book

Index 7

အပိုင်း(၇)

🌺ပန်းမွေ့ယာ...ရွှေကော်ဇော🌺


"ဘယ်လို...မမနွယ်...ယဥ်ယဥ်လေးရူးနေတာဟုတ်လား"


သမ္ဘာရဲ့ အလောတကြီး မေးသံကအနည်းငယ်ကျယ်သွားသည်။ မသက်မသာဟန်ဖြင့် နွယ်ဝေကခေါင်းညိတ်ပြလိုက်ပြီး၊


"ဟုတ်တယ်...ငွေငါးလေးက ယဥ်ယဥ်လေးရူးနေတာ"


"တကယ်ကြီးပေါ့....."


သေချာနေပါတယ်ဆိုကာမှ သမ္ဘာကအထပ်ထပ်မေးနေသည်။ နွယ်ဝေရဲ့မျက်လုံးတွေက သူမမညာဘူးဆိုတဲ့ လေးနက်ခြင်းတွေနှင့်။


"အင်း...ဒါကြောင့်သူ့ကိုစမြင်လိုက်ထဲကိုက တစ်ခုခုတော့တစ်ခုခုဘဲလို့ထင်နေတာ။ ခုမှပိုသေချာသွားတော့တယ်။ ဒါနဲ့ မမနွယ်"


သမ္ဘာက ခေါင်းတညိတ်ညိတ်ဖြင့်သူ့ထင်မြင်ချက်ကိုထောက်ခံနေရင်း ခုံလေးမှာခပ်တောင့်တောင့်လေးထိုင်နေသည့် အစ်မဖြစ်သူနွယ်ဝေကို ခေါ်လိုက်သည်။


"အင်....ဘာလဲမောင်လေး"


"သူဘယ်သူလဲ ဘယ်ကလာသလဲဆိုတာ မသိရဘူးပေါ့..ဟုတ်လား"


"အင်း....ခုချိန်ထိတော့ဘာသတင်းမှမရပါဘူးကွယ်။ ငွေငါးလေးကလည်း မမနွယ်တို့ဆီမှာပျော်နေတာ။ သူ့ကိုဆေးတွေပုံမှန်တိုက်ပြီး ကုသပေးရင်တော့ ပြန်ကောင်းလာမှာပါ"


"စိတ်မကောင်းစရာဘဲဗျာ"


နွယ်ဝေ မောင်ဖြစ်သူရဲ့မျက်နှာကိုကြည့်နေရင်းပြုံးစေ့စေ့ဖြစ်သွားရသည်။


"သူက ဝေဒနာသည်လေးတစ်ယောက်ပါသမ္ဘာရယ် စာနာဖေးမပေးပါ"


"ဒါတော့...."


သမ္ဘာ စကားတဝက်တပျက်ဖြင့်ရပ်သွားပြီး နွယ်ဝေကို ခပ်တည်တည်လေးကြည့်လိုက်ရင်း၊


"ဒါကတော့ သူ့အပေါ်ပဲ မူတည်တယ် မမနွယ်။ ကျွန်တော်စေတနာပျက်အောင်လုပ်လာရင်တော့ သည်းခံမှာမဟုတ်ဘူး"


ဟင်း...သမ္ဘာရင့်ပီသပါပေတယ်ကွယ်။ နွယ်ဝေ စိတ်ထဲကနေ ကျိတ်ပြောလိုက်မိ၏။ သမ္ဘာကတော့ သူ့အကျင့်အတိုင်း ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ သူပြောချင်တာကိုဆက်ပြောနေသည်။


"မမနွယ်...အိမ်ပေါ်ခေါ်တင်တာလည်း တင်ပေါ့။ ဒါပေမဲ့...ကိုယ့်အန္တရာယ်ကိုတော့ကိုယ်ကြည့်ရှောင်နော်။ ဘာမှန်းမသိတဲ့လူတစ်ယောက်ကို လွယ်လွယ်ခေါ်တင်တာ မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာနိုင်တယ်"


"မောင်လေးပြောတာ မှန်သင့်သလောက်တော့မှန်ပါတယ်။ ဒါပေမဲ့...ဒုက္ခရောက်နေတဲ့မိန်းကလေးတစ်ယောက်ကို မမနွယ်ပစ်မထားနိုင်ဘူးမောင်လေး။ မမတို့က ဗုဒ္ဓဘာသာဝင်စစ်စစ်တွေမဟုတ်လား"


"ဟုတ်တော့ဟုတ်ပါတယ်...ကျွန်တော် မမနွယ်အတွက်စိုးရိမ်လို့ပြောပြတာပါ။ မမနွယ် စိတ်ချမ်းသာတယ်ဆိုရင်ပြီးတာပါဘဲ"


နွယ်ဝေ သမ္ဘာ့ကိုမျက်စောင်းလေးထိုးပစ်လိုက်မိသည်။ 


"အဟင်း....သမ္ဘာရင့်ပီသပါပေတယ်နော်။ လူကိုထေ့လုံးငေါ့လုံးတွေနဲ့"


"အာ...ဒါတော့မမနွယ်လွဲပြီ။ ကျွန်တော်ကထစ်နေငေါ့နေစရာလား။ တကယ်စိတ်ရင်းနဲ့ပြောပြတာပါ။ ကဲ...ကဲ...ကျွန်တော်ဘာမှမပြောတော့ဘူး။ မမနွယ်စိတ်ကြိုက်သာလုပ်"


"မမနွယ်စိတ်ကြိုက်ဆိုတာရင်တော့ ငွေငါးလေးရဲ့အပြုအမူတွေကို နားလည်စေချင်တယ်။ သူက မောင်လေးအပေါ်သံယောဇဥ်ရှိတဲ့ပုံဘဲ"


"မဖြစ်နိုင်တာ မမနွယ်ရာ။ သူနဲ့ကျွန်တော်တွေ့တာမှ နှစ်ဆယ့်လေးနာရီမပြည့်သေးဘူး"


ခေါင်းခါငြင်းဆန်နေသည့် သမ္ဘာကြောင့် နွယ်ဝေပြုံးသွားရပြီး၊


"အချိန်တွေကာလတွေဆိုတာ လူတွေရဲ့သတ်မှတ်ချက်တွေပါငါ့မောင်ရယ်။ မျက်စိတစ်မှိတ်၊မျက်တောင်တစ်ဖျတ်အတွင်းမှာလည်း ချစ်ခြင်းတရားတွေ၊သံယောဇဥ်တွေဖြစ်သွားနိုင်တာဘဲလေ"


"ဒါနဲ့...ငွေငါးလေးဆိုတာ သူ့နာမည်အရင်းလား။ သူ့နာမည်ကိုသူမှတ်မိတာလား"


"မဟုတ်ဘူး...မမနွယ်တို့အိမ်ရောက်ထဲက သူကဘာဆိုဘာမှမမှတ်မိတော့တာ။ သူ့အကြောင်းတွေကိုမေးလို့လည်းမရဘူး။ သူ့ကျန်းမာရေးလေးပြန်ကောင်းအောင်တောင်မနည်းကုထားရတာပါမောင်လေးရယ်"


မျက်ခုံးနှစ်ခုက ထိစပ်လုမတတ်တွန့်ချိုးသွားရပြီး သမ္ဘာကိုယ်ကြီးရှေ့သို့ညွတ်ကိုင်းလာကာ၊


"ဒါဆို ငွေငါးလေးဆိုတဲ့နာမည်က မမနွယ်ပေးထားတာလား"


"အင်း..."


နွယ်ဝေ ခေါင်းညိတ်လိုက်ရင်း မျက်နှာက တစ်ခုခုကိုသတိရသွားသလိုပြုံးသွား၏။


"အဟင်း...ဒီနာမည်ပေးဖြစ်ပုံက ရယ်တော့ရယ်စရာဘဲကွ။ သူက ဒီအိမ်ကိုရောက်ထဲက တခြားဘာအသားမှကျွေးမရဘူး။ ငါးတမျိုးဘဲစားတာ..ဒါကြောင့်သူ့ကိုငါးလေးလို့ခေါ်ရာကနေ နာမည်တွင်သွားတာ"


"သြော်...ငါးလေးကနေငွေငါးလေးပေါ့..အဟင်းနာမည်ကအဆန်းဘဲနော်"


အပြုံးအရယ်နည်းသည့် သမ္ဘာနှုတ်ခမ်းမှာ အပြုံးပန်းတွေလှပစွာပွင့်လန်းသွားရသည်။


"အမယ်...မင်းက ငါ့ကိုလှောင်နေတယ်ပေါ့လေ။ သူ့နာမည်မှ သူမမှတ်တော့တာ ဒီလိုမှမပေး ဘယ်လိုပေးရမလဲ။ ပြီးတော့ သူ့လည်ပင်းမှာလည်းပလက်တီနမ်ကြိုးလေးဆွဲထားတော့ ငွေငါးလေးဆိုပြီးပေးလိုက်တာ"


"အဟင်းရွှေဆွဲကြိုးလေးဆွဲထားရင်တော့ ရွှေငါးလေးလို့ပေးမယ်ထင်တယ်"


"သမ္ဘာနော်...မင်းငါ့ကိုလှောင်ဖို့ဘဲတွေးနေ။ တော်ပြီ...ပြန်တာဘဲကောင်းမယ်"


"စိတ်ဆိုးသွားတာလား"


တကယ်ထရပ်လိုက်သည့်နွယ်ဝေကိုမော့ကြည့်ပြီး သမ္ဘာမေးလိုက်သည်။ 


"မဆိုးပါဘူး။ အိမ်မှာလုပ်စရာလေးရှိသေးလို့"


"သြော်...မမနွယ်"


အပေါက်ဝရောက်ပြီးမှ သမ္ဘာ့ခေါ်သံကြောင့်နွယ်ဝေပြန်လှည့်ကြည့်လိုက်သည်။ ထိုအခါ...သမ္ဘာက နှုတ်ခမ်းလေးပိတ်လျက်မသိမသာပြုံးလိုက်ပြီး၊


"မမနွယ်ရဲ့ငါးလေးကိုသေချာလှောင်ထားဦးနော်။ ကျွန်တော့်ဆီလွတ်လာလို့ကတော့ ကျွန်တော်ကချက်စားပစ်လိုက်မှာ"


"ခွေးကောင်လေး..."


နွယ်ဝေတစ်ယောက်နောက်တီနောက်စပ်နှင့် ပြောနေသည့်သမ္ဘာကိုမျက်စောင်းထိုးပြီး တကယ်ပြန်သွားတော့သည်။ကျန်ရစ်ခဲ့သည့်သမ္ဘာ့မှာတော့ နှုတ်ခမ်းတွေမစေ့အောင်ရယ်မောနေမိသည်။


"ဒုန်း!......."


"ခလွမ်း!........"


ဟင်.....။ မီးဖိုဘက်ဆီက အသံတွေကြောင့် သမ္ဘာခေါင်းထောင်သွားရသည်။ 


"ဘာကောင်လဲဟ....."


သမ္ဘာ မျက်မှောင်ကျုံ့သွားရ၏။ထို့နောက်... ထိုင်နေရာမှ ထရပ်လိုက်ပြီး မီးဖိုဘက်ဆီသို့ တိတ်တိတ်လေးချဥ်းကပ်လာခဲ့သည်။ မျက်လုံးတွေက အလစ်မပေးသလို နားကိုလည်းအလုပ်ပေးထားလိုက်၏။


အိမ်မှာလည်းကြောင်မမွေးထားပါဘူး။ သူခိုးများလား။ သတိကြီးစွာဖြင့်တိုးသွားနေရင်း သူစဥ်းစားနေမိသည်။ 


မီးဖိုနဲ့အိမ်မကြီးအကူးကြားမှာထောင်ထားတဲ့ ထီးကိုယူလိုက်ပြီး မီးဖိုထဲလှမ်းအဝင်၊


"ဟာ!....."


ပွင့်နေတဲ့အုပ်ဆောင်းနဲ့ ပန်းကန်အကွဲစတချို့က စီးကြိုနေ၏။ 


"ကုန်ပါပြီ....ဟေ့...ဘယ်ကောင်လဲကွ"


ထီးကိုဆုပ်ကိုင်ရင်း သမ္ဘာ့အသံကဒေါသအပြည့်။ ကွဲရှနေသည့်မြင်ကွင်းက သူ့ဒေါသတွေကိုနှိုးဆွလို့နေသည်။


ပွင့်နေသည့်အုပ်ဆောင်းအောက်က ထမင်းဟင်းတွေက တစ်စုံတစ်ယောက်စားထားသလို ခြေရာလက်ရာပျက်နေသည်။


"ဒုန်း!......."


ထိုစဥ်...မီးဖိုခန်းဘက်ဆီက ပစ္စည်းတွေပြုတ်ကျသံက စီခနဲထွက်ပေါ်လို့လာ၏။ သမ္ဘာ....ထိုနေရာကိုချက်ချင်းရောက်သွားသည်။


ထမင်းစားခန်းထဲကနေ မီးဖိုဘက်အကူးမှာတော့၊


"အမေ့!......."


"ဟာ!......."


"ကြွက်.....ကြွက်.....ဟို...ဟိုမှာ..."


စူးခနဲအသံနှင့်အတူ သူ့ကိုလွှားခနဲခုန်ဖက်ခံလိုက်ရ၏။ ပြင်ဆင်ချိန်မရလိုက်ပါဘဲ သူ့ကိုယ်ပေါ်ရောက်လာသည့် ကိုယ်လုံးလေးကိုပွေ့ထားမိလျက်သားဖြစ်နေသည်။


ငွေငါးလေး ကြောက်ကြောက်နဲ့ ဝင်လာတဲ့သူ့ကိုပြေးခုန်ဖက်လိုက်မိသည်။ လက်တွေက သူ့လည်ပင်းကို တင်းကျပ်နေအောင်သိုင်းဖက်ထားသလို သူ့လက်များကလည်းမြွေတစ်ကောင်လို ရစ်ပတ်လာ၏။


အချစ်နဲ့ရင်ခုန်သံ..ဘယ်လိုအချိုးတူပူးပေါင်းတယ်ဆိုတာ မသိပေမယ့် ရင်ခုန်သံတွေကတော့ သောင်းသောင်းဖျဖျကြိုဆိုနေသည်။


စောစောက အသက်ထွက်မတတ်ကြောက်ခဲ့သည့် ကြွက်ကိုလည်းသတိမရ။နဂိုရည်ရွယ်ချက်ဖြစ်သည့် သူ့မမြင်အောင်ပုန်းနေသည့်အဖြစ်ကိုလည်းမေ့၏။


နှစ်ဆယ့်လေးနာရီမရှိသေးသည့် အတောအတွင်း ငွေငါးလေးနဲ့သူရဲ့တွေ့ဆုံမှုက နည်းနည်းလေးမှကဗျာမဆန်ခဲ့။ တွေ့လိုက်တိုင်း ရုပ်ပျက်ဆင်းပျက်၊ဖရိုဖရဲဖြင့် အဆင်ဆိုးလွန်းသည်။


နှစ်ခါပဲ ဆုံသေး၏။ထိုနှစ်ခါစလုံး ငွေငါးအဖြစ်က သူ့ရင်ခွင်ထဲမှာအလဲလဲအကွဲကွဲ။


ခုလဲကြည့်လေ...ကလေးပွေ့သလိုပွေ့ပိုက်ခံနေရတာ ရင်တစ်ခုလုံးဗရမ်းဗတာခုန်နေရသည်။ ပိုပြီးထူးဆန်းတာက သူ့ကိုစိမ်းသက်မနေခြင်းပင်။


မွှေးပျံ့နေသည့်ရင်ခွင်ဝယ် ကြောက်ရွံ့ရမည့်အစား နွေးထွေးလုံခြုံလို့နေသည်။


ရွှန်းလဲ့နေသည့်မျက်လုံးလေးတွေကိုငေးကြည့်ရင်း သူ့ရင်ခုန်သံတွေတဒဂ်တိတ်ဆိတ်သွား၏။


အိစက်စက်ကိုယ်လုံးလေးကိုပွေ့ပိုက်ရင်း သမ္ဘာ ရန်လုပ်ဖို့ကိုသတိမရတော့ပေ။


"ကြွက်...ကြွက်ကြီးရှိသေးလား"


ငွေငါးလေးက ကြောက်ကြောက်နဲ့ဆိုလိုက်၏။ သမ္ဘာ သတိပြန်လည်လာကာ ကြောက်လန့်နေသည့် သူမကိုတွန်းချပစ်လိုက်သည်။


"အို!....."


ငွေငါးလေး ပခုံးကနေပွေ့ထားသည့်လက်ကတဖြည်းဖြည်းလျောကျသွားရ၏။ 


"အမေ့!......."


ငွေငါးလေး မျက်လုံးပြူးကျယ်သွား၏။သူ့လည်ပင်းကိုသိုင်းဖက်ထားတဲ့လက်တွေပါ ဖြုတ်ထွက်ကုန်ကာ ခေါင်းကသံမံတလင်းစီထိုးဆင်းသွားတော့ ရင်ထဲအေးခနဲဖြစ်သွားပြီး ငွေငါး..သူ့အကျီရင်ဘတ်ကိုဆွဲထားလိုက်သည်။


တဖြည်းဖြည်းလျောကျနေသဖြင့် ငွေငါးလေးရဲ့ဆံပင်များကသံမံတလင်းနဲ့ရှပ်တိုက်နေ၏။လူက ဇောက်ထိုးဖြစ်ကာ ပြုတ်ကျသွားမှာကိုစိုးရိမ်သွားမိသည်။


"ဟင်...."


သမ္ဘာ သူမကိုအသာချပေးလိုက်ရင်း၊


"ဒါဘာလုပ်တာလဲ ငွေငါး"


ငွေငါးလေး ခေါင်းငုံ့ငြိမ်သက်နေသည်။ သူ့ကိုတချက်မှမော့ကြည့်မလာတော့ပါ။ဖောင်းပြည့်နေသည့်လက်သွယ်သွယ်လေးတွေက တစ်ဖက်နဲ့တစ်ဖက်ပွတ်တိုက်နေရင်း စကားသံပါတိတ်နေသည်။


"ငါမေးတာဖြေ...မင်းဒီမှာဘာလုပ်နေတာလဲလို့"


ငွေငါး မသိမသာတုန်သွားကာ ခြေတောက်တစ်ဖက်ကိုကျန်တစ်ဖက်ဖြင့်ပွတ်တိုက်နေ၏။ ဂနာမငြိမ် ဖြစ်နေတဲ့သူမကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်ကာ၊


"ဟေ့!....မေးနေတယ်လေ"


"ရှင်..."


မျက်လွှာလေးပင့်တက်လာပုံက လှုပ်လီလှုပ်လဲ့နှင့်။ထို့နောက် သူမကြောက်ရွံ့စွာ မျက်နှာလွှဲပစ်လိုက်သည်။


"ငါက မေးရင်ဖြေမှကြိုက်တယ် ငွေငါး။ မင်း ငါမေးတာတော့ကြားပါတယ်နော်"


"အင်း...ကြားပါတယ်"


"ကြားရင်ဖြေ..."


"ဟို...ဟို..."


သူမလည်ဂုတ်လေးကိုပြန်ပွတ်ကာ ငွေငါးလေးအသံကမပွင့်တပွင့်။


"မင်း ငါ့ကိုကြောက်လား"


"မကြောက်ပါဘူး..."


သမ္ဘာ ပြုံးလိုက်မိ၏။ ငွေငါးလေး ဖြေလိုက်ပုံက ကလေးလေးလိုခပ်သွက်သွက်နှင့်သူမမျက်နှာမှာ စောစောကလိုကြောက်ရွံ့နေသည့်အရိပ်အငွေ့တွေ ကင်းစင်လွင့်ပါးသွားသည်။


"ငါ့အိမ်ထဲ ဘာဝင်လာတာလဲ"


"အဟီး.....ထမင်းလာခိုးစားတာ"


"ဘာ!...."


သွားတွေပေါ်အောင်ပြုံးလိုက်ပြီး ငွေငါးကမကွယ်မဝှက်ပြောလာသည်။


"စိတ်မဆိုးနဲ့နော်၊သူများ ဗိုက်ဆာလို့..."


နှုတ်ခမ်းလေးစူလျက် အသနားခံနေပုံက အသည်းယားစရာပါ။


"ကျန်တာလေးဆက်စားလိုက်ဦးမယ်..."


"ဟာ!....ဟေ့ မင်း....."


သမ္ဘာ တစ်ဟေ့ဟေ့ဖြင့် နောက်ဆုံးမနိုင်စိန်မလေးကိုလက်လျော့ပေးလိုက်ရတော့သည်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


"ဒေါက်...ဒေါက်....."


"ဘယ်သူလဲ...."


ဆူး အခန်းတံခါးကိုနှစ်ချက်ဆင့်ခေါက်ပစ်လိုက်၏။သူကလည်း အထဲကနေပြန်မေးနေသည်။


"ဆူးပါ ကိုကို"


"ဘာကိစ်စလဲ "


ခပ်မာမာအသံကြောင့် ဆူးမျက်နှာလေး မသိမသာပျက်သွားခဲ့ပြီး၊


"ဒီနေ့ မဂ်လာဝတ်စုံတွေသွားယူရမှာလေ ကိုကို"


"အဲဒီတော့......"


အခန်းအတွင်းနဲ့အပြင်မို့ ဆူးမှာအော်ပြောနေရသည်။ 


"ကိုကို မသွားဘူးလား"


ရင့်နှုတ်ခမ်းတွေမဲ့သွားရသည်။ ဒီမဂ်လာပွဲက ငါပျော်လို့လက်ခံခဲ့တဲ့ပွဲ မဟုတ်ဘူးဆူးခေတ်သစ်။ အမုန်းတွေ၊အငြိုးတွေနဲ့ ဖြစ်တည်လာတဲ့ မင်းအတွက်အကျဥ်းထောင်တစ်ခုဘဲ။


"ငါ အလုပ်ကိစ္စရှိသေးတယ် ဆူးခေတ်သစ်။ မင်းအရင်သွားနှင့်လိုက်"


"ဆူး......"


ဆူး နှုတ်ခမ်းလွှာလေးက ဆွံ့အသွားရသည်။


"ကိုကို တကယ်ရောလိုက်လာမှာသေချာရဲ့လား။ ကိုကို့မလိုက်ချင်တာနဲ့ဆူးကို လှည့်ပတ်ဖြေစရာမလိုပါဘူးကိုကို။ ကိုကိုပင်ပန်းနေမှာပေါ့....ဆူးကို ကိုကိုညာမနေပါနဲ့တော့။ ကိုကိုမလိုက်ချင်နေပါ ဆူးတစ်ယောက်ထဲသွားမယ်"


ဝေ့တက်လာသည့်မျက်ရည်ကိုမျက်တောင်လေးပင့်လျက်ထိန်းထားလိုက်သည်။ ပါးပြင်ပေါ်ပြိုဆင်းလုလုမို့ နှုတ်ခမ်းလေးကို ကိုက်ပစ်လိုက်၏။ 


ဆူး ကိုကိုရှေ့မှာ မငိုဘူး။ မျက်ရည်ခံထိုးတဲ့မိန်းမလို့ ကိုကိုပြောမှာဆူးမခံနိုင်ဘူး။


"ဂျိုင်း!......."


အခန်းရှေ့ကနေလှည့်အထွက် တံခါးဖွင့်သံကြီးက ကျယ်လောင်စွာထွက်ပေါ်လာ၏။


"မင်း ဘာအချိုးချိုးတာလဲ ဆူးခေတ်သစ်"


လက်မောင်းရင်းကနေဆွဲလှည့်လိုက်တာမို့ ဆူး သူနဲ့မျက်နှာချင်းဆိုင်ဖြစ်သွား၏။ ထိုအခါ တင်းမာခက်ထန်နေသည့် သူ့မျက်နှာမှာ ဆူးကိုချိုးခြေပစ်တော့မည့်ဒေါသတို့ဖြင့်။


"ဆူး ဘာလုပ်နေလို့လဲ ကိုကို"


ဆူးရဲ့အသံလေးက တုန်ခါနေသည်။ နှာသီးဖျားလေးတွေနဲ့မျက်စပ်လေးတွေပါ ရဲနေသဖြင့် မကြာမီ သူမငိုတော့မည်။


မျက်ရည်လေးတွေပြည့်နေသည့်ဖျော့တော့တော့မျက်ဝန်းများနှင့် မီးဝင်းဝင်းတောက်နေသည့်မျက်လုံးများ ထိပ်တိုက်ဆုံနေ၏။ ဘယ်သူ့မှ လွှဲဖယ်ဖို့စိတ်ကူးရှိပုံမရ။


"ဘာလုပ်နေလို့လဲ ဟုတ်လား...။တောက်...မင်း ငါ့ကိုရွဲ့သွားတာ ငါမသိဘူးထင်နေတာလား ဆူးခေတ်သစ်..ဟမ်..​ပြောစမ်း"


"အ!...."


လက်မောင်းရင်းကနေ ကိုင်ကာ အသားကုန်ခါရမ်းလိုက်တာမို့ ဆူးတစ်ကိုယ်လုံးရမ်းခါသွားရပြီး ခေါင်းထဲပါမူးနောက်သွားသည်။


နာကျင်သွားတာမို့ ထိန်းထားသည့်မျက်ရည်စက်တွေလိမ့်ဆင်းသွားတော့၏။


"ဆူးက ကိုကိုစိတ်မပါရင်မလိုက်နဲ့လို့ပြောတာ ဘာမှားနေလို့လဲကိုကို။ ကိုကို့အတွက် ဆူးစာနာပေးတာပါ ဒါရွဲ့တာလုံးဝမဟုတ်ဘူး"


"တော်စမ်း ဆူးခေတ်သစ်"


ရင့် တအားအော်ချပစ်လိုက်သည်။ မျက်လုံးတွေပါ ရဲလာကာ သူဒေါသတွေထွက်လာသည်။ ဒီကောင်မလေး ပုံစံက ပျော့စိစိနဲ့သူ့ကိုဘက်တိုက်နေတာ။ 


"မင်းက ငါ့ကိုပခုံးချင်းယှဥ်လာတာလား ဆူးခေတ်သစ်။ အဟင်း...အဲဒီတော့ပိုကောင်းသွားတာပေါ့။ ပွဲကတစ်ဖက်သတ်ထဲဆို ဘယ်ကြည့်ကောင်းပါ့မလဲ"


"မဟုတ်ဘူး ကိုကို မှားနေပြီ။ ဆူး ကိုကို့ကိုဘာလို့ယှဥ်ရမှာလဲ။ ဆူးတို့ ကစားပွဲတစ်ခုကိုကစားနေတာမှမဟုတ်ဘဲကိုကို"


ရင့် ခပ်မဲ့မဲ့ပြုံးလိုက်ပြီး သူမလက်မောင်းကလက်ကိုဖယ်ချပစ်လိုက်ကာ ဘောင်းဘီအိတ်နှစ်ဖက်ထဲထည့်လျက် နောက်ကိုနှစ်လှမ်းလောက်ဆုတ်သွား၏။


"ပြိုင်ချင်ရင်လည်း ငါ့ဘက်က ဝဲလ်ကမ်းဘဲ..."


"အမြဲတမ်းအရှုံးပေးထားတာပါ ကိုကို။ အနိုင်ယူဖို့စိတ်ကူးထဲမရှိခဲ့သလို ကိုကိုနဲ့ပခုံးချင်းယှဥ်ဖို့ဆိုတာ အဝေးကြီးပါ"


"အဟင်း....."


မဆိုးဘူး ဆူးခေတ်သစ်။ မင်းမခေဘူး...ဘာဖြစ်ဖြစ်ဘက်ညီသွားတာပေါ့။ 


"မင်းကိုငါတကယ်လက်ထပ်လိမ့်မယ်လို့ ထင်နေတာလား...."


သူရဲ့အေးစက်စက်စကားသံက ဆူးနှလုံးသားကိုစူးခနဲနာကျင်သွားစေသည်။ ဆူးကို ခပ်ထေ့ထေ့လေးပြုံးကြည့်နေသည့် သူ။ ဆူးကိုအလဲထိုးဖို့ အသင့်စောင့်ဆိုင်းနေသည်။


"ထင်နေတာမဟုတ်ဘူး ကိုကို... ယုံကြည်နေတာ။ကိုကို့အပေါ်ထားတဲ့ဆူးရဲ့အချစ်ကို ဆူးယုံကြည်တာ"


"အဟွန်း......"


ခပ်မဲ့မဲ့အပြုံးတို့ သူ့မျက်နှာမှာဆင်မြန်းလျက်၊


"မင်းရဲ့ယုံကြည်ချက်တွေပျက်စီးသွားခဲ့ရင်ရော....."


စူးစမ်းသည့်မျက်လုံးလေးတွေ ဖျတ်ခနဲပင့်တက်လာ၏။ ရင့်က မျက်ခုံးတစ်ဖက်ပင့်လျက် ခပ်ရိရိလေးပြုံးနေသည်။


"ကိုကို ဘယ်တော့မှ အဲဒီလိုလုပ်မှာမဟုတ်ပါဘူး"


"အဟွန်း....သေချာလှချည်လားဆူးခေတ်သစ်ရဲ့"


လှောင်ပြုံးတွေနဲ့ သူ့မျက်နှာကို ဆူးရဲရဲပြန်ကြည့်လိုက်ပြီး နွေးထွေးစွာပြုံးလိုက်ရင်း၊


"ဘာလို့လဲဆိုတော့ ဆူးကိုလွယ်လွယ်နဲ့ ကိုကိုလက်လွှတ်မှာမဟုတ်ဘူး။ ကိုကိုအရမ်းမုန်းတဲ့မိန်းမကို ဒီလောက်လေးနဲ့လွတ်မြောက်ခွင့်ပေးမှာ မဟုတ်မှန်း ဆူးသိတယ်ကိုကို"


"ငါအမုန်းဆုံး၊အရွံ့ဆုံးမိန်းမကို လက်မထပ်ဘဲ တခြားနှိပ်စက်နည်းတွေအများကြီးရှိနေတာ မင်းမသိလို့ပါ ဆူးခေတ်သစ်။ ဘယ်လိုလဲ ငါ့နည်းလမ်းတွေကိုသိချင်လား"


"ဟင်အင်း....."


ဆူး...လျင်မြန်စွာခေါင်းခါမိသည်။


"ဘယ်လိုဆိုးဝါးနေပါစေ ဆူးအချစ်တွေနဲ့ကျော်လွှားမယ် ကိုကို။တနေတော့ ဆူးအချစ်၊ဆူးမေတ္တာတွေကို ကိုကိုမြင်လာမှာပါ"


"မင်းယုံကြည်ချက်တွေနဲ့အသက်ဆက်လိုက်ပေါ့...။ လောလောဆယ် ယုံကြည်ချက်ကိုရိုက်ချိုးခံရမှာမကြောက်ဘူးလား"


မျက်လုံးချင်းဆုံသွားပြန်ကာ စစ်ခင်းနေ၏။


"ကိုကို အဲဒီလိုမလုပ်ပါဘူး။ ဆူးကို မဖြစ်မနေလက်ထပ်မှာ ဆူးယုံတယ်"


"အဲဒီယုံကြည်ချက်ကို အရင်ဖျက်စီးပစ်လိုက်ရင်ရော...."


ဟင်.....။ ဆူးပခုံးတစ်ခြမ်းလုံးကိုတိုက်ချသွားတဲ့ ကိုကို့ကြောင့် ဆူးကိုယ်လေးဖရိုဖရဲဖြစ်ကျန်ခဲ့သည်။


ဘောင်းဘီအိတ်တွေထဲလက်ထည့်လျက် ခပ်မတ်မတ်လျှောက်ထွက်သွားတဲ့ကိိုကို့ကျောပြင်ကို ကြည့်ရင်း ဆူးမျက်ရည်တွေစိုစွတ်သွားခဲ့သည်။


ဒီမဂ်လာပွဲကို ဘယ်နည်းနဲ့မှ အပျက်မခံနိုင်ဘူး ကိုကို။ ကိုကို အဲဒီလောက်မရက်စက်ဘူးဆိုတာကို ဆူးယုံကြည်နေပါရစေ ကိုကိုရယ်။


ကျေးဇူးပြုပြီး...ဆူးရဲ့အိပ်မက်တွေကိုမဖျက်စီးလိုက်ပါနဲ့။ ဆူး... ကိုကို့ကိုသိပ်ချစ်တယ်။


အပိုင်း(၈)ဆက်ရန်👈👈👈


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: