book

Index 22

အပိုင်း(၂၂)

🌺ပန်းမွေ့ရာ....ရွှေကော်ဇော🌺


"သမီးလေး.."


ဟင်..။ သမီးလေးတဲ့။ တယုတယခေါ်ပြီး အိမ်ပေါ်တက်လာသည့် လူရိပ်တွေဆီ ငွေငါးလေးအကြည့်ရောက်သွားတော့။


"သမီး.."


ဝတ်ကောင်းစားလှတွေ ဝတ်ဆင်ထားသည့် အမျိုးသမီးကြီးနှစ်ယောက်နှင့် အမျိုးသားကြီးတစ်ယောက်အပြင် အမျိုးသမီးငယ်တစ်ဦး စုစုပေါင်းလေးဦးလုံး အိမ်ပေါ်တက်လာသည်။ 


ငါးလေး တစ်ခါမှ မမြင်ဖူးသည့် ထိုလူတွေကို အထူးအဆန်းသဖွယ်ငေးကြည့်ရင်း ထိုင်နေရာမှ မတ်တပ်ထရပ်မိသွား၏။


"သမီးလေးရယ်"


လည်ပင်းနှင့်လက်မှာ လက်လက်ထနေသည့် လက်ဝတ်လက်စားတို့ဖြင့် မိတ်ကပ်ရောင် ဝတ်စုံနှင့် အသက်လေးဆယ်ကျော်ငါးဆယ် ပတ်ဝန်းကျင် အမျိုးသမီးကြီးသည် နှုတ်ဖျားကနေ သမီးဟု မပြတ်ခေါ်ကာ ငါးလေးဆီကို မျက်ရည်ပြည့်အိုင်နေသော မျက်လုံးများဖြင့် ကြည့်ပြီး လှမ်းလာသည်။ 


မျက်ရည်တွေရှိနေသော်ငြား ထိုအမျိုးသမီးကြီး၏ နှုတ်ခမ်းများက ပြုံးရိပ်ထင်ကာ တစ်ဆတ်ဆတ်တုန်ခါလို့နေသည်။ 


ထိုအမျိုးသမီးကြီးကို ကြည့်ပြီး ရင်ထဲ တစ်မျိုးကြီး ခံစားလိုက်ရကာငါးလေး ငိုချင်သလိုလိုဖြစ်နေသည်။ 


"သမီး.."


ဟော..ခေါ်ပြန်ပြီ။ လူကြီးကပါ ရှေ့တိုးလာပြီး မျက်ရည်ဝိုင်းသော မျက်လုံး ၊အပြုံးမျက်နှာဖြင့် ခေါ်နေပြန်ပြီ။  


"ရေး.. ညီမလေး"


ခေါ်ပြန်ပြီ တစ်ယောက်။ မမနွယ်တို့လောက် မမတစ်ယောက်က ငါးလေးကို ခေါ်နေပြန်ပြီ။ သူမ မျက်နှာမှာလည်း မျက်ရည်တွေနှင့်ပါလား။ တစ်ယောက်...နောက်ထပ် အမျိုးသမီးကြီးတစ်ယောက်ကတော့ ငါးလေးမျက်နှာကို မလွှဲတမ်းစိုက်ကြည့်ကာ တသိမ့်သိမ့်ငိုရှိုက်နေလျက်။


ဘာတွေလဲ။ သူတို့အားလုံးက ဘယ်သူတွေလဲ။ ခေါ်နေကြတာလည်း တရင်းတနှီးဖြင့်။


"သမီးလေး...မေမေလေ...မေမေကို မသိတော့ဘူးလား သမီးရယ်"


သမီးလေးဟု မနားတမ်းခေါ်နေသည့် အမျိုးသမီးကြီးက ရုတ်တရက် ငါးလေးကို ထွေးဖက်ကာ ငိုလေတော့၏။


"သမီး မေမေ့သမီးလေး"


"အို"


သမီးလေးတဲ့။ ငါးလေးကို ခေါ်နေကြတာ။ ငါးလေး ထိုအမျိုးသမီးကြီး ရင်ခွင်ထဲကနေ ရုန်းထွက်လိုက်ကာ၊


"ငါးလေး က အန်တီ့သမီးမဟုတ်ပါဘူး။ မမနွယ်...လုပ်ပါဦး။ သူတို့က ဘယ်သူတွေလဲ"


မျက်လုံးလေးကလက်ကလက်ဖြင့် သူတို့ကိုကြည့်လိုက် နွယ်ဝေတို့ကိုကြည့်လိုက်ဖြင့် နားမလည်နိုင်ဖြစ်နေသည့် သမီးကိုကြည့်ပြီး ဒေါ်နဒီရွှေ ရင်ထဲ နင့်သွားရသည်။ 


"အန်တီတို့ဦးတို့ထိုင်ကြပါခင်ဗျာ့"


မိုးမြင့် အခြေအနေကို ဝင်ထိန်းလိုက်သည်။ နောက်ဆုံးကတက်လာသည့် သူငယ်ချင်းကြည်ဇော်ကို မျက်ရိပ်ပြရင်း ခေါ်လိုက်တော့ ကြည်ဇော်ပါ ခုံမှာဝင်ထိုင်၏။


"ထိုင်ကြပါရှင့်...လက်ဖက်ရည်နဲ့ မုန့်တွေ သုံးဆောင်ပါဦး"


နွယ်ဝေ မုန့်ပန်းကန်တွေနှင့် လက်ဖက်ရည်ခွက်တွေကို ကျပေးတော့ ခန့်ညားတည်ဝါပြီး ငါးလေးနှင့် ခပ်ဆင်ဆင်လူကြီးက ပြုံးပြကာ ခေါင်းဆတ်ပြ၏။ အမျိုးသမီးနှစ်ယောက်ကလည်း စိန်တွေညွှတ်နေအောင်ဝတ်ထားပြီး နှစ်ယောက်စလုံး ချောမောလွန်းကာ အရွယ်နှင့်မလိုက်အောင်ထည်ဝါလွန်းနေသည်။


ထိုအမျိုးသမီးကြီးနှစ်ယောက်ကို တစ်ချက်ဝေ့ကြည့်လိုက်တာနဲ့ မိတ်ကပ်ရောင် ဝမ်းဆက်ဖြင့် ငွေငါးကို တစ်ချိန်လုံးကြည့်ကာ မျက်ရည်တွေကျနေသည့် အန်တီကြီးက ငွေငါးလေးရဲ့အမေဟု တန်းသိလိုက်သည်။ 


ငါးလေးသည် အဖေရော အမေနှင့်ပါတူသည့် မိန်းကလေးပါလား။ နွယ်ဝေ မှတ်ချက်ချရင်း ငါးလေးကို ကြည့်မိတော့ သူမနောက်နားမှာ ကွယ်ရပ်ကာ ဧည့်သည်တွေကို မဝံ့မရဲဖြင့် ခိုးကြည့်နေလျက်။ 


"အန်ကယ်က ဦးနေသစ်ပါ မောင်ရင်။ သမီးလေး ရွှေရေးချယ်ရဲ့အဖေ။ သူကတော့ သမီးရဲ့အမေ ဒေါ်နဒီရွှေ။ ဟိုဘက်ကတော့ သမီးရဲ့ ဒုတိယအမေဆိုလည်းဟုတ်တဲ့ ဒေါ်သက်ထားခင်။ ဒီဘက်ကတော့ ဒေါ်သက်ထားခင်ရဲ့ သမီးကြီး နေကောင်းကင်တဲ့"


"ဟုတ်ကဲ့ ခင်ဗျာ့..ကျွန်တော်က မိုးမြင့်ပါ။ ဒါကတော့ ကျွန်တော့်ဇနီးနွယ်ဝေတဲ့"


မိုးမြင့်ကပါ မိတ်ဆက်လိုက်တော့ အားလုံးက အသိအမှတ်ပြုသလို ပြုံးပြရင်း မျက်လုံးတွေက ငါးလေးထံ ရောက်နေကြသည်။ 


သူမကို ကြည့်ကာ မျက်ရည်တို့ရစ်သိုင်းနေသည့် မျက်ဝန်းတွေမှ လွတ်အောင် မမနွယ်နောက်တိုးကပ်ကာ ကွယ်ရပ်လိုက်သည်။ ပြီးတော့ မလုံမလဲဖြင့် ခိုးကြည့်တော့ ဖြူဖြူသန့်သန့်အန်တီကြီး၏ မျက်ဝန်းများဖြင့် ဆုံသွား၏။ ငါးလေး ခေါင်းအမြန်ငုံ့ချရင်း မနေတတ်သလို မမနွယ်ရဲ့ ခါးလေးကို ဆုပ်ထားမိသည်။


ငါးလေးတစ်ယောက် သူမ မထိုင်ရင်ထိုင်မှာ မဟုတ်။ သမ္ဘာကလည်း ကားတွေမြင်ကတည်းက ရှောင်ထွက်သွားတာ အဆအနပင် မမြင်ရတော့ပေ။ "ခွဲခြားခြင်းကို ရင်မဆိုင်ရဲတာထက် ကျွန်တော်ရှိနေရင် သူ့အတွက် အားကိုးပိုရှိနေမှာစိုးလို့ သူတို့ရောက်လာရင် ကျွန်တော် ရှောင်နေပါရစေ မမနွယ်။ ငွေငါးက လွယ်လွယ်ကူကူနဲ့လက်ခံမှာ မဟုတ်ဘူး။ လိုက်ဖို့လိုရင် မမနွယ်နဲ့ ကိုကြီးလိုက်ပို့ပေးလိုက်ပါ"တဲ့လေ။


မျက်စိမျက်နှာပျက်နေတဲ့ကြားက ငွေငါးလေးရှေ့မှာ ဟန်လုပ်ကာ နောက်ဆုံးအချိန်အထိ ဖြည့်ဆည်းပေးခဲ့တဲ့သမ္ဘာ။ သူ ပြောခဲ့တဲ့အတိုင်း ကားတွေရောက်လာတာနဲ့ ကိုယ်ယောင်ဖျောက်သွားပြီ။ 


"ငါးလေး လာထိုင်လေ ညီမလေး"


နွယ်ဝေ လွတ်နေသည့် ခုံမှာ ဝင်ထိုင်ပြီး ငါးလေးကိုပါ လက်ဆွဲကာ သူမဘေးမှာ ထိုင်စေလိုက်သည်။ 


နေကောင်းကင် သွပ်မိုး၊ပြင်ထောင်အိမ်လေးကို ဝေ့ကြည့်လိုက်သည်။ အိမ်အတွင်းမှာ ပစ္စည်းတွေကို သူ့နေရာနှင့် သူ စနစ်တကျထားသိုထားတာမို့ သန့်ရှင်းသပ်ရပ်နေ၏။ အိမ်ကို လှည့်ပတ်ကြည့်ပြီး ရေးကို ပြန်ကြည့်တော့ မျက်လွှာလေးချလျက် နွယ်ဝေဆိုသည့် အမျိုးသမီးလေးဘေးမှာ ငြိမ်သက်စွာထိုင်နေတာ သူမတို့ဆီ မျက်လွှာလေးတစ်ချက်တောင်ပင့်မလာခဲ့။


" အန်ကယ်...သူက မီးယပ်နှင့်သားဖွားဆရာမပါ...ရွှေရေးချယ်ကို တွေ့ပြီး အိမ်ခေါ်စောင့်ရှောက်ထားသူပေါ့"


ကြည်ဇော်က ထပ်ဆင့်ဖြည့်စွက်လိုက်တော့ မျက်လုံးတွေက နွယ်ဝေထံရောက်လာသည်။ 


"ကျေးဇူး တင်ပါတယ် သမီးရယ်...ခုလို အန်ကယ့်သမီးလေးကို စောင့်ရှောက်ပေးတဲ့အတွက် အန်ကယ်တို့လှိုက်လှိုက်လှဲလှဲကို ကျေးဇူးတင်ပါတယ်"


"သူတော်ကောင်းတွေနဲ့တွေ့လို့ သမီးလေးကို အန်တီတို့ပြန်တွေ့ခွင့်ရတာပါကွယ်။ သမီးတို့သားတို့ကို အန်တီ ဘယ်လိုကျေးဇူးဆပ်ရမှန်းတောင်မသိတော့ဘူး။ သမီးလေးကို ပြန်တွေ့ခွင့်ရတာ ဘုရားမတာဘဲကွဲ့။ သမီးတို့သားတို့ကို အန်တီ ကျေးဇူး တင်လိုက်တာကွယ်"


မျက်ရည်စမ်းစမ်းဖြင့် ငွေငါးလေးရဲ့မိခင်က ဆို၏။နွယ်ဝေ ပြုံးပြရင်း ငွေငါးလေးခေါ်ရွှေရေးချယ်ရဲ့ အဆင့်အတန်းကို သိလိုက်ပြီ။ တကယ့် ထိပ်ထိပ်ကြဲသူဌေးသမီးလေး ရွှေရေးချယ်က သူမတို့ဆီကို ငွေငါးလေးအဖြစ်ရောက်လာတဲ့အဖြစ်က အိပ်မက်ဆန်လွန်းသည်။ 


"ရပါတယ် အန်တီ...ကျွန်မတို့က ညီမလေးလို သဘောထားခဲ့တာပါရှင့်။ သူ့ဘဝလေးကို စာနာလို့ အိမ်မှာခေါ်ထားခဲ့တာ။ သူ့အကြောင်းတွေကို ဘာမှမသိရတော့ တစ်သက်လုံးမွေးစားသွားဖို့ စိတ်ကူးခဲ့တာပါ။ ခုလို အန်တီတို့နဲ့ဆက်သွယ်မိတော့ ငွေငါးအတွက် ကျွန်မတို့ စိတ်ချမ်းသာရတာပေါ့လေ"


"မမ..ဘာတွေပြောနေတာလဲ။ သူတို့က ဘယ်သူတွေလဲဟင်"


နွယ်ဝေ့လက်ကိုဆုပ်ကိုင်ကာ အားကိုးတကြီးမေးနေသည့် ရွှေရေးချယ်ကိုကြည့်ပြီး ဒေါ်နဒီရွှေ ဝမ်းနည်းသွားရသည်။ မိခင်ဖြစ်တဲ့သူမကိုတောင် သမီးလေး မမှတ်မိတော့ပါလား။ 


"ညီမလေး..."


နွယ်ဝေ ငါးလေးရဲ့လက်ဖဝါးလေးကို ဆုပ်ကိုင်ရင်းခေါ်လိုက်တော့ ငါးလေးက သူမကိုမျက်လုံးလှန်ကြည့်ကာ၊


"မမ..သူတို့က ဘယ်သူတွေလဲလို့။ ဘာလို့ငါးလေးကို ခေါ်နေကြတာလဲ။ သူတို့က ငါးလေးကို သိနေတာလား"


မေးနေသည့် ငွေငါးလေးကို နှစ်သိမ့်သလိုပြုံးပြရင်း ခေါင်းညိတ်လိုက်သည်။


"ဟုတ်တယ်...သူတို့က ညီမလေးကို သိနေကြတယ်။ သိတာမှ ရင်းရင်းနှီးနှီးကိုသိတာ"


"ဟင်"


နွယ်ဝေနှင့် ငွေငါးလေးကိုကြည့်ပြီး အားလုံးကငြိမ်သက်နေကြသည်။ ငွေငါးလေးကတော့ နွယ်ဝေ့ကိုတစ်လှည့် ဧည့်သည်တွေကိုတစ်လှည့်ကြည့်ကာ မျက်လုံးအဝိုင်းဖြင့် ဂနာမငြိမ်ဖြစ်နေလျက်။


"ဒီက ဦးနဲ့အန်တီကိုကြည့်ပါဦး ညီမလေး..သူတို့ကိုသိလား"


ခေါင်းရင်းဘက်အခြမ်းမှာထိုင်နေသည့် ဦးနေသစ်နှင့်ဒေါ်နဒီရွှေကို လက်ညှိုးထိုးပြတော့ ငွေငါးလေးက လှမ်းကြည့်၏။ 


"သိလား...ညီမလေး "


ရွှေရေးချယ် စိုက်ကြည့်နေတာကို အားလုံးက ရင်တထိတ်ထိတ်ဖြင့် ငေးကြည့်နေလျှင်၊


"ဟင်အင်း...ငါးလေး မသိဘူး။ ခုမှ မြင်ဖူးတာ။ သူတို့ကဘယ်သူတွေလဲဟင် မမနွယ်"


ရွှေရေးချယ်က ခေါင်းလေးခါကာ ပြောတော့ ဒေါ်နဒီရွှေ မျက်ရည်တွေ ရစ်ဝဲကာ ကျိတ်ရှိုက်လိုက်သဖြင့် ဒေါ်သက်ထားခင်က လက်တို့ သတိပေးသည်။ 


"ညီမလေး... မမတို့ ညီမလေးကို ချစ်တာ ညီမလေး သိပါတယ်နော်"


"ဟုတ်ကဲ့...ငါးလေး သိပါတယ် မမ။ ငါးလေးကိုချစ်တာ သိပါတယ်။ ငါးလေးလည်း မမကိုချစ်တယ်"


သြော် သမီးလေးရယ်။ သူမတို့ကိုမေ့ကာ သူစိမ်းတွေကို တွယ်တာနေသည့် သမီး။ 


" မမတို့ဆီ ညီမလေး စရောက်လာတော့ မမပြောတာတွေ ညီမလေး မှတ်မိပါမှာ။ ညီမလေးက တကယ်တော့ ဟောဒီက အန်တီနဲ့ ဦးတို့ရဲ့သမီးပါ"


"ရှင်"


ဘာတွေလဲ.. ဘာတွေဖြစ်ကုန်တာလဲ။ ငါးလေးကို တစ်ချိန်လုံး ကြည့်နေသည့် အန်တီကြီးကိုကြည့်လိုက် ခေါင်းရင်းဘက်အခြမ်းမှာထိုင်နေသည့်ဦးလေးကြီးကိုပါကြည့်ကာ ခံစားမှုပေါင်းစုံသွားသည်။ 


"ဒီက ဦးက ညီမလေးရဲ့ အဖေ၊အန်တီကတော့ ညီမလေးရဲ့ အမေပေါ့။ သူတို့က ညီမလေးပျောက်နေလို့ ရှာနေကြတာ။ ဖေဖေနဲ့မေမေ့ကို နှုတ်ဆက်လိုက်ပါဦး"


"ရှင်..မမ မမခုပြောနေတာတွေက တကယ်လားဟင် တကယ်ပြောနေတာလား။ ဒီက ဦးနဲ့အန်တီက ငါးလေးရဲ့အဖေနဲ့အမေဟုတ်လား"


သမီးရဲ့အမေးကြောင့် ဦးနေသစ်ကတော့ အရာရာကို နားလည်နေသလို ဖြေသာပေမယ့်မျှော်လင့်ခြင်းများစွာဖြင့် ရှင်သန်နေသည့်ဒေါ်နဒီရွှေကတော့ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာကာ၊


"ဟုတ်ပါတယ် သမီးလေးရယ် သမီးက မေမေတို့ရဲ့သမီးလေးပါကွယ်။ မေမေ့သမီးလေးပါ"


မျက်ရည်တွေကိုသုတ်ရင်း ပြောလိုက်သည့် မေမေဆိုသည့်အန်တီကြီးကိုကြည့်ပြီး ငါးလေး ရင်ထဲ တစ်မျိုးကြီး ခံစားလိုက်ရပြီး ငိုချင်သလိုလိုဖြစ်သွားသည်။ ပြီးတော့ မေမေဆိုသည့်အန်တီကြီးကို ရင်းနှီးနေသလိုကြီးခံစားရ၏။


"မေမေ..မေမေဟုတ်လား.."


"ဟုတ်တယ် အန်တီက ညီမလေးရဲ့ မေမေ"


ငွေငါးလေးလို့ နွယ်ဝေ မခေါ်ဖြစ်တော့ပါ။ငွေငါးလေးဆိုတာ ဘာမှမသိတဲ့ မိန်းကလေးကို ခေါ်တဲ့နာမည်။ ခု သူမမှာ နာမည်ရှိနေသလို မိသားစု အသိုင်းအဝိုင်းရှိနေပြီ။ ရွှေရေးချယ်လို့ ခေါ်ဖို့မရင်းနှီးသလို ငွေငါးလေးလို့လည်း မခေါ်ချင်တော့သဖြင့် ညီမလေးလိုဘဲ သုံးနှုန်းနေမိသည်။


"ညီမလေးက ကားတိုက်မှုဖြစ်ပြီး မမတို့ဆီရောက်လာတာ။ ညီမလေးရဲ့အတိတ်ကို ဘာမှ သတိမရတော့လို့ မမတို့က ညီမလေးကို စောင့်ရှောက်ထားတာပါ။ ဦးနဲ့အန်တီက ညီမလေးရဲ့ မိဘတွေပါကွယ်။ ခု ညီမလေးမှာ ဖေဖေနဲ့မေမေရှိနေပြီ။ သူတို့က ညီမလေးရဲ့မိဘတွေ၊ ညီမလေးရဲ့သွေးသားအရင်းတွေပါကွယ်"


"ဟုတ်ပါတယ် သမီးရယ်။ သမီးလေးပျောက်သွားတာ ငါးလကျော်ပြီ။ ဖေဖေတို့ သမီးကို နေရာအနှံ့ရှာနေ​ကြတာ"


ငါးလေး အဖြစ်အပျက်တွေကို လက်မခံနိုင်အောင်မျက်လုံးလေးပြူးကာ ဖေဖေနှင့်မေမေဆိုသည့် ဦးလေးကြီးနှင့် အန်တီကို လိုက်ကြည့်နေမိသည်။ အံ့သြလွန်းသဖြင့် စကားလုံးတွေ ပျောက်ဆုံးကုန်၏။


"သမီး မယုံရင် ဒါတွေကြည့်လိုက်ပါကွယ်။ သမီးလေးကို ကိုယ်ဝန်ရှိသတည်းက ရိုက်ထားတာ။ လွန်ခဲ့တဲ့ ငါးလမတိုင်ခင်အထိဆိုပါတော့"


အသင့်ယူလာသည့်ဓာတ်ပုံအယ်ဘမ်တွေကို စားပွဲပေါ်တင်ပေးလာတော့ ငါးလေး မဝံ့မရဲဖြင့် ငုံ့ကြည့်ကာ မမနွယ်ကိုမော့ကြည့်မိ​၏။ထိုအခါ...မမနွယ်က ဖွင့်ကြည့်ဖို့မျက်ရိပ်ပြနေသည်။


ငါးလေး အယ်ဘမ်တစ်ခုကောက်ယူကြည့်တော့ နွယ်ဝေ နှင့်ကြည်ဇော်ကပါ တစ်ယောက်တစ်ခု ယူကြည့်နေကြ၏။အယ်ဘမ်တိုင်းလိုလိုမှာ ကိုယ်ဝန်လွယ်ထားရချိန်မှ စပြီး အရွယ်ရောက်တဲ့အထိ အသက်အရွယ်အလိုက် သူမ ဓာတ်ပုံတွေ။


 ငါးလေးရှေ့မှာထိုင်နေသည့် မေမေက ကိုယ်ဝန်ကြီးနှင့် ဘေးမှာ ဖေဖေက မေမေ့ပခုံးလေးကို တယုတယဖက်ထားသည့်ဓာတ်ပုံတွေ။ ပြီးတော့ တစ်ချိန်လုံးစကားတစ်ခွန်းမှ ဝင်မပြောသည့် အန်တီကလည်း ကိုယ်ဝန်ကြီးလွယ်ထားကာ မေမေနှင့် ကိုယ်ဝန်ကိုယ်စီဖြင့် ရိုက်ထားသည့်ဓာတ်ပုံတွေပါနေသည်။ နောက်တော့ မွေးကင်းစအရွယ်လေးတွေ။ ပြီးတော့ အရွယ်ရောက်လာတဲ့ပုံတွေ အဆင့်ဆင့်။ 


ထူးခြားတာက အယ်ဘမ်ရဲ့ နေရာတော်တော်များများမှ နေရာလွတ်တွေရှိနေခြင်းပင်။  


ဓာတ်ပုံတွေထဲက မိန်းကလေးက သူမနှင့်တူနေသည်။ ဓာတ်ပုံထဲကမိန်းကလေးသည်ခေတ်မှီတဲ့ အဖိုးတန်အဝတ်အစားတွေနှင့် ကျော့ရှင်းလှပနေလျက်။


"ဒါတွေက.."


"အဲဒါ သမီးလေ...သမီးရဲ့ပုံတွေပါကွယ်"


"ရှင်"


ဓာတ်ပုံထဲမှာ လွတ်လပ်စွာရယ်မောလျက် ချောမောလှပသည့် မိန်းကလေးကို တစ်လှည့် ရှေ့ကလူတွေကိုတစ်လှည့်ကြည့်ကာ ငါးလေးအံ့သြပြီးရင် အံ့သြနေသည်။တူတာတော့ ငါးလေးနှင့်အတော်ကြီးတူ၏။


"ဒါ ဒါဆို ငါးလေးက အန်တီတို့ရဲ့သမီးပေါ့ ဟုတ်လား"


"သမီးရယ်... သမီးက မေမေတို့ရဲ့သမီးပါ"


"မမ..."


စစ်ကူခေါ်သလို မမနွယ်ကို ခေါ်လိုက်တော့ မမနွယ်က ခေါင်းညိတ်လျက်။


"ဟုတ်တယ်...ညီမလေးရဲ့မိဘတွေပါ။ ညီမလေး ပျောက်နေတာ ငါးလကျော်ပြီ။ညီမလေးမှာ မိဘဆွေမျိုးအသိုင်းအဝိုင်းရှိတယ်။ မမတို့က ညီမလေးကို ခဏစောင့်ရှောက်ထားတဲ့သူတွေပါ။ငွေငါးလေးဆိုတာ ညီမလေး ဘယ်သူဘယ်ဝါမှန်းမသိလို့ပေးခဲ့တာ။ရွှေရေးချယ်ဆို ညီမလေးရဲ့ ဘဝအမှန်ပါ"


"ဖေဖေ...မေမေ..."


"သမီး"


ငါးလေး ကိုယ့်ဘာသာရေရွတ်ကြည့်လိုက်တာကို ဦးနေသစ်နှင့်ဒေါ်နဒီရွှေက ဝမ်းသာအားရထူးလိုက်တာမို့ ငါးလေး မျက်လုံးပြူးသွားကာ၊


"တကယ်ဘဲ သမီးက ဖေဖေတို့မေမေတို့ရဲ့သမီးလား"


မယုံရဲသလို ထပ်မေးလိုက်သည်။


"ဟုတ်ပါတယ် သမီးရယ်..သမီးလေးက ဖေဖေတို့သမီးလေးမှ ဖေဖေတို့သမီးလေးပါ"


"သမီး မေမေတို့နဲ့ပြန်လိုက်ခဲ့နော်"


"ဟင်"


"ဟုတ်တယ် သမီး...ဖေဖေတို့နဲ့ပြန်လိုက်ခဲ့နော်။ ဟောဒီက မောင်ရင်တို့လင်မယားကိုလည်း အန်ကယ် ကျေးဇူးတင်ပါတယ်ကွယ်။ သမီးလေးကို အန်ကယ်တို့ပြန်ခေါ်သွားတော့မယ်"


"အို မလိုက်ပါဘူး"


"သမီး"


သူမ ထငြင်းလိုက်တော့ အားလုံးမျက်နှာပျက်ကုန်ကြသည်။


"သမီး...မေမေတို့နဲ့ပြန်လိုက်ခဲ့ပါကွယ် နော်သမီးလေး"


"သမီးလေး သမီးပျောက်သွားတဲ့အချိန်မှာ သမီးမေမေမှာ အရူးတစ်ပိုင်းဖြစ်နေခဲ့တာပါကွယ်။ မေမေလေးတို့နဲ့ပြန်လိုက်ခဲ့ပါနော်"


တစ်ချိန်လုံးငြိမ်သက်နေသည့် အန်တီကြီးက ပြောလာတော့ ငါးလေး ထိုအန်တီကြီးဆီ မျက်လုံးရောက်သွားသည်။ ထိုအခါ နှစ်လိုဖွယ်ပြုံးပြနေသည့် ထိုအန်တီကြီး၏ အပြုံးနွေးနွေးမှာ ငါးလေး မှင်သက်သွားသလို ရင်းရင်းနှီးနှီးကြီး ခံစားလိုက်ရ၏။


"ဟင်အင်း ငါးလေး မပြန်ချင်ဘူး မေမေ။ ငါးလေး ဒီမှာပျော်တယ်။ ပြီးတော့ ငါးလေးမှာ ချစ်ရမဲ့သူရှိနေပြီ သူနဲ့လက်ထပ်တော့မယ် မေမေတို့ခွင့်ပြုပေးပါနော်"


"ဟင်"


"ဘာ...ဘယ်လို"


"သမီး"


အာမေဍိတ်သံတွေ ဆူညံကုန်ကာ ဒေါ်နဒီရွှေ ထိုင်နေရင်း လူက မိုက်ခနဲဖြစ်သွားသလို ဒေါ်သက်ထားခင်နှင့်နေကောင်းကင်မှာလည်း မျက်လုံးတွေပြူးကုန်သည်။


အခြေအနေက အဲဒီလောက်အထိလား။ အဲဒီလောက်အထိ ဖြစ်ကုန်တာလား။


နွယ်ဝေနှင့် မိုးမြင့်ထံ အကြည့်တွေရောက်ကုန်တော့ နွယ်ဝေတစ်ယောက်လိပ်ပြာမလုံသလို ခေါင်းလေးငုံ့ချလိုက်ကာ၊


"ဟို...ဟိုလေ ဒီကိစ္စအတွက် အားလုံးကို ကျွန်မတောင်းပန်ပါတယ်ရှင်။ ငါးလေး..အဲ့ ရွှေရေးချယ်နဲ့ ကျွန်မ မောင်လေးတို့ တစ်ယောက်ကို တစ်ယောက်သံယောဇဥ်တွယ်နေကြတယ်။ ကျွန်မ မောင်ကိုယ်စား ကျွန်မကဘဲ ထပ်ဆင့်တောင်းပန်ပါရစေ။ ဒါပေမယ့်..ရွှေရေးချယ်ကို ကျွန်မတို့အားလုံးဖြူဖြုစင်စင်နဲ့စောင့်ရှောက်ခဲ့ကြတာပါ။ အဲဒါ တစ်ခုတော့ ယုံပေးပါ"


နေကောင်းကင် ယူကြုံးမရစွာ ရွှေရေးချယ်မျက်နှာလေးကို တစိမ့်စိမ့်ကြည့်နေမိသည်။ အငယ်လေး။ အရမ်းချစ်ခဲ့ကြပါတယ်ဆိုတဲ့ နှစ်ယောက်က..ခုတော့။ မောင်လေးရေ ရေးက ချစ်ရမဲ့သူရှိနေသတဲ့။ 


အို..ရေးက သစ္စာဖောက်တာမှ မဟုတ်တာ။ အတိတ်ကို သတိမရလို့ ဖြစ်နေတာ။ အားလုံးကို သတိရသွားရင်..။


"ဟုတ်တယ် မမတို့က ငါးလေးကို အရမ်းချစ်ကြတာ ပြီးတော့သမ္ဘာရောဘဲ"


သမ္ဘာတဲ့။ နောက်ထပ်နာမည်တစ်ခုထွက်လာပြန်ပြီ။ သမ္ဘာဆိုတာ သမီးချစ်သူကောင်လေးပေါ့။


"သမ္ဘာရေ...ကြာလိုက်တာ ဘာလုပ်နေတာလဲ။ ဒီမှာ ငါးလေးရဲ့ဖေဖေနဲ့မေမေ့ကို လာကြည့်စမ်းပါ။ သမ္ဘာ...သမ္ဘာ"


အိမ်အနောက်ဘက်ကို လည်ပြန်လှည့်ရင်း တစာစာခေါ်နေသည့် သမီးကို ဦးနေသစ်နှင့်ဒေါ်နဒီရွှေ ဘာပြောရမှန်းပင်မသိတော့။ ဒေါ်သက်ထားခင်ကို အားတုံ့အားနာဖြင့် ကြည့်လိုက်တော့ ဒေါ်သက်ထားခင်ကလည်း သမီးရဲ့အပြုအမူလေးကို ငေးစိုက်ကြည့်နေလျက်။


"သမ္ဘာ...သမ္ဘာရေ...လာတော့လေ"


တုံ့ပြန်သံမကြားတော့ ငါးလေးမျက်နှာ ပျက်သွားကာ ထအရပ် နွယ်ဝေက လက်ကိုဆွဲကာတားဆီးရင်း၊


"မောင်လေး ရွာထဲသွားတယ် ညီမလေး။ ဧည့်သည်တွေရောက်နေတာနဲ့ ညီမလေးကို ပြောလိုက်ပါလို့ မမကိုမှာသွားတယ်"


"ဘာသွားလုပ်တာလဲ...ဘာလို့ သူများကို ပြောမသွားရတာလဲ အဲဒီသမ္ဘာ မကောင်းဘူး"


နှုတ်ခမ်းလေး စူထော်ကာ ခြေလေးဆောင့်လိုက်မှ ဒေါ်နဒီရွှေ သမီးခြေတောက်က ပတ်တီးကို မြင်သွားသည်။ ပြီးတော့ အနွေးထည်အပါးလေး ထပ်ဝတ်ထားသည့် သမီးမျက်နှာနွမ်းနွမ်းလေးကို သတိထားမိသွားလျှင်၊


"သမီး ခြေတောက်က ဘာဖြစ်တာလဲ သမီးနေကောင်းရဲ့လား။ ကိုယ်တွေများပူနေသလားကွယ်"


ဟန်ပင်မဆယ်နိုင်တော့ဘဲ သမီးအနားရောက်သွားကာ ဒေါ်နဒီရွှေ သမီး နဖူးလေးကို ဖွဖွစမ်းလိုက်သည်။


"ကိုယ်တွေပူနေပါလား သမီးရယ်...ခြေတောက်မှာလည်း ပတ်တီးကြီးနဲ့"


ဇနီးဖြစ်သူအကဲပါနေတာကို ကြည့်ပြီး ဦးနေသစ်ကတော့ အိမ်ရှင်တွေကို မျက်နှာပူသွားသည်။


"မင်းကလည်းကွာ...သွေးနဲ့ကိုယ်သားနဲ့ကိုယ်ဘဲ ဖျားမှာပေါ့။ ကဲ...လာထိုင်စမ်းပါ"


"အဖျားက သက်သာသလောက်ဖြစ်နေပါပြီး အန်တီ။ ခြေတောက်က မတော်တဆငုတ်စူးတာပါ။ ကျွန်မ ကာကွယ်ဆေးလည်းထိုးပေးထားပါတယ်"


"သမီးအမေက အဲဒီလိုဘဲ သမီးကို အရိပ်တကြည့်ကြည့်နဲ့လေ။ ခုချိန်ထိ ကလေးလို မှတ်နေတာ"


ဒေါ်သက်ထားခင်ကပါ ဝင်ဖြေပြော၏။


"ဒါနဲ့ သမ္ဘာဆိုတာ..."


ဦးနေသစ်က သိချင်တာကို မြိုသိပ်မထားဘဲ မေးလိုက်သည်။


"ဟုတ်ကဲ့ သမ္ဘာက ကျွန်မမောင်လေးပါ။ ကျွန်မတို့မှာ မိဘတွေမရှိကြတော့ပါဘူး"


"သြော်...သြော်"


ဦးနေသစ်က ခေါင်းတညိတ်ညိတ်လုပ်ရင်း အိမ်ကိုတစ်ချက်ဝေ့ကြည့်တော့၊


"ဟို မောင်လေးက ဟိုဘက်ကတိုက်မှာ တစ်ယောင်တည်းနေတာပါရှင့်။ ဒီအိမ်မှာ ကျွန်မတို့ရယ် ရွှေရေးချယ်ရယ်ဘဲနေပါတယ် ဦး"


နွယ်ဝေ ပြာပြာသလဲရှင်းပြတော့ ဦးနေသစ်ကခေါင်းဆတ်ပြကာ၊


"အင်း...ခုလိုမျိုးသမီးကို စောင့်ရှောက်ပေးတဲ့အတွက် အန်ကယ်ကျေးဇူးတင်ပါတယ်။ သမီးတို့ အကူအညီလိုရင် အချိန်မရွေးပြောနော်။ ဒါ အန်ကယ်ရဲ့ ဗစ်ဇင်းနင်းကဒ်"


"မလိုပါဘူး ဦး..ကျွန်မတို့က ငါးလေးကို မေတ္တာသန့်သန့်နဲ့ကူညီတာပါ။ ဘာကိုမှ မမျှော်ကိုးပါဘူး။ ငါးလေးကို ဒီလိုအဆင့်အတန်းက မှန်းလဲ ကျွန်မတို့မသိပါဘူးရှင့်။ သူ့အတိတ်ကို သတိမရတော့ရင် အတိတ်မှာ အားကိုးစရာမရှိတော့ရင်လည်း ကျွန်မတို့က တစ်သက်လုံးမွေးစားသွားဖို့ဆုံးဖြတ်ပြီးသားပါ"


"အဲဒါကြောင့် သမီးတို့ကို အန်ကယ် ပိုပြီးကျေးဇူးတင်ပါတယ်ကွယ်။သမီးလေးကို စေတနာဖြူဖြူနဲ့စောင့်ရှောက်ခဲ့သလို အန်ကယ်လည်းစေတနာနဲ့ကျေးဇူးတုံ့ပြန်ပါရစေ။အန်ကယ်တို့ပြနရင် သမီးတို့ဇနီးမောင်နှံပါလိုက်ခဲ့နော်။ အန်ကယ်တို့လည်းကျေးဇူးတုံ့နှင်းပါရစေ"


"ဟုတ်ပါတယ် သမီးရယ်..အန်တီသမီးလေးကို သွေးသားရင်းချာလိုစောင့်ရှောက်ထားတဲ့ကျေးဇူးတွေ အန်တီတို့ဆပ်မကုန်တော့ပါဘူး။ အန်တီတို့ကို မိသားစုလိုသဘောထားပြီး အန်တီတို့ ပြန်ရင်အလည်လိုက်ခဲ့ကြပါကွယ်"


"ဟုတ်ကဲ့..အန်တီ ကျေးဇူးတင်ပါတယ်ရှင် ဒီမှာက အလုပ်ကလည်းရှိသေး..."


"လိုက်ခဲ့ပါ သမီးရယ် ဟို သမီးညီမကလည်း.."


 ဦးနေသစ်က အဓိပ္ပါယ်ပါပါပြောရင်း သမီးဖြစ်သူကို လှမ်းကြည့်သည်။ နွယ်ဝေ နားလည်လိုက်ကာ ငွေငါးလေးလက်ကိုဆွဲကိုင်ရင်း၊


"ငါးလေး..ညီမလေး"


"ရှင် မမ"


"ညီမလေးရဲ့ဖေဖေနဲ့မေမေတို့ပြန်ကြတော့မှာ ညီမလေး လိုက်သွားလိုက်နော်။ သူတို့ကမှ ငါးလေးရဲ့မိသားစုအရင်းအချာတွေပါကွယ်။ မမတို့ဆိုတာ ငါးလေးနဲ့ဘာမှမဆိုင်တဲ့သူစိမ်းတွေပါ"


"မလိုက်ဘူး...မလိုက်ဘူး..ငါးလေး မလိုက်ချင်ဘူးနော် မမ။ ငါးလေး သမ္ဘာနဲ့မခွဲနိုင်ဘူး"


"ညီမလေး...အဲလိုမပြောရဘူးလေ။ သူတို့က ငါးလေးရဲ့ မိဘတွေပါ..သူတို့နဲ့ပြန်လိုက်ရမှာပေါ့"


"ဟင်အင်း...ငါးလေး သမ္ဘာနဲ့ဘဲနေမှာ။ သမ္ဘာ့နဲ့ဒီမှာနေရတာဘဲ ပျော်တယ်"


ဒေါ်သက်ထားခင် မျက်စိမျက်နှာပျက်ကာ မျက်ရည်တွေလိမ့်ဆင်းသွားသည်။ ကိုယ့်သားအစား သူစိမ်းယောကျ်ားလေးကို တွယ်တာနေသည့် ရွှေရေးချယ်ကို မပြစ်မမြင်ပေမယ့် သားအစား ရင်နာရသည်။ ပြီးတော့ သားလေးကိုလည်း ပြင်းပြင်းထန်ထန်သတိရသွားရ၏။


"မဟုတ်သေးဘူး ညီမလေးရယ်။ အရင်က ညီမလေးမိဘတွေနဲ့အဆက်အသွယ်ပြတ်နေလို့ မမတို့အိမ်မှာနေလို့ရတာ။ ခု ညီမလေးရဲ့မိဘတွေရှိလာပြီ သူတို့နဲ့ဘဲနေရမှာပေါ့ကွယ်။ နော် ညီမလေး လိမ္မာပါတယ်။ညီမလေးမိဘတွေနဲ့ပြန်လိုက်သွားနော် မမတို့လည်း လည်း ညီမလေးနဲ့အတူတူလိုက်ခဲ့မယ်လေ"


နွယ်ဝေ ချော့မော့နှစ်သိမ့်တော့ ငွေငါးလေးမျက်နှာ အနည်းငယ်ပြေသွားသည်။


"ဟင်...မမတို့ပါတကယ်လိုက်မှာလား။ မညာရဘူးနော်"


"မညာပါဘူး ညီမလေးရယ်"


"ဒါဆို သမ္ဘာ့ကိုသွားခေါ်ရအောင် သမ္ဘာလိုက်မှ ငါးလေးလည်းလိုက်မှာနော် သမ္ဘာမပါရင် ငါးလေးလည်း မသွားဘူး"


"ဗုဒ္ဓေါ.."


ဒေါ်နဒီရွှေ ဘုရားတမိသွားသည်။ ဒေါ်သက်ထားခင်တို့ သားအမိကိုလည်း အားနာပြီးရင်း အားနာနေရကာ၊


"သမီး..."


"မေမေ သမ္ဘာ့ကိုပါ ခေါ်နော်။ ငါးလေး သမ္ဘာနဲ့မခွဲနိုင်ဘူး"


သမီးရယ် ဖြစ်မှဖြစ်ရလေ။ 


"ညီမလေး...သမ္ဘာက သူ့သူငယ်ချင်းအရေးတကြီးခေါ်သွားလို့ပါသွားတယ်။ သူ နောက်ကလိုက်လာလိမ့်မယ်...ခု မမတို့လည်ယ ပါတာဘဲ နော်..အန်တီတို့နဲ့လိုက်သွားရအောင်။ တကယ်လို သမ္ဘာလိုက်မလာရင် မမတို့နဲ့ ညီမလေး ပြန်လိုက်ခဲ့ နော်"


ငွေငါးလေး မျက်လုံးလေးထောင့်ကပ်ကာ စဥ်းစားသလို ခဏငြိမ်သက်သွား၏။ ပြီးမှ၊


"တကယ်လား...သမ္ဘာက တကယ်လိုက်လာမှာ သေချာပါတယ်နော်"


"မမ မညာပါဘူးကွယ်...သူလိုက်မလာရင် ညီမလေးကို တစ်ယောက်တည်းမထားခဲ့ဘူး စိတ်ချ။ မမ ပြန်ခေါ်လာမှာ။ ခုတော့ လိုက်သွားရအောင်နော်...နော် ညီမလေး"


"ကတိနော်...မမ"


"ကတိပါကွယ်"


လက်သည်းချင်းချိတ်ကာ ကတိပြုရင်း ငွေငါးလေးမျက်နှာ ဝင်းပသွားကာ၊


"ဒါဆို လိုက်မယ်။ ဒါပေမယ့်..တစ်ခုတော့ရှိတယ်နော်..သမ္ဘာမလာလို့ကတော့ တစ်ခါတည်းပြန်လိုက်လာမှာနော်"


မြတ်စွာဘုရား...။ သမီးရဲ့ခြိမ်း​ခြောက်သလိုအပြောကြောင့် ဒေါ်နဒီရွှေ မျက်လုံးပြူးပြီးရင်းပြူးနေရသည့်အဖြစ်ပါလား။ 


"အင်းပါ ညီမလေးရယ်.."


ငွေငါးလေးခေါ်ရွှေရေးချယ်စိတ်မပြောင်းခင် သူတို့ပြန်ဖို့ထရပ်လိုက်ကြသည်။ 


ပြောလို့ရတာမဟုတ်..တော်ကြာ မလိုက်တော့ဘူးဆိုမှ ခက်ကုန်မှာ။ ဒီနေ့နဲ့မနက်ဖြန်၊မိနစ်၊စက္ကန့်တိုင်း အခြေအနေတွေက အချိန်မရွေးပြောင်းလဲနေတာ မဟုတ်လား။


အပိုင်း(၂၃)ဆက်ရန်👈👈👈


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: