🌺ပန်းမွေ့ရာ....ရွှေကော်ဇော🌺
"ဟေး....ဟေး..."
"သမ္ဘာ...မင်း ဘယ်ရောက်နေသလဲ၊ ပုန်းမနေနဲ့နော် ထွက်ခဲ့.."
"ဟုတ်တယ်...ဟုတ်တယ် ထွက်မလာရင် ငါတို့အကြောင်းသိတယ်နော်"
"အေးနော်...မင်းတို့ထွက်မလာရင် ဒီညကောင်းကောင်းအိပ်ရမယ် မထင်နဲ့"
"ဟေး....သမ္ဘာ..."
အသံတွေ စီခနဲထွက်လာ၏။ ပြောနေတာကိုက တစ်ယောက်တစ်ပေါက်နှင့် အိမ်ရှေ့မှာ "လက်ပံပင် ဇရက်ကျ"နေသည့် အတိုင်း။
ခေါင်းရင်းခန်းမှာ ထိုင်စကားပြောနေကြသည့် လူကြီးတွေအားလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားကာ အသံလာရာ အိမ်ရှေ့ဆီ ခေါင်းထောင်ကြည့်ကုန်ကြ၏။
"သမ္ဘာရင့်....မင်းအလှည့်ကျ ဒီလိုလားကွ...ဟေ၊ သူများတွေကျတော့ ထိပ်ဆုံးက ကဲတဲ့ကောင်၊ကိုယ့်ကျမှ..အသာလေးနှပ်နေလို့ရရိုးလား"
"ခဲဖိုးမှ မရရင် ဒီညလုံးဝ မပြန်ဘူးဟေ့..."
"ဝေး....ဟေး...ဟေး..."
သံပြိုင်အော်သံတွေ ညံစီသွားပြန်၏။သမ္ဘာ ဘယ်လိုမှ မနေသာတော့ပါ။ ရပ်ရွာထဲက လူကြီးလေးငါးယောက်၊ငါးလေး၏မိခင်တွေ၊ပြီးတော့ ရွှေတမံ၏မိဘတွေ ...ဒါတွေကို သူ အားနာသည်။ မမနွယ်တို့ ကိုကြီးမိုးမြင့်တို့ဆိုတာက အကြောင်းမဟုတ်ပါ။ ဧည့်သည်တွေရှေ့မှာ မဖွယ်မရာတွေ အော်နေမှ ခက်မည်။
"ရွာမှာဆိုတော့ ကာလသားတွေက ဒီလိုပဲ၊ ဒီက ဧည့်သည်တွေကို အနှောက်အယှက်ပေးသလိုဖြစ်နေပြီဗျာ.."
"ကျွန်တော်တို့ကို အားနာစရာမလိုပါဘူး၊ လူငယ်တွေ ပျော်ကြပါးကြပါစေ၊ ကိစ္စမရှိပါဘူး"
သူ အိမ်ရှေ့ကို ထထွက်လာတော့ ဦးနေသစ်နှင့် ရွာထဲကဥက္ကဋ္ဌ၏အသံက နောက်ကနေ ကပ်ပါလာသည်။ဘာတွေပြောနေကြတယ်ဆိုတာ ခုချိန်မှာ အရေးမကြီးပါ။ အိမ်ရှေ့က ပြဿနာကို အရင်ဆုံးရှင်းရတော့မည်။
"လာပါပြီ...လာပါပြီ သတို့သားအသစ်စက်စက်ကြီး"
"ငါတို့သတို့သားကြီးက ဘယ်ချောင်မှာ သွားခွေနေသလဲမှ မသိတာ...ဟဲ...ဟဲ.."
ရယ်သံတွေက တသောသော၊ မျက်နှာတွေက မချိုမချဥ်နှင့်...။အိမ်ရှေ့ကွပ်ပြစ်မှာရပ်နေကြတာ ဆယ်လေးငါးယောက်လောက်ရှိ၏။အားလုံး ရွာထဲက ကာလသားတွေချည်းပင်။
"ဒီလိုညမျိုးမှာ ကိုယ်ရောင်ဖျောက်နေလို့ရမလား သတို့သားလောင်းကြီးရဲ့.."
"သတို့သမီးလေးနဲ့နှစ်ပါးကြည်နေတာလား...စောပါသေးတယ်ကွာ ဟား...ဟား..."
"ရှူး....ဟေ့ကောင်တွေ တိုးတိုး..."
မူးမူးလေးနှင့် စွတ်အော်နေသည့် ကိုတေကြီးပါးစပ်ကို ပြေးပိတ်ကာ သူ အသည်းအသန်တားဆီးလိုက်သည်။
"ဘာတိုးတိုးလဲ...သမ္ဘာ...မင်းရဲ့မဂ်လာညအတွက် ငါတို့က ပျော်ပေးနေတာ၊ ဘာလဲ.. မင်းအလှည့်ကျမှ ဘွာခတ်ချင်နေတာလား"
အိမ်ပေါ်မှာ လူကြီးတွေစကားပြောနေတာကိုလည်း သိပုံမပေါ်။ သူတို့ပြောချင်တာချည်း စွတ်ပြောနေ၏။
"မဟုတ်ပါဘူး...ဟိုမှာ လူကြီးတွေနဲ့ အဲဒါကြောင့်ပါဗျာ၊ ခင်ဗျားတို့ ဘာလိုချင်တာလဲ...ပြော ကျွန်တော်ပေးမယ်"
"ဘာ..ခုမှ မင်းက မသိခြင်ထောင် ထောင်နေတာလဲ၊ ဒါမျိုးမရဘူးဟေ့..."
အားလုံးက ခပ်ထွေထွေတွေချည်းဖြစ်ကာ ကျော်မြင့်က ပခုံးလာဖက်၍...
"သူငယ်ချင်း...မင်းရဲ့လူပျိုညအတွက် ငါတို့ ခဲဖိုးလာတောင်းတာ၊ နည်းနည်းတော့ မဖြစ်ဘူးနော်၊ ငါတို့က မင်းအတွက်ဂုဏ်ပြုချင်လို့"
"ကျစ်...ဇယားတွေရှုပ်ပြီ.."
သမ္ဘာ ဆံပင်တွေဆွဲဖွ၍ စိတ်ညစ်ညူးစွာ စုပ်သပ်လိုက်မိသည်။အချိန်က ခုနစ်နာရီကျော်..။ အပြင်မှာ မှောင်ရိပ်ကြီးစိုးနေသော်လည်း ရေချိုးကန်မှာ ထွန်းထားသည့် မီးချောင်းနှင့်အိမ်ထဲ၌ထွန်းထားသော မီးအလင်းတွေကြောင့် အိမ်ရှေ့မှာ လင်းထိန်နေသည်။
"လာပါကွာ...ဒီည ငါတို့အောင်ပွဲခံရအောင်"
မျိုးကျော်ကပါ လွတ်နေသည့် ပခုံးတစ်ဖက်ကို လာတွဲခေါ်၏။
"သွားစမ်းပါကွာ..."
"ဟ...ဘယ်ရမလဲ၊ ဒီပွဲက မင်းပွဲ၊ မင်းက အဓိက...လာစမ်းပါကွာ မင်းရဲ့နောက်ဆုံး လူပျိုညအမှတ်တရပေါ့.."
"မလုပ်နဲ့...ဟိုမှာလူကြီးတွေရှိတယ်"
ပခုံးနှစ်ဖက်မှာ ဖက်ထားသည့် လက်တွေကို ရုန်းပစ်လိုက်ရင်း သမ္ဘာ အိမ်ထဲကို မသိမသာမျက်စပစ်ပြလိုက်သည်။
"လူကြီးတွေလည်း ဒီလောက်တော့ နားလည်ပါတယ်ကွာ၊ လာစမ်းပါ.."
ဒါတောင် မျိုးကျော်တို့အုပ်စုက အိမ်ထဲကိုပြူးပြဲကြည့်၍ စွတ်ခေါ်နေဆဲပင်။
"မိန်းမချောချောလှလှလေးရတယ်ဆိုပြီး ခုထဲက သွေးကြီးနေတာလား၊ မရဘူးဟေ့..ခဲဖိုးလည်းပေးရမယ်၊ ဒီည လိုက်လည်းပြုစုရမယ်၊ဒါပဲ.."
"မဖြစ်ဘူးကွ...ငွေငါးမိဘတွေပါရှိနေတယ်၊ မင်းတို့လိုချင်တဲ့ ခဲဖိုးပေးမယ်ကွာ"
မဂ်လာပွဲက ဒီမနက်ပဲ ကျင်းပပြီးစီးသည်။ဦးနေသစ်တို့လို စီးပွားရေးလုပ်ငန်းရှင် သူဌေးကြီးတွေအတွက် ဒီမဂ်လာပွဲက ကလေးကလား ရယ်စရာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ရွာမှာတော့ အစည်ကားဆုံးနှင့် လူပြောအများဆုံး မဂ်လာပွဲတစ်ခုဖြစ်ခဲ့၏။သူတို့ရွာတွင်မကဘဲ အရပ်လေးမျက်နှာ ရွာတွေအားလုံးပါ မီးခိုးတိတ်လျက် ဒိပ်ဒိပ်ကြဲဖြစ်ခဲ့သည်။
တရုန်းရုန်းနှင့်စည်ကားနေသည့် လူတွေက မိုးချုပ်မှဆဲသွား၏။ဒီထဲမှာမျိုးကျော်တို့အုပ်စုက မပြန်သေးဘဲ အုပ်စုဖွဲ့ပြီးညစ်နေကြတာ..။
"ရမလား...သူငယ်ချင်းအချင်းချင်းဒီလို ခွဲခြားခွဲခြားလုပ်လို့၊ ဟေ့ကောင်...ဒီညမှ ငါတို့နဲ့အတူတူမလိုက်ရင် ဘယ်တော့မှ မကျေဘူးကွ၊ တော်တော်ပြောရခက်တဲ့ကောင်ပဲကွ...မင်း.."
"အေးလေ...ဘော်ဒါ အကန့်မရှိတဲ့ကောင်၊ သတို့သားမပါဘဲ ငါတို့က ဘယ်လိုလုပ်ပျော်မှာလဲကွ"
"သတို့သမီးကို စိတ်မချလို့လား၊ ဒီမှာ...မင်းပစ္စည်းကို ဘယ်သူမှ အလစ်မသုတ် ဟေ့ကောင်"
"မင်းတို့ဘယ်လိုဖြစ်နေကြတာလဲကွာ..ပြောလို့ဆိုလို့ကို မရပါလား"
"ဘာမှပြောမနေနဲ့တော့...လာ"
လက်ကို အတင်းဝင်ဆွဲသူက ဆွဲ၊ခါးကိုဖက်သူကဖက်၊ ပခုံးဖက်သူဖက်နှင့် ဆွဲလွဲခေါ်နေသဖြင့် လူက တရွတ်တိုက်ကာ ရှေ့သို့ခြေနှစ်လှမ်းလောက် ဒီအတိုင်းပါသွား၏။
"ဖယ်စမ်းကွာ...မင်းတို့နဲ့လိုက်မယ်၊ လွှတ်.."
ဒီကောင်တွေကို ငြင်းလို့ရမှာမဟုတ်တော့မှန်း သိလိုက်သဖြင့် သူ လိုက်လျောလိုက်သည်။ ဒီတော့မှ လွတ်မြောက်ခွင့်ရတော့၏။
ဝိုင်းဆွဲကြ၍ ဖရိုဖရဲဖြစ်သွားသည့် ရှပ်အကျီကို ဆွဲချရင်း တံတောင်ဆစ်အထိဆွဲတင်လိုက်ကာ၊
"မင်းတို့နဲ့လိုက်မယ်..ကဲ..ကျေနပ်ပြီလား"
"ဝေး...ဟေး...ဒါမှ ငါတို့သတို့သားလောင်းကြီးကွ.."
ဝမ်းသာအားရ သံပြိုင်အော်လိုက်သံကြောင့် သမ္ဘာ့ နှုတ်ခမ်းတွင် အလိုလိုပြုံးရိပ်ဆင်သွား၏။
ငွေငါးကို အသိမပေးရသေးတာ သတိရလိုက်သဖြင့် သူ အိမ်ဘက်ခြေဦးလှည့်လျှင်..၊
"ဟေ့ကောင်...ဒါကဘယ်လဲ.."
သူ့ခြေလှမ်းတွေကို မြင်သွားသည့် ကျော်မြင့်က သူ ရှောင်ပြေးသွားမည်ဟု ထင်သွားကာ ပခုံးဆွဲ တားနေသည်။
"ခဏ...ငါ ခုပြန်လာမယ်.."
"ဘာလုပ်ဦးမလို့လဲ.."
"အေးနော်...ပြန်မလာလို့ကတော့ ငါတို့က တစ်ညလုံး ထိုင်အော်နေမှာ၊ မင်းတို့ ကောင်းကောင်းအိပ်ရမယ် မထင်နဲ့"
"သိတယ်...သိလို့လည်း မင်းတို့နဲ့လိုက်ခဲ့မှာ.."
"ဒါဆို ပြီးပြီလေ...သွားစို့"
"လိုက်ခဲ့မယ်ဆိုမှကွာ...ဘယ်လိုဖြစ်နေတာလဲ"
တားဆီးနေသည့် သူငယ်ချင်းတွေကို ထားကာ အိမ်ထဲ လှည့်ဝင်ခဲ့သည်။
"ဘာမှမဟုတ်ဘူး...ဒီကောင် သတို့သမီးမျက်နှာပြေးကြည့်တာနေမှာ၊ ဟား..ဟား... ခုတော့လည်း သမ္ဘာရင့်ဆိုတဲ့ကောင် ရိုကျိုးနေပါလားကွ"
"ခုထဲက ပြာနေပြီ... ပြာနေပြီ.."
"ငါတို့ကောင်ကြီး..ခုတော့လည်း ချစ်တတ်နေပြီပေါ့..."
တဟားဟားရယ်သံတွေကြောင့် ဧည့်ခန်းထဲလူကြီးတွေကို အားနာစွာ တစ်ချက်ကြည့်ရင်းသူ အခန်းထဲ ဝင်ခဲ့သည်။
မလိုက်ရင် ဒီကောင်တွေ တစ်ညလုံးရစ်နေတော့မှာ...။
စောစောက ဧည့်ခန်းထဲ တစ်ချက်ဝေ့ကြည့်တော့ ငွေငါးကဒေါ်နဒီရွှေဘေးမှာ ထိုင်နေရင်း သူ့ကို တစ်ချက်မော့ကြည့်တာကို မြင်လိုက်၏။
သူမ အခန်းထဲ လိုက်ဝင်မလာရင် အပြင်ထွက်ရင်းနဲ့မှ မှာခဲ့တော့မည်ဟု တွေးနေစဥ် နောက်ဘက်မှ တံခါးဖွင့်သံ ခပ်တိုးတိုးကြားရသည်။ ပိုက်ဆံအိတ်ကို စစ်ကြည့်ပြီး ခါးကြားညှပ်ကာ သူ လှည့်ကြည့်လိုက်တော့ ငွေငါးက သူ့နောက်မှာ ရပ်လျက်..။
"ငွေငါး.."
အနည်းငယ်ပြန်ရှည်နေပြီဖြစ်သော ဆံပင်တွေကို လက်နှစ်ဖက်ဖြင့် သပ်ရင်း တိုးတိုးဖွဖွခေါ်မိ၏။ငွေငါးက မျက်လုံးလေးဖြင့် ထူးကာ...၊
"သူတို့နဲ့လိုက်သွားမလို့လား.."
"အင်း...မင်းနားချင်နားတော့လေ၊ ပင်ပန်းနေမှာပေါ့"
ရေမိုးချိုးထားပေမယ့် နွမ်းဖတ်ဖတ်ဖြစ်နေသည့် မျက်နှာလေးကိုကြည့်ကာ ဂရုဏာဖြင့်ပြောမိသည်။
ဆံပင်ရှည်တို့ကို နောက်မှာ မျှော့ကွင်းလေးဖြင့်အပြောင်သိမ်းကာ ရိုးရိုးလေးစည်းချထားသည်။ ထိုအခါ..နဖူးစပ်ရှိဆံစလေးများက စိမ်းမြလျက် မီးရောင်ဖွေးဖွေးအောက်တွင် မျက်နှာလေးက ရင်ခုန်လှိုက်မောဖွယ်..။
ပန်းရောင်ဖျော့ဖျော့တင်ထားသည့် နှုတ်ခမ်းပြည့်ပြည့်စူစူလေးကို သူ စေ့စေ့မကြည့်ရဲပါ။ပြည့်တင်းနေသည့် ခန္ဓာကိုယ်လေးက ပုစွန်စီရောင် ဂါဝန်လက်ပြတ်လေးကို နောက်ကနေ ခါးစည်းကြိုးတင်းတင်းလေးချည်ထားသဖြင့် အမို့အမောက်အရှိုက်အဝန်းများက သူ့နေရာနှင့်သူ ထင်းရှင်းနေသည်။ ပေါ်နေသည့် လည်တိုင်ဖွေးဖွေးလေးတွေ ပခုံးလုံးဝန်းဝန်းလေးတွေကို အကြည့်ရောက်တော့ သူမက ပြတင်းပေါက်နားကို တိုးရွှေ့သွား၏။
သူ့အကြည့်တွေကြောင့် သူမလေး ရှက်သွားတာကို သိလိုက်တော့ သမ္ဘာ နှုတ်ခမ်းစေ့လျက်ပြုံးမိသွားသည်။
တစ်ဆက်တည်းမှာ သူမဟာ ကိုယ့်ဇနီးဖြစ်နေပါပြီလားဆိုသည့်အသိနှင့် ရင်မှာ တသိမ့်သိမ့်နွေးထွေးကာ လှိုက်ဖိုခြင်းသည် ဘယ်လိုခံစားချက်နှင့်မှမတူ။
"ငွေငါး..."
သူမ လှည့်ကြည့်မလားလို့စောင့်ပေမယ့် အနည်းငယ်ခေါင်းလေးစောင်းကြည့်ခြင်းဖြင့် သူ ကျေနပ်လိုက်ရသည်။
"မင်းကို ငွေငါးလို့လဲခေါ်မယ်၊ ဒါဟာ...မင်းနဲ့ငါရဲ့သီးသန့်သတ်မှတ်ချက်တစ်ခုပေါ့၊ ကိုယ် ဒီလိုလုပ်တာ မင်းဘက်က ကျေနပ်ရဲ့လား"
ကိုယ့်သဘောနဲ့ကိုယ် လုပ်ခဲ့ပြီးမှ ဘာလို့လာမေးနေသေးလဲ။
ရေး စိတ်ထဲမေးခွန်းထုတ်လိုက်ပေမယ့် အပြင်မှာတော့..၊
"ကျေနပ်ပါတယ်ဆိုတာထက် ရေး မပြောတတ်ဘူး၊ ရေး အလိုတိုင်းလုပ်ခဲ့တာပဲဟာ"
သမ္ဘာ့စိတ်ထဲ အောင့်သက်သက်ဖြစ်သွား၏။သို့သော်..တတ်နိုင်သမျှပြုံးထားလိုက်မိသည်။ဒီလိုတွေရှိနေမှာပါလို့ သူမဘက်က ရဲရဲဖွင့်ပြောခဲ့တာကို သူနားလည်လက်ခံထားခဲ့ပြီးပြီ။
"အပြင်မလိုက်တော့ဘူးလား၊ အခန်းထဲမှာပဲ နေတော့မလား"
"အင်း...လူကြီးတွေစကားပြောနေပါစေ"
အပြင်သွားမယ်ဆိုပြီး ခြေလှမ်းတွေက မရွေ့ဖြစ်သေးဘဲ ဖြစ်နေသည်။
"မင်း သက်သာသက်သာနားနေပါ၊ ကိုယ် ခဏလိုက်သွားလိုက်ဦးမယ်"
"နောက်မကျနဲ့နော်..စောစောပြန်ခဲ့"
သွက်သွက်လက်လက်ပြောပြီးမှ သူပြုံးလိုက်တာကိုမြင်တော့ ရေး ရှက်သွားရသည်။ပြီးတော့...အဲဒီပြုံးနေတဲ့နှုတ်ခမ်းတွေကို တမ်းတစွာငေးကြည့်မိသွား၏။
နှုတ်ခမ်းတွေမဖွင့်ပဲ ပြုံးနေတာ တတနှင့်တစ်ထေရာတည်း..။
"ဟာ.."
ဘာမပြောညာမပြောနှင့် ခါးကိုပြေးဖက်လိုက်သည့် သူမ၏ အပြုအမူကြောင့် သမ္ဘာ ခဏတော့ကြောင်သွား၏။နောက်တော့ ရင်ထဲမှာ ကြည်နူးသွားပြီး သူမ ခါးလေးကို သိမ်းဖက်ပစ်လိုက်ကာ ဆံပင်တွေကို တိုးတိုက်နမ်းရင်း၊
"မင်းရဲ့ အဲဒီလိုပုံစံလေးကို ကိုယ်ချစ်တယ်"
နဖူးပြင်လေးကို သူ ငုံ့နမ်းလိုက်၏။ ရေး ခုမှ သူမအဖြစ်ကို သတိရပြီး မျက်နှာနီနီလေးဖြင့် သူ့ရင်ခွင်ထဲကနေ ရုန်းထွက်ကာ တစ်ဖက်ရွှေ့ရပ်လိုက်သည်။
မနေတတ်သလိုလေးဖြင့် ကုတ်ကလေးကို ပြန်ပွတ်နေသည့် သူမ ကိုကြည့်၍ သမ္ဘာ ချစ်စနိုးပြုံးမိပြန်၏။ ငွေငါးပုံလေးက ဘယ်အချိန်ကြည့်ကြည့် ချစ်စရာ၊မြတ်နိုးမဝစရာပါ။
"ကောင်မလေး... ကျောခိုင်းထားပါလား"
သမ္ဘာ သူမနောက်နားသွားရပ်ကာ စလိုက်သည်။
"သွားတော့လေ...ဘာလုပ်နေတာလဲ"
ရေး ဒီဘက်ကိုပြန်လှည့်ကာ စူဆောင့်ဆောင့်လေးဆိုမိ၏။
"လူကြီးတွေနဲ့စကားသွားပြောနေလေ...လာ"
လက်ဖျားလေးကို တယုတယဆွဲခေါ်တော့...၊
"ဟင်အင်း...သမ္ဘာပဲသွား၊ ရေး..ဒီမှာပဲနေမယ်"
"ဟာကွာ...မဟုတ်တာ၊ ကိုယ်သွားရင် မင်းတစ်ယောက်တည်းဖြစ်နေမှာပေါ့"
"ဟင်အင်း...မလိုက်ဘူး၊သွား..."
သူ့ကို အတင်းတွန်းလွှတ်၍ ခေါင်းငုံ့ဆိုမိလျှင်..၊
"ဘာဖြစ်လို့လဲ...ရှက်လို့လား"
သမ္ဘာက ရယ်ကျဲကျဲဖြင့်မေးသည်။
"ဘယ်လိုဖြစ်နေတာလဲ...သွားတော့လို့ဆိုနေမှ"
ရေး အသံက မူနွဲ့ကာ သူ့အပေါ်ချွဲနွဲ့သလိုဖြစ်သွား၏။
"အမေ့.."
ရေးကိုယ်လုံးလေး သူ့ရင်ခွင်ထဲသို့ပစ်စလက်ခတ်ရောက်သွား၏။
"ဟင်အင်း.."
သူဟာ တတနှင့်တူပေမယ့် တတမဟုတ်ဘူးဆိုသည့်အသိ ရုတ်တရက်ဝင်လာသဖြင့် ရေး လန့်ဖြန့်ရုန်းမိသွားသည်။
သူက လုံးဝလွှတ်မပေးဘဲ ရေးကိုယ်လေးကို ပွေ့ပိုက်ထားကာ မျက်နှာလေးကို အတင်းမော့စေသည်။
မေးဖျားလေးကို လက်ဖြင့်ဆွဲယူကာ မျက်နှာချင်းဆိုင်ကြည့်၏။
"ချစ်တဲ့စိတ်မှာ လိုက်လျောပေးဆပ်ခြင်းနဲ့ ရယူပိုင်ဆိုင်ခြင်းဆိုတဲ့တစ်ကိုယ်ကောင်းဆန်တာရှိတယ်၊ ချစ်တတ်တဲ့လူတိုင်းမှာ ဒီနှစ်ခုထဲက စိတ်တစ်ခုပဲရှိကြမှာ၊ဒါပေမယ့်...ကိုယ်ကတော့ ရေမှုတ်တစ်ဖက် မီးစတစ်ဖက်ဆိုသလို ကိုယ့်အချစ်မှာ နှစ်မျိုးစလုံးမှာရှိနေတယ် ထင်တယ်၊ကိုယ့်ရင်ထဲမှာ မင်းကအမြဲရှိနေတာပါ၊ မင်းကို ချစ်ပြီးရင်းချစ်နေချင်တယ်"
စူးရှလွန်းသော မျက်လုံးတွေကြောင့်ရော၊ ရေး မျက်နှာနားဝဲနေသည့် သူ့မျက်နှာကြောင့်ရော၊ တိုးလျသည့် သူ့အသံကြောင့်ရော၊ ရေ ပါးပြင်ပေါ်ရိုက်ခတ်နေကြသည့် ဝင်သက်ထွက်သက်နွေးနွေးကြောင့်ရော..၊ အားလုံးပေါင်းလျက် ရေး ရှက်ရွံ့စွာ ခေါင်းလေးငုံ့လိုက်မိသည်။
သူကြည့်နေမှာပဲ ဆိုသည့် အသိဖြင့် ရေး ရင်တွေ တဒိန်းဒိန်းခုန်ကာ ခြေဖျား၊လက်ဖျားတွေပါ အေးစက်၏။
သမ္ဘာ့မျက်နှာက တဖြည်းဖြည်းငုံ့ကျ၏။နီးကပ်လာသည့် နှုတ်ခမ်းရဲစိုစိုကိုမြင်တော့ ရေး ရှက်လန့်ကာ မျက်လုံးလေး မှိတ်ထားလိုက်မိသည်။
နှုတ်ခမ်းတစ်စုံ၏အထိအတွေ့သည် ရေး နဖူးလေးပေါ် နွေးနွေးလေးထိခတ်သွား၏။ ကမောက်ကမရင်ခုန်သံတို့ဖြင့် ရိုင်းစိုင်းကြမ်းရှမည်ဟု ထင်လိုက်မိသော်လည်း သူ၏ကြင်နာမြတ်နိုးသော အယုအယမှာ ရေး ရင်ထဲ အတိုင်းမသိချမ်းမြေ့သွားရသည်။
"ငွေငါး...မျက်လုံးဖွင့်ကွာ၊ ကိုယ်ပြောစရာရှိလို့"
ရေး ခါးလေးကို ခပ်တင်းတင်းဖက်လျက် ပြောလိုက်သည့် သူ့အသံက ရေး ကြားရရုံသာသာ တိုးတိုးရှရှ..။
သူ့လေသံလေးကြားရလျှင်ပင် နှလုံးသားက မြင်းကောင်းတစ်စီးဆိုင်းနေသည့်နှယ့်..။
"ဟိတ်...မျက်စိဖွင့်ဆို..."
ရေး နှာသီးဖျားလေးကို ဆွဲ၍သူက ချစ်စနိုးကြည်စယ်သည်။ မျက်လုံးလေးကို မရဲတရဲဖွင့်ကြည့်မိတော့ သူက နှစ်လိုဖွယ်ပြုံးပြ၏။ပြီးတော့ သူမ ပါးပြင်လေးတွေကို လက်ခုံဖြင့်ထိခတ်ကာ...၊
"ဟင်း...ကိုယ်ကြာကြာဆက်နေရင် ဟိုကောင်တွေနောက်လိုက်ဖြစ်တော့မှာ မဟုတ်ဘူး"
ရေးကိုယ်လေးကို အသာဖြေလွှာရင်း ပြောလိုက်တာမို့ မျက်နှာလေးရဲတက်ကာ ရှက်သွေးဖြာသွားရသည်။
စူးရှကာ အရောင်တစ်မျိုးတောက်နေသည့် သူ့မျက်လုံးတွေကို ရေး ရင်မဆိုင်ရဲပါ။သည်မျက်လုံးများ၏ ဆွဲငင်ခြင်းကို ရင်မဆိုင်ရဲစွာ မျက်လွှာချရင်း ငြိမ်သက်နေမိ၏။
"ကိုယ် ခဏသွားလိုက်ဦးမယ်"
ရေး လက်ဖျားလေးကို ဖျစ်ညှစ်ပြောလိုက်တာမို့ သူ့ကို ဖျတ်ခနဲမော့ကြည့်လိုက်မိသည်။ထိုအခါ မျက်လုံးနှစ်စုံသည် သံလိုက်တစ်ခုလို ဆွဲငင်သွားလျက်..၊
"နောက်မကျနဲ့နော်.."
"အိုကေ..."
သူ ဘာကိုသဘောကျသွားမှန်းမသိဘဲ ရယ်မောလျက် ရေး လက်ဖဝါးလေးကို ဆွဲယူကာ နမ်းရှိုက်နေ၏။
"လုံးဝ နောက်မကျစေရဘူး"
ရေးကိုနှုတ်ဆက်ကာ အခန်းထဲကနေ ထွက်သွားသည့် သူ့ကို မျက်လုံးအကြောင်သားဖြင့်ငေးကြည့်ရင်း ရင်တွေ ခုန်နေတာက ဟိုးအရင်ကအတိုင်း...။
သူ ခတ်နှိပ်သွားသည့် အချစ်တံဆိပ်လေးများကို ရေး လက်ဖဝါးနှင့် အသာတို့ထိလိုက်သည်။ ထိုအခါ..စီးကရက်နံ့ရောသော သူ့နှုတ်ခမ်း၏အထိအတွေ့က ခုထိစွဲကပ်နေသလိုလို...၊ရေး ဘေးနားမှာ သူ့ကိုယ်သင်းနံ့လေးမွှေးနေဆဲလိုလို...။
သိပ်ချစ်လို့..ငါရူးနေတယ် တတ။
အပိုင်း(၄၂)ဆက်ရန်👈👈👈
စာဖတ်သူများအတွက်
ထာဝရ
#ဖက်ဖူးစိမ်း