🌺ပန်းမွေ့ရာ....ရွှေကော်ဇော🌺
🎼🎼နောက်ဆုံးနေ့များဆီအထိ...မေတ္တာတရားတွေ ငါ့အပေါ်ထားနိုင်မလား...ငါမျှော်လင့်မိပါတယ်..ငါယုံစားမိပါတယ်...ငါပဲရူးနှမ်းခဲ့တာ အပြစ်ရှိသမျှ..ငါ့အပေါ် ပုံချလိုက်ပါတော့..ဘယ်တော့မှ လှည့်မကြည့်နဲ့..ဘာတစ်ခုမှ မငဲ့ညှာနဲ့..လုပ်ပါမင်း..ငါ့အပေါ်ရက်စက်တာတွေ..တဆုံးလှည့်စားလိုက်တာတွေ..လုပ်ပါမင်း ငါ့အပေါ်ရက်စက်တာတွေ တဆုံးလှည့်စားခဲ့တာတွေ..🎼🎼
ခပ်ကျယ်ကျယ်လေးဖွင့်ထားသည့် သီချင်းကဆူးရဲ့နားစည်မှတဆင့် နှလုံးသား၏ဟိုးအနက်ရှိုင်းဆုံးနေရာအထိ ထိုးဖောက်ဝင်ရောက်သွားသည်။ ဖြူဖြူရဲ့ လှည့်စားလိုက် သီချင်းသည် ဆူးအတွက်တော့ အရိုးထဲအထိစိမ့်ဝင်နေသည့် ခံစားချက်တစ်ခုမဟုတ်ပါလား။
အခွင့်အရေးလည်းမရှိပါဘူး..မင်းခြေလှမ်းတွေ တခြားနေရာသွားချိန်မှာ..ဘယ်လို ငါက လိုက်ရှာမလဲ..ဘယ်လိုတားဆီးနိုင်မလဲ..
ကိုကိုခြေလှမ်းတွေကို ဆူး မတားဆီးနိုင်ခဲ့ပါဘူး ကိုကိုရယ်။ မမှီလိုက်နိုင်ဖို့လည်း မဖြစ်နိုင်တဲ့ဘဝကြီးမှာ ဆူးအဖြစ်က တိတ်တဆိတ် ကျေနပ်ရုံထက်မပိုပါဘူး။ ကိုကိုသွားလေရာကို လိုက်ခွင့်ရချင်ပါရဲ့။
ဒါပေမယ့်...ဒုက္ခိတဆိုတဲ့ဘဝမှာ စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့...။
ကိုကို...ဆူးလေ...ကိုကိုနားမှာ အရိပ်လေးဖြစ်ခွင့်ရချင်ပါတယ် ကိုကိုရယ်။ ကိုကိုသွားတဲ့နေရာတိုင်း မခွဲမခွာပါတဲ့ ဖိနပ်လေးတစ်ရံ ဖြစ်ခွင့်ရချင်ပါရဲ့။
🎼 🎼ငါပဲ စချစ်မိတာ အပြစ်ရှိသမျှ..ငါ့အပေါ် ပုံချလိုက်ပါတော့..ဒါဟာ ကိုယ့်ထိုက်ကိုယ့်ကံဘဲ..ဘာတစ်ခုမှမတတ်နိုင်ခဲ့ လုပ်ပါ မင်း ငါ့အပေါ်ရက်စက်တာတွေ ..လုပ်ပါ မင်း ငါ့အပေါ်ရက်စက်တာတွေ တဆုံးလှည့်စားလိုက်တာတွေ...လုပ်ပါ မင်း ငါ့အပေါ်ရက်စက်တာတွေ တဆုံးလှည့်စားခဲ့တာတွေ...🎼🎼
သီချင်းစာသားတွေက ဆူးခံစားချက်တွေကိုဖွဲ့သီထားသည့်အလား။
ဟုတ်ပါတယ် ကိုကို။ ဆူးဘက်က စချစ်ခဲ့လို့ မိန်းကလေးတန်မဲ့ သိက္ခာတွေမှ မငဲ့နိုင်ခဲ့ဘူး။ စချစ်မိခဲ့တဲ့ ဆူး အမှားတွေဘဲ ထားလိုက်ပါတော့ ကိုကိုရယ်။
ကိုကို လှည့်စားအနိုင်ယူသမျှ ဆူးကျေနပ်ကြည်ဖြူပြီးသားပါ။ ဆူး ရင်ကွဲစေတဲ့ လုပ်ရပ်တွေတော့ မလုပ်ပါနဲ့လား ကိုကိုရယ်။ ဆူးကို မုန်းတီးနိုင်တယ်။ရက်စက်နိုင်တယ်။ ဒါပေမယ့် ကိုကိုရဲ့သိက္ခာကို မထိပါးစေချင်ပါဘူး။ ကျေးဇူးပြုပြီး နောက်တစ်ယောက်မတွဲပါနဲ့ ကိုကို။ ဆူး တောင်းပန်ပါတယ်...တောင်းပန်ပါရစေ ကိုကို။
🎼🎼ဘယ်ဟာအမှန် ဘယ်ဟာအမှား အချစ်အားကြီးတော့ ခွဲခြားမရ..သံကြိုးများလို ခိုင်မာတဲ့..နှောင်ဖွဲ့ထားသမျှ မေတ္တာကို ဘယ်လိုငါ တားဆီးမလဲ...ရေး...ရေး...🎼🎼
မှားနေလား မှန်သလား..ဆူး မခွဲခြားနိုင်တော့ဘူး။ အချစ်အတွက် မျက်ကန်း တစ္ဆေမကြောက် သလို ရူးသွပ်ခဲ့သူမို့ မှားနေရင်လည်း အချစ်အတွက် ဆက်ပြီးရူးမိုက်နေဦးမှာပါ။
🎼🎼 လုပ်ပါ မင်း ငါ့အပေါ် ရက်စက်တာတွေ တဆုံး လှည့်စားလိုက်တာတွေ...မင်း အမြဲ ငါ့အပေါ်ရက်စက်ခဲ့...လုပ်ပါ မင်း ငါ့အပေါ်အငြိုးကြီးတာတွေ တဆုံးလှည့်စားခဲ့တာတွေ...ဟိုး..နိုး...ဟိုး...လုပ်ပါ မင်း ငါ့အပေါ်ရက်စက်တာတွေ တဆုံးလှည့်စားလိုက်တာတွေ...ဟိုး..နိုး.. ဟိုး..လုပ်ပါ မင်း ငါ့အပေါ်အငြိုးကြီးတာတွေ တဆုံး လှည့်စားခဲ့တာတွေ..🎼🎼
သံစဥ်ထဲ စီးမျော လိုက်ပါ သွားသည့်အခါ ခံစားချက်တို့ပြည့်နှက်နေသည့် ရင်အစုံက ဝေဒနာတိုးကာ မျက်ရည်အဖြစ်ပါးပြင်ပေါ်သို့ဖြတ်သန်းစီးဆင်းသွား၏။
မျက်ဝန်းအစုံကိုမှေးမှိတ်အချမှာ နောက်ထပ်မျက်ရည်တစ်စက်က ပါးပြင်ကနေ လည်တိုင်ဆီ တောက်လျှောက်ဆင်းသွားပြန်သည်။ ဒီမျက်ရည်တွေ ဘယ်တော့မှ ခမ်းလိမ့်မလဲကွယ်။
🎼🎼 နောက်ဆုံးနေ့များဆီအထိ..မေတ္တာတရားတွေ ငါ့အပေါ်ထားနိုင်မလား..ငါမျှော်လင့်မိပါတယ်...ငါ ယုံစားမိပါတယ်..ငါပဲရူးနှမ်းခဲ့တာ အပြစ်ရှိသမျှ ငါ့အပေါ် ပုံချလိုက်ပါတော့...ဘယ်တော့မှ လှည့်မကြည့်နဲ့..ဘာတစ်ခုမှ မငဲ့ညှာနဲ့...အိုး...နိုး...ရေး..ရေး..🎼🎼
သီချင်းဆုံးသွားတော့ နောက်တစ်ကျော့ပြန်လာသည်။ ဒီသီချင်းကို ကြိုက်လွန်းလို့ အထပ်ထပ်နားထောင်ပေမယ့် ရိုးသွားတယ်လို့မရှိ။ နားထောင်မိတိုင်းလည်း အနည်းဆုံး ဆယ်ကြိမ်လောက်တော့ နားထောင်ဖြစ်ခဲ့၏။
အစကနေ ပြန်လာနေသည့် သီချင်းကို အာရုံစိုက်နေရင်း မျက်ရည်တွေက အတားအဆီးမဲ့လျက်။
ဝရန်တာကနေ ခြံတစ်ခြံလုံးကို စီးမိုးကြည့်ရသည့် အရသာကို ဆူး နှစ်သက်သည်။စိမ်းစိုစိုမြင်ကွင်းတွေက ဆူးစိတ်ကို ခဏတာ ဆောင်ထားနိုင်သည်မဟုတ်လား။ စကားပန်းတွေ ဖွေးဖွေးလှုပ်နေသည့် အစိမ်းရောင်မြက်ခင်းပြင်နှင့် ပြာလဲ့လဲ့ ကန်ရေပြင်က စိတ်ကို ပဏာရလှသည်။
စကားပန်းပင်အောက်က အဖြူရောင်ခုံတန်းလေးနှင့် အရောင်အသွေးစုံသည့်နှင်းဆီအိုးများကို မြင်တော့ ပန်းရနံ့တွေ ထုံမွှမ်းလာသလိုလို ခံစားနေမိ၏။
ရေကူးကန်ဆီမှ သစ်ခွတန်းဘက်မျက်လုံးဝေ့ကြည့်မိပြန်တော့ ရောင်စုံသစ်ခွများက တစ်မျိုးဆွဲဆောင်နေပြန်ပြီ။ သစ်ခွစင်ပေါ်ဝယ်လည်ချင်းယှက်လျက် ချစ်ခွန်းသံပြိုင်သီကျူးနေသည့် ငှက်မောင်နှံ။ တစ်ကောင်၏အတောင်ကြားထဲ တစ်ကောင်ကနှုတ်သီးဖြင့်တိုးဝင်လိုက် နှုတ်သီးချင်းထိစပ်လိုက်ဖြင့်ကလူကြည်စယ်လျက်ရှိကြသည်။
သြော်...ငှက်ကလေးတွေရယ် မင်းတို့တွေကို ငါအရမ်းအားကြမိပါရဲ့။ ချစ်သူနှင့်ရွှေလည်တွဲကာ ချစ်ပွဲဝင်ရသည်က မင်းတို့ကမ္ဘာမှာ အပျော်မြစ်တွေ ဖြတ်စီးနေမှာပေါ့။ ငါလည်း မင်းတို့လို ပျော်ရွင်ချင်ပါရဲ့။
"တီ...တီ..."
ကားဟွန်းသံကြောင့် ရုတ်တရက် အတွေးတွေ ရပ်တန့်ကာ ခြံဝဆီ မျက်လုံးအလိုလိုရွေ့သွားသည်။
"ကိုကို.."
ကိုကို စီးနေကြ လင့်ခရူဆာကားသည် ဖွင့်သွားသည့် တံခါးမှ ခြံထဲသို့ ဝင်ရောက်လာပြီး ပေါ်တီကိုအောက်ဝယ်ရပ်တန့်သွား၏။ အရင်ပရာဒိုကို အသည်းစွဲ ကြိုက်ခဲ့သည့် ကိုကိုတစ်ယောက် လင့်ခရူဆာကို လဲစီးလိုက်တာ မကြာသေးပါ။ ဒဏ်ရာတွေနှင့် ခရီးက ပြန်လာသည့် ကိုကို့ကို ဆူးမမေ့သေး။ကားလဲလိုက်တာ၊ ဒဏ်ရာတွေရလာတာ ဘာကြောင့်လဲဆိုတာ ဆူးသိချင်ပေမယ့် ကိုကို့ကို ယနေ့အထိ မမေးရဲ။
ကိုကို ပြန်လာပြီ။ အတွေးဖြင့် ဖွင့်ထားသည့် သီချင်းကို ပိတ်ပစ်ကာ အောက်ထပ်ဆီက ကိုကို့အသံကို နားစွင့်နေလိုက်သည်။
"ဟင်...တစ်အိမ်လုံးလည်း တိတ်လို့ပါလား ကို"
ကြည်လင်ကာ ဆွဲငင်ဓာတ်တစ်မျိုးလေးပျော်ဝင်နေသည့် မိန်းကလေးတစ်ယောက်၏အသံကြောင့် ဆူး မျက်ခုံးတွေစုကျုံ့သွားသလို ရင်ထဲမှာလည်း အချက်ပေးခေါင်းလောင်းတွေ အဆက်မပြတ်မြည်သွားသည်။
မေမေနွေး ခုနစ်ရက်တရားစခန်းဝင်သည့်နောက်ကို လုံးလုံးပါသွားသည်။ မြမြကျတော့ ရွာက သူ့အမေနေမကောင်းလို့ ခဏပြန်သွား၏။အိမ်မှာ ဆူးနှင့်ခြံစောင့်ကြီးသာ ကျန်ခဲ့သည်။ ဒေါ်တိုးကျပြန်တော့ စျေးသွားနေရာ တစ်အိမ်လုံးတိတ်နေခြင်းပင်။
"မေမေ တရားစခန်းဝင်နေတယ် ချစ်လေးရ။ မမြကလည်း ရွာခဏပြန်သွားတယ်"
ဆူးနဲ့ဆို မာထန်နေသည့် ကိုကို့အသံက ချိုကြည်ကြည်လေးထွက်ပေါ်လာသည်။
"ကြည့်...ကို မကောင်းဘူးကွာ..အိမ်မှာ ဘယ်သူမှမရှိတာကို သိရဲ့သားနဲ့"
ခရာတာတာအသံလေးက ဆူးနားထဲ ဗုံးတစ်လုံးကြဲလိုက်သည့်အလား ကန့်လန့်တိုးဝင်လာ၏။
"ဒေါ်ဒေါ်တိုး...ဗျို့ ဒေါ်ဒေါ်တိုး"
စျေးသွားနေသည့် ဒေါ်တိုးကို အော်ခေါ်နေသံကြားရတော့ ဆူးဘယ်နေရာပုန်းအောင်းနေရမှန်းပင်မသိတော့။
အောက်ထပ်မှာနေသည့် ဆူး ဒီနေ့မှ ခြံတစ်ခုလုံးကို အပေါ်စီးက မြင်ချင်လို့ ဒေါ်ဒေါ်တိုးစျေးမသွားခင် အပေါ်ထပ်ကိုပို့ခိုင်းခဲ့တာ ခုမှ မှားမှန်းသိတော့သည်။ ဆူး ပြေးပေါက်ပိတ်ပြီ။
"တစ်ယောက်မှလည်း ခေါ်မရပါလား..ဒေါ်ဒေါ်တိုးစျေးသွားပြီထင်တယ်"
"ခေါ်မနေနဲ့ ကိုရာ..ဘယ်သူမှ မရှိတဲ့ဟာ"
မူနွဲ့နွဲ့ အသံလေးက ဆူးရင်ထဲ ပူလောင်လာသည်။
ကြည်မွေ့သည့် ရယ်သံလေးတွေက တဖြည်းဖြည်းနီးကပ်လာလျက် လှေကားပေါ်တက်လာသည့် ခြေသံကို အတိုင်းသားကြားနေရသည်။
"ကို့.."
"ဟင်..."
"အာ....ကိုနော်...သွား...အဲလိုမဆိုးနဲ့လေ"
"ချစ်လို့..."
"ကိုကွာ...လူမြင်ကွင်းကြီးမှာ ဟင်း...ဟင်း...ကိုအရမ်းဆိုးတာဘဲ"
ဟင်...။ ရင်ဘတ်ထဲထိုးအောင့်ကာ နားနှစ်ဖက်ကိုယောင်ပိတ်မိမတတ်ဖြစ်သွားရသည်။ ဘာတွေလဲ...ကိုကို။
"ဘယ်သူမှ မမြင်ဘူး..."
"ကြည့်...ဘာမှန်းမသိဘူး...ခဏ...ခဏလေးကွာ...အခန်းထဲကျမှ.."
လက်တန်းကို တအားဆုပ်လိုက်မိ၏။ ဆူး ခေါင်းတွေ ချာချာလည်ကာ လူတစ်ကိုယ်လုံးဇောက်ထိုးမိုးမျှော်ဖြစ်သွားရသည်။ နားထဲမှာ ဗုံးတွေကြဲလျက်။
"ဟင်း...ဟင်း....သွား ကို သိပ်ဆိုးတယ်"
"အဟွန်း...ချစ်တာပါကွာ..."
မျက်ရည်တွေ အတားအဆီးမဲ့ပြိုဆင်းလာသလို နှုတ်ခမ်းသားတွေ တဆတ်ဆတ်တုန်ယင်လျက် လှေကားရင်းဆီရောက်လာသည့် အရိပ်တွေကို ဖြတ်ခနဲမြင် လိုက်ရချိန်။
"ကို မချွဲ့နဲ့ကွာ..."
ညုတုတုအသံလေးနှင့် ကိုကို့ရင်ခွင်ထဲ ပူးကပ်လုံးထွေးကာ ပါလာသည့် ဖြူဖြူသဏ္ဍာန်လေး။ဆူး မျက်လုံးတွေ ပြာမိုက်သွားရသည်။ဖြတ်ခနဲ မြင်လိုက်ရသည့် မြင်ကွင်းက ဆူး မျက်ဝန်းရှေ့မှ ပျောက်ကွယ်သွားသော်ငြား အသံလှိုင်းတွေက လာရောက်ရိုက်ခတ်လျက်။
"ကို...အဟင်း...အရမ်းမလောနဲ့ကွာ"
ဟင်အင်း...မဟုတ်ဘူး။ ကိုကို ဆူးကို ညာနေတာ။ ဆူး ကို ကိုကိုအရွဲ့တိုက်နေတာမဟုတ်လား ကိုကိုရယ်။ မျက်ရည်တို့ပြည့်လျှံနေသည့် မျက်လုံးအိမ်က မျက်တောင်တစ်ချက်အခတ်မှာ မျက်ရည်ပေါက်တွေ လိမ့်ဆင်းသွားသည်။ဆူး အသိနဲ့သတိတွေ မကပ်နိုင်ခင် ဘီးတွေက အလိုလိုလိမ့်နေမိလျက်။
"ဟင်း...ဟင်း...."
ရယ်သံလွင်လွင်လေးရဲ့နောက်ဝယ် အခန်းတွင်းမှ တစ်စုံတစ်ခုလဲပြိုသံကြားလိုက်ရသည်။ ကိုကို့အခန်းက ဝရန်တာနှင့်ပိုနီးတာမို့ ဝရန်တာက ထွက်လိုက်တာနဲ့ ခပ်ဟဟပွင့်နေသည့် အခန်းကိုလှမ်းမြင်နေရပြီ။
အခန်းအပြင်လျှံထွက်နေသည့် ရယ်သံတွေ က နှလုံးသားကို ဓားထက်ထက်ဖြင့် ထိုးဆွနေခဲ့သည်။ တွန့်ဆုတ်နေသည့် ဘီးလေးက တဖြည်းဖြည်း တံခါးနားနီးကပ်သွားလေ ဆူးနှလုံးသားက ပူလောင်ပြင်းပြလေ။
ကိုကို ညာနေတာ...။ မဟုတ်ဘူး။ ဆူး ကြားနေတာတွေက အမှန်မဟုတ်ဘူး။
"အခန်းထဲရောက်နေပြီကွာ...ကို အဲလို မလုပ်နဲ့"
ကိုကို့အသံတွေပျောက်ဆုံးကာ ညုတုတုအသံလေးနှင့်တခစ်ခစ်ရယ်သံလေးသာ အခန်းထဲကထွက်ပေါ်လာသည်။
ရင်တစ်ခုလုံး လှုပ်ရမ်းကာ ခြေတွေလက်တွေအေးစက်လာ၏။ချွေးစေးတွေက ခန္ဓာကိုယ်အနှံ့ အလိုလိုစို့တက်လာလျက်။
"ကိုကို..."
နှုတ်ခမ်းဖျားမှ အသံတိုးတိုးလေးထွက်ကျသွားရပြီး မျက်လုံးတွေက အဆများစွာပြူးထွက်သွားသည့်အထိ အခန်းတွင်း မြင်ကွင်းက ခြောက်လှန့်သွား၏။
ချစ်ရည်ရွှန်းနေသည့်မျက်လုံးနှစ်စုံက ထိလုတိုက်လုမတတ်။ သဘောတကျရယ်နေသည့် ကိုကို့အသံက ရင်ထဲအသည်းထဲက အသံလို လှိုက်လှိုက်မူးမူးနှင့်ချိုကြည်လျက်။
အပြာရောင်လွင်လွင်တောက်နေသည့် ခုတင်ကြီးထက် ခေါင်းအုံးတွေဆင့်မှီကာ လဲလျောင်းနေသည့် ကိုကို့ကိုယ်မှာ တင်းပြည့်လှပသည့်ကိုယ်လုံးကိုယ်လုံးကိုယ်ထည်လှလှနှင့် မိန်းကလေးက ကိုကို့လည်တိုင်ကို ဖက်တွယ်ကာ ရင်ခွင်တစ်ခြမ်းမှာ မှီနွဲ့နေသည်။
ကိုကို့ပခုံးစွန်းမှာ မျက်နှာလေးကပ်မှီထားပြီး လည်တိုင်ဆီက လက်ချောင်းသွယ်သွယ်လေးများသည် လည်တိုင်မှတဆင့် ကြယ်သီးတွေပြုတ်နေသည့် ကိုကို့ရင်ဘတ်ဖွေးဖွေးဆီ ရွရွလေးပွတ်သပ်နေ၏။
သူမထပ်ဝတ်လာခဲ့ဟန်တူသည့် ဂျင်းဂျာကတ်လေး ကဆိုဖာထက်ဝယ် ဖရိုဖရဲနှင့်။ ကြယ်သီးတွေမရှိတော့ဘဲ ဟင်းလင်းပွင့်နေသည့် ကိုကို့ရင်ဘတ်ဖြူစွတ်စွတ်တွင် တစ်ကိုယ်လုံးကပ်တွယ်နေသည့် သူမရဲ့ ကြိုးတစ်လုံးအကျီပန်းစီရောင်လေးက ရင်ဘတ်လှလှလေး လှစ်ဟပြသလို..ရဲရဲပင်မကြည့်ရဲစရာ။
ခေါင်းအောက်ကျကျလေးဝတ်ထားသည့် ဘောင်းဘီလေးက ပေါင်ရင်းနားအထိ တိုကပ်ကာ ပေါင်တံဖွေးဖွေးတွေက ကိုကို့ခြေတောက်တွေနှင့်ထိစပ်နေသည်။ အကျီတိုနံ့နံ့လေးနှင့် ဘောင်းဘီလေးကြား ကွာဟနေသည့် ခါးပေါ် ကိုကို့လက်ကသိုင်းကာ ရွရွလေးဖက်ထားပြီးကျန်တစ်ဖက်က ဖူးရွနေသည့် နှုတ်ခမ်းလေးကို ကောက်ကြောင်းလိုက်ကာ ဖွဖွလေးတို့ထိလျက်။
စိုလဲ့နေသည့် မျက်လုံးတွေက တစ်ယောက်မျက်နှာကိုတစ်ယောက် မလွှဲတမ်းကြည့်ကာ ချစ်ဗို့အားများ တိုးနေပြီ။ အခန်းဝတွင် ဆူးရောက်နေသည့်အဖြစ်ကို သူတို့မသိကြ။
ရင်ခွင်ခြင်းထပ်မတတ်၊ မျက်လုံးချင်းငြိမတတ် ယစ်မူးစွာစိုက်ကြည့်လျက် ရင်ခုန်သံချင်းညှိနေသည့် ကိုကိုနှင့်ထိုမိန်းကလေး၏အဖြစ်ကို ဆူး မကြည့်ရဲအောင်ရှက်ရွံ့ပူထူနေ၏။
ထိုမိန်းကလေးက ကိုကို ညစဥ်တိုင်းဖုန်းဆက်ရင်း အချစ်ပလူးနေသည့် မိန်းကလေးပေါ့။ အမြဲတမ်းဂရုတစိုက်နှင့် မခွာတမ်းဂရုစိုက်နေခဲ့သည့် မိန်းကလေး။ ချစ်လေးဟု တယုတယခေါ်နေသည့် မိန်းကလေးပေါ့။
ကိုကိုတို့ချစ်ခြင်းကို မနှောက်ယှက်ဘဲ ဆူး ပြန်လှည့်သွားရမလား။
ဆူး မျက်လုံးကို စုံမှိတ်ရင်း နှုတ်ခမ်းကို ကိုက်ကာ အသက်အောင့်ထားသည်က မိနစ်ပေါင်းများစွာ။ သို့တိုင်အောင်... ထိုမိန်းကလေးအပေါ် တပ်မက်ပျော်ဝင်နေသည့် ကိုကို့ပုံရိပ်တွေက ပျောက်ကွယ်မသွားခဲ့။
ကိုကို့ရင်ခွင်ထဲက ထိုမိန်းကလေးကို ဆွဲထုတ်ပြီး စိတ်ရှိလက်ရှိ ပေါက်ကွဲပစ်ချင်နေသည်။ကြေကွဲဝမ်းနည်းမှုများကြောင့် အသားဆိုင်တွေ တဆတ်ဆတ်တုန်လာသည်။ ဖိကိုက်ထားသည့် နှုတ်ခမ်းဆီမှ နာကျင်မှုကို သတိမရ။
"ကိုကို့...."
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ဒါ ငါးလေးတို့အိမ် ဟုတ်လား မေမေ"
လမ်းမှာကတည်းက ဖေဖေနဲ့မေမေလို့ခေါ်ဖို့ နွယ်ဝေပြောခဲ့တာ။ နွယ်ဝေ့စကားကို နားထောင်သော ငါးလေးသည် ထည်ဝါခန့်ညားသည့် ခြံဝင်းကျယ်ကြီးထဲ ကားဝင်လိုက်သည်နှင့် နှစ်ထပ်တိုက်မြင့်ကြီးကို လက်ညှိုးထိုးကာ ဝမ်းသာအားရမေးလေတော့၏။
"ဟုတ်တယ် သမီးလေးရဲ့ ဒါ သမီးလေးရဲ့အိမ်ဘဲ"
နွယ်ဝေ့လက်ကို မဖြုတ်တမ်းချိတ်ထားသည့် ငွေငါးလေးကြောင့် နွယ်ဝေ ငါးလေးရဲ့ မိဘတွေကို အားနာနေပေမယ့် ဒေါ်နဒီရွှေက အပြုံးမပျက်ဖြေသည်။ ငွေငါးလေးကိုကြည့်နေသည့် ဒေါ်နဒီရွှေ၏ မျက်ဝန်းအစုံဟာ ဝမ်းသာကြည်နူးရိပ်တို့ဖြင့် လဲ့ဖြာနေခဲ့သည်။
"ဒီအိမ်ကြီးမှာ ငါးလေးနေခဲ့တာ ဟုတ်လား"
ကားပေါ်က ဆင်းလိုက်ပြီး ငွေငါးလေးက အိမ်အတွင်း ဘက်ကို လှမ်းကြည့်ကာ တိုးဖွဖွမေးလိုက်၏။ ဤမျှ ခမ်းနားသည့် အိမ်ကြီးကို ပထမဆုံးမြင်ဖူးပေမယ့် စိမ်းသက်မနေတာထူးဆန်းသည်။ကားပေါ်ကနေ အားလုံးဆင်းလာကြတော့ ငါးလေးတစ်ယောက် အိမ်အတွင်းကို တစ်လှမ်းချင်း တိုးဝင်နေခဲ့ပြီ။
ဧည့်ခန်းတွင်းရောက်သည်နှင့် ငါးလေး ခြေလှမ်းတွေ ရပ်တန့်လျက် မျက်ဝန်းအစုံသည် တစ်နေရာတည်းမှာ စူးစိုက်သွား၏။
"ဒီပုံက.... "
လွတ်လပ်စွာရယ်မောနေသည့် ဓာတ်ပုံထဲက မိန်းကလေးသည် ငါးလေးနှင့်အလွန်တူနေသည်။မေမေတို့ပြောပုံအရ ဒီပုံက ငါးလေးရဲ့ပုံပေါ့...။
"သေချာကြည့်ပါဦး သမီး"
ဒေါ်နဒီရွှေက ငွေငါးလေးနား တစ်လှမ်းချင်းတိုးကပ်လာရင်း ဆိုတော့..၊
"ဒါ...ငါးလေး ပုံလားဟင်"
ရွှေရေးချယ်လို့ အားလုံးက ပြောပေမယ့် ငွေငါးလေး ကိုယ့်ကိုယ်ကို ရွှေရေးချယ်ဆိုတဲ့ဘဝနှင့်မရင်းနှီးသလိုကြီးခံစားနေရသည်။ ပြီးတော့ ရွှေရေးချယ်လို့ သုံးနှုန်းဖို့ထက် ငွေငါးလေးအဖြစ်ကိုဘဲ နှစ်သက်၏။
ဧည့်ခန်းမှာ ချိတ်ထားသည့် ဓာတ်ပုံတွေကို လိုက်ကြည့်နေသည့် ရွှေရေးချယ်ကိုဘဲ စိတ်ဝင်တစားဝိုင်းကြည့်နေကြသည်။ မိုးမြင့်နှင့်နွယ်ဝေကတော့ ခမ်းနားထည်ဝါကာ နန်းတော်တမျှ ခမ်းနားသည့် အိမ်ကြီးကို လှည့်ပတ်ကြည့်ပြီး အံ့သြပြီးရင်း အံ့သြနေခဲ့သည်။
ရွှေရေးချယ်ဆိုတာ တစ်ဦးတည်းသော သူဌေးသမီးလေးမှန်း သိခဲ့ပေမယ့် ဤမျှ ချမ်းသာလိမ့်မည်ဟုမထင်ခဲ့။ ခင်းထားသည့် ကော်ဇော အနီရဲရဲကြီးကပင် ခြေတောက်နင်းရမှာ မရဲ။
ဧည့်ခန်းမှာ ခင်းကျင်းထားသည့် ပစ္စည်းများသည်ခေတ်မှီလှပပြီး အဘယ်မျှ အဖိုးတန်မည်ဆိုတာကို သူတို့မခန့်မှန်းနိုင်ခဲ့ပါ။ ဆိုဖာကြီးတွေနှင့် လက်လက်တောက်နေသည့် စားပွဲက ဧည့်ခန်းအလယ်မှာ ထည်ဝါစွာထည်ခင်းလျက် အနီရောင်နှင်းဆီတွေထိုးထားသည့် ပန်းအိုးက စားပွဲထက်မှာ နေရာယူနေသည်။
"ထိုင်ကြလေကွယ်..သမီးတို့ကို သက်သက်ဒုက္ခပေးသလိုတော့ဖြစ်နေပြီ"
"ရပါတယ် ဦး.. ကျွန်တော်တို့ကကိစ္စမရှိပါဘူး"
"နီနီရေ...အအေးယူခဲ့ပါဦး"
ဦးနေသစ်က မိုးမြင့်တို့ဇနီးမောင်နှံကို ဧည့်ခံရင်း သူကိုယ်တိုင် တစ်ယောက်ထိုင်ဆိုဖာမှာ ဝင်ထိုင်ကာ အတွင်းဘက်ကို လှမ်းအော်လိုက်သေးသည်။ ထို့နောက် မျက်လုံးတွေက သမီးဖြစ်သူထံရွေ့လျားသွားခဲ့လျှင်၊
"ဒီနေရာက ပုံဘယ်ရောက်သွားတာလဲဟင်"
"ဟင်..."
လှေကားအတက်အဆင်းနားကို တိုးကပ်သွားရင်း အပေါ်ကိုမော့ကြည့်ပြီး ငွေငါးလေး မေးတော့ ဧည့်ခန်းတွင်းရှိလူအားလုံး အံ့သြကုန်တော့၏။
အထူးသဖြင့် ဒေါ်နဒီရွှေမျက်နှာ ဝင်းပသွားလျက်၊
"သမီး...သတိရတယ်ပေါ့...သမီးလေး သတိရနေတယ်ပေါ့ ဟုတ်လား"
"ရှင်..."
"ဒီနေရာမှာ အရင်ကဓာတ်ပုံရှိနေတာကို သမီးသတိရနေတယ်နော်"
ဓာတ်ပုံချိတ်ဆွဲထားခြင်းမရှိသည့်လှေကား တစ်ဆစ်ချိုးနေရာကို စူးစိုက်ကြည့်ရင်း ငါးလေးရဲ့အမြင်တွေနှစ်ထပ်ဖြစ်နေခဲ့သည်။
ငါးလေး မျက်ဝန်းထဲမှာ လူရုပ်တွေနှင့်ဓာတ်ပုံတစ်ခုက ဝေဝါးကာ ပေါ်ထွက်လာသည်။ ထိုပုံကို သည်နေရာမှာ ချိတ်ထားသလို မြင်ယောင်နေမိ၏။ သေချာကြည့်ပြန်တော့ ဘာပုံမှ ရှိမနေပါ။ ပုံရိပ်တွေက နှစ်ထပ်ဖြစ်နေပြီး သေချာစဥ်းစားလေ ခေါင်းတွေမူးနောက်ပြာဝေလေ။
"အား....မူးတယ်...ခေါင်းတွေမူးတယ်"
"သမီး..."
"သမီးလေး..."
အပိုင်း(၂၄)ဆက်ရန်👈👈👈
စာဖတ်သူများအတွက်
ထာဝရ
#ဖက်ဖူးစိမ်