🌺ပန်းမွေ့ယာ...ရွှေကော်ဇော🌺
ပဲခူးဆေးရုံကြီး၏သီးသန့်ခန်းထဲဝယ် လူနာခုတင်ထက်လဲလျောင်းနေသည့် သူ့မျက်လုံးများကဘေးပတ်ဝန်းကျင်ကိုလှည့်ပတ်ကစားနေသည်။ သူနှင့်အနီးကပ်ဆုံးမှာဂျူတီကုတ်ဝတ်ထားသည့်ဆရာဝန်တစ်ဦး၊ထိုဆရာဝန်ရဲ့ဘေးတွင်နာ့စ်လေး..ပြီးတော့။ပြီးတော့ သူတစ်ခါမှမမြင်ဖူးသည့်လူနှစ်ယောက်။ပတ်ဝန်းကျင်ကိုမျက်လုံးဝေ့ကြည့်မိမှ သူဆေးရုံတစ်ခုမှာရောက်နေတာပါလား။ကျစ်!..။ ခေါင်းထဲမူးနောက်သွားတာမို့ လက်ဖြင့်ပြန်ဖိရင်းမျက်လုံးကိုစုံမှိတ်ချလိုက်သည်။
"ခေါင်းထဲဘယ်လိုနေလို့လဲ"
ဟင်...။ကြည်လင်သြရှသည့်အသံကြောင့် သူမျက်လုံးဖွင့်ကြည့်လိုက်တော့ ဒေါက်တာကသူ့ကိုနွေးထွေးစွာပြုံးပြနေသည်။ သူ..သူ ဘာဖြစ်ခဲ့တာလဲ။
"သမ္ဘာ...မင်းသတိရလာတာငါတို့အရမ်းဝမ်းသာတယ်ကွာ..သူငယ်ချင်း"
သူ့ညာဘက်က ထွက်လာသည့်အသံ..။ထိုအသံရှင်က သူ့ကိုငယ်ပေါင်းရင်းချာလိုတရင်းတနှီးစကားတွေပြောနေတာ။ တီရှပ်ခဲပုပ်ရောင်နှင့်ပုဆိုးကွက်စိပ်ကို ကပိုကယိုဝတ်ဆင်ထားသည့် သူနှင့်ရွယ်တူနိုင်သည့်ထိုလူက မျက်နှာတပြင်လုံးဝင်းပလို့နေသည်။
"မင်းဘယ်သူလဲ..."
"ဟင်!......"
မျိုးကျော် ပါးစပ်အဟောင်းသားဖြစ်သွားရပြီး
သမ္ဘာ့ကိုအထူးအဆန်းသဖွယ်ကြည့်နေမိသည်။ သမ္ဘာရဲ့အမူအယာက လုံးဝထူးဆန်းလို့နေ၏။
"သမ္ဘာ...ငါ မျိုးကျော်သူလေ...မင်းသူငယ်ချင်းအရင်းကြီးကိုမင်းမမှတ်မိတော့ဘူးလား"
စူးစမ်းသည့်မျက်လုံးများက သူ့ကိုသေချာကြည့်နေပြီးမှ မျက်မှောင်ကျုံ့လျက်၊
"မျိုးကျော်သူ!.....မျိုးကျော်သူ...."
သူ့နာမည်ကိုအထပ်ထပ်ရေရွတ်နေတာမို့ မျိုးကျော်ခေါင်းဆတ်ပြလိုက်မိပြီး အားတက်သရောဆက်ပြောလိုက်၏။
"ဟုတ်တယ်...မျိုးကျော် မင်းသူငယ်ချင်းမျိုးကျော်"
သမ္ဘာ့မျက်လုံးတွေက တဖြည်းဖြည်းမှေးကျဥ်းသွားလျက်၊
"ငါ..ငါ မသိဘူး..။ငါကရောဘယ်သူလဲ"
"ဟာ!!.....သမ္ဘာ..."
"ဟေ့ကောင်!....သမ္ဘာ"
မျိုးကျော်နှင့်ကျော်မြင့်မျက်နှာတွေအကြီးအကျယ်ပျက်သွားတော့၏။
"ခင်ဗျား..accidentဖြစ်ခဲ့တာရောမှတ်မိလား သမ္ဘာရင့်"
"သမ္ဘာရင့်...ကျွန်တော်ကသမ္ဘာရင့်လား"
သူ့နာမည်က သမ္ဘာရင့်။ သမ္ဘာရင့်....သမ္ဘာရင့်။ နာမည်ကိုအထပ်ထပ်ရွတ်ကြည့်နေမိသည်။
"ဟုတ်တယ်...ဒါနဲ့ ခင်ဗျားaccidentဖြစ်ခဲ့တာရော မှိတ်မိလား"
"ကျွန်တော် accidentဖြစ်ခဲ့တာလား ဒေါက်တာ"
ဒေါက်တာက သူမေးသမျှကိုစိတ်ရှည်ရှည်ဖြင့်ဖြေပေး၏။
"ခေါင်းထဲမှာဘယ်လိုနေသလဲ။ မူးတာတွေနာတာတွေဖြစ်သလား"
သူ ခေါင်းခါပြလိုက်မိသည်။
"ဒေါက်တာ...သမ္ဘာ့အခြေအနေ.."
မျိုးကျော် မျက်နှာပျက်ပျက်ဖြင့်ဒေါက်တာ့ကိုမေးနေ၏။
"accidentကြောင့်ခေါင်းကိုထိပြီး ခဏအတိတ်မေ့သွားတာပါ။ စိတ်မပူကြပါနဲ့ ခင်ဗျားတို့သူငယ်ချင်း တဖြည်းဖြည်းသူ့အတိတ်ကိုသတိရလာမှာပါ။ ဒီကြားထဲ ခေါင်းမူးတာတို့အန်တာတို့ဖြစ်ရင်သာ ချက်ချင်းအကြောင်းကြား.."
"ကျေးဇူးပါ ဒေါက်တာ။ ဒါနဲ့ သူဘယ်တော့လောက်အတိတ်ကိုပြန်သတိရမလဲခင်ဗျာ့..".
"ဒါကတော့ လူနာပေါ်မှာဘဲမူတည်ပါတယ်။ သူနဲ့ပက်သက်တဲ့အကြောင်းအရာတွေကိုနည်းနည်းချင်း
ပြန်သတိရလာအောင်လုပ်ပေးနိုင်ရင်တော့ သူအမြန်ဆုံးပြန်ကောင်းလာမှာပါ.."
"ဟုတ်ကဲ့ပါခင်ဗျာ့"
ဒေါက်တာနှင့်နာ့စ်လေးပြန်ထွက်သွားတော့ မျိုးကျော်တစ်ယောက်သမ္ဘာနားသွားထိုင်လိုက်၏။ထို့နောက်...သူတို့ကိုလိုက်ငေးနေသည့် သမ္ဘာမျက်ဝန်းတွေကိုစူးစိုက်ကြည့်လျက်၊
"သမ္ဘာ....မင်းငါ့တို့ကိုတကယ်မမှတ်မိတော့သေချာလား"
တရင်းတနှီးမေးနေတဲ့ မျိုးကျော်ကိုသူငေးကြည့်ရင်းဖြည်းညင်းစွာခေါင်းခါယမ်းလိုက်မိသည်။
"မင်းတို့ငါ့အကြောင်းကိုကောင်းကောင်းသိမှာပေါ့ ငါဘယ်လိုလူမျိုးလဲဆိုတာပြောပြပါလား"
"ပြောပြမှာပေါ့သူငယ်ချင်းရာ...ပြောပြရမှာပေါ့"
သူမသိတဲ့သူ့ဘဝတစိတ်တပိုင်းအကြောင်းကိုစိတ်ဝင်တစားနားထောင်နေမိ၏။ သမ္ဘာရင့်ဆိုသည့်လူသားတစ်ယောက်၏ဖြစ်တည်ခြင်းသည် ရိုးရှင်းမှုမရှိသောပုစ္ဆာတစ်ပုဒ်လို...။
ပဲခူးလမ်းမကြီးနှင့်ကိုက်တစ်ရာလောက်ဝေးသည့်ကျေးရွာတစ်ရွာမှာ သမ္ဘာမိဘများကခြံစိုက်ပျိုးရေးကိုအဓိကထားလုပ်ကိုင်သည့် သာမန်ဆင်းရဲသားများဖြစ်ကြ၏။ မိသားစုသုံးယောက်ထဲမို့ ချောင်ချောင်လည်လည်နေနိုင်ခဲ့ပေမယ့် သမ္ဘာငါးနှစ်သားမှာ အဖေဆုံးသွားပြီး အမေနဲ့ဘဝကိုရပ်တည်ခဲ့ရတယ်။
သမ္ဘာကိုးတန်းဖြေပြီးပြီးချင်းအမေဖြစ်သူကပါ သမ္ဘာကိုမျက်ကွယ်ပြုခဲ့ပြီး တမလွန်ခရီးကိုထွက်ခွာသွားပြန်တယ်။ အဲဒီကစပြီး သမ္ဘာကိုယ့်ဘဝကိုကိုယ်ကျောင်းပြီး လောကကြီးကိုရဲရဲရင်ဆိုင်ခဲ့တယ်။ မိဘအမွေအနှစ်ဖြစ်တဲ့ ဧကမြောက်မြားစွာသောခြံကျယ်ကြီးမှာရာသီပေါ်သီးနှံတွေစိုက်ပျိုးပြီး ကိုယ်တိုင်မြို့တက်ရောင်းချတယ်။ပြီးတော့ သူဝါသနာပါတဲ့ ဝက်ရှော့ခ်ငယ်လေးကသူတို့ရွာနဲ့အနီးအနားရွာတွေမှာနာမည်ရနေခဲ့ပြီ။
သမ္ဘာရင့်ဆိုတာ ဘယ်သူ့မှဂရုမစိုက်တတ်တဲ့ဂျစ်ကန်ကန်ကောင်ဆိုးလေးတစ်ယောက်ဆိုတာတော့ မျိုးကျော်မပြောဖြစ်ခဲ့ပါ။ ပြန်ပြောလို့ကောင်းတဲ့အတိတ်တွေရှိသလို တချို့အတိတ်တွေက အတိတ်ကိုအတိတ်မှာထားခဲ့တာ အကောင်းဆုံးမို့...။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ကျစ်!!......ဒီမီးပွင့်ကွာ"
မချင့်မရဲရေရွတ်ရင်း စတီယာရင်ကိုလက်သီးဖြင့်ထုပစ်လိုက်မိသည်အထိ ဓနဒေါသထွက်နေ၏။ နောက်ကျနေပါတယ်ဆိုမှ တစ်လမ်းလုံးဒီမီးပွင့်တွေနဲ့ဘဲတိုးနေခဲ့တာ။ ဟိုသကောင့်သားသုံးကောင်တော့ ဆဲနေတော့မှာမြင်ယောင်တယ်။ အလုပ်ကိစ္စကြောင့် သူတို့လေးယောက်ရန်ကုန်မှာစုနေတာ...
ရှယ်ယာလုပ်ငန်းတစ်ခုကိုအမြန်အကောင်အထည်
ဖော်ဖို့ကြိုးပမ်းရင်းမန္တလေးသားလေးသူတို့ရန်ကုန်မှာသောင်တင်နေခဲ့တာ။ ခုလည်း အရေးတကြီးတိုင်ပင်စရာရှိတယ်ဆိုပြီးလေးယောက်ဆုံဖြင့်ချိန်းထားကာမှ လေးလေးမန္တလေးကနေလိုက်လာလို့ ထွက်ခါနီးမှ အချိန်တွေပုပ်ကုန်ခဲ့ရတယ်။ လေးလေးနဲ့မနည်းစကားစဖြတ်ပြီးထွက်လာတော့လည်း တစ်လမ်းလုံးမီးပွင့်တွေမိနေပြီးခရီးမရောက်။
"တောက်!....ကြာလိုက်တာကွာ.."
ရှေ့ကကားတန်းကြီးကိုမျှော်ကြည့်မိပြန်တော့ သူစိတ်လေသွားရသည်။ မျက်မှန်ကိုနည်းနည်းပင့်တင်ရင်းဘေးဘီကိုတစ်ချက်ရှိုးလိုက်စဥ်..သူ့ကားနှင့်ကပ်လျက်ကားပေါ်ကအနီရောင်နှုတ်ခမ်းတစ်စုံကြောင့် သူ့သွေးတွေပုံမှန်တက်နှစ်ဆမြန်သွားရ၏။ ထို့နောက်...အသည်းထဲစွဲနေသည့်နာမ်စားလေးက နှုတ်ဖျားမှခပ်တိုးတိုးထွက်ပေါ်လာရသည်။
"ဆူး......"
ဟင်...။သူ့မျက်နှာထက်က တောက်ပသွားသည့်အရိပ်အယောင်များချက်ချင်းလွင့်မျောသွားရပြီ။ ဝမ်းသာအားရခေါင်းလှည့်ကြည့်ပြီးမှ မြင်လိုက်ရသည့်မျက်နှာကြောင့် လူကနုံးခွေသွားရ၏။ တဖက်ကားပေါ်က မိန်းကလေးက ညစဥ်ညတိုင်းသူ့အိပ်မက်တွေကိုအပိုင်သိမ်းထားပြီး နေ့စဥ်နေ့တိုင်းတသသလွမ်းဆွတ်နေမိသည့် သူရဲ့အိပ်မက်နတ်သမီးလေးမဟုတ်။ သူမတို့နှင့်အရွယ်ခပ်ငယ်ငယ် မိန်းကလေးတစ်ဦး။
ဆူးမဟုတ်ဘူးဆိုတာကို မျက်လုံးကတဆင့်ဦးနှောက်သို့သတင်းပို့တော့ နှလုံးသားကလက်မခံချင်။ ထိုမိန်းကလေးနေရာမှာ ဆူးသာဖြစ်စေချင်နေမိတာ ဆန်းကြယ်တဲ့စိတ်ရဲ့စေစားရာတစ်ခုလား။ ထိုဧည့်ခံပွဲပြီးထဲက သူတို့မဆုံဖြစ်ကြတော့ပေမယ့် ဆူးကိုအချိန်တိုင်းမြင်ချင်တွေ့ချင်နေမိ၏။
ရင့်နဲ့ပက်သက်နေတာကိုသိလိုက်ရချိန်ထဲက သူ့နှလုံးသားတွေပဲ့ကြွေခဲ့ရတာ..မဖြစ်နိုင်မှန်းသိပေမယ့် ရူးမိုက်စွာအချိန်တိုင်းမျှော်လင့်မိတာက သူမကိုချစ်ခွင့်။လူ့စိတ်ဆိုတာကလည်းအတော့ကိုဆန်းကြယ်လွန်းသည်။ ခက်ခဲပါတယ်ဆိုမှ ပိုလိုချင်တပ်မက်မိ၏။ ပွဲပြီးတဲ့မနက်မှာ သူမနဲ့ပက်သက်ပြီးကြားလိုက်ရတဲ့သတင်းစကားတွေက တစ်ခုမှမကောင်း။ ကြားရက်စရာပင်မရှိ...။
ရင့်မိထွေးဒေါ်မူယာခင်ရဲ့သမီးဖြစ်နေတဲ့အပြင် ရင့်အမုန်းဆုံးမိန်းကလေး။ပြီးတော့.. အဆိုးဝါးဆုံးက မကြာခင်ရင့်နဲ့လက်ထပ်တော့မယ်ဆိုတာပါ။ သူ မကြားချင်ဆုံးသတင်းဆိုလည်းမမှား...။
ဆူး.....သြော်....ဆူးတဲ့။ ကိုယ့်နှလုံးသားမှာဆူးတစ်ချောင်းလိုနစ်ဝင်နေတဲ့ ဆူးမလေး။ မရည်ရွယ်ဘဲစိုက်ဝင်ခဲ့တဲ့အချစ်ဆူးလေးကို ကိုယ်ဘယ်လိုပြန်နုတ်ရပါ့မလဲ ဆူးရယ်...မင်းပြောစမ်းပါ။ ကိုယ့်သွေးသားတွေပကတိအတိုင်းကျန်ခဲ့အောင် မင်းကိုယ်တိုင်ဘဲ ပြန်နုတ်သွားပါတော့လား။ ကိုယ့်ဘဝမှာ ဘယ်မိန်းမကိုမှ မချစ်ခဲ့ဖူးသလို စေ့စေ့တောင်မကြည့်ခဲ့ဖူးဘူးဆူး။ စီးပွားရေးနဲ့ကျောင်းစာကလွဲပြီး ကျန်တဲ့ကိစ္စတွေခေါင်းထဲမထည့်ခဲ့တဲ့ကိုယ်...
မိန်းကလေးတွေကိုနည်းမျိုးစုံနဲ့ခါချခဲ့တဲ့ဒီကောင် မင်းနဲ့မှဝဋ်လည်နေပြီထင်ပါတယ်။
"ဟူး!.....ဆူး...ဆူး....ကိုယ့်အချစ်ဆူးလေး"
မျက်စိရှေ့မှာမြင်နေရသည့်ကားတန်းကြီးက ရုတ်တရက်ဆူးမျက်နှာလေးဖြစ်သွားပြီး သူ့ကိုချိုကြည်စွာပြုံးပြနေခဲ့သည်။ဖူးရွနေသည့်အနီရဲရဲနှုတ်ခမ်းလေးက မပွင့်တပွင့်ပြုံးလျက် သွယ်ပြောင်းသည့်လက်ချောင်းလေးတွေက လက်ယက်၍ခေါ်နေပုံကမခို့တရို့..။ပန်းပုဆရာတစ်ယောက်ရဲ့လက်ရာမြောက်သည့်ထုဆစ်မှုမျိုးဖြင့် အချိုးအဆစ်ကျနေသည့် ကိုယ်လုံးလေးကမျက်တောင်ခတ်လိုက်ရမှာပင် နမျောတသနေမိသလိုလို။
ချစ်ဖို့ကောင်းလိုက်တာကွာ....။ ဆူး မင်းတကယ်လှတယ်..ဘယ်လိုအလှတရားတွေမှမယှဥ်နိုင်အောင်လှတာ။
ရင့်နဲ့မပက်သက်တဲ့မိန်းကလေးဆိုဘယ်လောက်များကောင်းလိုက်မလဲဆူးရယ်။ မင်းသာ ရင့်နဲ့လက်ထပ်မဲ့မိန်းကလေးမဟုတ်ရင် ကိုယ့်လောက်ပျော်တဲ့သူ ဒီကမ္ဘာမှာမရှိနိုင်တော့ဘူး။ ဆူး....မင်းရဲ့အလှနဲ့ကွန်ယက်မှာ ငြိတွယ်မိနေတဲ့ကိုယ်...ဆူးတွေနဲ့အဆိပ်သင့်နေပါပြီ။ လှပတဲ့ပန်းလေးတစ်ပွင့်ကို ကိုယ်လိုချင်တပ်မက်မိခဲ့တယ်။ လှလွန်းလို့လိုချင်ပါတယ်ဆိုမှ အဲဒီပန်းလေးမှာပိုင်ရှင်ရှိနှင့်နေခဲ့တော့ ခူးဆွတ်ဖို့လက်လျော့လိုက်ရတော့မယ်ထင်ပါတယ်။ ဟူး!!......ကိုယ်ရူးသွားမလားဘဲဆူးရယ်။
"တီ!!......."
ဟင်...။သူအတွေးလွန်နေမိတာပါလား...။မီးစိမ်းသွားတာကိုသတိထားမိလိုက်ချိန်..သူ့ရှေ့ကကားတွေအားလုံးထွက်ကုန်ပြီ။ သူ့ကားကြောင့်နောက်ကားတွေဒေါပွကာ ပတ်ဝန်းကျင်တစ်ခုလုံးဆူညံကုန်တော့၏။ ဆော်ရီး....အတွေးလွန်သွားတယ်ကွာ။ ကိုယ့်အဖြစ်ကိုကိုယ်တွေးမိတော့ ဓနသွားတန်းတွေလက်သွားရ၏။ မင်းအကြောင်းတွေးနေရင်သက်ရှိလောကကြီးတစ်ခုလုံးကို ကိုယ်သတိမေ့သွားတယ်ဆူး။ တစ်ကမ္ဘာလုံးမှာ မင်းတစ်ယောက်ဘဲ..သက်ရှိလူသား။ ဟောဒီရင်ဘတ်ကြီးရဲ့အသည်းပလ္လင်မှာ တစ်ပါးတည်းသောဘုရင်မလေး..မင်းက။
ရင့်...။ဘယ်အရာမဆိုအပြိုင်အဆိုင်ရှိမှတိုးတက်သတဲ့။ မင်းရဲ့ပြိုင်ဘက်တစ်ယောက်အဖြစ် ငါယှဥ်ပြိုင်မယ်ဆိုမင်းကျေနပ်ကြည်ဖြူနိုင်ပါ့မလား။ မင်းရဲ့အမုန်းတရားတွေအတွက်အပြစ်မဲ့တဲ့မိန်းမသားတစ်ယောက်ဒုက္ခရောက်သွားမှာကို မငဲ့တော့ဘူးလား။ မင်းရင်ထဲမှာနှစ်ပေါင်းများစွာသံမှိုစွဲနေတဲ့အရိပ်ဆိုးကြီးကို ငါသိနေတာကြာပြီဆိုမင်းအံ့သြသွားမလားဘဲ။ဒါပေမယ့်...တစ်နေ့မှာမင်းရဲ့မုန်းပင်လေးကို ငါချစ်လာမိလိမ့်မယ်လို့မထင်မိရုံလေးဘဲ။
"ဒုန်း!!......"
"ဟာ!!....."
"ကျွီ!!........"
"သွားပြီ..."
သူ အတွေးလွန်နေတာအမှားတစ်ခုဖြစ်သွားရသည်။ ရှေ့ကားကမီးပြလျက် လမ်းချိုးတော့မှာကို သူနောက်ကနေဝင်အောင်းလိုက်မိပြီ။မာစီဒီးရဲ့နောက်မြီးကို အရှိန်ပြင်းပြင်းနှင့်တိုက်မိသွားခဲ့တာ။ ကိုယ့်အမှားဆိုတော့ ဓနတွေဝေမနေနိုင်တော့..။ကားပေါ်ကနေခပ်သွက်သွက်ဆင်းလိုက်ချိန်...။
"တောက်!!........"
"ဂျိုင်း!!......"
ပြင်းထန်သည့်တောက်ခတ်သံနှင့်တံခါးပိတ်သံက မီးခြိမ်းသံလိုမြည်ဟီးလျက်တပြိုင်နက်ထွက်ပေါ်လာသလို မာစီဒီး၏ဘော်ဒီတစ်ကိုယ်လုံး
ရမ်းခါသွားသည်။ထို့နောက်...အနီရောင်အရိပ်လေးကိုမျက်လုံးထောင့်မှာမြင်လိုက်ရတာမို့သူတောင်းပန်ဖို့ကြိုးစားလိုက်သည်။
"နောက်မီးလုံးတော့ကွဲသွားတယ်...ကျွန်တော့အမှားပါ။ကျွန်တော်တောင်းပန်....."
"ဖြန်း!!........"
မျက်လုံးထဲမီးပွင့်သွားပြီး သူ့မျက်နှာတစ်ဖက်သို့လည်ထွက်သွားရ၏။ မထင်မှတ်ထားသည့် ရိုက်ချက်က အလစ်အငိုက်ခံလိုက်ရတာမို့ ပါးတစ်ဖက်ပေါ်ထိထိမိမိကျသွားခဲ့တာ။ ပါးတစ်ခြမ်းလုံးပူထူစပ်ဖျင်းသွားရပြီး တစ်ခါမှအထိမခံဘူးတဲ့ပါးဖို့ ဒေါသကချက်ချင်းခေါင်းထောင်သွားရကာ၊
"ခင်ဗျား!!......"
ရွယ်လိုက်တဲ့လက်က စူးရဲသည့်မျက်လုံးအောက်ဝယ်အလိုလိုရပ်တန့်သွားရသည်။မိန်းမတစ်ယောက်ဆိုသည့်အသိကလက်တုန့်ပြန်မယ့်စိတ်ကိုအနိုင်ယူသွားကာ သူပြန်လုပ်ဖို့တုံ့ဆိုင်းသွားခဲ့၏။
"ခင်ဗျား......ခင်ဗျားဗျာ"
"ကားပေါ်ရောက်သွားတာနဲ့မျောက်အုန်းသီးရသလို ဗရမ်းဗတာဖြစ်ပြီး လမ်းပေါ်ကလူတွေကိုလူလို့မမြင်နိုင်တော့တဲ့ မင်းတို့လိုလူရမ်းကားတွေကြောင့် အပြစ်မဲ့တဲ့သူတွေသေရတာ..။ ကိုယ်ကားစီးနိုင်တယ်ဆိုပြီး အခြေလွတ်နေရင် တစ်ယောက်ထဲဓာတ်တိုင်ဝင်အောင်းလိုက်။ တစ်ဖက်ကားကို ဒုက္ခမပေးနဲ့...ပြီးတော့ တာဝန်ယူစိတ်ခေါင်းပါးပြီးပစ်ထားခဲ့လို့ မသေသင့်တဲ့သူတွေသေရတာ။ လူ့အဖိုးတန်တွေ..မင်းတို့လိုအောက်တန်းစားတွေကြောင့်ဆုံးရှုံးရတာ..တောက်"
"ဘာဗျာ့......"
လှပတဲ့နှုတ်ခမ်းနှင့်မှမလိုက်ဖက်အောင် ပက်စက်တဲ့စကားလုံးတွေက တရစပ်ထွက်ကျလာတာများစက်သေနတ်ပစ်နေသလားထင်ရသည်။ လက်ညှိုးငေါက်ငေါက်ထိုးလျက် ရန်တွေ့နေတာကိုသူကယောကျ်ားမို့ သူမလိုနှုတ်လှန်မထိုးနိုင်။ထိုအခါ...
ခံပြင်းစိတ်တွေတရစ်ရစ်ထိုးလာရ၏။ဒီမိန်းမ သက်သက်ကွာ...။ကားလေးမတော်တဆတိုက်မိသွားတာကို ကမ္ဘာပျက်သွားသလိုပြောဆိုပစ်နေတာ သူ့မှာရစရာပင်မရှိတော့။
"တောင်းပန်ပါတယ်...တာဝန်ယူပါမယ်ပြောလိုက်ရုံနဲ့ပျက်စီးဆုံးရှုံးသွားတဲ့အရာတွေက ပြန်ကောင်းလာမှာတဲ့လား။ ပြန်ပြီးရှင်သန်လာမတဲ့လား...။မင်းတို့က ဒါမျိုးတွေဘယ်နားလည်ပါ့မလဲ။ တိုက်မိသွားရင် ပြင်ပေးမယ်၊တောင်းပန်မယ်၊အလျော်ပေးလိုက်
မယ်လို့လူမိတဲ့အခါပြောမယ်။ အဟင်း...လူမမိတဲ့အခါဆို သေသေရှင်ရှင်ပစ်ထားခဲ့ပြီးတာဝန်မဲ့စွာမောင်းပြေးကြရော။ အဲလိုလူမဆန်တဲ့လုပ်ရပ်တွေကြောင့် ဆုံးရှုံးသွားတဲ့အသက်တွေကိုဘာနဲ့ပြန်လျော်မလဲ"
ယောကျ်ားများကြားထဲတွင်ရှည်လျားပါသည်ဆိုတဲ့ ခြောက်ပေရှိသည့်သူ့အရပ်ကိုမတိမ်းမယိမ်းလိုက်နေသည့် ထိုအမျိုးသမီးက အနီရဲရဲဝတ်စုံကိုဆင်မြန်းထားသလို မျက်နှာတစ်ခုလုံးနီရဲတင်းမာလို့နေသည်။ ဖြူဖွေးသည့်အသားအရောင်က သူမဝတ်စုံနှင့်ဟပ်နေကာ စူးလက်သည့်မျက်လုံးများက သူ့တစ်ကိုယ်လုံးကိုပြေးလွှားသွားကာ လေးကိုင်းသဏ္ဍာန်အနီရောင်နှင်းဆီဖူးနှုတ်ခမ်းလွှာက မဲ့ကျသွား၏။ ဘာလဲ...လူကိုတမင်အထင်သေးရှုံ့ချတာ။ နှုတ်ခမ်းတစ်ဖက်လုံးတွန့်ကွေးသွားတဲ့အထိမဲ့လိုက်တာတောင် သူမရဲ့အလှကပျက်မသွားပေ။သူမရဲ့ပုံစံက သူ့ထက်လေးငါးနှစ်လောက်ကြီးမှာသေချာသည်။ ဒီအမျိုးသမီးအတော်ဆုတောင်းကောင်းခဲ့တဲ့ပုံပင်..ဘယ်လိုနေနေအလှပျက်မသွားခဲ့။ ဒေါသဖြစ်နေသည့်ကြားက သူမရဲ့တစ်ကိုယ်လုံးကိုဝေ့ဝဲကြည့်လိုက်မိသေးသည်။
"ခု..ခင်ဗျားသေသွားလို့လား..."
"ဘာ!!......"
နဂိုမာနကြီးသူမို့ယောကျ်ား၊မိန်းမမခွဲခြားနိုင်တော့ပေ။ညစ်ကျယ်ကျယ်မေးခွန်းက ပါးစပ်ဖျားကနေထွက်ကျသွားခဲ့သည်။ ထိုအခါ...ထိုအမျိုးသမီးမျက်နှာက ပိုပြီးကာလာရင့်လာကာ၊
"သေသွားမှဘာပြန်လုပ်လို့ရတော့မှာလဲ။ တောက်....လူစိတ်မရှိတဲ့ဟာတွေ။ သေသွားရင်နင်တို့အသက်ပြန်ပေးမှာလားပြောစမ်း"
စူးရဲနေသည့်မျက်လုံးတွေထဲက အရိပ်ငွေ့လေးတချို့ကို သူမြင်လိုက်ရ၏။ထက်မြက်တဲ့ထိုအကြည့်တွေနှင့်မလိုက်ဖက်အောင်မှေးမှိန်ဖျော့ရီနေသည့် အခိုးအငွေ့လေးတွေ။ခဏလေးမြင်လိုက်ရသည့်ထိုအရိပ်အငွေ့တွေကြောင့် လူကခဏတွေဝေသွားစဥ် သူမရဲ့ပြေလည်စရာမရှိသည့်စကားတွေကြောင့် သီးခံစိတ်၊စာနာစိတ်တွေပျောက်ဆုံးကုန်၏။
"ခင်ဗျား...ခုမသေသေးဘူးမို့လား။ အဟင်း...ခင်ဗျားသေတဲ့နေ့ကျရင်တော့ ခင်ဗျားမေးခွန်းအတွက်အဖြေရှိလာမှာပါ။ကဲ..ခုတော့ ဘယ်လောက်လျော်ရမလဲသာပြော။အားမနာနဲ့နော်...ခင်ဗျားကြိုက်သလောက်တောင်းလိုက်။လျော်ပေးဖို့အသင့်ဘဲ.."
ပါးရိုက်ခံလိုက်ရတာကို မကျေလည်နိုင်သေးတဲ့စိတ်ကြောင့် ကလဲ့စားချေချင်စိတ်ကဖျတ်ခနဲပေါ်လာပြီး သူမတစ်ကိုယ်လုံးကိုစုံချည်ဆန်ချည်ကြည့်ပစ်လိုက်
၏။ ရီဝေဝေနှင့်ရမ္မက်ခိုးဝေနေသည့် မျက်လုံးရိုင်းများကြောင့် သူမကိုယ်လေးအနည်းငယ်ကျုံ့သွားရပြီး မျက်လုံးတွေကမီးဝင်းဝင်းတောက်သွားကာ၊
"အဟင်း....ကြိုက်သလောက်အလျော်တဲ့လား...ကောင်းပြီ။ ယူရတာပေါ့....ကဲ..."
"ဟေ့!!......မင်း...."
"ဖျောင်း!!...."
ရိပ်ခနဲလှုပ်ရှားမှုကြောင့်ခေါင်းငဲ့ရှောင်လိုက်တော့ ရိုက်ချက်ကလွှဲသွားကာ လည်ပင်းကိုကျရောက်လို့သွား၏။
"ရော့.....မင်းပါးတစ်ဖက်အတွက်လျော်ကြေး"
"ဘုတ်!....."
လက်ကိုင်အိတ်အနက်ထဲကနေ သောင်းတန်တစ်အုပ်ကိုဆွဲထုတ်ကာ ပစ်ပေးလိုက်တာမို့ ပိုက်ဆံထုတ်ကသူ့ရင်ဘတ်ကိုအရှိန်ဖြင့်ထိမှန်ပြီး အောက်သို့လျောအကျ လက်ဖြင့်ဖိဆုပ်ထားလိုက်မိသည်။ သူ့မေးကျောကြီးတွေထောင်တက်လာကာ လှည့်ထွက်သွားသည့်သူမကျောပြင်ကိုစိုက်ကြည့်လျက်တစ်ချက်မဲ့ပစ်လိုက်၏။ထို့နောက်...၊
"ခဏလေးနေပါဦး.."
ဓန ရှေ့တိုးသွားတော့ ထိုအမျိုးသမီးကလည်ပြန်ပြန်လှည့်လာကာ၊
"ဘာလဲ...နည်းသေးလို့လား"
"ဟုတ်တယ်...နည်းသေးလို့။ ဒါပေမယ့်..ငွေတော့မဟုတ်ဘူး"
ဇစ်ဖွင့်နေသည့်သူမ မျက်လုံးတွေသူ့ထံရောက်လာတော့သည်။ ထိုအခါ...သူပြုံးလိုက်ရင်း၊
"တန်ရာတန်ရာဆိုတာရှိတယ်"
"အဟင်း....အဲဒီတန်ကြေးအတွက်ပေးတာနည်းသေးရင်..ထပ်ပေးမယ်"
"ကျုပ်လိုချင်တာ ငွေမဟုတ်ဘူး..."
ကျဥ်းမြောင်းသည့်ခပ်စူးစူးအကြည့်တွေရွေ့အလာ စိတ်ရိုင်းကသူ့တစ်ကိုယ်လုံးဝင်ရောက်လာ၏။ သွယ်လျသည့်ကိုယ်လုံးလေးကို ရင်ခွင်ထဲထွေးဖက်လျက်သူ့ကိုချိုးချိုးဖဲ့ဖဲ့ပြောခဲ့သည့်နှုတ်ခမ်းလေးကို ရအောင်နမ်းပစ်လိုက်သည်။
"မင်း....မင်း...မယုတ်မာနဲ့....ဟင်အင်း..."
"အဲဒါကျုပ်လိုချင်တဲ့အလျော်ဘဲ..။အဟင်း..ကျုပ်ကလည်းအလကားမနမ်းပါဘူး။ခင်ဗျားအနမ်းလေးအတွက်လျော်ကြေး..ရော့"
စောစောကသူ့ကိုပစ်ပေးသွားသည့်ပိုက်ဆံအုပ်ဖြင့် သူမရင်ဘတ်ကိုပစ်ပေါက်ကာ နေရာကနေချာခနဲလှည့်ထွက်ခဲ့၏။
"တောက်!!.....လူယုတ်မာ၊လူပါးဝတဲ့ကောင်"
အသားတွေတဆတ်ဆတ်တုန်ကာ ဒေါသကြောင့်မျက်လုံးတွေပါမီးဝင်းဝင်းတောက်နေသည့် သူမကိုကားထဲကနေတစ်ချက်ကြည့်ပြီးမှ သူမနားကနေ ကားကိုပွတ်သီခတ်သီမောင်းထွက်လာခဲ့သည်။
"ဝူး!....."
ခြေစုံရပ်လျက် လက်သီးကိုကျစ်နေအောင်ဆုပ်ကာ သူ့ကားကိုမျက်စိတစ်ဆုံးလိုက်ကြည့်နေသည့် သူမပုံရိပ်ကကားဘတ်မှန်ထဲမှာထင်းနေ၏။ တောင့်တောင့်လေးရပ်ကျန်ရစ်သည့်ပုံရိပ်လေးဝေးကွာသွားတာကိုကြည့်ရင်း သူ့ပါးပြင်ကိုအသာပြန်စမ်းလိုက်မိသည်။
ခင်ဗျားနဲ့ကျုပ် မပြီးသေးဘူး...။ဒီနေ့ပြောခဲ့တဲ့စကားတွေနဲ့ကျုပ်ပါးတစ်ဖက်ကိုရိုက်ခဲ့တဲ့အတွက် တစ်နေ့..ခင်ဗျားပြန်ပေးဆပ်ရမယ်။ ဘယ်တော့မှမမေ့ဘူး...ခင်ဗျားကို။ပထမဆုံးမိန်းမတစ်ယောက်က သူ့ဘဝမှာစွဲစွဲထင်ထင်ရှိခဲ့လေပြီ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"အတိတ်ကိုအတိတ်မှာမထားခဲ့နိုင်ဘူး ခေတ်သစ်။ ငါတို့သားအမိထိခိုက်နာကျင်ခဲ့ရတာတွေက အပေါ်ယံနာမဟုတ်တဲ့အရိုးစွဲသေရာပါဒဏ်ရာတွေ...။ သူ့မျက်နှာကိုမြင်နေရတိုင်း သွေးတွေလျှံထွက်လာတတ်တာမင်းတို့မှမသိဘဲ။ ငါဆုံးဖြတ်ခဲ့ပြီးသားလမ်းကို ပြီးဆုံးတဲ့အထိလျှောက်သွားမှာ..ဘယ်လိုအခက်အခဲအတားအဆီးတွေရှိပါစေရအောင်ရှင်းမယ်။ငါလိုချင်တာ ဒေါ်မူယာခင်ရဲ့သွေးတစစီဆုပ်ပြတ်သွားဖို့ဘဲ"
"မဟုတ်သေးဘူးလို့ထင်တယ်နော်ရင့်။ကောင်မလေးက မင်းကိုအရမ်းတွယ်တာနေတာ။မင်းရဲ့ဂေါတမီကိုငါတို့လည်းမမြင်ဘူးလိုက်ပါဘူး။ ဒါပေမယ့်....အမေနဲ့ပက်သက်ပြီးသမီးကိုနှိပ်စက်တာတော့တရားနည်းလမ်းဘယ်ကျပါ့မလဲကွာ"
သီဟက တွေးတွေးဆဆဝင်ပြော၏။ အမုန်းမီးမြင့်နေသည့် ရင့်ကိုသူတို့ဘယ်လိုဖြောင်းဖျရမလဲမသိတော့ပါ။ ခေတ်သစ်ကတော့သူစပြောမိတဲ့စကားကိုပင်ပြန်ရုတ်သိမ်းချင်သလိိုလို ရင့်ကိုကြည့်ပြီးခေါင်းတခါခါဖြစ်နေ၏။ ရင့်ကိုသူတို့ဘယ်လိုမှဖြောင်းဖျမရတော့မှန်းနားလည်လိုက်၏။
"ဓနကလည်းကြာလိုက်တာကွာ..."
သီဟက လမ်းဘက်ကိုမျှော်ရင်းလည်တဆန့်ဆန့်ဖြစ်နေသည်။
"ဒါနဲ့ရင့်...မင်းကိုငါမေးစရာရှိတယ်"
"ဘာဖြစ်နေတာလဲ။မေးစရာရှိတာများ ခိုးချောင်ခိုးဝှက်နဲ့"
ဟိုကြည့်သည်ကြည့်ဖြင့် ရင့်နားတိုးကပ်ကာ ခိုးချောင်ခိုးဝှက်ဖြစ်နေသောခေတ်သစ်ကိုသီဟပိတ်ဟောက်ပစ်လိုက်၏။
"အေးလေ...သီဟပြောလည်းပြောချင်စရာဘဲခေတ်သစ်..မင်းဘာဖြစ်နေတာလဲ"
သူ့မေးလိုက်မှ ခေတ်သစ်တစ်ယောက်သူ့နားတိုးကပ်လာကာ၊
"ငါ..ငါသိချင်နေတာကြာပြီကွ။ ဟို..ဟိုဟာလေ"
စိုးရိမ်ထိတ်လန့်နေသည့်ခေတ်သစ်ရဲ့ရုပ်ကိုကြည့်ပြီး သူနှင့်သီဟတစ်ယောက်ကိုတစ်ယောက်မျက်စပစ်ပြလိုက်မိသည်။
"ဘာလဲ...မင်းနှမလင်ယူတော့မလို့လား။ဒါဆိုရင်လည်းကောင်းတာဘဲ ယောက်ဖရာ။ ငါ..အားနာနေစရာမလိုတော့ဘူးပေါ့"
"ခွေးသတောင်းစား..."
"ဟား...ဟား..."
နှမကိုထိရင်မခံသည့်ခေတ်သစ် သူစလိုက်တော့ဒေါပွသွားပြီး ပြစ်ပြစ်နှစ်နှစ်ဆဲတော့သည်။ပြောမနာဆိုမနာသူငယ်ချင်းတွေမို့ စိတ်မဆိုးတဲ့အပြင် ခေတ်သစ်ကျွဲမြီးတိုနေပုံကိုကြည့်ပြီးအားပါးတရရယ်မောလိုက်၏။
"ရယ်မနေနဲ့ရင့်..ငါအတည်မေးမလို့"
လေးနက်တည်ကြည်နေသော ခေတ်သစ်ပုံကြောင့် သူရယ်မောနေတာပါရပ်သွားရသည်။ ခေတ်သစ်ကတစ်ခုခုကိုထိတ်လန့်နေသလိုဖြစ်နေပြီး ဘေးဘီဝဲယာကိုလည်းကျီးကန်းတောင်းမှောက်ကြည့်လိုက်သေးသည်။ ပြီးမှသူ့ဘက်ပြန်လှည့်လာကာ လေသံကိုနှိမ်လျက်မေးလာသည်က၊
"ဟို...ဟိုဟိုင်းဝေးလမ်းကကောင်ဘယ်လိုဖြစ်သွားပြီလဲဟင်..သူ..သူအသက်ရှင်တယ်မို့လား"
ရင့်မျက်နှာချက်ချင်းတည်သွားပြီး သူ့ဆီကအဖြေကိုအားကိုးတကြီးမျှော်နေသည့် ခေတ်သစ်နှင့်မျက်လုံးချင်းစုံလျက် တစ်ခွန်းတည်းဖြေလိုက်၏။
"သေပြီ......."
"ဘာ!!........."
"ဟင်!!......သေ....သေပြီဟုတ်လား..."
အပိုင်း(၅)ဆက်ရန်👈👈👈
စာဖတ်သူများအတွက်
ထာဝရ
#ဖက်ဖူးစိမ်း