🌺 ပန်းမွေ့ရာ....ရွှေကော်ဇော🌺
"မင်းအတ္တတွေ အဆိပ်သင့်နေပြီသိလား...မင်း အတ္တတွေ အဆိပ်သင့်နေပြီ။ မင်းကြောင့် ဆူး ဘာတွေဖြစ်ကုန်သလဲ သိလား။ သူ့ဘဝ၊သူ့အလှ အရာအားလုံး မင်းကြောင့်ဆုံးရှုံးကုန်ပြီ။ မင်းက..မင်းက အတ္တကောင်"
အပြင်က ပြန်ရောက်လာတယ်ဆို မေမေဆီးကြိုလိုက်ပုံက ညင်သာသည်။ ပါးတစ်ဖက်ကိုရိုက်ချလိုက်တာ ဘာမပြော ညာမပြောနှင့်။ ပြီးတော့ အဆက်မပျက်ပြောလာသည့်စကားတွေက ဆူးခေတ်သစ်အကြောင်းတွေသာ။
"ကျွန်တော်က အတ္တကောင်ဆိုရင်တောင် သူ့အမေနဲ့ သူ့လုပ်ရပ်ကို မမှီသေးပါဘူး။ မေမေ့နှလုံးသား မေမေရဲ့ ပျော်ရွှင်ခြင်းတွေကို ရက်ရက်စက်စက်ဝါးမြိုသွားတဲ့ မူယာခင်ဆိုတဲ့ မိန်းမကြီးရဲ့သွေးကို မေမေ မရွံ့ဘူးလား။မေမေ က စိတ်မနာပေမယ့် ကျွန်တော်ကတော့ အဲဒီမိန်းမကြီးရဲ့သွေးကို အဆိပ်ပင်ရေမလောင်းနိုင်ဘူး"
"ဖြန်း...."
"မေမေ...ကျွန်တော့်ကို... ကျွန်တော် ဟာဗျာ.."
နှစ်ချက်အရိုက်ခံလိုက်ရသည့် ပါးက ဒဏ်ရာထက် တစ်သက်လုံး လေသံမာမာနှင့်တောင်မပြောခဲ့ဖူးသည့် မေမေရဲ့ ဒေါသအလျှံတငြီးငြီးက ရင်ပိုနာရ၏။
"ရင့်မဟာ...မင်းကို မွေးမိတာကမှ အဆိပ်ပင်ရေလောင်းသလိုဖြစ်နေတာ ဟဲ့..။ ငါ့ကို ဒီနည်းနဲ့ကျေးဇူးဆပ်လိုက်တာပေါ့ ဟုတ်လား..ပြောစမ်း မင်းက ဘာတွေကို ဒီလောက်အထိ စိတ်နာနေရတာလဲ။ မူယာဆိုတဲ့မိန်းကလေး လည်းမမှားခဲ့ဘူး"
"မမှားဘူး ဟုတ်လား မေမေ...အဲဒီမိန်းမကြီးကြောင့် မေမေစိတ်ဆင်းရဲခဲ့ရတာ။ ဖေဖေ အဲဒီမိန်းမကြီးကို အိမ်ပေါ်ခေါ်တင်လာလို့ မေမေ အရှက်ရခဲ့တာတွေက အမှားတွေ မဟုတ်လို့ဘာလဲ။ ကျွန်တော်ကတော့ လုံးဝ မသက်ညှာနိုင်ဘူး။ အဲဒီမိန်းမရဲ့သမီး ဟိုကဝေမ ကျွန်တော့် အနာဂတ်၊ ကျွန်တော်ရဲ့မျှော်လင့်ချက်တွေကို ရိုက်ချိုးခဲ့တာ။အချစ်ဆိုတဲ့ ခေါင်းစဉ်ကို အလွဲသုံးစားလုပ်ပြီး ကျွန်တော့်နှလုံးသား၊ကျွန်တော့်ဘဝကို ချုပ်ကိုင်ဖို့ကြိုးစားတယ် အဟွန့်..တစ်ဖက်ကလည်း ဖေဖေ့ကို ဖျားယောင်းတယ်..."
"ရင့်မဟာ...မင်း မင်းပါးစပ်ပိတ်ထား..."
မျက်လုံးတွေ ပြာဝေကာ လူပါ မိုက်ခနဲ ဖြစ်သွားရသည်။ ဘုရား...ဘုရား မကြားဝံ့၊မနာခံတွေပါလား။
"မပိတ်နိုင်ဘူး မေမေ ကျွန်တော်က အဲဒီ့ကဝေမ ခိုင်းတဲ့ သံပတ်ပေး စက်ရုပ်မှ မဟုတ်တာ။ ဖေဖေဆီက ပစ္စည်းတွေကို အလကားလိုချင်နေတဲ့မိန်းမ...ရွံ့စရာကောင်းတဲ့ မိန်းမ.."
"ဘာ...မင်း ဘယ်လိုပြောလိုက်တယ် ရင့်မဟာ"
သားလို့တောင် မခေါ်နိုင်တော့တဲ့ မေမေ့ကို ရင် ရင်နာစွာ ငေးကြည့်ရင်း မဲ့မိသွားရသည်။
"ဟုတ်တယ်လေ..သူ့အမေ ဟိုမိန်းမကြီးတုန်းကလည်း ပစ္စည်းတွေမက်မောလို့ ဖေဖေကို မေမေ့ဆီက လုသွားတာ။ သူ့သမီး ကြတော့ရော ဘာထူးသလဲ။ ဖေဖေ့ဆီက ချူစားရုံနဲ့ အားမရလို့ ကျွန်တော့်ကို..."
"တော်စမ်း...မပြောနဲ့။ မင်းက မွေးရကျိုးမနပ်တဲ့ကောင်...မွေးကျေးဇူးကို မထောက်တဲ့ကောင်"
"မေမေက အဲဒီမိန်းမအတွက်နဲ့ကိုယ့်သားအရင်းကိုတောင် ခုလိုပြောရက်တယ်နော်..ကျွန်တော် တကယ် နားမလည်လို့မေးပါရစေ...ဆူးခေတ်သစ်ကို သားအရင်းထက်ပိုချစ်နေတာလား"
ဒေါ်နွေးနွေးလှိုင်က ကျလုဆဲဆဲမျက်ရည်တွေကို ပုတ်ခတ်သိမ်းရင်း မျက်နှာလွှဲသည်။
"ဆူးခေတ်သစ် ခု ဘယ်မှာလဲ...မေမေ့ကို ဘာတွေ ပလီထားသလဲ ။ တောက် .."
"မင်း ဘာမှ မဲနေစရာ မလိုဘူး ရင့်။ မင်းကြောင့်..ခုံစောင်းနဲ့တိုက်မိတဲ့ ဒဏ်ရော ဖန်ကွဲစစူးတဲ့ ဒဏ်ရာတွေက အတော်ဆိုးသွားတယ်။ ရစရာတောင်မရှိတော့ဘူး...အဆိုးဆုံးက မျက်နှာဘဲ ဆူးရဲ့မျက်နှာတစ်ခြမ်းပျက်စီးသွားပြီ အဲဒါ မင်းသိလား"
ရင့် ရုတ်တရက် စွံ့အသွားပြီး စကားလုံးတွေ ပျောက်ရှသွားရသည်။
"မင်း ဝမ်းသာတယ်မို့လား။ သမီးလေး ခုလိုဖြစ်တာကို မင်းက မြင်ချင်တဲ့ သူဘဲ။ ရင့်မဟာ...မင်း သိပ်ပျော်နေတယ်မဟုတ်လား"
မျက်လုံးစိမ်းတို့ဖြင့် ခပ်စိုက်စိုက်ကြည့်ပြီး ပစ်ပေါက်လိုက်သည့် မေမေ့စကားလုံးများက ရင့် ပိုနာကျင်လာရသည်။ ဆူးခေတ်သစ်နဲ့ပင်သက်ပြီး မေမေ သူ့ကို မပြောစဖူး ရင့်ရင့်သီးသီးပြောလာတာကို သူ မခံနိုင်ဆုံးပင်။
"သူ့အပြစ်နဲ့သူသွားတာဘဲ မေမေ ကျွန်တော်နဲ့ဘာဆိုင်သလဲ"
"ရင့်မဟာ မင်းဘယ်လိုပြောလိုက်တာလဲ။ မင်းလုပ်လို့ ခုလိုဖြစ်ကုန်တာ။ မင်းက သိပ်ကိုကြောက်စရာကောင်းတဲ့ ကောင်ဘဲ။ မင်းအတ္တတွေ အဆိပ်သင့်နေပြီ။ အေး...တစ်နေ့မင်း ဒုက္ခရောက်မယ်"
"ရောက်ပါစေ...အဲဒီသားအမိကို စီရင်ပြီးမှ ရလာမဲ့ ဒုက္ခကို ကျွန်တော် ကျေကျေနပ်နပ်ကြီး ခံယူပစ်လိုက်မယ်။ ဆူးခေတ်သစ် သူမက်မောတဲ့ အမွေတွေကို မရစေရဘူး။ မျက်နှာ ပျက်သွားတာလည်း အဲဒါ သူ့စရိတ်နဲ့သူ သွားတာ"
"မင်းမှာ အဲဒီလို စိတ်ဓာတ်မျိုးရှိနေတာ ငါ မအံ့သြဘူး။ ဒါပေမယ့်...နှစ်ပေါင်းများစွာ ပျိုးထောင်လာမိတဲ့ ငါ့ကိုယ်ငါဘဲ ယူကြုံမရဖြစ်မိတယ် ရင့်။ အားလုံးကို မျက်ကွယ်ပြုပြီး မင်းကို ချစ်ခဲ့ကြတာ မင်းဘက်ကတော့ ဒါတွေကို နားလည်ရကောင်းမှန်းမသိဘူး။ မင်းပြောသလို ငါက အဆိပ်ပင်ကိုမှ စနစ်တကျပြုစုပြီး ရေလောင်းခဲ့မိတာ...ငါကိုယ်ငါဘဲ အပြစ်တင်တယ်"
ကြမ်းတမ်းစွာ ထိမှန်လာသည့် စကားလုံးတွေကို လက်သီးဆုပ်အံကြိတ်ခံရင်း ယောကျ်ားတန်မဲ့ ရင့်မျက်နှာမှာ မေးကြောတွေထောင်ထလျက်။ မျက်ရည်တို့ ကျမလာသော်ငြား..မျက်စပ်နှင့်နှာသီးဖျားတွေရဲနေပြီ။
"မေမေ့..."
ရင့် တားဆီးသံက ဧည့်ခန်းတွင်း ဟိန်းထွက်သွားသည်။
"ဆူးခေတ်သစ်ရဲ့ဘက်တော်သားဖြစ်သွားတာ ကျွန်တော် အံ့သြတယ်။ ကျွန်တော်ကတော့ အဲဒီ ကဝေမကို ဘယ်တော့မှ လွတ်မြောက်ခွင့်မပေးဘူး။ ဖေဖေ့ပစ္စည်းတွေကိုလိုချင်လို့ကပ်တွယ်နေတဲ့ မိန်းမ။ သူ မက်မောတဲ့ပစ္စည်းတွေကို သေရင်တောင်အပ်တိုတစ်ချောင်းမရစေရဘူး"
"တော်စမ်း ရင့်...မင်း မင်းမသိဘဲ မပြောနဲ့။ ဒီပစ္စည်းတွေက ဆူးနဲ့မဆိုင်ဘူးလို့ ဘယ်သူပြောလဲ"
"ဘယ်လို...မေမေ ဘာပြောလိုက်တာ အမွေတွေက သူနဲ့ဆိုင်တယ် ဟုတ်လား။ ဘာလို့ ဆိုင်ရမှာလဲ။ ဆိုင်ရအောင် သူက ဖေဖေနဲ့.."
ရင့်စကားသံက တဝက်တပျက်နှင့်ရပ်တန့်ကာ နာနာကြည်းကြည်းဖြင့် တက်ခတ်သည်။
"မိဘကို မစော်ကားနဲ့ ရင့်...ဆူးခေတ်သစ်က.. မဟာသွေးရဲ့ သမီးဟဲ့ မဟာသွေးရဲ့ သမီး.."
စကားဆုံးသည်နှင့် ဒေါ်နွေးနွေးလှိုင် တစ်ယောက် ငိုရှိုက်လျက် နေရာတွင် ပုံလျက်လဲကျသွားလေသည်။ ရင့် ကမ္ဘာကြီး ချာချာလည်သွားပြီး လူက မတ်မတ်ပင်မရပ်နိုင်တော့။
နှုတ်ခမ်းတွေဆွံ့အလျက် ပြူးကျယ်သွားသည့်မျက်ဝန်းအစုံနှင့် ဆိုဖာကိုမှီကာ တအီအီငိုရှိုက်နေသည့် မေမေ့ကို ငေးကြောင်ကြည့်နေမိသည်။ ဘာတွေလဲ ဘာတွေဖြစ်ကုန်တာလဲ။ဆူးခေတ်သစ်က ဖေဖေ့သမီးဆို....။ ဟာကွာ...။
ဆံပင်တွေကို အကြိမ်ကြိမ်ဆွဲဖွရင်း ခံစားချက်တွေရှုပ်ထွေးလျက်။ လူတစ်ကိုယ်လုံးပူရှိန်းလျက် အရူးတစ်ယောက်လိုလျှောက်ပြေးချင်လာသလိုလို၊တစ်ခုခုထဲ ခေါင်းတိုးနေချင်သလိုလို။
"ဒါ...ဒါဆို သူနဲ့ကျွန်တော်က...ဟာ..."
"ခွပ်...ခွပ်..."
နံရံဆီ အဆက်မပြတ်ထိုးချနေသည့် ရင့်လက်သီးချက်တွေကြောင့် ဒေါ်နွေးနွေးလှိုင် မျက်လုံးပြာသွားကာ အရုပ်ကြိုးပြတ်လဲကျနေရာမှ မျက်ရည်တို့ တလဟောဆီးကာ ငိုရှိုက်လျက် တားဆီးဖို့လည်းသတိမရ။ သူမကိုယ်တိုင်လည်း ခံစားချက်ပေါင်းများစွာဖြင့် အသက်မဲ့လျက်။
ဖြာကျလာသည့်သွေးတွေက လက်ခုံဆီမှသည် ကြမ်းခင်းဆီသို့ တစ်ပေါက်ချင်းစီးကျနေသလို လက်တစ်ခုလုံးမြင်မကောင်းတော့။
"ဘာတွေလဲဗျာ...ကျွန်တော်တို့ ဘာကောင်တွေ ဖြစ်ကုန်ပြီလဲ"
ငိုသံစွတ်သွားသည့် ရင့်အသံကြီးက ကတုန်ကယင်ကြီးထွက်လာသည်။ နံရံဆီ ခေါင်းစိုက်ကာ မှီထားသည့် ရင့်တစ်ကိုယ်လုံးတုန်နေကာ၊
"ကဲကွာ..."
"ဒုန်း....ဝုန်း..."
"ခွမ်း...."
စိတ်တွေကို လွှတ်ပေးလိုက်တော့ ဧည့်ခန်းတစ်ခုလုံးဖရိုဖရဲဖြစ်ကုန်တော့သည်။
"ရင့်မဟာ...မင်း...မင်း..."
ဆိုဖာကို မှီနေရာမှ ဒေါ်နွေးနွေးလှိုင်တစ်ယောက် ခေါင်းထောင်သွားပြီး မျက်လုံးတွေပါ စူးရဲလာလျက် လူက မတ်တပ်ရပ်ပြီးဖြစ်သွားသည်။
"ဝုန်း...ဒုန်း..."
စိတ်ရှိလက်ရှိသောင်းကျန်းနေတာ ဧည့်ခန်းတစ်ခုလုံးရစရာပင်မရှိတော့ပါ။
"လူရမ်းကား...ကဲဟယ်..."
"ဖြန်း...ဖြန်း..."
အထပ်ထပ်အရိုက်ခံလိုက်ရသည့် ပါးပြင်က ကျိန်းစပ်ကာ ပူထူသွားသလို မျက်နှာပါ လည်ထွက်သွားသည်။ ရင့် မထင်မှတ်သည့်ရိုက်ချက်ကြောင့် ခဏ ကြောင်သွားပြီးမှ မေမေ့ကို မယုံနိုင်စွာပြန်စိုက်ကြည့်လိုက်ပြီး၊
"မေမေ...ကျွန်တော့်ကို ရိုက်တယ်..."
မျက်လုံးတစ်ဖက်တွင် သွေးရောင်လွှမ်းကာ နီရဲလာကာပါးတစ်ဖက်က နီရဲယောင်ကိုင်းလျက် ဆံပင်တွေ ခါပြီး ဆတ်ခနဲ လှည့်လာသည့် မျက်ဝန်းတို့က ခံစားချက်ရောင်စဥ်တို့ဖြင့်ပြည့်ကာ ရေခိုးရေငွေ့များ ယှက်ဖြာလျက်။
"ရိုက်တယ်...ရိုက်ရုံတင် မဟုတ်ဘူး...မင်း...မင်းကို သတ်ပါပစ်ချင်တာဟဲ့...လူရမ်းကားရဲ့"
"မေမေ...ဟာဗျာ..."
ထိန်းချုပ်မရတော့သည့်စိတ်က ဒုန်းဆိုင်းလျက် ဧည့်ခန်းတွင်းမှ ချာခနဲလှည့်ထွက်ခဲ့သည်။
ရင်တစ်ခုလုံးမှာ မီးပြင်းပြင်းတောက်လျက်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"သမ္ဘာ"
နားထဲမှာ ငွေငါးလေးအသံလေးက တရစ်ဝဲဝဲ။ အထပ်ထပ်ကြားယောင်နေသည့် ချိုကြည်ကြည်အသံလေးကြောင့် စိတ်ညစ်ညူးမှုတွေ ပိုပြင်းထန်လာကာ လက်ဆယ်ချောင်းစလုံးဖြင့် ဆံပင်တွေကို ဆွဲဖွပစ်ရင်း ခေါင်းမော့ကာ၊
"ဟား.."
ခနဲ အော်ပစ်လိုက်သည်။ ခပ်တိုတိုညှပ်ထားသည့် ဆံပင်တွေပင် စိတ်ရှုပ်ထွေးစရာဖြစ်နေပြီ။
ခြံထဲရောက်လာတော့လည်း ဘာလုပ်ရမှန်းမသိဘဲ ယောင်တောင်ပေါင်တောင် ဖြစ်နေ၏။ လုပ်စရာအလုပ်တွေ အများကြီးရှိနေပေမယ့် ဘယ်က စလုပ်ရမှန်းမသိ။
ဟိုပစ္စည်းလေး ကိုင်လိုက်၊ ပြန်ချထားလိုက်။ ဟိုနားသွားရပ်လိုက် ယောင်ချာချာဖြင့် ပြန်လာလိုက်ဖြစ်နေတာ။ သမ္ဘာ ခေါင်းကို ခပ်ကြမ်းကြမ်း ခါယမ်းလိုက်သည်။
"ငွေငါး....ဟား....ခက်နေပါလားကွာ"
နှင်းဆီခင်းတွေကို ဖြတ်တိုက်လာသည့် နံနက်ခင်းလေပြည်လေညင်းကပင် အလွမ်းဓာတ်ကို တိုးမြှင့်နေသလိုလို။ အတူတူသွားခဲ့တဲ့နေရာတွေမို့ ခုလို တစ်ယောက်တည်းဖြစ်နေမှ အလွမ်းတွေက ရာသီရင့်လေပြီ။
အနားမှ တွတ်တီးတွတ်တာ ပြောနေတတ်သည့် ငွေငါးလေးအသံတွေ မကြားရတော့ လူက ဘယ်လိုမှ နေမရ။ အရောင်အသွေးစုံသည့် ပန်းခင်းကြီးကပင် မသာယာတော့။ ဝါသနာပါလှပါသည်ဆိုသော အလုပ်တွေကိုလည်း မလုပ်ချင်တော့သလို စိတ်မရှည်တော့သလိုလိုဖြစ်နေပြီ။ ဝက်ရှော့ခ်ကိုလည်း မသွားဖြစ်။ ငွေငါးလေး ပြန်သွားတာ တစ်နေ့သာသာဘဲ ရှိသေးတယ် သူ့စိတ်တွေ ရော်ရွက်တွေလိုလွင့်ချင်ရာလွင့်မျောလို့နေပြီ။
နေထိပန်းလို ညှိုးနွမ်းကာ နေပြီ။ မဖြစ်သင့်တော့သည့် ဘဝမှာ ငွေငါးလေးနှင့်သူက ကမ္ဘာတစ်ဖက်ဆီ ဝေးကွာသွားသလိုထင်မိ၏။လုပ်ငန်းရှင်သူဌေးကြီး ဦးနေသစ်ဆိုတာ စီးပွားရေးလောကမှာ မသိသူမရှိ။ ငွေငါးလေး အကြောင်းတွေကို သိလိုက်ရသည့်နေ့ကတည်းက အနာဂတ်အိမ်လေးဗုံးဗုံးလဲခဲ့ရတာ။
အချစ်နဲ့စစ်မှာ မတရားတာ မရှိဘူးတဲ့။ အချစ်ကြောင့် မိုက်ရူးရဲဆန်ရဲတဲ့သတ္တိတွေ ရှိပါသည်။ သို့သော်လည်း..အခြေအနေက သူ့ဘက်မှာ ရှိမနေ။ နှစ်ကိုယ့်တစ်စိတ်လို ဘဝမျိုးနှင့် ငွေငါးလေးက သူ့ကိုချစ်တာ မှန်ပေမယ့် သူမချစ်တယ်ဆို သူမရဲ့စိတ်ရင်းမှ မဟုတ်ဘဲ။ သူမရဲ့ ဘဝတစ်ခု၊ စိတ်သစ်တစ်ခု၊အချစ်သစ်တစ်ခုသာ။ ရွှေရေးချယ်ဆိုသည့် သူမအတိတ်မှာ သူမအသက်လောက်ချစ်ရသူ၊နှလုံးသားမူပိုင်ရှင်က ရှိနေပြီးသား။
နောက်မှပေါက်တဲ့ရွှေကြာက ရေပေါ်အရင်ရောက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်။
"သမ္ဘာရေ...ဝေး...အစောကြီးပါလားကွ"
ခြံအလုပ်သမားတွေ အလျှိုအလျှိုရောက်လာကာ နှုတ်ဆက်ကြပေမယ့် စကားပြန်မဆိုဖြစ်။ မကောင်းတတ်လို့ပြုံးလိုက်သည်ကပင် အပြုံးတွေက ဖျော့တော့လျက် မချိသွားဖြဲဖြစ်သွားသည့်အဖြစ်။ မတတ်နိုင်ပါ...ခုချိန်မှာ သူ့စိတ်တွေ လေနှင်ရာပြေးလွှားလျက်။
"သမ္ဘာရင့်...ဝီရိယကောင်းလှချည်းလားကွ။ ဒါကြောင့် မင်းခြံက ထွက်ကုန်တွေက ဒီနှစ်မှ ပိုပိုအောင်မြင်လာတာဖြစ်မယ်"
"ကိုသမ္ဘာ...ဒါနဲ့ရှင့်မဟေသီလေးကို သူ့အိမ်ကပြန်ခေါ်သွားကြပြီဆို"
သနပ်ခါးတွေမျက်နှာ အပြည့်လူးကာ ရှပ်အကျီအကွက်ကြီးတွေနှင့် ထဘီကို ခြေသလုံးတစ်ပတ်ဝတ်ကာ ထားသည့် ကျေးလက်မေပျိုတို့၏ နံနက်ခင်း အလုပ်ဆင်းသည့် သဘာဝရှုခင်းသည်လည်း မပီပြင်တော့ပါ။
ဒဏ်ရာကို ထိုးဆွလိုက်သလို နာကျင်ခံရခက်စွာ အားလုံးရှေ့ကနေ လှည့်ထွက်ခဲ့တာ လှည့်မကြည့်မတမ်းပင်။ အံ့သြစူးစမ်းသည့် အကြည့်တွေကို ရင်ဆိုင်ရဲပေမယ့် သူမနာမည်လေးကြားနေရတာ ဒဏ်ရာကို အထပ်ထပ်ဆွနေသည့် အတိုင်းပင်။
"ဟဲ့...ဘာလို့သွားမေးတာလဲ"
"အေးလေ...နင်က အလိုက်ကမ်းဆိုးကို မသိဘူး။ ဟိုမှာ သမ္ဘာဖြစ်သွားပုံကိုကြည့်ပါလား။ လဒမှိုက်၊ ကြက်ကြီး လည်လိမ်တဲ့အတိုင်း"
"သမ္ဘာရင့် မျက်နှာကြီး ဒီလောက်မဲနေတာကို နင်မသိဘူးလားဟဲ့...ဟိုမှာ ဖြစ်သွားတာ ကြည့်စမ်းပါဦး။ တစ်ရွာသားကို ရည်းစားလုပ်တော့ ခုတော့ ဟပ်ကော့ကြီး ဖြစ်ကျန်ခဲ့ပြီ"
"နင်တို့ကလည်း ငါက ဒီအတိုင်းမေးလိုက်တာကို ...သူ ဒီလောက်ဖြစ်သွားမယ်မှန်းသိရင် ဘယ်မေးပါ့မလဲဟဲ့"
"အင်း..ငွေငါးက ကားတိုက်မှုကြောင့် ခုလိုဖြစ်နေတာတဲ့ဟ။ နာမည်ကိုးက ရွှေရေးချယ်တဲ့။ နူးရွဖူးကြွနေတာဘဲနော်။ တကယ့်သူဌေးသမီးလေး ပီသတယ်။ ကားကြီးတွေကလည်း အကောင်းစားကြီးနော်။ ဟင်း ငါတို့ဒီတစ်သက် အိပ်မက်တောင်မက်လို့မရဘူး"
"သူ့မိဘတွေက တကယ့်သူဌေးကြီးတွေကိုးဟ။ သမီးလေးတစ်ယောက်တည်းဆိုလားဘဲ။ နောက်ပြီးတော့..ကားတိုက်မှုဖြစ်တာ သူ့ရည်းစားနဲ့တဲ့...ဟိုက သေသွားတာတဲ့ဟ"
"ဟယ်...တကယ်ကြီးလား...နင့်ကို ဘယ်သူပြောတာလဲ"
"သြော် ငါက မဟုတ်ဘဲ ပြောမလား။ အုပ်ကြီး ကတော်ဆီက ကြားရတာ တကယ့်အစစ်အမှန် သတင်း"
"ဟယ်...ဒါဆိုသမ္ဘာ ဘယ်လိုလုပ်မလဲ"
"ဘယ်လိုမှ မလဲဘူးဟေ့..အဲဒီ့သူဌေးသမီးက သူ့ဘဝကို သတိရသွားရင် သမ္ဘာ့လို တောသားကို ဘယ်သတိရပါတော့မလဲ"
"အင်း...သမ္ဘာရင့်အဖြစ်ကလည်းဟယ်..."
နောက်ပါးဆီက အသံတွေက သမ္ဘာ့ရင်ဘတ်ကို တည့်တည့်လာထိသည်။ ကိုယ် ရင်တွေ ကွဲကြေနေပါပြီ ငွေငါးရယ် ကိုယ့်ရင်တွေ ကွဲနေပြီ။
အလုပ်သမားတွေ ဘယ်လိုထင်ထင်၊ ဘယ်လို ပြောပြော သူ ဂရုမစိုက်နိုင်တော့ပါ။ ကျေးလက်တောရွာမို့ အပ်ကျတာက အစ သိကြတာ မဆန်းပါ။ ယခုဆို သူနှင့် ငွေငါးလေး အကြောင်းက တစ်ရွာလုံးရဲ့ ပါးစပ်ဖျားမှာ ရေပန်းအစားဆုံးဖြစ်နေမှာ မြေကြီး လက်ခတ်မလွဲ။
ပြိုလဲနေသည့် စိတ်အစဥ်သည် တည်ငြိမ်နိုင်ခြင်းတို့ပျောက်ဆုံးလျက်။ နှင်းဆီခင်းများ၏တစ်ဖက်ခြမ်းရှိ တဲဆီသို့လှမ်းနေမိသည့် ခြေလှမ်းများက လေးဖင့်နေလေသည်။
"သမ္ဘာ..."
ဟင်...။ သမ္ဘာ ကိုယ်ကြီး ဆတ်ခနဲတုန်သွားသည်။
"သမ္ဘာ..."
ကြားရပြန်ပြီ။ ငွေငါးလေး အသံ။ အသံလှိုင်းက အနီးလေးမှာ ပျံ့တင်ထပ်လျက်။
"မဟုတ်ဘူး...မဟုတ်ဘူး...ငါ ထင်ယောင်ထင်မှားဖြစ်နေတာ။ ငါ စိတ်စွဲလမ်းလို့ ကြားနေတာ။ အဲဒါ တကယ်မဟုတ်ဘူး"
လက်ချင်းပွတ်ကာ ကိုယ့်စိတ်ကိုယ်ဆုံးမပြီး လက်သီးဆုပ်လျက် တဲအတွင်း ဝင်ခိုက်တွင်...။
"သမ္ဘာ...ဟီး...အီး သမ္ဘာ.."
ကျောပြင်ဆီသို့ ထိကပ်လာသည့် ပူနွေးလှိုက်ဖြာသော အထိအတွေ့နှင့်အတူ လွမ်းဆွတ်နေသည့် အသံလှိုင်းလေးက ရှိုက်သံဆွတ်လျက် ပေါ်ထွက်လာသည်။
"ငွေငါး..."
လက်နှစ်ဖက်ကို ဘေး စုံချလျက် သမ္ဘာ ကြက်သေသေနေသည်က အတန်ကြာ။ဟုတ်မှ ဟုတ်ရဲ့လား။ အိပ်မက်များလားဟု ထင်ယောင်ထက်မှားဖြစ်နေဆဲ။ စည်းချက်ညီညီခုန်နေသည့် ရင်ခုန်သံတွေကဒုန်းဒိုင်းကြဲလျက်။
"သမ္ဘာ...ငါးလေးကို မသွားခိုင်းပါနဲ့နော် သူတို့နဲ့ မထည့်လိုက်ပါနဲ့နော်။ ငါးလေး သမ္ဘာနဲ့မခွဲနိုင်ဘူး။ ငါးလေး သမ္ဘာ့ကို ချစ်တယ်"
"ငွေငါးရယ်..."
သမ္ဘာ ဘယ်လိုမှ တင်းမခံနိုင်တော့။သူ့ဗိုက်ဆီဖက်တွယ်ထားသည့် လက်ဖြူဖြူလေးကို ဆွဲယူပြီး မျက်နှာချင်းဆိုင်လှည့်လိုက်ကာ မျက်ရည်အရွှဲသားနှင့်မျက်နှာလေးကို နင့်နင့်နဲနဲစိုက်ကြည့်ရင်း၊
"ကိုယ်..ကိုယ်အိပ်မက်မက်နေတာတော့ မဟုတ်ပါဘူးနော်"
"ဟင်အင်း...ငါးလေး သမ္ဘာနဲ့မခွဲနိုင်လို့ ပြန်လာတာ။ ငါးလေးကို သူတို့နောက်ပြန်မထည့်ပါနဲ့နော် နော်သမ္ဘာ"
သူ ခေါင်းညိတ်ဖို့ဝန်လေးနေစဥ် ငွေပုလဲသီးများက ပါးပြင်မွတ်မွတ်ဆီ တလိမ့်ချင်းစီးဆင်းသွားတော့၏။ သူ့လက်က အလိုလိုမြောက်တက်သွားကာ သူမ မျက်ရည်တွေကို တယုတယသုတ်ပေးနေမိသည်။
အပြာရောင်ဂါဝန်လေးက ရင်ဘတ်အောက်နားလောက်မှာဖြတ်ဆက်ကာ အရှုံ့လေးလုပ်ထားပြီး အောက်ပိုင်းက အကားပုံလေးမို့ သူမပုံစံလေးက အရင်နဲ့လုံးဝခြားနားကာ ကြွကြွရွရွ၊ဖူးဖူးစင်စင်လေးလှနေသည်။ရှည်လျားသည့် ဆံနွယ်စတွေက ဖရိုဖရဲ ပြန်ကျလျက် ချွေးစို့နေသည့် မျက်နှာလေးထက် ဟိုတစ်စ၊သည်တစ်စ ထိကပ်လျက်။
မောဟိုက်နေသည့် အသက်ရှူသံတွေနှင့် အနက်ရောင်ရှူးပိတ်ဖိနပ်လေးမှာ အလိပ်လိပ်တက်နေသည့် ဖုန်များကြောင့် သူမ ပြေးလာပြီဆိုတာကို သမ္ဘာတန်းသိနေပြီ။
"ငွေငါးလေ...သမ္ဘာနဲ့ မခွဲနိုင်ဘူး သိလား။ မနေ့ကတစ်နေ့လုံး ဘာမှ မစားဘဲနဲ့ဆန္ဒပြနေတာ။ညကလည်း တစ်ညလုံး လုံးဝမအိပ်ဘူး။ သမ္ဘာ့ဆီ ပြန်မသွားရရင် ကိုယ့်ကိုယ်ကို အသေခံလိုက်မယ်လို့လေ။ ဒါကြောင့် ဒီမနက် သူတို့လိုက်ပို့ပေးတာ"
"ငွေငါးရယ်"
ကိုယ့်ကိုယ်ကိုတောင် မသိရှာသည့် ငွေငါးလေး သူ့အပေါ် တွယ်ငြိနေသော ချစ်ခြင်းမေတ္တာက ထုထည်အပြည့်။ သမ္ဘာ နှုတ်ဖျားမှ တိုးသဲ့သဲ့ ရေရွတ်လျက် ငွေငါးကိုယ်လေးကို တင်းကျပ်စွာ ဖက်တွယ်ထားမိ၏။
ကိုယ်လည်း မင်းကို ဘယ်ပေးလိုက်ချင်ပါ့မလဲ ငွေငါး။ ဒါပေမယ့် သူတို့က ပိုင်ရှင်တွေလေ။ ကိုယ် ပြန်မပေးလို့မှ မရတာဘဲ ငွေငါးရယ် ကိုယ်က ကောက်ရတဲ့သူပါ။ ဒါပေမယ့် ဒီတစ်ကြိမ်လောက်ဖြစ်ဖြစ်၊ တစ်ခဏတာ မင်းအနားလေးမှာ နေသွားချင်ပါတယ် ငွေငါးရယ်။ မင်း လက်လေးကို ရဲရဲတွဲပြီးတော့...။
အပိုင်း(၂၇)ဆက်ရန်👈👈👈
စာဖတ်သူများအတွက်
ထာဝရ
#ဖက်ဖူးစိမ်း