မင်းဘာဖြစ်လို့ သူမကို အကြမ်းမဖက်တာလဲ
ဝိညာဉ်နတ်မိမယ်လေး… နတ်သမီးလေးတစ်ပါးလို တင့်တယ်ပြီး သေလောက်အောင်လှတဲ့ အလှပိုင်ရှင်လေး…
ဝိညာဉ်နတ်မိမယ်လေး၏ ဒီပုံရိပ်က အားလုံး၏ ရင်ထဲအသည်းထဲမှာ စွဲမြဲနေပြီလေ… သူမဟာဆိုရင် အဖက်ဖက်က ပြည့်စုံကောင်းမွန်နေတဲ့သူလေးပေါ့… ဒါကြောင့် ဘယ်သူမှ သူမအပေါ် မကောင်းတဲ့အတွေး မတွေးသင့်... တွေးလည်း မတွေးကြပေ။
လူအုပ်ကြီးက ဝိညာဉ်နတ်မိမယ်လေး ထွက်ခွာသွားတာကို နှမြောတသသနှင့် ကြည့်နေကြသည်။
သူတို့ကို ကြည့်ရတာ ရှန်ထန်းအရင်ဘဝတုန်းက တွေ့ဖူးတဲ့ ဝါသနာအိုးပရိသတ်တွေ အတိုင်းပဲ… ချစ်ခင်စွဲလမ်းမှုအပြည့်… စိတ်အားထက်သန်မှုအပြည့်… ယုံကြည်အားကိုးမှုအပြည့်နှင့်ပေါ့…
“ဝိညာဉ်နတ်မိမယ်လေး ပြန်သွားပြန်ပြီ။ ငါ့အချစ်ကလေးလည်း ငါ့ကိုထားသွားပြီ”
“အိမ်မက်မက်မနေနဲ့… မင်းမှာ ဘာအချစ်မှ မရှိဘူး”
“စောစောက ဝိညာဉ်နတ်မိမယ်လေး ဘာပြောသွားလိုက်တယ်… ကောင်းကင်ဝိညာဉ်ပြခန်းမှာ ကံအပြောင်းအလဲတွေ့ကိန်းတွေ အများကြီးပဲလို့ ပြောသွားတာလားလို့”
“ဝိညာဉ်နတ်မိမယ်လေးက နတ်ပညာရပ်ဖြစ်တဲ့ သတ္တုရိုင်းထိုးထွင်းသိမျက်လုံးကို တတ်မြောက်ထားလို့ သတ္တုရိုင်းတုံးအားလုံးကို ဖောက်မြင်နိုင်စွမ်းရှိတယ်လေ… သူမက ကောင်းကင်ပြခန်းထဲမှာ သတ္တုရိုင်းတုံးကောင်းတွေ ရှိတယ်လို့ ပြောမှတော့ သေချာပေါက် ရှိမှာပေါ့ကွ”
“ညီနောင်တို့… ဒါက ငါတို့တွေအတွက် ချမ်းသာနိုင်မယ့် အခွင့်အရေးပဲကွ”
“ကျွန်တော်တော့ ဟိုရွှေရောင်သတ္တုရိုင်းတုံးက ကောင်းတယ်လို့ ထင်တာပဲ။ အဲ့ဒါက လက်ရာမြောက်ပုံစံရှိနေတဲ့အပြင် လင်းလက်နေတယ်လို့လည်း ထင်ရတယ်။ သေချာပေါက် အထဲမှာ ရတနာကောင်းတစ်ခုခု ရှိနေမှာပဲ”
“ကျုပ်ကတော့ အစိမ်းရောင်နဲ့ဟာက ပိုကောင်းတယ်လို့ ထင်တာပဲ။ အဲ့ဒါက ဗျပ်စောင်းပိုက်ထားတဲ့ နတ်သမီးလေးတစ်ပါးလိုမျိုး ထူးခြားတဲ့ပုံစံ ရှိနေတယ်။ ပြောမရဘူး… အထဲကနေ ထာဝရနတ်သမီးလေးတစ်ပါး ထွက်ရင် ထွက်လာမှာ”
“မလုကြနဲ့… ငါ့ဟာတွေ… အားလုံးက ငါ့ဟာတွေကွ”
.....................
ထိုအခိုက်အတန့်တွင်ကား ကောင်းကင်းဝိညာဉ်ပြခန်းတစ်ခုလုံးမှာ ဝယ်သူအများအပြားနှင့် စီးပွားဖြစ်နေလေတော့သည်။
နဂိုက မျက်နှာပုပ်နှင့်ဖြစ်နေသည့် ဆိုင်ပိုင်ရှင်သူဌေးစုန့်က ထိုအချိန်မှသာ မျက်နှာနည်းနည်း ပြန်ကောင်းလာလေသည်။
ရှန်ထန်းကတော့ အူကြောင်ကြောင်ရုပ်ကလေးနှင့် ဝိညာဉ်နတ်မိမယ်လေး ထွက်သွားသည့်ဘက်ကို သံယောဇဉ်မပျက်နိုင်စွာ စိုက်ကြည့်နေဆဲပေါ့…
သူက ဝိညာဉ်နတ်မိမယ်လေး ထွက်သွားတာကို မခံစားနိုင်သည်မဟုတ်ပေ။ သူမခေါင်းပေါ်က ရောင်ဝါစက်ဝန်းနှင့် ပတ်သက်ပြီး အဖြေရှာမရသေး၍ သူက စိတ်မသက်မသာဖြစ်နေခြင်းသာ…
ကံဆိုးလွန်းတဲ့ မင်းသား(၁၃)ရဲ့ကံကြမ္မာကို ပြောင်းလဲဖို့အတွက် တစ်ခုတည်းသော မျှော်လင့်ချက်မှာ လာဘ်ကံကောင်းသူများဆီကနေ သူတို့ရဲ့ကံအပြောင်းအလဲအခွင့်အရေးကို အချောင်မျှဝေယူဖို့လေ…
မမျှော်လင့်ဘဲ သူကြည့်ကြည့်လို့မရနိုင်သည့် ကံအပြောင်းအလဲအခွင့်အရေးရှိသူတစ်ယောက်နှင့် ရှန်ထန်း လာဆုံမိသွားသည်။ သည့်အတွက်ကြောင့် သူမက မူမမှန်ပြောင်းလဲမှုတစ်ခုဟု ရှန်ထန်းက ခံစားမိသည်။ သည်ပြောင်းလဲမှုက သူ့အား အင်မတန်ကို ဘေးကင်းလုံခြုံမှု မရှိသလိုမျိုး ခံစားရစေသည်။
“အရှင့်သား… ကောင်မလေးကို အရှင့်သား တကယ်သဘောကျတယ်ဆိုရင် နောက်ကနေ လိုက်သွားပြီး ပိုးပန်းပါ့လား”
“ဟုတ်တယ်… အရှင့်သား… ဝိညာဉ်နတ်မိမယ်လေးက အရှင့်သားအတွက် အသင့်တော်ဆုံးသူပဲ… နောက်မှ နောင်တရနေရမယ့်အဖြစ်မျိုး အဖြစ်မခံပါနဲ့”
ကွေ့ကုန်းကုန်းနှင့် ချင်ကောင်းတို့က ရှန်ထန်း၏မျက်နှာပေါ်မှ တွေဝေတုန့်ဆိုင်းခြင်းအပြည့်ကို သတိပြုမိသဖြင့် နှစ်ယောက်စလုံးက ရှန်ထန်းကို တိုက်တွန်းလိုက်ကြသည်။
ရှန်ထန်းက စိတ်မဝင်စားဟန်ဖြင့် ပြောလိုက်သည် “ကျွန်တော်က မီးတိုင်းပြည်ရဲ့ (၁၃)ယောက်မြောက်မင်းသားလေ… ဘယ်လိုလုပ် မိန်းကလေးတစ်ယောက်ရဲ့ နောက်ကို လိုက်ချောင်းဖို့ သင့်တော်မှာလဲဗျ”
ထိုအခါ ကွေ့ကုန်းကုန်းက အနားကပ်ကာ တိုးတိုးလေးပြောလိုက်သည် “အရှင့်သား… စောစောလေးကတင် ဝိညာဉ်နတ်မိမယ်လေးရဲ့နောက်ကို လူတစ်ယောက် ခိုးကြောင်ခိုးဝှက်နဲ့ လိုက်သွားတာ ကျွန်တော်မျိုး မြင်လိုက်တယ်။ အဲ့ဒီလူကို ကြည့်ရတာ လူကောင်း ဟုတ်ပုံမပေါ်ဘူး”
ဘာ… ဝိညာဉ်နတ်မိမယ်လေးနောက်ကို မကောင်းတဲ့အကြံနဲ့ လိုက်ချောင်းနေတဲ့သူ ရှိနေတာလား…
ကွေ့ကုန်းကုန်းပြောပြတာကို ကြားလိုက်ရသည့်အခိုက် ရှန်ထန်းတစ်ယောက် ချက်ချင်းဆိုသလို စိတ်လှုပ်ရှားမှုတို့အပြည့်နှင့် တက်ကြွသွားသည်။
ထုံးစံအတိုင်းသာဆို… အရှက်မရှိတဲ့လူယုတ်မာတွေက မိန်းမလှလေးတစ်ယောက်နောက်ကို အကြံဆိုးနဲ့ လိုက်ချောင်းနေပြီဆိုရင် အနီးအနားကနေ လမ်းကြုံဖြတ်သွားမယ့် ရဲရင့်တဲ့ဇာတ်လိုက်မင်းသားက သူမကို ကယ်တင်လိုက်မှာမျိုး… မိန်းမချောလေးကလည်း ကျေးဇူးတွေ အရမ်းတင်ပြီး ဇာတ်လိုက်မင်းသားကို ကျေးဇူးဆပ်ရအောင် လက်ထပ်ဖို့ ကတိပေးလိုက်မယ်ပေါ့…
သည်ဟာက ဝတ္ထုတွေထဲမှာ တွေ့နေမြင်နေကျ ဂန္တဝင်ဇာတ်ကွက်ကြီးမလား…
ရှန်ထန်းက သည်လိုဇာတ်ကွက်မျိုးနှင့် ကြုံတွေ့ရတာ… တကယ့်ကို ကံကောင်းလွန်းသည်ဟုပဲ ပြောရမည်။
လူယုတ်မာကော မိန်းမလှလေးကော ပေါ်လာပြီ ဖြစ်လေရာ ဇာတ်လိုက်မင်းသားလည်း မကြာခင် ပေါ်လာပေလိမ့်မည်။ ဇာတ်လိုက်မင်းသားက သေချာပေါက် လာဘ်ကံကောင်းသူတစ်ယောက် ဖြစ်လိမ့်မည်။
ထိုကဲ့သို့ လာဘ်ကံကောင်းသူတစ်ယောက်နှင့် မိတ်ဆွေသူငယ်ချင်း ဖြစ်လာနိုင်သရွေ့ သူ့ရောင်ဝါစက်ဝန်း၏ အရောင်အား တိုးတက်စေမည့် တခြားသော ကံအပြောင်းအလဲအခွင့်အရေးများကို မြန်မြန်ဆန်ဆန် ကြုံတွေ့ရလိမ့်မည်ဟု ရှန်ထန်းက ယုံကြည်သည်။
သည်ဇာတ်လမ်းကို တွေးကြည့်ရုံနှင့်ပင် ရှန်ထန်းတစ်ယောက် အပျော်ကြီး ပျော်နေမိပြီလေ။
.....................
ကွေ့ကုန်းကုန်းက ပြုံးပျော်နေသည့် ရှန်ထန်းကို ကြည့်လိုက်သည်။ ထို့နောက် သူက မနေနိုင်ဘဲ သတိပေးလိုက်သည် “အရှင့်သား… အခုအချိန်မှာမှ လိုက်မသွားဘူးဆိုရင် ကောင်မလေးကို မမှီဘဲ နေလိမ့်မယ်နော်”
ရှန်ထန်းက စိတ်ပြန်ထိန်းလိုက်ကာ အလောတကြီး ပြောလိုက်သည် “သွားကြမယ်… ကျွန်တော်တို့ သူတို့နောက် မြန်မြန်လိုက်သွားကြမယ်”
ကိုယ်လုပ်တော်လန်က ကွေ့ကုန်းကုန်းကို အခြေခံကျင့်ကြံစဉ် သင်ပေးဖူးသည်။ ထို့ကြောင့် သူ၏မူလအဆင့်မှာ (၅)ဆင့်မြောက် ချီသန့်စင်ခြင်းအဆင့်၌ ရှိနေသည်။
ဟရူးဂါနတ်ဆိုးကျမ်းကို စတင်ကျင့်ကြံပြီးသွားသောအခါ သူ၏ကျင့်ကြံဆင့်မှာ များစွာတိုးတက်လာကာ သုံးရက်တည်းနှင့် (၇)ဆင့်မြောက် ချီသန့်စင်ခြင်းအဆင့်ကို ရောက်ရှိသွားခဲ့၏။
ဟရူးဂါနတ်ဆိုးကျမ်းထဲတွင် မှတ်သားထားသော ဆန်းကြယ်ခြေရာခံပညာရပ်ကိုပါ တွဲသုံးလိုက်ပြီး သူတို့သုံးယောက်က ဝိညာဉ်နတ်မိမယ်လေးနောက်သို့ အမြန်လိုက်သွားလိုက်သည်။
ထိုအချိန်တွင် ဝိညာဉ်နတ်မိမယ်လေးက အဆုံးမဲ့ဝိညာဉ်ဥယျာဉ်ကနေ အပြင်ရောက်သွားလေပြီ။ ထို့နောက် လူသူရှင်းသည့်လမ်းကြားတစ်ခုထဲသို့ ဝင်သွားလေ၏။
သူမက လမ်းကြားထဲတွင် ငြိမ်ငြိမ်လေး ရပ်နေလိုက်သည်။ ထို့နောက် တည်ငြိမ်စွာ ပြောလိုက်သည် “ထွက်လာခဲ့ပါ”
ရွှစ်…
ရုတ်တရက် ဝိညာဉ်နတ်မိမယ်လေး၏ အရှေ့သို့ မိုးပေါ်မှလူတစ်ယောက် ဆင်းသက်လာသည်။
သူက ပြုံးပြီး ပြောလိုက်သည် “ဝိညာဉ်နတ်မိမယ်လေး… ကျုပ်ကို ဝိညာဉ်ကျောက်တုံးတွေပေး”
အမှန်ပင်… သည်ဟာက ခြိမ်းခြောက်ငွေညှစ်မှုတစ်ခုပင်။
ချင်ကောင်းက စိတ်မရှည်တော့ပေ။ ထို့ကြောင့် သူက တိုးတိုးလေး မေးလိုက်သည် “အရှင့်သား… ကျွန်တော်မျိုးတို့ လှုပ်ရှားကြတော့မလား”
ရှန်ထန်းက မတုန်မလှုပ်နှင့် ပြောလိုက်သည် “သောက်ရူး”
“ဟုတ်ပ… မင်းအရူးပဲ” ကွေ့ကုန်းကုန်းက ချင်ကောင်းအား ပြန်ဆွဲထားကာ အသာလေး ရှင်းပြလိုက်သည်။
“ဦးနှောက်လေး သုံးစမ်းပါ။ အဲဒီကောင်က ကောင်မလေးကို ဓားပြတိုက်ရုံပဲရှိသေးတယ်… လူကိုမှ အကြမ်းမဖက်သေးတာ…
တကယ်လို့ မင်းသားလေးက အခုနေ ဝင်ကယ်လိုက်ရင် အလွန်ဆုံးရ “ရှင်က တကယ့်လူကောင်းပဲ” ဆိုတာလောက်ပဲ ရလ်ိမ့်မယ်…
ဝိညာဉ်နတ်မိမယ်လေးက အရမ်းချောတယ်လေ။ ဒီတော့ ဒီလူယုတ်မာက ဓားပြတိုက် ပစ္စည်းလုရုံနဲ့တင် ပြီးသွားမှာမဟုတ်ဘူး… အဲဒါထက်ပိုဦးမှာပဲ… အဲဒီအချိန်ကျမှ ငါတို့တွေ လှုပ်ရှားကြမယ်။
မိန်းမချောလေးကို သူရဲကောင်းက ကယ်လိုက်တယ်။ အရှင့်သားက ဒီလောက် ချောမောခန့်ညားတာ… အဲဒီမိန်းမချောလေးက ဘယ်လိုလုပ် အရှင့်သားကို သဘောမကျဘဲ နေမလဲ…
ကျွန်တော်မျိုး ပြောတာ မှန်တယ်မလား… အရှင့်သား”
ကွေ့ကုန်းကုန်း ရှင်းပြသည်များကို နားထောင်ပြီးသွားသည့်နောက် ချင်ကောင်းက ကွေ့ကုန်းကုန်းအား ရင်ထဲမှ လှိုက်လှိုက်လှဲလှဲကို လေးစားအားကျမိသွားလေတော့သည်။
“ကောင်းလိုက်တဲ့အကြံပဲ… အရှင့်သား… အရှင့်သားက တကယ့်ကို အမြော်အမြင်ကြီးလှပါတယ်”
ရှန်ထန်းက မျက်ဖြူလှန်လိုက်သည်။
မဟုတ်ကဟုတ်ကတွေ… ငါတို့ မလှုပ်ရှားရသေးတဲ့ အကြောင်းရင်းကဖြင့် ရှင်းရှင်းလေး… ဇာတ်လိုက်မင်းသားမှ ပေါ်မလာသေးတာကြီးကို…
ရှန်ထန်းက ထူးခြားဆန်းကြယ်သော လာဘ်ကံကောင်းမှုအပြည့်နှင့် ထိုဇာတ်လိုက်မင်းသားကို မိတ်ဆွေဖွဲ့ချင်သည်။ ထို့ကြောင့် သူက ထိုမင်းသားပေါ်လာပြီး မိန်းမလှလေးကို ကယ်တင်မည့်အချိန်ကို စောင့်နေခြင်းဖြစ်သည်။ ပေါ်လာပြီဆိုမှ သူကလည်း ကယ်တင်ရန် ထွက်သွားလိုက်မည်။
ထို့နောက်မှာတော့… သူတို့တွေက အခက်အခဲတွေကို အတူတူ ရင်ဆိုင်ကျော်ဖြတ်ခဲ့ရသဖြင့် မိတ်ဆွေရင်းချာတွေ ဖြစ်သွားကြလိမ့်မည်။ သည်လိုဆိုလျှင် ရှန်ထန်းအတွက် အနာဂတ်မှာ သူ့ကံအပြောင်းအလဲအခွင့်အရေးတွေကို အချောင်ဝေမျှယူရန် ပိုအဆင်ပြေသွားပေလိမ့်မည်။
အခုအချိန်မှာ ရှန်ထန်းက သူမကို ကယ်ပြီး လူဆိုးကို မောင်းထုတ်လိုက်လျှင် ဇာတ်လိုက်မင်းသားက သူပေါ်လာစရာ မလိုတော့ဘူးဟု ထင်သွားမှာစိုးရသည်။
မတော်လို့ ဇာတ်လိုက်မင်းသားက ဒီအတိုင်း ထွက်သွားရင် ဘယ်လိုလုပ်မလဲ…
“နေဦး… နောက်ထပ် နည်းနည်းလောက် ထပ်စောင့်လိုက်ဦး”
သည်လိုနှင့် သူတို့သုံးယောက်က ခေါင်မိုးပေါ်မှာ နေနေပြီး ထိုလူယုတ်မာက ဝိညာဉ်နတ်မိမယ်လေးဆီမှ ဓားပြတိုက်နေတာကို အသာလေး ကြည့်နေလိုက်ကြလေ၏။
.....................
ဝိညာဉ်နတ်မိမယ်လေးက သူမ သွားမည့်လမ်းကို ပိတ်ရပ်နေသည့် ထိုလူယုတ်မာကို မြင်ပြီးသည့်နောက် သူမက သက်ပြင်းချကာ ခါးပေါ်မှ ပိုက်ဆံအိတ်ကို ဖြည်းဖြည်းချင်း ဖြည်ယူလိုက်သည် “ကျွန်မအဖို့ နည်းနည်းလောက် ချန်ထားပေးလို့ မရဘူးလား”
လူယုတ်မာက လှောင်ပြုံးပြုံးကာ “ရတာပေါ့… မင်းသာ ငါ့မိန်းမလုပ်ဖို့ သဘောတူရင် ဒီဝိညာဉ်ကျောက်တုံး တစ်အိတ်လုံးစာကိုတောင် မင်းကို ပေးလို့ရတယ်”
ဟော… ပေါ်လာပါပြီ…
မိန်းမလှလေးကို အကြမ်းဖက်မယ့် ဂန္တဝင်ဇာတ်ကွက်…
ကွေ့ကုန်းကုန်းက အလွန်အမင်း စိတ်လှုပ်ရှားသွားကာ “အရှင့်သား… အခုလောက်ဆို ကျွန်တော်မျိုးတို့ လှုပ်ရှားလို့ရပြီ”
၁၆ နှစ်ရှိခဲ့ပြီ… နောက်ဆုံးတော့ မင်းသားလေးလည်း အရွယ်ရောက်လာပြီး မိန်းကလေးတွေကို စိတ်ဝင်စားတတ်လာပြီ။
မင်းသားလေးသာ ဝိညာဉ်နတ်မိမယ်လေးကို အောင်အောင်မြင်မြင် ကယ်တင်နိုင်လိုက်ပြီး သူမအသည်းနှလုံးကို ဖမ်းစားနိုင်သရွေ့ မိသားစုမျိုးဆက်ကို ဆက်လက်ထိန်းသိမ်းထားနိုင်လိမ့်မည်။
ထိုအချိန်ရောက်လျှင်တော့ ကိုယ်လုပ်တော်လန်တစ်ယောက် ဝမ်းသာသွားပြီး စိတ်ချလက်ချ အနားယူနိုင်သွားပေလိမ့်မည်။
ချင်ကောင်းကလည်း အရမ်းကို တက်ကြွနေသည် “အရှင့်သား… လှုပ်ရှားကြရအောင်”
“နေဦး… နည်းနည်းလောက် ထပ်စောင့်လိုက်ဦး” ရှန်ထန်းက အလျင်လိုမနေချေ။ သူက တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်သည် “အချိန်မကျသေးဘူး”
ဟိုဇာတ်လိုက်မင်းသားက အခုထိ ပေါ်မလာသေးဘူးလေ…
တခြားတစ်ဖက်တွင်ကား...
ဝိညာဉ်နတ်မိမယ်လေးက လူယုတ်မာပြောလိုက်သည့်စကားကို ကြားသောအခါ သူမမျက်နှာမှာ ချက်ချင်း မည်းသွားသည် “မဖြစ်နိုင်တာ… အိမ်မက်ပဲမက်နေလိုက်”
ထိုသို့ပြောပြီးနောက် သူမက လူယုတ်မာဆီသို့ ပိုက်ဆံအိတ်ကို လှမ်းပစ်ပေးလိုက်ကာ လှည့်ထွက်သွားရန် ပြင်လိုက်သည်။
ထူးဆန်းစွာပင်… ထိုလူယုတ်မာက သူမနောက်ကို လိုက်မဖမ်းချေ။
ကွေ့ကုန်းကုန်းတစ်ယောက် ပြာယာခတ်သွားသည် “သူက ဘာဖြစ်လို့ ကောင်မလေးနောက် လိုက်မဖမ်းရတာလဲ။ အရှင့်သား… ကျွန်တော်မျိုးတို့ အခု လှုပ်ရှားမှဖြစ်တော့မယ်။ အခုအချိန်မှာမှ မကယ်ရင် မိန်းကလေး ဝိညာဉ်နတ်မိမယ်လေးက ထွက်သွားတော့မယ်”
ဒီလို အခွင့်အရေးကောင်းမျိုးနှင့် တွေ့ကြုံဖို့ မင်းသား(၁၃)အတွက် တော်တော်လေးကို ရှားပါးလွန်းနေပြီလေ… ဒါကို ဘာကြောင့်များ မင်းသားလေးက ဒီလိုအရေးကြီးတဲ့အချိန်မှာ အိယောင်ဝါးလုပ်နေရတာလဲ…
ရှန်ထန်း၏ မတုန်မလှုပ်ပုံစံကို ကြည့်ကာ ကွေ့ကုန်းကုန်းတစ်ယောက် ရင်တွေနာနေသည်။
ရှန်ထန်းလည်းပဲ ရင်ကွဲနေရပါသည်။
လခွမ်း… ဒါကြီးက ငါလေး မျှော်လင့်ထားတဲ့ဇာတ်ကွက်လည်း မဟုတ်ဘူး…
ထုံးစံအတိုင်းဆို လူယုတ်မာက ဝိညာဉ်နတ်မိမယ်လေးကို နှာဘူးအပြုံးကြီးနဲ့ တားပြီးတော့ အတင်းအကြမ်းဖက်ဖို့ လုပ်ရမှာလေ… နောက်ပြီးရင် ဇာတ်လိုက်မင်းသားက အချိန်ကိုက် ကွက်တိ ပေါ်လာမယ်…
အခုတော့… ဒီလူယုတ်မာက ဘယ်လိုတောင် သိက္ခာတွေ ထိန်းပြနေတာလဲ… အကြမ်းမဖက်ခင် ဝိညာဉ်နတ်မိမယ်လေးက သဘောတူမတူကိုတောင် မေးလိုက်သေးတယ်… ဟုတ်လား…
ဘာလဲ… သဘောမတူတာနဲ့ မင်းက အကြမ်းမဖက်တော့ဘူးပေါ့…
လိုက်ဖမ်းစမ်းပါ… အနိုင်ကျင့်စမ်းပါ… အကြမ်းဖက်စမ်းပါ… အတင်းပိုင်ဆိုင်ဖို့ ကြိုးစားစမ်းပါဟ...
ဘယ်မှာလဲ မင်းရဲ့လူဆိုးအရည်အချင်းတွေ… ဟမ်…
လူဆိုးဖြစ်တဲ့ မင်းက ဒီလောက်လွယ်ကူနေမှတော့ ဇာတ်လိုက်မင်းသားက မိန်းမလှလေးကို ကယ်မယ့် သူရဲကောင်း ဖြစ်လာနိုင်ပါဦးမတဲ့လား…
စိတ်ပျက်စရာကောင်းလိုက်တာကွာ...
ဝိညာဉ်နတ်မိမယ်လေးက ပိုပိုပြီး ဝေးသွားလေပြီ။ သူမက လမ်းကြားထဲကနေတောင် ထွက်သွားတော့မည်။
ရှန်ထန်းက သက်ပြင်းချလိုက်၏။ တခြားရွေးချယ်စရာ မရှိမှတော့ သူကိုယ်တိုင်ပဲ လှုပ်ရှားရတော့မှာပေါ့…
လာဘ်ကံကောင်းသည့် ဇာတ်လိုက်မင်းသား ပေါ်မလာခဲ့သော်လည်း ဝိညာဉ်နတ်မိမယ်လေးကလည်း အနီရောင် ရောင်ဝါစက်ဝန်းရှိသူတစ်ယောက်ပဲလေ…
သူသာ သူမကို အခုအချိန်မှာ ကယ်လိုက်ပါက… တစ်လက်စတည်း ဝိညာဉ်နတ်မိမယ်လေးနှင့် မိတ်ဆွေဖွဲ့လို့ ရနိုင်လိမ့်မည်။ သူမ၏ ကံအပြောင်းအလဲအခွင့်အရေးများကိုပင် အချောင်မျှဝေကောင်း မျှဝေနိုင်ပေဦးမည်။
သည်ဟာက ဘာမှမရလိုက်တာထက်စာလျှင်တော့ ပိုကောင်းပါသေးရဲ့…
ဆုံးဖြတ်ချက်ချပြီးသည်နှင့် ရှန်ထန်းက အကျယ်ကြီး အော်ပြောလိုက်သည် “အယုတ်တမာကောင်… မင်းက နေ့ခင်းကြောင်တောင်ကြီးမှာ ဒီလို ကြင်နာလှပတဲ့ အမျိုးသမီးတစ်ယောက်ကို ဓားပြတိုက်ဖို့ ကြိုးစားရဲတယ်ပေါ့လေ”
ရှန်ထန်းက အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် ခေါင်မိုးပေါ်မှ ရုတ်တရက် ခုန်ဆင်းကာ ဝိညာဉ်နတ်မိမယ်လေးရှေ့သို့ ဆင်းသက်လိုက်၏။
ဘိုင်း…
အား… ချီးပဲ… ဘယ်သူတုန်းကွ ငှက်ပျောသီးခွံကို ပစ်ထားတာ…
ဘယ်လိုတောင် မစဉ်းစားမဆင်ခြင်တတ်တဲ့ သူကြီးတုန်း…