🌺ပန်းမွေ့ယာ.....ရွှေကော်ဇော🌺
ပိုချစ်လေပိုခံစားရလေ၊ပိုရှုံးလေတဲ့။ ပိုနာကျင်ရလေဆိုရင် ပိုမှန်လိမ့်မယ်လို့ထင်ပါတယ်....။လက်နပ်ချပြီးအလံဖြူပြနေလျက်နဲ့တောင် ရက်ရက်စက်
စက်သတ်ဖြတ်ချင်နေသေးတာလားကိုကို။
ကဝေမ၊ပိုင်းလုံးမတဲ့...။ အဲလိုပြောနေမဲ့အစား ဓားထက်ထက်နဲ့ ဟောဒီဝဲဘက်ရင်အုံကိုသာ စိတ်ရှိတိုင်းထိုးလိုက်ပါတော့လား။ အဆိပ်ပြင်းတဲ့မြှားတစ်စင်းလို သူ့စကားလုံးတွေက ဆူးရဲ့နှလုံးသားကိုအက်စက်လိုတိုက်စားနေခဲ့သည်။ အပေါ်ယံဟန်ဆောင်မှုတွေနဲ့ချစ်ခဲ့တာလည်းမဟုတ်ရပါဘူး ကိိုကို။ ကိုကိုဆိုတဲ့လူသားတစ်ယောက်ကို သိတတ်တဲ့အရွယ်ကစလို့ နက်နက်ရှိုင်းရှိုင်းနဲ့ကိုချစ်ခဲ့ရတာပါ။ ဆူးအချစ်၊ဆူးမေတ္တာကို အသိအမှတ်မပြုရင်နေ ရာဇမာန်လိုပြင်းထန်တဲ့ကိုကိုရဲ့တဖက်သတ်ယူဆချက်တွေနဲ့မစွပ်စွဲလိုက်ပါနဲ့။ဆူးခေတ်သစ်ဆိုတဲ့ကောင်မလေးတစ်ယောက်ရဲ့ဘဝရပ်တည်မှုဟာ ကြာနဲ့ရေလို ကိုကို့အပေါ်မှီခိုနေပါတယ်။ ရေမရှိရင်ကြာဆိုတာလည်းရှိမလာနိုင်သလို ကိုကိုမရှိရင်ဆူးလည်းရှင်သန်နိုင်မယ်မထင်ပါဘူး။
အသက်သွေးသားတစ်ခုလို ကိိုကိုဆိုတာ ဆူးအတွက်မရှိမဖြစ်လိုအပ်ချက်တစ်ခုဆိုရင် ဆူးကို ကိုကိုပြက်ရယ်ပြုမလား။ နေမထိတဲ့ပန်းလေးလို ကိုကိုသာရက်စက်ရင်ညှိုးနွမ်းရမှာပါကိုကိုရယ်။ ချစ်မိသူကအရှုံးတဲ့..။ဆူးဖတ်ဖူးတဲ့စာတွေနဲ့လူတွေပြောတာတွေကြားခဲ့ဖူးတယ်။ အစထဲကရှုံးနေပြီးသားပါဘဲ ကိုကို။ဒါထက်ပိုပြီးလည်းရှုံးဖို့မရှိသလို၊နာကျင်ဖို့လည်းမရှိတော့ဘူးထင်ပါတယ်။
တဖက်သက်အောက်ကျို့ပြီးတော့လည်စင်းပေးထားခဲ့တာဟာ ဆူးညံ့လို့မဟုတ်ဘူးကိုကို။သိပ်ချစ်လို့....ကိုကို့ကိုအရမ်းချစ်ခဲ့လို့။အချစ်တစ်ခုထဲနဲ့ ဆူး စုံလုံးကန်းနေခဲ့တာပါလို့ ဆူးပြောရင်...အပေါ်ယံတွေပါကွာဆိုပြီးကိုကိုလှောင်ပြောင်မယ်မို့လား။ ထားလိုက်ပါတော့....ဒီစကားတွေလည်းကြားရဖန်များတော့ဆူးနှလုံးသားက အထုံအကျင်စွဲနေပါပြီ။
ဆူးမေမေဟာကိုကိုထင်သလိုမဟုတ်ပါဘူးလို့ ဆူးမပြောချင်ဘူးကိုကို။ဆင်ခြေတွေပါဆိုပြီးကိုကို ပြောလာမှာဘဲမို့လား။ ကိိုကို့အမုန်းခံဖြစ်နေခဲ့ပေမယ့် အဲဒီအမုန်းတွေနဲ့ဆူးအသက်ဆက်မယ်။
"မေနွေး.....ဆေးသောက်ရအောင်နော်"
ခုတင်ပေါ်လဲလျောင်းနေသည့် ဒေါ်နွေးနွေးလှိုင်နားသို့လျှောက်သွားကာ ဆေးနဲ့ရေအသင့်ထည့်လာတဲ့လင်ဗန်းလေးကို ခုတင်ဘေးရှိစားပွဲပေါ်အသာချလျက် သူမပြောလိုက်သည်။
"မသောက်ချင်ပါဘူးသမီးရယ်..."
အားအင်ဖျော့တော့နေသည့်ဒေါ်နွေးနွေးလှိုင်အသံလေးက လေသံသာသာလောက်လေးထွက်လာ၏။ ခုတင်ပေါ်လဲနေသည်ဆိုပေမယ့် သူမပုံကတရေးမှအိပ်ပျော်ပုံမရှိ။မျက်တွင်းဟောက်ပက်နဲ့ ပိန်ကျသွားသည်မှာနေ့ချင်းညချင်း။ စိတ်ထောင်းကိုယ်ကျေတဲ့..။ဦးမဟာသွေးဆုံးသွားပြီးထဲက ဒေါ်နွေးနွေးလှိုင်တစ်ယောက်အိပ်ယာထဲဘုန်းဘုန်းလဲသွားခဲ့တာ။ အရင်ကဖျတ်လတ်တက်ကြွသည့်ဒေါ်နွေးနွေးလှိုင်ပုံကို ဘယ်အစရှာရမလဲမသိတော့ပေ။
ဟင်း....။ ဆူး သက်မမောကိုကြိတ်ချရင်း ခုတင်တစ်ဖက်စွန်းမှာ ဝင်ထိုင်လိုက်ကာ စိတ်ဓာတ်တွေကျနေသည့် ဒေါ်နွေးနွေးလှိုင်ရဲ့လက်တစ်ဖက်ကိုဆုပ်ကိုင်လိုက်သည်။ပြီးတော့....၊
"ဆေးသောက်လိုက်မှ မေနွေးမြန်မြန်နေကောင်းမှာပေါ့။ မေနွေးခုလိုလုပ်နေတာကိုသာ ကိုကိုသိရင်ဘယ်စိတ်ကောင်းနိုင်ပါ့မလဲ...။သောက်လိုက်ပါမေနွေးရယ်...နော်"
"သမီး...."
မှေးမှိန်ဖျော့ရီနေသည့်အကြည့်လေးတွေကို ဆူးဂရုဏာသက်သွားမိကာ၊
"ရှင်...မေနွေး။ဆူးကိုဘာပြောမလို့လဲ။ပြောလေ"
ဆူး အချိုသာဆုံးပြုံးလိုက်ပြီး ဒေါ်နွေးနွေးလှိုင်ကိုလမ်းဖွင့်ပေးလိုက်၏။ ဒေါ်နွေးနွေးလှိုင်ရဲ့မျက်လုံးတွေထဲက တောင်းပန်တိုလျှိုးရိပ်တွေကြောင့် သူမနားမလည်နိုင်ဖြစ်နေရသည်။ လူတစ်ယောက်ရဲ့ပုံပန်းသဏ္ဍာန်ဟာ အချိန်တိုအတွင်း ဤမျှပြောင်းလဲသွားတာ သူမမျက်စေ့တစ်မှိတ်အတွင်း။ လေဖောင်းရုပ်တစ်ရုပ်လို အရင်ကပြည့်ပြည့်ဖြိုးဖြိုးနှင့် သွက်လက်ချက်ချာခဲ့သည့် ဒေါ်နွေးနွေးလှိုင်၊သူမခင်ပွန်းဆုံးပြီးထဲကရောဂါသည်တစ်ယောက်လိုအိပ်ယာထဲလဲသွားသည်။ နောက်တွဲဆံထုံးလေးထုံးလျက် ထိုဆံထုံးတွင်ပန်းတွေမပြတ်ပန်ကာ အမြဲကျော့ရှင်းလှပနေသည့် ဒေါ်နွေးနွေးလှိုင်။ခုတော့..အရင်နှင့်ဆန့်ကျင်လျက်...ပြေလျော့ကျနေသည့်ဆံပင်တွေကခေါင်းအုံထက်ခွေဝိုက်ကျနေကာဆီမလိမ်သဖြင့်ခြောက်သွေ့နေလေတော့သည်။ဆူး ရင်ထဲနင့်သွားရ၏။ သြော်...မေနွေးရယ်။ဆူးလည်းမေနွေးလိုဘဲ ခံစားနေရပါတယ်။
"သမီးကို မေနွေးတောင်းပန်ပါတယ်ကွယ်"
"ဘာအတွက်လဲမေနွေး...ဆူးနဲ့မေနွေးကြားမှာ လိုလို့လား"
သူမလက်ကိုဆုပ်ကိုင်ထားသည့် လက်ကလေးပေါ်သို့ထပ်ဆိုင်ကိုင်လိုက်ရင်း၊
"သိပ်လိုတာပေါ့သမီးရယ်။ မေနွေးလေ...မေနွေး သမီးလေးအပေါ်မတရားခဲ့ဘူး။ဒါကြောင့်..."
"ဟင်း!!....."
ဘာကိုဆိုလိုမှန်း သူမသိနေကာ မသက်မသာဖြင့်သက်မချမိသွားရပြီးညှိုးရီနေသည့်ဒေါ်နွေးနွေးလှိုင်ကိုဂရုဏာသက်စွာငေးကြည့်ရင်း၊
"အဲဒီအတွက်ဆိုရင်တော့မေနွေးစိတ်မဆင်းရဲပါနဲ့တော့...ဆူးဘာကိုမှမမက်မောလို့အေးဆေးနေလာခဲ့တာဘဝတစ်လျှောက်လုံးပါဘဲ။ ဆူးမှာတွယ်တာစရာဆိုလို့မေနွေးနဲ့ကိုကိုဘဲရှိတော့တာမို့ ဆူးကိုတစိမ်းဆန်ဆန်မဆက်ဆံပါနဲ့လားမေနွေးရယ်"
အားငယ်ရိပ်တို့သန်းနေသည့်အကြည့် တိုးလျတိမ်ဝင်သွားသည့်အသံတို့ကြောင့် နားထောင်နေသူ၏မျက်ဝန်းအိမ်မှမျက်ရည်စက်လေးလက်ခနဲကြွေဆင်းသွားရ၏။
"ဒါပေမယ့်....မေနွေးစိတ်မလုံဘူးသမီး။ သားရဲ့အမုန်းတွေကိုမြင်ရတိုင်းသမီးကိုမေနွေးသနားတယ်။သားကိုလည်းပြေလည်အောင်မရှင်းပြနိုင်ဘူး။မေနွေးလေ သားကိုပြောမထွက်ဘူးကွယ်။နဂိုထဲကအငြိုးအတေးတွေနဲ့နာကျင်နေတဲ့နှလုံးသားကိုမေနွေးထပ်ပြီးမနင်းခြေရက်ဘူး။သမီးဘက်ကဘဲဖုံးကွယ်လက်စနဲ့ဆက်ပြီးဖုံးထားပေးပါ"
အတ္တကြီးပြီးတစ်ကိုယ်ကောင်းဆန်နေမှန်း သူမသိပေမယ့် အဲဒီအတ္တတွေကိုဆက်ပြီးဆုပ်ကိုင်ထားနေမိမှာပါ။ မိခင်တစ်ယောက်ရဲ့သားအပေါ်ထားတဲ့ချစ်ခြင်းမေတ္တာတရားကိုသိလာတဲ့တနေ့သူမကိုနားလည်လာကြလိမ့်မည်။ သားကိုမနာကျင်စေချင်ပါ။
"ရပါတယ်မေနွေး။ဆူးကိုယ်တိုင်လည်း အဖြစ်မှန်တွေကို ကိုကို့ကိုမသိစေချင်ပါဘူး။သူ့နေရာနဲ့သူရှိနေတာဘဲကောင်းပါတယ်။နှစ်ဦးနှစ်ဖက်မကောင်းတဲ့ကိစ္စကို ထာဝရမြှုပ်နှံလိုက်တာအကောင်းဆုံးပါမေနွေး"
"အဲလိုဘဲမေနွေးတို့အပေါ်ဆက်ပြီးနားလည်ပေးပါသမီးရယ်။ မေနွေးတကယ်ကျေးဇူးတင်ပါတယ်"
ကိုကိုနာကျင်ရင် ဆူးလည်းထပ်တူနာကျင်ရတာပါဘဲမေနွေး။ ဆူးချစ်တဲ့သူတွေကိုဘာအကြောင်းနဲ့မှမခံစားစေချင်တာဆူးရဲ့စိတ်ရင်းပါ။ ကိုကို့ကမ္ဘာပျက်မဲ့အလုပ်မျိုးဆူးဘက်ကစပြီး မပြောဘူးစိတ်ချ...ကိုကို့အမြင်မှာဆူးကကြောက်စရာမိန်းမဖြစ်နေရင်တောင်ပေါ့။ ဆူးနှုတ်ကနေ အမှန်တရားကိုဆူးအသက်နဲ့ခန္ဓာကင်းကွာတဲ့နေ့အထိမပြောပါဘူးလို့ သစ္စာဆိုပါတယ်မေနွေး။
"ဆေးသောက်ကြရအောင်နော်..မေနွေး"
"အင်း..."
ဗန်းထဲမှာအသင့်ရှိနေတဲ့ ဆေးခွက်လေးကိုဒေါ်နွေးနွေးလှိုင်ယူသောက်လိုက်၏။ထို့နောက် အခန်းအပြင်ကိုလှမ်းမျှော်ကြည့်ကာ၊
"သားပြန်မရောက်သေးဘူးလား သမီး"
"ဟုတ်....မရောက်သေးဘူးမေနွေး။ သိပ်မကြာပါဘူးကိုကိုပြန်လာမှာပါ။ဟိုမှာအလုပ်တွေမပြတ်သေးလို့နေမယ်"
မလုံမလဲဖုံးဖိရင်းလိမ်နေရတာကိုပင်စိတ်ထဲမသန့်တော့။ ဒေါ်နွေးနွေးလှိုင်ကိုသူမမလိမ်ချင်ပါ။သို့သော်ချစ်တဲ့သူရဲ့အလိုကျသူမဘက်ကလိုအပ်သမျှလုပ်ပေးရမည်သာ။
"အင်း...မေနွေးကိုလည်းအဲလိုဘဲပြောတယ်။ကဲ...ကဲသမီးလည်းလုပ်စရာရှိတာသွားလုပ်တော့ မေနွေးပြန်လှဲလိုက်ဦးမယ်"
"ဟုတ်ကဲ့"
တော်ပါသေးရဲ့...သူမကိုမရိမ်မိလို့။အခန်းတံခါးပြန်ပိတ်ရင်း ရင်ဘတ်လေးဖိကာခိုးပြီးသက်ပြင်းချမိ၏။ နောက်စိမှာအနည်းငယ်ပေါက်သွားတာကို ဆံပင်နဲ့ဖုံးထားတာမို့ ဒေါ်နွေးနွေးလှိုင်မရိမ်မိခဲ့။ အနာတရဖြစ်အောင်လုပ်သွားတဲ့ သူ့ကိုအပြစ်မတင်တဲ့အပြင်အချစ်ဝင်နေမိလေတော့...။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"တီ!!......တီ!!......"
ဟွန်းသံရှည်ကြီးကြောင့် ဆူးခေါင်းလေးထောင်သွားရကာတိုက်လက်စမီးပူကိုအသာချထားလိုက်မိသည်။ ထို့နောက်ပလပ်ပါဖြုတ်လျက် အပေါ်ထပ်ကနေပြေးဆင်းကာ တံခါးဝဆီအရောက် ကားဘေးမှာအသင့်ရပ်ပြီးစောင့်နေတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရ၏။ အသက်သုံးဆယ်လောက်ရှိမည့်ထိုလူက ဆူးကိုခြေဆုံးခေါင်းဖျားကြည့်ပြီး၊
"မမလေးက ဆူးခေတ်သစ်ထင်တယ်"
"ဟုတ်ပါတယ်ရှင့်...ဒါနဲ့အစ်ကိုက ကိုကိုလွှတ်လိုက်တဲ့လူလား"
အနက်ရောင်အနောက်တိုင်းဝတ်စုံကိုဝတ်ဆင်ကာ အသားညိိုညိုထောင်ထောင်မောင်းမောင်းနှင့်
ထိုလူကြီးကတစ်ချက်ခေါင်းဆတ်ပြပြီး၊
"မမလေးကို သူဌေးက မိနစ်နှစ်ဆယ်အတွင်းအရောက်လာခဲ့ပါတဲ့"
"ရှင်!!......မိနစ်နှစ်ဆယ်အတွင်းဟုတ်လား"
သူ..လူလွှတ်ပေးမယ်ပြောပြီးတစ်ညနေလုံးပေါ်မလာတာမို့ လာမခေါ်ဖြစ်တော့ဘူးဆိုပြီးသူမအေးဆေးမီးပူတိုက်နေခဲ့တာ။ ခြောက်နာရီထိုးပြီးကာမှ ဘာလာလုပ်တာလဲ။ စိတ်ရှိတိုင်းတွန်းထိုးသွားပြီးမှ တစ်နေကုန်ပြန်ရောက်မလာတဲ့သူ့ကို ဆူးဘယ်လိုမှနားမလည်နိုင်။ ဖေဖေဆုံးသွားပြီးထဲက သူ့ပုံကသိသိသာသာပြောင်းလဲသွားခဲ့သည်။
ခေါင်းမှာလည်းဒဏ်ရာကြီးနဲ့ဘာဖြစ်တာလဲမေးတော့လည်း မဖြေ။ သူ့အမေကိုလည်းအသိမပေးဘဲ ဘာတွေကျိတ်ကြံနေသလဲမသိ။
"မမလေး!!....."
ခုလည်းဘာတွေလုပ်ပြန်သလဲ။ ဆူးကိုညနေခြောက်နာရီထိုးပြီးမှ မိနစ်နှစ်ဆယ်အတွင်းပြင်ဆင်ပြီးလိုက်ခဲ့ပါတဲ့လေ။
"မမလေး!!...."
"ရှင်!!......"
အနားမှ ကပ်ခေါ်သံကြောင့်ဆူးအသိတရားလေးတွေကိုယ်နဲ့ပြန်ကပ်ကာ ကပြာကယာထူးလိုက်မိ၏။ မရယ်မပြုံးပုံဖြင့်ခပ်တည်တည်စိုက်ကြည့်နေသည့် ထိုလူရှေ့မှာအတွေးလွန်နေမိသည့်မိမိကိုယ်မိမိရှက်သွားရသည်။
"ကျွန်တော် အိမ်ရောက်ထဲကသူဌေးကမိနစ်စမှတ်နေမှာတဲ့"
"ဘယ်လို!....ဘယ်လို...မိနစ်ကစမှတ်နေပြီဟုတ်လား"
မျက်လုံးတွေပြူးကျယ်သွားရပြီး ဆူးအလန့်တကြားမေးမိသွားသည်။
"ဟုတ်တယ်ခင်ဗျာ့...ခုသုံးမိနစ်ရှိပါပြီ။ ဒီမှာ မမလေးအတွက်..."
"အာ!!.....ကိုကို့!"
ဆူး ပြာယာခတ်ကာဘာလုပ်လို့လုပ်ရမှန်းမသိတော့ဘဲ စိတ်ညစ်ကာဆောင့်အော်လိုက်မိစဥ်၊
"သူဌေးက သူသတ်မှတ်တဲ့အချိန်မှာရောက်မလာရင် မမလေးသူ့အကြောင်းသိမယ်လို့ပြောလိုက်ပါတယ်"
"ဟင်!.....ကိုကိုမကောင်းဘူး"
"မမလေး..."
ပွစိပွစိရေရွတ်ရင်းအိမ်ထဲဝင်ပြေးပြီးမှ သူမကိုခေါ်လိုက်သံကြောင့် အဝတ်ကိုသတိရကာပြန်လှည့်ယူလိုက်ရသည်။
"ကျေးဇူး..."
အိမ်ပေါ်ထပ်ကိုတဒိုင်းဒိုင်းပြေးတက်ရင်း အခန်းထဲရောက်တာနဲ့ ခုတင်ပေါ်အဝတ်ထည့်ထားတဲ့အိတ်ကိုပစ်တင်ကာ ရေချိုးခန်းထဲဝင်ပြေးရပြန်သည်။ ကိုယ်လက်သန့်စင်ပြီးရေချိုးခန်းထဲကထွက်ကာ ဟိုဟာကောက်ကိုင်ရတော့မလိိုလို၊ဒီဟာကောက်ဆွဲရတော့မလိိုလိုဖြင့် ယောင်ချာချာပြာများနေရသည်။
"အမလေး...ဆယ့်ငါးမိနစ်ဘဲရှိတော့တာ။ဘာအရင်လုပ်ရမလဲ.."
သူပို့ပေးတဲ့အိတ်ကိုပြေးဆွဲလိုက်ပြီး အိတ်ထဲကနေ ဝတ်စုံထည့်ထားတဲ့ဘူးကိုထုတ်လိုက်ပြီးမှ သူမဘာမှမလိမ်းရသေးတာကိုသတိရသွားကာ၊
"မျက်နှာ!!.....မျက်နှာကိုအရင်ပြင်ရမယ်"
လက်ထဲရောက်နေပြီးသားဘူးကိုပစ်ချပြီးမှန်တင်ခုံရှေ့ရောက်သွားကာ မျက်နှာကို အရင်ပြင်လိုက်သည်။ ထို့အခါ..ကိုယ့်ဝတ်ရမယ့်ဝတ်စုံအရောင်ကိုမကြည့်မိသေးတာကိုသတိရသွားပြီး ခုတင်ပေါ်ရှိဘူးကိုသွားယူကာဖွင့်ကြည့်လိုက်မိသည်။ အနက်ရောင်ပေါ်လာတာနဲ့ ဝတ်စုံကိုပစ်ချပြီး မျက်နှာကိုအပြေးအလွှားပြင်လိုက်ရ၏။ အရုပ်မလေးလိုလှသွားတဲ့မျက်နှာကမှန်ထဲမှာပေါ်နေကာမှ၊
"အဟင်း!....ဒီလောက်ဆိုရပြီ။ အကျီ...အကျီအမြန်လဲရမယ်။ ဘုရား...ခုနစ်မိနစ် ခုနစ်မိနစ်ဘဲလိုတော့တယ်"
နာရီကိုလှမ်းကြည့်ရင်း အကျီကိုကောက်ဝတ်လိုက်မိသည်။ထိုအခါမှ အကျီကရင်ဘတ်နဲ့ကျောပြင်တစ်ခုလို ဟင်းလင်းဖြစ်ကာ တင်ပါးအောက်အထိအကျပ်ဖြစ်ပြီးအောက်ပိုင်းကအကားပုံစံ။ အဆိုးဆုံးကတော့ ပေါင်လယ်အထိကွဲနေတာပင်။ အကွဲကအတော်ရှည်ကာ လမ်းလျှောက်ရင်အရမ်းအရုပ်ဆိုးသွားမှာ။ အကျီကိုဝတ်ပြီးမှ ဆူအနေကျပ်
နေရသည်။
"ဘယ်လိုအကျီမျိုးတွေလဲ။ ကိုကိုဘာတွေလုပ်နေတာလဲမသိဘူး"
အတိုတွေအပြတ်တွေဝတ်ရဲပေမယ့် ခုလိုဝတ်စုံကိုတော့ သူမမနှစ်သက်။ ရင်ဘတ်မှ ချက်နားအထိဇာအပါးလေးကိုအမြောင်းလိုက်လေးဖော်ထားတာမို့အတွင်းသားတွေပေါ်နေ၏။ ရိုင်းသည်ဆိုတာထက်ပိုနေသည့်အကျီ။ နှုတ်ခမ်းလေးကအလိုမကျစွာစူသွားရပြီးဖုန်းကိုကောက်ကိုင်လိုက်စဥ် ဖုန်းကသီချင်းသံလေးတွေထွက်လာ၏။
"ကိုကို...."
"ဆူးခေတ်သစ်!.....ငါးမိနစ်ဘဲလိုတော့တယ်နော်။ ငါးမိနစ်အတွင်းရောက်မလာရင်တော့...မင်း!"
ဖုန်းကိုင်လိုက်တာနဲ့ သူ့အသံကတရစပ်ထွက်ပေါ်လာကာဆူးကိုကြိမ်းမောင်းနေတော့သည်။
"ကိုကိုပို့လိုက်တဲ့အကျီက..."
သူ့စကားမဆုံးခင်ဖြတ်မေးလိုက်မိတော့ သူကလည်း ဆူးစကားကိုဆုံးအောင်နားမထောင်။
"ဘာလဲ...ငါပို့လိုက်တာဝတ်ဆိုဝတ်ပေါ့။ဘာတွေရှည်နေတာလဲ"
"မဟုတ်ဘူးကိုကို။အကွဲကလည်းအရမ်းရှည်တယ်ပြီးတော့ ရင်ဘတ်ကလည်းဇာခံထားတာအရမ်းရိုင်းတယ်ကိုကို"
"အဲတော့!...."
"ဆူးမဝတ်ချင်ဘူးကိိုကို"
"မင်းဒါထက်ဆိုးတာတွေတောင်ဝတ်ခဲ့သေးတာဘဲ ဆူး။ဇီးရိုးကွာတားလောက်တော့မဆိုးဘူးထင်တာဘဲ...ဟုတ်တယ်မို့။ မင်းဝတ်ရဲပါတယ် ဆူးခေတ်သစ်။ ခုမှရိုးပုံရိုးပန်းလုပ်မနေနဲ့..သုံးမိနစ်ဘဲကျန်တော့တယ်"
"နပေါဦး ကိုကို။အကြီက..."
"ငါတမင်ဝတ်ခိုင်းတာဆိုရင်ရော..."
ဟင်...။
"ကိိုကို့..."
"မင်းမှာငြင်းခွင့်ရှိတယ်လို့ထင်နေတာလား ဆူးခေတ်သစ်"
"ဆူးဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူးကိုကို။ကိိုကိုစေရာသွားနေရတဲ့အရုပ်တစ်ရုပ်ဆိုရင်တောင် ဆူးကနှလုံးသားနဲ့ဆိုတာမမေ့ပါနဲ့......"
"ငါစိတ်မဝင်စားဆုံးကလည်း အဲဒီအကြောင်းဘဲ...။ အချစ်ဆိုတဲ့ခေါင်းစဥ်ကြီးကို ချမ်းသာဖို့တစ်ခုထဲနဲ့အလွဲသုံးစားလုပ်ပြီးသူများသိုက်မြုံတွေကို ဖျက်ဆီးခဲ့တဲ့မိန်းမတွေလောက်ရွံ့စရာ၊မုန်းတီးစရာကောင်းတာမရှိတော့ဘူး။ ခုအဲဒီအကျီကိုဝတ်ပြီး ငါခေါ်တဲ့နေရာကိုအမြန်လာခဲ့..."
"ကိုကို!....ကိုကိုနပေါဦး"
တစ်ဖက်ကဖုန်းချသွားခဲ့ပြီ။ သူတမင်လုပ်တာ။ ဆူးကို ဒီအကျီဝတ်ခိုင်းတာ သူတမင်စီမံထားခဲ့တာ။ သူ့မှာအကြံတစ်ခုခုရှိနေလိမ့်မည်။ ဖုန်းကို ခုတင်ထက်ပြန်ချရင်းပါးပြင်ထက်လိမ့်ဆင်းလာသည့်မျက်ရည်စက်လေးကို အသာတို့ထိလိုက်မိသည်။
ထို့နောက်မှန်တင်ခုံရှေ့ပြန်ထိုင်ကာ မျက်နှာကိုပိုပြီးကာလာရင့်လိုက်ကာ နှုတ်ခမ်းကိုအနီရဲရဲဆိုးပစ်လိုက်သည်။ ဆံပင်တွေကိုကပိုကယိုဆန်အောင်တမင် ပုခုံးတစ်ခြမ်းမှာချထားလိုက်သည်။ အနက်ရောင်ပြောင်နေသည့်လက်ကိုင်အိတ်ကိုရွေးကာ ပစ္စည်းပစ္စယတွေထည့်ပြီး ဖိနပ်လေးကိုင်၍
အပေါ်ထပ်ကနေဆင်းလာခဲ့လိုက်၏။
အဝင်ဝရောက်တော့ ကိုင်လာတဲ့ဖိနပ်ကိုချကာ စီးလိုက်၏။ အနက်ရောင်ရှူးပုံဒေါက်က ပွင့်ဒေါက်မို့ မကျွမ်းကျင်လျှင် ဒုက္ခများသွားနိုင်၏။ ဆူးအတွက်ကတော့ ဘယ်လောက်မြင့်တဲ့ဖိနပ်မဆို ထမင်းစားရေသောက်အဆင့်မျှသာ။ ကျောက်တွေစီထားသည့်ဖိနပ်နဲ့လက်ကိုင်အိတ်က လိုက်ဖက်နေ၏။ ဒီဖိနပ်နဲ့အိတ်က ဆူးဟိုမှာကျောင်းတက်တုန်းကဝယ်ထားခဲ့တာ။ ဒီပြန်ရောက်ထဲကတစ်ခါမှမသုံးဖြစ်သေးတာ ခုမှပထမဆုံးပွဲထွက်ခြင်းဖြစ်၏။
အသင့်ဖွင့်ထားတဲ့ကားတံခါးကနေ ဝင်ထိုင်လိုက်ချိန် ကားစက်သံညက်ညက်လေးနှင့်အတူ သွေးခုန်နှုန်းတွေတဒိတ်ဒိတ်တိုးနေခဲ့ပြီး ကားလေးလည်းလျောခနဲထွက်အသွား ဆူးရင်ထဲပါ သိမ့်ခနဲလှိုက်ခုန်လို့သွားရ၏။
ဒီအကျီကို ကိုကိုဝတ်စေချင်တယ်မို့လား ကိုကို။ ကိုကိုဝတ်စေချင်တဲ့အကျီကိုဆူးဝတ်ခဲ့ပြီ။ ကိုကိုကျေနပ်လိုက်ပါတော့။
အလုံပိတ်မှန်ထဲကနေ အပြင်ကိုငေးရင်းရင်တစ်ခုလုံးမွန်းကျပ်ပိတ်လှောင်နေခဲ့သည်။ ဒီဝတ်စုံကိုရွေး ချယ်လိုက်ထဲက သူ့မှာအကြံရှိနေလို့။ မရိုးဖြောင့်ခြင်းတွေနဲ့ စောင့်မျှော်နေသူထံ သိသိလျက်တိုးဝင်နေသူက ရင်ခွင်ဗလာဖြစ်နေရင်တော့အကောင်း
သား။ခုတော့...။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"မျိုးကျော်...ဘာဖြစ်နေကြတာလဲဟ"
ကျော်မြင့်သူက အပြင်ကိုမေးဆတ်ပြရင်းမေးလိုက်တော့ မျိုးကျော်ထွန်းကခေါင်းခါပြလိုက်ပြီးလက်ထဲကငါးဆင့်ချိုင့်ကိုလူနာခုတင်ဘေးရှိခုံပေါ်တင်လိုက်ကာ၊
"ကြည့်ရတာတော့ လူနာသေသွားတာဖြစ်မယ်ကွ။သေသူရဲ့မိဘတွေထင်တယ်။တကယ့်ဟိုက်ဘော့စ်တွေကွ.."
မျိုးကျော်ကချမ်းသာချင်သူမို့သူဌေးတွေမြင်တိုင်းခုလိုဘဲသရေတမြားမြားဖြစ်တတ်၏။ အကြောင်းကိစ္စရှိလို့မေးရင် လိုရင်းကိုဘယ်တော့မှမရောက်..
ချမ်းသာတဲ့အကြောင်းကိုအရင်ပြောလိုက်ရမှအိပ်ပျော်စားဝင်သူ။ခုလည်း ကျော်မြင့်သိချင်တာကအပြင်ကဆူညံဆူညံအသံတွေကိုပါ။ မျိုးကျော်ပြောနေတာက ချမ်းသာတဲ့အကြောင်းတွေတဖွဲ့တနွဲ့။ကျော်မြင့်စိတ်မရှည်ချင်တော့..၊
"ဟကောင်ရ....ငါမေးတာကဘာဖြစ်တာလဲလို့သိချင်တာ။မင်းပြောနေတာကသူဌေးအကြောင်း..."
"ချမ်းသာတာကိုပြောပြတာပါကွာ မင်းကလည်း။ accidentဖြစ်ပြီးသေသွားတာလို့ပြောတာဘဲ။ ဖြစ်တာက ညကတဲ့။သမ္ဘာနဲ့တူတူဘဲ..။ဒါပေမယ့် သူကတော့ဆုံးသွားတဲ့ကွ။ မိဘတွေဆိုတာအလူးအလိမ့်ဘဲ အသံတွေမင်းလည်းကြားမှာပါ နားမချမ်းသာစရာ"
"တော်သေးတာပေါ့ ငါတို့သမ္ဘာကဘာမှမဖြစ်လို့"
"သမ္ဘာဆိုမှ သတိရတယ် ကျော်ကြီးရ။ မမနွယ်တော့မီးခွက်ထွန်းနေပြန်ပြီကွာ"
"မီးခွက်ထွန်းရအောင် သူ့အိမ်မှာမီးမရှိလို့လား။ဟိုတလောကမှ သမ္ဘာ သူတို့အိမ်အတွက်ဆိုလာဝယ်ပေးထားတယ်လေ။အဲဒါ ဘယ်ရောက်သွားလို့လဲဟ"
"ကျစ်!....ဘာတွေပြောမှန်းမသိပါဘူး။ တစ်မနက်လေးဆေးရုံစောင့်ရတယ် မင်းဂေါက်များသွားတာလား"
"ငါကဘာလို့ဂေါက်ရမှာလဲဟ။ မင်းကရောဘာတွေပြောနေတာလဲ"
"ပြဿနာကိုမီးခွက်ထွန်းရှာတာပြောတာကွ...။မမနွယ်လေ...အိမ်မှာပြဿနာရှာထားလို့။ သမ္ဘာနဲ့တော့တွေ့တော့မယ်..ငါတော့ရင်လေးပါတယ်ကျော်ကြီးရာ"
ကျော်မြင့်ခေါင်းကုတ်လိုက်မိ၏။ မျိုးကျော် ဘာတွေပြောနေသလဲ သူမသိ..နားလည်းမလည်။
"မမနွယ် ဘာတွေလုပ်နေလို့ သမ္ဘာနဲ့တွေ့ရမှာလဲ မင်းဟာ ရှင်းအောင်လည်းပြောစမ်းပါဦးမျိုးကျော်ရာ။ ငါနားထဲမှာရှုပ်ယှက်ခတ်နေတာဘဲ"
"မသိလည်းထားလိုက်တော့ မင်းစားဖို့ငါထမင်းထည့်လာတယ်။စားလိုက်ဦး...။ဒါနဲ့ဆရာဝန်ဘာပြောသေးလဲ။ သမ္ဘာသတိပြန်ရတော့မှာလား"
"အင်း..မကြာခင်သတိရလာတော့မယ်လို့တော့ပြောတာဘဲ။ ဒါနဲ့...ဝက်ရှော့ခ်ကိုဘယ်လိုလုပ်ခဲ့လဲ"
"ကိုတေကြီးကိုခဏအပ်ထားခဲ့ရတယ်ကွ။ အားလုံးကသမ္ဘာကိုဘဲတမေးထဲမေးနေကြတာ။ ဆေးရုံကိုတောင်လိုက်လာမယ်လုပ်နေကြလို့ သမ္ဘာသတိရမှလာပါလို့မနည်းတားထားရတာ"
"အေးလေ....သမ္ဘာ့အတွက်တစ်ရွာလုံးစိတ်ပူတာမဆန်းပါဘူးကွာ"
"ကိုကြီးမိုးမြင့်က ဒီညသူပါလာစောင့်ပေးမယ်တဲ့"
"ဟုတ်လား...ကောင်းတာပေါ့။ ငါတို့အဖော်ရတာပေါ့ကွ"
"သမ္ဘာမြန်မြန်ပြန်ကောင်းလာမှဖြစ်မယ်ကွ။ဒါမှ သူ့ကိုခုလိုဖြစ်အောင်လုပ်တဲ့ကောင်တွေကိုပြန်ဆုံးမလို့ရမှာ"
မျိုးကျော်က ဆေးပိုက်တွေတန်းလန်းနှင့် သမ္ဘာ့ကိုကြည့်ကာ မချင့်မရဲရေရွတ်နေ၏။ မင်းတို့ပုန်းကောင်းတုန်းလုံအောင်ပုန်းထားဦးပေါ့ကွာ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ကျွီ!!........"
ကားဘရိတ်သံအဆုံးကားလေးကဟိုတယ်တစ်ခုရှေ့မှာငြိမ့်ခနဲထိုးရပ်သွား၏။ အလျှိုလျှိုဝင်သွားနေသည့် လူတွေကိုငေးကြည့်ရင်း ကားပေါ်ကမဆင်းဖြစ်သေးပေ။
"မမလေး....အထဲကိုကြွပါခင်ဗျာ့"
ကားတံခါးပွင့်သွားပြီးလက်နောက်ပစ်လျက်ခေါင်းငုံ့အရိုအသေပေးနေသည့် သူတွေကြောင့် ကားပေါ်ကနေ စိတ်မပါစွာဆင်းလိုက်ရ၏။ သူမကားပေါ်ကဆင်းလိုက်တာနဲ့ ကြိုနေတဲ့ဧည့်ကြိုလေးတွေက ပြန်လှည့်ထွက်သွားတာမို့ အကျီကိုဆွဲချပြီးအထဲလျှောက်လာခဲ့မိသည်။
သည်နေရာကို ဘာကြောင့်ခေါ်သလဲမသိပေမယ့် သူမအတွက်ကောင်းခြင်းတွေမဖြစ်နိုင်တာ ကြိုသိနေရသည်။ အနက်ရောင်ဇာအောင်က အောက်ခံအကျီကို အစကမလုံမလဲဖြင့်ရှက်မိပေမယ့် သူမကိုတမင်လုပ်တာမှန်းသိလိုက်ချိန်ထဲက ရင်ထဲမှာဘာမှမခံစားရတော့ပါ။ သူမအတွက် သူပေးလာမဲ့အရာကို အဆိုးဝါးဆုံးအထိမျှော်လင့်ထားခဲ့ပြီးပြီမို့ သိပ်တော့မတုန်လှုပ်တော့ပေ။ နာကျင်ခြင်းဆိုတာ သူမရဲ့ဖွားဖက်တော်။
အထဲရောက်တာနဲ့ သူ့ကိုအရင်ရှာလိုက်သည်။ မျက်လုံးတွေညောင်းမတတ်ဝေ့ဝဲကြည့်ပေမယ့် သူ့အရိပ်အယောင်ကိုမမြင်။ သူမ မသိတဲ့လူတွေကြားထဲ အိုးတိုးအမ်းတမ်းဖြစ်နေမိသလို၊ ပုရိသတွေရဲ့မျက်လုံးတွေက သူမထံစုပုံလာတော့ ကြက်သီးမွှေးညင်းတွေထလာရ၏။ ကိုယ့်အကျီက အတော်အဆင်ဆိုးနေတာသိနေတော့မျက်နှာတပြင်လုံးနွေးနေရသည်။
"မမလေး...သူဌေးက ဟိုဘက်ကိုလိုက်ခဲ့ပါတဲ့"
ဝိတ်တာလေးတစ်ယောက်အနားရောက်လာပြီးခေါ်မှ သူမယောင်ချာချာဘေးကနေလွတ်မြောက်ခွင့်ရတော့၏။ လွတ်လွတ်လပ်လပ်နေတတ်သူပေမယ့် ခုလိုပွဲမျိုးနဲ့သူမ အစိမ်းသက်သက်ဖြစ်လို့နေသည်။
နည်းနည်းလျှောက်လာတော့မှ အနက်ရောင်ကုတ်နဲ့ခန့်ညားချောမွေ့နေသည့်သူ့ရုပ်သွင်ကိုလှမ်းမြင်ရတော့သည်။ လက်တစ်ဖက်မှာ ဝိုင်ခွက်ကိုကိုင်လျက် တစ်ဖက်ကဘောင်းဘီအိတ်ထဲထည့်ကာ သူရှေ့ကလူတွေနဲ့ရယ်မောပြောရင်း ဝိုင်ကိုမော့နေဟန်က ဆွဲဆောင်မှု အပြည့်။ ပွဲကဘာပွဲမှန်းမသိပေမယ့် အားလုံးကစုံတွဲတွေချည်းများကာ သူ့အုပ်စုနဲ့သူ။
အဝေးကပင်ထင်းနေသည့် သူ့ကိုငေးကြည့်ရင်းခြေလှမ်းများက အညှို့ခံရသူတစ်ယောက်လို သူ့ထံသို့တဖြည်းဖြည်းရွေ့နေ၏။ စကားပြောရင်းတစ်ချက်တစ်ချက်ပြုံးလိုက်တာလေးက သူမကမ္ဘာမှာအလင်းရောင်တစ်ခုပင်။ ဘယ်သူတွေချောပါတယ်ဆိုဆို သူ့ကိုမှီမတဲ့လား။ မမရွှေရေးချယ်ငြင်းပယ်ခဲ့တဲ့သူကသူမအတွက်တော့တန်ဖိုးမဖြတ်နိုင်တဲ့အမြုတေတစ်ခု။
ဒီပွဲတစ်ခုလုံးမှာသူ့လောက်ချောတဲ့သူမရှိနိုင်တော့။ ရှိခဲ့ရင်လည်းသူမမျက်လုံးထဲမှာသူသာအရှင်သခင်
..ဘုရင်ငယ်လေး။
"ဘုတ်!!......."
"အင့်!!......အို!...."
"ဟာ!......သွားပြီကွာ.."
တိုက်မိသွားပြီဆိုတဲ့အသိနောက်မှ သူမဘာမှပြင်ဆင်ချိန်မရလိုက်။ သြရှရှအသံတစ်ခုကြောင့် သူ့ရင်ဘတ်ကအစွန်းကွက်ကြီးကိုမြင်လိုက်ရပြီး သူမတုန်လှုပ်သွားရသည်။ သွားပြီ...။သူမတိုက်လိုက်လို့တဖက်လူရဲ့ဝိုင်ခွက်က သူ့ရင်ဘတ်ပေါ်ပြန်လောင်းချသလိုဖြစ်သွားပြီး ဖွေးစွတ်နေသည့်ကုတ်မှာစွန်းထင်းညစ်ပေကုန်တော့သည်။
"တောင်းပန်ပါတယ်ရှင့်...ဆူးအမှားပါ။ ဆူးငေးနေမိလို့..ခုလိုဖြစ်ရတာပါ။တောင်းပန်ပါတယ်"
ချိုမြကြည်လင်နေသည့်အသံစာစာလေးကြောင့်ဓနရှင်ရဲ့အာရုံတွေညစ်ပေသွားတဲ့ကုတ်ကနေ ထိုအသံရှင်လေးထံရောက်သွားရကာ...။ ဝိုး......နတ်သတ်ကြွေတဲ့နတ်သမီးလေးလား။ လူမလေးလို့ထင်စရာမရှိအောင်အိစက်နေအောင်လှလွန်းသည့်နတ်ကညာတစ်ပါး။ ကွေးညွတ်နေသည့်မျက်ခုံးတန်းလေးအောက်က ရွှန်းတောက်နေသည့်မျက်လုံးလေးတွေက လိုင်းနာကြောင့်ပိုပြီးအသက်ဝင်နေကာ တလက်လက်ရွှန်းတောက်လို့နေ၏။ ကော့ညွှတ်နေသည့်မျက်ဆောင်ရှည်လေးတွေကမီးရောင်အောက်ဝယ် မျက်လုံးလေးကိုကာရံကာအရိပ်ထိုးနေသည်။လုံးစင်းနေသည့်နှာတံအောက်က ပါးလျပ်လျပ်နှုတ်ခမ်းလေးကအနီရောင်ဖူးကြွကာ ရင်ခုန်သံတွေ ကသောင်းကနင်းဖြစ်စေကာ နီရဲစိုလက်နေသည်က ရင်ခုန်ယစ်မူးဖွယ်အတိ။
အကျောစိမ်းလေးတွေယှက်သန်းနေသည့် လည်တိုင်တစ်လျှောက်မှာတလက်လက်ထနေသည့်လော့ဂတ်လေးက သူမအလှကိုပံ့ပိုးနေ၏။ အနက်ရောင်အကျီလေးက အပေါ်မှာပင်အသားဆိုင်လေးတွေကိုလှစ်ဟပြနေသလိုဗိုက်အထိအမြှောင်းလိုက်ခွဲထားပြီးဇာအုပ်ထားတာမို့ ဇာအောက်ကနေ ဗိုက်သားဖွေးဖွေးလေးတွေအပြင်အောက်ခံအကျီလေးကိုပါတစွန်းတစမြင်နေရသည်။ အကျီလေးကတင်းရင်းချပ်ကပ်နေကာ သူမရဲ့ကောက်ကြောင်းတွေအထင်းသား၊အရှင်းသားပေါ်နေ၏။
"ဆော်ရီး....ဆော်ရီးပါရှင့်"
ကြိုးကြာသံလေးလိုငြိမ့်ညောင်းတဲ့အသံလေးကြောင့် သူသတိဝင်လာကာ သူမကိုငေးနေမိရာမှမျက်နှာလွှဲလိုက်မိသည်။
"ရပါတယ်...မတော်တဆဘဲ"
ဘယ်လောက်ဘဲထိန်းထိန်း သူ့အကြည့်တွေကသူမမျက်နှာလေးနှင့်ဆွဲဆောင်မှုရှိသည့်ကိုယ်လုံးလေးပေါ်နောက်တစ်ကြိမ်ဝဲသွားရပြန်သည်။ လှလိုက်တာ....။စိတ်ထဲကနေ မချင့်မရဲဖြင့်ရေရွတ်မိပြန်ပြီ။
"ဆူးမမြင်လိုက်လို့ပါနော်။ ခုလိုနားလည်ပေးတာနဲ့အရမ်းကိုအားနာနေရပါပြီ"
"ရပါတယ်...ဒါနဲ့နာမည်လေးကဆူးတဲ့လား"
သူမစကားနောက်ကိုနင်းလိုက်မိကာ လှပတဲ့မျက်နှာလေးကိုငေးမောရင်းမချိုမချဥ်ဖြစ်သွားရသည်။
သူမအားလည်းနာသည် နေရတာလည်းကျဥ်းကျပ်လာ၏။ ရဲတင်းလွန်းသည့်အကြည့်တွေက သူမထံမှမလွှဲ။ နေရတာမွန်းကျပ်လာကာ သူ့ဆီလှမ်းမျှော်ကြည့်လိုက်မိစဥ်၊
"ဟင်!..."
နှုတ်ဖျားမှအလန့်တကြား အသံလေးထွက်ပေါ်လို့သွားရ၏။ဘယ်အချိန်ထဲက သူမတို့ဘက်ကိုလှမ်းကြည့်နေမှန်းမသိတဲ့ သူ့မျက်လုံးတွေမှာအရိပ်အငွေ့တွေကကျိုက်ကျိုက်ဆူနေသည့်ရေနွေးအိုးတစ်ခုလို အငွေ့တထောင်းထောင်းထလို့နေ၏။ စိတ်ထဲမလုံဖြစ်သွားရကာ အကြည့်တွေလွှဲရင်းစကားအမြန်ဖြတ်လိုက်သည်။
"ဆူးခေတ်သစ်ပါ...သွားလိုက်ပါဦးမယ်"
မီးတောက်နေသည့်မျက်လုံးတွေကို စိတ်ထဲမသန့်ဖြစ်ကာစကားစဖြတ်လျက်ကမန်းကတမ်းထွက်လာခဲ့လိုက်သည်။ သူစိမ်းတစ်ယောက်နဲ့အမှတ်မထင်စကားပြောနေတာကို သူတမျိုးထင်သွားမှာ မလိုမလားပါ။နဂိုထဲကအမြင်မကြည်နေတဲ့သူ...ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ သူမအပေါ်ပိုမုန်း၊ပိုရွံ့သွားနိုင်၏။
ဝိတ်တာလေးရှေ့ကနေ သွက်သွက်လေးပါသွားတဲ့အနက်ရောင်အရိပ်လေးပျောက်ကွယ်သွားသည့်အထိလိုက်ငေးနေမိသည်။ ဓနရှင်ဆိုတဲ့ယောကျ်ားတစ်ယောက်ရဲ့ရင်ခုန်သံဟာ သူမကြောင့်ပထမဆုံးမူမမှန်ခဲ့ဘူးဆိုရင် လှောင်ပြောင်ကြမလား။မတတ်နိုင်ပါ..။ခုချိန်ထိမတည်ငြိမ်သေးတဲ့ ဝဲဘက်ရင်အုံလေးကိုပြန်ဖိရင်း...ဓနရှင်ခပ်တိုးတိုးရေရွတ်လိုက်မိသည်။
"ဟောဒီနေရာကိုတည့်တည့်ထိတယ်
....ကောင်မလေး"
အပိုင်း(၃)ဆက်ရန်👈👈👈
စာဖတ်သူများအတွက်
ထာဝရ
#ဖက်ဖူးစိမ်း