book

Index 25

အပိုင်း(၂၅)

🌺 ပန်းမွေ့ရာ....ရွှေကော်ဇော🌺


ဆူးကိုယ်လေးက အညှာအတာမဲ့သည့် ရင့်တွန်းချက်မှာ ပြိုလဲကျသွားပြီး ခုတင်ဘေးစားပွဲပေါ် ဖရိုဖရဲပစ်ကျသွားသည်။ နာကျင်အောင့်မျက်သွားသည့် ဝေဒနာနှင့်အတူ ဖျင်းခနဲ ခံစားလိုက်ရ၏။ထို့နောက်တွင်တော့...။


နားထဲမှာ လဲပြိုသံ၊ ကွဲရှသံ၊ အော်သံများကိုကြားလိုက်ရပြီး ဘာတွေဘယ်လိုဖြစ်ကုန်မှန်းမသိတော့ပါ။ အလဲလဲအကွဲကွဲနှင့် ပစ္စည်းများ ဖရိုဖရဲကြား ဝယ် လဲကျသွားသည့် ဆူးခေတ်သစ်ကို မြင်လိုက်ရ၏။


"ကိုကို..."


ဘယ်လိုမှ မထူမတ်နိုင်တော့ဘဲ ဆူး လဲကျနေသည့် ပုံလျက်သားအတိုင်း ကိုကို့မျက်နှာကို အသနားခံသလိုမော့ကြည့်လိုက်ရင်း၊


"မသွားပါနဲ့ ကိုကို...ဟီး...ဆူးကို မထားခဲ့ပါနဲ့"


လှည့်ထွက်ဖို့ ခြေလှမ်းပြင်နေသည့် ကိုကို့ခြေတောက်ကို လှမ်းဆွဲကာ တားဆီးလိုက်သည်။


"တောက်...ဖယ်စမ်း..မထိနဲ့ သွား.."


ဖန်ကွဲစတွေ ထိုးစိုက်သွားသည့် လက်ဖဝါးက သွေးချင်းချင်းနီနေပေမယ့် ထိုဒဏ်ရာကို ဂရုမစိုက်နိုင်။ ကိုကို့ခြေတောက်ကို ဖက်တွယ်လိုက်မိသည်။ ထိုအခါ...ကိုကိုက ခြေတောက်ကို ဆွဲလွဲခါရမ်းရင်း ခြေတောက်နှင့် ကန်တွန်းပစ်လိုက်တာ ညှာတာခြင်း အလျင်းမရှိ။ 


"ကိုကို့..."


ယိုင်နဲ့သွားသည့် ကိုယ်ကို ထိန်းမတ်ဖို့ လက်အထောက်..လက်ဖဝါးဆီမှ စူးအောက်သည့် ဝေဒနာကို ဒုတိယအကြိမ် ခံစားလိုက်ရပြန်ပြီ။ 


"ငါ့ ဘာသာငါ နေချင်သလိုနေမယ် ဆူးခေတ်သစ်။ ငါ့ကို စည်းတွေ၊ဘောင်တွေခတ်ဖို့မကြိုးစားနဲ့။ ငါက မင်းအမိန့်ကို နာခံစရာမလိုဘူး မင်းကသာ ငါ့အမိန့်ကိုနာခံရမှာ"


"ကိုကို..."


"ဟာကွာ...ဖမ်းစမ်း.."


"ဟင်အင်း...ကိုကို မသွားရဘူး.."


ခြေသလုံးကို ဆွဲဖက်ပစ်ရင်း ဆူး မျက်နှာကို ကိုကို့ခြေခုံမှာ ကပ်ထားလိုက်သည်။ ရင်း ထူပူကာဒေါသက ထောင်းခနဲဖြစ်သွားပြီး ခြေတောက်က လက်တွေကို ခြေတောက်ဖြင့် ဖြုတ်ပစ်ပေမယ့် ဘယ်လိုမှ မရ။ မြဲမြံလွန်းသည့် လက်တွေကြား အနေကျပ်ကာ မျက်နှာကြီးပါ နီရဲလာရသည်။မျက်ရည်တို့ စိုလူးလာသည့် ခြေတောက်တွေကြောင့် လူက ဘယ်လိုမှ နေမရတော့ဘဲ စိတ်ရိုင်းတွေသာ တိုးဝင်လာလျှင်၊


"ဆူးခေတ်သစ်..."


ရင့် အသံနက်ကြီးက ဟိန်းခနဲ။ မျက်နှာကြီးပါ နီရဲလျက် မေးကြောတွေ ထောင်တက်ကာ အံကြိတ်သံပါ ကျိခနဲ ထွက်လာသည်။ 


"ငါ လုပ်ရင် သေတော့မယ်...ဖယ်စမ်း..မင်း"


ဒေလီယာ မျက်လုံးအဝိုင်းသားဖြင့် ခဏကြောင်ကြည့်နေပြီးမှ နှုတ်ခမ်းလေးတွန့်ကာ ပြုံးလိုက်သည်။ 


"ကျစ်...ဒရမ်မာတွေ လာခင်းနေတယ်..."


စိတ်မရှည်သံဖြင့် ပြောရင်း တိုနှံ့နှံ့ အကျီစလေးကို ဆွဲချကာ ခုတင်ပေါ်ကနေ အောက်ကိုဆင်းရပ်လျှင်၊


"ကိုကို အဲဒီလိုမလုပ်ပါနဲ့ ကိုကိုရယ်။ ဆူးကို ဆူးကို မထားခဲ့ပါနဲ့"


"အဟင်း...ယူကလင်တရူးနေတာဘဲ ဆူးခေတ်သစ်"


ဆိုဖာပေါ်တင်ထားသည့် အပေါ်အကျီလေးကို ထပ်ဝတ်ရင်း ဆူးဘက်ကို တစ်ကိုယ်လုံးလှည့်ကာ ပြောချလိုက်သည့် ဒေလီယာ့စကားလုံးက ရင့်ရင့်သီးသီး။ လှောင်ရိပ်တို့စွန်းထင်းနေသည့် မျက်နှာဘေးကလည်း သရော်တော်တော်။ ရှက်ရွံ့ခြင်းတို့ဖြင့် ဆူး အသားတွေတုန်ကာ မျက်ရည်တွေက တာတမံကျိုးလေပြီ။ 


"ဆူးလေ...ဆူး..."


ရှက်ရွံ့မှုတို့ဖြင့် လူက ခွေကျသွားကာဆူး ကိုယ်ဆူး သတိမထားမိခင် ဖက်တွယ်ထားသည့် ကိုကို့ခြေတောက်ပေါ်မျက်နှာအပ်ကာ ဝမ်းနည်းပက်လက် ငိုရှိုက်နေမိပြီ။ 


"ဆူးခေတ်သစ် မင်း ဘယ်လိုဖြစ်နေတာလဲ ငါ့ကိုလွှတ်စမ်း"


စိမ်းတောက်နေသည့် ကိုကိုမျက်လုံးတွေက ဒေါသများအုံဖွဲ့လျက်။ 


"ဆူး ဆူးကို မထားခဲ့ပါနဲ့ ကိုကိုရယ်..အင့်...ဟီး...ဆူးလေ ကိုကို့နားမှာဘဲ အရှုံးပေးပြီး ခေါင်းငုံ့နေပါရစေ"


"ငါ့ကို ချုပ်ကိုင်ဖို့မကြိုးစားနဲ့ ဆူးခေတ်သစ်"


မျက်နှာငယ်လေးနှင့် ဆူးမော့ကြည့်လိုက်မှ သေမိန့်ချသည့် တရားသူကြီးမင်းလိုမျက်နှာနှင့် ဒေါသတွေ ရုန်းကြွနေသည့် ကိုကို့မျက်ဝန်းများနှင့် အဆုံမှာတော့..။


"ဟွန့်..."


ရင့် နှုတ်ခမ်းနှစ်လွှာကို မဲ့ပစ်ကာ ခပ်လှောင်လှောင်တစ်ချက်ပြုံးလျက်။


"မင်းက ငါ့ဘဝကိုပါ ချုပ်ကိုင်ဖို့ တာဆူနေတာဘဲ ဆူးခေတ်သစ်။ ကျစ်...မင်းနဲ့တစ်မိုးအောက်တည်းနေရတာ ငါ့အတွက်တော့ ငရဲဘဲ။ ပြီးတော့ မင်းတစ်ခု မှတ်ထားဦး...ဒီနေ့ဘဲ ငါ ဒေလီယာ့ကိုလက်ထပ်တော့မယ်"


"ရှင်..."


ဆူး ခေါင်းကို မိုးကြိုးအစင်းများစွာပစ်ခွင်းသွားသလိုပင်။ မျက်လုံးတွေပြာမိုက်ကာ ခေါင်းတွေချာချာလည်ကုန်လျက်။


"ဟင်အင်း မယူရပါဦး...ကိုကိုက ဆူးရဲ့ကိုကို၊ဆူး အပိုင်...ကိုကို တခြားမိန်းမကို မယူရပါဘူး"


ပွထနေသည့် ဆံပင်တွေ ဖရိုဖရဲ၊ မျက်နှာ မှာ ချွေးတွေ၊မျက်ရည်တွေနှင့်စိုနစ်ကာ ဆူး ပုံစံလေးက အရူးမလေးတစ်ယောက်အသွင်။ 


"ငါအမိန့်ကို၊ ငါ့ဆုံးဖြတ်ချက်ကို မင်း ထက်တွန့်တက်စရာအကြောင်းမရှိဘူး ဆူးခေတ်သစ်။ဟောဒီ့အံဆွဲထဲမှာ ကွာရှင်းစာချုပ်ရှိတယ်။ မင်းနဲ့လက်ထပ်တဲ့နေ့ကတည်းက ငါ့ဘက်က လက်မှတ်ထိုးပြီးသား.."


"ဆူး မကွာပေးနိုင်ဘူး။ လုံးဝ ကွာမပေးနိုင်ဘူးနော် ကိုကို"


"ဒီမှာ မင်းကို တစ်သက်လုံးပေါင်းသင်းသွားမယ်လို့ ထင်နေတာလား။ အဟွန့်...လုံးဝဘဲ။ မင်းလိုမိန်းမရဲ့ထောင်ချောက်ထဲ လည်စင်းခဲ့တာ ငါ ညံ့လို့မဟုတ်ဘူး။ မင်းကို လက်တုံ့ပြန်မလို့ ငါ တမင်လက်နပ်ချခဲ့တာကွ..သိလား။ ဖယ်စမ်းကွာ..."


"မရက်စက်ပါနဲ့ ကိုကို...ဟီး...ဟင့် ဟင့်...ဆူး ကိုကိုနဲ့ မခွဲနိုင်ဘူး။ ကိုကို့ကို ကွာရှင်းမပေးနိုင်ဘူး"


"ကို.."


မျက်ခုံးလေးပင့်လျက် ဆူးကို ခနဲ့တဲ့တဲ့ပြုံးကာ ဒေလီယာဆိုသည့်မိန်းကလေးက ရှေ့တိုးကပ်လာပြီး၊


"သွားရအောင် ကို...ဒီမှာ အာရုံနောက်တယ်"


"ဆောရီးကွာ...အိမ်မှာ ဘယ်သူ့မှ မရှိလို့လွတ်လပ်မလားလို့ ခေါ်လာလိုက်တာ။ ချစ်လေး စိတ်အနှောက်အယှက်ဖြစ်ရပြီ"


"အဟင်း...နည်းနည်းပါးပါးပေါ့...အာရုံတွေ မလန်းဘူး ကို...အပြင်လိမ့်မယ်လေကွာ"


ရင့်ခြေရင်းမှာ ပုံလျက်သားလဲကျကာ ခြေသလုံးဖက်ထားသည့် ဆူးခေတ်သစ်ကို သနားစရာသတ္တဝါလေးလို ငုံ့ကြည့်လိုက်ပြီးမှ၊


"ချစ်လေးတို့ ကားသွားကြည့်ရအောင်လေ ကို..ကိုဝယ်ပေးမယ်ဆိုပြီး ကတိတည်နော်"


ဘုရား...ကားဝယ်ပေးမလို့တဲ့။ ဆူး ကိုယ့်နားကိုယ်ပင်မယုံ။ 


"ချစ်လေးကလည်းကွာ...ကိုယ့်အတွက် ကားတစ်စီးလောက်ကမိုင်နာပါ။ သွားစို့..."


"ဟင်အင်း...ကိုကို မသွားရဘူး"


"တောက်...ဆူးခေတ်သစ် မင်း...ကဲကွာ"


ရင့် စိတ်ရိုင်းတွေကို ချွန်းအုပ်မရတော့။ 


"ဝုန်း..."


"ခွမ်း..."


"အား...ကိုကို..."


 စားပွဲတစ်ခုလုံးယိမ်းထိုးလျက် ပစ္စည်းတွေလဲပြို ကာကွဲသံတို့နှင့်ရောကာ ဆူးခေတ်သစ် မျက်နှာကို လက်ဝါးဖြင့်အုပ်လျက် စူးစူးဝါးဝါးအော်ပြီး လဲကျသွားတာကို နောက်ဆုံးမြင်လိုက်ရသည်။ သွေးရဲရဲတွေ မြင်လိုက်ရတော့ လူကကျောက်ရုပ်လို မှင်သက်မိနေလျှင်၊


"ကို...သွားကြမယ်လေ"


"ဟင်...အင်း..."


ဒေလီယာဆွဲခေါ်သည့် နောက်ကို ရင့် ခြေလှမ်းတွေပါသွားပြီး   ဖန်ကွဲစတွေပေါ်ဝယ် သွေးတွေနှင့်လူးလွန့်နေသည့် ဆူးခေတ်သစ်ကိုဒေလီယာဆွဲပိတ်လိုက်သည့်တံခါးချပ်လေး ပိတ်ကွယ်မသွားခင် မျက်ဝန်းထောင့်မှ ဖြတ်ခနဲမြင်လိုက်ရ၏။


အငြိုးတကြီးဆောင့်ပိတ်သွားသည့် တံခါးသံက ကမ္ဘာပြိုမတတ်။ နာကျင်လွန်းသည့် ဝေဒနာတွေကြောင့် မျက်လုံးတွေပြာမိုက်ကာ ​အသိတရားတို့မှောင်မိုက်မသွားခင် ဆူး အသံတိုးတိုးလေးဖြင့် ရေရွတ်လိုက်မိ၏။


အသေသတ်သွားပါတော့လား ကိုကို...။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


"သမ္ဘာ့ကို ချစ်တယ်..."


ဟိုးအဝေးဆီမှ လေတိုးသံသဲ့သဲ့သည် ငွေငါးလေး၏ အသံချိုချိုလေးသာဖြစ်နေခဲ့သည်။ နားစည်မှာ ပဲ့တင်ထပ်နေသည်က သူမရဲ့ချစ်စကားသံတိုးတိုးလေး။ 


"သမ္ဘာရေ...သမ္ဘာ..."


မနက်ခင်းမှာ နှိုးထလာတိုင်း ကြားနေကြ ကြက်တွန်သံအစား ငွေငါးလေး၏ ခေါ်သံလေးသာ အဖန်ဖန်ကြားယောင်နေခဲ့၏။သူ့ကိုဆို ချစ်ရည်ရွှန်းကာ ရောင်စဥ်တွေယှက်ဖြာနေတတ်သည့် မျက်ဝန်းစိုစိုလေးများဖြင့် ကြည့်တတ်တဲ့ ငွေငါး။ အပြုံးအရယ်တို့ဖြင့် သက်ဝင်လှုပ်ရှားနေသည့် ဖူးရွရွနှုတ်ခမ်းအစုံ။ 


သူမ စိတ်ဆန္ဒအတိုင်းဖြစ်ချင်ပြီဆို ကလေးငယ်လေးလို ဇွတ်ပြုမူတတ်သည့် ကလေးဆိုးလေး။ 


"ဟင်း..."


နေ့သစ်တစ်ခု၏အစ...အာရုံတက်စ နံနက်ခင်းကပင် သူ့အတွက် မသာယာတော့ပါ။ သမ္ဘာရင့်ဆိုသော သူ့ဘဝမှာ ဤခြံဝန်းတွင်းသို့ ပထမဆုံးခြေချမိသည့် နေ့ကတည်းက သူမနဲ့ တွေ့ဆုံခဲ့တာ။ဟိုးအရင်အတိတ်တွေကို မမှတ်မိပါဘဲ ဤခြံဝန်းတွင်းမှာ နိဒါန်းပျိုးခဲ့သည့် သူ့ဘဝအစမှာ သူမက အဓိက ပါဝင်ခဲ့လေသည်။ 


ငွေငါး..။မင်းနာမည်ကရွှေရေးချယ်တဲ့လား။ကိုယ်သိခဲ့တာ ရွှေရေးချယ်မှ မဟုတ်တာ။ကိုယ်တို့သိခဲ့တာ အတိတ်ကို ဘာမှမသိတဲ့၊ဘာ ပိုင်ဆိုင်မှုမှမရှိတဲ့ ငွေငါးလေးအ​နေနဲ့ပါ ငွေငါး။ ရွှေရေးချယ်ဆိုတဲ့ နာမည်နဲ့ ကျိကျိတက်ချမ်းသာတဲ့ သူဌေးသမီးလေးကို ကိုယ်ချစ်ခဲ့တာ မဟုတ်ဘူး။ 


ကိုယ်ချစ်တာ တွယ်တာစရာ မရှိတဲ့ ဝေဒနာသည်လေး ငွေငါးဘဲ။ တကယ်ဝေးကြရပြီလားကွာ။ ငွေငါး...မင်းက ကိုယ့်အသည်းနှလုံးကို အပိုင်စားရထားတဲ့ တစ်ပင်တိုင်မင်းသမီးလေးပါဘဲ။ 


 ခုချိန်ဆို မင်း ဘာတွေလုပ်နေသလဲ။ မင်းရဲ့မိဘတွေနဲ့ ပျော်ရွှင်နေပြီလား။ ဒါမှမဟုတ် ငိုနေသလား ငွေငါးရယ်။ 


တရေးမှ မအိပ်ရသေးသည့်မျက်လုံးတွေက ကျိန်းစပ်ကာ ဖန်တွတ်နေသော်ငြား...လူက ငေါင်စင်းစင်းဖြင့် ဆက်ထိုင်နေမိသည်။ ညကလည်း ငုပ်တုပ်မိုးလင်းခဲ့ပြီးပြီ။ မနေ့ကတစ်နေ့လုံးနှင့်ညက တစ်ညလုံး ခံစားပြီးမှတော့ ညံ့သက်သင့်နေပြီ။ 


ယခုလို နံနက်ခင်းတစ်ခုမှာ သူမနှင့်ပျော်ရွှင်ခဲ့ဖူးခဲ့သလို ထမင်းကြော်တစ်ပန်းကန်တည်းကို ခေါင်းချင်းဆိုင်လျက် လုစားခဲ့သည့် ပုံရိပ်တွေက သူမ အနားမှာ မရှိမှသိသာစွာ နှိပ်စက်နေသည်။


"သမ္ဘာ..."


အနားကပ်ခေါ်လိုက်သံကြောင့် အတွေးတွေနှင့် လွင့်ချင်တိုင်းလွင့်မျောနေသည့် စိတ်တွေ ပစ္စုပ္ပန်ဆီ ပြန်ရောက်လာကာ အသံရှင်ကို ငဲ့စောင့်အကြည့်..။


"အစောကြီး နိုးနေပါလား သမ္ဘာ..."


ညကတည်းက တစ်မှေးမှ မအိပ်ရသေးတာ ဟု စိတ်ထဲက ပြန်ဖြေလိုက်ပေမယ့် လက်တွေ့မှာ မမနွယ်ကို ပြုံးပြရင်း၊


"ဟုတ်တယ် မမနွယ်...ကျွန်တော် ခြံဘက်သွားမလို့"


မလုံမလဲဖြေရင်း ထိုင်နေရာမှ ထရပ်လိုက်သည်။ မမနွယ် မျက်နှာကို မော့ကြည့်ဖို့ ဝန်လေးနေမိတာ အမှန်။ ရင်ထဲက ဝေဒနာကို တခြားသူတွေ မြင်သွားမှာ သူ စိုးရိမ်နေမိသည်။


"နေပါဦး...မနက်စာလေးဘာလေးစားသွားပါဦးဟဲ့"


"မစားတော့ဘူး မမနွယ်။ လက်ဖက်ရည်တစ်ခွက်သောက်ထားတယ်...နေ့လည်စားကျမှ ပြန်စားမယ်။ ခြံထဲကို လာမပို့နဲ့နော်"


"ဟဲ့ ခုသွားတော့မလို့လား..နေပါဦး နင့်ကိုကြီးနိုးနေပြီး အစားခံလေးစားပြီးမှ တူတူသွားကြလေ"


"ကျွန်တော် မဆာလို့ပါ မမနွယ်။ သွားနှင့်တော့မယ်...ကိုကြီးမိုးမြင့် နောက်ကလိုက်လာပါစေ"


သမ္ဘာ နောက်ကို လှည့်မကြည့်တော့။ ယိုယွင်းပျက်ဆီးနေသည့် နှလုံးသား ဖရိုဖရဲဖြင့် မမနွယ်တို့ရှေ့မှာ သနားစရာ လူတစ်ယောက်လိုလည်း ရှိမနေချင်။


"သမ္ဘာ..မင်း ညက အိပ်ရော အိပ်ရဲ့လား"


ရှောင်ပြေးချင်နေပါတယ် ဆိုမှ တရားခံဖမ်းသလို အကြည့်တွေနှင့် နွယ်ဝေက ပြောတော့ သမ္ဘာ မျက်နှာ မထားတတ်ဖြစ်သွားသည်။ ကိုယ် တစ်ယောက်တည်း ကျိတ်ဆွေးနေတာကို မမနွယ်တို့ သိသွားပြီ ဆိုသည့်အတွေးဖြင့် လူက ရှက်ကိုးရှက်ကန်းဖြစ်ကာ ပူထူလျက်။


"ဗျာ...အိပ်ပါတယ် ဘာဖြစ်လို့လဲ"


မျက်နှာ မပျက်အောင် အတတ်နိုင်ဆုံးထိန်းလျက် ပြန်ပြောလိုက်သည်။ သို့သော် မမနွယ် ရဲ့ စူးစမ်းသည့်အကြည့်တွေက လွှဲဖယ်မသွားခဲ့။


"ညက တစ်ညလုံး မင်းအိမ်က မီးကြီးလင်းနေတာ မင်း မအိပ်ဘူးမို့လား သမ္ဘာ။မမနွယ့်ကို မှန်မှန်ပြောစမ်း..မင်း ငါးလေးကို လွမ်းနေတယ်မို့လားဟင်"


သမ္ဘာ မျက်နှာတွေထူပူကာ ဟိုလွှဲ၊သည်လွှဲနှင့်။


"အဲဒါက ဟို ကျွန်တော် မီးမပိတ်ဘဲ အိပ်ပျော်သွားလို့ပါ မမနွယ်"


ညာလိုက်ရတာကိုဘဲ လျှာဖျားမှာ ယားကျိကျိဖြစ်လျက်။ ငွေငါးလေးနဲ့ပက်သက်ပြီး ရူးမတတ်ဖြစ်နေသည့်အဖြစ်ကို တခြားလူတွေရှေ့မှာ လှစ်မပြချင်ပါ။


"ဟင်း...ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်ဦး မောင်လေး။  ဧည့်သည်ဆိုတာအချိန်တန်ရင် အိမ်ပြန်တာ မဆန်းပါဘူးကွယ်။ ဖူးစာမှန်ရင်တော့ မလွှဲမသေ ဆုံကြရမှာဘဲ မောင်လေး ကဲ ကဲ ခြံထဲသွားမယ်ဆိုလည်း သွား။ မင်း ကိုကြီးနဲ့ မမနွယ် မနက်စာထည့်ပေးလိုက်မယ်"


မမနွယ်ကို ပြန်ပြောဖို့တောင် စိတ်မပါတော့တာမို့ လေးပင်သောခြေလှမ်းများဖြင့် ခြံဘက်ကို ဦးတည်လှမ်းလိုက်သည်။နောက်တစ်ထပ်ပြန်စိုက်ထားသည့်ပန်းခင်းကြီးက အဖူးတွေ ဝင်နေလေပြီ။ ပန်းခင်း တစ်မျှော်၊တစ်ခေါ်ကြီးကို မြင်တော့ ငွေငါးကို ပိုသတိရမိပြန်ပြီ။


ပန်းခင်းကြီးထဲမှာ စတွေ့ခဲ့တဲ့နေ့ကို သူ ဘယ်တော့မှ မမေ့။ ပန်းခင်းထဲမှာ ပန်းတွေချိုးရင်း ပျော်ရွှင်ခဲ့ကြတာတွေ။ငှက်ပျော်ခြံထဲ လိုက်ပြီး ငှက်ပျော်ခိုင်တွေကို ကြည့်ခဲ့တာတွေ၊ ငှက်ပျော်ခိုင် သယ်ခဲ့တာတွေက ရုပ်ရှင်အနှေးပြကွက်လို တစ်ခုချင်း ထင်ဟပ်လာ၏။


လျှောက်နေကြ မြေညီလမ်းကပင် ခုချိန်မှာ လွမ်းမောစရာဖြစ်နေပြီ။ နံနက်အစောကြီးဖြစ်သဖြင့် လမ်းမထက်မှာ လူသွားလူလာရှင်းလင်းနေသည်။ 


လင်းအားပြုစနံနက်ခင်းဝယ် လမ်းပေါ်လျှောက်နေသည့် ခြေလှမ်းများက အသက်မပါသလို တုံ့ဆိုင်းနေလျက်။


ဟိုး တစ်ချိန်တုန်းက ငွေငါးနဲ့ ဒီလမ်းပေါ်မှာ လက်ချင်းတွဲလို့လျှောက်ခဲ့ဖူးသည်။ 

သူမလေးကို စိတ်ဆိုးဆိုးနှင့်လည်း လျှောက်ခဲ့ဖူးသည့်အချိန်တွေရှိခဲ့သည်။


"ဟား....လွမ်းလိုက်တာ ငွေငါးရယ် မင်းရော ခုဆို ကိုယ့်လို လွမ်းနေမလား"


လမ်းလျှောက်နေရင်း အလွမ်းထုထည်က ခိုင်ခန့်လာတော့ ကောင်းကင်ကြီးကို မော့ကြည့်ကာ ဟားခနဲအော်ပစ်ရင်း ခေါင်းထဲ လက်ထိုးဖွနေမိ၏။


"ကိုယ် ဘယ်လိုမှ မနေတတ်တော့ဘူး ငွေငါး"


ခံစားချက်ပြင်းထန်ကာ တိုးဖွဖွ ညည်းတွားမိရင်း၊


"မင်း မျက်နှာလေးကို တစ်နေ့နဲ့ တစ်ည မမြင်ရတာ ကို ဘယ်လိုမှ နေမရဘူး ငွေငါး။ ကိုယ် ရူးတော့မယ်ထင်တယ် "


ခြံဘက်ဆီဦးတည်နေသော ခြေလှမ်းများသည် တစ်စုံတစ်ခု၏ ဆွဲငင်ခြင်းလို လေးလံနေလျက်။


အချိန်တို အတွင်းမှာ ငွေငါး၏ ဟန်ပန်များသည် သူ့ရင်ကို ဆွဲငြိခဲ့သည်။ 


နှင်းဆီခြံဘက်ကွေ့ဝင်ရင်း မျက်ဝန်းထဲမှာ မြင်မြင်သမျှသည် ငွေငါးလေး၏ အပြုံးကြည်ကြည်လေးသာဖြစ်နေခဲ့သည်။ အရောင်အသွေးစုံသည့် ပန်းပင်လယ်ကြီးကို ငေးမေးကြည့်ရင်း ပန်းသခင်မလေးကို ပိုတိုးကာ သတိရမိ၏။


နှင်းဆီ ရနံ့များက လေအသုတ်တွင် နှာဖျားကို ကလူကြည်စာသွားသည်။


"သမ္ဘာ..."


ပီပီသသထွက်ပေါ်လာသည့်အသံကြောင့် သူ တုန်ခလှုပ်သွားရသည်။


နားထဲမှာ ငါးလေးရဲ့ ခေါ်သံတွေက တရစ်ဝဲဝဲ။ သူမကို ဆွဲလန်းလွန်းလို့ သူမမရှိတာတောင် ခေါ်သံတွေ အထပ်ထပ်ကြားနေမိ၏။


"သမ္ဘာ...သမ္ဘာရေ..."


"ဟင်......"


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


"ဖြန်း......"


"မေမေ...."


နာကျင်ပူထူသွားသည့် ပါးတစ်ဖက်မှ ခံစားမှုနဲ့အတူ မျက်နှာက ဘေးသို့လည်ကျသွားကာဆံပင်တွေ ဖွလန်ကြဲကုန်တော့သည်။ 


"လူယုတ်မာ....မင်း အဲလောက်အထိ အောက်တန်းကျရသလား။ မင်းကြောင့်...မင်းကြောင့် ဆူး ဘာဖြစ်သွားလဲ မင်း သိလား"


"ဆူးခေတ်သစ် ဘာဖြစ်ဖြစ် သားနဲ့ဘာဆိုင်လဲ..ကျစ်"


"ဘာဖြစ်ရမှာလဲ သူ့လိုမိန်းမလှလေး မင်းကြောင့် ဘဝဆုံးပြီ သိရဲ့လား..."


"ဗျာ"


အပိုင်း(၂၆)ဆက်ရန်👈👈👈


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: