🌺ပန်းမွေ့ယာ...ရွှေကော်ဇော🌺
ပြူးကျယ်နေသည့်မျက်လုံးလေးတွေက သူ့မျက်နှာပေါ်စူးစိုက်ကျရောက်လို့နေပြီး မျက်ဆံနက်နက်လေးတွေက ဂနာမငြိမ်။ ဆံနွယ်ရှည်တွေက သူ့ရင်ဘတ်ပေါ်နှင့်လည်ပင်းတစ်ဝိုက်မှာ ဖရိုဖရဲပြိုဆင်းလို့နေပြီး ပန်းများက နှစ်ယောက်ကြားဝယ်ပြန့်ကြဲလို့နေသည်။သူမကိုယ်တစ်ပိုင်းလုံးသူ့ပေါ်အုပ်မိုးနေကာ သူမလည်တိုင်ရှိဆွဲကြိုးလေးက သူ့ရင်အုံပေါ်လာရောက်ထိကပ်ကာ စောစောကပြိုလဲကျသည့်အရှိန်ဖြင့်တရမ်းရမ်းလှုပ်ရှားနေ၏။
မျက်နှာဝိုင်းဝိုင်းလေးမှာ နှုတ်ခမ်းပြည့်ပြည့်လေးနှင့်မျက်လုံးလေးက မျက်လုံးမလွှဲချင်စရာ။ ပြည့်ဖူးဖူးနှုတ်ခမ်းလေး မဟတဟပွင့်လျက် မျက်လုံးဝိုင်းဝိုင်းလေးဖြင့် ငြိမ်သက်နေပုံကြောင့် သူ့ရင်အုံဆီက နှလုံးခုန်သံတွေမူမမှန်တော့ပါ။ ဘာမှမလိမ်းခြယ်ထားတဲ့မျက်နှာပြောင်လေးက ရှင်းလင်းကာချစ်စရာကောင်းနေသည်။
ဒုတ်....ဒုတ်...။ ဝဲဘက်ရင်အုံတစ်ခုလုံး အပြင်သို့ပွင့်ထွက်မတတ်ခုန်နေကာ ကိုယ့်ရင်ခုန်သံတွေကို ကိုယ်ပြန်ကြားနေရသည်။နှစ်ယောက်လုံးလောကကြီးကို တဒဂ်မေ့လို့နေသည်။ ပန်းပွင့်လေးတွေရဲ့ရနံ့၊ကျေးငှက်များရဲ့အော်မြည်သံနှင့် လေတိုးသံများလည်း ခဏချင်းတိတ်ဆိတ်သွားရ၏။ ဤအချိန်ဝယ်...ကမ္ဘာလောကကြီးတစ်ခုလုံးရပ်တန့်လို့သွားရသည်။
တသုန်သုန်တိုက်ခတ်လာသည့် လေပြည်လေညင်းများက ပန်းခင်းကြီးတစ်ခုလုံးကိုဖြတ်သန်းသွားသည်။ အရိုင်းဆန်သည့် ဆံနွယ်များက သူ့မျက်နှာကိုကလူကြည်စယ်သွားသလို တလက်လက်တောက်နေသည့် ပလက်တီနမ်ကြိုးပျော့လေးက သူမလည်တိုင်နှင့်သူ့ရင်ဘတ်ကြားဝယ် လှုပ်ရှားလို့နေသည်။ ထိုကြိုးလေးနှင့်အပြိုင် သူ့ရင်တစ်ခုလုံးသောင်းသောင်းဖျဖျလှုပ်ခတ်လို့နေ၏။
"မင်း....ပန်းသူခိုး"
"အို!....မဟုတ်....."
"မပြေးနဲ့...ပန်းသူခိုးမမိပြီ"
ပထမဆုံးသတိဝင်လာတဲ့သူက သမ္ဘာ။ သူမလက်မောင်းရင်းနှစ်ဖက်ကနေ တင်းတင်းဆုပ်ကိုင်လိုက်ပြီး ကိုယ်ကိုတပတ်လှိမ့်ချပစ်လိုက်တော့ သူမကိုယ်လေးက မြက်ခင်းထဲရောက်သွားရသည်။ ပြူးကျယ်ဝိုင်းစက်နေသည့်မျက်လုံးလေးတွေက ကြောက်ရွံ့ထိတ်လန့်မှုတွေရောယှက်ကာ ငြင်းဆန်ဖို့ကြိုးစားနေသည်။ သူမ အတင်းရုန်းထပေမယ့် သမ္ဘာကအတင်းချုပ်ထားကာ သူမကိုထွက်ပြေးခွင့်မပေးခဲ့။
"ဘာပန်းသူခိုးလဲ....ဖယ်စမ်း"
"အောင်မာ...သူခိုးကများလူပြန်ဟစ်လို့...မင်း ငါ့ပန်းတွေခိုးနေတာ မိနေတာတောင်မင်းကမုန်လာဥလာလုပ်နေသေးတယ်"
"ဘာမုန်လာဥလဲ....လွှတ်....အားလုံးကြားအောင်အော်လိုက်မှာ"
သမ္ဘာ သူမလက်တွေကိုချုပ်ထားရင်း သူ့ကိုတစ်ခွန်းမခံ ရန်ပြန်လုပ်နေသည့် ကောင်မလေးကို အသည်းယားလာသည်။
"မင်းကများ အလာကြီးပါလား...မင်းငါ့ခြံထဲဝင်လာပြီးငါ့ပန်းတွေလာခိုးတာဘယ်လောက်အပြစ်ကြီးသလဲ သိရဲ့လား"
"ဟင်!....ဒါဆိုရှင်က ခေါင်းမကောင်းတဲ့လူကြီးပေါ့"
"ဘာ!!......"
သမ္ဘာ တအားစွတ်အော်လိုက်တော့ သူမမျက်နှာလေးရှုံ့မဲ့သွားပြီး မျက်ရည်လေးတွေချက်ချင်းဝဲတက်လာကာ မျက်တောင်လေးတွေပုတ်ခတ်ပုတ်ခတ်ဖြင့်၊
"အာ!.....မအော်ပါနဲ့...ဟင့်...ဟင့်...သူများဘာမှမလုပ်ပါဘူး...ကြောက်လို့ပါ အဲလိုမအော်ပါနဲ့"
မျက်ရည်လေးတွေသွင်သွင်စီးကျလျက် မျက်လုံးလေးထောင့်ကပ်ကာ ပြောလိုက်ဟန်ကြောင့် သမ္ဘာ ဇဝေဇဝါဖြစ်သွားရသည်။ သူမပုံလေးကအရမ်းထူးဆန်းလို့နေသည်။
"မင်းကဘယ်သူလဲ....ငါ့ခြံထဲဘာလို့ရောက်နေတာလဲ"
မြက်ခင်းပေါ်ပက်လက်လေးလဲကျနေရင်း သူမလက်လေးတွေကို သူ့လက်ထဲကနေလိမ်၍ရုန်းနေကာ၊
"သူများကိုမဆူရဘူးနော်..."
စူးရဲနေသည့်မျက်လုံးလေးတွေက သူ့ကိုကြောက်ရွံ့သလိုကြည့်နေပြီး စကားသံလေးတွေက ငိုသံစွတ်ကာနေသည်။
"မင်းဘယ်သူလဲ...ဘယ်ကလဲ"
သူ့မျက်နှာကို မျက်လုံးလေးကလယ်ကလယ်ဖြင့်မော့ငေးနေရင်း၊
"သူများကို သူများကိုအော်နေတယ်...ဟီး...ဟီး....မမရေ ဒီဦးနှောက်မကောင်းတဲ့လူကြီး သူများကိုအော်နေတယ် ကယ်ပါဦး"
"ဟေ့!...."
သမ္ဘာ မျက်ခုံးတွေထိစပ်လုမတတ်တွန့်ကွေးသွားရပြီး မျက်လုံးစုံမှိတ်ကာအော်နေသည့်ကောင်မလေးကြောင့် ဒေါသလည်းထွက်သွားရကာ၊
"အသံဗြဲနဲ့အော်မနေနဲ့....မင်းဘယ်ကလဲ ဘယ်သူလဲ"
သမ္ဘာမေးတာကို မဖြေဘဲ သူမခေါင်းလေးကိုတစ်ဖက်လှည့်စောင်းကာ မျက်ရည်တွေတသွင်သွင်ကျလို့နေပြီး၊
"မမရေ....ကယ်ပါဦး။ ဦးနှောက်မကောင်းတဲ့လူကြီး သူများကိုသတ်တော့မယ်...ဟင့်...ဟင့်..."
"ဟိတ်!......"
"အား!......ကြောက်...ကြောက်တယ်...."
သူမေးတာလည်းမဖြေဘဲ သူမပါးစပ်ကစွတ်အော်နေတာတွေက မဟုတ်မဟတ်တွေ။သမ္ဘာ စိတ်မချဥ်ပေါက်လာကာ အော်ငိုနေသည့်သူမကိုတားဆီးလိုက်တော့မှ ပိုဆိုးသွားသည်။
"တိတ်စမ်း...မင်းကိုဘာလုပ်နေလို့လဲ။ခုထ..."
သူ ထရပ်လိုက်ပြီး ပေနေတဲ့အမှိုက်တွေကိုပုတ်ချလျက် ပက်လက်လေးအတိုင်းငိုနေသည့် သူမကိုငုံ့မိုးကြည့်၍ထခိုင်းလိုက်သည်။
"ဟေ့....ထလေ..."
နောက်တစ်ခွန်းထပ်အော်လိုက်မှ မျက်ခွံလေးတွေ တလှုပ်လှုပ်ဖြင့် မျက်တောင်ဖျားလေးတွေလှုပ်ခတ်လာသည်။ ပြီးတော့...မျက်လုံးလေးတစ်ဖက်တည်းပွင့်လာပြီး ချက်ချင်းပြန်ပိတ်သွားပုံက မြန်ဆန်လွန်းနေသည်။
"ထလေ....မင်းကိုငါဘာလုပ်နေလို့လဲ"
"သူ....သူများကိုဘာမှမလုပ်တာသေချာတယ်နော်"
မျက်လုံးလေးဖွင့်ကြည့်လာပြီး ကလေးလေးလို စောဒကတက်နေသည့် သူမကို စိတ်မရှည်ချင်တော့ပါ။ ခပ်မြန်မြန်ခေါင်းညိတ်ပြလိုက်ပြီး၊
"မင်းကိုဘာမှမလုပ်ဘူး...အဲထဲမှာလှဲမနေနဲ့တော့"
"မလိမ်နဲ့နော်...လူကြီးဖြစ်ပြီးလိမ်ရင် သကြားမင်းကြီးလာဖမ်းလိမ့်မယ်"
မြက်ခင်းထဲကနေ မထသေးဘဲ လက်ညှိုးတစ်ချောင်းထောင်လျက် ပြောနေသည့် ကောင်မလေးကြောင့် သမ္ဘာရယ်ချင်သွားရကာ၊
"ကဲ...ဒီနေ့အဖို့ရော မင်းထလာဦးမှာလား"
"ထူပေး...."
"အမ်!....."
လက်လေးနှစ်ဖက်မိုးပေါ်မြှောက်လျက် ခပ်တည်တည်လေးပြောလိုက်သည့်ကောင်မလေး။ သမ္ဘာ မျက်မှောင်ကြီးကျုံ့သွားရပြီး သူမကိုကြောင်ငေးနေမိသည်။
"ဘာလုပ်နေတာလဲ...သူများကိုထူပေးဆို။ဒီမှာ လက်ညောင်းနေပြီ"
သူ့ဆီလက်လေးမြှောက်ရမ်းပေးရင်း သူမကတရင်းတနှီးပြောနေသည်။စောစောက ကြောက်ရွံ့နေသည့်မိန်းကလေးက သူမမဟုတ်တဲ့အတိုင်း..ချက်ချင်းပုံပြောင်းသွား၏။
"ထူပေးဆို...ဘာကြည့်နေတာလဲ...အူကြောင်ကြောင်နဲ့"
"ဘာ!....မင်း..."
သမ္ဘာ မျက်လုံးကြီးပြူးသွားပြီး လှုပ်လှုပ်ရှားရှားဖြစ်သွားရသည်။
"ထူပေးဆို...သူများလက်ညောင်းနေပြီလို့"
"မင်း..ကိုယ့်ဘာသာမထတတ်ဘူးလား"
သူမမျက်နှာလေးချက်ချင်းရှုံ့မဲ့သွားကာ မျက်ရည်လေးတွေချက်ချင်းရစ်ဝဲလျက်၊
"မထပေးရင် အော်ငိုလိုက်မှာနော်...ဟင့်...ဟီး...အလကားလူကြီး"
"ဟိတ်!....တိတ်စမ်း..."
အသံကျယ်ကြီးနဲ့ထအော်နေသည့် သူမကြောင့် စိတ်ညစ်သွားရကာ၊
"ထ....."
"အဟင်း....ခစ်...ခစ်...."
မြှောက်ထားတဲ့သူမ လက်လေးကို မနေသာတော့ဘဲ သူဆွဲထူလိုက်ရသည်။ ထိုအခါ...သူမမျက်နှာလေးကချက်ချင်းဝင်းပသွားရပြီး ကလေးလေးတစ်ယောက်လိုတစ်ခစ်ခစ်ရယ်မောနေ၏။
"အဟင်း....အဲဒီလိုမှပေါ့..."
တင်ပါးမှာပေနေသည့်အမှုန်တွေကိုခါထုတ်ရင်း သူမ သဘောကျနေသည်။
"မင်းဘယ်သူလဲ..."
"အင်....."
လက်မောင်းလေးတွေကိုပြန်ပုတ်နေရင်း သူမမျက်လုံးလေးတွေကလယ်ကလယ်ဖြစ်သွားကာ၊
"ဘယ်သူ...ဘယ်သူလဲ...ဆိုတော့...အဟင်း...ငါးလေး..."
"ဘယ်သူ...."
သမ္ဘာမျက်ခုံးကြီးကျုံ့လျက် နောက်တစ်ခါထပ်မေးလိုက်တော့ သူမက သူ့ကိုစိတ်မရှည်သလိုစောင်ကြည့်လျက် ဟန်ပါပါလေးခါးထောက်လိုက်ရင်း၊
"ငါးလေး...ငွေငါးလေး...ဒါလေးတောင်မသိဘူးလား။ ငရေးချာဝစ္စနှစ်လုံးပေါက်ငါး...ငွေငါးသိပြီလား"
လေထဲမှာ စာလုံးလေးကို လက်ဖြင့်ဆွဲပြနေသည့် ကောင်မလေးကို ငေးကြည့်ရင်း သူ့ရင်ထဲတမျိုးကြီးဖြစ်နေသည်။ရှပ်အကွက်အနက်လေးက ယောကျ်ားရှပ်မို့ ခါးစည်းဝတ်ထားတာမို့ သူမပုံလေးက ကပိုကယိုလေးဖြစ်နေပြီး ခြေသလုံးတစ်ပတ်ဝတ်ထားတဲ့လုံချည်ကျပြန်တော့ အူတွေထွက်နေသည်။ ခြေတောက်မှာလည်း ခြေညှပ်ဖိနပ်လေးနှင့်။ ကျောလယ်သာသာဆံနွယ်လေးတွေက ဖီးသင်ထားပုံမျိုး မရှိဘဲရှုပ်ပွလို့နေကာ အရူးမလေးနဲ့တူနေသည်။ ဘယ်လိုဟာလေးမှန်းကို မသိ...။နာမည်ကျပြန်တော့လည်း ငွေငါးတဲ့။ကဲ..ဘယ်လောက်ကြောင်
တောင်တောင်နိုင်လိုက်သလဲဗျာ။
"အဲဒါ နာမည်အရင်းလား"
"အင်း....မမပေးထားတာ။ သူများကိုသူတို့တွေက ငွေငါးလေးတဲ့..."
"မင်းဘယ်မှာနေတာလဲ"
သူ့စကားကို သူမကအာရုံမကျတော့ပါ။ ပြန့်ကျဲကာကျိုးကြေနေသည့် ပန်းလေးတွေကိုငုံ့ကြည့်ရင်း နမျောတသနေပုံ။
"သူများပန်းတွေကုန်ပါပြီ။ ဟင့်...မမပြောတော့ ရှင်က သဘောကောင်းတယ်တဲ့။ အလကား...ဘယ်မှာသဘောကောင်းလို့လဲ။စိတ်ပုပ်ကြီး...သူများပန်းတွေပျက်စီးကုန်ပြီ"
ငိုမဲ့မဲ့မျက်နှာလေးဖြင့် သူ့ကိုရန်ထောင်နေသည့် ကောင်မလေးစိတ်ရော မှန်ရဲ့လားမသိ။အမျိုးမျိုးလည်းတတ်နိုင်သည်။
"ရှင်ကြီး ဆေးရုံမှာတစ်သက်လုံးနေရမှာ။ဒါမှ ဒီပန်းခင်းကြီးကို သူများစိတ်ကြိုက်ခူးလို့ရမှာ"
"ဘာ...."
ဘယ်လိုကောင်မလေးမှန်းမသိ...တစ်ဖက်သားမခံနိုင်အောင်ပြောချပစ်လိုက်တာ ထစ်ငေါ့ခြင်းလည်းမရှိ။သူ့သာ တဘာဘာနှင့်မခံချိမခံသာဖြစ်နေရတာ..သူမကတော့အေးဆေး။
"မင်းဒီလိုပဲ လာခိုးနေကြလား"
"သူများမခိုးပါဘူးနော်။ မမက သူများကြိုက်သလောက်ခူးလို့ရတယ်ပြောထားတာ။ ဒါပေမယ့်..ဒီခြံပိုင်ရှင်လူကြီးပြန်ရောက်လာရင်တော့မခူးရတော့ဘူးတဲ့။ မနေ့က ရှင်ပြန်လာတာ သူများမြင်လို့တစ်နေကုန်အိမ်ထဲမှာပုန်းနေရတာ။ ခုဘယ်လိုမှ မနေနိုင်တော့လို့ ရှင်မသိအောင်လာခူးကာမှ.."
သူမက စကားသင်စကလေးလို တစ်ခွန်းချင်းပြောပြနေ၏။
"မင်းကဘယ်မှာနေတာလဲ"
သူမ အကြည့်တွေက သူ့ဆီကနေတဖြည်းဖြည်းရွေ့လျားသွားစဥ်၊
"ငွေငါး....ငါးလေးရေ..."
"ဟောမမ....မမခေါ်နေပြီ"
"ဟိတ်!...နေဦး..."
မမနွယ်နှုတ်ဖျားမှ သူမနာမည်ကိုခေါ်နေသံကြားသည်နှင့် နေရာကနေလှစ်ခနဲပြေးထွက်တော့မဲ့ သူမလက်လေးကိုသူဖမ်းဆွဲထားလိုက်ကာ၊
"မင်းကမမနွယ်နဲ့ဘာတော်တာလဲ"
"အို မသိဘူး။ မမခေါ်နေပြီ...သူများလက်ကိုလွှတ်"
လက်လေးကို လိမ်ရုန်းနေရင်း နောက်ကိုလည်းလှည့်ကြည့်လှည့်ကြည့်ဖြင့် သူမမျက်နှာလေးရှုံ့တွနေသည်။
"ညီမလေးရေ...ငါးလေး....."
"လွှတ်ပါ....မမခေါ်နေပြီ"
မျက်ရည်လေးတွေပြည့်နေသည့် မျက်လုံးလေးတွေဖြင့် သူ့ကိုမော့ကြည့်ပြီး အသနားခံနေသည်။
"ငါးလေးရေ.....ငါးလေး....ဘယ်ရောက်သွားတာလဲ ဒီကောင်မလေး"
"ဒီမှာ မမနွယ်..."
ပန်းခင်းစပ်ရောက်လာသည့် မမနွယ်ကို လှမ်းကြည့်ရင်း သမ္ဘာအသံပြုလိုက်သည်။ ထိုအခါ...နွယ်ဝေတစ်ယောက် အံ့သြစွံ့အသွားရပြီး သူတို့နှစ်ယောက်နားသို့ ချက်ချင်းရောက်လာကာ၊
"မောင်လေး....ဟယ်တော်..."
ခပ်တည်တည်နှင့် ငွေငါးလက်လေးကို ဆွဲထားတဲ့မောင်ဖြစ်သူ သမ္ဘာ့ကိုတလှည့်၊ သမ္ဘာလက်ထဲကနေ သူမလက်လေးကို ရုန်းနေရင်း မျက်နှာလေးရှုံ့မဲ့နေသည့် ငွေငါးလေးကိုတလှည့် ကြည့်ရင်းနွယ်ဝေမျက်လုံးပြူးသွားသည်။
"မင်းတို့နှစ်ယောက်ဘယ်လိုကဘယ်လို.."
"သူကဘယ်သူလဲ မမနွယ်"
"သူများကိုလွှတ်..."
အံ့သြနေသည့် နွယ်ဝေကို ဘာမှမဖြေရှင်းဘဲ သမ္ဘာက သူသိချင်တာအရင်မေးလာသည်။ ငွေငါးလေးကလည်း ထိုအခွင့်အရေးကို အမိအရအသုံးချလျက် သမ္ဘာ့လက်ထဲကနေ သူမလက်လေးကိုရုန်းထွက်လိုက်ပြီး နွယ်ဝေနားပြေးကပ်သွားကာ၊
"မမ..."
"ငါးလေး...ဒါမမပြောထားတဲ့ မမမောင်လေးသမ္ဘာရင့်တဲ့"
"သူများသိပါတယ် မမ။ သူကသာ သူများကိုသူခိုးဆိုပြီးနှိပ်စက်နေတာ"
နွယ်ဝေ့လက်မောင်းကိုဆုပ်ကိုင်ရင်း သူ့ကိုခပ်စူးစူးလေးကြည့်လျက် တိုင်နေသည့်သူမ။သမ္ဘာ..သူမကိုလှမ်းကြည့်လိုက်ပြီး၊
"မမနွယ်....သူက..."
သူမကို မျက်စပစ်လျက်မေးလိုက်တော့ သူမက မမနွယ်လက်မောင်းကိုပါးလေးဖြင့်ထိကပ်လိုက်ပြီး၊
"သူများက မမရဲ့ငါးလေး.."
နွယ်ဝေ ကလေးဆိုးလေးလို သူမအပေါ်တွယ်တာနေသည့် ငွေငါးလေးကိုဂရုဏာသက်စွာ သက်ပြင်းလေးချလိုက်မိသည်။ ပြီးတော့ ငွေငါးရဲ့လက်မောင်းပြည့်ပြည့်လေးကို ကြင်ကြင်နာနာလေးဆုပ်ကိုင်လျက်၊
"မောင်လေးကို မမပြောပြမလို့ဘဲ..သူ့နာမည်ကငွေငါးလေးတဲ့။ လောလောဆယ်မမရဲ့ညီမလေးလို့ဘဲမှတ်ထား။ မောင်လေးကို မမအေးဆေးရှင်းပြမယ်နော်။ ပြီးတော့ သူမမတို့နဲ့အချိန်ကာလတစ်ခုအထိ အတူတူနေလိမ့်မယ်။ မောင်လေး ခွင့်ပြုမယ်လို့ မမမျှော်လင့်ပါတယ် သမ္ဘာ"
သူ ငြိမ်သက်သွားပြီး မမနွယ်နားကပ်နေသည့် သူမကိုစူးစိုက်ကြည့်နေမိသည်။
"မမနွယ်ကောင်းမယ်ထင်လို့လုပ်တာကို ကျွန်တော်ကဘာပြောရမှာလဲ။ မမနွယ်သဘောပါ..."
"ပြီးတော့...မမနွယ် မောင်လေးရှပ်လေးတွေကို သူ့ကိုပေးဝတ်ထားမိတယ်။ ငါးလေးက မမရဲ့အကျီတွေကို မကြိုက်ဘူးဆိုလို့..."
"သူများဝတ်လိုက်ပြီ ပြန်မတောင်းဘူးမို့လားဟင်။ အဟင်း...မတောင်းနဲ့နော် သူ့မှာအကျီတွေ အများကြီးကျန်နေသေးတာဘဲ"
ငွေငါးလေးကပါ ဝင်ပြောနေတာမို့ သူမကိုယ်ပေါ်က အကျီလေးကို အကြည့်ရောက်သွားရသည်။ စောစောထဲ သတိထားမိနေသည့် ရှပ်အကျီလေးက သူ့အကျီတဲ့လား။
"အတူတူနေကြတဲ့သူတွေအချင်းချင်းသင့်သင့်မြတ်မြတ်နေကြပါလို့ မမနွယ်ပြောချင်တယ်။ မောင်လေးနဲ့ညီမလေးက ရွယ်တူလောက်ဘဲနေမှာပါ။မောင်လေးလည်း ငွေငါးလေးကို ကိုယ့်ညီမလေးလိုသဘောထားပေါ့"
"သူများကို မခေါ်ချင်ဘူးလား.."
ငွေငါးလေးက နှုတ်ခမ်းလေးစူကာပြောလိုက်တော့ သမ္ဘာမျက်နှာကြီးပိုတင်းသွားရပြီး၊
"ဘယ်သူပြောလဲ...မခေါ်ချင်ဘူးလို့.."
"ကဲ...ကဲ...မောင်လေးလည်းအိမ်ထဲဝင်တော့ မမနွယ်မနက်စာပြင်ထားတယ်။ ငါးလေး..မမတို့မနက်စာပြန်စားကြစို့"
နွယ်ဝေက လူစုခွဲရင်း ငွေငါးလေးလက်ကိုဆွဲကာ အခေါ်..ငွေငါးလေးက နောက်ကိုသမင်လည်ပြန်ကြည့်လိုက်ရင်း၊
"သူက ဘယ်မှာစားမှာလဲဟင်..."
နွယ်ဝေ့ မောင်ဖြစ်သူသမ္ဘာ့ကိုလှမ်းကြည့်မိလိုက်သည်။ သမ္ဘာက..သူတို့ကိုကျောခိုင်းလျက် သူ့အိမ်ဆီလှမ်းသွားနေပြီ။
"မမ...သူကဘယ်မှာစားမှာလဲဟင်"
မကြာသေးတဲ့အချိန်အတွင်းမှာ ငွေငါးလေးနှင့်သူမအတော်ရင်းနှီးနေပြီမို့ ငွေငါးလေးက သူမကို အစ်မအရင်းတစ်ယောက်လိုဆိုးနွဲ့နေသည်။ ပြီးတော့ ဝေဒနာသည်လေးငွေငါးကို ဂရုဏာသက်ကာအလိုလိုက်နေမိသူက နွယ်ဝေ။
"သမ္ဘာလား...သူက သူ့အိမ်မှာသူစားတာပေါ့"
"သူ့အိမ်မှာဘယ်သူနဲ့စားတာလဲဟင်...မမ"
"သမ္ဘာကတစ်ယောက်တည်းနေတာ..သူတစ်ယောက်တည်းစားတာပေါ့ကွယ်"
"ဟင်....ဒါဆို သူများသွားစားမယ်လေ...နော်။ သူတစ်ယောက်တည်း သနားပါတယ်"
"ဟော်တော်..."
နွယ်ဝေ ပါးစပ်အဟောင်းသားဖြင့် ထိုနေရာမှာတစ်ယောက်တည်းကျန်ခဲ့တော့သည်။ ငွေငါးလေးက သူမစကားပင်နားမထောင်တော့ပါ။သူမလက်ကိုဖြုတ်ချလျက် သမ္ဘာ့နောက်ကိုပြေးလှစ်ခနဲပြေးလိုက်သွားတော့၏။
"ဟင်း.....ဒီနှစ်ယောက်တော့မြင်ယောင်သေးတယ်"
ကျောခိုင်းထွက်သွားတဲ့မောင်ဖြစ်သူသမ္ဘာနှင့် သမ္ဘာ့နောက်ကို ပြေးလိုက်သွားသည့် ငွေငါးလေးတို့ကို လှမ်းမျှော်ကြည့်ရင်း နွယ်ဝေတစ်ယောက်သက်ပြင်းချလိုက်မိသည်။နဖူးစာရွာလည်လေရောသလားကွယ်...။
"သမ္ဘာ....."
"ဟ!......"
"အို!......"
"မင်းဘယ်လိုလုပ်လိုက်တာလဲငွေငါး..."
နောက်ကနေ ခါးကိုပြေးဖက်လိုက်တာမို့ သမ္ဘာကိုယ်ကြီးရှေ့သို့ငိုက်ကျသွားရသည်။ ဟန်ချက်ပျက်သွားတာကို ထိန်းရင်း သူမကိုလှည့်ဆူမိသွား၏။
"သမ္ဘာကလည်း...သူများကိုဆူဖို့ဘဲသိတယ်။ သူများကစေတနာနဲ့လိုက်လာတာကို"
"မင်းဘာလိုက်လုပ်တာလဲ"
မျက်မှောင်ကြီးတွန့်ချိုးကာ မလိုလားဟန်ဖြင့် သမ္ဘာဆိုလိုက်သည်။
"သူများက သူ့ကိုစိတ်မချလို့လိုက်လာတာ။သမ္ဘာတစ်ယောက်တည်းနေတာဆို...သရဲကြောက်နေမှာပေါ့။ သူများအဖော်လုပ်ပေးမယ်နော်"
"ရှုပ်ရှုပ်ယှက်ယှက်ကွာ...သွားစမ်းပါ။ ကိုယ့်ဘာသာကိုယ်နေပါလား"
"ဟင်အင်း....သူများလိုက်ချင်လို့ခေါ်ပါနော်"
"ငွေငါး....."
"ရှင်..."
သူမ ပြန်ထူးနေတာမို့ သမ္ဘာကျစ်ခနဲရေရွတ်မိသွားရကာ၊
"မင်းကိုခေါ်တာမဟုတ်ဘူး မထူးနဲ့"
"ဟင်....ငွေငါးဆိုတာ သူများနာမည်လေ။ သူများကိုခေါ်တာမဟုတ်ရင် ဘယ်သူ့ကိုခေါ်တာလဲ။ ငွေငါးဆိုတာ သူများမဟုတ်ဘူးလား"
မလိမ်မိုး၊မလိမ္မာရုပ်လေးကိုကြည့်ပြီး သမ္ဘာစိတ်အပျက်ကြီးပျက်နေရသည်။
"မဟုတ်ဘူး....မင်းနာမည်ခေါ်တိုင်းမထူးနဲ့"
"ဟုတ်....."
"ဒါဘယ်လဲ..."
သူ ဆက်အလျှောက် သူမကပါထပ်ချပ်မခွာလိုက်လာတာမို့ သမ္ဘာလှည့်မေးလိုက်တော့၊
"သူများ လိုက်ချင်လို့....ခေါ်ပါနော်"
"ငွေငါး....မင်းဘယ်လိုမိန်းကလေးလဲ။ ယောကျ်ားလေးတစ်ယောက်ထဲနေတဲ့အိမ်ကို လိုက်စရာလား"
"သမ္ဘာနောက်လိုက်ချင်တာပါ ယောကျ်ားလေးမဟုတ်ပါဘူး"
"ဘာ!......"
"သူများကိုမအော်ပါနဲ့..."
ချက်ချင်းမျက်ရည်လေးတွေရစ်ဝဲတော့ သမ္ဘာစိတ်ထဲ ဘာဖြစ်သွားမှန်းမသိပါ။ သူမကိုအော်မိတာ နောင်တရသွားသလိုလို။
"မင်းနဲ့ငါကခုမှသိတာနော် ငွေငါး"
"မသိဘူး....ဘယ်တုန်းကသိသိ..သူများသမ္ဘာ့နောက်လိုက်ချင်တယ်။ပြီးတော့ သမ္ဘာနဲ့မနက်စာတူတူစားချင်တယ်။ သူများကို နှင်မလွှတ်ပါနဲ့နော်....သူများကိုခေါ်မယ်မို့လား...ဟင်"
ချွဲ့နွဲ့နွဲ့အသံလေးကြောင့်သမ္ဘာအကြည့်တွေ အပြစ်ကင်းသည့်မျက်နှာလေးထက်ရပ်တန့်သွားရသည်။
"ခေါ်ပါနော်...လိုက်ချင်လို့.."
သူ့လက်မောင်းကိုလာဆွဲပြီး လှုပ်ရမ်းနေသည့် ငွေငါး။ သမ္ဘာ... မျက်တောင်ခတ်လိုက်ပြီး သူမထံမှ အကြည့်လွှဲကာ၊
"ဖယ်စမ်းပါ...ရှုပ်ရှုပ်ယှက်ယှက်..."
သူ တွန်းဖယ်လိုက်ရင်းခြေလှမ်းကျဲများဖြင့် အိမ်ထဲတန်းဝင်လာခဲ့ပေမယ့် သူမရဲ့ငိုရှိုက်သံများက ထပ်ချပ်မခွာကပ်ပါလာသည်။
"ဟင့်...ဟင့်....သူများလိုက်ချင်လို့ပါဆို။ ခေါ်သွားပါ...ဟင့်...ဟင့် ဟီး...."
"ကျစ်!...."
တုံ့ဆိုင်းသွားရသည့်ကိုယ်ခြေတောက်တွေကိုပင် စိတ်တိုနေမိသည်။
"သမ္ဘာ...ဟီး...သူများကိုခေါ်သွားပါ။ အီး...လိုက်ချင်လို့ပါ"
ကိုယ့်ကိုယ်ကိုတောင် ဘာကောင်မှန်းမသိတဲ့အခြေအနေမှာ နွယ်တစ်ပင်လာယှက်နေတော့...ဟင်း...သမ္ဘာရင့်...မင်းအနွှယ်ခံမှာလား။ သူများကို သနားတာထက် မင်းကိုယ်မင်းအရင်သနားလိုက်။ သူ့ကိုယ်သူဆုံးမနေမိပေမယ့် သူမအသံလေးတစ်ချက်ကြားရတိုင်း ရင်ဘတ်ထဲက တမျိုးကြီးကဘယ်လိုကြီးမှန်းမသိ။ ငွေငါးလေးတဲ့...။ရင်ခွင်သမုဒ္ဒရာမှာကူးခတ်မဲ့ ငါးလေးသာဖြစ်လာခဲ့ရင်...။
အပိုင်း(၇)ဆက်ရန်👈👈👈
စာဖတ်သူများအတွက်
ထာဝရ
#ဖက်ဖူးစိမ်း