🌺ပန်းမွေ့ရာ....ရွှေကော်ဇော🌺
"သမီး...စိတ်ကို တင်းမထားနဲ့ ငိုချလိုက်..."
"ရေး..အငယ်လေး မရှိတော့ဘူး...အငယ်လေးက ဟောဒီအထဲမှာ ထာဝရလဲလျောင်းသွားပြီ"
မေမေနဲ့မမကြီးတို့ရဲ့ ငိုသံတွေ ရောထွေးနေသည့် အသံတွေကို မကြားတစ်ချက်၊ ကြားတစ်ချက်။ အသည်းနှလုံးမရှိတော့သလို ရင်မှာ ဗလာကျင်းလို့နေပြီ။
တတ မရှိတော့ဘူးတဲ့....တတ ဆုံးသွားပြီတဲ့လား။ ဟင်အင်း...ရေး မယုံဘူး တတက ဘာကြောင့်သေရမှာလဲ။ တတ မသေပါဘူး ညာနေကြတာ ရေးကို အားလုံးဝိုင်းညာနေကြတာ။
ရွှေတမံ
အသက်(၁၉)နှစ်။
စာလုံးတွေက ဝေဝါးကာ သုံးလေးထပ်ဖြစ်နေသည်။ မေမေနဲ့မမကြီးတို့ရဲ့ ရှိုက်သံများက တိတ်ဆိတ်သည့်လေပြည်လေညင်းနဲ့အတူ လွင့်မျောလျက် ရင်ဘတ်ထဲအထိ နက်နက်ရှိုင်းရှိုင်းရိုက်ခတ်လာ၏။
"အငယ်လေး...ဒီမှာ ရေး ရောက်နေပြီလေ။ မင်းအချစ်ဆုံးရေး ပြန်လာပြီ..ထကြည့်ပါဦး အငယ်လေးရဲ့"
စူးခနဲထွက်ပေါ်လာသည့် မမကြီးအသံက နှလုံးသားကို ဆုပ်ဆွဲခြေမွလိုက်သလိုပင်။ အသက် ရှူတွေ ကျပ်ကာ ချက်ချင်းမောဟိုက်လာပြီး မြင်လွှာတွေပါ ဝေဝါးလာသည်။ နောက်ဆုံးမှာတော့...၊
"သမီး...."
"ညီမလေး..."
"ရေး...."
မေမေရဲ့စိုးရိမ်တကြီး ခေါ်သံ။ မမကြီးရဲ့အသံနှင့် နောက်ထပ် ပြိုင်တူထွက်ပေါ်လာသည့် သြရှရှယောကျ်ားသံတွေနှင့်အတူ ပြေးလွှားလာသံတွေကို နောက်ဆုံးကြားလိုက်ရပြီး ရင်ခွင်တစ်စုံ၏ပွေ့ပိုက်ခြင်းကို ခံလိုက်ရပြီးနောက်တွင်...။
သည်တစ်ခါမေ့မျောခြင်းသည် ထာဝရမေ့မျောခြင်းသာ ဖြစ်စေချင်မိ၏။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"တော်သင့်ပြီ သမ္ဘာ...မင်း များနေပြီ"
"ပေးစမ်းပါ....မူးချင်လို့သောက်တာဘဲ များပါစေ"
"ကျစ်..."
စားပွဲပေါ် ခေါင်းစိုက်မတတ်ဖြစ်နေသည့် သမ္ဘာရင့်။ မျက်နှာတစ်ပြင်လုံးရဲတွတ်ကာ မျက်လုံးတွေ မှေးစင်းလျက်စကားသံပါ ဗလုံးဗထွေးနှင့်။ သို့သော်..ပုလင်းထဲက လက်ကျန်အရက်ကို ဖန်ခွက်ထဲငှဲ့ထည့်ကာ တစ်ရှိန်ထိုးမော့သည်။
အရက်ခိုးဝေနေသည့်မျက်လုံးမှေးမှေးများက ပုလင်းကို စူးစိုက်ကြည့်နေပြီးမှ မှိုင်းရီသွားကာ၊
"အရက်...အရက်...သောက်ရင် မူးတယ်တဲ့ မူးရင်မေ့သတဲ့...ဟွန့်...ဘယ်မှာ မေ့သလဲ။ ပိုတောင်သတိရသေးတယ်"
"သမ္ဘာ..."
မျိုးကျော် သမ္ဘာရင့် ကို ကြည့်ပြီး မသက်မသာဖြင့်ခေါ်လိုက်သည်။ ထိုအခါ သမ္ဘာရင့်၏ ရီဝေဝေမှေးစင်းနေသည့်မျက်ဝန်းများက လေးပင်စွာဝေ့တက်လာပြီး မျိုးကျော် ရင်ဘတ်လောက်တွင် ရပ်တန့်ကာ စားပွဲထက်ပြန်ငိုက်စင်းသွားလေသည်။
"မင်း ခံစားနေရတာကို ငါတို့သိပါတယ် သူငယ်ချင်း။ မင်း ရင်ထဲမှာ ခု ဘာတွေဖြစ်နေသလဲ။ မင်း ခံစားနေရတဲ့အရာတွေကို ငါတို့ကို ရင်ဖွင့်လိုက်စမ်းပါ။ပွင့်ပွင့်လင်းလင်းရင်ဖွင့်ပြီး မင်းငိုချင်ရင် ငိုချလိုက်ကွာ...ဒိီလိုကြီးတော့ မနေပါနဲ့သူငယ်ချင်းရာ"
မြောက်အရပ်ဆီမှ လေညင်းများက တသုန်သုန်မြူးလျက်..အရောင်အသွေး စုံသည့် နှင်းဆီခင်းကို ဖြတ်သန်းတိုက်ခတ်လာသဖြင့် သင်းထုံသည့် နှင်းဆီရနံ့များကို သယ်ဆောင်လာ၏။ ထိုရနံ့များကပင် ကဗျာမဆန်နိုင်တော့ပါ။
ယိမ်းနွဲ့နေသည့် ပန်းခင်းဆီကို မျှော်ကြည့်ရင်း ကျော်မြင့်သူ သက်မချမိသည်။
"မင်းရင်ထဲက ဝေဒနာကို ငါတို့ကောင်တွေ မျှဝေခံစားပေးလို့ရပါတယ် သမ္ဘာရာ...မင်း ငါတိုကိုရင်ဖွင့်လိုက် မြိုသိပ်ထားရင် ပိုနာကျင်ရလိမ့်မယ်"
"ဟား...."
ခြံထဲ၌ ပစ္စည်းများထားသိုရန် ဆောက်ထားသည့် တဲအိမ်လေး။အစက မြေသြဇာတွေ၊ဆေးတွေထားဖို့သာရည်ရွယ်ခဲ့ပေမယ့် တစ်ခါတရံမှာ သူ အနားယူတဲ့သဘောဖြင့်နေဖြစ်ခဲ့သည်။
ကြမ်းခင်းဆီ နောက်ပြန်လက်ထောက်ကာ ခေါင်းမော့လျက် အော်ပစ်လိုက်တော့ သူ့ပုံစံ ဖရိုဖရဲကို ကြည့်နေသည့် မျိုးကျော်နိုင်နှင့် ကျော်မြင့်သူ မျက်နှာတွေ ပျက်နေသည်။
"မင်း ဒီအတိုင်းဘဲ နေတော့မှာလား"
တိတ်ဆိတ်မှုကို မျိုးကျော်နိုင်က မေးခွန်းဖြင့် စတင်ဖြိုခွင်း၏။
"ခု ငါက ဘာလုပ်နေလို့လဲ"
အရက်မသောက်တာ လနဲ့ချီနေလို့လား မသိ...သမ္ဘာရင့်တစ်ယောက် လိုတာထက်ပိုမူးနေတယ်လို့ မျိုးကျော်နိုင်တွေးနေမိသည်။ ကြွက်တွင်းလို့ နာမည်တွင်သည့်အထိ သောက်စားခဲ့သည့် သမ္ဘာရင့်။ ဘယ်လောက် သောက်သောက် ရုပ်ပျက်ဆင်းပျက်မူးတယ်လို့မရှိခဲ့။
ခုမှ ရုပ်ပျက်ဆင်းပျက်နှင့်အချိန်ပြည့်မူးရူးနေသည့် သမ္ဘာရင့်ကိုမြင်ရတော့ သူတို့စိတ်မချမ်းသာ။ ပြဿနာတွေက ထင်ထားတာထက် ပို၍ရှုပ်ထွေးနေသည် မဟုတ်လား။
"ဒီအတိုင်းပဲ နေသွားတော့မှာလား သမ္ဘာ...အေး မင်းနေမယ်ဆိုရင်တောင် ငါတို့တွေ လုံးဝနေခွင့်မပေးနိုင်ဘူး သူငယ်ချင်း။ မင်း ပျက်စီးသွားမှာကို ငါတို့ လက်ပိုက်ကြည့်မနေနိုင်ဘူးကွ"
အမြဲတမ်းစွပ်ကျယ်တစ်ထပ်ခံကာ ရှပ်ကွက်တွေကို မထပ်တမ်းဝတ်ခဲ့သည့် သမ္ဘာရင့်။ တိုကပ်ကပ်ဆံပင်များက ဖီးသင်ထားခြင်းမရှိသလို မျက်နှာတစ်ပြင်လုံး အဆီပြန်လျက်။ စွပ်ကျယ်မခံဘဲ ရှပ်အကျီကို ဖြစ်သလို ဝတ်ကာ ကြယ်သီးတွေက ဟကွဲနှင့်။ ခါးပုံစတွေ ဖိုသီဖတ်သီဖြစ်နေသည့် ပုဆိုး။ အားလုံးကို ချုံငုံကြည့်တော့မှ သမ္ဘာရင့်ပုံစံက ဝါရင့်အရက်သမားကြီး ပုံစံပေါက်လို့နေသည်။
"ရွှေရေးချယ်ဘဝဆီ ပြန်ရောက်သွားလို့ မင်းခံစားနေရတာကို ငါတို့ကိုယ်ချင်းစာပါတယ်။ ငါတို့တောင် ငါးလေးကို သတိရမိသေးတာဘဲ မင်းဆိုရင် ပိုဆိုးမှာပေါ့"
"ကောက်ရတဲ့ပစ္စည်းဆိုတာ ပိုင်ရှင်ပေါ်ရင် ပြန်ပေးရမှာဘဲကွ။ မင်းတို့တောင် ဒီလောက်ဖြစ်နေရင် ပိုင်ရှင်ဖြစ်တဲ့သူ့မိဘတွေဆို ဒီငါးလတာ အတွင်းမှာ ဘယ်လောက်အထိများခံစားရမလဲ "
"အဲဒါတွေကို ငါကြိုတွေးပြီးသားပါကွာ...တစ်နေ့ သူ့ကိုငါ စွန့်လွှတ်ရမယ်လို့ ငါလက်ခံထားပြီးသားပါ"
ခေါင်းမော့ထားသည့်အတိုင်း မျက်လုံးဖွင့်အကြည့်...မိုးထားသည့် သွပ်ဖွေးဖွေးနေရာတွင် ငါးလေး၏ ပုံရိပ်တွေသာ အထပ်ထပ်ရစ်ဝဲလျက်။
မှဲ့ကြီးတို့ အုပ်စုကြောင့် ငါးလေး ဆေးရုံတင်လိုက်ရပြီး ပထမဆုံးသတိရလာတဲ့အချိန်ကို သူ ဘယ်တော့မှ မေ့မှာ မဟုတ်တော့ပါ။ မေ့ပျောက်လို့လည်း ရလိမ့်မည်မထင်။
ငါးလေးကို ဒဏ်ရာကြီးနဲ့ပွေ့ချီပြေးလာသည့် သူ့ကို ကြည့်ကာ ကြက်သေသေသွားသည့် ငါးလေးရဲ့မိဘတွေ အမူအယာကို ထိုစဥ်က နားမလည်ခဲ့ပါ။ ထိုအချိန်က ငါးလေးကို စိုးရိမ်နေသည့်စိတ်အပြင် ကျန်တာတွေကို ခေါင်းထဲ မထည့်နိုင်ခဲ့။
ငါးလေး သတိလစ်နေသည့်အချိန်မှာ ငါးလေးရဲ့ဖခင်က သူ့ကို ဓာတ်ပုံတစ်ပုံထုတ်ပြခဲ့၏။သူ အံ့သြလွန်းလို့ ဓာတ်ပုံဆီက မျက်နှာ မခွာနိုင်ခင်မှာဘဲ ငါးလေး အဖေက သူလုံးဝ မမျော်လင့်ထားတဲ့ စကားကိုဆိုလာသည်။ "အဲဒါ သေဆုံးသွားတဲ့ သမီးရဲ့ချစ်သူ ရွှေတမံဘဲ" တဲ့။
ဖြစ်နိုင်လို့လား။ လောကကြီးမှာ အဲဒီလောက်တိုက်ဆိုင်မှုတွေ ဖြစ်တတ်သလား။
ဓာတ်ပုံထဲ၌ အပြုံးခပ်လွန့်လွန့်နှင့် ငါးလေးမျက်နှာကို မြတ်နိုးခြင်းများစွာယိုဖိတ်နေသည့် မျက်ဝန်းစိုစိုဖြင့် စိုက်ကြည့်နေသည့် ယောကျ်ားပျိုသည် သူမှသူ။ သို့သော်...ထိုပုံထဲ၌ သူသည် ဆံပင်ခပ်အုပ်အုပ်နှင့် နားမှာ စိန်နားကပ်ဖြစ်ဟန်တူသည့် နားကပ်က လည်ပင်းရှိ ပလက်တီနမ်ကြိုးပြားနှင့်အပြိုင်တောက်ပလျက်။
ထိုဆွဲကြိုးကို သူ ရင်းရင်းနှီးနှီးမြင်ဖူးနေသလိုထင်လိုက်မိတဲ့ အတွေးက ငါးလေးကို ဖျတ်ခနဲ အကြည့်မှာ အဖြေထွက်သွားသည်။ ငါးလေးလည်ပင်းမှာ ဆွဲထားသည့် ကြိုးပြားလေးနှင့် ဓာတ်ပုံထဲက ရွှေတမံဆွဲထားသည့် ဆွဲကြိုးက တစ်ပုံတည်းပင်။
အတိတ်မေ့ပြီး သူတို့ဆီ ရောက်နေသည့် ငါးလကျော်ကာလအတွင်း ငါးလေးတစ်ယောက် ထိုဆွဲကြိုးလေးကို အတော်ကြီးတန်ဖိုးထားခဲ့တာ သူ အသိပင်။ ရေချိုးရင်တောင် မချွတ်ခဲ့တဲ့ ငွေငါးလေး။ ဆွဲကြိုးလေး ပြတ်ကျပြီး ပျောက်သွားသည့်နေ့ကဆို ငွေငါးလေး တငိုငိုတရီရီဖြင့် မစားမသောက်ဘဲ နေခဲ့တာနောက်ဆုံး ဆွဲကြိုးလေးကိုပြန်ရှာတွေ့မှ အငိုရပ်လေသည်။
သြော်...ငွေငါး...ငွေငါး အသိစိတ်တွေ ကင်းမဲ့နေတာတောင် ဒီဆွဲကြိုးလေးကို အသက်လောက်မြတ်နိုးခဲ့တာ သူ့မျက်မြင်ပင်။
လောကမှာ နာမည်တူမရှား၊လူတူမရှားတဲ့။ ရွှေတမံနဲ့မှ လာတူနေရသည့် သူ့အဖြစ်ကို သူ မကျေနပ်ချင်တော့ပါ။ ဘာမဆိုရင်ဆိုင်ဖို့ အသင့်ဖြစ်နေသည့် ချစ်စိတ်တွေက ထိုခဏလေးအတွင်း အောက်ဆုံးကို ထိုးဆင်းသွားရသည်။
ပြိုလဲနေသည့် စိတ်တို့က ငွေငါးနှုတ်ဖျားမှ တမ်းတမ်းတတခေါ်သံ အဆုံးမှာ ဗုံးဗုံးလဲသွားရသည်။ "တတ..."တဲ့။ သူမကိုယ်သူမ ရေးတဲ့။ အဖြေက ရှင်းနေပြီ။
အားလုံးကို ကျောခိုင်းပြီးလှည့်အထွက် သူမရဲ့ခေါ်သံလေးက အသည်းကို ဓားထက်ထက်ဖြင့်ထိုးဆွလိုက်သလိုပင်။
"တတရော...တတဘယ်မှာလဲ"တဲ့။ တုံ့ဆိုင်းနေသည့်ခြေလှမ်းများက ထိုအသံလေးအဆုံးမှာ ကမ္ဘာ့အပြင်ကို ထွက်ပြေးချင်လောက်သည့်အထိ ဖြစ်သွားသည်။ တတလို့ တဖွဖွခေါ်ကာ ငိုရှိုက်လျက် မေးနေသည့် ငွေငါးလေးရဲ့ အနီးလေးမှာ ရှိနေဖို့ လိပ်ပြာမလုံတော့ပါ။ သမ္ဘာရင့်ဆိုတာ သူမအတွက် ဆပ်ပြာပူဖောင်းလို အတိတ်မှာ ပျောက်ဆုံးခဲ့လေပြီ။
ရွှေရေးချယ်ဘဝကို ပြန်ရောက်သွားတဲ့ ငွေငါးလေးနဲ့ ဝေးရာဆီ လျှောက်လှမ်းနေသည့် ခြေလှမ်းတိုင်းမှာ မြင်လွှာတွေ မှိုင်းမှုန်ဝေဝါးလျက်။ ဘယ်သူတွေကြည့်နေနေ သူ ဂရုမစိုက်။ သူ့အတွေးထဲ နှလုံးသားထဲ၌ ငွေငါးလေးအရိပ်တွေသာ အပြည့်။
အဲဒီနောက်မှာတော့ သူ့သိက္ခာ၊သူ့မာနကို နှိုးဆွခံလိုက်ရတာ အဆိုးဆုံးပင်။
"ငါ့ဘာသာတစ်ယောက်တည်းနေချင်တယ်ကွာ။ မင်းတို့လည်း ငါ့အတွက်နဲ့ ဒုက္ခခံမနေနဲ့ ပစ်ထားလိုက်"
"အဲဒီလိုနေလို့ရရင်တော့ ကောင်းသား..ငါတို့က ဘော်ဒါအရင်းကြီးတွေ သမ္ဘာ။ မင်း ခုလိုဖြစ်နေတော့ ငါတို့လည်း စိတ်မချမ်းသာဘူး"
"ငါ့ထိုက်နဲ့ငါ့ကံဘဲ...လွှတ်ထားလိုက်"
"ကျစ်...မဟုတ်သေးဘူးသမ္ဘာ မင်း ဘာဖြစ်နေတာလဲ။ ငါးလေးကြောင့်လား...ငါးလေး အတိတ်ကို သတိရသွားလို့ ခံစားနေရတာဆိုရင် မင်းဒီလောက်မဖြစ်သင့်ဘူးလို့ငါ ထင်တယ်။ မင်းယောကျ်ားဘဲကွ...အချစ်နဲ့စစ်မှာ မတရားတာ မရှိဘူး ဟေ့ကောင်။ ငါးလေးမှာ ပိုင်ရှင်ရှိနေတာမှ မဟုတ်တာ။ မင်း အခွင့်အရေးတွေ ရှိပါသေးတယ် သမ္ဘာရာ အဲဒီလောက်အထိ စိတ်ဓာတ်ကျနေစရာ အကြောင်းကို မရှိဘူး"
ကျော်မြင့်သူက သမ္ဘာဖြစ်နေပုံကို ကြည့်ကာ အားမလိုအားမရဖြင့်ဆိုလိုက်သည်။ မျိုးကျော်နိုင်ကပါ ပုလင်းတွေဖန်ခွက်တွေကို သိမ်းရင်း၊
"ရည်းစားငုတ်တုပ်ရှိနေတာမှ မဟုတ်တာ..ငါးလေးရဲ့ရည်းစားက သေပြီဘဲ။ ခုချိန်မှာ အားမနာတမ်းပြောရရင် မင်းနဲ့သူက တရားဝင်သမီးရည်းစား...မင်းကို မေ့နေလည်း ခဏပေါ့ကွ"
သူငယ်ချင်းတွေ တစ်ယောက်တစ်ပေါက်ပြောနေပေမယ့် သမ္ဘာ မျက်လုံးမဖွင့်မိ။ စကားတစ်ခွန်းမှ မဆိုတော့ မျိုးကျော်နိုင် သူ့ဘေးဝင်ထိုင်ကာ၊
"မင်း ကလေးဆန်နေသလားပဲ"
ပြင်းရှသည့်ထိုးနှက်ချက်တွေက ရင်ခွင်ဗလာမှာ အရှိန်ကောင်းဆဲ။ သူ လေးပင်စွာခေါင်းရမ်းရင်း၊
"ငါ ကလေးဆန်နေတယ်ဟုတ်လား...အဟက်...ထားလိုက်ပါတော့ သမ္ဘာရင့် ကလေးဆန်နေတယ်လို့ဘဲ"
သက်မချသံ အပြိုင်ကြားရပြီး နောက်ထပ်စကားမဆိုကြတော့။ နွားရိုင်းသွင်းချိန်မှသည်မဟူရာအမိုက်တိုက်အတွင်းသို့တိုးဝင်နေပြီ။
ဘက်ထရီမီးချောင်းကို ကျော်မြင့်သူက မနေနိုင်ဘဲ ထချိတ်လိုက်တော့ ခြံစောင့်တဲအိမ်အတွင်းလင်းချင်းသွားသည်။သူ နှင်းဆီခင်း တစ်ဆုံးကို ငေးကြည့်ရင်း ငြိမ်သက်သွားရ၏။
လျှပ်စစ်မီးသီးအလင်းရောင်အောက်ဝယ် နှင်းဆီပွင့်ချပ်များက ပို၍သက်ဝင်လှုပ်ရှားနေသည်။ ဟိုးအဝေးဆီက ညပိုးကောင်လေးများ၏ အော်မြည်သံက စူးစူးရှရှပေါ်ထွက်လျက်။အိပ်တန်းပြန်ညဥ့်ငှက်များပျံသန်းသွားသည့် မည်းမည်းအရိပ်ကအစ မျက်တောင်မခတ်တမ်း ကြည့်နေမိသည်။
အထီးကျန်ခြောက်သွေ့ခြင်းများနှင့်အတူ လွမ်းဆွတ်တမ်းတသည့် ဝေဒနာတို့ဖြင့် ရင်ထဲ ပို၍ဟာကာ၊ပို၍ ထိရှလာသည်။
"မင်း မပြောချင်တဲ့အရာကို ငါတို့ အတင်းမမေးဘူး။ ဒါပေမယ့်သမ္ဘာ...ငါတို့သိသလောက်တော့ ခုလိုမင်းပေတေနေတာ လုံးဝ အဓိပ္ပါယ်မရှိဘူးလို့ထင်တယ်။ အကောင်းဆုံးကတော့ မင်း ငါးလေးနဲ့သွားတွေ့ သင့်တယ်"
သူ ခေါင်းရမ်းရင်း ထရာမှ ထကာ အိပ်ရာဆီ တယိမ်းတယိုင်ဖြင့်လျှောက်သွားလိုက်သည်။
"သမ္ဘာ.."
ယိုင်နဲ့အသွားမှာ မျိုးကျော်နိုင်နဲ့ကျော်မြင့်သူ တစ်ဖက်ဆီ ဝင်တွဲပြီး သူ့ကို အိပ်ရာထဲ အရောက်ပို့ပေးကြ၏။ ဖျာပေါ်သို့ သူ့ကိုယ်ကြီးကို လှဲလျောင်းချလိုက်ချိန်တွင် မူးဝေခြင်းက တရိပ်ရိပ်တိုးလာတော့သည်။
"သမ္ဘာ..."
"ဘာလဲကွာ.."
သူ ခပ်ဆတ်ဆတ်ပြန်ထူးရင်း လေးလံနေသည့်မျက်ဝန်းအစုံ ကို မှိတ်ထားမိသည်။ ယခုအချိန်မှာ ဘယ်အသံမှ နားဝင်မချိုနိုင်တော့။
"မင်း ဟိုတစ်ယောက်နဲ့ပက်သက်ပြီး သံသယဖြစ်နေတာမို့လား"
"ဘာကို သံသယဖြစ်ရမှာလဲ"
လေးလံနေသည့်မျက်ဝန်းအစုံကို အားယူဖွင့်ရင်း မကျေမနပ်ပြန်ပြောပစ်လိုက်သည်။ ရီဝေဝေဖြစ်နေသည့် အတွေးအာရုံတွေထဲဝယ် သူမ ပုံရိပ်တွေသာ လွှမ်းခြုံလျက်။ မေ့လို့ရလိုရငြား သောက်ပစ်လိုက်ပါတယ်..ပိုလို့တောင်သတိရနေမိသေး။
"ရွှေတမံလေ...ငါးလေးချစ်တာ ရွှေတမံ အဲဒီအမှန်တရားကို မင်း လက်မခံဖြစ်နေတာမို့လား"
"နိုး...အဲဒီကိစ္စနဲ့ပက်သက်ပြီး ငါ့ခေါင်းထဲမှာ ဘာမှ မရှိဘူး ဟေ့ကောင်။ ပြီးခဲ့တာတွေကို အစအနကောက်ပြီး တယောထိုးမဲ့ကောင်လည်းမဟုတ်ဘူး။ ရွှေတမံချစ်တာထက် အဆပေါင်းများစွာ ပိုပြီး ငါချစ်နိုင်တယ်ကွ။ ချစ်လည်းချစ်တယ်"
"ဒါဆို မင်းရှော့ခ်ကိုက်နေတာက..."
"ကျစ်...ငါ့ကိစ္စနဲ့ငါပါကွာ ငါဘာသာငါတစ်ယောက်တည်းဖီးနေပါရစေ။ မင်းတို့လည်းပြန်တော့"
သမ္ဘာရင့် ပြောစရာ စကားလုံးတွေ မရှိတော့လောက်အောင် မွန်းကျပ်ပိတ်လှောင်လျက်။ပြောလိုက်သည့်စကားလုံးတွေနဲ့ အမူအယာတွေပါ တင်းမာခက်ထန်နေမှာ မလွဲ။
"ရွှေတမံနဲ့ပက်သက်ပြီး မင်းနှာကစ်နေတယ်လို့ ငါတို့ကထင်နေတာ။ အဲဒါကြောင့် မဟုတ်ဘူးဆိုတော့ ဘာလဲ...မင်းပုလင်းထောင်နေတာပျော် လွန်းလို့တော့ မဟုတ်တန်ရာဘူး"
"အဲဒီကိစ္စကို ခေါင်းထဲကို မရှိတာ....တော်ပါတော့ ရွှေတမံနဲ့ပက်သက်ပြီး မင်းတို့ဘာမှ ထပ်မပြောကြပါနဲ့တော့"
ကိုယ့်ဝမ်းနာ ကိုယ်သာသိ၏။ ဝေဒနာတွေသာ ရင်မှာ ပြည့်ကျပ်စွာ အုံဖွဲ့လျက်။
"ကဲပါကွာ...စိတ်ထဲ ထားမနေနဲ့..အချိန်တန်ရင် အလိုလိုမီးငြိမ်းသွားမှာပါ"
ကျော်မြင့်သူက ဖြေဖြေလျှော့လျှော့ဆိုပေမယ့် သူ့ရင်ထဲတွင် ဖြေလျှော့နိုင်ခြင်းမရှိခဲ့။
"ငါ့ဘဝ၊ငါ့နှလုံးသား၊ငါ့ချစ်ခြင်း ပြီးတော့ မတူညီတဲ့ အလွှာတွေရယ် အားလုံးပေါင်းပြီး ဆန့်ကျင်ဘက် လားရာမတူဘဲ လောင်းကျွမ်းနေမဲ့ မီးကွ။ ဒီမီးက ငြိမ်းသွားမဲ့မီးမဟုတ်ဘူး"
သူ အံကြိတ်လျက် နာနာကျင်ကျင်ဆိုလျှင်၊
"အဲဒီလောက်အထိလည်း မဟုတ်ပါဘူး သမ္ဘာရာ။ မင်းဘက်က ယူဆချက်တွေကို နည်းနည်းလျှော့လိုက်ရင် အဆင်ပြေသွားမှာပါကွာ"
သူ ခေါင်းခါပစ်လိုက်သည်။ ညပိုးကောင်များ၏အော်မြည်သံများက သူ့နှလုံးသားကွဲအက်သံကို ကိုယ်စားပြုသည့်နှယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ဆူး..."
"အို..."
ခေါ်သံကြောင့် အမှတ်မထင်လှည့်ကြည့်မိစဥ် မြင်လိုက်ရသည့် မျက်နှာကြောင့် ရင်တွေ တဒိုင်းဒိုင်းဆောင့်ခုန်ကာ ကတုန်ကယင်ဖြစ်ပြီး ကြက်သေသေနေသည်။ အတန်ကြာသည့်အထိ တစ်ယောက်ကို တစ်ယောက် စူးစိုက်ကြည့်နေမိရင်းမှ၊
"ဆူး..."
"ဟင်..."
အလောတကြီးခေါ်သံနှင့် ခြေလှမ်းများရွေ့လာမှ ဆူးသတိဝင်ကာ ပဝါစဖြင့်မျက်နှာကို ဆွဲဖုံးပြီး လှည့်ပြေးရသည်။
"ဆူး..နေပါဦး..ကိုကိုပြောပါရစေ.."
"ဟင်အင်း..."
ပြေးလိုက်လာသည့် ခြေသံနှင့်ထူးခြားစွာ နူးညံ့ပျော်ဝင်နေသည့်စကားလုံးတွေကို ဆူး မကြားဟန်ပြုရင်း ကားတံခါးကို ကမန်းကတမ်းဆွဲဖွင့်ကာ ကားပေါ်တက်မောင်းထွက်ခဲ့မိသည်။
"ဆူး...."
အပိုင်း(၃၁)ဆက်ရန်👈👈👈
စာဖတ်သူများအတွက်
ထာဝရ
#ဖက်ဖူးစိမ်း