book

Index 8

အပိုင်း(၈)

🌺ပန်းမွေ့ယာ...ရွှေကော်ဇော🌺



"ငွေငါးရေ....ငွေငါး..."


"ရှင် မမ"


 ငွေငါးလေး၏အခြေအနေကတစ်နေ့တခြား တိုးတက်လာသည်။ အရင်လိုဆိုးဆိုးဝါးဝါးမဟုတ်တော့ဘဲ သူမနေတတ်ထိုင်တတ်လာ၏။


"ဘာလုပ်နေတာလဲ ငွေငါး"


"ဟီး....သမ္ဘာကိုစမလို့"


ရေစည်နောက်မှာ ပုန်းနေသည့် ငွေငါးကျောပြင်လေးကို အဝေးကတည်းက လှမ်းမြင်နေသည့် နွယ်ဝေ...သူမနားထိုးသွားပြီးခေါ်လိုက်သည်။ထိုအခါ...ငွေငါးလေးထံမှ ချစ်စဖွယ်စကားသံလေးတွေကို ယခုလိုကြားရတာပါ။


မဖီးမသင်ဘဲ အရိုင်းဆန်စွာဝဲဖြာနေသည့် ဆံနွယ်များက မျက်နှာပေါ် အုပ်ကွယ်နေသလို နီညိုရောင်ရှပ်လက်ရှည်ကို တံတောင်ဆစ်အထိလက်ခေါက်ဝတ်ထားပြီး ကော်တွန်ထဘီ အဆင်ဆန်းလေးက မြေပြင်ပေါ်ပုံကျနေတာမို့ ငွေငါးပုံလေးက ဖရိုဖရဲလေးနှင့်တမျိုးလေးကြည့်ကောင်းနေသည်။


"ဟယ်.....တကယ့်ဒေါသအိုးကို သွားမစနဲ့နော်။ သမ္ဘာက စတာလုံးဝကြိုက်တာမဟုတ်ဘူး"


နွယ်ဝေက မျက်လုံးလေးပြူးလျက် စိုးရိမ်မကင်းသံဖြင့်ပြောလိုက်၏။ 


ငွေငါးလေးက သွားတန်းလေးတွေပေါ်အောင်ပြုံးလျက် သူမနှုတ်ခမ်းလေးပေါ်လက်ညှိုးလေးဖြတ်တင်ကာ၊


"ရှူး....တိုးတိုးလုပ်ပါ မမ။ တော်ကြာ သူပြန်လာတော့မှာ။မမသွားတော့လေ..သူတွေ့သွားလိမ့်မယ်"


နှုတ်ခမ်းလေးစုလုံးလျက် ကလေးဆိုးလေးလို ပြောလိုက်ပုံကြောင့် နွယ်ဝေမျက်နှာအလိုလိုပြုံးသွားရသည်။ ဘယ်လိုဆုတောင်းကြောင့်လည်း မသိပါ...ငွေငါးလေးကို မြင်မြင်ချင်းညီအစ်မအရင်းလေးလို ချစ်ခင်စိတ်ဖြစ်မိတာ ထူးဆန်း၏။ ဝေဒနာသည်လေးမို့ ဂရုဏာအပြည့်နှင့် အကြင်နာပိုတာလည်း ပါသည်။ 


"မောင်လေးက နှင်းဆီခြံဘက်သွားတယ်မို့လား"


အချိန်တွေတရွေ့ရွေ့ပြောင်းလဲသွားသလို သမ္ဘာလည်း သူ့ဘဝကိုနေသားတကျဖြစ်လို့နေလေပြီ။ အရင်လိုခြံစိုက်ပျိုးလေးနှင့် ဝက်ရှော့ခ်လေးကိုလည်း ပြန်လည်ဦးစီးနေလေရဲ့။


"ဟုတ်တယ်....သမ္ဘာ ပန်းခင်းဘက်သွားတယ်လေ...အဟင်း...သူပြန်လာတော့မယ်မမရဲ့။ သွား...သွား....မမပြန်နှင့်"


ရေစည်နောက်က ထလာပြီး နွယ်ဝေကိုလက်မောင်းကနေဆွဲချသွားကာ အတင်းနှင်လွှတ်နေသည့် ငွေငါးလေး။ ဘယ်ရေစက်ကြောင့်မသိပါ...ငွေငါးကို သူမမြင်မြင်ချင်း ညီမလေးတစ်ယောက်လိုခင်တွယ်ခဲ့မိသည်။


"အရမ်းမစနဲ့နော် ငါးလေး၊ မောင်လေးက စိတ်နည်းနည်းဆတ်တယ်"


ငွေငါးလေးအကြောင်းကို သိနေသလို မောင်ဖြစ်သူသမ္ဘာ၏စိတ်ကိုပါ အလွတ်ရနေသည့် နွယ်ဝေ ငွေငါးလေးကိုသတိပေးလိုက်လေသည်။ 


"ငါးလေးသိပါတယ် မမရဲ့...."


ချစ်စဖွယ်အပြုံးလေးနှင့်တန်ဆာဆင်ရင်း ငွေငါးလေးက နွယ်ဝေ့ခါးကိုတင်းနေအောင်ဖက်လိုက်လေသည်။ ပြီးတော့...နွယ်ဝေလက်မောင်းတစ်တစ်လေးမှာ နှာသီးဖျားလေးနှစ်လျက် ငွေငါးလေးက သူမခေါင်းလေးကို ခါလိုက်၏။ ထိုအမူအပြုလေးကပင် နွယ်ဝေနှလုံးသားကို နွေးထွေးစွာလှုပ်ရှားသွားစေသည်။ ငွေငါးလေးဆိုသည်မှာ ဤကဲ့သို့ ချွဲနွဲ့တတ်သူလေးပါ။


"ကဲ....မိချွဲလေး ဖယ်တော့ မမနွယ်ပြန်တော့မယ်"


"ဟုတ်ကဲ့...."


ခါးမှာဖယ်တွယ်ထားသော လက်ကိုမလွှတ်သေးဘဲ ငွေငါးလေးက ခေါင်းညိတ်လေသည်။


"သမ္ဘာကို အရမ်းမစနဲ့နော် ငါးလေး"


"သိပါတယ်ဆို မမကလည်း...."


နှုတ်ခမ်းလေးကိုစုလုံးလျက် ငြူစူသလိုအပြောကြောင့် နွယ်ဝေ ချစ်စနိုးဖြင့်မျက်စောင်းထိုးလိုက်ကာ၊


"ညည်းလေးက ကျုပ်ကိုတောင်စိတ်မရှည်ချင်တော့ဘူးပေါ့လေ..."


"အာ....မဟုတ်ပါဘူး မမရဲ့"


နွယ်ဝေစိတ်ဆိုးမှာကို စိုးရိမ်ဟန်ဖြင့် ငွေငါးလေးက ချက်ချင်းငြင်းဆန်လိုက်၏။နွယ်ဝေက ငွေငါးလေးခေါင်းလေးကို ပွတ်ပေးနေရင်း၊


"ညီမလေး...."


ညီမလေးဟု ခေါ်သံလေးက အကြင်နာအပြည့်..။ ခေါင်းလေးမော့လာပြီး ငွေငါးလေးက မျက်လွှာလေးလှန်ကြည့်ကာ၊


"ရှန်!....မမ"


ဟုသွက်သွက်လေးထူးလိုက်၏။ ထိုအသံလေးကြောင့်နွယ်ဝေ ပြုံးလိုက်မိသည်။ သြော်...သူမကိုခေါ်တိုင်းထူးရမယ်ထင်နေတဲ့ ကောင်မလေး။ အပြစ်ကင်းသည့်ချစ်စရာမျက်နှာလေးနှင့် ငွေငါးလေးသည် တကယ်တော့ သိပ်ကိုသနားစရာကောင်းတဲ့ မိန်းကလေးတစ်ဦးပင်။ သူမဘဝကိုဘာတစ်ခုမှ မမှတ်မိတော့သည့် ဝေဒနာသည်လေး။


မျက်လုံးလေးပေကလပ်ပေကလပ်ဖြင့် နွယ်ဝေ့ကိုမော့ကြည့်နေသည့် သနားစဖွယ်မျက်နှာလေးကြောင့် နွယ်ဝေတစ်ယောက် ဂရုဏာသက်ပြီးရင်းသက်နေရလေသည်။


"ညီမလေး မှတ်မိတာ တစ်ခုခုမရှိဘူးလား။ဟိုလေ..ညီမလေးအရင်ကနေထိုင်ခဲ့တဲ့ဘဝကိုလေ"


"ငါးလေးက ဘာကိုမှတ်မိရမှာလဲဟင်.."


အတန်ကြာငြိမ်သက်နေပြီးမှ အဖြေရှာသည့်မျက်ဝန်းလေးများဖြင့်ငွေငါးလေးက မေးခွန်းပြန်ထုတ်နေသည်။


"တစ်ခုခုပေါ့....ညီမလေးရဲ့အတိတ်နဲ့ပက်သက်ပြီးတစ်ခုခုမှတ်မိတာမရှိဘူးလား"


ငွေငါးလေးက သူမကိုစူးစိုက်ကြည့်လျက် ခဏငြိမ်သက်သွား၏။ မျက်ခုံးလေးတွေထိစပ်လုမတတ်ကျုံ့လျက် အလေးအနက်တွေးနေဟန်တူသည်။


"ဟင်အင်း....ငါးလေးသိတာ မမတို့နဲ့ဒီမှာနေရတာ အရမ်းပျော်တယ်။ ပြီးတော့..ငါးလေး မမတို့နဲ့မခွဲနိုင်ဘူး"


နောက်ဆုံးစကားသံလေးက တိုးလျတိမ်ဝင်လို့သွားသဖြင့် နွယ်ဝေ စိတ်မကောင်းဖြစ်သွားရပြီး ငွေငါးလေးကို ပွေ့ဖက်လိုက်မိ၏။


"ညီမလေးရယ်...."


ကျောပြင်လေးကို ဖွဖွပွတ်သပ်ပေးနေသည့် နွယ်ဝေ့ကို ပြန်လည်ဖက်တွယ်ရင်း အားကိုးတကြီးတောင်းဆိုလိုက်မိသည်က၊


"ငါးလေးကို နှင်မလွှတ်ပါနဲ့နော် မမ..နော်..။ ငါးလေးကို နှင်မလွှတ်ဘူးမို့လားဟင်"


"မနှင်ပါဘူး ညီမလေးရယ်။ မနှင်ပါဘူး..မမတို့နဲ့ တစ်သက်လုံးနေမယ်ဆိုလည်း မမတို့က ခွင့်ပြုပြီးသားပါကွယ်"


"တကယ်နော်...မလိမ်ရဘူးနော်"


"မလိမ်ပါဘူးကွယ်..."


နွယ်ဝေ့ရင်ခွင်ထဲကနေ ရုန်းထွက်လိုက်ပြီး မျှော်လင့်ခြင်းရောင်စဥ်တွေ တဖျက်ဖျက်လက်နေသည့် မျက်ဝန်းလေးများဖြင့် ငွေငါးလေးက မေးလိုက်တာမို့ နွယ်ဝေပြုံးလိုက်ရင်း သွက်သွက်ပြန်ဖြေလိုက်ရသည်။


"ဒါဆို ကတိ..."


"ကတိပါကွယ်..."


"ဟင်အင်း....အဲဒီလိုပါးစပ်ကပြောရုံနဲ့မရပါဘူး။ ဟောဒီလို..ကတိ"


သူမလက်သန်းလေးကို ရှေ့ထိုးပေးလာသဖြင့်နွယ်ဝေ သဘောကျစွာရယ်မောလိုက်မိသည်။ ကလေးလေးမှ တကယ့်ကလေးပေါက်စနလေးလိုပါဘဲလား ငါးလေးရယ်။


"ကတိဆို...ဟောဒီလိုလက်သန်းချင်းချိတ်"


နွယ်ဝေ့လက်ကိုဆွဲယူလိုက်ပြီး သူမဘာသာသူမလက်သန်းချင်းချိတ်နေလေသည်။


"ကဲ...ကျေနပ်သွားပြီလား..."


ရယ်ဟဟဖြင့် နွယ်ဝေက မေးလိုက်တော့ ငွေငါးလေးက ခေါင်ညိတ်ပြရင်း၊


"အဟင်း....ကျေနပ်ပြီ"


"နွယ်ရေ....လာပါဦးကွာ"


"ဟော....ကိုကြီးမိုးမြင့်ခေါ်နေပြီ။သွား..သွား မြန်မြန်သွား"


အိမ်ဘက်ကိုလှမ်းကြည့်ပြီး ငွေငါးလေးက နွယ်ဝေ့ကိုယ်ကြီးကို တွန်းထုတ်နေကာ လက်ခါခါခြေခါခါဖြင့် သွားခိုင်းနေ၏။


"မမတို့ဟိုဘက်ရွာကို ကာကွယ်ဆေးသွားထိုးရမှာ အပြန်နည်းနည်းနောက်ကျမယ်။ ညီမလေး တံခါးတွေသေချာပိတ်ထားကြားလား။ ဘယ်သူ လာလာ ဖွင့်မပေးနဲ့နော်"


"ဟင်...ဘယ်နှနာရီလောက်ကြာမှာလဲ မမ"


"အဲဒါတော့ ဘယ်ပြောလို့ရမလဲကွယ်...ကဲ ညီမလေးထမင်းစားချင်ရင် ခူးခပ်စားထား။ မမ အကုန်ချက်ထားခဲ့တယ်"


"ဟုတ်ကဲ့...ကိုကြီးမိုးမြင့်ရောလိုက်မှာလား"


"အင်း သူလိုက်ပို့ရမှာ"


"တာ့တာ မမ"


"အေးပါကွယ်"


လက်ကလေးမြှောက်ကာ နှုတ်ဆက်နေသည့် ငွေငါးကို ပြန်ပြုံးပြရင်း နွယ်ဝေ စိတ်မောနေရသည်။ ဝေဒနာသည်လေးဖြစ်တဲ့ ငွေငါးကို သူမ ဘယ်လိုမှ စိတ်မချနိုင်။ ဖြူစင်လွန်းတဲ့ကောင်မလေးကို သူမ သန့်သန့်ရှင်းရှင်းစောင့်ရှောက်ချင်သည်။ ပြီးတော့ တစ်ချိန်မှာ သူမဘဝအမှန်ကို သတိလည်တဲ့အခါ အဖြူထည်အတိုင်းလေးရှိနေစေချင်တာ သူမရဲ့စေတနာအမှန်ပါ။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


"သမ္ဘာ...ဟေ့ကောင် မပြန်သေးဘူးလား"


"နေပါဦးကွာ...ဒီတစ်စီးပြီးတော့မှာ"


ဂွတွေ နှင့် အလုပ်ရှုပ်နေသည့် သမ္ဘာက မျိုးကျော်ကို မော့မကြည့်ဘဲ ပြန်ဖြေတော့ မျိုးကျော်မျက်နှာကြီး ရှုံ့မဲ့သွားတော့သည်။


"အချိန်ကိုလည်း ကြည့်ဦးဟ...မိုးမှောင်ကျလာပြီ တော်ကြာ အပြန်မိုးမိနေမှဖြင့်"


လက်ပတ်နာရီကို ငုံ့ကြည့်လိုက် မိုးပေါ်မျှော်ကြည့်လိုက်ဖြင့် မျိုးကျော်တစ်ယောက် ပြာယာခတ်နေသည်။ ဒီနေ့မှ ကိုတေကြီး မလာတော့ သူတို့နှစ်ယောက်တည်း အလုပ်ကမလည်။ ဒီပုံအတိုင်းဆို ဒီတစ်စီး မပြီးမချင်း သမ္ဘာတစ်ယောက်ထမည့်ပုံမရှိ။


"ကိုနိုင့်ဆိုင်ကယ်ကို မင်းပြီးအောင်ပြင်မှာလား သမ္ဘာ"


သေချာအောင်ထပ်မေးလိုက်မိသည်။


"မင်းဘေးက ဂွလေးပေးစမ်းပါ"


ပြန်မဖြေပေမယ့် လိုအပ်တဲ့ပစ္စည်းတွေတောင်းနေတာမို့ ဒီဆိုင်ကယ်ကောင်းမှ ပြန်ရမယ်ဆိုတာကို မျိုးကျော်သဘောပေါက်လိုက်ပြီ။


"သူ့ဆိုင်ကယ်က ဂျုန်းဂျုန်းကျနေတာ သမ္ဘာ ဒါကို ပြီးအောင်ပြင်ဖို့ဆိုတာ"


"မင်းပါးစပ်ကို ပိတ်ပြီး လာကူလိုက်ရင် ပိုပြီးအကျိုးမရှိဘူးလား မျိုးကျော်"


နောက်ဆုံးတော့ သူသာလက်လျော့လိုက်ရပြီး သမ္ဘာနဲ့ ကူလုပ်လိုက်ရ၏။


"ဒါနဲ့ သမ္ဘာ ငွေငါးလေးက သနားစရာလေးနော်"


"ဘာဆိုင်လဲ ကိုယ့်အလုပ်ကိုယ်လုပ်"


မဆီမဆိုင်ပြောလိုက်တာက ငွေငါးလေးတဲ့။ သမ္ဘာက အလုပ်လုပ်နေရင်း ပိတ်ပြောလိုက်ပေမယ့် မျိုးကျော်မျက်နှာက ရယ်ကျဲကျဲ။


"တကယ်ပြောတာကွ။ သူ့ခင်ဗျာ ဘယ်ကမှန်းမသိ ဘယ်သူမှန်းမသိနဲ့ မမနွယ်နဲ့တွေ့လို့သာပေါ့ မဟုတ်ရင် မတွေးရဲစရာဘဲ"


"လုပ်မနေနဲ့ ဟေ့ကောင် မမနွယ်လက်ထဲအပ်လိုက်တဲ့ ဟိုကောင်လေးပြောတာ မင်းမကြားလို့လား"


"ဒါကတော့ကွာ ငွေငါးလေးရဲ့ ကုသိုလ်ကံကောင်းတာပဲ နေမှာပေါ့ကွ။ သူဒုက္ခရောက်တိုင်း ကယ်မဲ့သူနဲ့တွေ့နေတာ"


"ကောင်းမကောင်းတော့မသိဘူး ဟေ့ကောင် တကယ့်အမွှေစိန်ဘဲ။ အိမ်မှာဆို သူ့အသံချည်ဘဲ။ မွှေလိုက်နှောက်လိုက်တာလည်း လွန်ပါလေရောကွာ။ တကယ့်မနိုင်စိန်လေး"


"အဟဲ....မြတ်နိုးခြင်းမိုးတိမ်တွေ ငါမြင်နေရသလားလို့"


"ဘာမြတ်နိုးခြင်းမိုးတိမ်လဲ စကားကိုကြည့်ပြော"


"စိတ်ကူးမလွဲနဲ့သမ္ဘာ ငွေငါးလေးက တကယ်ချစ်စရာလေးကွ။ ငါထင်တယ် သူက ငါတို့လို အဆင့်အတန်းကဘယ်လိုမှ မဟုတ်နိုင်ဘူး။ တကယ့်ရွှေပေါ်မြတင်နေခဲ့ရတဲ့ သူဌေးသမီးလေးဖြစ်မယ်ကွ"


"တော်စမ်းပါကွာ...အရေမရအဖက်မရတွေပြောမနေစမ်းနဲ့။ မင်းပြောသလိုဆို လူပျောက်ကြော်ညာတွေတွေ့ရမှာပေါ့ကွ။ ခုတော့ ဘာလူပျောက်မှ မတွေ့ဘူး"


"မထင်နဲ့ သမ္ဘာ မင်း accident ဖြစ်တဲ့ညက ဟိုင်းဝေးလမ်းမကြီးမှာ မင်းလိုပဲ accidentဖြစ်ခဲ့တယ်ကွ"


သမ္ဘာ့လက်တွေ ရပ်တန့်ကုန်၏။ဒါကို မရိပ်မိလိုက်တဲ့ မျိုးကျော်က သူပြောချင်တာ ဆက်ပြောနေလေရဲ့။


"ပြောကြတာတော့ ကားနဲ့တိုက်ပြီးမှ လမ်းဘေးချောက်ထဲဆွဲချပစ်ခဲ့တာတဲ့။ ရက်ရက်စက်စက်ကွာ"


"အဲဒီလူ ဘာဖြစ်သွားတာလဲ "


"သေသွားတယ်လို့ပြောကြတာဘဲ ငါတို့လည်း သေချာမသိပါဘူးကွာ။ ဒါပေမယ့် တကယ့်သူဌေးတွေလို့လည်းပြောကြတယ်"


"အမှုပေါ်သွားရောလား"


"ငါလည်း မသိပါဘူးကွာ။ ဒါပေမယ့် ထူးဆန်းတာက အဲဒီအမှုနဲ့ပက်သက်ပြီး ဘာသတင်းမှ မရတော့တာဘဲကွ"


"ငွေငါးနဲ့ အဲဒီကိစ္စဘာဆိုင်လဲ"


"ဟ....မဆိုင်ဘူးလို့ မပြောနဲ့လေ။ ငွေငါးကိုလည်း အဲဒီညကတွေ့လာတာ တစ်ခုခုတော့ ပက်သက်မှုရှိနေမှာ အမှန်ပဲ သမ္ဘာ"


"ချောက်"


ဂွတွေကို ပစ်ချလိုက်တော့ မျိုးကျော် သမ္ဘာ့ကို နားမလည်သလိုမော့ကြည့်၏။


"သမ္ဘာ....မင်းမှန်မှန်ဖြေမလား"


"ဘာလဲ ငါကဘာကိုဖြေရမှာလဲ။ ဒီမှာ အလုပ်ရှုပ်ရတဲ့ကြားထဲ မင်းကတစ်မျိုး"


သမ္ဘာ့မျက်နှာကြီး သုန်မှုန်နေတော့ မျိုးကျော် ပြုံးလိုက်မိသည်။ သူ သမ္ဘာ့ရင်ထဲကို ထွင်းဖောက်မြင်နေရ၏။


"မင်း ငွေငါးလေးအပေါ်နည်းနည်းမှ သံယောဇဥ်မဖြစ်ဘူးလား သမ္ဘာ"


"ဘာသံယောဇဥ်လဲ ဘာမှ ဖြစ်ဖို့မရှိဘူး"


ဘောက်ဆတ်ဆတ်ဖြေပြီး ထရပ်လိုက်စဥ် မိုးခြိမ်းသံကြီး ဆူညံသွား၏။စောစောကထက် မည်းမှောင်လာကာ မိုးမင်းသားက စစ်ခရာသံပေးလျက်ရှိနေပြီ။ မကြာမှီ သည်းထန်သည့်တိုက်ပွဲကြီး တစ်ခုဖြစ်တော့မဲ့ အရိပ်အယောင်တွေပြည့်နှက်လာ၏။ငါးနာရီကျော်ကျော်အချိန်ပေမယ့် မိုးတွေမှောင်လာတော့မိုးချုပ်သလိုဖြစ်နေသည်။


"မိုးရွာတော့မယ်...သမ္ဘာ ပြန်ကျရအောင်ကွာ။ မနက်ကျမှ လက်စသပ်ကြတာပေါ့"


"နေပါဦး ပြီးတော့မှာကို တစ်ခါတည်းပြီးသွားတော့ ပိုမကောင်းဘူးတဲ့လား"


 အားတက်သရောပြောလိုက်တဲ့ မျိုးကျော်မျက်နှာကြီးရှုံ့မဲ့သွားတော့၏။


"မင်းက ပူပင်ရမဲ့သူမရှိတော့ ဟုတ်တာပေါ့ကွ။ ငါက အိမ်မှာ မိန်းမနဲ့ကလေးနဲ့ကွ"


"လျှာမရှည်နဲ့ မင်းပြန်ချင်ပြန်"


"အေး ပြန်မယ်ကွာ..."


မျိုးကျော် စိတ်ပေါက်ပေါက်နဲ့ ထရပ်ပြီးမှ သမ္ဘာရဲ့သုန်တေတေမျက်နှာကြောင့်ပြန်ထိုင်လိုက်ရသည်။


"ပြန်မယ်ဆို ပြန်လေ မင်းကိုဘယ်သူမှ အတင်းဆွဲမထားဘူး"


"အေးပေါ့ကွာ မပြန်နိုင်မှန်းသိတော့ ပြောပေါ့"


"လုပ်မနေနဲ့။ လုပ်ခနည်းမှာစိုးလို့မပြန်တာကိုများ မသိရင်ခက်မယ်"


"ကိုယ့်သူငယ်ချင်းကြီးကို မထားခဲ့နိုင်တာလဲ ထည့်ပြောဦး"


"ဟေ့ကောင်တွေ မပြန်ကြသေးဘူးလားကွ။ မိုးရွာတော့မယ်"


"မိုးတွင်းမိုးရွာတာဆန်းသလား ကိုကြီးထွန်းရာ"


မိုးကာအကျီကြီးတကားကားနှင့် ကိုထွန်းနိုင်ကြီးက သူတို့ဆိုင်ရှေ့ရောက်လာ၏။


"မိုးတွင်းမိုးရွာတာ မဆန်းဘူးပေါ့ကွာ။ ဒါပေမယ့် မိုးတို့ကောင်တွေ မိုးချုပ်တဲ့အထိအလုပ်လုပ်တာတော့ဆန်းတယ်ကွ"


"ကိုကြီးထွန်းကလည်းဗျာ ကိုယ့်အလုပ်ကိုယ်လုပ်တာဘဲ အချိန်တွေ သတ်မှတ်ချက်ရှိလို့လား"


"သမ္ဘာ...သမ္ဘာ မင်းအရင်နဲ့ကို မတူတော့ဘူးနော် ဟဲ ဟဲ"


ကွမ်းတွေဝါးနေရင်း ကိုထွန်းနိုင်ကြီးက တဟဲဟဲရယ်နေလေသည်။


"ဘာဟဲ ဟဲလဲဗျ..."


"တစ်ကိုယ်တည်းသမားက အလုပ်တွေဖိလုပ်နေမှတော့ အစွံထုတ်ဖို့ကြံနေပြီပေါ့။ ငါတို့လည်းကြိုပြောဦးနော်။ ဒါမှ ကြိုပြီး ဝမ်းနှုတ်ထားရအောင်"


"ဟာဗျာ...မဟုတ်တာ"


"စိတ်ကူးမလွဲနဲ့သမ္ဘာ...ငါပြောတာသေချာခေါင်းထဲထည့်ကွ။ သြော်...ဒါနဲ့ မင်းအစ်မက သူအပြန်နောက်ကျလိမ့်မယ်တဲ့။ မင်းဆိုင်စောစောသိမ်းပြီးအိမ်ပြန်လိုက်ဦးတဲ့ကွ။ ငါ့ကိုမှာလိုက်တာ မေ့တော့မလို့ ။ ဟဲ..ဟဲ အိမ်မှာကောင်မလေးတစ်ယောက်တည်းကျန်ခဲ့တော့ကြောက်ရှာမပေါ့ကွာ"


"မမနွယ်က ဘယ်သွားလို့လဲဗျ"


"ကာကွယ်ဆေးထိုးသွားတာလေ မပြီးသေးလို့..ဟော ပြောရင်းဆိုရင်းမိုးသည်းလာပြီးကွ ငါလည်းပြန်တော့မယ်။ ငါပြောတာမမေ့နဲ့ ကောင်လေး"


ကိုထွန်းနိုင်ကြီးက မိုးရေထဲ ပြေးထွက်သွားရင်း သမ္ဘာကြားအောင်အော်သွားသေးသည်။


"ဂျိမ်း....ဒလိန်း....."


"ဝေါ...ဝေါ..."


လေရောမိုးရော သည်းထန်လာတာမို့ သမ္ဘာထရပ်လိုက်သည်။ 


"ပြန်တော့မလာ သမ္ဘာ"


မျိုးကျော်အမေးကို ခေါင်းညိတ်ပြလိုက်ပြီး ပစ္စည်းတွေလိုက်သိမ်းနေလိုက်သည်။ 


"ဆွဲငင်ဓာတ်ကလည်းပြင်းသားနော်"


ပစ္စည်းတွေသိမ်းရင်းမော့ကြည့်လာသည့် သမ္ဘာ့မျက်လုံးများက စူးရဲနေတာမို့ မျိုးကျော် သမ္ဘာမမြင်အောင်ခိုးရယ်လိုက်မိသည်။ ဘယ်လိုပဲ ငြင်းနေနေ အဲဒီကောင်မလေးနဲ့ပက်သက်ရင် သမ္ဘာ ပုံမှန်မဟုတ်တာကို သူတို့ရိပ်မိနေပေမယ့် ဒီကောင်က လုံးလုံးဘူးခံနေတော့ သိပ်မကြည်ချင်။


"ချစ်ရင်ချစ်တယ်ပေါ့ ကြိုက်ရင်ကြိုက်တယ်ပေါ့...ဟန်လုပ်မနေနဲ့ဟေ့ကောင်ဘယ်သူမှမသနားဘူး"


"ဒေါက်"


"အား သေပါပြီကွာ"


မျိုးကျော်ခေါင်းကို ပွတ်လျက် အော်နေတော့သည်။ သမ္ဘာရဲ့လက်စကို သိပေမယ့် မလုပ်တန်ကောင်းဘူးထင်ထားတာ။


"ခွေးကောင် တကယ်လုပ်တယ်"


"မင်းပါးစပ်ကို ပိတ်ထားရင် ဘာမှဖြစ်မှာ မဟုတ်ဘူး။ ကဲ ကိုယ့်အထုပ်ကို ဆွဲပြီးကြွပေတော့"


"ဟဲ...ဟဲ...သွားပြီနော် "


မျက်နှာပိုးမသေတဲ့ရုပ်နဲ့ မျိုးကျော်တစ်ယောက်မိုးတွေသည်းနေသည့်ကြားက ပြန်သွားလေသည်။ မိုးကာထပ်ဝတ်လိုက်ကာ သူဆိုင်ခန်းတံခါးကိုဆွဲပိတ်လိုက်ပြီး အပြင်ကသော့ခတ်ပစ်လိုက်သည်။သော့ကို သေချာအောင်ထပ်စစ်ပြီးမှ တစ်ဝုန်းဝုန်းတစ်ဒိုင်းဒိုင်းရွာချနေသည့် မိုးမှောင်ထဲဝယ်ရွာလမ်းမကြီးအတိုင်းလျှောက်လာခဲ့သည်။ဒူးခေါင်းအထိ မိုးရေတွေတက်စိုကုန်ကာ တစ်ချက်ချက်မျက်နှာကိုပါ မိုးစက်တွေပြေးမှန်ကုန်၏။


အေးစက်စက်မိုးရေရဲ့အထိအတွေ့က တစ်နေ့တာ နွမ်းနယ်မှုတွေကိုဖြေသိမ့်ပေးလိုက်သလို စိတ်ထဲပေါ့ပါးသွားရ၏။ မိုးကာရဲ့ခေါင်းစွပ်ကို ထပ်တင်ရင်း အိတ်ထဲကိုလက်နှစ်ဖက်ထည့်လျက် မိုးရေထဲ ခပ်မတ်မတ်လျှောက်နေမိတာကိုပင် ပျော်နေမိသလိုလို။ ရှေးလမ်းမကြီးကို မမြင်ရလောက်အောင် မည်းမှောင်လျက် အငြိုးကြီးကြီးဖြင့်ရွာသွန်းနေသည့် မိုးကိုကြည့်ရင်း အိမ်ကိုအမြန်ရောက်ချင်စိတ်တွေပြင်းပြလာရသည်။


ငွေငါးအိမ်မှာတစ်ယောက်တည်းရယ်။ ဒီကောင်မလေး ကြောက်နေပြီလား မသိဘူး။ အတွေးနှင့်အတူ ​ခြေလှမ်းများက ပိုသွက်လာရသည်။ကိုယ့်ခြံနားရောက်လာလေ စိတ်က ပိုပြီး ပူပင်မိလေပင်။ ခြံတံခါးကို တွန်းဖွင့်ဝင်လိုက်ပြီး အထဲကပြန်ပိတ်လိုက်စဥ် မျက်လုံးတွေက မမနွယ်တို့အိမ်ဘက်တန်းခနဲရောက်သွားရသည်။ တဝေါဝေါရွာသွန်းနေသည့်မိုးထဲဝယ် လူရိပ်လူယောင်ပင်မတွေ့ရ။စိတ်ရဲ့ခိုင်းစေခြင်းတစ်မျိုးပေလား ခွဲခြားစိပ်ကြည့်ဖို့ သတိမရခင် ခြေလှမ်းများက မမနွယ်တို့အိမ်ဆီရွေ့နေမိ၏။


"ငွေငါး...ဟေ့ ငွေငါး"


အိမ်ပေါ်ပြေးတက်ရင်း သူမနာမည်ကို တစာစာအော်ခေါ်နေမိသည်။ သွပ်မိုးပြင်ထောင်ခြေတံရှည်အိမ်ပေါ် အုတ်လှေကားအတိုင်းတက်နေရင်း ပါးစပ်က သူမနားမည်ကိုသာခေါ်နေမိသည်။ ဒီကောင်မလေး ကြောက်ကြောက်နဲ့ဘယ်ချောင်များသွားပုနေသလဲ။ သူ့ကိုယ်မှာ စိုရွှဲနေတာကို သိပေမယ့် စေ့ထားသည့်တံခါးကို တွန်းဖွင့်ကာ အိမ်ပေါ်တက်ရပ်လိုက်မိသည်။ထိုအချိန်အထိ သူမအသံကို မကြားရသေးသလို အရိပ်အယောင်လေးတောင်မမြင်ရသေးပါ။


"ငွေငါး....ငွေငါးမင်းဘယ်မှာလဲ"


မထူးတော့ပြီမို့ အိမ်ထဲအနှံ့ဝင်ကြည့်လိုက်သည်။ နောက်ဆုံးအိပ်ခန်းထဲအထိ ရောက်၏။ သို့သော်...ငွေငါးလေးကို မတွေ့ရ။ မိုးဖိုခန်းထဲ ပြေးကြည့်ပြန်တော့လည်း မရှိ။ အပူမီးက ရင်ဘတ်ထဲရုတ်တရက်လာဟပ်၏။ မင်း ဘယ်ရောက်နေတာလဲ ငွေငါး။ 


အတွေးထဲ လက်ခနဲ ဝင်လာသည့်အကြောင်းအရာတစ်ခုတော့ သူအိမ်ပေါ်ကပြေးဆင်းလိုက်မိသည်။ ထို့နောက် သူ့အိမ်ဘက်ဆီသို့ ခပ်သွက်သွက်လျှောက်လာနေရင်း ရင်တစ်ခုလုံးပူနေရ၏။ သူမ သာပျောက်သွားရင်ဆိုတဲ့ အတွေးက ရုတ်တရက်လာရောက်နှိပ်စက်လို့နေလေသည်။သံယောဇဥ်ဆိုတာ ဒါမျိုးလား။ နှစ်လကျော်သုံးလအတွင်း သူ ငွေငါးအပေါ်တွယ်တာနေမိပြီလား။ သေချာတာကတော့ သူမပျောက်ကွယ်သွားမှာကို စိုးရိမ်တတ်ခဲ့ပြီ။ဘယ်လောက်ဆူဆူမာန်မာန် သူ့နားမှာ တွယ်ကပ်နေတတ်သည့်ကောင်မလေး။ ဘယ်သူ့မျက်နှာမှ မကြည့် သူမဖြစ်ချင်တာကို ဇွတ်ပူဆာပြီး ဇွတ်ဖန်တီးတဲ့ကောင်မလေးရဲ့ပုံရိပ်တွေက စွဲထင်နေခဲ့ပြီလား။


သူ မကြည်ဖြူတာတွေလည်း နားမလည်ပဲ သူနဲ့အတူတူထမင်းလာစားတတ်တဲ့ကောင်မလေး၊ တစ်ခါတစ်ရံ သူမမသိအောင်သူ့ဘာသာတစ်ယောက်တည်းစားနေရင်တောင် ရောက်ချလာပြီး အတင်းခွံကျွေးခိုင်းတဲ့ ဂျစ်တစ်တစ်အဆိုးလေး။ အဲဒီအပြုအမူတွေကို စိတ်ပျက်နေမိပေမယ့် မသိစိတ်မှာ တွယ်တာနေမိသလား။ သူမလာမစားတဲ့ထမင်းအနပ်တွေဆို တစ်ခုခုလိုအပ်နေသလိုလိုဖြစ်နေတဲ့သူ့ကိုယ်သူဒေါသဖြစ်နေမိတာ သူမအပေါ်ထားတဲ့သူ့ရဲ့သံယောဇဥ်​တွေဖြစ်မည်။


"ဝါး...."


"ဖြောင်း..."


"အား...."


"ဟာ....ငွေငါး.."


ရုတ်တရက် လန့်သွားသည်နှင့်တပြိုင်နက် လက်ပြန်ရိုက်ချက်က အရှိန်ပါသွား၏။ အား ခနဲအော်လိုက်မှ သူမှားသွားမှန်းသိလိုက်ချိန် ငွေငါးလေးက မိုးရေထဲဝယ် ခွေခွေလေးလဲကျနေပြီ။ 


"ငွေငါး....ဟိတ်...."


မုဆိုးဒူးထောင်ထိုင်ချလိုက်ပြီး သူမကိုယ်လေးကို ပွေ့ကာ ခေါ်ပေမယ့် သူမဆီက တုံ့ပြန်သံမကြားရ။ တစ်ကိုယ်လုံးစိုရွှဲကာ အေးစက်နေသည့်ကိုယ်လုံးလေးက သူ့ပွေ့လိုက်တဲ့အတိုင်း ပျော့ခွေပါလာ၏။ ပါးလေးကို ခပ်စပ်စပ်လေးပုတ်ခေါ်နေပေမယ့် ငွေငါးကတော့ လောကကြီးနှင့်အဆက်အသွယ်ပြတ်လျက်။


"ဖတ်...ဖတ်...."


"ငွေငါး....ကိုယ်ခေါ်နေတာကြားလား ဟိတ်"


ဘယ်လိုခေါ်ခေါ်သူမက သတိပြန်လည်မလာတော့ပေ။ ပြင်းထန်တဲ့မိုးစက်မိုးပေါက်များက နှစ်ယောက်စလုံးကိုယ်ပေါ် အရှိန်ပြင်းပြင်းဖြင့်လာရောက်ထိမှန်နေတာမို့ စိုရွှဲနေလေပြီ။ ဆံပင်တွေစိုကပ်နေသည့် မျက်နှာလေးကို ဆွဲမော့ကြည့်ရင်း ရင်မှာအမည်ဖော်မရသည့် ဝေဒနာက တိုးဝင်နှိပ်စက်လာသည်။ မိုးစက်တွေပြိုဆင်းနေသည့်မျက်နှာလေးပေါ် သေချာကြည့်မိမှ ထိတ်ခနဲဖြစ်သွားရလေ၏။


"ဟာကွာ..."


နှာခေါင်းဝကနေ စိမ့်ထွက်လာသည့်သွေးများကြောင့် ငွေငါးလေး ကိုယ်လုံးလေးကို ကလေးပွေ့သလိုကောက်ပွေ့လိုက်ပြီး သူ့အိမ်ဆီသို့သွက်သွက်လေးလှမ်းနေမိရင်း သူမမျက်နှာလေးကို စိုးရိပ်တကြီး ငုံ့ကြည့်နေမိသည်။


တောင်းပန်ပါတယ် ငွေငါးရယ် မင်းအနာတရဖြစ်အောင် ကိုယ်မရည်ရွယ်ပါဘူးကွာ။ရုတ်တရက်ဆိုတော့ ကိုယ်ဆင်ခြင်ဖို့မေ့သွားတယ်။ ဘာလို့ လာစရတာလဲ ငွေငါးရာ။ ကျစ်...။


မချင့်မရဲရေရွတ်ရင်း ရေတွေစိုရွှဲနေသည့်ငွေငါးလေးကိုပွေ့ချီလျက် အိမ်ထဲဝင်ခဲ့၏။ သံယောဇဥ်ဆိုတာ ဖွဲမီးလိုတငွေ့ငွေ့လှိုက်လောင်လျက်။


အပိုင်း(၉)ဆက်ရန်👈👈👈


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: