🌺 ပန်းမွေ့ရာ....ရွှေကော်ဇော🌺
"ဟေ့...ငါတို့ဒီမှာ..."
ဟိုကြည့်သည်ကြည့်နှင့်ဆိုင်ထဲ ဝင်လာသည့် ဥက္ကာကျော်ကို သစ်ထူးလက်လှမ်းပြလိုက်မှ ဥက္ကာကျော်က သူတို့ကို မြင်သွားပြီး စားပွဲဆီ တန်းတန်းမတ်မတ်လျှောက်လာတော့၏။
အသင့်ကြိုရောက်နေသည့် ဆက်နိုင်နှင့် သစ်ထူးက ဥက္ကာကျော်အတွက် ကော်ဖီကြိုမှာထားသဖြင့် ဥက္ကာကျော်က ခုံဆွဲထိုင်ကာရှေ့မှာ အသင့်ရှိနေသည့် ကော်ဖီကို ဝေ့ဝဲကြည့်ပြီး ပြုံးသည်။
"ငါတို့ကောင်တွေက တစ်ယောက်အကြိုက်ကို တစ်ယောက်က အမြဲသိနေတယ်နော် "
ဖျတ်ခနဲ အကြည့်တွေ ဆုံသွားပြီး မျက်နှာတွေက မှုန်မှိုင်းသွားလေသည်။ သည်ဆိုင်မှာ ဆုံကြမယ်လို့ စချိန်းမိကတည်းက သုံးယောက်စလုံးရင်မှာ တူညီတဲ့ခံစားချက်တို့ဖြင့်။
"မင်းတို့ ဘာကိစ္စရှိလို့ ဒီဆိုင်မှာ ချိန်းတာလဲ ဆက်နိုင်"
ဆိုင်အပြင်ဘက် မြင်ကွင်းကို စူးစိုက်ကြည့်နေရင်း ဥက္ကာကျော်က မေးတော့၊
"ငါတို့ ဒီဆိုင်မှာ မဆုံဖြစ်တာ ဘယ်လောက်ကြာနေပြီလဲ"
"ငါးလခွဲ..."
သစ်ထူး အသံက ကြေကွဲမှုတွေ ရောပြွမ်းလျက်၊
"တမံဆုံးပြီးကတည်းက ငါတို့ ဒီဆိုင်ကို မလာဖြစ်တော့ဘူးဆိုရင် ပိုမှန်လိမ့်မယ်"
"ငါတို့အဖွဲ့ထဲမှာ သူမရှိကတည်းက ခြောက်ကပ်သွားတာဘဲ။ ဒီဆိုင်ကို အတူတူထိုင်ခဲ့တာတွေ ပျော်ပါးစနောက်ခဲ့တာတွေ..."
ဘလက်ကော်ဖီမှ ကြိုက်တဲ့ တမံ၊ ရည်းစားတွေ ထည်လဲတွဲခဲ့တဲ့ ခပ်ရှုပ်ရှုပ်ကောင်။ သို့သော်..ဘော်တာအကန့်ပြည့်တာထက်ပိုပြီးလျှံနေသည့် တမံကို သူတို့သုံးယောက်လုံး ညီအစ်ကိုရင်းလိုခင်ကြသည်။ တစ်ယောက်နဲ့တစ်ယောက် ဆဲဆိုစနောက်ရင်း အခင်အမင်တွေ တိုးခဲ့တဲ့နေ့စွဲတွေကို မေ့မရခဲ့ပါ။
ဘယ်နေရာ သွားသွားလေးယောက်အတူတူမို့ တမံဆုံးသွားတော့ လှစ်ဟမှုက သိသိသာသာ။တမံမပါတော့ သူတို့သုံးယောက်လည်း အပြင်မှာ သိပ်မတွဲဖြစ်ကြတော့။
ခုဆို ပိုတောင်ဆိုးသေး။ တမံမရှိဘဲ ကျောင်းတက်ရတာ အရင်လို စိုပြေမှုမရှိတော့။ အရင်ကဆို သူတို့လေးယောက်အဖွဲ့က ကျောင်းမှာ စတား။ မိန်းကလေးတွေရဲ့ အသည်းစွဲ ကင်းတစ်ယောက်ဖြစ်တဲ့ တမံကြောင့် သူတို့သွားလေရာ မျက်နှာ ပွင့်ခဲ့သည်။ ပြီးတော့ နောက်တစ်ယောက် ရွှေရေးချယ်။
တမံ သေဆုံးသွားပြီး ရေးကတော့ ပျောက်ချင်းမလှ ပျောက်ဆုံးသွားခဲ့သည်။ ရေးကတော့ သတင်းအစအနပင်မရ။
"ဒါထက် ရေးသတင်းရော မင်းတို့ ဘာကြားသေးလဲ"
တိတ်ဆိတ်မှုကို ဖြိုခွင်းသည့် ဆက်နိုင်အသံကြောင့် သစ်ထူးတို့အကြည့်တွေ ဆက်နိုင်ဆီ စုပုံရောက်သွားကာ၊
"မကြားဘူး...မင်းတို့ရော..."
"ငါတို့လည်း ဘာမှ မကြားဘူး။ တမံနဲ့ရေး ခရီးအတူတူသွားတာလို့ သူတို့မိဘတွေက ပြောတယ်။ ဒါပေမယ့် တမံအလောင်းကို ရန်ကုန်ပြန်သယ်လာတဲ့အထိ ရေးနဲ့ပက်သက်တာ မကြားရတာ ခုချိန်အထိဘဲကွ။ ရဲတွေလည်း ဒီအမှုနဲ့ ခေါင်းစားနေကြတယ်"
"ခရီး အတူတူသွားကြပြီး ရေးက ဘယ်ပျောက်သွားတာလဲ။ တစ်ယောက်ယောက် ရေးကို ခေါ်သွားတာရော မဖြစ်နိုင်ဘူးလား"
"အင်း...ခေါ်သွားတယ်ပဲ ထားဦး...ရေးက ဘာလို့ခုချိန်ထိ မဆက်သွယ်ရသလဲ။ ရေးရော တမံလို သေဆုံးသွားတာ မဖြစ်နိုင်ဘူးလား"
"ရေးသာ တကယ် သေသွားတာဆို အလောင်းကို တွေ့ရမှာပေါ့..ဟိုင်းဝေးလမ်းမကြီး တစ်လျှောက်ရဲတွေ စုံစမ်းပြီးပြီ ဘာ အလောင်းမှ မတွေ့ဘူးတဲ့။ ပြီးတော့ ရဲတွေ အတည်ပြုထားတာက တမံတို့ကားကို တိုက်သွားပြီးမှ တမံကို ချောက်ထဲ ပစ်ချသွားတာတဲ့ကွ"
"ဒါဆို ရေးကို အဲဒီတိုက်သွားတဲ့ကားက ခေါ်သွားတာရော မဖြစ်နိုင်ဘူးလား"
"အင်း...ကားတိုက်မှုဖြစ်တဲ့နေရာရဲ့ မလှမ်းမကမ်း လမ်းဘေးမှာ သွေးတွေနဲ့ နားကပ်တစ်ဖက်ရခဲ့တယ်။ ကားတိုက်မှုဖြစ်ပြီးတော့ လွင့်ကျသွားတာ ဖြစ်နိုင်တယ်ကွ။ ရေး ခုချိန်ထိ အသက်ရှင်နေတယ်လို့ ငါတော့ယုံကြည်နေတယ်"
သစ်ထူးက သူရဲ့ထင်မြင်ချက်ကို အပိုင်ပြောသည်။
"ရေး မသေဘူးဘဲ ထားပါတော့... မသေရင် ဘာကြောင့် မဆက်သွယ်သလဲ။ သူ့မိဘတွေဆီ ဘာလို့ပြန်ရောက်မလာရတာလဲ"
ဆက်နိုင်ရဲ့မေးခွန်းကြောင့် စကားဝိုင်းက ခဏတိတ်ဆိတ်သွားပြီးမှ၊
"ရေးက အတိတ်တွေဘာတွေ မေ့နေလို့ ပြန်ရောက်မလာတာများလား..."
ဥက္ကာကျော်ထံ၌ အကြည့်တွေ ဆုံသွား၏။
"ဒါဆို ရေးက ဘယ်ရောက်နေတာလဲ။ ရေးကို ဘယ်သူတွေ ခေါ်သွားတာလဲ"
"အဲဒါကိုသိနေမှတော့ ရှင်းနေပြီပေါ့ကွ"
"တမံတို့ကားကို တိုက်သွားတယ်ဆိုတော့ ရန်ငြိုးရန်စရှိနေလို့များလား။ ပြီးတော့ ရေးပါ ပျောက်နေတာဆိုတော့ ပိုထူးဆန်းတယ်"
သူတို့သုံးယောက်ဆုံတိုင်း ဒီအကြောင်းကို ဆွေးနွေးဖြစ်ကြပေမယ့် အဖြေမှန်ကိုတော့ ခုချိန်ထိ မထုတ်နိုင်သေးပါ။
"တမံနဲ့ရန်ငြိုးရန်စရှိတဲ့သူ ဘယ်သူရှိလို့လဲ။ ငါတို့နဲ့တမံဆိုတာ အမေ့ဝမ်းက ကျွတ်ထဲက လည်ပင်းဖက်ပေါင်းလာတာ တမံ့အကြောင်း ငါတို့အသိဆုံး"
"ဟုတ်တယ်...တမံနဲ့ မသင့်မြတ်တဲ့သူ ဆိုလို့တစ်ယောက်ဘဲ ရှိတယ် အဲဒါ ရင့်မဟာ...."
"ဟင်..."
"ဟုတ်တယ်..ဥက္ကာ ပြောတာ မှန်တယ် တမံနဲ့အကြီးကြီးငြိဖူးတာ ရင့်မဟာဘဲ"
"အဲဒီကောင်ကို ကျောင်းမှာ ငါမတွေ့မိသလိုဘဲ။ ဒီကောင် ခု စမ်မှာ ကျောင်းမတက်တော့တာလား မသိဘူး"
"သူ ဒစ်စတန့်ပြောင်းသွားတာကွ။ သူ့အဖေဆုံးသွားတော့ သူ့အဖေရဲ့လုပ်ငန်းတွေကို ဦးစီးနေတယ် ကြားတယ်"
"ရေးကို သုတ်သွားတာ ဒီကောင်ဘဲ နေမှာ..."
"ငါတော့ အဲဒီလို မထင်ဘူး ဆက်နိုင်...ဘာဖြစ်လို့လဲ ဆိုတော့ သူ့အဖေဆုံးသွားပြီးမှ သူ့မွေးစားညီမဆိုလား ဘာဆိုလားကွာ...အဲဒီကောင်မလေးနဲ့သူ လက်ထပ်လိုက်တယ်ကွ"
"တမံကို လာနွှယ်တဲ့ ကောင်မလေးမို့လား...ထင်သားဘဲ အဲဒီတစ်ယောက်က ရင့်မဟာကို ကြိုက်နေတာ အသိသာကြီး"
"ရင့်မဟာတို့အတွင်းရေးတွေကလည်း ရှုပ်ယှက်ခတ်နေတာကွ။ ရေးကို ရင့်မဟာ မ သွားတာတော့ လုံးဝမဖြစ်နိုင်ဘူး"
"အဲဒီလို တရားသေပြောလို့ရမလားကွ။ ငါတော့ ရင့်မဟာလည်း မယုံဘူး။ ဒီကောင်က ရေးနဲ့ပက်သက်ပြီး တမံ့ကိုအစာကြေမှာ မဟုတ်ဘူး။ တမံကို သတ်တဲ့ကောင်ကို ငါတို့ဖော်ထုတ်ရမယ်။ ပြီးတော့ ရေး...တမံအချစ်ဆုံးမိန်းကလေးကိုလည်း ငါတို့ဆက်ပြီး စုံစမ်းရမယ်"
"စုံစမ်းနေတာဘဲ ငါးလခွဲနေပြီ ခုချိန်ထိ သတင်းမှ မထူးတာ"
"ဘာလဲဆက်နိုင်... မင်းက ငြိုငြင်တာလား"
"ငြိုငြင်လို့ပြောနေတာ မဟုတ်ဘူး သစ်ထူး။ ဒီအချိန်ထိ သတင်းမရသေးတဲ့အကြောင်း ကိုပြော ပြတာ။ သက်ဆိုင်ရာကလည်း စုံစမ်းနေတာ ထူးမှမလာဘဲ"
"မင်း မလုပ်နိုင်ရင် ရတယ်.. ငါကတော့ လက်မလျှော့ဘူး။ ရေး သတင်းကို ရအောင်စုံစမ်းမယ်"
ဆက်နိုင်နဲ့သစ်ထူး အချေအတင်ထဖြစ်တော့ ဥက္ကာကပဲ ဖြန်ဖြေကာ၊
"တော်ကြပါတော့ကွာ သူငယ်ချင်းအချင်းချင်း ပြေပြေလည်လည်ပြောကြပေါ့။ မင်းတို့ ငါ့ကို ခေါ်တာ ရန်ပွဲကြည့်ဖို့လား"
အချဥ်ပေါက်ပေါက်နဲ့ ထပြောမှ နှစ်ယောက်သား ငြိမ်သွားပြီး သစ်ထူးက မှုန်တေတေဖြင့်ဖြေလာသည်။
"ငါတို့ တမံရှိတဲ့နေရာ သွားမလို့ ...အဲဒါ မင်းလိုက်ဦးမလား"
"မရောက်တာတောင်ကြာနေပြီဘဲ လိုက်မှာပေါ့"
"ဒါဆို သွားရအောင်"
သုံးယောက်စလုံး ပြိုင်တူထရပ်ကာ ဘေရှင်းပြီး ဆိုင်ထဲက ပြန်ထွက်လာသည့်အထိ စကားမဆိုဖြစ်တော့။ အတွေး ကိုယ်စီဖြင့် ငြိမ်သက်တိတ်ဆိတ်လျက်။
"ဘာလဲ..."
ကားစတင်းလို့ လှမ်းနေသည့် ရှေ့ဆုံးမှ ဥက္ကာ ရုတ်တရက် ရပ်သွားတာမို့ သစ်ထူးထံမှ မေးသံထွက်လာပြီး ဥက္ကာ အကြည့်တွေဆီ ရွေ့သွားတော့၊
"ရင့်မဟာ..."
ရင့်မဟာက သူတို့ကို မမြင်..။ လမ်းတစ်ဖက်ရှိ စီးတီးမတ်ထဲမှ ထွက်လာသည့် ရင့်မဟာပုံစံက တင်းမာခက်ထန်နေကာ မိန်းကလေးတစ်ဦးက ရင့်မဟာလက်မောင်းကို အတင်းလိုက်ဆွဲပြီး ချော့မော့နေသည့်မြင်ကွင်းကို မရည်ရွယ်ပါဘဲ သုံးယောက်စလုံးရပ်ကြည့်နေမိကြ၏။
"အဲဒီကောင်မလေးက ဘယ်သူလဲ..."
"မသိဘူး...ဆူးခေတ်သစ်မဟုတ်တာတော့သေချာတယ်"
"တမံ နဲ့လာငြိတုန်းက ဆူးခေတ်သစ်ကို မြင်ဖူးလိုက်တယ်။ ဒီကောင်မလေးက ဆူးခေတ်သစ်မဟုတ်ရင် ဘယ်သူလဲ"
မေးခွန်းကိုယ်စီ အတွေးကိုယ်စီဖြင့် ငြိမ်သက်သွားစဥ်...ရင့်မဟာက ကောင်မလေးလက်ကို ဖယ်ချကာ ကားပေါ်တက်မောင်းထွက်သွားပြီ။
သုံးယောက်သား တိုင်ပင်မထားဘဲ မျက်စ ကိုယ်စီပစ်လိုက်မိသည်။
"ဒီကောင်က ဘာလဲ...ဆူးခေတ်သစ်နဲ့လက်ထပ်တားတာ မဟုတ်လား"
"ထားလိုက်တော့ အဲဒါ သူ့ကိစ္စ...ငါတို့လမ်းငါတို့သွားတာ အကောင်းဆုံး"
ဆက်နိုင်က သတိပေးရင်း သူ့ကားဆီလျှောက်သွားကာ ရှေ့ဆုံးက မောင်းထွက်သွားတော့ ဥက္ကာကျော်နှင့်သစ်ထူးတို့ကားတွေပါ ရှေ့ဆင့်နောက်ဆင့်ပါလာ၏။
ရွှေတမံ၊ ဥက္ကာကျော်၊သစ်ထူးနှင့်ဆက်နိုင်ဆိုသည့် သူငယ်ချင်းလေးယောက်သည် မူကြိုတက်စဥ်ကတည်းက ခင်မင်လာကြသည့် ငယ်ပေါင်းအရင်းကြီးတွေပင်။ ကလေးချင်းကစပြီး နောက်ပိုင်းမိဘချင်းပါ ခင်မင်လာသည့်အထိ သူတို့ဆက်ဆံရေးက ညီအစ်ကိုနှင့်မခြားခဲ့။
လူကုံထန်အသိုင်းအဝိုင်းမှ မွေးဖွားလာသည့် သူတို့လေးယောက်မှာ တမံက အနည်းငယ်ဗိုလ်ကျချင်ပေမယ့် သူငယ်ချင်းတွေအပေါ် ကူညီရိုင်းပင်းသည်။ တမံအိမ်သည် သူတို့ရဲ့စားအိမ်သောက်အိမ်ဖြစ်ခဲ့ရုံမက တမံနဲ့ပက်သက်သမျှ အကြောင်းအရာတိုင်းသည် သူတို့အကြောင်းကိစ္စလို့သတ်မှတ်ခဲ့ကြတာ။ တမံကိုယ်တိုင်ကလည်း သူတို့ရဲ့အရေးကိစ္စဆို ငြူစူခြင်းမရှိဘဲ ရှေ့ဆုံးက အသင့်ရှိနေတတ်သူ။
ရတ်တရက် တမံဆုံးသွားသည့် အဖြစ်က သူတို့အတွက်တော့ အိပ်မက်ဆိုးတစ်ခုပင်။ ယခုလည်း ကားသုံးစီး၏ ဦးတည်ရာသည်....။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ယာ နောက်မဆုတ်နိုင်ဘူး ဖေကြီး.."
"ဘာ..."
ဦးမိုးကြိုး၏ အသံကြီးက ဟိန်းထွက်သွားကာ မျက်နှာပါ လိုတာထက်ပိုတင်းမာလာသည်။
"ဘာပြောတယ် ယာ...ပြန်ပြောစမ်း"
"ယာ ကို့ကိုမစွန့်လွှတ်နိုင်ဘူး ဖေကြီး။ ကို့ကို ယာ ချစ်တယ်..အဲဒီအတွက်ဖေကြီး ကြိုက်တဲ့အပြစ်ပေး ယာခံယူမယ်"
"မိယာ...ညည်းက အဖေကိုအာခံနေတာလား။ ထက်တွန့်တက်ဖို့ မစဥ်းစားနဲ့..အစီအစဥ်အတိုင်းဆက်လုပ်"
"ဖေကြီးစကားကို ယာ နားမထောင်တာ မဟုတ်ပါဘူး။ ယာ ပြောတာက ဖေကြီးတို့စီစဥ်တဲ့အတိုင်း ယာလိုက်လုပ်ပေးနေတာဘဲ။ ယာ့ကို ဒီတစ်ခုလေးတော့ ခွင့်ပြုပေးပါ ဖေကြီး"
"တော်စမ်း မိယာ....ဖေကြီးတို့ အစီအမံထဲမှာ ချစ်တာတွေမေတ္တာတွေ ပါလို့မရဘူး။ သမီးကို ဖေကြီး တစ်ခါတည်း ပြောထားပြီးသား"
"ယာ ကို့ကို တကယ်ချစ်နေမိပြီ ဖေကြီး"
"တိတ်..ဆက်မပြောနဲ့။ ညည်းကို သူနဲ့ဘယ်လိုမှ သဘောမတူနိုင်ဘူး။ ချစ်လို့လည်း မရဘူး"
"ဘာဖြစ်လို့လဲ"
"ဖေကြီးတို့ ချမ်းသာဖို့ အရေးကြီးတယ် ယာ"
"ခု သူ့မိန်းမနဲ့ကွဲသွားပြီ..ယာ ဘာထပ်လုပ်ပေးရဦးမှာလဲ"
"အိမ်ပြန်ဖို့ လုပ်တော့ သမီး...သမီးလုပ်ရမဲ့ အပိုင်းပြီးပြီ"
"ယာ မပြန်နိုင်ဘူး"
"မိဒေလီယာ..."
ဖေကြီးရဲ့ နီရဲမာထန်နေသည့် မျက်နှာကို ယာ မော့မကြည့်ရဲတော့ပါ။ ကိုနဲ့ ဝေးဝေးနေဖို့လည်း မဖြစ်နိုင်။ ယာ ကို့ကို ချစ်တယ်။ ဟန်ဆောင်နေရင်း ကို့ကို ယာ တကယ်ချစ်မိသွားတယ် ကို။
"ညည်းကို ရင့်မဟာက အတည်ယူမယ်များထင်နေသလား မိယာ။ ပွဲလန့်တုန်းဖျာခင်းပြီးပြီ ကျန်တဲ့ကိစ္စက ဆရာကြီး အလုပ်။ သူ အမိန့်မပါဘဲ ဘာမှ လုပ်ခွင့်မရှိဘူးဆိုတာ ညည်းသိပါတယ်"
"ယာက တစ်ချက်ခုတ် နှစ်ချက်ပြတ်တဲ့နည်းကို သုံးမလို့..ဖေကြီးတို့ အစီအစဥ်က အောင်မြင်မယ်လို့များထင်နေသလား"
တွေဝေသွားသည့် ဖခင်ကို ကြည့်ပြီး ဒေလီယာပြုံးလိုက်သည်။
"ရင့်မဟာလို သူဌေးသားတစ်ယောက်..လုပ်ငန်းရှင်တစ်ယောက်ရဲ့ ပိုင်ဆိုင်မှုကို ဖေကြီးတို့လွယ်လွယ်ကူကူရမလား စဥ်းစားကြည့်"
"အဲဒါ ဆရာကြီးသဘော"
"မဟုတ်ဘူး ဖေကြီး...ရင့်မဟာက လူသာငယ်တာ ဦးနှောက်က မငယ်ဘူး။ သူ့အဖေရဲ့လုပ်ငန်းတွေကို ခဏချင်းဦးဆောင်နိုင်တာသာကြည့်။ ဖေကြီးတို့လုပ်ရပ်က ဥစ္စာမရတဲ့အပြင် ထောင်နန်းပါစံနေရမဲ့နည်းကြီး"
"သူ့မိန်းမနဲ့သူ့အမေကိုရှင်းထုတ်နိုင်ပြီဘဲ"
"အဟင်း...သူ့အမေနဲသူ့မိန်းမ မရှိတာနဲ့ ရင့်မဟာက ပေတေသွားမယ်ထင်သလား"
ဦးမိုးကြိုး ခုံမှာ ခြေပစ်လက်ပစ်ထိုင်ချလိုက်ပြီး အဆီပြန်နေသည့် မျက်နှာကို လက်ဖဝါးဖြင့် ပွတ်သပ်ရင်း၊
"ဆရာကြီးကတော့ သူ့မိန်းမနဲ့အမေ အဝေးလွင့်သွားပြီးရင် ကျန်တာ သူဆက်လုပ်မယ်တဲ့"
"အဲဒီလူကြီးကို ဖေကြီး ဘယ်အချိန်အထိကြောက်နေမှာလဲ"
ဦးမိုးကြိုး သမီးဖြစ်သူကို ဖျတ်ခနဲ မော့ကြည့်သည်။ အကြည့်ချင်းအဆုံမှာ ဦးအောင်မျက်နှာ လွှဲပြီး၊
"သမီး မသိသေးတာတွေ အများကြီးရှိတယ်...ဒါပေမယ့် သမီးတစ်ခုတော့ သိထားပါ။ ဖေကြီး လုပ်နေသမျှက သမီး အတွက်ဘဲဆိုတာကို"
"ဖေကြီး...သူက ဖေကြီးနဲ့ယာ့ကို အသုံးချပြီး သူ့ကျတော့ တစ်ခါတည်း ကြီးပွားမဲ့နည်းသုံးနေတာ။ တစ်ချက်လွဲတာနဲ့ ဖေကြီးနဲ့ယာက လျောသွားမှာ သူက အေးဆေးဘဲ။ အကျိုးအမြတ်ရလာရင်လည်း သူက အပိုင်သိမ်းပြီး ဖေကြီးကို ဖယ်ထုတ်ပစ်မဲ့လူကြီးပါ"
"ဒါပေမယ့်...သူ့ကိုဖေကြီး ဆန့်ကျင်လို့မဖြစ်ဘူး သမီး"
"ရှဥ့်လည်းလျှောက်သာပျားလည်းဆွဲသာပေါ့ ဖေကြီးရာ...ယာစဥ်းစားထားတာ ရှိပါတယ်။ ဖေကြီးတို့ယာတို့ ကြီးပွားမဲ့နည်းပေါ့"
"ဘာလဲ...သမီးက ဘယ်လိုစဥ်းစားထားလို့လဲ"
"ရင့်မဟာပိုင်တဲ့ လုပ်ငန်းတွေ စည်းစိမ်တွေကို တစ်ခါတည်း အပိုင်ချိုင်နိုင်တဲ့ နည်းက တစ်ခုဘဲ...အဲဒါ....."
အပြုံးတို့၏နောက်ကွယ်တွင် မရိုးဖြောင့်ခြင်းများစွာ စီးဆင်းလျက်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"သမီး..."
"ဟင်...ရှင် မေမေနွေး"
ရုတ်တရက် မေမေနွေး ခေါ်သံကြောင့် ဆူး မျက်ရည်တွေကို ကပြာကယာပွတ်သုတ်ပြီးမှ မေမေနွေးကို လှည့်ကြည့်လိုက်သည်။
"သမီးရယ် ငိုနေပြန်ပြီလား"
"ဆူး မငိုပါဘူး မေနွေးရဲ့"
မျက်ရည်စလေးတွေ စိုကပ်နေသည့် မျက်တောင်ဖျားလေးတွေနှင့် မို့အစ်အစ်မျက်နှာလေးကို ကြည့်ပြီး ဒေါ်နွေးနွေးလှိုင် သက်မချမိသည်။
"သမီး မေနွေးနောက်လိုက်လာတာ စိတ်ချမ်းသာရဲ့လား။ သမီး မပျော်ရင် မေနွေးကို ပြောနော်"
"ပျော်ပါတယ်...မေနွေး..ဆူးက ဘာလို့မပျော်ရမှာလဲ မေနွေးနဲ့ အတူတူနေနေရတာဘဲဟာ"
"သမီး...ဟိုကောင့်ကိုများ..."
အကဲခတ်လာသည့် မျက်လုံးများကို ရင်မဆိုင်ရဲစွာ ဆူး ခေါင်းငုံ့လိုက်မိသည်။ ပြိုကျလုလုမျက်ရည်တွေကို မျက်တောင်ခတ်လျက် သိမ်းရင်း ပါးပြင်လေးပေါ် ကျူးကျော်မလာအောင် နှုတ်ခမ်းကိုက်ကာ ထိန်းပေမယ့် သူနဲ့ပက်သက်ရင် အနာရှိန်က မပြေချင်။
"မေ့လိုက်စမ်းပါ သမီးရယ်...သမီးရဲ့မေတ္တာတွေနဲ့ လုံးဝ မတန်တဲ့ ယောကျ်ားမျိုးကို သမီး ဘဝထဲက အပြီး ထုတ်ပစ်လိုက်။ မေနွေးကြောင့် သမီးလေး ထိခိုက်နစ်နာခဲ့ရတာ မေနွေး စိတ်မကောင်းဘူး။ သူ့ကို ချစ်လွန်းလို့ သမီး အပေါ် မေနွေး မတရားခဲ့တာတွေကို တွေးမိတိုင်း ယူကြုံးမရဖြစ်မိတယ်။ မေနွေးတို့ ထားခဲ့တဲ့ မေတ္တာ၊စေတနာတွေက အဆိပ်ပင်ကို ရေလောင်းမိသလိုဘဲ"
အဲလို မဟုတ်ပါဘူး မေနွေးရယ် ကိုကိုက မေနွေးကို အရမ်းချစ်ခဲ့တဲ့ သားတစ်ယောက်ပါ။ ဆူး အပေါ် ကျူးလွန်ခဲ့သမျှအရာတွေဟာ မေနွေးကို ချစ်လွန်းခြင်းဆီကနေ မြစ်ဖျားခံလာတာတွေပါ။
"သမီး..."
"ရှင် မေနွေး.."
"နောင်တရနေတာတော့ မဟုတ်ဘူးမို့လား"
ဆူး ပြုံးမိသွား၏။ ထိုအပြုံးသည် အသက်မပါစွာ ခြောက်ကပ်ကပ်ဖြစ်နေမယ်ဆိုတာ အလိုလိုသိနေသည်။ ခံစားချက်တွေ မဲ့ခဲ့တာလည်း ကြာခဲ့ပြီ။
"ဆူး ဘယ်တော့မှ နောင်တရမှာ မဟုတ်ပါဘူး မေနွေး...အရင်ကလည်း နောင်တမရခဲ့သလို ခုလည်း နောင်တရဖို့မရှိဘူး"
"သမီး..သူနဲ့သမီး ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ သမီးလေးကို သူ့လက်ထဲ မေနွေး ပြန်မထည့်ပေးနိုင်ဘူး။ သူနားမှာ နေရင် နာကျင်စရာတွေဘဲ ရနေမှာ။ သူ့လုပ်ရပ်တွေကိုလည်း ခွင့်မလွှတ်နိုင်ဘူး"
"မေနွေး..."
"ဟင်..."
"ဟိုအကြောင်းတွေကို သူ သိသွားပြီလားဟင်မေနွေး ပြောလိုက်ပြီလား"
မေမေနွေး မျက်နှာ ကွက်ခနဲ ပျက်သွားပြီး မျက်ဝန်းများက အဝေးဆီရွေ့သွားကာ စကားသံတွေပါ ဆိတ်သုန်းသွားလေသည်။
"သူနဲ့ ပက်သက်ပြီး မေနွေးဘာမှ မပြောချင်တော့ဘူး သမီး။ မေနွေးက အမြဲတမ်းတစ်ယောက်တည်းဘဲ..။ သူနဲ့သူ့အဖေ အပေါ် မေနွေးရဲ့ ချစ်ခြင်းမေတ္တာတွေ စုပုံပေးခဲ့ရတာ။ မေနွေး ဘက်ကိုကြတော့ ဘယ်သူမှ နားမလည်ပေးကြဘူး။ အဖေရော သားရော မေနွေးရဲ့ မေတ္တာကို စော်ကားကြတယ်"
"မေနွေးရယ်..."
ဆူး ဟန်မဆယ်နိုင်တော့ပါ။ မိခင် ရင်ခွင်တမျှ အေးမြလှသည့် မေနွေးရင်ခွင်တွင်း တိုးဝင်ကာ ခါးကို ဖက်လိုက်သည်။ ထိုအခါ..မေနွေးလက်တွေ ဆူး ကိုယ်လေးပေါ် တုံ့ပြန်ဖက်တွယ်လာ၏။
ချစ်ခြင်းမေတ္တာဆိုတာ အသွားအပြန်ရှိပါလျက် ဆူးတို့အဖြစ်က...။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လေပြည်လေညင်းများက တသုန်သုန်မြူးလျက်။
သက်ငြိမ်တိတ်ဆိတ်ခြင်းကပင် တသသလွမ်းဆွတ်ခြင်းကို ပံ့ပိုးလျက်ရှိနေ၏။ တစ်ယောက်မှ စကားမဆိုမိကြဘဲ ဦးတည်ရာ တစ်ခုဆီသို့ လျှောက်လှမ်းနေသော်ငြား မျက်ဝန်းများဆီက ကြေကွဲခြင်းများကို ဖုံးဖိမရ။
"ရှဲ...ရှဲ..."
"ဖရော...ဖြော..."
လေအသုတ်မှာ ရော်ရွယ်များ ရှပ်တိုက်ပြေးသွားကြသည်။ ဂူတွေကို ဖြတ်သန်းလာရင်း သေခြင်းတရားကို ပထမဆုံး တွေးမိသွား၏။ သေမင်းသည် အသက်အရွယ်အပိုင်းအခြားနှင့် မဆိုင်။ ကြီးသည်ငယ်သည် မခွဲခြား။
ကျားကိုးစီးစားမကုန်တဲ့ တမံလို ဖျတ်ဖျတ်လတ်လတ်နှင့် တက်ကြွနေသည့် လူငယ်တစ်ဦး ရုတ်တရက်ကြွေလွင့်သွားပြီ။
တမံ...မင်းရော ဘယ်ဆီရောက်နေပြီလဲ သူငယ်ချင်း...။ငါတို့သူငယ်ချင်းတွေ မင်းရှိနေတဲ့ နေရာကို ရောက်လာကြပြီကွ။
သစ်ထူး စိတ်ထဲက တိုးဖွဖွရေရွတ်နေမိသည်။
"ရေး..."
ဥက္ကာကျော်ထံမှ အံ့သြတကြီး ထွက်ပေါ်လာသည့် နာမ်စားကြောင့် သစ်ထူးနှင့်ဆက်နိုင် ခြေလှမ်းများတုံ့သွားပြီး မျက်လုံးတွေ အဆမတန်ပြူးဝိုင်းနေသည့် ဥက္ကာကျော်ထံ အကြည့်တွေရောက်သွားသည်။ထိုမှ တဆင့်..ဥက္ကာကျော် ကြည့်နေရာဆီ မျက်လုံးတွေ ရွှေ့အကြည့်၊
"ဟာ....ရေး..."
"အဲ...အဲဒါ ရေး..ရေး မို့လား"
လတ်ဆတ်ခြင်းမရှိတော့ပေမယ့် သစ်လွင်နေဆဲ ဂူဖြူဖြူလေးနှင့်လူသားသုံးဦး။သူတို့ကို ကျောပေးအနေအထားဖြင့်ရှိနေသည့် အန်တီကြီးက ရွှေရေးချယ်ရဲ့မိခင်ပင်။ နောက်တစ်ယောက်က မမကြီးနေကောင်းကင်။ ဆံပင်တွေကို ရိုးရိုးလေးစည်းချထားပြီး တမံထာဝရလဲလျောင်းနေသည့် ဂူကို မမှိတ်မသုန် စိုက်ကြည့်ကာ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျနေသည့် မိန်းကလေး၏ ဘေးတစ်စောင်းမျက်နှာလေးကို မြင်ရချိန်၌၊
"ဟေ့ကောင်တွေ အဲဒါ ရေး...ရေးကွ ရေး မသေဘူး.."
အပိုင်း(၃၀)ဆက်ရန်👈👈👈
စာဖတ်သူများအတွက်
ထာဝရ
#ဖက်ဖူးစိမ်း