🌺ပန်းမွေ့ယာ...ရွှေကော်ဇော🌺
"မနက်ဖြန် ခရီးထွက်ရမယ်...အဲဒါပြင်ဆင်ထား"
"ရှင်..."
ဒရိုင်ယာလေးကိုင်လျက် ဆူး ကြောင်သွားရပြီး မှန်ထဲမှာ ပေါ်နေသည့် ကိုကို့ပုံရိပ်ကို အမှတ်တမဲ့ငေးနေမိသည်။
"မေမေက မင်းနဲ့ငါ့ကို ဟန်းနီးမွန်းထွက်စေချင်နေတာ မင်းသိနေတာပဲ။ မင်း ခရီးထွက်ဖို့ပြင်ထားလိုက်"
မှန်ထဲမှာ ပေါ်နေသည့် ကိုကို့ရုပ်သွင်က စိတ်ရှုပ်ထွေးခြင်းများဖြင့် အနည်းငယ်နွမ်းဖတ်ဖတ်ဖြစ်နေကာ ကြယ်သီးဖြုတ်နေတာကပင် တက်ကြွမှုမရှိပဲ နှေးကွေးထုံထိုင်းလျက်။ မဖြစ်မနေ လက်ထပ်လိုက်ရပေမယ့် ဆူးအပေါ် လေးနက်ခြင်းမရှိသလို ဆက်ဆံရေးက ပိုပြီးစိမ်းသက်သွားသည်။မဂ်လာပွဲအတွက် စီစဥ်နေတဲ့ တစ်လျှောက်လုံးနဲ့ မဂ်လာလာဆောင်ပြီးတဲ့ အထိ ကိုကို့ပုံစံက တစ်ခုခုကို အလေးအနက်ခံစားနေရသလို တွေဝေငေးငိုင်နေတတ်၏။ ဒါပေမယ့်...ဆူးကို အော်ငေါက်ဖို့တော့ ကိုကိုအမြဲသတိရနေတတ်သည်။
ကိုကိုတစ်ယောက် ကွယ်ရာမှာ တစ်ယောက်ထဲကြိတ်ဆွေးနေတာ ရွှေရေးချယ်ကြောင့်များလား။ ဖြစ်နိုင်တယ်...။ ရုတ်တရက် ရွှေတမံရဲ့နာရေးကို ကြားလိုက်ရတဲ့နေ့က ကိုကိုမျက်နှာမှာ ကမ္ဘာပြိုနေတာ ဖုံးမရဖိမရ။ ပဲခူးအထွက်နားမှာ ကားတိုက်မှုဖြစ်ပြီး ရွှေတမံဆုံးသွားသလို ရွှေရေးချယ်က ပျောက်နေသတဲ့။ ကားတိုက်မှုနဲ့ပက်သက်ပြီး ရဲတွေလည်းစုံစမ်းနေတာ ဆူးသူငယ်ချင်းတွေကတဆင့်ကြားလိုက်ရတော့ ဆူးမယုံနိုင်။
ရွှေတမံသေသွားတာကို သူတို့အသိုင်းအဝိုင်းတစ်ခုလုံးက မကျေမနပ်နဲ့ တိုက်ပြေးသွားတဲ့လူသတ်သမားကိုဖမ်းမိရေးအတွက် လုံးပမ်းနေကြသတဲ့လေ။ ပြီးတော့ ရွှေရေးချယ်...။ ရွှေရေးချယ်တစ်ယောက် အဲဒီနေ့ထဲက ပျောက်ချင်းမလှပျောက်သွားတဲ့သတင်းကလည်း ဟိုးလေးတစ်ကြော်ကြော်။ ခုလို ကိုကိုရုပ်ပျက်ဆင်းပျက်ဖြစ်နေတာ ရွှေရေးချယ်ကြောင့်ပေါ့။ လွန်ခဲ့တဲ့ သုံးလလောက်ကဆိုပေမယ့်...ရွှေရေးချယ်ပျောက်သွားပြီးထဲက ကိုကို အချိုးပြောင်းသွားတာ သိသိသာသာ။သူငယ်ချင်းတွေနဲ့ ညဥ့်နက်တဲ့အထိ အပြင်မှာနေတတ်ပြီး ပြန်ရောက်လာတော့လည်း မေမေနွေးမသိအောင် အခန်းထဲမှာ ပုလင်းထောင်နေတတ်သည်။ မကြည့်ချင် မြင်လျက်သားဆိုသလို ကိုကို ရွှေရေးချယ်အတွက် ခံစားပြနေတော့ ဆူးနှလုံးသားတွေ အဆမတန်နာကျင်ရပါတယ်။
လက်ထပ်ခြင်းဆိုတာ သူများတွေအတွက် ချစ်သူနှစ်ဦးပျော်ရွှင်စရာ ပေါင်းစည်းခြင်းမဟုတ်လား။ ရှေ့လျှောက်ကြုံတွေ့လာမဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖြတ်ကျော်ရင်း နှစ်ယောက်တစ်ဘဝ တည်ဆောက်ကြတဲ့ ပျော်ရွှင်စရာသိုက်မြုံလေးတစ်ခုမဟုတ်လား။ ကိုကိုနဲ့ ဆူးက ချစ်လို့လက်ထပ်ခဲ့ကြတာ မဟုတ်သလို မိဘတွေ သဘောတူလို့လက်ထပ်ခဲ့ကြခြင်းမျိုးလည်း မဟုတ်။ မတော်တဆအခြေအနေတစ်ခုကနေ တာဝန်ယူခြင်းဆိုတဲ့ လူ့ပတ်ဝန်းကျင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ လက်ထပ်ခြင်းမျိုးလည်း မဟုတ်ခဲ့ပါ။ အမုန်း....ကလဲ့စားတဲ့။
ဆူး တောင်းတမိတဲ့ ချစ်ခြင်းတရားနဲ့ လားလားမျှ မသက်ဆိုင်သည့် အမုန်းတရားတွေနဲ့ ကိုကိုလက်စားချေခဲ့တာ။ တစ်နည်းဆိုရရင်...ကိုကို့မေမေအတွက် လက်တုန့်ပြန်ဖို့ ဆူးကို လက်ထပ်ခဲ့တာမဟုတ်လား ကိုကို။ဖေဖေရယ်၊ မေမေနွေးရယ်၊ မေမေရယ်ကြားထဲ ဆက်နွှယ်မှုတွေက ကိုကို ဆူးအပေါ် အမုန်းမီးမြှင့်လေပြီ။ မုန်းပါ ကိုကို...ဆူးကိုမုန်းလိုက်ပါ ပြီးတော့ ကိုကိုစိတ်ကြိုက်ကလဲ့စားချေလိုက်ပါ။ ဆူး ကိုကိုကျေနပ်ဖို့ ဒူးထောက်လည်စင်းထားပါတယ် ကိုကို။
ကိုကို့ဒဏ်ရာတွေ သက်သာဖို့ ဆူးဘာမဆိုဖြည့်ဆည်းပေးမှာပါ။ အမိုက်မှောင်ဆုံး အမှားတွေထဲ ရောက်နေရင်တောင်ပေါ့။ မှားမှန်းမသိလို့မှားတဲ့သူက လူမိုက်မဟုတ်ပေမယ့် အမှားကို သိသိလျက်နဲ့ ဆက်မှားနေရင်တော့ လူမိုက်တဲ့။ ကိုကို့အတွက် ဆူး ဘယ်ဘဝရောက်ရောက်ကျေနပ်စွာ အသင့်ရှိနေမှာပါ။ ကိုကို စိတ်ချမ်းသာဖို့ ဆူးရဲ့ ပျော်ရွှင်ခြင်းတွေ၊ပိုင်ဆိုင်ခြင်းတွေ၊ရှင်သန်ခြင်းတွေကို စတေးထားပါတယ် ကိုကို။
"ငါ ပြောတာကြားလား ဆူးခေတ်သစ်"
"ရှင်....ဟုတ်...ဟုတ်ကဲ့ ဆူးကြားပါတယ် ကိုကို"
ကိုကို့ကိုကြည့်ပြီး အတွေးလွန်နေမိသည့် ဆူး...ကိုကို့ရဲ့မာထန်နေသည့် အသံကြောင့် သတိပြန်လည်လာကာ ကပြာကယာပြန်ဖြေလိုက်ရသည်။ အကျီမရှိတော့တဲ့ အပေါ်ပိုင်းဗလာကျင်းနေသည့် ကိုကို့ကို ငေးကြည့်ရင်း ခံစားချက်တွေက ဖမ်းဆုပ်မရသည့်တိမ်ဆိုင်လိုလွင့်မျောကာ ဆူးကို မျက်မှောင်ကြီးကျုံ့လျက် စူးရဲစွာကြည့်နေသည့် ကိုကို့မျက်လုံးတွေကို နှလုံးသားက ခံနိုင်ရည်ရှိနေခဲ့လေပြီ။ အရင်ကဆို ကိုကိုရဲ့အဲဒီလိုအကြည့်တွေကို ချစ်တတ်စနှလုံးသားနုနုလေးမှာ အဆိပ်လူးမြှားတွေဖြစ်ခဲ့ဖူးပေမယ့်...ဒီအချိန်မှာ ခံနိုင်ရည်ရှိနေသည့် ဆူးကိုယ်ဆူးအံ့သြနေမိသည်။ ဒါဟာ...ကိုကို့ကိုမချစ်တော့လို့မဟုတ်ပါ။ ခံစားရပါများတော့ ရင်ဘတ်တစ်ခုလုံးအထုံအကျင်စွဲနေခဲ့ပြီ။
"ဘာလုပ်နေတာလဲ..."
"ရှင်"
သဘတ်တစ်ထည်ခါးမှာပတ်လျက် ရေချိုးခန်းဝအထိလျှောက်သွားပြီးမှ ဆူးဘက်ကိုလည်ပြန်ကြည့်ပြီး ကိုကို မေးလိုက်တာကို ဆူးနားမလည်လိုက်ပါ။
"မင်းဆံပင်က အရေးကြီးသလား...သွား...မေမေကို ဆေးတိုက်ဖို့လုပ်ပေးလိုက်"
"ဟုတ်ကဲ့ ကိုကို"
ဒရိုင်ယာကို ချလိုက်ပြီး ပလပ်ပါဖြုတ်ကာ ဆူးထရပ်လိုက်သည်။ ဆူးဆိုတာ ကိုကိုရဲ့ခေါင်းညိတ်ရုပ်...။ ဟုတ်ကဲ့ ကိုကိုဆိုပြီး ကိုကိုခိုင်းသလို လုပ်ပေးရမဲ့ ကိုကိုရဲ့ သက်မဲ့ရုပ်။ ကိုယ့်အတွက် အချစ်တွေမရှိတဲ့သူဆီကနေ အချစ်ကို တစာစာတောင်းခံဖို့လည်း စိတ်မကူးမိတော့ပါ။ ကိုကို့အလိုကျ နေသွားဖို့သာ ဆုံးဖြတ်ထားလိုက်သည်။ မေမေနွေးဆီ သွားဖို့ ခြေလှမ်းပြင်လိုက်စဥ်...နောက်ဘက်က ထွက်ပေါ်လာတဲ့ ကိုကိုစကားတွေက ဆူး နှလုံးသားကို ပါးပါးလှီးချသွား၏။
"စေတနာမပါရင်တောင် မိခင်ချင်းကိုယ်ချင်းစာပါ ဆူးခေတ်သစ်။ ငါ့အမေကိုယ်မှာ ဆူးခြစ်ရာထင်တာနဲ့ မင်းတစ်ကိုယ်လုံးကို အပိုင်းပိုင်းဖြတ်ပစ်ဖို့ဝန်မလေးဘူးဆိုတာ သိထားပါ။ နံရံတွေမှာ ငါ့မျက်စိတွေနားတွေရှိနေတယ်ဆိုတာပါ သိထား။ ငါ့အမေသာတစ်ခုခုဖြစ်ရင် မင်းနောက်ဘဝအထိ မအေးချမ်းဘူးဆိုတာပါ တစ်ခါထဲမှတ်သွား"
"ဂျိမ်း..."
နောက်ဘဝအထိတဲ့လား ကိုကို။ စိတ်ချပါ...ကိုကိုရဲ့အမုန်းတွေကို ဒီဘဝနဲ့တင်ကြေအောင်ဆပ်မှာပါ။ ကိုကို ထိခိုက်ခံစားရမှာစိုးလို့ ဆူးရွေးချယ်တဲ့လမ်းက ဆူးအတွက်တော့ ခရောင်းလမ်းပါပဲ ကိုကိုရယ်။ ဆူးမျက်ရည်တွေနဲ့ခင်းတဲ့လမ်းက ကိုကို့အတွက် ကျေနပ်မှုကိုဖြစ်စေတဲ့အတွက် ဆူး ရူးမိုက်စွာဆက်လျှောက်သွားမှာပါ။ဒါပေမယ့် တစ်ချိန်ချိန်မှာ ကိုကိုနာကျင်ရမှာ စိုးတယ်။
ကိုကို့မေမေကို ဆူးတကယ်ချစ်တာပါ ကိုကို။ မေမေနွေးကို မိခင်ရင်းတစ်ယောက်လို ချစ်ခဲ့မိတာ ဆူးရဲ့စိတ်ရင်းအမှန်ပါ။ မေမေနွေးကို ဆေးတိုက်ပြီး နှိပ်နှယ်ပေးရင်း မေမေနွေးနဲ့စကားတွေပြောကာ အချိန်ဖြုန်းပစ်လိုက်သည်။ အရင်လိုထူထူထောင်ထောင်ပြန်ဖြစ်လာပေမယ့်...မေမေနွေးမှာနှလုံးအားနည်းတဲ့အခံကြောင့် မေမေနွေးစိတ်ချမ်းသာအောင် ဆူးတို့တတ်နိုင်သလောက်ကြိုးစားနေရ၏။
"သမီး သွားအိပ်တော့လေ...မနက်လည်းခရီးသွားရမှာဆိုတော့ စောစောအိပ်ယာဝင်တာကောင်းတယ်"
"ရပါတယ် မေမေနွေးရဲ့...သမီး မအိပ်ချင်သေးပါဘူး။ မေမေနွေးနဲ့စကားပြောချင်သေးတယ်"
"မနီရှိနေတာပဲ သမီးရယ်...ဟန်းနီးမွန်းက ငပလီဆို။ သမီး သွားချင်ရဲ့လား"
"ရှင်....ဟုတ်...သွားချင်ပါတယ် မေမေနွေး"
ငပလီတဲ့...။ မေမေနွေးပြောမှ သိရတဲ့အဖြစ်။ကိုကို ဘယ်သွားမယ်လို့လဲ မပြော၊ ဆူးကိုဆို ကိုကိုက အရေးကိုမစိုက်တာ။
"မေမေ့အတွက် ဘာမှ မပူနဲ့သမီး။ မေမေ ကျန်းမာရေးလည်းကောင်းနေပြီ။ သမီးတို့သာ ပျော်ပျော်လည်ပတ်ခဲ့ကြ...ကြားလား"
"ဟုတ်ကဲ့"
"သမီးလေးကို မေမေအရမ်းကျေးဇူးတင်ပါတယ် သမီးရယ်"
"အို မဟုတ်တာ မေမေနွေးကလည်း...ဘာလို့ ဒီလိုတွေပြောနေရတာလဲဟင်။ ဆူးတို့က တစိမ်းတွေမှ မဟုတ်တာ"
စိတ်သဘောထားပြည့်ဝတဲ့ ဆူးကိုကြည့်ပြီး ဒေါ်နွေးနွေးလှိုင် သက်မချလိုက်မိသည်။
"သမီးကို မေမေ အားလည်းနာတယ်...ဒါပေမယ့်...သမီးလေးနှုတ်လုံပေးတဲ့အတွက် တစ်သက်လုံးကျေးဇူးတင်သွားမှာပါ သမီးရယ်။ မေမေမသေခင်တော့ ဖွင့်ဟနိုင်တဲ့သတ္တိမွေးချင်သေးတယ်"
"မဟုတ်တာ မေမေနွေးရယ်။ ဆူးအတွက်ထည့်မတွက်ပါနဲ့။ ဆူးက ကိုကို့ဇနီးဖြစ်နေပြီပဲ မေမေနွေး အတွေးတွေကိုဖျောက်ဖျက်ပစ်လိုက်ပါနော်။ အဲဒီလိုလုပ်လို့ ကိုကိုအရမ်းထိခိုက်ခံစားသွားရမှာကို ဆူးမလိုလားဘူး မေမေနွေးရယ်။ ဆူးလေ....ကိုကို့ကိုစိတ်ချမ်းသာစေချင်တယ်"
အနိုင်နိုင်ထိန်းနေသည့်ကြားက နောက်ဆုံးစကားလုံးလေးမှာ အသံလေးကတိုးလျတိမ်ဝင်လို့သွားရသည်။ ဆူး ဘာကြောင့်မှ မျက်ရည်မကျချင်တော့ပါဘူး ကိုကို။ အထူးသဖြင့် ကိုကိုနဲ့ပက်သက်ရင် ပိုပြီးရင့်ကျက်ချင်တယ်။
"သမီးရယ်...."
ဂရုဏာတွေပြည့်လျှံနေသည့် မေမေနွေးအသံကြောင့် ဆူး ကိုယ့်ကိုယ်ကိုသတိထားလိုက်ရသည်။ ဆူးကြောင့် အားလုံးစိတ်ချမ်းသာစေချင်၏။
"စိတ်ထဲမထားပါနဲ့ မေမေနွေး...ဆူး ကိုကို့ကိုအမြဲတမ်းနာလည်ပါတယ်။ အရင်ကလည်း ကိုကို့ကိုနားအလည်နိုင်ဆုံး လူဖြစ်အောင် ကြိုးစားခဲ့တယ်။ခုလည်း...ကိုကို့ကို နားလည်တယ် ကိုကိုနဲ့မေမေနွေးက ဆူးအတွက် မိသားစုဆွေမျိုးရင်းချာပါ။ ဆူး ဘာမှ မမက်မောပါဘူး မေမေနွေးရယ်။ မေမေနွေးဆီက မေတ္တာစေတနာတွေနဲ့ကိုကို ဆူးနားရှိနေရင် ဆူးဘဝပြည့်စုံနေပါပြီ"
"လိမ္မာလိုက်တဲ့ သမီးလေးရယ်...ဒါကြောင့်လဲ သမီးဖေဖေက သမီးကို အရမ်းချစ်ခဲ့တာဖြစ်မယ်။ အားမငယ်ပါနဲ့ သမီးရယ်...မေမေ့သမီးအရင်းလေးလို ဟိုးအရင်ထဲက သမီးကိုချစ်ခဲ့တာပါ"
"ဆူးသိပါတယ် မေမေနွေး...မေမေနွေးလောက်ဆူးအပေါ်ကောင်းတဲ့သူ မရှိပါဘူး"
"ကဲ....သွားနားတော့သမီး"
"ဟုတ်ကဲ့ မေမေနွေး...ဆူး ကိုကို့အတွက် ကော်ဖီသွားဖျော်လိုက်ဦးမယ် အလုပ်လုပ်ရင်းနဲ့သောက်ရအောင်"
"အေးအေး သမီး"
သားအပေါ် အနွံနာခံနိုင်လွန်းတဲ့ ဆူးခေတ်သစ်ရဲ့ကျောပြင်လေးကို ကြည့်ကာ သူမ သက်ပျင်းအခါခါချနေမိသည်။ သွေးမတော်သားမစပ်နဲ့ မိသားစုအရင်းတွေလို တွယ်တာနေမိကြတဲ့ သူမတို့အဖြစ်က ဆန်းကြယ်နေလေသည်။ သံယောဇဥ်ဆိုတာ...ဘယ်လိုကာလာတွေနဲ့ နှောင်တွယ်ခဲ့သလဲဆိုတာမသိပေမယ့် ဆူးကိုသမီးအရင်းလေးနဲ့မခြားချစ်ခဲ့ရတာ ဟိုးတုန်းကတည်းက။ ထို့အတူ....။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"နေကတော့ လုံးဝလက်မလျော့နိုင်ဘူးမေမေ။ အငယ်လေးကို ဆုံးရှုံးရတာ နေတို့နှလုံးသားတစ်ခုလုံးရှင်လျက်သေဆုံးခဲ့ရတာနဲ့အတူတူပဲ။ တရားခံကို မမိသရွေ့...နေကတော့ ရှာနေဦးမှာ"
နေကောင်းကင်ရဲ့ မျက်နှာက ညမီးရောင်အောက်ဝယ် နီရဲတင်းမာနေပြီး မျက်ဝန်းအိမ်များက မျက်ရည်ရောင်တို့ဖြင့်တလက်လက်ထနေခဲ့သည်။ မောင်လေး သေဆုံးမှုက ဘယ်လိုမှု သွေးရိုးသားရိုးမဟုတ်။ ကားရှေ့ပိုင်းတစ်ခုလုံး တိုက်မိထားပြီး မောင်လေးကိုတွေ့ခဲ့တာ လမ်းဘေးချောက်ထဲမှာ။ ဒီကြားထဲ ညီမလေးရေးကပါ အဆစ်ပျောက်သွားတာ ဒီနေ့ဒီအချိန်အထိ သတင်းအစအနလေးတောင်မရ။
"သားငယ်လေးသေဆုံးသွားတာ ဖေဖေတို့လည်းခံစားရတာပဲ သမီး။ သမီးရေးဆို ခုချိန်ထိ သေသလား၊ရှင်သလားတောင်မသိရဘူး။ တာဝန်ရှိတဲ့လူတွေဆောင်ရွက်နေပြီ...သားငယ်လေးကို ခုလိုအဖြစ်ဆိုးမျိုးလုပ်သွားတဲ့သူကို ဖေဖေလည်း နာကျည်းမုန်းတီးတာပဲ။ဒါပေမယ့်...သမီးက မိန်းကလေး...ဖေဖေတို့သမီးကိုပါ ထပ်ပြီး အဆုံးရှုံးမခံနိုင်ဘူး သမီး။ ပဲခူးအထိ သွားဖို့ကို ဖေဖေခွင့်မပြုဘူး"
"မေမေလည်း သမီးဖေဖေနဲ့ အတူတူပဲ သမီး။ မေမေတို့နားမှာပဲ နေပါ သမီးရယ်။သားငယ်လေး...သားငယ်လေး ခွဲသွားတာကိုမေမေတို့ မခံစားနိုင်လွန်းလို့ပါကွယ်"
မေမေရဲ့မျက်ရည်တွေကိုမြင်တော့ နေ့ခြေလှမ်းတွေ ယိုင်နဲ့သွားရသည်။ တာဝန်ရှိတဲ့လူတွေကို နေ စိတ်မရှည်တော့တာအမှန်ပါ။သုံးလလောက်ရှိပြီး ခုထိသတင်းအစအနမရသေး။ ကိုယ့်မောင်လေးတစ်ယောက်လုံးဆုံးရှုံးသွားတာတောင် တရားခံတွေက လွတ်နေသေးတယ်။ မောင်လေးသေဆုံးသလို ဒင်းတို့ ပြန်ပြီးအပြစ်မခံရမချင်း မကျေနပ်နိုင်။
"ဒီဒီတို့လည်း သူတို့အပူနဲ့သူတို့ပဲ...သမီးလေးပျောက်သွားတော့ သူတို့လည်းခံစားနေရတာ။ ခုမှ ကိုယ့်မကယ်နိုင်၊သူ့မကယ်နိုင်ဖြစ်နေရတာ သမီးရယ်။ မေမေ့သားငယ်လေး တမလွန်ကနေ အေးချမ်းနိုင်ပါ့မလား မသိပါဘူးကွယ်။ ရေးလေးက သားငယ်လေးရဲ့ကိုယ်ပွားပဲ။ ခုချိန်မှာ ရေးလေးကို ပြန်တွေ့ရရင်သိပ်ကောင်းမှာပဲ.."
ဆို့နစ်ကြေကွဲစွာဆိုရင်း ရှိုက်ကြီးတငင်ငိုချလိုက်သည့် မေမေ့ကို နေပွေ့ဖက်လိုက်သည်။ ဖေဖေကလည်း မျက်နှာကြီးနီရဲနေပြီ။ ကိုယ်တိုင်တောင် မောင်လေးအတွက်နှလုံးသားတွေ မွမွကြေနေတာ မွေးထားတဲ့မိဘတွေရဲ့ရင်ထဲမှာ ဘယ်လောက်အထိခံစားနေလိုက်မလဲ။ နှစ်သိမ့်ပေးဖို့ ကြိုးစားရင်း ရင်ထဲနင့်လာကာ နေ ကိုယ်တိုင်ငိုချပစ်လိုက်သည်။
"မေမေ့သားငယ်လေး...မေမေ့ဆီပြန်လာခဲ့ပါ သားရယ်"
"မေမေရယ်"
မဖြစ်နိုင်တဲ့အရာကိုတမ်းတငိုယိုနေသည့် မိခင်၊ မေးကျောတွေထောင်ထလျက် ယောကျ်ားရင့်မာကြီးမို့ငိုမချရုံကလွဲပြီး မျက်ရည်တွေစီးကျနေသည့် ဖခင်၊ သည်မွေးမိဘတွေကို နေ ဘယ်လိုနှလုံးသားနဲ့အားပေးရမလဲ။
"နေကတော့ အဲဒီတရားခံကို အသေစားသေပေးတောင်မကျေနပ်ဘူး။ ဒင်းကို မမိ မိအောင်ဖမ်းပြီး မောင်လေးသေသလို အသေစားသေစေမယ်။ သမီးတို့ဘဝထဲကနေ မောင်လေးကိုဆွဲထုတ်သွားသလို သူတို့ဘဝတွေလည်းဆုပ်ပြတ်သပ်စေရမယ်။ ဒင်းတို့လို တာဝန်မသိတဲ့သူတွေကြောင့် မောင်လေး မသေသင့်ပဲ သေရတာ"
နေရဲ့စကားတွေက ကျိန်စာတစ်ခုလို၊ရာဇသံတစ်ခုလိုပြင်းရှနေပြီး အကြည့်တွေက တစ်နေရာတည်းမှာ စူးနင့်စွာရပ်တန့်နေသည်။ ထိုနေရာက...သွားစွယ်လေးတွေပေါ်အောင်ရယ်မောနေသည့် ရွှေတမံရဲ့ ဓာတ်ပုံကြီးပင်။ဓာတ်ပုံထဲက မောင်လေးသည် အပြစ်ကင်းစင်သော ကလေးငယ်လေးလို လွတ်လပ်စွာရယ်မောလျက် ရှိနေသည်။
"တရားကိုနတ်စောင့်ပါတယ် သမီး....မတရားတဲ့သူဆိုတာ လွတ်ရိုးထုံးစံမရှိပါဘူး။ သူ ဘယ်လောက်ဖုံးကွယ်နိုင်မှာလဲ သမီး။ ပြီးတော့ အဝင်အထွက်ဂိတ်ဆီက ကြားရတာ အဲဒီအချိန်ကြားမှာ ရန်ကုန်လာတဲ့ကားက လေးငါးစီးပဲရှိနေတာ။ သူတို့မလွတ်တော့ပါဘူးကွယ်"
ဖေဖေရဲ့စကားတွေလည်း နေ နားမဝင်တော့ပါ။ ဖြစ်နိုင်ရင် နေကတော့ တရားခံကို အမြန်မိစေချင်ပြီ။ မိလို့ကတော့ ဘယ်လောက်ကုန်ကုန် အကောင်းဆုံးရှေ့နေငှားပြီး ဒင်းကို အသေစားသေခိုင်းပစ်ရမယ်။ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာ ဘယ်လောက်ရင်နာဖို့ကောင်းသလဲ။ ကားနဲ့တိုက်ပြီး လမ်းဘေးချောက်ထဲပစ်ချခဲ့လို့ မောင်လေးသေရတာ။
"ဘယ်ဘဝက ဝဋ်ကြွေးတွေလဲ မသိပါဘူး...မေမေတို့အရင်ဘဝက သူများသိုက်မြုံကို ဖျက်ဆီးခဲ့လို့ဖြစ်မယ်။ ဒီဘဝမှာ မိသားစုတွေခွဲခွာရတာ.... သားငယ်လေးရယ် မေမေတို့ကို ထားခဲ့ပြီလား..မေမေတို့ဆီပြန်လာခဲ့ပါ သားရယ်"
မေမေရဲ့ငိုယိုသံတွေကို နေ မကြားရက်နိုင်တော့ပါ။ နှလုံးသားတစ်ခုလုံးသွေးစိမ်းရှင်ရှင်ကျလျက်...။ အငယ်လေး...မင်းကို သေစေတဲ့ အဲဒီတရားကို မမအရမ်းမုန်းတယ်။
နာကျည်းကြီးများစွာဖြင့် အမုန်းနေ့စွဲများကို ခက်ခဲစွာဖြတ်သန်းရင်း.....။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အခန်းတံခါးကိုဖွင့်လိုက်တယ်ဆို စားပွဲမှာထိုင်ကာ စာရင်းတွေလုပ်နေသည့် ကိုကို့ကျောပြင်ဆီ မျက်လုံးက တန်းခနဲရောက်သွားသည်။ ဗီရှိတ်လည်ပင်းနဲ့ တီရှပ်ကို ပေါ့ပေါ့ပါးပါးဘောင်းဘီနဲ့တွဲဖက်ဝတ်ကာ အလုပ်ရှုပ်နေသည့်ကိုကို။
ဖေဖေဆုံးသွားပြီးထဲက ကိုကိုတစ်ယောက်အလုပ်တာဝန်တွေထဲ ပိသွားပြီး စီးပွားရေးသမားလုံးလုံးဖြစ်သွားသည်။ ရန်ကုန်မှာရှိနေတဲ့ ကုမ္ပဏီကို ဦးစီးဖို့ လုပ်ငန်းတွေကိုလေ့လာခဲ့ရတာကို ဆူးသိသည်။ဖေဖေဆုံးသွားတော့ အောင်ပန်းမှာရှိတဲ့ ခြံတွေမှာ ပြဿနာတွေတက်နေတာကိုလည်း ဆူး တစ်စွန်းတစကြားခဲ့ပြီးပြီ။
ကိုကိုတစ်ယောက်ထဲ ပြဿနာပေါင်းစုံဖြေရှင်းနေရချိန်မှာ ဆူး တစ်ခုခုအကူအညီပေးချင်တယ်။ ဆူး ဘက်ကတတ်နိုင်သမျှကူညီပေးချင်နေမိတာ ဆူးရဲ့တကယ့်စေတနာပါ။ ကိုကို လုပ်ငန်းတွေ မကျွမ်းကျင်ခင် စိတ်ဓာတ်တွေဗုန်းဗုန်းလဲနေတုန်းကဆို ဆူးလည်းကိုကိုနဲ့ထပ်တူခံစားခဲ့ရတာ။ ကိုကိုကို ကူညီဖို့ ရှယ်ယာရှင်တွေဆီပြေးလိုက် အောက်ကျို့မခံချင်တဲ့ကိုကို့အတွက်..လုပ်ငန်းပိုင်းကျွမ်းကျင်သူတွေနဲ့ တွေ့ပြီး ဆွေးနွေးပြီး ကိုကို့အတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုခဲ့ရတာ။
ကိုကို စိတ်ညစ်လို့ ခေါင်းငိုက်စိုက်ကျနေချိန်ဆို အခန်းထဲမှာ ဆူး ကျိတ်ငိုပြီး ညတွေကိုခက်ခဲစွာဖြတ်သန်းခဲ့တာတွေ ကိုကိုဘယ်သိမှာလဲ။ သိရင်ရော...ဆူးကို အော်ဟောက်ပစ်ဦးမှာပဲ မဟုတ်လား။ ကိုကိုအတွက် အုတ်တစ်ချပ်မဟုတ်တောင် သဲတစ်ပွင့်လေးဖြစ်ခွင့်ရရင် ဆူးကျေနပ်ပါပြီ ကိုကို။
"ကိုကို"
"မေမေ အိပ်သွားပြီလား"
"အင်း အိပ်တော့မယ်...ကော်ဖီသောက်လိုက်ပါဦး ကိုကို"
"ဟာ....မသောက်ချင်ဘူး လာမထားနဲ့"
"အို....ကိုကို"
"ဟာ......မင်းကွာ....တောက်...."
ကော်ဖီခွက်ကို စားပွဲပေါ်တင်လိုက်ပြီး ကိိုကို့ကို လော်ကွတ်ချော်လိုက်ချိန် ကိုကို့ဆီက တားဆီးသံထွက်လာပြီး တွန်းအလွှတ်...ကော်ဖီခွက်က နှစ်ယောက်ကြားကသောင်းကနင်းဖြစ်ပြီး ဖိတ်ကျကုန်တော့သည်။ ကံဆိုးချင်တော့ ကိုကိုရဲ့စာရွက်တွေပေါ် ကော်ဖီတွေ ဖိတ်ကျကာ စွန်းထင်းကုန်တာမို့ ဒေါသတကြီးနဲ့ ထအော်လိုက်တဲ့ ကိုကို့အသံက ဆူးလိပ်ပြာလွင့်မတတ်။
"ဆူး....တောင်းပန်ပါတယ် ကိုကို။ ဆူးက ကိုကို သောက်စေချင်လို့..."
"ခုမင်း ဘယ်လိုတာဝန်ယူမလဲ...ဒီစာရွက်တွေ ဘယ်လောက်အရေးကြီးသလဲ မင်းသိလား။ အေး...မင်းလိုမိန်းမက ဒါတွေဘယ်သိပါ့မလဲ "
နီရဲတင်းမာနေသည့် ကိိုကို့မျက်နှာကို ဆူးရဲရဲမကြည့်ရဲ။ ပြင်းထန်သည့်စကားလုံးတွေကို ဆူး နာကျင်စွာခံစားနေရသည်။ ကော်ဖီတွေပေစွန်းနေသည့် စာရွက်တွေကို ကောက်ကိုင်လိုက် ခါးထောက်လိုက်ဖြင့် ကိုကိုဖြစ်နေပုံက တကယ့်တန်ဖိုးကြီးပစ္စည်းတစ်ခုခုဆုံးရှုံးသွားသလို။
"ဆူး တကယ်မရည်ရွယ်ပါဘူး ကိုကိုရယ်။ မတော်တဆ..."
"ဘာ မတော်တဆဟုတ်လား....ပျက်စီးသွားတဲ့ ဒါတွေအတွက် မင်းဘယ်လိုတာဝန်ယူမလဲ ပြောစမ်း...တောက်.."
"အ....ကိုကို"
မျက်လုံးတွေပါနီရဲလျက် မေးကြောတွေထောင်လာသည့်အထိ ကိုကိုဒေါသထွက်နေတာကို ဆူး နားမလည်နိုင်။ မတော်တဆဖြစ်သွားတဲ့ကိစ္စမှာ ဆူး အဲဒီလောက်အထိ အပြစ်ကြီးသွားသလား။ ဆူး တွေးလို့မှ မဆုံးသေးပါ...ဆူးဆံပင်ကနေ ဆောင့်ဆွဲခံလိုက်ရပြီး ကိုကိုဆွဲခေါ်ရာနောက်ကို တရွတ်တိုက်ပါသွားရသည်။
"ကိုကို မလုပ်ပါနဲ့....ဆူးတောင်းပန်ပါတယ်"
နာကျင်မှုကြောင့် မျက်ရည်တွေစီးကျလာပြီး ဆူးတောင်းပန်နေပေမယ့်...ကိုကိုက လုံးဝမရပ်။ ရုန်းဖယ်နေသည့်ကြားက ဆူးကိုယ်လေး ရေချိုးခန်းထဲရောက်သွားချိန် ကိုကိုရဲ့ရက်စက်မှု အဆုံးအစွန်ကို လက်တွေ့ခံစားလိုက်ရသည်။
"အား....ဖလူး....ဖလူး...ဝူး...ဖူး..."
ရုတ်တရက် ဆူး ဘာလုပ်မယ်ဆိုတာနားမလည်ဖြစ်နေချိန် ဆံပင်ကနေ ဆွဲထားတဲ့အတိုင်း ဆူးခေါင်းကို ရေအပြည့်ဖြည့်ထားသည့်ကြွေဇလားထဲ ဖိနှစ်ခံလိုက်ရသည်။ ပြင်ဆင်ချိန်မရလိုက်ပဲ အငိုက်မိကာ ဆူး မွန်းကျပ်သွားရသည်။ ရေထဲသို့ မျက်နှာအပ်ကျသွားကာ မခံမရပ်နိုင်လောက်အောင် မွန်းကျပ်လျက် အသက်ရှူကျပ်ပြီး အသက်ထွက်မတတ်ဖြစ်သွားရကာ သွေးရူးသွေးတန်းရုန်းဖယ်လိုက်ပေမယ့် ကိုကိုက မလှုပ်နိုင်အောင်ဖိချုပ်ထားသည်။
ဆူး စိတ်ကိုလျော့ချလိုက်ပြီး သတိကင်းလွတ်တော့မည့် ဆဲဆဲ ကိုကိုက ဆူးခေါင်းကို ရေထဲကနေ ပြန်ဆွဲမလိုက်သည်။
"အဟွတ်....ဟွတ်....."
ချောင်းတွေအဆက်မပြတ်ဆိုးလျက်ဆူး ပါးစပ်ထဲက ရေတွေထွက်ကျလာပြီး အသက်ရှူကျပ်ကာ မောဟိုက်လာသည်။ မျက်လုံးတွေဖွင့်ကြည့်ပေမယ့် ပြာနှမ်းကာ ဘာမှ မမြင်နိုင်တော့ပါ။ ကြွက်စုတ်လေးလို စိုကပ်နေသည့် ဆံပင်တွေကို ကိုကိုက တစ်ချက်မလွှတ်ပဲ ရေထဲ ပြန်ထိုးနှစ်လိုက်ချိန်မှာတော့ မွန်းကျပ်သည့် ဝေဒနာကို နောက်တစ်ချိန်ခံစားလိုက်ရသည်။ဆူး သေချင်သေပါစေဟု စိတ်လျော့ချလိုက်ချိန်မှာတော့.....။
အပိုင်း(၁၀)ဆက်ရန်👈👈👈
စာဖတ်သူများအတွက်
ထာဝရ
#ဖက်ဖူးစိမ်း