🌺ပန်းမွေ့ရာ....ရွှေကော်ဇော🌺
ကားပေါ်တက်ကာ လျောခနဲမောင်းထွက်သွားသည့် ဆူးနှင့် သူ လက်မတင်လေးလွဲသွားရသည်။ ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်းဟာဆင်းသွား၏။
ဆူးခေတ်သစ်နှင့်တွေ့ခွင့်ရဖို့ သူ ကြိုးစားခဲ့တာ အကြိမ်ကြိမ်။ နေရာအနှံ့ရှာခဲ့သော်ငြား အပုန်းကောင်းသည့် သူမကြောင့် သတင်းအစအနပင်မရခဲ့ပါ။ ရုတ်တရက်ပြန်တွေ့လိုက်ရတော့ သူမက ရှောင်တိမ်းသွားလေပြီ။ လာရင်းကိစ္စကို မေ့ကာ မြင်ကွင်းမှ ပျောက်ကွယ်သွားသည့် ဆူးရဲ့ကားကို မျက်စေ့တစ်ဆုံးငေးကြည့်ရင်း ကြက်သေသေနေမိတာ အတန်ကြာ။
"တီ...တီ..."
ရုတ်တရက် ကားဟွန်းသံ နီးနီးကပ်ကပ်ကြားလိုက်မှ သတိဝင်လာကာ လမ်းဘေးရွေ့ရပ်လိုက်ရင်း၊
"ဆောရီး...."
ကိုယ့်အမှားမို့ လမ်းဘေးကပ်ပြီးတာနဲ့ တပြိုင်နက် တောင်းပန်လိုက်သည်။
"မင်းအဖေပိုင်တဲ့လမ်းမှတ်နေသလား...ဒါကားသိလား တိုက်ရင်သေတတ်တယ်"
"ဘာ..."
အုံခဲနောက်ကျိနေသည့် စိတ်တို့က ဆင်ခြင်တုံတရားမဲ့စေလျက်။
"ဟေ့ကောင်..မင်း ဘာစကားပြောတာလဲ"
ကားမှန်ကို ထုချရင်း တဆက်တည်း အော်မေးပစ်လိုက်တော့၊
"မကြားလိုက်ဘူးလားဟေ့ကောင်.. မင်းနားလေးနေသလား"
"တောက်...ခွေးမသား မင်းဆင်းခဲ့စမ်း.."
လျောခနဲ ကျလာသည့် ကားမှန်၏နောက်တွင် ရင့်မဟာ လက်တစ်ဖက်က ကားထဲ၌ထိုင်နေသူ၏အကျီကော်လံစဆီ ရောက်သွားသည်။
"ဂျိုင်း..."
"ဟာ..."
ဂုတ်ထောင်နေသည့်ဆံပင်တွေကို စုစည်းထားသည့် မျက်နှာက ရှည်မျောမျောနှင့်။ နား၊လည်ပင်းနဲ့ လက်တွေမှာ အနက်ရောင်ကြိုးဖန်စီတွေ ရှုပ်ယှက်ခတ်အောင်ဝတ်ဆင်ထားပြီး အဝတ်အစားကျပြန်တော့လည်း ရပ်ဘာလိုလို ဘာလိုလို။ ပုံစံက လုံးဝဒေါင့်မကျိုးသလို မျက်နှာကျပြန်တော့လည်း ဂျစ်တစ်တိဂျစ်ကန်၊မိုက်ကန်းကန်းနှင့်။
အကျီကော်လံစကို ဆွဲကာ ဒေါသဖြစ်ဖြစ်နဲ့အပြင်ဆွဲချနေစဥ် တံခါးကို တအားဆွဲဖွင့်ပစ်လိုက်တာမို့ မနည်းလွတ်အောင် ခုန်ရှောင်လိုက်ရသည်။
"ကဲ...မင်း ဘာဖြစ်ချင်သလဲ"
"ဒါ ဖြစ်ချင်တယ်ကွာ.."
"ခွပ်..."
ရင့်မဟာ လက်က ရိပ်ခနဲမြှောက်တက်သွားပြီးတစ်ဖက်လူရဲ့ မေးရိုးဆီ ခွပ်ခနဲ ကျသွားလေသည်။
"မင်းကလား..ကဲကွာ..."
"ခွပ်..."
"ခွပ်..."
မေးရိုးမှာ ပူခနဲ ဖြစ်သွားသည့် အသိနှင့်အတူ ယမ်းပုံကျနေသည့် ဒေါသတို့ကို ချွန်းအုပ်မရတော့ပါ။ လဲကျသွားသည်နှင့်တစ်ပြိုင်နက် အပေါ်ကနေ စီးမိုး၍ လက်သီးဖြင့် အချက်ပေါင်းများစွာထိုးနေမိသည်။
ခံပြင်းခြင်း၊နာကျင်ခြင်းများ၏ ထွက်ပေါက်က ထိုသကောင့်သား၏မျက်နှာဖြစ်သွားရသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"တမံ လောကကြီးထဲမှာ တကယ်မရှိတော့ဘူး ရေး။ ငါတို့ပြောတာကို ယုံပါဟာ"
ဥက္ကာကျော်အသံက လှိုက်မောလျက်ရှိနေပြီး အားလုံးမျက်နှာတွေကျတော့ ပြိုတော့မည့်မိုးလို မှုန်မှိုင်းလျက်။ ဦးနေသစ်နှင့် ဒေါ်နဒီရွှေတို့က လူကြီးပီပီ ပျက်ယွင်းနေသည့်မျက်နှာတွေကို တည်ငြိမ်အောင်ကြိုးစားနေကြ၏။
ဧည့်ခန်း၏ထိပ်ဘက်ဆုံး နှစ်ယောက်ထိုင်ဆိုဖာပေါ်တွင် ဦးနေသစ်နှင့်ဒေါ်နဒီရွှေ ထိုင်နေပြီး အနီးဆုံးဆိုဖာရှည်ပေါ်၌ ရေးတစ်ယောက် တောင့်တောင့်လေးရှိနေသည်။ သူမဘေးတွင် မမကြီးနေကောင်းကင်နှင့် သစ်ထူးတို့ တစ်ဖက်စီ ခြံရံလျက် ရှိနေကြ၏။ မျက်နှာချင်းဆိုင်တွင် ဥက္ကာကျော်နှင့် ဆက်နိုင်တို့ မျက်နှာ မသာမယာဖြင့် ရေးကို စူးစိုက်ကြည့်နေလျက်၊
"ဟုတ်တယ် ရေး...တမံ တကယ်ဆုံးသွားတာ"
မျက်ရည်များက ပါးပြင်နယ်နိမိတ်ကို ဖြတ်ကျော်ခြင်းမရှိပါဘဲ မျက်ဝန်းအိမ်တွင်း၌ ပြည့်လျှံ ရစ်သိုင်းလျက် ဆိုဖာပေါ်တွင် မလှုပ်မယှက်ရှိနေသည့် ရေးကို ကြည့်ကာ စိတ်မကောင်းဟန်ဖြင့် ဆက်နိုင်ဆိုလျှင်၊
"မဖြစ်နိုင်ဘူး...လုံးဝ မဖြစ်နိုင်ဘူး။ ဆက်နိုင်..ဥက္ကာ နင်တို့ ငါ့ကို ညာနေတာ။ တတ တကယ်မသေပါဘူး။ ငါ့ကို စနောက်ချင်လို့ လျှောက်ပြောနေကြတာ မို့လား"
ဘယ်သူ ဘာပြောပြော လက်ခံပုံမရသည့် ရေးအသံက ခါးခါးသီးသီး။ ဥက္ကာကျော်၊ သစ်ထူးနှင့် ဧည့်ခန်းအတွင်းရှိနေသည့် မျက်နှာတွေကို တစ်လှည့်စီလိုက်ကြည့်ရင်း လက်မခံနိုင်ဖြစ်နေသည့် ရေး။
"ဟင်အင်း...တတ မသေပါဘူး။ မေမေ..."
အားကိုးတကြီးနှင့် မိခင်ကို ခေါ်လိုက်မိသည်။ တစ်ချိန်လုံး သမီးအပေါ် နားလည်ကာ ချစ်ခင် အလိုလိုက်ခဲ့သည့် မေမေရဲ့ မျက်ရည်အပြည့်နှင့် မျက်ဝန်းများက ဝေ့ခနဲ တက်အလာ ရေး နှလုံးသားတွေ ပျက်သုန်းသွားသလိုပင်။ ဟင်အင်း...သမီးကို အဲလို မကြည့်ပါနဲ့ မေမေ။ ရေး လိုချင်တာ အဲဒီ အကြည့်တွေ မဟုတ်ဘူး တတ မသေဘူးလို့ ပြောလိုက်ပါတော့လား မေမေရယ်။
"မမကြီး..."
အနီးဆုံးမှာ ထိုင်ကာ အသံတိတ်မျက်ရည်ကျနေသည့် မမကြီးနေကောင်းကင်ရဲ့ လက်မောင်းကို အားကိုးတကြီး ကိုင်လိုက်မိသည်။
"တတ... တတ မသေပါဘူးနော် မမကြီး သူတို့ ညာနေကြတာ မို့လား.. မမကြီး"
"ညီမလေးရယ်..."
ရေးလိုချင်တဲ့ အဖြေအစား မျက်ရည်တွေသာ တသွင်သွင်စီးကျလျက် ခေါင်းငုံ့သွားသည့် မမကြီး။ ရေး ခေါင်းရမ်းမိရင်း၊
"သစ်ထူး..."
သစ်ထူးဘက်ကို ကိုယ်လုံးပါ လှည့်စောင်းပြီး ရေး အားကိုးတကြီး ခေါ်လိုက်မိ၏။
"နင့်စိတ်ကို လျှော့လိုက်ပါ ရေး။ တမံ ဒီလောကကြီးမှာ တကယ်မရှိတော့ဘူး။ သူမှေးစက်ရာ နေရာလေးကိုလည်း နင်ရောက်ခဲ့ပြီးပြီဘဲ ရေး တမံ တကယ်ဆုံးသွားပြီ။ အဲဒါ အမှန်တရားဘဲ "
"ဟင်အင်း...ဟင်အင်း...ငါ မယုံဘူး...မယုံဘူး"
"သူ ဆုံးသွားပြီရေး...သူဆုံးသွားတာ ငါးလကျော်သွားပြီ"
ဥက္ကာကျော်က မချိတင်ကဲ အသံဖြင့် အံကြိတ်လျက် ဆိုလိုက်သည်တွင် မေမေနှင့် မမကြီးထံမှာရုတ်တရက် ရှိုက်သံတွေ ထွက်ပေါ်လာတော့သည်။ ရေးနှလုံးသားကို တစ်စဆီဆုပ်ခြေလိုက်သကဲ့သို့ပင်။
"ဥက္ကာ...ငါ တောင်းပန်ပါတယ်...ငါ တောင်းပန်ပါတယ်ဟာ။ ငါ့ကို ဒီနည်းနဲ့တော့ မနောက်ကျကြပါနဲ့ ငါတကယ်မခံစားနိုင်လို့ပါ"
အားလုံးအလယ်မှာ တစ်ယောက်ချင်းမျက်နှာတွေကို စေ့စေ့ကြည့်ပြီး ခေါင်းတခါခါဖြင့် ဆိုနေသည့် ရေးပုံစံလေးက အရူးမလေးတစ်ယောက်အသွင်ပေါ်နေသည်။
"သမီး..."
တိုးတိတ်ဖျော့တော့သည့် မေမေအသံက ရေးရဲ့ ကယောင်ချောက်ခြားပုံစံကို တားဆီးလိုက်သလိုပင်။
"သား တမံရဲ့ အရိုးပြာကို ဂူသွင်းသချိုင်းထားတဲ့နေရာကို ဒီနေ့ဘဲ သမီးရောက်ခဲ့ပြီးပြီ။ တမံ ဆုံးသွားတာကို သမီးလက်ခံရမယ်"
"တတ..တတ တကယ်သေပြီတဲ့လား"
ပါးပြင်ပေါ်သို့ မျက်ရည်ပေါက်တွေ လိမ့်ဆင်းသွားလေသည်။
"ဟုတ်တယ်...တမံ ဆုံးပြီ ရေး"
"ဟင်အင်း...မဟုတ်ဘူး သူ မသေဘူး"
မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျကာ ဇွတ်မှိတ်ငြင်းနေသည့် ရေးကို ကြည့်ပြီး ဥက္ကာကျော်တို့တွေ ဘယ်လိုဖျောင်းဖျနားသွင်းကြရမှန်းပင်မသိတော့။ဦးနေသစ်နှင့် ဒေါ်နဒီရွှေတို့ ဇနီးမောင်နှံမှာလည်း သမီးဖြစ်သူအတွက် စိတ်မကောင်းဖြစ်ရသလို သွားလေသူ အတွက်လည်း ထိခိုက်ခံစားရလေသည်။ နေကောင်းကင်ရင်တွင်း၌လည်း ဆိုဖွယ်ရာ မရှိတော့။
"နင် မယုံဘူးဆိုရင် ဒီမှာ တမံ့ဈာပနတုန်းက ငါတို့ရိုက်ယူထားတဲ့ ပုံတွေ ကြည့်လိုက်"
"ဟင်..."
ရေး နှုတ်ဖျားမှ အာမေဍိတ်သံ မြည်ဟီးသွားရကာ သစ်ထူး ထိုးပေးနေသည့်ဖုန်းကို တစ္ဆေ၊သရဲ တစ်ကောင်လို စိုက်ကြည့်၍ နှုတ်ခမ်းသားများ တဆတ်ဆတ်တုန်ခါလျက်။
တတ တကယ်ဆုံးသွားပြီတဲ့။
အားလုံးရဲ့မျက်နှာ အမူအယာတွေကို ကြည့်တော့လည်း ညှိုးနွမ်းရီဝေလျက်။ နှလုံးသားတစ်ခုလုံး ညှစ်ခြေဆုပ်မွခံနေရသလို အသက်ရှူတွေ မွန်းကျပ်ကာ သစ်ထူးပေးနေသည့် ဖုန်းကို လှမ်းယူလိုက်ဖို့ မရဲ။
"ယူလိုက် ရေး...အမှန်တရားကို လှည့်စားပြီး နင်တစ်သက်လုံး ပိတ်လှောင်ခံရမဲ့ ဘဝကြီးကို ငါတို့ အဖြစ်မခံနိုင်ဘူး။ငါတို့တတွေဟာ ကံကြမ္မာပေးတဲ့ အရာရာအတွက် လက်ခံနိုင်ရမယ်ဟ။ ဗြုန်းစားကြီး လက်မခံနိုင်တာကို ငါတို့နားလည်တယ်..ဒါပေမယ့်ဟာ တမံက ငါတို့အားလုံးကို ထားခဲ့ပြီ ရေး"
မျက်နှာရှေ့ရောက်လာသည့် ဖုန်းကို လှမ်းယူလိုက်သည့် လက်သည် တဆတ်ဆတ်တုန်ခါလျက်၊
"တတ..တတရယ်"
ရေး အကြည့်တွေ တဖြည်းဖြည်း ရီဝေမှိုင်းဖျော့သွားကာ တမံပုံတို့ကိုကြည့်ပြီး ပါးပြင်ပေါ်သို့မျက်ရည်ပေါက်ကြီးတွေ လိမ့်ဆင်းလာသည်။
တတ တကယ်သေသွားပြီပေါ့။
ဈာပနပုံတွေက ရေးကို လှောင်ပြောင်လျက်ရှိနေသည်။ ရေး မယုံလို့မရတော့။
"စိတ်ကို တင်းမထားနဲ့..ငိုချလိုက်ပါ ရေး။ ညီမလေးရင်ထဲက ခံစားချက်တွေကို ပေါက်ကွဲရင်ဖွင့်ပစ်လိုက်ပါ။ငိုလိုက်ပါ ညီမလေး"
မမကြီး နေကောင်းကင် တဖွဖွ သတိပေးလျက် သူမ ပုခုံးလေးကို တယုတယဖက်ကာ နှစ်သိပ်နေတာကို ထိတွေ့ခံစားနေရသည်။ သို့သော်လည်း...ရေးရဲ့ မျက်လွှာအားလုံး မှိုင်းရီကာ တတ အရိပ်တွေအပြည့်စိုးမိုးလျက်။ တတ...နင် ရက်စက်တယ်။ ရေးကို ထားသွားရက်တယ် တတရယ်။
တတ သေပြီတဲ့။ လူလောကကြီးထဲမှာ မရှိတော့ဘူးတဲ့။ ရေး လက်ခံလိုက်ရပါပြီ။
"အီး...ဟီး...အဟီး"
ရေး ကြေကွဲဆို့နစ်မှုတို့ဖြင့် ဟန်မဆောင်နိုင်စွာ ကလေး တစ်ယောက်လို ငိုချလိုက်သည်။
ရက်စက်လိုက်တာ...ကံကြမ္မာကြီးက ဒီလောက်အထိ ရက်စက်ရတာလဲ။ ရေးတို့ ချစ်သူ နှစ်ဦးကျမှ ဘာဖြစ်လို့ အဖြစ်ဆိုးရတာလဲ။ ဒီလို အဖြစ်ဆိုးကြီးနဲ့ ကြုံရတာလဲ။
ရေး ငိုနေတာကို ဘယ်သူမှ မတား။မျက်ရည်တို့စို့လျက် အားလုံး ဝိုင်းကြည့်နေကြသည်။ ရေး မေမေနဲ့ ဖေဖေက သမီးရဲ့ အဖြစ်ကို မမြင်ရက်နိုင်သလိုဖြင့် မျက်နှာ လွှဲကာ ကျိတ်မျက်ရည်ဝိုင်းနေကြပြီး သစ်ထူးတို့သုံးယောက်ကျပြန်တော့ ကော်ဇောကို ငုံ့ကြည့်ကာ အံကြိတ်ထားကြ၏။
တမံ..ငါတို့ရင်ထဲမှာ မင်းအမြဲ ရှင်သန်နေမှာပါ သူငယ်ချင်းရယ်။ မင်းအချစ်ဆုံး မိန်းကလေးကိုလည်း မင်းကိုယ်စား ငါတို့တတွေ မောင်နှမအရင်းတွေလို စောင့်ရှောက်သွားမှာပါ။ မင်း စိတ်ချလက်ချနဲ့ ငြိမ်းချမ်းတဲ့ဘဝကို ကူးပြောင်းပါ။ တရားခံကိုလည်း အမြန်ဖမ်းဆီးနိုင်အောင် သက်ဆိုင်ရာက ကြိုးစားနေကြတယ်။
"အီး...ဘာကြောင့်လဲ...ဘာလို့ ငါတစ်ယောက်တည်းချန်ခဲ့ရတာလဲ။ နင်နဲ့ တစ်ပါတည်း ခေါ်သွားပါတော့လား။ တတ...ဟီး...နင် မရှိဘဲ ငါအသက်ရှင်နိုင်မယ်လို့ နင် ထင်နေသလား"
အသည်းနှလုံး မွမွကြေနေသူ၏ အသံကို တစ်ယောက်သောသူကတော့ ကြားနိုင်တော့မည်မဟုတ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"မေမေ.."
ဧည့်ခန်းတွင်းသို့ ခြေချမိမလို ဖြစ်သွားပြီးမှ ဆူညံနေသည့် ဖုန်းသံကြောင့် ခြေလှမ်များက ဆက်မရွေ့ဖြစ်တော့ဘဲ တစ်နေရာတွင် စူးစိုက်ငြိမ်သက်သွားပြီး မခေါ်ဖြစ်တာ ကြာပြီဖြစ်သော နာမ်စားက တမ်းတခြင်းများစွာဖြင့်သူ့နှုတ်ခမ်းပါးဆီမှ တိုးတိတ်စွာ ထွက်ပေါ်သွားသည်။
ဧည့်ခန်းဆီသို့လျှောက်လာသည့် မေမေ့ပုံရိပ်ကို ငေးမောရင်း သူ့ကို မြင်သွားမှာ စိုးကာ တံခါးရွက်နှင့် ဖျတ်ခနဲ ကွယ်ပစ်မိသည်။ အဆီပိုတို့ဖြင့် ဝဖိုင့်နေတာမျိုး မဟုတ်ဘဲအိမ်နေရင်း ဖျော့တွဲတွဲထဘီနှင့် ဘလောက်စ် ပွပွလေးဝတ်ထားသည့် မေမေဟန်ပန်က လုံးလုံးကျစ်ကျစ်ဖြင့် သွက်လက်ဖျတ်လတ်နေဆဲ။ နောက်တွဲဆံထုံးပုံ့ပုံ့လေးနှင့် အပျိုမလေးလို နုနယ်နေသည့် မေမေ့မျက်နှာကို လွမ်းမောခြင်းတို့ဖြင့် တမေ့တမော ငေးကြည့်မိပြန်သည်။
သူ မသိမသာ ချောင်းကြည့်မိတော့ ဆိုဖာပေါ် ခြေဆင့်ထိုင်ကာ ဖုန်းပြောနေသည့် မေမေ့မျက်နှာတစောင်းကို မြင်နေရ၏။ ပန်းရောင်ဖျော့ဖျော့တင်ထားသည့် နှုတ်ခမ်းများနှင့် မေမေက သူ့မျက်ဝန်းထဲတွင် အရင်ကထက် ပိုလှနေသလိုပင်။ ကြွရွ ကြော့မော့နေသည့် မေမေကို ခိုးကြည့်ရင်း ရင်ထဲ တသိမ့်သိမ့်နွေးလာရသည်။
သူ မေမေ့အပေါ်ရင့်သီးခဲ့မိသည်။ မေမေမွေးခဲ့လို့ လူဖြစ်လာတဲ့သူက မေမေ့ကို စော်ကားခဲ့မိသည်။မိခင်စိတ်ရှိတဲ့ မိန်းမတွေ၊မိခင်မေတ္တာအပြည့်နှင့်မိန်းမတွေ ဟောဒီကမ္ဘာကြီးမှာ ဒုနဲ့ဒေး။မိန်းမတိုင်းဟာ မိခင်လောင်းတွေတဲ့။
ငယ်ငယ်ကလေးကတည်းက မေမေ့ရင်ခွင်ကြားခေါင်းတိုးအိပ်စက်ခဲ့သည့် သူ မေမေရင်ခွင်နှင့်ဝေးကွာနေသည့် ကာလကြား စိတ်ဆာလောင်ခြင်းက ခုချိန်မှာ ပြင်းပြလာလျက်။ စိတ်၏စေရာအတိုင်း တရွေ့ရွေ့လှမ်းနေမိတာ မေမေထိုင်နေသည့် နေရာရောက်တော့ ဒူးတွေက အလိုလိုညွတ်ကျသွားလေသည်။
"မေမေ.."
စကားပြောပြီးလို့ဖုန်းခွက်ကို ချလိုက်သည့် မေမေ သူ့ခေါ်သံကြောင့် လှည့်ကြည့်လာ၏။ ပထမတော့ မေမေမျက်ဝန်းအစုံသည်ဖျော့တော့နေရာမှ လက်ခနဲထသွားပြီးမှနှုတ်ဖျားမှ သားဟု တိုးဖွဖွလေးခေါ်လိုက်ပြီးမှ ချက်ချင်းအေးစက်စိမ်းတောက်သွားရကာ၊
"မင်း..."
ဒူးခေါင်းလေးထောင်ချကာ မေမေထိုင်နေသည့် ဆိုဖာဆီ တရွေ့ရွေ့တိုးကပ်နေမိတာ အရင်လို မေမေကို ပိုင်ဆိုင်ခွင့်ရဖို့ပါ။ စိမ်းတောက်သည့် မျက်ဝန်းတို့နှင့်အဆုံမှာတော့ သူ မျက်လွှာသိမ်းရင်း ခြေချိတ်ထိုင်နေသည့် မေမေ့ပေါ်ထက် ခေါင်းတင်လိုက်ကာ၊
"မေမေ.."
ချစ်ခြင်း၊လွမ်းဆွတ်ခြင်း၊တုနှိုင်းမမှီသည့် မေမေ၏ အေးမြသည့် မေတ္တာတို့ကို ဆာလောင်မွတ်သိပ်စွာဖြင့်လှိုက်လှိုက်လှဲလှဲ ခေါ်လိုက်မိသည်။
"မခေါ်နဲ့"
စိမ်းပြတ်သည့် မေမေ့အသံက သူ့နှလုံးကို မီးပြင်းတိုက်သကဲ့သို့။
"သားပါ မေမေ...သားကို အဲလိုကြီး မဆက်ဆံလိုက်ပါနဲ့။ သား မခံစားနိုင်လွန်းလို့ပါဗျာ"
သူ ဟန်မဆောင်နိုင်စွာ ပေါင်ပေါ်ခေါင်းတင်ထားသည့်အတိုင်း မျက်ရည်တို့ ပြိုဆင်းသွားကာ မေမေရဲ့ထဘီတွင် မျက်ရည်တို့စိုလူးသွား၏။
"သွား...ငါ့မှာ ဘာသားမှ မရှိဘူး"
ပေါင်ပေါ်မှီတင်ထားသည့် သူ့ခေါင်းကို တွန်းထုတ်ကာ နာနာကျင်ကျင်ဖြင့်နှင်ထုတ်နေသည့် မေမေ။ နောက်ကို ယိုင်နဲ့သွားပြီးမှ မေမေရဲ့ခြေတောက်ကို သူ ဖက်တွယ်ထားလိုက်ပြီး၊
"ကျွန်တော့်မှာ အပြစ်တွေ အများကြီးရှိပါတယ် မေမေ။ သား မှားခဲ့မိပါတယ် အဲဒီ အပြစ်တွေအတွက် မေမေအနားမှာ တစ်သက်လုံး ပေးဆပ်ပါရစေ။ အဲလိုတော့ မရက်စက်လိုက်ပါနဲ့ မေမေ ကျွန်တော်..ဘယ်လိုမှ မခံစားနိုင်လွန်းလို့ပါ"
"ဖယ်စမ်းပါ။ မင်း ဘယ်တုန်းက သူတစ်ပါးခံစားချက်ကိုငဲ့ညှာပေးခဲ့ဖူးသလဲ ရင့်မဟာ။ သွား...ခုချက်ချင်းထွက်သွား ငါ့မှာ ဘာသားမှ မရှိဘူး"
"မေမေ့..."
"မခေါ်နဲ့။ မင်းလို လူမဆန်တဲ့ကောင်မှန်းသိခဲ့ရင် ငါ မမွေးခဲ့ဘူး သိလား။ မင်းကို ငါ မပြုစုခဲ့သင့်ဘူး"
"ကျွန်တော် မှားခဲ့ပါတယ်...တောင်းပန်ပါတယ်မေမေ။ ကျွန်တော့်ကို ကျွန်တော့်အပြစ်တွေကို တစ်ခါလောက် ခွင့်လွှတ်ပေးပြီး ကျွန်တော်နဲ့ ပြန်လိုက်ခဲ့ပါ မေမေ။ သားနဲ့မေမေ အရင်လို ပြန်နေကြရအောင်နော် မေမေ"
မေမေနဲ့စကားပြောရင် သားဖြစ်သွားလိုက် ကျွန်တော်ဖြစ်လိုက်နှင့်။
"ဆူးကိုလည်း ကျွန်တော့်ညီမလေးအဖြစ် အသိအမှတ်ပြုလိုက်ပါပြီ"
ဝေ့ခနဲလွင့်လာသည့် မေမေ့မျက်ဝန်းများနှင့်ဆုံသွားသည်။ ထိုအကြည့်တွေထဲ၌ သူ နားလည်ရန်ခက်ခဲသည့် အရိပ်အယောင်တို့ဖြင့်ပြည့်နှက်လျက်။
"ဒါပေမယ့်...ကျွန်..ကျွန်တော်တို့ အဖြစ်က လူကြားလို့မှ မသင့်တော်ပါဘူးဗျာ။ ဒီကိစ္စကို လျှို့ဝှက်ပြီး ဆူးကို ရသင့်တဲ့အမွေတွေ ပေးလိုက်မယ်။ဖေဖေရဲ့မွေးစားသမီးလို့အဖြစ်နဲ့ဘဲ ပတ်ဝန်းကျင်မှာ ဆက်ရှိနေပါစေ။ ပြီးရင် မေမေရယ်သားရယ် အတူတူနေကြရအောင်"
"တော်စမ်း။ ဆက်မပြောနဲ့..."
ခြေတောက်ကို ဖက်တွယ်ထားသည့် သူ့ကို တွန်းထုတ်ပစ်ကာ ဒူးထောက်လျက်သားဖြင့် ယိုင်နဲ့သွားစဥ် မေမေ့ခြေတောက်တစ်ဖက်က သူ့ကို ကန်ပစ်ဖို့ ကြွတက်လာသည်။
"မေမေ သားလေ သား"
မေမေ့ခြေတောက်ကို မြတ်နိုးစွာဖက်တွယ်မိရင်း၊
"မေမေ.."
"ငါ နင့်အမေ မဟုတ်ဘူး။ နင်နဲ့ငါ ဘာမှ မဆိုင်ဘူး။ ငါ့မှာ ဘာသားမှ မရှိဘူး။ သွား..ထွက်သွား"
"မေမေ ဘာတွေ ပြောနေတာလဲဗျာ။ မေမေက ကျွန်တော့်မေမေလေ။ ကျွန်တော့်ဘဝမှာ မေမေ မရှိလို့ မဖြစ်ဘူး မေမေ။ ကျွန်တော်မှားခဲ့တာတွေ အတွက် မေမေ ကြိုက်သလို အပြစ်ပေးပါ။ ကျွန်တော် ရှိခိုးတောင်းပန်ပါတယ် မေမေ။တစ်ခုဘဲ.. ကျွန်တော့်ကို ခွဲမသွားပါနဲ့ ကျွန်တော့်ဘဝမှာ မေမေသာ အလိုအပ်ဆုံးပါ။ ကျွန်တော့်ကို ဆူချင်ဆူ ရိုက်ချင်ရိုက်လိုက်ပါ မေမေ။ အဲဒီလို စကားတွေနဲ့ မနှိပ်စက်ပါနဲ့တော့"
"တော်စမ်းပါ ရင့်မဟာ။ မင်းအတွက် ငါ့မှာ ခံစားနိုင်တဲ့ အသည်းနှလုံးမရှိတော့ဘူး။ မင်းနဲ့ငါက သူစိမ်းတွေ။ ဘာမှ တော်စပ်မှုလည်း မရှိဘူး။ မင်းနဲ့ငါ ဘာမှ မဆိုင်ကြဘူး သွား..မင်း ငါ့ကို လာမနှောက်ယှက်ပါနဲ့တော့လား"
"ဗျာ...မေမေ...ဘာ..ဘာတွေပြောနေတာလဲဗျာ..ကျွန်တော်က မေမေရဲ့သားပါ။ မေမေမွေးခဲ့တဲ့သား မဟုတ်ဘူးလား"
"မဟုတ်ဘူး..."
"ဟင်..."
အပိုင်း(၃၂)ဆက်ရန်👈👈👈
စာဖတ်သူများအတွက်
ထာဝရ
#ဖက်ဖူးစိမ်း