🌺 ပန်းမွေ့ရာ.....ရွှေကော်ဇော🌺
"ဟာ...ဓနရှင်..ဘာတွေအကွက်အကွင်းတွေ့ပြန်ပြီလဲကွ"
ဓန ကားတံခါးတွေလော့ခ်ချပြီး အလှည့် ရယ်သံစွတ်နေသည့်နှုတ်ဆက်သံနှင့်တဆက်တည်း ပခုံးတစ်ဖက်ပေါ် လက်တစ်ဖက်ပါ တပါတည်းဖက်ခြင်းခံလိုက်ရသည်။လာရောက်နှုတ်ဆက်သူကို ကြည့်လိုက်တော့၊
"ကိုမြင့်မား"
မြင့်မားက ခပ်ပြုံးပြုံးနှင့် ခေါင်းဆတ်ပြလာ၏။ ကိုမြင့်မားဆိုတာ သူတို့မိုးကုတ်သားပင်။ ငယ်စဥ်ကတည်းက ခြံချင်းကပ်လျက်မို့ ညီအစ်ကို အရင်းတွေလို ခင်မင်ရင်းနှီးနေသူ။ ကိုမြင့်မား ရန်ကုန်သူနှင့်ဖူးစာပါပြီး ရန်ကုန်မှာ အခြေလာချတော့ အဆက်အသွယ်ပြတ်သလိုဖြစ်သွားခဲ့တာ။
"လေလံပွဲကို လာတာ ဘာအကွက်တွေ့နေလို့လဲ ငါ့ညီရ...မလျှိုနဲ့နော် မင်းလိုကောင်ရဲ့ စီးပွားရေးမျက်စိက ဧကကွက်လောက်ကျယ်ပြီးသားဆိုတာ ငါသိတယ်"
ပြောမနာဆိုမနာတွေမို့ ကိုမြင့်မားစကားကို သဘောကျစွာရယ်မောလိုက်ရင်း၊
"မဟုတ်ပါဘူး ကိုမြင့်မားရာ...သက်သက်လာတာပါဗျ...ကျွန်တော် လိုချင်တာ မရှိပါဘူး"
"ဟုတ်ရဲ့လားကွာ"
ကိုမြင့်မားက မယုံသလို ပြောရင်း သူ့ပခုံးကိုဖက်ကာ လေလံပွဲကျင်းပရာအဆောက်အဦးအတွင်းသို့ ခြေလှမ်းနေပြီမို့ သူပါ အမှီလိုက်ခဲ့ရသည်။
"ကိုမြင့်မားကို မေမေကတောင်မေးနေသေးတယ်။ ရန်ကုန်သားဖြစ်သွားမှ မိုးကုတ်ကိုခြေတောင်မဆန့်တော့လို့တဲ့"
"တီမာကတော့ လုပ်ပြီ...အဟွန်း"
"ကိုမြင့်မားကရော ဘာဝယ်ဖို့စိတ်ကူးထားသလဲ"
"မြေတစ်ကွက်ပါမယ်ဆိုလို့ကွ"
"နေရာကသန့်လို့လား ကိုမြင့်မား"
"အင်းလျားလမ်းမှာ.."
"ဘာလဲ အိမ်ဆောက်မလို့လား"
"အေး...ယောက္ခမနဲ့လည်း အတူမနေချင်လို့ အိမ်ခွဲမယ်စိတ်ကူးနဲ့ပေါ့ကွာ"
"စျေးတွေမြင့်နေမလား ကိုမြင့်မား"
"အင်း...အဆမတန်ဆိုရင်တော့..တစ်မျိုးပေါ့"
ကိုမြင့်မားနှင့်အတူ ခုံမှာ ဝင်ထိုင်ရင်း သူ ပြုံးလိုက်မိသည်။မိဘက မိုးကုတ်က ကျောက်တွင်းပိုင်ရှင်တွေ ကိုမြင့်မားကိုသူတို့သဘောကျတဲ့ရန်ကုန်သူနှင့်လက်ဆတ်ပေးပြီး ရန်ကုန်မှာ စီးပွားရေးလုပ်စေခဲ့တာ။
အစစအရာရာအဆင်ပြေနေပေမယ့် ယောက္ခမနဲ့ပက်သက်ပြီး ကိုမြင့်မား သိပ်ကျေလည်ပုံမရတာကို ခဏချင်းမှာ အကဲခတ်မိနေပြီ။ အင်းလေ...ကိုမြင့်မားက သူဌေးသားအငယ်ဆုံးမို့ နဂိုကတည်းကသူ့အိမ်မှာ သူကဗိုလ်။
"လူတောင်များနေပြီကွ.."
ကိုမြင့်မားပြောမှ အခန်းတွင်းကို တစ်ချက်ဝေ့ကြည့်လိုက်မိသည်။ ထိုစဥ်...
"ဟင်..."
မျက်ဝန်းထောင့်မှာ မြင်လိုက်ရသည့် အနီရောင်အရိပ်ကြောင့် မျက်နှာလွှဲပြီးမှာ ဟုတ်မှဟုတ်ရဲ့လားဟု နောက်တစ်ကြိမ်ပြန်ကြည့်မိသွားရ၏။
ရှေ့ဆုံးတန်းဝယ် ခြေချိတ်လက်ပိုက်ကာ ခပ်မိန့်မိန့်ထိုင်နေသည့် မျက်နှာတစ်စောင်းက ဘယ်လိုမှ မမှားနိုင်။ ခပ်တင်းတင်းဟန်က အနီရောင်ဝတ်စုံကြောင့် ပိုပြီးရဲတောက်နေကာ ကြက်သွေးရောင်စိုလဲ့နေသည့် နှုတ်ခမ်းအစုံက စေ့ပိတ်လျက်။
အရယ်အပြုံးမဲ့နေသည့် မျက်နှာနှင့် ဘေးက အဖော်ဖြစ်သူ ပြောတာကို တစ်ချက်တစ်ချက်ခေါင်းဆတ်နားထောင်လျက်ရှိလေသည်။
မတုန်လှုပ်သဖူး လှုပ်ရှားယိမ်းထိုးနေသည့် စိတ်တို့က စကားသံတွေကြောင့် အာရုံပိုထွေးပြားနေရသည်။ အငယ်လေး သဘောကျခဲ့သော နေရာလေး။တစ်နည်းဆိုသော် အငယ်လေးရဲ့စိတ်ကူးယဥ်အိပ်မက်လေးကို ဖြည့်ဆည်းဖို့ ဒီနေရာကို ရောက်လာခဲ့တာ။ ညီမလေးရေးနှင့် လှပသည့် အချစ်အိမ်လေးတည်ဆောက်ဖို့ ရည်ရွယ်ခဲ့သော အငယ်လေးရဲ့ဆန္ဒလေးကို ဖြည့်ဆည်းပေးချင်လို့။
ကိုယ့်ကိုယ်ကို မျက်ရည်မကျအောင် ထိန်းရင်း အခန်းတွင်း အပြင်အဆင်ကို ငေးနေမိသည်။ ဒါကလည်း စိတ်ကို အတတ်နိုင်ဆုံးငြိမ်အောင်ကြိုးစားနေခြင်းပင်။
အနားက အမျိုးသမီး ပြောတာကို စိတ်မဝင်စားပေမယ့် လူမှုရေးအရ ခေါင်းညိတ်ထောက်ခံရင်း ကိုယ့်ကိုယ်တစ်စုံတစ်ယောက်က ကြည့်နေသလို ခံစားရတာမို့ အခန်းတစ်ခုလုံးကိုဝေ့ဝိုက်ကာ နောက်ဘက်ကို လှည့်အကြည့်၊
ဓနရှင်...။ နေ လည်ပင်းလိမ်မတတ်လှည့်ကြည့်မိချိန်မှာဘဲသူကလည်း လက်ပိုက်လျက်ကနေ မျက်မှန်ကို လက်ညှိုးဖြင့်ပင့်တင်ပြီးမျက်ဝန်းများက သူမဆီ တန်းမတ်စွာကျရောက်လာသည်။ သူ့ကို ရုတ်တရက်မြင်လိုက်ရတော့ အလိုမကျဖြစ်ကာ မျက်ခုံးတွေ အလိုလိုတွန့်ကွေးသွားပြီး ဆတ်ခနဲ ပြန်လွှဲသွားသည့် မျက်နှာက မီးရှူးမီးပန်းတွေ ဖြာထွက်သွား၏။
"ဟ...မျက်မှန်ကြီးပင့်လို့...ကြည့်လှချည်လား ဓနရ...အဟွန်း..."
ကိုမြင့်မားက အနီရောင်ဝမ်းဆက်နှင့် သူမကိုမြင်သွားပြီး စလိုက်တာမို့ သူ မျက်မှန်ကို ပြန်ချပြီး အနီရောင်မမရဲ့ကျောပြင်ကို ခပ်စူးစူးလေးကြည့်လိုက်သည်။
"လေလံပွဲကို သက်သက်လာတယ်ဆိုတာ ခုမှဘဲ သဘောပေါက်တော့တယ် အဟွန်း.."
"ကိုမြင့်မား သူ့ကို သိလား "
"အဟွန်း....ဘာလဲ စိတ်ဝင်စားနေပြီလား"
သူ ခေါင်းရမ်းမိမလိုဖြစ်ပြီးမှ ငြိမ်နေလိုက်၏။ မထင်မှတ်တဲ့ တွေ့ဆုံမှုနှစ်ခုကြောင့် သူမအကြောင်းကို သိချင်တာတော့ အမှန်ပင်။
"စိတ်ဝင်စားမယ်ဆိုလည်း ဝင်စားစရာဘဲကွ...နေကောင်းကင်က စီးပွားရေးလောကမှာ နာမည်ကျော်..."
"နေကောင်းကင်.."
ကိုမြင့်မား ခေါ်လိုက်တဲ့နာမည်စိမ်းတစ်ခုကို သံယောင်လိုက်ကာ ရေရွတ်လိုက်မိတော့ ခပ်လွန့်လွန့်အပြုံးနှင့်ကိုမြင့်မားက စကားဆက်၏။
"ဟုတ်တယ် နာမည်က နေကောင်းကင်..ခု စီးပွားရေးလောကမှာ ထိပ်တန်းအကျော်အမော်ဖြစ်နေတဲ့ ရွှေတြိဂံလုပ်ငန်းစုက ထောင့်စွန်းတစ်ခုဆိုပါတော့ကွာ"
ရွှေတြိဂံ လုပ်ငန်းစု အကြောင်းကို သူ မန္တလေးမှာ နေစဥ်ကတည်းက ကြားဖူးနေပြီးသားပါ။
"ဒါနဲ့ ရွှေတြိဂံက ဖက်စပ်လုပ်ငန်းတစ်ခုမို့လား ကိုမြင့်မား။ ကျွန်တော်ကြားတာကတော့ သူဌေးသုံးဦးစပ်တူဆို"
စီးပွားရေး လောကထဲ ခြေတစ်နေရာစာချဖို့ကြိုးစားနေသည့် သူတို့အတွက် ရွှေတြိဂံကို စံနမူနာထားနေရတာ။
"ဟုတ်တယ်...သုံးဦးစပ်..နေကောင်းကင်ရယ်၊ နေကောင်းကင်ရဲ့အဖေ ဦးဥက္ကာရယ်၊ ဦးနေသစ်ရယ်"
"သြော်..."
အနီရင့်ရင့်မမကို လှမ်းကြည့်ရင်း သူ ခေါင်းဆတ်လိုက်မိသည်။ နေကောင်းကင်ဆိုသည့် အနီမမက နယ်နယ်ရရမှ မဟုတ်ဘဲ။
"ထက်ထက်မြက်မြက်နဲ့ တိကျပြတ်သားပြီး လုပ်ရဲကိုင်ရဲတော့ စီးပွားရေးလောကမှာ ထိပ်တန်းဖြစ်နေတာ။ နေကောင်းကင်ပျောက်နေတာ ကြာပြီကွ...သူတို့မိသားစုအပြင်းအထန်ဂယက်ရိုက်ပြီးကတည်းက..။ဒီလေလံပွဲကို လာတာ ထူးဆန်းတယ်ကွ"
ကိုမြင့်မားက မျက်ခုံးတွေ စုကျုံ့လျက် တွေးတွေးစစပြောနေသည်။
" ဂယက်ရိုက်နေတယ် ဟုတ်လား..."
"နေကောင်းကင်တို့က မောင်နှမနှစ်ယောက်တည်းရှိကြတာ။ သူ့မောင်က ကားအက်စီးဒင့်န်ဖြစ်ပြီး ဆုံးသွားတော့ တစ်မိသားစုလုံး ခံစားနေရတာ။ အငယ်လည်း အငယ်ဆုံးဆိုတော့ တစ်အိမ်လုံးရဲ့အသက်ဗူးပေါ့"
"ဆုံးသွားတာကြာပြီလား ကိုမြင့်မား"
"ငါးလလောက်တော့ရှိပြီထင်တယ်ကွ...ကောင်လေးက မင်းလောက်ဘဲရှိဦးမှာ။ အမှုကလည်း ခုထိမပြတ်သေးဘူး"
"ကား ကားချင်းတိုက်တာလား"
"အင်း... တိုက်ပြီးထွက်ပြေးတာလို့ပြောကြတာဘဲကွ။ တိုက်သွားတဲ့တရားခံကိုလည်း မမိသေးဘူး။ သူနဲ့အတူပါသွားတဲ့ ဦးနေသစ်ရဲ့သမီးကလည်း ပျောက်နေတာ။ သူတို့အမှုက ရှုပ်ထွေးပွေလီနေတဲ့ အမှုကွ"
မေးမလို့ ပြင်နေသည့် မေးခွန်းက လေလံပွဲစသံကြောင့် လည်ချောင်းဝတွင်တစ်ဆို့သွားသည်။ လေလံပစ္စည်းတွေ တစ်ခုပြီးတစ်ခုပြီးသွားသည် သူမကတော့ ငြိမ်ချက်သားကောင်းနေလျက်။
"ဒီတစ်ခါ လေလံတင်မှာက မြေကွက်အမှတ်( )ကိုပါ။ မြန်မာငွေ သိန်းသုံးထောင်နဲ့စဖွင့်ပါမယ်ခင်ဗျ"
"ဟော..."
ကိုမြင့်မားဆီမှ အသံထွက်လာသလို ခြေချိတ်ထိုင်နေသည့် သူမလည်း အနည်းငယ်လှုပ်ရှားသွားတာကို သူ မြင်လိုက်ရသည်။
"သုံးခွဲ.."
ကြည်လင်ပြတ်သားသည့်မိန်းကလေးသံ ခပ်ဆတ်ဆတ်ထွက်လာသည်။ ထိုအသံက သူမအသံကလွဲပြီး တခြားမဖြစ်နိုင်။
"လေးထောင်..."
သူ ခုံကိုမှီကာ လက်ပိုက်လျက် ငြိမ်နားထောင်နေလိုက်သည်။
"ငါးထောင် ပေးမယ်"
"ဟင်..."
အခန်းတွင်းရှိအကြည့်တွေ အားလုံး နောက်ဘက်ကို ဝေ့ဝဲလာသည်။ ကိုမြင့်မား ဆီက ဟာခနဲ အသံကို မသိကျိုးကျွန်ပြုကာ ဆတ်ခနဲ တုန်သွားကာ လျှပ်တပြက်အကြည့်တွေဝေ့လာသည့် မျက်နှာတစ်ခုကိုဘဲ ခပ်နစ်နစ်စိုက်ကြည့်ပစ်လိုက်၏။
ခပ်လွန့်လွန့်ပြုံးနေသည့် နှုတ်ခမ်းတစ်စုံနှင့် မျက်နှာဘေးကို ကြည့်ပြီး နေ မျက်နှာ လွှဲလိုက်ပေမယ့် ခံပြင်းစိတ်တို့ဖြင့် နှုတ်ခမ်းကိုဖိကိုက်လိုက်မိသည်။
"ငါးခွဲ.."
လိုချင်တဲ့စျေးနဲ့ ပြေလည်မယ်ထင်ထားခဲ့တာ ခုတော့...။ အနက်ရောင်ရှပ်နှင့် မျက်မှန် အနက်တပ်ကာ ခပ်တည်တည်ထိုင်နေသည့် ဓနရှင်ကိုဘဲ ဒေါသတွေထွက်နေရသည်။
"ခြောက်ထောင်..."
မတန်တဆဖြစ်နေပြီ။ မတွေဝေစဖူး တွေဝေနေရပြီ။ မထိတထိပြုံးနေသည့် မျက်နှာကို မြင်ယောင်တော့ ဆက်မယှဥ်ဖို့ တွေးမိသည်။ သို့သော်... ။
အငယ်လေးရဲ့အိပ်မက်လေး...နောက်ဆုံးဆန္ဒလေးကို သူမ ဥပေက္ခာမပြုရက်။
"ခုနစ်ထောင် ပေးမယ်..."
"ပေတစ်ရာ့လေးငါးဆယ် နှစ်ရာ လောက်မြေကွက်ကို အဲလောက်မပေးသင့်ဘူး"
"မြေကွက်ချည်းဘဲကိုး အဲလောက်ပေးစရာလား"
"အေးလေ...နောက်ထပ်လိုက်မှာနဲ့ဆို ..."
ဝေဖန်သံတွေ လျှံထွက်လာသည်။ နေ့ကို ကြည့်နေသည့် မျက်လုံးတွေကို မမြင်ဟန်ပြုကာ နောက်ထပ်ထွက်လာမည့်အသံကို နားစွင့်မိ၏။
"ခုနစ်ထောင်နဲ့ ရောင်းချအတည်ပြုလိုက်ပါပြီ"
ဘာသံမှ ထွက်မလာသည့် နောက်မှာ နေ ခပ်လွန့်လွန့်ပြုံးလိုက်မိသည်။ လေလံပွဲက ထွက်လာပြီး ကားဆီ အသွားမှာတော့ ထိုအပြုံးသည် မပီပြင်နိုင်တော့ပါ။
"ဓန သက်သက်လာကြည့်တာဆိုပြီးကွာ မင်းလုပ်လိုက်တာနဲ့ မြေကွက်စျေးက အဆမတန်ထိုးမြင့်သွားတာ ငါ့ဖြင့် အံ့ရော.."
ကြိတ်မနိုင်ခဲမရအသံဖြင့် ဓနဆိုသော အမည်ကြောင့် နေ ခြေလှမ်းတွေ နေရာတွင်ကျောက်ချကာ အသံလာရာဆီရွေ့သွားချိန်မှာတော့...၊
"ရိုးရိုးလေးပါ ကိုမြင့်မားရာ...အဟွန်း..."
ခပ်လွန့်လွန့် အသံအဆုံးမှာ ရိပ်ခနဲတက်လာသည့် မျက်ဝန်းတို့က အနိုင်ပိုင်းသော အပြုံးတို့ဖြင့် ဘယ်နှယ့်ရှိစဟု ပြောနေသလို။တောက်..။ဓနရှင်ကို အမှုန်ကြိတ်ပစ်ချင်နေပြီ။
ဒေါသတွေက မီးတစ်စလို လှိုက်ဖြာလျက် ထိုနေရာဆီ ခြေလှမ်းပြင်လိုက်ချိန်မှာတော့...ကားတံခါးဆွဲဖွင့်လျက် ကားထဲဝင်ထိုင်လိုက်တာ တစ်ခဏအတွင်း။
"တောက်..."
ဘက်ဆုတ်ထွက်သွားသည့် ကားတွင်းမှ နေ့တည့်တည့်ကို လက်ညှိုးထိုးကာ လက်ဖြင့်လည်ပင်းကို ဖြတ်ပြသွားသည့် ဓနရှင်။
ဒေါသတွေက မီးပွားတွေလို လွင့်စင်လျက် နေ တစ်ယောက်တည်း ဆွေ့ဆွေ့ခုန်ပြီးကျန်ခဲ့ရသည့် အဖြစ်။
ဓနရှင်နဲ့ပြိုင်ပြီး မြေကွက်ကို ရလိုက်ခြင်းသည် ချောက်ချခံရမှုတစ်ခုသာ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ကျွီ..."
ပေါ်တီကိုအောက်တွင် ကားထိုးရပ်ပြီး ဆင်းလိုက်သည်နှင့် တိတ်ဆိတ်ခြင်းက ဆီးကြို၏။မီးတွေလင်းနေသည့် အိမ်အတွင်း လှမ်းဝင်လိုက်တော့ သေသပ်ခန့်ညားနေသည့် ဧည့်ခန်းကို တစ်ချက်ဝေ့ကြည့်ပြီး မျက်ဝန်းတို့က ဆိုဖာဆီရောက်သွားသည်။
မေမေ့မျက်နှာကို မမြင်ရဘဲ လစ်ဟာနေသည့် အိမ်အတွင်း လေးပင်သော ခြေလှမ်းများဖြင့် လျှောက်နေရင်း ထမင်းစားခန်းဘက်ဆီ မသိမသာလှည့်ကြည့်မိပြန်သည်။
ထမင်းစားခန်းထဲ၌လည်း လူရိပ်လူယောင်ပင် မမြင်ရ။ ဧည့်ခန်းဆီ ပြန်လျှောက်လာပြီး ဆူးခေတ်သစ်အခန်းဘက် ကို မျက်လုံးရောက်သွားရတော့ ခြေလှမ်းတွေက တလွှားလွှားဖြင့် အခန်းနားအလိုလိုရောက်သွားသည်။
"ဒေါက်...ဒေါက်..."
အခန်းတံခါးကို ခပ်ဆတ်ဆတ်လေးခေါက်လိုက်ပေမယ့် အခန်းတွင်းမှ တုံ့ပြန်သံမကြားရ။ အခါတိုင်း တံခါးခေါက်တာနဲ့ အသံပြန်ပြုတတ်သည်း ဆူးခေတ်သစ်။
ရင့် မျက်ခုံးတွေ အလိုမကျစွာတွန့်ချိုးသွားရကာ၊
"ဆူးခေတ်သစ်...."
"ဒုန်း.."
သူမနာမည်ကို ခေါ်နေပေမယ့် တိတ်ဆိတ်မြဲတိတ်ဆိတ်လျက်။ ဒေါသဖြစ်ဖြစ်နဲ့ တံခါးကို ထုချပစ်လိုက်သည်။ ခါတိုင်းဆို သူတစ်ခွန်းခေါ်လိုက်တာနဲ့ သူမထူးသံက တစ်ဆက်တည်းပါလာပြီးသား။
"ဆူးခေတ်သစ်..."
စိတ်မရှည်တတ်သည့် ညဥ်အတိုင်း အိပ်ခန်းတံခါးကို ခြေဖြင့်ကန်ဖွင့်ကာ အခန်းတွင်းဝင်ကြည့်တော့ မရှိ။
"ဆူးခေတ်သစ်...ဟေ့ မင်းထွက်ခဲ့စမ်း...မင်းနဲ့ငါ စာရင်းရှင်းစရာရှိတယ်"
ရေချိုးခန်းနှင့်ရေအိမ်တံခါးကို ဖွင့်ကြည့်တော့လည်း ရှိမနေပြန်။ အိပ်ခန်းတွင်းလှည့်ပတ်ကြည့်မိတော့မှ မျက်လုံးတွေ ပြူးကျယ်သွားရသည်။
"ဟင်.."
ဗီရိုဖွင့်နေတာကို စောစောက သတိမထားမိခဲ့ပါ။ ဖွင့်နေသည့် တံခါးနှင့် ဟင်းလင်းဖြစ်နေသည့် ဗီရိုကြီးကို ကြည့်ကာ တစ်ခုခုကို နားလည်သွားရသလိုလို။ မှန်တင်ခုံပေါ်က ပစ္စည်းတွေလည်း ဖရိုဖရဲဖြင့် ဟိုတစ်စသည်တစ်စပြန့်ကျဲလျက်။ အခန်းတစ်ခုလုံးကို ခြုံငုံကြည်လိုက်တာနဲ့ သူမ ထွက်သွားပြီဆိုတာ သိချာနေပြီ။
"ကျစ်.."
ဆံပင်တွေထဲ လက်ဆယ်ချောင်းစလုံးထည့်ကာ ထိုးဖွပစ်လိုက်သည်။
"ဟာကွာ..."
"ဒုန်း..."
မျက်လုံးထဲ ဝင်လာသည့် ခုံကို ကန်ထုတ်လိုက်ပြီး အိပ်ခန်းထဲကနေ ထွက်လာခဲ့သည်။
"မေမေ..."
မေမေ့ကို အော်ခေါ်မိသွားသည်။ပြီးမှ တစ်စုံတစ်ခုကို သတိရသွားသလို ပါးပြင်ကို ပြန်စမ်းလိုက်မိ၏။
ယခုချိန်အထိ ကျိန်းစပ်နာကျင်နေဆဲ ပါးပြင်ကို ပြန်စမ်းကြည့်မိတော့ နာကျင်နေသည့်ရင်ဘတ်က ဒဏ်ရာ အသစ်တိုးသွားကာ အပေါ်ထပ်ဆီ တစ်ဒိုင်းဒိုင်းပြေးတက်လာခဲ့တာ မေမေ့အခန်းရှေ့အထိ။
"ဂျိုင်း.."
အလောတကြီးဖြင့်တံခါးကို အဖွင့်..တံခါးရွက်က နံရံကို အရှိန်နှင့် ပစ်တိုက်ကာ အသံထွက်သွားသည်။ အိပ်ခန်းအတွင်းကို မျက်လုံးအဝေ့...။
"ဟင်..."
ခေါင်းအုံးတွေပေါ်အကြည့်အရောက် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ထိုနေရာကို ချက်ချင်းရောက်သွားပြီး ဆွဲယူအကြည့်မှာတော့...။
ကွာရှင်းပြတ်ဆဲခြင်းတဲ့...။ စာချုပ်က တစ်စောင်တည်း။ လက်မှတ်နေရာတွေမှာ သူတို့နှစ်ယောက်လက်မှတ်တွေနှင့်။ စာချုပ်ကိုကြည့်လိုက်ကတည်းက ဆူးခေတ်သစ်နှင့်လက်ထပ်ပြီးတဲ့ညက သူလက်မှတ်ထိုးထားပြီးသား စာချုပ်တွေဆိုတာကိုသိလိုက်ပြီ။
သူ လက်မှတ်ထိုးပြီး အိပ်ခန်းထဲက အံဆွဲထဲ သေချာထည့်သိမ်းထားတာကို စာချုပ်တွေက ဘယ်လိုဖြစ်ပြီး မေမေ့အခန်းတွင်းရောက်နေရတာလဲ။
လက်မှတ်နေရာမှာလည်း ကာယကံရှင်ဖြစ်ကြသည့် သူတို့လက်မှတ်တွေက နေရာယူနေသည်။
စာချုပ်ကို ပစ်ချပြီး ဗီရိုတွေကို အလောတကြီးဖွင့်ကြည့်မိသည်။
ထင်သည့်အတိုင်း မေမေရဲ့အဝတ်တွေပါ မရှိတော့။
"ဘာတွေလဲ....ဘာတွေလဲကွာ.."
ရင့် ကြုံးအော်ပစ်ရင်း ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိသည်။ ဆံပင်တွေကို ထိုးဖွလိုက် ခါးထောက်လိုက်ဖြင့် စိတ်တွေ ရောက်ယက်ခတ်နေ၏။
ဘဝကြီးကို အတော်စိတ်ပျက်နေပြီ။ ဆူးခေတ်သစ်က ဖေဖေရဲ့သမီးတဲ့။ သူ ဘယ်လိုမှ လက်ခံလို့မရပါ။ ဖေဖေ့မှာ ရင့်မဟာဆိုတဲ့သားတစ်ယောက်ဘဲ ရှိတာ။ ဘာသမီးမှ မရှိရဘူး။
ခံစားချက်မဲ့နေကာ ရင်တစ်ခုလုံး ကလိုင်ပေါက်နေပြီ။
"ဟား...."
စိတ်ပျက်လက်ပျက်ဖြင့် ခုတင်ကိုမှီကာ အရုပ်ကြိုးပြတ် ထိုင်ချလိုက်ပြီး မျက်လုံးတွေကို စုံမှိတ်ထားပေမယ့် ပုံရိပ်တွေက ထပ်တလဲလဲ ရစ်ဝဲကာနေသည်။
သူတို့အဖြစ်က ကြားလို့မှ မတော်တဲ့အဖြစ်၊ ရှက်ဖွယ်လိလိ။ အမှန်တရားဆိုတာကြီးက အဲဒါလား။ အတွေးဝင်လာတိုင်း နံရံနှင့်ခေါင်း ကို ပြေးတိုက်ချင်စိတ်တွေသာ တိုးဝင်လျက်။
မဖြစ်နိုင်ဘူး။ သူနဲ့ငါသာ မောင်နှမဆို မေမေ ငါတို့ကို သဘောတူမှာ မဟုတ်ဘူး။ သူ ငါတို့ကို လက်ထပ်ပေးမှာ မဟုတ်ဘူး။ အတွေးနှင့် ထရပ်လိုက်စဥ် ဗီရို အောက်နားဆီမှ အရာလေးဆီမျက်လုံးအရွေ့...သူ့မျက်ခုံးတွေ တွန့်ချိုးသွားရသည်။
ဓာတ်ပုံလေး တစ်ပုံ။ နှစ်ပေါင်းများစွာကြာမြင့်နေသည့် ဓာတ်ပုံကို ငုံ့အကောက်မှာ ရင်ဘတ်က ဒိုင်းခနဲ ဆောင့်ကုန်သွားလေသည်။ဓာတ်ပုံလေးထဲမှာ လသားအရွယ် ကလေးငယ်လေးကို ပွေ့ချီထားသူက မေမေ။ မေမေ့ဘေးမှာ အမျိုးသမီးကြီးသုံးယောက်က ပတ်ဝိုင်းလျက်။
ဒီပုံက ဘာလဲ။ ပုံထဲက ကလေးလေးကရော ဘယ်သူလဲ...ငါလား။
အပိုင်း(၂၈)ဆက်ရန်👈👈👈
စာဖတ်သူများအတွက်
ထာဝရ
#ဖက်ဖူးစိမ်း