမ်းထိပ်မှာ''


"ဒါဆိုလဲ ဖုန်းချလိုက်တော့လေ''

"နေပါဦးကွ ဘယ်လိုဖြစ်လို့ ဇွတ်အတင်းဖုန်းချချင်နေရတာလဲ၊ ကိုယ်ပြောတာ အရင်နားထောင်ဦး''


"ဘာ​​ပြောဦးမလို့လဲ ခက်က စာလုပ်ရဦးမှာ''


"ကိုယ်နဲ့စကားမပြောချင်လို့ စာလုပ်ချင်နေတာမလား ကိုယ်သိပါတယ်ကွာ၊ ကိုယ်ပြောပြမယ် မနက်ဖြန်ကျရင် မင်းနဲ့ကိုယ် သွားစရာနေရာတစ်ခုရှိတယ်၊ အဲ့ဒါ ကိုယ် မင်းရဲ့ကျောင်းကို လာခေါ်မယ် စောင့်နေနော်''


"ဟင်... မရဘူးနော်၊ ခက် ဘယ်မှမလိုက်ဘူး''


"ဘာလို့လဲ..

ကိုယ်က ဘယ်ကိုခေါ်မှာလဲဆိုတာ သိလို့လား''


"ဘယ်ကိုခေါ်ခေါ် ခက် မလိုက်ဘူး''


ယတိပြတ် ငြင်းဆန်လိုက်တော့

ဟိုဘက်က သက်ပြင်းချသံလေးကြားရ၏။


"ကောင်းပြီလေ ပူတူး မလိုက်ချင်ရင် ကိုယ်ကလဲ အတင်းမခေါ်ပါဘူး၊ ဒါပေမယ့် ကိုယ် မင်းရဲ့ကျောင်းကိုတော့ လာတွေ့လို့ရတယ်မလား''


ထိုအချိန် သူ့ကားလေးက တော်ဝင်နန်းစံအိမ်ထဲ

ရောက်နေပြီဖြစ်တာကြောင့် ကားပေါ်မှဆင်းကာ

သူအိမ်ပြန်ရောက်နေပြီဆိုတာကို သူမလေး မသိအောင် ကားတံခါးကိုအသာလေးပြန်ပိတ်လိုက်၏။


"ခက် အမှန်အတိုင်းပြောရရင် ကိုကိုက ခက်ကို ရှင်နဲ့မပတ်သတ်ခိုင်းဘူး၊ အဲ့ဒါကလဲ ဖြစ်သင့်ပါတယ်၊ ကိုကို မကြိုက်တဲ့အရာတွေကိုဆို ခက် မလုပ်ချင်ဘူး''


"ဒါ မင်းရဲ့ကျောင်းကို မလာနဲ့လို့ ပြောလိုက်တာလား''


"ခက်ကို နားလည်ပေးပါ''

"ကိုယ့်ကိုရော နားလည်ပေးမှာလား''


စကားလမ်းကြောင်းလွှဲလို့ရသမျှ ကွေ့ပတ်ပြီးပြောနေတဲ့ သူမရဲ့စကားတွေကို ပြန်လည်မေးခွန်းထုတ်နေသည့် သူ့ကြောင့် ခက် ဘာပြောရမှန်းမသိတော့တာက အမှန်။


"ရှင်လုပ်ချင်ရာ လုပ်နေမှာဆိုရင် ခက် ရှင့်ကိုအမြင်ကပ်မိမယ်ထင်တယ်''


"ဒါဆို အခုတော့ အမြင်ကြည်သေးတဲ့သဘောပေါ့ အဟွန်း ဟွန်း''


သူ ခပ်ယဲ့ယဲ့လေးရယ်ကာ အိမ်ထဲဝင်လိုက်တော့

အိမ်ပေါက်ဝတွင် ရပ်နေသည့် ဒေါ်ထွေးက သူ့ကိုပြုံးပြီး တစ်ခုခုပြောဖို့ပြင်နေတာမို့ ဘာမှမပြောဖို့ ခေါင်းလေးရမ်းပြလိုက်ပေမယ့်....


"ဂုဏ်လေး ပြန်လာပြီလား၊ ဒေါ်ထွေးထမင်းပြင်ပေးမယ်လေ''


အဲ့လို အရိပ်အကဲသိလွန်းတာပါဆို။

သူအိမ်ပြန်ရောက်နေမှန်းသိရင် ဟိုကလေးမက ဖုန်းချပစ်တော့မှာသေချာတာမို့ ဒေါ်ထွေးကို ဒေါသတကြီးကြည့်ကာ


"မပြင်နဲ့''


"ရှင် အိမ်ပြန်ရောက်နေပြီမဟုတ်လား''


သူထင်တဲ့အတိုင်း ပူတူးရဲ့ဝမ်းသာအားရမေးလိုက်တဲ့ မေးခွန်းရဲ့နောက် သူ သက်ပြင်းချလိုက်ပြီး


"အွန်း အခုပဲရောက်တာ''

"ဒါဆို ခက် ဖုန်းချလိုက်တော့မယ်နော်''


"နေပါဦးကွာ''

"ဟင့်အင်း ခက် မအားဘူး''


"ဟိတ်.. ဟိတ်.. ကျစ်..


မအားဘူးဆိုပြီး တွီခနဲနေအောင် တန်းချသွားသည့် ဖုန်းလေးကို သံယောဇဥ်မကုန်နိုင်ပဲ ကြည့်ကာ...


"ေတာ်တော်ရှုပ်တဲ့ ဒေါ်ထွေး၊ ကျွန်တော်က ဘာမှမပြောဖို့ ခေါင်းရမ်းပြနေတာကို ဒေါ်ထွေးနားမလည်ဘူးလား''


"ဒေါ်ထွေး မသိလို့ပါကွယ်၊ တောင်းပန်ပါတယ် သားရယ်''


"အခုမှ လာတောင်းပန်မနေနဲ့၊ ကျွန်တော် သူနဲ့ဖုန်းပြောရဖို့ ဘယ်လောက်ခက်တယ်ထင်လဲ၊ နောက်တစ်ခါ ကျွန်တော်ဖုန်းပြောနေရင် ဘာမှလာမပြောပါနဲ့၊ ကုန်ကုန်ပြောရရင် ကမ္ဘာပျက်နေရင်တောင် ကျွန်တော်ဖုန်းပြောပြီးမှပြော''


"အေး အေးပါကွယ်''


သူ့ဘေးတွင်ရပ်ပြီး အခုမှ ခေါင်းတငြိမ့်ငြိမ့်ဖြစ်နေသည့် ဒေါ်ထွေးကို မကျေမနပ်ဖြင့်ကြည့်ကာ အိမ်ပေါ်တက်လာခဲ့တော့သည်။


>>>>>>>>><<<<<<<<<


ဒယ်ဒီ ဝယ်လာပေးသည့် ရေမွှေးပုလင်းလေးကို ဓာတ်ပုံရိုက်ပြီး fbမှာကြွားဖို့အတွက် နှင်းစက်တစ်ယောက် အလုပ်ရှုပ်နေ၏။


"ဒီလိုကြီးက ကြည့်လို့မကောင်းဘူး၊ အွန်း... ဒီလိုလေးဆိုရင်ရော? ဒီလိုလေးက မဆိုးဘူး၊ အမလေး ငါလေး အရမ်းလှပါလား အဟွန်း ဟွန်း''


ရေမွှေးပုလင်းကို ပုံစံအမျိုးမျိုးပြောင်းကိုင်ကာ

ပို့စ်အမျိုးမျိုးဖြင့် ဓာတ်ပုံရိုက်ပြီးမှ ရေမွှေးပုလင်းကို ပြန်သိမ်းဖို့ပြင်လိုက်တော့..


"ဟယ် အဖုံးက ဘယ်ရောက်သွားတာလဲ၊ ဒီနားမှာလား... ဘာလဲ ကုတင်အောက်ရောက်သွားတာလား..


ဟိုရှာ ဒီရှာဖြင့် မတွေ့တဲ့အဆုံး...


"ဒယ်ဒီတို့အခန်းထဲမှာ ကျန်ခဲ့တာလားမသိဘူး''


အခုချိန်မှာ ဒီရေမွှေးပုလင်းက သူမအမြတ်နိုးဆုံးဖြစ်နေတာမို့ သူမအခန်းထဲမှထွက်ကာ ဒယ်ဒိီ့တို့အခန်းကို အပြေးအလွှားသွားလိုက်၏။


အခန်းရှေ့ရောက်တော့ တံခါးခေါက်ဖို့လက်လေးပြင်လိုက်စဥ်...


"မစောလွန်းဘူးလား အစ်ကိုရယ်၊ နွေသစ်ခက်က အခု ကျောင်းတက်နေတုန်းလေ''


"ကိုယ်သိပါတယ်၊ ဒါပေမယ့် ကိုထွန်းမြတ်တို့ဘက်က အရမ်းလောနေတယ် နန်း၊ ကိုယ့်အနေနဲ့က သမီးလေးကို အခုလို လိုလိုလားလား တောင်းနေတဲ့မိသားစုထဲကို စိတ်ချလက်ချ ထည့်ပေးလိုက်ချင်တာ အင်း သမီးမှာ ချစ်သူဘာညာမရှိဘူးဆိုရင်ပေါ့၊ ပြီးတော့ ချက်ချင်းကြီးလက်ထပ်ပေးမှာမှ မဟုတ်တာ''


ဘာတွေလဲ။

ဒယ်ဒီတို့ ဘာတွေစီစဥ်နေကြတာလဲ။

အခန်းတံခါးခေါက်မည့်လက်တွေကို ရပ်တန့်ကာ အသံတိတ် ခိုးနားထောင်နေလိုက်တော့..


"ဟုတ်ပါတယ် အစ်ကိုပြောတာလဲမှန်တယ်၊ ဒါနဲ့ သက်ထားကရော ဒီကိစ္စကို လက်ခံပါ့မလား''


"ဘာလက်မခံစရာရှိလဲ၊ နေအရိပ်ကိုယ်တိုင်ကိုက သမီးလေးကို မေတ္တာရှိနေတာပဲ၊ ေနအရိပ်ကို ထားလဲသိနေတာပဲလေ၊ ပြီးတော့ နေအရိပ်က အခုဆို သူ့အဖေလုပ်ငန်းတွေမှာ ဝင်ပြီးလုပ်ကိုင်နေတာ''


"ဒါဆို အစ်ကိုက သူတို့ကို လက်ထပ်ပေးဖို့ ပြန်လာတာပေါ့''


"လက်ထပ်ပေးဖို့အထိတော့မဟုတ်ပေမယ့် စေ့စပ်ပေးဖို့ ပြန်လာတာ လက်ထပ်တာကတော့ သမီးလေးကျောင်းပြီးမှပေါ့''


"အဲ့ဒါမဆိုးဘူး အစ်ကို၊ နန်းလဲ နွေသစ်ခက်ကို နေအရိပ်နဲ့သဘောတူပါတယ်၊ ဒါပေမယ့် ကျောင်းတော့ပြီးအောင်တက်စေချင်သေးတာ၊

အခုလို အရင်စေ့စပ်ထားပြီး ကျောင်းပြီးမှ လက်ထပ်မှာဆိုရင်တော့ အရမ်းအဆင်ပြေတာပေါ့''


အရင်စေ့စပ်ပေးပြီး ကျောင်းပြီးမှ လက်ထပ်ပေးမယ်။ ဒါဆို မိခက်က နေအရိပ်နဲ့ ယူရမှာပေါ့။


ဒါဆို ဂုဏ်နဲ့ မိခက်နဲ့က ပတ်သတ်လို့မရတော့ဘူးလား။ ဒါဆို.. ဒါဆို... ဂုဏ့်ကို...


ကိုယ့်အတွေးနဲ့ကိုယ် ကျေနပ်သွားကာ

လှလှပပလေး ပြုံးလိုက်၏။

ဒီအချိန် ရေမွှေးပုလင်းရဲ့အဖုံးကိုရှာဖို့လဲ

နှင်းစက်သတိမရတော့ပေ။


>>>>>>>>>><<<<<<<<<<<


အားပေးတဲ့ အသဲတွေအားလုံးကို ကျေးဇူးတင်ပါတယ်😘😘


အမှားပါသွားရင် ချစ်တဲ့စိတ်နဲ့ ဝေဖန်ပေးကြပါဦး😁


အပိုင်း(၁၄)မျှော်


စာရေးသူ-Merida(Tulip)


rate now: