🌺ပန်းမွေ့ရာ....ရွှေကော်ဇော🌺
ခေါင်းငိုက်စိုက်ကျသွားသော ရွှေရေးချယ်ကို ဒေါ်နဒီရွှေ ပြေးထိန်းပေးလိုက်၏။
"သမီး..."
"ဟဲ့ ဆောင်းဆီဖုန်းဆက်ကြပါဦး.."
သတိလစ်နေသည့် သမီးဖြစ်သူကို ပွေ့ချီကာ ဦးနေသစ် အပေါ်ထပ် အိပ်ခန်းဆီ တစ်လွှားလွှား တက်သွားသလို..ဒေါ်နဒီရွှေနှင့်ဒေါ်သက်ထားခင်တို့ပါ ပြာယာခတ်ကာ ညွှန်ကြားရင်း အပြေးအလွှားလိုက်တက်သွားသည်။
တစ်အိမ်လုံး၏မျက်နှာမှာ သောကရိပ်တွေဆင်နေတာကိုမြင်ရတော့ မိုးမြင့်တို့နွယ်ဝေတို့ ရွှေရေးချယ်ရဲ့ အခြေအနေကို သုံးသပ်မိလာသည်။ ရွှေရေးချယ်ဆိုတာ မိသားစုနှစ်ခု၏ အချစ်တော်၊အသည်းကျော်လေးပင်။
ဆရာဝန်ရောက်မလာခင် ရွှေရေးချယ် သတိပြန်ရလာသည်။ နွယ်ဝေတို့မိုးမြင့်တို့အပါအဝင် တစ်အိမ်သားလုံး ရွှေရေးချယ်၏ခုတင်ဘေးမှာ ဝိုင်းနေကြလျှင်၊
"မမ..."
သောကမျက်လုံးတွေနှင့် အကြည့်ခံနေရသည့် ငါးလေး ကိုယ့်ကိုယ်ကို မလွတ်လပ်နိုင်သလို ခံစားနေရပြီး မမနွယ်ကို သတိရလျှင်ရချင်းခေါ်လိုက်မိသည်။
ဒေါ်နဒီရွှေမျက်နှာ ပျက်သွားသလို ဒေါ်သက်ထားခင်ကလည်း သူမကို ငေးကြည့်ကာ သက်မအသာချလိုက်သည်။ သမီးလေး တွယ်တာနေတာ သူတို့မှ မဟုတ်ဘဲ။ သမီး စိတ်ထဲမှာ လောလောဆယ်ရင်းနှီးနေတာ ဒီကလေးမလေးတွေဆိုတာကို နားလည်လက်ခံရမည်။
"ညီမလေး... သတိရလာပြီလား"
နွယ်ဝေ အပြုံးလေးဖြင့်မေးတော့ ငွေငါးလေး ခေါင်းညိတ်ပြသည်။
တဆစ်ဆစ်နာကျင်နေသည့် ခေါင်းကို လက်ဖြင့် အသာပြန်နှိပ်ရင်း အခန်းတွင်းကို ဝေ့ဝဲကြည့်လိုက်သည်။ ထိုအခါ ဇာတ်ကားတွေထဲ၌သာ မြင်ဖူးခဲ့သည့် ထည်ဝါမှုတွေအပြည့်နှင့် ငါးလေးတိတ်တခိုးစိတ်ကူးယဥ်ခဲ့ဖူးသောအိပ်ခန်းကြီးကိုမြင်လိုက်တော့ မျက်လုံးတွေ ပြူးကျယ်ကုန်ကာ မူးရီရီ ဝေဒနာပါ သက်သာသွားသလိုလို။
နံရံကပ်ဗီရိုကြီးတွေနှင့် တစ်ရပ်မကမြင့်သည့်ဗီရိုက အခန်းထောင့်မှာ စနစ်တကျရှိနေပြီး အသုံးအဆောင်ပစ္စည်းတွေအပြည့် ခင်းကျင်းထားသည့် မှန်တင်ခုံက အသက်ရှူမှားချင်စရာ။ ခုတင်ဘေး စားပွဲပေါ်တွင် အလှရိုက်ထားသည့် ဓာတ်ပုံလေးက နေရာယူနေပြီး အခန်းနံရံတွေမှာ ပန်းချီပုံတွေနှင့်ပြည့်နေလျက်။
"သမီး..."
ဒေါ်နဒီရွှေနှင့် ငါးလေး မျက်လုံးချင်းဆုံသွားသည်။
"သမီး နေသာရဲ့လား ခေါင်းရော မူးသေးလား"
"မမူးတော့ဘူး သက်သာသွားပါပြီ မေမေ"
မေမေဟုခေါ်သော်ငြား စိမ်းသက်နေသည့် သမီးမျက်လုံးလေးတွေကိုငေးကြည့်ရင်း သူမ ရင်ထဲမောလျသွားသည်။ သမီးရဲ့အတိတ်နဲ့ပက်သက်ပြီး ဘာတစ်ခုမှ သတိရပုံမပေါ်သေး။
"သမီးလေး ဗိုက်ဆာနေပြီလား...သမီးလေးကြိုက်တဲ့ ငါးရံ့အူဟင်း ချက်ထားတယ်။ သမီး စားတော့မလား"
"မဆာသေးပါဘူး ဒေါ်ဒေါ်"
ရုတ်တရက် ဒေါ်သက်ထားခင် မျက်နှာ ပျက်သွားပြီးမှ လူကြီးပီပီအချိန်မှီထိန်းလိုက်သည်။
"သမီး...အဲလိုမခေါ်ရဘူးလေကွယ်။ မေမေလေး လို့ခေါ်ရမယ်..."
ဒေါ်နဒီရွှေက သမီးဖြစ်သူကို သွန်သင်ရင်း ဒေါ်သက်ထားခင်ကိုယ်စားစိတ်မကောင်းနိုင်။ သားလေးသေဆုံးသွားတဲ့မိခင်တစ်ယောက်အနေဖြင့် ဘယ်လောက်စိတ်သောကရောက်နေမလဲ။ ပြီးတော့ သားရဲ့ကိုယ်စား၊ကိုယ်ပွားအနေဖြင့် သမီးလေးကို ပြန်ရှာတွေ့တော့ လပေါင်းများစွာဗုန်းဗုန်းလဲနေသည့် သူမစိတ်တွေ ပြန်လည်ရှင်သန်လာခဲ့တာ။ ခုတော့...။
"ရပါတယ်..ဒီဒီ သမီးလေး စိတ်ချမ်းသာသလိုခေါ်ပါစေ.."
အားအင်ဖျော့တော့နေသည့် ဒေါ်သက်ထားခင်အသံကြောင့် ငါးလေး ဘာကိုမှန်းမသိ နောင်တရချင်ချင်ဖြစ်သွား၏။
"ဟို...ဟိုလေ ငါးလေးမဆာသေးလို့ပါ မေမေလေး"
ခေါ်ဖို့ဝန်လေးနေသည့် နာမ်စားတစ်ခုက တကယ်ခေါ်လိုက်တော့ နှုတ်ဖျားကနေအလွယ်တကူပင်ထွက်သွားသည်။ ဝိုင်းကြည့်နေသည့်မျက်လုံးတွေကြားမှာ မနေတတ်ဖြစ်လာပြီး မျက်နှာလေးလွှဲကာ ခေါင်းငုံ့ထားလိုက်မိ၏။
ရွှေရေးချယ်ရဲ့ရှက်ကိုးရှက်ကန်းအမူအယာလေးကြောင့် ဦးနေသစ် ရိပ်မိသွားပြီး လူစုခွဲဖို့စဥ်းစားလိုက်ရင်း၊
"ကဲ...မောင်မိုးမြင့် လာကွာ...အန်ကယ်တို့အောက်မှာ အေးဆေးစကားသွားပြောရအောင်"
"ဟုတ်ကဲ့ ဦး"
ဦးနေသစ်နောက်ကို မိုးမြင့်ပါသွားတော့အခန်းတွင်းမှာ မိန်းမသားတွေချည်းသာကျန်ရစ်၏။နေကောင်းကင်...စားကြည့်စားပွဲဘေးသွားရပ်ကာ စာအုပ်တွေကို ဟိုလှန်၊ဒီလှန်ကြည့်ရင်း ရွှေရေးချယ်ကို အကဲခတ်နေမိသည်။တွတ်တီတွတ်တာနှင့် အနားက မခွာတမ်း နေတတ်သည့် ရွှေရေးချယ်။ ယခုတော့ တခြားတစ်ယောက်ပြောင်းသွားသည့်အလားပင်။
တည်ငြိမ်အေးဆေးသည့်မျက်ဝန်းများဝယ် ဖြူစင်ခြင်း၊ကြောက်လန့်ခြင်းများ အစားထိုးကာ ယုန်သူငယ်လေးလို လန့်ထိတ်နေသည့် ရွှေရေးချယ်။ ပျောက်ဆုံးသွားသည့် ငါးလအတွင်း ဆံပင်လေး အနည်းငယ်ရှည်လာသလို အတိတ်က အရာအားလုံးကို မေ့လျော့နေခဲ့ပြီ။
"သမီး...ဒီဆေးလေးသောက်ပြီး နားလိုက်နော်"
"ဟင်အင်း မသောက်ချင်ပါဘူး...မသောက်ဘူး"
ဆေးတွေကို ပုတ်ထုတ်ပစ်နေသည့် ရွှေရေးချယ်၏အမူအယာလေးများက ကလေးဆန်နေသည်။ ရှေ့သို့စူလုံးထော်ထားသည့် နှုတ်ခမ်းလေးက အသည်းယားဖွယ်။
"ဆေးလေးသောက်ပြီး အိပ်လိုက်ရင် လန်းသွားရော ညီမလေးရဲ့။ သောက်လိုက်နော်"
နွယ်ဝေ့မျက်နှာကို မျက်လွှာပင့်လျက် ငွေငါးလေး တစ်ချက်လှမ်းကြည့်သည်။
"မသောက်ချင်ပါဘူး ဒီဆေးတွေကို"
မွေ့ရာခင်းကို ခြေတောက်ဖြင့်ဖိပွတ်လျက် လက်သီးဆုပ်လေးကလည်း တဗုန်းဗုန်းထုနေလျှင်၊
"ညီမလေး ခရီးပမ်းလာတယ်လေ..အိပ်လိုက်နော်။ မမတို့လည်း နားလိုက်ဦးမယ်"
နွယ်ဝေ ချောမော့နေတာကို နေကောင်းကင် မျက်တောင်မခတ်တမ်းကြည့်ရင်း စားကြည့်စားပွဲမှာ အသာ ဝင်ထိုင်လိုက်ပြီး၊
"ညီမလေး ကြိုက်တဲ့ တို့ဟူးသုပ်ထားတယ် စားမလား မမ ယူလာပေးမယ်လေ"
နူးညံ့သော်ငြား အမိန့်ဆန်သည့် စကားသံတို့ လာရာဆီသို့ ငါးလေး မျက်ဝန်းရောက်သွားသည်။
"တို့ဟူးသုပ်..ဟုတ်လား..."
နှုတ်ခမ်းလေး ခပ်ဟဟဖွင့်လျက် မေးလာသည့် ရွှေရေးချယ်ကို အသာခေါင်းညိတ်ပြလိုက်သည်။
"အင်း...တို့ဟူးသုပ်တို့ တို့ဟူးကြော်တို့ကို ညီမလေးသိပ်ကြိုက်တာ"
စကားသံလေး အဆုံးမှာ တိုးလျတိမ်ဝင်သွားရသည်။ နေ ကိုယ်တိုင်လည်း မျက်ရည်တို့ကို မျက်တောင်ဖြင့်ပုတ်ခတ်သိမ်းဆည်းရင်း တံခါးဝဆီ မျက်နှာလွှဲမိ၏။
မေမေနဲ့ တီလေး ဘယ်လိုဖြစ်သွားမလဲ နေ မတွေးချင်တော့ပါ။ လှိုက်တက်လာသည့် ဝမ်းနည်းစိတ်ကို ပြန်မြိုချရင်း လက်သီးဆုပ်လိုက်မိ၏။
"မမ...သမ္ဘာရော..သမ္ဘာ ဘာလို့ လိုက်မလာသေးတာလဲ"
နွယ်ဝေ အကျပ်ရိုက်သွားကာ ဘေးကျပ်နံကျပ်ဖြင့် ဒေါ်နဒီရွှေနှင့်မျက်လုံးချင်းဆုံသွားရသည်။
"မမပြောတော့ သမ္ဘာ လိုက်လာမှာဆို ..မမညာနေတာမို့လား။ ဘယ်မှာလဲ သမ္ဘာ..သမ္ဘာ့ကို ခေါ်ပေး...သမ္ဘာ့ကို ခေါ်ပေးပါ မမ"
"အို...ညီမလေး..."
ခြေဆောင့်ကာ အာခေါင်ခြစ်အော်နေသည့် ရွှေရေးချယ်ကြောင့် မျက်နှာတွေပျက်ကုန်ကာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်ကုန်၏။ နွယ်ဝေ ပြီးပြီရော ဖြေခဲ့မိသည့် မိမိအဖြေအတွက် ခုမှ ပြဿနာတက်ပြီ။ သမ္ဘာက ဘယ်နည်းနဲ့မှ လိုက်လာမှာ မဟုတ်။ ငွေငါးလေး၏ အစ်မတဲ့ နွယ်ဝေနဲ့ သက်တူရွယ်တူလောက်ရှိမည့် မိန်းကလေးရဲ့မျက်လုံးတွေက နွယ်ဝေဘဲ အပြစ်လုပ်ထားသူလို ခပ်စူးစူးကြည့်နေသည်။
"သမ္ဘာ့ကိုခေါ်ပေးပါ သမ္ဘာနဲ့ပဲ တွေ့ချင်တယ်...ဟင့်...ဟင့်"
"သမီး...သမီးလေး"
ခုတင်ပေါ် ဒူးထောင်ထိုင်ကာ လက်ဖဝါးနှစ်ဖက်ထဲမျက်နှာထည့်လျက် ရွှေရေးချယ်က တအင့်အင့်ရှိုက်ငိုနေလျှင် ဒေါ်နဒီရွှေတစ်ယောက် ခြေမကိုင်မီ၊လက်မကိုင်မီဖြစ်သွား၏။
"သမ္ဘာလိုက်လာမယ်ဆို...ခုချိန်ထိမလာသေးဘူးလား။ သမ္ဘာ့ကိုခေါ်ပေး...သမ္ဘာ့ကိုခေါ်ပေးပါ။ ငါးလေး သမ္ဘာ မရှိဘဲ မနေနိုင်ဘူး...သမ္ဘာ့ကိုခေါ်ပေးကြပါ။ ဟီး...မမညာတယ်...သမ္ဘာရေ.."
သမ္ဘာ လိုက်လာမည်တဲ့။ ဘယ်မှာ လာလို့လဲ။ သူတို့ညာနေတာ။ မေမေလည်းမကောင်းဘူး မမနွယ်လည်း မကောင်းဘူး။ အားလုံး လိမ်နေတာ။ သမ္ဘာနဲ့ ငါးလေးကို တမင်ခွဲပစ်ကြတာ။
"သမီးလေး..."
"ဟင်အင်း...မလာနဲ့ သွား...သမ္ဘာ့ကိုဘဲ တွေ့ချင်တယ်။ သမ္ဘာ့ဆီဘဲ ပြန်မယ်..."
ဆုံးဖြတ်ချက်နှင့်အတူ ထရပ်လိုက်သည်။
"အို.. သမီး...အဲလို မလုပ်နဲ့လေ...မသွားပါနဲ့ သမီးရယ်..မေမေလေ...မေမေ့ကိုသနားပါကွယ်"
ခုတင်ပေါ်ကနေ ဆင်းပြေးဖို့ တာဆူနေသည့် ရွှေရေးချယ်ကို ဝိုင်းဆွဲရင်း ဒေါ်နဒီရွှေတစ်ယောက် မျက်ရည်လည်ရွဲဖြစ်နေသည်။
"အို မထိနဲ့ သွား...အားလုံးညာနေကြတာ။ သမ္ဘာနဲ့ ငါးလေးကို ခွဲနေကြတာ။ မနေဘူး...သမ္ဘာ့ဆီဘဲ ပြန်မယ်"
ဆွဲလွဲရုန်းကန်ပစ်ပေမယ့် လေးယောက်ရဲ့ကြားမှာ ငါးလေး ပြေးပေါက်ပိတ်နေလျှင်၊
"လွှတ်...ငါးလေးကိုလွှတ်..သမ္ဘာရေ...သမ္ဘာ ငါးလေးကို လာခေါ်ပါ"
"ညီမလေး...ထိုင်လိုက်ပါ ညီမလေးရယ် နော်။ စိတ်ကိုလျှော့ သမ္ဘာ့လာနေပြီ။ လမ်းမှာတဲ့ ဖုန်းဆက်တယ်။ သမ္ဘာ လိုက်လာတယ် မကြာခင်ရောက်လာလိမ့်မယ်"
"ဟင်..."
ဆံပင်တွေ ဝေ့တက်သွားသည့်အထိ မျက်နှာလေးကို ဆတ်ခနဲမော့လာပြီး မျက်ရည်တွေပြည့်အိုင်နေသည့်မျက်လုံးလေးတွေ တန်းခနဲရောက်လာ၏။
"တကယ်လား သမ္ဘာ လိုက်လာပြီလားဟင်"
ရှိုက်သံတို့ ဗလုံးဗထွေးဖြင့် အလောသုံးဆယ်မေးလိုက်သည်။
"တကယ်ပေါ့ ညီမလေးရယ်...သမ္ဘာ လိုက်လာနေပြီ။ ညီမလေးငိုနေတာသာ သိရင် ဘယ်စိတ်ကောင်းပါ့မလဲကွယ် တိတ်နော် မျက်ရည်တွေသုတ်လိုက်"
"သမ္ဘာ ငါးလေးဆီလိုက်လာတာ သေချာပါတယ်နော် မမ"
နွယ်ဝေ ပြုံးလိုက်ရင်း၊
"အင်းပေါ့...သမ္ဘာလည်း ညီမလေးကို ဘယ်ပြစ်ထားမှာလဲ။ ကဲ...ညီမလေး တိတ်နော်။ ဒီဆေးလေးသောက်ပြီးတော့ သမ္ဘာ လာတာကို စောင့်ကြရအောင်"
"ဆေး မသောက်လို့မရဘူးလား မမ။ သမ္ဘာကို ဒီအတိုင်းစောင့်နေမယ်လေ"
"ညီမလေးက နေမကောင်းဘူးလေကွယ်။သမ္ဘာ ရောက်လာလို့ ညီမလေး ဆေးမသောက်ထားရင် သူ အမောဆို့မှာပေါ့။ ညီမလေးက လိမ္မာပါတယ် သောက်လိုက်နော်"
"သမ္ဘာက ငါးလေးဆေးမသောက်ရင် စိတ်ဆိုးမှာလားဟင် မမ"
"စိုးမှာပေါ့..စိုးရုံတင်မကဘူး သူ တခါတည်း ပြန်သွားမှာ"
"ဟင်"
ထိတ်လန့်တကြား မျက်လုံးတွေဝိုင်းသွားသည့် ရွှေရေးချယ်။ သူမကို ကြည့်ပြီး လိမ်ညာနေရတာကို နွယ်ဝေ ရင်ထဲမချိပါ။အခြေအနေက အဲဒီလိုဖြစ်နေလို့သာ...။
"ဆေးသောက်ရင် စိတ်လည်းမဆိုးဘူး ပြန်လည်းမပြန်တော့ဘူး ဆေးလေးသောက်လိုက်နော်"
"အင်း သောက်မယ်"
ရေဖန်ခွက်ကို ယူပြီး နွယ်ဝေ ပေးတဲ့ဆေးကို သောက်ပစ်လိုက်သည့် ရွှေရေးချယ်။ သူမရဲ့လှုပ်ရှားမှုတွေကို မမှိတ်မသုန်ငေးကြည့်ရင်း ဒေါ်နဒီရွှေနှင့် ဒေါ်သက်ထားခင် တစ်ယောက်လက်တစ်ယောက်ဆုပ်ကိုင်ရင်း မျက်ရည်တွေရစ်ဝိုင်းလာရသည်။
"သက်သောင့်သက်သာလှဲနေလိုက်နော် ညီမလေး"
"မမ ဘယ်မှမသွားနဲ့နော်။ သမ္ဘာ့ကို ငါးလေးနဲ့အတူတူစောင့်ကြမယ်နော် မမ"
"အေးပါကွယ်...အေးပါ"
အိပ်ရာပေါ်လှဲအိပ်ချလိုက်သည့်တိုင်အောင် ရွှေရေးချယ်က နွယ်ဝေ့လက်ကို တင်းတင်းလေးဆုပ်ကိုင်ထားသေးသည်။
စကားတွေပြောရင်း ရွှေရေးချယ်၏မျက်လုံးလေးတွေ တဖြည်းဖြည်းမှေးစင်းလာလေပြီ။ မှေးစင်းနေသည့် မျက်လုံးလေးတွေကို အနိုင်နိုင်ဖွင့်ရင်းဖြင့်၊
"မမ...သမ္ဘာ တကယ်လာမှာပါနော်"
"လာမှာပါ ညီမလေးရယ် အိပ်နော်..ညီမလေး"
"သမ္ဘာ..သမ္ဘာ ရောက်လာရင် ငါးလေးကို လာနှိုး...နှိုး...."
စင်းကျနေသည့် မျက်တောင်လေးတွေနှင့်မျက်ဝန်းတံခါးပိတ်သွားလေပြီ။ နွယ်ဝေ သက်ပြင်းတစ်ချက်ရှိုက်ရင်း ရွှေရေးချယ်လက်ထဲက သူမလက်ကို အသာဆွဲထုတ်ယူပြီး ခုတင်စောင်းမှာ ထိုင်နေရာမှရွှေရေးချယ်၏မိခင်ဘက်မျက်နှာမူပြီး ထရပ်လိုက်ကာ၊
"အန်တီ...သူ အိပ်ပျော်သွားတုန်း ကျွန်မတို့ပြန်တော့မယ်"
"နေပါဦးလား သမီးရယ်"
ဒေါ်နဒီရွှေက တားဆီးရင်း အိပ်ပျော်သွားသည့် သမီးကိုလည်း စိတ်မချသလို လှမ်းကြည့်သည်။
"ပြန်တော့မယ် အန်တီ သူနှိုးလာလို့ ကျွန်မတို့ကို မြင်နေရင် ပိုဆိုးနေမှာ။ သူ အိပ်ပျော်နေတုန်းပြန်တာ ကောင်းမယ်"
"အင်း..."
ဒေါ်နဒီရွှေ တားဆီးဖို့ အခက်တွေ့သွားသည်။ သမီးလေး ဆေးရှိန်နှင့် အိပ်ပျော်သွားလို့ သူမတို့စိတ်အေးရပေမယ့် ပြန်နှိုးလာတဲ့အခါ နွယ်ဝေတို့မရှိတာ သိရင်ရော...။သက်မတွေ အခါခါချရင်း သမီးမျက်နှာလေးကို တစိုက်မတ်မတ်ငေးကြည့်နေမိသည်။
သမီးလေးကို ပြန်တွေ့ပေမယ့် အပြည့်အဝမပိုင်ဆိုင်ရသလိုပင်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နှလုံးသားအက်ကွဲသံလို ကိုကိုလို့ခေါ်သံက ကျယ်လောင်စွာထွက်ပေါ်သွားသည်။
"တောက်..."
ကိုကို့မျက်လုံးတွေ ကျဥ်းမြောင်းစူးရဲကာ ဆူးကို ကြည့်လျက် တောက်တစ်ချက်ခတ်၏။
"ဆူးခေတ်သစ်"
ဒေါသဖြင့် ကိုကို့ခေါ်သံက ကျယ်လိုက်တာ ဆူးနားတွေတောင်အူသွားမတတ်ပင်။
"ကိုကို့"
မျက်ရည်တို့ အတားအဆီးမဲ့လျှံကျနေသည့်ကြားက ဆူး ကိုကို့မျက်နှာကို စိုက်ကြည့်ကာ မယုံနိုင်ခြင်းများဖြင့် ခပ်ဆောင့်ဆောင့်ခေါ်လိုက်မိပြန်ပြီ။
ဆူး အခန်းဝမှာ ရှိနေတာကို မြင်နေတာတောင် ကိုကိုက သူ့ကောင်မလေးကို လုံးဝလွှတ်မပေးသလို ထိုကောင်မလေးကလည်း ကိုကို့ခါးကိုဖက်တွယ်ကာ ဆူးကို ခပ်စိုက်စိုက်လေးကြည့်နေလျှင်၊
"ကိုကို့...ဒါဘာလုပ်နေတာလဲ"
မျက်ရည်တို့ပိုးပိုးပေါက်ပေါက်ကျလာပြီး ကိုကိုနှင့် ထိုမိန်းကလေးတို့၏ ဂရုမစိုက်သလို မျက်နှာဘေးနှင့် ဆူးကို အလေးမစိုက်သလို ပေါ်တင်ဖက်တွယ်နေသည့် မြင်ကွင်းကြောင့် ဆူးနှလုံးသားတွေ မီးဟုန်းဟုန်းတောက်နေပြီ။
"အဟွန်း..."
ကိုကိုရဲ့ ခပ်လှောင်လှောင်ရယ်သံနှင့် ကိုကို့ရင်ခွင်ထဲက မိန်းကလေးရဲ့ အပြုံးထေ့ထေ့တွေကို ဆူး ရင်နာစွာမျက်နှာလွှဲပစ်လိုက်သည်။ ခဏလေး...ဆတ်ခနဲ မျက်နှာလွှဲပစ်ရင်း နာကျင်ထူပူနေသည့် နှုတ်ခမ်းကိုဘဲ ထပ်ဖိကိုက်မိရင်း မျက်ဝန်းတွေက ထိုဆီပဲ ပြန်ရွေ့၏။
"အဟင်း ...ယူ ရောက်လာတာလား"
ကိုကို့ရင်ခွင်ထဲမှ ထိုမိန်းကလေးရဲ့ မအံ့သြမတုန်လှုပ်သည့် အသံခပ်တိုးတိုးလေးက လှောင်သံရော၍ထွက်လာသည်။
ခါးဖွေးဖွေးလေးက အတော်ကြီးတိုတက်နေကာ ကိုကို့ခြေတောက်ပေါ်လိမ်ထားသည့် ခြေတောက်ဖြူဖြူလေးတွေကလည်း ရုတ်သိမ်းသွားခြင်းမရှိ။ ထီမထင်သည့်မျက်နှာပေးက ဆူးကို လုံးဝဂရုမစိုက်သည့် ဟန်။
ကိုကို့ဇနီးဖြစ်နေတဲ့ ဆူးကို ဖုတ်လေတဲ့ငပိရှိတယ်လို့တောင်မထင်တဲ့ပုံမျိုးနှင့်။ အမှန်ဆို ဆူးကို မြင်တာနဲ့လန့်ဖြန့်သွားရမှာမဟုတ်လား။
ရှိုက်ငိုခြင်းမရှိပါဘဲ အရှိန်မပျက်စီးကျနေသည့် မျက်ရည်များက ပါးပြင်နှစ်ဖက်လုံးစိုကပ်ပြီး ဖိကိုက်ထားသည့်နှုတ်ခမ်းသားတွေက တဆတ်ဆတ်တုန်လာသည်။
"ကို...သူက ဘာလုပ်နေတာလဲ.."
ဒေါသနှင့်စူးရဲနေသည့် ကိုကို့မျက်ဝန်းများက ထိုမိန်းကလေးဆီပြန်ရောက်တော့ ယုယကြင်နာခြင်း၊ချစ်ခြင်းတို့ဖြင့် ရွှန်းလဲ့နေသည်မှာ ဇနီးမယားတစ်ယောက်ရှေ့မှာဆိုတာတောင် နည်းနည်းမှ မတွေးသည့်ပုံမျိုး။
ကိုကိုတို့အဖြစ်ကို မျက်ဝါးထင်ထင်မြင်လိုက်ရတော့ ယူကြုံးမရသည့်စိတ်၊နာကျင်ကြေကွဲသည့်စိတ်တို့ဖြင့် ကြက်သေသေနေမိတာ မိနစ်များတလွှားလွှားကုန်ဆုံးသွားပြီ။ဝမ်းနည်းပြီး နာကျင်အောင့်မျက်သည့် ဝေဒနာကလည်း ပြင်းပြင်းထန်ထန်။
ထိုမိန်းကလေးက ဆူး အခန်းဝမှာ ရှိနေတာကို မလိုလားသလို ပြောတော့ ကိုကို့အကြည့်စူးစူးတွေက ဆူးကို အထင်သေးရှုံ့ချသလို တန်းခနဲရောက်လာပြီး၊
"မင်း ဘာလုပ်နေတာလဲ ဆူးခေတ်သစ်"
မေးရက်လိုက်တာ ကိုကို။ ကိုကိုတို့ဘဲ မေးတတ်တယ်...။ နာကျင်ရလွန်းသည့် ရင်ဘတ်တစ်ခုက ဒဏ်ရာ ဗလပွထနေပြီ။ ငိုပါများတော့ မျက်ရည်တွေကျနေသလား၊ မကျသလားတောင် သတိမထားမိတော့သည့်အဖြစ်။
"ဆူး ဘာလုပ်နေတယ်ဆိုတာထက် ကိုကိုတို့ဘာလုပ်နေတာလဲ"
"အဟင်း...ဟင်း...ဘာလုပ်နေတာလဲတဲ့ ကို.."
အို...။ ဆူးရှေ့မှာတင် ကိုကို့နှုတ်ခမ်းကို မော့နမ်းလိုက်သည့် ထိုမိန်းကလေးနှင့် တစိုက်မတ်မတ်ကြည့်နေသည့် ကိုကို့ မျက်လုံးကြည်ကြည်များ။ မခွဲနိုင်မခွာရက်သလို ရင်ခွင်ထဲ ထွေးဖက်ထားသည့် အဖြစ်က ယိုသူမရှက် မြင်သူရှက်ဆိုသည့် အတိုင်း။
"ကိုကို..."
"ကျစ်..."
ထိုမိန်းကလေးရဲ့ ပါးပြင်ညက်ညက်လေးကို ပွတ်သပ်နေသည့် ကိုကို့လက်တွေ ရပ်တန့်ကုန်ကာ ဆူး ခေါ်သံကို မကြားချင်သလို မျက်နှာလွှဲလျက် တစ်ချက်မဲ့ပစ်သည်။စိမ်းတောက်နေသည့် ကိုကို့မျက်လုံးတွေက မျက်ရည်တို့ ပြည့်ရွှန်းနေသည့် ဆူးမျက်နှာဆီရောက်လာပြီး၊
"ဆူးခေတ်သစ်..."
ဆောင့်အောင့်ခေါ်သံက ဆူးကိုရိုက်ပုတ်လိုက်သလိုပါဘဲ။
"သွားတော့..."
လက်ညှိုးထိုးလျက် ပြောချပစ်လိုက်တော့ မျက်ရည်တွေ အတားအဆီးမဲ့ပြိုဆင်းသွားရသည်။
"ကိုကို...ဆူး..."
"မပြောနဲ့.."
ပိတ်အော်လိုက်တော့ ဆူးကိုယ်လေးတုန်ကာ စကားသံတွေထွက်မလာတော့။ သို့သော်..မျက်ရည်တွေ ပြည့်အိုင်လာကာ အင့်ခနဲရှိုက်တော့၊
"ဆူးခေတ်သစ်...တောက် သွားကွာ။ ငါ့ကိုမျက်ရည်ခံလာမထိုးနဲ့ သွား ထွက်သွား"
"ပြောရက်လိုက်တာ ကိုကိုရယ်..."
"နင် စကားမရှည်နဲ့ ဆူးခေတ်သစ် သွားကွာ ထွက်သွားစမ်း"
"ဆူးလေ...ဆူး.."
"မပြောနဲ့.."
မူးမိုက်ပြာဝေသွားသည့်မျက်ဝန်းတို့က ရှက်ရွံ့မှုတို့နှင့်အတူ တစ်ကိုယ်လုံးတုန်ကာ မျက်ရည်ကြည်တွေ ထပ်ဆင့်ပြိုဆင်းသွား၏။ ရင့် ဒေါသတွေအုံကြွလာကာ မျက်ရည်အရွှဲသားနှင့် ဆူးခေတ်သစ်ကို မျက်လုံးစိမ်းတို့ဖြင့် ကြည့်လိုက်ပြီး၊
"ထွက်သွား..."
လက်ညှိုးထိုးကာ အော်ပစ်လိုက်မိသည်။
"မသွားဘူး ကိုကို...ဆူးကိုလေ ဆူးကို ကြိုက်သလို မုန်းပါ။ ဒီလိုကြီးတော့...ဟင်အင်း ဆူးလက်မခံနိုင်ဘူး။ ဆူး တောင်းပန်ပါတယ်..ကိုကို"
ဘီးကိုလှိမ့်တိုးသွားရင်း မျက်ရည်တွေနှင့် ဆူး တွင်တွင်သာတောင်းပန်နေသည်။
"သွားစမ်းပါ...မင်း ဘယ်လိုမိန်းမလဲ ဆူးခေတ်သစ်။ ငါ့ဘာသာ ငါ ကြိုက်သလိုနေမယ် အဲဒါ ဘာဖြစ်လဲ။ သွားကွာ...ရှုပ်လိုက်တာ"
"မသွားဘူး..."
စိတ်ရှုပ်ရှုပ်ဖြင့် ရင့် ဆံပင်တွေကို ဆွဲဖွရင်း ဒေလီယာ့ကိုယ်လုံးလေး ကို လွှတ်ကာ ကိုယ်ကို မတ်မတ်ပြင်ထိုင်လိုက်သည်။
"ဆူးကို သတ်ချင်သတ်လိုက်ပါ အဲဒီလိုတော့ မရက်စက်ပါနဲ့ ကိုကိုရယ်... "
"ဟွန်း ရက်စက်တယ်ဟုတ်လား..။ ဘယ်သူကရက်စက်တာလဲ သေချာပြန်စဥ်းစားဦး ဆူးခေတ်သစ်။ ငါ့ဘဝ ငါ့အနာဂတ်ကို ရက်စက်ခဲ့တာ ဘယ်သူလဲ ပြောစမ်း.."
မျက်ရည်ကြားမှာ သဲသဲကွဲကွဲမြင်နေရသည့် ကိုကို့မျက်ဝန်းထဲက အစိမ်းရောင်အငြိုးများကို ရင်မဆိုင်နိုင်စွာ ဆူး မျက်နှာလွှဲလိုက်ရသည်။
"ဆူး တောင်းပန်ပါတယ်.. တကယ်တောင်းပန်ပါတယ် ကိုကို..ဆူးလေ..ဆူး"
တဖြည်းဖြည်းနီးကပ်သွားသည့် အနေအထားမှာ ဆူး ကိုယ်လေး ခုတင်စောင်းကိုကပ်မှီ၍ ကိုကို့လက်မောင်းကို ဆွဲလိုက်မိသည်။
"ဆူး အနူးအညွတ်တောင်းပန်ပါတယ် ကိုကို။ မေမေနဲ့ပက်သက်သမျှအတွက် ဆူးတောင်းပန်ပါတယ်။ ဒါပေမယ့်...ကိုကို နှစ်ဖက်မျှကြည့်ပေးပါ ကိုကိုရယ်။ တစ်ဖက်တည်းကြည့်ပြီး အမှား၊အမှန်ခွဲခြားရင် အဖြေမှန်က ဝေးကွာနေဦးမှာဘဲ"
"မင်းပါးစပ်ပိတ်..."
ရင့် အသံနက်ကြီး ဟိန်းထွက်လာသည်။ အမုန်းတွေ၊အငြိုးတွေ အလျှံလျှံတငြီးငြီးတောက်လောင်နေသည့် မျက်နှာဖြင့် ကိုကိုလက်တွေက ဆူး ပခုံးပေါ်ကြမ်းတမ်းစွာ ကျရောက်လာပြီး ဆောင့်ရမ်းလေတော့၏။ အသည်းခိုက်မတတ်နာကျင်သည့် ဝေဒနာအပြင် ခေါင်းတွေပါ မူးနောက်ပြာဝေသွားပြီး ဆူး မျက်ရည်စတွေပါ လွင့်သွားရသည်။
"ဆူးကို ကြိုက်သလိုစီရင်နိုင်ပါတယ်။ ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ကိုကို ဘယ်လိုအရွဲ့တိုက်တိုက်၊ဘယ်လိုအငြိုးအတေးနဲ့ရက်စက်ရက်စက် ဆူး ကျေနပ်စွာ ခံယူပါ့မယ် နော် ကိုကိုနော်..ခုလိုတော့.."
"အဟွန်း.."
မျက်နှာငယ်လေးဖြင့်မော့ကြည့်နေသည့် ဆူးခေတ်သစ်ကို စေ့စေ့ကြည့်ရင်း ရင့် တစ်ချက်တော့ ရယ်သွမ်သွေးလိုက်ပြီး၊
"ရက်စက်ယုတ်မာညံ့ဖျင်းတဲ့ မင်းအမေနဲ့မင်းတို့ရဲ့ ပုပ်ပွနေတဲ့အမည်းရောင်အတ္တတွေကို ငါ ဘယ်တော့မှ မမေ့ဘူးကွ မှတ်ထား။ မင်းအမေကြောင့် ငါ့အမေစိတ်ဒုက္ခရောက်ရတာ။ ပတ်ဝန်းကျင်မှာ မျက်နှာ မပြရဲအောင်ဖြစ်ခဲ့တာ။ အမျိုးတွေကြားထဲ ခေါင်းမဖော်ရဲခဲ့တာ။ ဖေဖေရဲ့ ဥပေက္ခာတွေကို ရခဲ့တာ ။ အဲဒါ မင်းအမေကြောင့်ကွ သိလား။ ပြီးတော့ မင်း..."
ရင့် မျက်နှာပေါ်မှာ အတိတ်က အငြိုးတွေက စိမ်းလိုက်မှောင်လိုက်ဖြင့် တစ်ရစ်ချင်းတက်လာကာ တင်းတင်းစေ့ပိတ်ထားတတ်သည့်နှုတ်ခမ်းနှစ်လွှာကလည်း ချက်ချင်းကာလာရင့်သွားသည်။အသံတိတ်ရှိုက်ရင်း ဆူး မျက်လွှာချနေလိုက်သော်ငြား။
"မင်းကြောင့် မင်းရဲ့ ယုတ်မာတဲ့ စနက်ကြောင့် ငါ့အဖေသေရတာ။ မင်းကို မုန်းတယ်။ မင်းတို့သားအမိကို အရိုးထဲ အသားထဲ အထိ နာနာကြည်းကြည်းနဲ့ တူးခါးနေအောင်ကိုမုန်းတာ။ အဟင်း..ပြီးတော့ ထပ်ပြောလိုက်မယ်။ မင်းကို ရိုးမြေကျပေါင်းသင်းလိမ့်မယ်လို့မထင်နဲ့။ မင်းလိုဒုက္ခိတကို အကြွေးယူစရာရှိသေးလို့ မကွာတာ နားလည်"
"ဆူး ကိုကို့ကိုအရမ်းချစ်တယ်။ ကိုကို ကြိုက်သလို ဆူးကို နှိပ်စက်ပါ ဆူး မငြိုငြင်ပါဘူး။ဒီလိုတော့ မရက်စက်ပါနဲ့...သူ့ကို သူ့ကိုပြန်လွှတ်လိုက်ပါ ကိုကိုရယ်နော်"
ဆူး ကိုကို့ခါးကို အတင်းဖက်ကာ တဖွဖွတောင်းပန်လိုက်သည်။ လက်လွှတ်ဆုံးရှုံးမခံနိုင်လို့ အတင်းဖက်ထားစဥ် ကိုကိုက လက်တွေကိုဆွဲလွဲဖြုတ်ချကာ မညှာမတာ စောင့်အတွန်း...။
"ဖယ်စမ်းပါ...သွား..."
"ဒုန်း....ဝုန်း..."
"ခွမ်း..."
"အား..."
အပိုင်း(၂၅)ဆက်ရန်👈👈👈
စာဖတ်သူများအတွက်
ထာဝရ
#ဖက်ဖူးစိမ်း