book

Index 11

အပိုင်း(၁၁)

  • Author : Merida
  • Genres : Romance, Comedy, Drama

🎗🎗 နှောင်ကြိုး 🎗🎗


~~~~~~~~~~


ဒီနေ့က ကျောင်းဖွင့်တာမို့ ခက် ေကျာင်းသွားရန်

ပြင်ဆင်ကာ ထွက်လာခဲ့၏။


ခြံထဲမှ ထွက်လာကတည်းက လမ်းထိပ်တွင်

ရပ်စောင့်နေသည့် ကိုကို့ကားကို မြင်တာကြောင့်

ထိုကားနားကို တန်းတန်း မတ်မတ်လျှောက်သွားလိုက်၏။


"မောနီး ပူတူး''


ဂုဏ် ကားတံခါးဖွင့်ပေးရင်း ပြောလိုက်တော့ 

သူမက မချိတချိလေးပြုံးပြကာ ကားပေါ်တက်၏။


"ဟိုတစ်နေ့ညက နှင်းစက် မင်းကိုဆူသေးလား''


ကာမောင်းရင်းမှ သူမကိုလှည့်ကြည့်ပြီး

မေးလိုက်တော့ သူမက ခေါင်းလေးရမ်းကာ


"မဆူပါဘူး''

"ဟုတ်လား ကိုယ်ကမင်းကို သူတစ်ခုခုလုပ်မှာစိုးရိမ်နေတာ''


စိုးရိမ်တယ်တဲ့။

စိုးရိမ်တယ်ဆိုပြီး မနေ့က တနေကုန် သူမဆီကို

ဖုန်းတစ်ခါတောင်မဆက်ပဲနဲ့။


ခက် ကိုယ့်အတွေးနဲ့ကိုယ် မကျေမနပ်ဖြစ်သွားကာ

နှုတ်ခမ်းလေးစူပြီး ကားအပြင်ဘက်ကို လှည့်လိုက်၏။


"မနေ့က ကိုယ်ဖုန်းဆက်မလို့ပါပဲ

ဒါပေမယ့် မင်းအသံကြားရင် ကိုယ်မင်းဆီပြေးလာမိမှာစိုးလို့''


ဟွန့် အပိုတွေ။

မဆက်ချင်လို့ မဆက်တာကိုများ။


"ယုံတယ်မလား''

".....''


"ဟိတ် ပူတူး...

"အမေ့... လန့်လိုက်တာ''


"ဘာတွေ ဒီလောက်တွေးနေလို့ လန့်ရတာလဲကွ

ကိုယ်တစ်ယောက်လုံးကို ေဘးမှာထားပြီး 

တွေးချင်ရာတွေးနေတာကတော့ လွန်တယ်နော်''


မျက်မှောင်ကြုတ်ပြီး ပြောနေသည့် သူ့ပုံစံက

အလိုမကျဘူးဆိုတာ ေသချာတာမို့ 


"တွေးချင်ရာ တွေးနေတာ မဟုတ်ပါဘူး

ခက်က... ခက်က... 


"ေတာ်ပြီကွာ

မလိမ်တတ်ရင်လဲ မလိမ်နဲ့တော့

အခု ကိုယ်တို့ရုပ်ရှင်သွားကြည့်ရအောင်နော်''


"ရုပ်ရှင် မဖြစ်ဘူးလေ

ဒီနေ့ ခက်က ကျောင်းဖွင့်တဲ့ဥစ္စာကို''

"အွန်းလေ ကျောင်းဖွင့်လို့ ရုပ်ရှင်သွားကြည့်မှာလေ

ကျောင်းပိတ်ရက်ကို သွားကြည့်ဖို့ခေါ်ရင်

မင်းက လိုက်မှာမို့လို့လား''


"ဒါပေမယ့် ခက် ကျောင်းမပျက်ချင်ဘူး''

"ဒီတစ်ရက်ပဲကွာ ဘာဖြစ်လဲ

ကိုယ်ဆို ကျောင်းတက်တုန်းက ကျောင်းခေါ်ချိန်ပြည့်အောင် မနည်းတက်ခဲ့ရတာ''


ဒုက်ခပါပဲ။

ကျောင်းပြေးဖို့အရေးကို သူကျောင်းပျင်းခဲ့တာနဲ့

လာပြိုင်နေသေးတယ်။

သူ့စိတ်ကိုသိနေတာမို့ ပါးစပ်အညောင်းခံပြီး မငြင်းတော့ပဲ


"မနက်ပိုင်းတင်ဆို ရတယ်မလားဟင်''

"No no no... တစ်နေ့လုံး''


"ဟမ် ရုပ်ရှင်ကြည့်တာက တစ်နေ့လုံးကြည့်ဖို့လိုလို့လား ဘာရုပ်ရှင်မို့လို့လဲ''

"ရုပ်ရှင်ကြည့်ရုံကတော့ တစ်နေ့လုံးဘယ်လိုမလဲ

ခုက မင်းနဲ့ကိုယ့်ရဲ့ Firdt date''


"First date...


သူ့စကားကိုနားမလည်သည့်ပုံစံလေးဖြင့်

ပြန်မေးလာသည့် ပူတူးကို သူခေါင်းငြိမ့်ပြလိုက်ပြီး


"လျှောက်လည်မယ် ရုပ်ရှင်ကြည့်မယ်

မုန့်တွေလျှောက်စားမယ် ပြီးရင်တော့...


သူဆက်မပြောပဲနေလိုက်တော့

သူမက သူ့ကို မျက်လုံးဝိုင်းလေးဖြင့် ကြည့်နေ၏။


"ပြိီးရင် ဘာလုပ်မယ်ထင်လဲ ပူတူး''

"ခက်ကို အိမ်ပြန်ပို့မှာမဟုတ်လား''


အင်းပေါ့လေ။

နောက်ဆုံးတော့ အိမ်ပြန်ပို့ရတာပါပဲ။

သူ့ပူတူးအဖြေက မမှားပါဘူး။


"လျှောက်လည်တာရယ် ရုပ်ရှင်ကြည့်တာရယ် 

မုန့်စားတာရယ်က ဘယ်လောက်ကြာမှာမို့လို့လဲ 

ခက် တစ်နေကုန်ကျောင်းပျက်ဖို့လိုလို့လား''


"လိုတယ်ကွာ

ဘာလဲ ကိုယ်က မင်းနဲ့အတူရှိတဲ့အချိန်ကို နာရီတကြည့်ကြည့်နဲ့ နေရမှာလား

မရဘူး ကိုယ်က တစ်နေကုန်ဆိုရင် တစ်နေကုန်နေလိုက် စျေးလာမဆစ်နဲ့''


"မဟုတ်ပါဘူး ခက်ပြောတာက...

"ဘာမှမပြောနဲ့တော့ အခု ကိုယ်ခေါ်တဲ့နောက်ကို

ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်လေးလိုက်ခဲ့''


သူ့ရဲ့တစ်ချက်လွှတ်အမိန့်တော်အဆုံးမှာ

ခက်လဲ ဘာမှမပြောတော့ပဲ ငြိမ်ပေးလိုက်၏။


ရုပ်ရှင်ရုံရောက်တာနဲ့ ကားကိုပါကင်ထိုးကာ

သူက ခက်ကိုကားတံခါးဖွင့်ပေး၏။

သူဆွဲခေါ်လာတဲ့အတိုင်း လိုက်လာခဲ့ပြီးမှ 


"ဒီကားကြည့်မှာလား''

"အွန်း ဘာဖြစ်လို့လဲ''


"ဒီကားက ခက် ကြည့်ပြိီးသား''


လက်မှတ်ရောင်းတဲ့ဘက်ကို သွားနေသည့်သူက

ခက်စကားကြောင့် သူမကိုပြန်လှည့်ကြည့်တော့


"တကယ် ခက်ကြည့်ပြီးသား''


"ဘယ်အချိန်က ဘယ်သူနဲ့ကြည့်တာလဲ''

"ဒီကားရုံမတင်ခင်ကတည်းက ခက်ကကြည့်ချင်နေတာ

အဲ့ဒါ ရုံတင်တင်ချင်း ကိုကိုလိုက်ပို့လို့... ဟို ကိုကိုဆိုတာက ခက်ရဲ့အစ်ကို ကိုဘုန်းဝသန်ကိုပြော....


"ကိုကိုဆိုတာ ဝသန့်ကိုပြောမှန်းသိပါတယ်

အရင်ကအထိ ဝသန့်ကို ကိုကိုလို့ခေါ်တာ ပြဿနာမရှိပေမယ့် အခုကျတော့ သိပ်အဆင်မပြေဘူး''


"ဟင် ဘာလို့လဲ''

"ဘာလို့ဆို ဝသန်နဲ့ကိုယ် အတူတူရှိနေတဲ့အချိန်

မင်းက ကိုကိုလို့ခေါ်ရင် ဘယ်သူ့ကိုခေါ်မှန်းမသိဖြစ်သွားမှာပေါ့''


"ဒါဆို ခက်က ဘာလုပ်ပေးရမှာလဲ''

"ဝသန့်ကို ကိုကိုလို့မခေါ်နဲ့''


"ဟင်...


ဖြစ်သင့်လို့လား။.

တစ်လျှောက်လုံး ကိုကိုလို့ခေါ်လာပြီးမှ

သူနဲ့တွေ့မှပဲ ကိုကို့ကို ကိုကိုလို့မခေါ်ရဘူးဆိုတော့။


ဖြစ်ချင်တာကို ပေါက်တတ်ကရပြောနေတာမို့

ခက် သူ့ကို မျက်မှောင်ကုတ်ကြည့်လိုက်တော့

သူက သူမကိုစိုက်ကြည့်ကာ..


"ဒီနေ့ကစပြီး ဝသန့်ကို တစ်ခုခုပြောင်းခေါ်''


"ဘယ်လိုလုပ် ပြောင်းခေါ်လို့ရမှာလဲ

ခက်က ကိုကို့ကို ဟိုးအရင်ကတည်းက ဒီလိုပဲခေါ်လာတာကို''


"ဘယ်အချိန်ကတည်းကခေါ်ခေါ်ကွာ

ကိုယ်က ပြောင်းခေါ်ဆိုရင် ပြောင်းခေါ်လိုက်ပေါ့ အခုချိန်အထိ ကိုယ့်ကို ဘာနာမ်စားမှမသုံးပဲ

ပြောနေကတည်းက ကိုယ့်ကို ကိုကိုလို့ မခေါ်ချင်ဘူးဆိုတာသိတယ်''


သူနဲ့စကားပြောရင် နာမ်စားမပါပဲပြောနေတယ်ဆိုပေမယ့်

သူထင်သလို မခေါ်ချင်လို့တော့ မဟုတ်ပါဘူး။

မခေါ်ရဲလို့ပါ။


"ဒါပေမယ့် မတတ်နိုင်ဘူး မင်းနှုတ်ဖျားကထွက်မယ့် အဲ့ဒီ့နာမ်စားက ကိုယ့်အတွက်ပဲဖြစ်စေချင်တာ၊ ကိုယ့်ကိုကျတော့ ကိုကိုလို့မခေါ်ပဲ ဝသန့်ကို ကိုကို ကိုကိုနဲ့ မင်းချွဲနေတာမြင်ရင် ကိုယ် ဒေါသထွက်တယ်၊ အဲ့ဒီ့ကောင်ကိုလဲ ကိုယ်ဆွဲထိုးပစ်ချင်တာ၊ ကိုယ် အတ္တကြီးသွားတယ်မဟုတ်လား၊ အဲ့ဒါ မင်းကိုချစ်လို့ဆိုတာ မှတ်ထားကွ''


အရယ်အပြုံးမရှိပဲ ပြောလာတဲ့သူ့စကားကြောင့်

ခက် ရင်ထဲလှုပ်ရှားမှုလေးဖြစ်သွား၏။

ထိုအရာဟာ ရင်ခုန်ခြင်းဆိုရင် ခက် ရင်ခုန်တတ်နေတာလား။


"မင်းကြည့်ပြီးပြီဆိုပေမယ့်

ကိုယ်မကြည့်ရသေးဘူး ကိုယ်နဲ့အတူ နောက်တစ်ခေါက်ပြန်ကြည့်ပေးလို့ရမလား''

"ဟုတ်''


"ဒါဆို ဒီနားမှာ ခဏစောင့် 

ကိုယ်လက်မှတ်သွားဝယ်လိုက်မယ်''


ထိုအခါမှ သူမလက်ကိုလွှတ်ကာ

လက်မှတ်ရောင်းတဲ့ဘက်ကို ထွက်လာခဲ့၏။


တစ်သက်နဲ့တစ်ကိုယ် ရုပ်ရှင်လက်မှတ်ဝယ်ခဲ့သမျှထဲမှာ

ဒီတစ်ခါကတော့ အပျော်ဆုံး။

ဒါ့ကြောင့်လဲ ဇာတ်လမ်းတွေထဲမှာ ချစ်သူတွေရုပ်ရှင်ကြည့်တဲ့အခန်းကို မပါမဖြစ်ထည့်ကြတယ် ထင်သည်။


ကိုယ့်အတွေးနဲ့ကိုယ် ကျေနပ်သွားပြီးမှ

နောက်မှာကျန်ခဲ့သည့် ပူတူးကိုပြန်လှည့်ကြည့်လိုက်၏။


လည်ကပ် ခါးတို ရင်ဖုံးပုံစံလေးချုပ်ထားသည့် ကျောက်စိမ်းရောင် ဖဲသားပြောင်ဝမ်းစက်က လက်ပြတ်လေးမို့ ဆင်နှာမောင်းသဏ္ဍာန် လက်မောင်းဖွေးဖွေးလေးကအစ သူ့ကိုအူတိုစေသည်။ 


သူငေးကြည့်နေစဥ်မှာပင် သူမက ဘေးလွယ်အိတ်လေးထဲမှ ဖုန်းထုတ်ယူကာ ဖုန်းပြောနေတာမို့ သူမရှိရာကို ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားလိုက်၏။


"အင်းပါ အဲ့ဒါဆို ဒါပဲနော်

ခက် ညမှ ပြန်ဆက်မယ်''

"......''


"အင်း ဒါပဲနော်''


ရုတ်တရက်ကြီး သူမနားပြန်ရောက်လာသည့် 

သူ့ကြောင့် ဂူးဂူးနဲ့ဖုန်းပြောခြင်းကို ရပ်ပစ်လိုက်ရ၏။


မရပ်လို့လဲ မရ။

မျက်ခုံးတွေကို တွန့်ချိုးနေသည့် သူပုံစံက

ခက်ကို မကျေနပ်နေမှန်းသိသာလွန်း၏။


"ဘယ်သူနဲ့ပြောနေတာလဲ''

"ဂူးဂူးနဲ့ပါ ဂူးဂူးကိုသိတယ်မလား

ဟိုတစ်နေ့က ကျောင်းမှာ ခက်နဲ့အတူတွေ့တဲ့တစ်ယောက်လေ ခက်ဒီနေ့ ကျောင်းမလာတော့ဘူးလို့ သူ့ကိုလှမ်းပြောပြတာ''


"ဪ... ကိုယ်က မင်းမဟုတ်တာလုပ်နေတယ်ထင်လို့''

"ဟင် ခက်က ဘာလုပ်ရမှာလဲ''


"မင်းဘာလုပ်မယ်ဆိုတာ ကိုယ်မှ မသိနိုင်တာ

အဲ့ဒါကြောင့် မင်းဘာလုပ်လုပ်

ကိုယ်က သံသယမျက်လုံးတွေနဲ့လိုက်ကြည့်နေရတာပေါ့''


သူဒီလိုပြောလိုက်တော့ ပူတူးက 

မသိမသာလေး နှုတ်ခမ်းစူသွား၏။

ရဲမို့နေသည့် ပါးဖောင်းဖောင်းလေးနဲ့ သူ မသိအောင် စူထားသည့် နှုတ်ခမ်းစူစူလေးကြောင့်

ကလေးလေးသဖွယ်။


သူမကိုကြည့်ကာ ချစ်စိတ်တွေတိုးပြီး

ပြုံးချင်လာတာမို့ မျက်နှာကိုတစ်ဖက်လွှဲပစ်လိုက်တော့

သူ့လိုပဲ သူမလေးကို ကြည့်ပြီးပြုံးနေကြတဲ့ကောင်တွေမှ ပတ်ချာလည်။


သူမကိုငေးကြည့်နေသည့် တစ်ယောက်ချင်းစီတိုင်းကို 

ပြဿနာရှာဖို့အဆင်မပြေတာကြောင့်

သူမကိုပဲ မှုန်ကုတ်ကုတ်ဖြင့်ပြန်ကြည့်ကာ


"ဘာလို့ ဒီအက်ျီဝတ်လာတာလဲ''

"ဟင် ဘာဖြစ်လို့လဲ''


"လက်မောင်းတွေပေါ်နေတယ်လေ

လက်မြှောက်လိုက်ရင် ခါးပါပေါ်ဦးမယ် 

နေဦး ဘာလို့ ဆံပင်တွေကိုစည်းထားတာလဲ''


တကယ့်ကိုအပြစ်မရှိ အပြစ်ရှာတဲ့သူပါဆို။

ဲဲဖဲပြားရှည်ရှည်လေးပါသည့် ခေါင်းစည်းကြိုးကို

ဖြည်ချလိုက်ပြီး ကျောပေါ်မှာပြန့်ကျလာသည့် ဆံပင်ရှည်တွေကို လက်မောင်းတွေပေါ်ထိ လာဖြန့်ချနေ၏။


"ကျစ်... ဒါလဲမလုံသေးဘူးပဲ

ရော့ ရော့ ဒါထပ်ဝတ်ထား''ဆိုပြီး အဖြူရောင်တီရှပ်ပေါ်မှ ကြယ်သီးမတပ်ပဲ ထပ်ဝတ်ထားသည့် မီးခိုးရောင်လက်ရှည်အက်ျီလေးကိုချွတ်ကာ သူမကို အတင်းဝတ်ပေးနေ၏။ လူကြားထဲမို့ ခက် နေရခက်လာတာကြောင့် သူ့ကိုရန်ပြန်တွေ့ဖို့ မော့ကြည့်လိုက်တော့ သူက ခက်ကို မျက်လုံးပြူးကြည့်ကာ


"ဘာမှ ရန်တွေ့ချင်မနေနဲ့

မင်း အနေအထိုင် မတတ်လို့ ကိုယ်အခုလိုလုပ်တာ

မင်းကို ကိုယ်ကလွဲရင် ဘယ်ကောင် ငေးကြည့်တာမှမကြိုက်ဘူး''


"ဟင်''


ဘယ်ကောင်က ငေးကြည့်နေလို့လဲ။

ခက် သူ့စကားကြောင့် ဘေးဘီကိုလိုက်ကြည့်လိုက်၏။

ဟုတ်ပါတယ် သူပြောသလို ခက်ကိုကြည့်နေသည့် ကောင်လေးတွေရှိပါတယ်။

ဒါပေမယ့် သူ့ကိုကြည့်နေသည့် ကောင်မလေးတွေက ပိုများ၏။


ဘာစာတန်းမှမပါသည့် အဖြူရောင် သန့်သန့်

တီရှပ်ကို မီးခိုးရောင် စတိုင်လ်ဘောင်းဘီရှည်ထဲကို ထည့်ဝတ်ထားသည့်သူက နက်ပြောင်နေသည့် ရှူးဖိနပ်ကြောင့် သူ့ပုံစံက အရမ်းခန့်နေသည်မဟုတ်လား။


သူအူတိုသလို ခက်လဲ ပြန်ပြီးအူတိုပြလိုက်ရင်လဲ

ဘဝင်မြင့်သွားဦးမှာမို့ ခက် နှုတ်ခမ်းလေးမဲ့ကာ

သူအတင်းဝတ်ပေးထားတဲ့အက်ျီကို ဆွဲဆန့်ဖြန့်လိုက်၏။


"နောက်တစ်ခါ ဒါမျိုးမဝတ်နဲ့ ကြားလား''


ခက် ခေါင်းပဲငြိမ့်ပြလိုက်၏။


္''လာ အထဲဝင်ရအောင် ရုပ်ရှင်ကစနေပြီထင်တယ် တစ်ခုခုစားဖို့ ဝယ်ဦးမလား

ကိုယ်က ခုနကတည်းက ဝယ်လာမလို့ပဲ

ပူတူးဖုန်းပြောနေတာတွေ့လို့ မဝယ်တော့ပဲ

ချက်ချင်းပြန်လှည့်လာတာ

ဘာစားမလဲ ကိုယ်သွားဝယ်လိုက်မယ်လေ''


"ဟင့်အင်း မဝယ်ပါနဲ့ ခက် မစားတော့ဘူး''

"ဘာလို့လဲ ကိုယ့်ကို အားနာလို့လား''


"မဟုတ်ပါဘူး ခက်က ရုပ်ရှင်ကြည့်ရင် ဘာမှမစားဖြစ်ဘူး ကိုကိုနဲ့သွားရင်လဲ ဘာမှမဝယ်ဘူး''


"ဘယ်သူက ကိုကိုလဲ''


သူမ စကားမှားသွားတာနဲ့ မျက်နှာကြီး ချက်ချင်းတည်သွားသည့် သူ့ကြောင့် ခက် နှုတ်ခမ်းလေးစူကာ..


"အကျင့်ဖြစ်နေလို့ပါ ချက်ချင်းကြီးတော့ ဘယ်ပြင်လို့ရမှာလဲ''


"ပြင်လို့မရရင် ဝသန့်အကြောင်း ထည့်မပြောနဲ့လေ

ထည့်ပြောချင်ရင် ရအောင်ပြင်''


"ဒါဆိုလဲ ရှင့်ကို တခြားတစ်ခုခုခေါ်မယ်လေ နော်

ကိုကို့ကိုပြင်ခေါ်ဖို့ကျတော့ အကျင့်ဖြစ်နေပြီးသားကြီးမို့လို့ပါ''


"မရဘူး ကိုကိုဆိုတာ ကိုယ့်အတွက်ပဲ

ဝသန့်ကို အစ်ကိုဖြစ်ဖြစ် ကိုကြီးဖြစ်ဖြစ် မင်းကြိုက်သလိုပြောင်းခေါ်''


တယူသန်စွာ ပြောနေသည့် သူ့ကို

သူမ ဘယ်လိုမှ ညှိနှိုင်းလို့မရဘူးဆိုတာ နားလည်တာမို့ ဆက်ငြင်းမနေတော့ပဲ အဆုံးသတ်လိုက်ရ၏။


လာတုန်းကတော့ ရုပ်ရှင်ကြည့်ဖို့ဆိုပေမယ့်

သူ တစ်ခန်းမှစိတ်ဝင်တစားမကြည့်ဖြစ်။

သူမကို သူမေးချင်တာတွေမေးလိုက် 

သူမ မခံချင်အောင်စလိုက်ဖြင့် ဇာတ်ကားသာပြီးသွား၏။


ဒါ့ကြောင့်လဲ ပူတူးက ရုံထဲကပြန်ထွက်လာတော့

"ဒီကား မကြည့်ရသေးဘူးဆိုတာ သေချာရဲ့လား''လို့မေးသွားတာဖြစ်မည်။


သူက''ဘာလို့လဲ''လို့ပြန်မေးတော့

"မသိပါဘူး ဇာတ်လမ်းကိုသေချာမကြည့်ပဲ

စကားတွေများနေလို့''တဲ့။


အဲ့ဒါမင်းကြောင့် လို့တော့ ပြန်မပြောဖြစ်လိုက်ပဲ

သူရယ်ပဲ ရယ်နေလိုက်သည်။


ရုပ်ရှင်ရုံက ထွက်လာတော့ ၁၁နာရီထိုးပြီးနေပြီမို့

သူမနဲ့အတူ နေ့လည်စာစားရန် စားသောက်ဆိုင်တစ်ခုကို သွားလိုက်၏။


"ပူတူး ဘာစားမလဲ''

"ကြေးအိုးရလားမသိဘူး''


"ဟုတ်ကဲ့ ရပါတယ် ခင်ဗျ''

"ဒါဆို ခက်အတွက် ကြေးအိုး''


"ကြေးအိုးတစ်ပွဲနဲ့ ထမင်းကိုဟင်းအစုံနဲ့ပေး ညီ''


ဝန်ထမ်းကောင်လေးထွက်သွားမှ သူ ပူတူးကိုကြည့်ကာ


္''ထမင်းစားချိန်ကို ဘာလို့ ကြေးအိုးစားတာလဲ''

"ထမင်းက အချိန်တိုင်းစားနေရတာကို

ခက်က အပြင်လဲသိပ်မသွားဖြစ်ဘူးလေ

သွားဖြစ်ရင်လဲ ကိုကို.. အဲ ကိုကြီးနဲ့ပဲဆိုတော့ 

ကိုကြီးက ထမင်းစားတဲ့အချိန်ကို 

တခြားဟာတွေစားရင် မကြိုက်ဘူး 

အဲ့ဒါကြောင့် အခုလို အခွင့်အရေးရတုန်း 

ခိုးစားရတာ အဟွန်း ဟွန်း''


"ဒါဆို ကိုယ့်ကို အကြောင်းပြုပြီး မကောင်းတာတွေ လုပ်နေတာပေါ့လေ''


"အာ... အဲ့လိုမဟုတ်ပါဘူး.. 

ဆိုပေမယ့် အဲ့လိုဖြစ်သွားတယ် အဟွန်း''


စားချင်တာစားရတော့မှာမို့လို့လားတော့မသိ။

သူမလေး တခစ်ခစ်နဲ့ရယ်ကာ အူမြူးနေ၏။

သူ့အရှေ့မှာ သူမ ရယ်တာ ဒါပထမဆုံးအကြိမ်မို့

သူလဲ ပြုံးမိသည်။


ကြေးအိုးလာချပေးတော့လဲ ခေါင်းမဖော်တမ်း

အတင်းကာရော ငုံ့စားနေတာမို့ သူ သဘောကျကာ


"အဲ့လောက်ကြိုက်တာလား''


သူမေးလိုက်တော့ စားနေရင်းကနေ ခေါင်းငြိမ့်ပြ၏။


"ဒါစားပြီးရင် ပြန်တော့မှာမလား''

"ပြန်ချင်ပြီလား''


"အွန်း''

"ကိုယ်က ဝယ်စရာရှိလို့ စင်တာတစ်ခုဝင်ရဦးမှာ

အဲ့ဒါပြီးရင် ပြန်လိုက်ပို့မယ်လေ အိမ်ကိုပို့ရမှာလား ကျောင်းကိုလား''


သူမေးလိုက်တော့ သူမက လက်ကငွေရောင်နာရီလေးကို မြှောက်ကြည့်ရင်းမှ


"၁၂နာရီတောင် ထိုးတော့မှာပဲ

စင်တာဝင်ဦးမှာဆိုတော့ ၁နာရီကျော်ကျော်လောက်ဖြစ်သွားမှာ၊ အိမ်ပဲပြန်လိုက်တော့မယ်''


"အိုခေလေ စားစား မဝရင် နောက်တစ်ပွဲထပ်မှာပေးမယ်''

"ဟင့်အင်း တော်ပြီ ဗိုက်ဝပေါ့''


ဗိုက်လေးကိုပုတ်ကာ ပြောနေသည့်

ကလေးမလေးကို ကြည့်ကာ သူဘာတွေကျေနပ်နေမှန်းမသိ။


စားသောက်ပြီးသွားတော့ သူတို့ စင်တာဘက်ကို ထပ်ရွေ့လိုက်၏။ ပါကင်ထိုးပြီး သူမဘက်က ကားတံခါးကို ဖွင့်ပေးလိုက်တော့


"ခက် မလိုက်တော့ဘူးလေ

ဝယ်စရာရှိတာ အေးဆေးသွားဝယ်လို်က်တော့နော်''

"ဟာ... မရပါဘူး မင်းကိုတစ်ယောက်တည်းမထားခဲ့ချင်ဘူး''


"ဘာမှမဖြစ်ပါဘူး ခက်က ကားထဲမှာပဲနေမှာကို''

"ကိုယ်စိတ်မချဘူးလို့ ပြောနေတာ

လာ ဘာအကြောင်းနဲ့မှ နေခဲ့လို့မရဘူး

ထွက်ခဲ့''


ထွက်ခဲ့ဆိုပြီး သူမကို ကားထဲမှ အတင်းဆွဲထုတ်လိုက်တာက သူ။ ငြင်းမရ ပြုမရတဲ့အခြေအနေမို့ သူဆွဲခေါ်တဲ့အတိုင်းပါလာသည့် ပူတူးမျက်နှာလေးက စူပုတ်ပုတ်ဆိုတာ လှည့်မကြည့်လဲ သူသိ၏။


"ဘာဝယ်မှာမို့လို့ ဒီလောက်လျှောက်နေတာလဲ

ခက် ညောင်းနေပြီ''


တကယ်လဲဟုတ်သည်။

ဘာဝယ်ဖို့များ ဒီလောက်အထိ ပတ်လျှောက်နေလဲဆိုတာ သူမ စဥ်းစားမရ။

နာရီဝက်ကျော်သည်အထိ စင်တာထဲပတ်လျှောက်နေတာမို့ ခြေထောက်တွေလဲ ညောင်းလှပြီ။


"ဒီမှာ ဘာဝယ်မှာလဲလို့ 

ခက် ခြေထောက်တွေ တကယ်ညောင်းနေပြိီ''


သူမလက်ကို ဆဲွဲပြီး ရှေ့ကလျှောက်နေသည့် သူ့လက်ကို ဆောင့်ရုန်းပစ်လိုက်ပြီး ပြောလာသည်မို့

သူ လှည့်ကြည့်လိုက်တော့ သူမက စင်တာထဲက လူသွားလမ်းပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ သူ့ကိုမော့ကြည့်နေ၏။


"ဟိတ် လူသွားလမ်းကြီးမှာဘာလို့ထိုင်နေတာလဲ

ထ ထ''


"ခက် ညောင်းနေပြီ 

တကယ် မလျှောက်ချင်တော့ဘူး

ဝယ်စရာရှိတာ ဝယ်ပြီး ဒီနားပြန်လာခဲ့လေ

ခက် ဒီနားကပဲ စောင့်နေမယ်''


"ဟ.. ဖြစ်မလားကွ 

ကိုယ်က ဝယ်စရာဆိုတာထက် ကိုယ့်အသိဆိုင်

တစ်ဆိုင်ကိုသွားမလို့ လိုက်ရှာနေရတာ

မင်းကိုထားခဲ့ပြီး ကိုယ်ကဘယ်လိုဆက်ရှာရမလဲ

ထပါကွာ ဟိုရှေ့နားကဆိုင်လား မသိဘူး

ထ ထ''


"ဟင့်အင်း ခက် မလိုက်ချင်တော့ဘူးဆို''


"မရဘူး ထ ခုချက်ချင်းပြန်ထ''


လက်တစ်ဖက် ကမ်းပေးပြီး သူ့အသံခပ်မာမာနဲ့ပြောလိုက်မှ သူ့လက်ကိုမဆွဲပဲ သူ့ကိုပေစောင်းစောင်းကြည့်ကာ ထရပ်၏။


္''ကိုယ် ဖြည်းဖြည်းလေးပဲ လျှောက်တော့မှာ

နော် ဖြည်းဖြည်းလေးပဲ''


ချော့သလိုလေးပြောလိုက်ပြီး သူမလက်ကိုပြန်ဆွဲလိုက်တော့ သူမက လက်ကိုဖျတ်ခနဲ နောက်ရုတ်လိုက်ပြီး


"သွား ရှေ့ကနေသွား

ခက် ကိုယ့်ဟာကိုယ် နောက်ကလိုက်မယ်''

"မရ...


"မရရင် ခက် မလိုက်ဘူး

ကိုယ့်ဟာကိုယ်သွားတော့''


သူ့ကို မခန့်သည့်ပုံစံလေးဖြင့်

ပြောလိုက်မှ သူသက်ပြင်းချကာ


"ပြီးရောကွာ''


သူမဆန္ဒအတိုင်း နောက်ကိုလှည့်ကြည့်လှည့်ကြည့်ဖြင့် သူသွားနေရင်းမှ အမျိုးသားဝတ်တွေချည်း သီးသန့်ရောင်းသည့် ဆိုင်တစ်ခုထဲကနေ သူ့သူငယ်ချင်း သော်ထက်ကိုမြင်လိုက်တာမို့ တစ်ချက်ပြုံးလိုက်ပြီး နောက်က ပူတူးကိုပြန်လှည့်ကြည့်၏။


"ပူတူး ဘာရပ်ကြည့်နေတာလဲ လာ ကိုယ့်သူငယ်ချင်းဆိုင်တွေ့ပြီ''


ဖိနပ်ဆိုင်အကြီးကြီးရှေ့တွင်ရပ်နေသည့်

ပူတူးအနားကို လျှောက်သွားပြီးမေးလိုက်တော့

ပူတူးက သူ့ကိုမော့ကြည့်ကာ


"ဘာမှမကြည့်ပါဘူး''


မကြည့်ပါဘူးပြောတဲ့သူမက ဖိနပ်ဆိုင်ထဲကို တစ်ခါပြန်ကြည့်ပြီးပြောလိုက်တာမို့

ဂုဏ် သူမရဲ့လက်ကိုဆွဲကာ ဆိုင်ထဲဝင်သွားလိုက်၏။


္''မဂ်လာပါရှင် မိတ်ဆွေတို့ကိုကြိုဆိုပါတယ်

ဘယ်လို ဖိနပ်အမျိုးအစားမျိုးကို လိုချင်တာပါလဲ''


"အဲ့ဒါ သူ့ကိုမေး ပူတူးပြောလိုက်

ခုနက မင်းကြည့်နေတာ ဘယ်ဖိနပ်လဲ''


"ရှင်.!.!. မကြည့်ပါဘူး 

ခက် ဘယ်ဖိနပ်မှမလိုချင်ပါဘူး 

ကျေးဇူးနော်အစ်မ လာပါ ပြန်ရအောင်''


"မပြန်ပါဘူး ပူတူးလိုချင်တဲ့ဖိနပ်ကို ယူပြီးမှ

ဒီဆိုင်ထဲကပြန်ထွက်မှာ''


"ဘယ်ဖိနပ်မှမလိုချင်ပါဘူးဆို လာပြန်မယ်''


ခက် သူ့လက်ကိုဆွဲကာ ဆိုင်ပြင်ပြန်ထွက်ဖို့ပြင်လိုက်ပေမယ့် သူက တုတ်တုတ်မှမလှုပ်ပဲ


"အိုခေလေ မင်းမပြောရင် 

ကိုယ်က ဒီဆိုင်ကဖိနပ်အားလုံးကို ဝယ်လိုက်ရုံပဲ

ဒီမှာ...


"ဟုတ်ကဲ့''

"ဆိုင်မှာရှိတဲ့ ဖိနပ်တွေအားလုံးကို ထည့်ပေးပြီး

စာရင်းတွက်လိုက်''


"ရှင်..ဟုတ်ကဲ့ ဟုတ်ကဲ့''


ဝယ်သူနဲ့ရောင်းသူက အဆင်ပြေနေပေမယ့်

အဆင်မပြေတာက ခက်။


ဆိုင်က ဝန်ထမ်းကောင်မလေးတွေက 

ဖိနပ်တွေကို ပုံးအသီးသီးနဲ့ထည့်ဖို့ပြင်နေတာမို့ ခက် သူ့ကိုမော့ကြည့်လိုက်တော့ 

သူက ဘောင်းဘီအိတ်ထဲကို လက်ထည့်ကာ အေးအေးဆေးဆေးရပ်နေ၏။


ခက် မှားတာပါ။

ဖိနပ်လေးလှလို့ ရပ်ကြည့်မိတဲ့ ခက်ပဲ မှားတာ။

ဒါ့ကြောင့် ခက် သူ့ရှေ့တည့်တည့်ကိုသွားရပ်လိုက်ပြီး


"ခက်လိုချင်တာက ဟိုရှေ့ကစင်မှာပြထားတဲ့ဖိနပ်

ကျန်တဲ့ဖိနပ်တွေမလိုချင်ဘူး''


ထိုအခါမှ သူက မဲ့ပြုံးလေးပြုံးလိုက်ကာ


"ဟေ့ တော်ပြီမထည့်နဲ့တော့ သူပြတဲ့ဖိနပ်ကိုပဲ 

သေချာထည့်ပေး''

"ဟုတ်ကဲ့ရှင့်

ဘယ်ဖိနပ်ဆိုတာ လိုက်ပြပေးနော် ညီမလေး''


ခက် သူ့ကိုမျက်စောင်းထိုးကာ

ဆိုင်ဝန်ထမ်းအစ်မနောက်ကို လိုက်ပြလိုက်၏။

ဆိုင်အဝင်ဝမှာတင်ထားသည့် မိတ်ကပ်ရောင်တစ်လက်မဒေါက်မြင့်ဖိနပ်လေးကို လက်ညှိုးထိုးပြလိုက်တော့ ထိုအစ်မက ဖိနပ်လေးကိုလှမ်းယူကာ


"ညီမလေးက အရမ်းရွေးတတ်တာပဲ

ကဲ တော် မတော် စီးကြည့်ပါဦး''


အနားက ခုံပုလေးပေါ်ထိုင်ပြီး ဖိနပ်လေးကိုစီးကြည့်နေစဥ် သူက အနားလာရပ်၏။


ခြေဖမိုးလေးပေါ်မှာကြိုးပြားလေးပါတဲ့

ဖိနပ်လေးကြောင့် ခက်ရဲ့ခြေချောင်းသွယ်သွယ်လေးက လှပနေ၏။


ကြိုးပြားလေးပေါ်မှ မိတ်ကပ်ရောင်ဖဲပြားပုံစံလေးနဲ့ ဖဲပြားအလယ်မှ အနက်ရောင်ကျောက်ပွင့်လေးတွေကလဲ တစ်မျိုးချစ်ဖို့ကောင်းနေတာမို့ ခက် သဘောကျကာပြုံးလိုက်မိစဥ်


"အခုမှပဲ ဖိနပ်လေးက ပိုင်ရှင်အစစ်နဲ့တွေ့သွားတာပဲ

ဒီဖိနပ်လေးက မြင်တဲ့သူတိုင်းသဘောကျကြတာ

တချို့က မတော်လို့ တစ်ချို့ကျတော့ စျေးကြီးလို့နဲ့ မဝယ်ဖြစ်ကြဘူး''


"စျေးကြီးတယ် ဟုတ်လားအစ်မ

ဘယ်လောက်တောင်စျေးကြီးလို့လဲဟင်''


"နှစ်သိန်းသုံးသောင်းခုနှစ်ထောင်ပါ''

"ဘယ်လို ဘယ်လို နှစ်သိန်းသုံးသောင်းခုနှစ်ထောင်''


"ဟုတ်ကဲ့''

"တော်ပြီ တော်ပြီ ခက် မယူတော့ဘူး''


ချက်ချင်းပင် စီးထားတဲ့ဖိနပ်လေးကိုချွတ်ပစ်လိုက်တော့ ထိုအစ်မက မျက်နှာပျက်သွား၏။ တစ်ပြိုင်တည်းပင် သူကပါ သူမရှေ့ မုဆိုးဒူးထောက်ထိုင်ချလိုက်ပြီး


"ဘာလို့မယူချင်တာလဲ စျေးကြီးလို့လား

ဒါဆိုရင်တော့ မယူလို့မရဘူးနော်''


"မ.. မဟုတ်ပါဘူး

ခက်.. ခက်ရဲ့အခုစီးနေတဲ့ဖိနပ်က အကောင်းကြီးရှိသေးတာကို''


"မဆိုင်လိုက်တာကွာ မရဘူး ယူရမယ်

ညီမ ဒါကိုထည့်ပေးပါ''

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်အစ်ကို''


"နေ.. နေပါဦး မထည့်ပါနဲ့ဦး''


ခက် လှမ်းတားလိုက်ပေမယ့် စျေးရောင်းရဖို့သာ

အာရုံထားနေသည့် ထိုအစ်မက ဆိုင်ထဲက ေကာင်တာကို ဝင်သွား၏။


"ခက် မလိုချင်ပါဘူးဆိုမှ''

"မရဘူးလို့ ကိုယ်ပြောပြီးပြီလေ''


"ဒါဆို ခက်က ဒီဖိနပ်ကို ဘာလုပ်ရမှာလဲ''


အကြောင်းရှာမရသည့်အဆုံးမှာ

ခက်ပြန်စီးထားသည့် ေကျာက်စိမ်းရောင်

ကြိုးသိုင်းကတ္တိီပါဖိနပ်လေးကို 

မေးငေါ့ပြပြီးပြောလိုက်တော့ သူက သူမစီးထားသည့်ဖိနပ်လေးတစ်ဖက်ကို ဆတ်ခနဲဆွဲယူကာ 

ဆိုင်ထဲဝင်သွား၏။


ပြန်လာတော့ သူမရှေ့ကိုချပေးလိုက်သည့် 

ဖိနပ်လေးက သဲကြိုးပြတ်နေတာမို့ 

ခက် မျက်လုံးပြူးသွားကာ သူ့ကိုမော့ကြည့်လိုက်တော့


"ဒီဖိနပ်ကြောင့် ငြင်းနေတာမဟုတ်လား

အခု ဒီဖိနပ်မရှိတော့ဘူးဆိုတော့ မင်းငြင်းလို့မရတော့ဘူး''


"ရှင်... ရှင်.. ဘာလုပ်လိုက်တာလဲ

ဒါက ကိုကိုဝယ်ပေးထားတဲ့ဖိနပ်လေး အဟင့်

ခက် ဒီနေ့မှအသစ်ထုတ်စီးလာတာ

ကိုကို့ကိုတောင် မကြွားခဲ့ရသေးဘူး အဟင့် ဟင့်''


ဖိနပ်အပြတ်လေးကိုကိုင်ကာ

အရူးမလေးလိုငိုနေတဲ့ ပူတူးကိုကြည့်ပြီး

သူစိတ်မကောင်းဖြစ်သွား၏။


ဝသန်ဝယ်ပေးထားတယ်ဆိုတာရော

ဒီနေ့မှထုတ်စီးလာတဲ့ဖိနပ်အသစ်လေးဆိုတာရော

သူမှ မသိတာ။ သိရင် အခုလိုလုပ်ပါ့မလား။

အခုတော့ မတတ်နိုင်တော့ဘူး။

ဖိနပ်ကလဲပြတ်သွားပြီ။ သူမလဲ ငိုသွားပြီ။


"ဆောရီးကွာ ကိုယ်က ဒီလိုမှန်းမှမသိတာ

ပြီးတော့ ပူတူးက ဒီဖိနပ်ကြောင့် ကိုယ်ဝယ်ပေးတာကိုငြင်းနေတာကို''


သူမကိုမျက်ရည်သုတ်ပေးရင်းချော့လိုက်သော်လည်း


္''ကိုကိုက သူဝယ်ပေးတဲ့ဖိနပ်ရောလို့ မေးရင် ခက်ဘယ်လိုဖြေရမှာလဲ''

"ပြတ်သွားပြီ ဒါမှမဟုတ်ရင် ပျောက်သွားလို့လို့

ဖြေလိုက်လေ နော်''


"အဟင့် ကိုကိုက စိတ်ဆိုးပြီး နောက်တစ်ခါဝယ်မပေးတော့ရင် ဘယ်လိုလုပ်မလဲ''

"ဟိုကိုကို ဝယ်မပေးရင် ဒီက ကိုကိုက ဝယ်ပေးမယ်ကွာ မငိုနဲ့တော့ တိတ် တိတ်''


"ကိုကိုနဲ့ရှင်နဲ့တူလို့လား''

"ဘာကွ... တူလို့လား ဟုတ်လား

အေး ဟုတ်တယ် မတူဘူး

ဝသန်က မင်းရဲ့အစ်ကို ငါကမင်းချစ်သူ

မတူဘူး''


သူ့အမှားမို့ရန်တွေ့တာ သည်းခံနိုင်ပေမယ့်

ဝသန်ကိုတော့ တကိုကိုနဲ့ဖြစ်နေပြီး

သူ့ကိုကျတော့ တရှင်ရှင်နဲ့မို့ စိတ်ပေါက်ကာ

အော်ပစ်လိုက်တော့ ငြိမ်ကျသွား၏။


"ကိုယ့်ကို ကိုကိုလို့ခေါ်ဖို့ကိုကျတော့

ချော့ပြောလို့မရ ခြောက်ပြောလို့မရနဲ့

ဝသန့်ကိုကျတော့ ကိုကို ကိုကိုနဲ့သည်းပြနေတာ

ကိုယ်ဘယ်လောက်ခံရခက်လဲသိရဲ့လား''


"အို.. ဒါကတော့ ကိုကိုက ခက်ရဲ့အစ်ကိုပဲဟာ''


"ဒါဆို ငါကရော ငါကရော မင်းအတွက်ဘာကောင်လဲ ဟမ် ပူတူး''


ဟုတ်ပါတယ်။

မောင်နှမတော်သည့်အပြင် ဝသန်က သူမလေးကို

ဘယ်လောက်ဂရုစိုက်သလဲဆိုတာသူသိသည်။


သို့ပေမယ့် ရုပ်ရှင်ကြည့်တော့လဲ ကိုကိုနဲ့ကြည့်ပြီးပြီ။ 

မုန့်ဝယ်တော့လဲ ကိုကိုနဲ့ဆိုရင်လဲ ဝယ်မစားဘူး။ ကြေးအိုးစားတာတောင် ကိုကိုက ထမင်းချိန်ကို ထမင်းမစားပဲ ကြေးအိုးစားတာမကြိုက်ဘူးဆိုတာကပါသေး။

ေဟာ အခုလဲ ဖိနပ်ပြတ်တာတောင် ကိုကိုဝယ်ပေးထားတာမို့ဆိုပြီး နှမြောတသဖြစ်နေသေး၏။


တစ်နေကုန် ဝသန်ကို ကိုကို ကိုကိုနဲ့ တဖွဖွပြောနေသမျှ မနာလိုဖြစ်ခဲ့ရတာတွေကို ဖွင့်ထုတ်လိုက်တော့လဲ နောက်ဆုံးစိတ်ညစ်ရတာက သူပဲဖြစ်နေပြန်၏။


"မငိုနဲ့ တိတ်တော့

ဝသန်က ဖိနပ်ပြတ်လို့ဆူရင်လဲ

ကိုယ့်ကြောင့်လို့ပြောလိုက်''


"ဘာကိစ္စပြောရမှာလဲ 

ရှင်နဲ့ခက်နဲ့က ဘာဆိုင်လို့ ရှင့်ကြောင့်လို့

ပြောရမှာလဲ''


"မဆိုင်ဘူးဟုတ်လား

​ ေအး ဆိုင်အောင်ကိုယ်လုပ်ပြရမလား''


ထိုစဥ် ဖိနပ်ပုံးလေးဆွဲကာ

ပြန်လာသည့်ဝန်ထမ်းကောင်မလေးလက်ထဲက

ဖိနပ်ကိုထုတ်ကာ စီးပေးဖို့ပြင်လိုက်တော့ 

ပူတူးက မစီးဘူးဆိုသည့်သဘောဖြင့်

ခြေချောင်းလေးတွေကို ကုတ်ထား၏။


"ပူတူး ကိုယ်စိတ်မတိုချင်ဘူးနော်''


ဒါလဲ မလှုပ်။

မျက်နှာလေးကိုပါ တစ်ဖက်လွှဲပစ်လိုက်သေးတာမို့

စိတ်မရှည်တဲ့သူကပဲ သူမခြေထောက်ကိုဆွဲယူကာ

အတင်းစီးပေးလိုက်မှ ဒီကိစ္စပြီးသွား၏။


စိတ်ကောက်တဲ့သူကကောက်

ဒေါသထွက်တဲ့သူက ဒေါသထွက်နဲ့

ထိုနေ့က သော်ထက်ဆိုင်ကိုပင် မဝင်ခဲ့တော့ပဲ

လှည့်ပြန်လာခဲ့၏။


တစ်လမ်းလုံး စကားတစ်ခွန်းမှမပြောပဲ

မျက်နှာတည်တည်လေးဖြင့် ကားအပြင်ကိုပဲ

ငေးလိုက်လာသည့် ပူတူးက

သူမတို့လမ်းထိပ်ကို ကားရပ်လိုက်တာနဲ့ 

ကားတံခါးဖွင့်ကာ ချက်ချင်းဆင်းသွား၏။


"ဟိတ် ကိုယ်ညကျရင် ဖုန်းဆက်မှာနော်

ပူတူး ဟေ့ ကြားလား''


ကြားမယ်ဆိုတာသိပါသည်။

သို့ပေမယ့် ဘာမှပြန်မပြောပဲ ​သူမတို့ခြံဘက်ကို တဒိုင်းဒိုင်းလျှောက်သွားသည့် ပူတူးကြောင့်

သူ့ရင်ထဲလေးနေမိသည်။


ဒါ့ထက်ပိုဆိုးတာက သူနဲ့ခပ်လှမ်းလှမ်းရောက်တာနဲ့ သူဝယ်ပေးထားသည့် ဖိနပ်ကိုချွတ်ကာ

လမ်းဘေးက ပလက်ဖောင်းလေးပေါ်တင်ထားခဲ့သေး၏။


ကလေးဆန်လွန်းသည့် သူမပုံစံလေးကို

အူယားမိပေမယ့် သူမစိတ်ဆိုးသွားသည့်အဖြစ်ကြောင့် မရယ်မိတော့ပေ။


စျေးကြီးလို့ နှမြောတာမျိုးမဟုတ်ပေမယ့် 

သူမနဲ့အရမ်းလိုက်တဲ့ဖိနပ်လေးမို့ ကားပေါ်ကဆင်းပြီး ကောက်ယူသိမ်းဆည်းမိပြန်သည်။


"မင်းအရမ်းဆိုးပါလားကွာ''


>>>>>>>>>><<<<<<<<<<


နေ့လည်ကဖြစ်ပျက်သွားတဲ့ပြဿနာကြောင့်

တစ်နေကုန် ထိုင်မရ ထမရဖြင့် သက်ပြင်းတချချဖြစ်နေရသူက ဂုဏ်ရယ်ပါ။


သူ့ဝယ်ပေးသည့်ဖိနပ်ကို လမ်းဘေးပစ်ချပြီး

ကလေးဆန်ဆန် ဂျစ်ပေါက်ပေါက်လုပ်သွားသည့် ပူတူးကြောင့် အခုလိုဖြစ်နေရခြင်း။


ဧည့်ခန်းထဲမှာရှိသည့် တိုင်ကပ်နာရီကိုလှမ်းကြည့်လိုက်တော့ ညနေ ၅နာရီနဲ့ ၁၇မိနစ်။


တစ်ခါမှမခံစားဖူးတဲ့ စိတ်မဖြောင့်ခြင်း

နောက်ဆံတင်းခြင်းတွေရဲ့အဆုံး

လက်တွေက စားပွဲပေါ်မှာရှိတဲ့ကားသော့ဆီရောက်၏။


ဒီပုံအတိုင်းဆိုရင် ည သူဖုန်းဆက်ရင်လဲ

ပူတူးကိုင်မှာမဟုတ်ဘူးဆိုတာသေချာသည်။

ညအိပ်ရေးမပျက်ဖို့ရာ အခုကတည်းက နှင်းဆီမြိုင်ကို သွားရှင်းဖို့အရေးကြီးတာကြောင့်

ကားသော့ကိုဆွဲကာ အိမ်ရှေ့ထွက်လာခဲ့တော့၏။


"သား ဂုဏ်လေး 

ဒါဘယ်သွားဖို့ပြင်နေတာလဲ''

"မေမေ...


"ဟုတ်ပါ့ရှင် ဟော့ဒီ့က သားလိမ္မာလေးရဲ့အမေပါရှင်၊ ဘယ်လိုလဲကွဲ့ အိမ်ကထွက်သွားပြီးကတည်းက အမေ့ဆီကိုတစ်ခေါက်မှလာမကြည့်တဲ့သားက ညနေမိုးချုပ်ကို ဘယ်သွားမလို့ပြင်နေတာလဲ''


ဦးရာဇဂုဏ်ရဲ့ မိန်းမပီပီ 

ဟိုချိတ် ဒီချိတ်စကားတွေပြောနေသည့်မေမေက

သူ့လက်ထဲက ကားသော့ကို ဆတ်ခနဲဆွဲယူကာ


"လာ မင်းကိုပြောစရာရှိသေးတယ်

အခု အိမ်ထဲလိုက်ခဲ့''


"ဟာ.. မေမေ ကျွန်တော်အပြင်သွားစရာရှိသေးတယ်ဗျ၊ နောက်ရက်မှ နောက်ရက်မှ မေမေ့ဆီကျွန်တော်လာခဲ့မယ်လေ နော်''


"မ..ရ..ဘူး၊ မင်းကိစ္စက ဘယ်လောက်အရေးကြီးကြီး ဖျက်ပစ်လိုက်''


"ဟာဗျာ...


ဖြေရှင်းချိန်မရလိုက်တဲ့အဆုံးတွင်

မေမေက ပိုက်ဆံအိတ်ကြီးကိုချိတ်ကာ

အိမ်ထဲကို ကော့ကော့ ကော့ကော့​ြဖင့် ဝင်သွား၏။


"ထိုင်လေ''


သူမနောက်ကနေလိုက်ဝင်လာပေမယ့် 

ထိုင်ခုံတွင်ဝင်မထိုင်ပဲ တောင့်တောင့်ကြီးရပ်နေတာမို့

သူမ အလိုမကျသလိုပြောလိုက်တော့


"မထိုင်တော့ဘူး မေမေပြောစရာရှိတာ မြန်မြန်ပြောပါ၊ ကျွန်တော်အချိန်မရှိဘူး''


"အမယ် အချိန်မရှိဘူးပြောရအောင် မင်းမှာဘာအလုပ်ရှိလို့လဲ၊ မင်းဖေဖေ မနေ့က မင်းဆီလာတယ်ဆို''


"ဟုတ်တယ်''

"ကုမ္ပဏီမှာ အလုပ်ဝင်ဖို့ပြောတာကို မင်းကငြင်းလိုက်တယ်ဆိုတာ အမှန်ပဲလား''


သူ ေခါင်းငြိမ့်ပြလိုက်တော့ မေမေက သူ့ကို

အလိုမကျသည့်မျက်လုံးများဖြင့် ခပ်တင်းတင်းကြည့်ကာ


"အကြောင်းပြချက်ကဘာလဲ ဂုဏ်''


"ဘာကိုလဲ မေမေရာ၊ ကျွန်တော်ဝါသနာမပါလို့ မလုပ်ချင်လို့မလုပ်တာပေါ့၊ အဲ့ဒါက မေမေတို့အတွက် ပြဿနာဖြစ်နေတာလား၊ ဟုတ်လား မေမေ''


"ဟေ့ ဟေ့ စေတနာကိုမစော်ကားနဲ့ ဂုဏ်၊ မင်း အလုပ်မရှိ အကိုင်မရှိနဲ့ ေလလွင့်ပြီး ပျက်စီးသွားမှာစိုးလို့ မိဘတွေက လိုက်ထိန်းသိမ်းပေးနေတယ်ဆိုတာကို နားလည်ထားစမ်းပါ''


"တော်ပြီမေမေ၊ အခုချိန်မှာ ဒီကိစ္စကို ဆွေးနွေးနေဖို့ ကျွန်တော်စိတ်ကအဆင်ပြေမနေဘူး၊ ပြီးတော့ ဆွေးလဲမဆွေးနွေးချင်ဘူး၊ ဒီအကြောင်းတွေပဲ ပြောနေမယ်ဆိုရင် ကျွန်တော်ဆက်ပြီးနားထောင်မနေတော့ဘူး၊ ကားပါတယ်မလား လိုက်မပို့တော့ဘူး''


ေပြာပြီးတာနဲ့တကယ်ကြီး အပြင်ထွက်ဖို့ပြင်နေတဲ့သားကြောင့် အစော စားပွဲပေါ်က ကားသော့ကို လှမ်းယူလိုက်ပြီး


"နေဦး ဒီကိစ္စပြောလို့မကြိုက်ဘူးဆိုရင် တခြားကိစ္စပြောမယ် လာ ထိုင်''

"မထိုင်ပါဘူးဆို မေမေရာ''


"မလိုချင်ဘူး ထိုင်ဆိုထိုင်လိုက်၊ မေမေ မင်းကိုဒေါသမထွက်ချင်ဘူး''


ထိုအခါမှ သူမရဲ့ဘေးက ခုံရှည်ကြီးတွင်ဝင်ထိုင်၏။


မျက်စောင်းထိုးခုံတွင်ဖြစ်​ေနသည့် သားဖြစ်သူဘက်ကိုလှည့်ကာ


"မေမေ သတင်းတစ်ခု ကြားထားတယ် သား

မင်း မဟုတ်က ဟုတ်က ကောင်မလေးတွေနဲ့

ဇာတ်လမ်းလုပ်နေတယ်ဆို အဲ့ဒါ ဟုတ်လား''


"အဲ့ဒီ့သတင်းကို မေမေ နှင်းစက်ဆီကရလာတာမဟုတ်လား ဒါမှမဟုတ်ရင် မလေးဆီကလား''


"ဘယ်သူ့ဆီက ရလာ ရလာ 

အဓိကက မင်း မဟုတ်တာလုပ်နေလား

မလုပ်ဘူးလားဆိုတာကို သိချင်တာ

ပြော ဒီသတင်းအမှန်ပဲလား''


သူခပ်တည်တည်မေးလိုက်သလို

မေမေကလဲ လေသံမလျော့ပဲ 

ခပ်တည်တည်ပဲ ပြန်ပြောလာတာမို့ 

ဂုဏ် မျက်ခုံးကို လက်မဖြင့်အသာကုတ်ခြစ်ကာ


"အချိန်တန်ရင် မေမေသိလာမှာပါ

မေမေတို့ကိုယ်တိုင် လိုက်တောင်းပေးရမယ့်

မေမေတို့ချွေးမကို အဲ့ဒီ့အချိန်ကျမှ

ဘယ်လို မိန်းကလေးလဲဆိုတာ

သေချာလေ့လာရင်လဲ နောက်မကျသေးပါဘူး''


"ဒါဆို မင်း တစ်ယောက်ယောက်နဲ့တွဲနေတာတော့

သေချာတယ်ပေါ့''


"သေချာတယ် မေမေမေးချင်တာ ဒါပဲမဟုတ်လား ကျွန်တော့်မှာ သွားစရာရှိသေးလို့''


ဂုဏ် ထရပ်ရင်းကပြောလိုက်တော့

မေမေက သူမလက်ထဲမှ ကားသော့လေးကို

သူ့ထံ လှမ်းပေးရင်းကနေ


"ဉာည့်မနက်စေနဲ့နော် 

အရက်တွေလဲ သောက်မလာနဲ့ ကြားလား ဂုဏ်''


"ကျွန်တော်က ကလေးမှမဟုတ်ပဲ မေမေရာ''


ဒါ သူမစကားကို နာခံတဲ့သဘောလား။

ကလေးမဟုတ်လို့ မနာခံနိုင်ဘူးလို့ 

ပြောလိုက်တဲ့စကားလား မသိ။


သူမဆီမှ ကားသော့ယူပြီးထွက်သွားသည့်

သားတော်မောင်ကတော့ ကားကို ခြံထဲကနေ 

ဝှီးခနဲနေအောင် မောင်းထွက်သွားတာမို့...


"အရမ်းအရေးကြီးတဲ့ကိစ္စ ထင်တယ်''


>>>>>>>>>><<<<<<<<<<<<


"ကိုကို့''


ခက် တံခါးဖွင့်ထားသည့် ကိုကို့အခန်းရှေ့မှာရပ်ကာ 

အခန်းထဲက ကုတင်ပေါ်တွင် ဖုန်းသုံးနေသည့်

ကိုကို့ကို လှမ်းခေါ်လိုက်တော့...


"သစ်ခက်လေး လာလေ ဝင်ခဲ့''

"ဟုတ်''


မျက်နှာငယ်လေးဖြင့် သူ့အခန်းထဲဝင်လာသည့်

ညီမဖြစ်သူကို ဝသန်ခေါင်းအစခြေအဆုံးကြည့်ကာ လက်ထဲကဖုန်းကို ဘေးက ခုံလေးပေါ်တင်လိုက်ပြီး


"ဒါ ဘာဖြစ်လာ​ြပန်ပြီလဲ ဟမ်''

"ကိုကို ခက်လေ... ခက် ကိုကို့ကိုတောင်းပန်စရာရှိလို့''


"တောင်းပန်စရာ..


ဝသန် သူမစကားကို သံယောင်လိုက်ပြီးမေးလိုက်တော့

ခေါင်းလေးငြိမ့်ပြကာ


"ခက်ကို ကိုကိုဝယ်ပေးထားတဲ့ဖိနပ်လေ

အစိမ်းရောင်ကြိုးသိုင်းဖိနပ်လေးလေ

ကိုကို ဟိုတစ်ခါ မန္တလေးက ပြန်လာတုန်းက

ဝယ်လာတဲ့ဖိနပ်လေးလေ''


မမှတ်မိ မှတ်မိအောင် ပုံဖော်ပြီးပြောနေတာမို့

ကုတင်ပေါ် လှဲနေသည့် ဝသန့်မှာ မနေသာတော့ပဲ ထထိုင်လိုက်ပြီး စဥ်းစားခန်းဖွင့်လိုက်ရ၏။


"ကိုကို မှတ်မိလားဟင် အဲ့ဖိနပ်ကို''


"အင်း... မှတ်မိသလိုလိုတော့ရှိတယ်

နေပါဦး အဲ့ဖိနပ်က ဘာဖြစ်လို့လဲ''


"ခက် အဲ့ဖိနပ်ကို ဒီနေ့ ကျောင်းကိုစီးသွားတာ''

"ဪ... ဒါများ ဘာဖြစ်လဲ

ကိုကိုက ညီမလေးစီးဖို့ဝယ်ပေးတာကို

အဲ့ဒါ လာပြောတာလား ဘာမှမဖြစ်ဘူး စီးစီး''


"မဟုတ်ဘူး ခက်ပြောချင်တာက

အဲ့ဖိနပ် ဒီနေ့ ပြတ်သွားလို့''

"ဟမ်''


ခုနကနဲ့ မတူတော့ပဲ မျက်ခုံးတွေတွန့်ချိုးသွားသည့်

ကိုကို့ပုံစံက အံ့ဩသွား၍လားမသိ။

အေးလေ ဒီနေ့မှ ထုတ်စီးတာကို ဒီနေ့ပြတ်သွားတယ်ဆိုတာက ယုတ္တိမှမရှိပဲ။


"ဖိနပ်လေးက အရမ်းလှတာ ကိုကိုရဲ့

ခက်နဲ့လဲ အရမ်းလိုက်တာ သိတယ်မလား

ခက်ရဲ့ခြေချောင်းလေးတွေက အရမ်းလှတော့လေ အဟင်း ဟင်း''


ခက် မျက်နှာချိုသွေးပြီးပြောနေပေမယ့် 

ကိုကိုက မျက်မှောင်ကြုတ်ကြည့်နေဆဲ။


"ခက်က အရမ်းကြိုက်ပေမယ့်

ဒီနေ့ ဘတ်စ်ကားပေါ်ကအဆင်း

နောက်ကလူက ခက်ဖိနပ်ကိုတက်နင်းမိတာ

အဲ့ဒါပြတ်သွားရော အဟင်း''


ခက် မချိပြုံးလေးပြုံးပြီးပြောလိုက်ကာ

ကိုကိုအနားကိုသွားထိုင်လိုက်ပြီး


"ခက် တောင်းပန်ပါတယ်နော်

ခက် တမင်လုပ်တာမဟုတ်ပါဘူး

နော် နော်လို့ ခက်ကို စိတ်မဆိုးဘူးမလားဟင်

ကိုကိုလို့ ခက်ကိုစိတ်ဆိုးသွားတာလား''


"ညီမလေးနဲ့ အရမ်းလိုက်တယ်ဆိုလို့ နှမြောတာ

စိတ်ဆိုးလားဆိုတော့ ငါ့ညီမလေးစီးထားတဲ့ပုံစံလေးကို

မမြင်လိုက်ရလို့ စိတ်မကောင်းဖြစ်တယ်

ဘာလို့ ကိုကို့ကို အရင်လာမပြတာလဲ ပြော''


ထိုအခါမှ ခက် သက်ပြင်းချနိုင်သွား၏။

တစ်စုံတစ်ခုကို မျှော်လင့်တာမျိုးမဟုတ်ပေမယ့်

ကိုကို သူမကို စိတ်ဆိုးမှာတော့ တကယ်ကြောက်သည်။


"ခက် မနက်က ကျောင်းမသွားခင် 

ကိုကို့ဆီ လာသေးတယ် ကိုကိုမနိုးသေးလို့''

"ဪ...


"အကိုလေး အောက်ထပ်မှာ ကိုနေအရိပ်ရောက်နေပါတယ်''

"ဟုတ်လား ခဏစောင့်ခိုင်းလိုက်လေ

 ကျွန်တော်ဆင်းခဲ့မယ် မတူး''


"ဟုတ်ကဲ့ အကိုလေး''


မတူး ပြန်ဆင်းသွားတော့ ခက် ကုတင်ပေါ်ထိုင်နေရာမှ

ထရပ်လိုက်ပြီး


"ဒါဆို ခက်ပြန်တော့မယ်''

"အွန်း ကိုကိုအောက်ထပ်လိုက်ခဲ့မယ်

လာ အတူတူဆင်းကြတာပေါ့''


"ဟုတ်''


မောင်နှမနှစ်ယောက် စကားတပြောပြောဖြင့်

အခန်းထဲကအထွက် ကိုကိုက သူမကိုကြည့်ကာ

တစ်ခုခုကိုစဥ်းစားနေသလိုလေးလုပ်ပြီး


"ဒါနဲ့ ခုနက ညီမလေးပြောတဲ့

ညီမလေး ခြေချောင်းလေးတွေက 

အရမ်းလှတယ်ဆိုတာ ဟုတ်လို့လားကွ''


"ဘာလဲ ကိုကိုက မယုံဘူးလား''


"အမှန်တိုင်းပြောရရင် မယုံဘူးကွ

ကိုကိုမှတ်မိတာက ငယ်ငယ်တုန်းက

ညီမလေးရဲ့ ခြေချောင်းလေးတွေက ပုပုတိုတိုနဲ့

အဆစ်တိုလေးတွေလေ''

"ဟွန့် ကိုကိုနော်''


"တကယ် အွန်း... ဘယ်လိုပြောရမလဲ

အရေပြား..ရောဂါသည်တွေ..လိုမျိုး....

"ကိုကို့''


"ဟား..ဟား..ဟား...

ဟုတ်တယ် ဟုတ်တယ် နူနာရောဂါသည်တွေလေ''

"နူ မနူ သိချင်လား လာခဲ့ ကိုကို့ကို

ခက် နူ မနူပြမယ်''


ခက် ပြောပြောဆိုဆိုဖြင့် ကိုကို့ကျောပြင်ကို 

လက်သီးဆုပ်လေးဖြင့် လှမ်းထုလိုက်တော့ 

ကိုကိုက ကျောကော့ရှောင်ကာ


"အေး လက်လွန်မယ်နော် လက်လွန်မယ်

ကိုကိုက အသားနာရင် စိတ်တိုတယ်နော်''


ပြောပြီး လှေကားအတိုင်း ပြေးဆင်းသွားတာမို့

ခက် မျက်စောင်းလေးထိုးကာ ရပ်ကျန်ခဲ့၏။


"ဟျောင့် ဝသန် မင်းကို ငါပြောစရာရှိလို့''

"ဟာ.. လန့်လိုက်တာကွာ''


ရုတ်တရက်ကြီး လှေကားမှာရပ်စောင့်နေသည့်

နေအရိပ်ကြောင့် ဝသန်အလန့်တကြားဖြစ်သွားကာ

လှေကားပေါ်ကိုမော့ကြည့်ရင်းမှ


"ဘာလဲ ဘာပြောမလို့လဲ''

"ငါမနက်က ရုပ်ရှင်ရုံမှာ သစ်ခက်ကို 

ယောက်ျားလေးတစ်ယောက်နဲ့တွေ့လိုက်တယ်''


"ဘာ...


ထိုစဥျ..


"ကိုကို မပြေးနဲ့နော်

ခက် ကိုကို့ကို...အာ့..ကိုကို့..''


လှေကားအခြေတွင်ရပ်နေသည့် ကိုကို့ကိုတွေ့ကာ

ဝမ်းသာအားရပြေးဆင်းလာသည့် သူမ

လှေကားထစ်တစ်ထစ်ကို ကျော်ဆင်းမိပြီး

လူကဟန်ချက်ပျက်သွားကာ

လှေကားမှပြုတ်ကျလုလုအချိန်...


"သစ်ခက်..


"သစ်ခက် မျက်လုံးဖွင့်ကြည့်ဦး

ဘာမှမဖြစ်ဘူး ဟေ့.. သစ်ခက်''


ကြောက်လန့်တကြားဖြင့် ဖြစ်ချင်ရာဖြစ်ဆိုပြီး

မှိတ်ချလိုက်တဲ့မျက်လုံးတွေကို အားယူပြီးဖွင့်ကြည့်လိုက်တော့


"ဟင်... အစ်ကို..


ကိုနေအရိပ်က သူမရဲ့ခါးလေးမှ သိမ်းဖက်ထားတာမို့ ပြုတ်မကျပဲ ရှိနေခြင်း။

ဘာမှမဖြစ်ဘူးဆိုပြီး သိလိုက်တဲ့အချိန်မှ

အောက်ကိုငုံ့ကြည့်လိုက်တော့

လှေကားထစ်သုံးထစ်သာ ရှိတော့လို့တော်သေးသည်။


လှေကားအခြေတွင် ရပ်နေသည့် ကိုကိုက 

သူမတို့ကို မျက်လုံးပြူးပြူးဖြင့် ကြည့်နေတာမို့

ခက် ကြက်သီးတွေပင်ထသွားကာ သူမရဲ့ခါးကိုဖက်ထားသည့် ကိုနေအရိပ်ရဲ့လက်တွေကို ဆွဲဖယ်လိုက်စဥ်...


"ပူ.. တူး.. ''

"ဟင်''


ဒေါသသံပါသည့် အခေါ်အဝေါ်တစ်ခုကြောင့်

အသံလာရာဘက်ကို ခက်လှည့်ကြည့်လိုက်တော့

အိမ်တံခါးနားမှ သူမကို မျက်လုံးနီနီရဲရဲကြီးများဖြင့်

စားမတတ် ဝါးမတတ် မော့ကြည့်နေသည့်......


>>>>>>>>>><<<<<<<<<<


အားပေးတဲ့ အသဲတွေအားလုံးကို ကျေးဇူးတင်ပါတယ်😘😘


အပိုင်း(၁၂)မျှော်


စာရေးသူ-Merida(Tulip)


rate now: