🌺 ပန်းမွေ့ရာ....ရွှေကော်ဇော🌺
ဆွေးမြေ့နေသည့်နှလုံးသားကို ပြုံးနိုင်ဖို့ကြိုးစားရင်း နေ့ရက်တွေကို ခက်ခဲပင်ပန်းစွာဖြတ်သန်းနေရသည်။ စကားပွင့်တို့ တဖြုတ်ဖြုတ်ကြွေနေသည့် မြင်ကွင်းကပင် ဆူးရဲ့စိတ်ကို မဆွဲဆောင်နိုင်တော့ပါ။
ကြာလာတော့လည်း ကိုယ့်ဘဝကို ကိုယ် စိတ်ပျက်လာပြီ။ သူများလက်က မလွှတ်ကင်းတဲ့ ကိုယ့်အခြေအနေ၊ကိုယ်ရဲ့ရှင်သန်ခြင်း။ ဒါတွေကိုတွေးမိတိုင်း မျက်ရည်က အလိုလိုကျသည်။
"တီ တီ.."
ရုတ်တရက်ထွက်ပေါ်လာသည့် ကားဟွန်းသံကြောင့် အတွေးရေယာဥ်ကြောမှ ဆူး လန့်နိုးလာသည်။
ရှေ့က ပရာဒိုက ကိုကို့ကား။ နက်စိုနေသည့် နောက်ကကားတစ်စီးပါလာသေးသည်။ ပွင့်သွားသည့် ခြံတံခါးကနေ ကားနှစ်စီးက တိုက်ကြီးဘက်ကို မောင်းဝင်လာ၏။
လမ်းတစ်ဖက်တစ်ချက်မှာ ပန်းခြံလေးနှင့် ရေကူးကန်ရှိသည်။ ဆူး ထိုင်နေတာက ရေကူးကန်ဘေးရှိ စကားပန်းပင်အောက်မှာ။
ကားမောင်းဝင်လာသည့် ရင်မဟာရဲ့ချောမောသည့်မျက်နှာကို ဆူးခေတ်သစ် လိုက်ကြည့်နေမိသည်။ ကားနှစ်စီး ပေါ်တီကိုအောက်မှာ ရှေ့ဆင့်နောက်ဆင့်ရပ်သွားသည့်အထိ ဆူး မျက်လုံးတွေ ကားဆီကနေ လွှဲဖယ်မသွားခဲ့ပါ။
ရှေ့ကားပေါ်ကနေ ကိုကိုဆင်းလာပြီး နောက်ကားပေါ်က ဆင်းလာသူက၊
"ကိုဓန..."
အဖြူရောင်တီရှပ်ပေါ်ကနေ ဂျာကင်အဖြူရောင်ကို ထပ်ဝတ်ပြီး အပြာရောင်ဂျင်းပင်နှင့် ဓနရှင်။လည်ပင်းနှင့်လက်မှာ အနက်ရောင်ကြိုးတွေကွင်းတွေ ရှုပ်ယှက်ခတ်နေပြီး နားတစ်ဖက်မှာ စိန်နားကပ်က အရောင်တဖတ်ဖတ်တောက်နေသည်။
ဆူးကြည့်နေတုန်းမှာဘဲ ဓနရှင်ရဲ့မျက်လုံးတွေက ဆူးထံဝေ့လာသည်။အကြည့်ချင်းအဆုံမှာ ဓနရှင်ရဲ့မျက်လုံးများက ရုတ်တရက် အရောင်တောက်လျက် အကြည်တက်တစ်မျိုးဖြတ်ပြေးသွားသည်။ ပြီးတော့ လှစ်ခနဲပြုံးပြကာကိုကို့ကိုတစ်ခုခုပြောလိုက်တော့ ကိုကိုရဲ့ မျက်လုံးစူးစူးတွေ ဆူးထံရောက်လာ၏။ချက်ချင်းမျက်နှာပြန်လွှဲသွားပြီ နှစ်ယောက်အပြန်အလှန်ပြောဆိုကာ ကိုကိုက တိုက်ထဲဝင်သွားပြီး ဓနရှင်က ဆူးထံသို့ လျှောက်လာတော့ ဆူး အံ့သြကာ ကိုကို့ကိုလှမ်းကြည့်မိ၏။
ကိုကိုတစ်ယောက်က ဆူးကို ယောင်လို့တောင်လှည့်မကြည့်ဘဲ တိုက်ထဲ ဝင်ရောက်ပျောက်ကွယ်သွားပြီ။
"ဆူးခေတ်သစ်...လေညှင်းခံနေတာလား"
အချိန်က ညနေ နေဝင်ရီတရောအချိန်။
ပုစွန်စီရောင်တောက်နေသည့် တိမ်ဆိုင်က အပြာရောင်ကောင်းကင်တစ်ခွင်တွင်ရစ်သိုင်းလျက်။
အဖြူရောင်ရှူးဖိနပ်က အစိမ်းရောင်မြက်ခင်းကို ဖြတ်ကျော်နင်းလျက် တရွေ့ရွေ့လျှောက်လှမ်းသည်။ ခပ်မတ်မတ်လျှောက်လာသည့် ခြေလှမ်းများရဲ့အောက်ဝယ် မြက်ပင်လေးတွေ ပိပြားသွားပြီး ပြန်ထောင်မတ်လာတာကို ဆူး လိုက်ငေးနေမိ၏။
ဆူး ဘဝလည်းဤမြက်ပင်လေးတွေနှင့် ဘာထူးသေးလဲ။ ကိုကိုရဲ့အနင်းခံ၊အနှိပ်ခံလေးမဟုတ်လား။ ကိုကိုစိတ်ကြိုက်နင်းခြေတာတောင် ကြေမွမသွားဘဲ ပြန်လည်ထောင်မတ်လာဆဲပါ။
"ဆူးခေတ်သစ်"
"ဟင်...ရှင်"
မြက်ပင်တွေကို ငုံ့ကြည့်ရင်း အတွေးနယ်ချဲ့နေသည့် ဆူး ဓန ခေါ်လိုက်မှ သတိဝင်ကာ အိပ်မက်မှ လန့်နိုးသူလို ကယောင်ကတမ်းထူးလိုက်သည်။
"အဟွန်း...ဘာတွေတွေးနေတာလဲ ဆူးခေတ်သစ် ကိုယ်ခေါ်နေတာ ကြာပြီကွ"
ဆူးအပေါ်မိုးနေသည့် အရပ်ကြီးနှင့် ဓနက ဘောင်းဘီအိတ်နှစ်ဖက်ထဲ လက်ထည့်ကာ ခြေခွဲလျက် ခပ်မတ်မတ်ရပ်နေသည်။ ဆူးကို ငုံ့မိုးကြည့်နေသည့် သူ့နှုတ်ခမ်းများက အပြုံးတွေချိုမြလျက်။
"ကိုယ်ကို စကားမပြောချင်တာလား..ဆောရီးနော် ကိုယ်က မင်းကိုခင်နေလို့ ပြီးတော့ မင်းနဲ့စကားပြောချင်လို့ ရင့်နဲ့လိုက်လာတာ။ ဘယ်လိုလဲ မင်းအတွက် အနှောက်အယှက်ဖြစ်နေပြီလား"
အပြုံးရိပ်တို့ခိုတွဲနေသည့် နှုတ်ခမ်းဖျားက ခပ်ဟဟ၊ ကြည်လဲ့နေသည့် မျက်လုံးတွေကပါ ပြုံးလျက် ဆိုတော့ ဆူး အားနာသွားရသည်။
"မဖြစ်ပါဘူး ကိုဓန။ ဆူးလို ဘဝဆုံးနေတဲ့ဒုက္ခိတတစ်ယောက်နဲ့စကားပြောရတာ ကိုဓနသာ အနှောက်အယှက်ဖြစ်မှာစိုးတယ်"
ဆူး ဓနမျက်နှာကို မော့မကြည့်တော့ဘဲ မြက်ခင်းစိမ်းစိမ်းပေါ်က အဖြူရောင်စကားပွင့်လေးတွေပြန့်ကျဲနေသည့်မြင်ကွင်းကို ကြည့်နေမိသည်။
"ကိုယ်က မင်းနဲ့ ခင်မင်ချင်တဲ့သူပါ ဆူးခေတ်သစ်။ ခုလို အားငယ်တဲ့စကားလုံးတွေ မပြောပါနဲ့ကွာ။ မင်း ပြန်ကောင်းမှာပါ ဆူးခေတ်သစ်။ အဲဒီလိုအားမလျှော့ပါနဲ့"
"ဆူးဘဝက သေလူနဲ့မခြားတော့ပါဘူး ကိုဓန"
"ဟာကွာ...မဟုတ်တာ"
ဓနဆီက မချိတင်ကဲ အသံထွက်လာကာ ဆူး ရှေ့ကို တိုးလာပြီး၊
"အဲဒီလိုအားမလျှော့ပါနဲ့ ဆူးခေတ်သစ်။ မင်းနားမှာ ကိုယ်တို့တွေရှိနေတယ်။ မင်း ပြန်ကောင်းလာအောင် ကိုယ်တို့ကြိုးစားမယ်။ ရင့်လည်း မင်းပြန်ကောင်းအောင် ကြိုးစားနေတယ် ဆူးခေတ်သစ်။ သမားတော်ကြီးကလည်း ပြန်ကောင်းလာမှာလို့ပြောတယ်။ မင်း အားငယ်ဖို့မလိုဘူး ။ မင်းနားမှာ ရင့်တို့ ကိုယ်တို့ရှိတယ်"
"ဆူးကတော့ မထင်ဘူး ။ ကိုဓနဆီက ခုလိုကြားရတာ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဆူး ဝမ်းမသာဘူး။ဆူး ကိုယ့်အခြေအနေကို ကိုယ်သိပါတယ်"
လေအဝေ့တွင် စကားပွင့်လေးတစ်ပွင့် လေနှင့်ရောပါဝေ့ဝိုက်လျက် ဆူးပေါင်ပေါ်လာတင်သည်။
ဆူးလည်းငုံ့ကြည့်မိသလို ဓနကပါ စကားပွင့်လေး ကြွေကျလာပုံကို ငေးကြည့်၏။
"စပါရှယ်နာ့စ် ဘာလို့မငှားတာလဲ ဆူးခေတ်သစ်။ ရင့်က ပြောတယ် မင်းလက်မခံလို့ မငှားရတာတဲ့။ နာ့စ်နဲ့ စနစ်တကျလေ့ကျင့်တော့ပိုမကောင်းဘူးလား"
ဓန စကားအဆုံးမှာ ဆူးခေတ်သစ်နှုတ်ခမ်းပါးထက်မှာ အပြုံးငွေ့ငွေ့လေးထင်သွား၏။ ထိုအပြုံးက အသက်မဲ့လျက် ခံစားမှုတွေပျောက်ဆုံးနေတာကို ဓန မြင်နေရတော့ ရင်ထဲ ထိရှသွားရသည်။
"လိုမှ မလိုဘဲရှင်။ သပ်သပ်အလုပ်ပိုမှာစိုးလို့ မငှားခိုင်းတာပါ"
"ဒီလိုလဲ ဘယ်ဟုတ်မလဲ။ နာ့စ်နဲ့ဆိုတော့ မင်းအတွက် ပိုအဆင်ပြေတာပေါ့ကွ။ ကိုယ်လည်း မင်းဆီကိုလာချင်တာ။ အလုပ်တွေမပြတ်တာနဲ့ ခုမှဘဲ ရောက်တော့တယ်။ဒါနဲ့ ကိုယ့် မင်းကို ခင်လို့ရမလား ဆူးခေတ်သစ်"
ဆူး ဖြတ်ခနဲမော့ကြည့်လာပြီး ချက်ချင်းအကြည့်လွှဲသွားကာ၊
"ဆူးလိုမိန်းကလေးနဲ့ မခင်တာ ပိုမကောင်းဘူးလား ကိုဓန"
"ကိုယ်ကတော့ မင်းကို ခင်တယ်ဆူးခေတ်သစ်။ ကိုယ်ကို မင်းရဲ့မိတ်ဆွေလို ခင်မင်ခွင့်ပေးမယ်မို့လားဟင်"
"ဆူး ဘယ်သူနဲ့မှ မခင်ချင်ဘူး ကိုဓန။ ဒီလိုပြောလို့ ဆူးကို စိတ်ဆိုးလို့ရတယ်။ မခေါ်မပြောချင်တော့ရင်လည်းဆူးဘဝက ဘာမှထူးမသွားပါဘူး ကိုဓန"
"ကိုယ့်ကို ဆူးခေတ်သစ် အတော်အထင်သေးတာဘဲနော်"
လိမ္မော်ရောင် ကိုရီးယားစကပ်လေးနှင့် ဆွဲသားအကျီလက်ရှည်အဖြူစင်းလေးက ဆူးခေတ်သစ်ရဲ့ ကိုယ်လေးပေါ်မှာ သေသပ်ချပ်ကပ်ကာ နေရာယူနေပြီး အရုပ်မလေးလို လှနေပေမယ့် မျက်နှာလေးကျတော့ သိသာစွာချောင်ကျနေသည်။သို့သော်လည်း အလှပျက်သွားခြင်းမျိုးမဟုတ်ဘဲ အရင်က နီရဲစိုလက်နေသည့်နှုတ်ခမ်းပါးလေး ပန်းရောင်လေးပြေးနေပြီး ပါးလေးတွေကျတော့ သိသာစွာနီမြန်းလျက်။
သူ့အကြည့်တွေ ရိုင်းသွားမှန်းသိလိုက်ပြီး မျက်လုံးလွှဲလိုက်ရသည်။ ပြာလဲ့နေသည့် ကန်ရေပြင်နေရာမှာ သူမမျက်နှာလေးသာ တရစ်ရစ်ဝဲလျက်။
ခွင့်လွှတ်ပါ ဆူးခေတ်သစ်။ ကိုယ့်အကြည့်တွေရိုင်းသွားပြီး ကိုယ့်စိတ်တွေ မင်းအပေါ်မရိုးသားခဲ့တာကို ခွင့်လွှတ်ပါကွာ။
မင်းကိုမြင်မြင်ချင်း စွဲလမ်းမိခဲ့တာပါ။ ရင့်ရဲ့မိန်းကလေးမှန်းသိလိုက်ရတော့ ပွင့်လန်းခွင့်မရလိုက်ဘဲ ကိုယ့်အချစ်ပန်းလေး အဖူးဘဝနဲ့ချုပ်ငြိမ်းခဲ့တာပါကွာ။ဒါပေမယ့် အဲဒီအချစ်သစ်ပင်ကတော့ ကိုယ့်ရင်ထဲမှာရှင်သန်နေဦးမှာဘဲ ဆူးခေတ်သစ်။
မင်းနဲ့သက်ဆိုင်သူဟာ ရင့်မဟုတ်ခဲ့ရင် မင်းကိုပိုင်ဆိုင်ခွင့်ရအောင် ကိုယ်ကြိုးစားမှာ။ ကိုယ့်အချစ်ဆုံးသူငယ်ချင်းရဲ့ မိန်းကလေးမို့ ကိုယ် ရင်နာနာနဲ့နောက်ဆုတ်နေရတာပါ။
"ဆူး လူတွေကို အထင်မသေးတတ်ပါဘူး ကိုဓန။ အထူးသဖြင့် ကိုဓနလို လုပ်ငန်းရှင်သူဌေးတစ်ယောက်ဆို ပိုလို့အထင်မသေးရဲပါဘူး"
"ကိုယ်က ကြိုးစားဆဲလူတစ်ယောက်ပါ ဆူးခေတ်သစ်။ နေရာတစ်နေရာခြေချနိုင်ဖို့ ပြေးလွှားရပ်တည်နေသူဆိုလည်း မမှားဘူး။ ကျောင်းမပြီးသေးတဲ့ ကိုယ်တို့တွေက လူ့ပတ်ဝန်းကျင်၊လူ့လောကကြီးမှာ ရှင်သန်နေထိုင်ဖို့ အများကြီးရှိသေးတယ်ကွ။ မင်းအသက်ငယ်ပါသေးတယ် ဆူးခေတ်သစ်..ဘဝကို လက်မြှောက်အရှုံးပေးဖို့မလိုပါဘူး။ မင်းဘဝမှာ ဘာမှ အားငယ်ဖို့မလိုဘူးကွ။ မပြည့်စုံတဲ့ လမ်းဘေးက ကလေးတွေနဲ့ အဘိုးအဘွားတွေကိုဘဲကြည့်ကွာ။ သူတို့ဘဝမှာ မျှော်လင့်ချက်ရောင်ခြည်တွေပျောက်ဆုံးနေတာပါ ဆူးခေတ်သစ်။ မင်းမှာက လင်းလက်နေတဲ့ အနာဂတ်ရှိတယ်၊ မင်းနားမှာ မင်းကို အမြဲဂရုတစိုက်ရှိတဲ့ မိသားစုရှိတယ်။မင်း ဘာမှ အားလျှော့စရာမလိုဘူး ဆူးခေတ်သစ်"
"လောကကြီးကို အရှုံးပေးတာမဟုတ်ဘူး ကိုဓန။ အဲဒီလောကကြီးမှာ ရှင်သန်နေတဲ့ လူတစ်ယောက်အတွက် ဆူးဘဝကို ပုံပေးထားတာ"
ဓန ရင်ထဲ နင့်သွားသည်။ ညှိုးရော်နေသည့်မျက်နှာလေးကို ကြည့်ရင်း သူမ ခံစားချက်တွေကို နားလည်သလိုလိုရှိလာရပြီ။
"ကိုယ့်ကို မင်းရဲ့မိတ်ဆွေလို၊သူငယ်ချင်းလို၊အစ်ကိုတစ်ယောက်လို သဘောထားပြီး ရင်ဖွင့်လို့ရတယ် ဆူးခေတ်သစ်။ မင်း မြိုသိပ်ခံစားနေရင် ပိုပြီးနာကျင်ရလိမ့်မယ်။ ကိုယ် နားထောင်ပေးဖို့ အစဥ်သင့်ပါဆူးခေတ်သစ်"
"ကျေးဇူးပါ ကိုဓန ဆူးအတွက်တော့ ခံနိုင်ရည်ရှိနေပါပြီ။ ဘာမှ ထူးပြီး ခံစားဖို့မရှိတော့ပါဘူး"
ဓန ပြောစရာ စကားလုံးပျောက်ရှကုန်သည်။ ဆူးခေတ်သစ် ကိုကြည့်ကာ ဓန ငြိမ်သက်နေသလို သူမကလည်း စကားပင်ကြီးကို ကြည့်ကာ မိန်းမောနေသည်။
"ဟေ့ကောင် ဓန သွားမယ်"
ဟင်...။
အတွေးလွန်နေသည့် သူတို့နှစ်ဦး ရင့်ရဲ့အသံကြောင့် သတိဝင်လာကာ အသံလာရာ တိုက်ကြီးဘက်ကို လှမ်းမျှော်ကြည့်မိသည်။
ကားတံခါးကို ဆွဲဖွင့်ပြီး ရင့်မဟာက ဓနတို့ဘက်ကို မကြည်မလင်လှမ်းကြည့်နေသည်။
"လာပြီကွ မင်းကလည်းလောလိုက်တာ"
ဓနက ဆူးကို ပြုံးပြရင်း ရင့်ကိုလည်းလှမ်းအော်သည်။
"သွားမယ် မင်းမလိုက်ချင်နေခဲ့"
"ဟ...လိုက်မှာပေါ့ နေပါဦး ရင့်ရာ"
ဓန မျက်နှာက စိတ်ပျက်လက်ပျက်နှင့်ရှုံ့မဲ့သွားပြီး ရင့် မျက်နှာကတော့ သုန်မှုန်နေလျက်။
"ဆူးခေတ်သစ်...ကိုယ်သွားလိုက်ဦးမယ်နော်။ နောက်နေ့ကျရင် ဆုံကြတာပေါ့"
"ဟုတ်ကဲ့"
"မိုးချုပ်တော့မယ် အိမ်ထဲမဝင်သေးဘူးလား"
"ဟုတ်ကဲ့ ဝင်တော့မှာပါ ကိုဓန"
"လာခဲ့ ကိုယ်နဲ့တူတူသွားမယ်"
ဓနက ဆူးရဲ့ဝှီးချဲလ်နောက်ကို ရောက်သွားသည်။
"အို နေပါ ဟိုမှာ ကိုကိုစောင့်နေတယ် သွားလိုက်နော်။ ဆူးဘာသာဝင်မယ်"
"ရတယ် ကိုယ်တွန်းခဲ့မယ် မိတ်ဆွေဖြစ်တဲ့အထိမ်းအမှတ်ပေါ့"
"အောင်မာ ဘယ်သူက မိတ်ဆွေလို့သတ်မှတ်ရသေးလို့လဲ"
"ဟင် မိတ်ဆွေမဟုတ်သေးဘူးလား"
"ဘယ်သူက သူ့ကိုခင်မယ်ပြောသလဲ"
"ဟာကွာ အဲလိုလား။ မသိဘူး...ကိုယ်ကတော့ မိတ်ဆွေလို့သတ်မှတ်ပြီးပြီ ပြန်နုတ်လို့မရတော့ဘူး"
ဓနရဲ့ ကလေးဆန်ဆန်အပြောကြောင့် ဆူး ရယ်လိုက်မိသည်။
"ဟယ်...အတင်းကြီးနော်"
"ဟုတ်တယ် အတင်းဘဲ။ ဒီက ခင်ချင်နေတဲ့သူ။ မိတ်ဆွေလို့သတ်မှတ်ပြီးပြီ မရတော့ဘူး"
သူဘာသာသူပြောပြီး ဓနက သဘောကျကာ ရယ်မောနေတော့ ဆူးပြုံးလိုက်မိသည်။
နှစ်ယောက်ရယ်မောနေသည့် မြင်ကွင်းကို ရင့် မျက်မှောင်ကြုတ်ကြည့်နေမိ၏။ တဖြည်းဖြည်း အနားရောက်လာတာကို ကားတံခါးကိုကိုင်ရင်း သူ မလွှဲတမ်းကြည့်ကာ၊
"ဘာလုပ်နေတာလဲ ဓန သွားမယ်။ အရေးမဟုတ်တာတွေ လုပ်မနေနဲ့ အချိန်မပေါဘူး"
ဆူးကို စူးစူးဝါးဝါးတစ်ချက်ကြည့်ပြီး ဓနဆီ အကြည့်လွှဲကာ ပြောလိုက်သည့် စကားလုံးတွေကြောင့် ဆူး ရင်ဘတ်ထဲအောင့်သွားရသည်။
"ရင့်ကလည်းကွာ...သွားမှာပေါ့။ ငါ ဒီမှာ ဆူးကို အထဲလိုက်ပို့ဦးမယ်"
"ပို့ချင်ရင် မင်းနေခဲ့တော့ ဓန"
"ရင့်..."
ကားတံခါးကို ဂျိုင်းခနဲ ဆောင့်ပိတ်လိုက်ပြီး၊
"ဟေ့ ဆူးခေတ်သစ် မင်းကရော ဘာလုပ်နေတာလဲ။ သွား အထဲဝင်...အကျိုးဆော့အကန်းမော့ဆိုတာ ဒါမျိုးနေမယ်။ တောက်... မင်းဒုက္ခိတဆိုတာ မမေ့နဲ့ သွား"
"ရင့်ကွာ"
မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျကာ ငြိမ်သက်သွားသည့် ဆူးကို ဓန စိတ်မကောင်းဖြစ်သွားသည်။ သူငယ်ချင်းကိုလည်း ပြောစရာစကားမရှိသလို ကျွတ်ခနဲ စုပ်သပ်လျက်။
"လာ..လာ ဆူးခေတ်သစ်ကိုယ်အထဲလိုက်ပို့ပေးမယ်"
"ထားလိုက် ဓန သူ့ဘာသာဝင်တတ်တယ်။ ဒီမိန်းမကို မင်းစေတနာထားစရာမလိုဘူး။ မြန်မြန်လာ နောက်ကျနေပြီ"
"ဘယ်လိုပြောလိုက်တာလဲ ရင့်။ မင်း သွားနှင့်လိုက် ငါ လိုက်ခဲ့မယ်"
"ဓန...."
ရင့်အသံက ဆောင့်အောင့်ထွက်လာသလို မျက်လုံးအကြည့်တွေကပါ စူးရှလျက်။
"ထားလိုက်...အဲဒီမိန်းမကို မင်းဂရုစိုက်စရာမလိုဘူး။ငါတောင် နေနိုင်တာ မင်း လည်းနေတတ်သလိုနေ။ ဟေ့ ဆူးခေတ်သစ်...နောက်တစ်ခါ မင်းခြံထဲဆင်းလို့ရတော့ အတွေ့ဘဲ သွား ခု သွားတော့"
ဟိန်းထွက်လာသည့် အသံကြောင့် ဆူး ကိုယ်လေးတသိမ့်သိမ့်တုန်ကာ အိမ်ထဲသို့ ဘီးကို တအားလှိမ့်ကာ ဝင်သွားသည်။
"ရင့်ကလည်းကွာ သနားပါတယ် အဲလို မပြောပါနဲ့"
ဓန ဆူးကို မျက်စေ့တစ်ဆုံးလိုက်ကြည့်ပြီး စိတ်မကောင်းသလိုပြောတော့ ရင့်က ဘုကြည့်ကြည့်ကာ၊
"ဘာလဲ မင်းက ဒီမိန်းမရဲ့မာယာထဲ ဝင်နေပြီလား။ အဲဒါဆိုရင်တော့ ငါကြိုပြောထားမယ် ဓန။ ငါ့သူငယ်ချင်းကို သူ့လို မိန်းမဆီ လုံးဝမငြိတွယ်စေရဘူး။ ငါ့အဖေ၊ငါ့အမေနဲ့ ငါ့အပြင် မင်းပါထပ်တိုးရင် သူ့ကိုငါသတ်ပစ်ဖို့ဘဲရှိတော့မယ်"
"ဝူး...."
ဆောင့်ထွက်သွားသည့် ကားကို ကြည့်ပြီး ဓန ခေါင်းရမ်းလိုက်မိသည်။
မင်းရဲ့ခံယူချက်တွေလွဲနေပြီ ရင့်။တစ်ချိန်မှာ မင်း မနာကျင်ပါစေကွာ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ခွံကျွေးဆို..."
"ဟင်...ဘာ ဘာလဲ ငွေငါး"
အဖျားမစင်သေးသည့် နီမြန်းမြန်းမျက်နှာကို စူးနစ်မတတ်စိုက်ကြည့်ရင်း သမ္ဘာရင့် သက်မအကြိမ်ကြိမ်ချနေမိတာ။
မကြာခင် ငွေငါးနဲ့သက်ဆိုင်သူတွေရောက်လာကြတော့မည်။ တကယ်တမ်း ပိုင်ရှင်ဆီပြန်အပ်ရတော့မည်ဆိုတော့ သမ္ဘာရဲ့ ရင်ထဲကအသည်းနှလုံးတွေ၊ကလီစာတွေကိုဆွဲယူဆုပ်ညှစ်နေသလို အခံရခက်နာကျင်နေရသည်။
ဆုံးရှုံးရမယ်ဆိုမှ သူမကို ရင်ထဲက နင့်နင့်နဲနဲချစ်နေကြောင်း ပိုသေချာသွား၏။
"သမ္ဘာ...နေမကောင်းဘူးလား။ ဘာဖြစ်လို့လဲဟင်"
နေမကောင်းဖြစ်နေသူက သူ့ကို စိုးရိမ်နေပြီး နဖူးကို လာစမ်းသည်။ ငွေငါးရဲ့ ထိုအပြုအမူလေးကြောင့် နာကျင်နေသည့်ကြားက ကြည်ကြည်နူးနူးလေးဖြစ်သွားပြီး နဖူးပေါ်လာထိသည့် ခပ်နွေးနွေးလက်လေးကို ဆွဲယူလိုက်ပြီး နှုတ်ခမ်းဖြင့်ထိကပ်လိုက်၏။
"ဟင်း...ဟင်း...ငါးလေးကို သိပ်ချစ်တာဘဲလားဟင်"
ခပ်လွင်လွင်ရယ်သံလေးဖြင့် ငါးလေးကမေးသည်။
သမ္ဘာ ရင်ထဲမှာတော့ ဝေးရတော့မယ်ဆိုတဲ့ ခံစားချက်တစ်မျိုးကြီးဖြင့် တင်းတင်းကြီးဖြစ်နေရ၏။
"သမ္ဘာက အရမ်းချစ်ဖို့ကောင်းတာဘဲ။ငါးလေးလေ သမ္ဘာ့ကို အရမ်းချစ်တာဘဲ သိလား"
ငွေငါးလက်လေးကို လက်နှစ်ဖက်ထဲထည့်ဆုပ်ပြီး ငါးလေးကို ကြည့်လိုက်မိသည်။ ထိုအခါ အပြုံးချိုချိုဖြင့် ဘယ်အချိန်ကတည်းက သူ့ကိုငေးရီရီလေးကြည့်နေမှန်းမသိသည့် ငွေငါးရဲ့မျက်ဝန်းလဲ့လဲ့တို့ဖြင့် ဆုံသွားတော့ ရင်ခုန်သံတွေ စည်းချက်ညီညီကခုန်သွားသည်။
"သမ္ဘာ.."
"ဟင်.."
"ငါးလေးကို ချစ်လားဟင်"
ချစ်သလားလို့မမေးဘဲ ချစ်တယ်လို့ သူမဘာသာသူမ ပြောတတ်သလို ချစ်လားလို့ ခဏခဏမေးတတ်သည့် ငွေငါး။ ဒီအချိန်မှာတော့ သူ့နှလုံးသားက နာကျင်ကာ ဖြေဖို့ပင် အားမရှိတော့ဘဲ ခေါင်းညိတ်ပြရင်း သူမမျက်နှာလေးကနေ မျက်လုံးမလွှဲမိ။
ပိုင်ဆိုင်ခွင့်တွေ၊ချစ်ခွင့်တွေ မရှိတော့ရင်တောင် မင်းမျက်နှာလေးကို တစ်သက်တာအတွက် မမေ့အောင် ကိုယ် ကြည့်ပါရစေ ငွေငါးရယ်။
"ပါးစပ်ကဖြေလေ...ငါးလေးကို ချစ်လား"
"ဖြေပြီးပြီကွာ ဒီမုန့်ကုန်အောင်စားပြီး ကျန်တဲ့ဆေးသောက်လိုက်နော်"
ချော့မော့ပြောပြီး မုန့်ကိုရှေ့တိုးပေးတော့ ငွေငါးက လက်ကိုတွန်းထုတ်ပြီး နှုတ်ခမ်းဖွဖွစူကာ၊
"ပြောဆို ချစ်လား မချစ်ဘူးလား"
ကလေးဆိုးလေးလို ဂျစ်တိုက်နေသည့် ငွေငါးကို နောက်ဆုံး သူသာ လက်မြှောက်အလျှော့ပေးလိုက်ရသည်။
"ချစ်တာပေါ့ကွာ...ချစ်လွန်းလို့ ရူးမလောက်ခံစားနေရတာ မင်းမှ မသိဘဲ"
"ဟင်"
ရုတ်တရက်ခံစားချက်တွေ ပွင့်ထွက်သွားတော့ ငွေငါးလေး မျက်လုံးအဝိုင်းသားဖြင့် သူ့ကိုကြည့်လာသည်။ပြီးတော့..သူ့မျက်နှာနားကို သူမမျက်နှာလေးတိုးကပ်လျက်၊
"သမ္ဘာ ဘာဖြစ်လို့လဲဟင်။ ဘာတွေခံစားနေတာလဲ"
နီးကပ်လွန်းသည့်မျက်နှာ အနေအထားမှာ ငွေငါးလေးရဲ့ထွက်သက်ဝင်သက်လေနွေးနွေးက သူ့မျက်နှာကို ကြည်စယ်နေသည်။
"ဘာမှ မဟုတ်ပါဘူးကွာ။ ကဲ..ဒါလေးကုန်အောင်စားလိုက် ပြီးရင်ဆေးသောက်မယ်"
နွယ်ဝေနှင့်မိုးမြင့်ကတော့ သူတို့နှစ်ယောက်ကို လှမ်းကြည့်ရင်း သက်ပျင်းအကြိမ်ကြိမ်ချနေကြသည်။ ငွေငါးလေးက မိုးလင်းလာကတည်းက သမ္ဘာ့ကို အပျောက်မခံလို့ သမ္ဘာတစ်ယောက်အနားက မခွာနိုင်ဖြစ်နေရ၏။
"ခွံကျွေးဆို...သမ္ဘာခွံ"
ခုံပေါ်တံတောင်နှစ်ဖက်ထောက်လျက် ကိုယ်ကိုရှေ့ကိုင်းကာ ခေါင်းလေးမော့ ပါးစပ်လေးဟပေးနေသည့် ငွေငါးလေးကိုကြည့်ရင်း သမ္ဘာ အချစ်တွေတိုးကာ အသည်းယားသွားရသည်။
မမနွယ်တို့သာရှိမနေရင် သူမနှုတ်ခမ်းလေး ကို တရှိုက်မတ်မတ်နမ်းလိုက်မိမှာ။ ဟင်း...။ အသက်ကိုခိုးရှိုက်ရင်း အနမ်းနွေးနွေးလေးက နဖူးလေးပေါ်၌သာ။ နောက်ထပ် ခရီးမဆက်ဖြစ်တော့ဘဲ သူနောက်ဆုတ်လိုက်သည်။
"ဟ..."
မုန့်လေးကို ခွံပေးတော့ ကလေးလေးလိုပျော်ရွှင်သွားသည့် ငွေငါးလေး။ မကြာမှီ ဘာတွေဖြစ်လာမလဲဆိုတာ မသိသေးတော့ သူမ ပျော်နေရှာတာ။
"ဆေးသောက်လိုက်နော်"
ဆေးလေးကို တယုတယတိုက်နေစဥ် ယဥ်ပါးနေသည့် နားက စက်သံညက်ညက်တစ်ခုကို ကြားလိုက်ရသည်။
ဟင်...။ ရင်ထဲ ငလျင်အစင်းပေါင်းများစွာ လှုပ်ခတ်သွား၏။ သမ္ဘာက လမ်းဘက်ကို မျက်နှာမူနေတာမို့ ငှက်ပျော်ခြံကိုပတ်မောင်းလာသည့်ဖိတ်ဖိတ်တောက်နေသည့် ကားကြီးနှစ်စီးက သူ့မျက်ဝန်းထဲတန်းဝင်လာသည်။
"သမ္ဘာ...ဒီနေ့ ဘယ်မှ မသွားနဲ့တော့။ ငါးလေး နားမှာဘဲ နေနော်။ တကယ်လို သွားမယ်ဆိုရင်တောင် ငါးလေး နေကောင်းသွားမှ သမ္ဘာ သွားရမယ်"
ငွေငါးလေးက သူမဖြစ်ချင်တာကိုသာ တတွတ်တွတ်တောင်းဆိုလျက်။
ကိုယ် မသွားပါဘူး ငွေငါးရယ်။ ဒီတစ်ခါ သွားမဲ့သူက မင်းပါ ငွေငါးရယ်။ ကိုယ်ရဲ့ရင်ခွင်ရပ်ဝန်းကနေ အဝေးပြေးထွက်တော့မယ့် မိုးပြေးလေးမင်းပါ ငွေငါး။
"သမ္ဘာ...မျက်နှာလည်း မကောင်းပါလား ဘာဖြစ်လို့လဲဟင်။ နေမကောင်းဘူးလား.."
သမ္ဘာ မျက်စိမျက်နှာ ပျက်လျက် နွယ်ဝေတို့ကို မျက်စပစ်ပြလိုက်ကာ၊
"အား...ဟုတ်တယ် ကိုယ်ဗိုက်...ဗိုက်နာနေလို့။ အဲဒါ...ခု အိမ်သာပြေးမှ ဖြစ်တော့မယ်ကွ။ ညက မင်းကိုစောင့်ရင်း လက်သုပ်တွေစားတာများသွားလို့...အား ပြောရင်း ဗိုက်က ရစ်နာလာပြီ မရတော့ဘူး"
သမ္ဘာ ဟန်လုပ်လျက် ထပြေးတော့ ငွေငါးလေးက သဘောကျကာ တခစ်ခစ်ရယ်ရင်း ကျန်ခဲ့သည်။ သမ္ဘာ အိမ်နောက်ဘက်လှေကားမှ ဆင်းပြီး အနောက်ကိုပတ်လျှောက်စဥ် အိမ်ရှေ့ကို ကားနှစ်စီး ရှေ့ဆင့်နောက်ဆင့်ရပ်လာသည်။
ဆုံးဖြတ်ပြီး လှည့်ထွက်လာသည့်ခြေလှမ်းများက ရှေ့ကိုဆက်လှမ်းမရတော့ဘဲ နေရာမှာတင်ကျောက်ချရပ်တန့်သွား၏။
သွားပါတော့ ငွေငါးရယ်။ မင်း လွတ်လပ်စွာ သွားလိုက်ပါတော့ကွာ။ တကယ်တော့ မင်းကပင်လယ်ပြင်ကနေ မျက်စိလည်လာတဲ့ ငါးလေးတစ်ကောင်မဟုတ်လား။
လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း ချာခနဲ လှည့်ထွက်လာတော့ အသံတွေက နားစည်ကိုရိုက်ခတ်လာသည်။
"သမီး...."
"ရေး....သမီးလေး....မေမေ့သမီးလေး"
"ညီမလေး ရေး.."
အပိုင်း(၂၂)ဆက်ရန်👈👈👈
စာဖတ်သူများအတွက်
ထာဝရ
#ဖက်ဖူးစိမ်း