🌺ပန်းမွေ့ယာ...ရွှေကော်ဇော🌺
"တ..တကယ်သေသွားတာလား။ဟေ့ကောင်...ဒါနောက်စရာမဟုတ်ဘူးနော်"
ခေတ်သစ် အသံကအထစ်ထစ်အငေါ့ငေါ့..မျက်နှာကလည်းဖြူရော်လျက်ကယောင်ချောက်ချား။
"ရင့်...မင်းတို့ပြောနေတာ ဟိုဟိုက်ဝေးလမ်းက..."
မျက်စိမျက်နှာပျက်ပျက်ဖြင့် သီဟကပါဝင်မေးနေတာမို့ ရင့်ခေါင်းညိတ်ပြလိုက်ကာ၊
"ဟုတ်တယ် ရွှေတမံသေသွားပြီ"
"ဟာ!!......."
"တ..တကယ်ကြီးပေါ့"
မျက်စိမျက်နှာတွေပျက်ကာ အအေးမော့သောက်တဲ့သူကသောက်၊ခုံကိုလက်ဖြင့်ခေါက်တဲ့သူကခေါက်နေသည်။ အအေးခွက်ကိုပြန်ချလိုက်ကာ ခေတ်သစ်တစ်ယောက်သူ့ပေါင်ကိုပြန်ပွတ်နေလျက် မျက်လုံးတွေကဂနာမငြိမ်။စင်တာတစ်ခုလုံးကို မျက်လုံးကစားပြီး လက်ထဲကသော့ကိုလှည့်ပတ်ကြည့်နေတဲ့ ရင့်ဆီအကြည့်ရောက်တော့ မျက်ခုံးတွေတွန့်ကွေးသွားရကာ၊
"ရင့်........"
မျက်လုံးလှန်ပြီး ရင့်ကမျက်စပစ်ပြလာ၏။ ပြောဆိုတဲ့သဘော...။ မျက်လွှာချက်ချင်းချလျက် လက်ထဲက ခရုပတ်ပုံသော့တွဲလေးကိုသာ မမှိတ်မသုန်စိုက်ကြည့်နေသည့် ရင့်...။သူနဲ့မဆိုင်တဲ့ပြဿနာလို ခပ်အေးအေးနေနိုင်လွန်းသည်။
"မင်းဘာလုပ်ဖို့ဆုံးဖြတ်ထားလဲရင့်"
"ဘာကိုလဲ"
မျက်လွှာပင့်မလာဘဲ ရင့်ကခပ်တိုတိုပြန်မေးနေတာမို့ ရင့်ပုံကိုကြည့်ပြီးခေတ်သစ်စိတ်မရှည်တော့ပါ။
"ဟ!....လူသေမှုကြီးနော် ရင့်။ပြီးတော့..."
ခေတ်သစ်တစ်ယောက်ချွေးတွေပါသီးတက်လာတော့သည်။ ရင့်ကသာ မတုန်မလှုပ်..သူကတော့ကြောက်တာအမှန်ပါ။ ထိုညကပူထူပြီးလုပ်လိုက်မိတာ...ပြန်တွေးမိတိုင်းသွေးပျက်ခြောက်ချားနေဆဲ။
"ဟေ့ကောင်ရင့်...."
"ဘာလဲ"
မော့ကြည့်လာတဲ့ရင့်မျက်လုံးတွေမှာ ရီဝေဝေအခိုးအငွေ့လေးတွေပြည့်နှက်လျက်။ ခေတ်သစ် နားမလည်ဖြစ်သွားရသည်။ ရွှေတမံသေတာနဲ့ရင့်ကဘာဖြစ်သွားရတာ။ စောစောကတောင် အကောင်းသားကြီးပါ..ခုကိစ္စပြောလိုက်မှ ရင့်မျက်နှာကသိသိသာသာပျက်ယွင်းသွားတာ။
"ရင့်....မင်းဘာဖြစ်နေတာလဲ"
မနေနိုင်တဲ့သီဟက ရင့်မျက်နှာကိုစူးစိုက်ကြည့်လျက် မေးလိုက်သည်။ ခေတ်သစ်ကပါ မေးငေါ့လျက်၊
"ဟုတ်တယ်ရင့်...မင်းတစ်ခုခုဖြစ်နေသလိုဘဲ။ ပြီးတော့ အဲဒီကောင်နဲ့မင်းဘာဇယားတွေငြိထားလို့ မင်းကအဲဒီလောက်ထိမုန်းနေရတာလဲ"
"ဟုတ်တယ်..ငါလဲသိချင်တယ်။ အကြောင်းမဲ့တော့မဖြစ်နိုင်ဘူး။ ပြောစမ်းပါရင့် ငါတို့ကတစ်လှေတည်းစီးတစ်ခရီးတည်းအတူတူသွားနေကြတဲ့သူတွေ။ ငါတို့ကိုအသိမပေးရင် မင်းဘယ်သူ့ကိုပြောပြမလဲ"
စိတ်မသက်မသာဟန်ဖြင့် ရင့်ကမျက်နှာကိုပွတ်သပ်လိုက်ပြီး ဟိုးအဝေးဆီကိုငေးကြည့်နေ၏။ ရင့်မျက်လုံးတွေထဲဝယ် ဝမ်းနည်းညှိုးနွမ်းနေသည့်အရိပ်အယောင်တွေနှင့်။
"ငါတို့ကြားမှာဖုံးကွယ်ထားစရာ ဘာအကြောင်းမှမရှိဘူးလို့ ငါထင်တယ်ရင့်"
သီဟရဲ့တိုက်တွန်းစကားကြောင့် ရင့်မျက်နှာသူတို့ဘက်ပြန်ရွေ့လာပြီး၊
"ပြောပြမယ်.. ဇာတ်လမ်းကဖြစ်နေဖြစ်ထရှိတဲ့မဆန်းပြားတဲ့သုံးပွင့်ဆိုင်ပေါ့ကွာ"
"ချလောက်!!....."
"ဟ!!....ဘာလဲ"
"ဓန...."
ရင့်စကားထဲမျောပါနေစဥ်..စားပွဲပေါ်ကိုသော့ပစ်ချလိုက်သံကြောင့်အားလုံးကိုယ်တွေမတ်ကုန်ကာအာရုံတွေပျက်ပြားကုန်၏။ သူတို့ရှေ့သို့ကျလာသည့်ကားသော့ကိုပြူးပြဲကြည့်နေရင်း တရားခံကိုမော့အကြည့်...သုန်မှုန်နေသည့်မျက်နှာဖြင့်ဓန။
"တစ်ယောက်ကလည်းဘာဖြစ်လာပြန်တာလဲ"
"အေးလေ..သူကလည်းနောက်ကျသေး..."
"ဓန.. မင်းပါးကြီးရဲနေပါလား။ ဘာဖြစ်လာတာလဲ"
တစ်ယောက်တစ်ခွန်းဝိုင်းပြောနေရင်း ခေတ်သစ်က ဓနပါးတစ်ဖက်ရဲနေတာကိုအရင်သတိထားမိသွားသည်။ ထိုအခါ..ရင့်နှင့်သီဟပါ ဓနမျက်နှာကိုစူးစိုက်ကြည့်လျက်၊
"ဟုတ်ပါ့...ဓန မင်းကိုဘယ်ကောင်မလေးပါးရိုက်လွှတ်လိုက်တာလဲ"
"ဓန..."
သူတို့မေးနေသမျှကိုတစ်ခွန်းမှပြန်မဖြေ ဘဲ ဓနက ခုံဆွဲထိုင်ကာ သီဟရှေ့ကအအေးခွက်ကိုတစ်ချိုက်တည်းမော့သောက်နေ၏။ တဂွတ်ဂွတ်နှင့်မနားတမ်းသောက်ချနေသည့် ဓနကို သုံးယောက်သားမျက်လုံးပြူးဖြင့်ဝိုင်းကြည့်နေမိကြတာ မျက်တောင်ခတ်ဖို့ပင်သတိမရ။
"ဒေါက်!...."
"ဂလု..."
ဘာမှမကျန်တော့မှ အအေးခွက်ကို စားပွဲပေါ် ဆောင့်ချလိုက်တာ ဒေါက်ခနဲ..။ ဖန်ခွက်သံနှင့်တဆက်တည်းတံတွေးမြိုချလိုက်သံကြောင့် အားလုံးအကြည့်တွေသီဟဆီစုပုံကျရောက်သွားရသည်။ ထိုအခါ..သူ့အအေးခွက်လေးကိုနမျောတသသလိုကြည့်နေသည့် သီဟမျက်နှာကြောင့် ပြိုင်တူပြုံးမိသွားကြပြီး၊
"နမျောနေတာလား သီဟ။ အသစ်ပြန်မှာလိုက်လေ"
သီဟက ရင့်ကိုခေါင်းယမ်းပြလိုက်ပြီး ဖန်ခွက်လေးကိုငုံ့ကြည့်လျက်၊
"ကျွဲသောက်နွားသောက်ဆိုတာ ဒါမျိုးပါလို့အံ့သြတကြီးကြည့်နေတာ"
"ခွေးကောင်..."
"သြော်!....အေးပါကွာ"
"ဟား....ဟား...."
ဓနက အဖဲ့ခံလိုက်ရသူမို့ဆဲလိုက်ပေမယ့် ရင့်နှင့်ခေတ်သစ်ကဝိုင်းရယ်ကြ၏။ သီဟမျက်နှာကပြန်ပြီး ပြုံးဖြဲဖြဲဖြစ်လာကာ၊
"ငါထင်တယ်..ရန်ကုန်ကဝေမလေးတစ်ယောက်ယောက်ပြုစားလိုက်တာနေမယ်..ဟုတ်တယ်မို့လားဓန"
"ကဝေမဟုတ်ဘူးဒေါသကုမ္မာရ..."
"ဘယ်လို..."
ဓန အဖြေကြောင့် အားလုံးခေါင်းထောင်ကုန်ကာ စိတ်ဝင်စားသွားကြ၏။ သီဟက အဆိုးဆုံး..ဓနနားအတင်းတိုးကပ်လျက်၊
"ဘာဖြစ်လာတာလဲ ဓန..လုပ်စမ်းပါ"
"ငါလည်းစိတ်ဝင်စားတယ်"
"အဲဒီမိန်းမ ဘလိုင်းကြီးဆော်သွားတာကွာ...တောက်!..."
"ဒုန်း!..."
"ဟ!....ဖြည်းဖြည်း...."
ဓနက ပြောနေရင်းမခံမရပ်နိုင်ဖြစ်လာကာစားပွဲကိုလက်သီးဖြင့်ထုအချ စားပွဲပေါ်ကပစ္စည်းတွေဖရိုဖရဲဖစ်ကုန်တာမို့ လိုက်ထိန်းရင်း ခေတ်သစ်ကတားဆီး၏။ဓနရဲ့ကျွဲမြီးတိုနေပုံကြောင့် ရင့်က၊
"ဘာဖြစ်လာတာလဲ မင်းကိုဘလိုင်းကြီးပါးရိုက်လိုက်တာလား ဓန"
"ရင့်ပြောတာဟုတ်လားဓန"
စူပုတ်ပုတ်မျက်နှာက တဖြည်းဖြည်းပိုတင်းမာလာကာ၊
"တကယ်ကိုဘလိုင်းကြီးကွာ...ငါကချိန်းထားတာနောက်ကျနေလို့ကားကိုတအားမောင်းလာတာ..အဲဒီမိန်းမကွာ"
"အေးလေ ဘာဖြစ်လဲ"
"မင်းကိုဝင်ကြုံးပြီး ပါးရိုက်လွှတ်တာလား ဓန"
"ဓန...မင်းဒီတိုင်းကျန်ခဲ့တာညံ့တယ်ကွာ"
သီဟနှင့်ခေတ်သစ်က မချင့်မရဲရေရွတ်လျက် ကြားကဘာမဆီဘာမဆိုင်ဒေါကန်နေသည်။
"ဓနရှင်ရာဇဝင်မှာငြိမ်ခံတယ်ကြားဖူးလို့လား...ဒီမိန်းမကိုတွေ့တဲ့နေရာမှာအပီဖြဲပြီးသားဘဲ..."
ဓနရဲ့စကားကြောင့်ခေတ်သစ်မျက်နှာ မချိုမချဥ်ဖြစ်သွားပြီး၊
"ကြားရတာကြက်သီးတွေထလာပြီ...ဟင်း..ဟင်း.."
အဖျားတက်သလို တုန်တက်ပြနေသည့် ခေတ်သစ်ကြောင့် ရင့်တို့ပြုံးလိုက်မိသည်။
"ဖောက်မလာနဲ့ ခေတ်သစ်။ငါတကယ်ဒေါကန်နေတာ"
"အေးပါကွာ...ဒါနဲ့ဖြစ်ကြောင်းကုန်စင်လေးပြောပြစမ်းပါဦး"
သီဟက သိချင်လွန်းလို့မနေနိုင်တော့ပေ။ရင့်ကပါခေါင်းဆတ်လျက်ထောက်ခံလိုက်တော့..ဓနမျက်လုံးတွေမှေးကျဥ်းသွားပြီး၊
"ငါလည်းရှေ့လောကြီးနေတော့ သူကွေ့မလို့မီးပြတာကိုမမြင်လိုက်ဘူး။အဲဒါနဲ့ သူ့ကားဖင်ကိုဝင်တိုက်မိပါလေရောကွာ..အဲဒါမှ ကားပေါ်ကဆင်းလာပြီးဘာမပြောညာမပြောနဲ့ ငါ့ကိုအသားလွတ်ပါးရိုက်လိုက်တယ်ကွာ..တောက်!..အဲဒီမိန်းမပြောရင်းနဲ့သတ်ပစ်ချင်နေပြီ"
"ဟ!....မင်းကိုဘာမှမပြောဘဲရိုက်ချလိုက်တာလား"
"ဒါတော့ ဒီမိန်းမများသွားပြီ"
"နေစမ်းပါဦး...သူ့ကားဘာဖြစ်သွားလို့လဲ"
ခေတ်သစ်နှင့်သီဟက ဓနဘက်ကနာပြီးပြောနေပေမယ့် ရင့်ကတည်ငြိမ်နေတဲ့လေသံဖြင့်အကျိုးအကြောင်းမေး၏။
"ဘာမှမဖြစ်ပါဘူးကွာ နောက်မီးလုံးလေးကွဲသွားတာ"
"မင်း..ဘာပြောလိုက်လို့လဲ"
"ဘာမှပြောခန်းတောင်မရှိပါဘူးဆိုကွာ...ငါကကားပေါ်ကဆင်းပြီးသူ့ကားဘာဖြစ်သွားလဲ ကြည့်နေတုန်းကားပေါ်ကဆင်းလာပြီးရိုက်ချလိုက်တာ။ဘယ်လိုမှမထင်ထားတော့ ခံလိုက်ရတာပေါ့..ပြီးတော့ကွာ ငါ့ကိုကော်သွားလိုက်သေးတယ်။ ကားစီးနိုင်တယ်ဆိုပြီး မြှောက်ကြွကြွလုပ်နေတဲ့အောက်တန်းစားတွေကြောင့် လူ့အဖိုးတန်တွေအသက်ဆုံးရှုံးရတယ်တဲ့ကွာ...သူသေသွားတာမဟုတ်ဘဲ ငါ့ကိုပြောလိုက်တာရစရာကိုမရှိဘူး။ အဲဒီမိန်းမ တကယ့်ဆိုက်ကိုဘဲ...."
"ဟင်...မင်းဘာမှပြန်မပြောလိုက်ဘူးလား"
"နေမလားကွာ ပြန်ပြောတာပေါ့။ ကွဲသွားတဲ့မီးလုံးကိုပြန်လျော်ပေးမယ်ဆိုတော့လဲ မဟုတ်ရဘူး။ပါးရိုက်ပြီး ပိုက်ဆံနဲ့ပစ်ပေါက်သွားသေးတာ"
"ဟာ...ဒါတော့လွန်ပြီ..."
"အဲဒီမိန်းမသပ်သပ်ယုတ်မာတာ။ သူကဘယ်လောက်ချမ်းသာနေလို့လဲ တောက်!."
သီဟတို့လက်သီးလက်မောင်းတန်းကုန်တော့၏။ သူတို့အုပ်စုမှာ ပြည့်စုံကြွယ်ဝသူတွေချည်းမို့ ခုလိုပြဿနာဖြစ်လာတော့မခံချင်။ အားလုံးကညီအစ်ကိုတွေလိုပေါင်းနေတာမို့တစ်ယောက်ကိုထိရင်တစ်ဖွဲ့လုံးထိသလိုပင်။
"ဓန...ကောင်မလေးလား...မင်းကလည်းပြန်ဆော်ခဲ့တာမဟုတ်ဘူး"
"ကောင်မလေးမဟုတ်ဘူး..အမျိုးသမီးကြီး။ငါတို့ထက်လေးငါးနှစ်လောက်တော့ကြီးမယ်ကွ။ တကယ်ရင့်တဲ့မိန်းမ"
"ငါ့နာမည်ဆွဲမထည့်နဲ့လေ"
"မင်းကတမျိုး.."
ရင့်ကပြောင်စပ်စပ်ဝင်ပြောတော့ ဓနကမကြည်မလင်ပုံဖြင့်ဟန့်လိုက်၏။ထိုမိန်းမကို ခုထိမြင်ယောင်ကာဒေါသထွက်မဆုံး။စူးရဲသည့်မျက်လုံးများ..အနီရဲရဲနှုတ်ခမ်းလွှာ မောက်မာရင့်သီးတဲ့စကားတွေက သူ့ရင်ထဲသံမှိုစွဲလို့နေပြီ။
"မင်း အဲဒီအတိုင်းခံလိုက်ရတာပေါ့...ဟုတ်လားဓန"
"နေမလား..ဓနရှင်တဲ့ ပြန်လုပ်ခဲ့တာပေါ့"
"ဘာလုပ်ခဲ့တာလဲ။ကိုယ့်အပေါ်ဒီလောက်စော်ကားတဲ့မိန်းမ လွယ်လွယ်တော့လွှတ်မပေးလိုက်သင့်ဘူး"
"မင်းကိုပစ်ပေးတဲ့ပိုက်ဆံနဲ့သူ့မျက်နှာကိုပြန်ပေါက်ခဲ့ရမှာ..တောက်..မိန်းမဖြစ်ပြီးဂန်ကျယ်ချင်တာ"
"ပိုက်ဆံရော...ဒီအတိုင်းယူလာတာလား"
"ယူစရာလား..."
"ဘာလဲ...အစ်မပိုက်ဆံအစ်မပြန်ယူဆိုပြီး ပေးခဲ့တာလား"
ရင့်က ဓနမဖြေတော့အသည်းယားကာ တမင်အရွဲ့ဆန်ဆန်ပြောလိုက်တော့မှ ဓနမျက်နှာသုန်မှုန်သွားပြီး၊
"ဘယ်ရမလဲ..ငါ့ပါးကိုရိုက်ခဲ့တာလျော်ကြေးပြန်ယူခဲ့တာပေါ့။ ငါ့မာနကိုထိပါးတဲ့မိန်းမ..သူ့မာနကိုပြန်ချိုးပြီးအဲဒီပိုက်ဆံပြန်ပေးခဲ့လိုက်တယ်"
"အေးလေ...သူ့မာနကိုဘယ်လိုပြန်ချိုးလိုက်တာလဲ..အဲဒါသိချင်တာ"
"တော်ပြီ...ဒီအကြောင်းတွေမပြောချင်တော့ဘူး"
မျက်နှာနီနီနှင့်ရှက်ကိုးရှက်ကန်းဖြစ်သွားကာ အတင်းပိတ်နေသည့် ဓနကိုနားလည်သွားတဲ့သီဟမျက်နှာစပ်ဖြဲဖြဲဖြစ်သွားရပြီး၊
"အဟဲ....ငါသိပြီ။ သားကြီး..ဒီလောက်ရှက်နေပုံထောက်ရင်တော့ အဲဒီမိန်းမကို ဟိုဒင်းဟိုဟာ..."
"ဟာ!.....ခွေးကောင် ဘာတွေပြောနေတာ။ မင်းပါးစပ်ကြီးပိတ်ထားစမ်းပါ"
ဓနက ခုံပေါ်ကနေအတင်းကျော်လျက်အာပြဲကြီးနှင့်အော်နေသည့်သီဟပါးစပ်ကိုအတင်းလိုက်ပိတ်နေသလို သီဟကလည်းနောက်ဆုတ်ရှောင်နေတာမို့ သူတို့ဝိုင်းကဗရုတ်သုတ်ခဝိုင်းဖြစ်သွား၏။
"ခွေးကောင်...မင်းမပိတ်ရင် ငါ့လက်သီးနဲ့ပိတ်ပေးမယ်"
"အခွီး...."
စိတ်ဆိုးကာရှူသိုးသိုးဖြစ်နေသည့်ဓနကိုကြည့်ပြီး သီဟကျိတ်ရယ်ချလိုက်၏။ မျက်နှာပိုးမသေတဲ့သီဟကို ဓနကမျက်လုံးစွေကြည့်လျက်၊
"မင်းအခွက်ကြီးပြောင်စပ်စပ်လိုက်မနေနဲ့နော်။ ငါ့လက်သီးစာမိတော့မယ်..."
"ရှက်ရမ်းရမ်းပြီးထိုးတာ ခံဖူးတယ်ရှိတာပေါ့"
"ငါထိုးလိုက်ရ...."
"ဟာ!...မလုပ်ကြနဲ့လေ ဟေ့ကောင်တွေ"
ဓနလက်သီးကြီးတပြင်ပြင်လုပ်နေတော့ ခေတ်သစ်က ကြားကနေဝင်ဆွဲရတော့၏။ ဒါတောင်သီဟက မျက်နှာပိုးမသေချင်..ဓနကိုပြုံးစေ့စေ့ဖြင့်ကြည့်နေသေးသည်။
"မင်းတကယ်အဲလိုလုပ်ခဲ့တာလား ဓန"
"ဘာကိုလဲ...ဘာလဲ စကားကိုရှင်းအောင်ပြော။ ငါ့ပါးကိုရိုက်ပြီး ပိုက်ဆံနဲ့ပစ်ပေါက်တဲ့မိန်းမ...သူ့မာနကိုချိုးဖို့ပြန်နမ်းပစ်ခဲ့တာ ငါမှားလား"
"မမှားဘူး ဓန...မင်းလုပ်တာမှန်တယ်"
ရင့်က ထောက်ခံလိုက်ကာ၊
"သပ်သပ်မင်းကိုကော်တာ သူငယ်ချင်း"
"ဟုတ်တယ်...ငါလည်းအဲဒီမိန်းမကိုမကျေဘူး...သူနဲ့ငါတွေ့ရာသချိုင်းဓားမဆိုင်းဘဲ"
ပြောနေရင်း သူမမျက်နှာကရစ်ဝဲလာတာမို့..အံကြိတ်လိုက်မိသည်။ ဓနရှင်...ဘာကောင်လည်းခင်ဗျားသိစေရမယ်..ခင်ဗျား ကျုပ်မာနကိုအရင်လာစတာ အဒေါ်ကြီး။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"တောက်!......."
ဘယ်နှကြိမ်မြောက်မှန်းမသိတဲ့ တောက်ခတ်သံကြောင့် စက္ကထရီမလေးငုဝါ မရဲတရဲလေးမော့ကြည့်လာ၏။ မမ.. ရောက်လာထဲကမျက်နှာမကောင်းပါ။ meeting ရှိလို့မဖြစ်မနေရောက်လာပေမယ့် ရောက်ထဲကသန့်စင်ခန်းထဲတန်းဝင်သွားကာ နာရီဝက်လောက်ကြာသည်အထိပြန်ထွက်မလာတော့ပေ။ မနေနိုင်တဲ့ငုဝါ မသိမသာလိုက်သွားတော့ ငိုရှိုက်နေသည့် မမကိုမြင်လိုက်ရသည်။ မမတို့မိသားစုအကြောင်းကို သိနေသူမို့မမကိုငုဝါသနားနေမိသည်။
တစ်ယောက်တည်းရှိတဲ့မောင်လေးကို မမတို့တစ်မိသားစုလုံးတုန်နေအောင်ချစ်ကြတာ ကုမ္ပဏီတစ်ခုလုံးအသိ။ မထင်မှတ်ပါဘဲ မမရဲ့မောင်ဆုံးပါးသွားတဲ့သတင်းက မမတို့မိသားစုအတွက်ကမ္ဘာပျက်မတတ်။တစ်မိသားစုလုံးနလန်မထူနိုင်အောင်ကြေကွဲခံစားနေကြတာလည်း ငုဝါအသိဆုံး။မမရဲ့မောင်ဆုံးသွားတာတစ်လတောင်မပြည့်သေးပေမယ့် ကုမ္ပဏီကိုဒီနေ့မှ အရေးတကြီးmeetingကြောင့်မမမဖြစ်မနေရောက်လာရတာ။ သန့်စင်ခန်းထဲဝင်ပြီးကျိတ်ငိုနေတဲ့မမကို ငုဝါမကြည့်ရက်တော့တာမို့ အခန်းထဲပြန်ဝင်လာခဲ့သည်။
ငုဝါပြန်ရောက်ပြီး သိပ်မကြာ..မမအခန်းထဲဝင်လာပြီးစာရင်းတွေစစ်နေ၏။ပြီးတော့..တောက်တွေဘဲဆက်ခေါက်နေတာမို့ ငုဝါနည်းနည်းလန့်လာကာ မမကိုမော့အကြည့်၊
"ငုဝါ...ခဏ"
"ရှင်...မမ"
မမလှမ်းခေါ်နေတာမို့ငုဝါ သွက်သွက်လေးလှမ်းသွားလိုက်ရသည်။ အနီးကပ်ကြည့်လိုက်မှ မမမျက်လုံးတွေနီရဲစိုစွတ်နေပြီး မျက်ခွံလေးတွေပါအစ်ထနေ၏။လူ့လောကကြီးကို ငုဝါသံဝေဂရနေမိသည်။ ငုဝါတို့လို သာမန်ဆင်းရဲသားတွေကျပြန်တော့မရှိတာကိုအကြောင်းပြုပြီး ဝမ်းရေးအတွက်ဒုက္ခပေါင်းစုံခါးစည်းခံရသည်။ တိုက်ခန်းလေးတစ်ခန်းအပိုင်ရဖို့ ကြိုးစားလိုက်ရတာ.. ခုတော့တိုက်ခန်းလေးပိုင်နေပါပြီ။ဒါကလည်း..မမရဲ့ကျေးဇူးတွေကြောင့်ပါ။ အရင်ကဆို.. ငုဝါ မမကိုအရမ်းအားကျတာဘဲ။ မမရဲ့ဘဝ..မမတို့မိသားစု၊မမရဲ့ပြည့်စုံကြွယ်ဝမှုတွေ..အားလုံးကိုအားကျမိခဲ့ဖူးတယ်။ သောကနဲ့ဆင်းရဲခြင်းဆိုတာ မမမှာမရှိဖူးလို့ ငုဝါတွေးခဲ့တယ်။
ခုတော့...လောကကြီးမှာရှင်သန်လာတဲ့ဘယ်လူမျိုးမဆိုဒုက္ခတစ်မျိုးမျိုး၊သောကတစ်ခုခုတော့ရှိနေတာကို ငုဝါမျက်ဝါးထင်ထင်မြင်နေရပြီ။ စည်းစိမ်ချမ်းသာ၊ရုပ်ရည်ရူပကာဘာမှပြောမရာမလိုတဲ့မမ...အမြဲတမ်းထက်မြက်တက်ကြွနေတဲ့မမနေကောင်းကင်။ သောကဆိုမြူတစ်မှုန်စာတောင်မရှိဘူးလို့ ငုဝါထင်ခဲ့သမျှမှားခဲ့လေပြီ။ ဘုရားဟော်တရားတော်တွေကိုသတိရမိတော့ ငုဝါပင့်သက်ရှိုက်လိုက်မိ၏။ ပြီးတော့..ပိုက်ဆံမရှိတာက ရှာလို့ရသေးသည်။မိသားစုတွေမရှိအတူရှိအတူ ဘဝကိုရင်ဆိုင်လို့ရသေးတာဘဲ။ မမတို့အဖြစ်က သုံးမကုန်တဲ့ပစ္စည်းတွေနဲ့သူတို့မောင်အသက်ကိုပြန်ဝယ်လို့ရရိုးလား။ထာဝရမဆုံနိုင်တော့မဲ့လမ်းကို လျှောက်သွားတဲ့မမမောင်လေးအတွက် မမတို့ရင်ထဲကအပူကသောကမီးတောက်ပင်။ သြော်...ဘဝ...ဘဝ။
"ရော့!....အဲဒီကားနံပါတ်ကိုရအောင်စုံစမ်းပေး"
"ရှင်!...."
ငုဝါအတွေးလွန်နေချိန် မမကစာရွက်လွတ်တစ်ခုပေါ်မှာကားနံပါတ်တစ်ခုကိုချရေးပြီးနေပြီ။ ငုဝါရှေ့ကမ်းပေးလာသည့်စာရွက်ကိုလှမ်းယူလိုက်စဥ်၊
"ကိုထူးကိုတစ်ပတ်အတွင်းရအောင်စုံစမ်းပေးလို့..အဲဒီကားပိုင်ရှင်ရဲ့ biography ပါမမသိချင်တယ်"
"ဟုတ်ကဲ့ မမ"
"ငုဝါကိုမမစစ်ခိုင်းထားတဲ့ဖိုင်တွေစစ်ပြီးပြီလား"
"ဟုတ်ကဲ့မမ...အားလုံးပြီးပါပြီ"
"အင်း....ခဏနေရင် meetingစမယ်"
"ဟုတ်ကဲ့မမ "
"အင်း...မင်းသွားလို့ရပြီ"
ခေါင်းငုံ့ထွက်ခွာသွားသည့် ငုဝါကိုမျက်စိတစ်ဆုံးလိုက်ကြည့်ရင်း နေကောင်းကင် မျက်လုံးတွေစူးရဲသွားရသည်။ခံပြင်းနာကျင်စိတ်တွေက သူမတစ်ကိုယ်လုံးကိုနှိပ်စက်လို့နေသည်။ လက်ထဲက ဖိုင်ကိုအသာပိတ်ရင်း အောက်နှုတ်ခမ်းကိုသွားဖြင့်ခပ်ထက်ထက်လေးကိုက်ပစ်လိုက်ကာ၊
"လူယုတ်မာ....ငါ နာကျင်ရသလိုမင်းလည်းတန်ပြန်ခံစားစေရမယ်"
မိန်းမလိုမိန်းမလျှာနဲ့နှုတ်သီးခေါင်းလျှာပါးပြန်ပြောတဲ့ စကားလုံးတွေ၊ လူကိုမထိတထိကြည့်လာတဲ့ရိသဲ့သဲ့မျက်လုံးတွေ၊ စက်ဆုပ်ရွံ့ရှာစရာအကောင်းဆုံးအပြုအမူ..အားလုံးက မကောင်းတဲ့ကာရိုက်တာတွေချည်းပင်။ လူပုံကမိုက်တိမိုက်ကန်းနှင့်...။ ဆံပင်တွေတမင်အရှည်ထားကာ မျက်နှာပေါ်ဖရိုဖရဲပြန်ကျလျက် ဂျစ်တစ်တစ်မျက်လုံးတွေက ရွံ့စရာကောင်းနေသည်။ သူမရိုက်ချလိုက်တော့ ဆံပင်တွေဖွာလန်သွားချိန် နားကစိန်နားကပ်ကလက်ခနဲပေါ်လာ၏။
လက်တွေမှာစတီးကွင်းတွေကိုရှုပ်ယှက်ခတ်အောင်ဝတ်လျက် လက်မောင်းတစ်လျှောက်လုံးတက်တူးတွေနှင့်ပြည့်နေကာ ပါးရိုက်လိုက်လို့ သူမကိုပြန်ကြည့်လာသည့်မျက်လုံးတွေကမျက်လုံးထောင့်တွေရဲကာ စောင်းငမ်းငမ်းမိုက်ကန်းကန်း။ လမ်းသရဲဆန်ဆန်ကာရိုက်ဆိုးနဲ့ထိုကောင်လေးရဲ့အမူအကျင့်တွေကလည်းအောက်တန်းစားဆန်လွန်းသည်။
လူယုတ်မာ....လူရမ်းကား...။ နှုတ်ခမ်းသားလေးကိုဖိကိုက်ရင်း စိတ်ထဲကနေ မကြေနိုင်မချမ်းနိုင်ရေရွတ်နေမိသည်။ တန်ရာတန်ရာတဲ့...တောက်..။ပြန်တွေးလိုက်တိုင်း အသားတွေပဲ့ကြွေမတတ်ခံပြင်းနာကျင်နေရသည်။ အိပ်မက်ဆိုးမက်ပြီး နတ်ဆိုးရမ်းကားတယ်လို့သတ်မှတ်ကာ အိမ်ပြန်ရောက်ရင်နံသာရည်နဲ့ခေါင်းဆေးလိုက်မယ်...။ဒါပေမယ့်...ဒီနေ့လုပ်ရပ်အတွက်တော့ တစ်နေ့နေ့မှာ မင်းပြန်ပေးဆပ်ရလိမ့်မယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တိတ်ဆိတ်ခြောက်ကပ်နေသည့်ပတ်ဝန်းကျင်ကိုဝေ့ဝဲကြည့်ရင်း သူ့စိတ်ထဲတမျိုးကြီးဖြစ်နေသည်။ သက်ရင့်ပင်တွေနှင့်ရာသီပင်တွေပြည့်နှက်နေသည့် ခြံကြီးကဧကများစွာကျယ်ဝန်းပြီးအုံ့မှိုင်းနေသည်။ ရွာလမ်းမရဲ့ဘေးပေမယ့် လမ်းကနေ အတော်ဝင်လာမှ သူ့အိမ်ကိုရောက်နိုင်၏။ တစ်ထပ်တိုက်လေးက ခေါင်တိုက်လေးဆောက်ထားတာမို့နေချင်စဖွယ်။ မိုးဖိုဆောင်ရဲ့ဘေးကပ်လျက်အဆောင်ထပ်ဆွဲထားသဖြင့် တစ်ထပ်တိုက်ပေမယ့်အတော်ကျယ်ဝန်းသည်။ ထိုအဆောင်တွဲဘေးတွင်သုံးရေကန်ကို စနစ်တကျလုပ်ထားသေးသည်။ ပိတောက်ပင်ကြီး၏ပင်စည်တွင်သစ်သားဖြင့်ထိုင်စရာလေးလုပ်ထားပြီး ထိုဘေးတွင်ဝါးကုလားထိုင်တွေကိုစားပွဲဝိုင်းလေးလုပ်ထားတာမို့ နေကျင့်စဖွယ်ပါ။
အိမ်ခေါင်းရင်းဘက်တွင်ပန်းခင်းကြီးကဟိုးအနောက်ဘက်အထိတမျှော်တခေါ်။အရောင်အသွေးစုံသည့်ပန်းများပွင့်နေသည်က ပန်းချီကားတစ်ချပ်စဖွယ်။ခြေရင်းဘက်တွင် ရာသီပင်တွေစိုက်ပျိုးခါးပြီး ထိုအပင်တွေအဆုံးမှာငှက်ပျော်ခြံကြီးက ညို့ညို့မှိုင်းမှိုင်း။ သမ္ဘာရင့်ဆိုတဲ့သူက စိုက်ပျိုးရေးကိုအလွန်ဝါသနာထုံသတဲ့။ ကိုယ့်အတိတ်ကိုပြန်သတိမရပေမယ့်..ဆေးရုံဆင်းလာထဲက ဒီအိမ်လေးမှာနေရတာအေးချမ်းလုံခြုံနေသလိုခံစားရသည်။ သူ့အစ်မဝမ်းကွဲတဲ့...မမနွယ်ဝေကသူ့ခြံထဲမှာဘဲတစ်အိမ်သီးသန့်နှင့်နေသူ။သူ့မိဘတွေဆုံးသွားပြီးထဲက မမနွယ်ကသူ့ကိုစောင့်ရှောက်လာတာ ပြီးခဲ့တဲ့လေးနှစ်လောက်ကမှ အိမ်ထောင်ကျသွားခဲ့တာတဲ့။ သူ့ကိုယ်သူ စိတ်တိုင်းမကျဖြစ်လို့နေသည်။ ဘာကြောင့်လဲဆိုတဲ့ အတွေးတွေနဲ့ ငါဘာလို့အတိတ်မေ့နေရတာလဲဟု အကြိမ်ကြိမ်စဥ်းစားနေမိ၏။
မနေ့ကမှဆေးရုံကဆင်းခဲ့ရတာ။ အရင်ကအကြောင်းတွေကို မမှတ်မိတာကလွဲပြီး..အားလုံးနဲ့ရင်းနှီးကျွမ်းဝင်နေပါပြီ။ သမ္ဘာရင့်ဆိုတဲ့သူ့မှာ ဆွေမျိုးများများစားစားမရှိ..။ သူ့အစ်မတစ်ဝမ်းကွဲနွယ်ဝေနဲ့အစ်မယောကျ်ားကိုမိုးမြင့်၊ သူငယ်ချင်းတွေဖြစ်ကြတဲ့ မျိုးကျော်ထွန်းနဲ့ကျော်မြင့်သူ၊ပြီးတော့ ဝက်ရှော့ခ်မှာအလုပ်လုပ်တဲ့ကိုတေကြီး အားလုံးပေါင်းငါးယောက်သာရင်းရင်းနှီးနှီးသိသေးသည်။ ရွာထဲကတချို့လူတွေ ဆေးရုံမှာသတင်းလာမေးလို့မျက်မှန်းတန်းမိပေမယ့် မရင်းနှီးသေးပါ။ ညကတစ်ညလုံးအိပ်မပျော်..ဟိုလူးသည်လှိမ့်ဖြင့် သူ့အကြောင်းတွေကိုစဥ်းစားနေမိသည်။ လင်းကြက်သာတွန်တယ်...အတိတ်ရဲ့တစွန်းတစကိုရှာဖွေလို့မရခဲ့။ ဟင်း.....။ပင့်သက်ရှိုက်လိုက်ရင်း ဝါးကုလားထိုင်လေးပေါ်ကနေထရပ်လိုက်သည်။
တစ်ညလုံးမအိပ်ထားတဲ့လူကမဟန်နိုင်ဘဲ ယိုင်နဲသွားတာမို့ ကုလားထိုင်လက်ရန်းကိုလှမ်းဆွဲလိုက်ရသည်။ ကျစ်!...။လူမမာနဲ့တူနေသည့်သူ့ကိုယ်သူလည်းစိတ်တိုသည်။ စိတ်သွားတိုင်းကိုယ်မပါနိုင်သလို သူဘယ်သူဘယ်ဝါဆိုတာကိုသူများပြန်ပြောမှသိရတဲ့ဘဝကြီးကိုလည်းမုန်းတီးနေပြီ။ ဖြစ်နိုင်ရင် အတိတ်ကိုအမြန်ဆုံးပြန်လိုချင်ပြီ။
"ကတီ....ကျီ...ကျီ......"
"ဖြူး....ရှပ်....ရှဲ...ရှဲ...."
နံနက်မိုးသောက်ချိန်မို့ အရှေ့ဘက်ကောင်းကင်မှာရောင်နီပျိုးကာ ပုစွန်ဆီရောင်သန်းနေသည့်မြင်ကွင်းကိုငေးမောကြည့်နေစဥ်..အိပ်တန်းဆင်းသည့်ငှက်ကလေးများရဲ့အော်မြည်သံက နံနက်ခင်း၏ဂီတသဖွယ်ငြိမ့်ညောင်းသာယာလို့နေသည်။ ပိတောက်ပင်ထက်က ခုန်ဆွခုန်ဆွပြေးလွှားနေသည့်ငှက်ငယ်လေးတွေကိုမော့အငေး...ဟိုးအဝေးငှက်ပျော်တောကိုဖြတ်သန်းတိုက်ခတ်လာသည့်လေပြည်လေအေးလေးက သူ့မျက်နှာကိုတိုးတိုက်ကြည်စယ်သွား၏။ အေးမြသည့်လေ၏အထိအတွေ့ကြောင့် စိတ်တွေလန်းဆန်းလာကာ လူတစ်ကိုယ်လုံးအားအင်သစ်တွေတိုးသွားသလိုခံစားရ၏။
မွှေးပျံ့နေသည့်ပန်းရနံ့များကြောင့်ခြေလှမ်းများက ပန်းခင်းကြီးဆီအလိုလိုရွေ့လျားသွားရသည်။ အတန်းလိုက်၊အခင်းလိုက် အရည်အသွေးစုံသည့်ပန်းပေါင်းစုံကိုအဝေးကငေးကြည့်ရင်း ရင်ထဲကြည်နူးမိသလိုလို။အရှေ့အရပ်ဆီမှ နေမင်းကြီးက ထွက်ပေါ်စပြုလာပြီမို့ အလင်းရောင်တွေဖြန့်ကျက်လို့နေပြီ။နံနက်ခင်းရဲ့အလှကို ခုမှခံစားမိကာ သူ့စိတ်တွေညံ့သက်လို့လာသည်။လေအသုန်ဝယ် ပန်းခင်းကြီးတစ်ခုလုံးယိမ်းနွဲ့လှုပ်ရှားလျက်ပန်းရနံများက သူ့ဆီပျံ့လွင့်လာ၏။
အလှတရား၏ဆွဲဆောင်မှုကျော့ကွင်းဝယ်သက်ဆင်းရင်း ပန်းခင်းဆီတရွေ့ရွေ့တိုးသွားနေမိသည်။ တဖြည်းဖြည်းအရောင်အသွေးစုံသည့်ပန်းခင်းထဲရောက်သွားရကာ ပန်းပင်များကိုလက်ဖြင့်တိုးတိုက်လျက် ရွေ့လျားနေမိစဥ်...ကြည်နူးချမ်းမြေ့သွားသည့်ခံစားချက်က အတိုင်းအဆမရှိ။ ပွင့်အာစ၊အဖူးအငုံ၊အပွင့်စသည်ဖြင့်အရွယ်စုံပန်းလေးတွေရဲ့အထိအတွေ့ကိုလက်ကနေတဆင့်ခံစားရင်း ပန်းခင်းအလယ်ရောက်မှန်းမသိရောက်သွားရသည်။ထိုစဥ်...သူ့ရှေ့တည့်တည့်ဆီမှ ပန်းကိုင်းတွေလှုပ်ရှားနေသည့်မြင်ကွင်းကြောင့် ခြေလှမ်းများကနေရာတွင်ကျောက်ချသွားရ၏။သူကြည့်နေစဥ်မှာပင် ဆံပင်တစ်ခြမ်းအုပ်နေသည့်ဖောင်းပြည့်ပြည့်မျက်နှာလေးတစ်ခုက ပန်းခင်းပေါ်ကနေကျော်ပြီးဖွားခနဲထွက်ပေါ်လို့လာသည်။ လက်ထဲမှာလည်း ပန်းတွေတပွေ့တပိုက်နှင့်...ထိုမိန်းမပျိုကပန်းကိုင်းတွေဆက်ပြီးချိုးဟန်ပြင်နေတာမို့ သူအလျင်အမြန်တားဆီးလိုက်သည်။
"ဟေ့!.....ပန်းသူခိုး.."
ပြူးကျယ်ဝိုင်းစက်သွားသည့်မျက်လုံးလေးတွေက သူ့ဆီရွေ့လာကာ လက်ထဲကပန်းတွေကိုတလှည့် သူမဆီပြေးလာနေသည့် သူ့ကိုတလှည့်ကြည့်နေပြီးမှ ချိုးလက်စပန်းကိုင်းလေးကိုပစ်ချလျက် လှစ်ခနဲပြေးထွက်သွားတော့သည်။ ကျောလည်သာသာဆံပင်လေးတွေဝဲခါလျက် လှပ်လှပ်ပါအောင်ပြေးထွက်သွားသည့် ထိုပန်းသူခိုးမလေးနောက် မရည်ရွယ် ပြေးလိုက်နေမိရင်း ပါးစပ်ကလည်းအော်နေမိသည်။
"ဟေ့!...ပန်းသူခိုး...မင်းရပ်နေစမ်း...ဟေ့..မပြေးနဲ့"
မပြေးနဲ့ဆိုမှ...သူ့ကိုလှည့်ကြည့်လှည့်ကြည့်ဖြင့်တအားစွတ်ပြေးနေသည်။စိုးရိမ်ထိတ်လန့်နေသည့် မျက်လုံးလေးက ယုန်သငယ်လေးလိုပြူးဝိုင်းနေလျက်..လှပ်လှပ်ပါအောင်ပြေးလွှားနေသဖြင့် ဆံပင်တွေကလေထဲမှာမျောချင်တိုင်းလွင့်မျောနေသည်။
"မပြေးနဲ့....ရပ်နေစမ်း.."
အော်ဟစ်အမိန့်ပေးလေ..သူမမျက်လုံးလေးတွေကပိုပြီးထိတ်လန့်နေလျက်..။မှီလုမှီခင်ဖြစ်နေတော့..သူမပုခုံးလေးကိုလှမ်းအဆွဲ၊
"ပန်းသူခိုးမ....."
"အမေ့!......."
"ဟာ!......."
နှစ်ယောက်လုံးဟန်ချက်ပျက်လျက်..ပန်းခင်းအလယ်ရှိမြက်ပင်တွေထဲ အသားလွတ်ပစ်ကျသွားတော့သည်။
အပိုင်း(၆)ဆက်ရန်👈👈👈
စာဖတ်သူများအတွက်
ထာဝရ
#ဖက်ဖူးစိမ်း