book

Index 28

အပိုင်း(၂၈)

🌺 ပန်းမွေ့ရာ.....ရွှေကော်ဇော🌺


"ငါးလေး သမ္ဘာနဲ့မခွဲနိုင်ဘူး..ငါးလေးကို သူတို့နဲ့ပြန်မထည့်ပါနဲ့သမ္ဘာရယ်...နော်"


မြေညီလမ်းမထက် အတူတူလျှောက်လာရင်း ငွေငါးလေးက သူ့လက်မောင်းကို မလွှတ်တမ်းချိတ်ဆွဲကာ စကားတွေ တတွတ်တွတ်ဆိုရင်း လက်မောင်းကို ပါးပြင်လေးနှင့်ထိကပ်ထားလိုက်သည်။


မိခင်ပျောက်သည့်သားငယ်လေးလို သူ ပျောက်သွားမှာ စိုးနေသည့် သူမကို ငဲ့စောင်းကြည့်မိတော့ ရင်ထဲ နင့်သွားရသလို ကြည်ကြည်နူးနူးလေးခံစားလိုက်ရတာ မညာချင်ပါ။


သူ ကိုယ်တိုင်လည်း တစ်နေ့နဲ့တစ်ည အလွမ်းဒဏ်ကို အလူးအလိမ့်ခံစားခဲ့ပြီးပြီ။ သူဌေးသမီးရယ်လို့ မချစ်မိဖို့ ဘယ်လိုမှ ဆင်ခြင်လို့မရ။ သူကိုဆို ဆိုးနွဲ့ကာ အချစ်ကြီးချစ်တတ်သည့် ကောင်မလေးအဖြစ်ဘဲ ရင်းနှီးကာ သမုဒယတို့ တထပ်ထပ်တွယ်နှောင်နေခဲ့တာ ဖြတ်ဖို့ မလွယ်နိုင်တော့။


"သမ္ဘာ့ကိုချစ်တယ်"


ခပ်ချွဲချွဲလေးဆိုပြီး ရင်ခွင်ထဲတိုးဝင်လာသည့် ကိုယ်လေးကို အသည်းယားယားဖြင့် တစ်ချက်ဖျစ်ညှစ်ပစ်လိုက်သည်။ 


"ငွေငါးမေမေတို့ရော အိမ်မှာမမနွယ်ရော ရှိရဲ့လား"


တင်းတင်းကျပ်ကျပ်လေးဖက်တွယ်ထားသည့်လက်တွေကို ဖြုတ်ချပြီး ငွေငါးလက်ဖဝါးလေးကို ထွေးဆုပ်လိုက်ရင်း သူမေးလိုက်တော့၊


"မမနွယ်ရှိတယ်...မေမေတို့နဲ့စကားပြောနေကြတာဘဲ။ ငါးလေးက သမ္ဘာ့ကို တွေ့ချင်နေတာ။ သမ္ဘာ့ကိုဘဲ လွမ်းနေတာသိလား"


သမ္ဘာ နှုတ်ခမ်းမဖွင့်ဘဲ ပြုံးလိုက်ပြီး သူလက်ထဲက ငွေငါးလက်လေးကို တင်းခနဲ ဖျစ်ညှစ်လိုက်မိသည်။ မပြုစားပါနဲ့ ငွေငါးရယ် ကိုယ်ရင်ထဲမှာ ပြောမပြတတ်အောင်ပြည့်သိပ်နေတဲ့ ချစ်ခြင်းတွေ အပြည့်နဲ့ပါ။ 


နှုတ်ခမ်းတွေစေ့လျက် ပြုံးလိုက်သည့် မျက်နှာမှာ ငွေငါးလေး ငေးသွားရ၏။ ယောကျ်ားဆိုပြီး သမ္ဘာရယ်လိုက်တိုင်း အသံထွက်ပြီး အကျယ်ကြီးရယ်လိုက်တယ်လို့ မတွေ့ခဲ့ဖူးပါ။ ပိရိသေသပ်သည့်နှုတ်ခမ်းလွှာတွေ ကွေးညွှတ်လျက် ခဏတာလေးပြုံးလိုက်တာဘဲ ရှိသည်။ 


ထိုအပြုံးလေးကိုဘဲ ရူးသွပ်စွာ ငါးလေး ငေးမောနေမိသည်။ ရင်ထဲ၌လည်း အမည်ဖော်ရခက်သည့် ခံစားချက်တို့ဖြင့်။


ပြုံးနေသည့် ဘေးတစ်စောင်းမျက်နှာနှင့် စွဲမက်ဖွယ်ရာ အပြုံးတို့နှင့်နှုတ်ခမ်းအစုံ ကိုကြည့်ရင်း ရင်းနှီးသလိုလိုနှင့် ရင်တွေ အဆမတန်ခုန်လာရ၏။ ငွေငါးလေး သူ့မျက်နှာ တစ်စောင်းကို ခိုးကြည့်နေမိဆဲ ဖျတ်ခနဲ သူလှည့်လာတော့ သူခိုးလူမိဖြစ်သွားရသည်။


"ကိုယ့်မျက်နှာမှာ ဘာပေနေလို့လဲ ငွေငါး...ဟင်...အဲဒီလိုကြီးကြည့်နေတော့ မနေတတ်တော့ဘူးကွာ"


မျက်ခုံးတွေကို ကုတ်ခြစ်ရင်း သမ္ဘာက ရယ်ကျဲကျဲနှင့်ဆိုသည်။ 


"သွား ဘာမှန်းမသိဘူး"


ရှက်မျက်စောင်းလေးထိုးရင်း ငွေငါး သူ့လက်မောင်းကို လိမ်ဆွဲပစ်လိုက်တော့ သူက ခပ်ဖွဖွပြုံးပြီး၊


"ဘယ်အချိန်ကတည်းက ထလာတာလဲ"


မိုးလင်းစမှာဘဲ သူထံရောက်လာသည့် ငွေငါးလေးကို အံ့သြတကြီးဖြင့် သမ္ဘာ မေးခွန်းထုတ်လိုက်မိသည်။ ထို့အတူ သူမအပေါ် မြတ်နိုးတွယ်တာစိတ်များပါ တဖွားဖွားတိုးလျက်။


"ညကတစ်ညလုံးမအိပ်ဘဲ ဆန္ဒပြပြီး မိုးမလင်းခင် လိုက်ပို့ခိုင်းတာ။ သူတို့မပို့ရင်လည်း ငါးလေးဘာသာ ငါးလေး ရအောင်ပြန်လာမှာဘဲ"


"ငွေငါးရယ်.."


နှုတ်ခမ်းလေး စူလုံးလျက် ဂျစ်တစ်တစ်အပြောကြောင့် သူ့ရင်ထဲ ငလျင်တစ်စင်းထိုးမွှေသွားလေသည်။ 


ဖြစ်နိုင်ရင်...သူမလေးနှင့် ကမ္ဘာတစ်ဆုံးထွက်ပြေးချင်၏။ လောကကြီးမှာ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာဟာ အမြဲ ဒွန်တွဲနေခဲ့ရင် အကောင်းသား...။ 


ကိုယ်က ဖြစ်ချင်ပေမယ့် ဖြစ်လာတာက တစ်မျိုးဖြစ်နေတဲ့အခါ လက်ခံနိုင်ဖို့ သူ ကြိုးစားရဦးမည်။ 


"ငွေငါး..."


"ရှင့်..."


အဲဒီ့ထူးသံလေးကိုဘဲ ကိုယ်ရူးနေမိတာ။ မူနွဲ့နွဲ့အသံလေး မကြားရမှာကို ကိုယ်တွေးကြောက်နေမိပြီ ငွေငါး။


ခေါ်ပြီး စကားမဆိုဘဲ အတန်ကြာ တိတ်ဆိတ်နေသည့် သမ္ဘာ့ကို မော့ကြည့်ရင်း၊


"ပြောလေ သမ္ဘာ..."


"ကိုယ်..."


စကားကို ရှေ့မဆက်ဘဲ ပခုံးလေးကနေ ဆွဲလှည့်ကာ မျက်နှာချင်းဆိုင်လိုက်ပြီး အံ့သြတကြီးကြည့်နေသည့် ဝိုင်းစက်စက်မျက်ဝန်းများထဲ စိုက်ကြည့်နေမိသည်။


မနက်ခင်း အလုပ်သွားကြသည့် အလုပ်သမားတွေမှ အပ လမ်းမထက်မှာ လူသူအသွားအလာ ရှင်းနေလျက် ကြက်တွန်သံတွေသာ ဟိုးအဝေးဆီက တစ်ချက်တစ်ချက်ထွက်ပေါ်နေလေသည်။ 


ဟင်း...။ သက်မကို ကြိတ်ချရင်း ဝင်းမွတ်နေသည့်ပါးပြင်လေးကို အသာတို့ထိမိ၏။


"ကိုယ်တို့ ဖြစ်သင့်တဲ့အခြေအနေတစ်ခုကို လက်ခံနိုင်ဖို့ကြိုးစားရမယ် ငွေငါး"


ငွေငါးမျက်လုံးလေးတွေ တောက်ပလျက် သူ့ပြောတာကို နားမလည်သလို ကြည့်နေလျှင်၊


"အချစ်က ရှင်သန်ခြင်းတစ်ခုဆိုပေမယ့် ဘဝတစ်ခုတော့ မဟုတ်သေးဘူး ငွေငါး။ အချစ်ကြောင့် ရှင်သန်ခြင်းတွေ ဆိတ်သုန်းသွားနိုင်ပေမယ့် ဘဝတစ်ခုကတော့ ဆက်လက်ရှင်သန်နေရဦးမှာဘဲ။ ပေါင်းဖက်ရမှ အချစ်မဟုတ်ပါဘူး ငွေငါး ချစ်တဲ့သူကို ချစ်နေခွင့်ရနေရင်ဘဲ ချစ်ခြင်းမည်နေပါပြီ"


"သမ္ဘာ ဘာတွေပြောနေတာလဲ... သမ္ဘာပြောနေတာတွေကို တစ်ခုမှ ငါးလေး နားမလည်ဘူး။ ငါးလေးသိတာ သမ္ဘာ့ကိုချစ်တယ် ငါလေး သမ္ဘာ့နဲ့အတူတူနေချင်တယ် အဲဒါပဲ"


မင်းအတိတ်ကို သတိရသွားတဲ့အခါ အဲဒီ့အချစ်တွေက အလိုလိုဆိတ်သုန်းပျောက်ကွယ်သွားမှာပါ ငွေငါးရယ်။ 


မြတ်နိုးခြင်းများစွာဖြင့် ယိုဖိတ်သွားခဲ့သည့် ချစ်ခြင်းသံစဥ်များက သူမ နဖူးလေးထက်၌ ရွရွလေးကြွေဆင်းသွားခဲ့သည်။ 


မျက်လွှာလေးချလျက် ငြိမ်သက်သွားသည့် မျက်နှာလေးကသူရဲ့ နံနက်ခင်း အလှတပါးပင်။ 


"ကိုယ့်ကို ချစ်တယ်မို့လား"


"မေးနေစရာ လိုသေးလို့လား သမ္ဘာ။ ငါးလေး အချစ်ဆုံးလူသားက ဟောဒီ့ကမ္ဘာပေါ်မှာ သမ္ဘာ တစ်ယောက်တည်းဘဲ။ သမ္ဘာက ငါးလေးကမ္ဘာ၊ငါးလေးရဲ့ဘဝ၊ငါးလေးရဲ့ အရာရာဘဲ"


တစ်နေ့..အတိတ်ဆီပြန်ရောက်တဲ့တစ်နေ့...အဲဒီ့စကားတွေက နွေလေရူးလိုပျောက်ကွယ်သွားမှာပေမယ့် ကိုယ်နှလုံးသားမှာတော့ ထာဝရ မှတ်ကျောက်တင်သွားပြီ ငွေငါး။ 


"ကိုယ့်ကို ချစ်ရင် ကိုယ့်စကားနားထောင်မယ်မို့လား ငွေငါး ဟင် နားထောင်မှာလား"


"အင်း...နားထောင်မှာပေါ့ သမ္ဘာလည်း ငါးလေးစကားနားထောင်ရမယ်နော်...နားမထောင်လို့ကတော့ ဖားရိုက်တဲ့ကြိမ်လုံးနဲ့ကို ရိုက်မှာ"


"ကြောက်စရာကြီးပါလား...အဟက်..."


ကြောက်သလို ပခုံးတွေကို တွန့်ပြပြီး ပြီတီတီကြီးလုပ်ပြနေသည့် သူ့ကို အသည်းယားသွားရပြီး အမြင်ကပ်ကပ်နှင့် မျက်စောင်းချည်း လိမ့်ထိုးပစ်လိုက်သည်။ 


"ကြည့်ပါလား ကျောက်ကျောရေပက်ရုပ်"


"ဟင်..."


မျက်လုံးချင်းဆုံသွားသည်။ ဘယ်သူမှ မလွှဲမိကြ။ လွှတ်ခနဲပြောလိုက်တဲ့သူကလည်း မျက်လုံးလေးဝိုင်းသွားကာ နှုတ်ခမ်းလေး ဟလျက်။ 


သမ္ဘာ တံတွေးတစ်ချက်မြိုချပြီး၊


"သွားရအောင်..."


"အိမ်ရောက်ရင် သူတို့နဲ့ ပြန်မထည့်နဲ့နော် လုံးဝမလိုက်ဘူး"


ပြောစရာစကားလုံးတို့ပျောက်ဆုံးလျက်သူ့ကိုထမ်းပိုးထားသည့် ကမ္ဘာမြေကြီးကိုသာ ခပ်စိုက်စိုက်ကြည့်ရင်း လှမ်းမိသည်။ 


"ပြောတာကြားလား...ဟိုနေ့ကလို ငါးလေးကို ထားပြီး ထွက်သွားလို့မရဘူးနော်။ ငါးလေး...သူတို့နဲ့ မနေချင်ဘူး"


ငွေငါးလေးနဲ့ပက်သက်ရင် အရာရာကို ရင်ဆိုင်ရဲပါ၏။ သို့သော်...ရွှေရေးချယ်ဆိုသည့် မိန်းကလေးက သူ့ကိုချစ်ခဲ့တာမှ မဟုတ်တာ။ သူ့ချစ်သူကို အရမ်းချစ်တဲ့ သူမ။ ငွေငါးလေးဆိုတဲ့ ဘဝကနေ ရွှေရေးချယ်အဖြစ်ပြန်ရောက်သွားတဲ့အခါ သမ္ဘာရင့်ဆိုတဲ့ သူက ဝေဝါးသွားမှာ။ မချစ်ရဲလို့မဟုတ်သော်လည်း ပင်မြင့်စံသဇင်ပန်းလေးကို ခူးခြွေမပြစ်ရက်။ 


"ဟောဒီ လောကကြီးမှာ ကိုယ့်အပေါ် မေတ္တာတရားအထားနိုင်ဆုံးပြီးတော့ အချစ်နိုင်ဆုံးက ဘယ်သူလို့ထင်သလဲ"


"အင်း...."


မေးလေးကို ပွတ်လျက် အတန်ကြာ စဥ်းစားနေသည့် သူမ...။


"ဟောဒီ လောကကြီးမှာ..ဟောဒီ...ကမ္ဘာကြီးမှာ ငါးလေးအပေါ် အချစ်နိုင်ဆုံးနဲ့ မေတ္တာ အထားနိုင်ဆုံးလူက... အင်း... "


မျက်လုံးလေးကို ထောင့်ကပ်လျက် မချိုမချဥ်ပုံလေးဖြင့် စဥ်းစားနေသည့် ငွေငါးလေး။ သူမရဲ့ ထိုပုံစံလေးကပင် သူ့အသည်းဆိုင်ကို ဆွဲကိုင်လှုပ်ရမ်းသွားလေသည်။


"သမ္ဘာပေါ့လို့..."


ခေါင်းရမ်းမိမလိုဖြစ်သွားပြီးမှ သမ္ဘာ သူမမျက်နှာလေးကို စိုက်ကြည့်ရင်း၊


"ကိုယ့်စကားနားထောင်ပါ ငွေငါး...လောကကြီးမှာ ကိုယ့်အပါ် အချစ်နိုင်ဆုံးက ကိုယ့်မိဘပဲ။ ကိုယ့်မိဘလောက် ဘယ်သူမှ ကိုယ့်အပေါ် မကောင်းနိုင်ဘူး။ မိဘမေတ္တာသည်သာ တုနှိုင်းမရအောင် အင်အားကြီးမားတာ။ အသွေးအသားလေးကတည်းက ချစ်ခဲ့ရတာ နောက်ဆုံး သူတို့သေဆုံးချိန်အထိ သားသမီးအပေါ် ချစ်ခြင်းမေတ္တာအပြည့်ထားနိုင်တာ မိခင်နဲ့ဖခင်ဘဲ ရှိတယ်။ ပြီးတော့ မင်းရဲ့မိဘတွေက မင်းရဲ့ဆွေမျိုးရင်းချာတွေဘဲ။သူစိမ်းတွေ ဘယ်လောက်ကြီး ကောင်းကောင်း ကိုယ့်ဆွေမျိုးရင်းချာဖြစ်တဲ့ မိဘတွေကို မမှီဘူးကွ"


"သမ္ဘာက သူစိမ်းလား.. ငါးလေးနဲ့သမ္ဘာက အရင်းနှီးဆုံးလူတွေလေ...ဒါကို သမ္ဘာမေ့သွားပြီလား"


"ချစ်သူဆိုတာ အရင်းနှီးဆုံးသူစိမ်းတွေဘဲ ငွေငါး.."


"ဒါဆို ဘယ်သူတွေက အရင်းနှီးဆုံးလဲ"


"မိဘပေါ့...မိဘနဲ့ဆွေမျိုးသားချင်းကသာ သွေးသားအရင်းတွေပါ ငွေငါး"


"ဟင်အင်း...မိဘ မဟုတ်တဲ့ တခြားရင်းနှီးတာကို သိချင်တာ။ ငါးလေး သမ္ဘာနဲ့ မခွဲနိုင်ဘူး။ ငါးလေး အတွက် အရင်းနှီးဆုံးသူက သမ္ဘာ။ ချစ်သူတွေက အရင်းနှီးဆူံး သူစိမ်းဆို သမ္ဘာနဲ့နီးစပ်ခွင့်ရအောင် ငါးလေး ဘာလုပ်ရမလဲ ပြော"


လက်ကို ဆွဲကိုင်ခါရမ်းမေးနေသည့် ငွေငါးလေး မျက်နှာလေးထက် အလိုမကျခြင်းတို့ဖြင့်၊


"မိဘတွေရဲ့စကားကို နားထောင်ပါ ချစ်ဆုံးရယ် ကိုယ့်ကိုချစ်တယ်မို့လား"


"မေးနေစရာ မလိုတဲ့ စကားပါ ဒါပေမယ့် ငါးလေး သမ္ဘာနဲ့မခွဲနိုင်ဘူး...ငါးလေးကို မထားခဲ့ပါနဲ့နော်"


"ဒါပေမယ့်ကွာ...ဘာမှ မတော်စပ်တဲ့ယောကျ်ားလေးနဲ့မိန်းကလေးကအတူတူ မနေသင့်ဘူး ငွေငါး။ သွေးသားမတော်စပ်တဲ့သူစိမ်းနှစ်ယောက် အတူတူနေရင် ပတ်ဝန်းကျင်မှာ ပြောစရာတွေဖြစ်မယ် မိန်းကလေးဖြစ်တဲ့ မင်းပဲ ပိုနစ်နာမှာ"


"အာ...မသိဘူးကွာ...ဘယ်သူတွေ ဘာပြောပြော"


"အဲဒီလို ပြောလို့မရဘူးကွ...ကိုယ်တို့ လူမျိုးတွေမှာ စည်းတွေဘောင်တွေ ကျင့်ဝတ်တွေ ရှိနေတယ် ငွေငါး။ အထူးသဖြင့် မိန်းမသားတွေဖြစ်တဲ့ ငွေငါးလေးတို့က အဲဒီကျင့်ဝတ်တွေကို လိုက်နာရမယ်။မိန်းကလေးဖြစ်တဲ့ ငွေငါးက မိဘအုပ်ထိန်းမှုအောက်မှာ နေတာ အကောင်းဆုံးပဲ"


"ရှုပ်နေတာပဲ...ငါးလေး ဘာမှ နားမလည်တော့ဘူး သမ္ဘာရယ်"


"ထားလိုက်ပါတော့ နောက်တော့ မင်း နားလည်လာမှာပါ...သွားရအောင်ကွာ"


"နေစမ်းပါဦး...အကြွေးလေးတောင်းစရာရှိလို့"


"ဟင်..."


ရှေ့မှာ ပိတ်ရပ်လာသည့် လူရိပ်တွေကြောင့် လှမ်းလက်စခြေလှမ်းများရပ်တန့်ကာ မော့ကြည့်မိစဥ်၊


"ရှင်တို့..."


ဂျစ်ကန်ကန်ရုပ်တို့ဖြင့် လမ်းလယ်မှာ ပိတ်ရပ်နေသည့် လူနှစ်ယောက်။ မျက်နှာထက်မှာ နှုတ်ခမ်းမွှေး၊ ပါးမြိုင်းမွှေးတို့ဖြင့်ရုပ်ရှင်တွေထဲက လူဆိုး၊လူမိုက်များအတိုင်းပင်။ 


သမ္ဘာရဲ့ နှင်းဆီခြံက ရွာထိပ်မှာမို့ အိမ်ဆက်နည်းနည်း ဝေးနေခြင်းပါ။ ရွာဘက်ဆီသို့ ပြန်အလာတွင် နှစ်ယောက်စလုံး စကားတွေ ဖောင်ဖွဲ့မိသဖြင့် လမ်းထောင့် ခြံအကွယ်မှ အကြံသမားများကိုဗြုန်းခနဲ မမြင်လိုက်ဘဲဖြစ်သွားသည်။


ဆံပင်ရှည် နှင့်လူက ခြေခွဲရပ်ကာ လက်ပိုက်လျက်သားဖြင့် ငါးလေးကို ခြေဆုံးခေါင်းဆုံးကြည့်လာသည်တွင် ဒေါသက ခေါင်းပြူလျက် သူမလက်လေးဆွဲကာ ကျောနောက်ပို့ပစ်ရင်း ဂျစ်ကန်ကန်ပြန်ကြည့်ပေးလိုက်သည်။


ကတုံးနှင့်လူ ကိုင်ထားသည့် တုတ်ကို မြင်လိုက်ရတော့ ပြဿနာက ပေါ့ပေါ့တန်တန်မဟုတ်မှန်း ရိပ်မိလိုက်ပြီ။ သို့သော်..ရန်သူနှင့် မျက်နှာချင်းဆိုင်ဆုံချိန်မှာ သူ ကြောက်ရွံ့မနေချင်။ ကြောက်ရင် နှစ်ခါ သေသတဲ့။


"မင်းတို့က ဘယ်သူတွေလဲ ဘယ်က ကောင်တွေလဲ"


အချိုးမပြေသည့် ရုပ်တွေကိုကြည့်ပြီး စကားအကောင်းပြောချင်စိတ်မရှိတော့။ အကျီလက်မောင်းကို တံတောင်ဆစ်နားအထိပင့်တင်ကာ ခပ်မိုက်မိုက် ပြန်မေးပစ်လိုက်သည်။


"ငါတို့ ဘယ်သူတွေ ဆိုတာထက် မင်းဆီက အကြွေးလာပြန်ယူတာ။ ပေးဖို့သာပြင်ထားလိုက်တော့ သမ္ဘာရင့်"


မမြင်ဖူး၊ မတွေ့ဖူးသည့် သူစိမ်းတွေမို့ ထိုလူတွေ ဘာပြောမှန်းနားမလည်။ မျက်နှာပုံတွေက တင်းမာခက်ထက်လျက် သူ့ကို မကျေမနပ်ဖြစ်နေတာ သိသာလွန်းနေသည်။


"ဘာ အကြွေးလဲ ဘာအကြွေးမှ ပေးဖို့မရှိဘူး..."


"အဟ...သေချာလှချည်လား သမ္ဘာရင့်ရဲ့...ဟမ်..."


ပြာနောက်နေသည့်နှုတ်ခမ်းအစုံ​တိုးကပ်လာသည့် ဆံပင်အရှည်နှင့် လူကြီးကို သူ ခပ်ချဥ်ချဥ်လေးဘဲ ပြန်ကြည့်ပေးလိုက်သည်။


"မင်းတို့ ကိစ္စ ပြီးပြီမို့လား ဖယ်..."


"မဖယ်တော့ မင်းက ဘာလုပ်ချင်သလဲ..ဟေ့ကောင်ပြောစမ်း"


"ဒါ လုပ်ချင်တယ်ကွာ...ကဲ.."


"ခွပ်...."


ခေါင်းဆောင်ဖြစ်ဟန်တူသည့် ဆံပင်အရှည်နှင့် လူဆီ လက်သီးတစ်လုံးပစ်အသွင်း နှစ်ယောက် လုံးထွေးသွားလေသည်။ 


"သမ္ဘာ..."


ငါးလေးရဲ့ စိုးရိမ်တကြီး တာဆီးသံကိုကြားရပေမယ့် သမ္ဘာ အာရုံမဆိုက်တော့ပါ။


"တောက်...လူပါးဝတဲ့ကောင်...မင်းဆီက အကြွေးတွေကို အတိုးအရင်းပေါင်းပြီး တစ်ခါတည်းယူမယ် "


"ဝှီး ...ဖောင်း...."


"ဒုတ်...."


ကတုံးနှင့်ကောင်ကပါ တုတ်နှင့်ပြေးရိုက်လေသည်။ သမ္ဘာက ခေါင်းငဲ့ရှောင်ရင်း ထိုလူ့ထံ ဝိုက်လက်သီးတစ်လုံးပစ်သွင်းသည်။


ငါးလေး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့။ သမ္ဘာ့အတွက် စိုးရိမ်စိတ်တို့သာ ကြီးစိုးလျက် ရင်တထိတ်ထိတ်ဖြင့် ရန်ပွဲကိုကြည့်နေရသည်။


နှစ်ယောက်တစ်ယောက်ဆိုတော့...သမ္ဘ့ာ့ကို လိုက်ကြည့်ပြီး ငါးလေး ရင်ဘတ်ကို ဖိထားလိုက်သည်။ 


နှစ်ယောက်ဆိုသော်ငြား သမ္ဘာ့ကို သူတို့ကြာကြာမယှဥ်နိုင်ခဲ့။ တုတ်ကိုင်ထားသည့် တစ်ယောက် လမ်းဘေးသို့ တုတ်ရော လူပါ လွင့်စင်လဲကျသွားလေပြီ။


"ခွပ်...ကျား...ရား...."


"ဖောင်း....ခွပ်..."


သမ္ဘာနှင့် ကျန်တစ်ယောက် သူတစ်ပြန်ကိုယ်တစ်ပြန်ထိုးကျိတ်နေပြီး သမ္ဘာ့ နှုတ်ခမ်းထောင့်မှ သွေးစများစိမ့်ထွက်နေလေသည်။ထိုလူနှင့် သတ်ပုတ်ထိုးနှက်နေစဥ်...


"သမ္ဘာ..."


"ဒုတ်...."


"အင့်...."


"ငွေငါး....ဟာကွာ..."


စူးခနဲ ထွက်လာသည့် သူမအသံကြားကြားချင်း နောက်ကို လှည့်လိုက်ပေမယ့် နောက်ကျသွားလေပြီ။ရိပ်ခနဲ ပြေးဝင်လာသည့် အရိပ်လေး တအိအိလဲပြိုကျသွားတာကို မြင်လိုက်ရချိန်မှာတော့၊


"ဖြောင်း....ဒုတ်...."


သမ္ဘာ ဒေါသတွေ မီးပြင်းတိုက်ကာ ချိုးနှိမ်မရတော့ပေ။


အပိုင်း(၂၉)ဆက်ရန်👈👈👈


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: