book

Index 20

အပိုင်း(၂၀)

🌺ပန်းမွေ့ရာ....ရွှေကော်ဇော🌺


"ဟုတ်တယ် သမ္ဘာ သေဆုံးသွားတဲ့ရွှေတမံနဲ့ရွှေရေးချယ်က လူကြီးချင်းကလည်းသဘောကျ သူတို့ချင်းကလည်း အရမ်းချစ်ကြတာတဲ့။ သူတို့အဖေတွေကလည်း လုပ်ငန်းစပ်တူတွေလုပ်တော့ ကျောင်းပိတ်တုန်း ရွှေတမံကအဖေရှိ တဲ့ဆီကို အသွားမှာ သေဆုံးသွားတာလို့ပြောတယ်"


"ဒါဆို ရွှေရေးချယ်ကရော ဘယ်လိုကဘယ်လိုပျောက်သွားတာလဲ။ ရွှေတမံနဲ့ အတူတူလာရင်းနဲ့ပျောက်သွားတာများလား"


ရင်ခုန်သံ စည်းချက်မမှန်တော့သလို မျက်နှာလည်း အကြီးအကျယ်ပျက်နေပြီ။ ငွေငါးလေးနဲ့ပက်သက်လာရင် မတည်ငြိမ်နိုင်တာ သူ့အားနည်းချက်လား။


"အင်း...ကြည်ဇော်ပြောတာတော့ သူတို့စီးလာတဲ့ကားက အတိုက်ခံရတာတဲ့ကွ။ ရွှေတမံကို လမ်းဘေးချောက်ထဲက တွေ့တာ။ ဒဏ်ရာတွေနဲ့ပစ်ထားတာကွ တမင်ရန်ညှိုးရှိလို့ လုပ်သွားတာလို့ဘဲ ရဲတွေကတော့ ယူဆကြတယ်။ မတော်တဆတိုက်မိလို့ ပစ်သွားတာမျိုးလည်းဖြစ်နိုင်တာပါဘဲ။ ဒါပေမယ့် ထူးဆန်းတာက ရွှေရေးချယ်ဆိုတဲ့ကောင်မလေးကတော့ ဆေးရုံကိုလည်းရောက်မလာသလို အခင်းဖြစ်တဲ့နေရာကနေ ပျောက်ချင်းမလှပျောက်သွားတာဘဲ"


"ဗျာ ဒါဆို ရွှေရေးချယ်က.."


သမ္ဘာ မျက်စိမျက်နှာ ပျက်ပျက်နှင့် ဝင်ပြောလိုက်တော့ မိုးမြင့်က လက်ကာတားဆီးပြီး၊


"နေဦးကွ...အဲဒီမှာ နောက်ထပ်ထူးဆန်းတာတစ်ခုရှိသေးတယ်။ သေဆုံးသွားတဲ့ရွှေတမံတို့ကားတိုက်မှုဖြစ်တဲ့ညက မင်းဆိုင်ကယ်အတိုက်ခံရပြီး လုပ်ကြံခံရတဲ့ညဘဲ သမ္ဘာ"


"ဗျာ..."


"မျိုးကျော်တို့ ကျော်မြင့်တို့ဆို ရွှေတမံ့အလောင်းကိုသယ်သွားကြတာကို သိကြတယ်ကွ။ ရွှေတမံက သေဆုံးပြီး ရွှေရေးချယ်က ပျောက်ဆုံးနေတော့ သူတို့မိဘတွေ ဘယ်လောက်ခံစားရမလဲဆိုတာ စဉ်းစားသာကြည့်တော့ကွာ"


"ရွှေရေးချယ်က ကားတိုက်ခံရပြီးထဲကပျောက်သွားတာတဲ့လား"


"ဆေးရုံကို ရောက်သွားတာ အဲဒီညကလူနာနှစ်ယောက်တည်းတဲ့။ မင်းနဲ့ရွှေတမံ ဆေးရုံကို မရှေ့မနှောင်းရောက်သွားတာ။ ပြီးတော့ မင်းတို့ကေ့စ်ချင်းကလည်း အတူတူလို့ ဆရာဝန်တွေကထွက်ဆိုတယ်တဲ့။ မင်းက ကံကောင်းပြီး ရှင်သန်ခွင့်ရပေမယ့် ရွှေတမံကတော့ ကားတိုက်ခံရတဲ့ဒဏ်ရာတွေနဲ့ နောက်မနက်ဘဲ သေဆုံးသွားတာ"


"ရွှေရေးချယ်ကရော သေဆုံးသွားတာ မဖြစ်နိုင်ဘူးလား"


မိုးမြင့်က ခေါင်းခါလိုက်ရင်း မျက်နှာချင်းဆိုင်မှ သမ္ဘာရင့်ကို စူးစမ်းသလိုငေးကြည့်သည်။


"ရွှေရေးချယ် မသေဘူးကွ။ ဒီနေ့အထိ သူ့အလောင်းကိုရှာမရကြတာကြည့်ပေါ့။ ကြည်ဇော်တို့ပြောတာတော့ ကားတိုက်မှုဖြစ်တဲ့နေရာနဲ့ မနီးမဝေးမှာ သွေးတွေနဲ့ ရွှေရေးချယ်ရဲ့ နားကပ်တစ်ဖက်ကိုသဲလွန်စရခဲ့တယ်တဲ့။ ငွေငါးလေးကိုလည်း အဲဒီညကတွေ့လာတာမဟုတ်လား။ ညီ...အဖြေတစ်ခုကတော့ ရှိနေပြီ"


"ကျွန်တော်တို့ဘာလုပ်သင့်သလဲ ကိုကြီး။ ငွေငါးကို ပြန်ပေးလိုက်ရတော့မှာလားဟင်"


မျှော်လင့်ချက်ရောင်ခြည်မှသည် ဆုံးရှုံးမှုအတွက် ကြိုပြီး နာကျင်နေရပြီ။ ရွှေရေးချယ်ဆိုသည့် မိန်းကလေးသည် ငွေငါးလေးဆိုတာ ကိုးဆယ့်ကိုးရာခိုင်နှုန်းလောက်သေချာနေသည် မဟုတ်လား။


"ရွှေရေးချယ်က တကယ်ပဲ ငွေငါးဖြစ်နေမလား။ ကိုကြီးရော ဘယ်လိုထင်လဲ"


"ဖြစ်နေမလားမဟုတ်ဘူး သမ္ဘာ ပျောက်ဆုံးနေတဲ့ရွှေရေးချယ်ဆိုတာ မင်းရဲ့ငွေငါးအစစ်ဘဲ"


"ခင်ဗျာ..."


"ဟုတ်တယ် ကြည်ဇော်ဆီက ရွှေရေးချယ်ရဲ့ပုံကို ငါသေချာတောင်းကြည့်ပြီးပြီ။ ငါးလေးနဲ့ရွှေရေးချယ်က တစ်ယောက်တည်းကွ"


"ဒါ ...ဒါဆို ရဲတွေကို ပြောခဲ့ပြီလား ဟင်။ ကိုကြီး ပြောခဲ့ပြီလား"


ထိုင်ခုံမှာ ဖင်မထိုင်နိုင်တော့ဘဲ သမ္ဘာတစ်ယောက် ပြာယာခတ်သွားသည်။ တကယ်ကြီး စွန့်လွှတ်ရတော့မယ်ဆိုတော့ နှလုံးသားက လက်မခံ။ 


မိုးမြင့် သမ္ဘာရဲ့ဆပ်ပြာသည်လင်ပျောက်သလို ဖြစ်နေပုံကြောင့် ခေါင်းရမ်းမိရင်း၊


"ငါ မပြောခဲ့သေးပါဘူးကွာ။ မင်းနဲ့နွယ့်ကိုပြန်တိုင်ပင်ချင်လို့ ငါ အသိမပေးခဲ့သေးဘူး"


သမ္ဘာ လေပူတစ်ချက်မှုတ်ထုတ်လိုက်မိသည်။


"သမ္ဘာ...ငွေငါးလေးက ရွှေရေးချယ်ဘဲ။ အဲဒီအမှန်တရားကို မင်းတို့ငါတို့တွေလက်ခံနိုင်ရမယ်ကွ။ သူ့မိဘတွေက ရူးမတတ်ခံစားနေရတာပါ သမ္ဘာရယ်။ သမီးလေးပျောက်ဆုံးနေတဲ့သူတို့ဘဝကြီးက ဘယ်လောက်အထီးကျန်ပြီး ကြေကွဲစရာကောင်းလိုက်မလဲ။ ပိုင်ရှင်လက်ထဲ ပြန်ထည့်တာ အကောင်းဆုံးပါ ငါ့ညီရာ"


"ကျွန်တော် သိပါတယ် ကိုကြီးမိုးမြင့်။ သူ့မိဘတွေဆီပြန်အပ်ရမှာပေါ့ဗျာ။ ငွေငါးလေးကို ဘယ်သူမှန်းမသိခင်ကတည်းက သူ့အတိတ်မှာ အိမ်ထောင်မရှိရင် လက်ထပ်ဖို့အထိရည်ရွယ်ပြီးချစ်ခဲ့တာပါ။ ငွေငါးက ရွှေရေးချယ်ဆိုတာကို ကျွန်တော် လက်ခံရမှာပေါ့။ ဒါဟာ အမှန်တရားဘဲဟာ။ ဒါပေမယ့်...သူနဲ့ကျွန်တော် ဝေးကွာသွားပြီဆိုတာကိုလည်း ကျွန်တော်လက်ခံရတော့မယ်"


  "အင်း...မင်းတို့အဖြစ်ကလည်းကွာ"


မိုးမြင့် သမ္ဘာ့လက်မောင်းကို ပုတ်ရင်းအားပေးနှစ်သိမ့်လိုက်သည်။ သူတို့လင်မယားလည်း ငွေငါးလေးကို ညီမလေးလိုတွယ်တာနေတာ သမ္ဘာဆိုပိုပြီးခံစားရတော့မှာပေါ့။ ကံကြမ္မာ ဆန်းကြယ်လိုက်ပုံများနော်။ 


"နွယ်ပြန်လာရင် ငါတို့တိုင်ပင်ကြတာပေါ့ သမ္ဘာ။ ငါတို့တွေတောင် ငါးလေးအတွက် ဒီလောက်ခံစားနေရရင် သူ့မွေးမိဘတွေဆို ဘယ်လောက်သောကရောက်လိုက်မလဲ။ မင်းစိတ်ကို မင်းဖြေပါကွာ"


"ဟုတ်ကဲ့ ကျွန်တော်နားလည်ပါတယ် ကိုကြီး။ သူ့မိဘ၊ဆွေမျိုးအသိုင်းအဝိုင်းနေရာကနေ ကျွန်တော်ခံစားလို့ရပါတယ်။ ကျွန်တော်တို့ကကောက်ရတဲ့သူတွေ...ပိုင်ရှင်ပေါ်လာတော့ ပြန်ပေးရမှာပေါ့။ မနက်ဖြန်ကျရင် ရဲစခန်းကို အကြောင်းကြားလိုက်ပါတော့ ကိုကြီး"


သမ္ဘာ ခြေပစ်လက်ပစ်ထိုင်ရင်း မျက်နှာကျက်ကို အဓိပ္ပါယ်မဲ့ကြည့်နေမိသည်။ နေရာတိုင်းမှာ ငွေငါးရဲ့ပုံရိပ်တွေသာ ကြီးစိုးလျက်။ ယောကျ်ားလေးမို့ ပေါက်ကွဲခွင့်မရှိသည့် ခံစားချက်တွေက မျက်ရည်အဖြစ်ပြောင်းမလာသော်ငြား နှာသီးဖျားနှင့်မျက်လုံးတွေရဲနေပြီ။ 


"မင်းရင်ထဲမှာ ခံစားချက်တွေကို ငါကိုယ်ချင်းစာပါတယ် သမ္ဘာ။ ငွေငါးလေးက အိမ်ထောင်မှမရှိသေးတာ မင်းမှာမျှော်လင့်ချက်တွေရှိပါသေးတယ် ညီရာ။ အားမလျှော့ပါနဲ့"


"ကျွန်တော်နဲ့သူက တကယ်ကိုအလှမ်းကွာသွားပါပြီ ကိုကြီးရာ။ ထားလိုက်ပါတော့ မနက်ဖြန်ကျရင် ရဲစခန်းကတဆင့် သူ့မိဘတွေဆီအကြောင်းကြားလိုက်ပါ"


မျက်လုံးမပွင့်ဘဲ စေခိုင်းနေသည့် သမ္ဘာရင့်ကို မိုးမြင့်လှမ်းကြည့်ရင်း သက်ပျင်းမောကို အခါခါချနေမိသည်။ ဆေးပညာအရ သက်ပျင်းချတဲ့သူတွေက အသက်တိုသတဲ့။ ထိုင်နေရင်းဖြင့် သက်ပျင်းမောကိုအခါခါချနေမိသည့် သူ ဒီနေ့အတွက် အသက်ဘယ်လောက်တိုလိုက်မလဲ။


"ကိုကြီး နားလိုက်တော့လေ...ခရီးပမ်းလာတယ်မို့လား"


"ရတယ် ငါ ဒီညနေ ဆေးဖျန်းဖို့ ခြံဘက်သွားရဦးမယ်။ မင်း တစ်ယောက်တည်းအဆင်ပြေရဲ့လား ညီ"


မတ်တပ်ထရပ်ရင်း အိတ်ကိုပါ တစ်ပါတည်းကောက်ကိုင်ကာ မိုးမြင့်က စိတ်မချသလို မေးလာသည်။ 


"ရတယ် ကျွန်တော့်အတွက်မပူနဲ့။ ကျွန်တော်က ကိုကြီးကို အားနာနေတာ။ ခုမှပြန်ရောက်တယ် ခြံထဲသွားမယ်ဆိုတော့"


"ခဏပါကွာ...အခင်းတွေပိုးကျနေတယ်မို့လား။ ဆေးအမြန်လိုက်မှာကွ။ မနက်မှဖျန်းရင်အကုန်မပြီးမှာစိုးလို့ ပြီးသလောက်လေးသွားဖျန်းလိုက်မယ်ကွာ။ မင်းနဲ့ငွေငါး နှစ်ယောက်တည်း အဆင်ပြေပါ့မလား"


"မမနွယ်လည်း ပြန်ရောက်တော့မှာ အဆင်ပြေပါတယ် ကိုကြီး။ စိတ်ချသွားပါ"


"အင်း...ငါ အဝတ်လဲလိုက်ဦးမယ်ကွာ"


ကိုကြီးမိုးမြင့်တစ်ယောက် ခြံထဲဆင်းသည့်ခပ်နွမ်းနွမ်း အဝတ်တွေလဲလှယ်နေစဥ် သူ တစ်စုံတစ်ခုကိုတွေးမိသွား၏။


"ကိုကြီးမိုးမြင့် ခဏနေဦး"


"ဟ ဘာလဲကွ...ငါဆေးဖျန်းသွားရမှာ"


"ဒီနေ့ မသွားတော့နဲ့ဗျာ.."


အဝတ်လဲပြီး ပြန်ထွက်လာသည့် မိုးမြင့် သမ္ဘာကိုနားမလည်ဖြစ်သွားသည်။


"ထားလိုက်ပါ ဆေးဖျန်းဖို့က မနက်မှ ကျွန်တော်စီစဥ်လိုက်မယ်"


"မဖြစ်ဘူး သမ္ဘာ မနက်ကျရင် ရဲစခန်းကို အကြောင်းကြားတာနဲ့ အလုပ်တွေရှုပ်မှာကွ"


ပန်းခင်းတွေ ပိုးကျနေတာမို့ ကိုကြီးမိုးမြင့်ပြောတာမှန်၏။ သို့သော်...ဒီအချိန်မှာ အဲဒါတွေထက် အရေးအကြီးဆုံးကငွေငါးလေး။


"အဲဒါ အရေးမကြီးပါဘူးဗျာ...ထားလိုက် နောက်နေ့မှဖျန်းမယ်။ ကိုကြီးသူငယ်ချင်းကို အကြောင်းကြားလိုက်ပါ။ မနက်ဖြန်မနက် လာခေါ်ခိုင်းလိုက်"


"တကယ်လား"


"ကျွန်တော်နောက်နေတယ်လို့ ထင်နေတာလား။ ရွှေရေးချယ်လို့သိခဲ့တာမဟုတ်ပေမယ့် ငါးလေးက ကျွန်တော့်ဘဝပါဗျာ။ ဒါပေမယ့်..ကျွန်တော်ချစ်တဲ့ငွေငါးဆိုတာ ပုံရိပ်ယောင်တစ်ခုမဟုတ်လား။ သူ့ဘဝအမှန်ကို ပြန်သွားရမှာပေါ့။ ကျွန်တော်ပြောသလိုသာလုပ်ပါ ကိုကြီးမိုးမြင့်"


"အေးပါကွာ...မနက်ဖြန်မလုပ်ဖြစ်မှာစိုးလို့ ငါဆေးလေးတော့သွားဖျန်းပါရစေ ညီ"


"မသွားပါနဲ့ ကိုကြီး ကျွန်တော်နဲ့ရှိနေပေးပါဗျာ။ ငွေငါးဆိုတဲ့ကောင်မလေးက ရွှေရေးချယ်ဘဝထဲပြန်သွားတဲ့အခါ ဖြူစင်ခြင်းတွေနဲ့ဘဲ ရှိစေချင်တယ်"


"မင်းစိတ်ကို မင်းမနိုင်လို့လား "


"မဟုတ်ဘူး ပတ်ဝန်းကျင်ရဲ့လက်ညှိုးတွေအပါအဝင် ငွေငါးရဲ့ဘဝလေးကို အရောင်မဆိုးစေချင်လို့"


"သမ္ဘာ မင်းဘယ်တုန်းကများ ပတ်ဝန်းကျင်ကို ဂရုစိုက်တတ်သွားတာလဲ "


"ဂရုစိုက်တတ်သွားတာမဟုတ်ပါဘူး ကိုကြီး...ငွေငါးအတွက်လိုအပ်လာလို့ပါ။ ကျွန်တော်ရဲ့အချစ်က သူ့အပေါ် ဘာအရောင်မှ မထင်တဲ့ မေတ္တာနဲ့ချစ်တာပါ။ ချစ်လို့ပိုင်ဆိုင်ချင်ပေမယ့် အလိုရမ္မက်တော့ မပြင်းထန်ပါဘူး။သူ ကျွန်တော့်နားကပျောက်ကွယ်သွားရင်တောင် သူ့အပေါ် ထာဝရ မြတ်နိုးနေမှာ အဲဒါ ကျွန်တော့်သစ္စာ"


"သမ္ဘာ မင်းတကယ်ကိုချစ်တတ်သွားပြီဘဲကွ...အင်း မင်းချစ်တတ်သွားမှ ဒီလိုအဖြစ်တွေကြုံလာရတယ်လို့ကွာ"


"အဟွန်း...အစကတည်းက ပုံရိပ်ယောင်ကို ကျွန်တော်တို့ ရူးသွပ်ခဲ့တာပါ ကိုကြီးရာ။ တစ်နေ့ဒီလိုတွေကြုံလာမှာ သိပေမယ့် နှလုံးသားကို လွန်ဆန်လို့မှ မရခဲ့တာဘဲဗျာ။ ငွေငါးကို ချစ်ခဲ့လို့ ကျွန်တော် ဘယ်တော့မှ နောင်တမရဘူး ကိုကြီး။ သူ ကျွန်တော့်ကိုမေ့သွားရင်တောင် ကျွန်တော်သေဆုံးတဲ့အထိ ငွေငါးလေးက ကျွန်တော့်နှလုံးသားမှာ ထာဝရရှင်သန်နေမှာ"


"ညီရာ"


ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်လျက် ခုချိန်မှာ အပ်ကျလျှင်တောင် တော်လဲသံထက်ဆယ်ဆပြင်းလောက်၏။


"ငါးလေးက ငါတို့အစီအမံကိုလက်ခံမယ်လို့ မင်းထင်သလား သမ္ဘာ"


သမ္ဘာ တွေးတွေးစစဖြစ်သွားသည်။ အတန်ကြာမှ၊


"လောလောဆယ်တော့ သူလက်ခံမှာ မဟုတ်ဘူး ကိုကြီး။ ကျွန်တော်တို့ဆီမှာ ဆက်နေရင် သူ့ရောဂါပျောက်ဖို့က ဘယ်အချိန်ဘယ်ကာလမှန်း မှန်းဆမရဘူး။ သူ့မိဘတွေက သူ့အတွက် အကောင်းဆုံးစီမံနိုင်မှာပါ။ သူ့မိဘတွေဆီ သူပြန်သွားရမှာပေါ့"


"ငါးလေးက ငြင်းဆန်ရင်ရော"


သမ္ဘာနှင့်မိုးမြင့် မျက်လုံးချင်းဆုံသွားကာ အတန်ကြာသည့်အထိ မလွှဲဖယ်ကြ။ သမ္ဘာ သက်မငွေ့ငွေ့ချရင်း မျက်နှာလွှဲကာ၊


"ကျွန်တော်ချစ်ခဲ့တာ ရွှေရေးချယ်မှမဟုတ်တာ ကိုကြီးရာ။ ငွေငါးလေးဆိုတဲ့ ကောင်မလေးကို ချစ်ခဲ့တာ။ ရွှေရေးချယ်ဆိုတဲ့သူ့ဘဝမှန်ကို သူပြန်ရမှာပေါ့။ သူ့မိဘရင်ခွင်ဆီကို သူပြန်နားရမှာပေါ့ဗျာ။ မနက်ဖြန် မရောက်ခင်အထိတော့ ငွေငါးလေးအဖြစ်နဲ့ ကျွန်တော်သတ်မှတ်ထားပါရစေ။ ဒီအခိုက်အတန့်လေးမှာ ကိုကြီးတို့ငွေငါးကို ဘာမှ မပြောကြပါနဲ့ဦး။ မနက်ဖြန်မှ ကျွန်တော်ကြည့်စီစဥ်လိုက်မယ်။ ဒီတစ်ညတော့ ငွေငါးလေးအဖြစ်နဲ့ ကျွန်တော်တို့ဘဝထဲမှာ လွတ်လပ်စွာရှင်သန်ပါစေဗျာ"


သမ္ဘာ စကားဆုံးအောင် အားတင်းပြောပြီး မျက်လုံးတွေကို မှိတ်ထားလိုက်သည်။ ကိုကြီးမိုးမြင့်ကလည်း အလိုက်တသိဖြင့် နောက်ထပ်စကားမဆိုတော့။ တစ်အိမ်လုံး လူသုံးယောက်ရှိပါလျက်ဖြင့် ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွား၏။


ရင်ခွင်ရပ်ဝန်းတစ်စုံမှာတော့ အားပြင်းသော မုန်းတိုင်တစ်ခုဖြစ်ပေါ်လျက်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


"အား..."


"ဟာ...ငွေငါး..."


သမ္ဘာနှင့်မိုးမြင့် အပြင်မှာထိုင်နေချိန် အခန်းတွင်းမှ ငွေငါးလေးရဲ့အော်သံကြောင့် အခန်းဘက်ကိုပြေးကြတော့၏။


"သွား...မလာနဲ့ မလာကြနဲ့ ကယ်ပါဦး...တတရေ ကယ်ပါဦး"


"ငွေငါး...ငွေငါး သတိထားဦးလေ"


"တတရေ....အား....မလာကြနဲ့ သွား"


အော်သံက အကျယ်ကြီးထွက်ပေါ်လာသလို ထိတ်လန့်တကြား ရုန်းကန်ရင်း မျက်လုံးမပွင့်ဘဲ အော်နေသည့် ငွေငါးကို မြင်လိုက်ရသည်။ 


အိပ်ခန်းဝရောက်ပြီးမှ သမ္ဘာရော မိုးမြင့်ပါ ခြေလှမ်းတွေတန့်ကုန်သည်။မိုးမြင့်သည် မိန်းမပျိုတစ်ယောက်ရဲ့အိပ်ခန်းထဲကို ဝင်ရမှာ တွန့်ဆုတ်နေခြင်းပင်။သမ္ဘာကတော့ ငွေငါးဆီက ကယောင်ကတမ်းထွက်လာသည့် နာမ်စားကြောင့် ခန္ဓာကိုယ်က သွေးတွေပြောင်းပြန်လည်ပတ်သွားသလိုခံစားလိုက်ရသည်။


"သွား...မလာကြနဲ့ ကြောက်တယ်...တတရေ...တတ အား.."


စူးစူးဝါးဝါးအော်ပြီး ဝုန်းခနဲ ငုတ်တုပ်ထထိုင်လိုက်သည့် ငွေငါးကြောင့် သမ္ဘာ သတိပြန်ဝင်လာပြီး ငွေငါးဘေးကို ချက်ချင်းရောက်သွားကာ၊


"ငွေငါး...ဟေ့ သတိထားဦးမှပေါ့...ငွေငါး"


ပခုံးနှစ်ဖက်ကိိုဆုပ်ကိုင်ပြီး ခေါ်သည်။ မျက်လုံးလုံးဝမဖွင့်ဘဲ မျက်ရည်တွေတသွင်သွင်ကျနေသည့် ငွေငါးလေးရဲ့အသိကင်းလွတ်နေပုံကြောင့် ပါးပြင်နှစ်ဖက်ကို ခပ်ဆတ်ဆတ်ပုတ်နှိုး၏။


ပါးပြင်ဆီက စပ်ဖျင်းဖျင်းအထိအတွေ့ကြောင့် ငါးလေး သတိလည်လာပြီး မျက်လုံးတွေကို ဖွင့်အကြည့် လင်းချင်းနေသည့်အခန်းကို ပထမဆုံးသတိထားလိုက်မိသည်။ ထိုမှ မျက်လုံးအရွေ့..သူမကို စိုးရိမ်တကြီး ကြည့်နေသည့် သမ္ဘာရင့်ရဲ့မျက်လုံးများဖြင့်ရင်ဆိုင်လိုက်ရ၏။


"သမ္ဘာ.."


"ငွေငါး...ငွေငါး ကိုယ့်ကိုသတိရတယ်ပေါ့"


ငိုတော့မလိုမျက်လုံးများဖြင့် သူ့ကိုအားကိုးတကြီး ခေါ်လိုက်သည့် ငွေငါးလေးရဲ့ ထိတ်လန့်တကြားအမူအယာလေးကြောင့် သမ္ဘာ လွှတ်ခနဲမေးလိုက်ပြီးမှ သူ စကားမှားသွားတာကို သိလိုက်ရသည်။ 


သို့သော် ငွေငါးလေးကတော့ သူ့စကားအမှားကို သတိထားလိုက်မိပုံမပေါ်ပါ။


"သမ္ဘာ.."


"မင်းအိပ်မက်ဆိုးတွေမက်နေတာ ငွေငါး..ကိုယ်ရေယူလိုက်မယ်နော်"


ငွေငါးလေး ပါးပြင်ပေါ်က လက်လေးကိုဖယ်ချပြီး ထအရပ် ငွေငါးလေးက လက်ကိုဆွဲထားကာ၊


"ဟင်အင်း မယူပါနဲ့...ငါးလေး ကြောက်တယ် သမ္ဘာ ဘယ်မှ မသွားပါနဲ့နော်။ ငါးလေးဘေးမှာဘဲနေပါ သမ္ဘာရယ်...နော် နော်"


ပူနွေးနေသည့်လက်ဖဝါးလေးတွေရဲ့အထိအတွေ့ကြောင့် သမ္ဘာ ငွေငါးလေးရဲ့နဖူးကို ပြန်စမ်းလိုက်သည်။


အမြဲတမ်းဆေးမကူဘဲနီမြန်းနေတတ်သည့်နှုတ်ခမ်းပါးလေးတွေက ဖြူဖတ်လျက် ပါးပြင်လေးတွေကျမှ ကွက်ပြီးရဲနေသည့်ငွေငါးလေး။ သူမ ဘယ်လောက်ကြောက်ရွံ့နေသလဲဆိုတာ ဖော်ပြနေ၏။


"ငွေငါး...မင်းကိုယ်တွေပူနေတယ်ကွ"


မေးလည်းမေးလိုက်သလို လည်ပင်းလေးတွေကို စမ်းလိုက်၊လက်ကသွေးခုန်နှုန်းအပြင် နဖူးလေးတွေပါးလေးတွေအကျန်အောင် သမ္ဘာက စမ်းသည်။


"မင်း ဖျားနေပြီ ငွေငါး...ဘယ်လိုနေလဲဟင် ခေါင်းတွေမူးနေသလား"


ကိုကြီးမိုးမြင့်ရှိနေတာကိုလည်း သတိမရတော့ပါ။ ငွေငါးလေးရဲ့အိပ်ရာ ဘေးမှာ ဝင်ထိုင်ရင်း ပါးလေးကို ဖွဖွကိုင်ကာစိုးရိမ်တကြီးမေးသည်။ 


မိုးမြင့်တစ်ယောက် သမ္ဘာတို့ကိုကြည့်ပြီး ခေါင်းရမ်းလျက် အိမ်ရှေ့ဧည့်ခန်းဆီပြန်လှည့်လာရင်းအသက်ကို ပျင်းပျင်းရှူလိုက်သည်။ 


"ဟင် ခေါင်းတွေမူးနေသလား ငွေငါးလေး..ကိုယ်တွေခြစ်ခြစ်တောက်ပူနေတာကွာ"


ဒူးနှစ်ဖက်ကို ပြန်ပိုက်လျက် နီမြန်းနေသည့်မျက်နှာလေးရှုံ့နေသည့် ငွေငါး။ သမ္ဘာ ဂွမ်းစောင်လေးကို ငွေငါးလေးကျောပြင်ကနေ သိုင်းခြုံပေးလိုက်သည်။


"ခဏနော် ကိုယ်ဆေးသွားယူဦးမယ်"


"အင်း ဆေးတွေအများကြီးမသောက်ချင်နော်"


"ကဲပါ...အဖျားကျဆေးဘဲ ခဏလေး"


သမ္ဘာက ပြောပြီး ထရပ်ပေမယ့် ငွေငါးလေးက လက်ကို မလွတ်တမ်းဆွဲထားကာ၊


"ခေါင်းတွေတအားကိုက်နေတယ် သမ္ဘာ ခေါင်းကိုက်ပျောက်အောင်လုပ်ပေးနော်"


"အေးပါကွာ ကိုယ်ဆေးသွားယူဦးမယ်။ ဆေးသောက်လိုက်ရင်ပျောက်သွားမှာပါကွာ"


ငွေငါးလေးကို ကြည့်ပြီး ရင်ထဲမချိပါ။ သူမ နှုတ်ဖျားက နာမ်စားလေးက သူ့မဟုတ်ခဲ့တာကို လိမ်ခဲတည်းလဲ ဖြစ်ခဲ့သည့် စိတ်ကလည်း ခုချိန်မှာ လွင့်ပါးသွားပြီ။ သူမအတွက် စိတ်ပူကာ စိုးရိမ်နေတာဘဲ သိတော့သည်။


"ဆေးယူပြီး ပြန်လာမယ် "


အိမ်ရှေ့ဘက်ဆီ ကပြာကယာထွက်ပြီး မမနွယ်ရဲ့ဆေးတွေထဲက အဖျားကျဆေးကို ရှာတော့ ကိုကြီးမိုးမြင့်ပါ ဝိုင်းရှာပေး၏။


"ကော်ဖီနဲ့မုန့်လေးအရင်ကျွေးလိုက် သမ္ဘာ ဆေးကို ဒီအတိုင်းမတိုက်နဲ့"


"ဟုတ်ကဲ့ ကိုကြီး"


ကော်ဖီ ကပြာပြေးဖျော် ကိတ်ခြောက်လေးတွေယူပြီး အခန်းထဲ ပြန်ဝင်တော့ ငွေငါးလေးက နားထင်ကိုလက်လေးဖြင့်ပြန်ဖိလျက် ရှုံ့မဲ့နေသည်။


"ဒီမှာ မုန့်စားပြီး ဆေးသောက်ရအောင် ငွေငါး"


"ဟင်အင်း မစားချင်ပါဘူး ခေါင်းတွေကိုက်တယ် သမ္ဘာ..အား... အရမ်းနာတာဘဲ"


သမ္ဘာက အဖျားရှိန်ကြောင့်နီရဲကာ အရောင်ရင့်နေသည့် ငွေငါးလေးရဲ့ နုမွတ်နေသည့် ပါးပြင်လေးကို ငေးခနဲကြည့်မိသွားသည်။ထိုမှတဆင့် စူတူတူလေးဖြစ်နေသည့် နှုတ်ခမ်းလေးမှာ မျက်လုံးတွေရပ်တန့်သွား၏။နီးကပ်လွန်းသည့်မျက်နှာနှစ်ခုက ရင်ခုန်သံတွေပါ ဒုန်းဒိုင်းကြဲလျက်။ 


"ကဲပါ မုန့်လေးတော့စားလိုက်နော် ဒါစားမှ ဆေးသောက်လို့ရမှာ။ စားလိုက်ပါကွာ"


ကိတ်လေးကို ဖဲ့ကာ ငွေငါးလေးရဲ့ပါးစပ်နားကပ်ပေးပြီး၊


"ဟပါကွာ..."


"ဟင်အင်းဆို မစားချင်ဘူး..ငါးလေး ခေါင်းတွေမူးတယ်"


"စားလိုက်ပါငွေငါးရယ်..ဟကွာ ဒီမှာ ကိုင်ထားရတာ"


ခေါင်းတွေမူးနောက်နေသည်ကြားက သမ္ဘာရဲ့ ဂရုတစိုက်အပြုအမူလေးကြောင့် ရင်ထဲနွေးသွားသည်။


"ဟ...ဟလိုက်ပါ ငွေငါးကလိမ္မာပါတယ်ကွာ"


နှုတ်ခမ်းလေးနှင့်ထိနေသည့်ကိတ်ကို ငုံ့ကြည့်ပြီး သမ္ဘာ့ကို မော့ကြည့်တော့ သမ္ဘာက မျက်စပစ်ကာ ပါးစပ်ဟဖို့ မျက်ရိပ်ပြသည်။


ငွေငါးလေး ကြည်ကြည်နူးနူးဖြင့် ပါးစပ်လေးဟပေးလိုက်တော့ သမ္ဘာက မုန့်လေးကို တယုတယခွံပေးသည်။ လျှာပေါ်တင်လာသည့် မုန့်လေးက အရသာပိုစိမ့်နေလျက်။


"ကဲ ဟဦး"


နောက်ထပ် မုန့်လေးတွေ ထပ်ခွံပေးတော့ ငွေငါးလေး အလိုက်တသင့်လေးဝါးစားလိုက်သည်။ သမ္ဘာက နောက်ထပ် ခွံပေးတော့ ငါးလေး ခေါင်းကိုနောက်ရို့ပစ်လိုက်ပြီး၊


"တော်ပြီကွာ...ဆေးသောက်မယ်လေ"


ဆေးသောက်မယ်ဆိုတော့လည်း ဆေးလုံးကိုလက်ဖဝါးလေးထဲထည့်ပေးပြီး အသင့်ယူလာတဲ့ရေခွက်လေးကို ကမ်းပေးလာသည်။ ချစ်သူရဲ့ ဂရုတစိုက်အပြုအမူလေးတွေကြောင့် ငါးလေး ပျော်ရွှင်ချမ်းမြေ့ရ၏။


"ခေါင်းတွေ မူးလိုက်တာ သမ္ဘာရယ်"


အိပ်ရာပေါ်လှဲသိပ်ရင်း စောင်ခြုံပေးတော့ ငွေငါးလေးကခပ်တိုးတိုး ငြီးတွားသည်။


"ဆေးသောက်ထားတာတော်ကြာပျောက်သွားမှာပါကွာ..အိပ်ပျော်အောင်အိပ်လိုက်နော်။ ကိုယ်နှိပ်ပေးမယ်"


စောင်လေးကို မေးဖျားအထိဆွဲခြုံပေးပြီး သမ္ဘာချော့မော့နှစ်သိမ့်ပေးလိုက်သည်။ဒါတောင် ငွေငါးလေးက သမ္ဘာလက်လေးကိုဆွဲယူဖျစ်ညှစ်ပြီး ရင်ဘတ်မှာကပ်ထားသေးသည်။


"သမ္ဘာ ဘယ်မှမသွားပါနဲ့နော်..ငါးလေးဘေးမှာဘဲ နေပါသမ္ဘာရယ်"


သမ္ဘာက သက်ပျင်းရှိုက်လျက်ခေါင်းညိတ်သည်။ ကိုယ်ချစ်တဲ့မိန်းကလေးနှင့်တစ်ခန်းထဲမှာ အတူတူရှိနေသည့်အဖြစ်မှာ ချစ်သူပေါ်စာနာခြင်း၊ငဲ့ညှာခြင်းတို့ဖြစ်ပေါ်လျက်။


"အိပ်ပျော်အောင်အိပ်လိုက်နော်...နိုးလာရင်သက်သာသွားလိမ့်မယ်"


အဖျားရှိန်ကြောင့် မျက်ကျောလေးစင်းချလျက် ငွေငါးလေးက ခေါင်းညိတ်ပြသည်။ ရှည်လျားသည့်မျက်တောင်ဖျားတွေက ပါးပြင်လေးထက်စင်းကျကာ စူမို့မို့နှုတ်ခမ်းလေးက စေ့ပိတ်လျက် အိပ်စက်နေသည့် ငွေငါးလေးကို ငေးကြည့်ရင်း နားထင်လေးပေါ်လက်လေးတင်လျက် သာသာလေးနှိပ်ပေးလိုက်သည်။ 


သမ္ဘာနှိပ်ပေးနေသည့် လက်ကို ငွေငါးလေးက ဆုပ်ကိုင်လျက် ငြိမ်သက်စွာလဲလျောင်းနေသည်။ သမ္ဘာရဲ့လက်လေးတွေက သူမလေးရဲ့နားထင်လေးပေါ် သာသာလေးပြေးလွှားနေခဲ့၏။


တဖြည်းဖြည်း အသက်ရှူသံမှန်လာသည့် ငွေငါးလေးတစ်ယောက်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားလေပြီ။ 


"ငွေငါးရယ်"


ချစ်သူရဲ့နဖူးလေးပေါ် အနမ်းနွေးနွေးလေးစွန်းထင်းစေလိုက်သည်။ ပူနွေးနေသည့်လက်ဖဝါးလေးကို သူ့လက်ဖြင့်ထွေးဆုပ်ရင်း စိတ်အေးချမ်းသာစွာ အိပ်စက်နေသည့် ချစ်ရသူရဲ့မျက်နှာလေးကို တစိမ့်စိမ့်ငေးကြည့်မိသည်။


စောင်လေးကို တင်းတင်းလေးထပ်ဆွဲတော့ သူ စိုးရိမ်ပြီး သူမပါးလေးကိုစိမ်းလိုက်၊နဖူးလေးမှာ ပါးကပ်ကြည့်ရင်း ပြာလောင်ခတ်နေမိသည်။ 


ဝေးဖို့အကြောင်းတွေ ဒီအချိန်မှာ မတွေးချင်ဘူး ငွေငါးရယ်။ မင်းကို ချစ်ခွင့်လေး တစ်မိနစ်၊တစ်စက္ကန့်ဘဲ ကျန်မယ်ဆိုရင်တောင် အဲဒီအချိန်လေးအတွင်းမှာ ဘာမှ မတွေးဘဲ အပူအပင်ကင်းကင်းနဲ့ ကိုယ် ချစ်ပါရစေ။ 


မင်း ကိုယ့်အနားမှာ မရှိတော့တဲ့အခါအမှတ်တရတွေကိုပွေ့ပိုက်ရင်း နောက်ဆုံးထွက်သက်အထိ ချစ်နေမှာပါ ချစ်ဆုံးရယ်။ 


သူမနှင့်ပါးချင်းကပ်လျက် တိတ်တဆိတ်ဆိုမိသည်။သူ မနက်ဖြန်ကို ကြိုမမြင်နိုင်ပေမယ့် သူ့အနာဂတ်ကို ကြိုမြင်နေပြီမို့...။


အပိုင်း(၂၁)ဆက်ရန်👈👈👈


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: