🎗🎗 နှောင်ကြိုး 🎗🎗
~~~~~~~~~~
ဒေါသအရှိန်ဖြင့် နီရဲ တင်းမာနေသော
ဂုဏ့်ရဲ့ မျက်နှာကိုကြည့်ကာ
နှင်းစက် ကျေနပ်သွားသည်။
!!!စိတ်တိုစမ်း ဂုဏ်
အဲ့ဒီ့ကလေးမကို နင် စိတ်ပါနာပြီးမုန်းပစ်လိုက်!!!
စိတ်ထဲတွင် ဒီလိုရေရွတ်လိုက်ပေမယ့်
တကယ့်အပြင်မှာတော့ ထိုသို့မဟုတ်။
ရေကူးကန်ဘေးတွင် ခါးကြီးထောက်ပြီး
ကန်ထဲကို ငေးကြည့်နေသည့် ဂုဏ့်အနားကို သွားရပ်ကာ
"စိတ်ကိုလျော့ပါ ဂုဏ်ရယ်၊ မိခက်က အဲ့လိုပဲ အနေအထိုင်မတတ်ဘူး၊ နှင်းစက်က သူ့ကိုအမြင်မတော်လို့ဆုံးမပေမယ့် ဂုဏ်လဲသိတဲ့အတိုင်းပဲလေ၊ ဝသန်က ရှေ့က ကာစီး ကာစီး လုပ်နေတော့ မိခက်က နှင်းစက်ကိုမမှုဘူး''
တကယ်စိတ်မကောင်းသည့်ပုံစံဖြင့်
မျက်နှာလေး လွှဲကာ လွှဲကာ ပြောနေသည့်
နှင်းစက်ကို ဂုဏ် ဘာမှပြန်မပြောပဲ
တစ်ချက်လှည့်ကြည့်လိုက်၏။
ရုတ်တရက်ကြီး သူ့ကို အတင်းဆွဲခေါ်လာတဲ့ နှင်းစက်ကြောင့်သာ မဟုတ်ရင်
ထိုနေရာမှာပဲ ပူတူးကို ဆွဲရမ်းကာ
ပွဲကြမ်းပစ်လိုက်မိမှာသေချာသည်။
အခုတော့ နှင်းစက်ပြောနေသမျှကို
အံကြိတ်နားထောင်နေရ၏။
ဒါကိုပဲ နှင်းစက်က အခွင့်ကောင်းယူကာ
"အခုလဲ အဲ့ဒီ့ကောင်လေးနဲ့ ဘယ်လိုဖြစ်နေလဲဆိုတာ နင်မြင်တယ်မလား ဟွန့်၊ ဝသန်တစ်ယောက်လုံးကို ရှေ့မှာထားပြီး ဖြစ်ချင်တိုင်း ဖြစ်နေတာလေ၊ ပြောသာပြောရတာပါ ဝသန်ကလဲ မိခက်နဲ့အကြံတူပဲ၊ သူ့သူငယ်ချင်းနဲ့ မိခက်ကိုလှော်ပေးနေတာလေ''
ဘာလဲ။
ဒီကောင်နဲ့ ပူတူးကို ဝသန်က သဘောတူတယ်ဆိုတဲ့သေဘာလား။
"အဲ့ဒီ့ကောင်က ပူတူးကိုကြိုက်နေတာလား''
"အင်း ဟုတ်တယ်လေ''
"ဒါကို ဝသန်လဲသိတယ်ပေါ့''
"သိတယ်လေ နှင်းစက်သိရသလောက်ဆိုရင်ဒယ်ဒီလဲသိမယ်ထင်တယ်၊ နှင်းစက်တို့ဒယ်ဒီနဲ့ အဲ့ဒီ့ကောင်လေးအဖေက ငယ်ငယ်ကတည်းက ပေါင်းလာတဲ့သူငယ်ချင်းတွေလေ၊ ဟိုတစ်နေ့က သူတို့ပြောနေတာကတော့ အဲ့ဒီ့ကောင်လေးက သူ့အဖေကနေတဆင့် မိခက်ကို သူသဘောကျနေတဲ့အကြောင်း ဒယ်ဒီ့ကိုပြောခိုင်းထားတယ်တဲ့''
"ဟင်''
ထိုအချိန် သူ့ရင်တွေ
အဆမတန် ဆောင့်ခုန်သွားသည်။
ဒိီတစ်ခါရင်ခုန်ခြင်းက
ပူတူးကိုတွေ့ရ မြင်ရလို့
ရန်ခုန်ခြင်းလိုတော့ နူးညံ့မှုမရှိ။
ကိုယ် နောက်ကျပြီလား ပူတူးရယ်။
"နင်ကသူ့ကို အတည်တွဲဖို့တွေးနေတာဆိုရင်တော့ နင့်အတွက်စိတ်မကောင်းပါဘူးဟယ်၊ နင်မသိသေးတဲ့ မိခက်ရဲ့ပုံစံက ခုနကပုံစံပဲ''
ကန်ဘောင်ဘေး ခေါက်တုံ့ခေါက်ပြန်လျှောက်နေသည့် ဂုဏ့်နောက်ကိုလိုက်ကာ နှင်းစက် မနားတမ်းပြောနေပေမယ့် သူမကို ဂုဏ်က တစ်ခွန်းမှပြန်မပြော။
ဒါ့ကြောင့်လဲ သူမ အကျေနပ်ကြီးကျေနပ်ကာ
မိခက်ကို ထိုးချလို့ရမယ့် စကားလုံးတွေကို
ရှာကြံပြောနေလိုက်၏။
"နင့်ဘက်က ပြတ်သားနိုင်ရင် အရမ်းကောင်းမှာပဲဟာ၊ ကိုယ့်ညီမမို့ ပြောရမှာတော့ ရှက်ပါတယ်၊ သူ့လို ဇယားတွေနဲ့မိန်းကလေးက နင်နဲ့မလိုက်ဖက်ပါဘူး''
"ဒါငါဆုံးဖြတ်ရမယ့်ကိစ္စပါ၊ ပုံမှန်ထက်ပိုတဲ့စကားတွေနဲ့ သွေးထိုးပြီး ပူတူးနဲ့ငါ့ရဲ့ကြားက ဆက်ဆံရေးတစ်ခုကို ဘာလုပ်ပါ ညာလုပ်ပါဆိုပြီး ငါ့ကို ဆရာလုပ်ခွင့် မင်းမှာမရှိဘူး''
"အို... နှင်းစက်ကိုအထင်မလွဲပါနဲ့၊ နှင်းစက်က ဂုဏ့်ကို ဘာလို့ ဆရာလုပ်ရမှာလဲ၊ အဲ့လိုထင်သွားတယ်ဆိုရင်တော့ နှင်းစက် တကယ်စိတ်မကောင်းဘူး၊ ဂုဏ့်ကို မိခက်အကြောင်းတွေပြောပြတယ်ဆိုတာကလဲ နင်က ငါအချစ်ဆုံးလူတစ်ယောက်ဖြစ်နေလို့ မဖြစ်သင့်တာ မဖြစ်စေချင်တဲ့စိတ်နဲ့ အကြံပေးတဲ့သဘောပါ''
"မလိုဘူး၊ အဲ့လို အခွင့်အရေး မင်းကို ငါပေးမထားဘူး၊ ပြီးတော့ ငါ့အတွက်တော့ မင်းက ခင်ဖို့ကောင်းတဲ့ သူငယ်ချင်းတစ်ယောက်ပဲ၊ ဒါ့ထက်မပိုဘူး၊ မင်းဘက်ကလဲ မပိုပါစေနဲ့''
ဒါ သူမ ပြောလိုက်တဲ့
အချစ်ဆုံးလူတစ်ယောက်ဆိုတဲ့ စကားကြောင့်
သပ်သပ်စည်းတားသွားသည့်စကားမှန်း
နှင်းစက် သိပါသည်။
သို့ပေမယ့်....
"နှင်းစက့်အတွက်ကတော့ ဂုဏ်က သူငယ်ချင်းမဟုတ်ဘူး၊ သူငယ်ချင်းထက်ပိုတယ်''
"ဒါတွေ ငါမသိချင်ဘူး နှင်းစက်၊ ငါပြန်မယ်''
ချာခနဲနေအောင် လှည့်ထွက်သွားသည့်ဂုဏ့်ကို
မကျေနပ်ပေမယ့် ငြိမ်သက်သွားမိ၏။
ရှေ့ဆယ်လှမ်းတက်ဖို့
နောက်ကိုတစ်လှမ်းဆုတ်ပေးရမယ်ဆိုရင်
ဒီတစ်ခါ အလျော့ပေးလိုက်ခြင်းက
နောက်ဆုံးမှာ အနိုင်ရဖို့ပဲ။
>>>>>>>>>><<<<<<<<<<
"ဘာလဲ နေအရိပ်ရာ၊ ငါ မင်းကို သိပ်ကြည်တာ မဟုတ်ဘူးနော်''
တကယ်လဲ စိတ်ရှုပ်နေတာမို့
ဖုန်းဆက်လာသည့် နေအရိပ်ကို
ဝသန် ငြူငြူစူစူပြောလိုက်သည်။
ကိုယ့်မျက်လုံးရှေ့မှာ ကိုယ့်ညီမကို
ဖက်ထားသည့်ကောင်က နေအရိပ်ဆိုတာသိပေမယ့်
ပြုတ်ကျတော့မယ့် ညီမဖြစ်သူကို ကယ်ရင်း
မတော်တဆဖြစ်တာဆိုတော့
ဆွဲထိုးလို့လဲမရ။
ဒါ့ကြောင့်ပဲ ဒေါသက ဘယ်မှာပေါက်ကွဲရမှန်းမသိ။
"မင်း ငါ့ကို မကြည်ဘူးဆိုတာသိတယ်
ဒါပေမယ့် မင်းကို မေးစရာရှိလို့''
"ဘာလဲ ဘာမေးမှာလဲ''
"သစ်ခက်လေးကို ငါဖက်ထားတဲ့အချိန်ကလေ...
"ဟေ့ကောင် နေအရိပ် မင်းနော်''
"ဟာ.. မင်းကလဲ ငါ့စကားကိုဆုံးအောင် နားထောင်စမ်းပါကွ၊ အဲ့ဒီ့အချိန် အိမ်ထဲဝင်လာတဲ့လူကိုသိလား၊ ပူတူးဆိုပြီးတော့ သစ်ခက်ကို မျက်လုံးပြူးကြီးနဲ့ ကြည့်နေတဲ့သူကွာ၊ အဲ့ဒီလူကို မင်းသိလား''
"သိတယ်လေ ဘာလို့လဲ''
ဝသန်ပြန်မေးလိုက်ပေမယ့် နေအရိပ်က
ဘာမှမပြောပဲ ခဏငြိမ်သွားသေး၏။
ပြီးမှ ဟူးခနဲနေအောင် သက်ပြင်းချခြင်းနဲ့အတူ
"မနက်က ရုပ်ရှင်ရုံမှာ သစ်ခက်နဲ့ အတူရှိနေတဲ့သူက အဲ့ဒီ့လူပဲ ဝသန်''
"ဟမ်...
မဖြစ်နိုင်ပါဘူး အဲ့ဒီ့လူက မမနဲ့...
သူဆက်မပြောဖြစ်သည်က
ဒီလူ မမကို သဘောမကျဘူးဆိုတာ သိတာမို့။
ပြီးတော့ သစ်ခက်လေး အုတ်တံတိုင်းပေါ်က
ပြုတ်ကျတုန်းက သူ့ထက်အရင် ဒီလူက
ရောက်နှင့်နေပြီး သစ်ခက်လေးကို ကယ်ဖူးသည်။
ထိုနေ့က သူ့ရှေ့မှာတောင် သစ်ခက်လေးကို
ရိတိတိလုပ်သွားတာ အသေအချာမို့
နေအရိပ်ပြောတဲ့ကိစ္စကို မဖြစ်နိုင်ဘူးဆိုပြီး
မငြင်းနိုင်ပေ။
"မင်း သိထားရအောင်လို့ ငါကပြောပြတာနော်၊ ဒီကိစ္စနဲ့ သစ်ခက်ကို ဆူဖို့မဟုတ်ဘူး ကြားလား''
"အင်း''
"အေးပါ ကလေးကို ဆူမနေနဲ့၊ ငါဖုန်းချလိုက်တော့မယ်''
"အွန်း..
ကျသွားသည့် ဖုန်းလေးကို ကိုင်ထားရင်းမှ
ခေါင်းထဲရှုပ်ယှက်ခတ်နေတဲ့ အတွေးတွေကို
ရှင်းထုတ်ကြည့်နေပေမယ့် ဘယ်လိုမှရှင်းလင်းသွားခြင်းမရှိတဲ့အဆုံး
နောက်ဖေးက အိမ်လေးဆီပြေးသွားလိုက်၏။
"အန်တီထား ညီမလေးရော''
"ရှိပါ့ ရှိပါ့ သူ့အပင်တွေကို ရေလောင်းနေတယ်''
"ဪ.. ဟုတ် ကျွန်တော် ညီမလေးဆီ ခဏသွားလိုက်ဦးမယ်ဗျ''
"အေး အေး သား''
ဝသန် အိမ်ထဲကနေမသွားပဲ အိမ်ရဲ့အပြင်ကနေပဲ
အိမ်လေးရဲ့နောက်ကို ပတ်သွားလိုက်သည်။
အိမ်နဲ့ အုတ်တံတိုင်းကြားက လေးပေလောက်သာရှိသည့် နေရာအလွတ်လေးတွင် သစ်ခက်လေး စိုက်ထားသည့် အပင်ပုပုလေးတွေက အပြည့်။
"ညီမလေး''
"အယ် ကိုကို..
ဘာကိစ္စရှိလို့လဲဟင်''
ခက်ရေမွှားပုံးလေး ကိုင်လျက်ကနေ မေးလိုက်တော့ ကိုကိုက မပီမပြင်အပြုံးလေးဖြင့်
သူမအနားကို လျှောက်လာပြီး
"ညနေကြီးကို ဘာလို့ ရေတွေကိုင်နေတာလဲ၊ ကိုယ့်ကိုကိုယ် အအေးပတ်မခံနိုင်တာ မသိဘူးလား''
"ဘာမှမဖြစ်ပါဘူး ကိုကိုရဲ့
ခက် လုပ်နေကျပါ''
"ပြီးရင် ဖျားပြပါလိမ့်မယ်''
"လုံးဝမဖျားဘူး ခက်ကအရင်ကလို
ပျော့တိပျော့ဖတ် နွေသစ်ခက် မဟုတ်တော့ဘူး''
ဟုတ်တယ်။ မတူတော့ဘူး။
အဲ့ဒီ့လို အရင်နဲ့မတူပဲ ပြောင်းလဲနေတာတွေကြောင့် အခုလို လာခဲ့ရတာပဲမဟုတ်လား။
အပင်တွေကို ဂရုတစိုက်ဖြင့် ရေလောင်းနေသည့်
သစ်ခက်ကို သူ စူးစမ်းသလိုလေးကြည့်ကာ
"ကိုကို ညီမလေးကို မေးချင်တာရှိလို့''
"မေးချင်တာ..
မေးလေ ဘာမေးမလို့လဲ''
"အဲ့ပုံးကြီး ခဏချထားဦး
လာ ဒီမှာ လာထိုင်''
ဝသန် သစ်ခက်လက်ထဲက ရေပုံးလေးကို
ဆွဲယူကာ အိမ်အခြေမှာချထားလိုက်ပြီး
အိမ်ထဲဝင်ရန်ပြုလုပ်ထားသည့် လှေကားထစ်လေးတွင် နှစ်ယောက်အတူဝင်ထိုင်လိုက်၏။
"ဘာလဲ ကိုကို
ခက်ကို ဘာမေးချင်လို့လဲ''
"ကိုကိုမေးရင် အမှန်အတိုင်းဖြေနော်''
ခက် ခေါင်းလေးငြိမ့်ြပလိုက်၏။
"မလိမ်ရဘူးနော် ညီမလေး''
"အင်းပါ ဘာမေးမှာမို့လို့
ဒီလောက် ကတိတွေတောင်းနေရတာလဲ''
"အရေးကြီးလို့ပေါ့ကွ
ဒီနေ့ ညီမလေးကျောင်းသွားလား''
"ဟင်''
ခက် လန့်ဖျတ်သွားသည်။
ကိုကို ဘာလို့ဒီလိုမေးတာပါလိမ့်။
မဟုတ်မှလွဲရော ကိုကို တစ်ခုခု သိလာလို့များလား။
"ညိိီမလေး ကျောင်းမသွားဘူးမလား
ဟုတ်တယ်မလား''
"မေမေ့ကို မတိုင်ပါနဲ့နော်
ခက် ဒီနေ့ တစ်နေ့ပဲ ကျောင်းမသွားတာပါ
တကယ်ပါ နော် ကိုကို''
"ဒါဆို တကယ်ကျောင်းမသွားဘူးပေါ့လေ၊ နေစမ်းပါဦး ကျောင်းမသွားဘဲ ဘယ်တွေလျှောက်သွားနေတာလဲ ဟမ်''
".......''
"ကိုကိုမေးနေတာဖြေလေကွာ၊ ပြော ဘယ်တွေလျှောက်သွားနေတာလဲ''
"ရုပ်...ရုပ်ရှင်.. ရုပ်ရှင်သွားကြည့်တာ''
ခေါင်းကျိုးမတတ်ငုံ့ကာ ဖြေနေရှာသည့်
ညီမဖြစ်သူကြောင့် ဝသန် မျက်လုံးတွေမှိတ်ချပစ်လိုက်ပြီး
"ဘယ်သူနဲ့လဲ သစ်ခက်''
"ဂူး... ဂူးဂူးနဲ့လေ ဟုတ်တယ် ဂူးဂူးနဲ့သွားတာ''
"ငါ့ကိုမလိမ်နဲ့ ပြော ဘယ်သူနဲ့သွားတာလဲ''
ပုခုံးလေးနှစ်ဖက်ကိုကိုင်ကာ ဆောင့်ခါပစ်လိုက်တော့ အရမ်းချစ်စရာကောင်းတဲ့ မျက်လုံးဝိုင်းဝိုင်းလေးများတွင် မျက်ရည်စတစ်ချို့ဖြင့် သူ့ကိုမော့ကြည့်ကာ
္''ခက်.. ခက် မှားသွားပါတယ် ဟင့်
ခက်နောက်ကို ဒီလိုမလုပ်တော့ပါဘူး အဟင့် ''
"ငါမေးနေတာက ဘယ်သူနဲ့သွားတာလဲလို့
ပြောလေ နွေသစ်ခက် ငါစိတ်မတိုချင်ဘူး''
သူထပ်အော်ပစ်လိုက်တော့ နှာသီးဖျားလေးနဲ့အတူ မျက်ခမ်းစပ်လေးတွေပါ နီရဲကာ မျက်ရည်တွေကျလာ၏။
ဒါ့အပြင် မေးဖျားလေးတွေတုန်ခါလာသည်အထိ
ကြိတ်ငိုနေတာမို့ သူစိတ်ကိုလျော့လိုက်ကာ
"ညီမလေး ညီမလေး ဒီမှာ ကိုကို့ကိုကြည့်''
ထိုအခါမှ သူ့ကိုငိုမဲ့မဲ့မျက်နှာလေးဖြင့်
မော့ကြည့်လာ၏။
"ကိုကိုက ညီမလေးကို တစ်ခါမှ လိမ်မပြောဖူးဘူးဆိုတာ ညီမလေးသိပါတယ်၊ အဲ့ဒီ့အတွက် ညီမလေးပျော်တယ်မလား၊ ကိုကိုလဲ ညီမလေးဆီက အမှန်တိုင်းပြောတဲ့စကားပဲ ကြားချင်တာ၊ ကိုကိုမေးနေတာ တစ်ခုတည်းရယ်၊ ဘယ်သူနဲ့ ရုပ်ရှင်သွားကြည့်တာလဲ''
"ကို.. ကိုမျိုးရိုးဂုဏ်နဲ့ပါ ဟင့်
ဒါ.. ဒါပေမယ့် ခက်.. ခက်တို့က ရိုးရိုးသားသားပါ''
"ရိုးရိုးသားသား''
ဝသန် သက်ပြင်းလေးချကာ ထရပ်လိုက်တော့
သစ်ခက်လေးကပါ သူနဲ့အတူလိုက်ရပ်ကာ
"ခက်နောက်ကို ဒီလို မလုပ်တော့ပါဘူး၊ ကတိပေးပါတယ် နော် ကိုကို၊ ခက်ကို မေမေနဲ့တိုင်မပြောပါနဲ့နော်၊ ပြီးတော့ ဒီကိစ္စကို မမကြီးသိရင် ခက်ကို မမကြီး စိတ်ဆိုးသွားမှာသေချာတယ်၊ အဲ့ဒါ့ကြောင့်မို့လို့ မမကြီးကိုလဲ မပြောပါနဲ့နော်''
ကိုကို့လက်ကိုဆွဲကာ
အတင်းတောင်းပန်နေပေမယ့် ကိုကိုက သူမကို မျက်တောင်တွေမှေးစင်းနေသည်အထိ
စိုက်ကြည့်ကာ
"အဲ့လောက်ကြောက်တတ်ရင် ဘာလို့ဒီလိုလုပ်တာလဲ ဟမ်၊ ပြောစမ်း ညီမလေး ပြီးတော့ ကိုမျိုးရိုးဂုဏ်ဆိုတာ မမသဘောကျနေတဲ့သူမှန်း သိတယ်မဟုတ်လား၊ ဒါကို ဘာလို့ အခုလို စည်းကျော်ရတာလဲ''
"ဟင့်အင်း မဟုတ်ပါဘူး၊ ခက် ဒီလိုသဘောနဲ့ အခုလိုလုပ်တာမဟုတ်ပါဘူး၊ ခက်.. ခက် သူ့ကိုကြောက်လို့...
"ကြောက်လို့...
ဘာကိုကြောက်တာလဲ နေဦး၊ ဒီလူ ညီမလေးကို ဘာတွေနဲ့ခြိမ်းခြောက်ထားတာလဲ''
ဘာတွေနဲ့ခြိမ်းခြောက်ထားလဲဆိုတာ
ကိုကို့ကို ခက်က ဘယ်လိုမျက်နှာနဲ့
ပြောပြရမှာလဲ။
သူ့စကားနားမထောင်ရင် အတင်းနမ်းတတ်တာရယ်၊ သူ မကြိုက်တာလုပ်မိရင် အိမ်အထိလိုက်ရှာတတ်တာရယ်၊ ဒါတွေအပြင် ရည်းစားလိုလို ဘာလိုလို အနေအထားနဲ့ ခက်သည်းညည်းခံပြီး
နေခဲ့တာတွေကို ပြောပြလိုက်ရင် ကိုကို ခက်ကို ဒေါသထွက်မယ်ထင်၏။
"သူ... သူက ခက်ကို နေ့တိုင်း ကျောင်းအကြိုအပို့လုပ်ပေးမယ်ပြောတယ်''
"ဘာရယ်ကွ နေ့တိုင်းအကြိုအပို့လုပ်ရအောင် သူကဘာမို့လို့လဲ၊ နောက်ထပ် ဘာတွေပြောသေးလဲ''
"ပြီးတော့ သူ့ကို ကို.. ကိုကိုလို့ခေါ်ခိုင်းတယ်''
"ပြီးတော့ရော...
ကိုကို့ရဲ့ အလိုမကျတဲ့မျက်နှာထားနဲ့ ပုလိပ်စစ်သလို စစ်နေခြင်းရဲ့ နောက်ဆုံး သူမကို သူ နမ်းခဲ့သမျှကို ဖုံးကွယ်ကာ သူ အနိုင်ကျင့်သမျှကို တစ်ခုမကျန်ပြောပြဖြစ်သွားသည်။
"တောက်..
ဒီလူ ကလေးကို သပ်သပ်အနိုင်ကျင့်တာ၊ ညီမလေးက အစကတည်းက ကိုကို့ကို ဒီကိစ္စတွေ ဘာလို့မပြောခဲ့တာလဲ''
"ခက် ကိုကိုဆူမှာကြောက်လို့ပါ''
"မဆူပါဘူးကွာ၊ ညီမလေးမမှားဘူးဆိုတာ ကိုကိုသိနေရင် အလကားဆူပါ့မလား၊ ခုတော့ကြည့် သူများအနိုင်ကျင့်သမျှကို ခေါင်းငုံ့ခံနေရတယ်မဟုတ်လား''
သူမရဲ့ ခေါင်းလေးကိုပုတ်ပြီးပြောနေသည့်
ကိုကို့ကို သူမမော့မကြည့်ရဲ။
"တို့မောင်နှမကြားမှာ လျှို့ဝှက်ချက်ဆိုတာ အရင်ကလဲမရှိဘူး နောက်လဲမရှိစေရဘူး၊ ကြားလား ညီမလေး''
"ဟုတ်''
"အွန်း လိမ္မာတယ်''
📞စေလိုရာ...စေလိုက်တော့သခင်🎼
သခင်လိုရာ...အဆင်သင့်ဖြစ်မယ်📞
📞အရာရာကို...ပိုင်စိုးတဲ့သခင်🎼
ဆိုနေတဲ့သီချင်းများ ရှင်သန်ရခြင်းဘဝ🎼
ဒါတွေအားလုံး ဖန်ဆင်းပေးတဲ့...
"ဟယ်လို ပြောပါ''
အုတ်ခုံလေးပေါ်တွင် မြည်နေသည့်
ဖုန်းသံလေးမဆုံးခင် ဖျတ်ခနဲကောက်ကိုင်လိုက်သည်က ဝသန်။
အစက ကိုင်ဖို့ရည်ရွယ်ချက်မရှိပေမယ့်
♥ကိုကို♥ဆိုပြီး မှတ်ထားတာကြောင့် ကောက်ကိုင်လိုက်ခြင်း။
"ဟုတ်တယ် နွေသစ်ခက်ရဲ့ဖုန်း၊ အခုပြောနေတာ ကိုမျိုးရိုးဂုဏ်ထင်တယ်''
".......''
"ညီမလေး မအားဘူး''
"........''
"ခင်ဗျားနဲ့ ဖုန်းပြောဖို့ဆိုရင် ညီမလေး ဘယ်တော့မှ အားမယ်မထင်ဘူး၊ နောက်ကို ညီမလေးဆီ ဘယ်တော့မှ ဖုန်းထပ်မဆက်ပါနဲ့''
".......''
"ဘာကိစ္စ ကျွန်တော်က ဝင်ပါနေရလဲဆိုရင်
သစ်ခက်က ကျွန်တော့် ညီမဗျ''
"........''
"ခင်ဗျား ဘယ်လိုလူလဲဗျ၊ ခင်ဗျားကို အဲ့လောက်အောက်တန်းကျမယ်ထင်မထားဘူး''
".......''
ဖုန်းပြောရင်းကနေ ဒေါသထွက်လာပုံရသည့်
ကိုကို့ကြောင့် ခက် စိုးရိမ်သွားသည်။
ကိုကိုဒေါသထွက်နေသလို ဟိုဘက်ကလူရဲ့ဒေါသကလဲ ကိုကို့ထက်မလျော့တာဘူးဆိုတာ ခက်ရိပ်မိ၏။
"မလိုချင်ဘူးဗျာ၊ ခင်ဗျား နောက်ကို ကျွန်တော့်ညီမအနားမလာရင် အကောင်းဆုံးပဲ''
"........''
"ခင်ဗျားကို ဘာလုပ်မလဲဆိုတာသိချင်ရင်
ခင်ဗျားစမ်းကြည့်လိုက်လေ''
ဒေါသတကြီးပြောကာ ဖုန်းကိုချပစ်လိုက်၏။
ပြီးမှ သူ့ကို မျက်လုံးဝိုင်းလေးဖြင့်ကြည့်နေသည့်
သစ်ခက်ထံ ဖုန်းကိုလှမ်းပေးရင်း
"ဒီလူတော်တော်ရိုင်းတယ်''
"ကိုကို့ကို သူဘာပြောလို့လဲဟင်''
"ညီမလေး သိစရာမလိုဘူး၊ သွား အိမ်ထဲဝင်တော့ ကိုကိုလဲ ပြန်တော့မယ်''
"ဟုတ် ကိုကို''
သစ်ခက် အိမ်ထဲဝင်သွားမှ
ဝသန် တောက်ကိုခပ်ပြင်းပြင်းခေါက်လိုက်၏။
သူ့ကိုဘာပြောသွားလဲဆိုတော့...
"ဘာကိစ္စ ကျွန်တော်က ဝင်ပါနေရလဲဆိုရင်
သစ်ခက်က ကျွန်တော့် ညီမဗျ''
"ဟုတ်လား ဒါပေမယ့် ဘယ်လိုလုပ်မလဲ၊ မင်းညီမက အခုလက်ရှိငါ့ချစ်သူ၊ တစ်ချိန်ကျရင် ငါ့မယားဖြစ်လာဦးမှာ၊ ဥစ္စာခြောက်တယ်ဆိုတာ တရားလွန်ရင် ရူးတတ်တယ်နော်၊ သတိထား ညီလေး၊ ပြီးတော့ ညီမကို ဓားထမ်း တုတ်ထမ်းပြီး
စောင့်ရှောက်ရတဲ့ခေတ်က ဟိုးအတိတ်မှာကျန်ခဲ့ပြီ အခုက ၂၁ရာစု''
တွေးလေ တွေးလေ ဒေါသထွက်လေဖြစ်နေတာမို့ ဝသန် အံကိုကျိခနဲနေအောင်ကြိတ်ကာ
"တော်တော်ရိုင်းတဲ့သူ''
>>>>>>>>>><<<<<<<<<<
ခြံထဲကို ဝူးခနဲနေအောင် မောင်းဝင်လာသည့်ကားတစ်စီးကြောင့် ဒေါ်ခင်စောသိုက် ဧည့်ခန်းထဲတွင် သတင်းစာဖတ်နေရာမှ ခေါင်းထောင်ကြည့်လိုက်၏။
"မေမေ.. မေမေ... မေမေ''
"မေမေ ဒီမှာသားရေ၊ စောစောစီးစီး ဘာကိစ္စရှိလို့လဲသား၊ မဟုတ်မှလွဲရော လမ်းမှားလာတာလား''
ဧည့်ခန်းကိုကျော်ကာ အပေါ်ထပ်တက်ဖို့ပြင်နေသည့် ဂုဏ့်ကို သူမလှမ်းခေါ်ရင်းပြောလိုက်တော့
မချိတချိမျက်နှာဖြင့် သူမဆီကိုလျှောက်လာပြီး
"မေမေ ဖေဖေရော''
"မင်းအဖေ အလုပ်ကိစ္စနဲ့ ခရီးသွားတယ်လေ
နောက်တစ်ပတ်လောက်မှ ပြန်ရောက်မှာ''
"ဪ... မကြီးတို့ရော မရှိဘူးလား''
မေမေဘေးတွင်ဝင်ထိုင်ရင်းမေးလိုက်စဥ် မကြီးရော မလေးရော ဧည့်ခန်းထဲကို ဝင်လာချိန်နဲ့ဆုံကာ...
"အမလေးဟယ် အခုမှ အိမ်ကိုရောက်လာပြီး ဟိုလူ့မေး ဒီလူ့မေးနဲ့ အထူးအဆန်းတွေလုပ်လို့ပါ့လား''
"မေးချင်လို့မေးတာ မဟုတ်ဘူးဗျ၊ ကျွန်တော့်မှာ အရေးတကြီးပြောစရာကိစ္စရှိလို့၊ မကြီးရော မလေးရော လာထိုင်ဦး''
"ကဲ ထိုင်ပြီ ပြောပြော ဘာတွေ အရေးကြီးနေတာလဲ''
ခေတ်က ဆိုဖာတွင်ဝင်ထိုင်ရင်း
မေးငေါ့မေးလိုက်တော့ ဂုဏ်က သူမတို့ကို တစ်လှည့်စီကြည့်ကာ
"ကျွန်တော် မိန်းမယူတော့မလို့၊ အဲ့ဒါ ကျွန်တော့်ကို မိန်းမလိုက်တောင်းပေးပါ''
"ဘာရယ် မိန်းမလိုက်တောင်းပေးရမယ် ဟုတ်လား''
"ဘယ်လိုဖြစ်လာတာလဲ သားရယ်၊ မင်း ဒီကိုပြန်ရောက်တာဖြင့် တစ်လတောင်မရှိသေးတာကို၊ မေမေတို့က ဘယ်ကမိန်းကလေးကို လိုက်တောင်းပေးရမှာလဲ ကြည့်ကြပ်လုပ်ပါဦး''
"အေးလေ ဂုဏ်လေးကလဲ၊ ချက်ချင်းလက်ငင်းကြီး ဘယ်မိန်းကလေးကို မကြီးတို့ကလိုက်တောင်းပေးရမှာလဲ၊ ဟင်.. မဟုတ်မှလွဲရော ဟိုကလေးမလေးကိုလား ဟုတ်လားဂုဏ်''
"ဘယ်ကလေးမလေးလဲ မမ''
မေးခွန်းကိုယ်စီနဲ့ သားအမိသုံးယောက်ကို
ဂုဏ် ခပ်တည်တည်လေးကြည့်ကာ
"ကျွန်တော်ယူမယ့်မိန်းကလေးက နှင်းဆီမြိုင်က''
"နှင်းဆီမြိုင် ဒါဆို နှင်းစက်လား၊ ဟုတ်လား မောင်လေး''
ဝမ်းသာအားရဖြင့် ဂုဏ့်အနားပြေးထိုင်ပြီး
ခေတ်မေးလိုက်တော့ ဂုဏ်က နှာခေါင်းရှုံ့ကာ
"မဟုတ်ပါဘူး တခြားတစ်ယောက်''
"နှင်းစက် မဟုတ်ဘူးဆိုရင် နွေသစ်ခက်ပေါ့၊ ဟုတ်တယ်မလား အဟွန်း ဟွန်း၊ သူလေးဆိုရင်တော့ မကြီးသဘောတူတယ်''
One vote။
ဂုဏ် မကြီးရဲ့ထောက်ခံမဲကြောင့်
ကျေနပ်စွာပြုံးလိုက်စဥ်...
"အို... မမကလဲ ဘာကိုသဘောတူတာလဲ၊ နွေသစ်ခက်ဆိုတာ အဲ့ဒီ့အိမ်က အိမ်ဖော်ရဲ့သမီးလေ''
"ဒါတွေက အရေးကြီးတာမှမဟုတ်တာ၊ အဓိကက အိန္ဒြေ သိက္ခာရှိဖို့ပဲ၊ မိန်းကလေးဖြစ်ပြီး မိန်းမ မပီသရင် ဘာလုပ်မှာလဲ''
"မမ ဒီလိုတော့မပြောနဲ့လေ၊ လူဆိုတာ ပတ်ဝန်းကျင်နေနဲ့နေတာ၊ ထားပါတော့ ဂုဏ်လေးက အဲ့ဒီ့မိန်းကလေးနဲ့ယူပြီး အသိုင်းအဝိုင်းအလယ်မှာ သိက္ခာကျရမယ်ဆိုရင် မမပြောတဲ့ အိန္ဒြေ သိက္ခာတွေက ဘာလုပ်ပေးမှာလဲ''
"ချီးမွမ်း ၇ရက် ကဲ့ရဲ့ ၇ရက်ပါဟယ်၊ နွေသစ်ခက်က အိမ်ဖော်ရဲ့သမီးဆိုတာကို ပတ်ဝန်းကျင်က ဘယ်လောက်ကြာအောင် လိုက်ပြီးအပြစ်ပြောနိုင်မှာမို့လို့လဲ၊ ပတ်ဝန်းကျင်အမြင်ထက် ကာယကံရှင်စိတ်ချမ်းသာဖို့က ပိုပြီးအရေးကြီးတယ်၊ တော်ကြာ ပေါ့ပျက်ပျက် မိန်းကလေးနဲ့ အိမ်ထောင်ကျသွားရင် တစ်သက်လုံး စိတ်ဆင်းရဲရမှာက ဂုဏ်လေးပဲ''
"နှင်းစက်လေးကို ပေါ့ပျက်ပျက် မိန်းကလေးလို့ မမကပြောချင်တာပေါ့လေ''
"ဟုတ်တယ်လေ နင်ပဲစဥ်းစားကြည့်စမ်းပါ၊ အဲ့ဒီ့မိန်းကလေး ဒီအိမ်လာတိုင်း ဘယ်တုန်းက အပေါ်အောက် တစ်တောင်ပြည့်အောင် ဝတ်လာတာမြင်ဖူးလဲ၊ နင်မြင်ဖူးလား ငါတော့ တကယ်မမြင်ဖူးဘူး၊ ဒီလိုပြောလို့ လူတစ်ယောက်ရဲ့တန်ဖိုးကို သူဝတ်တဲ့အဝတ်အစားနဲ့ဆုံးဖြတ်တယ်လို့တော့ မထင်နဲ့၊ အဓိကက သူပြောတဲ့စကားတွေ၊ သူပြောသမျှစကားတွေထဲမှာ တန်ဖိုးရှိတဲ့စကား ဘယ်နှစ်ခွန်းပါလဲ၊ ဒီအတိုင်း နင့်အလိုကျ ဖားယားပြီးပြောနေတဲ့အပိုစကားတွေချည်းပဲ''
"အို.. ဒါက ခေတ်လူငယ်လေ''
"ဒါဆို နွေသစ်ခက်လဲ ခေတ်လူငယ်ပဲ၊ ဒါပေမယ့် သူက သိက္ခာရှိတယ်''
ညီအစ်မနှစ်ယောက် မျက်နှာချင်းဆိုင်ကာ
စကားရည်လုနေသည်ကို အလယ်ကနေ ဂုဏ်တို့သားအမိက ထိုင်ကြည့်နေ၏။
မေမေကတော့ မမတို့ပြောသမျှကို နားထောင်ရုံသက်သက်နားထောင်ပြီး လေ့လာနေပေမယ့်
သူကတော့ မကြီးဘက်ကနေ အားပေးနေတဲ့ပရိတ်သတ်။
"နေစမ်းပါဦး၊ ခေတ်က နှင်းစက်နဲ့သိလာတာကြာပြီမို့လို့ နှင်းစက်ဘက်ကဆိုတာကို မေမေနားလည်ပါတယ်၊ သမီး အနွယ်.. သမီးက ဘာလို့နွေသစ်ခက်ဘက်ကဖြစ်နေရတာလဲ ၊ သမီး သူ့အကြောင်းဘယ်လောက်သိလို့လဲ''
ဒေါ်ခင်စောသိုက် သမီးကြီးဘက်ကိုငဲ့ကြည့်ပြီး
မေးလိုက်တော့ အနွယ်က ပုခုံးလေးတွန့်ကာ
"ဂုဏ်လေး ချစ်နေတဲ့မိန်းကလေးမို့လို့လေ''
"ဘယ်လို.. သားကချစ်နေတဲ့ မိန်းကလေး''
"ဟုတ်တယ် အဲ့ဒါကြောင့်မို့လို့ပေါ့၊ အမှန်ဆိုရင် အနွယ် နွေသစ်ခက်ကို ၄ခါပဲတွေ့ဖူးတာပါ''
အနွယ် ဒီလိုဆိုလိုက်တော့ ခေတ်က ဒါနဲ့များ လာပြောနေတယ်ဆိုသည့်သဘောဖြင့် နှာခေါင်းရှုံ့ပြနေတာမို့ အနွယ် ခေတ်ကို မျက်စောင်းထိုးကာ မေမေ့ဘက်ပြန်လှည့်လိုက်ပြီး
"ဒါပေမယ့် ၃ခါက ဂုဏ်နဲ့အတူတူရှိနေတာ''
"ဟမ် ဘယ်လို ဘယ်လို ၊ ဂုဏ်လေးနဲ့အတူရှိနေတာ ဟုတ်လား''
ဒီတစ်ခါ မျက်နှာပျက်သွားသူက ခေတ်ရယ်ပါ။
ပျာပျာသလဲဖြင့် အစ်မဖြစ်သူကိုပြန်မေးလိုက်တော့ အနွယ်က အောင်နိုင်သူအပြုံးဖြင့်
"ဟုတ်တယ်၊ ပထမ တစ်ခါက လေယာဥ်ကွင်းမှာ
ဂုဏ်လေးကိုသွားကြိုတဲ့နေ့က''
"အဲ့ဒီ့နေ့က မေမေတို့လဲ ပါတာပဲလေ အနွယ်ရယ်''
"ဟုတ်တယ်လေ ခေတ်တို့လဲပါတာပဲ၊
အဲ့ဒါ ဘာထူးဆန်းလို့လဲ''
"ဘာထူးဆန်းလဲဆိုရင် အဲ့နေ့ကတည်းက ဂုဏ် အဲ့ဒီ့ကလေးမလေးကို စိတ်ဝင်တစားငေးကြည့်နေတာ''
"ဟင်''
အားလုံးရဲ့အကြည့်တွေက ဂုဏ့်ထံကိုစုပြုံကျလာတာပေမယ့် ဂုဏ်က ဟုတ်တယ် မဟုတ်ဘူး ပြန်မဖြေပဲ ခပ်မိန့်မိန့်သာထိုင်နေ၏။
စိတ်ထဲတွင်တော့ မကြီးရဲ့ လူကဲခတ်နိုင်စွမ်းကို လေးစားမိ၏။
သူ့ကိုယ်သူတောင် သူမလေးကို စိတ်ဝင်စားနေမှန်း မသိသေးခင်ကတည်းက မကြီးက ရိပ်မိနေတာလား။
"ဒုတိယတစ်ခါက ငါ့ရုံးခန်းထဲမှာ''
"မမရုံးခန်းထဲကို အဲ့ဒီ့ကလေးမက ဘာလာလုပ်တာလဲ''
"ငါပန်းအိုးမှာထားတာကို နွေသစ်ခက်ကလာပို့တာ၊ ငါမရှိတုန်း ရုံးခန်းထဲဝင်ထားတဲ့အချိန် ဂုဏ်နဲ့တွေ့သွားတာထင်တယ်၊ ဂုဏ်က ဘာတွေ ဘယ်လိုသောင်းကျန်းထားလဲမသိဘူး၊ ငါရုံးခန်းထဲပြန်ဝင်လာတော့ အဲ့ကလေးရဲ့ မျက်နှာလေးဆို ရှက်သွေးဖြန်းပြီး ရဲပေါက်နေတာပဲ၊ ငါ့ကိုမြင်တာနဲ့ အကြောင်းရှာပြီး ရုံးခန်းထဲက ပြန်ပြေးသွားတာ''
"ဂုဏ် ဟုတ်လား သား''
အနွယ်စကားအဆုံး မတုန်မလှုပ်ထိုင်နေဆဲဖြစ်သည့် သားဖြစ်သူကို ပြန်လှည့်ကြည့်ပြီး ဒေါ်ခင်စောသိုက် မေးလိုက်ပေမယ့် ဂုဏ်က ဘာမှပြန်မဖြေပဲ ဆိုဖာလက်ရန်းပေါ်ကို လက်ညှိုးလေးဖြင့် တဒေါက်ဒေါက်ခေါက်နေ၏။
"နောက်ဆုံးတစ်ခေါက်က ဂုဏ့်အိမ်မှာ''
"ဂုဏ့်အိမ်ဆိုတာ တော်ဝင်နန်း စံအိမ်လား
ဟုတ်လား မမ''
"အွန်း အဲ့ကတည်းက နွေသစ်ခက်ကို မမရဲ့ယောင်းမအလျောင်းအလျာလေးဆိုပြီး မိတ်ဆက်ပေးသွားတာ''
"ဒါ ဂုဏ်လေးက တမင်သပ်သပ်နောက်လိုက်တာဖြစ်မှာပါ၊ ဟုတ်တယ်မလား''
"ကျွန်တော် ဘယ်တုန်းက မမတို့ကို စဖူး နောက်ဖူးလို့လဲ''
"ဒါဆို အတည်ပေါ့''
"အွန်း''
သူ ခေါင်းငြိမ့်ပြီး ပြုံးလိုက်စဥ်
မလေးက ထိုင်နေရာမှ ဝုန်းခနဲနေအောင်ထရပ်လိုက်ပြီး
"ငါ သဘောမတူဘူး၊ မင်းမှာ ကြိုက်စကာ အဲ့လောက်တောင် ရှားနေလား၊ မင်း အဲ့ဒီ့မိန်းကလေးနဲ့ လက်မထပ်ရဘူး''
"မလေးကို သဘောတူပေးပါပြောနေလို့်လား၊ ကျွန်တော် အခုလာတာက မေမေ့ကို မိန်းမလိုက်တောင်းခိုင်းမလို့''
"နေပါဦး သားရယ်၊ ေမမေက အဲ့ဒီ်မိန်းကလေးကို သေချာတောင်မမြင်ဖူးသေးတာကို ချက်ချင်းကြီး လိုက်တောင်းပေးဖို့ကတော့...
"မေမေ သူ့ကို ကောင်းကောင်းသိပါတယ်၊ ဘာလို့ဆို မေမေ သူ့ကို ဟိုးအရင်ကတည်းက တွေ့ဖူးတယ်လေ၊ မေမေ မှတ်မိမလားတော့မသိဘူး၊ ကျွန်တော် ကနေဒါကိုမသွားခင် မွေးနေ့တုန်းကလေ''
ဂုဏ် မေမေ့ကို နားဝင်အောင် လေသံလေးလျော့ပြီးပြောလိုက်တော့ မေမေနဲ့အတူ မမတို့ကပါ အာရုံစိုက်နားထောင်နေ၏။
"အဲ့တုန်းက အိမ်ကိုခေါ်လာဖူးတဲ့ ပူတူးလေးကိုမှတ်မိလား''
"အွန်း မေမေ မှတ်မိပါတယ်၊ ဒါနဲ့ အဲ့ဒီ့ပူတူးလေးနဲ့ အခု သားတောင်းခိုင်းတဲ့မိန်းကလေးက ဘယ်လိုပတ်သတ်လို့လဲ''
"နွေသစ်ခက်က အဲ့ဒီ့ပူတူးလေးပဲလေ''
"ဟင်..
"ဟုတ်တယ် နွေသစ်ခက်က ကျွန်တော့်ကို မမတို့ ပေးတဲ့ မွေးနေ့လက်ဆောင်လေး''
သူ့စကားအဆုံး ရုတ်ရုတ်ရုတ်ရုတ် ဖြစ်သွားကြတဲ့သူတွေထဲကမှ အနွယ်ရဲ့အသံက ဦးစွာထွက်လာ၏။
"အဲ့ဒါကြောင့် မကြီးက ကလေးကိုမြင်ဖူးပါတယ်လို့ တွေးနေတာ''
"ဘာကလေးလဲ ဟွန့် ဒီအသက်အရွယ်ကြီးကို''
"အေး အသက်ကြီးတယ်ဆိုရင်တောင် ငါ့မျက်လုံးထဲမှာတော့ နွေသစ်ခက်လေးက ပြီးခဲ့တဲ့၁၅နှစ်က ကလေးလေးအတိုင်းပဲ၊ ဘာလို့လဲသိလား နုဖတ်လှပနေလို့လေ၊ လှတယ်ဆိုတာကလဲ ပင်ကိုအလှနော်၊ တချို့ တချို့တွေလို မိတ်ကပ်နဲ့လှနေတာမဟုတ်ဘူး''
"မမနော်''
"ဘာလဲ''
"ကဲ အနွယ်ဂုဏ်နဲ့ ခေတ်သစ်ဂုဏ် တော်ကြစမ်း''
ပုံမှန်ဆို မမ ညီမလေးဆိုပြီး ဖြစ်နေတတ်သည့် ညီအစ်မတွေက ဒီနေ့မှ ဘာလို့ရန်ဖြစ်ဖြစ်နေလဲဆိုတာ စဥ်းစားလို့မရ။
အခုလဲ မအေလုပ်တဲ့သူကို အလယ်မှာထားပြီးမျက်လုံးချင်းစစ်ခင်းနေသေးတာမို့ အစော သူမတို့ကို မျက်စောင်းလေးထိုးကြည့်လိုက်ပြီးမှ
သားဖြစ်သူကိုပြန်ကြည့်လိုက်ကာ
"မေမေသိတဲ့ ပူတူးလေးက အိမ်ဖော်ရဲ့သမီးမဟုတ်ဘူး သား၊ သူ့အဖေက စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပဲ၊ သူတို့နာမည်နဲ့လိပ်စာကို ေမမေမမှတ်မိပေမယ့် သူ့မိဘတွေက လုပ်ငန်းရှင်တစ်ယောက်ဆိုတာ မေမေသိလိုက်တယ်''
"ဟုတ်ပါတယ်၊ ပူတူးဖေဖေက စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပါ၊ ဦးမင်းသစ်ကို မေမေသိတယ်မဟုတ်လား''
"အွန်း နာမည်တော့ကြားဖူးတယ်
နှင်းစက်အဖေထင်တယ်''
"ဟုတ်တယ်မေမေ၊ ဦးမင်းသစ်က နှင်းစက်ရဲ့အဖေလေ''
ခေတ် ကြားဖြတ်ကာဝင်ပြောလိုက်တော့ ဂုဏ်က ခေါင်းလေးငြိမ့်ပြ၏။ ပြီးမှ မေမေ့ကိုပြန်ကြည့်ကာ..
"နှင်းစက်နဲ့ ပူတူးက ဖအေတူ မအေကွဲ ညီအစ်မတွေပါ''
"ဪ... မယားငယ်က မွေးတဲ့သမီးပေါ့''
"ဟုတ်တယ် မလေး၊ မယားငယွသမိးဆိုတာ မှန်တယ်၊ ဒါကလဲ သူ့အပြစ်မှမဟုတ်တာ၊ မယားအပြိုင်ယူထားတဲ့ နှင်းစက်အဖေရဲ့အမှားလေ''
တမင်လိုက်ဖဲ့နေသည့် မလေးကို
အမြင်ကပ်ကပ်ဖြင့် သူ ပြောလိုက်တော့
မကြီးက တခစ်ခစ်နဲ့သဘောကျသွားသည်။
"သားက သူ့ကိုတကယ်သဘောကျတာလား''
"ဖြစ်နိုင်ရင် အခုချက်ချင်းလက်ထပ်ချင်တာ''
"ဒါဆိုလဲလက်ထပ်လိုက်လေ၊ ဘာလို့ မေမေ့ကိုလာတောင်းခိုင်းနေတာလဲ၊ ဒီလို ချော့မော့ပြောနေတဲ့ပုံစံက သားရဲ့ပုံစံမှမဟုတ်တာ''
"ကျွန်တော့်သဘောအတိုင်းဆိုရင် ချက်ချင်း ကားတင်ပြေးပြီး ချက်ချင်းကိုလက်မှတ်ထိုးလိုက်ချင်တာ၊ အဲ့လိုလုပ်လိုက်ရင် သူ ကျွန်တော့်ကို မုန်းသွားမှာကြောက်လို့၊ ပြီးတော့ သူ့ကို မေမေတို့ဘက်က လိုလိုလားလားနဲ့ လက်ခံပေးစေချင်တာ၊ ဒါမှ သူ ကျွန်တော့်ဘဝထဲကို ရဲရဲတင်းတင်း ဝင်လာရဲမှာ''
"မင်းအရင်က ချစ်တာ မုန်းတာကို ဂရုစိုက်ခဲ့လို့လား၊ အခုမှအပိုတွေ လာလုပ်နေတယ်''
ဒီတစ်ခါ ဝင်ပြောလိုက်တာက အနွယ်။
မေမေ့ကို လာပြီးခွင့်တောင်းနေရင် အဆင်ပြေနိုင်ခြေနည်းမှန်းသိရဲ့သားနဲ့ အပိုတွေလာလုပ်နေတဲ့ ဂုဏ်ကို အားမလိုအားမရဖြစ်ကာ ပြောလိုက်ခြင်း။
"ပူတူးက မိန်းကလေးလေ၊ သူ့ဘက်ကို တွေးကြည့်ပေးရမှာပေါ့ဗျ၊ ကျွန်တော်ဖြစ်ချင်တာပဲ လုပ်လို့ရမလား၊ သူ့ကိုလက်မခံတဲ့မိသားစုထဲကို သူဘယ်လာချင်မှာလဲ၊ ပြီးတော့ သူ့ကိုလက်မခံနိုင်တဲ့ ကျွန်တော့်မိသားစုကြောင့် သူစိတ်ညစ်ရမှာကို ကျွန်တော်မကြိုက်ဘူး''
"နေပါဦး သားရယ်၊ သားခုနကပြောတာ ကားတင်ပြေးပြီးလက်ထပ်လို့ရတယ်ဆိုတော့၊ ဘာလဲ ဟိုမိန်းကလေးက သားကိုသဘောမကျဘူးလား''
"ဟုတ်တယ် သူ ကျွန်တော့်ကိုငြင်းထားတာ''
"ဘာရယ် ဘာရယ် အဲ့ဒီ့မိန်းကလေးက မင်းကိုငြင်းတယ် ဟုတ်လား၊ အမလေးဟယ် ကောက်ညှင်းကမစေးရဘူး၊ ဆန်ကြမ်းက လာစေးနေတယ်၊ ဒီလောက်ကြီးကျယ်နေတဲ့မိန်းကလေးကို မင်းလဲ လက်ထပ်ဖို့ မတွေးနဲ့''
ဒေါ်ခင်စောသိုက်က ဘာမှမပြောရသေးခင်
ဒေါသတကြီးဝင်ပြောလိုက်သည့် ခေတ်ကြောင့်
ဂုဏ်မျက်နှာတင်းသွားသည်ကို အားလုံးရိပ်မိ၏။
ရုပ်ရည် ဥစ္စာ ပညာအရည်အချင်းနဲ့
လူနေမှုအဆင့်အတန်း ဒီလို ဘယ်နေရာကကြည့်ကြည့် ပြည့်စုံလွန်းသည့် ကိုယ့်သားကို ငြင်းလိုက်တယ်ဆိုတော့ စိတ်ထဲတွင် မကျေမနပ်ဖြစ်မိတာမို့
"သူက ဘယ်လောက်တောင်ပြည့်စုံနေလို့ သားကိုငြင်းရတာလဲ''
"မဟုတ်ဘူးမေမေ၊ ပူတူးက ကျွန်တော့်ကိုငြင်းတယ်ဆိုတာ အဲ့လိုတွေကြောင့်မဟုတ်ဘူး၊ ကျွန်တော်နဲ့နှင်းစက်ကို တစ်ခုခု ပတ်သတ်တယ်ထင်လို့ ငြင်းေနတာပါ''
သူ အမှန်အတိုင်းဖြေလိုက်ပေမယ့်
မေမေက မယုံကြည်သည့်အကြည့်များဖြင့်
စူးစိုက်ကြည့်ကာ
"သူ့မှာ ရည်းစားရှိနေတယ်မဟုတ်လား''
"ဟာ... ဘယ်ကသာ ကျွန်တော်တစ်ယောက်လုံးသူ့အနားမှာ ဒီလောက်ကပ်နေတာကို ဘယ်ကကောင်နဲ့ ရည်းစားဖြစ်လို့ရမှာလဲ၊ ဖြစ်ြခင်းဖြစ် ကျွန်တော်နဲ့ပဲ ချစ်သူတွေဖြစ်မှာ၊ ဒါပေမယ့် တစ်ခုတော့ရှိတယ်၊ ကျွန်တော်သာနောက်ကျသွားရင် သူ့ကို စွန့်လွှတ်လိုက်ရမယ့် အအခြေအနေတွေရှိတယ်၊ အဲ့ဒါကြောင့် မေမေ့ကို ကျွန်တော်အခုလို လာပြီး တောင်းဆိုနေရတာ''
"ဂုဏ် မင်းဘယ်လိုဖြစ်နေတာလဲ ဟမ်၊ အရင်လို ခပ်ချေချေနေစမ်းပါ၊ အခုပုံစံက မင်းနဲ့တကယ်မလိုက်ဘူး၊ ပြီးတော့ ဘာမှမဟုတ်တဲ့မိန်းကလေးတစ်ယောက်ကို မင်းဒီလောက် အရူးအမူးဖြစ်နေတာ မလေး မကြိုက်ဘူး''
"မလေး ဝင်မပါပါနဲ့၊ ကျွန်တော့်ကိစ္စကို ကျွန်တော့်ဘာသာ ဆုံးဖြတ်နိုင်တယ်၊ ကျွန်တော် ကလေးမဟုတ်တော့ဘူး''
"ဟဲ့သား ကိုယ့်အစ်မကို ဘယ်လိုပြောလိုက်တာလဲ''
နဂိုကတည်းက ဆရာလုပ်တာမကြိုက်တဲ့
ဂုဏ်လေးအကြောင်းသိရဲ့သားနဲ့
ဝင်ပြီး အရစ်ရှည်နေသည့် ခေတ်ကိုတော့
မဆူဖြစ်လိုက်ပါ။
ဂုဏ့်ပုံစံက ကလေးများ မုန့်တောင်းသလိုတောင်းနေသည့်ပုံစံဖြစ်နေပေမယ့် လိုချင်တာမရရင် ကလေးတွေလိုတော့ လှည့်ပြန်ခြင်း ငိုခြင်းလုပ်မှာမဟုတ်တာသေချာသည်။
သူလုပ်ချင်ရာ လုပ်သွားမှာ။
သူမအနေနဲ့ကတော့ အဆင့်အတန်းခွဲခြားပြီး သဘောတူတယ် မတူဘူးဆိုတာထက် အခုမှသိရတဲ့မိန်းကလေးတစ်ယောက်ကို ချွေးမတော်ဖို့ဆိုတာက အရမ်းခက်ခဲနေသည်။
အဲ့ဒီ့အတွက် လိုက်တောင်းမပေးနိုင်ပါဘူးလို့
ငြင်းလိုက်ပြန်ရင်လဲ ကိုယ့်သားအကြောင်း ကိုယ်သာအသိဆုံး။
သူမသာ ဒီလိုပြောလွှတ်လိုက်ရင်
မနက်ဖြန် တရားရုံးလိုက်ရမှာသေချာသည်။
လက်ထပ်ဖို့ဆိုရင်တော်ဦးမည်။
တော်ကြာ ဟိုဘက်က မကျေနပ်လို့ တရားစွဲတာ ဘာညာဆိုရင် အို မဖြစ်ဘူး မဖြစ်ဘူး။
ကိုယ့်အတွေးနဲ့ကိုယ် ခေါင်းလေးရမ်းလိုက်ပြီး
"သားက သူ့ကိုအရမ်းသဘောကျနေတယ်ဆိုရင်တောင် မေမေကတော့ သူ့ကို လေ့လာရဦးမယ်လေ၊ ဘယ်လိုမိန်းကလေးမျိုးလဲဆိုတာ မေမေသိသင့်တယ်မဟုတ်လား''
"ပူတူးဆီမှာ မေမေ လက်မခံနိုင်စရာအချက်
ဘာမှမရှိဘူးဆိုတာ ကျွန်တော်အာမခံတယ်''
"မင်းက သူ့အကြောင်း ဘယ်လောက်သိလို့
အာမခံနေရတာလဲ''
"မလေးနဲ့မဆိုင်ပါဘူး၊ ကျွန်တော် မလေးကို ပြောနေတာမဟုတ်ဘူး''
"ဘာပြောတယ် ဂုဏ်လေး၊ မင်းဘယ်တုန်းက မလေးကိုပြန်ပြောဖူးလို့လဲ၊ မေမေ ကြည့်ပါဦး
မေမေ့သားက ဘာမှမပတ်သတ်သေးတဲ့မိန်းကလေးအတွက်နဲ့ ခေတ်ကို ပြန်ပြောနေတာ''
"ဒါတော့ ခေတ်က အရင်ဘောင်ကျော်တာလေ''
"မမ''
"ဘာလဲ''
"ကဲ တော်ကြစမ်းပါ၊ သုံးယောက်လုံး တော်စမ်း
ဘာဖြစ်နေကြတာလဲ ဟမ်၊ ဂုဏ် ဒီကိစ္စကို မင်းဖေဖေပြန်လာမှ ေမမေတို့ပြန်ပြီးပြောကြတာပေါ့''
စိတ်ဆိုး မာန်ဆိုးဖြင့်ပြောလာသည့်
မေမေကြောင့် ဂုဏ် ခေါင်းသာငြိမ့်ပြလိုက်ရ၏။
ပြီးတာနဲ့ အခုထိ သူ့ကို မကြည်ကြည့်ဖြင့်
ကြည့်နေသော မလေးဘက်ကို လှည့်လိုက်ပြီး
"ဒီကိစ္စကို မလေး ဘယ်သူ့ကိုမှမပြောပါနဲ့ဦး
အထူးသဖြင့် နှင်းစက်ကို''
"ဒါ ငါ့သဘောပါ၊ မင်းလဲ မင်းသဘောနဲ့မင်း လုပ်ချင်တာ လုပ်မှာပဲမဟုတ်လား၊ အေး ငါလဲ ငါ့သဘောနဲ့ငါပဲ''
"လုပ်ပါ လုပ်ချင်တာလုပ်လို့ရတယ်၊ ဒါပေမယ့် မလေးလုပ်ရပ်ကြောင့် ပူတူးစိတ်ညစ်ရရင် မလေးနဲ့ကျွန်တော် သေခန်းပြတ်ပဲ''
"ဘာ...
"ဟဲ့ ဂုဏ် သား ဘယ်လဲ''
ပြောပြီးတာနဲ့ ကားသော့ကိုကောက်ယူကာ
ချာခနဲထွက်သွားသည့် ဂုဏ့်ကို လှမ်းမေးလိုက်တော့
"ပြန်တော့မယ် မေမေ၊ ကျွန်တော်လာရင်းကိစ္စပြီးပြီ၊ တကယ်လို့ မေမေတို့ဘက်က ဒီကိစ္စကို
လက်မခံနိုင်ဘူးဆိုရင် အခု ကျွန်တော်လာပြီးခွင့်တောင်းတဲ့ကိစ္စကို မရှိခဲ့ဘူးလို့ သတ်မှတ်ပေးပါ၊
ကျွန်တော်ကတော့ လုပ်ချင်တာ လုပ်မှာ''
"ဟဲ့.. ဪ ဒီကောင်လေးနဲ့ကတော့နော်၊ ခေတ် ညည်းကြောင့် ကိုယ့်မောင်ကို ချော့ပြောမှရတယ်ဆိုတာမသိဘူးလား''
"ကျန်တာတော့ ချော့နိုင်တယ်မေမေ၊ ဒီကိစ္စကတော့ noပဲ၊ ခေတ် လုံးဝသဘောမတူဘူး၊ ဂုဏ်လေးရဲ့ ဘဝလက်တွဲဖော်က နှင်းစက်ပဲဖြစ်ရမယ်''
"စောင့်ကြည့်လိုက်ပါ ခေတ်ရယ်၊ သေချာတယ် ဂုဏ်က နွေသစ်ခက်ရဲ့လက်ကိုဆွဲပြီး ဒီအိမ်ထဲကို ဝင်လာမှာ''
အနိုင်ပိုင်းပြောပြီး အပေါ်ထပ်တက်သွားသည့်
အနွယ့်ကို မျက်စောင်းကြီးထိုးကြည့်ပြီး
ကျန်ခဲ့သည့် ခေတ့်ကိုကြည့်ကာ
ဒေါ်ခင်စောသိုက် ခေါင်းလေးရမ်းလိုက်၏။
ဒီပွဲမှာ အနွယ်နဲ့ခေတ် ဘယ်သူရှုံးပြီး ဘယ်သူနိုင်မလဲဆိုတာ အဖြေကရှိပြီးသားမဟုတ်လား။
်>>>>>>>>>><<<<<<<<<<
အားပေးတဲ့ အသဲတွေအားလုံးကို ကျေးဇူးတင်ပါတယ်😘😘
အမှားပါသွားရင် ချစ်တဲ့စိတ်နဲ့ ဝေဖန်ပေးကြပါဦး
အပိုင်း(၁၃)မျှော်
စာရေးသူ-Merida(Tulip)